Thursday, November 17, 2011

မွေးရပ်မြေ

ကိုယ့်ဇာတိ မြေကို ကိုယ်ချစ်ကြတာကတော့ ပြောနေစရာတောင်လိုမယ်မထင် အငယ်လေးထဲက ကိုယ်မြင်တွေ့ခဲ့ရတဲ့ ၀န်းကျင်ရှု့ခင်း ဒီမြို့ကျဉ်းကျဉ်းကပဲ အငယ်လေးတုန်းက ကိုယ့်အတွက်တော့ တကယ့်ကို မြို့ကြီးပြကြီးလေ ။ နယ်စွဲ မြို့စွဲ ရှိတာမဟုတ်ပါပဲ ကျောင်းတုန်းက သူငယ်ချင်းတွေ ကိုယ့်မြို့အကြောင်း ကိုယ်အပြိုင်ကောင်းကြောင်း ငြင်းခဲ့ကြတာလေးကိုလည်းသတိရတယ် ။ ကျနော်ကတော့ ကျနော့်ရဲ့ မြို့ကလေးက ပိန်ချုံးသွားတဲ့ မြို့ကလေးလို့ပဲ ကင်ပွန်းတပ်ချင်တော့တယ် ။ အခု ကျနော်ရောက်နေတဲ့မြို့ကလည်း နယ်စပ် တောမြို့ကလေးပါပဲ ကိုယ့်မျက်လုံးထဲ ကြီးကျယ်တာတွေဆိုတာလည်း မရှိသလောက်ပါပဲ ဒါပေမယ့် မြို့ကို တစ်ခေါက်ပြန်တိုင်း တစ်ခေါက် အားမလို အားမရဖြစ်မိတယ် အရင်ထပ် မစည်ကားရင်တောင် အရင်လောက် ဘာလို့မစည်းကားတော့တာလည်းလို့ ဖြစ်မိပါတယ်။

အရင်ကဆို ကျနော်တို့မြို့မှာ ပွင့်လင်းရာသီဆို ဇတ်ပွဲတွေ ၀င်ပါတယ် ကျနော်တို့ခလေးတွေအတွက်ကတော့ တကယ့်ပျော်စရာပေါ့ ပွဲဈေးတန်းမှာ အရုပ်တွေ လိုက်ငေး စားစရာလိုက်ငေးရတာကလည်း ပျော်စရာကောင်းပါတယ် ။ ကျိုက်ထီးရိုး ဘုရားပွဲတော်နီးရင် အမျိုးတွေနဲ့ နေ့ချင်းပြန် ဘုရားဖူးတက်ကြတာတွေ ဘုရားလမ်းမှာ ကိုယ့်မြို့က အသိတွေတွေ့တိုင်း မုန့်ဖိုးလည်းတောင်းတတ်တာပဲ ။ အခုတော့ မြို့က သီးပင်စားပင်စိုက်ဖို့ မြေနေရာတွေကလည်း နည်းပါးသွား မွေးမြူရေးအတွက်ဆိုရင် ပိုဆိုးကုန်တာပေါ့ အဲ့တော့ လုပ်စားကိုင်စားရတာတွေ အဆင်မပြေကြတော့ဘူး ။ စစ်တောင်းမြစ်ကို အမှီပြုလို့ လယ်လုပ်ကြတဲ့ မြို့ခံတွေကျပြန်တော့လည်း ရေတိုက်စားလို့ လယ်တွေပြို ရွာလုံးကျွတ် ရေလွှမ်းသွားတဲ့ရွာတွေလည်းရှိတယ်တဲ့ ။

အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ တွေ့ရင် အဆင်ပြေသလားမေးတိုင်း သူတို့က ဒီလိုပါပဲ ဖြေနေကြတာ အိမ်ထောင်ကျသွားတဲ့သူတွေဆို ပိုဆိုး သူတို့ကတော့ ကိုယ့်ကိုပြန်ပြောတာ မင်းကတော့ အဆင်ပြေမှာပေါ့ တဲ့ ကိုယ်လည်း ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲဆိုတာ ပြန်မပြောနေတော့ပါဘူး ။ အရင်က လက်ဖက်ရည်ဆိုင်တွေက ည ၁၀ နာရီလောက်ထိ ဖွင့် သီချင်းသံတွေအပြိုင်နဲ့ စည်ကားနေတဲ့ မြို့ပေါ်ရပ်ကွက်တွေဟာလည်း ခုဆို ၆ နာရီ ကျော်တာနဲ့ ဆိုင်တံခါးပိတ်နေရပြီ လမ်းပေါ်မှာဆို လူကရှင်းလို့ ချောင်ကျတဲ့ ရပ်ကွက်အစွန်က အိမ်တွေဆို ၇နာရီထိုးတာနဲ့ မီးခွက်မှုတ် အိပ်ယာဝင်ကြရပြီ ။ဒါတွေဟာ တိုးတက်ပြောင်းလဲပါတယ်ဆိုတဲ့ နမိတ်ပုံတွေလို့ ကျနော်တော့မထင်ပါဘူး။ ကျနော့် မွေးရပ်မြေကလေးက အင်အားချိနဲံ့နေပေမယ့် ကျနော့် မွေးရပ်မြေကိုပြန်ရောက်သွားတိုင်း ကျနော်ကတော့ နွေးထွေးလုံခြုံတဲ့ စိတ်ခံစားမှုတွေရလိုက်ပါတယ် ။ ကျနော့်မြို့ကလေးက ကျနော့်အတွက်တော့ အမြဲချစ်စရာကောင်းနေတော့တာပဲ ။




ဒါက မော်လမြိုင် -ရန်ကုန်လမ်းမကြီးပေါ့ လမ်းတွေတော့ အရင်ထပ်စာရင် နည်းနည်းကောင်းလာတယ် ။



ပြည်သူ့ဆေးရုံကြီး တဲ့ တော်တော်ကို ပြင်ပြင်ဆင်ဆင်လုပ်ထားပုံရတယ် ချိုင့်တွေပါထတယ် ပြီးတော့ ဆေးရုံဝန်ထမ်းတွေရဲ့ စီးပွားရေးဆန်တဲ့ အပြုမူတွေကြောင့်လည်း ကျနော်တို့မြို့ခံတွေကတော့ မနှစ်သက်ကြပါဘူး ။
လမ်းမကြီးပေါ်ကနေ ကျနော်တို့ရပ်ကွက်ထဲ သွားတဲ့လမ်းပေါ်မှာ ပဲ အထက်ကျောင်းရှိပါတယ် ဒါကကျောင်းရှေ့မြင်ကွင်းပုံပါ ။


၁၀ တန်း အဆောင် ။


လူသူရှင်းလင်းနေသော မြို့က လမ်းမများ ။


ဈေးပါ အဲ့နေ့က ဈေးသွားတော့ ဆိုက်ကားကြိုက်တဲ့ကျနော်ကတော့ ဆိုက်ကားပဲ စီးတာပေါ့ ပြီးတော့ ဘလော့ဂါဆိုတဲ့အတိုင်း ပို့စ်အတွက် ကုန်ကြမ်းကလည်းရှာရသေးတယ်မှတ်လား တွေ့သမျှ ကိုရိုက်ချင်နေတော့တာ တူတူပါသွားတဲ့ တူအငယ်ကောင်က ဈေးထဲမှာ ဓာတ်ပုံလိုက်ရိုက်နေတဲ့ ကျနော့်ကို “ လူတွေကြည့်နေတယ် ဦးသားလေးကလည်း ဘာလို့လိုက်ရိုက်နေတာလဲ ရှက်စရာကြီး ” တဲ့ သူပြောမှ သတိထားမိလို့ ဝေ့ကြည့်လိုက်တော့ ဟုတ်သား ဆိုင်ကသူတွေက အများကြီးကြည့်နေတာပဲ ကိုယ့်စိတ်ကို တင်းလို့ “ တို့တွေ ချောလို့ကြည့်တာနေမှာပေါ့ကွ ” လို့ ကိုယ့်ဘက်ကိုယ်ရက်တဲ့ လိပ် လုပ်ပစ်လိုက်တယ်း)



မြို့နယ် အားကစားကွင်း မိုးရာသီ ဘောလုံးပြိုင်ပွဲလုပ်တိုင်း ရန်ပွဲ ရိုက်ပွဲတွေ ဖြစ်တတ်လွန်းလို့ ပိတ်ထားတာ ၃ နှစ်လောက်ရှိပြီ ။ ဖြူဖြူကျော်သိန်းတို့လာတုန်းကလည်း ခဲနဲ့ပေါက်ကြလို့တဲ့ ရှိုးပွဲတွေလည်း မသွင်းဖြစ်တာ ကြာလှပြီ

