Tuesday, December 27, 2011

ကုန်လွယ်လွန်းလိုက်တာလေ…



အချိန်တွေပေါ့…..

အပိုင်းအခြားနဲ့နေရတဲ့ကာလတွေလိုပဲ။ အရင်တုန်းက အဲ့လို ဟုတ်ခဲ့သလား မဟုတ်ခဲ့သလားပြန်စဉ်းစားဖို့တောင် မတတ်နိုင်လောက်အောင်ပဲ။ အချိန်ကတိုသွားတာလား ကိုယ်ကပဲ လုပ်ချင်တာများနေသလား ပြန်တွေးပေမယ့် အဖြေကမထွက်ဘူး။ စာရေးဖို့ဆိုတာဝေးလို့….

အရင်ကဆို တညကို ရုပ်ရှင်တကားလောက်တော့ ကြည့်ဖြစ်တယ်။ မအိပ်ချင်တဲ့အခါများ နှစ်ကားလောက်တော့ အပျော့။ အခုဆို စုဆောင်းထားတဲ့ဇာတ်ကားတွေ ကွန်ပြူတာမျက်နှာပြင်မှာ ပြည့်နှက်နေပေမယ့် မတို့ဖြစ်ပြန်ဘူး။ ကားသစ်တင်တိုင်းရုံကိုသွားကြည့်နေကြလည်း ပျက်ကွက်တာများပြီ။ မဖြစ်ညစ်ကျယ် တကားတလေ ကြည့်ရဖို့တောင် အနိုင်နိုင်.

စာအုပ်တွေ အင်း လောဘတကြီးမှာထားတဲ့စာအုပ်တွေ ဖတ်ဖို့အကြွေးတွေတင်။ ဒီလထဲမှာ ဖတ်မိတာဆိုလို့ ခင်ခင်ထူး နောက်ဆုံးထွက်တဲ့ နှစ်အုပ်ပဲပြီးတယ်။ နုနုရည် အင်းဝတော့ လမ်းသွားရင်းဖတ်လို့ ပြီးလုပါပြီလေ။ မောင်မနမ်းလည်း ဒီကမွှေးနေနှင့်ပြီ မဟုတ်လား။

အိပ်ချိန်က အချိန်လွဲနေသလိုပဲ။ ဆယ်နာရီလောက်ဆို သက်ကြီးကခေါင်းချချင်လှပြီ။ သန်းခေါင်သန်းလွဲများနေပါဦး အားတင်းပေမယ့် အလေးလံဆုံးအရာတွေက ပင့် မလို့ကိုမရတော့။ တခုတော့ရှိတယ် မနက်စောစောတိုင်း နိုးနေတတ်တယ်။ ပြန်အိပ်ဖို့ကြိုးစားရင်း မိုးလင်းပြန်တာပါပဲ။

လူမှုရေးတွေလည်း လစ်ဟင်းနေတယ်။ ကူညီပေးမယ် ပြောထားတာတွေ မလုပ်ပေးဖြစ်တာ အချိန်ပြောင်းနေမိတာ များပြီ။ အားလည်းနာတယ် ခင်လည်းခင်တယ် ဒါပေမယ့် ဒါပေမယ့် ပေါ့လေ…

လုပ်စရာတွေသိပ်များလွန်းနေပါလား။ ဒီနှစ်ပိုင်းမှာ လုပ်ချင်တာတွေတော့ အတော်များများ လုပ်ဖြစ်ခဲ့တယ် ထင်တယ်။ ငယ်ငယ်ကတည်းက သိပ်ကိုလေ့လာချင်တဲ့အရာတခုကို လေ့လာခွင့်ကြုံပေမယ့် အချိန်ပေးအားစိုက်ဖို့ လိုနေတယ်။ ကိုယ့်ကိုကိုယ်အားမရဘူး။ ပေါက်ပေါက်မြောက်မြောက်ဖြစ်ချင်တယ်။ သိပ် ဝိရီယနည်းပါလား လို့လည်း မချိတင်ကဲဖြစ်မိတယ်။ ဒါက လုပ်ချင်တဲ့အထဲက လုပ်နေဖြစ်တာ တခုပေါ့။ မလုပ်ချင်ပဲ လုပ်နေရတာတွေလား ပြောမနေပါနဲ့တော့။ လူရယ်လို့ဖြစ်လာရင် လုပ်ရမှာပေါ့ မဟုတ်ဘူးလား။

ကိုယ့်ဘဝအတွက် လုပ်စရာရှိတဲ့ အရာတခုကို အစပြုပြီး ဆက်လုပ်သင့်ပါလျက် မလုပ်ပဲ နေ နေတာကိုတော့ မကျေနပ်ဘူး။ အစကတည်းက ဘယ်သူကမှ တိုက်တွန်းတာမဟုတ်ဘူး။ လုပ်ချင်တယ်ဆိုပြီးတော့ လုပ်မိတာပဲ။ လုပ်လက်စကို ဆက်မလုပ်တာ ဘာကြောင့်ပါလိမ့်။ တကယ်က လုပ်သင့်တယ် မဟုတ်ဘူး လုပ်ကိုလုပ်ရမှာ။ ရှုပ်နေပါပြီ။

အလုပ်ပြောင်းဖို့ အတူတူလုပ်နေတဲ့သူငယ်ချင်းတော့ ဒီနေ့နောက်ဆုံးနေ့တဲ့။ သူက အလုပ်ပြောင်းဖို့လုပ်တော့ဆိုတာ ပြောထားတာ သုံးလလောက်ရှိပြီ။ အခုထိ ဒီကတော့ မလှုပ်သေးဘူး။ ဘယ်သူငါ့ဒိန်ခဲရွှေ့မလဲဆိုတာပဲ။ ပျင်းနေတာပဲလား ပြောင်းဖို့ဆန္ဒမရှိတာလား တခုခုတော့ တခုခုပဲ။

