Saturday, January 28, 2012

ကြိုးငြိသူ

အခန်းတခုထဲတွင် သူရယ် ကြိုးတစ်ချောင်းရယ် ပြီးတော့ အခန်းတံခါးကို အသေပိတ်ထားလိုက်သည်။ စတင်လုပ်ဆောင်မိသော သူ့ဦးတည်ချက်ကို သူသေချာမသိလိုက်ခင်မှာ အခန်းထဲကို သူရောက်ရှိပြီး ဖြစ်နေခဲ့သည်။

ထိုအခါ သူနှင့်ကြိုးတစ်ချောင်းမှ လွဲ၍ မည်သည့်အရာမှ မရှိသော အခန်းကျယ်တခုကို သူစေ့စေ့ငုငု ကြည့်နေမိသည်။ ပြီးနောက် လက်ထဲက ကြိုးတစ်ချောင်းကို အသာလေး ဆ ကြည့်လိုက်သည်။ လေးလည်း မလေး ပေါ့လည်း မပေါ့သော အနေတော် ကြိုး အရွယ်။

သူနှင့်ကြိုးများပတ်သက်ခဲ့ပုံတို့ကို တချက်တွေခနဲတွေးမိသွားသည်။ ငယ်စဉ်က စတင်အကျွမ်းဝင်ခဲ့သည်မှာ သိုးမွှေးလုံးရောင်စုံများ ဖြစ်သည်။ ဦးထုပ်တစ်လုံးထိုးပြီးတိုင်း မေးသိုင်းကြိုးလှလှလေးများအဖြစ် ပန်းပွားလုံးလေးများ လုပ်ဖို့ကို သူတာဝန်ယူခဲ့ရဖူးသည်။ ကပ်ထူစက္ကူနှစ်ချပ် အဝိုင်းဝိုင်းပြီး ချည်လုံးလေးများဖြင့် အထပ်ထပ်ချည်ပြီးသောအခါ အပြင်ဘက်မှ ဘလိတ်ဓါးထက်ထက်ကလေးနဲ့ ကြိုးများကို ဖြတ်တောက်ခဲ့ရခြင်း။ ကြိုးများဖြတ်တောက်ချိန် ခက်ခဲသော်လည်း (တခါတရံ အထိန်းမတော်ပါက လက်ကို ရှသွားတတ်ပါသည်) အားလုံးဖြတ်တောက်ပြီး၍ အလယ်မှ ဖွတ်မီးကျစ်ထားသော ကြိုးကိုခိုင်ခိုင် ချည်ပြီး ကပ်ထူစက္ကူနှစ်ချပ်ကို ဖယ်ထုတ်ကာ လက်ဖြင့် နှစ်ခါသုံးခါခပ်ဖွဖွလေး ပုတ်လိုက်လျှင် လုံးနေသော ချစ်စရာပန်းပွားလုံးလေးများ ဖြစ်သွားသည်ချည်း။ တခါတရံကြိုးများဖြင့် အရာဝတ္ထုတို့ကို ဖန်ဆင်းရသည်မှာ စိတ်ဝင်စားဖွယ်အတိ။

နောက်တခုသော ကြိုးသည် အိမ်ရှိ အဝီစိတွင်းမှ စက်သီးကြိုးဖြစ်ပါသည်။ ထိုကြိုးကိုတော့ သူမုန်းပါသည်။ စက်သီးကိုပတ်၍ ရေပုံးတစ်ပုံးဖြင့် ချိတ်ဆက်ထားပြီး ရေခပ်တိုင်း ကြိုးကို ငင်ယူရသည်။ သိုးမွှေးရောင်စုံကြိုးများလို မနူးညံ့ ပြီးတော့ အရောင်အဆင်းကလည်း ခပ်မွဲမွဲ။ ထို့အပြင် ကြိုးကိုယ်တိုင်ကပင် တခါတရံ လက်ကို ရှတတ်ပါသေးသည်။ မည်သို့ဆိုစေ အိမ်တွင် ရေလိုတိုင်း သည်ကြိုးကို ရှောင်လွဲ၍ မဖြစ်နိုင်ပါ။ ထိုအခါ စိတ်မပါလက်မပါ ဖြစ်နေသော သူနှင့်ထိုကြိုးသည် ငယ်စဉ်က ဟာသတစ်ပုဒ်ပင်ဖြစ်ပါသည်။

