Monday, August 16, 2010

အရင်းအနှီး

လောကကြီးမှာ အလကားရတာ ဘာများရှိပါသလဲလို့ တွေးမိတယ် တစ်ခုခုလိုချင်ရင် တစ်ခုခုတော့ ပေးဆပ်ရစမြဲပေါ့ ။ အဲ့ဒီနေ့က ဘာရယ်မဟုတ်ပါဘူး အမှတ်တမဲ့ပါပဲ ရွာကို အလည်သွားဖြစ်တယ် ပြန်ကာနီးတော့ အမေက နင့်အစ်မအတွက် မျှစ် တွေဝယ်သွားအုံးမလားတဲ့ မျှစ်လာရောင်းတဲ့ ကောင်လေးတွေ့တာနဲ့ အမေက မေးပါတယ် ။ အငယ်လေးတုန်းက ကစားဖော်ကစားဖက် ကိုမောင်စိုးရဲ့ သားလေး နာမည်ကတော့ အလန်းစား နေထက်လင်း ဆိုပဲ ကျောင်းမနေရပါဘူး အမေ မျှစ်ချိုးသွားရင် လိုက်သွား ပြန်လာရင် ရေထမ်း မနက်စောစော သူ့အမေကို မြို့ကဈေးကို အဖော်လိုက်သွားပေး ၆ နှစ်ကျော်ကျော် ဒီခလေးလေးက အရွယ်နဲ့ မလိုက်တဲ့ ၀န်တွေနဲ့ ။ အခု အဲ့ကောင်လေးက သူ့မုန့်ဖိုးရအောင် ကြားပေါက်လာရောင်းတာ ။ မျှစ် တစ်ပိသာ ဘယ်လောက်တုန်း ဆိုတော့ ၂၀၀ တဲ့ စချင်တဲ့စိတ်က ပေါလာတယ်။

“မင်း ဟာကလည်း ဒီမျှစ်တွေ ဖိုးသာညို တောင်ကုန်းက သွားတိုးလာတာ မှတ်လား အဲ့မှာ အများကြီးကို ၂၀၀ များတာပေါ့ကွ ငါ အခုသွားချိုးရင်တောင် အဲ့လောက်က အသာလေး ”

“ ဟားး...ဦးကလည်း ပြောတော့ဖြင့်လွယ်လိုက်တာ မျှစ်တိုးရတာ လွယ်တာမှတ်လို့ ခု အဲ့နေရာမှာ ကျွတ်တွေကပေါ ပြီးတော့ ရွှံ့တွေနဲ့ ချော်နေတာ အခုတောင် သား ချော်လဲလာတာ ဒီမှာကြည့် ” ဟုတ်သား သူ့ဒူးမှာ ပွန်းရာလေးနဲ့ ။
“မင်းဟာ က ဖြူစပ်ဖြူရော်ကြီး ဖြစ်နေတယ်ကော ”

“ဟဲဟဲ သား နနွန်းမှုန့်ဝယ်ဖို့ ပိုက်ဆံမရှိလို့ဗျ ပြီးတော့ အမေ မသိတုန်း မြန်မြန်ခိုးပြုတ်ထားတာ ”

ဘာရယ်မဟုတ်ပါဘူး ထပ်စချင်ပေမယ့် စိတ်ထဲတစ်မျိုးမကောင်းဖြစ်လာတာနဲ့ အပိုမုန့်ဖိုးက ၁၀၀ ပေးလိုက်တယ် “ မင်းသွားကစားမှာလား ”ဆိုတော့ မဟုတ်ဘူးတဲ့ ။ “ အဖွားအတွက် ဆေးလိပ်က ၅၀ ဖိုး ၊ သား ညီမလေးအတွက် င်္ဆီးထုတ်က ၂ ထုတ်၊ ကျန်တာ သားစာအုပ်ဝယ်ဖို့ သိမ်းထားမလို့ ” အော်...ဖြစ်ရလေ ကျောင်းနေချင်တဲ့စိတ်လေးက မပျောက်သေး မိဘက အဆင်မပြေတော့ ကျောင်းထားဖို့ အဆင်မပြေပေမယ့် သူကျောင်းတက်ချင်လို့ ပူဆာတိုင်း သူ့အမေက နောက်နှစ်ထားပေးမယ်လို့ အလွယ်ပြောလိုက်တာကို သူ့မှာတော့ မျှော်လင့်ချက်လေးတွေနဲ့ ။