အပေါင်းအသင်း မိတ်ဆွေတွေနဲ့ မတွေ့တာ ပိုများလာတယ်။ အလုပ်ကမိုးချုပ်တာရယ် ပင်ပန်းတာရယ် (လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုများတယ်) ပေါင်း လိုက်တဲ့အခါ ပိုပိုပြီး ဝေးကွာလာတာမျိုးပါ။ သူတို့ပျော်ပိုက်တဲ့ နေရာမျိုးမှာ ကိုယ်က မနေနိုင်တာလည်း ပါသပေါ့။ လူမှန်ရင် အွန်လိုင်းမှာတော့ ရှိရမယ် ဆိုတဲ့ စာတမ်းမျိုး နောက်ဆို မြင်နိုင်တဲ့အရာမှာ ကပ်ထားမှ ဖြစ်မယ်။ ခက်တာက ရေလိုက်ငါးလိုက် မနေပေးတတ်တာ။ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောပစ်လိုက်ဖို့ ဝန်မလေးတာ။ အရှေ့မှာ တမျိုး နောက်မှာ အင်ဖနတီလုပ်ဖို့ သင်ပေးကြပါဦး။ ဒါလည်း ခင်ဗျားတို့ အဆင်ပြေမှပါလေ။

တလောလေးက အသိနှစ်ယောက်ပေါ့ တော်တော်လေးရင်းနှီးပါတယ်။ ပေါ်ပင် အရာတစ်ခုကို လူတိုင်းက ဝိုင်းဝေဖန်ကြတဲ့အခါ (အတင်းတိုက်တွန်းတာတွေလည်း ရှိတာပေါ့) ၊ သူတို့က မလုပ်ချင်ဘူးလို့ ကိုယ့်ကို (ကိုယ်ကလည်း မမေးပါပဲ) ညည်းညူပြကြတယ်။ ဒါပေမယ့်လေ သူတို့ လုပ်ဖြစ်သွားခဲ့ကြတယ်သိလား။ အဲ့ဒီအခါမျိုးဆို ကိုယ်က လောကကြီး ဆိုပြီး ခေါင်းမော့ပြီး ဟားတိုက်ရီမိတယ်။ အဲ့ဒါကြောင့်ပြောတာ ကိုယ်က လောကကြီးနဲ့ မသင့်လျော်ဘူးလို့။ ကဲ..ယုံပြီလား။

တချို့ကြလည်း အေးအေးချမ်းချမ်းနေချင်လို့ ကိုယ့်လမ်းကိုလျှောက်ပါတယ် နောက်ကနေ ဖိနပ်လိုက်နင်းဖို့ကြိုးစားနေကြတယ်။ ကိုယ်ထွက်မပြေးပါဘူး။ ရပ်ပြီးစောင့်ဆိုစောင့်ပါမယ်။ ကမ္ဘာကြီးလည်နေတဲ့အလျင်တော့ ကိုယ်နဲ့မဆိုင်ဘူးနော်။ ကိုယ်အရင်လို အတ္တကြီးတုန်းပဲ စွပ်စွဲလေ လုပ်ပါ။

ဟော…ဒီလိုနဲ့ နှစ်တနှစ်ကုန်ဦးတော့မယ်။


အချိန်တွေလေ…သိပ်ကုန်လွယ်လွန်းတာပဲ။ ကိုယ့်မှာလုပ်စရာတွေရှိသေးတယ်…

Saturday, December 24, 2011

နာရေး သတင်း



ဘုရားရေ … လောကကြီးက ဘာများ ဖြစ်သွားပါလိမ့် အိပ်မက် မဟုတ်တာတော့ သေချာတယ် မဖြစ်နိုင်တာ၊ အို… မဖြစ်သင့်ဘူးလေ၊ သားရဲ့ မမ တနည်းအားဖြင့် ကျနော့်ရဲ့ ချွေးမဖြစ်လာမယ့် သူက ကျနော်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက် ဆိုတာ ဘယ်လို နှလုံးသားနဲ့ လက်ခံရမှာပါလိမ့်။ လာမတွေ့ပါနဲ့ မင်းတို့ ငါ့ကို လာမတွေ့ပါနဲ့ မင်းတို့ကိုယှဉ်ပြီး မြင်နိုင်ဖို့ ငါ အဆင်သင့် မဖြစ်သေးဘူး။


ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် မှာ ကျနော်တစ်ခါမှမရေးဖူးတဲ့ ပုံစံနဲ့ရေးဖြစ်တဲ့ ပထမဆုံး ၀တ္ထုလေး ပါ ဆက်ဖတ်ချင်ရင်တော့ ဒီမှာ ဆက်ဖတ်နိုင်ပါတယ် ။

ပုံဆန်းဆန်းလေး ဆွဲပေးတဲ့ သူကိုကော စာလုံးပေါင်းတွေပြင်ပေးတဲ့ အန်ကယ့်ကိုပါ ကျေးဇူးတင်ပါတယ်ခင်ဗျား ။




Wednesday, December 21, 2011

ကြုံရ ဆုံရ

တကယ်တော့ မင်္ဂလာရှိတဲ့ ခရစ်စမတ် အချိန်ခါမျိုးမှာ အားလုံး ပျော်ရွှင်စေချင်တဲ့စာမျိုးပဲ ရေးချင်တာ ခုက အောင့်မနိုင်လွန်းလို့ပါး) ပြီးတော့ နှစ်ဟောင်းက အကြွေးတွေ နှစ်သစ်ကိုလည်း ယူမသွားချင်ဘူးလေ အဲ့တော့ ပြောစရာရှိတာတွေ ပြောလိုက်တာပဲ ကောင်းတယ် ။ စာတွေဖတ်ရတာပါတယ် နိုင်ငံခြားက မြန်မာတွေ ပြည်တွင်းပြန်လာတိုင်း လေဆိပ်မှာ ကြုံရဆုံရတဲ့ အဖြစ်တွေပေါ့ ။ ကျနော်ကတော့ အဲ့လိုလေးတွေဖတ်ရတိုင်း ပြုံးမိတယ် သူတို့ကြုံရတာ ငွေပေးရတာလောက်ပဲပေါ့ ကျနော်တို့ ကြုံရတာတော့ ဆဲလည်း ဆဲခံထိတာပဲ ဘယ်သူ့ကို အဘခေါ်ရမှန်းလည်းမသိ အူကြောင်ကြောင်နဲ့ ကြောက်နေရတာမျိုးတွေ တကယ်ကိုစိတ်ပျက်စရာကြီးတွေပါ ။

