Wednesday, November 30, 2011

စပ်မိစပ်ရာ ....၁/၂/၃/၎

၁-၂-၃-၎
အသိညီလေးက ပြောတယ် စိတ်ဆိုးပါ ဒေါသမထွက်ပါနဲ့တဲ့ သေချာပြန်စဉ်းစားတယ် ဘာကိုဆိုလိုတာလဲပေါ့ အစပိုင်းတော့ စိတ်ဆိုးတဲ့နောက်တော့ ဒေါသထွက်မှာပေါ့လို့ သေသေချာချာပြန်တွေးတော့မဟုတ်ပါဘူး သူက ဆက်ပြောတယ် စိတ်ဆိုးလို့ ဒေါသနဲ့ တုံ့ပြန်တော့မယ်ဆိုရင် ၁-၂-၃-၄ ရေတွက်လိုက်ပါ စိတ်အေးအေးထားလိုက်ပါတဲ့ သိပ်ကို အဖိုးတန်တဲ့ လက်ဆောင်စကားလေးပါ နဂိုကတည်းက ကိုယ့်ကိုယ်ကို မရင့်ကျက်ဘူးဆိုတာ သိနေသား တစ်ခုခုဆို ချက်ချင်းပြန်တုံ့ပြန်တတ်တဲ့ ကျနော့်အတွက်တော့ ဒီနည်းလေးက တော်တော် အသုံးဝင်ပါတယ် စိတ်ထဲကနေလည်း စိတ်ဆိုးစရာနဲ့ကြုံတိုင်း၁-၂-၃-၄ ရေတွက်လို့ပါ ။ အလုပ်တစ်ခုမှာ ကိုယ်ကတော့နေနေတာကြာပြီဆိုတော့ ဘယ်သူမှရာထူးမပေးပဲ စိနီယာဖြစ်လို့ပါ အဲ့တာကြီးလည်းမကြိုက်လှပါဘူး စိတ်ရှုပ်တယ် ဘော့စ်နဲ့တူတူလိုက်သွားတော့ အလုပ်လာလျှောက်တဲ့သူက ကိုယ့်ကို ရိုရိုကျိုးကျိုးနဲ့ လက်ကလေးနောက်ပစ်လို့ ““ အဲ့...မလုပ်နဲ့ မလုပ်နဲ့ အဲ့လိုကြီး ကျနော့်ကို မဆက်ဆံနဲ့ဗျ နေရခက်တယ် ကျနော်ဘာမှမဟုတ်ဘူး ဒီတိုင်းပဲ အေးဆေးဆက်ဆံပါ ရတယ် ” လို့ပြောတော့သူလည်း တော်တော်စိတ်ပေါ့သွားတယ်ထင်တယ် ။ကျနော်က အဲ့လိုပဲ ကြောင်ဆိုရင်တောင် လက်သည်း ထုတ်မပြချင်တဲ့ ကြောင်ပဲဖြစ်ချင်တယ် ။


ပြီးခဲ့တဲ့တစ်ပါတ်လောက်က ဘော့စ်နဲ့ဆက်နွယ်ပြီး အင်တာဗျူးသမားတွေ ကို စကားပြန်သွားလုပ်ပေးဖြစ်တယ် သိပ်ကျွမ်းလို့တော့မဟုတ်ပါဘူးး) ဟိုရွှီးဒီရွှီးနဲ့ ငရွှီးကြီးပေါ့ ဒါပေမယ့် သူများက တစ်ခေါက်ပြောရင် ကျနော်က နှစ်ခေါက်ပြန်နေရတာ မနက် ၁၁ နာရီလောက်နေပြောလိုက်ရတဲ့စကား ညနေ ၅ ခွဲတော့ လည်ချောင်းကြီးကနာလို့ အင်္ဂလိပ် ကတစ်ယောက် ဘော့စ်ကထိုင်း အလုပ်သမားတွေက ဗမာဆိုတော့ တိုင်ပတ်နေတာ အင်္ဂလိပ်လို တက်သလောက်နဲ့ ရွှီးပြီးတော့ ဘော့စ်အလှည့်ကျ ကောင်းကောင်း မြန်မာလိုပြန်ထည့်လိုက်တာ ဘော့စ်က “ ဟဲ့ မှားနေပြီတဲ့ ” ဟုတ်သား လူလည်း လည်ကုန်ပြီ ။ ရှိသေးတယ် ဒိုင်လျှိုထားတဲ့ ကောင်လေးက သူ အင်္ဂလိပ်လို ကောင်းကောင်းနားလည်တာကို မပြောပဲနဲ့ ကျနော် ဘာသာပြန်ပေးနေတာကိုပဲ ပြုံးစိစိနဲ့နားထောင်တာ သူငယ်ချင်းက “ ကိုမျိုး..ဟိုကောင်လေးက အီးလိုတော်တော်ကောင်းတယ်ဗျ ” ဆိုမှ ဟေ...ဟုတ်လား ဒါဆို ငါ ပြန်တာတွေ အလွဲတွေကြီးပဲဆိုတာ သူသိတာပေါ့ လို့ဆိုပြီး ရှော့ခ်ရသွားတယ်း)

အပေါ်က ပုံက မနေ့ညနေက ပျင်းပျင်းရှိတာနဲ့ အထပ်ခိုးပေါ်တက်ပြီး မဲဆောက်ရဲ့ ရှု့ခင်းတွေတင်ရအောင်ဆိုပြီး ဓာတ်ပုံတက်ရိုက်တာပါ ပုံကောင်းကောင်း တစ်ခုမှကိုမထွက်လာဘူး မထွက်ဆို ကိုယ်ကလည်း ရိုက်မှမရိုက်တတ်တာ ဒါပေမယ့် ဒီပုံလေးက သံဇကာကွက်တွေနဲ့ ကာထားတာလေးကပဲ ကျနော့်အတွက် ကဗျာဆန်နေသလိုလို ကိုယ့်ငါးချဉ် ကိုယ် ချဉ်တယ်လို့ပဲပြောပြောပေါ့ ကျနော်တို့တွေဟာ တစ်ခါတလေ သဘာဝအလှတရားတွေကိုတောင် ဘောင်ခတ် လှောင်ပိတ်ခံစားရပါလားလို့ မဟုတ်က ဟုတ်က အတွေးတွေဝင်မိလို့ပါ ။ ဟိုးအဝေးမှာ နီညိုရောင်သန်းနေတာ ဒေါနတောင်တန်းတွေနဲ့ ကျနော်တို့ချစ်တဲ့ ပြည်ကြီးပေါ့ ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးနေတုန်းပါပဲ။


စာအုပ်တွေကို ချစ်တယ် စာရေးဆရာကြီးတွေကိုဆိုလည်း သိပ်လေးစားတာ ပြီးတော့ အဆိုတော်တွေ မင်းသား မင်းသမီးတွေထက်လည်း စာရေးဆရာတွေကို အပြင်မှာ ပိုပြီးမြင်ဖူးချင်တယ် ။ စာပေဟောပြောပွဲတွေ အွန်လိုင်းကနေပဲ နားထောင်ဖူးပါတယ် အပြင်မှာ မနားထောင်ဖူးဘူး မနေ့ က ဒီမှာ ဖတ်လိုက်ရတဲ့ သတင်းက ကိုယ့်ကိုတော်တော် ကြီးပျော်သွားစေတယ် သွားဖြစ်အောင်ကိုသွားအုံးမယ် မဲဆောက်မှာ ပထမဆုံးလုပ်တဲ့စာပေဟောပြောပွဲမို့ ၀မ်းသာကျေးဇူးတင်မိပါတယ် စာပေဟောပြောပွဲက ပြန်ရင် မိတ်ဆွေတွေအတွက် အတွေ့အကြုံရေးပါအုံးမယ် ။

ဒါနဲ့လေ စပ်မိလို့ပြောရအုံးမယ် မနေ့ညကလေ ဘာဟင်းမှမရှိလို့ လကုန်ခါနီး ရေကလည်းခမ်းနေတာနဲ့ ရှိတဲ့ ဟင်းချိုလေးနဲ့ ငပိထောင်းလေး လွေထည့်လိုက်တာ ဒီမနက် ပန်းသံသရာထဲ တ၀ဲဝဲလည်ဖြစ်နေလို့ ဆေးဝယ်သောက်လိုက်ရတာ ၈၀ တောင်ကုန်သွားတယ်ဗျာ စပ်မိလို့ပြောတာပါ ကိုယ့်အထုတ်လည်း ကိုယ်ဖြေပြရတာ ခဏခဏရှိနေပြီး) ဒါနဲ့ မိတ်တွေဆို့လည်း စိတ်ဆိုးစရာနဲ့ ကြုံရင် ၁-၂-၃-၄ ရေတွက်ကြည့်နော် ပြီးတော့ စိတ်ဆိုးပါ ဒေါသမထွက်ပါနဲ့ဆိုတဲ့စကားလေးကိုလည်း လက်ဆင့်ကမ်းချင်ပါသေးတယ် ။




