Sunday, February 27, 2011

အိုးပုတ်ပန်း



အရင်က ကျနော့်ဘလော့က ပရိုဖိုင်လေးမှာ (About me )ခရမ်းရင့်ရောင် အိုးပုတ်ပန်းတို့ပွင့်ရာမွေးရပ်မြေကို အမှတ်ရနေတဲ့ ပိန်ညှောင်ညှောင်ကောင်လေးတစ်ယောက်လို့ရေးထားဖူးတယ် အဲ့တာကို အသိအစ်ကိုဘလော့ဂါတစ်ယောက်က မေးဖူးတာနဲ့ရေးဖြစ်ပါတယ် ။ ပို့စ်ဟောင်းလေးပါ အရင်ကရေးထားတဲ့စာတွေ ကျနော့်မှာ တော်တော်များများရှိပါသေးတယ် အချိန်က စကားပြောသွားလို့လားတော့မသိ ကျနော် ခု အဲ့စာတွေပြန်တင်ရမှာ ရှက်နေသလိုလို အရင် ၂၀ ကျော်စလောက်ကရေးထားတဲ့စာတွေဆိုတော့ တော်တော်ကိုမရင့်ကျက်တဲ့ အနေထားကိုပြနေသလိုလို ဟဟား ခုလည်းတူတူပါပဲ ။ဒီနေ့တော့ ဖေ့ဘွတ်မှာ ပုံတွေလိုက်ကြည့်ရင်း အစ်မအပြုံးပန်း တင်ထားတဲ့ပန်းပုံလေးတွေ့လိုက်တယ် ရွာပြန်တုန်းကလည်း အိုးပုတ်ပန်းပုံတွေမရိုက်ဖြစ်ခဲ့ပါဘူး အင်တာနက်မှာ ရှာတော့လည်းမရတာနဲ့ အိုးပုတ်ပန်းအကြောင်းမရေးဖြစ်ဘူး ခုတော့ အစ်မတင်ထားတဲ့ ပုံလေးတွေ့တာနဲ့ ပျင်းထူနေတဲ့ ကျနော် ဆားချက်ဖို့ တစ်ပုဒ်ရသွားပါပြီး ကျေးဇူးပါ ။


ကတယ်တော့ ကျနော်တို့  မြို့ ကို ဒီလိုမျိုး ဘယ်သူမှမတင်စားပါဘူး ကျနော့်ပါသာ အရူးထလိုက်တာပါ ။ အိုးပုတ်ပန်းဆိုတာက ကျိုက်ထိုမြို့ ရဲ့ တောရွာတွေမှာ အလေ့ကျပေါက်ရောက်တဲ့ တောပန်းတစ်မျိုးပါခင်ဗျာ ။ ကဗျာဆန်ဆန်လေးပြောရရင်တော့ မွှေးရနံ့ မရှိတဲ့ပန်း ဒါပေမယ့် သူက နေဒဏ် လေဒဏ်ကို ကြံ့ကြံ့ခံနိုင်တယ် မညှိုးနွမ်းလွယ်ဘူးး ပုံပါအတိုင်း သူ့ ရဲ့အရွက်က ကြမ်းရှရှနဲ့  ပန်းရဲ့ အရောင်က ခရမ်းရောင် အများဆုံး တစ်ပွင့်မှာ ၄ -၅ ဖတ်ပဲပါပါတယ် အ၀ါရောင်အမျှင်လေးတွေကိုတော့ ခလေးမလေးတွေက အပ်ချည်ကြိုးနဲ့ သီပြီး နာကပ်လေးတွေ ဆွဲကြိုးလေးတွေ လုပ်ဝတ်ကြပါတယ် ။

ထူးဆန်းတာလေးကတော့ သူက တောပန်းဖြစ်ပေမယ့် တောင်ကုန်းတို့  မြေမာတဲ့ နေရာတွေမှာမပေါက်ပါဘူး ကွင်းစပ် ဒါမှမဟုတ် မြေနိမ့်ပိုင်းတွေမှာပဲ ပေါက်ရောက်ပါတယ် အပင်ပေါက်ရောက်ပုံကလည်း ချုံနွယ်တွေလို အုံလိုက်ကြီးပေါက်နေပြီး ပန်းပွင့်တဲ့ရာသီ မိုးတွင်းဘက်မှာ တစ်ပင်လုံး ခရမ်းရင့်ရောင်ပန်းတွေနဲ့  အရမ်းကိုလှပါတယ် ။သူ့ ရဲ့ ညှာတံတွေမှာလည်း အသီးလေးတွေပါပါတယ် ပုံထဲမှာ ပန်းပွင့်လေးအောက်မှာရှိတဲ့ ညှာတံပုံစံလေးက သူ့ ရဲ့ အသီးလေးပါ အသီးရဲ့ပုံသဏ္ဍာန်လေးက ခလေးတွေဆော့တဲ့ အိုးပုတ်ပုံစံလေးဖြစ်နေပါတယ် ဒါကြောင့်လည်း သူ့ ရဲ့ပန်းကို အလွယ်ပဲ အိုးပုတ်ပန်းလို့  ခေါ်ဆိုကြတာ ဖြစ်မယ် ။

အကယ်၍ အိုးပုတ်သီးမှည့်သွားတဲ့ အခါမှာ အပြာရောင်အသီးလေးတွေ အများကြီးပါ စားလို့ လည်းကောင်းတယ် အရမ်းချိုတော့ ခါချဉ် ၊ ပုရွတ်ဆိတ်တွေလည်းဝိုင်းဖွဲ့ ပြီးနေကြတယ် ခါချဉ်တွေနဲ့  အပြိုင် အိုးပုတ်သီးလုစားရတာ ပျော်ဖို့ ကောင်းတယ်ဗျး) စားပြီးရင် လျှာတစ်ခုလုံးက အပြာရောင်တွေဖြစ်သွားကော ကြမ်းရှရှလေးနဲ့ နေရတာ ဖီးလ်တစ်မျိုးလေး :D ဒီတစ်ခါရွာပြန်ရင်သွားခူးစားအုံးမယ် ။ ရွာမှာ အမေကတော့ ရေမိုးချိုးပြီးရင်း အိုးပုတ်ပန်းတစ်ပွင့်လောက် ချိုးပြီး ခေါင်းမှာပန်းထားလိုက်တာပါပဲ ။ ကျနော်တို့အတွက်တော့ ကျွဲကျောင်း နွားကျောင်းသွားရင် စားစရာက အိုးပုတ်သီးတို့ သပြေင်္သီးတို့ပါ ။တန်ဖိုးကြီးပေးဝယ်ရတာ မဟုတ်တဲ့ မွေးရပ်မြေက နေလောင်ခံပန်းကလေးတစ်ပွင့်ဟာလည်း ရနံ့မရှိပေမယ့် ကိုယ့်အတွက်တော့ မွှေးကြိုင်နေတာပါပဲ ။အခုများတော့ ကျနော်တို့  ရွာက အိုးပုတ်ပင်လေးတွေလည်း ကြက်ဆူပင်တွေက နေရာတော်တော်များများ ယူသွားပါပြီး ။ဘာကြောင့်လည်းလို့  မမေးပါနဲ့  ဒီလိုပါပဲ ဟိုလိုပါပဲ ဒီဟာက ဒီလိုရှိပြီး ဟိုဒါက ဟိုလိုရှိတယ်း)



Friday, February 25, 2011

သံဇကာကွက်လေး

သံဇကာကွက်လေးထဲ ငှက်ကလေးတွေလှောင်ထားတာ အကောင်ပလောင်ပေါက်စလေးတွေလှောင်ထားတာမြင်ဖူးတယ် ဒါက ပိုင်ရှင်က ချစ်မြတ်နိုးလို့ ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်တဲ့ အရာလေးပျောက်ရှသွားမှာစိုးလို့ လှောင်ပိတ်ထားတဲ့ သဘော ဒီ သံဇကာကွက်လေးမှာတော့ ချစ်ခြင်းနဲ့ လှောင်ပိတ်ထားတာပါ ။တစ်ခါခါတော့ ဆိုးသွမ်းလွန်းတဲ့ အကောင်ဆိုး ခွေးကြီးတွေကိုလည်း လှောင်ထားတာမြင်ဖူးပါရဲ့ ဒီိလှောင်ပိတ်ခြင်းမှာတော့ ပိတ်လှောင်ချင်တဲ့ သဘော ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကောင်တွေအားလုံးဟာ လူထပ်နိမ့်တဲ့အကောင်လေးတွေပါ သူတို့မှာ ရှက်ခြင်း ကြောက်ခြင်းသိမ်ငယ်ခြင်းတွေ ဘယ်ရှိနိုင်မလဲလေ ။ လူ ဆိုရင်ကော လွတ်လပ်တဲ့ လောကကြီင်္းထဲ အမိဝမ်းထဲကနေ ကျွတ်လာတည်းက လွတ်လပ်စွာရှင်သန်ခွင့်ရဖို့ လာကြတဲ့သူတွေကြီးပဲလို့ထင်ပါတယ် သို့သော ...တစ်ချို့သောသူများမှာတော့..........။

မနေ့ညနေက ပျင်းပျင်းနဲ့ အိမ်ရှေ့မှာ ခဏထွက်ထိုင်ဖြစ်တယ် သံဇကာတွေနဲ့ကာထားတဲ့ ကားတစ်စီး အထဲမှာတော့ ကျနော်တို့ရဲ့ သွေးချင်းတွေ ယောက်ျား မိန်းမ သက်ရွယ်ပေါင်းစုံပါပဲ သူတို့ရဲ့ မျက်ဝန်းတွေက ညှိုးငယ်နေတယ် သံဇကာကွက်လေးထဲကကနေ လက်ကလေးတွေ ကုတ်တွယ်ထားလို့ မွန်းကြပ်ကြပ် ညနေခင်းမှာ သူတို့တွေ အသက်များရှူလို့ချောင်ပါ့မလား တွေးမိတော့ ရင်မောသွားတယ် ။ ကိုယ့်အတွက်ကတော့ ကံကောင်းခြင်းလို့ပဲဆိုရမလား နေတဲ့နေရာနဲ့ အလုပ်နေရာက တူတူပဲမို့ အပြင်ထွက် လုပ်ရတာမရှိပါဘူး ။ သိပ်တော့မကြာသေးဘူး အသိအစ်မတစ်ယောက်အဖမ်းခံထိလို့ အချုပ်မှာ သွားရွေးဖြစ်တယ် အချုပ်ဆိုရင် မြန်မာပြည်က အချုပ်ဆိုတာလည်း မမြင်ဖူးမရောက်ဖူးဘူး ဒီကိုလည်း ဒါ ပထမဆုံးရောက်ဖူးတာပါ သူ့ကိုခေါ်သွားတည်းက သူကဖုန်းဆက်တာနဲ့ ရုံးက ကားနဲ့ အချုပ်ရှေ့မှာ သွားစောင့်နေဖြစ်တယ် ။

ကားက အချုပ်ရှေ့ရောက်တာနဲ့ အထဲက မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတာ ရင်ထဲကပဲ အောင့်သွားသလို တစ်ခြားတော့မဟုတ်ပါဘူး အဲ့ဒီမျှော်လင့်ချက်မျက်ဝန်းတွေကို မသိဟန်ဆောင်နေရတာမို့ပါ ။ ဖမ်းလာတဲ့ ကာပေါ်က ဆင်းတဲ့သူတွေထဲ တောက်တောင်ပြောင်ပြောင်နဲ့ ကုန်သည်တွေလည်းပါရဲ့ ဆယ်ကျော်သက်အရွယ် ပန်းရံအလုပ်သမားလေးတွေလည်းပါရဲ့ ကိုယ့်အဖေ အမေ အရွယ် အဒေါ်ကြီး ဦးလေးကြီးတွေလည်းပါရဲ့ ။ တစ်ချို့ကတော့ မထူးတဲ့ဇတ်က နေရသလို ဘာမှမဖြစ် ခေါ်တဲ့နေရာသွားထားတဲ့နေရာနေနေလိုက်တာပဲ ။ ကုလားလိုလိုကောင်လေးတစ်ယောက် သူ့ကိုဖမ်းတုန်းက ပြေးဖို့လုပ်တယ်ထင်တယ် ပုလိပ်က သူ့ဖိနပ်အထူကြီးနဲ့ ကောင်လေး ခြေထောက်ကိုနင်းနေလိုက်တာ ပါးစပ်ကလည်း “ ပြေးအုံးမလား ပြေးအုံးမလား ” လို့မေးပြီး လုပ်နေလိုက်တာများ ကျနော့်အကြည့်တွေ ကမန်းကတန်း လွှဲလိုက်မိတယ် စိတ်မကောင်းလွန်းလို့ပါး( ။

