Wednesday, September 29, 2010

ကိုယ်တိုင်ရေး ကိုယ်တိုင်ဖတ်

။ ဘ၀တစ်ကွေ့ဆုံတွေ့ကြရတဲ့သူတွေကို ကောင်းသောတွေ့ဆုံခြင်း ကောင်းသောခွဲခွာခြင်း တွေနဲ့ဆက်ဆံနိုင်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ တစ်ချိန်ချိန်ကျ ကိုယ့်ဘ၀အမှတ်တရတွေမှာ လှပတဲ့ အတိတ်နေ့ရက်တွေဖြစ်လာပါလိမ့်မယ် ။

။ ဘာအကျိုးမှ မမျှော်ကိုးပဲ ကူညီပေးလိုက်တဲ့နောက်မှာ “ ကျေးဇူး” ဆိုတဲ့စကားလေးတစ်ခွန်းမကြားရလည်း ၀မ်းမနည်းပါနဲ့ သူများအကျိုးဆောင် ကိုယ့်အကျိုးပြောင်လို့မပြောမိပါစေနဲ့ တစ်နေ့ စေတနာအကျိုးပြန်ပေးမယ်လို့ ယုံကြည်လိုက်ပါ ။

။ တစ်ခါတစ်ခါ ကိုယ့်လုပ်ရပ်ကမှန်တယ်လို့ထင်ရပေမယ့် ရှု့ထောင့်အမျိုးမျိုးပြန်စဉ်းစားကြည့်မိတဲ့အခါ မှားမှန်းသိရင် ပြန်တောင်းပန်ဖို့ ၀န်မလေးမိပါစေနဲ့

။ အချစ် = ပူတတ်သည် မကိုင်ပါနှင့် ( မီးဘေးရှောင်မလောင်ခင်တား)

။ အမုန်းဆိုတာ မုန်းနေရတဲ့ကိုယ်ကိုယ်တိုင်လည်း ပူလောင်တာမို့ ဘယ်သူ့ကိုမှမမုန်းမိအောင်ကြိုးစားပါ။

။ သူများအကြောင်း ပြောရင်တော့ ပြုံးစိစိနဲ့ တ၀ါးဝါးရယ်ပြီး ကိုယ့်အကြောင်းပြောတဲ့ အခါကျ သွားခိုးမနားထောင်မိစေနဲ့ ကိုယ်ပဲစိတ်ဆင်းရဲတတ်တာမို့။

။ စေတနာနဲ့ အကြံပေးတဲ့အခါ လေသံအေးအေးနဲ့ပြောပါ စိတ်မပါသလိုလို စိတ်မရှည်သလိုလိုနဲ့ ပြောမိတဲ့အခါ တစ်ခြားသူက ဘယ်လိုထင်မလဲ ကိုယ်တိုင်ဝင်ခံစားကြည့်တော့ စောင့်ကြီးအောင့်ကြီးပြောတယ်လို့ထင်ကော အဲ့တော့ ကိုယ့်စေတနာတွေက သဲထဲရေသွန် ..။

။ အသေးအမွှားအကြောင်းရာလေးတွေနဲ့ စိတ်ပျက်အာငယ်နေတတ်ရင် ရှေ့ဆက်လျှောက်လှမ်းဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါသလား ပြန်တွေးပါ ။

။ မလုပ်ခင် စဉ်းစားပါ စဉ်းစားပြီး အမှားနည်းအောင်လုပ်ပါ လုပ်ပြီး ဖြစ်ပြီးသမျှတိုင်းကို ပြန်ပြီး နောင်တ မရတတ်အောင်ကြိုးစားပါ ။

၁၀။ ဒေါသရှေ့ထား စကားမဆိုမိပါစေနဲ့ စိတ်ဆိုးစရာကြားရတိုင်း မြင်ရတိုင်း အသက်ကိုပြင်းပြင်းရှူထုတ်လိုက်ပါ ။

၁၁။ ကြား ၃ ကြားရှောင်ပါ ...။

၁၂ ။ အချစ်အကြောင်း မဝေဖန်မိပါစေနဲ့ ဒီတစ်ယောက်က ဒီလောက်ရုပ်ဆိုးတာ ဘယ်လိုများကြိုက်မိပါလိမ့်လို့ ဝေဖန်မယ်ဆိုရင် ကိုယ်လည်း တစ်နေ့ ကုလားမကြီးနဲ့ မညားနိုင်ဘူးလို့ အာမခံနိုင်သား အချစ်အကြောင်း ဝေဖန်မယ်ကြံတိုင်း ကုလားမကြီးကို မျက်လုံးထဲမြင်ယောင်ကြည့်လိုက်ပါ ဒါဆို မဝေဖန်ရဲတော့ဘူး ။

၁၃။ ကိုယ့်အပေါ် ကျေးဇူး ရှိဖူးသူများကို ကျေးဇူးလို့ပြောဖို့ ၀န်မလေးမိပါစေနဲ့ အပြောနဲ့တင်မပြီးသွားပဲ တစ်နေ့နေ့ ကျေးဇူးပြန်ဆပ်နိုင်အောင်ကြိုးစားပါ ။ အခါအခွင့်ကြုံတိုင်းအမှတ်ရပါ ။


P>S = နောက်လည်းရေးဖြစ်အုံးမှာပါ ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်ပြီး ပြစ်ချက်တစ်ချို့ပေါ့ အများကြီးရှိပါသေးတယ် အမှားတွေ လူဆိုတာ အမှားနဲ့တော့ ဘယ်ကင်းနိုင်မလဲလေ နော့် ဟုတ်ဘူးလားဗျာ :)

Monday, September 27, 2010

အမေပြောပြတဲ့ ကျနော့်အကြောင်း

အမေ ..... အမေလို့ခေါ်လိုက်တာနဲ့ ကိုယ့်လောကကြီးတစ်ခုလုံး လုံခြုံနွေးထွေးသွားသလို ခေါ်လိုက်ရတာ ပါစပ်ထဲအရသာရှိသွားတာပဲ ။ အမေချက်ကျွေးတဲ့ဟင်းဆို ခါးနေပါစေ စားကောင်းမြဲပါ ။ အမေ....မောင်နှမတွေများတော့ အမေက ဒုတိယသမီး ကျောင်းမနေပါ မောင်ညီမတွေကိုထိန်းရင်း ရေးတတ်ဖတ်တတ်ရုံလောက်ပဲ အမေသိတယ် ။ အမေက ဘ၀အသိတွေ လောကဓံရဲ့ ခပ်ပြင်းပြင်းရိုက်ခတ်မှုတွေကို သင်ခန်းစာယူရင် သားသမီးတွေကို အမေက ညအိပ်ယာဝင်ပုံပြင်တွေအဖြစ် အမြဲပြောပြနေကြ။ ညအိပ်ခါနီးတိုင်း ခေါင်းကိုပွတ်သပ်ပေးနေကျ အမေ့လက်ကြမ်းရှရှလေးကိုသတိရတယ် ။ ကျောင်းမနေဖူးတဲ့ အမေ သားသမီးတွေ အားလုံးရဲ့ မွေးနေ့တွေကို အလွတ်ရနေတတ်တာ ဘာကြောင့်ပါလိမ့် အမေ့ရဲ့ အချစ်စွမ်းအားတွေကြောင့်ပေါ့။

“ နင်တို့ဘ လူပျိုတုန်းက အမေ့ကိုဘယ်လိုပိုးတယ်ထင်တုန်း အစ်ကိုတွေ ၊မောင်တွေများတော့ ကြောက်တယ်ထင်ပါ့ အိမ်မှာ မိုးတွင်းစပါးရိတ်ချိန်ပြီးတိုင်း အမေတို့အိမ်မှာ အလကားကျွဲလာကျောင်းပေးတာ ” တဲ့ ပြီးတော့ ထောက်ခံချက်လေးယူလိုက်သေး “ ဟုတ်တယ်မှတ်လား ငပေါ ” တဲ့ အမေက အဘကိုချစ်စနိုးတဲ့ခေါ်တဲ့ နာမည်က ငပေါ ကရင်အမျိုးသား အဘဒီအရွယ်ကြီးရောက်ပေမယ့် ရှက်သွားတယ်ထင်ပါ့ “ နင်တို့မေတို့ဟာလေ ခလေးကုလား သားသမီးတွေ ရှေ့မှာ ” ဆိုပဲ ။ အစ်မအကြီးဆုံးမွေးတုန်းက ဒုက်ခရောက်တဲ့ဘ၀ကို အမေပြန်ပြောပြတိုင်း အမေ့ကို သနားမိတယ် ခလေးကငယ်ငယ် စီးပွားရေး အဆင်မပြေတော့ ခလေးဖျားနေတာကို ဂရုမစိုက်နိုင်တော့ လသားလေးနဲ့ လူ့လောကထဲက ထွက်သွားရတဲ့ အဖြစ်ပါ။

ကိုကြီးငယ်ငယ်တုန်းက မုန့်စိမ်းပေါင်းသည်ကို နောက်ကနေ တုတ်နဲ့ထိုးချလိုက်လို့ လျှောလိုက်ရတဲ့အကြောင်း ။ အစ်မကတော့ အပျိုပေါက်လေးတုန်းက ဆန်တွေတအားစားလို့ ကြောင်ချီးတွေ လူးထားရတဲ့အကြောင်း မိသားစု စကားဝိုင်းတိုင်း အမေပြောနေကျပါ ။ ခလေးသေးသေးမြင်ရင် ချီလည်းချီချင်တယ် ပျော့စိစိလေး ပြုတ်ကျမှာကြောက်လို့မချီရဲတဲ့ အဖြစ်ကိုတွေ့တော့ အမေက ပြုံးရင်းဆိုတယ် “ နင့်တုန်းက အဲ့ထက်တောင်ဆိုးသေး ခေါင်းကနီတာရဲ အမေ့ရဲ့ နံကပ်သား အဘရဲ့ နောက်ဆုံးကျည်ဆံလေးဆိုတော့ ကြွက်စုတ်လေးလိုပဲ ” တဲ့ အဲ့လိုပြောတိုင်း ရှက်ရှက်နဲ့ ဆိုမိတဲ့ စကားက “အမေကလည်းဗျာ ” ။

ကျနော့်ကိုမွေးတဲ့နေ့က အဖြစ်အပျက်ကို အစ်မက မကြာမကြာပြောရင်းစတယ် တစ်ခုခုဖြစ်တိုင်း နင်ဟာလေး တခါတည်း ရေကပြင်ထဲကျသွားရမှာတဲ့ စိတ်ဆိုးဆိုးနဲ့ အမေ့ကိုဂျစ်တိုက်တာ မပြောမဖြစ်တဲ့အမေ မှတ်ညဏ်တွေမပျောက်ပဲ မှတ်မိနေတာပါပဲ ။ အဲ့ဒီနေ့ အမေ့ဗိုက်ထဲကကျနော် ရှုပ်ထွေးပွေလီလွန်းလှတဲ့ လူ့လောကကြီးထဲ တိုးထွက်နေတာပေါ့ ခြံသမားအဘ လှည်းတိုက်ပြန်လာရင်း ပင်ပန်းလာတော့ ရှကီလေးက တစ်လုံးရယ် ၂ လုံးရယ်နဲ့ အလုံးပေါင်းတွေထပ်လို့ တော်ကြာ ကြက်သွန်သုတ်ပေးပါအုံး တော်ကြာ မြေပဲလှော်ပေးပါအုံးနဲ့ အမေ့ကိုရစ်နေတာ ဗိုက်နာလျှက်နဲ့ အမေ့ခမျာ လုပ်ပေးရတုန်း ။ ကြာလာတော့ မအောင့်နိုင်တော့တဲ့ အမေ “ငပေါ ငါဗိုက်အရမ်းနာလာပြီး အမေတို့ကို သွားခေါ်စမ်းပါ” လို့ အမေကပြောတော့ အမူပြေချင်သွားတဲ့ အဘ လှေကားထစ်ဆင်းတာ ပြေချင်ပေမယ့် မပြေတဲ့ အမူးဒဏ်က လှေကားတစ်ထစ်မှာ တစ်ခါ အိပ်ပျော်နေပါကောတဲ့ ဖြစ်ရလေ ချစ်လှစွာသော အဘရယ် ။

၁၀နှစ်သမီး ၀န်းကျင် အစ်မကိုနှိုးပြီး အဖွားတို့ကို သွားခေါ်ခိုင်းတော့ မနက်လင်းကြီး ခလေးပီပီ အစ်မ အဖွားကိုသွားပြောတာက “ အဖွား အဖွား အမေ ခလေးတန်းလန်းကြီးနဲ့ ” တဲ့ သမီးဇောနဲ့ အဖွား အိပ်ယာထလာလိုက်တာ လမ်းတစ်ပိုင်းရောက်မှ အစ်မက နောက်လှည့်ကြည့်လိုက်တော့ အဖွားက အောက်ခံလုံချည်မပါဘူးတဲ့ အဖွားတစ်ယောက် တုန်၂ချိ၂ နဲ့ လုံချည်ပြန်ဝတ်ရတဲ့အဖြစ် အဖွားလည်းရောက် အမေက ရေကပြင်မှာ ချက်ကြိုးတန်းလန်းကြီးနဲ့ နီတာရဲ ကျနော့်ကို မွေးထုတ်ထားပြီးပြီး ရှေ့မှာ တိုက်ပွဲ ငါးပွဲတောင်တိုက်ထားဖူးတဲ့ အမေ ဒီတိုက်ပွဲတစ်ပွဲကိုတော့ အပျော့ပေါ့တဲ့ ။ မွေးကတည်းက ခပ်လွဲလွဲကျနော် ကျနော်မွေးတဲ့နေ့က အဖွားလုံချည်မပါပဲ မနက်အစောကြီး လမ်းထွက်လာတဲ့နေ့ အဘ မူးတဲ့နေ့ ၊ ညီမဇောနဲ့ မိန်းမဗိုက်ကြီးနဲ့တောင် မူးရမလားလို့ ဒေါသထွက်တဲ့ ကျနော့်ဘကြီး အဘကို ခေါင်းရိုက်တဲ့နေ့ အလွဲတွေ ခပ်များများနဲ့ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်တုန်းက လူ့လောကထဲ ရောက်လာတဲ့ နီတာရဲလေးက အမေပြောပြတဲ့ သူ့အကြောင်းကို ပြုံးစိစိနဲ့ ကီးဘုတ်ပေါ်မှာ စာတွေစီလို့ပါ ။





Sunday, September 26, 2010

မြစ်ကမ်းနဘေး

( Image From wallcoo.net)

ဒီဇတ်လမ်းက တကယ်တော့ ရိုးရိုးလေးပါ ရိုးသားမှုတွေခင်းကျင်းထားတယ် အချစ်တွေနဲ့ အချိုးကျကျ ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်ရှိတယ် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ လေထဲက အိမ်လေးတစ်လုံးရှိတယ် ချစ်သူနဲ့ တူတူ ဗိုက်ဆာရင် စာဖို့ ကြက်ဥပြုတ် ၂ လုံးရှိတယ် ။ အချစ်ဆိုတာ တကယ်တော့ အိပ်မက်ချို ပြင်းရှရှတစ်ခွက်သောက်လိုက်ရသလိုပါပဲ အိပ်မက်ထဲမှာတော့
ချစ်သူနဲ့ ပျော်လို့ ရွှင်လို့ အရာအားလုံးဟာလည်း ပြီးပြည့်စုံခြင်းတွေနဲ့ ရှတတဲ့ မာနတွေ ပြင်းရှ တဲ့ နားလည်မှု အလွဲတွေများပြားလာတဲ့ အခါမှာတော့ အိပ်မက်က လန့်နိုးရစမြဲပါပဲ နောက်ဆုံးတော့ အိပ်မက်ဟာလည်း ရေရေရာရာ ပြစရာဘာမှမရှိတဲ့ ဗလာသက်သက် ဗလာတစ်ခုပါပဲ ။

“မောင် ” ကြိုက်တာ အပြာရောင်လေ အစိမ်းရောင်ကို မုန်းမှန်းသိရဲ့သားနဲ့ အိပ်ယာခင်းတစ်ခုလုံး အစိမ်းရောင်တွေ ပြောင်းပစ်လိုက်တာတော့ ဒါ မောင့်ကို သက်သက်စော်ကားတာပဲ ” ” ဒါက ကိုယ့်ဘက်က မှားယွင်းမှုရဲ့ အစ ။ “ ဒီနေ့ဟာ ကိုယ့်ချစ်သူ တစ်ယောက်လုံးရဲ့ မွေးနေ့မှန်းမသိရလောက်အောင်ကို မောင် က မေ့တတ်နေပြီပေါ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ချစ်တဲ့သူအတွက် အရာရာကို အမြဲအမှတ်တရ ရှိနေတတ်တယ် မောင် အေး ဒါပေမယ့် ကိုယ်ပေးသလောက်ရဲ့ ၁၀ ပုံ ၁ ပုံလောက်တောင်မှ ပြန်မရခဲ့ဘူးဆိုရင်တော့ ဒီပြသနာရဲ့ အဖြေကိုတော့ မောင် နဲ့ ရှင်းဖို့လိုတယ်” ။ ဒါက ချစ်သူရဲ့ မယုံသကာင်္မှု နဲ့ နားလည်မှုလွဲမှားခြင်း က အလယ် ။