Friday, November 25, 2011

ตุ๊กกี้ - ကွတ်ကီး


ကျနော် အရင်က ကြိုက်တာတွေ ဆိုတဲ့ ပို့စ်မှာ ထိုင်း ch-7 ကနေ အင်္ဂါနေ့ည 10.30 မှာလာတဲ့ ဟာသ အစီစဉ်ကိုတအားကြိုက်တယ် ဆိုပြီးရေးဖူးတယ် ဘာကြောင့်ကြိုက်တယ် ဘာလို့ကြိုက်တယ်ဆိုတာ ခုရှင်းပြပါ့မယ်း) ကျနော်က ရယ်စရာတွေဆို အရမ်းသဘောကျပါတယ် ဒီ အစီစဉ်ကတော့ တစ်ခန်းရပ် ဟာသ ဇတ်လမ်းတိုလိုမျိုးပါ ชิงร้อยชิงล้าน တဲ့ လွယ်လွယ်ပြောရရင် ချန်ပီယံ ပေါ့ ။ အဲ့ထဲက ကျနော် အရမ်းကြိုက်တဲ့ ဟာသမင်းသမီးကတော့ အခုကျနော်ရေးမယ့် မင်းသမီးပါ ထိုင်းအသံထွက်နဲ့လည်း တူတာမို့ ကျနော်ကတော့ အလွယ်ဆုံးနာမည်ပေးလိုက်တယ် ကွတ်ကီး လို့ သိပ်ချစ်စရာကောင်းပါတယ် သူ့ကိုမြင်တာနဲ့ သူဘာမှ သရုပ်မဆောင်ရသေးဘူး ရယ်နေရပြီ ။

သူဟာ အခုဆို အသက် ၃၂ နှစ်ရှိပါပြီ အပျိုကြီးပေါ့ အရပ်ကတော်တော့ကိုပုတယ် ရုပ်ကလှလားးဆိုတော့ မလှပြန်ဘူး သူ့အသံကလည်းခပ်စူးစူးရယ် ဒါပေမယ့် သူဟာ ထိုင်းအမျိုးသမီးဟာသ သရုပ်ဆောင်တွေထဲမှာတော့ နာမည် အကြီးဆုံးပါပဲ ။ ထိုင်းလို အလှအပကို ဦးစားပေးတဲ့ အနုပညာရပ်ဝန်းမှာ ဘာကြောင့်သူဟာ နာမည်ကြီးရတာလည်းဆိုတာလည်း စိတ်ဝင်စားစရာပါ ။သူဟာ မြို့တော်(ဘန်ကောက်) သူလည်းမဟုတ်ပါဘူး နယ်သူတစ်ယောက်ပါ ။ သူ့ကို အင်တာဗျူးတစ်ခုမှ ဗျူးမယ့်မင်းသားက ပြောထားပါတယ် “ ကျနော် ဒီအမျိုးသမီးကိုတွေ့ချင်နေတာကြာပြီဗျ သူဟာ ပျော်စရာတွေပဲရှိနေတဲ့သူတစ်ယောက်ပဲ စိတ်ညစ်တာ ၀မ်းနည်းတာမတွေ့ရဘူး ကျနော်သူ့ကိုတွေ့လို့ကတော့လား ဘယ်ပြန်ညာပြန်ကိုနမ်းပစ်လိုက်အုံးမှာ ” တဲ့ ဒါက ထိုင်းကနာမည်ကြီးတန်းဝင်မင်းသားပြောတဲ့စကား ။

တစ်ခုလောက်မေးမယ်နော် စိတ်မဆိုးနဲ့ဗျ သူများတွေကပြောကြလား ခင်ဗျားက ရုပ်ဆိုးတယ်လို့ မျက်နှာက ဘယ်လို ဘယ်ညာဖြစ်တယ်ဆိုပြီးတော့ ကဲ့ရဲ့ကြတာမျိုး ရှိလား ” ဆိုတဲ့ အဖြေလေးကို သူဖြေသွားတာ သိပ်သဘောကျဖို့ကောင်းပါတယ် “ ကျမသိပ် ဂရုမစိုက်တတ်ဘူးရှင့် ဘေးစကားတွေကိုပေါ့ ကျမ ကို ကျမ မှန်ကြည့်ပြီး အမြဲ အားပေးစကားပြောပါတယ် “ကွတ်ကီး နင် ဟာ အလှဆုံး” ပဲ ဆိုပြီးတော့ပါ ” တဲ့ သူဟာ လောကကြီးမှာ ဘယ်လောက်တောင်ပျော်အောင်နေတတ်သလဲဆိုတာ သူ့စကားတွေက သက်သေခံနေပါတယ် ။ ဟာသကားဇတ်လမ်းတိုတွေမှာ သရုပ်ဆောင်သလို တကယ့်ရုပ်ရှင်ကားကြီးတွေ အောင်မြင်သွားတဲ့ကားတွေမှာလည်းသူဟာ ဒိတ်ဒိတ်ကြဲမင်းသားတွေနဲ့ သရုပ်ဆောင်လို့ အောင်မြင်မှုတွေလည်းရခဲ့ပါသေးတယ် ။

ဒီဇာတ်ကားလေးကတော့ လူငယ်အချစ်ကားလေးပါ မင်းသမီးလေးကလည်း ငယ်ငယ်ချစ်စရာလေး ဒီဇာတ်ကားလေးနဲ့ပဲ ဒီမင်းသမီးလေး နာမည်ကြီးသွားခဲ့ပါသေးတယ် မင်းသားကတော့ နာမည်ရှိပြီးသားတစ်ယောက်ပါ ။ ဒီကားမှာ ကွတ်ကီး က ကျောင်းဆရာမ အဖြစ် သရုပ်ဆောင်ထားပါတယ် သူ့ရဲ့ ဗီဇအတိုင်း အလွဲတွေကို ခပ်တည်တည်နဲ့ ပရိသတ်တွေကို ရယ်မောရအောင်လုပ်သွားခဲ့ပါတယ် ဇာတ်ကားနာမည်လေးက สิ่งเล็กๆ ที่เรียกว่ารัก မပြောပလောက်တဲ့အရာသေးသေးသေးလေးပါ အဲ့တာကို အချစ်လို့ခေါ်တယ် တဲ့ ။

ချစ်စရာ ဆရာမ နဲ့ တပည့်မလေးတွေး)


နောက်ထပ် တစ်ကားကတော့ သူခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ထားတဲ့
ตุ๊กกี้ เจ้าหญิงขายกบ ဖားရောင်းတဲ့ ဈေးသည် ဘ၀ကနေ မင်းသမီးဖြစ်သွားတဲ့ဇာတ်ကားလေးပါ တိုက်ရိုက်ဘာသာပြန်ရင်တော့ ဖားရောင်းတဲ့ မင်းသမီး ပေါ့ ။


ဒါကတော့ ဒီဇာတ်ကားရဲ့ ကြော်ငြာဇာတ်ဝင်ခန်းလေးပါ ။ ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ “ ကျနော် ဇာတ်လမ်းတွေကို ဘာမှမဖတ်ရသေးပါဘူး မင်းသမီးနာမည်ပဲ ကျနော်ကြည့်ရသေးတာပါ မကွတ်ကီး ဆိုတာ တွေ့တာနဲ့ပဲ ကျနော်ဒီကားကိုလက်ခံခဲ့တာပါ ” တဲ့ ။

ဇတ်ကားတွေ ဘယ်လောက်များများ ရိုက်ရိုက် အဓိက ပရိသတ်နဲ့သူ မကြာမကြာတွေ့ပျော်ရွှင်မှုပေးတဲ့ တင်ဆက်မှုကိုတော့ အပါတ်စဉ် ကြည့်ရှူ့ကြတဲ့သူတွေအများကြီးပါပဲ ကျနော် အပါ အ၀င်ပေါ့ ။ชิงร้อยชิงล้าน က ဇာတ်ဝင်ခန်းပုံတွေပါ ။


