Wednesday, March 30, 2011

ပုရစ်ကောက်တဲ့ည

ကျနော်တို့ရွာကလေးက ဟိုးအရင်တုန်းကတော့ လပြည့်လကွယ်ဆိုရင် ရွာအရှေ့ဘက်တောင်တွေဆီကနေ မောင်းထုသံတွေကြားရတတ်ပါတယ်တဲ့ ဒါက ရွာကရှေးလူကြီးတွေပြောတဲ့စကား ။ ရွာကလေး နာမည်ကတော့ ညည မောင်းထုသံတွေ ကြားရတဲ့ တောင်တွေရှိတာမို့ မောင်းတောင် လို့ခေါ်တဲ့ ရွာကလေးပါ ။ အများစုက ခြံသမားတွေ လယ်မစိုက်ပါဘူး မိုးတွင်းဆို ခရမ်း ၊ ပြောင်း ၊သခွားတွေ စိုက်တတ်ကြတယ် ။ အဓိက စိုက်ပျိုးကြတာက ကွမ်း ။ အခုရေးမှာက ပုရစ်ကောက်တဲ့ အကြောင်းပါ ။ အမေက အသက်သာကြီးပြီး ဇွဲကတော့မလျှော့သေး ရွာမှာ သူများ ဘာလုပ်လုပ် အမေက လိုက်လုပ်ချင်တာပဲ မဟုတ်ရင် သူတို့က ကိုယ့်ထပ်သာသွားသလိုလို အမေ့စိတ်မှာ မရိုးမရွဖြစ်ကော ။ ပြောတော့လည်းမရ အမေ ပင်ပန်းတယ် အဲ့တာတွေမလုပ်ပါနဲ့တော့ဆိုရင်လည်း နင်တို့ မလုပ်ပေးနေကျ ငါ့ပါသာ နေ့စားသမား ခေါ်ခိုင်းမယ်လို့ပြောပြန်ကော အဲ့တော့ အမေ့ကိုလည်း စိတ်မချတော့ ကိုယ်ပါ လိုက်သွားဖြစ်တယ်။

အမှန်တော့ ဒီအလုပ်က မကောင်းတော့မကောင်းဘူးလေ အမေကတော့ ကျနော့်ကို “ ဘုရားဖြစ်မယ့် အုတ်နီခဲ ” တဲ့း) ။ ပုရစ်ကို စားတော့သာကြိုက်တယ် ဖမ်းရမယ်ဆိုတော့ မဖမ်းချင်ပါဘူး ။ပြီးတော့ နှင်းကျတဲ့ဆောင်းမှာ ဆိုတော့ အေးကလည်းအေးတယ် အိပ်ယာထဲမှာသာ ဇိမ်ရှိရှိနဲ့ ကွေးချင်တာပါ ဒါမယ့် ရွာက ခလေးတွေကော လူကြီးတွေပါ အိမ်တိုင်း ပုရစ်ကောက်ထွက်ကြတာ အိမ်စောင့် အသက်ကြီးကြီး အဖိုးအဖွားတွေပဲ ကျန်ကြတယ် ။ အရင်ညတွေက ပုရစ်ကောက်ကြတာ ထောင်နဲ့ချီပြီးရကြတယ်တဲ့ ကျနော် သွားကောက်တဲ့ ညကျ မကျတော့ပါဘူးး) အဲ့လို လာဘ်ကီးကောင်းတာ ။


ပုရစ်ကောက်ရင် သုံးတဲ့ ပုံစံပါ ကျနော်က ပန်းချီဆွဲ တအားတော်တယ်ဆိုတော့ ၀ါးလုံးက တစ်လုံးကြီးတစ်လုံးသေးဖြစ်သွားတယ် မြင်သာအောင်သာဆွဲပြတာပါ ။ ပုရစ်ကောက်ရင် လိုအပ်တာတွေက မီးစက်က တစ်ညလုံးမောင်းထားရတယ် စက်သံကြီးက တအားဆူပါတယ် ပြီးတော့ တလဘတ်အဖြူ တစ်ချပ်ကို ဘေးက ၀ါး ၂ ချောင်းနဲ့ ပိတ်ကားပုံစံမျိုး လုပ်ထားပါတယ် အလယ်မှာက ၀ါးလုံးရှည်တစ်ချောင်း အဲ့ဝါးလုံးထိပ်မှာတော့ မာကျူရီ မီးလုံးသေးသေးလေးတစ်လုံး ကြာကြာကြည့်ရင် မျက်လုံးတအားစပ်ပါတယ် ။ပိုးဖလံမျိုး မီးကိုတိုးမှတ်လား ပုရစ်တွေက မီးရောင်ဆီကို တောထဲကနေ အရောက်လာခဲ့တာပါ ကျနော်တို့ တစ်ရွာလုံးကတော့ သရဲပေါတယ်လို့ ပြောကြတဲ့ မောင်းတောင်ရဲ့ ခြေရင်းမှာ ဆူညံ့လို့ပါ ။ ပုရစ်က မီးရောင်ဆီအရှိန်နဲ့ လာတော့ တလဘတ်အဖြူက ဘောက်ခနဲရိုက်ခတ်သံ ပြီးတော့ အရှိန်မထိန်းနိုင်ပဲ အောက်ကို ပြုတ်ကျတော့ အောက်မှာက သူတို့ ပြန်ခုန်ထွက်လို့မရအောင် ယိုင်ဘတ် လိုမျိုး တစ်ခု ကာထားပါတယ် ။ အဲ့ထဲကျသမျှ ပုရစ်က ကိုယ့်ပုရစ်ပေါ့ ။

တစ်ချို့ကတော့ မီးစက်ဖိုးလည်း မတတ်နိုင်တော့ ဒီတိုင်းပဲ ဘေးကနေ ကောက်တဲ့ ခလေးတွေလည်းရှိတယ် မီးစက်ပိုင်ရှင်က စည်းတားထားတယ် စည်းဝိုင်းအပြင်မှာတော့ ကောက်ချင်ကောက်ပေါ့ တစ်ချို့ကျပြန်တော့ အိမ်က ခလေးသားလေးတွေလည်း ခေါ်ကြတာပဲ ပြီးရင် စည်းဝိုင်းထဲမှာ တဲပုံစံလေးဆောက်ပြီး ခလေးတွေကိုသိပ် လူကြီးတွေကတော့ ကောက်ပေါ့ ။ ကျနော် သွားကောက်တဲ့နေ့က ကျနော်ရယ် အမေရယ် ပြီးတော့ နေ့စားနဲ့ ခေါ်ထားတဲ့ အစ်ကိုတစ်ယောက်ရယ် ။ အမေက ပုရစ်မကျတော့ ကျနော့်ကို စောင့်ခိုင်းပြီး အိပ်ပါတယ် ဟိုအစ်ကိုကလည်း ညဆက်တွေများတော့ မျက်လုံးတွေက မခံနိုင်တော့ဘူးထင်ပါ့ သူလည်း အမေအိပ်ပြီးမကြာဘူး လိုက်ခိုးအိပ်ပါတယ် ။

အမှန်တော့ အဲ့ညက ပုရစ်က အမေအိပ်ပျော်ပြီးမှ တော်တော်ကျတာပါ အမေက မအိပ်ခင်တော့မှာထားခဲ့သား “ ခလေးတွေ လာကောက်ရင် စည်းအပြင်ကနေပဲ ပေးကောက် အထဲမ၀င်စေနဲ့သိလား တအားကျရင် အမေ့ကိုနှိုး ” တဲ့ ဟုတ်ကဲ့လို့ လွယ်လွယ်ပဲဖြေလိုက်တယ် တောထဲဆိုတော့ ခြင်လိုလို ပိုးကောင်လိုလိုတွေက ပေါပါတယ် ကိုက်ရင်လည်း နာတယ် အမေ့ကိုပဲ ကျနော်က ခြင်ထိုင်ရမ်းပေးနေလိုက်တယ် ပုရစ်တွေကျတာ ထမကောက်ပါဘူးး) စည်းအပြင်က ခလေးတွေကို “ ဟေ့ကောင်တွေ ...ကောက်ကောက်...မင်းတို့ကြီးတော်မနိုးခင် တိုးတိုးကောက်ကြ မဆူကြနဲ့ ငါ့အမေနိုးရင်တော့ မင်းတို့ကောက်ရတော့မှာမဟုတ်ဘူး ” ။ ခလေးတွေက ကိုယ့်ရွာက ခလေးတွေကြီးပါပဲ သနားလို့ အော်လည်းမထုတ်ချင်ဘူး ခလေးတွေကောက်လိုက်တာများ ကော်ပုံးလေးတွေနဲ့ အပြည့်ပဲ သူတို့မျက်နှာလေးတွေက ပြုံးရွှင်လို့ အမှန်တော့ ပုရစ်ကို ကောက်ဖမ်းလိုက်တဲ့အချိန် သူ့ခြေတောက်နဲ့ ပြန်ကန်ရင် အဆူးတွေနဲ့ သိပ်နာပါတယ် ခလေးတွေကတော့ နာမှန်းမသိပါဘူး ပျော်နေလိုက်ကြတာ ကျနော်ကတော့ ပုရစ်ထကောက်ဖို့နေနေသာသာ နှင်းစက်တွေကျတဲ့ ဆောင်းညမှာ အတွေးတွေနယ်ချဲ့လို့ပေါ့ ။

အမေ နိုးတော့မယ်ထင်တယ် အမေ့ကိုယ်လေး လှုပ်လာတာနဲ့ “ ဟေ့ကောင်တွေ မင်းတို့ကြီးတော် နိုးပြီဟ ပြေး ပြေး ” လေသံလေးနဲ့ပဲ အော်လိုက်ပေမယ့် ခလေးတစ်အုပ် နားပါးချက် ပြေးတာတန်းနေကောပဲ ရွာက ခလေးတွေက အမေ့ကိုတော့ တော်တော်ကြောက်ကြတယ် ။ အမေက ပုရစ်ဘယ်လောက်ရလဲထကြည့်တော့ ယိုင်ဘတ်ထဲမှာကျတဲ့အကောင်တွေပဲရတယ် စည်းဝိုင်းထဲကျတဲ့ အကောင်တွေ ထမကောက်တော့ နည်းတာပေါ့ အမေက “ဟဲ့...သားငယ် နင်ထမကောက်ဘူးလား ” မေးတော့ ခေါင်းခါပြီး “ ဟင်အင်း ...အမေ့ကို ခြင်ထိုင်ရမ်းပေးနေတာ ” လို့ ပြောလိုက်တယ် အမေကတော့ သူ့နဖူးသူ လက်နဲ့ရိုက်လို့ အမေလေးဟယ် ဖြစ်ရလေ ဒီညတော့ ငါ ဆီဖိုးရှုံးပါပြီတဲ့ ။ ။ အမေကတော့ ဆောင်းရောက်လို့ ပုရစ်ကောက်ချိန်ရောက်တိုင်း ကျနော့်အဖြစ်ကို ပြုံးပြုံးကြီးပြောလို့ ရယ်ပွဲဆင်နေတတ်ပါတယ်း) ။ ပုရစ်ကောက်တဲ့အကြောင်းလေး ဒီမှာ ၀တ္ထုတိုလေး တစ်ပုဒ်ရေးဖူးပါသေးတယ် ။ဒါက ရွာက ပုရစ်ကောက်တဲ့ဖြစ်ရပ်လေးပါ နောက်များကျ အိုင်ပတ် ငါးဖမ်းကြတဲ့ အကြောင်းလေးတွေ အဆင်သင့်ရင်ရေးပါအုံးမယ်။



တာလဘတ် = ပလတ်စတစ်မိုးကာသား အဖြူကိုပြောတာပါ အရမ်းကြီးလည်းမထူ ပါးလည်းမပါး တဲ့ဟာမျိုး ။

မာကျုရီမီးသီးဆီကို အရှိန်နဲလာပြီး ဘယ်လိုလုပ် ပြုတ်ကျတာလဲ ဆိုတော့ မီးရောင်ကို သူတို့ကကြိုက်ကြတယ်မှတ်လား အဲ့တော့ပုရစ်က မိုးပေါ်ကနေ အရှိန်နဲ့ ပျံလာကော ပြီးတာနဲ့ တာလဘတ် ကို ၀င်တိုက်တော့ ခေါင်းနည်းနည်းမူးသွားတယ်ထင်တယ် အဲ့တော့ သူတို့ အောက်ပြုတ်ကျသွားကော သူတို့ ပြန်ခုန်ထွက်လို့မရအောင် လူတစ်ရပ်စာလောက်ရှိတဲ့ အောက်က ယိုင်ဘတ် နဲ့ ကာထားလိုက်တယ် ။

ယိုင်ဘတ် = ဖျာရှည်တစ်ချပ်ကို အ၀ိုင်းဖြစ်အောင်ဘေးနှစ်စ ကို ဆက်လိုက်ပါ အထဲမှာ လူဝင်ထိုင်ကြည့် ကျော်ခွလို့မလွယ်တော့ လူတောင် ပြန်ထွက်ရခက်ကော အဲ့တာကို ယိုင်ဘတ်လို့ခေါ်ပါတယ် ။


Tuesday, March 29, 2011

အချစ်အကြောင်းပြောရအောင်




အချစ်ကို လုပ်ဇတ်တွေ အမျိုးမျိုးခင်း မဟုတ်ဇတ်တွေခင်းခဲ့တာလည်းများပါပေါ့ ။ အချစ်ကို နာမည်ဆိုးအမျိုးမျိုးပေး ကင်ပွန်းတပ်ခဲ့တာလည်းကိုယ်ပါပဲ ။သူ့ပါသာသူနေတဲ့ အချစ်က ပုံစံမပျက် ပြုံးပြုံးကလေးကြည့်လို့ ကိုယ့်ကိုပဲ လှောင်နေသလိုလို ။အချစ်ကို တစ်ခါလောက်တော့ ရိုးသားချင်ပါတယ် ။ အချစ်အကြောင်းပြောရအောင် စခဲ့သူ ဆရာမမေငြိမ်း ၊ တဂ်ပို့စ်တွေစသူ အစ်မသက်ဝေ နဲ့ အချစ်အကြောင်းရေးဖို့ ပြောသူ အစ်မအိမ့် အားလုံးက ကိုယ်လေးစားရတဲ့သူတွေ ဒါကြောင့် ဒီပို့စ်လေးရေးဖြစ်ပါတယ် ။ ကျနော် တစ်ခါလောက်တော့ အချစ်အတွက် ရိုးသားစွာ ၀န်ခံချင်ပါတယ် ကျေးဇူးပြုပြီး ဒီထဲကအကြောင်းရာတွေ အမှန်တွေလားလို့ မမေးလိုက်ပါနဲ့နော် ကျနော် ဟုတ်ကဲ့လို့ မဖြေချင်လို့ပါ ။

**************************************************************************


အချစ်နဲ့ ကိုယ် စတင်ဆုံတွေ့စဉ်က ရင်ခုန်စရာမကောင်းခဲ့ပါ ကြည်နူးစရာကောင်းတဲ့ လေပြေအေးတွေ မတိုက်ခပ်သလို ဆိတ်ငြိမ်တဲ့ နေရာတစ်ခုလည်းမဟုတ်ပြန်ဘူး ။ အချစ် နဲ့တွေ့တဲ့နေ့က အများနည်းတူ သူနဲ့ကိုယ် လူအုပ်ကြားထဲ ကြပ်ပိတ်တိုး နေရတဲ့အချိန် ကိုယ်သင်းရနံ့နဲ့ မူးမိုက်ဖို့မပြောနဲ့ ချွေးနံ့တွေနဲ့ မူးလဲမကျတာကံကောင်း ။အချစ်က ရင်ခုန်မှုက စတယ်ဆိုပေမယ့် ကျနော့်အတွက်တော့မဟုတ်ပြန်ပါဘူး ကျနော် အချစ်နဲ့ဆုံတဲ့နေ့က ရင်မခုန်ခဲ့လိုပါ ။ ရင်ခုန်တိုင်းအချစ် ဆိုတာတော့ လက်မခံပါ ဆိုင်မှာ မျက်နှာသစ် ခေါင်းလျှော်တာ အပိုအလုပ်တွေလို့ထင်တဲ့ ကိုယ် ပထမဆုံးအကြိမ်း ခေါင်းလျှော်တုန်းက အသားဖြူဖြူ ဆံပင်ရှည်ရှည်နဲ့ကောင်မလေးတစ်ယောက် ကိုယ့်ခေါင်းကို ကိုင်တုန်းကရင်တစ်ချက်တော့ခုန်သွားတယ် သူစိမ်းမိန်းခလေးတစ်ယောက် နီးနီးကပ်ကပ် အသက်ရှူသံကြားရတာ ဒါ ပထမဆုံးအကြိမ်မို့ပါ ဒါပေမယ့် အချစ်ဆိုတာမဖြစ်ပေါ်ခဲ့ပါဘူး ။

အချစ်အပေါ် ကိုယ့်ရဲ့ ပထမဆုံးမှတ်ချက်ပေးမိတာက “ ဘယ်လိုကြီးလည်းဟ ဒီလောက် ခဲတွေများတဲ့နေရာကို လာရတာ ဘယ့်နှယ့် ခုန်မြင့်ဖိနပ်ကြီးစီးခဲ့တာလည်းမသိ ဆံပင်တွေဖြင့် ပွလန်လို့ စကပ်ကြီးကလည်းဝတ်ထားသေး မလိုက်ဖက်လိုက်ပုံများ ” ။ မကြာခင် အချစ်က ကိုယ့်ဆီကို တန်းတန်းမတ်မတ် မောလို့ ခဏထိုင်နားနေတဲ့ ကိုယ့်အနား “ မောင်လေး.... ဒါပြီး ဘယ်သွားရမှာလဲဟင် အစ်မသေချာလည်းမသိဘူး ခဏလောက် ကူညီပေးပါလား အစ်မ သူငယ်ချင်းတွေ ရကုန်ပြီး အစ်မ တစ်ယောက်ပဲကျန်တော့တယ် ” အမှန်ကတော့ ရှုပ်၂ရှက်၂ လို့စိတ်ထဲဖြစ်မိသေး ဒါမယ့် ကူညီတတ်တာက ကိုယ့်ရဲ့ အကျင့်ဆိုတော့ လိုက်ကူညီပေးဖြစ်တယ် အချစ်က ကိုယ့်ကို ကျေးဇူးတင်ကြောင်းပြောတော့ ခေါင်းကလေးညိတ်ပြရုံနဲ့ ကိုယ့်လှည့်ထွက်ခဲ့တယ် ခဏနေတော့ အချစ်က ကိုယ့်ဆီနောက်တစ်ခေါက် ကော်ဖီအေးတစ်ဗူးနဲ့ တစ်ရှူးလေးတစ်ထုတ် ။

နေ့လည်ပိုင်း ထမင်းစားချိန်ရောက်တော့ဆိုင်ထဲဝင်ကာနီး ပိုက်ဆံအိတ်ရှာတော့ “အယ်...ငါ ပိုက်ဆံအိတ်မေ့ကျန်ခဲ့ပြီး ” မောင်လွဲကတော့လွဲပြီး ဗိုက်ကလည်း အချက်ပြ ဘာမပြော ညာမပြောနဲ့စောနက မမကြီးဆီတန်းဝင်သွားလိုက်တယ် ပြီးတော့ သူ့ခုံမှာ ခပ်တည်တည်ဝင်ထိုင်လိုက်တယ် “ ကျနော်ဗိုက်ဆာလို့ ပိုက်ဆံလည်းမပါဘူး ” မရှက်တတ်ပုံများ ။ အချစ်ကတော့ ရယ်ချင်စိတ်ကို အောင့်ထားရတဲ့ပုံမျိုးနဲ့ “ အေးအေး...စားလေ အစ်မ၀ယ်ကျွေးမယ် ဘာနဲ့စားမလဲ ရော့ .. ရေတစ်ခွက်အရင်သောက်လိုက်အုံး ” အချစ်က အစကတည်းက ကိုယ့်အတွက် အဲ့လိုဂရုတစိုက်ရှိခဲ့ဖူးတာ ။

အချစ်...ကိုယ့်အတွက် ကြွားချင်လွန်းလို့ တကူးတက ငါးခြောင်းစင်းကြော်လေး ပို့လိုက်တုန်းက အားရ၀မ်းသားနဲ့ “ စားကောင်းရဲ့လား ” လို့မေးတုန်းက ငရုပ်သီးဖတ်တွေများတဲ့အကြောင်း ဆီနည်းတဲ့အကြောင်း ဂျီးထူမိတော့ အချစ်က ၀မ်းနည်းသံနဲ့ “ ကောင်းကောင်း မကောင်းကောင်း ကောင်းတယ်လို့ပြောလိုက်ပါတော့လားကွယ် ပင်ပင်ပန်းပန်း လုပ်ထားရတာလေး အခုတော့ အရာမထင်ဘူး ” ။ မကောင်းပဲနဲ့လည်း မညာချင်တော့ ပြောလိုက်မိပြန်ပြီး အချစ်ကတော့ ကိုယ့်ကိုခွင့်လွှတ်မြဲ “နောက်တစ်ခါဆို ကျနော် ညာပြောမယ် ” အဲ့လိုပြောတုန်းက အချစ်က သက်မဲ့အရာတွေအတွက် ညာချင်ညာပါ ရင်ထဲက အချစ်တွေကို မညာရင် ကျေနပ်ပါပြီတဲ့ ။

အချစ်နဲ့ ဆုံတိုင်း ကိုယ့်မှာ မာနတွေ လောဘတွေ တဏှာတွေကင်းတယ်ဆိုတာ ကိုယ်ကလွဲလို့ ဘယ်သူမှ ယုံနိုင်မယ်မထင်ပါ ။ ကိုယ့်ဆီ အချစ်လာလည်တုန်းက သူ့အတွက် သံပရာရည်အေးအေးတစ်ခွက်ဖျော်တိုက်ခဲ့တာကလွဲလို့ ချွေးစို့နေတဲ့နဖူးစက ချွေးစက်ကလေးတွေကြောင့် ပန်ကာလေးဖွင့်ခဲ့ပေးတာကလွဲလို့ ချစ်သူကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ထမင်းခွံကျွေးခဲ့ဖူးတာက လွဲလို့ တစ်ကြိမ်းတည်းသော ချစ်သူရဲ့ ပေါင်ပေါ် မှေးစက် အိပ်မောခဲ့တာက လွဲလို့ ဘာဆိုဘာမှမရှိခဲ့ပါ။အချစ်နဲ့ကိုယ် တကယ်ကို ချစ်ခဲ့ဖူးကြတယ်ဆိုတာ ယုံမှားသံသရ မရှိနိုင်ပါဘူး တကယ်ကိုချစ်ခဲ့ကြတာပါ ။