အချစ်ဟာ ရှုပ်ထွေးနေတဲ့ ကြိုးထုံးတစ်ခုဆိုရင် ဒီကြိုးထုံးကို ရှင်းဖို့ကြိုးစားမယ်လို့ဆုံးဖြတ်ခဲ့တာ ၂ ယောက်စလုံးပါ။ အခုမှ မောင့်ကို ချစ်ရတာ မီးတစ်စကိုဆုပ်ကိုင်ထားရသလိုပဲလို့ ပြောလာတဲ့ အခါမှာတော့ မာနတွေလည်း ဦးမော့လာရပြန်ပေါ့ ။ ညဦးဆို ဗိုက်ဆာတတ်တဲ့ ကိုယ့်အတွက် သူ မနေ့ညက ကိုယ်သိပ်ကြိုက်တဲ့ မားမားပြုတ်တစ်ပန်းကန် ပြင်ဆင်ပေးခဲ့တယ် ငရုပ်သီးစိမ်းတောင့်တွေ လှီထည့်ထားလိုက်တာ ဘယ်သိလိမ့်မတုန်း အချစ်ဆိုတာ ငရုပ်သီးစိမ်းလိုပါပဲ စားလိုက်မိရင် စပ်တယ် “ ဒါ ခင်ဗျား ကျနော့်ကို သတ်နေတာပဲ ” ဂွတ်နိုက်စ်လို့ မနှုတ်ဆက်ဖြစ်ပဲ ဒေါသစကားနဲ့ အဲ့ညကို နိဂုံးချုပ်လိုက်တယ် ။ သူနဲ့ ကိုယ် ဆင်တူကိုင်တဲ့ ဖုန်း ၊ ဖုန်းမှာ ဆွဲထားတဲ့ ချိတ်ကလေးကလည်း ဆင်တူ ကိုယ့်ကအပြာရောင် ချိတ်ကလေး သူကတော့ အစိမ်းရောင် ကမန်းကတန်းနဲ့ အလုပ်သွားတုန်း သူ့ဖုန်းကို ယူလာမိတဲ့ကိုယ် Miss called တွေ များလှကြီလား နံပါတ်ကတော့ ကိုယ်မသိတဲ့ နံပါတ်စိမ်း ဘာတဲ့ Heart > Half ဆိုပါလား။ဒါကတော့ သူ့ကို ယုံကြည်မှု မရှိနိုင်တော့တဲ့ ကိုယ့်ရဲ့ ခွင့်လွှတ်နိုင်မှုတွေက သူနဲ့ ကိုယ့်အတွက် အဆုံးသတ် ။

ဒီည အချစ်ကို နောက်ဆုံးဖွင့်ဆိုလိုက်တဲ့ ကိုယ် အချစ်နဲ့ တူတဲ့ ချိုပေါ့တစ်ခွက်ကို အကြာကြီးစွဲသောက်ပစ်လိုက်တယ် အချစ်က အစပိုင်းတော့ချိုမလိုနဲ့ နောက်ဆုံးကျ ပေါ့ရွှတ်ရွှတ်နိုင်သွားတဲ့ ချိုပေါ့တစ်ခွက်နဲ့တူပါတယ်။လမ်းခွဲမယ် ပြောတော့ သူက တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးနေတယ် ခွင့်လွှတ်ပြုံးလား နားလည်ပေးတဲ့ အပြုံးလား လွတ်မြောက်မှုတစ်ခုအတွက် ဂုဏ်ယူအပြုံလား သူ ပြုံးတော့ ပြုံးနေတယ် ဘာကြောင့်ပြုံးတယ် ဘာအတွက် ပြုံးတယ်ဆိုတာ ကိုယ်မသိပါ ။ အချစ်မှာ ရိုးသားမှု နဲ့ ယုံကြည်မှုတွေ ရှိသင့်တယ်ဆိုရင် သူက ရိုးသားတာလား ကိုယ်က ယုံကြည်မှုနည်းတာလား စဉ်းစားမရပါ ။ အိပ်ယာဝင်တော့ သူမရှိတော့တဲ့ အိပ်ခန်းက ခြောက်ကပ်ကပ် ထူးခြားနေတာက ကိုယ့်အိပ်ခင်းတွေ အားလုံး အပြာရောင်တွေဖြစ်လို့ပါလား ။

မိန်းမတစ်ယောက်ရဲ့ အချစ်ဆိုတာ နက်ရှိုင်းလှတဲ့ မြစ်တစ်စင်းပေါ့ မှန်းဆရခက်လှတဲ့ ခပ်နက်နက်မြစ်တစ်စင်းပါ ။ ဒီနေ့မှစ ကိုယ် ဘယ်တော့မှ မြစ်ကမ်းနဘေးမထိုင်တော့ပါ ။



Friday, September 24, 2010

အလှူ




တစ်ခါမှ မကျွေးဖူးတဲ့ ကျနော် ဘာမှမရှိပေမယ့် အပေါင်းသင်း ရောင်းရင်းတို့အတွက် အားနာတာနဲ့ စာမရေးနိုင်သေးတော့ မျက်နှာချိုသွေးရင် ကိုယ်တိုင်ဖျော်ထားတဲ့ ဇီိးနို့ဖျော်ရည်လေးရယ် ရှိတဲ့ မုန့်လေးပဲတင်လိုက်တော့တယ်ဗျး) စားသွားကြပါအုံး သူငယ်ချင်းတွေအားလုံးကိုလည်း ဖိတ်ပါတယ် ချမ်သာသမျှက ကနည်းတော့ ဆိုင်ကြီးတွေမှာတော့ မကျွေနိုင်သေးဘူးဗျ ဒါလေးပဲ စားထားနှင့်ပါ ။ နောက်တော့ ဆိုင်ကြီးကြီးမှာ ကိုယ့်ပါသာစားရင် သူငယ်ချင်းတွေကို သွားရည်ကျခိုင်းအုံးမယ် ။




Thursday, September 23, 2010

“ဒီလိုပါပဲ”



ဒီလိုပါပဲ
ဒီလိုပါပဲ ဆိုတဲ့စကားလုံးကို အပြည့်အစုံရှင်းပြနိုင်အောင်…

ကြိုးစားခဲ့တာ ဘာမှအရာမထင်ခဲ့ပါဘူး…
နွေဦးကာလတစ်ခုကို လွန်မြောက်ခဲ့ပြီးတဲ့နောက်…
ရာသီအဖွင့်အပိတ်တွေတိုင်း အမြဲရောက်လာတဲ့ စကားလုံးက…
ဒီလိုပါပဲ ဖြစ်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..

ထမင်းစား ရေသောက် ဘာတွေဖြစ်နေသလဲ ဒီလိုပါပဲ…
ငွေရေးကြေးရေး အလုပ်ကော အဆင်ပြေသလား ဒီလိုပါပဲ…

ဒီလိုပါပဲ ဒီလိုပါပဲ ဒီလိုပါပဲထဲက ဒီလိုပါပဲ…
ဘယ်လိုပါလဲ ဒီလိုပါပဲ ဒီလို ဒီလိုပါပဲ….
အသိမ်းအနှုတ် အသော့အရမ်း အထေ့အငေါ့…
အမြောက်အပင့် အချေးအဌား အချစ်အလွမ်း…
ကျန်တာတွေမေ့ထားကြပေါ့….