အဲ့အစီစဉ်မှာ အကြောတင်းတင်းနဲ့ သရုပ်ဆောင်ထားတဲ့ ချစ်စရာ့ ကွတ်ကီးး)


ရုပ်ဆိုးပေမယ့် စိတ်ရင်းကောင်းတဲ့ ကွတ်ကီးမှာ နားလည်မှုရှိတဲ့ ၇ နှစ်နီးပါးလောက်ချစ်သက်တမ်းရှိပြီဖြစ်တဲ့ သူ့ရဲ့ချစ်သူနဲ့တွဲရိုက်ထားတဲ့ပုံပါ ။

ကျမ ကတော့ ကျမကိုယ် ကျမ ကြယ်တစ်ပွင့်လို့ထင်ပါတယ် လှပတဲ့ကြယ်တော့မဟုတ်ဘူးပေါ့ ဒါပေမယ့် ဒီကြယ်က ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ကြယ်ပါ ” တဲ့ ထိုင်းတွေမှာ အမျိုးသမီးတွေကို ကြယ်နဲ့တင်စားကြတဲ့ ဓလေ့ရှိပါတယ် ။ ဒီလို ရုပ်ရည်မလှမပနဲ့ စိတ်ဓာတ်မကျပဲ အလူုပ်တွေကို ပျော်ရွှင်စွာနဲ့ အခုလိုလုပ်ဆောင်နေနိုင်တာဟာ သူ့ကိုအမြဲအားပေးနေတတ်တဲ့ ဘာပြသနာပဲရှိရှိရင်ဖွင့်တိုင်ပင်လို့ရတဲ့ မိဘနဲ့တစ်ဂိုဏ်းထဲထားရပါတယ်ဆိုတဲ့ သူ့ရဲ့ မြတ်ဆရာအကြောင်းကိုလည်း အင်တာဗျူးတစ်ခုမှ ကျေးဇူးတင်ကြောင်း မျက်၇ည်ဝဲလို့ သူက ပြောသွားပါသေးတယ် ။ “ ဘ၀နဲ့ဆိုင်တဲ့ ပြသနာတွေပဲဖြစ်ဖြစ် ကျောင်းစာနဲ့ပဲဖြစ်ဖြစ် ဆရာဟာ ကျမကို အမြဲအားပေးတဲ့သူတစ်ယောက်ပါ ကျမကိုယ် ကျမသိပါတယ် မရှက်မကြောက်ပဲနဲ့ သရုပ်ဆောင်နိုင်တယ်ဆိုတာ ဒါပေမယ့် ဆရာသာ ကျမကို အားမပေးခဲ့ဘူးဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရမှု ရှိမှာမဟုတ်ပါဘူး ။ ဆရာဟာ သူငယ်ချင်းလို ၊ အစ်ကိုလို ၊ဆရာလို ပြီးတော့ မိဘလို ဆုံးမခဲ့တာတွေအတွက် အားပေးခဲ့တာတွေအတွက် ကျမအမြဲအမှတ်ရနေမှာပါ ကျမ ဆရာ့ကို အရမ်းချစ်ပါတယ် ကျေးဇူးတင်ပါတယ်ဆရာ ” ။ သူ့မှာ လှပမှုတွေမပိုင်ဆိုင်ပေမယ့် ချစ်စရာလုပ်ဖော်ကိုင်ဖက်တွေ ဆရာသမားကောင်းတွေ သူ့ကိုချစ်တဲ့ ပရိသတ်တွေရှိနေတာ သူ့အတွက် လှပမှုထက်ပိုတန်ဖိုးကြီးတဲ့ အရာတွေလို့ထင်ပါတယ် ။

ကျနော်တို့မှာလည်း လိုအပ်မှုတွေ တစ်ခုခုများ ရှိနေခဲ့ရင် အနားမှာရှိတဲ့ မိသားစု သူငယ်ချင်းတွေပိုင်ဆိုင်နေရတာလေးကို တွေးမိလို့ ဖြေသိမ့်နိုင်ကြပါစေလို့ ။


မှတ်ချက် = ကျနော်ချစ်တဲ့ ตุ๊กกี้ - ကွတ်ကီး အကြောင်းကိုရေးချင်လွန်းလို့သာ ရေးလိုက်ရတာပါ ဘာသာပြန်လည်းမဟုတ်ပါဘူး ဘာသာပြန်နိုင်အောင်လည်း ကျနော့်မှာ ၀မ်းစာမပြည့်သေးတာမို့ တတ်သလောက် မှတ်သလောက်လေးနဲ့ အတူ ဒီက အင်တာဗျူးနဲ့အတူ စာအနည်ငယ်အချို့ဖတ်ရင်း ဒီစာလေးကိုရေးဖြစ်ခြင်းဖြစ်ပါတယ် လွဲချော်မှုရှိရင် စာရေးသူ ကျနော့်အပြစ်ပါး)






Tuesday, November 22, 2011

ပုံရိပ်ဟောင်းများ

အချိန်ဆိုတာ တစ်ခါတရံ ကိုယ်သတိမထားမိလိုက်တဲ့အချိန်မှာပဲ မြန်မြန်ကုန်လွယ်လွန်းတဲ့ အရာတစ်ခုပါ အဲ့ဒီလိုပဲ အတိတ်က ပုံရိပ်ဟောင်းတွေဟာလည်း ကျနော်တို့အတွက် အမှတ်တရတွေအဖြစ်ကျန်ရစ်လို့ အဲ့ဒီအချိန် အဲ့ဒီဖြတ်သန်းမှုလေးတွေဟာ အဲ့တုန်းကသာ ဘာမှမဟုတ်ပေမယ့် အခုတော့ တကယ့်အမှတ်တရတွေကိုဖြစ်လို့ ပြီးတော့ ပုံရိပ်ဟောင်းတွေက ယခု လက်ရှိကိုယ့်ကို အပြုံးတွေ ဖြစ်စေတာတော့ အမှန်ပဲ ။ အိမ်ပြန်ရောက်တုန်းက ဗီရိုထဲက အယ်ဘမ်ဟောင်းတွေ ပြန်မွှေနှောက် ကိုယ့်ပုံတွေကို ယူခဲ့ဖြစ်တယ် ။

FB မှာတော့ ပုံတွေ တင်တတ်ကြပေမယ့် ဘလော့မှာတော့ သိပ်မတင်ကြဘူး ကျနော်ကတော့ ဘလော့ကို ပိုငြိတာမို့ အမှတ်တရအဖြစ်နဲ့ ပုံဟောင်းတွေ တင်ချင်ပါတယ် ။ဘလော့က တည်ငြိမ်ရင့်ကျက်တဲ့ အပျိုကြီးတစ်ယောက်နဲ့တူပြီး FB ကတော့ မြီးကောင်ပေါက်စလေးနဲ့ တူတယ်လို့ ထင်ပါတယ်း) ။ ပုံရိပ်ဟောင်းတွေပြန်ကြည့်ပြီး အဲ့တုန်းက ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေကိုလည်း သတိရမိပါသေးတယ် ခုတော့ တစ်ယောက်တစ်နေရာစီ တစ်ချို့တော့ အဆက်သွယ်ပြန်ရပြီး တစ်ချို့ကတော့ သတင်းတောင်မကြားတော့ပါဘူး ထင်ပါတယ် သူတို့လည်း ဘ၀တိုက်ပွဲမှာ ကိုယ်စီ ရုန်းကန်နေကြမှာပေါ့ ။ညက ဓာတ်ပုံတွေ scan ပြန်ဖတ်ပြီး ဘလော့မှာ အမှတ်တရတင်လိုက်ပါတယ် အရင်တုန်းက လုံချည်ကို ခါးမှာ ကောက်ညှင်းထုတ် ထုတ်ထားသလို တင်းနေအောင်ဝတ်ထားတတ်တဲ့ ကောင်လေးတစ်ယောက် သူငယ်ချင်းတွေနဲ့ စကားများပြီးတိုင်း ကိုယ့်အခန်းထဲမှာ တိတ်တိတ်လေး စိတ်မကောင်းဖြစ်တတ်တဲ့ ကောင်လေးတစ်ယောက်က ခုတော့ ကီးဘုတ်သံ တစ်ဂျောက်ဂျောက်နဲ့ ကိုယ့်အကြောင်းကို ကိုယ် စာစီနေရဲ့း) ။