နောက်တစ်ပါတ်လောက်နေတော့ အဘကြိုက်တဲ့ ၀က်စွတ်ပြုတ် ချက်တာနဲ့ လာပို့တုန် “ အငယ်ကောင် ဟိုတစ်ပါတ်က နင် မျှစ်ဝယ်ရင်း စ နေတဲ့ မောင်စိုး သား ဟိုကောင်လေး မျှစ်တိုးသွားရင်း ချော်လဲတာ လက်ထဲက ဓားကို ပြန်နင်းမိသလိုဖြစ်သွားတာ အခု ဒဏ်ရာကြီးနဲ့ ” တဲ့ စိတ်ထဲ တော်တော်မကောင်းဖြစ်သွားတယ် အိမ်ချင်းကလည်း သိပ်မဝေးတာမို့ မြန်မြန်လေးသွားကြည့်လိုက်တယ် ။ ခေါင်းရင်းမှာက ဆေးဖိုးမရှိလို့ စိတ်ညစ်ညစ်နဲ့ အရက်ထိုင်သောက်နေတဲ့ သူ့အဖေ ၊ ထမင်းအိုးတည်ရင်း ခလေးနို့တိုက်ရင်း ယောက်ျားကို ပတွတ်နေတဲ့ သူ့အမေ ဒဏ်ရာရတဲ့ ခလေးဘေးနားမှာက မတိမ်းမယိမ်း ခလေး ၂ ယောက် ဆော့နေတယ် ။

ခလေးစိတ်ပြေလက်ပျောက်ဖြစ်အောင် အရွှတ်အနောက်နဲ့ “ ဟကောင် နေထက်လင်း မင်း ဓားထိလို့ဆိုကွ မင်းက မင်းသားဆိုတော့ ဟန်ဆောင်တာနေမှာပါကွာ ပြအုံး ဦး ကြည့်မလို့ ” တမင် ခလေးစိတ်ပြောင်းအောင်ပြောလိုက်ပေမယ့် ဖနောက်က သားရည်ဖတ်ကြီးလန်ပြီး ပြည်တွေက စို့နေတယ်း( သူ ကျနော့်ကိုကြည့်နေတဲ့ မျက်လုံးက တစ်ခုခုကိုများ တောင်းဆိုနေတာလား မဟုတ်ပါဘူး သူ့ဝမ်းနည်းချက်ကိုများ ဖော်ပြနေတာလား ဝေဒနာကို ခံစားရလို့ပဲ နာကျင်နေတဲ့ မျက်လုံးတွေလား အဲ့အဓိပ်ပါယ်ကို ကျနော်မသိပါဘူး ။ သူ့အဖေနဲ့က ပြောမနာဆိုမနာ ဖြစ်နေတော့ “ အစ်ကို ခလေးကို ဆေးခန်းမပို့ဘူးလား ” ၊ “ ဘယ်က ပိုက်ဆံက ရှိလို့ ဘယ်ဆေးခန်းသွားရမှာတုန်း ငါ့ညီ ရာ” တဲ့ စိတ်မကောင်းတဲ့ အာလေး လျှာလေးသံကြီးနဲ့ ။ဧည့်သည်ရောက်သွားလို့ စကားများတာရပ်ထားရတဲ့ သူ့မိန်းမ အောင့်မနိုင်တော့ဘူးထင်ပါ့ “ ဘယ်ရှိမတုန်း သူများ နေ့စားလုပ်ဖို့လာခေါ်တာကြတော့မလိုက်သွားဘူး ဒီအရည်ပဲမြိုနေတယ်လေ င်္ဒီမသာကတော့ ပြောမနေချင်တော့ပါဘူး ”