လူရှင်းနေတဲ့ မြို့က ဆိုင်တန်းတစ်ချို့ ။


တစ်ခေါက်ပြန်သွားတိုင်း အပြင်ထွက် အလုပ်လုပ်ကြတဲ့ သူငယ်ချင်းတွေ များများလာတယ် အိမ်ထောင်ကျလို့ ခလေးတစ်ယောက်ကနေ နှစ်ယောက်ဖြစ်ဖြစ်သွားတဲ့သူငယ်ချင်းတွေများများလာတယ် ။ ရပ်ကွက်ထဲမှာ ဘောလုံးပွဲလောင်းတဲ့သူ နှစ်လုံးထီ ထိုးတဲ့သူနဲ့ နေ့ပြန်တိုးပေးစားတဲ့သူတွေ များများလာတယ် ။ဒါတွေက တိုးတက်ခြင်းတွေဆိုရင်တော့ ကျနော့်မြို့ကလေးရဲ့ ဆုတ်ယုတ်ခြင်းတွေအကြောင်း စာမဖွဲ့ချင်တော့ပါဘူး ။





23 comments:

ကိုထွဋ် said...

ဖြူဖြူကျော်သိန်းကို ခဲနဲ့ပေါက်တဲ့နေရာကိုတော့ စိတ်ဝငစားတယ်...


လူပျိုဂျီးက ဓာတ်ပုံရိုက်တာ မရှက်ပေမဲ့ လူငယ်တွေကရှက်တာပေါ့...

AH said...

ဆေးရုံကြီးက ဆေးရုံနဲ့ သိပ်မတူဘူးနော်....

မဒမ်ကိုး said...

ချောလို့ဖြစ်မှာပေါ့ တဲ့ ..
ချော်တော့မလဲစေနဲ့ မောင်လိပ် အဲ မောင်မျိုးးး ရေး)

mstint said...

တီတင့် ဖေဖေတာဝန်ကျခဲ့တဲ့ မောင်မျိုးရဲ့ ဇာတိမြေ ကျိုက်ထိုမြို့မှာ နေခဲ့ဘူးတယ်။
လမ်းဆုံဖြစ်တဲ့ မြို့ကလေးမို့ တိုးတက်သင့်တာပေါ့နော်။
တီတင့်နဲ့ ဘဝအခက်အခဲတွေကို အတူတူမျှဝေခံစားခဲ့တဲ့ 'မနှင်းကြည်' ဆိုတဲ့ ကျိုက်ထိုသူလေးကို သတိရမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေသိမ့်သိမ့် ကျော် said...

ဆေးရုံရှေ့ကလမ်းက ရှယ်ပဲ။ သတိမေ့နေရင် လှုပ်နိုးသလိုဖြစ်ပြီး နိုးလာနိုင်တယ်။ ကုန်ကားဝင်ရင်တောင် လေးခနခနကျိုးမယ့်ကိန်း။ စကားမစပ် ဒီပို့စ်ဖတ်ပြီး အိမ်ပြန်ချင်လိုက်တာ....။ အဟီး

MGTHANT said...

ကျွန်တော်တို့ဘက်က မြို့တွေက အဲပုံစံတွေ များတယ် ထင်တယ် ခပ်ဆင်ဆင်ပဲဗျာ...

Aung Thu said...

အကိုက လူတွေရဲ့ တိုးတက်မှုကိုကြည့်တာကို ကျန်တဲ့ အပိုင်းလေး တွေဖွဲ့ပါအကိုရ ကျွန်တော်တို့ အတွက်တော့ ကျိုက်ထိုဟာ တသတ်မမေ့နိုင်စရာ အကောင်းဆုံးရသတွေ ပေးတဲ့ မြို့ဘဲ

Than Lae said...

ဘယ်လောက်ပဲ ပိန်ချုံးသွားပါစေ မပြန်ကြည့်ပဲမနေနိုင်လောက်အောင် လွမ်းမိတာလည်း မွေးရပ်မြေပါပဲဗျာ။ လူငယ်တွေအားလုံးလိုလို အပြင်ရောက်နေတော့ မြို့ လေးတွေ ခြောက်သွေ့ လာကြတာပေါ့ မောင်မျိုးရယ်။ တို့ မြို့ လေးတွေလည်း ဒီလိုပါပဲ။ ဘာပဲဖြစ်ဖြစ် အလည်ခေါ်ပါနော် .. သိပ်အေးချမ်းတယ်လို့ ခံစားမိတယ် ...:)

မိုးငွေ့...... said...