သူတို့တွေပြောကြတဲ့ ဒီလိုပါပဲ…
ဒီလိုပါပဲဟာ ကူးစက်ရောဂါ…
ဒီလိုပါပဲဟာ နေထိုင်မှုဘ၀…
ဒီလိုပါပဲဟာ စီးနေကြဘတ်စ်ကား..
ဒီလိုပါပဲဟာ အပေါင်ဆုံးသွားတဲ့အရာတစ်ခု…
ဒီလိုပါပဲဟာ ရွေ့လျားနေတဲ့ မျှော်လင့်ချက်…
ဒီလိုဘာပဲဟာ ဘေးမှာရပ်နေတဲ့ သေခြင်းတရား…
ဒီလိုပါပဲနဲ့ပဲ နှုတ်ဆက်ကြ နှုတ်ဆိတ်ကြ…
တစ်နေ့ တစ်နေ့ ဒီလိုပါပဲထဲခုန်ချ…
ဒီလိုပါပဲ စကားတွေပြောကြ…
ကျွန်တော်ဟာ အမြဲဒီလိုပါပဲ….

~~~~~ ဘာလာရှာပါသလဲ ဘာမှမရှိလို့စိတ်မကောင်းပါ…
ပန်ကန်မှာ ကျန်နေတဲ့ တစ်ဝက်ပဲ ရှိတဲ့ထမင်းလုံးလား…
ငါလည်း ပုရွက်ဆိတ်ပါ တော်သလိုသာနေကြပါ…
ငါ့ကို လာမကိုက်ကြနဲ့ မရတော့ဘူး ~~~~~~

ဒီလိုပါပဲ ပုံပြင် ဒီမှာ အဆုံးသတ်၏
မျှော်သူကား ပေါ်မလာခဲ့…
ကဲ.. အဲတာဆို အိမ်ပြန်ပြီ…
ဒီလိုပါပဲ….။

တောကျောင်းဆရာ (မုတ်သုန်လေ)

Tuesday, September 21, 2010

စိတ်ရှုပ်တဲ့အခါ

စိတ်ရှုပ်တဲ့အခါ ကျနော်ဘာတွေလုပ်တယ်ထင်ပါသလဲ ??? :) ဆံပင်တွေဆေးဆိုး နားတွေဖေါက် လိုက်လားမလိုက်လားမသိ တွေ့ရာတွေကောက်ဝတ်ထည့်လိုက်တာပဲ ။ ခုရက်ပိုင်းဆို ပိုဆိုး တွေ့သမျှလူကိုလိုက်နောက်ချင်နေတာ ဖေ့ဘွတ်မှာဆို ပေါက်ကရမက်ဆေ့တွေလိုက်ရိုက်ထည့်နေတာပဲ ။စိတ်ညစ်ညစ်နဲ့ အွန်လိုင်းဝင်ပြီး ပြောချင်တာတွေ လိုက်ပြောနေတာ ဟိုမေပယ်လ်ကုလားစုတ်လေးက ဆြာကြီးလုပ်ပြီး ကိုယ့်ကိုဟောက်ထည့်သွားတယ် ။ ဘာလုပ်လုပ် အဆင်မပြေတော့ မနေ့က ဆံပင်တွေ ဆေးသွားဆိုးလိုက်တယ် မကြိုက်တဲ့သူတွေများတယ် အမေကလည်းမကြိုက် အမေသာ သိရင်တော့ နေပူထဲထွက်လို့လား အုန်းဆီမလိမ်းဘူးလားလို့ မေးတော့မှာ ။

ဆံပင်ဆေးရောင်က အတောက်ကြီးတော့လည်းမလုပ်ရဲတော့ နည်းနည်းအရောင်မှိန်တာလေး နာပေါက်ဖောက်ပြီး နားကပ်တပ်ထားတာ နားက ခဲဆွဲထားသလိုကြီးဖြစ်လို့ ဖြုတ်လိုက်တယ် ခုတော့ ဖောက်ထားတဲ့နားဖက် စောင်းမအိပ်ရဲ နာလို့ လှချင်တော့လည်း ခံပေါ့ ။ အစစ်မ၀တ်နိုင်တော့ ဖန်စီတွေလိုက်ဝယ်တယ် ဈေးတော်လို့ 19 ဘတ် ကြိုက်တာယူ ဆွဲကြိုးတစ်ကုံး လက်စွပ်တစ်ကွင်းဝယ်လိုက်တယ် ။အရင်က ဆံပင်နားထိုးတာနဲ့ မနေတတ်လို့ ခဏခဏညှပ်ပေမယ့် ခုတော့ မညှပ်ချင်တော့ဘူး ဈေးကြီးတာလည်းပါတယ် ။ နှုတ်ခမ်းမွှေးတော့ မြင်မကောင်းလို့ ရိတ်ရတယ် မဟုတ်ရင် လူကြမ်းကြီးနဲ့တူလို့ ။ ဘာမှတော့မဟုတ်ပါဘူး သူငယ်ချင်းတစ်ယောက်က ဆံပင်ညှပ်တဲ့အကြောင်းရေးပါလားတဲ့ ဘာရေးရမှန်းမသိလို့ ဆံပင်မညှပ်ဖြစ်တဲ့ အကြောင်း နဲ့ စိတ်ရူးပေါက်တဲ့ အချိန် ပေါက်ကရတွေလိုက်လုပ်ဖြစ်တဲ့အကြောင်းရေးလိုက်တာ ။ တော်ပြီး ခဏဖတ်တဲ့သူတွေပါ စိတ်ညစ်ကုန်အုံးမယ်း)

ဒီတစ်ခါ ကြောင်ပြုံးလည်း မပြုံးဘူး ငါးခူပြုံးလည်းမပြုံးဘူး ခပ်မိုက်မိုက်ပဲကြည့်လိုက်မယ် သဘောပေါက်ရင် ပိုက်ဆံချေးပါ :P

Sunday, September 19, 2010

ထိုင်းအနုပညာရှင်များအကြောင်း တစေ့တစောင်း

ရောက်စက ထိုင်းစကားမြန်မြန်တတ်အောင် ထိုင်းဇတ်ကားတွေ ကြည့်ဖြစ်တယ် ။ ဇတ်လမ်းအကုန်ကျခံနိုင်မှု ရိုက်ကွင်းနေရာ အသုံးဆောင် နဲ့ သရုပ်ဆောင်တွေရဲ့ လှပ မှုတွေလောက်ပဲ နားလည်ပေမယ့် သေသေချာချာကြီးတော့ ဇတ်ကားတခုလုံးကိုသိပ်နားမလည်ပါဘူး ။ ရုပ်ရှင်ဇတ်ကားတခုကိုကြည့်ခြင်းအားဖြင့် သူတို့နိုင်ငံရဲ့ လူနေမှုတွေကိုပါ မှန်းလို့ရတယ်လို့ထင်ပါတယ် ဥပမာ အိမ်ထောင်ရေး အရှုပ်အရှင်းလိုမျိုးတွေပေါ့ ။ ထိုင်းကြော်ငြာတွေလည်း အဆင့်တန်းရှိပြီးကြည့်လို့ကောင်းပါတယ် အလှပအသုံးဆောင်က လွဲလို့ ကျန်အသုံးဆောင်တွေကိုတော့ ဟာသနဲ့ကြော်ငြာကြတာ တွေ့ရပါတယ် ။

တနေ့က သတိထားလိုက်မိတဲ့ သတင်းလေးတပုဒ် တော်ရုံအရှုပ်ထွေးလောက်ကို ရိုးနေပြီမို့ သိပ်သတိမထာတော့တဲ့ ကျနော် ဒီသတင်းကိုတော့ သေချာကြီးကို ပြန်ပြန်ကြည့်ဖြစ်ပါတယ် ။ မင်းသားက အသက် ၂၅ နှစ်ဝန်းကျင်လေး ရုပ်ရည်ကော သရုပ်ဆောင်မှုမှာပါ တော်ရုံမက အဆိုပိုင်းမှာပါ တော်တဲ့ မင်းသားတယောက်ပါ ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးများရဲ့ အသည်းကျော်လို့လည်းပျော်လို့ရပါတယ် ။ “ဖန်” လို့ အတိုခေါက်ခေါ်တဲ့ မင်းသားပါ ။ ဇတ်လမ်းရဲံ အရှုပ်တော်ပုံကတော့ ရုပ်ရည်ချောမောလှတဲံ့ မင်းသားငယ်ငယ်လေးနဲ့ ထိုင်းကျေးလက် သီချင်းတွေကို သီဆိုတဲ့ အသက် ၃၀ကျော် အဆိုတော်မင်းသမီးတစ်ယောက်ရဲ့ ဇတ်လမ်းပါ ။

ထိုင်းနိုင်ငံရဲ့ လွတ်လပ်တဲ့ အချစ်ဇတ်လမ်းတွေကြားမှာ သူတို့ဟာလည်း အချစ်နယ်ကျူးခဲ့ကြတယ်ထင်ပါ့ မီဒီယာ အင်အားကောင်းလွန်းလှတဲ့ ဒီနိုင်ငံမှာ စူပါစတားနှစ်ယောက်ရဲ့ သတင်းက လုံးဝကို အမှောင်ကျလို့ပါ ဒီလို ဘာသတင်းမှမထွက်တာကတော့ အချစ်ကြီးလှတဲ့ မင်းသမီးရဲ့ သည်းခံနိုင်မှုနဲ့ ခွင့်လွှတ်အနစ်နာခံနိုင်မှုတွေကြောင့်ဆိုတာကိုတော့ နောက်ပိုင်းကျမှသိခွင့်ရခဲ့ပါတယ် ။ မင်းသမီးဟာ ကိုယ်ဝန်ရှိစထဲက ဒီအကြောင်းကိုဖွင့်ပြောပြခဲ့ပေမယ့် တာဝန်မယူချင်တဲ့ မင်းသားဟာ ကိုယ်ဝန်ကို ဖျက်ချဖို့လောက်ပဲ ပြောခဲ့ပါတယ်တဲ့ ။ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အရာရာကိုရင်ဆိုင်ပြီး ဒီခလေးကို သူမတစ်ယောက်တည်း မွေးခဲ့ပါတယ်လို့ မျက်ရည်တွေကျရင်း ပြောပြခဲ့တာကိုတွေ့ရတော့ တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။

ကိုယ်ဝန်ကြီးနဲ့ သတင်းကိုကြောက်တတ်တဲ့ မင်းသမီး ဒီနှစ်ပိုင်းမှာမှ တရှိန်ထိုးနာမည်ကြီးလာတဲ့ သူမရဲ့ ချစ်သူအတွက်ရေငုံနှုတ်ပိတ်ကာ တယောက်တည်း ကိုယ်ဝန်ကြီးနဲ့ မိဘလည်းမသိ ညီအစ်ကိုမောင်နှမတွေလည်းမသိ ဘယ်သူတစ်ဦးတစ်ယောက်မှ မသိပဲ တစ်ခြားနယ်မှာ ဒီခလေးကို မွေးခဲ့ရတာပါ ခလေး ၃ လသားလေးကျမှအိမ်ကိုပြန်လာခဲ့ရတာပါ ။ဖုန်းဆက်တော့လည်းမရ အလုပ်ကိုအကြောင်းပြတဲ့ မင်းသား ခလေးရတော့လည်း တချက်လာကြည့်ဖော်မရတဲ့ မင်းသားကို ချစ်စိတ်နာလျှက်နဲ့ သတင်းတွေဖွင့်ချခဲ့တာဟာတော့ ထိုင်းတစ်နိုင်ငံလုံး ဟုန်းဟုန်းတောက်သွားခဲ့ရတဲ့ သတင်းတစ်ပုဒ်ပါ ခလေး ၃ သားရောက်မှ ဖွင့်ပြောခဲ့တဲ့ သူမရဲ့ သည်းခံနိုင်မှုဟာ အတိုင်းတခုထိ ကျော်လွန်သွားလို့ ဖွင့်ပြောခဲ့ရတာကိုလည်း နားလည်ပေးမိပါတယ်။

ကျမ ကိုယ်ဝန်ကြီးနဲ့ တယောက်တည်း အရမ်းကိုကြောက်ခဲ့ရပါတယ် စားတော့လည်းတစ်ယောက်တည်း နေရတော့လည်း တယောက်တည်း ကျမသူ့ကို ချစ်လွန်းလို့ပါ အရာအားလုံးကိုလည်း နားလည်ပေးခဲ့ရပါတယ် အခုလိုသတင်းသမားတွေရှေ့ဖွင့်ချမိခဲ့တဲ့အတွက်လည်း သူ့ကိုတောင်းပန်ပါတယ် ဒါတွေအားလုံးဟာ ဘယ်သူ့အတွက်မှလည်း ကောင်းလာမှာမဟုတ်တဲ့အတွက် ခုလိုဖွင့်ပြောခွင့်ရတာနဲ့တင်ကျေနပ်ပါတယ် ။ ကျမတယောက်တည်းလည်း ကျမရဲ့ သားလေးကို ပြုစုစောင့်ရှောက်နိုင်ပါတယ်ရှင် အဖေ မရှိလို့လည်း ဘာမှမဖြစ်လာတော့ပါဘူး သူ့ကို ကျမဆီကိုပြန်လာဖို့ကိုလည်း ဘယ်တော့မှ အတင်းကျပ်မတောင်းဆိုပါဘူး ကိုယ့်ကိုယ်ကို မထိန်းသိမ်းခဲ့တဲ့အတွက် နောင်တရပြီးပြီမို့ နောက်ထပ်အမှားတွေမရှိအောင်ကြိုးစားသွားပါတော့မယ်လို့ ပြောချင်ပါတယ် ပြီးတော့ ကျမ ရဲ့ သားလေး ကိုလည်း ဒီလိုအဖြစ်မျိုးတွေ ဖြစ်ခဲ့ရတဲ့အတွက်တောင်းပန်ပါတယ် ရှေ့ဆက်ပြီး ကျမရဲ့ ခလေးကို ကြည့်ရှု့စောင့်ရှောက်နိုင်ဖို့အတွက် ကျမအလုပ်တွေက်ဆက်လက်လုပ်ချင်ပါသေးတယ် ကျမ ကိုနားလည်ပေးကြပါလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ” ဒါကတော့ မျက်ရည်တွေစို့ရင် ရှိုက်သံတွေနဲ့ ပြောကြားခဲ့တဲ့ မင်းသမီးရဲ့ စကားတွေပါ ။

မင်းသားကတော့ သူတို့နှစ်ယောက်ကြားမှာ အဲ့လောက်ထိရင်းနှီးမှုတွေ မရှိခဲ့တဲ့အကြောင်း တကယ်လို့ ဒီသတင်းသာ မှန်တယ်ဆိုရင် တာဝန်ယူမယ့်အကြောင်း ဒါပေမယ့် DNA စစ်ဆေးချက်တွေကိုတော့ ပြုလုပ်ရမယ့် အကြောင်းတွေကို ခပ်တည်တည်နဲ့ ပြောသွားခဲ့ပါတယ် ။ ဘယ်သူကအမှန်ဆိုတာကိုတော့ သူတို့နှစ်ဉ်ီးသာ အသိဆုံးဖြစ်မှာပါ ။ ခွင့်လွှတ်နိုင်မှုမကုန်ဆုံးသေးတဲ့ မင်းသမီးကတော့ “ ဘယ်လိုစစ်ချက်မျိုးကိုပဲဖြစ်ဖြစ် ကျမကိုယ်ကျမ ယုံကြည်မှုရှိပါတယ် ကျမ သူက လွဲပြီး ဘယ်သူတဦးတယောက်နဲ့မှ ပက်သက်ခဲ့မှုမရှိပါဘူး ဒါပေမယ့် ဒီအဖြေမှန်သာ တကယ်ထွက်ခဲ့ရင် သူ့ဘ၀ ရေစုံမျောရတော့မှာပေါ့ ဒါကြောင့် ကျမ သားလေးကို အဖေမရှိတဲ့ ခလေးအဖြစ်နဲ့ပဲ ကျမ တသက်လုံး ပြုစုစောင့်ရှောက်သွားမှာပါ ဒါဟာ သူ့ကို ကျမ ချစ်လို့ဆိုတာ သူ့ရဲ့ ဘ၀အတွက်ဆိုတာ သူသိရင်ကျေနပ်ပါပြီး ” တဲ့ ။ အဖြစ်မှန် ဟုတ်မဟုတ် အတိကျမသိရသေးပေမယ့် ဒီဇတ်လမ်းမှာ ကျနော်ကတော့ မင်းသမီးကို သနားတယ် ပြီးတော့ ဖခင်အမည်မပေါက်သေးတဲ့ ၃ လသားအရွယ်ခလေး ။ အပြစ်မဲ့ခလေးငယ်တိုင်း ဒီအဖြစ်မျိုးတွေကနေကင်းဝေးနိုင်ပါစေလို့ ။ မင်းသမီးနဲ့ အင်တာဗျုး အစီစဉ်ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ် ။





ထိုင်းမလေးတွေနဲ့ အသည်းကျော် အဆိုတော်မင်းသား “ဖန်”
အင်တာဗျူး အစီစဉ်တခုမှာ ဖြေကြားပေးနေတဲ့ မျက်ရည်တွေနဲ့မင်းသမီး ။
ဘာမှ မသိရှာသေးတဲ့ အပြစ်ကင်းစင်တဲ့ ၃ လသားအရွယ်


သူဟာလည်း အထိုက်လျှောက် နာမည်ကြီးခဲ့တဲ့ အဆိုတော်မင်းသီးတလက်ပါ ။

သတင်းစာရှင်းလင်းပွဲလုပ်နေရတဲ့ မင်းသား ။

Saturday, September 18, 2010

အမှတ်တရကျောင်းတော်ရာ


ငယ်ငယ်က ခေါင်းလောင်းသံကြားရရင် စိတ်ထဲက တက်ကြွလာသလိုလို ကမ္ဘာမကြေသီချင်းဆိုရင် အားမာန်တွေပဲပြည့်လာသလိုလိုနဲ့  ပျော်ရွှင်စွာနဲ့  ကျောင်းတက်ခဲ့တယ် ကျောင်းဝတ်စုံလေးကလည်း အသစ် ၊ ကျောင်းသုံးပစ္စည်းလေးတွေ အသစ်နဲ့  ခလေးဘ၀ ရဲ့ ပျော်စရာနေ့ ရက်တွေထဲမှာ ကျောင်းတက်ရက်တွေလည်း အပါအ၀င်ပေါ့ ။ကျောင်း အားကစားကြေး ပေးတာ နောက်ကျလို့ လည်း အားမငယ်ဘူး ကျောင်အကျီင်္ဖားဥတက်နေတာကို ၀တ်နေရပေမယ့်လည်း မရှက်တက်ဘူး မယာတွေကင်းတဲ့ ဖြူစင်ခဲ့တဲ့ မူးလတန်းကျောင်းသားဘ၀ ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သူငယ်ချင်းတွေအများကြီးနဲ့  ကြုံတွေ့ ခဲ့ရဖူးသလို မိုးထဲရေထဲလည်း စိတ်တူကိုယ်တူနဲ့  ကျောင်းပြေးပြီး မိုးရေဆော့ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း အခု မိုးရာသီမှာ လွမ်းမိသား ။