အချုပ်ရှေ့မှာ ပွဲစားဆိုတာလည်းမြင်ခဲ့ရရဲ့ “ ရွေးမလို့လား ဘယ်နှစ်ယောက်လဲ တစ်ယောက် ၈၀၀ ပေး ကျနော် ဖြေရှင်းပေးမယ် ခင်ဗျားတို့ကိုယ်တိုင်ပေးလို့ဘယ်ဖြစ်မလဲ အရာရှိကို ဒီတိုင်း ရော့ယူပါလို့ ပေး ဘယ်ကောင်းမလဲဗျ ခင်ဗျားတို့ကိုပဲ ပြသနာရှာနေအုံးမယ် ” ပွဲစားဆိုတဲ့အတိုင်း သူ့ပုံစက အထာနပ်နေတဲ့ ရုပ်နဲ့ ကိုယ့်ကိုတောင် တစ်ချက်ဆွေကြည့်လိုက်သေး ပြုံးပြလိုက်မိပါရဲ့ ဒါပေမယ့် မဲ့ပြုံးဆိုတာ အဲ့လူကောင်းကောင်းသိမှာပါ လူမျိုးတူခြင်း ခေါင်းပုံဖြတ်နေတဲ့သူတစ်ယောက်အတွက် ဖော်ရွေတဲ့ အပြုံးတစ်ချက် ပြုံးဖို့မတန်ဘူးလေ။ အထဲမှာ ဖုန်းငှားစားတဲ့သူလည်းရှိတယ် ကွမ်းယာ ဆေးလိပ်ရောင်းတဲံ့သူလည်းရှိတယ် အထဲမှာ ထိုင်နေကြတဲ့သူအချင်းချင်း သူတို့စိတ်ထဲရှိနေတာတွေက ဆန့်ကျင်ဘက်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ အကျိုးဖြစ်တဲ့သူတွေက ဒီလိုနေရာလူများများရောက်ပါစေလို့များဆုတောင်းနေမလား တစ်ခြားသူတွေက ဒီနေရာမျိုးနောက်ထပ် မရောက်ပါစေနဲ့လို့များ ဆုတောင်းနေမလား ။။

ဖုန်းလာတော့ ခပ်တည်တည်နဲ့ဖုန်းပြောနေလိုက်တယ် ဘယ်သူမှ သတိမထားလိုက်မိပေမယ့် ကားမောင်းတဲ့ အစ်ကိုကတော့ ကားပေါ်ရောက်မှ စောနက ရုံးမှာ ဗမာလို ပြောနေလိုက်တာ ကြားလို့ကတော့ ဆွဲစိခံနေရအုံးမယ် နေခဲ့ချင်လို့လားလို့ ပြုံးရင် စမေးတယ် ။ နောက်တစ်ယောက်ပြောလိုက်တဲ့စကားကတော့ ။
နာ့သာ အမျိုးနိ မွင်ခွန်ထိုင်းလေနန် မိတ်ပင်လိုင်လော့ ” ။ “ အမျိုး မျက်နှာက ထိုင်းနဲ့တူတယ် ပြသနာမရှိဘူး ဟုတ်တယ်ဟုတ် ” သူတို့ပြောတဲ့စကားတွေ ကိုယ့်နားထဲမ၀င်ပါ ကိုယ့်မျက်လုံးထဲမြင်နေတာ သံဇကာကွက်လေးထဲက လက်ချောင်းလေးတွေနဲ့ မျှော်လင့်ခြင်းမျက်ဝန်းတွေပါ ။

Wednesday, February 23, 2011

ဘလော့ရွာ

ရှော့ပင်မထွက်တာကြာပြီး ခေါင်းလျှော်ရည်လည်းကုန်နေတယ် ကိုကိုဝယ်ပေးတဲ့ နှုတ်ခမ်းနီဗူး အမဲရောင်ကလည်းဖင်ပိုင်းပဲကျန်တော့တယ် ရွာကနေ လှည်းကြုံနဲ့ မနက်အစောကြီးထလာလိုက်တယ် ပြီးတော့ ရထားတစ်တန် လှေလည်းစီးလိုက်သေးတယ် ။ အင်းး...ဘယ်သူ့ဆီအရင်သွားရင်ကောင်းမလဲ ဒီကောင်မနဲ့မတွေ့တာကြာတော့ ဟဲ့ ညည်းစတိုင်လ်က ခေတ်မမှီလိုက်တာလို့တော့ အပြောမခံနိုင် ဒီနေရာမှာကိုယ့်ရဲ့အလှကိုထုတ်ပြဖို့အချိန်ပဲ လေဒီဂါဂါလိုအုပ်ထုတ်ဒီဇိုင်း ရွာမှာအဘလယ်ဆင်းရင် စောင်းတဲ့ ခမောက်စောင်းလိုက်တယ် နည်းနည်းတော့ မာတောက်တောက်ဖြစ်နေတယ် ဖြစ်ပါစေ ဖြစ်ပါစေ စတိုင်ရှိမှစတားဖြစ်တာ ။ အပေါ်က ကြိုးပျောက် အင်္ကျှီအသားရောင်ဝတ်လိုက်တယ် ပြီးတော့ အဖြူရောင် အနောက်ကွဲ စကပ်တိုတိုဝတ်လိုက်တယ် တော်လောက်ပြီး မြားကိုယ်လုံးက ငါးရှဥ့်ကိုယ်လုံးဆိုတော့ ဘယ်လိုကြည့်ကြည့်လှနေတာပါး)။

အရင်ဆုံး ဟိုကောင်မဆီသွားရမယ် ဖုန်းခေါ်အုံးမှ နံပါတ်မမြင်ရတော့တဲ့ 15000 တန်မိုဘိုင်းဖုန်းနဲ့ အထွက်မရလို့ ချေးငွေ 30 ချေးပြီးဆက်လိုက်တယ် “ ဟဲ့.... ကောင်မ ဘာလုပ်နေလဲ ငါ နင့်ဆီလာမလို့ အော် ခုပဲ လေဆိပ်ရောက်တော့မှာ ငါ ဆိုက်ကားနဲ့လာနေတယ် ခု အေး ဗွီအိုင်ပီတန်းက ၀ယ်တာပဲ မရလို့ ကြုံတာနဲ့ပဲ လိုက်တော့မယ် လွတ်တဲ့နေရာဖျာခင်းဝင်ထိုင်လိုက်တော့မယ်ဟယ် အေးအေး စီးယူး ဘိုင်းဘိုင်း ” မိုးမျှော်စင်ကြီး ၂ ခု ထောင်ထောင်တတ်နေတဲ့ မလေးရွာက မိုးပျံမ ဆီကို မနက်ပိုင်းရောက်သွားတယ် သူ့အခန်းနံပါတ်သိနေတာနဲ့ တန်းဝင်သွားလိုက်တာ ချဉ်နံ့က ဟောင်းခနဲနှာခေါင်းထဲဝင်လာတယ် ပြောတော့သာ ဘုရားတရားလို့ပြောပြောနေတဲ့ ကောင်မ သားစိမ်းငါးစိမ်းတွေ ရေမဆေးပဲစားနေလိုက်တာ လုံးနေတာပဲ ကောင်မ မသိရင် တရားပဲထိုင်နေသလိုလိုနဲ့ ဘီယာဗူးတွေက တန်းစီနေတာပဲ ။နှိုးမနေတော့ပဲ လည်မြိုကိုတက်နင်းပေးလိုက်တယ် “ ဟဲ့ ..ငါရောက်ပြီး ” ဆိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ သူ့စမောလေးတွေကို “ ဟဲ့ဟဲ့ သားတို့ ထထ မာမီ့သယ်ရင်းရောက်လာလို့ နောက်နေ့မှ နှစ်ပါးသွားဆက်ကမယ်နော် တာ့တာ့ အာဘွား ကျွတ် ကျွတ် ” အဟွတ် ရွံ့ တာ တော်တော်ကဲတဲ့ ကောင်မ ဒါကြောင့်လည်း မိုးကိုတောင်တက်ဖောက်မယ့် မိုးပျံမလို့ခေါ်တာကိုး။

သူကျွေးတဲ့ ပေါင်မုတ်မီးဖုတ်နဲ့ကြက်သားပြုတ်ကို လက်မဆေးပဲစားလိုက်တာ ဆာနေတာကိုး လမ်းမှာ လေယာဉ်ကမနားတာနဲ့ မစားခဲ့ရဘူး ။ သူရေချိုးတာကိုစောင့် သူအလှပြင်တာကိုစောင့်နေလိုက်တာ ဘယ်လောက်ပြင်ပြင် ညည်းငါ့လောက်မလှပါဘူး ကောင်မရယ် ဟွန်း “ မမဇော် ကိုဝင်ခေါ်အုံးမလား သူ့ရွာကနဲ့ဒီက ထမင်းအိုးတစ်လုံးချက်စာလောက်ပဲ စောင့်ရတာဆို ၀င်ခေါ်လိုက်ရအောင် တော်ကြာ ငါ့ကိုနှာကောက်နေအုံးမယ် ” ဘယ်တော့တည်းကအတင်းပြောချင်နေမှန်းမသိတဲ့ မိုးပျံမ “ဟယ် ...ညည်းမသိသေးဘူးလား အပျိုကြီး အပျိုကြီ်းနဲ့ ဘာသာရေးပဲ လုပ်တော့မလိုလိုနဲ့ အထာကြီးနဲ့ နေနေတဲ့ မမဇော်လေ ခု ဗိုက်ကြီးနဲ့တဲ့တော့ ” ၀မ်းသာအားရပြောနေတဲ့စကားနားထောင်ပြီး ကိုယ်လည်းစိတ်ထဲမှာတော့ ထကနေလိုက်တာ နည်းတောင်နည်းသေးပေါ့ “ ဟုတ်လား စိတ်မကောင်းလိုက်တာဟယ် ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မလဲ မှားတာတွေလည်းမှားခဲ့ပြီးပဲ ခုတည်းက နနွင်းမှုန့်လေး ဘာလေးသွားပို့ထားရင်ကောင်းမလား ” မမဇော် ကိုအားပေးစကားပြောဖို့ သူ့အိမ်ကိုရောက်တော့ မအီမသာဖြစ်နေတဲ့ သူ့ကိုတွေ့လိုက်တယ် “ ဟဲ့...မသာမ အဲ့တာ ဗိုက်မှမဟုတ်တာ ဟုတ်သေးပါဘူး ဗိုက်တော့ဗိုက်ပဲ ဟိုဗိုက်မဟုတ်ဘူး ဘီယာဗိုက် နင်ကလည်း လေဥလား ဘာဥလားတောင်မခွဲတတ်သေးဘူးလား ” ။မမဇော် အတွက် ၀ယ်သွားတဲ့ ချစ်ချစ်ယိုစုံ ၂ ထုတ်နဲ့ ကန်တော့ပြီး မြားတို့ ၂ယောက် ပြန်ခဲ့လိုက်တယ်။

အင်းး ....ဘယ်ကိုအရင်သွားရင် ကောင်းမလည်း မေကျောက် နေမကောင်းဘူးကြားတယ် သတင်းမေးလေးသွားရမယ် “ ဟဲ့ နင့်မှာ ပတ်စပို့စ် ရှိလို့လား ” ကောင်မ ညံ့ချက် အောက်လမ်းက အပေါ်လမ်းထက် သက်သာတာ သူမသိဘူးထင်ပါ့ ငါ ယ မှာ နေနေတာ ၅ နှစ်ရှိပြီး ဘာစပို့စ်မှမရှိဘူး ဒီတိုင်းပဲ အောက်ကနေ သွားလိုက်လာလိုက် ဘယ်လောက်သက်သာလည်းး) “ နေစမ်းပါ လ၀က တွေအထာ ငါသိတယ် မရှိလည်းရတယ် ဒီတိုင်းပဲ ငါလုပ်စားနေကျ ငွေပေးလို့မရရင် ၀င်လုံးလိုက်တာပေါ့ ခရီးတစ်ရက်နောက်ကျသွားလို့လည်း ဘာမှမဖြစ်း) ” ။ မေကျောက် အိမ်ကိုရောက်တော့ သတင်းမေးလာကြတဲ့သူတွေ ပို့ထားတဲ့ မုန့်တွေ အသီးတွေကို တဖြဲနှစ်ဖြဲစားပြီး တရေးတမော အိပ်လိုက်သေးတယ် ပြီး၇င် ဆရာလေး မေဓာဝီ ဆီသွားမယ် သူဆွမ်းခံလို့ရထားတာလေး သွားတောင်းရမယ် လမ်းစရိတ်ပြတ်နေလို့ပါ ဆိုပြီး ပိုက်ဆံတောင်း၇မယ် သူ့အိမ်မှာလည်း သူ့ဦးရီးတော်နဲ့စိတ်မချလို့ မြားတို့ကိုတော့ အိမ်မှာသောင်တင်ခံမှာမဟုတ် အဲ့တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် သူရှိတာ ပေါင်နှံပြီး လမ်းစရိတ်တော့ပေးလိုက်မှာပဲ ။