ဆယ်တန်းဖြေပြီးတော့ သင်ယူပြီးမြောက်ခြင်းလက်မှတ်ယူတုန်းကပါ အဲ့တုန်းက မဲမဲပိန်ပိန်သေးသေးလေး ။


ကျနော့်ရဲ့သူငယ်ချင်းပါ ၉ တန်းလောက်ကတည်းကနေ ခုထိ အဆက်မပြတ်ပဲ ခင်ခင်မင်မင်ပေးနေကြတုန်း ဘလော့ဟောင်းမှာတုန်းကတော့ သူ့အကြောင်းရေးဖူးသေးတယ် ။သူက ကျောင်းပြီးတော့သူက ဘုန်းကြီး အပြီးဝတ်သွားလိုက်ကော ခုထိပဲ အိမ်ပြန်တဲ့အခေါက်တိုင်း သူ့ဆီရောက်အောင်သွားဖြစ်တယ် သူ့ကိုတွေ့ရတာ တစ်ခေါက်နဲ့ တစ်ခေါက် ပိုပိုပြီး တွေ့ရတာ အေးချမ်းလာတယ်။

2005 နှစ်ဆန်းပိုင်းလောက်က အဆောင်က သူငယ်ချင်းတွေနဲ့ သထုံ -မြသပိတ် ဘုရားဖူးတုန်းကပါ အဲ့တုန်းက ညာအစွန်ဆုံးက မွန်သူငယ်ချင်းအိမ်မှာ ညနေစာ စားတာ စားကောင်းလိုက်တဲ့ဖြစ်ခြင်း စားပြီးတော့ ထကိုမနိုင်တော့တာ မွန်ဟင်းတွေ သိပ်စားကောင်းပါတယ် ။

ကိုစိမ်းလို့ နာမည်ပြောင်ခေါ်တဲ့ သူငယ်ချင်းနဲ့ သာမည ဘုရားဖူးသွားတုန်းက အမှတ်တရ ။

သူငယ်ချင်းတွေ ကျိုက်ထီးရိုးဘုရားဖူး လာတုန်းက ရေပြင်တော်ပေါ်မှာရိုက်ထားတဲ့ပုံလေး။

အဆောင်မှာပါ ပိတ်ရက်မှာ မသောက်ဖူးတဲ့ အရက်ကို မြည်းစမ်းကြတုန်းကပေါ့ ခွက်ကိုင်ပြီး ငမ်းနေတဲ့ပုံက မျက်မှန်း) ပါ ။

သူငယ်ချင်းတစ်ယောက် မွေးနေ့ပွဲမှာ ကြေအိုးအပြီတွယ်နေတဲ့ ပုံ ။

ဘီလူးကျွန်း ခရီးသွားတုန်းက ကားပေါ်မှာ အိပ်ငိုက်နေတဲ့ပုံ ။ ကျွန်းပေါ်ရောက်တော့ မြင်မြင် သမျှ ကိုယ့်အတွက်ထူးဆန်းနေတာ ကျွန်းကိုရောက်ဖို့ သဘောင်္စီးရတာပဲ ၂ နာရီလောက်ကြတာကိုး သီးခြားနေရာတစ်ခုကိုရောက်နေရသလိုပဲ အဆောက်အဦးအကြီးကြီးတွေကိုမြင်လည်း အံ့သြရ ကျောက်သင်ပုန်းတွေထွက်တဲ့တောင်အကြီးကြီးတွေမြင်တော့လည်း အံ့သြရတာပဲ သိပ်သဘောကောင်းတဲ့ သူငယ်ချင်းမိသားစုကိုလည်း အမှတ်ရမိသေးတယ် ။

အရင်တုန်းက ပုံရိပ်တွေဟာ အခု အမှတ်တရတွေဖြစ်ရင် အခု ပုံရိပ်တွေဟာ နောင်လည်း အမှတ်တရ ဖြစ်နေအုံးမှာပါ အဲ့အခါကျ ကျနော် ပြုံးမိအုံးမယ်ထင်တယ်း) အော် အရင်တုန်းက ငါ ဘလော့ဆိုတာကြီးပေါ်မှာ ပေါက်တက်ကရစာတွေ ရေးခဲ့ပါလားဆိုပြီးတော့ပေါ့ ။

Thursday, November 17, 2011

မွေးရပ်မြေ

ကိုယ့်ဇာတိ မြေကို ကိုယ်ချစ်ကြတာကတော့ ပြောနေစရာတောင်လိုမယ်မထင် အငယ်လေးထဲက ကိုယ်မြင်တွေ့ခဲ့ရတဲ့ ၀န်းကျင်ရှု့ခင်း ဒီမြို့ကျဉ်းကျဉ်းကပဲ အငယ်လေးတုန်းက ကိုယ့်အတွက်တော့ တကယ့်ကို မြို့ကြီးပြကြီးလေ ။ နယ်စွဲ မြို့စွဲ ရှိတာမဟုတ်ပါပဲ ကျောင်းတုန်းက သူငယ်ချင်းတွေ ကိုယ့်မြို့အကြောင်း ကိုယ်အပြိုင်ကောင်းကြောင်း ငြင်းခဲ့ကြတာလေးကိုလည်းသတိရတယ် ။ ကျနော်ကတော့ ကျနော့်ရဲ့ မြို့ကလေးက ပိန်ချုံးသွားတဲ့ မြို့ကလေးလို့ပဲ ကင်ပွန်းတပ်ချင်တော့တယ် ။ အခု ကျနော်ရောက်နေတဲ့မြို့ကလည်း နယ်စပ် တောမြို့ကလေးပါပဲ ကိုယ့်မျက်လုံးထဲ ကြီးကျယ်တာတွေဆိုတာလည်း မရှိသလောက်ပါပဲ ဒါပေမယ့် မြို့ကို တစ်ခေါက်ပြန်တိုင်း တစ်ခေါက် အားမလို အားမရဖြစ်မိတယ် အရင်ထပ် မစည်ကားရင်တောင် အရင်လောက် ဘာလို့မစည်းကားတော့တာလည်းလို့ ဖြစ်မိပါတယ်။

အရင်ကဆို ကျနော်တို့မြို့မှာ ပွင့်လင်းရာသီဆို ဇတ်ပွဲတွေ ၀င်ပါတယ် ကျနော်တို့ခလေးတွေအတွက်ကတော့ တကယ့်ပျော်စရာပေါ့ ပွဲဈေးတန်းမှာ အရုပ်တွေ လိုက်ငေး စားစရာလိုက်ငေးရတာကလည်း ပျော်စရာကောင်းပါတယ် ။ ကျိုက်ထီးရိုး ဘုရားပွဲတော်နီးရင် အမျိုးတွေနဲ့ နေ့ချင်းပြန် ဘုရားဖူးတက်ကြတာတွေ ဘုရားလမ်းမှာ ကိုယ့်မြို့က အသိတွေတွေ့တိုင်း မုန့်ဖိုးလည်းတောင်းတတ်တာပဲ ။ အခုတော့ မြို့က သီးပင်စားပင်စိုက်ဖို့ မြေနေရာတွေကလည်း နည်းပါးသွား မွေးမြူရေးအတွက်ဆိုရင် ပိုဆိုးကုန်တာပေါ့ အဲ့တော့ လုပ်စားကိုင်စားရတာတွေ အဆင်မပြေကြတော့ဘူး ။ စစ်တောင်းမြစ်ကို အမှီပြုလို့ လယ်လုပ်ကြတဲ့ မြို့ခံတွေကျပြန်တော့လည်း ရေတိုက်စားလို့ လယ်တွေပြို ရွာလုံးကျွတ် ရေလွှမ်းသွားတဲ့ရွာတွေလည်းရှိတယ်တဲ့ ။

အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ တွေ့ရင် အဆင်ပြေသလားမေးတိုင်း သူတို့က ဒီလိုပါပဲ ဖြေနေကြတာ အိမ်ထောင်ကျသွားတဲ့သူတွေဆို ပိုဆိုး သူတို့ကတော့ ကိုယ့်ကိုပြန်ပြောတာ မင်းကတော့ အဆင်ပြေမှာပေါ့ တဲ့ ကိုယ်လည်း ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲဆိုတာ ပြန်မပြောနေတော့ပါဘူး ။ အရင်က လက်ဖက်ရည်ဆိုင်တွေက ည ၁၀ နာရီလောက်ထိ ဖွင့် သီချင်းသံတွေအပြိုင်နဲ့ စည်ကားနေတဲ့ မြို့ပေါ်ရပ်ကွက်တွေဟာလည်း ခုဆို ၆ နာရီ ကျော်တာနဲ့ ဆိုင်တံခါးပိတ်နေရပြီ လမ်းပေါ်မှာဆို လူကရှင်းလို့ ချောင်ကျတဲ့ ရပ်ကွက်အစွန်က အိမ်တွေဆို ၇နာရီထိုးတာနဲ့ မီးခွက်မှုတ် အိပ်ယာဝင်ကြရပြီ ။ဒါတွေဟာ တိုးတက်ပြောင်းလဲပါတယ်ဆိုတဲ့ နမိတ်ပုံတွေလို့ ကျနော်တော့မထင်ပါဘူး။ ကျနော့် မွေးရပ်မြေကလေးက အင်အားချိနဲံ့နေပေမယ့် ကျနော့် မွေးရပ်မြေကိုပြန်ရောက်သွားတိုင်း ကျနော်ကတော့ နွေးထွေးလုံခြုံတဲ့ စိတ်ခံစားမှုတွေရလိုက်ပါတယ် ။ ကျနော့်မြို့ကလေးက ကျနော့်အတွက်တော့ အမြဲချစ်စရာကောင်းနေတော့တာပဲ ။




ဒါက မော်လမြိုင် -ရန်ကုန်လမ်းမကြီးပေါ့ လမ်းတွေတော့ အရင်ထပ်စာရင် နည်းနည်းကောင်းလာတယ် ။



ပြည်သူ့ဆေးရုံကြီး တဲ့ တော်တော်ကို ပြင်ပြင်ဆင်ဆင်လုပ်ထားပုံရတယ် ချိုင့်တွေပါထတယ် ပြီးတော့ ဆေးရုံဝန်ထမ်းတွေရဲ့ စီးပွားရေးဆန်တဲ့ အပြုမူတွေကြောင့်လည်း ကျနော်တို့မြို့ခံတွေကတော့ မနှစ်သက်ကြပါဘူး ။
လမ်းမကြီးပေါ်ကနေ ကျနော်တို့ရပ်ကွက်ထဲ သွားတဲ့လမ်းပေါ်မှာ ပဲ အထက်ကျောင်းရှိပါတယ် ဒါကကျောင်းရှေ့မြင်ကွင်းပုံပါ ။


၁၀ တန်း အဆောင် ။


လူသူရှင်းလင်းနေသော မြို့က လမ်းမများ ။


ဈေးပါ အဲ့နေ့က ဈေးသွားတော့ ဆိုက်ကားကြိုက်တဲ့ကျနော်ကတော့ ဆိုက်ကားပဲ စီးတာပေါ့ ပြီးတော့ ဘလော့ဂါဆိုတဲ့အတိုင်း ပို့စ်အတွက် ကုန်ကြမ်းကလည်းရှာရသေးတယ်မှတ်လား တွေ့သမျှ ကိုရိုက်ချင်နေတော့တာ တူတူပါသွားတဲ့ တူအငယ်ကောင်က ဈေးထဲမှာ ဓာတ်ပုံလိုက်ရိုက်နေတဲ့ ကျနော့်ကို “ လူတွေကြည့်နေတယ် ဦးသားလေးကလည်း ဘာလို့လိုက်ရိုက်နေတာလဲ ရှက်စရာကြီး ” တဲ့ သူပြောမှ သတိထားမိလို့ ဝေ့ကြည့်လိုက်တော့ ဟုတ်သား ဆိုင်ကသူတွေက အများကြီးကြည့်နေတာပဲ ကိုယ့်စိတ်ကို တင်းလို့ “ တို့တွေ ချောလို့ကြည့်တာနေမှာပေါ့ကွ ” လို့ ကိုယ့်ဘက်ကိုယ်ရက်တဲ့ လိပ် လုပ်ပစ်လိုက်တယ်း)



မြို့နယ် အားကစားကွင်း မိုးရာသီ ဘောလုံးပြိုင်ပွဲလုပ်တိုင်း ရန်ပွဲ ရိုက်ပွဲတွေ ဖြစ်တတ်လွန်းလို့ ပိတ်ထားတာ ၃ နှစ်လောက်ရှိပြီ ။ ဖြူဖြူကျော်သိန်းတို့လာတုန်းကလည်း ခဲနဲ့ပေါက်ကြလို့တဲ့ ရှိုးပွဲတွေလည်း မသွင်းဖြစ်တာ ကြာလှပြီ

လူရှင်းနေတဲ့ မြို့က ဆိုင်တန်းတစ်ချို့ ။


တစ်ခေါက်ပြန်သွားတိုင်း အပြင်ထွက် အလုပ်လုပ်ကြတဲ့ သူငယ်ချင်းတွေ များများလာတယ် အိမ်ထောင်ကျလို့ ခလေးတစ်ယောက်ကနေ နှစ်ယောက်ဖြစ်ဖြစ်သွားတဲ့သူငယ်ချင်းတွေများများလာတယ် ။ ရပ်ကွက်ထဲမှာ ဘောလုံးပွဲလောင်းတဲ့သူ နှစ်လုံးထီ ထိုးတဲ့သူနဲ့ နေ့ပြန်တိုးပေးစားတဲ့သူတွေ များများလာတယ် ။ဒါတွေက တိုးတက်ခြင်းတွေဆိုရင်တော့ ကျနော့်မြို့ကလေးရဲ့ ဆုတ်ယုတ်ခြင်းတွေအကြောင်း စာမဖွဲ့ချင်တော့ပါဘူး ။





Wednesday, November 16, 2011

အချစ်လှေ

ချစ်သူအတွက် ခြုံပ၀ါလေးလက်ဆောင်ပေးတဲ့နေ့က ပျော်ရွှင်သွားတဲ့ သူမျက်ဝန်းတွေက ငွေလမင်းလို အေးချမ်းပါဘိ ။ သူ့အနားကပ်တိုင်း ကိုယ့်ရင်တွေခုန်တယ် သူ့ ခေါင်းလျှော်ရည်ရနံ့သူသုံးတဲ့ ကိုယ်လိမ်းပေါင်တာနံ့လေးကို နှာခေါင်းမရှုံ့ပဲ သူမသိအောင် တိတ်တိတ်လေး အသက်ကိုပြင်းပြင်းခိုးရှူရတာကလည်း အပြစ်သားတစ်ယောက် ရဲမိမှာကြောက်လို့ ခိုးချောင်ခိုးဝှက်လုပ်ရတဲ့ လျှို့ဝှက်လုပ်ငန်းတစ်ခုနဲ့တူနေပြန်ကော ။ သူမသိအောင် စတော်ဘယ်ရီး နို့ဗူး အချိုရည်အေးအေးလေး သူ့စားပွဲပေါ်သွားတင်ထားတဲ့နေ့က အမှတ်ကောင်းကောင်းရပါ့မလားလို့ အဖြေလွှာစစ်နေတဲ့ ဆရာမကို ကြည့်မိသလိုလည်း ဖြစ်နေပါတယ် ပြန်စဉ်းစားကြည့်တော့ ရယ်စရာကောင်းနေသလိုလို ဒါပေမယ့် ရင်ခုန်ကြည်နူးရတဲ့ အရသာက ကိုယ့်ရှက်ကြောက်ခြင်းတွေကို အင်အားချိနဲ့သွားစေခဲ့တာပေါ့ ။