အချစ်နဲ့ပက်သက်လို့ ကိုယ်တွေဝေခဲ့တုန်းက အချစ်က နားလည်မှုရှိရှိ လက်ခံပေးခဲ့တာကိုလည်း ရင်းထဲအမှတ်တရရှိလျှက်ပါ “ ကောင်လေး....စိတ်တွေမတွေဝေပါနဲ့ မင်း ဆုံဖြတ်ချက်အတိုင်း လက်ခံနိုင်ပါတယ် ဒါကဖြစ်သင့်ပါတယ်လေ ” ။ ကျနော်တို့တစ်ယောက်နဲ့တစ်ယောက် သံသရကင်းကင်း မာနကင်းကင်းနဲ့ လက်မပြ နှုတ်မဆက်ပဲ ကျောာခိုင်းခဲ့ပါတယ် ။ အချစ် အဲ့ဒီနေ့ကလည်း ပြုံးနေပါတယ် ကျနော်ကတော့ ရင်ထဲမှာ ငိုနေသလိုလို ။

အချစ်နဲ့ပက်သက်လို့ ခုအရွယ်မှာ ဆယ်ကျော်သက်တွေလို ရင်မခုန်တတ်တော့အောင် သင်ပေးခဲ့တာဟာလည်း အချစ်ပါပဲ ။ အသားစိုင်တွေ ပေါ်လွင်အောင် ၀တ်ဆင်ထားတဲ့ လည်ဟိုက် ချက်ပြုတ်ဝတ်ထားတဲ့ ကောင်မလေးတွေမြင်ခဲ့ရင်လည်း ဖော်ကျူးထားတာကို မြင်နေရတာပါပဲလို့ထင်မြင်ရုံကလွဲလို့ ဘာခံစားချက်မှ မဖြစ်တော့တာလည်း အချစ်က ကိုယ့်အချစ်တွေ အားလုံး ယူဆောင်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ ။

အချစ်
အချစ်အကြောင်းပြောဖို့
ဆရာစားတစ်ကွက်တော့ ချန်လှပ်ခွင့်ပြုပါ

ချစ်တယ်ဆိုတာ

ရင်မခုန်ပဲ စတင်ခဲ့တယ်ဆိုရင်
အချစ်နဲ့ ကျနော့်ကြားက ချစ်ခြင်းတရားဟာ
ကျိန်စာမိသွားတဲ့ အချစ်ပုံပြင်တစ်ပုဒ်ပါ။

အချစ်ဆိုတာ
အသက်ရှူသံပြင်းပြင်းတွေ
မပါဝင်ခဲ့ဘူးဆိုရင် လမ်းခွဲမယ်ဆုံးဖြတ်တုန်းက
သံယောဇဉ်နှောင်ကြိုးတွေ တင်းကျန်မရစ်နေအောင်
ဘာကြိုးမှ မချည်နှောင်ခဲ့မိတဲ့
ခပ်မိုက်မိုက် အတွေးအခေါ် လွဲမှားမှုတစ်ခုပါ ။

အချစ်ဆိုတာ
မျက်ရည် မရှိရင် ငြင်းခုံမှုမရှိရင်
စိတ်ကောက်ခြင်းမရှိရင် နာလည်ချင်ယောင်မဆောင်ရင်
အချစ်နဲ့ ကျနော် လမ်းခွဲတစ်ခု မှာ လမ်းခွဲစကား
ပြောဖြစ်ချင်မှ ပြောဖြစ်လိမ့်မယ် ။


အချစ်ဆိုတဲ့ အဖြူရောင် ကားချပ်တစ်ခုကို
နားလည်မှု စာနာမှု ဆိုတဲ့ ဆေးရောင်တွေ
ပက်ဖျန်းလို့ အရောင်ပြောင်းအောင်လုပ်ခဲ့တာလည်း
အချစ် နဲ့ ကျနော်ပါပဲ

ဘာပဲဖြစ်ဖြစ်
အချစ်နဲ့ ဆုံစည်းခွင့်ရလို့ အချစ်ကိုကျေးဇူးတင်ပါတယ်
ကျနော်ပြောပြချင်တဲ့အချစ်အကြောင်းက
ဒီနေရာမှာတင် နိဂုံးချုပ်ခဲ့ပါတယ် ။





Sunday, March 27, 2011

ရှေးရိုးစွဲ နဲ့ မောင်ချူချာ


ကျနော်က တော်သူတောင်သားမိဘနှစ်ပါးက ဆင်းသက်လာတာဆိုတော့ ရှေးရိုးစွဲအမွေးလေးတွေကရှိတုန်းက ကန်တော့ ကန်တော့ တောထဲမှာ ဆိုတော့ အပေါ့အပါးသွားချင်ရင်တောင် တောပိုင်တောင်ပိုင်တွေကို ခွင့်တောင်းပြီးမှသွားဖို့ မိဘတွေကမှာတတ်တာမျိုး မဟုတ်၇င် နတ်ကိုင်တတ်တယ် ကိုယ်လဲကျလို့ ဒဏ်ရာတွေ ရရင်များ အမေ က မြေလှန်ပြီး မြေစာကျွေးရတာနဲ့ နတ်မြှောက်ရတာနဲ့ အိမ်မှာတစ်ယောက်ယောက် နေမကောင်းဖြစ်ရင်များ ရိုးရာနှောင့်ယှက်လေသလား အိမ်တွင်းမှာများ အနှောင့်ယှက် ဖြစ်သလား အမေ့မှာ လုပ်လိုက်ရတာ အမော ။ မှတ်မိသေးတယ် ကျနော် အာရုံကြော အားနည်းပြီး လေးဘက်နာတော့မဟုတ်ဘူး ခပ်ဆင်ဆင်ဖြစ်တုန်းက အမေ နဲ့ အဘ ယတြာတွေချေ ကရင်ရိုးရာအတိုင်း လုပ်ဆိုလို့ တရေးနိုးကြီး လင်မယားနှစ်ယောက်ထလုပ်ကြတာ သားသမီးဇော ဆိုတော့ ပင်ပန်းမှန်းမသိကြဘူးထင်ပါတယ် ။

ခုရက်ပိုင်း တုပ်ကွေးလိုလိုဖြစ်နေတာကြာပြီး နှာစေးလိုက် ချောင်းဆိုးတာလေးက ပါလိုက် ရာသီဥတုကလည်းမငြိမ်ဘူး ။ ကျနော်က ပိန်တော့ ကိုယ်ခံအားနည်းပါတယ် ပိန်တဲ့သူက ကားတိုးစီးတဲ့နေရာသာ အဆင်ပြေတယ် ဒီလိုနေရာမျိုးကျတော့ ခံရပြန်ကော ။ကောင်းတဲ့ အချိန်တော့ ဘာမှမဖြစ်ဘူး နေမကောင်းတဲ့ အချိန်ဆို အားငယ်ပါတယ်း( ငပျော့ကြီးပဲ ပြောပြော ဘာပြောပြော ။ နေမကောင်းရင် အမေ ချက်ကျွေးတာလေးလည်း စားချင်တယ် ခေါက်းကိုက်တယ်ဆိုရင် အမေက နနွင်းမှိုင်း ပေးရှူတာမျိုး အပူကန်ဆေးလေးတိုက်ပြီး ချွေးထုတ် စောင်ကြီးနဲ့ အုပ်လို့ အပေါ်က ဖိထားပေးတာမျိုးကို တမ်းတမိပါတယ် ဒါတွေက အခုတော့ အလှမ်းကွာလှတာပေါ့ဗျာ ။

မနေ့ကတော့ ဘယ်လိုမှ မခံစားနိုင်တော့ဘူး တကိုယ်လုံး ပူကျစ်ပြီး တော်တော် ခံစားနေရတာ ။ ဆေးလည်း မထိုးချင်ပါဘူး ဆေးထိုးရတာလည်းမကြိုက်ဘူး အင်္ဂလိပ်ဆေးတွေကိုလည်း ရှေးရိုးစွဲ အတိုင်းမပျောက်ဘူးလို့ ခံစားရတယ် ဒါက စိတ်ကြောင့်ဆိုတာလည်း သိပါတယ် ခေတ်လူငယ်တစ်ယောက်က ဒီအယူကြီးတွေရှိနေတာ သိပ်တော့မဟုတ် ဒါမယ့် အငယ်ထဲက ပါလာတဲ့ အကျင့်ဆိုတော့လည်း ပြင်ရခက်သား ။ မြ၀တီက အစ်မ၀မ်းကွဲ အိမ်ကိုဖုန်းဆက်ထားတယ် “ အစ်မ ...ကျနော် နေမကောင်းလို့ အဲ့တာ ခဏလာနေမယ် ဟင်းချို/ခရမ်းချဉ်သီးငါးပိချက် /သရက်သီးသုတ်” အဲ့တာတွေစားချင်တာ” လို့ပြောတော့ အစ်မက ချက်ထားပေးပါတယ် ဟိုဘက်ကမ်းရောက်တော့ ဟင်းနံ့ရတာနဲ့တင်ရောဂါက တစ်ဝက်လောက် သက်သာသွားသလို အစ်မက ဆေးခန်းသွားမလားဆိုတော့ ခေါင်းခါလိုက်တယ် ။

အဲ့တော့ ကျနော်သောက်ဖြစ်တဲ့ဆေးက အပူကန် ဗမာဆေးပါ ရှေးရိုးစွဲ ရှိတဲ့ မောင်ချူချာက အဲ့တာသောက်မှပဲ ကောင်းမယ်လို့ ထင်နေတာ ဆေးကို ရေနွေးပူပူလေးနဲ့သောက် ပြီးတော့ စောင် ခေါင်းမြီးခြုံပြီး အိပ်လိုက်တယ် နည်းနည်းတော့ သက်သာသွားသလို ။ မနက် အလုပ်ပြန်တက်ရမှာမို့ ဒီနေ့ညနေပြန်လာရပြီး ပြန်ဖျားချင်နေသလိုလို ။ဘာပဲဖြစ်ဖြစ် နေမကောင်းဖြစ်တဲ့ အချိန် အမေတိုက်တဲ့ အခိုးပွင့်ဆေးလေးသာ သောက်ချင်ပါတယ် ခုတော့ နေမကောင်းသေးပါး( ။ နေမကောင်းသေးဘူးသာ ပြောတယ် နေမကောင်းတဲ့အကြောင်း ပို့စ်ရေးဖို့တော့ တက်နိုင်တယ်လို့ မပြောပါနဲ့နော်း) ဘလော့ဂါမျိုးဟေ့ ဒို့ဗမာ အရေးတော်ပုံအောင်ရမည်ပေါ့ဗျာ ဟိဟိ ရှူးး တိုးတိုး :D




Saturday, March 26, 2011

ဗျူး

ဗျူးမယ်... ဘယ်သူနဲ့ ဗျူးမှာလဲ ဘယ်သူက ဗျူးမှာလဲ ဘာတွေမေးမှာလဲ ဘာတွေဖြေရမှာလဲ ...မသိပါ ။ သေချာတာက မေးတဲ့သူကတော့ အူကြောင်ကြောင်ပါ ဒီကောင်နဲ့က ငယ်ပေါင်းတွေမို့သာ စိတ်ရှည်လက်ရှည် ဖြေပေးလိုက်ပါတယ်း) ဘာတဲ့ စလီဗျစ်တီ တွေမှ ဗျူးခံရတာမဟုတ်ပါ ကိုယ်လည်း ဗျူးခံရပါတယ် ။

မေး= Blog ဆိုတာကို ဘယ်အချိန်လောက်ကသိပြီး ဘယ်လိုစဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ ။

ဖြေ = Blog ကိုသိတာ ၂၀၀၇ လောက်ကပါ အဲ့တုန်းက စာတောင်မရိုက်တတ်သေးတော့ စာတွေပဲလိုက်ဖတ်တာပေါ့ မနိုင်း ၊ မအိမ့် တို့ ဘလော့တွေကို အချိန်ပြည့်ဖွင့်ထားတတ်ပြီး စာဟောင်းတွေပြန်မွှေဖတ်ဖြစ်တယ် ။ စာတွေဖတ်ရင်း စာလည်းရေးချင်စိတ်တော့ဖြစ်မိပါရဲ့ ဒါမယ့် ဘာရေးမလဲ ကိုယ့်ပါသာပြန်မေးတော့ ဘာရေးရမှန်းမသိဘူး ဘလော့လည်းလုပ်မတတ်သေးဘူး စာတွေလိုက်ဖတ်ရင်း ကိုသင်္ကြန်ကြီး နဲ့အပြင်မှာပါဆုံဖြစ်တော့ အစ်ကို ကဘလော့ရေးမလားလို့မေးပါတယ် ရေးချင်တယ်လို့ပြောလိုက်မိတယ် အဲ့တုန်းကလည်း ဘလော့ကတော်တော်ပျော်စရာကောင်းပါတယ် ။ ဘလော့ရေးချင်စိတ်ဖြစ်လာအောင် အားပေးတဲ့သူတွေက မဂျစ်တူး ၊ မျှားပြာ တို့ပေါ့ အခုတော့ သူတို့လည်း ပျောက်ကုန်ပါပြီးဘလော့လေးလုပ်ပေးပါတယ် ကိုသင်္ကြန်ပါ ။စရေးဖြစ်တာက ၂၀၀၇ နိုဝင်ဘာမှာပါ ။


မေ= အရင်တုန်းက ဘလော့ရေးတာနဲ့ အခု နဲ့ ဘာတွေကွာခြားတယ်လို့ထင်ပါသလဲ ဘာတွေတိုးတက်ပြောင်းလဲလာပြီး ဘာတွေမပြောင်းလဲသေးဘူုးလို့ထင်ပါသလဲ ။

ဖြေ= အင်း....ဥပမာလေးနဲ့ ပြောရရင်တော့ ဘလော့စရေးကာခါစက ချစ်သူစရကာစ သူနဲ့တူုပါတယ် ချစ်သူကိုပဲ အရိပ်တကြည့်ကြည့် စားလည်း ဒီစိတ် သွားလည်း ဒီစိတ် ဘာလေးပဲ လုပ်လုပ် သူ့ကိုစိတ်ထဲရောက်နေတယ်တတ်တယ် သူမရှိရင်ပျင်းတယ် သူ့ကိုလွမ်းတာပေါ့ဗျာ ။ အခုကျတော့ သူက ခလေး ၅ ယောက်လောက်ရသွားတဲ့ ဇနီးမယားနဲ့ သွားတူပြန်ကော သူက ရှင်ကျမ ကိုပစ်ထားတယ် ကျမ မှာဖုန်တတ်နေပြီလို့ ပြောလာရင်လည်း “ ငါအားနေတယ်လို့မင်းထင်လား ” လို့ ခပ်တည်တည်နဲ့ ဟောက်တတ်နေပြီး ။ ရေးချင်တဲ့အခါရေးပြီး မရေးချင်လည်း မရေးဘူးပေါ့ဗျာ ။ သူမရှိရင်တော့ လွမ်းသလိုလိုဖြစ်ပေမယ့် ချစ်သူဘ၀တုန်းကလို တမ်းတမ်းစွဲကြီးမဟုတ်တော့ဘူးပေါ့း) ။ ဘာတွေတိုးတက်လာသလဲဆိုတော့ ကျနော်မဟုတ်တာကို အဟုတ်ရေးတတ်နေပြီး ဟဲဟဲ ။ မပြောင်းလဲသေးတာက ဘာရှိလည်းဆိုတော့ စာလုံးပေါင်းမှားတာပါ အဲ့တာကြောင့် ပရိုဖိုင်မှာပါ တင်ထားရတယ် တော်တော်ကိုမှားတတ်လို့ပါ အခုတော့ နည်းနည်းကြိုးစားပြီးပြင်နေတယ် ။

မေ= ဘာကြောင့် Blog ပြန်ရေးဖြစ်တာပါလဲ တော်တော်ကြာပျောက်သွားသေးတယ်လေ ။

ဖြေ= မနေနိုင်လို့ပါ စာရေးစရှိတဲ့သူက စာမရေးပဲနေရတဲ့အခါ ဆေးလိပ်ဖြတ်ထားတဲ့သူ ဆေးလိပ်ပြန်သောက်ချင်သလိုပေါ့ အရင်တုန်းကတော့ ဘလော့နဲ့ပက်သက်ရင် ရတဲ့မှတ်ချက် တစ်ကြောင်းလေးပဲဖြစ်ဖြစ် ခံစားလွယ်တာ စိတ်ညစ်တတ်တာတွေပါဒါကြောင့်လည်း ပျောက်သွားတာ ။ ဘလော့ မရေးးးးဖြစ်တဲ့အချိန်အတွင်းမှာတော့ စာလေး ၂ပုဒ်ပဲရေးဖြစ်တယ် သံချောင်း နဲ့ မအိမ့်ရဲ့ စာအုပ်ဝေဖန်ချက်လေးအကြောင်း ။ အဲ့တုန်းက ဘယ်လောက်ထိလဲဆို စာရေးချင်စိတ်ပြောပါတယ် ခေါင်မိုးပေါ် ဗန်ဒါသီးကြွေကျတာကိုတောင်စာရေးချင်စိတ်ဖြစ်မိတယ် ။စာပြန်ရေးဖို့ တိုက်တွန်းတာက သူငယ်ချင်း မိုင်ရာ ပါ ။

မေ= အရင်ဘယ်သူ့စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ ။

ဖြေ= ကျနော့်ရဲ့အကြိုက်ဆုံး ဘလော့ရေးသူက ကိုကလိုစေးထူး ပါ အခုတော့ သူ့စာတွေမဖတ်ရတာတော်တော်ကြာပြီး ။အခုတော့ ကိုညီလင်းသစ် ဘလော့ကစာတွေတော်တော်ကြိုက်တယ် သိတာမကြာသေးတာမို့ စာဟောင်းတွေအကုန်မွှေနှောက်ဖတ်ပြီး ခြေရာတွေကျန်ခဲ့ဖြစ်ပါတယ် ။ ကဗျာ ဘလော့ဆို လတ်တလော ကိုသက်ထွေး ကဗျာတွေ တအားကြိုက်နေတယ် ။

မေ= ဘလော့ကိုလာဖတ်တဲ့သူတွေ နဲ့ မှတ်ချက်အကြောင်းလေးတွေကော ပြောပြပေးပါအုံး ။

ဖြေ = ကျနော့် ဘလော့က လာဖတ်တဲ့သူနည်းပါတယ် ပုံမှန်မှတ်ချက်ပေးတဲ့သူလည်း ၁၀ ယောက်လောက်ပဲရှိမယ် တစ်ချို့လည်း တိတ်တိတ်လေးပဲဖတ်ပြီး ပြန်သွားကြတဲ့သူတွေလည်းရှိတယ် ။ မှတ်ချက်တွေအတွက်ကျေးဇူးပါ ကိုယ်အပြင်လောကမှာစိတ်ညစ်နေတိုင်း အားဖြစ်စေတာလဲ ဒီမှတ်ချက်လေးတွေကြောင့်ပါ ။ ကျနော်လိုက်ဖတ်ဖြစ်တဲ့ ဘလော့တွေလည်းများပါတယ် ဒါမယ့် ပေးခဲ့မိတဲ့ မှတ်ချက်တွေကတော့ ညံ့တုန်း တစ်ခါတလေ ဆို စာရေးသူပေးချင်တဲ့ မက်ဆေ့ကို မရောက်ပဲ ပေးမိသလိုဖြစ်မှာစိုးလို့ မရေးပဲပြန်ခဲ့တာမျိုးလည်းရှိတယ် ။

မေး= ဘယ်လိုစာတွေရေးဖြစ်သလဲ ဘာအကြောင်းတွေရေးဖြစ်လဲ။

ဖြေ = ဘယ်လိုစာတွေလည်းဆိုတော့ ဖတ်ကြည့်ပေါ့ဗျာ ပေါတောတောတွေများပါတယ် ။ဘာသာပြန်လည်းမတတ်ဘူး ကဗျာလည်း မတတ်ဘူးဆိုတော့ ကိုယ့်အကြောင်း ကိုယ်ပြန်ပြောနေတာတွေကများသွားတယ် ပါစင်နယ်တွေများကုန်ပြီး လျှော့အုံးမှလို့တွေးလိုက်၇င် ရေးစရာတွေမရှိတော့ဘူးး) အဲ့တော့ အများဆုံးရေးဖြစ်တာက ကိုယ့်အကြောင်းကို ကိုယ် ပြန်ပြောပြနေတာပါပဲ သိပ်တော့မခက်ခဲပါဘူး ကိုယ့်အကြောင်း ကိုယ်အသိဆူုံးမှတ်လား ။

မေး= အချစ်အကြောင်းတွေရေးဖြစ်တာက ။

ဖြေ= အဲ့တာကလားး) ဒီလိုပါပဲ ဝေ ဆိုတာလည်းမရှိဘူး မ-- လည်းမရှိဘူး ဘဲကြားမ ဆိုတာလည်း မရှိဘူး ကျနော်ဖတ်ဖူးတဲ့ တွတ်ပီကာတွန်းထဲကလိုပေါ့ ဗိုက်ကလေးက ရွာထဲက အပျိုမလေးတစ်ယောက် ယောက်ျားနောက်လိုက်သွားတိုင်း သူပါ အိမ်ထဲက အိမ်ပြင်မထွက်တော့ဘူးတဲ့ အထင်ခံရလဲ နည်းသလားပေါ့ ကျနော်လည်း အဲ့လိုပဲ ဟဟား ကိုယ်တွေ့တွေလားဆို အင်းး...အဲ လုပ်နေလိုက်တယ် ကျနော်လည်း အထင်ခံရနည်းသလားပေါ့ဗျာ ။

မေး = ဘာအကြောင်း အရေးချင်ဆုံးလဲ

ဖြေ= အမေ့ အကြောင်းပါ ပြီးတော့ ကျနော့်မိသားစုနဲ့ ကျနော့်ရွာကလေးအကြောင်းကို အရေးချင်ဆူုံးပါပဲ ဒါမယ့် ရေးရလောက်အောင်လည်း ကြီးကျယ်ခမ်းနားမှုသိပ်မရှိပါဘူးလေ ။

မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ ။

ဖြေ= ကောင်းကွက်က သူငယ်ချင်းတွေတိုးတယ် ဗဟုသုတတွေများလာတယ် ။ တကယ် ကျနော်က စာကို စာလိုပဲလို့ ရိုးရိုးမဖတ်ပဲ လူကိုပါ တွဲတွဲမြင်တတ်တာပါ ဒါက ကောင်းတဲ့အချက်လား ဆိုးတဲ့အချက်လားမသိတော့ပါဘူး ။ စာကိုဖတ်ရင်း အဲ့ဘလော့က စာရေးတဲ့သူကိုပါ စိတ်ထဲရင်း၂နှီးဖြစ်တတ်တာမျိုး တစ်ချို့ဆို အပြင်မှာပါ တကယ့်သူငယ်ချင်းတွေလို ခင်တတ်ကြတဲ့ သူငယ်ချင်းတွေ အစ်ကိုတွေလည်းရှိပါတယ် အဲ့အတွက် ဘလော့ရေးရတာ ပျော်ပ်ါတယ် ၀မ်းလည်းဝမ်းသာတယ် ဆိုးကွက်လား မျက်စိညောင်း ခါးကိုက် အိပ်ရေးပျက် ပါတယ်း) ။