သြဇီ သွား၇င်ကောင်းမလား အဲ့မှာ ဂုရုကြီး ၀ီရှီမီ တို့ မိသားစုရှိတယ်ကြားတယ် ဒါမယ့် ဒစ်စကာဗာရီ နေ့တိုင်းကြည့်နေတော့ သြဇီမှာ ချောက်တွေပေါတယ် မမြင်မစမ်းနဲ့ ညဘက်မီးမလာရင် ဘယ်လိုလုပ်မလဲ ချောက်ထဲပြုတ်ကျနေမှဖြင့် အောင်မလေး မတွေးရဲစရာ ။ညူးလီသွားရင် ကောင်းမလား စဉ်းစားကြည့်သေးတယ် ကိုယ့်အသိက ဟိုဟာမလေး မေပယ်လ် တစ်ကောင်ပဲရှိတယ် ဒီကောင်မလေးကလည်း ကိုယ့်မမတွေကို ပစ်ထားလိုက်တာ အဆက်သွယ်တောင်မလုပ် အေးပေါ့လေ အသစ်တွေ့တော့ အဟောင်းမေ့ဆိုတာ ဖြစ်တတ်တာပဲ ဒီကောင်မလေး အသည်းတွေ ဟက်တက်ကြီးကွဲနေတယ်ကြားတယ် သူ့ချစ်ချစ်က 1500 တန် မခန်းကျဉ်းလေးထဲ မကုန်နိုင်တဲ့ အဲ့ဧည့်သည်တွေကို ခဏခဏထည့်နေလို့တဲ့ ဟုတ်မှာပေါ့ သူ့ 1500 က ကုန်ကိုမကုန်နိုင်ပဲ အတိုးတွေ အရင်းတွေချနေတာဖြစ်မယ် ။

ဆွစ် မှာ ဘဏ်ဖွင့်ထားတဲ့ ကိုညီ တို့ဆီသွားရမယ် ရွာမှာ လယ်ပြန်လုပ်ဖို့ဆိုပြီး အမတော်ငွေ သွားတောင်းထုတ်ရမယ် သူ့မွေးနေ့တုန်းက အမှတ်တရေ၇းထားပေးတာ မရဘူးလို့တော့ ပြောမှာမဟုတ်ပါဘူးလေ ဒီလိုပဲ ၀င်ငွေလည်ပတ်စီးဆင်းနေတယ်ဆိုတာ သူသိမှာပါ “ အစ်ကိုကြီး ရယ် ပစ်မထားပါနဲ့ အဟင်း အိမ်က ခလေးတွေရဲ့ အဖေကလည်းလေ သောက်လိုက် စားလိုက်နဲ့ အလုပ်လည်းမလုပ်လို့ပါ အကြီးမကလည်း လင်နောက်လိုက်သွားပြီးမကြာဘူး ခုခလေးတစ်ကောင်နဲ့ အိမ်ပေါ်ပြန်ရောက်လာတယ် အငယ်ကောင်ကလည်း ရိုက်မှုဖြစ်လို့ ခု အချုပ်ထဲမှာတဲ့ အဲ့တာ အဆင်ပြေမယ်ဆိုရင် ဒေါ်လာ ၂ ဘီလီယံလောက် ခဏလှည့်ထားပေးပါ အဆင်ပြေတာနဲ့အတိုးကော အရင်ကောပြန်ဆပ်ပါ့မယ် ” ပိုပိုသာသာလေး ပြောထားမှမရရင်တော့ ပျော်ပွဲစားထွက်တုန်းက သူ့ကားအကောင်းစားကြီးတွေ့ထားတယ် အဲ့တာပဲ ခဏငှားပါဆိုပြီးရောင်းတုတ်၇မယ် ။ အစ်ကိုက မျက်နှာကြီးက ပုတ်သိုးလို့ ပိုက်ဆံကို တံတွေးဆွတ်လိုက် ရေလိုက်လုပ်နေတာတာ ပြီးကိုမပြီးနိုင် လက်ကြီးကတုန်နေတယ် ချွေးစေးတွေကလည်းပြန်လို့ ပြီးတော့ ခပေါင်စထဲက ထုတ်လာတဲ့ လက်ကိုင်ပ၀ါလေးထုတ်ပေးလိုက်တယ် ပွတာပဲ ကွိကွိး) လှမ်းယူဖို့လက်ကိုကမ်းလိုက်တော့.............။

”ဟဲ့ ဟဲ့ ထတော့ မနက် ရှစ်နာရီကျော်နေပြီး ရုံးမတက်သေးဘူးလား နင့်ဧည့်သည်တွေရောက်နေပြီး”ဆိုတဲ့ ရုံးက အစ်မ ဖုန်းက၀င်လာတယ် နာပါ့ကွာ အိပ်မက်ကကောင်းခန်းရောက်နေပြီး ဟင်း နောက်တစ်ခါ ဒါမျိုးအိပ်မက် ထပ်မက်လို့ကတော့ ဘာဖုန်းလာလာမကိုင်ဘူး ။


( P-S အပျော်ပါး) မပေါရတာကြာလို့ ခင်မင်သောသူများနဲ့ ဘလော့ရွာထွက်ကြည့်တာပါ )

Monday, February 21, 2011

သစ်ပင်

သစ်ပင် ကိုယ်မှတ်မိစအရွယ်တည်းက အများဆုံးမြင်တွေ့ရတာ သစ်ပင်တွေပါ တောမှာကြီးခဲ့တာဆိုတော့ ကျနော်တို့ရဲ့ ကစားစရာအဖော်တွေဟာလည်း သစ်ပင်တွေပဲဖြစ်ခဲ့ပါတယ် ။ ကိုယ်စိုက်ဖူးတဲ့ အပင်ကတော့ သစ်ပင်တော့မဟူုတ်ဘူး မှို့ပင်ပါ ။ကျနော်တို့တောက ခြံက အကျယ်ကြီးပါ ခြေရင်းမှာ စိုက်ထားတဲ့ မှို့ပင်ကြီးက သူ့ရာသီကျရင် သီးလိုက်ပွင့်လိုက်တာများ ခဲလို့ အစ်မတွေက မှို့ပွင့်ပျော့အိအိလေးတွေကို အသုတ်ရောင်းတမ်းဆော့တယ် ။

အမေကတော့ မှို့သီးခြောက်ချိန်ကျ ကျနော့်ကိုတက်လှုပ်ခိုင်းပါတယ် ပြီးရင် အမေမှို့တွေကို အိပ်ကြီးထဲထည့် လို့ စုစုထားတတ်တယ် အမေ မှို့ခွာနေတဲ့ အချိန်ကျ လေကတိုက် မှို့မျှင်လေးတွေက နွေလေမှာ ၀ဲပျံနေတာ နတ်သမီးလေးတွေပျံနေတာနဲ့တူပါတယ်။ မှို့စေ့တွေကိုတော့ ကျနော်ကတောင်းလေးတစ်တောင်းနဲ့ စုထားပါတယ် နွေအကူးမိုးအပြောင်းရောက်ပြီဆိုရင်တော့ ကျနော်စုထားတဲ့ မှို့စေ့လေးတွေကိုနေရာအနှံကိုလိုက်ကျဲပစ်လိုက်တယ် အပင်သေးသေးလေးတွေက မိုးရေထိတာနဲ့ အစုလိုက်လေးတွေပေါက်နေလိုက်တာ တောအုပ်သေးသေးလေးနဲ့တူပါတယ် ။


ခုနောက်ပိုင်း နှင်းဆီတစ်အိုး ပျိုးနေပါတယ် ခံစားချက်က ကြမ်းတယ်ပဲပြောရမလား ဘာလားတော့မသိ ပန်းတွေကို သိပ်မချစ်တတ်တာက ဆိုးတယ် အရင်ကပါ ခုတော့ တစ်ယောက်တည်းအထီးကျန်ရက်တွေများလာတော့ ပန်းတစ်ပင်လောက်စိုက်ပြီး အဖော်ပြုရလဲနည်းသလား ။ မိုးငွေ့ဖျန်းမှပဲ စံပယ်နည်းနည်းစိုက်မလို့ အသိတစ်ယောက်ဆီကတောင်းထားတယ် ပန်းတွေထဲမှာ စံပယ်နံ့ကိုအကြိုက်ဆုံးပဲ။ သစ်ပင်ကြီးကြီးတွေထပ် အပင်သေးသေးလေးတွေကို ပိုကြိုက်ပါတယ် ။

ရေလည်း မလောင်ချင်ဘူး ပေါင်းလည်းမသင်ချင်ဘူး ဥယျာဉ်မှူးလည်းမဖြစ်ချင်ဘူး ဒါမယ့် ဖန်တီးယူတာမဟုတ်တဲ့ အချစ်သစ်တစ်ပင်တော့ နှလုံးသားရဲ့ မြေကွက်လပ်တစ်ခုမှာ စိုက်ပျိုးချင်မိတယ် ။

သူငယ်ချင်း မီ ရဲ့ ငါးမိနစ်စာသစ်ပင်အကြောင်းပါး) ကျေးဇူး သယ်ရင်း ကုန်ကြမ်းလေးပေးတဲ့အတွက် ။

Sunday, February 20, 2011

အချစ်



တစိမ့်စိမ့်ကြည့်ရင်း
ေ၀၀ါးမှုန်ပြာသွားတဲ့အရာ
ထိခိုက်ရှနာသွားမှာစိုးလို့
ဖွဖွလေးကိုင်ထားကာမှ
ခွမ်းခနဲဆို ကျကွဲသွားလုပ်ပုံများ
တိပ်နဲ့လည်းကပ်လို့မရ ရွှံ့နဲ့လည်းစပ်လို့မရ
ဒါပါပဲ ....နောက်ဆုံးတော့
အချစ်ဆိုတာ အကိုင်တွယ်မတတ်ရင်
ကျကွဲတတ်တဲ့ ဖန်ခွက်လေးတစ်လုံးပါ ။

Friday, February 18, 2011

ခြားနားခြင်း

နီးနီးကပ်ကပ်နေဖူးကြတဲ့သူအချင်းချင်း ခြားနားခြင်းတစ်ခု ၀င်ရောက်လာပြီဆိုရင်တော့ တော်တော်ကိုသိသာပါတယ် ။ အသက်ရွယ်ကြောင့် အနေဝေးခြင်းကြောင့် ဒါမှမဟုတ် နားလည်မှုလွဲမှားခြင်းကြောင့်ပေါ့ ။ ကျနော်က အငယ်လေးထဲက အစ်မနဲ့လိုက်နေတာပါ ရွာမှာကျောင်းမရှိတော့ မြို့မှာ အိမ်ထောင်ကျနေတဲ့ အစ်မနောက်လိုက်နေတာ ကိုယ့်က အငယ်ဆုံးဆိုပေမယ့် တစ်ကိုယ်ကောင်းမဆန်တတ်ပါဘူး တကယ်ပါ အငယ်လေးထဲက မိဘနဲ့ နီးနီးကပ်ကပ်မနေခဲ့ရတော့ ဆိုးတာတွေ ချွဲတာတာတွေမတတ်ပါဘူး ကောင်းကွက်တစ်ခုရလိုက်တာ လူတိုင်းနဲ့ တည့်အောင်ပေါင်းတတ်ပါတယ် လူချစ်လူခင်များတယ်လို့ပြောရမလားပဲ အဖွားကြီးတွေနဲ့လည်း ပေါင်းသင်းရတာအဆင်ပြေတယ် ခလေးတွေနဲ့လည်း အိုကေတာပဲး) ။