မိုးဦးကျမှာ တုပ်ကွေးဖြစ်တက်ကြတဲ့ အချိန်ပေါ့ ကျောင်းတုန်းက အမှတ်တရလေးပါ ယောက်ျားလေးအဆောင်ဆိုတော့ ချောင်လည်းကျတယ် လူနေအိမ်ကလည်း မရှိသလောက်ပဲ တုပ်ကွေးဖြစ်ပြီဆို ကူးတက်တော့ အဆောင်ကျောင်းသားက ၃၀ ကျော် တစ်ယောက်ပြီး တစ်ယောက် တစ်ခန်းပြီးတစ်ခန်း ကိုကူးတော့တာပဲ ကျနော်ကတော့ ကိုယ့်အခြေနေကိုယ်သိ မဖြစ်ခင်ထဲက ကြိုပြီးဆေးသောက်ထားတယ် ။ ကိုယ်မဖြစ်ဘူးဆိုပေမယ့် ဖြစ်နေကြ သူငယ်ချင်းတွေကို သက်သာရဲ့လား ဆေးခန်းလိုက်ပို့ ရမလားလို့ တောင်မမေးဘူးတဲ့ သူတွေ လည်းရှိကြပါတယ် ။ ဒါပေမယ့် ဥပမာ နေမကောင်းဖြစ်နေတဲ့ အချိန် မိဝေး ဖဝေး နဲ့ ဆိုတော့ ပိုပြီးအားငယ်ရင် ရောဂါက ပိုဆိုး ကော ကိုယ့် နှဖူးလေးကို လာစမ်းပြီး သက်သာရဲ့လား သူငယ်ချင်းလို့  တစ်ခွန်းလေးပဲ အားပေးစကားကြားလိုက်ရရင်ဝမ်းသာပြီး သက်သာသွားသလို ခံစားရတယ် ။ရှေးဦး သူနာပြုစုတာတော့ မဟုတ်ဘူး :P အဆောင်မှာတစ်ယောက်ယောက် နေမကောင်းဖြစ်ရင် ကျနော်က သူနာပြုပဲ ။ကျနော်က အဲ့လိုမျိုးတွေဆို နည်းနည်းဆရာကီး လုပ်တက်တယ် ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကကို မနေတက်တာ ။


ညသန်ခေါင်ကျော်ကြီး အိပ်နေတုန်း ဘေးခန်း ကနေမကောင်းတဲ့ သူငယ်ချင်း ငြီးသံကြားရင် မနေတက်တော့ဘူး အခန်းတံခါးကိုကျော်ဝင် သူ့ ပါသာ တုပ်ကွေးဖြစ်တာလား ဘာရောဂါလည်း သေချာ တစ်ခုမှမသိဘူး ကိုယ်တက်တာဆိုလို့  နဖူးစမ်းကြည့်လို့ ပူနေပြီဆိုရင် အဆောင်မှူးအိမ်က ရေခဲသွားတောင်း ပြီးရင် ရေဖတ်တိုက်ပေးလိုက် နည်းနည်းပါးပါး နှိပ်နယ်ပေးလိုက် အမြဲဆောင်ထားတဲ့ မားမားခေါက်ဆွဲပူပူလေးတစ်ထုတ်ပြုတ်ကျွေး ပြီးရင်ဒီကိုဂျင်လေးတစ်လုံးတိုက်လိုက်တယ် ကိုယ်တက်တာကုန်ပြီးး) သက်သာလား မသက်သာလားတော့မသိ ။ အဲ့လိုတွေ လုပ်ခဲ့ပေးလို့ လည်း ကိုယ်နေမကောင်းဖြစ်ရင် ရွာထဲက ဆေးခန်းကို လိုက်ပို့ ပေးကြ့ အိမ်ကပို့ လိုက်တဲ့ ပုဇွန်ထုပ်ကြော်တွေ ၊သရက်သီးသေနပ် ၊ ငါးခြောက်ကြော် အများကြီး လာကျွေးကြတယ် ကျနော်ကလည်း အစားငမ်းတာနဲ့  ။

အခုတော့ သူငယ်ချင်းတွေကို လွမ်းပဲ လွမ်းနိုင်တော့တယ် မတွေ့ ရတာကြာပြီးး မိုးအရမ်းရွာတဲ့ညတွေမှာ အခန်းတစ်ခန်းမှာ လူတွေအများကြီး စု ပြီးရင် ဘယ်မေဂျာက Roll No ဘယ်လောက် ဘယ်စော် က ဘယ်လိုဖြောင့်တာ ဘယ်လိုကောက်တာ တွေကို စိတ်မ၀င်စားပေမယ့် ပြောပြတော့လည်း နားထောင်ရတာပေါ့ဗျာ ;) မိန်းခလေး အဆောင်ရှေ့ ၀ိုင်းဖွဲ့  ( ဘီယာဝိုင်း) ဂစ်တာသွားတီးကြရင် ဘောမကန်ပဲနဲ့  သံပရာသီစားတယ် သီချင်းသွားဆို ပြီးရင် ဘီယာမသောက်ပဲ အမြည်းကြီးပဲ တီးပစ်လိုက်တယ် ပိုင်တယ်ဟုတ် အကြံက နောက်နေ့  ကျောင်းလည်းမပျက်တော့ဘူးဗိုက်လည်း တင်းတယ် ။ညနေတိုင်း ကျောင်းနားက သူငယ်ချင်းတွေ အတူတူသွားနေကျ ရိုးဂိုးဘုရား နဲ့  စားနေကျ ရေစိမ်မုန့် တီ ကိုလည်း စားချင်နေတာကြာပြီးး ။ အခုတော့လားး ရတာမလို လိုတာမရ ဆိုသလိုပဲ သူငယ်ချင်းနှစ်ယောက် ဖုန်းပြောဖြစ်ရင် ငါလည်းကျောင်းတက်ချင်သေးတာ”လို့  မျက်မှန်ကိုပြောမိရင် သူပြန်ပြောတာက“ ငါက ကျောင်းပြီးချင်ပြီ” ပိုက်ပိုက်တွေ ကုန်လွန်းလို့ တဲ့ ။ ကျောင်းတော်က အမှတ်တရတွေကတော့ ဘယ်တော့မှ ပြောလို့ ကုန်မှာမဟုတ် မေ့နိုင်မှာမဟုတ်တဲ့ အမှတ်တရတွေပါပဲ ............။




Thursday, September 16, 2010

ရောမက မိန်းမပျက်


လူသတ်ကောင်တစ်ယောက်
ပြည့်တန်ဆာမ တစ်ယောက်
ဒရိုင်ဘာ တစ်ယောက်
လုံခြံရေး အရာရှိတစ်ယောက်
မြေအောက်တော်လှန်ရေးသမား တစ်ယောက်
ထို့ပြင်
မူဆိုလိုနီ၏
ဖက်ဆစ်ဝါဒကြီး စသည့်
ထွေးရောယှက်တက်
ဆန့်ကျင်ဘက် လှုပ်ရှားခြင်းများ။

ဆရာကြီးနတ်နွယ်ရဲ့ သာသာပြန်စာအုပ်တစ်အုပ် စာအုပ်ရဲ့ အကျဉ်းချုံးကိုတော့ အထက်ပါ စာပိုဒ်လေးနဲ့ဖော်ပြထားတယ် ။ ခေါင်းစဉ်ကကြမ်းတယ် ဒါပေမယ့် စာအုပ်ကိုဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ ဆရာကြီးရဲ့ ဘာသာပြန်နိုင်မှု စွမ်းရည်နဲ့ ဒီစာအုပ်ရဲ့ မူရင်းစာရေးသူရဲ့ လိုတိုရှင်း နားလည်ရလွယ်တဲ့ စာကြောင်းတွေကို သဘောကျတယ် ။ မိခင် တစ်ယောက်ရဲ့ သမီးအပေါ်ထားရှိမှု အပ်ချုပ်သည် မိခင်ကို စာနာနားလည်တဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက် ပြည့်တန်ဆာမ ဖြစ်မှန်းမသိ တစ်စစ ပြောင်းလဲသွားရတဲ့ သူမရဲ့ ဘ၀ ပြီးတော့ အချစ် နဲ့တွေ့တော့ သူမရဲ့ပြောင်းလဲသွားရတဲ့ စိတ်ခံစားချက်တွေ အားလုံးနဲ့ ဇတ်ကောင်တစ်ဦးချင်းစီရဲ့ စရိုက်တွေက ဒီစာအုပ်ရဲ့ ဆွဲဆောင်အားပဲထင်ပါတယ်။

အက်ဒီယာနာ လို့ခေါ်တဲ့ ရောမက မိန်းမပျိုလေးတစ်ယောက် မိခင်ရဲ့ အဆင်မပြေမှုကြောင့် ကိုယ်ဟန်ပြမယ် အလုပ် ကနေ ဒီဇတ်လမ်းကို အစပြုထားပါတယ် ။သူမရဲ့ အလှကိုတော့ ““ သွယ်ဝန်းသောမျက်နှာ ၊ ရည်ရွှန်းသော မျက်လုံး ၊ ဖြောင့်တန်းသောနှာတံ ၊ နီမြန်းသော နှုတ်ခမ်း ၊ စီရီဖြူဖွေးသော သွားတို့ဖြစ်သည် ””” လို့ စာရေးဆရာက ဖော်ကျူးထားပါတယ် ။ ကိုယ်ဟန်ပြမယ် လုပ်ရာကနေ ဂျီဆယ်လာဆိုတဲ့ သူငယ်ချင်းမ တစ်ယောက် အဲ့သူငယ်ချင်းမက ငွေကိုအလွယ်ပေါက်နဲ့ ရှာတဲ့သူ သူမကိုလည်း မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ယောက်ျားပေါင်းများစွာနဲ့မိတ်ဆက်ပေးခဲ့ပါတယ် ။ သူမဟာ ဘယ်လိုပဲ ကိုယ်ဟန်ပြမယ် အလုပ်ကိုလုပ်နေရပါစေ ပျက်စီးရာ လမ်းကြောင်းတွေ ဖြစ်ပေါ်လာပေမယ့် သူမ အမှန်တကယ် အလိုရှိတာကတော့ သာယာပြည့်စုံတဲ့ မိသားစုတစ်ခုရဲ့ မိခင်ကောင်းတစ်ယောက်ရဲ့ ဘ၀ကိုလိုချင်တာပါတဲ့ ။

ဒရိုင်ဘာတစ်ယောက်နဲ့ ချစ်သူဖြစ်တော့ သူမရဲ့ ဘ၀ဟာ ပျက်စီး၇ာလမ်းကြောင်းရဲ့ အစလို့မြင်ပါတယ် ဒီနေရာမှာ မူရင်း စာရေးဆရာက ဘယ်လိုရေးထားမှန်းမသိပေမယ့် ဆရာကြီးနတ်နွယ်ရဲ့ ဘာသာပြန်ကျွမ်းကျင်မှုနဲ့ မြန်မာလိုလည်း မရိုင်းရလေအောင် ဘာသာပြန်ထားတဲ့ ကျနော်သတိထားမိတဲ့နေရာလေးကတော့ သူမရဲ့ ချစ်သူက သူ့သခင်မရဲ့ ကြွယ်ဝချမ်းသာပုံကို လိုက်ပြနေတဲ့ အချိန် မိန်းမသားပီပီ မနာလိုတဲ့စိတ်ပေါ်လာတုန်း ခပ်ပြတ်ပြတ်ပြောလိုက်တဲ့ စကားက ““ တော်စမ်းပါရှင် ၊ ကျမတို့ဒီကိုလာကြတာဟာ ဒီအိမ်ကြီးနဲ့ ရှင့်သခင်မရဲ့ အ၀တ်တွေကိုသွားရည်ကျဖို့မဟုတ်ဘူး ရှင့်အခန်းမှာ ချစ်တင်းနှောကြဖို့ ကဲ..ဒီတော့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပဲရှိတယ်မဟုတ်လား” တဲ့ ။

အချစ်ကြမ်းပြီး နုနုညံ့ညံ့မရှိတဲ့ လူသတ်သမား ဆွန်ဇော်နို အချစ်ကို အကြမ်းနည်းနဲ့ အမြဲယူလေ့ရှိတဲ့ ခပ်မိုက်မိုက်ဇတ်ကောင် ။ သူမရဲ့ အလှမှာ ယစ်မူးသွားတဲ့ အရာရာ ဖြည့်ဆည်းပေးတတ်တဲ့ လုံခြုံရေးအရာရှိ အက်စတာရီတာ ဒရိုင်ဘာ ဂျီနို ရဲ့ အောက်တန်းကျမှုတွေကို သိရှိသွားပြီးတဲ့နောက် အချစ်တွေသေဆုံး ဘ၀ကိုအမှောင်လောက ထဲမှာသာ ကျင်လည်လာခဲ့တဲ့ အက်ဒရီယာနာ ဂျီဟာကိုမို လို့ ခေါ်တဲ့ မြေအောက်တော်လှန်ရေးသမား လူချောလေးနဲ့တွေ့တဲ့နောက် ပေးဆပ်ခြင်းသက်သက်နဲ့ အချစ်တွေ တဖန်မွေးဖွားလာပြန်တဲ့ မိန်းမတစ်ယောက် ။

ဇတ်ကောင် ၅ ဦးရဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အရှုပ်ထွေးကြားမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇတ်လမ်းတစ်ပုဒ်ပါ ။ နောက်ဆုံးသော သူမမှာ ကိုယ်ဝန်ရှိလာတော့ ဘယ်သူကမှမသိပေမယ့် စိတ်နာနာနဲ့သူမသိလိုက်တာက သူမရဲ့ကိုယ်ဝန်ဟာ လူသတ်ကောင်တစ်ယောက်နဲ့ ရမှန်းသိလိုက်တဲ့ အချိန် ။ ““ မိန်းမတစ်ယောက်သည် ဘယ်လောက်ပင်ဆင်းရဲပါစေ အခြေနေတွေဆိုးဝါးနေပါစေ အနာဂါတ်သည် အဘယ်မျှပင် မရေမရာရှိပါစေ သူမသည် ခလေးငယ်တစ်ဦးမွေးဖွားရမည့် အတွက် ၀မ်းမသာပဲမနေနိုင်ပါ ” တဲ့ မိခင်းတစ်ယောက်ရဲ့ စိတ်ခံစားချက် ။

သူမချစ်တဲ့ မောင့်ကို အနစ်နာခံပေးဆပ်မှုနဲ့ ချစ်သူကောင်းပီသ ပုံကိုတော့ “““ မောင့်ဘ၀ ပျော်ပျော်ရွှင်ရွှင် ရှိနေမယ်ဆိုရင် မောင့်ကို မတွေ့မမြင်ရတော့ရင်လည်း အရေးမကြီးပါဘူး အလုပ်တစ်ခုခု လုပ်ပြီး မောင်တို့လူတန်းစားထဲက အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပါမောင်ရယ် မောင့်ကိုကျမ တကယ်ပဲချစ်ပါတယ် ။ ကျမနေရာမှာ တခြားမိန်းခလေးတစ်ယောက်ဆိုရင် မောင်နဲ့ခွဲဖို့အကြောင်းတွေ ပြောမှာမဟုတ်ပါဘူး ဒါပေမယ့် မောင် အခြေနေက လိုအပ်လာပြီဆိုရင်တော့ လမ်းခွဲကြရမှာပေါ့ ။ မောင့် အနေနဲ့ မလိုအပ်တော့ဘူးလို့ ယူဆရင် ကျမတို့နောက်ဘယ်တော့မှမတွေ့ဘဲနေကြတာပေါ့ ကျမကတော့ မောင် ပျော်ပျော်ရွှင်ရွှင် ရှိနေတယ်ဆိုရင်ပဲ.........”””” လို့ ချစ်သူတစ်ယောက်ရဲ့ နားလည်ပေးနိုင်မှုကို မြင်သာအောင်ပြထားပါတယ် ။ဒီချစ်သူကပဲ သူ့ရဲ့ သေတမ်းစာမှာ သူမအတွက် အမွေတွေ အများကြီး ပေးခဲ့ပါတယ် ။