ကိုးတန်း အိမ်တွင်းမှုတွင် အသီကြီးချုပ် အသီလေးချုပ်တို့ကို သင်ရသောအခါ အဆိုပါကြိုးများနှင့် အတော်လေး သဟဇာတမဖြစ်ပုံကို တွေ့လာရပြန်သည်။ ချုပ်ရိုးဖြောင့်ဖြောင့် လှလှရဖို့ အရေးသည် စိတ်ရှည်ရုံမျှမက လက်အဆညီဖို့ သေးငယ်လှသော အပ်တစ်ချောင်းကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းအပေါ်တွင် အတော်လေး မှီခိုနေခဲ့သည်လေ။ လက်ချုပ်တွင် မအောင်မြင်တော့ စက်ချုပ်ဆိုသည်တွင်လည်း အဖြစ်မရှိ။ အပေါ်ကြိုးနဲ့ အောက်ကြိုး မိအောင်စက်ကိုနင်းဆဲ လက်ထဲက ချုပ်ကြောင်းက တရွတ်သီလိုက်သွားပြန်သည် မဟုတ်ပါလား။

လုပ်ငန်းခွင်တွင် နောက်ထပ်တွေ့ရသော ကြိုးမှာ စာအုပ်များ ချုပ်ရာတွင် သုံးသော နိုင်လွန်ကြိုးများဖြစ်ပါသည်။ သီချုပ်နှင့် ဖောက်ချုပ်ဟူ၍ နှစ်မျိုးရှိရာ ဖောက်ချုပ်လုပ်ရသည်မှာ လွယ်ကူသည်မှန်သော်လည်း စာအုပ်လှန်ရာတွင် ခက်ခဲစေသည်။ သီချုပ်ကိုတော့ ဆယ်ဖိုင် ဆယ်ဖိုင်တွဲ၍ သုံးတွဲသီကာ ချုပ်တတ်ပါသည်။ နိုင်လွန်ကြိုးများကို လက်ချောင်းများဖြင့် တင်းနေအောင်ဆွဲရသည်မှာ လက်ချောင်းများကိုပါ အရာထင် နာကျင်လာစေပါသည်။ သို့ရာတွင် ဆွဲအားလျော့ပြီး ချည်နှောင်မိပါက လျော့ရဲရဲနိုင်သော စာအုပ်တစ်အုပ်ကို စိတ်ပျက်ဖွယ် တွေ့ရှိရသောကြောင့် နောက်မတွန့်စတမ်း ဆွဲခဲ့သည်သာ။

အအေးသောက်သော ပလတ်စတစ်ပိုက်များကို ကြိုးများလို ဟိုဘက်လျှို ဒီဘက်လျှိုလုပ်ခြင်း ခေါက်ခြင်းများ ပြုလုပ်လိုက်သောအခါ လှပသော ခန်းဆီးများ ဖွဲ့စည်းနိုင်သော ပန်းကလေးများ သို့မဟုတ် ပုံစံအဆန်းလေးများ ဖြစ်လာပါသည်။ ထိုအတတ်ပညာကို မည်သူတီထွင်လိုက်သည် မသိသော်လည်း အတော်လေး အောင်မြင်ခဲ့သည်ကိုတော့ သူမှတ်မိသည်။ ထို့အတူ သူလုပ်ထားသော ခန်းဆီးတစ်ခုအဖြစ် ဘုရားခန်း နဲ့ ဧည့်ခန်းကို ခြားနားထားနိုင်သည်မှာ နှစ်အတော်ကြာခဲ့ပြီပဲ။