ဒီခြားနားခြင်းမှာ ကျနော်နဲ့ ကျနော့်ရဲ့ တူလေး ကြားက ခြားနားခြင်းပါ ။ ကျနော် ၃ တန်းနှစ်လောက်မှာ အစ်မက ဒုတိယမြောက်သားလေးကိုမွေးတယ် ကျနော်က အစ်မနဲ့ဆင်တော့ အမေတူသားလေးဖြစ်တဲ့ တူလေးဟာလည်း ကျနော့်ရဲ့ ညီလေးလို့ ထင်တတ်ကြပါတယ် ။သူ့ထက်အငယ်မရှိတော့ သူက ခုချိန်ထိ ခလေးကြီးလိုပါပဲ မှတ်မိနေသေးတယ် သူ့သွားတွေမပေါက်ခင် အံဖုံးလေးတွေ တုံးတိလေး ကျနော်က ခလေးထိန်းရင်း ကျနော့်မေးစေ့လေးကို ခလေးကိုပေးပေးကိုက်ပါတယ် တကယ်ပါ ရူးတယ်ပဲပြောပြော ဘာပြောပြော အဲ့အရသာလေးက ယားကျိကျိနဲ့ ပျော်ဖို့ကောင်းတယ် ။ ဈေးဆိုင်တစ်ဖက်နဲ့ အလုပ်မအားတဲ့ အစ်မ က ခလေးကို ဂရုမစိုက်နိုင်တော့ တူလေးက ကျနော့်လက်ပေါ်မှာပဲကြီးလာတာပါ တစ်ခုပဲ ကျနော်က ရွံတတ်တဲ့ သူ အီအီးပါတဲ့ အခါကျ တော်တော်ကိုစိတ်ညစ်ပါတယ် သူ့ပြသနာရှင်းပြီးလို့ သူ့ပါသာလည်း ဖြေရှင်းလို့မရသေးတဲ့ အရွယ်ဆိုတော့ အီးကုန်းပေး အီးကုန်းပေးလို့ အကျယ်ကြီးကိုအော်တတ်ပါတယ် ကျနော်ကလည်း ရွံတော့ သူကကုန်း ကျနော်က ရေခွက်ကြီးကိုကိုင် ညာဘက်ခြေတောက်နဲ့ ကုန်းပေးပါတယ် ပြောင်လားမပြောင်လားတော့မသိ လက်ကိုဆန့်ပြီး အပေါ်ကရေလောင်း ခြေတောက်နဲ့ပွတ်ပေး အချိန်ဆမမှန်တော့ ခလေးက ရှေ့ကိုမှောက်ရက်ကြီးလဲကျတာ နှာဖူးလေးပေါက်သွားလို့ အမာရွတ်လေးတောင် ခုထိရှိတုန်း အဲ့နေ့က ကျနော့်ခေါင်းတွေလည်း ပူထူးသွားပါတယ် အစ်မခေါက်လို့ပါး) ။

နှပ်ချေးညှစ်ရပျင်းလို့ သူ့လက်ဖမိုးနဲ့ ဆွဲတတ်လို့ သူ့ပါးမှာ နှပ်ချေးအကြောင်းတွေက သနပ်ခါးလူးထားသလို ။ဒါပေမယ့် ကျနော် သူ့ကိုအမြဲနမ်းတယ် ။ သူ့အစားကျ လူရှေ့မှာ လျှာကြီး အရှည်ကြီးထုတ် လာလာကြွားစားပြပြီး တောင်းစားလို့မရပါဘူး ကိုယ့်လက်ထဲမုန့်ရှိရင်တော့ လေသံက ပျော့ပျော့ ပြုံးစိစိနဲ့ ဦးသားလေး ဆိုပြီး ပေါင်ပေါ်ပြေးတတ်တဲ့ ကောင်ဆိုးလေးပါ ။စာတော်သလောက် ပျင်းတယ် ပေတံကိုကိုင်ရမှာပျင်းလို့ စာအုပ်မှာ လက်ညှိုးနဲ့ ပေတံလုပ်တိုင်းတဲ့ကောင်လေးပါ ။ စာကျက်ခိုင်းတဲ့ အခါကျ ကိုယ်က အေ တိုင်ရင် သူက ဘီ ကိုဆိုတတ်ပါတယ် ဒီတစ်ပုဒ်ရမှ ဆော့ရမယ်ဆိုရင် ဆော့ချင်စိတ်မက်တော့ ခဏလေးနေတာနဲ့ စာလာဆိုတာ ဟုတ်လို့ ။စိတ်ကောက်တဲ့ အခါကျ တစ်ကိုယ်လုံးကောက်ကွေး ခြေတောက်နှစ်ချောင်းကို ပွတ်လိမ်နေလိုက်တာများ ပြတ်ထွက်သွားမလားထင်ရတယ် သူ့အဖေ အမေ တွေ ချော့မရရင် ကျနော်က ရွှေပြည်အေးကြီးပေါ့ “ အငယ်လေးရေ ဦးပေါင်တို ဗွီဒီယို ရုံမှာ ဂျက်ကီချန်းကား သွားကြည့်မယ် လာ ” အစ်မဆီက မုန့်ဖိုးတောင်းပြီး ကျနော်က သူ့ကို ကုန်းပိုးလို့ လစ်ပါပြီး ။

သူကျောင်း ၈ တန်းလောက်ထိ ခလေးဆိုးကြီးလို နေတတ်တဲ့ အဖိုးအဖွား ဦးလေးအဒေါ်တွေဆိုရင် ကုန်းပိုးလိုက် ကလိထိုးလိုက် လုပ်တတ်တဲ့ ခလေးက ခုတော့ မေးရင်တောင် ခေါင်းညိတ် ခေါင်းခါပဲရတော့တယ် ။သူတို့နဲ့ ၃ နှစ်လောက် အနေဝေးပြီးမှ အိမ်တစ်ခေါက်ပြန်တော့ ကားဂိတ်မှာ လာကြိုတဲ့ သူတို့ကို ကျနော် မမှတ်မိပါဘူး အရပ်ကြီးတွေက ကိုယ့်ကိုတောင် မတိမ်းမယိမ်း အကောင်တွေကတော့ ကိုယ့်ထပ်ထွားလို့ပေါ့ ။ ပြုံးစိစိနဲ့ စကားနည်းသွားတဲ့တူလေး အနေတွေဝေးသွားတော့ သူ့အကြိုက်ကဘာလဲ သူ့နေထိုင်ပုံတွေပြောင်းလဲသွားတော့ ကိုယ်လိုက်လို့မမှီခဲ့ပါဘူး ။ သူမကြိုက်တဲ့ဟင်ချက်တဲ့နေ့ ဘာမှမစားပဲစိတ်ကောက်နေရင်တော့ သူကြိုက်တဲ့ လက်ဖက်သုတ်ကို ခရမ်းချဉ်သီးလေးပါးပါးလှီးလို့ သူ့အရှေ့ချပေးလိုက်ရင်တော့ ပန်းကန်ကို ပြောင်အောင်တီးသွားပါတယ် ။


ကိုယ်နဲ့ ရုပ်ချင်းဆင်သလောက် အကျင့်စရိုက်ပါ တူတတ်တဲ့ တူလေးက တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုယ်တတ်တဲ့ကျောင်းမှာ ပြန်တက်နေပါတယ် ။ ကိုယ့်အလှည့်တုန်းက မပြေလည်နဲ့ စီးပွားရေးအခြေနေကြောင့် ချို့ချို့တဲ့တဲ့ ကျောင်းတက်ခဲ့ရပေမယ့် ကိုယ့်အတူလေး အလှည့်ကျ ဒီလိုမဖြစ်စေချင်တာလည်း ဦးလေးတစ်ယောက်ရဲ့ စေတနာပါ ။သူနဲ့လိုက်မယ့် အထည်လေးတွေပို့လိုက် ကျောင်းမှာလိုမယ့် အဆောင်မှာသုံးလို့ရမယ့် ပစ်စည်းလေးတွေပို့လိုက်နဲ့ သူ့အတွက်ကိုယ်က ဖြည့်စည်းသူတစ်ယောက်ဖြစ်ရတဲ့ ဖြစ်တည်ခွင့်ကိုလည်းကျေနပ်ပါတယ် ။ဖုန်းဆက်လိုက်တိုင်း ဟုတ်ကဲ့ က လွဲပြီး စကားအပိုတွေမပြောတတ်တဲ့ ကျနော့် တူလေး နဲ့  ကျနော့်ကြားက ခြားနားခြင်းက ပိုပိုကြီးမာလာသလိုပါပဲ ။

သူတို့ရဲ့ ကြီးထွားလာခြင်းနဲ့ အတူ ကျနော့်ရဲ့ အိုမင်းခြင်းတွေကလည်း တဖြည်းဖြည်းနေရာယူလို့ ကျနော့်တို့ ၂ယောက်ကြားမှာ ခြားနားခြင်းမဟုတ်တာဆိုလို့ စစ်မှန်တဲ့ မေတ္တာတရားပဲရှိမယ်ထင်ပါတယ် ။





Wednesday, February 16, 2011

သူတို့နှစ်ယောက်

သူတို့ ၂ယောက် ဘယ်သူလဲဆိုတာ မပြောခင်း နည်းနည်း အင်ထရိုဝင်ပါအုံးမယ် ကျနော့်ကိုအရင်တုန်းက သူငယ်ချင်းတွေက မွေးနေ့ပွဲစားလို့ ခေါ်ကြပါတယ် အဟုတ်ပါ ကျနော်ကတော့ လူတစ်ယောက်ရဲ့ မွေးဖွာလာတဲ့နေ့လေးကို လေးလေးနက်နက်ခံစားတတ်တယ် အရင်ကတော့ ဘလော့ဂါ ပေါက်စနလေးတုန်းက အွန်လိုင်းမှာတစ်ချိန်လုံးပေါ့ တွေ့သမျှလူကို လိုက်အက်စ် စကားတွေဖောင်းပွနဲ့ တော်တော်ကိုရှုပ်တဲ့ ငရှုပ်တစ်ကောင်ပါ ခင်တဲ့သူတွေရဲ့ မွေးနေ့ဆိုရင် အနှစ်မပါတဲ့ ပုံတွေ အင်တာနက်ကရှာပြီး ကိုယ်စားမွေးနေ့ပွဲတွေလိုက်လုပ်တတ်ပါတယ် ဒါကြောင့်လည်း သူများတွေ အမြင်ကတ်ပြီး မွေးနေ့ပွဲစားလို့ပြောကြတာနေမယ် ဒီတစ်ခါတော့ ခလေးဆန်တဲ့ အလုပ်တွေမလုပ်ချင်တော့ပါဘူး ရင်ထဲက လာတဲ့စကားတွေနဲ့ ကျနော်ခင်တဲ့ သူတွေအတွက် မွေးနေ့ဆုတောင်းစကားလေးပါ ။

အကောင်ပေါက်စလေး

တော်တော်ကြာပြီး အစ်ကိုပေါက်စနဲ့ ကျနော်နဲ့ခင်တာ ကျနော်က အွန်လိုင်းမှာ မိန်းခလေးသူငယ်ချင်းထပ်ယောက်ျားလေးသူငယ်ချင်းပိုများတယ်လို့ပြောရမယ် အမှန်တော့ ကျနော်က အွန်လိုင်းဇတ်လမ်းတွေ ထွန်းကားတဲ့ ဟိုးတုန်းက ကျနော့်ကို ငကြောင်လို့ ထင်မှာစိုးလို့ မိန်းခလေးတွေနဲ့ သိပ်မချက်ရဲပါဘူး ။ အစ်ကိုပေါက်စ လေးက အကောင်ကသေးသေး ဒါပေမယ့် တကယ့်လူကြီးလေးပါ သိပ်လေးစားဖို့ကောင်းတယ် ။ ကိုယ့်အတွက် ဒီလိုသက်မဲ့လို့ခံစားရတဲ့ အွန်လိုင်းမှာ အစစ်မှန်သံယောဇဉ်တွေပေးခဲ့တဲ့ ဘလော့လေးကို အမြဲကျေးဇူးတင်ပါတယ် ။ အစ်ကို့အတွက် အရင်က မွေးနေ့ကဗျာလေးတစ်ပုဒ်ရေးပေးဖူးတယ် ။ အစ်ကိုဟာ ကျနော့်အတွက် အစ်ကိုရင်းတစ်ယောက်လိုများဆိုရင် နည်းနည်းများပိုသွားလေမလား သူကကော သိမှသိပါ့မလား အသက်လည်းသိပ်မကွာပဲ သူက ဘာကြောင့်များ ဒီလောက်လူကြီးဆန်ရတာလည်းလို့ တစ်ခါခါတွေးမိတယ် ကျနော့်ကိုစိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေလည်း ခဏခဏပြောပေးတဲ့သူပါ ။သူက တိတ်တဆိတ်လေး ပုန်းလျှိုတတ်ပေမယ့် ဂရုမပြုတဲ့သူတစ်ယောက်တော့မဟုတ်ပါ ခုချိန်ထိ စကားပြောတိုင်း အစ်ကိုက ကျနော့်ကိုမင်းနဲ့ ငါလို့ တစ်ခါမှမသုံးဖူးပါဘူး စကားပြောတိုင်း ညီ ညီ နဲ့ တော်တော်ကိုနုညံ့တဲ့သူပါ ။. သူများစကား ယူသုံးရရင် သူဟာ ကျနော့်အတွက် စကြာင်္ဝဌာတစ်ဖက်က ရင်ဘတ်တစ်ခြမ်းပေါ့ ။ သူ့မွေးနေ့ကတော်တော်ကိုလွန်ခဲ့ပြီး ခုမှ မွေးနေ့ဆုတောင်းပေးရတဲ့အတွက် ဆောရီးပါ အစ်ကိုး) အစ်ကို့ညီကတော့ မပြောင်းလဲသော အရှုပ်မဟုတ်တာတွေကို ရှုပ်နေရင်း မအားမလပ်ပေါ့ ။ဆားချက်တာတော့မဟုတ်ပါ သူ့အတွက် ကျနော်ရေးပေးဖူးတဲ့ ကဗျာလေးကို ပြန်ကူးတင်လိုက်ပါတယ် ။