ဘယ်လိုပင် ကြမ်းတမ်းတဲ့ ဘ၀ကိုဖြတ်သန်းခဲ့ရပါစေ မိခင်တစ်ယောက်ရဲ့စိတ်နဲ့ လောကကြီးကို ရင်ဆိုင်ရဲတဲ့ သူမရဲ့စိတ်ထားက လေးစားစရာပါ စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ မလိုက်အောင်ကို သူမရဲ့ စိတ်ထားတွေ အနစ်နာခံမှုတွေက ဖော်ပြနေပါတယ် ။ အဆုံးသတ်ကိုတော့ ““ လူသတ်ကောင်နှင့်ပြည့်တန်ဆာမ ညားပြီး မွေးဖွားလာတဲ့ ခလေးငယ်တစ်ယောက် ဒီလောကကြီးထဲတွင် အဘယ်သို့သော လူတစ်ယောက်အဖြစ် တည်ရှိလာချေမည်နည်း အမျိုးသမီးတစ်ယောက်သည် အကြောင်းအမျိုးမျိုးကြောင့် သူမရဲ့ကိုယ်ကို ငွေကြေးဖြင့် ဖလှယ်ခဲ့ရပေသည် ” တဲ့ သူမရဲ့ ဘ၀ကို သူမရဲ့ မိခင် သူမရဲ့ ခလေးကိုတော့ ယောက်ျားကလေးဖြစ်ခဲ့ရင် ဂျီဟာကိုမို လို့ အမည်ပေးပြီး မိန်းခလေးဖြစ်ခဲ့ရင်တော့ “လက်တီရှာ” (ရွှင်ကြည်နုး) လို့ မှည့်တွင်မည့်အကြောင်းတွေးရင်း အဆုံးသတ်ထားပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီး သူမဟာ ရောမက မိန်းမပျက် ဆိုတာထက် ရောမက မိန်းမသူရဲကောင်း တစ်ယောက်လိုမြင်ပါတယ် ။ စာဖတ်သိပ်မနာသေးတဲ့ ကျနော့်ရဲ့ စာအုပ်ဖတ်ပြီးဝေဖန်တဲ့ အမြင်လေးပါ အမှားတွေရှိနိုင်ပါသေးတယ် တချို့တွေ ကျနော့်ထပ် အများကြီးစာတွေဖတ်ဖြစ်မယ်ထင်ပါသေးတယ် အစားကောင်းစားရရင် သူငယ်ချင်းတွေကို သတိရသလို စာကောင်းလေးတွေဖတ်ဖြစ်ရင်လည်း မျှဝေပေးပါလို့ တောင်းဆိုပါရစေ ။ ဖတ်ပေးသွားသူများ အားလုံးကျေးဇူးပါ ။

Wednesday, September 15, 2010

လွမ်းပါ့


ငါ့ မှာတော့ လွမ်းလို့ ဆွေးလို့
မင်းကတော့ ဘာမှမဖြစ်သလို
ဖုတ် ဖတ် ခါ ချ သွားလိုက်တာများ
ဖုန်မှုန့် ကလေးကိုတောင် သနားသွားတယ်
ဒီလိုပါပဲ ခုတော့လည်း ဘာမှမဖြစ်သလိုနဲ့
မင်း ငါ့ ကို ခွဲသွားတဲ့နေ့က
နေ များ ပြောပါတယ် ကျစ်ကျစ်တောက်ကို ပူလို့
ကျောပြင်တွေတောင် ကျိမ်းစပ်
နှုတ်ဆက် အကြင်နာပေးခဲ့တဲ့နေ့က
မင်းဆိုး ခဲ့တဲ့ နှုတ်ခမ်းနီလေး သိပ်လှတယ်
အဲ့ ညနေခင်းက ပါးပြင်မှာ စွန်းထင်ခဲ့တဲ့
နှုတ်ခမ်းရာလေးကို ခဏခဏ လွမ်းပါ့............။






Monday, September 13, 2010

ဦးသားလေး


တချို့သော ရာထူးတွေက ကိုယ်တိုင်ကြိုးစားမှရတယ် တချို့သောရာထူးတွေကတော့ ကိုယ်နဲ့ပက်သက်ရာ ပက်သက်ကြောင်းတွေကတဆင့် ဘာမဆိုင် ညာမဆိုင် ရာထူးတွေမြင့်တတ်လာတာပေါ့ ကျနော်က ဒီအမျိုးအစားထဲပါတယ်း) ။ အိမ်က အစ်မတွေ အစ်ကိုတွေ ကိုယ့်ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့လို့ တားမြစ်တဲ့ အခါကျ သူတို့တွေ ခေတ်မမှီတိုင်း ငါ့ကိုလိုက်တားနေတယ် သိတာလည်းမဟုတ်ပဲနဲ့ ဘာညာအတွေးတွေ ၀င်လာတယ် စိတ်ထဲကတော့ တော်လှန်နေတာပဲ အပြင်မှာတော့ မပြောရဲ နပန်အုပ်မယ့် သူနဲ့ ခေါင်းကို ကုလားတက် တုံး ခေါက်သလို ခေါက်မယ့် သူတွေနဲ့ များပါ့ ။ ဒီလိုပါပဲ စေတနာဆိုတာ ပေးတဲ့သူက ပေးပေမယ့် ယူတတ်တဲ့သူကနားမလည်လေတော့လည်း တမျိုးတမည်ဖြစ်သွားကြတာပါပဲ ။ ကိုယ်လည်း ငယ်ရာကနေ တဖြည်းဖြည်းကြီးလာတော့ အစွယ်အပါးလေးတွေနဲ့ ကိုယ့်အစွမ်းအစကြောင့်တော့မဟုတ်ပါဘူး အစ်ကိုအစ်မတွေအစွမ်းအစ ကြောင့် တူ တူမတွေက လက်ဆယ်ချောင်းမကတော့ဘူး ။

တူတွေကတော့ အော်ကြောလန်တွေပါ ကိုယ်ကအစ်မနဲ့ နေတာများတော့ အစ်မရဲ့ သားတွေက ကိုယ်နဲ့ ညီအစ်ကိုတွေလိုဖြစ်လို့ အကြီးကောင်က အားကစားသမားဆိုတော့ ကိုယ့်အစ်ကိုကျနေတာပဲ ကျနော် အရွယ်တင်တာလည်းပါမှာပေါ့လေး) အ၀တ်အစားဆိုလည်း အစ်မက တော်ရုံမ၀ယ်ပေး ပုဆိုး တထည်ကိုဆို ယောက်ဖ က ၀တ်လိုက် ကျနော်က ၀တ်လိုက် တူတွေက ၀တ်လိုက် မသိရင် ဆင်တူများ ၀ယ်ထားပေးသလား မှတ်ရတယ် ။ ကိုယ့်အ၀တ်စားလေးတွေ သေချာဖယ်ထားပြီး ၀တ်ဖြစ်ပေမယ့် စည်းကမ်းမရှိတဲ့ ကိုယ်လည်းမနိုင်တဲ့တူတွေက တွေ့ရာဆွဲဝတ်သွားတာပါပဲ ။ အဲ့နေ့က ရယ်စရာအဖြစ်အပျက်လေး အငယ်ကောင်က ကျနော်နဲ့ ရုပ်ချင်းခပ်ဆင်ဆင် ပိန်တာချင်းရော ဘာကော ၀တ်နေကျအကျှီနဲ့ သူခဏခဏ ယူဝတ်တဲ့ ဘောင်ဘီတိုဝတ်ပြီး ဈေးဆိုင်မှာ ဈေးသွားဝယ်တာ အနောက်ကနေ ကိုယ့်ဇက်ပိုးကိုအုပ်ပြီး “ ဟေ့ရောင် စာမကျက်ပဲနဲ့ ဘယ်တွေလစ်နေတာလဲ ” ဆိုပြီး ဖြန်းခနဲ ဆော်ထည့်လိုက်တာများ စိတ်ဆိုးဆိုးနဲ့ လှည့်ကြည့်လိုက်တော့ အိမ်ကိုလာလည်ကိုယ့်တူရဲ့သူငယ်ချင်းဖြစ်နေတယ် သူလည်း ကိုယ့်ရဲ့ ဆွေကြည့်တချက်မှာ ဖြုန်သွားတယ်ထင်ပါ့ “ ဟားး ဦးသားလေး ကန်တော့ နော့် ကန်တော့ သား လူမှားသွားလို့” တဲ့ ဒါပေမယ့် ငါ့ဇက်ပိုးနာသွားတာ ဘယ်လိုလုပ်မလဲ ခွေးကောင်လေး ။

ကိုယ့်ရဲ့အကျင့်ကလည်း ဖော်၂ရွေ၂နေတတ်တော့ ကိုယ့်တူတွေရဲ့ သူငယ်ချင်းတွေက ကိုယ့်သူငယ်ချင်းတွေဖြစ်လို့ တကယ်တော့ ရှေ့မမှီ နောက်မမှီ ကိုယ့်အဖြစ်က သနားစရာပါ ရွယ်တူ သူငယ်ချင်းတွေက ရပ်ကွက်ထဲမှာ မိန်းမတွေရ ခလေးတွေရတော့ တွဲစရာလူမရှိ အဲ့တော့ အိမ်မှာမိန်းခလေးအပျိုမရှိတော့ သူတို့သူငယ်ချင်းတွေက လွတ်၂လပ်၂နေလို့ရတဲ့ ကျနော်တို့အိမ်ကို အလာများတယ် စကားပြောရင် သားသား နဲ့ ပြောတတ်တဲ့အရွယ်လေးတွေဆိုတော့ ချစ်စရာတော့ကောင်းသား ကိုယ်လည်း အဲ့အရွယ်ကို ပြန်ရောက်ချင်စိတ်ဖြစ်သွားတယ် ။ ရည်းစားထားချင်လို့ လာတိုင်ပင်တဲ့သူနဲ့ စာမေးပွဲနီးလို့မိုင်ခရို ခေါက်ခိုင်း စာတွေ ၀ိုင်းစီခိုင်းတဲ့ သူတွေကလည်းခပ်များများ ကိုယ်စိတ်မကြည်မသာ ကျနော်က တနေ့မှာ 23 နာရီလောက် စိတ်မကြည်နေတာများပါတယ် ခလေးတွေက အိမ်လာလည်ရင် အရင်အတိုင်းမှတ်လို့လာစကြပေမယ့် ရုပ်တည်ကြီးနဲ့ ပိတ်ဟောက်ထည့်ပေးလိုက်တာ အဟုတ်ထင်ပြီး နောက်မလာရဲတော့ဘူး တူအကြီးကောင်ကတော့ ဦးသားလေးက အူကြောင်ကြောင်နဲ့ ဘာမှန်းလည်းမသိဘူး တဲ့ ။

အငယ်ကောင် ရည်းစားထားတယ်ဆိုတော့ စိတ်ကြီးတဲ့ ကျနော့်အမ လက်ဖက်ရည်ဆိုင်မှာခလေးကို သွားရိုက်ခဲ့တာ သူလည်းရှက်သွားတယ်ထင်တယ် ငိုကြီးချက်မနဲ့ အိမ်ပြန်ရောက်လာတယ် စာမေးပွဲကလည်းနီး ခဏပေါက်ကရလုပ်သွားမှဖြစ် ဟုတ်ပေ့ဖြစ်နေအုံးမယ် အိမ်မှာ ဘယ်သူမှချော့မရရင် ကိုယ်က ရွှေပြည်အေးတရားဟောသမားကြီး “ ဆယ်တန်းလေးတော့ အောင် အောင်လုပ်လိုက်ပါအုံး ငါ့တူရယ် ကိုယ့်မိဘတွေ ဆိုင်တဖက်နဲ့ မင်းတို့ကိုလိုတာဖြည့်ပေးနေရတာ ဘယ်လောက်ပင်ပန်းလဲ ကိုကြီး ငတုံးကတော့ ဒီနှစ်လည်း အောင်မှာမဟုတ်ဘူး အဲ့တော့ ငါ့တူလေးပဲရှိတာ ရည်းစားများကွာ တက္ကသိုလ် ကောင်မလေးတွေများ အလန်းတွေပလွတ် နေတာပဲ အဲ့ကျမှထား ဟုတ်ပြီလား ခုတော့ စာမေးပွဲအောင် အောင်တော့လုပ်လိုက် ” တူတော်မောင်ကလည်း စကားနားထောင်ပါတယ် ဒါပေမယ့် စိတ်ပူလို့ ညပိုင်းကျ သူ့အခန်းထဲဝင်အိပ်ပြီးစောင့်ရတယ် အစ်မကတော့ ဘာမပြော ညာမပြော အပြင်ကတံခါးကြီးကို သော့ခတ်လိုက်တယ် မိခင်ရဲ့ အချစ်ဆိုတာဒါပဲထင်ပါ့လို့ အစ်မကိုတောင်သနားသွားတယ်.။

ဘာပဲဖြစ်ဖြစ် သူတို့လေးတွေ အားလုံးဟာ ကျနော့်အတွက်တော့ သားသမီးလေးတွေလိုပါပဲ မုန့်ဝယ်သွားလို့ ပျော်မြူးသွားတဲ့ တူ တူမ ငယ်လေးတွေရဲ့မျက်လုံးလေးတွေဟာ မရှိတဲ့ကျနော့်ချစ်သူရဲ့ မျက်ဝန်းတွေထပ် ပိုလှပါတယ် အိပ်နေတုန်း ခေါင်းအုံးလေး လာထိုးထည့် စောင်လေးလာခြုံပေးပြီး ကိုယ့်အနားကပ်အိပ်တတ်တဲ့ တူမလေးရဲ့ ကိုယ်ငွေ့ဟာလည်း နွေးထွေးမှုအပြည့်နဲ့ပါ ။လက်ဖက်သုတ်ကိုတောင် ဖြောင့်အောင်မသုတ်တတ် ကြက်သွန်မနွှာတတ်သေးတဲ့သူတို့လေးတွေ အားကိုးစရာမကောင်းလောက်ပေမယ့် ဦးသားလေး ဆိုပြီး အသေးဖွဲလေးတွေအစ လုပ်ခိုင်းတတ်တာကို အပြစ်မမြင်ရက်ပဲ အမြဲလုပ်ပေးမိတာဟာလည်း ဦးလေးတစ်ယောက်ရဲ့ အချစ်လို့ထင်ပါတယ် ။ ဖအေ မအေ ကိုတိုက်ရိုက်မပြောရဲတဲ့အခါကျ ဦးသားလေး ဆိုပြီး လာပူဆာတတ်တဲ့ တူတွေဟာလည်း ခုတော့ လူကြီးလေးတွေဖြစ်လို့ သိပ်ပြီး ပူး၂ကပ်၂မနေတော့တာ အချိန်တွေက ပြောင်းလဲသွားလို့ထင်ပါ့ ဒါပေမယ့် ကျနော့်ရဲ့ မေတ္တာစမ်းရေတွင်းကြီးဟာလည်း သူတို့လေးတွေအတွက် အမြဲစီးဆင်းမြဲပါ ခလေး တို့ရေ တခါခါတော့ ဦးသားလေး လည်း မင်းတို့အားလုံးကို လွမ်းတယ် ။

Sunday, September 12, 2010

ကောင်းကင်


ကောင်းကင်က နေတစင်း
ဘယ်လိုပင်ပူပြင်း
ရင်တွင်းကအချစ်ဒဏ်ရာ
နေတပျောက်ပေမယ့်
သေလောက်အောင်ခံစားတယ်။

ကောင်းကင်က ရေတပေါက်
ခမ်းခြောက်တာပပျောက်စေပေမယ့်
ရင်တွင်းကအလွမ်းမိုး
နွမ်းညိုးတာကိုပိုစေတယ် ။

ကောင်းကင်က လတစင်း
အရာရာကိုထွန်းလင်းစေပေမယ့်
ရင်းတွင်းကချစ်သူ့ပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ်။

ကောင်းကင်ကအဟောင်းတွေကို
အသစ်မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှချစ်ခြင်းများကို
ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့
မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင် ။




Friday, September 10, 2010

အမုန်းတွေ အောက်မှာ


ဒီလို မေဦး ရဲ့ မိုးသည်းသည်းတွေရွာတဲ့ နေ့ ခင်းတစ်ခုမှာပေါ့ သူမရဲ့ ဘ၀ထဲကို အလင်းရောင်တွေနဲ့  ကောင်လေးတစ်ယောက်ရောက်လာလိမ့်မယ်လို့  အိပ်မက်အဖြစ်နဲ့ တောင်မမက်ဖူးပါဘူး ။ အဲ့ဒီနေ့ က သူမသာ အလုပ်ကို နောက်မကျခဲ့လျှင်၊ မိုးတွေသာ အရမ်းမရွာခဲ့လျှင် သူ့ နဲ့  ဆုံဆည်းဖို့ ဖြစ်လာမှာမဟုတ်ပါဘူး အဲ့ဒီအတွက် မိုးမင်းကြီး ကိုကျေးဇူးတင်ပါတယ်ရှင် သူနဲ့  ဆုံဆည်းခွင့်ရအောင် မိုးတွေ ရွာသွန်းပေးခဲ့တဲ့အတွက်ပါ ။ လူတော်တော် များများက မိုးစိုမှာ စိုးလို့  ထီးကိုယ်စီ ၊ မိုးကာတွေကိုယ်စီနဲ့ ပါ သူမလည်း ထိုနည်းတူစွာ ထီတစ်ချောင်းကို အဖော်ပြု လက်ထဲက ဖိုင်တွေကို ရင်ဝယ်ပိုက်ပြီး လျှောက်လာခဲ့ပါတယ် ။ အမှတ်မထင် သူမ ရဲ့ မျက်ဝန်းထဲမှာတွေ့ လိုက်ရတဲ့ မြင်ကွင်းလေးတစ်ခု မိုးရေတွေထဲမှာ အကာကွယ်မပါ ပါးလွှာတဲ့ အကျီင်္လေးနဲ့  တစ်ခုခုကို ကြေကွဲနေသလိုလို ကောင်လေးတစ်ယောက်ထိုင်နေတယ် သူမ သူ့ ကိုမသိမသာလေး ခိုးကြည့်လိုက်တဲ့အခိုက် သူနဲ့  မျက်ဝန်းချင်း ဆုံသွားတယ်..............။