ကျနော် ထိုင်းကိုမေ၇ာက်ခင် အစ်ကိုရှိတဲ့မဲဆောက်ကို 2004 လောက်တုန်းက တစ်ခါရောက်ဖူးပါတယ် လူငယ်အရွယ်လေးတွေ ဂိတ်တွေမှာ ဖမ်းတယ်ကြားတာနဲ့ ဂိတ်မရောက်ခင် အငှားဆိုင်ကယ်စီး လယ်ကွင်းတွေဖြတ် ချောင်းတွေကူးနဲ့ တကယ်ဆို ကိုယ့်နိုင်ငံအတွင်း ကိုယ်သွားလာတာ အဲ့တာတွေလိုလို့လားဗျာ လို့သာ ပြောလိုက်ချင်တော့တယ် ။ သူများတွေတော့မသိပါဘူး ကျနော် သိသလောက်ကတော့ 2004 လောက်ကတည်းကနေ ကျနော် ရင်းနှီးလာတဲ့ ဒီလမ်းကြောင်းတွေဟာ ခုထိလည်း ဒီလိုပဲ ဖြစ်နေတယ်ဆိုတာမျိုးပါ ။ မြ၀တီမြို့အထွက် ကုန်သွယ်ရေးဇုန်လို့ နာမည်တပ်ထားတဲ့ စစ်ဆေးရေးဂိတ်ကြီးတွေလည်း ဆိုးလိုက်တာဆိုတာ လ၀က တွေက ဘီလူးစီးနတ်စီးသလိုပဲ ငွေပဲ အာသာငမ်းငမ်းဖြစ်နေတော့တာ အခန့်မသင့်လို့ ဆက်ဆံရေးအဆင်မပြေရင် ကုန်သည်တွေစီက ကုန်စည်ကို သိမ်းလိုက်တာမျိုးလည်းတွေ့ဖူးတယ် အဲ့တာကြောင့် ကုန်သည်တွေ ကားသမားတွေက ဒီလမ်းကြောမှာတော့ ဒီလူတွေနဲ့ တည့်အောင် အောက်ကျို့ပေါင်းရတာမျိုးတွေ တွေ့ရပါတယ်။

မှတ်ပုံတင် ပြလည်း 500 (ခုတော့ 1000 မှရတော့တယ် ) မပြလည်းပေးရတာဆိုတော့ တစ်ချို့တော့ ပိုက်ဆံပဲပေးလိုက်ကြတော့တယ် အေးကောပေါ့ ။ အပေါ်မှာ ပြောဖို့ကျန်သွားလို့ အဲ့လို ဂိတ်ကြီးတွေမှာ တစ်ချို့တွေက အဆင်ပြေအောင် ခပ်ဟော့ဟော့ အမျိုးသမီး စကားပြောကောင်းတဲ့အမျိုးသမီးတွေကို လမ်းကြောင်းရှင်းတဲ့သဘော ငှားကြတာမျိုးလည်းရှိတယ် ''ကိုကြီးကလည်း ၊ ဆရာကလည်း လုပ်လိုက်၇င် သွားသွား ညီမလေးဆိုတာမျိုး ရှိကြတာကိုး ကိုယ်တွေဆိုရင်တော့ ..ဟိုကောင် မင်းအထုတ်ဖွင့် ဘယ်ကပြန်လာတာလဲ ဘာညာနဲ့ ရိုက်စားဖွင့်ကြတာမျိုးပါ ။ အိမ်ပြန်ရမယ်ဆိုတိုင်းပျော်တယ် အဲ့လို လမ်းမှာ အရာမရောက်တဲ့ နိုင်ငံ့ဝန်ထမ်း မိုက်၇ိုင်းလွန်းလှတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့တွေ့ရင် သေချင်စော်ပါနံပါတယ် ။

ပြန်တုန်းက နွေရာသီဆိုတော့ ပူလို့ ကုတ်လေးကတစ်ထည် အကျီ င်္ခပ်နွမ်းနွမ်း၊ ဘောင်ဘီကလည်း အရောင်ကျနေပါပြီ ကိုယ့်ရုပ်က သန့်ပြန့်နေပြီး သူဌေးသားရုပ်လည်းမပေါက်ရပါဘူး အသိတွေကတော့ပြောသား လုံချည်ဝတ် စုတ်စုတ်ပြတ်ပြတ်ပုံပြန်တဲ့ လမ်းမှာ အရစ်မခံထိအောင် ကျနော်က ခရီးသွား လုံချည်ဝတ်ရင် ခဏခဏ ကျွတ်လို့ ၀တ်ရခက်လို့ မ၀တ်ချင်ဘူးဗျ စထွက်တုန်းကတော့ ကားပေါ်မှာ မျက်မှန်နဲ့ အနွေးထည်နဲ့ စတိုင်တစ်ခွဲသားနဲ့ပေါ့ ကားက သိပ်ကောင်းနေတာမဟုတ်ပါဘူး အောက်မှာ ပုံတွေရှိတယ် ကြည့်ကြည့်ပါ ။ စပယ်ရာက ပြောတယ် ဂိတ်ရောက်၇င်တော့ မင်း ဒီပုံစံဆင်းလို့မရဘူးနော်တဲ့ ဟုတ်ကဲ့လို့ ပြောလိုက်တယ် ဟိုး အရင်ခေါက်တွေပြန်တုန်းကလည်း ပေးနေရတာပဲမို့ သိပ် ဂရုမစိုက်တော့ဘူး အလှူပေါ့ ။