ကြွက်ကလေးရဲ့ အစ်ကို

ခလေးကိုယ်နဲ့ လူကြီးစိတ်ကလေး
...သူ့မှာရှိတယ် မှောင်ဝင်တဲ့ ကဗျာပိုးတွေနဲ့
ချစ်သူကို လွမ်းတဲ့ လွမ်းတေးကဗျာတွေ
သူ့အစ်ကို့...ကို ချစ်တဲ့ စိတ်နဲ့
အဖေ့ကို တမ်းတ အမေ့ကို ဦးခိုက်တဲ့ ဂါဝရတရားတွေရှိတယ်
သူ့မှာရှိတယ်...အငယ်တွေမရှိပေမယ့်
အစ်ကိုကြီးတစ်ယောက်က ညီတစ်ယောက်ကို ဂရုစိုက်တတ်တဲ့အကျင့်
ငိုနေတဲ့ ညီမငယ် တစ်ယောက်ကို နှစ်သိမ့်တတ်တဲ့ အကျင့်လေးတွေရှိတယ်
ဝတ်ရုံတွေကို ခွာချ အဖြူထည် မေတ္တာတွေနဲ့
အကြင်နာ ဆုံးမ စကားတွေ ဆိုတတ်တယ်
သူက ငြိမ်သက်နေတဲ့ ကမ်ရေပြင်လိုပဲ
အေးမြ တည်ငြိမ်တဲ့ သွင်ပြင်
လောကဓံကို ကြံ့ကြံ့ခံ အပြုံးမပျက်ပဲ ဆက်လျှောက်တဲ့ မာန်တွေရှိတယ်
ဟုတ်ကဲ့....ကြွက်ကလေးမှာ မရှိတဲ့ အရာတော်တော်များများ အစ်ကို့မှာရှိတယ်
သူက ....
ကြွက်ကလေး အစာရှာထွက်ရင်း ကောက်ရခဲ့တဲ့ အစ်ကိုပါ
သူလား
ဒီနေ့မှာလူပျိုကြီးနံ့သင်းပျံ့လာပြီး
လူများများရှိတဲ့နေရာတွေ ရှောင်တတ်တဲ့
ကြွက်ကလေးရဲ့ အစ်ကိုမွေးနေ့ပါ
ဘာဆုပေးရမလဲ အမြဲပျော်ရွှင်ချမ်းမြေ့ပါစေလို့း)

ခုကြွက်ညီအစ်ကိုတွေထဲ ကျနော်နဲ့သူ ၂ကောင်ပဲကျန်တော့တာပေါ့း)။


၂ လုံးပေါင်း ၉ ဂဏာန်းရှိတဲ့ အစ်ကို

သူမသိပေမယ့် ကျနော့်ပါသာ အစ်ကိုဖမ်းတော်လိုက်တဲ့သူပါ သူ့ဘလော့ကိုစရောက်ဖူးတာ အသွင်တူ၏မတူ၏ ဆိုတဲ့ပို့စ် ကမှ စရောက်ဖူးတာ စာတွေက လေးနက်ပြီး ပညာသားပါတယ် တည်တည်ငြိမ်ငြိမ်လေးနဲ့ဖတ်လို့ကောင်းပါတယ် ဓာတ်ပုံတွေက လက်လန်အောင်ကောင်းပြီး ပျော်ရွှင်စရာမိသားစုလေးနဲ့ အားကျဖို့ကောင်းတဲ့အစ်ကိုပေါ့ ။ မနေ့က ပို့စ်ဟောင်းတွေပြန်ဖတ်ရင်း မနက်ဖန် အစ်ကို့မွေးနေ့ ဆိုတာ သိလိုက်တယ် စကားလည်းမပြောဖူး သိတာလည်းမကြာသေးပေမယ့် ကိုယ့်စိတ်ထဲက အလိုလို အစ်ကိုရင်းလိုခင်မင်နေတဲ့ အစ်ကို ညီလင်းသစ် ရဲ့ ၂ လုံးပေါင်း ၉ ဂဏာန်းမြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာလည်း ချစ်တဲ့အိမ်သူ “ပါးပါးက သားရဲ့ အသည်းတုံးကြီး ”လို့ပြောတတ်တဲ့ ချစ်စရာ့သားသားတို့နဲ့အတူ အမြဲထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ ။


သူတို့ ၂ယောက်အတွက် အမှတ်တရပါ Happy Birthday နောက်ကျသောမွေးနေ့ရှင်နဲ့ တစ်ရောက်စောနေသောမွေးနေ့ရှင် :) ။

Sunday, February 13, 2011

အမေ့ရဲ့အမှတ်သားလေးများ

ခုရက်ပိုင်း မဲလ်ဝဲ အကြောင်းနဲ့ကော ဘလော့ကစိတ်မချရဘူုးလို့ထင်တယ် စာတွေရေးရင် ပျောက်သွားမှာ စိုးတာနဲ့ စာရေးချင်စိတ်တွေပဲ ပျောက်နေသလိုလို လူက နည်းနည်းဂူနေတယ် ရာသီဥတုကလည်း နေ့ပိုင်းပူလို့ ညပိုင်းတွေအေးတယ် ။ အမေ့ကိုလွမ်းလို့ အမေ့အကြောင်းတွေ တွေးဖြစ်တယ် အလုပ်အကိုင်လေးကလည်း သိပ်အဆင်မပြေတော့ အမေ့ကို ငွေမပို့နိုင်တာ လတွေထပ်လာပြီး အမေ အဆင်ပြေ နေကောင်းပါ့မလားလို့ စိတ်ပူမိတယ် အမေကတော့ မဗေဒါ ပါပဲ ပန်းပန်းလျှက်ဆိုတာ သိပေမယ့် အမေ့ကို လွမ်းဆွတ်သတိရမိတယ် ။ ဆိုတော့ ကျနော် မှတ်မိတဲ့ အမေ့ရဲ့ အကျင့်စရိုက်လေးတွေ ပြန်ပြန်တွေးလို့ အမေ့အမှတ်သားလေးတွေ ချရေးမိတယ် ။

အမေက အသားညိုညို ပိန်ပိန်ပါးပါး အုန်းဆီကြိုက်တယ် အပ်ချုပ်တာ ၀ါသနာပါတယ် ။ အမေ့မျက်ခမ်းစပ်လေးမှာ မှဲ့နက်ခပ်ကြီးကြီးတစ်လုံးရှိတယ် အငယ်တုန်းကတော့ အဲ့မှဲ့နက်လေးကို ခဏခဏ ကိုင်ကြည့်တယ် ။ကွမ်းတွေစားလို့ ရဲနေတဲ့ အမေ့နှုတ်ခမ်းလေးတွေကလည်း ချစ်ဖို့ကောင်းတာပဲ ကွမ်းစားလို့ ညစ်နေတဲ့ အမေ့သွားတွေဟာလည်း မီးသွေးခဲကို အမှုန့်ထောင်းပြီး တိုက်ပြီးတဲ့ အခါကျ သီချင်းထဲကလို ပုလဲလုံးလေးတွေ သီတန်းထားသလို သိပ်လှပါတယ် ကျနော် အမေ့လို သွားလှလှလေးတွေမရှိတာ ခံပြင်းပါ့ ။ အမေက ပါစပ်က အသံထွက်လို့ အကြွေးစာရင်း ၊ ဈေးစာရင်း ၊ တွေ ရွတ်ရွတ်တတ်ပါတယ် အမေ့ပါစပ်က ကွမ်းဝါးရင် ၀ါး မ၀ါးရင်တော့ အဲ့လို အသံထွက်ပြီး တစ်ခုခု တွက်ချက်နေတတ်ပါတယ် အမေ တစ်ယောက် ငြိမ်ငြိမ်ကလေး တွေးနေတယ်ဆိုရင်တော့ သိလိုက်ပြီး အမေ့မှာ စိတ်ညစ်စရာတစ်ခုခုရှိနေပြီဆိုတာ ။

ကျနော် မှတ်မိသလောက် အမေအလုပ်နဲ့လက်ပြတ်တယ်ဆိုတဲ့ အခါကနည်းပါတယ် နှီးဖြာနေတာမျိုးဖြစ်ဖြစ် ထရံရက်နေတာမျိုးဖြစ်ဖြစ် အဘ လုံချည်အပြဲတွေကို အပ်ချုပ်နေတာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် ငရုတ်ခင်းထဲသွား မြေဆွနေတာမျိုးဖြစ်ဖြစ် တစ်ခုခုလုပ်နေတာပါပဲ ။ ကျောင်းမနေဖူးတဲ့အမေက ဈေးစာရင်းဖျောင်မရ ပိုက်ဆံကို ညာတွက်လို့မရတာလည်း ဆန်းပါ့ အမေစစ်လိုက်ရင် အားလုံးပေါ်တာပါပဲ ။အမေက တစ်ခါခါ ရေချိုးမယ်လုပ်ရင်း ထမိန်ရင်လျာနဲ့ မနက်ခင်းတည်းကနေ အလုပ်လုပ်နေလိုက်တာများ ညနေလောက်မှ ရေချိုးဖြစ်တဲ့အခါတွေလည်း ရှိတတ်ပါတယ် ။ ပုလင်းလေးတွေကို ရေဆေးပြီး စစ်ထား ပြီးရင် အိမ်တန်းဘောင်လေးတွေမှာ တန်းကလေးလုပ်လို့ ပုလင်းလေးတွေစုတာလည်း ၀ါသနာပါတယ် အမေ အလုပ်နည်းတဲ့ အခါကျ အဲ့ပုလင်းလေးတွေကို ပြန်ဆေး ပြန်သုတ်နဲ့ ပြန်လုပ်နေတာမျိုးလည်းရှိတယ်။

အမေက မိသားစုမှာ ဒုတိယမြောက်သမီးဆိုတော့ အမျိုးတွေထဲမှာ ကြီးတော်ပေါ့ တူ တူမတွေ လာကန်တော့တဲ့ အခါ အဲ့ပစ်စည်းလေးတွေကို မသုံးပဲ သိမ်းသိမ်းထားတတ်တာဟာလည်း အမှတ်တရပါ ကျနော်တို့တွေ ၀ယ်ဝယ်ပေးတဲ့ ပိတ်စတွေဆိုရင်လည်း အမေသုံးတာနည်းပါတယ် သိမ်းရိုးရိုးနဲ့ အမေ့အထည်တွေ ခြတက်တဲ့ အခါတွေလည်း ခဏခဏပေါ့ ။အမှတ်တရ ပစ်စည်းတစ်ခုချင်းဆီကို အမေ့က မှတ်ညဏ်ကောင်းကောင်းနဲ့ မှတ်ထားနိုင်ပါတယ် အမေ မင်္ဂလာဆောင်တဲ့နေ့က ရွှေတစ်ဆုတ် ထမိန်လေးလို့ အမေခေါ်တဲ့ လက်ထဲဆုတ်လိုက်ရင် ပိတ်သားနုနုလေးက တစ်ဆုတ်စာလောက်ပဲရှိတဲ့ ထမိန်လေးတစ်ထည်လည်းရှိပါသေးတယ် ။ အမေ့အသက် ၆၀ နီးပြီး ခြံသမားမို့ အမေ့အသားရည်တွေ အသက်ကြီးလာတော့ ပိုမွဲခြောက်လာတယ် အမေ့ဆံပင်တွေ ပိုပိုဖြူလာတယ် အမေ့အကောင်လေး ပိုပိုညှပ်လာတယ် အမေ့သားသမီးတွေ အမေ့ကို ပစ်ထားမှန်းမသိ ပစ်ထားသလိုဖြစ်ဖြစ်နေတယ် ။