မေး= သူငယ်ချင်းတွေကို ဘာများပြောချင်ပါသေးလဲ

ဖြေ= လိမ်မာရစ်ကြပါလို့း)))))

ကျနော့်ကို ဗျူးတဲ့ သူက ဒီကောင် ပါ ။ အမှန်တော့ ဒါက အကြံနဲ့ သူငယ်ချင်းတွေ ကို စပ်စုချင်လို့ပါ ခေတ်ကာလကြီးမကောင်းတာတောင် စပ်စုချင်သေးတယ်လို့မပြောပါနဲ့ ၀ါသနာမို့ပါ ကျနော့်ပါသာ ကျနော်မေးထားတဲ့ မေးခွန်းတွေထဲက ဖြေလို့ ရသလောက် ဖြေပေးစေချင်ပါတယ် ။

Tag ပါတယ်ခင်ဗျားး -------------- ကိုညီလင်းသစ် ၊ကိုဇော် ၊ မိုးယံ ၊ငွေလမင်း ၊ ကိုမောင်လေး ၊ ကိုအုပ်ကြီး ၊ နေ၀သန် ၊ညီသူအိမ် ၊မိုးခါး တို့ပါ လင့်တွေထည့်ရပျင်းလို့ မထည့်တော့ပါဘူး အဆင်ပြေရင် ရေးပေးပါ ကျေးဇူးတင်ပါတယ် ။





Thursday, March 24, 2011

ဆန်ကြည်

သူ့နာမည်“ ဆန်ကြည်” ရပ်ကွက်မှာတော့ သူ့နာမည်ကြားတာနဲ့ ခလေးကော လူကြီးပါ ကြောက်ကြတယ် ။ သူက ချဉ်ပတ်ကြီးပေါ့ အသားက မဲမဲ အရပ်က ၅ပေ ၄ လောက်တော့ရှိမယ် ဆံပင်က ဂုတ်ထောက် တကယ်လုံးဆေးမှင်ကြောင်တွေထိုးထားတယ် ။အနီးစပ်ဆုံးပြောရင် လူကြမ်းမင်းသားကြီး ဦးအံ့ကျော်လိုပုံမျိုး ။သူမိုက်တာက ဘက်ဂရောင်းကောင်းတယ်လို့ပြောရမယ် အဓိက စပွန်စာပေးတာသူ့မိန်းမ ဒေါ်သေးသွယ် နာမည်ကတော့သေးသွယ် လူကတော့ ထွားတယ် ဈေးထဲက ငါးတန်းမှာတော့ သူကဗိုလ်ပဲ ။ မွေးထားတဲ့ သားသမီးတွေက ၁၀ ယောက်ကျော်တယ် သားတွေကလည်း အဖေခြေရာတစ်ထပ်တည်း ခလေးချင်းရန်ဖြစ်ရင်တောင် သူတို့က ချခဲ့တယ်ဆိုတာကြီးပဲ သူတို့ခလေး ခံခဲ့ရရင်တော့များ ငှက်သိုက်ကြီးလို အုပ်လိုက် ချီတက်လာတာများ ကြောက်စရာ ခလေးချင်းကနေ လူကြီးချင်း ရုံးရောက်တဲ့အထိ နောက်ပိုင်းကျတော့ သူတို့မိသားစုကို လူတိုင်းက ကြောက်ကုန်ကြတယ် ကြောက်တယ်ဆိုတာထပ် အပြောအဆိုတွေက လန့်စရာမို့ထင်ပါတယ် အဲ့ကြောက်တဲ့သူတွေထဲ ကိုယ်တွေမိသားစုလည်းပါတယ် ။

အဲ့လိုကြောက်စရာကောင်းတဲ့ ဆန်ကြည် တို့အသိုက်မှာ ကံဆိုးစွာနဲ့ ကိုယ်တွေက ခြေရင်းခေါင်းရင်းနေရတဲ့ဘ၀ မနက်စောစော ၇န်ဖြစ်ကြ သတ်ကြဖြတ်ကြ ဆို ကိုယ်တွေမှာ တစ်ညလုံးအိပ်မရတော့ပါဘူး ရပ်ကွက်ထဲက လူတွေနဲ့ဖြစ်စရာမရှိရင် သူတို့အချင်းချင်းပြန်ဖြစ်ကြတာပါ မနက်စောစော ရန်ဖြစ်ပြီးရင် မိုးလင်းကျ သူတို့က ပြန်ကောင်းသွားကော ပတ်ဝန်းကျင်ကသာ အိပ်ရေးတွေပျက် တစ်ခါခါ သူတို့ကပြောတတ်တယ် “ ကိုယ့်ထမင်းကိုယ်စားတာ ဘယ်သူ့ ဂရုစိုက်ရမတုန်း ” တဲ့ ။ အရင်ကတော့ သူ့ကို ပါးစပ်နဲ့ပဲ မိုက်တယ်ထင်ရတာပါ နောက်ပိုင်း အပြောတင်မဟုတ်ဘူးဆိုတာ ရပ်ကွက်က လက်ခံလိုက်ရတဲ့ အဖြစ် တစ်ခုကြုံလိုက်ရပါတယ် ဆန်ကြည့် နာမည်ခွဲတစ်ခုက ဓားမင်းသားပါ ။ သူက မူးတိုင်း ဓားဆွဲတတ်လို့ သူဓားဆွဲတိုင်း ဆွဲတဲ့သူက သူ့ယောက်ခမ ဖွားခင်သန်း အဲ့အဖွားကြီးက အသက်သာ ၇၀ ကျော် မျက်လုံးတစ်ဖက် ဆွံနေပေမယ့် သူ့သမက် အမူးသမားကိုတော့ အသာလေး ချိုင်းကြားညှပ်ပြီး အိပ်ယာထဲ ဆွဲသွင်းနိုင်တဲ့ အင်အားရှိတယ် ။

အဲ့နေ့က အဖွားကြီး ခရီးထွက်သွားတဲ့နေ့ ဒေါ်သေးသွယ် ညဈေးထွက်တဲ့ ညနေခင်း ဆန်ကြည်တစ်ယောက် မူးပြီး ပြသနာဖြစ်တော့ သူငယ်ချင်းအချင်းချင်းပဲ သူဓားနဲ့ ခုတ်လိုက်တာ ခံရတဲ့ ဦးလေးကြီး မျက်နှာမှာ ဓားခုတ်ရာကြီးနဲ့ အဲ့တုန်းက ၆ တန်းကျောင်းသား ကိုယ် လိပ်ပြာလွင့်မတတ်ကြောက်သွားလိုက်တာ အဲ့ထဲက မသိစိတ်ထဲကနေ ဆန်ကြည်ကြီ်းကို လန့်ချက် ညည အိပ်မက်ထဲမှာတောင် ထထယောင်တတ်ပါတယ် ။ သူထောင် ၅ နှစ်ကျတော့ သူ့မိန်းမကတော့ အပြုံးမပျက် အေးဆေးပဲ လတိုင်း ယောက်ျားဆီထောင်ဝင်စာသွားသွားတွေ့ပါတယ် ။ ဆန်ကြည်က ကံကောင်းတယ်ပြောရမလားတော့မသိ သူ့ရဲ့ မိုက်စိတ်အရှိန်နဲ့ ထောင်ထဲမှာတော့ တန်းစီးဆိုလား ဖြစ်နေတယ်တဲ့ ။ အဲ့လိုနဲ့ ဆန်းပြားတဲ့ ဇတ်လမ်းလေးတစ်ပုဒ်တော့ ကြားလိုက်ရသေး ထောင်ဝင်စာသွားသွားတွေ့ရင်းနဲ့ ဒေါ်သေးသွယ်ကြီးက ဗိုက်ကလေးပူလာတာပါ အော်...ဆန်ကြည်တို့ စွမ်းချက်ပြောပါတယ် ရပ်ကွက်က သြချရတဲ့အဖြစ် ။ ကျနော့်အဖွားလေသံနဲ့ပြောရရင်တော့ “ ကြုံဖူးပေါင်တော် ” ပေါ့ ။

သူ့သားကလေးတွေဆိုလည်း ကျောင်းသာမနေရတယ် ဖဲရိုက်မလား ဘူကြီးတွဲမလား ထုတ်သတ်ပစ်မလား ဂေါ်လီလှိပ်မလား ပြိုင်ဘက်ကင်းတွေပါ ။ တစ်ခါတလေ ဖဲမရိုက်တတ်တဲ့ကိုယ် သချာင်္တွက်နေတုန်း ရှိသေးတယ် ဘေးနားက ဆန်ကြည့်သား ဗိုက်ပူဆိုတဲ့ ကောင်လေးက ဘာနဲ့ဘာနဲ့တွဲ ၁-၉-ကုလား ထိတယ် ပြောသွားလိုက်တာများ ဒက်ခနဲ ဒေါက်ခနဲနေတာပဲ အဲ့နေ့က သူ့ကျေးဇူးနဲ့ တစ်ခါမှမနိုင်ဖူးတဲ့ကိုယ် တော်တော် ခိုင်သွားတယ် သူတစ်ဝက် ကိုယ်တစ်ဝက် ။ ဆန်ကြည် ....ထောင်က ပြန်ထွက်လာတဲ့နေ့သူတို့အိမ်မှာများ မသိရင် ရှေ့တန်းတိုက်ပွဲကနေပြန်လာလို့ ကြိုဆိုကြသလားမှတ်ရတယ် ပြန်လာမယ့်မနက်တည်းကနေ ရပ်ကွက်ထိပ်မှာ တစ်မိသားစုလုံး သွားစောင့်နေကြတာ ဆန်ကြည်ကြီးက ပြုံးလို့ရွှင်လို့ အငယ်ဆုံးမလေးကို ချီပိုး ဒါလေးက ထောင်ထဲက သူ့အစွမ်းတွေဆိုတာ ရပ်ကွက်ကိုပြချင်တဲ့သဘော ဆန်ကြည်ထောင်ထဲမှာ ဒေါ်သေးသွယ်က ဘယ်နှယ့် ခလေးရသတုန်းဆိုတဲ့ သို့လော...သို့လော တွေ ကိုသက်သေပြလိုက်တာပေါ့ ။ သူ့ယောက်ခမကြီးက လမ်းမှာ ကလို့ မြေးတွေက လက်ခုတ်တွေတီး.... ရပ်ကွက်တော့ မေးတွေ တငေါ့ငေါ့ ပေါ့ နားငြီးရတော့မှာမို့ ။


ထောင်ကထွက်လာပေမယ့်လည်း မပြောင်းမလဲပါပဲ ကိုယ်တွေ အရက်ဆိုင်ကလေးမှာ သူလာရင် မျက်လုံးတွေ ပြူးလို့ပေါ့ ။ သူက မသိတဲ့သူကိုလည်း “ ဟေ့...သူငယ်ချင်း ဘယ်လိုလဲကွ တစ်ယောက်တည်းလား ငါ့အရက်တစ်ခွက်တိုက် ” ဆိုတာမျိုးပါ အဲ့တော့ ဆိုင်ရှင်က အားနာရပြီး ဆန်ကြည် တစ်သက်နဲ့တစ်ကိုယ် အရက်နေ့တိုင်းမူးပေမယ့် တစ်ပြားမှ မကုန်ပါဘူး ။ သူက အကြွေးမှတ်ထားလို့ပြောပေမယ့် ၇မှာလည်းမဟုတ်တော့ အလှူပဲပေါ့ အစ်မကတော့ “ ငါ့မှာ ပင်ပင်ပန်းပန်း ရောင်းဝယ်ထားရတာ ဒင်းကြီး အကုသိုလ်တစ်မျိုး မောင်မင်းကြီးသား ကျန်းမာပါစေ ချမ်းသာပါစေ” မုဒိတာတွေပွားလို့ ။ အကြွေးမရောင်းတဲ့ အခါကျ မင်းတို့ချမ်းသာတယ်ဆိုတာ ငါ့ခြံတစ်ထွာလောက်ပဲရှိတယ်ကွ မင်းတို့က ဘာလဲ ညာလဲဆိုတာမျိုး ။ သူတို့ခြံကြီးက ရပ်ကွက်မှာတော့ တော်တော်ကိုကြီးပါတယ် နေရာကောင်းပေါ့ မိဘအမွေမို့ သူတို့ကတော့ လုံးဝမရောင်းပါ အဲ့တာလေးတစ်ခုတော့ လေးစားစရာ ။ နောက်ပိုင်းတော့ ကိုယ်တွေလည်းမနိုင်လို့ သူ့ကို ထာဝရ ဖရီးသောက်ခွင့်လတ်မှတ် ပေးလိုက်ပါတော့တယ် ။


အဲ့ဒီလောက် ဆိုးသွမ်းတဲ့ ဆန်ကြည့်မှာ ကောင်းကွက်တွေ ရှိသေးတယ်ဆိုရင် သိပ်တော့ ယုံကြည်စရာကောင်းမယ်မထင် ဒါပေမယ့် ဒါဟာတကယ်ဆိုတာလည်း တစ်ရပ်ကွက်လုံးက လက်ခံရတဲ့အဖြစ် သူက ၀ါတွင်းဆို အရက်လုံးဝမသောက်ပဲနေတာပါ နွေ နဲ့ဆောင်းမှာ နေ့တိုင်းနီးပါသောက်တဲ့သူက ၀ါတွင်းကျ ဘုန်းကြီးကျောင်းသွားတယ်ဆိုတာ တော်တော်ထူးဆန်းတဲ့အဖြစ်ပဲလေ မူးရင်သာ ဟောင်ဖွာ ဟောင်ဖွာနဲ့ သူက မမူးတဲ့အခါကျ စကားပြောတာလေးက လေပြေတိုးသံလေး။ ရပ်ကွက်ထဲက နာရေးတိုင်းမှာဆိုလည်း သူ့အရှိန်နဲ့ ထိန်းတတ်ပါတယ် တော်ရုံ ဖဲလိမ်ရိုက်မယ့် တစ်ခြားရပ်ကွက်က လူက ဆန်ကြည့်မျက်နှာတွေ့ရင် လှည့်ပြန်သွားရတာမျိုး ။ ရပ်ကွက်ထဲမှာ ရစ်သီရစ်သီ လုပ်တဲ့သူမျိုးဆိုရင်တော့ “ ဘာလဲ...မင်းတို့က လူမိုက်တွေလားကွ ” ဆိုရင် မူးနေတဲ့သူတောင် ယိုင်ထိုးထိုးနဲ့ ပြန်သွားရတဲ့အဖြစ်ပါ ။

မိုးရာသီမှာ သူက အရက်ပြတ်တော့ မိုးရာသီရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲမှာ သူက ရပ်ကွက်ကိုယ်စားနည်းပြ သူတို့ခေတ်ကတော့ သူက မြို့နယ်လက်ရွေးစင်ဆိုပဲ သူ့ခြေထဲဘောလုံးရောက် ဘယ်သူမှ သွားမလုကြပါဘူးတဲ့ ။သူ့သားတွေက အသင်းမှာကန် ဖအေက နည်းပြဆိုတော့ ဇောင်းကိုထလို့ပေါ့ ။ ပင်တိုင် အားပေးသူအဖွဲ့က သူ့မိန်းမနဲ့ သူ့သမီးတွေ ကိုယ်တွေရပ်ကွက်ဖက်က ခံလိုက်ရရင်များ ဆဲလိုက်တာဆိုတာ မိုးကိုမွှန်လို့ တစ်ခြားသူတွေ နားမခံနိုင်တော့မလိုဖြစ်ရင်တော့ ဆန်ကြည်က “နင်တို့ပါစပ်တွေပိတ်ထားကြစမ်း ” ဆိုရင် တကယ်ပဲ မီးကိုရေနဲ့ဖြန်းလိုက်သလို ရှဲခနဲပဲ ။ ဒီလိုနေရာမျိုးတွေကျတော့ ရပ်ကွက်က သူ့ကို အားကိုးရပြန်ကော ဒိုင်က ဘက်လိုက်ရင် ကွင်းထဲသူကိုယ်တိုင်ဝင်လို့ ဒိုင်လူကြီးကို ပိတ်ထိုးတတ်တဲ့ လူစားမျိုး ။

သူက တစ်ခါခါ အော်ဂလိဆန်ချင်လောက်အောင်ရွံစရာကောင်းပေမယ့် တစ်ခါခါကျချစ်စရာကောင်းတတ်ပါတယ် ကိုယ်တွေရပ်ကွက်အတွက်တော့ သူက စည်းရိုးတစ်ခုနဲ့ တူနေပြန်ကော ဘယ်သူပြသနာဖြစ်ဖြစ် သူက လိုက်ဖြေရှင်း အကာကွယ်ပေးတတ်လို့ပါ ။ လူဆိုတာ အကောင်းဆိုး ဒွန်တွဲနေတယ်ဆိုတာ သိသာထင်ရှားဖို့ခက်လှတဲ့အရာလို့ ထင်ပါတယ် တစ်ချို့သော ကောင်းကွက်တွေက ပေါ်လွင်ပြီး တစ်ချို့ ဆိုးကွက်တွေက ကျတော့ လူမသိသူမသိဆိုတာမျိုး။ ဒါပေမယ့်လို့ ဆန်ကြည့်မှာတော့ ကောင်းကွက်ကော ဆိုးကွက်တွေကော ပြတ်ပြတ်သားသားပေါ်လွင်နေတတ်ပါတယ် ကျနော်ကတော့ လူဆိုတာ အကောင်း အဆိုး ဒွန်တွဲနေတာပါဆိုတဲ့ ဥပမာ စကားကိုကြားတိုင်း ဆန်ကြည်ကြီးကို သွားပြေးမြင်ယောင်မိပါတယ် ။ ညညတွေကျ သူအော်အော် နေကျ စကားတစ်ခွန်း ကြားယောင်မိပါရဲ့ အိပ်မက်ဆိုးလိုတော့ ထမယောင်တော့ပါဘူး သူ ထထအော်တတ်တာက “ ဘယ်ခွေးမှ လူမထင်ဘူးကွ မိုက်ရင်ထွက်ခဲ့ ဆန်ကြည်တဲ့ကွ ” ဆိုတာပါ ။ ကျနော့်အတွက် သူကတော့ အကောင်း အဆိုးတွေ ဒွန်တွဲနေတဲ့ ဥပမာကြီးပါ တစ်နည်းသူက ရပ်ကွက်ချဉ်ပတ် ဒါမှမဟုတ် ရပ်ကွက်အချစ်တော်လည်း ဖြစ်ပါရဲ့ သူ့နာမည် ဆန်ကြည် ။




Tuesday, March 22, 2011

တစ်နေ့တာ

စာလည်း ဘာရေးရမှန်းမသိတော့ ကိုယ့်ရဲ့ တစ်နေ့တာမှာ မြင်တွေ့နေရတာလေးတွေနဲ့ ဆားချက်လိုက်တယ် ။ အပြင်သွားရတာလည်းပျင်းတယ် ကိုယ့်အတွက် outdoor မရှိပါဘူး :) မနက်မိုးလင်း အိပ်ယာထလို့ ရုံးကိုဆင်းတာနဲ့ ရုံးခန်းထဲက နတ်စင်ကို သန့်ရှင်းရေးလေး ဘာလေးလုပ်တဲ့အခါလုပ် ဘော့စ် ရှစ်ခိုးခါနီးကျ သောက်တော်ရေလေးပြင်ဆင်းပေး ။ ထိုင်းမှာက သတိထားမိသလောက် နတ်ကို ယုံကြည်ကိုးကွယ်မှုပိုသာနေတယ်ထင်ပါတယ် ။

ကုလားဘုရားနဲ့ တူသလိုပဲ ဒါပေမယ့် ဘော့စ်ပြောတာတော့ သူကကြာသာပတေးသမီးဆိုတော့ ဒီနတ်ကိုကိုးကွယ်တာပါတဲ့ တစ်ခါပြောပြဖူးတယ် ။
သူ ကိုယ့်ရင်ထဲ မရောက်ရင် ကိုယ်တစ်နေ့လုံး မရွှင်လန်းဘူး ။
အစာအိမ်သိပ်မကောင်းလို့ ဒီအစာကြေဆေးလေးတော့ ခဏခဏလျှက်စားဖြစ်ပါတယ် ။
ကိုယ့်ရဲ့ အလှပြင်တဲ့အရာတွေပေါ့ ဆေးကဒ်က ပါလိုက်သေး ဒါက အပေါ်ကအစာကြေဆေးနဲ့မရတဲ့အခါကျ သောက်ဖြစ်တဲ့ အင်္ဂလိပ်ဆေးလေးပါ ဆေးသောက်ရတာ မုန်းလို့ မသောက်ချင်ပါဘူး ။အောက်က သင်ဖြူးဖျားလေးကိုတော့ တော်တော်ကြိုက်တယ် တစ်ခြားဖျာတွေအများကြီးရှိပေမယ့် ကျနော်က ဒါလေးကိုပဲ သုံးဖြစ်တယ် ကြိုက်လို့ပါ အေးချမ်းတယ်လို့ ခံစားရတယ် ။
ဒါ ကိုယ့်ဘ၀ ကြင်သူမရှိတဲ့ ကိုယ့်ဘ၀ရဲ့ အဖော်ပေါ့ ခဏခဏ မီးပူထိတယ်
အနားမှာ တကျီးကျီး လာလုပ်နေလို့ကတော့ ဖျန်းထည့်ပေးလိုက်တယ် မှတ်ပလား သူတို့က တစ်ခါခါ စုံတွဲလာတာဗျး)
မြန်မာရက်ကြီးခါကြီးတွေ မေ့တတ်လို့ ပြဒ်ကဒိန်လေးတစ်ချပ် ဈေးက ၀ယ်ထားတယ် ။သင်္ကြန်တောင်နီးပြီး လွမ်းတယ် ဧပရယ် ။
အမှန်တော့ ခြံထဲမှာသွားရိုက်တာ ငရုပ်ပင်ပါ ငရုပ်ပင်ကိုရိုက်ရတာ အဆင်မပြေတာနဲ့ ဘေးနားက ရှားစောင်းလပက်ပင်ကိုရိုက်ထည့်လိုက်တာ အပြင်မှာတော့ စိုစိုပြေပြေနဲ့ကြည့်ရတာ တော်တော်အဆင်ပြေတယ် ။
ဇတ်လိုက်ကျော်ကြီး :) ဒီနေ့အလွဲမှာတုန်းက ၃ ချက်တီးထည့်လိုက်တဲ့ကောင် ။သူ့နာမည်က ဆီသိုး မြန်မာလိုဆို ခြင်္သေ့ ပေါ့ ။ ခပ်တည်တည်နဲ့ ရုံးခန်းဘေး လာအိပ်နေတာ မောင်းထုတ်လို့မရပါဘူး သူက ချော့မှရတယ် တစ်ခါခါဆို ကျနော့် အခန်းပေါ်တက်လို့ မောင်းချတာ လုံးဝကိုမဆင်းပါဘူး “ လာ...ခလေးလာ လိမ်မာတယ် လာလာ ” အဲ့လို လေပြေလေးနဲ့ ခေါ်မှ သူကဆင်းပါတယ် ထိုင်းနိုင်ငံက အချော့ကြိုက်ချက် လူတွေမပြောနဲ့ ခွေးတွေတောင် ချော့မှ ရပါတယ် ။ ကိုညီ စိတ်ဝင်စားတယ်ဆိုလို့ တင်လိုက်ပါတယ်း)