ယခုလက်ထဲတွင် ရှိနေသောကြိုးကို ပြန်ကြည့်တော့ သိုးမွှေးကြိုးလည်း မဟုတ်ပြန်၊ စက်သီးကြိုးလည်း ဖြစ်လို့မနေ၊ အပ်ချည်ကြိုးလိုလည်း တွယ်ဆက်ရန် အသုံးမဝင်၊ နိုင်လွန်ကြိုး လိုလည်း မသေးလွန်း၊ ပလတ်စတစ်ပိုက်လိုလည်း ပြားလို့မရနိုင်။ အရောင်အဆင်းကို ပြောပြရန်လည်း ခက်ပါသည်။ အဝတ်ကြိုးတန်းပစ်ရမည်ဆိုပြန်တော့ ရောက်နေသော အခန်းထဲတွင် သံချောင်းတစ်ချောင်းမှ မရှိသလို သံချောင်းဖောက်၍ ရမည် မရမည်ကိုလည်း သူ သေချာ အပ်ချမတ်ချ မသိနိုင်။

အဆိုပါကြိုးကို သင်္ဘောသားကြိုးထုံးနည်း တနည်းနည်းနဲ့ ထုံးထားလိုက်ရမလား စဉ်းစားပြန်သေးသည်။ ကြိုးက သိပ်မရှည်ပြန်တာမို့ မအောင်မြင်ပြန်။

ကြိုးတချောင်းနဲ့ အခန်းတခုထဲတွင်။ မလုပ်သင့် မလုပ်အပ်သော အရာတစ်ခုကိုလည်း တွေးမိပြန်သည်။ သို့သော် ထုပ်တန်းမရှိသည်ကိုလည်း ဝင်စကတည်းက သတိပြုမိပါသည်။ တကယ်တမ်း လုပ်ချင်သည် ဆိုလင့်ဦး အဆိုပါကြိုးဖြင့်တော့ အထမြောက် အောင်မြင်မည် မဟုတ်ပါ။

အရောင်အဆင်း ရှိသော ကြိုးတို့ထက် အရောင်းအဆင်းမဲ့သော ထိုကြိုးသည် သူ့ကို များစွာ စိတ်ဒုက္ခရောက်လိမ့်မည် ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့။ သူ့ဘဝတွင် ကြိုးများစွာတို့ဖြင့် ပတ်သက် ထိစပ်ခဲ့ဖူးသည်။ သို့သော် အဆိုပါကြိုးများသည် ပိတ်ထားသောအခန်းတခုထဲတွင် ယခုကဲ့သို့ သူနှင့် အတူရှိမနေခဲ့။

ဘာလုပ်ရမှန်းမသိသော သူသည် လက်ထဲမှာ ရှိသော ကြိုးကို တစစကိုင်တွယ်ရင်း အမှတ်မထင် ကြိုးကို ဖြည်ချနေခဲ့မိသည်။ ကျစ်ထားသော ကြိုး၏ အစကိုရှာဖွေတွေ့ရှိသွားခြင်း နောက်မှနေ၍ အစိတ်အစိတ်အမွှာအမွှာ အစလေး အပိုင်းလေးတွေ ဖြစ်အောင် သူလုပ်နေခဲ့ခြင်းပင်။

သိပ်မကြာခင်အချိန်လေးအတွင်းမှာ လက်ထဲက ကြိုးတစ်ချောင်းသည် ကြိုးစများစွာအဖြစ် ဖွာထွက် ပျောက်ဆုံး သွားကြသည်။ ထိုတဒင်္ဂ အခိုက်လေးကို ရောက်ဖို့ အတော်ကြာမြင့်သည်လား မြန်ဆန်လွန်းသည်လား သူအတတ်မပြောနိုင်။