သူ့ရဲ့စကားများတတ်လွန်းတဲ့ နှုတ်ခမ်းပါးပါးလေးကို ကိုယ့်လက်ခေါက်လေးနဲ့ ညှစ်လို့ သာလိကာမလေးလို့ ပြောတဲ့နေ့က “ အရူး” လို့ကိုယ့်ကို ကင်ပွန်းတပ်တယ် ။ ဖိနပ်အမြင့်လေးတွေ စီးတာမင်းနဲ့လိုက်တယ်လို့ပြောတော့ ချစ်သူကလည်း လမ်းလျှောက်တိုင်း ဖိနပ်သံလေးတွေထွက်တဲ့ ခွာမြင့်ဖိနပ်ကို နှစ်သက်စွာနဲ့စီးတတ်နေပြီ သူနဲ့ မတွေ့ရတဲ့အခိုက်အတွင်း ဖြစ်သမျှ အကြောင်းရာတိုင်း သူ့ဆီပြန်ပြောရတာကလည်း နှစ်သက်စရာ အစီရင် ခံခြင်းတစ်မျိုးပေါ့ “ သိလား အချစ် အဲ့နေ့ကလေ ကိုယ် အလုပ်လုပ်နေရင်း အဲ့ဆံပင် ကုတ်ထောက်နဲ့ ပန်းရောင်အကျီ င်္လေးဝတ် အနက်ရောင် ဖိနပ်အမြင့်လေးစီးထားတဲ့ ကောင်မလေးကိုလေ ချစ်အောက်မေ့လို့ လှမ်းခေါ်တော့မလို့ကွ နောက်မှ သတိထားမိတာ ချစ် ခရီးထွက်သွားတယ်ဆိုတာကို တော်သေးတာပေါ့ မဟုတ်ရင် ပြသနာတက်အုံးမှာ အဲ့လောက်ထိ ကိုယ်က ချစ်ကို လွမ်းနေတာ ယုံတယ်ဟုတ် ” ချစ်သူကတော့ မေးကလေးထောက် ပြုံးပြုံးလေးနားထောင်နေတယ် တကယ်ဆို မှတ်ချက်တစ်ခုခုတော့ပေးသင့်တာ ဒါပေမယ့် သူတိတ်တိတ်ကလေးပဲ နားထောင်နေတယ် ။









ကိုယ်နှစ်သက်မှန်းသိလို့ လက်ပတ်ကြိုးကလေးတွေ လက်ဆောင်ပေးတတ်တဲ့ အလိုက်သိတတ်တဲ့ ချစ်သူကို လက်ဆောင်ပြန်ပေးဖို့ကျတော့ ရှက်နေတယ်ဗျ တကယ်ဆို မဖြစ်သင့်ဘူးနော့် ကိုယ်က အဲ့ဘက်ကျ အားနည်းတယ် ချစ်သူ နားလည်မယ်ထင်ပါတယ် တစ်ခါတလေ မင်းလက်ဖ၀ါးနူနုလေးတွေကို ကိုယ် ဖမ်းဆုပ်ချင်မိတဲ့ ကိုယ့်လက်တွေက ထိန်းမနိုင်သိမ်းမရ ဒါပေမယ့် ကိုယ်မရဲဘူး စိတ်ရှိတိုင်းသားဆိုရင်တော့ မင်းလက်ဖ၀ါးလေးကို ကိုယ့်ပါးပြင်မှာ ကပ်ထားချင်စမ်းပါဘိ ။အချစ်က ရှေ့ရေးတွေ ဖွင့်ပြောတိုင်ပင်တိုင်း ကိုယ့်မှာ လက်မှိုင်ချရတဲ့အဖြစ် အားနာလိုက်တာ အချစ်ရာ ကိုယ်က ညံ့ဖျင်းလိုက်တာလို့ မင်း မသတ်မှတ်လိုက်ပါဘူးနော် ကိုယ်သိတာပေါ့ လက်တွေ့မှာ နင်းလျှောက်ရအုံးမယ် လမ်းတွေ အများကြီးဆိုတာ အဲ့အတွက် မင်း ကိုယ့်ဘေးအနားရှိနေပေးပါ ချစ်သူ ။


လာအတူတူသွားစို့ ချစ်သူ
ဟိုးရှေ့မှာ အေးချမ်းနေတဲ့ လမင်းရှိတယ်
ဘေးနားမှာတော့ ချောက်ကမ်းပါးတစ်ချို့ရှိချင်ရှိမှာပေါ့
ကိုယ့်လက်ကိုမြဲမြဲတွဲထားပါချစ်သူ
ယုံကြည်ခြင်းတရားတွေ မင်းရင်ထဲ ကိန်းဝပ်နေပါစေ
အချစ်ကို ကိုးကွယ်လို့
ကျယ်ပြန့်တဲ့ ဘ၀ပင်လယ်ပြင်မှာ
နားလည်မှုတွေနဲ့ တို့အတူ လှော်ခပ်ကြပါစို့


Monday, November 14, 2011

ကျနော်နှင့်ထိုင်းစာ (၂)

ထိုင်းစာသင်တဲ့အကြောင်း မရေးဖြစ်တာတောင် တော်တော်ကြာပြီ ။ ကျနော် ခု ထိုင်းစာမသင်ဖြစ်တော့ပါဘူး ဆရာက ဆရာစားမချန်ပဲ သင်ပေးပြီးပြီ ကျန်တာကိုယ့်ပါသာ အပြင်မှာ လေ့လာပါတဲ့ ဆရာ့တပည့်ကတော့ ပျင်းနေတုန်း ။ ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်ဖို့ဆိုတာ သိပ်တော့မလွယ်တဲ့ကိစ်စပါပဲ အချိန်တွေ အများကြီးပေးရ ကြိုးစားရ ကိုယ့်အနားမှာ ဆရာကောင်း မိတ်ဆွေကောင်းတွေရှိဖို့ကလည်း လိုပါသေးတယ် ။ ဘလော့ပေါ်မှာ မနိုင်းတို့ဆို တရုတ်စာ ဘာသာပြန်တွေတင်တယ် တစ်ချို့ ဘလော့ဂါမိတ်တွေဆိုလည်း နိုင်ငံခြား ဘာသာကနေ မြန်မာလိုပြန်ပြီး ပို့စ်တွေတင်ကြတာ သိပ်အားကျဖို့ကောင်းပါတယ် ကျနော်လည်း အဲ့လိုမျိုးပြန်ချင်တာ ဒါပေမယ့် မလွယ်ဘူးရယ်း) ကျနော် ကြိုးစားဖို့ စာတွေအများကြီးဖတ်ဖို့လိုပါသေးတယ် ခုတော့ ကျနော့် ရဲ့ ဒုတိယမြောက် ထိုင်းစာ အတွေ့အကြုံလေးကို မျှဝေလိုက်ပါတယ် ။

ကြွားတာတော့မဟုတ်ဘူး ကျနော်က နည်းနည်းတော့ စည်းစနစ်ကျတယ်ပြောရမလားမသိး) ပြီးတော့ စာသင်ရတာကို စိတ်ဝင်စားတာလည်းပါပါတယ် ။ သင်တန်းမှာ ဆရာပေးလိုက်တဲ့ တစ်နေ့စာ သင်ခန်းစာစာရွက်ကလေးတွေကို ကျနော်က ရက်စွဲတပ် ပြီးရင် ကျနော့်ဖိုင်လေးနဲ့ပြန်တွဲ နုတ်စ်လေးတွေမှတ်ထား မသိတော့ ကိုယ့်စာအုပ်လေးထဲက ဘယ်နေရာမှာ ဘာမှတ်ထားလည်းဆိုတာ ကိုယ်သိတာမို့ အလွယ်တကူပြန်ရှာလို့ရတယ်လေ ။ ဒီစာအုပ်လေးကတော့ ကျနော့်ပါသာ ဆရာပေးထားတဲ့ စာရွက်တွေကို ပြန်တွဲထားတဲ့ ဖိုင်တွဲစာအုပ်လေးပါ ပျောက်မှာကြောက်လို့ တသိမ်းသိမ်းလုပ်နေရတယ် မှတ်ထားတာတွေအများကြီးမို့ပါ ။