အိုးး..................သူမ ရင်တွေခုန်လိုက်တဲ့ဖြစ်ခြင်း ရင်ဘတ်မှာ ပိုက်ထားတဲ့ ဖိုင်တွေကို ပိုမိုတင်းကျပ်အောင် ပိုက်ထားလိုက်မိတယ် ထူးဆန်းလိုက်တာ သူမ ဘ၀မှာ ဒီလိုရင်ခုန်မှုမျိုး ဒါပထမဆုံး အကြိမ်ပါပဲ ပြီးတော့ သူ့ ရဲ့ မျက်ဝန်းတွေက တစ်ခုခု ပြောနေသလို သူမ အရမ်းကိုသနားသွားမိတယ် အချစ်ဆိုတာ သနားတာက စတယ်ဆိုတဲ့ စကားကြားတော့ကြားဖူးတယ် အခု ဒီစကားက သူမအတွက် မှန်နေသလား ချစ်ခြင်းအစ သနားခြင်းက သူမ သူ့ ရဲ့ ကြေကွဲနေတဲ့ မျက်ဝန်းတစ်စုံကို အရမ်းချစ်မိသွားတယ် ဆိုတာ အဲ့ဒီအခိုက်လေးမှာပဲ သေသေချာချာ သိလိုက်တယ် ။ အချစ်ရဲ့စေလိုရာ အတိုင်း သူမရဲ့ ခြေလှမ်းတွေက သူ့ အနားကို ပြီးတော့ မိုးစက်တွေ မညှာမတာ ကျရောက်နေတဲ့ သူ့ ကို မလုံပေမယ့် သူမ ထီးကလေး မိုးပေးခဲ့တယ် ။ အနီးကပ် သူမ သေချာကြည့်မိတော့ သူ့ ရဲ့ပါးပြင်ပေါ်မှာ မိုးစက်တွေနဲ့ အတူ မျက်ရည်စတွေကို တွေ့ လိုက်ရတယ် ။

'' ...ဘာကူညီရမလဲရှင့် ''
မာနတွေ လွင့်စင် သွားတဲ့ ကိုယ့်ကိုယ်ကို လည်း အပြစ်မတင်ရက်တော့ပါဘူး သူမသိတာ သူ့ ကိုအရမ်းသနားနေတယ်ဆိုတာပဲ ( သူ့ ရဲ့ မျက်ဝန်းတွေကို သနားတယ်ဆိုရင် ပိုမှန်မယ် ) သူကတော့ ခေါင်းကို သာတွင်တွင်ခါနေတာပါပဲ သေချာတယ် သူ့ အတွက် သူပြောချင်တာတွေကို နားထောင်ပေးမယ့်သူ တစ်ယောက်ယောက် ဒါမှမဟုတ် သူ့ ကို အားပေးနိုင်မယ့် တစ်ဦးဦး လိုအပ်နေတယ်ဆိုတာ အဲ့ဒီသူက သူမ ဖြစ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ ကောင်လေးရယ် ။ ထိုနေ့ က သူမရဲ့အလုပ်တွေကို အပျက်ခံပြီး သူ့ ရဲ့စကားတွေကို နားထောင်ပေးခဲ့တယ် လူတစ်ယောက်နဲ့ တစ်ယောက် တစ်ခဏအတွင်း ရင်းရင်းနှီးနှီး ဖြစ်သွားတယ်ဆိုရင် ဒါက ရှေးရေစက်လို့ ခေါ်လေမလား သူနဲ့  သူမ ကတော့ အရမ်းကို ရင်းနှီးသွားခဲ့တယ် ။

သူ့ ရဲ့ စကားတွေထဲမှာ ဘ၀ကို ရိုးသားမှုတစ်ခုတည်းနဲ့  အသက်ရှင်နေတာပဲ ပြီးတော့ အရွယ်နဲ့  မမျှတဲ့တာဝန်တွေကို ထမ်းပိုးထားရတယ် ပညာတက်ကြီင်္းတစ်ယောက်မဟုတ်သလို ၊ လူချမ်းသာတစ်ယောက်လည်းမဟုတ်ပါဘူး သာမန်မိသားစုက လူငယ်လေးတစ်ယောက်ပါ ။ သူ့ ရဲ့ ချစ်ခွင့်ပန်စကားတွေမှာလည်း ရိုးသားမှုတွေထင်ဟပ်နေတယ် '' ကျနော် မ ကိုချစ်တယ် ကျေးဇူးပြု၍ ပြန်ချစ်ပါနော် '' ကဲ...ဘယ်လောက်တောင် တုံးအလိုက်တဲ့ကောင်လေးလဲလို့  သူသာ လိမ္မာပါးနပ်လျှင် ကျမ ရဲ့ မျက်ဝန်းတွေကို ဖတ်တက်ခဲ့လျှင်အစောကြီးထဲက သိနိုင်ပါတယ် ကောင်းလေးရယ် ဘယ်လို အားအင်းမျိုးနဲ့  သူ့ ရဲ့အချစ်တွေကို ငြင်းပယ်ရက်ခဲ့မှာလဲ ။သူမရဲ့ မျက်ဝန်းတွေထဲက သူ့ ပုံရိပ်လေးတစ်ခုကို ၀ိုးတစ်ဝါးလေး ပြောပြခွင့်ပြုပါနော်း) သူ့ မှာ အရမ်းချစ်ဖို့ ကောင်းတဲ့ နှုတ်ခမ်းတစ်စုံ ၊ တောက်ပနေတဲ့မျက်ဝန်းလေး ကြေကွဲရိပ်တွေနဲ့ ပေါ့ ဒါပေမယ့် သူမ သူ့ ရဲ့မျက်ဝန်းတွေကို အရမ်းချစ်တယ် ၊သူက လူချောတစ်ယောက် မဟုတ်ပေမယ့် သူမအတွက်တော့ သူက နတ်သားလေးတစ်ပါးပါပဲ ။

အခု သူ နဲ့  သူမ တစ်နယ်စီဝေးနေပေမယ့် စိတ်ချင်းကတော့အမြဲနီးစပ်လျှက်ပါ သူတို့ အတွက် ဆက်သွယ်မှုဧရိယာတွေမပြတ်တောက်သလို ၊ ဘယ်တော့မှလည်း ဝေးကြမှာမဟုတ်ပါဘူး သစ္စာနဲ့  အတူ ချစ်ခြင်းတွေ ခိုင်မြဲကြစို့ မောင် မဝေးတော့တဲ့တစ်နေ့  ကျမတို့ ပြန်ဆုံကြမယ် ။

မောင်............
ဒီလိုမိုးစက်တွေ အောက်မှာ ဆုံခဲ့ကြသလို
မိုးရေထဲမှာပဲ ကျမ တို့  ချစ်ခဲ့ကြတယ် ။

မောင်..........
ရာသီတွေပြောင်းလဲ မပြောင်းလဲတဲ့ အချစ်နဲ့ 
မောင့်ကိုချစ်နေတယ် ။

မောင်...........
မောင်သာ ကျမရဲ့ အလင်းရောင်
ကျမ ရဲ့အချစ်နတ်သားလေးပါပဲ
ကျေးဇူးပြု၍ မုန်းမသွားပါနဲ့  မောင်
မောင့် ရဲ့ အမုန်းတွေ အောက်မှာ ကျမ သေဆုံးနိုင်လို့ ပါ ။


P>S= ရေးတဲ့စာနဲ့ လူကိုတွဲဖက်ပြီးမတွေးလိုက်ပါနဲ့ ရှော့ရှိတယ် ပေါက်ကရမပြောခဲ့ကြေး Plz :)

Thursday, September 9, 2010

ဘ၀ကို အဆိပ်ခတ် သတ်ပစ်လိုက်ခြင်း

ဘ၀မှာ …
ခါးသက်ခြင်း
ချိုမြိန်ခြင်း
မိန်းမောခြင်း
တွေဝေခြင်း
သာယာခြင်း
နာကျည်းခြင်း
………………..
သူမတူတဲ့အရာများစွာနဲ့
ဖွဲ့စည်းနေတာ “ဘ၀”

ဒါပေမယ့် …
ဘ၀ဆိုတာ
လက်မပါ, ခြေမပါ
ဦးဏှောက်မပါတဲ့
စိတ္တဇနာမ်တစ်ခု

ငါ,ဆိုတာ
စဉ်းစားတတ်တယ်
ဆင်ခြင်တတ်တယ်
တွေးတောတတ်တယ်
ကျော်ဖြတ်တတ်တယ်

ဒီလို လူတစ်ယောက်က
ဘ၀ကို အရှုံးပေးဖို့ဆိုတာ :(

ဘယ်လောက်ပဲ ခက်ခဲပါစေ
ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ
လှိုင်းဘယ်လောက် ထန်ထန်
လေဘယ်လောက် ကြမ်းကြမ်း
ဖြတ်သန်းဖို့ တွေဝေ
ရင်ဆိုင်ဖို့ နောက်တွန့်
ကြောက်ရွံ့နေခဲ့မယ်ဆိုရင် …

ငါ့ကို ဖိနှိပ်
တရိပ်ရိပ်တက်လာမယ့် အရာတွေ

ဟေ့ ......
နင်လားဟဲ့ လောကဓံ
လူပြောမသန်
လူသန်မပြောတဲ့ငါ

“ဘ၀”
လာစမ်းဟဲ့ ငါ့ရှေ့
ဘ၀မေ့စေမယ့်
အဆိပ်တစ်ခွက်နဲ့
ပွဲတော်ကိုတည်ခင်း
ခုချက်ချင်း နင် လည်စင်းစေရမယ် …။




P>S=
အစ်ကိုကြီးရုပ်ဆိုး ကျနော့်အတွက်ရေးပေးတဲ့ ကဗျာလေးပါ ကျေးဇူးကမ္ဘာ အစ်ကိုကြီးရေ့ :)

Tuesday, September 7, 2010

သူငယ်ချင်းများရဲ့စာ

မနေ့က ပျင်းပျင်းနဲ့ စာအုပ်တွေပြန်လှန်နေရင်း သူငယ်ချင်းတွေ မူးမူးနဲ့ရေးထားပေးတဲ့ ဒိုင်ယာရီစာအုပ်လေးသွားတွေ့တယ် ဘာရယ်မဟုတ်ပါဘူး ကိုယ်ပျင်းနေတဲ့ အချိန် ပျော်စရာနေ့ရက်တွေကိုပြန်သတိရသွားတယ် ။ သူတို့တွေနဲ့က ကျောင်းတက်တုန်းက အဆောင်တစ်ခုတည်း တူတူနေဖူးတဲ့သူတွေရှိသလို ကျောင်းမှာပဲမြင်ဖူးတွေ့ဖူးနေတဲ့ မေဂျာကွဲတဲ့သူတွေလည်းရှိတယ် ။ သင်္ကြန်ပြီးတော့ ရန်ကုန်မှာ ယောင်ဝါးဝါးနဲ့ သင်တန်းတစ်ခုသွားတက်ရင် တိုက်ခန်းမှာ သူငယ်ချင်းတွေ အများကြီး ပြန်ဆုံကြတယ် ပျော်စရာကြီးး)။

သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ် ၃ နှစ်လောက်နေမှ ကျောင်းတွေလည်းပြီးနေပြီး ခုလိုပြန်တွေ့ရတာ တော်ရုံရေစက်မဟုတ်ဘူးတဲ့ ။ ပထမနှစ်တုန်းက အချိုမှုန့် အကြက်မှုန့် နဲ့ သံပုရာသီးတို့စားကြတဲ့နေ့ပိုင်းကြီးမှာ ၃ လုံးမစားရလို့စိတ်ကောက်ပြီး စောင်ခေါင်းမြီးချုံအိပ်တတ်တဲ့ကောင်လေးဟာလည်း ခုတော့ လူကြီးလိုလို ဘာလိုလိုဖြစ်လို့ သူငယ်ချင်းတွေကို သည်းခံစိတ်မွေးတတ်နေပြီး။

ဖိုးချမ်း ဆိုတဲ့ တစ်ယောက် မေဂျာတူ ပထမနှစ်တည်းက တစ်ဆောင်တည်းနေခဲ့ဖြစ်တာ သင်တန်းသွားတတ်တုန်းကလည်း တူတူနေဖြစ်တယ် ။ သူပဲ ရန်ကုန်မရောက်ဖူးပဲ ရွှေတိဂုံဘုရာမှာ မျက်စိလည်နေတဲ့ ကျနော့်ကိုလာကြိုပေးတာ ။ နောက်တစ်ယောက်ကတော့ သံဖြူဇရပ်က မွန်လေး စကားပြောဝဲ၀ဲနဲ့ စိတ်ကောင်းရှိတယ် အရင်ကတွေ့ဖူးပြီး မခင်ပေမယ့် တူတူချက်စားဖြစ် ညပိုင်းည ဘာအကြောင်းညာအကြောင်းပြော မရှိလည်းတူတူ ရှိလည်းတူတူ စားဖြစ်ကြတာ မွန်ပြည်သားချင်မို့ ခဏလေးနဲ့ခင်ဖြစ်ကြပါတယ် ။ မပြောမရှိနဲ့ မွန်ပြည်သားတွေက စိတ်ကောင်းရှိတယ်း) ။


ဒီတစ်စောင်ကတော့ ကျနော့်ရဲ့ မှတ်စုစာအုပ်လေးထဲ ကြိုက်မိတဲ့ ကဗျာလေးတစ်ပုဒ်ကူးထည့်ထားတာပါ လက်ရေးမလှမပကိုကြွားတာတော့မဟုတ်ပါဘူး ။ နောက်တစ်စောင်က ဗျိုင်းမရဲ့ အမှတ်တရစာ အသားကမဲမဲ ချောင်းဆုံသား စကားက များများ အ၀တ်လျှော်ရင် တစ်နာရီ ရေချိုးရင် တစ်နာရီ ကြာတတ်လွန်းလို့ ရေချိုးခန်းအပေါက်ဝမှာ သွားသွားအော်ရတာကတစ်လုပ် ဒါပေမယ့် သူက သူငယ်ချင်းတွေက အသည်းခံနိုင်ဆုံး လကုန်ရက်တိုင်း ပိုက်ဆံပြတ်တတ်တဲ့တစ်ယောက် ချစ်သူနဲံ့ သွားချိန်ခါနီးရင် ဟိုလူ့ထဲက ဘောင်ဘီငှားဝတ် ဒီလူ့ထဲက အကျိင်္ငှားဝတ်နဲ့ တော်တော်ကို အချေးငှားများတဲ့ကောင်ပေါ့ ။ မင်းမူးရင် ခင်လှိုင်နဲ့ တူတယ်လို့ ကျနော့်ကို ရက်၂စက် ၂ မှတ်ချက်ချတဲ့ ဗျိုင်းမ ပါ ။

သူငယ်ချင်းရဲ့ သူငယ်ချင်းက ကိုယ်နဲ့ခင် ။ ကိုယ်ရဲ့ သူငယ်ချင်းက ကိုယ့်သူငယ်ချင်းနဲ့ထပ်ခင်နဲ့ ဒီလိုပဲ လှည့်ပတ်ခင်မင်နေကြတဲ့ သူငယ်ချင်း သံယောဇဉ်တွေက တစ်ယောက်တစ်နေရာစီရောက်နေပေမယ့် ခင်မြဲပါပဲ ။ တွေ့လိုက်ရင် ငယ်ငယ်ကအမှတ်တရတွေကို ပြောမကုန်နိုင် အရွယ်တွေတောင် ပြန်နုပျိုသွားသလို တစ်ယောက်တစ်နေရာစီ ဝေးနေကြပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန် ဒီသူငယ်ချင်းတွေနဲ့ တစ်နေရာရာမှာ ပြန်ဆုံနိုင်ဖို့ မျှော်လင့်မိပါသေးတယ် ။



Monday, September 6, 2010

သီချင်း

သီချင်းဆိုတာ လူ့ရဲ့စိတ်ကို အမျိုးမျိုးပြောင်းလဲစေနိုင်တယ်ဆိုတာ ဟုတ်မှာပါ ဂီတနဲ့ပက်သက်လို့ ဘာပါရမီမှမရှိပေမယ့် နားထောင်ရတာကိုတော့ကြိုက်တယ် ။ သီချင်းဆို သံစဉ်အေးအေးလေးကြားတာနဲ့ ဘာသီချင်းပဲဖြစ်ဖြစ် အားလုံးနားထောင်ဖြစ်ပါတယ် ။ ကိုယ်တိုင်ဆိုဖို့ကျတော့လား ဟဲဟဲ အသံကကောင်းလွန်းတော့ ကြားရတဲ့သူတွေက နှာခေါင်းတွန့်တွန့်သွားတတ်ကြလို့ ကိုယ့်ပါသာတစ်ယောက်တည်း ပြိတ်တာငြီးချင်းပဲ ချရတယ် ဟုတ်တာတော့ဟုတ်သား ကိုယ့်ရဲ့အသံကလည်း မွန်လိုလို ကရင်လိုလို ဟိုမရောက် ဒီမရောက်တဲ့ လအော့လအယ် အသံပါ ။

သီချင်းကတော့ ဆိုဖြစ်ပါတယ် ခု အာဇာနည်ရဲ့ သီချင်းဆိုနေရင်း နောက်ခဏနေ ဟဲလေး သီချင်း ရောက်ချင်ရောက်သွားတယ် ဘယ်လိုကနေဘယ်လို non-stop ဖြစ်သွားတာလည်း ကိုယ်တိုင်တောင်မသိဘူးဆိုတော့ ကြား၇တဲ့သူဆို ပိုဆိုးကော ။ဘယ်သီချင်းတစ်ပုဒ်ကိုမှလည်း ဆုံးအောင်မဆိုတတ်ပါဘူး အဲ့လောက်ထိတော်တာ ။ အော်....သီချင်းဆိုလို့ ရွှေတိဂုံ မြောက်ဘက်မုဒ်နားက M3 ကာရာအိုကေ ဆိုင်မှာ နားထောင်ရတဲ့ အဆိုတော် ကိုရေခဲတုံးကြီင်္း ရဲ့ အသံကိုတော့ အကြိုက်ဆုံးပဲ ။သူအခု အခွေထုတ်ဖို့လုပ်နေပါတယ် ထွက်ရင် ဒီဘလော့မှာ ကြော်ငြာပါအုံးမယ် ။