Sunday, March 20, 2011

ကျေပါနော် မောင့်ကို

ချစ်သူက ပန်းကလေးတစ်ပွင့်ဆိုရင် ကိုယ်က မိုးစက်ကလေးပါ ပန်းကလေးလန်းဆန်းဖို့အရေး ကိုယ့်ရဲ့ အေးမြတဲ့ချစ်ခြင်းတွေ ပက်ဖျန်းပေးရမှာပေါ့ ။ချစ်သူတွေကြားမှာ စိတ်ဆိုးပြီး ပြန်ချစ်ရတဲ့အချိန်လေးတွေက ဘာမှန်းမသိ တော်တော်ကိုကြည်နူးဖို့ကောင်းပါတယ် အဆင်ပြေနေတဲ့အချိန် ချစ်သူဘာကြိုက်တတ်လဲဆိုတာ စဉ်းစားမိချင်မှ မိမယ် ဒါမယ့် ချစ်သူကို ချော့ရတော့မယ်ဆိုရင်တော့ သူဘာများကြိုက်တတ်လေမလဲ သူကြိုက်တဲ့ ဘူးသီးကြော်ဆိုင်ကိုပဲ ခေါ်သွားရမလို သူ့မွေးရက်မှာ ညနေပိုင်း ဘုရားပဲလိုက်ပို့ရမလား အမျိုးမျိုးတွေးမိတတ်ပါတယ် ပြီးတော့ အဲ့အချိန်ကျ ကိုယ့်မျက်နှာကလည်းတည်တည် နာမ်စားမဲ့ အမည်တွေခေါ်လို့ သူကလည်း တိတ်တိတ် ကိုယ်ကလည်း ဆိတ်ဆိတ် ရင်တွေကတော့ ချစ်ရေးဆိုတုန်းကလို တဒိတ်ဒိတ် ။

ချစ်သူကတော့ သိပ်စိတ်မဆိုးတတ်ပါဘူး ကိုယ်ကတော့ အမှားတွေ ခဏခဏလုပ်မိပါတယ်။ ပြီးတော့ ကိုယ့်ထပ်အငယ်မရှိတော့ ချော့ရတာတွေ ဘာတွေလည်း အပိုအလုပ်လို့ထင်ပါတယ် စိတ်လည်းမရှည်ဘူး ကျနော့်ရဲ့ ချော့နည်းက တိုတိုလေး “ ကျေတော့ဆို စိတ်သိပ်မရှည်တော့ဘူး ” သူကချစ်နေလို့ပေါ့ မဟုတ်ရင်တော့ ဖြောင်းခနဲနေသွားမယ်း) ။ တစ်ခါခါ ဘလော့ပေါ်မှာ အချိန်ကုန်သွားရင် သူ့ဆီကိုဖုန်းခေါ်ဖို့တွေ မေ့မေ့သွားတတ်တယ် သူစိတ်မရှည်လို့ခေါ်လာရင်တော့ အိပ်မှုန်စုန်ဖွာအသံနဲ့ အသံကလေးလေး မသိရင်ပဲ အိပ်ပျော်နေသလိုလို “ခေါင်းတွေကိုက်လို့ စောစောအိပ်လိုက်တာ ဆောရီးနော် စိတ်မဆိုးနဲ့ ” လိမ်နည်း ၈၆ ပါးနဲ့လိမ်တာပါ တစ်ချို့ညတွေဆိုရင်တော့ သူနဲ့စကားပြောရင်း ကီဘုတ်ရိုက်သံတွေက တဒေါက်ဒေါက် နားထောင်ချင်လား နားမထောင်ချင်လားမသိ ဘလော့ပေါ်က အကြောင်းတွေ သူ့ကိုလိုက်ပြောပြနေတာ သူတောင်နာမည်တွေရင်းနှီးနေပြီး ။


“အောင်မာ... ချော့နည်းဆိုတာ ရေးရအောင် ကုန်ကြမ်းလာတောင်းနေတယ်ဆိုတော့ ရှင်က ကျမ ကိုဘယ်တုန်းကများ စိတ်ရှည်လက်ရှည်ချော့ဖူးလို့လဲ ဒီကဖြင့်စိတ်မကောက်ရသေးဘူး သူကအရင်ကောက်ပြနေတာကိုများ ” ၊ “ လုပ်စမ်းပါ ဒီပို့စ်မရေးရင် ကိုဇော် က ကျိန်စာတိုက်ထားတယ် လူပျိုကြီးဖြစ်ပါစေတဲ့ ကဲပြော ခင်ဗျား ကျနော့်လူပျိုကြီးဖြစ်စေချင်လို့လား ” နည်းနည်းတော့တွေသွားတယ်ထင်တယ် တိတ်သွားတယ် နောက်တော့မှ ကိုဇော်ဆိုတာ တစ်ခါ ဗိုက်ကြီးတယ်ဆိုတဲ့ အစ်ကိုကြီးလား တဲ့ အေး...ဟုတ်တယ် ခုမွေးတောင်မွေးပြီးလို့ပြောလိုက်တယ်း) ။သူက အဲ့တာဆို ကားဂိတ်မှာ ပြသနာဖြစ်ပြီး ပြန်ချော့တဲ့အကြောင်းရေးလိုက်တဲ့ အဲ့တာပဲကောင်းတယ် ။

အဲ့နေ့ ကားဂိတ်မှာ သူ့ကိုသွားကြိုပါတယ် မပြန်လာခင်တည်းက စားချင်တာတွေမှာလိုက်တယ် (ငါးခြောက်ကြော် ၊လဖက်ထောင်းဆီသိပ် ) ။ သွားကြိုတုန်းကလည်း နောက်ကျပါတယ် မျိုးကျော့မြိုင် သီချင်းထဲကလို ခဏခဏ နောက်ကျပေါ့ အိပ်ယာထလည်းနောက်ကျး) ကားဂိတ်ကိုသွားတော့ တကယ်ဆို နောက်ကျနေရင်လည်း ဆိုင်ကယ် တက်စ်စီနဲ့သွားရမှာ ကျနော်က ဆိုင်ကယ်မကြိုက်ပါဘူး ကျနော်ကြိုက်တာ ဆိုက်ကား အသေကြိုက် ဈေးချင်းတူတူပေမယ့် ဆိုက်ကားပဲ စီးတယ် ကိုယ့်မှာသဘောတွေကျလို့ ကားဂိတ်ရောက်တော့ မျက်ထောက်နီကြီးက ပြင်းအား ၁၈၀ နဲ့ တိုက်ခတ်တော့မယ့် သဘောရှိတယ် ။မသိဟန်ဆောင်နေလိုက်တယ် ချစ်သူဆိုတာ အလျှော့ပေးရင် ရောင်တတ်တယ်တဲ့ ဘကြီးပြောပြဖူးတာ အဲ့တော့မချော့ပါဘူး မချော့တော့ သူက ဒေါပိုပွ အဲ့နေ့က သူကလည်း ဆိုက်ကားမစီး ကျနော်ကလည်း ဆိုင်ကယ် မစီး ၂ ယောက်သား ကားဂိတ်ကနေ လမ်းလျောက်ပြန်ခဲ့ကြတာ လမ်းမှာမိုးတွေကိုမိလို့။

မိုးမိပြီးဖျားတဲ့ ချစ်သူကို သနားသွားတယ် တကယ်ဆို ငါက အလျှော့ပေးရမှာလို့ ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်သွားတယ် သူ့အသက်ရှူသံလေးတွေနွေးနေတယ် နဖူးက ဆံစလေးတွေသက်တင်ပြီး အကြင်နားနွေးနွေးတစ်ချက်ပေးလို့ ရင်ခွင်ထဲထွေးပိုက် ချစ်စကားလေးဆိုလိုက်မိတယ် “ကျေပါနော် မောင့်ကို ” လို့ပေါ့ ချစ်သူက ချစ်စရာကောင်းလောက်အောင် ခေါင်းကလေးပဲ ညိတ်ပြပါတယ် ။စကားတွေအများကြီးမလိုပါဘူး ကျနော်ကလည်း ရိုးရိုးလေး ချော့တယ် သူကလည်း ရိုးရိုးလေးပဲပြန်ဖြေပါတယ် ဒါ ကျနော့်ရဲ့ ချော့နည်းပါပဲ ။





*********************************************************************************




မှတ်ချက် ===== အပေါ်က ဟာတွေတစ်ခုမှမဟုတ်ပါဘူး ကိုဇော့် ကျိန်စာမိမှာစိုးလို့ လိုက်ရေးနေတား)
ဟီးး

Thursday, March 17, 2011

ဒီနေ့အလွဲ

အလွဲသေးသေးလေးပါပဲ မနက်မိုးလည်းကတည်းက စလွဲတာပါ ဒီမှာမိုးတွေရွာတာ ၂ ရက်ရှိပြီ ချမ်းတယ်ဆိုတာထပ်ကို အေးပြီးစိမ့်နေတာမိုးကလည်းထိလိုက်ရင် ရေခဲရေထိသလိုပဲ စိမ့်နေတာ ပူတော့လည်း ပူလို့ အေးတော့လည်း အေးလို့ အစိုးမရတဲ့စိတ်ပါလားနော် ။ မိုးရွာတော့ ကွေးလို့ကောင်းပါတယ် စောင်လည်းခြုံထားတာပဲ အားမရလို့ နဖူးနဲ့ ဒူးထိအောင်ကိုကွေးပစ်လိုက်တယ် မနက်ကျတော့မထချင်ပါဘူး နှိုးစက်ပေးထားပေမယ့် အော်တိုင်းဒေါသတကြီးနဲ့ ပိတ်ပိတ်ပစ်လိုက်တာလည်း ကိုယ်ပဲ။ ဘော့စ်ရဲ့ သားလေးက တော်တော်ကိုဆိုးလာပါပြီး ၃ ၄ နှစ်ကျော်ကျော်တော့ရှိပြီး စာမေးပွဲတွေပြီးတော့ သူတို့ကျောင်းတွေပိတ်ထားတာ တစ်နေ့လုံး ရုံးခန်းတည်း မျက်လုံးတွေကို မူးနောက်နေတာပဲ သူနဲ့ရန်ဖြစ်ရတာကတစ်မှု မနက်က ၇ နာရီကျော်ကျော်လေးရှိသေးတယ် အဲ့ခလေး အိပ်ယာကနိုးနေပါပြီး ရုံးတောင်မဖွင့်ရသေး သူက ကစားဖို့ ကွန်ပျူတာ PW လာမေးနေပြီ မထူးမချင်း နှိုးနေတော့တာနဲ့ ရေးပေးလိုက်တယ် ။

ခလေး လာနှိုးတုန်းက မထတဲ့ ကိုယ် မိုးအေးအေးနဲ့ ထပ်ကွေးလိုက်တာများ ၉ နာရီထိုးတော့မယ် ဟူး မိုးအေးအေးနဲ့ ရေကို ၃ ခွက်ပဲချိုးလိုက်တယ် ( ရတနာ ၃ ပါး) ။ ဘောင်ဘီးကို အလောတကြီးနဲ့ဝတ်တော့လည်း ဘိုင်းကနဲလဲကျသေးတယ် နာလိုက်တာ အသားတွေက အေးလို့ကျင်နေပါတယ်ဆို *** မနက်စောစော ဘုရားစာမရွတ်ပဲ ပရိတ်ရွတ်မိပြီး ကော်ဖီသောက်ဖို့လုပ်တော့ နို့မှုန့်ကုန်နေတယ် မိုးတွေရွာတော့ ဈေးဆိုင်ပြေးရမှာလည်းပျင်းတယ် ကော်ဖီမသောက်ရရင် စိတ်ကမကြည်ဘူး ။

နေ့လည်ပိုင်းရောက်တော့ ဘလော့တွေဖတ် ဖေ့ဘွတ်ပေါ်တက် ဂျီတော့မှာချက် အဲ့တာလည်းဝပြီး အလုပ်ကလည်းမရှိ မိုးအေးတော့ ကွေးချင်ပြန်ပြီး ငပျင်းဇာတာပါ မိုးအေးရင် အိပ်ပဲအိပ်ချင်နေတယ် “ ကျနော် ခဏတက်ကွေးလိုက်အုံးမယ်ဗျ ဘော့စ်မေးရင် ထမင်းသွားစားနေတယ်ပြောလိုက်နော့် ” ရုံးက အစ်ကိုကိုမှာပြီး ခဏလေးတက်ကွေးပါတယ် လာလိုက်တဲ့ဖုန်းတွေ စောနကဖြင့်လာပါလားကွာ ခုမှ မှေးရုံပဲရှိသေးတယ် *** ရွတ်ပြန်ပြီ တစ်ခေါက် မိုးကြိုးတွေတော့ ပစ်တော့မှာပဲ ။

ညနေပိုင်း စာသွားသင်ဖို့ကျ စက်ဘီးကတစ်ဖက် ကားတွေလည်းများ မသွားရင်လည်း စာကလိုက်မမှီရင် ဖတ်မတတ်တော့ပြန်ဘူး ပျင်းနေလို့မရဘူးလေ သွားမှဖြစ်မယ် အနွေးထည်ထူထူဝတ် ထီးတစ်ချောင်းနဲ့ လှုပ်စိ လှုပ်စိ တကယ်ပါ မိုးက မသိရင် ရေခဲမိုးကျနေတာပဲ တစ်ဖက်က ထီးကို ကျန်လက်တစ်ဖက်နဲ့ စက်ဘီးခေါင်းကိုကိုင်ပြီးနင်းနေတာ လက်ကကျင်ပြီး တအားအေးလာတယ် အဲ့တော့ ရေတွေတအားစိုနေတဲ့လက်ကို သုတ်မယ်ဆိုပြီး လွှတ်လိုက်တာ ဂျိမ်းစဘွန်းကျနေတာပဲ စက်ဘီးကလဲကော စိတ်တွေလေနေတာပြောပါတယ် တစ်ဖက်က ထီးကိုင်ထားတာကိုမေ့နေတာ နှစ်ဖက်လုံးလွှတ်ထားတဲ့နောက်တော့ လဲပြီပေါ့ ဒီမိုးကတော့ကွာ *** ။

စာသင်တဲ့ဆီက ပြန်လာတော့ ဒီနေ့ အိမ်မှာ ဂေါ်ဘီပဲကြော်တယ်လို့ ဟင်းချက်တဲ့ အစ်မကြီးက ကြေငြာထားတယ် ( အဲ့ ဂေါ်ဘီက ၁၂ ရာသီပတ်လုံးကိုရနေတော့တာပဲ ကုန်ကိုမကုန်နိုင် ) ။ ဆိုတော့ ဟင်းဆိုင်ဝင်ပြီး ဟင်းဝယ်လိုက်သေးတယ် ၀က်စွတ်ပြုတ်က ၂၀ဖိုး ငါးခြောက်က တစ်ကောင် ၀ယ်လာတာတွေ စက်ဘီးခြင်းထဲထည့် လူက တစ်ကိုယ်လုံးစိုနေပြီး စက်ဘီးကိုမြန်မြန်နင်း အိမ်ေ၇ာက်တာနဲ့ အ၀တ်စားလဲပြီး ဗိုက်ဆာတာကိုဖြည့်ဖို့လုပ်တော့ ငါးခြောက်မရှိတော့ဘူး ဟမ်း ၀ယ်ခဲ့တုန်းက ပါပါတယ် ဘေးနားကို မသကာင်္လို့ ဝေ့ကြည့်လိုက်တော့ ဒီမှာထည့်ရေးဖူးတဲ့ ခွေးပုကြီင်္းက ကိုယ့်ကို အူကြောင်ကြောင်နဲ့ကြည့်နေတယ် သူပဲဖြစ်ရမယ် ငါတောင်မစားရသေးဘူး မင်းက အလစ်သုတ်ရမလားဆိုပြီး ၃ ချက်တီးထည့်ပေးလိုက်တယ် သူက ကိုယ့်ကိုတောင်မကြည်ချင်တော့ဘူး ခပ်ဆွေဆွေနဲ့ကြည့်နေတယ် စိတ်ထဲမှာတော့ ဘလိုင်းကြီးပါလားလို့ဖြစ်နေမှာ ။နောက်တော့ ဘယ်ဟုတ်မလဲ ဟင်းထုတ်တွေယူထုတ်တုန်းက စက်ဘီးခြင်းထဲ ငါးခြောက်ကြော်ကကျန်ခဲ့တာ သူ့ကို သနားသွားလို့ တစ်ပိုင်း ဖဲ့ကျွေးလိုက်တယ် ကျန်တဲ့တစ်ပိုင်းကိုယ်စား ။ အဲ့တော့ ဒီနေ့ အလွဲတွေ ခပ်များများနဲ့ ကျနော် ညစာကို စွတ်ပြုတ်နဲ့ ငါးခြောက်ကြော်စားရင်း ဒီပို့စ်လေးရေးဖို့ အိုင်ဒီယာ ရသွားတယ် ကျေးဇူးပါ အလွဲရေ ဒါပေမယ့် မင်း ငါ့ဆီခဏခဏမလာစမ်းပါနဲ့ ငါ ကြက်သီးထလွန်းလို့ ။




Tuesday, March 15, 2011

လွမ်းလျှက်ပါ ...ဝေ

(image from wallcoo.net)
ဝေ.... မိုးတွေရွာနေပြီ နင်သိရဲ့လား မိုးရွာရင် ဘာကိုမှန်းမသိလွမ်းတယ်လို့ပြောတတ်တဲ့ ငါ့ကို နင်က အရူးကျနေတာပဲလို့ ပြောခဲ့ဖူးတာ မှတ်မိသေးလား ခုတော့ ငါ .နင့်ကို နင့်နင့်နဲနဲ လွမ်းနေမိတယ် ဝေ ရယ် ငါ့ကို နင် အရူးလို့ ထပ်ပြောနိုင်အုံးမလား ။ငယ်က ချစ်အနှစ်တရာတဲ့ အဲ့တာတော့နည်းနည်းပိုပြီး ငါ နင့်ကိုအငယ်တုန်းက သိပ်မချစ်ခဲ့ဘူးထင်တာပဲ ငါ့မုန့်တွေ လုလုစားတတ်တဲ့ စာအုပ်ငှားဖို့တွန့်တိုတတ်တဲ့ ငါ့အမေကို လာလာတိုင်တတ်တဲ့နင့် ကို ငါအရင်ကတော်တော်အမြင်ကတ်ခဲ့တာဟ ။ဒါပေမယ့် နင့်မှာစိတ်ကောင်းလေး ရှိတယ်ဆိုတာ ငါသိလိုက်တာက မိုးရေထဲ ရေဆော့တုန်းက ငါနေမကောင်းဖြစ်တဲ့အချိန် ငါ့အိမ်မှာ နင်စာတွေလာကူးပေးတုန်းကပေါ့ နင့်လက်ရေးဝိုင်းဝိုင်းလေးတွေက သိပ်လှတယ် ဝေ ... နင့်မျက်ဝန်းတွေလည်း လှနေတာပဲ ပြီးတော့ ပါးပေါ်က သနပ်ခါးလေးတွေ ၀ိုင်းနေအောင် လိမ်းထားတာပေါ့ နင့်ကိုစချင်တိုင်း ငါက နင့်ကို ဘဲကြားမလို့ ခေါ်ခဲ့တာလေးတွေ ပြန်စဉ်းစားမိတော့ ပိုလွမ်းမိတယ် ဝေ ။

ငါတို၈တန်းကျောင်းသားတွေဖြစ်တော့ တစ်ယောက်နဲ့တစ်ယောက်ရှိန်သလိုလိုတွေဖြစ်သွားကြသေးတာလည်း မှတ်မိပါသေးတယ် တကယ်တော့ အဲ့တုန်းက ငါတို့လူကြီးမဖြစ်ကြသေးပါဘူး ငါတော့ နင်နဲ့ အရင်လိုရန်ဖြစ်ချင်တုန်း ငါ့စားမယ့် မုန့်လေးတွေကိုလည်း လုစားစရာမလိုပဲ နင့်အတွက် ၀ယ်ဝယ်လာပေးတဲ့ အချိန်တွေက လွမ်းမောစရာ။လူကြီးတွေပြောသလို နင်က အပျိုဖြစ်ပြီးဆိုတာတော့ဟုတ်မှာ နင့်နှုတ်ခမ်းလေးတွေက ဆေးရောင်မချယ်ပဲ သိပ်လှနေတယ် ဝေ ပြီးတော့ ကျစ်ဆံမြီးလေးကျစ်လို့ ဖဲကြိုးဝါလေးတွေနဲ့စီးထားတတ်တဲ့ နင့်ဆံပင်လေးတွေလည်း သိပ်လှနေတယ် ။ဟင်...နင် အပျိုဖြစ်ပြီဆိုရင် ငါလည်း လူပျိုဖြစ်ပြီပေါ့ ဝေ ရဲ့ ဒါပေမယ့် ငါဝက်ခြံမပေါက်သေးဘူးကော ငါ့အစ်ကိုကြီးပြောတာတော့ ၀က်ခြံပေါက်မှ လူပျိုဖြစ်တာတဲ့ အဲ့တုန်းက ငါ အရမ်းဝက်ခြံပေါက်ချင်ခဲ့တာ ဘာလို့မှန်းမသိပါဘူး နင့်ကို လိုက်မမှီမှာ နင်နဲ့ အလှမ်းဝေးသွားမှာတော့ ငါကြောက်တယ် အဲ့တာ ဘာလို့ခေါ်မလဲဝေ အချစ်တော့မဟုတ်သေးဘူးထင်တာပဲ ။

ငါတို့ ၁၀တန်းအောင်တော့ နင်က သိပ်လှနေပြီ ဝေ ငါ့သူငယ်ချင်းတစ်ချို့တောင် နင့်ကိုရိသဲ့သဲ့နဲ့ နင်နဲ့ငါ သူငယ်ချင်းမှန်းသိလို့ အောင်သွယ်ဖို့ ငါ့ကိုလာပြောတိုင်း ငါ့မှာ ဒေါပွရတာအမြဲ ငါဘာကြောင့်စိတ်ဆိုးမိတာလည်း ဆိုတာ ငါ့ကိုငါမသိတော့ပါဘူး အမှန်တော့ ငါနင့်ကိုတွန့်တိုနေတာ အငယ်လေးတုန်းကလို ငါနေမကောင်းဖြစ်ရင် နင်စာလာကူးပေးသလိုမျိုး အခွင့်ရေးလည်း ငါရချင်နေသေးတယ် ငါ အူတိုတာများဖြစ်နေမလား အူတိုရအောင် နင်နဲ့ငါ ချစ်သူတွေမှာမဟုတ်သေးတာပဲ နော်...ဝေ ။ ဒါဆိုရင် ငါနင့်ကိုချစ်သူ ဖြစ်ခွင့်ရချင်တာများလား ။နင်နဲ့ငါ တက္ကသိုလ် တက်တော့ ကျောင်းတွေကွဲသွားတယ် ဒါပေမယ့် ကျောင်းပိရက်တိုင်း မိန်းထဲကိုလာလို့ နင့်ကို အလွမ်းပြေ လာလာကြည့်မိတာလည်း ငါတစ်ယောက်တည်း တိတ်တခိုးဖြစ်နေမိပြီ ဝေ ရယ် နင့်ကို ငါ ချစ်နေမိပြီး နင် ...ငါ့ကိုဟားတိုက်ရယ်မောလေအုံးမလား မရယ်နဲ့ ဝေ နင် မရယ်လိုက်နဲ့ အချစ်ဆိုတာ ဟားတိုက်မရယ်ကောင်းဘူးတဲ့ ကဗျာတစ်ပုဒ်မှာ ဖတ်ဖူးလိုက်တယ် ။