အသေချာဆုံးက အခန်းထဲတွင် သူတယောက်တည်း ကျန်နေရစ်ခဲ့ခြင်းသာ ဖြစ်ပါသည်………..။







Wednesday, January 25, 2012

တရိပ်ရိပ်နဲ့ ဖြတ်ပြေးသွားသော ရှုခင်းများ

ဘာမှန်းကိုမသိလိုက်ဘူး ကုန်ပြန်ပြီ တစ်နှစ်ပေါ့ မနှစ်ကတော့ ကျနော် စားချင်းတာတွေစားလို့ ဗိုက်အောင့်သေးတယ် ခုတော့ အစာရှောင်တတ်လာပြီး) ကျေးဇူးတင်ပါတယ် ဘာကိုကျေးဇူးတင်လို့ ဘယ်သူတွေကိုမှန်းလည်းမသိဘူးဗျ မှန်တာပြောရရင်တော့ ကျနော့်မှာ ဒီဘလော့လေးနဲ့အတူ ဘလော့မိတ်ဆွေတွေ ဖေ့ဘွတ်က သူငယ်ချင်းတွေရှိနေတယ်ဆိုတဲ့ အတွေးလေးနဲ့တင် အထီးကျန်တယ်လို့ ဘယ်တော့မှ မခံစားမိဘူး။ကိုယ့်ပါသာ ဆုတောင်းလိုက်အုံးမယ် :)
Happy Birthday မောင်မျိုး လိုတာတွေပြည့်ပါစေ ။


တရိပ်ရိပ်နဲ့ ဖြတ်ပြေးသွားသော ရှုခင်းများ

ဇန်နဝါရီ (၂၅)မှာ ၂၆ ကြိမ်မြောက်
အတိတ်၊ အနာဂါတ်၊ ပစ္စုပန်များနှင့်
ကိုယ်ထူကိုယ်ထ မှတ်တိုင်များမှ တဆင့်
မိသားစုများအကြား စီးဆင်းခဲ့သော
မေတ္တာတရား မြစ်ကျဉ်း
ပိန်လိုက်ဖောင်းလိုက် အိပ်ကပ်တွင်းမှ စက္ကူရွက်များ
အလိုအလျှောက် လျှောကျခြင်း
ဖျက်ရာခြစ်ရာ ဗရပွနဲ့ တစ်သီးစား ဘဝထဲ
အရေးအသား တစ်ချို့ကို စွဲစွဲငင်ငင် ခေါ်ဆောင်
ရိုးသားခြင်းကို လည်ပင်းဖက် ပေါင်းသင်း
သတ္တိအရှိဆုံး ခွင့်လွှတ်ခြင်းနဲ့ ဟန်မပျက် ပြုံး
ရေကြည်ရာ မြက်နုရာဆီ
ရေတတန် ကုန်းတတန် ခရီးနှင်ခဲ့
ကိုယ်ချင်းစာခြင်းကို အစိတ်စိတ်အမွှာမွာခွဲပြီး
တစ်ယောက်တစ်ဖဲ့စီ ည၊ မနက်စာအဖြစ် စားသုံးရင်း
တစ်နေ့နေ့ဆီ သို့
အဲဒီ တစ်နေ့နေ့ဆီသို့ ကို ရောက်အောင်သွားမည် ။


အမှတ်တရ ညီလေးမောင်မျိုး (၂၆) နှစ်မြောက် မွေးနေ့ အမှတ်တရ ။

ကိုတင့်

ဒီနှစ်လည်း အစ်ကို့ရဲ့ ကဗျာလေးနဲ့ပဲ ဆားချက်လိုက်အုံးမယ် ကျနော့်မွေးနေ့တိုင်းမှာ မပျက်မကွက်နဲ့ ကဗျာလေးတွေ လက်ဆောင်ပေးတတ်တဲ့ အစ်ကို့ကို သိပ်ကျေးဇူးတင်ပါတယ် (သူစိမ်းဆန်တာမဟုတ်ပါ )း) သီချင်းလေးတစ်ပုဒ်ပါ အဆစ်ပါလိုက်သေးတဲ့အတွက် ပိုပျော်ပါတယ် ။