ဒါက သင်တန်းမပြီးခင် နောက်ဆုံး ဆရာထုတ်ပေးတဲ့စာအုပ်လေးပါ ဒီစာအုပ်လေးထဲမှာ ထိုင်းစာရဲ့ ခြွင်းချက်တွေ သရ ၊ဗျည်း ပြောင်းလဲ ပုံတွေအများကြီးပါ ပါတယ် ။ ကျနော်ဖတ်လို့တော့မကုန်သေးဘူးရယ် ပျင်းနေတာ ။
ဒီစာရွက်လေးထဲက သင်တဲ့ ပုံစံလေးတွေကို ကျနော် သိပ်စိတ်ဝင်စားပါတယ် အဲ့ရက်ပိုင်းက မိုးရွာလည်း သွားတာပဲ သင်ခန်းစာလွတ်မှာစိုးလို့ပါ ဒီလို ခြွင်းချက်လေးတွေ သင်ထားရ ဖတ်ထားရတော့ တော်ရုံ စာလုံးတွေကို ဖတ်နိုင်စွမ်းရည်က မြင့်လာပါတယ်။
ဒါလည်း တူတူပါပဲ ဘိုင်သေ အလွတ်ကျက်ထားလို့ရတဲ့ စကားလုံး ၄ လုံးပါ ။
ဆရာထုတ်ထားပေးတဲ့ စာအုပ်ထဲမှာ ထိုင်းစာကိုလေ့လာရင်း အင်္ဂလိပ်စာတွေပါ ပြန်လေ့လာလို့ရတဲ့ ပုံစံလေးတွေပါ ရှိပါတယ် ။
ဒါမျိုး စာပိုဒ်လေးတွေနဲ့ ပုံပြင်တို ၊ အကြောင်းရာအတိုလေးတွေသင်ပြီး အောက်မှာ ဖွင့်ဆိုချက်လေးတွေလည်းရေးထားပေးပါတယ် စာပိုဒ်တွေကို တစ်ယောက်ချင်းဆီဖတ်တဲ့အခါကျ တော်တော်ရယ်ဖို့ကောင်းပါတယ်း) တစ်ချို့က ခလေးသံထွက် တစ်ချို့က အသံထွက်တွေမှား ဟုတ်ဟုတ် မဟုတ်ဟုတ် ရမ်းတုတ်နေတတ်ကြတာမျိုး ။
ဒါက သင်ပြီးသမျှထဲက ခေါင်းစဉ်တွေကို အိမ်စာပြန်လုပ်ခိုင်းတုန်းက လုပ်ထားတဲ့ ကျနော့်ရဲ့ နုတ်စ်စာရွက်လေး ။ ကျနော်က စာဖတ်သာမပျင်းတယ် စာရေးကျ သိပ်ပျင်းပါတယ် မရေးချင်ဘူး အငယ်လေးထဲက ရေးခဲ့ဖူးတဲ့စာမဟုတ်တော့လည်း လက်တွေက နည်းနည်းလေးရေးတာနဲ့ တအားညောင်းပါတယ် စာရေးခိုင်းတဲ့ အခါဆိုရင်လည်း ကျနော် အိမ်ကရေးခဲ့ပြီးပြီင်္လို့လည်း ညာတတ်တဲ့ ကျနော် ကျောင်းသားဆိုးပါး)
ဒါလည်း အပေါ်ကနဲ့တူတူပါပဲ အိမ်စာသင်ခန်းစာပါ ။

ထိုင်းစာက စကားပြောမှာ ဖွင့်ဆိုချက်တစ်မျိုး စာမှာကျ တစ်မျိုးဖြစ်တာမျိုးတွေလည်းရှိပါတယ် ။ တစ်ချို့နေရာတွေဆို ဘာသာပြန်ရ သင်ရ ခက်တဲ့နေရာတွေလည်းအများကြီးပါ အဲ့အခါကျ မေးချင်ပေမယ့်လည်း အားနာစရာကောင်းလို့မမေးဖြစ်တာမျိုးလည်းရှိတယ်။ကိုယ်သာ ဆရာ့နေရာမှာဆိုရင် “ ငါသင်တာပဲ နားထောင် ငါ့ပြန်မမေးနဲ့” လို့ပြောမိမလားမသိ ဘာလို့ဆို တိုက်ရိုက်ဘာသာပြန်ရင်လည်း နာဝင်မချော ကွေ့ဝိုက်တော့လည်း ဆိုလိုရင်းက လွဲသွားမှာစိုးရနဲ့ တော်တော်ကြီးခက်တာမျိုးပါ ။ ဒါတောင် ဆရာက တကယ့် ပညာရည်ပြည့်နေတဲ့သူမို့  ကျောင်းသားတွေရဲ့ မေးသမျှမေးခွန်းတိုင်းကို မသိဘူးဆိုတာ မရှိသလောက်ပါပဲ သူ့အကြောင်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ် တစ်ခုခုဆို စာရေးဖို့ပဲ စိတ်ဝင်စားနေတဲ့ကျနော်က ဆန်းပြားလွန်းလှတဲ့သူတွေအကြောင်း စာသိပ်ရေးချင်ပါတယ် ။ ဆရာ့ကိုခွင့်တောင်းထားသေးတယ် တစ်နေ့ဆရာ့အကြောင်းကို အင်တာဗျူးပြီး စာရေးဖို့အကြောင်း ။ တကယ်တော့ဆရာက ကျနော့်ထပ်တောင် လပိုင်းလောက်ငယ်သေး (အဲ့ အသက်မေးတဲ့နေ့က စိတ်မကောင်းတောင်တစ်ချက်ဖြစ်သွားသေးတယ် ငါ တော်တော်အိုနေပါလားပေါ့း) ) ။ ထိုင်းစာနဲ့ ပက်သက်ရင် မသိတာမရှိလောက်အောင် ကျွမ်းကျင်လွန်းလှတဲ့ဆရာ့ကို အားကျမိပါရဲ့ “ ကျနော့်လည်း ဆရာ့လိုတော်ချင်တာ ဆရာ့လောက်တော်ရင် ကျေနပ်ပြီ ” လို့ပြောတဲ့နေ့က စာတွေဖတ်ပါ မသိရင်မေးပါလို့ပြောပေမယ့် စာတွေဖတ်တိုင်း မသိတဲ့စာလုံးတွေကများတော့ စိတ်ကပျင်ချင်လာတာနဲ့ မဖတ်ဖြစ်တော့ အဲ့တော့ပိုပိုဆိုးနေတယ် ။

ဒါက ကျနော့်ရဲ့ ဆရာပါ သူဟာ ဆရာတစ်ယောက်ဆိုသလို ကျနော့်အတွက်တော့ တိုင်ပင်ဖော် ညီအစ်ကိုတစ်ယောက်လည်းရလိုက်သလိုပါပဲ။ ကိုယ့်ထပ်ငယ်ပေမယ့် ဆရာတစ်ယောက်လိုလေးစားမှု အပြည့်ထားလျှက် ကျေးဇူးလည်းတင်ပါတယ် ကျနော်ထိုင်းစားလေးတွေဖတ်ရတိုင်း သူ့ကိုအမှတ်ရနေမှာပါ ။

ကိုယ့်မိခင်ဘာသာစကားမဟုတ်တော့ မရေးတာကြာရင် လက်ရေးတွေက ပျက်တတ် စာမဖတ်တာကြာရင် သင်ထားတာတွေလည်း ပြန်မေ့တတ်ပါတယ် အဲ့တာကြောင့် သတင်းစာတွေထဲက စာတွေ သိသိမသိသိ ဖတ်လို့ရရ မရရ ရသလောက်လေးကြိုးစားဖတ် ။ တစ်နေ့ကို စာတစ်ပိုဒ်လောက် ကူးရေးတာမျိုး လုပ်ဖြစ်နေပါတယ် ။ ဘာသာစကားတစ်ခု တက်ကျွမ်းတာဟာလည်း လူကြားထဲ မျက်နှာမငယ်ရပါဘူး အရင်ကဆို ဒီစာရွက်စာတမ်းတွေက ဘာနဲ့ဆိုင်လဲ ဆိုတာမျိုးတောင်မသိတော့ တကယ်ကို ငကန်းတစ်ယောက်နဲ့တူပါတယ် အခုဆို လမ်းဘေးဆိုင်းဘုတ်တွေ ခေါင်းကြီးပိုင်းသတင်းတွေ ဆို ဖတ်တတ်နေပါပြီ အဲ့လိုဖတ်တတ်တော့ ပျော်ပါတယ် ။ အများကြီးမဟုတ်ပေမယ့်လည်း သူငယ်ချင်းမိတ်ဆွေတွေအတွက် ဆောင်းပုဒ်ကောင်းလေးတစ်ခုတွေ့လို့ လက်ဆောင်အဖြစ် ဘာသာပြန်လိုက်ပါတယ် ။

“ လူကောင်း မဟုတ်ရင်တောင်
ဘယ်သူ လူကောင်းလည်းဆိုတာ သိဖို့လိုတယ်
ပြီးတော့ လူတွေနဲ့ ကောင်းသောဆက်ဆံရေးရှိသင့်ပါတယ်


နောင်များကြုံရင် ကျနော်တက်ခဲ့ဖူးတဲ့ စေတနာ့ သင်တန်းကျောင်းလေးနဲ့ ကျနော့်ဆရာကြောင်း အာတာဗျူးလေးရေးပါအုံးမယ် ။ สวัสดี ครับ พี่ น้อง :P