နင့်ကို ငါ ချစ်တယ်ပြောတဲ့နေ့က တကယ်ဆို နင့်ကိုကြည်ကြည်နူးနူးလေးပြောသင့်တာနော် အဲ့အချိန်တွေ အခုနေ ပြန်ပြောင်းခွင့်ရှိရင် ငါ့ချစ်သူနင့်ကို တကယ်ကိုကြင်နာယုယမိမှာပါ ဝေ ။ နင့်အတန်းဖော်တွေနဲ့ ဘာအံဘက် ဘုရားဖူးထွက်သွားတဲ့ရက် ဖုန်းကလေးတစ်ချက်မဆက်ပဲ ငါ့ကိုမပြောသွားတဲ့နင့်ကို ငါအရမ်းစိတ်ဆိုးနေမိတာပေါ့ စကားတစ်ခွန်းမှမပြောပဲ မျက်နှာကြီးနီနေတဲ့ ငါ့ကို နင်က ဇဝေဇ၀ါနဲ့ကြည့်လို နင် သိနေတယ်မှတ်လား ဝေ ငါနင့်ကိုချစ်နေမိပြီဆိုတာ နင်က ငါ့ကိုစကားနာထိုးနေသေးတယ် “ နင်နဲ့ငါသူငယ်ချင်းပဲ ငါအဲ့လောက်ထိ နင့်ကိုအစီရင်ခံဖို့လိုလို့လား ” ပြောတုန်းက ငါ့ရင်ထဲ အောင့်လိုက်တာ ဝေ ရယ် ။ ဘာမပြော ညာမပြောနဲ့ နင့်လက်ဖ၀ါးလေးကို အငမ်းမရ ဆုပ်ကိုင်လို့ “ ငါနင့်ကို ချစ်နေတာမသိဘူးလား ဘဲကြားမရ အဲ့တာကြောင့် ငါ့ကိုမပြောပဲသွားတာ စိတ်ဆိုးတာပေါ့ ငါနင့်ကိုချစ်တယ် ဝေ ” ဒေါနဲ့ မောနဲ့ ငါ့အသံက တကယ်ပဲကြောက်စရာကောင်းနေမယ်ထင်တယ် ဒါပေမယ့် နင်ပြုံးနေတယ် ပြီးတော့ အရယ်တစ်ဝက်နဲ့ နင်ပြန်ပြောတာ ငါမှတ်မိသေးတယ် “ မိန်းခလေး တစ်ယောက်ကိုချစ်တယ်ပြောတာ ဒီလိုနည်းနဲ့ပြောရတယ်လို့ကွယ် တစ်ခြားမိန်းခလေးတစ်ယောက်ဆို နင်တော့မလွယ်ဘူး ငါမို့လို့ပေါ့” အဲ့လိုပြန်ပြောပြီး နင်ရယ်နေတုန်းက ငါပျော်လိုက်တဲ့ဖြစ်ချင်း ဒါဆို နင်နဲ့ငါ ချစ်သူတွေဖြစ်ပြီပေါ့နော် ငါတကယ် လူပျိုဖြစ်ပြီပေါ့ ဟားး...ဟုတ်သား ငါ ၀က်ခြံပေါက်ပြီပဲ မှတ်မှတ်ရရ အဲ့နေ့က နင့်လက်သည်းရှည်ရှည်တွေနဲ့ အနာခံပြီး ငါ့ဝက်ခြံတွေ ညှစ်ခိုင်းခဲ့သေးတာ နင် နဲ့ငါ ချစ်သူတွေဖြစ်ပြီဆိုတာ အိပ်မက်မဟုတ်မှန်း ငါ ယုံချင်လို့ပေါ့ မနုညံ့လိုက်တာ ဝေ ရယ် နင့်လက်သည်းတွေ တအားဆူးတာပဲ ။

ကျောင်းတစ်ပိုင်းတစနဲ့ ငါအလုပ်ထွက်လုပ်မယ်ဆိုတော့ လူကြီးလေးလိုဖြစ်နေတဲ့နင်က ရင့်ကျက်နေတဲ့ နင်က မျက်ရည်မကျပဲ ကြိုးစားဖို့ပြောခဲ့သေးတာ ။တကယ်ပါ ဝေ ငါ့ရဲ့ စွန့်စားခန်းအသစ်တွေထဲ နင်နဲ့ င်္နီးချင်တဲ့အကြောင်းတွေလည်းပါတယ်ဆိုတာ ငါ နင့်ကိုဖွင့်မပြောဖြစ်ခဲ့ဘူး ဒါပေမယ့် ဝေ ရယ် ငါ့မှာလည်းရည်ရွယ်ချက်တွေ ဇောက်ထိုး မိုးမျှော်ဖြစ်လို့ပေါ့ ငါအဆင်မပြေဘူးလို့ နင့်ကို ဘယ်လိုပြောရက်ပါ့မတုန်း ချစ်သူရယ် ။ နင့်သတင်းတွေ ငါကြားကြားနေတယ် ဝေ နင် ရွာမှာ ဆရာမပြန်လုပ်နေတယ်ဆိုတာရယ် စပ်ဟပ်တဲ့သူတွေများပြီး နင်သိပ်လှလာတဲ့အကြောင်းတွေပေါ့ ငါဝမ်းသာရမလား ဝေ နင် အခုထိ င့ါကိုချစ်နေတုန်းဆိုတာ ငါ့ကိုစောင့်နေပါလို့ မပြောခဲ့ပေမယ့် နင် င့ါကိုစောင့်နေစေချင်သေးတာတော့ ချစ်သူတစ်ယောက်ရဲ့ အခွင့်ရေးလို့ ငါတော့ထင်တယ် ။ ပြီးတော့ နင့်ကို အရမ်းလွမ်းတယ် ။

ဒီနေ့ နင်ရေးလိုက်တဲ့ လက်ရေးဝိုင်းဝိုင်းနဲ့ စာ ငါတစ်ယောက် မိုးတွေရွာရင်း နင့်ကို အရမ်းလွမ်းနေတုန်း နင်ပေးလိုက်တဲ့စာလေးဖတ်နေမိပြီး ။

“......

နင်အဆင်ပြေရဲ့လားဟင်.... ငါ နင့်ကိုလွမ်းနေတယ်ကွယ်
ချစ်တယ်လို့ပြောပြီး ခုချိန်ထိ ငါကလည်း ငါ့ချစ်သူပါလို့ ရင်ထဲကထင်မှတ်နေတုန်း ချစ်သူဆီက စာမလာ သတင်းမကြားရတဲ့ ချစ်သူမိန်းခလေးတစ်ယောက်လောက် ၀မ်းနည်းဖို့ကောင်းတာ ရှိနိုင်မယ်မထင်ဘူး ။နင်နဲ့ငါဝေးနေတဲ့ အချိန်တွေမှာ နင့်အသံကလေးကြားရတာ နင်ရေးတဲ့စာလေးတွေ ငါ့ဆီရောက်လာတဲ့အကြိမ်တွေကို လက်ချိုးရေတွက်လို့ရနေတာ နင်သိရဲ့လား မအားလို့ပါလို့ ဆင်ခြေတွေမပေးပါနဲ့ ချစ်သူတစ်ယောက်အတွက် နင့်အချိန်တွေထဲက နည်းနည်းလေးဖြစ်ဖြစ်တော့ ခွဲဝေပေးသင့်ပါတယ် တကယ်တော့ ငါက နင့်အတွက်အမြဲတမ်း ဒုတိယ ပါပဲ နင့်ရဲ့ ဦးစားပေး ပထမက နင့်မိသားစုလေ နင်သိပ်လွန်တယ် တစ်ခါတလေတော့ ကိုယ့်ချစ်သူ မိန်းမတစ်ယောက်ဟာလည်း သူချစ်တဲ့သူ နင်းတဲ့ စက်ဘီးကလေးကို နောက်ကလိုက်စီးလို ချစ်သူဆီက ကိုယ်နံ့သင်းသင်းလေးကို ရှူရှိုက်လို့ ချစ်သူရဲ့ကြင်နာစကားတွေကို နားထောင်လို့ ချစ်ခြင်းတွေ သီကုံးပန်ဆင်ချင်သေးတာပေါ့ ။ နင်သိပ်ကြိုက်တဲ့ ခရမ်းချဉ်သီးသုတ်တွေလည်း ငါ ခဏခဏ သုတ်စားဖြစ်တယ် နင်ကြိုက်တဲ့ မြေပဲစံများများ ပဲမှုန့်ပျစ်ပျစ်လေးဖြစ်အောင်သုတ်လို့ပေါ့ အဲ့တာနင်သိရဲ့လား ။ ခု မိုးနံ့လေးတွေသင်းတော့ အလွမ်းဓာတ်ခံရှိတဲ့နင် ငါ့ကိုကော လွမ်းနေသေးလား မလွမ်းလို့နေမှာပါ တကယ်သာ နင်လွမ်းတယ်ဆိုရင် ငါ့ဆီကိုတော့ တစ်ခေါက်လောက်ရောက်လာခဲ့အုံးမှာ အိမ်ရှေ့က ငုပင်ကြီးလည်း ၀ါနေအောင်ပွင့်နေပြီသိလား ကိုယ်တိုင်ခူးပြီး ပန်လို့ရပေမယ့် သိပ်ရူးတဲ့ ငါက ချစ်သူခူးပေးမယ့် ပန်းကိုမှ ပန်မယ်လို့ ဆုံးဖြတ်ထားတာကလည်း ရူးကြောင်ကြောင်အတွေးပါပဲ ငါ ပန်းမပန်ရတာကြာပြီ ဒီနွေနင် ပြန်လာအုံးမလားလို့ ငါမေးတုန်းက မပြန်လာဖြစ်ဘူးဆိုတဲ့ စကားကိုနင်က လွယ်လွယ်နဲ့ပြောလို့ထွက်ပေမယ့် ငါဝမ်းနည်းသွားရတဲ့ပုံကို နင့်ကိုမြင်စေချင်လိုက်တာ ဒါပေမယ့် နင့်အစား ဖုန်းဆိုင်က ၀၀ဦးလေးကြီးက ငါ့ကိုသနားတဲ့မျက်လုံးတွေနဲ့ကြည့်လို့ ငါ မျက်ရည်ကျမိသွားတယ်ထင်တယ် ။ငါ စာဆက်ရေးလို့မရတော့ဘူးကွယ် နင့်ကိုလွမ်းနေတယ် ပြီးတော့ ချစ်နေလျှက်ပါပဲ ငါအရင်လောက် မရင့်ကျက်တော့ပဲ ခု ခဏခဏ မျက်ရည်လွယ်မိနေပြီး အဲ့တာအချစ် ဆိုတဲ့ အိပ်မက်လှလှတစ်ခုကို ညတိုင်းထုတ်ထုတ်မက်တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ညဉ်ဆိုးတစ်ခုကြောင့်ပေါ့ နင်ချစ်နေသေးတယ်လို့ထင်နေသေးတဲ့ နင့်ကိုချစ်နေသေးတဲ့ ....

တစ်ချိန်က ဘဲကြားမ

14/3/2011
ဆရာမ သင်းသင်းဝေ ”


နင့်စာကိုဖတ်လို့ ငါတစ်ယောက် ဆောက်တည်ရာမရဖြစ်နေမိပြီ ဝေ ။တို့တွေရဲ့ အချစ်ဆိုတာ နေလောင်ခံပန်းတစ်ပွင့်နဲ့တူပါတယ် အခြေနေဆိုတဲ့ နေမင်းကြီးက တို့အချစ်တွေကို လောင်ကျွမ်းနေလိုက်ပုံများ ငါ့ရင်ထဲ ပူလောင်လိုက်တာ ဝေ ရယ် ။.ငါလည်း နင့်ကို လွမ်းလျှက်ပါ ဝေ ။ တကယ်ကို လွမ်းလျှက်ပါ ။

Monday, March 14, 2011

ဘဝ

ခေါက်သိမ်းမယ်ဆိုတော့လဲ

ခေါက်ရိုးကျိုးမှာစိုးတယ် …


ဒီလိုနဲ့ ဖြန့်ခင်းထားလိုက်တာ

နွေ ... မိုး ... ဆောင်း …


သွားစရာရှိလို့ဝတ်မယ်လုပ်မှ

အရောင်တွေ … အရောင်တွေလေ …

… … လွင့် … … လို့ … …



တည်ညိမ်းကို



Saturday, March 12, 2011

ခိုင်မြဲတဲ့ ချစ်ခြင်း

ဟိုးရှေးရှေးတုန်းက...... နှာခေါင်းချွှန်ချွှန် ဆံပင်ပါးပါး လိမ်ကောက်ကောက်လေးတွေ အသားကဖြူဖြူ အရပ်ကပုပု ခြေလက်လေးတွေကားကား နဲ့ ကောင်ကလေးတစ်ယောက် သူ့နာမည်က အောင်ဆန်း ။ အသားညိုညို မျက်လုံး မျက်ခုံးကောင်းကောင်း ပိန်ပိန်ပါးပါးနဲ့ ဆံပင်ရှည်ကြီးတွေ ဘီးစဘတ် ပတ်ထားတတ်တဲံ့ ပြုံး ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇတ်လမ်း ။ ကောင်ကလေးက အိမ်ထဲက အိမ်ပြင်မထွက်ရပဲ တစ်နေကုန် အလုပ်များနေတတ်တဲ့ ကောင်မလေး အိမ်မှာ သူ့အလုပ်ချိန်တွေပြီးတာနဲ့ တော်ရမယ့် ယောက်ဖကိုအကြောင်းပြပြီင်္း အလုပ်တွေ သွားဝိုင်းကူတတ်တယ် ။ပြီးတော့ ကောင်မလေးကို လျှိုးတာပေါ့ စကားနည်းတဲ့ သူက ဒါမျိုးကျတော့သွက်ပါ့ အဲ့ကောင်ကလေးက ကောင်မလေးကို ခိုးပြေးတဲ့နေ့ သူတစ်မိုးတွင်းလုံး စာရင်းငှားလိုက်ထားရတဲ့ပိုက်ဆံလေး ၃၅၀ ပဲ ပါတယ်တဲ့ ။ သူ့အချစ်တွေကိုတော့ သန်မာတဲ့ ခွန်အား ကျယ်ပြန့်တဲ့ ကျောပြင်ကြီးတွေနဲ့ အချစ်သက်သေပြမယ်ဆိုတာ ချစ်သူကလေးကလည်း အကြွင်းမယ့်ယုံကြည်ခဲ့ပါတယ်တဲ့ ။

ဒါကတော့ စိတ်လိုလက်ရ ရှိတဲ့အခါကျ အတင်းဂျီကျပြီး အဘနဲ့ အမေ့ အကြောင်းအတင်းမေးတဲ့ အခါကျပြောပြတဲ့ အချစ်ဇတ်လမ်းရိုးရိုးလေးတစ်ပုဒ်ပါ ။ အမေ နဲ့ အဘက တစ်ရွာသားချင်းပေမယ့် အဘက အမေ့ကိုတော်တော်ချစ်တာပါ စကားက နည်းတယ် ယောက်ဖတွေ အနိုင်ကျင့်လည်းခံတာပဲ ခယ်မတွေဆိုးလည်း ညှာတာပဲ ။ အမေက အိုးတွေ ပန်ကန်လေးတွေကို စုသိမ်းထားရတာ ပျော်တတ်တဲ့ ၀ါသနာပါ ပြီးတော့ အိမ်ရှေ့ကမှန်ဘီရိုးလေးထဲ ထည့်ထားတတ်ပါတယ် ရွာကလူတွေကတော့ အမေ့ရဲ့ အဲ့ဘီရိုလေးကို အရမ်းသဘောကျ ကြတာ အဲ့တော့ အမေတစ်ယောက် ၀မ်းသာပီတိဂွမ်းဆီထိပေါ့ ။ အဘက မူးရင်တော့ သွေးဆိုးတတ်ပါတယ် မူးလေလေ ပိုဂရုစိုက်ခံချင်လေလေ အနားမှာ ချစ်ဇနီးရှိနေမှ ထမင်းစားရင်လည်း ထမင်းတစ်လုတ်စားဖို့အရေး အဘရစ်သမျှကို အမေ့ခများ တော်တော် သည်းခံရတာ သည်းမခံနိုင်တဲ့နေ့ဆိုရင်တော့ အဘ ဆိုးချက်ပြောပါတယ် ပေါက်စိန်ကြီးကို ကိုင်ပြီး “ ငါ့ကိုချစ်လား ဒီပန်းကန်တွေကို ချစ်လား ” မဆိုင်တာတွေမေးတော့ အမေက ရွဲ့ပြီး ပန်းကန်ကို ချစ်တယ်ဖြေတော့ အဘက ပန်းကန်တွေကို တစ်ချပ်ချင်း “ ချစ်အုံးကွာ ချစ်အုံးကွာ ” ဆိုပြီး တစ်ချပ်ချင်း စိမ်ပြေတပြေထိုင်လို့ ပေါက်ဆိန်ကြီးနဲ့ ပေါက်ခွဲတတ်ပါတယ် ။

အဘ မူရင် အမေက ကြောက်ချင်ယောင်ဆောင်ထားပါတယ် ( စိတ်ထဲမှာတော့ ဒင်း အမူးမြန်မြန်ပြေစမ်းပါပေါ့ ) အမေပြောတာလည်းဟုတ်သား “ ဟဲ့....နင့်အဘမူးရင် ဘာမှသိတော့တာမဟုတ်ဘူး အဲ့အချိန် အမေက အပြိုင်ရန်ဖြစ်နေကြည့်ပါလား ပေါက်ဆိန်မင်းသားက ပန်းကန်ကိုမခွဲပဲ အမေ့ကို ဆော်ထည့်လိုက်မှာပေါ့ ” တဲ့ တော်လိုက်တဲ့အမေ ။ ညပိုင်းး အဘခွဲထားတဲ့ ပန်းကန်ကွဲစတွေကို အမေက မသိမ်းပါဘူး မနက်မိုးလင်းသက်သေအဖြစ်နဲ့ ထားထားပါတယ် ။ အဘ အိပ်ယာထရင် ညက မူုးထားတဲ့ အရှိန်ကပြေပြီး ကွက်တိ အကယ်ဒမီမင်းသမီး ကျနော့်အမေ ကတော့ “ အမလေးလေး ကုန်ပါပြီးတော် ငါ့မှာတော့ မစားရက်မသောက်ရက် ၀ယ်ထားရတဲ့ပန်းကန်လေးတွေ ဒါ ငါတန်ဖိုးထားမှန်းသိလို့ တမင်လုပ်တာ အမလေး အမေရဲ့ မပေါင်းဘူး ငါတော့ ဒင်းဒဏ်တွေခံရတာများပြီး မနေနိုင်တော့ဘူး ခလေးတွေ နင်တို့တော့ နင်တို့ဘနဲ့သာ နေခဲ့ကြတော့ ငါတော့ ဒီဝဋ်တွေမခံနိုင်တော့ဘူး သားငယ် ... လာ နင့်အဖွားအိမ်ပြန်မယ် အ၀တ်စားတွေသွားထုတ် ” အဲ့တာက အမေ့ရဲ့ အကယ်ဒမီရှော့ပါ အဲ့တုန်းက ကျနော်ကတော့ လွယ်အိတ်လေးထဲ အ၀တ်စားလေးတွေထည့် မျက်ရည်လေး စမ်းတမ်းတမ်းနဲ့ ခုမှ ပြန်စဉ်းစားတာ အမေ ဘယ်တော့မှ အိမ်က ဆင်းမှာမဟုတ်ပါဘူး ။

အမေ့ငိုသံကြားရင် အဘကတော့ မနေတတ်တော့ပါဘူး “ အဖွားကြီးရယ် ညက ငါ မူးသွားလို့ပါ မနေ့ညနေက ထမင်းစားကောင်းလေးဆိုပြီး ချထည့်လိုက်တာ များသွားတယ်ထင်တယ် ဟေ...ဘီရိုထဲက ပန်းကန်တွေ အကုန်ပဲလား အေးပါကွာ ငါပြန်ဝယ်ပေးမယ် တိတ်တိတ် သားငယ် နင့်မေ အ၀တ်စားတွေသွားပြန်သိမ်းလိုက် ခဏနေ ပြန်လိုက်ဝယ်ပေးမယ် တိတ်တော့ဆို ” အမေက အတိုးနဲ့ ပန်းကန်တွေ ၀ယ်ခဲ့အုံးမယ်ဆိုတာသိပါတယ် ။ “ဘယ်မှာတုန်း ပိုက်ဆံက မနေ့က အရက်သောက်ခဲ့လို့ ကုန်ပြီမှတ်လား” ၊ “မကုန်ပါဘူးဟ မနေ့က လှည်းတိုက်ခ ဒီမှာရှိသေးတယ် ” ပြီးတော့ အဘ လုံချည်လိပ်လေးထဲက ပိုက်ဆံကျစ်ကျစ်လေးတွေထွက်လာပါတယ် တကယ်ပါ ကျနော့်တစ်သက်မှာ အဘက ပိုက်ဆံကျပျောက်တယ်ဆိုတာ ကြားကိုမကြားဖူးတာ ပင်ပန်းပြီးမှ ရတဲ့ငွေဆိုတော့ တန်ဖိုးထားတာပါ အဘ ဘယ်လောက်မူးမူုး အဘလုံချည်လိပ်လေးထဲမှာ ခါချရင်တောင်မကျမယ့် ပိုက်ဆံလိပ်လေးတွေရှိနေတတ်တယ်။ ပန်းကန်လှလှလေးတွေပြန်ဝယ်ရတော့မှာမို့ အမေကလည်းစိတ်ပြေ အဘကမူးတိုင်း ပန်းကန်တွေခွဲလို့ အမေက ငိုပြ ပန်းကန်တွေပြန်ဝယ်ခိုင်းတာ ကျနော် ၈ တန်းကျောင်းသားလောက်ထိပါပဲ နောက်ပိုင်းတော့ အဘ အရက်ပြတ်ပြီး ။