ဒါက ကော့ကရိတ်နဲ့ ဘာအံကြားက နေရာတွေပါ သိပ်သာယာတယ်လို့ပြောလို့ရတယ် ။

ကားပေါ်ကနေပဲ လှမ်းရိုက်လိုက်တာ ။



ကရင်ပြည်နယ်က တောင်တွေ အများကြီးး ။



ဒါက ဘာအံမြို့အ၀င်လမ်းပါ ။
မြ၀တီကိုတက်လာတဲ့ ကားတွေက ဒါမျိုးတွေကြီးပါပဲ မရယ်ကြနဲ့နော် ခရီးသည်တွေဆိုတာ လင်ဗန်းထဲ ထည့်လှိမ့်ထားတဲ့ ဇီးဖြူသီးတွေလို ပိုးလိုးပက်လက် လန်လို့ပါပဲ ။
ဒါက ကျနော်တို့ စီးခဲ့တဲ့ကား ပြောရင် ယုံမှာမဟုတ် လမ်းမှာ ကားဘီး ၆ ခါပေါက်ပါတယ် ဘုရားမတယ်ပြောရမယ် တောင်ပေါ်မှာ ကားဘီးမပေါက်လို့ ပေါက်လိုက်လို့ကတော့ မောင်မျိုးတို့ ခုနေ ဒီလို အတင်းတုတ်လို့မရတော့ဘူး နတ်ပြည်မှာ နတ်သမီးလေးတွေနဲ့ ပျော်မြူးနေလောက်ပြီ ။ မသိသေးသူများ အမှတ်တရပေါ့ အကယ်လို့များ မြ၀တီ လာမယ်ဆိုရင် ကားက အတက်နဲ့အဆင်းဆိုပြီးခွဲထားပါတယ် ဘာကြောင့်လည်းဆိုတော့ ကားက များပြီး တစ်စီးနဲ့တစ်စီးရှောင်လို့မရတဲ့အတွက် အန္တရာယ်များလို့ အတက်နေ့နဲ့ အဆင်းနေ့ဆိုပြီးခွဲထားပါတယ် ။ ကျနော်မှန်းကြည့်တာပါ အတိကျတော့မသိ အတက် အဆင်း ပုံမှန်နေ့တိုင်းမှာ ကားအစီးရေ 500 အထက်တော့ရှိမယ်ထင်ပါတယ် အဓိက ကတော့ ထိုင်းကုန်စည်တွေကို သယ်ယူကြတာပါ ကျနော်တို့ကျိုက်ထိုနဲ့ မြ၀တီထိကိုမှ ကားခက ၇၀၀၀ ကျပ်ပဲ ပေးရပါတယ် ။ မြ၀တီ လမ်း လာမယ်ဆိုရင်တော့ ကုသိုလ်တွေသိပ်ရတား) ဘုရားတနေရတာကိုး ချောက်ကမ်းပါးတွေမှာ ကားတွေ အလုအယက်နဲ့ မောင်းနေလိုက်ကြတာ ဆက်ကပ်ထဲကလိုပါပဲ ။ ဒါပေမယ့်လည်း အမေ့အိမ်ရောက်ဖို့ ကျနော်တို့တွေ ပင်ပန်းတာ မမှုခဲ့ရဘူးပေါ့။

ညီအစ်ကို ၂ယောက် အမေ့ကျန်းမာရေး အပူနဲ့ စကားတောင် ကောင်းကောင်းမပြောဖြစ်ကြ အစ်ကိုက မပြန်တာကြာပြီ ။ ကျနော်တို့တွေ အဆိုးဆုံးစစ်ဆေးရေးဂိတ်လို့ဆိုမလား ဘာအံတံတား (သံလွင်မှာ စစ်ခံထိပါတယ် ) ကားပေါ်မှာ ခရီးသည်ချင်းပဲဆိုတော့ ပါသွားတဲ့ ငွေနည်းနည်းလေးပေမယ့် မအပ်ခဲ့ရဲဘူးလေ အဲ့တော့ လွယ်သွားဖြစ်တယ် အမှန်က ကျနော်တို့ စပယ်ရာကို လမ်းကြောအတွက်ဆိုပြီး ညီအစ်ကို၂ယောက် ၅၀၀၀ ပေးပြီးသားပါ ဒါပေမယ့် စပယ်ရာက နောက်မှာ ဂိတ်ကြေးရှင်းနေတုန်း ကျနော်တို့ဆီလာဖို့နောက်ကျသွားတာနဲ့ လ၀က က ကျနော်တို့ကို စစ်လိုက်တာပါ စစ်လိုက်တယ်ဆိုတာက တရားမ၀င် အရာတွေပါလို့မဟုတ်ပါဘူး အသားနံ့ရလို့ အုံလာတဲ့ယင်ကောင်တွေလိုပါပဲ ကျနော့် အိတ်ကလေးက အကုန်လုံးသွန်ချပစ်လိုက်တယ် ကဒ်တွေကော ကံဆိုးချင်တော့ ဘတ်စေ့လေးတစ်စေ့ကလည်း ကပ်ပါသွားတာမသိလိုက်ဘူး သူတို့အတွက် ခွင်ဖြစ်သွားတာ ကင်မရာတွေလည်းဖွင့်ကြည့် စုံလို့ပါပဲ မေးလိုက်တာဆိုတာ ။