Monday, January 23, 2012

သူလွတ်ကျခဲ့တဲ့မြို့တော်ထဲမှာ


ဒါဟာ အများလက်ခုပ်တီးလို့ လိုက်တီးသလိုများ ဖြစ်သွားလေမလား လျှာအရိုးမရှိတိုင်း စကားတွေ ပြောသလိုများ ဖြစ်သွားလေမလား အတွေးတွေကတော့ တော်တော် ချောင်လိုက်သေးတာပေါ့ ဒါပေမယ့် ဘလော့ဂါ ဆိုတော့လည်း စိတ်ထဲရှိတာ ခံစားရတာလေးကို စာအဖြစ်နဲ့ ရေးချလိုက်ရမှ မဟုတ်ရင် ရင်ထဲ အကြိတ်ခဲသလို ဖြစ်ဖြစ်နေလို့ပါ ။

ကျနော်လူတစ်ယောက်အကြောင်းကို စာလေးတော်တော်ကိုရေးချင်နေတာ ဒါပေမယ့် သူ့အကြောင်း ဘာသိသလဲ ဆိုပြန်တော့ ဘာမှသိပ်မသိပါဘူး စကားပြောဖူးသလားဆိုတော့ မပြောဖူးပြန်ဘူး အင်တာနက်ကွန်ယက်ခေတ်ဆိုတော့လည်း အပြန်အလှန် စာလေးတော့ ၃ကြောင်းလောက်ရိုက်လို့ နှုတ်ဆက်စကားဆိုဖူးတယ် ဒါကို သူကလည်း မှတ်မိချင်မှ မှတ်မိမှာပါ ကျနော်ကတော့ မှတ်မိနေသေးတယ် ။ဘလော့ခေတ်ဦးလို့ဆိုရမယ့် 2007/2008 လောက်မှာ ကိုယ်က ဘလော့ဂါတွေဆို ရုပ်ရှင် မင်းသမီး မင်းသားတွေကို မှတ်လို့ ကိုယ့်ကို ပြောချင်လား မပြောချင်လားမသိ တွေ့သမျှ အကောင့်တွေ အက်စ်လို့ သွားသွား နှုတ်ဆက်တာ အဲ့တုန်းက ကိုယ်လို ဘာမှမသိတဲ့ အသစ်ကလေးတစ်ယောက်ကို စကားတွေ သေချာပြန်ပြောဖြစ်ပေးတဲ့သူတစ်ယောက်ပါ။

သူဖန်တီးတဲ့ အနုပညာတွေကို အများကြီးလည်းမခံစားလိုက်ရပါဘူး ဒါပေမယ့် စာဖတ်သူတစ်ယောက်ကနေ စာရေးသူတစ်ယောက်ဖြစ်လာအောင် စကားလုံးပြင်းပြင်း ထိချက်ပြင်းပြင်း တွေနဲ့ စာလေးတစ်ပုဒ် ဖတ်လိုက်ရတယ် အဲ့တုန်းက အဲ့ပို့စ်လေးသာ မဖတ်ခဲ့ရရင် ကျနော် ခုလို စာတွေကို ရေးတဲ့သူမဟုတ်ပဲ ဖတ်တဲ့သူပဲဖြစ်ချင်ဖြစ်နေနိုင်မှာ အဲ့ပို့စ်လေးကိုလည်း ကျနော် မှတ်မိနေသေးတယ် ( Chatter and Blogger) ဆိုတဲ့ပို့စ်လေးပါ နှိုင်းယှဉ်ချက်လေးနဲ့ အချက်လက်တွေ တော်တော်များများ ယှဉ်ပြထားတဲ့ ပို့စ်ကောင်းလေးပါ အဲ့တုန်းက နည်းနည်းလေး ခံပြင်းစိတ်ဖြစ်မိခဲ့ပေမယ့် လက်တော့ခံတယ်း) စာပေနယ်ထဲအထိ တိုးဝင်နိုင်တဲ့သူတစ်ယောက် မဟုတ်ပေမယ့်လည်း ကျနော်ကတော့ ဒီဘလော့ဂါ ဖြစ်ရတာလေးနဲ့တင်ကျေနပ်ပါတယ် ကိုယ့်ဘ၀ရဲ့ မှတ်တမ်းမှတ်ရာတစ်ချို့ကို စာအဖြစ်နဲ့ ရေးမှတ်ထားနိုင်တာမို့ပါ အဲ့ဒီအတွက် သူ့ကို ကျေးဇူးတင်ပါတယ်လို့ စကားဆိုရင် အတော်ကိုနောက်ကျနေပြီ ခုမှ အပိုတွေလို့ ထင်တဲ့သူတွေလည်းရှိကောင်းရှိမှာပါ ဒါပေမယ့် ရိုးသားစွာနဲ့ သူ့ကို ကျနော်ကတော့ကျေးဇူးတင်စကာ ဆိုချင်မိသေးရဲ့ ။