ဟူး ကြားရတာ စိတ်မချမ်းမြေ့စရာတွေကြီးပဲ ခလေးနားတိုးပြီး အားပေးစကားပြောမိတယ် “ငါ့တူ အနာပျောက်ချင်ရင် ဆေးခန်းသွားရမှာပေါ့ကွ ဘာမှမပူနဲ့ ဦးဆေးခန်းပို့ပေးမယ် မင်း အနာတော့ ခံနိုင်တယ်မှတ်လား ” ။ ယုံသလိုလို မယုံသလိုလိုနဲ့ လေသံလေးနဲ့ “ဟုတ်ကဲ့ ” တဲ့ ။သူ့အဖေကို ပေးရင်လည်း အရက်သောက်လိုက်မှာကြောက်လို့ စိတ်မချရ သူ့အမေကို ပေးရင်လည်း ဈေးသုံးထဲ ပါသွားမှာကြောက်လို့ စိတ်မချရ အခုလောလောဆယ် ခလေးအနာပျောက်ဖို့က အရေးကြီးတယ် ။ “ အစ်ကို ကျနော်စက်ဘီးလည်း ပါခဲ့တယ် ခလေးကို အိမ်ခေါ်သွားပြီး ဆေးခန်းလေး ဘာလေးပို့ပေးမလို့ အဲ့တာ ခေါ်သွားရမလား နေကောင်းရင် ကျနော်လာပြန်ပို့ပေးမယ် ” ကြည်ကြည်သာသာပဲ ခွင့်ပေးလိုက်တာနဲ့ ခလေးကို ကုန်းပိုးရင်း ကျနော်ခေါ်ခဲ့တယ် ။

မြို့ကအိမ် ပြန်ကာနီး စက်ဘီးပေါ်ကနေအမေ့ကို နှုတ်ဆက်တော့ အမေက ပီတိ မျက်ဝန်းတွေနဲ့ “ အင်း ဒီလူပျိုကြီး ပေါက်စတော့ ဒါတွေနဲ့ပဲ အချိန်တွေကုန်မှာပဲ ” တဲ့ ။ ဒီခလေးက သူ့ရဲ့ မိသားစုအတွက် အရင်းနှီးတစ်ခု လုပ်အားခနဲ့ ပေးဆပ်ရင်း ဒဏ်ရာ အနာတရတွေ ပြန်ရခဲ့တယ် ကျနော်ကကော ခလေးတစ်ယောက်ရဲ့ လုပ်အားကို ပြက်ရယ်ပြုမိခဲ့တဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်ရှက်မိပါရဲ့ အခုကျနော်ရင်းနှီးမယ့် အရင်းနှီးတစ်ခုကိုတော့ ပြန်ရချင်မိတဲ့စိတ်မရှိတဲ့ စေတနာ အရင်းနှီးသက်သက်ဆိုတာ ကျနော်ကလွဲပြီး ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး ။

“ ဟကောင် ငါ့ခါးကို ဖက်ထားနော် ပြုတ်ကျမယ် ”
“အင်းပါဗျ ဒီတစ်ခါပြုတ်ကျရင် သား ခြေတောက်တော့ဖြတ်ရပြီး ”

.........................။

12 comments:

မေပယ်လ်ရိပ် said...

စွယ်စုံကို ရေးတတ်တာပါလားဗျ
ဟင်....
တစ်မျက်နှာလဲ ရေးတတ် ကဗျာလဲ
ဖြစ်..ကျန်တာလဲဖြစ်..:P
ဆက်လက်အောင်မြင်ပါစေ

:P said...

သိပ်ဝမ်းသာဖို့ကောင်းတယ်။ အဲလို ကူညီရတာ၊တကယ်တော့ လှူလိုက်တာပေါ့..။

လိုအပ်နေသူကို လိုအပ်တဲ့အချိန်မှာ ကူညီခွင့်ရတာ၊ အဲဒီအချိန် ကိုယ့်မှာ ကူညီနိုင်တဲ့ အင်အားရှိနေတာ အရမ်းဝမ်းသာဖို့ကောင်းတယ်။

စာလုံးတွေတောင်ထပ်ကုန်ပြီ.. :P



နာဘယ်သူလဲ သိလား...။

Phyo Evergreen said...

ကလေးကို တနားလိုက်တာဗျာ..။ အခုကောင်းသွားပြီလား..။

လင်းဒီပ said...

ကျွန်တော့်ဘဝဇာတ်ခုံဆိုတဲ့အတိုင်း ဘဝအကြောင်းတွေ ရေးတာကောင်းလွန်းတယ် ။ သိပ်ဘဝဆန်တဲ့ မောင်မျိုး :)

နေ၀သန် said...

ကြောင်မျိုး... သူကျတော့ လူကြီးတွေ စိတ်မကောင်းအောင် မလုပ်တာကြလို့... အခုဒါလေးကို ဖတ်ပြီးတော့ စိတ်မကောင်းဘူး... ဟွင်းဟွင်း....း))


ခင်မင်တဲ့
နေ၀သန်

Anonymous said...