အမေက အရင်ကတော့ အင်မတန်စိတ်ခိုင်တဲ့သူပါ ခုတော့ အမေတစ်ယောက်ခဏခဏ မျက်ရည်လွယ်နေတယ်တဲ့ ။ပြီးခဲ့တစ်ပါတ်က လူကြုံလေးရတော့ အမေကြိုက်တဲ့ ဒီမှာပေါတဲ့ စောင်လှလှလေးတွေ ၀ယ်ပေးလိုက်တယ် အမေသုံးမှာ ခြုံမှာမဟုတ်မှန်းသိပေမယ့် အမေသုံးနော်လို့ မှာဖြစ်အောင်မှာလိုက်သေးတယ် ကျနော်ဝယ်ပေးတဲ့ စောင်လှလှလေးတွေကို ဘီရိုထဲထည့် လာသမျှလူကို အမေ ပြုံး ပြီင်္းကြွားအုံးမှာမြင်ယောင်သေး ။ကျနော်ဖတ်ဖူးတဲ့ ကဗျာလေးတစ်ပိုင်းတစ်စ ကိုသွားသတိရမိတယ် “သိပ်ချစ်လွန်းလို့ အမေက ၃၉ မှတ်ပေးရင်တောင် အောင်ဖို့ ၁ မှတ်လိုနေသေးတဲ့ သားသမီးတွေပါ” ဆိုတဲ့ စာသားတိုလေးပါ ကျနော်တို့တွေ အဲ့လို သားသမီးတွေများဖြစ်သလားလို့ တွေးရင် ....အမေ့အမှတ်အသားလေးများကို အမှတ်တရ ရေးမိပါတယ် ။





Friday, February 11, 2011

ဝဲဆေး





ဝဲဆေး တကယ်တော့ ကိုက်ချင်လည်း ကိုက်ပါစေဆိုပြီး မသိဟန်ဆောင်နေလိုက်မလို့ပဲ အမှန်တော့ ချိတ်ထားတဲ့လင့်တွေကို နှမြောလို့ပါ ကျန်းမာရေးစစ်လိုက်တော့ ၀ဲကတော်တော်များနေတာနဲ့ပဲ ဖြုတ်လိုက်ရတော့တယ် ခုတော့ ဘလော့ဂါများရဲ့ပို့စ်များ ဘလော့ကိုသာ Bookmark လုပ်ထားပြီး ဘလော့တွေလည်တော့မယ် ခုတော့ ၀ဲကင်းတယ်လို့ ကြော်ငြာထားတဲ့ မနိုင်း ၊ဒေါ်လေးပန်တို့ ဘလော့တွေပြန်ချိတ်ထားလိုက်တယ်း) ၀ဲကင်းရင်ကြော်ငြာပေးပါ ။ ဘလော့ဂါ လုပ်ရတာလည်း တော်တော် အတွေ့ကြုံစုံပါလားနော် ဒွတ်ခ ဒွတ်ခ ။ဝဲဆေးပေးတဲ့ ကိုကြီးလင်းထက် ကိုကျေးဇူး ။





Wednesday, February 9, 2011

ပြစ်ချက်

စာရေးဖို့ အာရုံမရတာကြာပြီး ဟိုဒါလေးရေးမယ်လုပ်လိုက် ပြန်ဖျက်လိုက် ဒါလေးရေးရင် ကောင်းမလားတွေးမိလိုက် တော်ပါပြီလေ ဖြစ်သွားလိုက်နဲ့ တော်တော်ကြာပြီး ။ စဉ်းစားမရတဲ့ အဆုံးတော့ ကျနော်မကြိုက်တဲ့ ကျနော့်ရဲ့ အကျင့်စရိုက်လေးတွေကို နံပါတ်စဉ်တပ်ပြီးရေးချကြည့်မိတယ် ကိုယ့်ကိုယ်ကို ပေးလိုက်တဲ့ အကျင့်ဆိုးက ပြစ်ချက် တဲ့ ပြင်းပါ့ :)

၁။ နာရီပတ်ရတာတော်တော်ပျင်းပါတယ် တကယ်ဆို ယောက်ျားလေးတစ်ယောက်အတွက် အဆင်တန်ဆာထဲ မရှိမဖြစ် ရှိသင့်တာနာရီလို့ထင်ပါတယ် နာရီပတ်လိုက်ရင်ပဲ ကိုယ့်လက်ကြီးက ခဲဆွဲထားသလိုလို တော်တော်ကို ခွကျတဲ့ အတွေးပါပဲ နာရီပတ်ရတာ ပျင်းသလောက် နာရီကိုလည်းမကြာမကြာကြည့်တတ်တဲ့ အကျင့်ဆိုးက ရှိသေး မနက်မနက်ဆို အချိန်တွေက ဘာလို့ ကုန်မြန်တာလဲမသိပါဘူး အနည်းဆုံးတော့ ၅ မိနစ်လောက် ပြန်ကွေးလိုက်ရမှ အလုပ်တက်တာသာနောက်ကျရင် ကျမယ် အလုပ်ဆင်းရင်တော့ အတိကျ ။ ဒီ့ထက်ဆိုးတဲ့ အကျင့်တစ်ခုက ရှိပါသေးတယ် တကယ်ဆို ကိုယ့်လက်မှာနာရီလေး ပတ်ထားတာ ဘယ်လောက်မှလေးတာလဲမဟုတ်ပဲနဲ့ အဲ့အကျင့်က ပြင်မရပဲ လမ်းထဲကနေ ဆိုင်တွေထဲက နာရီတွေ အိမ်ထဲက နာရီတွေကို လိုက်လိုက်ကြည့်တတ်တဲ့ အကျင့်ဆိုးပါ တော်တော်ဆိုးတဲ့ ပြစ်ချက် ။

၂။ ဘက်ကန်တာပါ မြင်ဖူးကြတယ်ဟုတ် နံရံကို ဘောလုံးလေးနဲ့ ပစ်လိုက်ရင် ကိုယ့်ဆီကို ပြန်ရောက်လာသလိုမျိုး ကျနော်က အဲ့လိုလူစားမျိုးပါ အဲ့အကျင့်က မကောင်းမှန်း လူကြီးမဆန်မှန်းသိပေမယ့် ပြင်မရတာ တော်တော်ကြာပြီး အငယ်တုန်းကပါ အိမ်က အစ်မ မအားတော့ ကျနော်ဈေးသွားတယ် ဖောက်သည် ငါးရောင်းတဲ့ အဒေါ်ကြီးက ကျနော့်ကို ခလေးဆိုပြီး အလေးခိုးလိုက်ပါတယ် သမာဓိဒိုင်မှာ ခပ်တည်တည်နဲ့ သွားချိန်ပါတယ် လျော့တာက ၂၀ သားကြီးများတောင် ဈေးခေါင်းကို သွားတိုင်ပါတယ် အဲ့အဒေါ်ကြီးက “ ဟုတ်တယ် ငါးတစ်ကောင် ပြုတ်ကျကျန်ခဲ့တာ” တဲ့ သူလုံးတုတ်တာ ကျနော်သိတာပဲ “ ကျနော့်ကို ပိုက်ဆံပဲပြန်ပေးတော့” ဆိုပြီး ငါထုတ်ကိုပြန်ပေးလိုက်ပါတယ် နောက်နေ့ကျ အစ်မက ခေါင်းကို ခေါက်ခနဲ ဆော်ထည့်ပြီး တော်တော်စွာတယ်တဲ့ သူ့မှာဖောက်သည်နဲ့ မျက်နှာပျက်ရတယ်ဆိုပဲ သူ့ကိုလည်း အလေး ခဏခဏ ခိုးချင်ခိုးနေမှာ သူသိချင်မှသိမယ် ။


အလုပ်က သူတွေကလည်း ကျနော့်ကို တစ်ချက် တစ်ချက် ထထ ဖောက်တယ်များထင်နေသလားမသိ ။အလုပ်နဲ့ပက်သက်တဲ့ ဖုန်းတွေက ကျနော်ခေါ်ရတဲ့ တာဝန်ပါ ထိုင်းအလုပ်ရှင်ကိုင်ရင် ရုံးက စာရေးမလေးကိုပြန်လွှဲရပြီး ဗမာဆိုရင်တော့ ကျနော်ပဲ အလုပ်အကြောင်းပြောဖြစ်တယ် အမှန်တော့ ကျနော်က စကားပြောကောင်းတာနည်းပါတယ် လိုတိုရှင်း ပလောပလပ်တာတွေမတက်တော့ မျက်နှာကြောမာ လေသံမာတဲ့သူလို့ထင်ကြတယ် အပိုတွေရွှီး၇တာ အာညောင်းလို့ပါ ။ ဖုန်းခေါ်တာများ ရွှေမြန်မာတွေများ “ဟလို” လေးတောင်မလုပ် ဘယ်သူလဲ တဲ့ လေသံမာကြီးနဲ့ “ကျနော်*** စကားပြောချင်လို့ပါ” ဆိုတော့ သူက ဘယ်သူလဲပဲထပ်မေးပါတယ် သူ့ယောက်ျားကိုတော်တော်စိတ်ချတယ်ထင်ပါ့ ယောက်ျားချင်းပြောမှာတောင် လ၀ကထပ်ဆိုးနေတယ် စိတ်ညစ်ပါ့ ကျနော့်ရဲ့ ဘက်ကန်တတ်တဲ့ အကျင့်က ၄ ခါမြောက်လောက်ကျ မရတော့ပါဘူး “ ကျနော် ဘယ်သူလဲ ပြောပြနေလို့ အစ်မသိမှာလဲမဟုတ်ဘူး အဲ့တော့ အစ်မယောက်ျားကိုသာပြောပေးပါ *****ဖုန်းဆက်ပါတယ်လို့ အစ်မကျနော့်ကိုသိချင်ရင်တော့ ရုံးကိုလိုက်လာလို့ရပါတယ် အဲ့ကျ ကျနော်ဘယ်သူလဲသိမှာပါ ” ဒီလောက် စကားပြောတဲ့ကောင် ဘော့စ်သာ စကားနားလည်လို့ကတော့ အလုပ်ပြုတ်တာကြာပေါ့ ။

၃ ။အင်မတန် ကူညီချင်တဲ့စိတ်ပါ တစ်ခါခါတော့ အဲ့စိတ်ကပဲ ကိုယ့်ကိုပြန်အနှောင့်ယှက်ပေးတတ်တယ် အိမ်ကိုလာလည်တဲ့ အန်တီကြီးတစ်ယောက် ဈေးသွားချင်တော့ လိုက်ပို့ပေးဖြစ်တယ် သူက ဈေးရောက်တော့ အမျိုးသမီးတွေသုံးတဲ့ ဟိုဒင်းလေ အင်္ကျီသေးသေးလေးတွေ ကိုယ်လုံးလှလှနဲံ့ ကော်ရုပ်မလေးတွေ ၀တ်ပြထားတာလေ သိတယ်ဟုတ် ပြောတော့ဘူး အဲ့ဆိုင်ထဲဝင်သွားပါတယ် လိုက်ဝင်လို့လည်းမဖြစ်ဖူးလေ ကျနော့်မှာ ဆိုင်ရှေ့တည့်တည့်လည်းမဟုတ် ဘေးနားလေးမှာ ရပ်စောင့်နေရတာ ကောင်မလေးတွေက ဆွေကြည့်ဆွေကြည့်နဲ့ ဒီဆိုင်နား သူ့နဲ့ ဘာဆိုင်လို့ လာရပ်နေတာလဲမသိဘူးဆိုတဲ့ အကြည့်မျိုးနဲ့ ။ အိုဗာတွေဖြစ်ဖြစ်သွားတာပါ သူများအတွက် မလိုအပ်တာမျိုးကို ကိုယ်က လိုက်လုပ်ပေးလိုက်မိလို့ မလိုပဲ အပိုတွေ လုပ်နေတဲ့ဆိုတဲ့ အမြင်မျိုးတွေနဲ့ မြင်ရတာလည်း ခဏခဏပေါ့ ဒါပေမယ့် မကူညီပဲလည်းမနေနိုင်တာကလည်း ပြစ်ချက်တစ်မျိုး ။