အသက်ကလေး ရတော့ အဘ က အမေ့ကိုပိုပြီးတွယ်တာတယ် အမေကတော့ အဘအစားမြေးတွေကိုပိုအချစ်ပိုခဲ့တယ် ။ အဘ က ဘာလေးစားစား နင့်မေ အတွက်သိမ်းထားအုံးလို့ပြောတတ်ပါတယ် တစ်ခါခါကျ ကျနော်တို့ကိုတောင် မကျွေးပဲ အမေ့အတွက် ဖွက်ထားတာမျိုးလေးတွေလည်းရှိပါတယ် ။ အဘနေမကောင်းရင် မြို့ကအစ်မ အိမ်ကိုခေါ် အဟာရရှိတာလေးတွေ ချက်ကျွေး ဆေးခန်းပို့ အဘက နလန်လေးထတာနဲ့ ရွာပြန်မယ်ပဲပြောတော့တာပဲ တစ်ရက်လောက်လေးထပ်နေပါအုံးဆိုရင်တောင်မရတော့ပါဘူး “ နင့်မေ ...တစ်ယောက်တည်း နွားတွေလည်းရှိသေးတယ် သူ့မြေးတွေနဲ့ အလုပ်တွေများနေတော့မှာ အဘပြန်မယ် ” လို့ပြောတတ်ပါတယ် အစ်မက စိတ်ဆိုးပြပြီး မပြန်ဖို့ပြောတဲ့အခါကျ အဘတစ်ယောက် လမ်းလျှောက်သလိုလိုနဲ့ ဘယ်သူ့မှမပြောပဲ ရွာကိုတိတ်တိတ်လေး ပြန်သွားတတ်ပါတယ် အဲ့တည်းက ကျနော်တို့ မောင်နှမတွေ သိလိုက်တာ အဘ က အမေမရှိပဲ မနေတတ်ဘူးဆိုတာ အမေစိတ်ညစ်လို့ မြို့မှာ ၂ ရက်လောက်လာနေရင်လည်း အဘက လာလိုက်ခေါ်ပါတယ် “ အိမ်က နွားမကြီး ဗိုက်နာနေပြီး ငါတစ်ယောက်တည်းမလုပ်တတ်ဘူး အဲ့တာပြန်လိုက်ခဲ့အုံး ” အမေက စိတ်ပူပြီး ပြန်လိုက်သွားရင်တော့ နွားမကြီးလည်း ဗိုက်နာတာမဟုတ်ပါ အဘက အမေ့ကို ညာခေါ်တာပေါ့ ။

ဒီမှာ ညီအစ်ကိုတွေ ဖုန်းပြောဖြစ်တိုင်း အခန်းခလည်း ဘယ်လောက်မှ မရှိ အစားသောက်လည်းပေါတော့ အခန်းလေးတစ်ခန်းငှားပြီး အမေ နဲ့ အဘကို ခေါ်နေဖို့တိုင်ပင်ဖြစ်ကြတယ် ။ အမေ နဲ့ ဖုန်းပြောတော့ “ အမေ ရွာမှာပဲ နေမယ် ငါ့မြေးတွေနဲ့လည်းမခွဲနိုင်ဘူး နင်တို့ဘကိုသာခေါ်နေ ” အဲ့လိုပြောပြီး အဘကိုဖုန်းပေးလိုက်ကော အမေသိပါတယ် သက်သက် စတာ အဘသွားမှာမဟုတ်တာ အမေကပိုသိတာပေါ့ ကိုယ်လည်းသိပေမယ့် ပြောကြည့်သေးတယ် “ အဘ အမေ မနေလည်း သားဆီမှာ တစ်လလောက်လာနေပါလား ” အဘ ပြန်ပြောတာက တိုတိုလေး “ နင့် မေ နဲ့ပဲ အဘနေမယ် မင်းတို့ကလည်း ခုချိန်ထိကို မသိသေးတာလား ငါ့မိန်းမကို တစ်ယောက်တည်း ထားပြီး ငါက ဘယ်ကိုသွားမှမသွားဘူးဆိုတာ ” အော်.... သူတို့ချစ်ခြင်း ခိုင်မြဲနေတာကို ကိုယ်လည်း လူကြမ်းကြီးမလုပ်ချင်တော့ အတင်းမခေါ်ဖြစ်တော့ပါဘူး ဒါပေမယ့် အတိုင်းမသိကြည်နူးမိပါတယ် အဘ နဲ့ အမေ့ ရဲ့ ချစ်ခြင်းတွေ ထာဝရ ခိုင်မြဲနေမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်မိပါတယ် ။

Friday, March 11, 2011

ဗမာသီချင်းကို မွန်သံဖြင့်ဆိုသည်။

MgMyo.mp3


ရယ်သောသူ အသက်ရှည်၏တဲ့ ခဏခဏ စိတ်ညစ်အောင် လုပ်နေရတာ အားနာလို့ ရယ်စေချင်လို့ ဗမာသီချင်းကို မွန်+ကရင် သံပေါင်းပြီး ဆိုလိုက်ပါတယ်း) ဂစ်တာလည်းမတီးတတ်ဘူး အသံကလည်း ညှောင်တောင်တောင် ပျင်းပျင်းနဲ့ အရှက်မရှိဆိုပြီး တင်လိုက်တာပါ ဒီည အိပ်မပျော်ရင် တောင်းပန်ပါတယ် ။အဲ့တုန်းက သူငယ်ချင်း ဆရာဝံ ပေါက်စ က အတင်းဆိုခိုင်းတာနဲ့ပါ :P ရှက်လိုက်တာဗျာ ။

Thursday, March 10, 2011

ထိုလမ်း

လမ်း... ဆူးခင်းတဲ့လမ်း ပန်းခင်းတဲ့လမ်း ခင်းထားပြီးသားလမ်းနဲ့ အသစ်ဖောက်ရတဲ့လမ်း ။ စုံလို့ပါပဲ ကိုယ်လျှောက်ခဲ့တဲ့လမ်းတွေက များလွန်းလို့ ပြန်မတွေးချင်တော့တဲ့ လမ်းမျိုးတွေလည်းရှိတယ် ။အောက်လမ်း ကျနော့်ဘ၀မှာ အဆုံးဆုံးကြုံတွေ့ခဲ့ရတဲ့ လမ်းကိုပြပါဆိုရင် ဒီလမ်းပါ ဆုံးဖြတ်ချက်အမှားတွေ ချခဲ့တဲ့လမ်း တစ်သက်မှာ တစ်ခါသာ ကြုံပါရစေလို့ဆုတောင်းမိတဲ့ ထိုလမ်း ပြန်တွေးတိုင်း အသက်ကိုဖက်နဲ့ထုတ်ထားရသလိုအဖြစ်မျိုးမို့ ကြောက်စိတ်တွေလည်းဖြစ်တုန်းပါပဲ ။ အောက်လမ်း ....ကျနော်တို့ သောင်းရင်းမှာတော့ ဒီစကားက တွင်တွင်သုံးနေကျပါ သိပ်မထူးဆန်းတော့သလို ။“ ကယ်ရီကောင်းကောင်းရှိတယ် လောလောဆယ် လမ်းစရိတ်တစ်ဝက်ပေးထား ကိုယ့်သွားမယ့်နေရာရောက်မှ တစ်ဝက်ထပ်ပေး လမ်းမလျှောက်ရဘူး စိတ်ချ” ဒါကတော့ ခရီးသွားဖို့ကယ်ရီတွေရဲ့ မက်လုံးစကားပါ အောက်လမ်းကနေသွား ကယ်ရီနဲ့ ဘတ်ငွေ 15000 ပါ ။

အရင်ကတော့ စိတ်လည်းမပါဘူး နေရာသစ်မှာ အစကပြန်ပြီး ရုန်းရမယ့်အဖြစ်မျိုးကိုလည်း မကြိုက်တာကြောင့်ပါ ။ အစ်ကိုတွေကတော့ စိတ်မချလို့ ပေးကိုမလာပါဘူး ( အဲ့တုန်းက သူတို့ကိုတောင်စိတ်ခုမိသေး) သူငယ်ချင်းတစ်ချို့ရဲ့ စကားမှာ ကိုယ်လည်း လောဘစိတ်ကလေးထလာတယ် ။ဖြစ်ချင်ရာဖြစ် တစ်ခါလောက်တော့ စွန့်စားကြည့်တာပေါ့ဆိုပြီး အဲ့လမ်းကိုလျှောက်ဖြစ်တယ် ။ တကယ်ပါ ကိုယ့်ရဲ့အသက်ကိုလောင်းကြေးထပ်ရတဲ့လမ်းပဲ ။ဒါဟာ တိုက်ပွဲတစ်ပွဲနဲ့လည်းတူပါသေးတယ် ကိုယ်နဲ့ တိုက်ပွဲအတူတူထွက်ဖို့ ရဲဘော်ရဲဘက်တွေကိုကြည့်လိုက်တော့ ကိုရင်ကြီးထွက်ခဲ့တယ်ဆိုတဲ့ ၁၅ နှစ်အရွယ်ကောင်လေးတစ်ယောက် ၊ မွန်ပြည်နယ်က လူုပျိုပေါက်လေး၂ ယောက် ၊ အမျိုးသမီးတစ်ချို့ သက်ကြီးပိုင်း ၄၀-၀န်းကျင်းလောက်ထဲကလည်းပါတယ် ပေါင်း ၁၆ ယောက် စစချင်းတော့ ကားပေါ်ကပဲ မဆင်းရတော့မလိုနဲ့ မသိရင် ပျော်ပွဲစားပဲထွက်ရတော့မလို အလုပ်ဟောင်းက သူငယ်ချင်းတွေကို နှုတ်ဆက်တော့ ကျန်းမာရေး သိပ်မကောင်းတဲ့ ကိုယ့်ကိုစိတ်ပူလို့ တားကြသေးတယ် အဆင်မပြေရင် ပြန်လာခဲ့ပါတဲ့ ။

စစချင်းထွက်တော့ ကရင်ပြည်နယ်စပ်က တောင်တန်းတစ်ချို့ တောင်တွေဘယ်နှစ်လုံးတက်ခဲ့မှန်းမသိတော့ပါဘူး ကျနော်သိတာ ကားသာ တစ်စုံတစ်ခုဖြစ်သွားရင် ငါတို့တော့ ဒီတောထဲမှာ သောင်တင်နေတော့မှာပဲဆိုတာရယ် ချောက်ထဲသာပြုတ်ကျခဲ့ရင် ကိုယ့်ကိုယ်ကိုတောင် အစပြန်ရှာရတော့မှာမဟုတ်ဘူးဆိုတာပါ ကားတစ်လမ်းစာ မောင်းလို့ရတဲ့ လမ်းကလေးမှာ ဘေးနှစ်ဘက်မှာ ချောက်ကမ်းပါး ။ ပြီးတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားအတိုင်း ခရီးလမ်းတစ်လျှောက်မှာ မိုးတွေက ရွာလိုက်တာ လမ်းတွေက ဆိုးလွန်းလို့ ကားဘီက မြေပျော့တွေထဲ စိုက်စိုက်ဝင်သွားတာ ။ မေးတွေရိုက်နေပြီး နှုတ်ခမ်းတွေပြာလို့ တကိုယ်လုံးလည်း တုံခိုက်နေတယ် ကျနော် တောင့်တမိလိုက်တာ ကော်ဖီပူပူလေးတစ်ခွက်လောက်ပါပဲ သောက်ပြီးရင် သေဆိုလည်း သေနိုင်ပါတယ် ။ ကားဘီးကျွံလို့ ကြိုးနဲ့ဆွဲတုန်းက လမ်းတွေက ကြိုးရာတွေနဲ့ ပြဲရှ ဘ၀မှာ ဒီတစ်ခါလောက် ဒုက်ခရောက်တာမျိုးမကြုံခဲ့ဖူးပါဘူး ။

၂ ညအိပ် ၃ ရက်ခရီးမှာ စားရတဲ့ထမင်းက အောင့်နံ့ထွက်နေတဲ့ ထမင်းနဲ့ ငါးတစ်ဗူး တောင်တွေ ဘယ်နှစ်လူုံးတက်ခဲ့ပြီးပြီလဲ မမှတ်မိတော့ဘူး မြင်မြင်သမျှမြင်ကွင်းတွေထဲ ကျနော်တို့ကားလေးတစ်စီးပဲရှိပါတယ် ကားပေါ်မှာ ချမ်းတုန်လွန်းလို့  တစ်ယောက်ကိုယ်ငွေ့နဲ့တစ်ယောက်နွေးထွေး တစ်ယောက်ကိုတစ်ယောက်ဖက်ထားမိကြပါရဲ့ ကျနော်တို့ဒီလို သက်စွန့်ဆန်ဖျား ခရီးကို ဘာကြောင့်ထွက်လာမိခဲ့ပါသလဲ သက်မဲ့ငွေကြေးတစ်ခုအတွက် ကိုယ့်ရဲ့အသက်တွေကို အလောင်းစားလုပ်ရတဲ့ဖြစ်ခြင်းကတော့ရင်နာစရာပါ ။ကားက မြေပြင်မှာဆို မောင်းလိုက်တာများ မတ်တပ်ရပ်လိုက်တာနဲ့ လွင့်ကျခဲ့မယ့် အရှိန်မျိုး ။ ခရီးတစ်ထောက်နားတော့ တာလပတ်ကြီးတစ်ချပ် ခင်းချပေးတယ် အားလုံးလည်း တကိုယ်လုံးမိုးရေတွေရွှဲလို့ ပြီးတော့ အဲ့အခန်းကျဉ်းလေးထဲ တံခါးကြီးဂျက်ချ မီးကို ပိတ်လိုက်တယ် သူတို့ပြောသွားတာ စကားမပြောနဲ့ အိပ်ကြတော့တဲ့း( ခြင်တွေကလည်း ပလူကိုပျံလို့ ။

ဘန်ကောက်မြို့ထဲဝင်တော့ ကားပြောင်းစီးတယ် ကားခေါင်းခန်းလေး ကျဉ်းကျဉ်းမှာ လူက ၁၂ ယောက် တစ်ယောက်ပေါင်ပေါ်တစ်ယောက်တက်ထိုင်လို့  ကံဆိုးလိုက်ပုံများ ကျနော့်ပေါင်ပေါ်မှာ ကုလားမ ၀၀ကြီးတစ်ယောက်တက်ထိုင်ပါတယ် ကျနော့်ခြေတောက်တွေကျိုးပြီးလို့တောင်ထင်တာပါ သူကလည်း ကိုယ့်ကိုအားနာ အသက်တွေလည်းရှူလို့မရတော့ဘူး တစ်ယောက်နဲ့တစ်ယောက်လည်း ကိုယ်ကလေးတောင်လှုပ်လို့မရတဲ့အဖြစ်ဆိုတော့ ဘာကိုစိတ်တိုမှန်းမသိပဲ စိတ်တွေတိုနေကြတယ် ဘေးနားက ညီလေးတစ်ယောက်က “အစ်ကိုရောက်တော့မလားဟင် ..ကျနော် အသက်ရှူလို့မရတော့ဘူး ” တဲ့ ကိုယ်လည်း ရောက်ဖူးတာမဟုတ်ပေမယ့် သူ့ကိုသနားလို့ “ အေး ..လမ်းဘေးက ဆိုင်းဘုတ်တွေမှာရေးထားတာ နည်းနည်းပဲကျန်တော့တယ် ရောက်ခါနီးပြီး အားတင်းထား ညီ မင်း ဘုရားစာရွတ်နေလိုက် ” သူ့ကိုအားပေးစကားပြောနေပေမယ့် ကျနော့်ကိုယ်ကျနော်လည်း အဲ့နေရာမှာ မသေသွားနိုင်ဘူးလို့ အာမမခံနိုင်ပါဘူး ။နောက်တစ်ဆင့်ကားပြောင်းစီးခါနီးကျ ကားပေါ်က ဆင်းမရတော့တဲ့ ကျနော့်ခြေတောက်တွေ ကိုယ့်ကိုယ်ကို ဒဏ်ပေးနေသလိုပါပဲ ဆိုးဝါးလိုက်တဲ့အဖြစ် ။

အားလုံး တစ်ယောက်တစ်နေရာစီ လမ်းခွဲကြတော့ ဖုန်းနံပါတ်တွေလဲ လိပ်စာတွေပေး အဆက်အသွယ်လုပ်နေ ကျန်းမာရေးဂရုစိုက် အဆင်ပြေပါစေ ဆိုတဲ့ ဆုတောင်းစကားတွေနဲ့ ခလေးတွေတစ်ချို့ကတော့ မျက်ရည်လေးတွေဝဲလို့ ၂ ည နဲ့ ၃ ရက်ခရီးလေးပေမယ့် ကျနော်တို့တွေ သွေးချင်းနီးခဲ့ကြတယ် သေမလားရှင်မလားမသိတဲ့ ကစားပွဲမှာ ကိုယ့်အသက်တွေကို လောင်းကြေးထပ်လို့ပေါ့ တစ်ယောက်ကိုယ်ငွေ့နဲ့ တစ်ယောက်နွေးထွေးခဲ့ကြတယ် တစ်ယောက်လက်တစ်ယောက်တင်းတင်းဆုပ်လို့ ဖေမ ကူတွဲခဲ့ကြတယ် ။ တကယ့်အမှတ်တရပါပဲ အဲ့ခရီးစဉ်ကတော့ ကျနော့်ဘ၀ရဲ့ နေ့ရက်တွေထဲမှာ ဘယ်တော့မှ မေ့ပျောက်နိုင်မှာမဟုတ်တဲ့ နေ့စွဲလေးတစ်ခုပါ ။

နေရာအသစ်မှာ အတည်မကျ ကျန်းမာရေးက မကောင်းတော့ အပင်ပန်းမခံနိုင်တော့ပိုဆိုး စရိတ်တွေက ဈေးကြီးနဲ့ ဒုက်ခရောက်နေတဲ့ အချိန် တကူးတကဖုန်းဆက် အားပေးစကားပြောပေးတဲ့ ဘလော့ပေါ်ကသူငယ်ချင်း နေ၀သန် နဲ့ ညီလေး ညီသူအိမ် တို့ကိုလည်း လေးလေးနက်နက် နဲ့ကိုကျေးဇူးတင်မိပါတယ် မေ့မရတဲ့နေ့လေးနဲ့ အတူ သူတို့ကိုလည်း ကျနော် ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး ။ပြီးတော့ ကိုယ့်ရဲ့ ဒုတိယမိခင်လိုဖြစ်နေတဲ့ ဘော့စ် အလုပ်တွေအဆင်မပြေတော့ ကျနော် အရင်ဆုံးသတိရလိုက်မိတာ သူ့ကိုပါပဲ ကိုယ်ထွက်လာခဲ့မယ်ဆိုတုန်းက သူ့ကိုလည်း ဘာမှမပြောခဲ့ အလုပ်ကသူငယ်ချင်းတွေကလည်း အဆင်မပြေရင် ပြန်လာလို့လွယ်အောင် သူ့ကိုမပြောပြထားကြဘူး နောက်ဆုံးတော့ ကျနော်ဆုံးဖြတ်လိုက်တယ် သူ့ဆီကိုဖုန်းခေါ်လို့ ကျန်းမာရေးမကောင်းတဲ့အကြောင်းနဲ့ အဆက်မပြေတဲ့အကြောင်း ပြောပြမိတော့ သူက ဖြစ်ရလေ ငါ့တပည့်ရယ် တဲ့ ကျနော်ဝမ်းနည်းသွားပါတယ် အစ်မရင်းတစ်ယောက်က ကိုယ့်မောင်အဆင်မပြေတာကို စိတ်ပူနေသလိုမျိုးစကားတွေပြောပြီး ချက်ချင်း သူကိုယ်တိုင် လာကြိုပေးတယ် ပြီးတော့ ကားပေါ်မှာ မျက်ရည်တွေဝဲနေတဲ့ကိုယ့်ကို “ လူဆိုတာမှားတတ်တာပဲ စိတ်မကောင်းမဖြစ်နဲ့  အမှားကိုသိတော့ အမှန်ပြင်လို့ရတာပေါ့ အားလုံးအဆင်ပြေသွားလိမ့်မယ် ဘာမှမဖြစ်ဘူး.....ခုကော ထမင်းစားပြီးပြီလား ” တဲ့ မဲဆောက်မပြန်ချင်ဘူး ရှက်တယ်လို့ပြောတော့ ဘာမှမဖြစ်ဘူး ငါရှိတယ်တဲ့ သုက တကယ့်မိခင်ကျနေတာပါပဲ သူ့ကျေးဇူးတွေ ဆပ်လို့ကုန်တော့မယ်မထင်ပါဘူး ။

ဒီလမ်းက သေလမ်းဆိုရင် ကျနော်က သေလမ်းကနေ သီသီကလေးလွတ်မြောက်လာတဲ့ဖိုးကံကောင်းလို့ဆိုရမှာပေါ့ ။ တကယ်ဆို ဒီလိုစာမျိုးဟာ ကိုယ့်အတွက် အရှက်ရစရာစာမျိုးလို့ထင်ပါတယ် ဒါပေမယ့် ကျနော်ဒီပို့စ်လေးကို ဗသုသုတဖြစ်စရာ အကြောင်းရာလေးတစ်ခု အနေနဲ့ရေးမိတာပါ အားလုံးကို ကျေးဇူးတင်ပါတယ် ကျနော်ခုထိတော့ ဖိုးကံကောင်းလေးဖြစ်နေတုန်းပါပဲ ။




Tuesday, March 8, 2011

ဈေးဆစ်ခြင်း

စာရေးဖို့ ဘာရေးရမှန်းမသိရင် ကိုယ်ကြိုက်တဲ့ ဘလော့ကစာဟောင်းတွေသွားသွားပြန်ဖတ်တတ်ပါတယ် ။ ပြီးရင် ကုန်ကြမ်းလေးတွေရရလာတယ်း) သူများဦးနှောက်ဖေါက်စားတာမဟုတ်ဘူးနော် ဒီလိုပဲ အိုင်ဒီယာလေးရလာတယ်ပြောရမှာပေါ့ ကျနော်ရခဲ့တဲ့ကုန်ကြမ်းမှာတော့ စာရေးသူက ဈေးမဆစ်ရဲတဲ့အကြောင်းရေးထားတာပါ (ဘယ်သူလဲဆိုတာမပြောတော့ဘူး ဟဲဟဲ) ။ ကျနော်ကတော့ သူနဲ့ပြောင်းပြန်ပါ အငယ်လေးထဲက ဈေးရောင်းဈေးဝယ်နဲ့ကြီးပြင်းခဲ့ရလို့လားမသိ ဈေးမှန်လား အင်ဈေးလားဆိုတာ မှန်းတတ်ပါတယ် ။ ဒီအမွေကတော့ အစ်မဆီက ကောင်းသောလက်ဆင့်ကမ်းခြင်းတွေရခဲ့တာပါ တစ်ခါတလေ အစ်မ မအားတဲ့ အခါကျ ဈေးစာရွက်လေး ရေးပေးလိုက်တယ် ကျနော်က ၀ယ်ရုံပဲ ဘယ်လိုမျိုးလတ်တာကိုဝယ် ပုတ်နေရင်မ၀ယ်ခဲ့တဲ့ ဘယ်ဟာကတော့ ဘယ်ဈေးလောက်ပဲရှိမှာ များရင် တစ်ခြားဆိုင်ပြောင်းဝယ် ဆိုတာမျိုးတွေမှာတတ်ပါတယ်။