မနေ့ကမှ ငယ်ငယ်တုန်းကနေခဲ့တဲ့အိမ်ကိုလွမ်းလို့ ပို့စ်တစ်ခုရေးနေတာ.......။

Nyi Linn Thit said...

ကျပ်တည်းလာတဲ့ စီးပွားရေးရဲ့ အောက်မှာ လူတွေလည်း တောင့်မခံနိုင်တော့ဘူး ထင်ပါရဲ့ဗျာ၊ အဆင်ပြေရာကို ထွက်ခွာနေကြ ရတော့တာပါပဲ၊ ကိုယ်ရှိခဲ့စဉ်ကထက် ပိုပြီး ချိနဲ့၊ ခြောက်ကပ်သွားတဲ့ မြို့ပိန်ပိန် ကလေးကို ကြည့်ရတာ လွမ်းတာထက် ပိုတဲ့ ခံစားချက်တွေ ရမှာ အသေအချာပါပဲ...။

အင်းတော်ရှမ်း said...

မနေ့ကနဲ့ ဒီနေ့ မတူတော့ပါ။ အရာတိုင်းပြောင်းလွဲနေကြတယ်။ အမှတ်ရစရာများစွာ...လွမ်းစရာများစွာ နာကျင်စရာများစွာ မွေးရပ်မြေလေးမှာ ကျန်နေခဲ့ဖူးပါသည်။

ညိမ်းနိုင် said...

ညီ့မွေးရပ်မြေလေးက အကို့မွေးရပ်မြေနဲ့ ထူးမခြားနားပါ
လားဟာ...၊ခေတ်မှီဖွံဖြိုးတိုးတက်နေတဲ့ မြန်မာပြည်ထဲက
မြို့တွေအကုန်လုံးဒီအတိုင်းချည်းထင်ရဲ့....ဟူးးးးးးးးးး

အပြုံးပန်း said...

ကိုယ်တို့တောင်ကြီးမှာလည်း ဒီလိုပဲ၊
ငယ်ငယ်တုန်းက ထိုင်ခဲ့ဖူးတဲ့ လက္ဘက်ရည်ဆိုင်ရှိတယ်၊ အဲဒီမှာ တိုဖူးကြော်၊ နှစ်ပြန်ကြော် ရတယ်၊
ဒီတခေါက်ပြန်တော့ လေးငါးနာရီညနေပဲ ရှိသေးတယ်၊ ဆိုင်သိမ်းပြီ၊
လက္ဘက်ရည်ဆိုင်ခေတ် မဟုတ်တော့ဘူး အမရေ၊ လူတွေ ဘီယာဆိုင် ရောက်ကုန်ပြီ တဲ့။
ရိုးရာတွေ လည်း ပျက်ကုန်ပါပြီလေ။

SHWE ZIN U said...

ကိုမျိုး ရဲ့

မွေးရပ်မြေ လေး ကိုလာလည်သွားပါတယ်

ညီရဲ said...

ကျိုက်ထိုမြို့ လေးက နေလို့ ကောင်းပါတယ် မောင်မျိုးရဲ့ ...
အဲဒီမှာ အစ်ကို ၇ရက် တိတိနေဘူးတယ်...
တော်တော်လေး ပျော်ဖို့ ကောင်းတယ်။ အစ်ကိုနဲ့ မလေးရှားမှာ အတူတူ အလုပ်လုပ်ခဲ့တဲ့ သူငယ်ချင်းနဲ့ လိုက်လာတာလေ။ အဲဒီမှာ အစ်ကိုတို့ တွေ ဘယ်နေရာမှန်းမပြောတတ်တဲ့ စမ်းချောင်းလေးရဲ့ ရေစထွက်တဲ့ နေရာမှာ အရက်ပုလင်းကို ရေထဲစိမ်ပြီး သောက်ကြတာလေးကိုတောင် ပြန်သတိရမိတယ်။ အခု အစ်ကို့ သူငယ်ချင်းက ကျိုက်ထီးရိုးတောင်ခြေမှာ ရာဘာခြံလုပ်နေတယ် အစ်ကို့ ကိုတောင် သူနဲ့ အတူတူ လုပ်ဖို့ ခေါ်နေလေရဲ့ ဘယ်လိုလဲ မောင်မျိုး အစ်ကို ကျိုက်ထိုကို လာခဲ့ရမလား...

blackroze said...