သူ့သတင်းတွေကြားတုန်းက မဖြစ်သင့်လိုက်တာဆိုတဲ့အတွေးတွေလည်း ခဏခဏ ဒါပေမယ့် ဖြစ်သွားခဲ့တာတော့ အမှန်ပဲ သူ့အတွက် ဘာတွေလုပ်ပေးခဲ့နိုင်သလဲဆိုတော့ ဘာမှကိုမလုပ်ပေးခဲ့နိုင်ပါဘူး စိတ်မကောင်းဖြစ်မိတာက လွဲလို့ပေါ့ ဘလော့ဂါတွေစုလို့ သူ့မွေးနေ့မှာ ပို့စ်တစ်ပုဒ်တည်းစုတင်ကြတာမျိုးမှာ ကိုယ်ပါခဲ့တာက လွဲလို့ သူ့အကြောင်းရေးထားတဲ့ ပို့စ်တွေ သတင်းတွေကို အလောတကြီး သွားသွားဖတ်မိတာလောက်ပဲရှိတယ် ။ဒီဘက်နှစ်ပိုင်း သတင်းတွေဖတ်ရတိုင်း လွတ်မြောက်တဲ့သူတွေထဲ သူပါမလားလို့လည်းရှာမိသေးတယ် ။ ဖေ့ဘွတ်မှာ အရင်က ဘလော့ဂါတွေ FREE NAY PHONE LATT ဆိုတဲ့ပရိုဖိုင်လေးတွေ လုပ်တုန်းက ကျနော်လည်းပါဖြစ်ပြန်ကော အဲ့တာက သူတို့ကလည်း ကိုယ့်ကို လုပ်ပါလို့ ပြောတာမျိုးမဟုတ်သလို ကိုယ်ကလည်း သူများလုပ်လို့လိုက်ပြီး လုပ်တာမျိုးမဟုတ်ပါဘူး အိုင်ဒီယာလေးကောင်းတယ် ငါလည်းတက်နိုင်တဲ့ အလုပ်ပဲလေ နံရံကို ဘဲဥနဲ့ပေါက်သလိုပဲဖြစ်ဖြစ် ပေါက်ကြည့်သေးတာပေါ့ ဆိုတဲ့ အတွေးနဲ့ လုပ်တာမျိုးလေးပါပဲ ဒါပေမယ့် အဲ့ပုံလေးကြောင့်ပဲ နည်းနည်းတော့ ရိတာတိတာ ခံရသေးသလို / you are brave blogger လို့လည်း စတာခံရသေး ။အပြင်က သူငယ်ချင်းတွေကလည်း ဘာလို့လိုက်လုပ်နေတာလဲ တဲ့ ။