အစ်မမှာလိုက်တဲ့ဈေးနဲ့ ကွာနေရင် ဆိုင်အနှံ့လိုက်မေးလိုက်တယ် ကျနော်တို့မြို့က ဈေးကို မြို့သူမြို့သားတွေတင်စားခေါ်ဝေါ်ကြတာက “ယောက်ခမ နဲ့ ချွေးမ ရန်ဖြစ်တဲ့ဈေး” တဲ့ ဒီနေ့ ၁၀၀ တန်တဲ့ဈေးက နက်ဖန်ကျရင် ၅၀၀ လောက်ဖြစ်ချင်ဖြစ်သွားလို့ပါ ဈေးထဲမှာ ယောက်ခမ နဲ့ ချွေးမ ရန်ဖြစ်ကြတာမဟုတ်ပါဘူး ။ပိုနေရင်တော့ ကိုယ့်အတွက် ဘတ်ငွေလေးရတာပေါ့ “ ၅၀ သားလောက် ယူမှာမလျှော့တော့ဘူးလား ကျနော် ....မောင် နော်ဈေးပိုမပြောနဲ့ ” အဲ့လို ဆိုးတာပါ။ ဈေးလျှော့ခိုင်းလို့မရရင်တောင် ချိန်ခွင်လျှာလေး ဇောက်ထိုးဖြစ်နေမှး) ။ မုန့်ဖိုးရလို့ မုန့်ဆိုင်ပြေးဝယ်ရင်လည်း ကိုယ့်မှာပါတာက မုန့်တစ်ထုတ်ဖိုးလောက်ပဲ ဈေးဆိုင်မှာရှိသမျှမုန့်ကို လက်စမ်း နှိပ်လို့ရရင် နှိပ်ကြည့်လိုက်သေးတယ် ။ နောက်ဆုံးယူဖြစ်တာက ဈေးအပေါဆုံးမုန့် ကိုယ့်မှာပါတာ အဲ့တာလောက်ပဲရတာကိုး ။

တစ်ချို့ကတော့ ယောက်ျားလေးဈေးဆစ်ရင်ပဲ သိက်ခါ ကျသလိုလို ကျနော်ကတော့ သူများပစ်စည်း အလကားတောင်းတာလည်းမဟုတ်တော့ အဲ့တာတွေလည်းမတွေးပါဘူး အဓိက က သူများဈေးမတရားတင်ထားတာမခံရဖို့ပဲလေ ။မော်လမြိုင် ၂ ထပ်ဈေးက ဈေးအင်မတန်တင်တဲ့ဈေးလို့နာမည်ကြီးပါတယ် လူတိုင်းနီးပါးပြောတဲ့ဈေးပေါ့ သူငယ်ချင်းတွေကျောင်းပိတ်ရက် ဈေးသွားကြတော့ ကိုယ်တွေနယ်မြို့မှာတောင် ၅၀၀၀ တန်လောက်ပဲရှိတဲံ့အကျီ င်္က ဒီမှာကျ ၇၀၀၀ လောက်ရှိနေတယ် တွေ့ပြီး တကယ်တော့ ကျနော်ဝယ်မှာမဟုတ်ပါဘူး သူငယ်ချင်းဝယ်မှာပါ ကိုယ့်ရဲ့ငုံစိတ်လေးက မနေနိုင်တော့ “ ကျနော်တို့ ဟိုနားကဆိုင်မှာဝင်မေးခဲ့ပြီးပြီး ၇၀၀၀ ကတော့များတာပေါ့ ၃၅၀၀ ရရင်ယူမယ် မရရင်လည်းနေပါစေ ဟိုဆိုင်ပဲသွားပြန်ဝယ်မယ် ” အတည်ပေါက်နဲ့ တုတ်ထည့်လိုက်တာပါ ကျနော်တို့ဈေးရောက်ရောက်ချင်း ဒီဆိုင်ကိုစ၀င်တာပါ ။သူငယ်ချင်းကတော့ ကျနော့်ကိုမျက်လုံးကြီး ပြူးလို့ “ မင်းကလည်းကွာ အားနာလိုက်တာ ထက်ဝက်ကြီးတောင်ဆစ်ချလိုက်တယ်” တဲ့ သူ့ကိုအသာနေဆိုပြီး မျက်စိမှိတ်ပြလိုက်တယ် “ဒါဆိုလည်းနောက်မှပြန်လှည့်လာတော့မယ် လိုက်ကြည့်အုံးမယ် ” ဆိုတော့ ဆိုင်ရှင်က ယူသွားယူသွားတဲ့ ပိုင်တယ်ဟုတ် ။ ကိုယ်လည်းဈေးရောင်းဖူးတဲ့သူပဲ အရှုံးခံပြီးတော့ ဘယ်သူကရောင်းမတုန်း ဒါက ဈေးမှန်ပဲး) ။

ဈေးဝယ်ရင်လည်း သတိထားရတယ် ပုပ်နေတဲ့သားငါးတွေမထိဖို့ ၀ယ်ခဲ့ပြီးမှ အနာဆာတွေ့လို့စိတ်ညစ်ရတဲ့ဒဏ်ကိုလည်းမခံနိုင်ပါဘူး ဆိုင်ရှင်စိတ်ရှည်ချင်ရှည် မရှည်ချင်နေ ကျနော်ကတော့ အကျီ င်္ဝယ်လည်း ချုပ်ရိုးတွေ ကြယ်သီးတွေကအစကြည့်တာပဲ မကြိုက်ရင်တော့ မ၀ယ်ဘူး ကောင်းကွက်လား ဆိုးကွက်လားမသိပါဘူး ကျန်တဲ့နေရာတွေ အားနာတတ်ပေမယ့် ဈေးဝယ်တဲ့နေရာတော့ အားမနာတတ်ပါဘူး ။အဲ့ထက်ဆိုးတာလေးက မုန့်ဟင်းခါးစားပြီးရင် ဟင်းရည်တောင်းသောက်တဲ့ပြသနာ အပိုလေး မပါရင် ဗိုက်အောင့်တတ်လို့ပါ တစ်ခါခါ ဟင်းရည်က အရမ်းကောင်းနေရင် ကိုယ်တောင်းထားတဲ့ ဟင်းရည်က ကုန်ပြီး သူငယ်ချင်းက ဟင်းရည်မကြိုက်တတ်တော့မတောင်း ကျနော်က သူ့ကိုပန်းကန်င်္ကြိးထိုးပေးပြီး ”ရော့ ငါသောက်မယ် မင်းတောင်းပေး” သူက အကြောင်းသိတွေဆိုတော့ အပြစ်မဆိုတော့ဘူး ဟင်းရည် ၂ ခါတောင်းရင်တော့ ဆိုင်ရှင်က ရိုက်တော့မှာမဟုတ်လား :)။

ဒီမှာဈေးဝယ်ရတာတော့ သိပ်ကောင်းပါတယ် ဈေးလည်းချိုတယ် ပေါလည်းပေါတယ် ။အင်းး....ဒီလောက်ထိ ဈေးဆစ်နေလို့လည်း ဂျီးထူနေလို့လည်း ခုချိန်ထိ အငယ်တုန်းက မုန့်ဝယ်စားသလို ကိုင်ကြည့်လို့လည်းမရ နှိပ်ကြည့်လို့လည်းမရ နမ်းကြည့် ရှူကြည့်လို့တဲ့မရ ပြီးတော့ မုန့်ဟင်းခါးစားပြီးရင် ဟင်းရည်အဆစ်တောင်းလို့မရတဲ့ ဈေးဆစ်လွန်လို့ ဈေးဦးမပေါက်တဲ့ ဈေးသည်ကြီးဖြစ်နေပါတယ် :P ။




Monday, March 7, 2011

ကျနော်နှင့်ထိုင်းစာ

ထိုင်းစာတက်ချင်နေတာကြာပါပြီး နေ့တိုင်းနီးပါးမြင်တွေ့နေရတဲ့ ဒီစာလုံးလေးတွေကို မြင်နေရပြီး နားမလည်တော့ စိတ်ထဲ စနိုးစနောင့်တော်တော်ဖြစ်ပါတယ် ကိုယ်သိချင်တဲ့ သတင်းတိုလေးတွေဆိုရင်လေး ထိုင်းသူငယ်ချင်းတွေကိုဖတ်ပြခိုင်းရတယ် ကိုယ်ကသိချင်တာကိုး ။ တံတားကြီးစပိတ်လိုက်တည်းက ကိုယ့်အတွက် အချိန်ပိုဆင်းစရာမလိုတော့ဘူး အဲ့တော့ ညနေ ၅ နာရီနောက်ပိုင်းဆို အချိန်တွေက ပိုနေပြီး ။ ဘာလုပ်ရင်ကောင်းမလဲ အချိန်တွေ အလကားမဖြစ်ရလေအောင် ကျနော်ထိုင်းစာသွားသင်ဖို့ စုံစမ်းပါတယ်။ ပိုက်ဆံတက်နိုင်တဲ့သူတွေကတော့ ဆရာခေါ်သင်တာမျိုးတွေလုပ်ကြတယ် ကျနော်ကတော့ အဲ့လောက်လည်းမတက်နိုင်ဘူး လေးစားစရာမဲဆောက်ရဲ့ တစ်နေရာကတော့ အလုပ်ခွင်မှသူများ ထိုင်းကျောင်းမှာနေသော ခလေးများအတွက်လည်း ကျူရှင်သဘောမျိုးဖြစ်အောင် အလကားဖွင့်ထားပေးတဲ့ ကျောင်းလေးတစ်ခုရှိပါတယ် ကျောင်းဆိုတာထပ် သင်တန်းသဘောမျိုးပေါ့ နို်င်ငံခြားသားတွေလည်း အင်္ဂလိပ်စာ လာသင်ပေးကြပါတယ် ။

အလှူငွေတက်နိုင်တဲ့သူတွေကတော့ အလှူငွေ ၂၀၀ ထည့်ရပြီး မတက်နိုင်လည်း ရပါတယ် ။ ဒီဇင်ဘာ လဆန်းလောက်ကစပြီး စာ စသင်ဖြစ်တယ် တနလာင်္ကနေ သောကြာနေ့ထိ ၆ နာရီခွဲကနေ ၈ နာရီထိသင်ပါတယ် ။ ထိုင်းစာမှာဗျည်းက ၄၄ လုံး သရ က ၂၄ လုံးရှိပါတယ် ။ ကျောင်းစတတ်တဲ့နေ့က ကိုယ်ကတက်တာ ၂ ပါတ်လောက်နောက်ကျပြီးမှတက်တော့ တော်တော်ကို အခက်ခဲဖြစ်တာပေါ့ အသံထွက်တွေလည်းမမှန် ရေးရင်လည်း တူသလို ဆွဲချင်တဲ့နေရာကနေဆွဲလိုက်တာပဲ အစိပ်နဲ့အကျယ်လေး လွဲသွားရင်ကိုက ထိုင်းစာမှာ အဓိပ်ပါယ် ပြောင်းသွားတတ်တော့ ဆရာမ ကသေချာကိုသင်ပြရပါတယ် ။ ဒီအရွယ်ကြီးရောက်မှ က ။ ခ ပြန်သင်ရသလိုဖြစ်တော့ စိတ်ပျက်မိတာတော့အမှန်ပဲ ဒါပေမယ့် တက်ချင်တော့လည်း ဇွဲနည်းနည်းထားရတယ်မဟုတ်လားး) ။

မြန်မာစာက ၀ိုင်းရင်လှတယ် ထိုင်းစာက ချွှန်ချွှန်လေးတွေသွားမှ လှပါတယ်တဲ့ ကိုယ်ကအငယ်လေးထဲက သင်ခဲ့ရတာ ၀ိုင်းဖို့ ခုတော့ ချွှန်ရတော့မယ် ဘော်ပင်ကိုလည်း တည့်တည့်မတ်မတ်ကြီးကိုင်မှ ထိုင်းစာရေးရတာ ပိုအဆင်ပြေပါတယ် ။ တစ်ခုခံသာတာက စကားတက်ထားတော့ ၀ါကျ စီခိုင်းတဲ့အခါကျအဆင်ပြေပြီး အဆင်မပြေတာက အသံထွက်အတိုင်း ကိုယ်တွဲလိုက်တဲ့ ဗျည်းနဲ့သရတွေက မမှန်တာပါ ဥပမာ.. ရပင့် နဲ့ ရရစ် ပုံစံမျိုးပေါ့ နောက်ပြီး ရေးရင်အမှန်ဖတ်တော့ အသံမျိုးဆိုတဲ့ စာတွေကျ အလွတ်ကျက်လိုက်တာပဲ မမှတ်နိုင်လို့ပါ ခက်တာက မြန်မာစာမှာကျ ဗျည်းအရင်လာပြီးမှ သရ ကိုထည့်တာ ဒီမှာက သရက ရှေ့ ဗျည်းက နောက်က အသံထွက်တာကျပြန်တော့ ဗျည်းသံကို အရင်ထွက်ရပြန်ကော ဟူး မလွယ်ဘူး ။

ဒါက ထိုင်း ဂဏာန်းတွေပါ ( ချက်စားလို့မရဘူးနော်) သူတို့ဆီမှာ အကွေးတွေ အထဲကအစံလေးတွေများတော့ ရေးရတာခက်ပါတယ် ။ သင်ရတာတော့အဆင်ပြေတယ် ခုအတန်းပြောင်းလိုက်ပြီးမှ သင်ပေးတဲ့ဆရာက အင်္ဂလိပ်စာကော မြန်မာစာပါကျွမ်းတော့ ပိုနားလည်လွယ်တယ် ။


ဒီပုံလေးကတော့ ကျနော်ရဲ့ အင်မတန်လှပသော ထိုင်းလက်ရေးလေးပါး) ထိုင်းသီချင်းသင်တဲ့နေ့ကတော်တော် စိတ်ညစ်ရပါတယ် အသံကလည်းမပီ အဆွဲ တွေ သံတို သံရှည်တွေနဲ့ ဆိုရတော့ ပိုခက်ပါတယ် စာကြည့်ပြီးဖတ်ဖို့ကလည်း ကိုယ်က သိပ်မကျွမ်းသေးဘူးလေ အဲ့တော့ သုံးလုံးတွဲလောက်ပဲဖတ်လို့ရသေးတယ် စာကြောင်းရှည်သွားရင် တွဲလို့မထိတော့ပါဘူး ။
ဒီထဲက စာလေးတွေကတော့ ဆရာက အတန်းထဲမှာ ၀ါကျဖွဲ့ခိုင်းတဲ့စာတွေပါ သင်ပြီးသလောက်ထဲက စာလုံးတွေနဲ့ ဟိုတစ်လုံး ဒီတစ်လုံး ယူသုံးပြီး ၀ါကျဖွဲ့ခိုင်းတာမျိုး ။ ပျော်ဖို့လည်းကောင်းတယ် စကားနဲ့သိပြီးစာနဲ့ရေးလို့မတက်တဲ့စာမျိုးကျတော့ ရှောင်ရပြန်ကော အဲ့တော့ ကိုယ့်အတွက် စကားလုံးတွေရှားသွားပြီး ။ ဒီထဲက စာလေးတွေကို ဘာသာပြန်ဖတ်ရင်တော့ အော်...ငါ့နှယ် ခုအရွယ်ကျမှ ကလေးကုလားစာတွေပြန်ရေးနေရပါလားလို့ သံဝေဂ ရပြီး ပြုံးမိပါတယ် ။ရယ်စရာလေးတွေဖြစ်နေတဲ့ စာကြောင်းလို့တစ်ချို့ကို ဘာသာပြန်ပေးလိုက်ပါတယ် နံပါတ် 1 မှာရေးထားတာက “ ကလာ့ နဲ့ ကရက် က အဖိုးဘိုင် ဆီကိုသွားတယ် ” တဲ့ ကလာ့ဆိုတာ မြန်မာလိုပြန်ရင် ရဲရင့်လို့ အမည်ရပါတယ် ။ နံပါတ် 8 ကျတော့ “ ခွေးကလေး မဆိုးတဲ့အတွက် အမေက ၀မ်းသာတယ် ” တဲ့။ နံပါတ် 5 ကျပြန်တော့ “ အဖေ နဲ့ အမေ က သားလေး ကစားဖို့အတွက် ကုန်တင်ကားလေးလုပ်ပေးတယ် ” တဲ့ တကယ်ပဲ ခလေးစာလေးတွေပါး) ။


ဘာပဲဖြစ်ဖြစ် ဘာသာစကားအသစ်ဆန်းတစ်ခုသင်ရတာလည်း ပျော်ဖို့ကောင်းပါတယ် ။လမ်းမှာတွေ့တဲ့ စာဆိုလည်း ဟုတ်ဟုတ် မဟုတ်ဟုတ် အသံထွက်လိုက်ဖတ်လိုက်တာပဲ နာမည်တွေ စကားပုံအတိုလေးတွေဆို ဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ် ။နောက်ပိုင်း စာများများဖတ်တတ်တဲ့အခါက ထိုင်းစာလေးတွေ ဘာသာပြန်ပြီးတင်ပါအုံးမယ် ဟဟား အပြောကြီးနေတာ ခုထိ သူငယ်တန်းက မတတ်သေးတဲ့သူက ဘာသာပြန်အုံးမယ်ဆိုပဲ ပါစပ်ကြီးဝဲပေါက်အုံးမယ် ။ အားလုံးပဲ “ ဆော်ဝါဒီခပ်ဖုန်” :)




Saturday, March 5, 2011

လွမ်းလို့ရေးတဲ့စာ

မီးပူရာလေးကျနေတဲ့ အပြာရောင်ကွပ်စိပ် လုံချည်လေးကို ထုတ်ဝတ်လိုက်တယ် ပြီးတော့ အဖြူရောင်လည်းမကျ မီးခိုးရောင်ဘက် နည်းနည်းသန်းတဲ့ အင်္ကျီလက်ရှည်ပါးလေးဝတ်လိုက်တယ် ။ ဘာကိုမှန်းမသိ ဘာကြောင့်မှန်းမသိ လွမ်းနေသလိုလို အဝေးက မြင်နေရတဲ့ ၀င်လုဆဲလိမ်မော်ရောင် နေမင်းကြီးနဲ့ လှိုင်းလုံးတွေထနေတယ်ထင်ရတဲ့ ဒေါနတောင်တန်းသွယ်သွယ်များ ။ ညနေခင်းရဲ့ လေအေးတွေက သနပ်းခါးရေကျဲလေး စိတ်ပေါက်ပေါက်နဲ့လိမ်းထားတဲ့ ပါးပြင်ပေါ်ကို စပ်ဖျင်းဖျင်း ။ ဂျူး ရဲ့ ဖတ်ပြီးသားဖြစ်တဲ့ စာတစ်အုပ်ကို လက်မှာကိုင်ရင်း ခြံစပ်က ဒန်းလေးဆီကို တစ်လှမ်းချင်း ဒီနေ့မှ ဘာကြောင့်များ ကဗျာဆန်နေချင်တာပါလိမ့် စာရွက်တစ်ရွက်နဲ့ ဘောပင်လေးတစ်ချောင်း ဒါမှမဟုတ် ခဲတံလေးတစ်ချောင်းများဖြစ်ဖြစ်ပါလာရင်တော့ ကဗျာရေးမတော်ပဲ ကဗျာလိုလို စာလေးတွေရေးခြစ်မိမှာတော့အမှန်ပဲ ။

နေ့ခင်းက အပူရှိန်မကုန်သေးတဲ့ ဒန်းက ညနေခင်းလေအေးအေးမှာတော့နွေးထွေးမှုတွေပေးနေသလို သက်မဲ့ဒန်းလေးကတောင် နွေးထွေးမှုပေးနိုင်သေးရင် သက်ရှိတွေဆီက ဘာကြောင့်များနွေးထွေးမှုတွေ ပျောက်ဆုံးနေပါလိမ့်လို့ စဉ်းစားနေတုန်း ဘယ်တော့တည်းက ကိုယ့်အနားရောက်နေမှန်းမသိတဲ့ အိမ်က ခွေးပုအိုအိုကြီးတစ်ကောင်က ကိုယ့်ခြေထောက်ကို သူ့ခေါင်းကြီးနဲ့ တိုးခွေ့လို့ အော်..ဟုတ်သားပဲ သူလည်း သက်ရှိပဲ ။ ပျိုးထားတဲ့ စပယ်ပင်လေးကတော့ ခုချိန်ထိ ပန်းလေးတစ်ပွင့်တောင်မမြင်ရသေး သူ့အရွက်တွေကတော်တော်ကိုသန်လာပြီး ဈေးကြီးပေးပြီးဆောက်ထားတဲ့ ရေပန်းကလည်း ခုတော့ ပျက်စီးနေပါပြီး ရေညှိတွေတောင်တက်လို့ နေလုံးကြီးပျောက်ကွယ်သွားလို့ မှောင်ရိပ်ဖက်သန်းလာတဲ့ ညခင်းမှာတော့ လမ်းမီးနီကျင်ကျင်တွေအရောင်နဲ့ ကန်ထဲက ငါးသားပေါက်လေးတွေကို ခဏထိုင်ကြည့်လိုက်သေးတယ် အေးချမ်းလိုက်တာ သူတို့ဘ၀လေးတွေ ။

အိတ်ကပ်ထဲထည့်လာတဲ့ ဖုန်းကိုကြည့်ပြီး တစ်ယောက်ယောက်င်္ဆီများ ခေါ်ရင်ကောင်းမလားတွေးကြည့်မိသေး တော်ပါပြီလေ ဖုန်းထဲသွင်းထားတဲ့ i want to know what love is သီချင်းကို ခေါင်းကိုမှေးစင်းလို့ အေးအေးလူလူနားထောင်နေလိုက်တယ် ။ အချစ်.... ကိုယ့်အတွက် ဘယ်နားမှာများပုန်းခိုနေမှန်းမသိတဲ့ တန်ဖိုးကြီးအရာတစ်ခု တန်ဖိုးရှိချင်မှလည်းရှိနိုင်မယ့် ခပ်ညံ့ညံ့အပေါစားအရာတစ်ခုလည်းဖြစ်နိုင်တာပေါ့ ။တွေ့ဆုံခဲ့တဲ့သူတွေအကြောင်းနဲ့ ခွဲခွာခဲ့ဖူးတဲ့သူတွေအကြောင်း လွမ်းမောရတဲ့ အတိတ်နေ့ရက်တွေနဲ့ ပြန်တွေးမိတိုင်းနာကျင်မိတဲ့ ခလေးဘ၀နေ့ရက်တစ်ချို့ ခုပြန်တွေးတော့ ဒါတွေဟာလည်း ဘာမှမဟုတ်ခဲ့တော့သလိုပဲ အနာဂါတ်ဆိုတာကလည်း ဘာမှန်းရေရေရာရာမသိနိုင်သေးတဲ့အရာတွေ ။