၎ ။ ဒါကတော့ တော်တော်ကြောင်တဲ့ ပြစ်ချက် ရုံးမှာ ကုလားအစ်ကိုတစ်ယောက်ရှိပါတယ် သူ့သားလေးက ဖြူဖြူဖွေးဖွေးလေး ကျနော်ကတော့ ကျီးကန်း ဘဲဥ ချီထားသလိုပဲလို့ အမြဲစပါတယ် ခလေးက ပါးင်္ကြီးတွေတွဲလို့ လှုပ်စိလှုပ်စိနဲ့ ပိုးကောင်ကြီးနဲ့တူတယ် အဲ့ပါးကြီးကို ခဏခဏသွားသွားဆွဲနေလို့ သူ့အမေကတောင် သိပ်မကြည်ချင်တော့ဘူး ။ နောက်ပြီး ကိုညီလင်းသစ် ဘလော့ကိုရောက်ရင် အစ်ကို့ရဲ့ သားလေးပုံကိုကြည့်ပြီး တော်တော်ကို ချစ်သွားတာ သူ့ပုံကို ကိုယ်တစ်ယောက်ကြည့်တာမ၀လို့ သူများတွေကို ခေါ်ပြရတာ အမော ဒီပြစ်ချက်က တစ်မျိုး သားလေးတစ်ယောက်လိုချင်တဲ့ ပြစ်ချက်ပါ အဟုတ်တကယ် ခုနောက်ပိုင်း ခလေးအဖေဖြစ်ချင်တာပါ ချစ်မယ့် ချစ်သူလည်းမရှိ ယူစရာဇနီးလည်းမရှိ လှေကားတွေ ကျော်တတ်သွားလိုက်တာများ ခလေးအဖေတဲ့ ဆိုးပါ့ ။


ပြစ်ချက်ဆိုတာဟာလည်း ပြစ်ချက်မှန်းသိပေမယ့် ပြင်ဖို့ခက်ရတာကလည်းဆိုးလှပါတယ် စိတ်ရဲ့ခေါ်ဆောင်နောက်လိုက်ရင်း ပြစ်ချက်တွေဟာ အမှားနည်းတဲ့ ပြစ်ချက်မျိုး တစ်ပါသူကိုထိခိုက်မယ့်ပြစ်ချက်မျိုး မဖြစ်ရလေအောင်တော့ ကိုယ့်ကိုယ်ကို အမြဲသတိပေး ကြိုးစားပြင်လျှက်ပါ ။

Saturday, February 5, 2011

သောင်းရင်းရဲ့ မြစ်ကမ်းမှာ

ဒါကို မြန်မာလို ဖွင့်ဆိုရမယ်ဆိုရင်တော့ ရေလိုက် ငါးလိုက် ပေါ့ ။ ကျနော်က သူများတွေတိုင်ပင်တဲ့ အခါကျ နားထောင်ပေးရ ကူပြီးခံစားပေးရတာကို ပူလောင်မှန်း စိတ်ရှုပ်ရမှန်းသိပေမယ့် နားထောင်ပေးတတ်ပါတယ် ဒါကလည်း ကိုယ်ခင်မင်ရတဲ့သူတွေအတွက် ကျနော်က ထွက်ပေါက်လေးတစ်ခုအဖြစ် ရင်ဖွင့်ရာလေးတစ်ခုအဖြစ် ရှိနေချင်တာကြောင့်ပါ ။ဒီအရပ်မှာတော့ သောင်းရင်းရဲ့ မြစ်ကမ်းမှာ မေးတင်ကြတဲ့ ကျနော်တို့တွေ နည်းနည်းစကားကြမ်းကြမ်းသုံးရရင်တော့ ရွှေ့ပြောင်းအလုပ်သမားများ အတွက်တော့ အပူမီး အခက်ခဲတွေက အမြဲတမ်းလိုလိုရှိနေတတ်ကြပါတယ် ။ သတင်းတွေမကြာမကြာ ကြားနေရတယ် လွန်ခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကစလို့ ထိုင်းနိုင်ငံရောက် မြန်မာတွေ တရားဝင်အလုပ်လုပ်ခွင့် ဆိုပြီး ၂နှစ်ခံပတ်စပို့စ်တွေလုပ်ပေးပါတယ် ပထမ ထိုင်းအစိုးရ ချမှတ်ထားခြင်းမှာ မပါတဲ့ စည်းမျဉ်တွေ နောက်ပိုင်းမှ ပေါ်လာတဲ့ အခါကျ ပထမဆုံးနစ်နာရတာ အခြေခံအလုပ်သမားတွေပါ ။

“အစ်ကိုပဲ စဉ်းစားကြည့်ဗျာ မဲဆောက်မှာ အလုပ်သမားတစ်ယောက် ရတဲ့ ပျမ်းမျှ လုပ်အားခက ၈၀ ၀န်းကျင်ပဲရှိတယ် ကျနော်တို့ပတ်စပို့စ်လုပ်တယ်ဆိုတာက ဒီ့ထက်သာတဲ့နေရာကို ပြောင်းရွှေ့အလုပ်လုပ်ဖို့လေ ဘန်ကောက်လိုနေရာမျိုးကို ကယ်ရီနဲ့မဟုတ် လမ်းမှာ ဘေးကင်းကင်းနဲ့ သွားလာနိုင်ဖို့အတွက်လေ အခုတော့ဗျာ ရတဲ့လခလေး ဒီထဲပဲထည့်နေရတာ စာအုပ်ကြီးကိုင်ထားတာတောင် ပုလိပ်ကရစ် ထိုင်းတောမောင်း( လ၀က) ကရစ်နဲ့ တရစ်ရစ်နဲ့ကို ပါးပါးလှီးခံနေရတော့တာဗျာ လိုချင်စိတ်တောင်မရှိတော့ဘူး ” ။ အဲ့လို အချိန်ကျ ကျနော်လည်း သူ့ကိုမေးကလေးထောက် ခေါင်းကလေး ညှိပ်လို့ “ အင်းပေါ့ အင်းပေါ့ ” ဆိုပြီး ဖော်ရွှီးလေးပဲလိုက်ပေးနိုင်တာပေါ့ ကျနော် ဘာများတတ်နိုင်မှာမို့လဲလေ ။


အလုပ်မှာ ၀န်ထမ်းတွေ လျှော့ ထွက်တဲ့သူနဲ့ ခုဆို လူနည်းနည်းပဲကျန်တော့တယ် အဓိကကတော့ တံတားကြီးပေါ့ ၇ လနီးပါ ပိတ်ထားတဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့် အဓိကထိခိုက်ကြတာဟာလည်း ကျနော်တို့ မြန်မာအလုပ်သမားတွေပါပဲ ။ အလုပ်မှာ အစ်မအရင်းလို ခင်ရတဲ့ အစ်မတစ်ယောက် သူက တောင်ကြီးဇာတိသူ ထိုင်းရောက်တာ ၁၅ နှစ်လောက်ရှိပြီး မြန်မာစကား အနည်းကျဉ်းပဲတတ်တော့တယ် မသိရင် အစ်မက ထိုင်းနိုင်ငံသူတစ်ယောက်လိုပါပဲ ဒါပေမယ့် အစ်မကိုယ်ထဲ စီးနေတဲ့ သွေးက ဗမာသွေးပီပီ အစ်မ က စိတ်ထားနုညံ့ပီး အလုပ်မှာတော့ ကျနော်တို့ဘက်က အမြဲရပ်တည်ပေးတဲ့ စိတ်ကောင်းတဲ့ အစ်မတစ်ယောက်ပါ ။ သူ့အခက်ခဲကတစ်မျိုး ထိုင်းတွေရဲ့ လူနေမှုစရိုက်မှာ နှစ်တွေကြာပေမယ့် အစ်မစိတ်တွေကမပြောင်းပါဘူး ထိုင်းအမျိုးသားနဲ့ အိမ်ထောင်ကျ ဒီနိုင်ငံဟာ စိတ်ပျက်စရာအကောင်းဆုံးလူနေမှုစရိုက်ကတော့ အိမ်ထောင်ရေးဖောက်ဖျက်ခြင်းပဲလို့ကျနော်ထင်ပါတယ် ။ စီးပွားရေးလေး ပြေလည်တော့ အစ်မယောက်ျားက ဇာတိလေးပြလာတယ် ခလေး ၂ယောက်နဲ့ အစ်မ စိတ်ဆင်းရဲတော့ ကိုယ့်ကိုရင်ဖွင့်တဲ့အခါကျ “ ဆုံးဖြတ်ချက်တွေ မမြန်ပါနဲ့လေ သေချာထိန်းကြည့်ပါအုံး သူစိတ်ပြန်လည် လာမှာပါ” လို့ အားပေးရင်း အစ်မအတွက်စိတ်မကောင်းဖြစ်မိတယ် ခုတော့ အစ်မလည်း အနီးကပ်ကိုယ်ရံတော်လုပ်ဖို့အတွက် အလုပ်ကနေထွက်ပြီး ယောက်ျားအနား ပါတော်မြဲလေးလုပ်နေရတာပေါ့ ။ အစားကိုသာ ဝေစားချင်စားမယ် အချစ်ကိုတော့ ဝေမျှမပေးနိုင်တဲ့ အစ်မရဲ့ ခံစားချက်ကိုနားလည်ပေးလို့ရတယ် ။

မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားသားသမီးတွေအတွက် ကျောင်းကြီးတစ်ကျောင်းဖွင့်ထားတာတွေ့တယ် နိုင်ငံခြားကနေ လာဆောက်လှူဒါန်းထားတဲ့ ကျောင်းအကောင်းစားကြီးတစ်ကျောင်းပါ ဒေါက်တာဒေါ်စင်သီယာမောင် တို့ ဦးစီးတဲ့ ရည်ရွယ်ချက်ကောင်းကောင်း နဲ့ဖွင့်လှစ်ထားတဲ့ ကျောင်းကောင်းတစ်ခုပါ။ ဒီနေရာမှာ ကျနော်ပြောချင်တာက ခလေးတွေပါ တော်တော်ကို ရည်ရွယ်ချက်နည်းတယ်လို့ထင်မိတဲ့ ကျနော့်အတွက် သူတို့လေးတွေ စကားနားထောင်လိုက်ရင်တော့ ငါပြောရမှန်းမသိပဲ သက်ပြင်းချမိတဲ့အဖြစ် ။ ခလေးတွေက ဆေးလိပ်သောက် ကွမ်းစား ကော်ရှူ ဖုန်း ဇတ်လမ်းတွေနဲ့ တွေ့ရတာ စိတ်မချမ်းသာစရာပါ သူတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲ ပန်းတိုင်ကဘာလဲဆိုတာ မေးကြည့်ချင်ပေမယ့် ကျနော်က အဲ့လောက်တော့ ဆရာကြီးလည်းမလုပ်ချင်ဘူး ။ မြန်မာပြည်ကနေ ကျောင်းတစ်ပိုင်းတစ်စနဲ့ တက်လာတဲ့ခလေးတွေ ဒီမှာပဲ မွေး ဒီမှာပဲကြီးကြတဲ့ ခလေးတွေ အများစုကတော့ တိုင်းရင်းသားတွေများပါတယ် ။

သူတို့ပြောတဲ့ စကားလေးတွေနားထောင်ကြည့်ရအောင်လား “ သမီးတို့အတွက် အာမခံချက်ဆိုတာေ၀၀ါးဝါးပါ ဦးရာ ဒီကျောင်းမှာတော်ရင် ကျောင်းဆက်တက်ခွင့်ရမယ်ဆိုပေမယ့် လူ ၁၀၀ မှာမှ ၅ ယောက်လောက်ခေါ်တာလေ ပြီးတော့ အငယ်လေးထဲက မြန်မာစာပဲသင်လာရတဲ့ သမီးတို့အတွက် ဒီမှာ ထိုင်းစာ ကော အင်္ဂလိပ်စာပါ အပိုအနေနဲ့ လေ့လာရတာ အခက်ခဲတွေ ရှိတယ် တကယ်တော့ သမီးက ရှေ့နေဖြစ်ချင်တာ ဘယ်လောက်တောင်ရူးသလဲဆို ရုပ်ရှင်တွေကြည့်ပြီးရင် အဲ့ထဲက ရှေ့နေတွေအတိုင်း လိုက်လုပ်ရတာ အမော အခု သမီးရည်ရွယ်ချက်က ထိုင်းစာတော့ ပိုလေ့လာနေတယ် ထိုင်းစာတတ်ရင် ဒီကကုန်တိုက်တွေမှာ အရောင်းဝန်ထမ်းဝင်လုပ်ရင် လစာကောင်းကောင်းရနိုင်တယ်လေ ပြီးတော့ သမီးကောင်လေးကို နိုင်ငံခြား အရင်ပို့မယ် ပြီးရင် သမီးသူ့နောက်လိုက်သွားမယ် ” ဒါကတော့ ၁၅ နှစ်သမီးအရွယ် ခလေးမလေးတစ်ယောက်ပြောတဲ့ သူ့ဘ၀ရဲ့ အနာဂတ်ပါ ဟာ့စ်ထိတဲ့ သူ့ရဲ့နောက်ဆုံးစကားလေးက “ တကယ်ဆိုရင်တော့ မြန်မာပြည် ပြန်ချင်တာပေါ့ ဦးရယ် ဖြစ်မှမဖြစ်နိုင်သေးတာ ” တဲ့ ။