အဲ့ ပရိုဖိုင်ပုံလေး နဲ့ပဲ ပျော်စရာ တိုက်ဆိုင်မှုလေး တစ်ခု ပြောပြချင်ပါသေးတယ်း) မဲဆောက်မှာ အသိ နာမည်ကြီး ဓာတ်ပုံဆရာ Frederick Gaghauna ဆိုတာရှိတယ် သူ့ကို Free Nay Phone Latt ဆိုတဲ့ ဓာတ်ပုံလေး တစ်ပုံလောက် ရိုက်ပေးဖို့ အကူညီတောင်းတုန်းက သူက လိုလိုလားလားပဲ ကူညီမယ်လို့ပြောတယ် ဆန်းဒေး အားရက် တစ်ရက်မှာ ချိန်းလိုက်ကြပြီး မတွေ့ဖြစ်လိုက်ကြဘူး 13/12/012 ရက်နေ့ သူက မေးလ်ပို့တယ် ဘယ်နေ့ အဆင်ပြေမလဲတဲ့ ထပ်မေးတာ သတင်းတွေဖတ်ပြီး ကိုနေဘုန်းလတ် ပါလွတ်သွားတော့ ကျနော်မှ ဓာတ်ပုံရိုက်စရာမလိုတော့တား) အပျော်တွေ ကူးပြီး သူ့ဆီ ချက်ချင်းဖုန်းဆက်လိုက်တယ် (ကျနော် ဓာတ်ပုံရိုက်ဖို့မလိုတော့ဘူးဗျ သူလွတ်သွားပြီး ကျေးဇူး အများကြီးတင်တယ် ) သူက လည်း ၀မ်းသာကြောင်း ပြောသွားသေးတယ် ။ ဟုတ်တယ် အဲ့နေ့တုန်းက ကိုယ်နဲ့ လက်ဖက်ရည်ဆိုင် တူတူထိုင်လို့ စကားတူတူပြောဖူးတဲ့သူလည်းမဟုတ်ပါဘူး တကယ့်မိတ်ဆွေရင်းတွေလည်းမဟုတ်ခဲ့ပါဘူး ဒါပေမယ့် သူလွတ်မြောက်လာတာကို ကိုယ့် ညီအစ်ကိုရင်းတစ်ယောက် လွတ်မြောက်လာသလို ခံစားမိတယ်ဆိုရင် နည်းနည်းတော့ ပိုရာကျလေမလား ။

သူကတော့ မြန်မာလူမျိုးတွေမှာလည်း ထက်မြက်တဲ့ ဘလော့ရေးသူတွေရှိတယ်ဆိုတာ နိုင်ငံတကာကို သိအောင် အလုပ်တွေနဲ့ သက်သေပြလိုက်တဲ့သူပါပဲ ရဲရင့်တဲ့အတွေး အနုပညာမြောက်တဲ့ ဖန်တီချက်တွေနဲ့ လွတ်လပ်ခြင်းကို မြတ်နိုးစွာ ပုံဖော်တဲ့သူတစ်ယောက်ပါပဲ ။ သူ့အင်တာဗျူးတွေဖတ် လွတ်မြောက်တုန်းက ပုံတွေကြည့်ပြီး စိတ်ဓာတ်တွေကတော့ လေးစားစရာပဲ နည်းနည်းတော့ ပိန်သွားသလားလို့ စိတ်ထဲဖြစ်မိသေး ဒါပေမယ့် အရင်ကထက် တည်ငြိမ်ရင့်ကျက်သွားတယ်လို့ ထင်မိတဲ့သူ့ရဲ့ ပုံစံကတော့ ပိုပြီးတော့တောင် လေးစားစရာကောင်းနေသေး ။အစ်မ မြသွေးနီရဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ စာပေဆွေးနွေးပွဲ ပို့စ်ဖတ်ပြီး ကိုနေဘုန်းလတ် ရဲ့ ဆွေးနွေးချက်လေးတွေကို သဘောကျပြီး သူ့အကြောင်းလေးတွေ ကိုယ်ခံစားမိသလောက် ရေးချင်စိတ်ဖြစ်မိလို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။

သူလွတ်ကျခဲ့တဲ့မြို့တော်ထဲမှာ ဘယ်လို အကြောင်းရာမျိုးတွေ ရှိအုံးမလဲဆိုတာ ကျနော်တို့ ခုတစ်ခါ ပြန်ခံစားရအုံးမှာပါ မယိုင်မလဲ တဲ့မြို့တော်တစ်ခု ကျနော်တို့ရပ်ဝန်းမှာ မားမားမတ်မတ်ရှိနေအုံးမယ်ဆိုတာ ယုံကြည်လျှက် သူမသိပေမယ့် ဘလော့ဂါတွေရဲ့ ရင်ထဲမှာ သူ့ရဲ့ မြို့တော် တည်ရှိနေသေးတယ်ဆိုတာ သူသိစေချင်ပါသေးတယ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...