အိမ်ထဲပြန်ဝင်တော့မလို့ ပတ်ရမှာပျင်းတဲ့လက်ကနာရီကို ငုံ့ကြည့်လိုက်တော့ ည ၉ နာရီဆိုတဲ့လက်တံကလေးကိုပြနေပြီး ခွေးပုကြီးတောင် တုံးလုံးကြီးခွေလို့ ။ ခပ်လှမ်းလှမ်းက ကိုယ့်အခန်းကိုပြန်တက်ခါနီး စပယ်ပန်းအိုးနား ခဏထိုင်ချလိုက်သေးတယ် ပြီးတော့ မာဆတ်ဆတ်ဖြစ်နေတဲ့ မြေမာတွေကို စမ်းကြည့်မိလိုက်တော့ ဒီတိုင်းဆို ဒီစံပယ်ပင် ရှင်သန်နိုင်ပါ့မလား သက်ရှိဖြစ်တဲ့ ပန်းပျိုးသူတောင် ရှင်သန်ဖို့ခက်တဲ့ လောကကြီးထဲမှာ ဒီပန်းပင်လေး တစ်ပင်သေသွားလို့လည်း ဘယ်သူမှထူးပြီး ၀မ်းနည်းနေမယ်မထင်ပါဘူး ။ပန်းအိုးနားမှာတော့ သစ်ရွက်ကြွေတစ်ချို့ နေပူဒဏ်ကြောင့် မုန့်လေပွေလေး လို ကိုင်လိုက်တာနဲ့ ကြွေတော့မလိုလို ဒီသစ်ရွက်ကလေးလည်း တစ်ချိန်ကတော့ လှပတဲ့ သစ်ရွက်စိမ်းလေးတစ်ရွက်ပဲလေ အချိန်ရဲ့တိုက်စားခြင်းနဲ့အတူသူလည်း အခုတော့ အမှိုက်ဘ၀ကိုရောက်ရလေပြီ နောက် ၂ရက်လောက်ဆို သူခြံစပ်က အမှိုက်ပုံကြီးမှာ လောင်ကျွမ်းချင် လောင်ကျွမ်းနေလောက်ပြီ.........။

အခန်းပြန်ရောက်တော့ ခြင်ဆေးတစ်ခွေထွန်းရင်း ဘာကိုမှမတွေးပဲ နှစ်နှစ်ခြိုက်ခြိုက် ကျနော် အိပ်ပျော်အောင်ကြိုးစားမိတယ် ဒါမယ့် ညက ကျနော်တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်ဆိုတာ ဒီမနက်မိုးလင်းမှသိလိုက်ပါတယ် ကျေးဇူးတင်ပါတယ် မနက်ခင်းရေ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ ။





Friday, March 4, 2011

မဲဆောက် (၂)

ပြန်လည်တမ်းတလို့ မရသော
ရယ်မောသံတွေနဲ့ တမ်းတမ်းတတ အလွမ်းညတွေဟာ
မဲဆောက် ဖြစ်တယ်။

မဲဆောက်ဟာ
မဲဆောက် ဖြစ်သလို
မဲဆောက်ကို လွမ်း
မဲဆောက် အလွမ်းသမားတွေလဲ
ဒုနဲ့ဒေး ရှိတယ်။

ပြန်လှည့်ကြည့်ပြန်တော့
လွမ်းလိုက်တယ် မဲဆောက်ရယ်လို့ ပြောဆိုပြီး
ဟမ်ပါဘာတကိုက် ဘီယာတကျိုက် သောက်နေသူတွေကိုလည်း
မဲဆောက်က ကြိုဆိုတယ်၊

ပြီးတော့တခါ
မိုက်မိုက်မဲမဲ
မဲဆောက်ကို မေ့သူတွေကိုလည်း မဲဆောက်ဟာ
မမေ့နိုင်ပြန်ရှာသူ မဲဆောက် ရယ်ပါ။

ပြန်လာခဲ့ပါမယ်ဆိုတဲ့ သူတွေရဲ့စကားကို
ယုံကြည်တမ်းတတတ်သူ မဲဆောက်ဟာ
ငါးဘတ်တန် ကျဆိမ့် လဖက်ရည်လေးနဲ့
စောင့်မျော်နေတတ်သူ မဲဆောက်ပါ။

အနာဂါတ်အတွက်လို့ ပြောဆိုပြီး
အနာဂါတ်ကို ဆိုဆုံးမခဲ့တဲ့ မဲဆောက်ဟာ
သူ ကျပျောက်သွားခဲ့တဲ့ အနာဂါတ်ကိုတော့
ဘယ်တော့မှ ပြန်ကောက်မရခဲ့တဲ့ မဲဆောက်ပေါ့။

လူက လူကိုလိမ်ခြင်း
ခေတ်က ခေတ်ကိုလိမ်ခြင်း
စော်ကားမှုက မေတ္တာတရားကိုလိမ်ခြင်း
စေတနာက ဝေဒနာကိုလိမ်ခြင်းတွေနဲ့
ပြည့်နှက်နေတဲ့ မဲဆောက်ဟာ
အင်တာနက်စာမျက်နှာတွေကိုလည်း
ကြည့်ရှုဖို့
ရွံရှာနေရှာသတဲ့။

အိုဘယ့် မဲဆောက် ခင်ဗျာ
မိန်းမတယောက်ရဲ့ ထမီနား ခိုစားခဲ့ပြီး
အဲဒီ မိန်းမကို မှိုချိုး မျှစ်ချိုး
ပြောဆိုနေကြတဲ့
လူတစုကို နားမလည်နိုင်စွာ ငေးမောရင်း
မဲဆောက်ဟာ မဲဆောက်မြို့မှာ
တိတ်တိတ်လေး ငိုကြွေးနေရှာလေရဲ့။


ဒီလက်မျိုး
ဖေဖော်ဝါရီလ ၂၂ ရက်

Thursday, March 3, 2011

အခေါ်အဝေါ်လေးများ

သူငယ်ချင်းမိုးခါး က အခေါ်ဝေါ်လေးများအကြောင်း တဂ်ထားတယ်ဆိုပြီး ဆီပုံးမှာ လာအော်သွားပါတယ် အတော်ပဲ ကုန်ကြမ်းရှာမရတဲ့ အခါမျိုးတွေမှာတော့ တဂ်ပို့စ်လေးတွေက ပျော်စရာကောင်းပါတယ် ။

အဘ နဲ့ အမေ ကတော့ ခုထိ ငါ့သား ၊ သားငယ်လို့ ခေါ်ခေါ်ကြတုန်း ကိုယ်ကအငယ်ဆုံးသားလေးဆိုတော့ အချစ်ပိုကြတာကိုးး)

အစ်ကိုအကြီးဆုံးခေါ်တာက ညှောင် တဲ့ ဘာလို့လည်းမသိပါဘူး တစ်ခါခါ စိတ်လိုလက်ရ သူကျနော့်ကိုစိတ်မတိုတဲ့အချိန်ကျ အဲ့လိုခေါ်ပါတယ် ရိုးရိုးအချိန်ဆိုရင်တော့ ညီ လို့ပဲခေါ်တယ် ။

မကြီးခေါ်တဲ့ နာမည်က အဲ့....အဲ့တာကြီးတကယ်ပြောရမှာလား ရှက်စရာကြီးပါလားး( သရဲမ မိုးခါးကြောင့် အတွင်းသတင်းတွေဖော်ချရတော့မယ် မကြီးခေါ်တာက “မျိုးမျိုး” ပါ သူခေါ်တော့ ကျနော့်ရဲ့ အိမ်နာမည်ကလည်း အဲ့နာမည်ပဲတွင်သွားတာပါပဲ ရပ်ကွက်ကလည်း ကျနော့်ကို အဲ့နာမည်ပဲခေါ်ကြတာများတယ် ။ ကျောင်းနာမည် မှတ်ပုံတင်ထဲက နာမည်ကိုတော့ ကျောင်းကသူငယ်ချင်းတွေပဲသိကြတယ် အဲ့နာမည်ကတော်တော်ရင့်လို့ ကျနော်မကြိုက်ပါဘူး အဲ့နာမည်ခေါ်သံကြားရရင် ကိုယ့်ကိုယ်ကို အသက် ၄၀ လောက်လို့ ထင်ထင်သွားကော အမေတို့ကတောသူတောင်သားဆိုတော့ နာမည်လှလှဘယ်ပေးတတ်မလဲလေ ။ အဲ့နာမည်ရင်းကိုပဲ ရွာက ခလေးတွေက ရှေ့က ကိုမောင် တပ်ခေါ်ပါတယ် ဥပမာ ကိုမောင်ဖုန်းမြင့် ပေါ့ ဖီးအောက်တဲ့ နာမည်ကြီး မုန်းလိုက်တာ ။

အစ်ကိုငယ်ခေါ်တာက “ ထော်လန် ” တဲ့ ဟဟား ကျနော့် နှုတ်ခမ်းက ဘရက်ပစ် တို့လို ခပ်တွဲတွဲပါး) ထော်တာမဟုတ်ပါဘူး ဒါမဲ့ ကျနော်က အစ်ကိုတွေ အစ်မတွေကိုဆို ခဏခဏဆိုးပြီး စိတ်ကောက်ပါတယ် ။အဲ့တော့ ကျနော်က နှုတ်ခမ်းကို ဆူဆူထားတတ်တယ် အစ်ကိုကတော့ သူ့ညီလေးတစ်ယောက်တည်းဆိုတော့ တမင်စိတ်ကောက်အောင်စပြီး ကျနော်နှုတ်ခမ်းဆူရင် အဲ့နှုတ်ခမ်းကြီးကို လက်နဲ့ညှစ်ညှစ်တတ်ပါတယ် ။ ကြီးမှတော့ သိပ်မခေါ်တော့ဘူး စကားပြောတိုင်း ဖုန်းပြောတိုင်း သူ သုံးတဲ့ နာမ်စားက “ငါ့ညီ ” ဆိုတာတွေပဲများတော့တယ်။ဒီနာမည်နဲ့ ခပ်ဆင်ဆင် ကျောင်းကသူငယ်ချင်းခေါ်တဲ့ နာမည်က နှင်းဆီဖူးတဲ့ ချစ်သူငယ်ချင်း မျက်မှန် ခေါ်တာက အာပြဲ ။

အစ်မငယ် ၂ ယောက်ကတော့ ခုထိ ကျနော့်ကို ခလေး ပဲခေါ်ကြတယ် သူတို့တွေလည်း နှုတ်စွဲနေတော့ ပြောင်းဖို့မလွဲတော့ဘူးထင်တယ် ။ လူကြားထဲရောက် “အစ်မကလည်း ခလေး ခလေး နဲ့လိုက်လိုက်ခေါ်မနေနဲ့တော့ သူများတွေကြားရင် ရှက်စရာကြီး ” အဲ့လိုပြောလည်း သူတို့တွေက တစ်အိမ်နဲ့ တစ်အိမ် အော်ခေါ်ရင်တောင် “ ခလေး” လို့ပဲခေါ်တယ် ။

ကိုယ့်အရွယ် ဦးလေးရောက်လာတာကိုမေ့နေတာ တစ်ချို့တွေက တော့ ဦးမျိုး လို့လည်းခေါ်ကြတယ် ။ ဘော့စ် နဲ့ အလုပ်က အကြီးတွေကတော့ “အမျိုး” လို့ ခေါ်ပြီး အငယ်တွေကတော့ “ဖိမျိုး” (ကိုမျိုး) လို့ခေါ်ကြတယ် ။ ကိုယ့်ထက် ငယ်တဲ့သူငယ်ချင်းလေးတွေကတော့ ကိုမျိုး လို့ပဲခေါ်ကြတာများတယ် ။တစ်ချို့ကလည်း နားကြားလွဲပြီး မင်းမင်း တို့ မိုးမိုး တို့ ခေါ်ကြတာလည်းရှိတယ် ဘာတွေမှန်းမသိတော့ပါဘူး ။

ကိုယ့်ကိုယ်ကိုတော့ ဆယ်တန်းအောင်ပြီးတဲ့အထိ သား လို့ နာမ်စားသုံးဖြစ်တယ် နောက်ပိုင်းတော့ ဒါကြီးက သိပ်မမိုက်လို့ ကျနော်လို့ ပြောင်းပြောမိတယ် ဒါက တစ်ခြားသူတွေနဲ့ကျမှပါ အိမ်မှာတော့ ခုထိ ကျနော်က သားလို့ပြောတုန်းး) ။ ရွယ်တူတွေကိုတော့ မင်းနဲ့ငါ ပဲပြောပါတယ် ကိုယ့်ထပ်ငယ်တဲ့သူတွေကိုတော့ အစ်ကို တန် အစ်ကိုပေါ့ အခေါ်ဝေါ်တွေကတော့ လိုက်လျောညီထွေဖြစ်အောင် ပြောဖြစ်နေတာပါပဲ ။ မိုးခါး ကျေးဇူးနဲ့ ကိုယ့်နာမည်တွေများမှန်း ချရေးကြည့်မှပဲသိတော့တယ် :) ။တဂ်တဲ့ အတွက် ကျေးဇူးပါ သူငယ်ချင်းရေ ။




Tuesday, March 1, 2011

Aum Patcharapa (อั้ม พัชราภา )


အမ့် ...သူမနာမည်အတိုကောက်ပါ သူ့ဇတ်ကားတွေကြည့် သူ့ကြော်ငြာတွေကြည့်ပေမယ့် သူ့ကိုသိပ်မကြိုက်ပါဘူး ။ ဒါပေမယ့် ဒီနှစ်ပိုင်းအတွင်း သူ့သတင်းတွေ သူ့ကြော်ငြာတွေ အင်တာဗျူးတွေ တော်တော်ကိုကြည့်နေရတာနဲ့ သတိထားကြည့်မိလာတာ ပြီးတော့ ထိုင်းသူငယ်ချင်းတွေကိုမေးကြည့်တယ် ငါတို့ မြန်မာပြည်မှာဆိုရင်တော့ နာမည်အကြီးဆုံးမင်းသမီးဆိုရင် ဘယ်သူပေါ့ ဒီမှာကော အဲ့တာမျိုးရှိလား မေးဖြစ်ပါတယ် သူတို့မဆိုင်းမတွဖြေတာကတော့ “အမ့်” ပါပဲ ဘာကြောင့်လဲ ထိုင်းလို မင်းသမီးပေါတဲ့ နိုင်ငံလိုမျိုးမှာ သူ့ကိုပဲ ဘာကြောင့် နာမည်အကြီးဆုံးလို့ပြောကြတာပါလိမ့် ။ တကယ်ပါ ထိုင်းမှာ တော်တော်ကို အနုပညာရှင်ပေါပါတယ် အဆိုတော်လည်း မင်းသမီးလုပ်လိုက်တာပါ သူတို့ဆီက ဇတ်ပို့ဇတ်ရံတွေကအစ တော်တော်ကြီးကို လှကြပါတယ်။

ဘာကြောင့် နာမည်အကြီးဆုံးလဲဆိုတဲ့ အဖြေကိုတော့ ကျနော်ရှာဖွေတွေ့ရှိသွားတာက လက်ရှိမင်းသမီးတွေ အားလုံးထဲမှာ “အမ့်” က sexy မဖြစ်ဆုံးပါပဲတဲ့ သူ့ထက်လှတဲ့သူတွေလည်း ရှိပါတယ်တဲ့ ဒါပေမယ့် ပရိသတ် အားလုံးလက်ခံထားတာက အမ့် က ငိုရင်လည်း sexy ဖြစ်တယ် အဆိုးဆုံး ပြုတ်ကျရင်တောင် sexy ဖြစ်ပါတယ်တဲ့ ။ သူတို့ဆီမှာ sexy ဆိုတဲ့စကားတော်တော်ကို သုံးပါတယ် ဥပမာ ဒီနေ့လန်းလန်းလေးဝတ်ခဲ့တယ်ဆိုရင်တော့ ဒီနေ့ တကယ်ပဲ sexy ဖြစ်နေတယ်နော် လို့ စတတ်နောက်တတ်ကြပါတယ် ဥပမာ ရင်ဟိုက်အင်္ကျီမျိုး ခါးတိုအင်္ကျီမျိုးတွေ ၀တ်လာတဲ့ အခါကျရင်ပေါ့ ။

အမ့်” က အသက် ၃၃ နှစ်ရှိပါပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်တဲ့ Mistine , SunSilk တို့လို အလှအပအသုံးဆောင်တွေမှာတော့ သူမက ပင်တိုင်မော်ဒယ်ပါပဲ ။ ဒီမင်းသမီးဟာ ထိုင်းရဲ့နံပါတ်တစ်မင်းသမီးလို့ လူတိုင်းက လတ်တလောမှာတော့ သတ်မှတ်ခံထားရပါတယ် ။ သူမ ကိုယ်တိုင်ဖွင့်ပြောတာကတော့ “ ကျမ ထင်တာကတော့ ကျမ ဟာသာမန် မိန်းခလေးတစ်ဦးပါ sexy ဖြစ်အောင် နေတာမျိုး အထင်ခံရအောင်မျိုး ကျမ နေတာမဟုတ်ပါဘူး တကယ်ပါ အိမ်မှာဆို ကျမ ဖြစ်သလိုပဲနေနေတာ ဒါက လူတွေသတ်မှတ်ချက်တစ်ခုပါ မိန်းခလေးတိုင်း sexy ဖြစ်နိုင်တာပဲ ထိုင်းနိုင်ငံရဲ့ နံပါတ်တစ်မင်းသမီး ဆိုတာလည်း မင်းသမီးတိုင်းဖြစ်နိုင်တဲ့အရာပါ ကျမ ကိုယ် ကျမတော့ သာမန်မင်းသမီးတစ်လက်လို့ပဲ သတ်မှတ်ပါတယ် ” တဲ့ ။

ဘယ်လောက်ထိတောင်လဲဆိုရင် အင်တာဗျူးတစ်ခုမှာ ကြည့်လိုက်ရပါတယ် ရုပ်သံဇတ်လမ်းတွဲတစ်ခုပြီးကာနီးတိုင်း အဲ့ဇတ်ကားမှာပါတဲ့ မင်းသား မင်းသမီးတွေ အားလုံးကို အင်တာဗျူးတဲ့ အစီစဉ်ပါ ။ သူတို့ရိုက်တဲ့ဇတ်ကားက အက်ရှင်ဇတ်ကားပါ အဲ့မှာ မင်းသားက မင်းသမီးကို ဆိုင်ကယ်ပေါ်တင်ပြီး စွန့်စားပြရတဲ့ အခန်းကိုပြန်ပြရင်း မင်းသားပြောတာက “ ကျနော် အဲ့အချိန်မှာ တကယ်ပဲ ဖိအားတွေများနေခဲ့တယ် ငါ့နောက်မှာ လိုက်စီးနေတာ ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံးမင်းသမီးဆိုတဲ့ ဖိအားမျိုးပါ ဒီအချိန်မှာ တစ်ခုခုလွဲချော်သွားရင် ဆိုတဲ့အတွေးနဲ့ ကျနော်ကြောက်နေခဲ့တာ သူက ထိုင်းနိုင်ငံရဲ့ super sexy မင်းသမီးတစ်ယောက်လေ ”တဲ့ ။ သတင်းစာတွေရဲ့ ပထမဆုံးစာမျက်နှာမှာပဲ ထိုင်းမင်းသမီးတွေရဲ့ ရေကူးဝတ်ဆုံအလှတွေက နေ့တိုင်းမှာပါတယ် ။ “အမ့်” ကတော့ သူ့အောက်နှုတ်ခမ်းကို ကိုက်ပြီး ညှို့ကြည့်ကြည့်နေရင်တော့ သူ့ကိုသိပ်မကြိုက်တဲ့ ကိုယ်တောင် ရင်ထဲက လှပ်ခနဲဖြစ်ဖြစ်သွားတယ် ။

မီဒီယာ အင်အားကောင်းလွန်းတဲ့ ဒီနိုင်ငံမှား သူတို့တွေဟာလည်း နာမည်ကြီးပီပီ မီဒီယာရဲ့ သားကောင်တွေ ဖြစ်ဖြစ်တတ်သွားကြပေမယ့် “အမ့်” ကတော့ အေးဆေးပါပဲ သူမ မဟုတ်ပေမယ့် သူမ ပုံလို့ထင်ရတဲ့ ညစ်ညမ်း ပုံတွေ ထွက်ထွက်လာပေမယ့် အဲ့မေးခွန်းတွေနဲ့ ပက်သက်တဲ့မွေးခွန်းတွေကိုတော့ ပြုံးပြုံးလေးနဲ့သူမပြန်ဖြေတာက “ ကျမ မဟုတ်ဘူးရှင့် သူတို့ဘယ်လိုလုပ် လုပ်ကြတာလဲမသိပါဘူး ” တစ်ချို့မေးခွန်းတွေကိုလည်း “အဲ့တာက ခုမပြောသေးတာပဲ ကောင်းမယ်ထင်တယ် နောက်တော့ ပြောပြပါ့မယ် သေချာရင်ပေါ့ ” ဒီလိုလှလှပပလေး မဖြေချင်တဲ့ မေးခွန်းတွေကိုလည်း ရှောင်တတ်ပါတယ် ။သူမ နာမည်ကြီးရခြင်းရဲ့ အမှတ်သားဖြစ်တဲ့ sexy နဲ့ ပက်သက်တဲ့ ဆုတွေကိုတော့ 2006 ခုနှစ်မှာတော့ All time sexiest woman in Thailand ဆုနဲ့ 2009 The sexiest woman and sexiest forever in Thailand ဆုတွေ ရရှိခဲ့ပါတယ် တစ်ခြားရုပ်ရှင်ထူးချွန်ဆုတွေ မော်ဒယ်ဆုတွေလည်း အများကြီးရထားတဲ့ မင်းသမီးပါ ။သူမရဲ့ အပါတော်မြဲ ချစ်သူကတော့ သူမသွားလေရောက်နောက် တကောက်ကောက်နဲ့ပေါ့ သူမချစ်သူကတော့ အပြင်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ ။


အမ့်” ရဲ့ ချစ်စရာကောင်းတဲ့ ကြော်ငြာလေးတစ်ခုကိုလည်း တင်ပေးလိုက်ပါတယ် ။
သူမ sexy ဖြစ်မဖြစ်ကိုတော့ ကိုယ်တိုင်ပဲကြည့်ကြပါတော့ :)

မှတ်ချက် ။ ။ “အမ့်” အကြောင်း ကျနော် ကြားမိသလောက် နားထောင်မိ ကြည့်မိသလောက်ပဲရှိတဲ့ အကြောင်းတွေကို ကြိုးစားရေးကြည့်တာပါ သူမအကြောင်းအပြည့်စုံကို ဘာသာပြန်ခြင်းမျိုးမဟုတ်တဲ့အတွက် အမှားပါရင်လည်း နားလည်ပေးနိုင်မယ်ထင်ပါတယ် ကျေးဇူးပါ ။

LinkWithin

Related Posts Plugin for WordPress, Blogger...