ဘ၀ဇာတ်ခုံက ဒီဇာတ်လမ်းလေးကို ဖတ်ပြီး ရင့်ထဲမှာစို့နင့်စွာ ခံစားလိုက်ရတယ်။
အဲဒီကလေးကို စေတနာ အပြည့်နဲ့ ကူညီခွင့်ရတဲ့အစ်ကို့ ကုသိုလ်ကံနဲ့ ဖြူစင်တဲ့စေတနာတို့ကြောင့် အစ်ကို ဘ၀မှာ ပျော်ရွှင်ခြင်းတွေ နဲ့ အတူ ၀ါသနာပါသောအလုပ်နှင့် အသက်မွေးဝမ်းကျောင်းအလုပ်ထပ်တူကျပါစေလို့ ရင်နှင့်အမျှဆုတောင်းပေးလိုက်ပါတယ် အစ်ကို ....

ခင်မင်လေးစားလျက်
HM

Green Fingers said...

ဖတ်လို့ကောင်းတယ်ဗျာ။ ကျနော်ကဒီလို ဘလော့ တွေလိုက်ဖတ်ပြီး အားကျလို့ လွတ်လပ်ရွှေ ဘလော့လေး ကိုကြိုးစားလုပ်နေသူပါ။ အားလပ်ချိန်ကနဲ စာက မရေးတတ်ဆိုတော့ အိုးနင်း ခွက်နင်းနဲ့ ပဲ..
heart museum မဟုတ်ပါဘူး...
ကိုမျိုး ဘလော့ကို အရင်ကလည်း မကြာမကြာရောက်ပါတယ်။
link ခွင့်ပြုပါနော်...
ကျေးဇူပါ...

blackroze said...

ကလေးကိုသနားလိုက်တာမောင်မျိုးရယ်..
အဲလိုမျိုးကလေးတွေဘယ်လောက်များရှိနေမလဲ
မသိဘူးနော်....

ရွှန်းမီ said...

စေတနာကောင်းတဲ့ ဦးဦးမောင်မျိုးလည်း အဆင်ပြေပါစေ

မောင်မျိုး said...

မေပယ် = ဒီလိုပါပဲ ညီရေ လိုက်ရေးကြည့်နေတာပဲး)

မစန်ဒါကြီး...လုပ်မနေနဲ့ နာဘယ်သူလဲဆိုတာ ။

ညီဖြိုး.... ကြာပြီ ညီ ဒီအဖြစ်ရေးတာ ။

နေ၀သန်... အင်း နေပါအုံး ဒင်းက လူကြီးဖြစ်ပြီပေါ့လေ။

HM ကျေးဇူးပါခင်ဗျား ကျနော်လည်းရေးသားရေးတယ် ကိုယ်ရည်သွေားတယ်ဖြစ်မှာစိုးလို့ လေဘယ်မှာ တစ်မျိုးပြောင်းတပ်လိုက်တား) ဆုတောင်းပေးသွားတဲ့ အတွက် တကယ်ကျေးဇူးပါ နောက်လည်းလာလည်ပါအုံး ။

ဂရင်းဖင်ဂါ .. ဟုတ်ကဲ့ ကိုဟက်စ် နဲ့မှားသွားတာ ဆောရီး ဘာပဲဖြစ်ဖြစ် အသိတစ်ယောက်တိုးတာပေါ့နော့် ကျေးဇူးပါ လင့်ချိတ်ပေးတဲ့ အတွက်ကော ။

နှင်းဆီနက် ..အင်း ဟုတ်တယ် ရင်လေးစရာပါ တကယ့်ဘ၀တွေက စကားလုံးတွေထက်ပိုမို ထိရောက်မှာပါ ။

မီ... ကျေးဇုး သယ်ရင်း နင်လည်း အဆင်ပြေပါစေ ။

minn thuka said...

ဖတ်မှတ် လေ့လာသင်ယူသွားပါသည်။

Anonymous said...

အပေါ်မှာ ဖတ်ပြီး သနားနေတာ.. အဆုံးသတ်က ဟာသလေးဖောက်ထားတော့ ရီမိလိုက်တယ်။

စာထဲကို မျောသွားစေတဲ့ အရေးအသားကိုတော့ အားကျမိတယ်။

ဖတ်ရခဲတဲ့ စာမျိုးလေးတွေမလို့ ဒါမျိုးလေးတွေ များများရေးပါဦး အစ်ကိုမောင်မျိုး။

ရတနာ

LinkWithin

Related Posts Plugin for WordPress, Blogger...