( တရားရုံးမှာ ရှင်းမယ်) တဲ့ ကျနော်လေ အံ့သြလို့ဗျ ဥပဒေဆိုတာ အာဏာသေးသေးလေးရှိတဲ့သူလည်း ထုတ်လို့ရပါလားလို့ ဟောက်လိုက်တာများဆိုတာဗျား( တကယ် တစ်ခါမှ အဲ့လိုဆက်ဆံပုံမျိုးမကြုံဖူးဘူး မင်းတို့ တစ်ခြားနိုင်ငံကပြန်လာတာမှတ်လားတဲ့ မဟုတ်ဘူးဆိုလည်းမရ ဟုတ်တယ်ဆို ပိုပေးရတယ် ။ ဒါက ခရီသည်တိုင်း ကြုံရတဲ့ ပြသနတွေပါ ။ သူတို့မိုက်ရိုင်းလို့ ပြန်ရိုင်းတဲ့သူကို ထိုးလိုက်တာမျိုးလည်း ကြုံဖူးတယ် နားမခံသာအောင် ဆဲလိုက်တာတွေလည်းကြားဖူးတယ် ။ ဖေ့ဘွတ်မှာ ဒီအကြောင်းတင်သေးတယ် စတေးတပ်လေ အစ်ကိုတစ်ယောက်က အဲ့တာကြောက်စိတ်တဲ့ ဖျောက်ပါလို့ပြောသွားတာလေ သွားအမှတ်ရတယ် ပညာတတ် အသိစိတ်ဓာတ်မြင့်တဲ့ ၀န်ထမ်းကောင်းတွေဟာ သိပ်စကားပြောလို့ကောင်းမှာပါ ကျနော်တို့ ကြုံရ ဆုံရတဲ့ သူတွေကတော့ အဲ့လိုမဟုတ်ဘူးရယ် ကြုံဖူးစေချင်ပါရဲ့ဗျာ ။

အစ်ကိုနဲ့ ကျနော့်ကို ဘာမှန်းပြောပြလို့မတတ်တဲ့ ဒဏ်ကြေးဆိုတာနဲ့ ငွေ ၄ သောင်းတောင်းလိုက်တာ ဆိုတာ အလကားရသလိုပါပဲ သူတို့က ပိုက်ဆံမြင်တာကိုး တောင်းတော့မှာပေါ့ ။ ပထမတော့ ကျနော်က နေခဲ့မယ် ပြောလိုက်တယ် တရားရုံး ပို့ ဘာအမှုနဲ့ပို့မလဲပေါ့ အစ်ကိုက စကားလည်းနည်းတယ် သူက မပြန်တာကြာတော့ ၀တ်စုံတွေ များပြီး ဟောက်စားလုပ်တဲ့သူတွေကို စိတ်ပျက်တာလည်းပါတယ် ပြီးတော့ အဲ့ဒီအချိန်မှာ ညီအစ်ကို ၂ယောက်လုံးအတွက် နေမကောင်းလို့ ဆေးရုံပဲတင်ရမလိုလို ဖြစ်နေတဲ့ အမေ့ကျန်းမာရေးကိုပဲ သိချင်လှပြီ အမေ့ကိုစိတ်ပူတဲ့စိတ်နဲ့ ကျနော်တို့ ငွေ ၄ သောင်းမလဲနိုင်ဘူးလေ အစ်ကိုက ပေးလိုက်ပါတော့ ညီရာ အစ်ကို အိမ်ရောက်ချင်လှပြီတဲ့ ကျနော်လည်း နှမြောစွာနဲ့ပဲ ပေးလိုက်ရတော့တယ် အဲ့တာ ကျနော်တို့ ချွေးနဲ့ရင်းထားရတာတွေဗျ သူတစ်ပါးနိုင်ငံမှာ ကျနော်တို့ အောက်ကျနောက်ကျ သည်းခံခြင်းတွေနဲ့ရင်းပြီး ရထားတဲ့ ငွေတွေပါလို့ ပြောချင်လိုက်တာ ။ ကျနော့်ကိုပြောသေးတယ် ညီလေးကိုက သနားလို့တဲ့ အောင်မလေးဗျာ ထိုင်ပြီး ရှစ်ခိုးချင်စိတ်ပါ ပေါက်သွားတယ် တကယ် တကယ် ။

ကျနော်တို့ ညီအစ်ကိုထိုင်းမှာ ဘယ် ပုလိပ်ကိုမှ ငွေ ၁၀၀ မပေးဖုးပါဘူး သူတစ်ပါနိုင်ငံမှာ ဥပဒေနဲ့ လွတ်ကင်းအောင်နေရင် ဘယ်သူ့ကိုမှကြောက်စမရာမလိုပေမယ့် ကိုယ့်နိုင်ငံကိုယ်ပြန်မှ ဒီလိုအဖြစ်မျိုးတွေကြုံရတာ ရင်နာလိုက်တာဆိုတာဗျာ။ ကားပေါ်က ခရီးသည် အဖွားတွေက တောင်းရက်လိုက်ကြတာဟယ် တဲ့ သားရယ် အလှူလို့သာ သဘောထားလိုက် ဒီမှာပဲ အမျှဝေလိုက်တဲ့း) ကျနော့်မှာ ငိုအားထက် ရယ်အားသန်နေရမလို ။ဒီအဖြစ်တွေက ဘယ်တော့ထိ ရှိနေအုံးမှာလဲ ဘယ်လောက်ကြာမှ ပြောင်းလဲမှာလည်းဆိုတာ မသိပေမယ့် ကျနော်ကတော့ ရှိနေအုံးမယ်လို့ သိနေသေးတယ် ဒီလို အကျင့်ပျက်လာဘ်စားမှုတွေဟာ ဒီမိုးက ဘယ်လိုပဲ ရေစီးစီး မျောပါသွားမယ့် ပုံတော့မမြင်ဘူးရယ်။

ညီအစ်ကို ၂ယောက်ကတော့ အိမ်ပြန်ရောက်ခါနီးလေး တိုင်ပင်သွားဖြစ်တယ် ၊ အမေ့ ကိုမပြောနဲ့နော် အမေက နှမြောတတ်တယ် စိတ်မကောင်းဖြစ်နေလိမ့်မယ် ၊ ဆိုပြီးတော့ပေါ့ ငွေ ၄ သောင်းထက် ကိုယ့်နိုင်ငံထဲမှာ အပြစ်သားတစ်ယောက်လို ဆက်ဆံခံရတာတွေကတော့ ဆိုးလွန်းပါတယ် ။ ကျနော့်အဖြစ်လေးကလည်း အသေးဖွဲလေးတွေဖြစ်နေအုံးမှာပါ ဒီပို့စ်ကိုဖတ်မိသူတစ်ချို့တစ်လေလည်း ကျနော်တို့ထက် ဆိုးတဲ့အဖြစ်လည်းရှိချင်ရှိနေအုံးမှာပါ ။ ကဲ....ပြောချင်တာတွေ ပြောလိုက်ရလို့ ရင်ထဲတော့ပေါ့သွားပြီး ဒါမျိုးတော့ နောင်များ မကြုံချင်တော့ပါဘူး။