နားထောင်ဖြစ်နေကျသီချင်းတွေက Justin Bieber - Somebody To Love Remix ft. Usher / super junior-SORRYSORRY_뮤직비디오 / Beyoncé - Halo / savage garden - Truly madly deeply ဒီသီချင်းတွေတော့ ခဏခဏကို နားထောင်ဖြစ်ပါတယ် အကုန်လုံးနားလည်လို့တော့မဟုတ် နည်းနည်းပါးပါး ပါပဲး) ။ ခုရက်ပိုင်း အရမ်းကြိုက်နေတဲ့ သီချင်းလေးတစ်ပုဒ်ပါ ပူစူး ရဲ့ တစ်မိုးအောက် ဆိုတဲ့ သီချင်းလေးကို ရေဒီယို မှာနားထောင်လိုက်ရတယ် ကြိုက်သွားလို့ အင်တာနက်မှာ ပြန်ရှာပြီး နားထောင်ဖြစ်နေရင်း ဘယ်သူဆိုထားမှန်းမသိတဲ့ တစ်မိုးအောက် သီချင်းလေးကို ထပ်ပြီး နားထောင်လိုက်ရတယ် ဘယ်သူမှန်းလည်းမသိပါဘူး မျက်နှာလည်းမမြင်ရ ဂစ်တာလေးတစ်လက်တည်းနဲ့ ဆိုသွားတာ အရမ်းကောင်းပါတယ် လမ်းဘေးအုတ်ခုံမှာ သူငယ်ချင်းတစ်ယောက်ဆိုတာကို နားထောင်နေရသလိုပါပဲ ဘာ တူရိယာ အသံမှ ထပ်ပြီးမပါပဲ ဂစ်တာသံလေးနဲ့ပဲ နားထောင်ရတာ အရမ်းကို အရသာရှိပါတယ် ။ နားထောင်ကြည့်ကြပါအုံး ကြိုက်လွန်းလို့ပါ music & so much more :)


Sunday, September 5, 2010

ရင်ဘတ်ထဲက အသံတိတ်စကား

အချိန်က ည ၉နာရီ ကျော်ကျော် နယ်မြို့လေးတစ်မြို့ရဲ့ အင်္ဂါရပ်နဲ့အညီ လူရှင်းနေပါပြီး ။ အဲ့ဒီညက အိမ်ကလေးမှာ ငိုသံတွေ ရယ်သံတွေ ပျောက်ဆုံးနေတယ် ။
“ ပစ္စည်းတွေ ကျန်မယ်နော် ခလေး နင် ဘာယူသွားအုံးမလဲ ”
“ဟင်အင်း...တော်ပြီးနေပါစေတော့ ” အငယ်လေးတွေက သူ့ ကိုကြည့်နေတယ် ဒီနေ့ အိမ်ကလေးမှာ ထူးဆန်းနေတယ်ဆိုတာကို သူတို့ လည်းသိကြတယ်ထင် တယ်။ လူကြီးတွေကတော့ ၀မ်းနည်းစိုးရိမ် တဲ့ မျက်နှာတွေနဲ့ ပေါ့ ။တစ်ခါခါ မိုးတွေ ရွာတက်တဲ့ ပူပြင်းတဲ့မေလထဲမှာပါ ဘုရားဦးသုံးကြိမ်ချ ပြီးတော့ အဖေ နဲ့  အမေ့ကို ကန်တော့တယ် ။ ဟန်မပျက်ပဲ ဆုပေးနေတာက အဖေ အသံမထွက်ပဲ မျက်လုံးတွေနဲ့ပဲစကားပြောနေတဲ့ အမေ ။


“သား ...ကားသွားစောင့်တော့မယ် လိုက်မပို့ ကြနဲ့ တော့ ”
အမေက အိမ်နောက်ဖေးထွက်သွားတယ် သူသိတာပေါ့ ကြိတ်ငိုနေမယ်ဆိုတာ ဆိုနင့်နေတဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေ အားမာန်တွေ ရည်ရွယ်ချက် တွေ စုထားတဲ့ အထုတ်ကြီးကြီးတစ်ထုတ် မလှည့်ကြည့်ဘူးး ခြေလှမ်းတွေကို ရပ်တန့် စေနိုင်တဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ရဲလို့ ပါ။


လမ်းမှာ အိပ်ငိုက်မှာစိုးလို့  ကော်င်္ဖီခါးခါးတစ်ခွက် သောက်လိုက်တယ် ရှေ့ဆက်ဖို့ အတွက် ခါးသက်မှုတွေရဲ့ အရိပ်ယောင်တွေကို ကော်ဖီခါးခါးက ဘာသာဗေဒတစ်ခုနဲ့  ပြောပြလိုက်တာပါ။ ကွာတာဘောင်းဘီတိုလေး နဲ့ ကိုဝတ် စာရွက်အပိုင်းစလေးတစ်ခု ၁၂ နှစ်နီးပါးဒုက္ခတွေနဲ့ရင်းထားရတဲ့ စာရွက်လေးပေါ့ ပြီးတော့ ၅ စုံလောက်ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးကို ထမ်းပြီး စွန့် စားခန်းထွက်ခဲ့တာ ကြောက်တယ် ဘာကိုလဲမသိ ။တစ်ယောက်တည်းနဲ့တစ်ခါမှမရောက်ဖူးတဲ့အရပ်ဒေသကိုမျှော်လင့်ချက်ရောင်ခြည်သဲ့သဲ့လေးနဲ့စွန့်စားခန်းတစ်ခု ဘယ်သူက သူရဲကောင်းဖြစ်မလဲဆိုတာ မသိသေးပါဘူးး။ အသက်ကလေးက ၂၀ စွန်းစ လူကြီးစိတ်နဲ့ခလေးကိုယ် ယောင်ဝါးဝါးနဲ့ ဆန်အိတ်တစ်အိတ်ကိုတောင်မ မနိုင်သေးတဲ့ သူ ။

မမြင်ဖူးတာတွေ မြင်ရ မစားဖူးတာတွေ စားရ တစ်ခါမှ မကိုင်ဖူးတဲ့အသပြာအနည်းငယ်ကို ရွှေတုံးကြီးကောက်ရသလို ပျော်နေလိုက်တာ ။ ဒီတစ်လစာ အမေ ဖွားလေးမြ ဆီက ချေးထားတဲ့ အတိုးနဲ့ ပိုက်ဆံလေးဆပ်ဖို့  ငါပို့ လိုက်အုံးမှပဲ တစ်ဆယ်တိုးတောင်ဆိုတော့ မသက်သာဘူး အမေ၀မ်းသာနေမှာ ။ နောက်တစ်လ အစ်ကိုသူများကို ရိုက်လိုက်ပြန်ပြီး လျှောရအုံးမယ် “လူကြုံလာရင် ၀င်လာခိုင်းလိုက် အမေ ” အားနာတဲ့အသံနဲ့  အမေက “ အေး ငါ့သား ” တဲ့ ။ အ၀တ်စားတွေထပ်လာတော့ အလုပ်နားတာနဲ့  လျှော် ချွေစောနံ့ နေပြီး “ ဒါပဲ ..ရှိတာလား” ဆိုတဲ့ ခနဲ့ တဲ့စကားတွေကို မြေမြှုပ်ခဲ့တဲ့ မာနတွေက မော်မကြည့်ရဲခဲ့ဘူး ။ ဗိုက်ဆာတယ် ဟင်းလည်းမရှိ မေ့နေလိုက်တာ မြေပဲနဲ့ငါးပိရည်စပ်စပ်လေးနယ်စားလိုက်လည်းဖြစ်တာပဲ ရွာမှာတုန်းကလည်း ဒီလိုပဲစားခဲ့တာပဲ အားလုံးကိုမေ့ အစာအိမ်ကိုအားဖြည့်လိုက်တယ် ။

ဒီလတော့ အ၀တ်စားလေးတစ်စုံလောက်ဝယ်မှပဲ ပါလာတာလေးတွေလည်းတော်တော်ဟောင်းနေပြီး ။ ကြည့်ပဲကြည့်ခဲ့ရတဲ့ကြွရွနေတဲ့ ကွပ်စိပ်အင်္ကျီလေးတွေ အကောင်းစားတံဆိပ် ဘောင်ဘီးတွေ ပိုက်ဆံပြန်တွက်ကြည့်တော့ ဘုရားတရတဲ့အဖြစ် တော်ပါပြီလေ ရှိတာလေးနဲ့ပဲလှအောင်ဝတ်တော့မယ် တစ်ရာဖိုး ၃ ထည်ရတဲ့ ဘောင်ဘီတွေ ပြီးတော့ အဖြူရောင်ရှပ်ကလေးတွေ စွန့်စားပြီးဝယ်လိုက်တယ် ။အော်ခံရတာလား အော်ပါစေပေါ့ သူအာညောင်းရင် တိတ်သွားလိမ့်မယ် ။ မနာလိုတဲ့သူတွေများတာလား မသိဟန်ဆောင်လိုက်တယ် ထမင်းရှင်ကြည်ဖြူရင်တော်ပြီး ကျန်တာတွေ ခေါင်းထဲမထည့်တော့ဘူးး။ ကျော်ခွခဲ့တဲ့ ချိုက်ခွက်တွေ အများကြီး အပ်ထိုးခံရသလို နာလှတဲ့ စကားတွေ အမျာကြီး ခုနေပြန်ပြော ပါးစပ်ရာဇ၀င်ထက် ဘာမှမပိုလာတော့ဘူး ။ဖျက်လတ်နေတယ် ခေါ်သံကြားတာနဲ့  တက်ကြွနေတက်တယ် ။

ရက်တွေကို လစား လတွေကိုနှစ်စားလာတော့ ပြောင်းလဲသွားလိုက်တာ သူ့ ကိုယ်သူတောင်မသိတော့ဘူး မှန်ကြည့်လိုက်တိုင်း မျက်နှာသေနဲ့  လူတစ်ယောက် ၊ ပြုံးလိုက်တိုင်း မပီပြင်တော့တဲ့ မဲ့ပြုံး၊ ပြောလိုက်တဲ့စကားတွေမှာ ဖော်ရွေမှုတွေ မရှိတော့ဘူး ၀တ္တရားကြေ ပုံစံက မသင်ပဲနဲ့ တက်သွားတယ်။ တစ်ခွန်းပဲ ခေါ်ရတဲ့ ခေါ်သံတွေကို မလှုပ်တစ်လှုပ် သူက ၃ ခွန်းလောက်နေမှ ကြားသလိုလို မကြားသလိုလိုနဲ့  အရွဲ့ တွေလည်းတိုက်တက်လာတယ် ။ ရက်ပေါင်း ၇၃၀ မှာ စီးခဲ့တဲ့ ဖိနပ်တစ်ရံကိုလည်း ခဏခဏ လွှင့်ပစ်မိတယ် ။ဘယ်ဘက်လက်က ဖြစ်သင့်တဲ့ ရေပုံးထဲမှာလည်း ရေပါအောင်မခပ်ခဲ့တော့ဘူး ။ မာနတွေကို ထုတ်ပိုးဖို့  ကျန်ကျောင်း ကျွတ်ကျွတ်အိတ် ကိုလည်း ဆွဲစုတ်ပစ်လိုက်တယ် မုန်းလွန်းလို့  ။သွားစမ်းပါ ခဏတော့ အားလုံးကို လွှင့်ပစ်တော့ မနေ့ ကလည်းမသိ မနက်ဖြန်ဆိုတာ မရှိပဲ ဒီနေ့ မှပဲ သူပျော်အောင် နေချင်တယ် သေတဲ့အထိနေလို့ ရရင်ပိုတောင်ကောင်းသေး။



မျှော်လင့်ချက်တွေ အားမာန်တွေ ရည်ရွယ်ချက် တွေ စုထားတဲ့ အထုတ်ကြီးကြီးတစ်ထုတ်အစား အခုတော့ အရှုံးတွေကိုရင်ဝယ်ပိုက် ၊ ပျက်စီးနေတဲ့အစာအိမ်တစ်ခုတည်း ကို မူးယစ်စေတဲ့ အရည်တွေ မြိုချပစ်လိုက်တယ်။ ထုံအအဖြစ်သွားတဲ့ ပုံစံနဲ့ ပေတေတေ ဖြစ်ချင်တာဖြစ်ပေါ့ လုပ်တာတွေမဖြစ်တော့ ဖြစ်တာတွေ လုပ်လိုက်တာ အကောင်းဆုံးပဲ ။တစ်ချို့ တွေက ပြန်ထစမ်းပါဆိုပြီး လက်ကမ်းကြတယ် ၊ စကားတွေနဲ့  အားဆေးတွေတိုက်ကြတယ် ၊ တစ်ချို့က လူနာသတင်းမေးသလို
ဟန်ဆောင်ခြင်းအနုပညာတွေနဲ့  ။ ဒီနေရာ လမ်းခွဲလေးက ပျော်ခဲ့ရတဲ့ အပေါင်းသင်းတွေနဲ့  ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးဆီ အခွင့်ကြုံရင်လာပြန်ထိုင်ပြီး စကားတွေတစ်ဝကြီးပြောတာပေါ့ ခုတော့ လမ်းခွဲလေးကိုရောက်တော့မှာမို့  အိပ်စက်အနားယူဖို့ အရိပ်ကောင်းကောင်းတစ်ခုကို ရှာလိုက်အုံးမယ် ။ လက်ဖက်ရည်ဆိုင်လေးက အမှတ်တရတွေကို ရင်ဘတ်ထဲ ထည့်သွားတယ် လေးသလားဆိုတော့ မပြောပါရစေနဲ့ တဲ့ ။



Friday, September 3, 2010

အစ်ကို့ပေးစာ

ညီလေးရေ

ညီလေးဘာလုပ်သင့်လဲ ဘာသင်တန်းတွေတက်သင့်သလဲ ဟုတ်လား ငါ့ညီ။

ဒါဆို ပထမဆုံးအစ်ကို မေးချင်တဲ့မေးခွန်းက ညီလေး ဘာလုပ်ချင်တာလဲ။ ရည်ရွယ်ချက်က ဘာတဲ့လဲ…..

ပထမဆုံး ညီလေးဖြစ်ချင်တဲ့ ဆန္ဒကို အရင်ကြည့်ပါ။ စိတ်ပါဝင်စားတဲ့အရာကို လုပ်ကိုင်နေရရင် အဲ့ဒီလူရဲ့ ဘ၀မှာ ပိုအောင်မြင်စေတယ်။ လုပ်ငန်းခွင်ပျော်ရွှင်မှုဟာ လူ့ဘ၀ပတ်ဝန်းကျင်ကို အများကြီးအထောက်အကူပြုပါတယ်။ အစ်ကိုကတော့ ညီလေးပျော်တာပဲမြင်ချင်တယ်။

ပြီးတော့မှ့ ရလာတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ပထမဆုံး သင်တန်းတွေကိုလေ့လာပါ။ Marketing တွေ အရမ်းထွန်းကားတဲ့ခေတ်ကြီးမှာ ကြော်အောင်ငြာတဲ့ သင်တန်းတွေကို အတုအစစ် ခွဲခြားဖို့ လိုအပ်ပါလိမ့်မယ်။ ကုန်ဆုံးသွားမယ့် ငွေကြေးတွေထက် ဘယ်လိုမှ ပြန်လည် အစားထိုးမရနိုင်တာ အချိန်ပါ။

ပညာရေးဆိုလို့ အခုတွေ့လာရတဲ့ ပညာရေးတွေအတွက် အစ်ကိုတကယ်ကို စိတ်လေးမိတယ်။ ငယ်ဆရာတွေနဲ့ပြန်တွေ့တော့ ငယ်ဆရာတွေဆီက ငြီးငြူသံတွေက တကယ့်ကို အားလျော့စေခဲ့တယ်။

တက္ကသိုလ်ဆရာမဖြစ်သွားတဲ့ ဆရာမကတော့ ကျောင်းသားတွေ အတန်းတက်တာ စာလာသင်ဖို့မဟုတ်ဘူးတဲ့။ စာကိုရယူလိုတဲ့ စိတ်တွေ စာသင်ခန်းထဲမှာ ရှာမတွေ့တော့ သူအရမ်းစိတ်ပျက်မိတယ်။ အစ်ကိုနဲ့တွေ့တဲ့နေ့က ဆရာမ ထွက်စာတင်လာတဲ့နေ့တဲ့။ မိအိုဖအိုတွေနဲ့ နေ,နေရတဲ့ ဆရာမအတွက် မိသားစုကို ပေးရတဲ့အချိန်ထက် ကျောင်းပတ်ဝန်းကျင်မှာ ဗာဟီရအလုပ်တွေ လုပ်နေရတာများလွန်းတာမို့ ဘယ်လိုမှ ရှေ့မဆက်နိုင်တော့ဘူးတဲ့လေ။ ဆရာကောင်းတစ်ယောက်ဆုံးရှုံးတယ်ဆိုတာ ပေါ့ပေါ့ပါးပါး မဟုတ်ပါဘူး။

ပြင်ပကျူရှင်တွေသင်နေတဲ့ ဆရာတစ်ယောက်ကတော့ အခုခေတ်ကျောင်းသားတွေမှာ နှစ်မျိုးပဲရှိတော့သတဲ့။ အရမ်းတော်ပြီး ထိပ်ပိုင်းရောက်နေတဲ့သူတွေရယ် အောက်ခြေနားက လူတွေရယ်ပဲတဲ့။ အလယ်အလတ်မှာ ပုံမှန်လိုက်နိုင်တဲ့သူတွေ မရှိသလောက်ရှားနေခဲ့ပြီတဲ့လေ။ ဒါကိုရော ဘယ်သူတွေက အသေအချာလေ့လာပြီး အားလုံး သတိပြုမိအောင် မလုပ်သင့်ဖူးလား။

ဘော်ဒါဖွင့်ထားတဲ့ အစ်ကိုဆရာလင်မယားကတော့ ၀ါသနာကိုအဓိကထားတာမို့သာ ဆက်ဖွင့်ထားမိတယ်။ မဟုတ်လို့ကတော့ ပိတ်ပစ်တာကြာခဲ့ပြီတဲ့။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အညီ ဆရာ ဆရာမတွေ ဆုံးရှုံးလိုက်ရတာ ကျောင်းသားကျောင်းသူလူငယ်တွေရဲ့ ဖြူစင်တဲ့ အမူအကျင့်တွေတဲ့။ ကျောင်းခန်းထဲရောက်တာနဲ့ တူညီဝတ်စုံဝတ်ပြီး အားလုံးက တညီတည်းဖြစ်ရမှာထက် မိဘအရှိန်အ၀ါတွေနဲ့ ဆရာတွေကိုပါ မောက်မာမော်ကြွားနေခဲ့ကြပြီတဲ့လေ။