Wednesday, November 9, 2011

Heavenly Home

ဒီပို့စ်လေးနဲ့ အတူ ကိုညိမ်းနိုင် နဲ့ မိုးယံ (ဗိုက်ပူမ ) တို့ကိုကျေးဇူးစကား အရင်ဆိုပါရစေ ဒီအလှူလေးက သူတို့ရဲ့ အလှူလေးပါ ကျနော်ကတော့ လုပ်အားအလှူပေါ့ ။ ကျနော်တို့ မဲဆောက်မှာ မိဘမဲ့မြန်မာ ခလေးတွေရှိပါတယ် ။ ဒီမိဘမဲ့ဂေဟာလေးကတော့ မြို့ထဲကနေ မိနစ် ၂၀ လောက်မောင်းရပါတယ် မသွားခင်တစ်ရက်လောက်ကြိုပြီး ကျနော်တို့ အလှူလာလုပ်ဖြစ်မယ့်အကြောင်း ဖုန်းဆက်ထားတယ် ။ သွားတဲ့နေ့က နည်းနည်းတောင် မှောင်သွားတယ် တစ်ချို့ ခလေးသေးသေးလေးတွေက ဆာလို့ စာပြီးကုန်ကြပြီ ။ ကျနော်တို့ကားဆိုက်တော့ ခလေးတွေက ခြံဝမှာထွက်ကြိုနေကြတယ် ခလေးတွေ အားလုံး ၄၃ ယောက်တောင်ရှိပါတယ် ၄ နှစ်အောက် ခလေးကြီးပဲ ၂၀ ကျော်တယ် ။

အလှူသွားရင်း ၀မ်းသာဝမ်းနည်းလည်းဖြစ်ခဲ့ရတယ် သူတို့လေးတွေကို လှူဖြစ်တဲ့ အလှူမှာ ကိုယ်လည်း လုပ်အားအလှူလေးပါခွင့်ရလို့ ၀မ်းနည်းတာကတော့ ဒီအရွယ်ခလေးတွေက တကယ်ကို သနားစရာကောင်းတယ်ဆိုတာ လက်တွေ့သိလိုက်ရလို့ပါပဲ ခလေးသေးသေးလေးတွေအများကြီးပဲ ကျနော်တို့ကိုတွေ့တာနဲ့ ပေါင်ပေါ်တက်ထိုင်တဲ့သူကထိုင်တာပဲ သူတို့တွေ ရင်ငွေ့တွေ ဝေးနေကြတယ်ထင်ပါရဲ့ ။ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့တယ် အလှူရှင်တွေ ပီတိဖြာနိုင်အောင်ပါ ။




အုပ်စုလိုက်လည်း သီချင်းတွေဆိုပြကြတယ် ။
ဒီခလေးက လသားလေးပဲရှိသေးတယ် နို့ဗူးလေး နဲ့ မိဘက မရှိရတဲ့အထဲ ခလေးက မျက်မမြင်လေးတဲ့ ရင်ထဲ နင့်သွားတာပဲး( ။
ဒီခလေးက ရိုးရိုးသာမာန်ခလေးတွေထပ် ညာဏ်ရည်နိမ့်နေတဲ့ ကောင်လေး ။
သူတို့ ရေခဲမုန့်ကို ခုမှ စားဖူးတာတဲ့ အဲ့ဂေဟာက ကျောင်းအုပ်ဇနီးက ပြောပြတယ် ။


အဲ့လိုသေးသေးလေးတွေ မုန့်တောင် ခပ်မစားတတ်သေးဘူး ဒီထဲက ညီမလေးက အလှူလုပ်တဲ့နေ့က ကျနော်တို့နဲ့တူတူလိုက်လာတဲ့ အိမ်က ထိုင်းညီမလေးတစ်ယောက်ပါ အိမ်မှာ ဘာမှမသိတဲ့ ကောင်မလေးက ဟိုရောက်တဲ့သူ့ထပ် အငယ်လေးတွေတွေ့ပြီး လူကြီင်္းလေးလို ကြင်နာနေတာပါ ။
စားကောင်းကြလားဆိုတော့ ကောင်းမှကောင်းတဲ့း)
သီချင်းလည်းဆိုပြတယ် ။
ကလည်းကပြတယ်း)
ကျနော်တို့နဲ့ခလေးတွေ ။




သူတို့အုပ်စုလိုက် သီချင်းဆိုပြနေတာ နားထောင်နေတာပါ ။
ကဗျာလေးတွေလည်းရွတ်ပြတယ် ။


ဒီဘက်က ကောင်လေး ၂ယောက်အရွယ်က အကြီးဆုံးပဲ သူတို့ ဂစ်တာတီးလည်းကောင်းတယ် ။
၃ နှစ်တဲ့ သီချင်းတွေ အများကြီးရတယ် ဓာတ်ပုံလည်း ခဏခဏရိုက်ခိုင်းတယ် ။
တကယ်စားကောင်းကြတဲ့ပုံပဲ ။
ဆုတောင်းသီချင်းဆိုပေးကြတာပါ ။
အလှူရှင်တွေကို ဘုရားသခင်ကောင်းချီးပေးပါစေတဲ့ ။
သူတို့လေးတွေ ။
ဒီခလေးမလေးက ချောချောလေးဗျ သီချင်းဆိုရင် ဖြူဖြူကျော်သိန်းလို အကျယ်ကြီးဆိုတယ် ။



ကြက်သား အယောက် ၅၀ စာ အတုံး ၅၀ ရတယ် ။
ဒန်ပေါက် ညနေစာ သွားလှူတာ အများကြီးပိုလို့ မနက်စာပါ စားရတယ်တဲ့ ဖုန်းဆက်ပြီးပြောတယ်။


ရေခဲမုန့်ပါ လှူဖြစ်တယ် သူတို့ခုမှစားဖူးတာတဲ့ ။









သူငယ်ချင်းတွေနဲ့ ခလေးတွေ ။


ရုံးကထိုင်းစာရေးမလေးလည်း လိုက်တယ် သူများပြောတာတွေ နားမလည်ပေမယ့် ခလေးတွေ သီချင်းဆိုပြတော့ သဘောတွေကျလို့ နောက်တစ်ခါ သူလည်း လှူဖို့ ပိုက်ဆံစုအုံးမယ်တဲ့ ။
ခလေးကျောင်းလွယ်အိတ်တွေ ။

အိမ်လေးက ကျဉ်းတယ်လို့ပြောရမယ်ထင်တယ် နည်းနည်းကြီးတဲ့ ခလေးတွေ ဒီလိုအိပ်ကြတယ် ။



ကျနော်တို့ပြန်တော့ ကျနော်တို့ကို တစ်အုပ်ကြီးခြံဝထိ လိုက်ပို့ ကျေးဇူး စကားတွေ အထပ်ထပ်နဲ့ တကယ်ကို သနားစရာကောင်းတဲ့ ခလေးလေးတွေပါ ခလေးတွေက လက်ဆွဲနှုတ်ဆက်လို့ Thank You လို့လည်းသေချာနှုတ်ဆက်ကြတယ် ။နောက်လာခဲ့အုံးမယ်နော် ဆိုတော့ ဟုတ်ကဲ့ပါ တဲ့ စကားပြောတတ်တဲ့ ခလေးတွေက တစ်ချို့ ချီထားမိတဲ့ ခလေးတွေက မဆင်းချင်ကြဘူးရယ် ။ အဲ့ဂေဟာက ဆရာတို့ ဇနီးမောင်နှံကလည်းလေးစားစရာကောင်းလိုက်တာ အားလုံးကို သူတို့ သားသမီးတွေလို စောင့်ရှောက်တာ တစ်ချို့သေးသေးလေးတွေ အဲ့အစ်မကို အမေထင်ပြီး ပျော်တာနဲ့ငိုတယ် ချစ်စရာကောင်းတာက ခလေးတွေက လူကြီးပြောစကားဆို သိပ်နားထောင်တာတွေ့ရတယ် ။

ကိုညိမ်းနိုင်နဲ့ မိုးယံ (ဗိုက်ပူမ ) တို့ကိုလည်း ခလေးတွေ ဆုတောင်းစကားနဲ့ပြောရရင်တော့ “ ဘုရားသခင်ကောင်းချီးပေးပါစေ” ပေါ့ အလှူရှင်တွေရဲ့ အလှူအတွက် သာဓုခေါ်ပါတယ် ကျေးဇူးလည်းတင်ပါတယ်ခင်ဗျား ။





LinkWithin

Related Posts Plugin for WordPress, Blogger...