မောင်မျိုး
ကျမလည်းမော်လမြိုင်ဇာတိဘဲ
မွန်ပြည်နယ်ဘက်ကမြို့လေးတွေက
အဲလိုပုံစံလေးတွေများတယ်..
တချိန်မှာတော့ ကိုယ်မွေးခဲ့တဲ့အရပ်ဒေသမှာ
ပြန်ပြီးအခြေချမယ်လို့တော့
စဉ်းစားထားတယ်မောင်မျိုးရေ
ပကာသနတွေ..အတုအယောင်တွေ
ပေါလှတဲ့ ရန်ကုန်လိုနေ၇ာမျိုးကို
စွန့်ခွာတော့မလို့..
ကျမအခုနေခါနိုင်ငံခြားမှာသာနေရတယ်..
မြန်မာပြန်ရင်..နယ်ဘက်မှာဘဲ
နေမယ်လို့စဉ်းစားထားတယ်..

မြသွေးနီ said...

ဆက်ပြီး ပြုပြင်မွမ်းမံသူမရှိရင် ကိုယ့်ဒေသ ပြန်ရောက်တဲ့အခါ စိတ်မကောင်းဖြစ်မိရတယ်။ ကိုယ့်မြို့ကိုယ့်ရွာအစွဲကတော့ လူတိုင်းမှာရှိတတ်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာ.. ဖြူဖြူကျော်သိန်းကို ခဲနဲ့ပေါက်တယ်..
ပေါက်စရာလား နာတို့ ဖြူဖြူကို..
တော်ပြီ နောက်တစ်ခေါက်လာမဆိုခိုင်းတော့ဘူး..း)
ကျိုက်ထိုကိုရောက်ဖူးတယ်
သဘောကျတယ်.. မွန်အစားအစာလေးတွေလည်း ကြိုက်တယ်..
ပြီးတော့ ရိုးသားတဲ့ ဒေသခံတွေကို သဘောကျတယ်..

Ko Thar Ngel said...

မောင်မျိုးပြောတော့ ဖြူဖြူကျော်သိန်းတို့လာတုန်းကလည်း ခဲနဲ့ပေါက်ကြတဲ့ ... အဲဒီမိန်းမပြောတာ ရွာက သန်းနဲ့ချီ ပိတ်သတ်က သူ့ကို အားပေးကြတယ်ဆို ဘီလိုဖစ်... :D

Yan Naing said...

ကျိုက်ထိုကို တစ်ခေါက်ရောက်ဖူးတယ်။ ကျိုက်ထီးရိုးတောင်တက်တုန်းက။ မောင်မျိုး စာလေးဖတ်ရတာ နောက်တစ်ခေါက်တောင် ပြန်သွားလည်ချင်တယ်။ ဒီအချိန်ဆို ကျိုက်ထီးရိုးဘုရားလည်း ဘုရားဖူးတွေနဲ့ စည်ကားနေလောက်ပြီနော်။ :)

စကားပန်း said...

အရင်ထက်. မစည်ကားရင်တောင် အရင်လောက် ဘာလို့မစည်းကားတော့တာလည်းလို့..>>>> ကိုယ့်မြို့လေးကို.ပြန်တိုင်း..တွေးမိတဲ့.အတွေးလေးပဲ.......

...အလင်းစက်များ said...

အားမရတာတော့ အတူတူပဲ အရင်ထက် မစည်ကားရင်တောင် အရင်လို မစည်ကားတာတော့ ရင်နာလို့  မဆုံးတာ အမှန်ပဲ မောင်မျိုး။ စိတ်မကောင်းဘူးကွယ်။ နောက်တစ်ခုက ရုပ်ဝတ္ထုတွေ မတိုးတက်တာ “ဓါတ်ပုံ ရိုက်တာကို ၀ိုင်းကြည့်တာ” ပဲ ကြည့်ပေတော့ကွယ်။ သိပ်မကြာခင် လူတန်းစေ့ ကြတော့မယ်လို့  ပဲ အကောင်းမြင်လေး မြင်မိပါတယ်ကွာ။

angel girl said...

ကျနော်က ဘီးလင်းကပါ ကျိုက်ထိုနဲ့ ကပ်လျှက်မြို့ပေါ့
ကျိုက်ထိုမှာ သိပ်ခင် ရတဲ့ သူငယ်ချင်းတစ် ယောက်ရှိတယ် ကိုတင်ဝင်း လို့ခေါ်တယ်
၁၉၈၅ခုနှစ် လောက်က သမဦးစီးမျှာ အလုပ်လုပ်တယ်
ကျနော်နဲ့သူက ဟိုတုန်းက အ ဝေးသင် တက္ကသိုလ်
အတူတက်ကြပါတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...