Monday, December 19, 2011

ဒီည


တကယ်တော့ သူ ဒီနေ့တနေ့လုံး လက်ထဲက ဖုန်းကိုမချမိ။ ဖုန်းကိုချမိသည့်အခိုက်တွင်လည်း ကွန်ပြူတာမျက်နှာပြင်ထက်က refresh ခလုတ်ကိုချည်း နှိပ်မိလို့နေသည်။ မနက်မျက်လုံးအပွင့်ကနေ ၁၂နာရီဟိုဖက်စွန်းသည် အထိ သူလက်ထဲမှာ ဆုပ်ကိုင်ထားသည်က မျှော်လင့်ခြင်းကြိုးတစ်စ ဒါပေမယ့် နှုတ်ခမ်းအဟမှာ ထွက်ကျသည်ကတော့ ဘဇာရေကြောင့်ပါလိမ့် ဆိုတာပင်ဖြစ်သည်။

သူ့ဘဝမှာ အမုန်းဆုံးသောအရာတို့ထဲတွင် စောင့်ဆိုင်းရခြင်းနှင့် အလိမ်အညာခံရခြင်းတို့ ပင်။ သို့သော် လူ့သဘောသဘာဝတို့တွင် ထိုအရာတို့သည် သမာရိုးကျ ဖြစ်လေ့ဖြစ်ထရှိတတ်စမြဲ။ ယခုအဖြစ်အပျက်တို့တွင်လည်း မည်သူ့ကို အပြစ်ပုံရမည်နည်း။ ယုတ်စွအဆုံး သူ့ကိုယ်သူသာ ထုနှက်သင့်သည် မဟုတ်ပါလား။

ဒီနေ့ကိုတော့ မမေ့သင့်လောက်ဟု သူယူဆသည်။ ထို့ထက်ပို၍ သူမျှော်လင့်နေမိသေးသည်။ တကယ်က မျှော်လင့်ခြင်းဆိုတာ သူ့ဘဝတလျှောက်လုံးကို တမြည့်မြည့်နဲ့လောင်ကျွမ်းစေမည့် မီးရှို့ထားသော အုန်းဆံကြိုးတချောင်းလိုပင်။ သူကတော့ အုန်းဆံကြိုးဖြစ်လျှင်ပင် ခပ်ရှည်ရှည်ဖြင့် ကြာရှည်စွာလောင်ကျွမ်း နေချင်သည့် ဆန္ဒများနဲ့ လူတယောက်….

သူ့ကိုယ်သူထုနှက်သင့်သည်ဆိုသည်မှာ အမှန်ပင်။ များသောအားဖြင့် သူမသိတာမဟုတ်ပဲ သိလျှက်နဲ့ ဇွတ်မိုက်ခြင်းမို့ အသေသာပင် သတ်ပစ်သင့်သည်။ တဖက်ကမအားတာများလားလို့လည်း သူဖြေတွေးချင်သည်။ သို့သော် မဟုတ်ခဲ့။ သူ့ထင်မြင်ယူဆချက်တွေ မှန်စေ့ချင်ပါသည်။ ဒီမှာများ မရှိတော့လို့လားဟုလည်း ဖြေစေ့ချင်သည်။ သို့သော် မအားတာလည်းမဟုတ် ခရီးသွားနေတာလည်း မဟုတ်သော သက်သေမြောက်စေသော အရာများက သူ့ရဲ့ အဆိုပါ အကောင်းမြင်ချင်စိတ်များကို လေထဲဖွဲများကြဲချလိုက်သလို တစစီဆွဲလွှင့်ပစ်နေကြသည်။

ဒါဆို သူကစပြီးဆက်သွယ်လိုက်ရင်ကော။ လောကကြီးမှာ နောက်ထပ် သူမလိုချင်ဆုံးသောအရာသည် သူတောင်းဆိုမှ ကြလာသော သနားစရာစွန့်ကြဲပေးကမ်းမှုမျိုးပင်ဖြစ်သည်။ သူ့ဖက်က တလှမ်းဘာလို့မတိုးတာလဲ လို့မေးစရာတော့ရှိသည်။ အဆိုပါခြေလှမ်းတိုးခဲ့ပေါင်းလည်း များလှပြီဆိုသော ချွန်းဖြင့် သူ့ကို အုပ်ဖို့ ယခုတကြိမ်သူ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သည်။

နောက်ဆုံးသော အရာမှာ မေ့လျော့တတ်သူဖြစ်ပါသည်ဆိုသော တရားခံလွတ်မြောက်ကြောင်း သက်သေတခု။ အဆိုပါ အရာသည် ယခင့်ယခင် အကြိမ်များစွာကတည်းက ကြုံခဲ့ဖူးပြီးပြီ။ ဆင်ခြေ အကြောင်းအရာခိုင်ခိုင်လုံလုံ နှင့် ခုခံကာကွယ်သူကို သူ့ဖက်မှ အမြဲတစေ သက်ညှာခဲ့သည်ချည်းသာ။ မည်သည့်အရာပင် ဖြစ်စေ မင်းက ကိုယ့်ကို နားမလည်ပါဘူးကွာ ကိုယ်ငိုမိတော့မယ် ဆိုတဲ့ ဖြေရှင်းချက်တခုဖြင့် အမှုက ကွင်းလုံးကျွတ်လွှတ်လိုက်စမြဲ။