နောက်တစ်ယောက်ကတော့ ခုနောက်ပိုင်းမှာ တော်တော်ခင်လာပြီး အစ်ကို့က ကျနော့်အတွက်တကယ့်အစ်ကိုပဲလို့ဆိုလာတဲ့ ညီလေးတစ်ယောက်ပါ ။ ဆိုင်ကယ်မှောက်လိုက် ကွမ်းစားလိုက် ဆေးလိပ်လေးသောက်လိုက်နဲ့ “ မင်းတို့ကျောင်းကို လှူထားတဲ့ နိုင်ငံခြားသားတွေသာ မင်းခုပုံစံကိုမြင်လို့ကတော့ ရှော့ရပြီး လဲသွားနိုင်တယ် ” လို့ပြောတော့ သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်ထင်တယ် “ကျနော် နောက်နှစ်ကျောက်းတက်ဖို့မသေချာတော့ဘူး အစ်ကိုရ အဲ့တာကြောင့် စိတ်ညစ်ညစ်နဲ့ လုပ်ချင်တာတွေလိုက်လုပ်နေတာ ခု ကားမောင်းသင်နေတယ် သူဌေးကားလိုက်မောင်းမလို့လေ အဖေ့အလုပ်က သူဌေးပဲ ပိုက်ဆံရှာတာပဲကောင်းပါတယ်လေ မရေရာပဲကျောင်းတက်နေတာထပ်စာရင် ငွေရှာကတာကမှပိုကောင်းအုံးမယ်” ။ ဒါလည်း ဟုတ်တာပါပဲလေ သူ့ကိုတွေတွေလေးငေးလို့ ကျနော် ခေါင်းကိုညှိပ်တော့ သူက မချိပြုံးလေး ပြန်ပြုံးပြတယ် ။

တစ်ချို့သော ဖြစ်ရပ်မှန် ဘ၀တွေက ဇတ်လမ်းဇတ်ကွက်တွေထပ် ပိုဆန်းကြယ်ပါတယ် ဟော့ဒီ သောင်းရင်းရဲ့ မြစ်ကမ်းမှာ မေးတင်ကြတဲ့ ကျနော်တို့ရဲ့ အဖြစ်သနစ်တွေဟာလည်း ပြောမယ်ဆိုရင်တော့ တစ်ထောင့်တစ်ည ပုံပြင်တွေ ဖြစ်သွားမယ်ထင်ပါရဲ့ ဇတ်လမ်း ဇတ်ကွက်တွေနဲ့ တူလှတဲ့ ဖြစ်ရပ်မှန် အကြောင်းရာတွေမှာ ခြေထိုးမှန်မှန်နဲ့ ကကွက်မှန်အောင် ကနေကြတဲ့ ကချေသည်တွေဟာ ကျနော်တို့တစ်တွေပေါ့ဗျာ ။




Thursday, February 3, 2011

ဘာကိုတွေးတွေး ဆန့်ကျင်ဘက်တွေးပါ ။


ဘာကိုတွေးတွေး ဆန့်ကျင်ဘက်တွေးပါ တဲ့ စာအုပ်နာမည်လေးက ဆန်းသလို အတွင်းပန်းချီတွေ စာသားတိုတွေကလည်းဆန်းပါတယ် ။ ဒီစာအုပ်လေး ကျနော့်လက်ထဲရောက်တာ ၃ နှစ်လောက်တော့ရှိပြီး အရင်က စာအုပ်တွေကိုတန်ဖိုးထားရကောင်းမှန်းမသိပေမယ့် ခုတော့ စာအုပ်တွေကို သေချာစုသိမ်းတတ်နေပါပြီး ဒါကြောင့် ဒီစာအုပ်လေးကိုလည်း ပြောင်းလေရာနေရာတိုင်း ယူသွားဖြစ်တယ် အမှန်တော့ ဒီစာအုပ်လေးက လက်ဆောင်ရတဲ့စာအုပ်လေးပါ ကျနော့်သူငယ်ချင်းက ကျနော့်ကို ဘာအတွက် ဒီစာအုပ်လေးလက်ဆောင်ပေးလဲဆိုတာ ခုတော့သိလာသလိုလို သူက အင်မတန်လူကဲခတ်တော်တဲ့ကောင်ပါ ကျနော့်အတွက် အသုံးဝင်မယ့် စာအုပ်လေး လက်ဆောင်ပေးတဲ့သူ့ကို လေးစားတဲ့ အနေနဲ့ ကျနော် ဒီစာအုပ်လေး သူများငှားရင်တောင်မပေးပါဘူး ။ အမှန်ကတော့ တိုတာပါ ပြန်မပေးမှာကြောက်လို့ ။

ဒီစာအုပ်ကို စစချင်းဖတ်တုန်းက ကျနော်သိပ်နားမလည်ပါဘူး အတွင်းထဲက စာသားတွေက ဘာကိုပြောချင်တာလည်းဆိုတာ သိပ်မသိဘူး ခုတော့ ပြန်ပြန်ဖတ်ဖြစ်တဲ့အခါတိုင်း သူပေးချင်တဲ့ မက်ဆေ့က ဘာလဲဆိုတာ နည်းနည်းသိလာသလို ။စာအုပ်ကာလာက အနီ ၊ အနက် နဲ့ အဖြူ ရောင်တွေကိုပဲ သုံးထားပါတယ် ။ စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာတော့ ....
““ ယခုနည်းသည်
မှားယွင်းသော နည်းဟု ထင်ရသည် ။
သို့ရာတွင်
အောင်မြင်ရေးအတွက်
မှန်ကန်သောနည်းလမ်းဖြစ်သည် ”” လို့ရေးထားပါတယ် ။



ဒီစာအုပ်မှာ စာနည်းပြီး သရုပ်ဖော် ပန်းချီနဲ့ စာကြောင်းတိုတိုတွေပဲရေးထားတာများပါတယ် ဒါပေမယ့် အဲ့စာသားတိုတိုလေးတွေကပဲ တွေးစရာတွေအများကြီးပေးနေသလိုလို ကျနော့်လို ခပ်ပိန်းပိန်းသူဆို ပိုဆိုးပေါ့ ဖတ်လိုက် ခေါက်ထားလိုက် နောက်တစ်ခေါက်ပြန်ဖတ်လိုက်နဲ့ ခဏခဏပါပဲ ။ ကျနော့် အကြိုက်ဆုံး စာသားကိုတော့ အလုပ်ခန်းလိုလို သံတိုင်တွေခတ်ထားတဲ့ထဲက ကျောပေးထားတဲ့လူတစ်ယောက် ။
TRAPPED
ထောင်ချောက်တွင် ပိတ်မိနေသကဲ့သို့ သောင်တင်ရေမကျဖြစ်နေခြင်းမှာ ဆုံးဖြတ်ချက်အမှားများချမိ၍မဟုတ်ပါ ။မှန်ကန်သော ဆုံးဖြတ်ချက် ချမိ၍ဖြစ်ပါသည် ။

“သင့်ဘ၀ ဘယ်လိုဖွံ့ဖြိုးတိုးတက်လာနိုင်မလဲဆိုတာကို သင်သိချင်ရင် သင်ဘယ်ကို ဦးတည်နေတယ်ဆိုတာ ပထမဆုံး သိဖို့လိုပါတယ် ”

အဓိပ်ပါယ်ရှိသော ဆုံးဖြတ်ချက်များချခြင်းကြောင့် ပေါ်လာသည့် ပြသနာမှာ လူတိုင်းဖြစ်တတ်ပါသည် ”” တဲ့ ကိုယ့်ကိုယ်ကို ပြန်အားတင်းလိုက်ရသလို ကျနော်က ခဏခဏ ဆုံးဖြတ်ချက်တွေမှားမှားတတ်လို့ပါ ။

ဒီပုံကိုကြည့် ဒီစာသားကိုဖတ်ပြီး ကျနော်ကတော့ တွေးချင်တာတွေးထည့်လိုက်တယ် ဟုတ်ပါ့ မာနကတော့ရှိရမှာ မှန်ကြည့်သလိုပဲ သူပြုံးပြတော့ ကိုယ်ပြုံးပြမယ် သူမဲ့ပြတော့ကိုယ်မဲ့ပြရမှာပေါ့ တစ်ခါခါတော့ သည်းခံပါများရင် ကိုယ်က ငပေါကြီ်းဖြစ်ဖြစ်သွားတတ်တယ်လေ ။

ဒီမှာတော့ စာရေးသူက စာလေးတစ်ကြောင်းပဲရေးထားတယ် ဒီစာမျက်နှာမှာ သရုပ်ဖော်ပုံထည့်ဖို့ ကျွန်တော် တွေးမရဘူး တဲ့ ။ ကျနော်လည်း လိုက်စဉ်းစားလိုက်မိတာ ရှုံးပါတယ်ဆိုမှ အောင်ပွဲက ရှိနိုင်အုံးမလား ။ အင်း တစ်ချို့သော အရှုံးတွေက စွန့်လွှတ်ခြင်း အရှုံးတွေ သူ့ကိုသူတော့ သူရဲကောင်းလို့သတ်မှတ်နိုင်ပြီး အောင်ပွဲခံနိုင်တာပဲ အဲ့ပီတိမျိုး သိပ်ချိုမြိန်မယ်လို့ထင်ပါတယ် ။

အဲ့ဒီစကားလုံးလေး ကျွန်တော့ကို အံသြပါ..... လို့ဆိုခဲ့သူ ရစ်ချက်အဗီဒွန် ဆိုတဲ့ လူငယ်လေးကတော့ အအောင်မြင်ဆုံး ဓာတ်ပုံဆရာတစ်ဦးဖြစ်ခဲ့ပါတယ်တဲ့ ကျနော်သာ အဲ့လိုပြောမိလို့တော့ အရူးလို့ထင်ကြမှာနော့်း) ။

ဒီစာအုပ်လေးက ဘာပဲဖြစ်ဖြစ် စဉ်းစားစရာတွေ အများကြီးပေးတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ ။ စိချလက်ချ လုပ်လိုက်တာထက်ပိုပြီး အန္တရာယ်ကြီးတာမျိုး မရှိဘူးဆိုတဲ့ အခြေနေမျိုးကြုံဖူးပါသလား ။သင့်ကို ချောက်ကမ်းပါးပေါ်ကနေ ကျသွားစေနိုင်တဲ့ ဖြောင့်တန်းသော လမ်းကျဉ်းကလေးမျိုး လျှောက်ခဲ့ဖူးသလား တဲ့ သူမေးထားတဲ့ မေးခွန်းလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ် ။ ကျနော်ကတော့ ဒီစာအုပ်လေးဖတ်ပြီး အမြတ်ရလိုက်တာလေးတစ်ခုရှိတယ် စာအုပ်ခေါင်းစဉ်လေးအတိုင်း ဘာကိုတွေးတွေး ဆန့်ကျင်ဘက်တွေးပါ ဆိုတော့ ကိုယ်မှန်တယ်လို့ ယူဆထားတဲ့ အရာများ မှားနေသလားလို့ ပြန်ဆင်ခြင်မိခြင်းနဲ့ ကိုယ့်အပေါ်အမှားလုပ်ထားတယ်လို့ယူဆထားသူတစ်ယောက်အပေါ်ကိုလည်း သူလည်းမှန်ကောင်းမှန်နိုင်တာပေါ့ ငါလည်းမှားနိုင်တာပဲလို့ ပြန်တွေးမိခြင်းပါပဲ ။

LinkWithin

Related Posts Plugin for WordPress, Blogger...