တက္ကသိုလ်ကျောင်းသား ညီငယ်တယောက်ကိုမေးမိတော့လည်း ကျောင်းကိုသွားတာ roll call ပြည့်အောင်လို့တဲ့။ စာကတော့ အနီးကပ်မှဆိုလား ဘယ်နှစ်ပုလင်းဆိုလား ပေးလိုက်ရင် တစ်တန်းအောင်ဖို့ အလွယ်သား။ အတန်းအလိုက်သူ့ဈေးနှုန်းနဲ့ ကပ်ထားပြီးသားဆိုတော့ နောက်ဆို city mart မှာများ ၀ယ်လို့ရနိုင်လောက်တယ်ထင်တယ်။

ကျောင်းပြီးရင်ကောဆိုတဲ့ ဘ၀အာမခံချက်တွေ မပေးနိုင်တော့တာ ကြာပြီပဲ။ ဘွဲ့တွေရပြီးရင် မွမ်းမံသင်တန်းတွေက ဆက်လက်ချီတက်ရဦးမယ်။ ငွေကြေးမတတ်နိုင်သူတွေက တခန်းရပ်ဘွဲ့လက်မှတ်လေးတွေကိုင်ပြီး မှီတဲ့ပန်းတွေကိုလှမ်းပေါ့။ တုံးခုနိုင်တဲ့သူတွေကလည်း ခုပေါ့။

သင်ကြားခြင်းဆိုတဲ့ စာသင်ခန်းတွေထဲမှာ ကိုယ်တိုင်လေ့လာ သင်ယူခြင်းဆိုတာကိုလည်း ထည့်ထားပေးဖို့ လိုပါတယ်။ ညီလေးကိုယ်တိုင် ရှာဖွေလေ့လာဖို့လိုတယ်ဆိုတာ အရင်ကသင်ခဲ့ဖူးတဲ့ စာအုပ်ကိုကျော်၍ မြင်နိုင်စွမ်းကို ဆောင်ရသည်ဆိုတဲ့ စကားနဲ့အညီ မမေ့မလျော့ မှတ်သားလိုက်နာပါကွာ။

ကဲ ညီငယ် အစ်ကိုပြောချင်တာတွေတော့ ပြောပြီးပြီ။

ဘ၀တိုးတက်ဖို့အတွက် မှန်ကန်ဖြောင့်မှတ်တဲ့လမ်းကြောင်းပေါ် ရောက်ပါစေကွာ.

ချစ်ခင်လျက်

အစ်ကို


P>S = ကျနော့်အတွက် အစ်ကို့ရဲ့ ပေးစာလေးပါ ဒီစာလေးအတွက် အစ်ကို့ကိုကျေးဇူးပါ ဒီထက်ကောင်းမယ့် စကားလုံးရှိရင်ပြောချင်ပါသေးတယ် ฟทกืห่ด้

တောသားအရိုင်းစိုင်း

ကျနော် တောသား အရိုင်းစိုင်း
ပညာက မတောက်တစ်ခေါက်
လုပ်နေတဲ့ အလုပ်က တောက်တိုမယ်ရ
ပေးတာယူ
ကျွေးတာစား၊ ဆဲတာခံ
ကိုယ့်ကိုယ်ကို သတ်မှတ်တာက ယိုးဒယားက ကျွန်...။


ကျနော် တောသား အရိုင်းစိုင်း
တန်ဖိုးကြီးတဲ့ စာပေကို ခုတုံးလုပ်
လူမှုရေး စီးပွားရေး အချစ်ရေး ပြဿနာတွေကို
ဟော့ဒီ အဖြူရောင် စာမျက်နှာပေါ် ခဏခဏ အန်ချမိတဲ့ အတွက်
ကိုယ့်ကိုယ်ကိုလည်း မုန်းပါ၏...။


ကျနော် တောသား အရိုင်းစိုင်း
တော်လွန်း တတ်လွန်းသော
စာပေသမားကြီးများကို ဖိန့်ဖိန့်တုန်အောင် ကြောက်ပါ၏
ရေစောင်း လေစောင်းထက် ကြောက်စရာကောင်းတဲ့
ကလောင်းသွားထက်တဲ့ နှုတ်ခမ်းထက်က ဓားသွားတွေကြောင့်
အရှိုးရာတွေလည်း အထပ်ထပ်နဲ့ ပါ ....။


ကျနော် တောသား အရိုင်းစိုင်း
အသက်က (၂၄) လူကြီး စာရင်းဝင်ပေမယ့်
ရေးလိုက်တဲ့စာက
(ဟီးဟီး/ဟိဟိ/ဟားဟား) နဲ့  မိန်းမရွှင်တစ်ယောက်လို
ခလေးလိုလို ခွေးလိုလို နဲ့ စုတ်ပြတ်နေတဲ့
အဆိပ်သင့် စာကိုရေး
“ကျားစစ်ပါတယ်နော် ” ဆိုပြီး အမေးခံရလောက်အောင်
ရေးသားမိတဲ့
ကိုယ့်မျက်နှာကိုလည်း ဓားနဲ့  မွှန်းချင်စိတ်ပေါက်ပါ၏....။


ကျနော် တောသား အရိုင်းစိုင်း
ခိုတစ်ကောင်လိုအမြဲငြီး
ခံစားရတာတွေကို မမြိုသိပ်နိုင်ဘဲ
ချချရေးမိတဲ့အတွက်လည်း
အားနာပါ၏...။


ဒီနေရာမှာ
အတ္တ နဲ့  မာနတွေ မရှိသလို...
သုခ တွေ ဒုက္ခတွေလည်းမရှိဘူးးး
အနိုင်ရလိုမှုတွေ နဲ့  ထောက်ထားငဲ့ညှာစရာတွေလည်းမရှိဘူးး


ဒီနေရာမှာ…
အချစ် နဲ့. အမုန်း မရှိသလို…
သံယောဇဉ်နဲ့ တိမ်းမူမှုတွေ မရှိဘူး…။
မနာလိုမှုတွေ နဲ့ ငြူစူမှုတွေလဲ မရှိ သလို…
ရင်ခုန်သံတွေနဲ့ ကြည်နှုးမှုတွေလဲ မရှိဘူး…။


ဒီနေရာမှာ
လူအထင်ကြီးအောင် ဟန်ဆောင်ရေးထားတာတွေမရှိသလို
သနားစေလိုတဲ့ ဆန္ဒနဲ့  ကိုယ့်အကြောင်းကို ရေးခဲ့ဖူးတာတွေမရှိဘူး
ကြွယ်ဝတဲ့ အရေးသားတွေမရှိသလို
လူတက်ကြီးဆန်ဆန် အထက်စီးလေသံနဲ့  ပြောဆိုမှုတွေလည်းမရှိဘူးး...။


ဒီနေရာမှာ
အချစ်တွေ အနမ်းတွေနဲ့  ကာမညတွေမရှိသလို
သူရဲဘောကြောင် ခေါင်းငုံ့ ခံဖို့ စိတ်ကူးတွေလည်းမရှိဘူးး
ဟန်ဆောင်မှုတွေနဲ့  မခင်မင်တက်သလို
အမှန်တရားပါဆိုပြီး စာကြီးပေကြီး ကာရန်ဖွဲ့ မှုတွေလည်းမရှိပါဘူးး...။


ဒီနေရာမှာ အမှန်တကယ်ရှိနေတာဆိုလို့ 
ရိုးသားမှုတစ်ခုနဲ့  ရှင်သန်နေရတဲ့
တောသားအရိုင်းစိုင်းတစ်ကောင်ပဲရှိပါတယ်....။





ကိုလင်းဒီပ ရဲ့ အကျော်ဆရာ ကဗျာကိုကြိုက်လွန်းလို့ ဖောက်ထုတ်လိုက်တဲ့ တောသားကဗျာလေးပါး)

Thursday, September 2, 2010

ရွှေယောက်ဖ ကောင်းမှုအကြောင်းပြု

ဘာရယ်မဟုတ်ပါဘူး ဟိုနားလည်းကြားရ ရွေးကောက်ပွဲ ဒီနားလည်းကြားရ ရွေးကောက်ပွဲဆိုတော့ ရပ်ကွက်ထဲမှာ ရွေးကောက်ပွဲအတွက် တစ်ပြားမှမရပဲ ကလော်တုတ်ခံရပြီး လုပ်အားပေးခဲ့ရတာလေးကို အမှတ်သွားရမိတယ် ။ အိမ်က ရွှေယောက်ဖ သံယောက်ဖ က နေရာတကာပါတဲ့ ကိုပါလေရာ သူ့ကောင်းမှုကြောင့် ကျနော့်မှာ တစ်ပါတ်လောက် ဒွတ်ခတော်တော် ရောက်သွားတယ် ။ရပ်ကွက် ဘောလုံးပွဲဆိုရင် သူက နည်းပြ အိမ်က လိမ်းဆေးဖိုးစိုက်ရ သံပုရာရည်ဖျော်ပေးရနဲ့ တော်တော်ကိုအလုပ်ရှုပ်တာ ကျနော့်အစ်မ ကလည်း ပြတ်သလားတော့မမေးနဲ့ မသေမျှင်နဲ့ နင်လား ငါလားပဲ “ နင် ရပ်ကွက်ထဲမှာ ရာအိမ်မှူး ဆယ်အိမ်မှူး လုပ်တဲ့နေ့ နင်နဲ့ငါ ကွဲတဲ့နေ့ပဲ” တဲ့ ။ အဲ့လောက်ပြောထားတာတောင် ရပ်ကွက်ရုံးက ခေါ်ပြီး တာဝန်ပေးလိုက်တော့ မျက်နှာငယ်လေးနဲ့ ကျနော့်ကိုလာပြောတယ် “ မင်း အစ်မသိရင် ပွစိပွစိ လုပ်နေအုံးမယ် လုပ်စမ်းပါဟ မုန့်ဖိုးပေးမယ် ” လက်ပေးလက်ယူ ဒို့ကြည်ဖြူပဲ တကယ်တော့ သက်သာမယ်ထင်လို့ လက်ခံလိုက်တာပါ။

နွေရာသီကြီး ပူတဲ့အချိန် ရပ်ကွက်ထဲ လိုက်မလှည့်နိုင်ပါဘူး ညနေပိုင်း အလုပ်နည်းနည်းပါးတဲ့ အချိန် စာရွက်တွေ ယူ တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ ကိုယ့်မှာ နေပူကြီးထဲ ပြသနာတက်လို့ ခွေးက လိုက်လို့ပြေးရတာနဲ့ ။ အိမ်ထောင်စုစာရင်း ပျောက်နေလို့ ၁၅ မိနစ်လောက် စောင့်ရတဲ့ အိမ်မျိုး ရှိသလို ၊ ထမင်းစားနေလို့ ခဏစောင့်ဆိုတာမျိုးလည်း ကြုံရတာပဲ ။ တစ်ချို့အိမ်ကျတော့ “ အစ်မ ရှာလိုက်အုံးမယ် မောင်လေး ခလေး ခဏလောက်ချီထားပေးပါလား ” ဆိုလို့ ချီထားပေးမိပါရဲ့ ရှူရှူးတွေပေါက်ချလိုက်လို့ နောက်ထပ်အိမ်တွေ စာရင်းလိုက်မကောက်ရတော့ပဲ စိတ်တိုတိုနဲ့ ပြန်လာခဲ့ရတဲ့ နေ့မျိုးလည်းရှိတယ် ။ “ နင်လာမယ်ဆို ငါ့ကိုလာကြိုပြော အိမ်ထောင်စုစာရင်းက ပျောက်လို့ရတာမဟုတ်တော့ သေချာသိမ်းထားရတာ ရှာဖို့မလွယ်ဘူး” မထင်ရဘူး ရပ်ကွက်ထဲက လူကြီးလူကောင်းအိမ်လို့ထင်ရတဲ့ မိန်းမကြီးက အပေါက်ဆိုးဆိုးနဲ့ ကိုယ့်ကိုများ ဟောက်ထည့်လိုက်တာ ဘယ်ရမလဲ “ ကျနော်က လခစားလည်းမဟုတ်ဘူး သက်သက်လုပ်အားပေးနေတာ အဲ့လောက်တောင်မအားရင်လည်း အဒေါ့်ပါသာ ရပ်ကွက်ရုံးမှာပဲ စာရင်းသွားပေးတော့ ကျနော်ကတော့ ကောက်လို့မရတဲ့ အိမ်စာရင်းထဲထည့်လိုက်ပြီး ” အဒေါ်ကြီးက မျက်လုံးကြီး ပြူးပြီးကြည့်နေတယ် ပြန်မပြောတတ်ဘူးထင်လို့ဖြစ်မယ် အားတော့နာပါရဲ့ သည်းမခံတတ်တာ ခက်တယ် ။

“ ဒီစာရင်းတွေလိုက်ကောက်နေတာ ဘာလဲ ဆန်ဝေမလို့လား ဆီဝေမလို့လား သောက်ရာရောက်တာလည်းမဟုတ် ပြီးရင် သူတို့ပါသာ တက်ချင်တဲ့သူတက်နေတာကိုများ ” တဲ့ အော် . ( သားနဲ့ ဘာဆိုင်လို့လဲ ဦးရယ် ) ။ “ ဟဲ့...နင်တို့ အဲ့တာလုပ်ပေးတာ တစ်နေ့ ဘယ်လောက်ရလဲ ” ဘာမှလည်းမဟုတ်ဘူုး တစ်ပြားမှမရပဲ ဒီလောက်နေပူကြီးထဲ လိုက်လုပ်နေရတာ စဉ်းစားကြည့်ရင် ယောက်ဖကို စိတ်တိုတယ် ။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ ဒါတွေက အပိုအလုပ်တွေပဲ ကိုယ့်ပါသာ ဘာမဲပဲထည့် သူတို့လည်း တက်ချင်တဲ့သူတက်မှာပဲ တော်ပြီး ပြောတော့ဘူး သားသားကြောက်ကြောက် ။ ၁ ပါတ်ကျော်ကျော်လောက် အပင်ပန်းခံပြီး ရပ်ကွက်ထဲ စာရင်းလိုက်ကောက်ပြီး ရုံးသွားပြန်အပ်တဲ့နေ့က နေ့စားရဖို့နေနေသာသာ မျက်နှာထားမာမာကြီးတွေနဲ့ ကျေးဇူးလို့တောင်မပြောဘူး ။ နောက်ထပ်တစ်ပါတ်လောက်နေတော့ အလုပ်တစ်ခုအတွက် ရပ်ကွက်ထောက်ခံစာလေး လိုလို့သွားလုပ်တာ ပိုက်ဆံမရတော့ မင်းက ဘယ်ကလဲတဲ့ ။ ” ဦးကလည်း ဟိုတစ်ခါခိုင်းတုန်းက ကျမှတ်မိပြီး ခုကျမမှတ်မိတော့ဘူးလား ရပ်ကွက်ထဲမှာ အိမ်ထောင်စုစာရင်းလိုက်ကောက်ပေးထားတာ ကျနော်လေ ” ဆိုတော့ အော် အေအေ တဲ့ ။ ဟူး လွယ်ဘူး ကျနော် ကတော့ နည်းနည်းလေးဆို ပြန်ခံပက်ဖို့ပဲသိတော့တယ်။

ရွေးကောက်ပွဲတဲ့ တစ်ခါမှမကြုံဖူးဘူး အဲ့တာက တကယ်ကြီးလား ဇတ်လုပ်ကြီးဖြစ်နေမယ်ထင်တာပဲ ဟဲဟဲ ။




Wednesday, September 1, 2010

စိတ်ကူးထဲ က ချစ်သူလေး

(image from teenee.com)



ချစ်သူ……
မင်းက ကိုယ့်အတွက်
နန်းဆန်တဲ့ တော်ဝင် သဇင် မဖြစ်ရင်နေပါစေ
မာယာ ကင်းပြီး မွှေးကြူတဲ့  ခရေ ပန်းလေးဆို
ကျေနပ်ပြီ………………။

ချစ်သူ…….
ကိုယ့် အတွက်
ပီကင်းက ဘဲကင် နဲ့ ကြေးအိုး
ဆိုးလ် က ရေခဲမုန့် နဲ့  ပဲခေါက်ဆွဲ
ဘရာဇီး က အရမ်းကောင်တဲ့ ကော်ဖီ တွေ မလိုပါဘူးးး
မင်းလေး ချက်ကျွေး မဲ့ ပဲဟင်းပျစ်ပျစ်လေးနဲ့ 
ငါးကြော် နောက်ပြီး ရေနွေးချမ်း ဖန်ဖန် ခါးခါး လေးဆို
တော်ပါပြီ


ချစ်သူ…….
တို့ တွေ အတွက် အဆင့်မြင့် ပန်းခြံတွေ သွား
အကောင်းစား စားသောင်ဖွယ်ရာတွေနဲ့  အပန်ဖြေစရာ မလိုပါဘူး
လသာတဲ့ညတွေမှာ .အိမ်ရှေ့ ကခုံတန်းလေးမှာထိုင်
ကောင်းကင်က လမင်းကြီးကို ကြည့်  မင်းလက်ကလေးကိုင်ပြီး
ချစ်စရာကြယ်လေးတွေ တစ်လုံးချင်း လျှောက်ရေတွက်ကာ
မင်းပြုတ်ကျွေးမယ့်  ပြောင်ဖူး ပြုတ် ပူပူလေး စားရရင်
လုံလောက်ပြီ

ချစ်သူ……..
ကိုယ် နေမကောင်းဖြစ်တဲ့ အခါ
အရမ်းတော်တဲ့  ပါရဂူတွေ ၊နာစ်တွေ မပြုစုရင် နေပါစေ
မင်းလေးရဲ့ နွေးထွေးတဲ့ လက်ကလေးနဲ့ ကိုယ့် နဖူးလေးကိုစမ်း
မင်းလေးတိုက်မယ့် မင်္ဂလာငွေမောင်း ဖြစ်ဖြစ် ၊ ပန်ကာ အခိုးပွင့်ဆေးလေးပဲ ဖြစ်ဖြစ်
သောက်ရရင်……..
ကိုယ့် ဘ၀ သေဆို သေ ပျော်ပါပြီ ကလေး ရယ်



ကဗျာလို့ထင်ရတဲ့ ဒီစာစုလေးကို ဘလော့ဂါဖြစ်ကာစက သူများတွေကို အားကျပြီးရေးထားတာလေ ခုပြန်ဖတ်ရင်း ပြုံးစိစိ ဖြစ်နေတယ် အချစ်ကဗျာဆရာကြီးတွေ လက်မှိုင်ချလောက်တဲ့ ကိုယ့်ရဲ့ ပထမဆုံးကဗျာလေးမို့ :)

LinkWithin

Related Posts Plugin for WordPress, Blogger...