သူ့ဖက်မှာ ဘာမှပေးစရာမရှိဘူးဆိုတာကိုလည်း သူ စကားအကုန် ပြောပြီးပြီ။ မေတ္တာဆိုသော ပါဠိစကားလုံးများဖြင့် သူ့ကို သိုင်းဖွဲ့ချည်နှောင်ရင်း အတိတ်ကိုမေ့ပစ်ဖို့ အနာဂါတ်မှာ သူသည် ယခုကဲ့သို့ ပြုကျင့်မည် မဟုတ်ကြောင်း အထပ်ထပ် ယုံကြည်စေသည်။ သူ့အတွက် နောက်ထပ် ရွှေရောင်မနက်ဖြန်များ ဖန်ဆင်းရင်းပင်။

သို့သော် အဆိုပါမနက်ဖြန်များတွင် အထက်ပါ အမှုကိစ္စများ မကြာခဏ ကြုံလာရပြန်သည်။ ထုံပေပေဖြစ်လာသော သူ့ကို မင်းက ကိုယ့်ကိုလက်တုံ့ပြန်နေတာများလားလို့လဲ မေးတတ်ပြန်သည်။ ကိုယ် မင်းထင်သလို မဟုတ်ပါဘူး အခုလို မင်းလုပ်နေရင် မင်း ငရဲကြီးမှာစိုးလိုက်တာကွယ်လို့ လည်း ကိုယ့်ကို ခြောက်မေးလေး လုပ်တတ်ပြန်ပါသည်။

သူ့က ကိုယ့်ကို ဂရုမစိုက်သမျှသည် သူမအားလပ်သောကြောင့်သော်လည်းကောင်း၊ အခြေအနေမပေးလို့သော်လည်းကောင်း၊ အခွင့်အရေးမရလို့သော်လည်းကောင်း ဖြစ်တတ်သော်လည်း ကိုယ့်ဖက်က ဖြစ်လျှင် အဆိုပါဖြေရှင်းချက်များသည် လုံးဝ လုံးဝ အကျုံးမဝင်စေရ။

ကြားရက်များတွင် အလုပ်ကိစ္စများ၊ အစည်းအဝေးများဖြင့် အလုပ်ရှုပ်နေတတ်ပြီး၊ ပိတ်ရက်များတွင်လည်း အိမ်ကိစ္စ လူမှုရေးကိစ္စများဖြင့် ရှုပ်နေတတ်ပြန်ရာ သူဆက်သွယ်နိုင်သောအချိန်မှာ ဟိုဖက်က ဆက်သွယ်လာချိန်သာရှိ၏။ မည်သည့်အချိန်တွင် ဆက်သွယ်လာမည်ကိုလည်း မမှန်းဆနိုင်ပြန်။ အကယ်၍ ဆက်သွယ်လာချိန် သူ့ဖက်က အဆင်သင့်မဖြစ်ပါက ပြင်းထန်သော စွပ်စွဲချက် သို့မဟုတ် စိတ်ကို နောက်ကျိညစ်နူးစေနိုင်သော ပြဿနာရှာခြင်းမျိုးကြုံတွေ့မည်မလွဲ။ သူသည် တဖက်က မလိုအပ်သောအချိန်တွင် standby mode ဖြင့် ရပ်စောင့်နေနိုင်ပြီး တဖက်က လက်တချက်ယမ်းလိုက်တာနဲ့ သတိအနေထားမှ တာဝန်ထမ်းစောင့်ရန် အသင့် ဖြစ်နေရမည့် သူသာဖြစ်သည်။ အဆိုပါ စနစ်ကို သူ့အတွက် ကောင်းစေချင်သော စေတနာ စနစ်ဟု တဖက်က အသေအချာ နာမည်ပေးထားခဲ့ပါသည်။

မိုးလင်းလုပါပြီ။ တဖက်ဆီသို့ မည်သို့မျှ သက်ရောက်မည် မဟုတ်သော်လည်း သူကတော့ သူကတော့ဖြင့် စက္ကန့်မှန်သမျှကို ရေတွက်လို့ချည်း မေ့ပစ်ချင်မိသည်။ မနက်ဖြန်ရောက်တော့မှာ မဟုတ်ပါဘူးဟုလည်း ဆုံးမသည်။ သူမငိုမိပါ။ သို့သော် ကုရခက်သော ချောင်းခြောက် ရောဂါတခုလို မငိုပေမယ့် နာကြင်ခြောက်သွေ့ အက်ကွဲနေသော သူ့အတွက် ဒီညသည် စိတ္တဇ ဆန်လွန်းသည် ဟု ဆိုနိုင်သည် မဟုတ်ပါလား….


စာကြွင်း

စာဖတ်သူများအတွက် တိုက်ဆိုင်မှုများရှိလာပါက အဆိုပါတိုက်ဆိုင်မှုကိုသာ တိုက်ရိုက်ရည်ညွှန်းကြောင်း သိရှိစေလိုပါသည်။

Friday, December 9, 2011

သူငယ်ချင်း

စကားလုံးလေးက သုံးလုံးတည်းပါပဲ ဒါပေမယ့် သူ့ရဲ့ အနက်ကတော့ကျယ်ပြန့်လွန်းတယ်ထင်ပါတယ် ။ ကျနော် ဖြတ်လျှောက်ခဲ့တဲ့ အချိန်တွေထဲမှာ ခဏတစ်ဖြုတ် ပြုံးပြနှုတ်ဆက်ခဲ့ကြတဲ့ သူငယ်ချင်းတွေရှိသလို နွေးထွေးစွာ ဆုံစည်းခဲ့ကြပေမယ့် သတင်းလေးတောင် အစနမကြားရတော့အောင် အဆက်သွယ်ပြတ်သွားတဲ့ သူငယ်ချင်းတွေလည်းအများကြီးရယ် ။ညက ကျနော့်ရဲ့ မှတ်စုစာအုပ်လေး ပြန်ကြည့်မိတုန်း သူငယ်ချင်းအချို့ရဲ့လိပ်စာတွေ မွေးနေ့လေးတွေ မှတ်ထားတဲ့ စာရွက်ထဲမှာ တစ်ချို့က ဘလော့ပေါ်ကနေ ခင်ရတဲ့သူတွေ ထူးဆန်းပါတယ် အရင်က မမြင်ဖူးပါပဲ လက်ဖက်ရည်ဆိုင် တူတူမထိုင်ဖူးသလို စကားတွေလည်း ဖောင်ဖွဲ့မပြောခဲ့ကြဖူးဘူး ဒါပေမယ့် ခင်မင်ခဲ့ကြတာကတော့အမှန်ပဲ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ခင်ခဲ့တဲ့ မျှားပြာ ဆိုတဲ့ ဘလောဂါ့ သူငယ်ချင်းတစ်ယောက်ကိုလည်း ကျနော် အမှတ်ရမိနေတုန်း ။တစ်ချို့တွေလည်း အမှတ်တရကနေ အမှတ်တမဲ့ ဖြစ်သွားကြပြီ စာမလာ သတင်းမကြားပေါ့ ။

ဒီကိုရောက်တော့ ကျနော့်အတွက် သူငယ်ချင်းဆိုတာ ရှားပါးကုန်တွေဖြစ်လို့ အလုပ်နဲ့ ပက်သက်လို့ သိကြတဲ့သူတွေရှိပေမယ့် နောက်ပြန်တွေ့ ပြုံးပြနှုတ်ဆက်ရုံထက်မပိုခဲ့ဘူး ။ သူငယ်ချင်းဆိုတာကို ဘယ်လို အနက်ဖွင့်နိုင်ပါသလဲ ကျနော်ကတော့ လူတစ်ယောက်ရဲ့ ကောင်းကွက် ဆိုးကွက်တွေကို သိရှိပြီးတဲ့နောက်မှာတောင် ရှောင်ဖယ်မသွားပဲ ကိုယ့်အနားမှာ ရှိနေသေးတဲ့ သူကို သူငယ်ချင်းလို့ သတ်မှတ်ချင်ပါတယ် ။ ကျနော့် အနားမှာကော ခိုတစ်ကောင်လို ခဏခဏ ငြီးတတ်တဲ့ကျနော် ပြသနာတစ်ခုကို စိတ်အေးအေးမထားပဲ ပရိတ်ရွတ်သလို တစ်တွတ်တွတ်နဲ့ ပူလောင်နေတတ်တဲ့ ကျနော့်အနားမှာ ဒီလိုမျိုး ကိုယ့်ရဲ့ မကောင်းကွက်တွေကို အကောင်းမြင်လို့ ပေါင်းသင်မယ့် သူငယ်ချင်းက ဘယ်ရှိနိုင်မတုန်း ။ ကျနော်ကလည်း မရှိနေပေါ့ မာနတွေက ခပ်တင်းတင်းနဲ့ ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမပေါင်းဖြစ်တာ ဒီကိုရောက်စတည်းက သူ့အကြောင်းလည်း ကိုယ်မသိ ကိုယ့်အကြောင်းသူမသိတဲ့ ခေါ်ပြောနှုတ်ဆက်ကြတဲ့ မိတ်ဆွေအချို့တော့ရှိပါတယ် ဒါပေမယ့် မိတ်ဆွေနဲ့ သူငယ်ချင်းဆိုတာ တူတယ်လို့ကို မခံစားရဘူး ။

ဒါပေမယ့် ကျနော့်မှာ သူငယ်ချင်းလို့ ဆိုရမယ့် သူငယ်ချင်းတစ်ယောက်ရှိလာတာ ကျေးဇူးတင်စရာ ။ လူတစ်ယောက်ကို စပြီး နှုတ်ဆက်ရတာလောက် ကျနော် ပျင်းတာမရှိ အထာကြီးနဲ့လိုပဲဆိုဆို ပျင်းတာတော့ တကယ်ပဲ ။ဒီကောင့်ကို စသတိထားမိတော့ ဗလတောင့်တာကို သိပ်မနာလိုဖြစ်တာပဲ ငါလည်း အဲ့လို ဗလတောင့်တောင့်ရလို့ကတော့လား ဖေ့ဘွတ်ပေါ်မှာ ပဲဆီ နှမ်းဆီ စက်ဆီ ဖြစ်အောင် ကို ဓာတ်ပုံရိုက်တင်ဖြစ်လိုက်မယ်ပေါ့ ခုတော့လား ဒီဘ၀ ဒီမျှနဲ့သာ။ စကားနည်းတယ်လို့ထင်ရပေမယ့် သူက ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်ထက်တော်တာ သတိထားမိတယ် ညီ /ညီမ အရွယ်လေးတွေနဲ့လည်း ခေါ်ခေါ်ပြောပြော နှုတ်ဆက်တာတွေ့တယ် ကျနော့်ကို စနှုတ်ဆက်ခေါ်တော့ “အစ်ကို” တဲ့ သိပ်စိတ်ဆိုးပါတယ် ကျနော်က အစ်ကိုမဖြစ်ချင်ဘူး ကိုယ့်အသက်ကိုယ်မေ့နေတာပြောပါတယ်း) ကိုယ့်မှာ တူ /တူမတွေတောင် တစ်ဒါဇင်ကျော်နေပြီ အစ်ကိုလို့ခေါ်တာလောက်တော့ ဘာဖြစ်မတုန်း ။ဒါပေမယ့် ကျနော်တို့ သူငယ်ချင်း နှစ်ယောက်ကို ယှဉ်ပြီး ကျနော်တို့ကို အသက်မှန်းလိုက်ရင်တော့ သူ့ကိုက ၂၇ လောက်မှန်းပြီး ကျနော့်ကို ၂၃ ပဲမှန်းတော့ ပျော်လိုက်တာ ဟဟား ကိုယ်အရွယ်တင်တယ်ပေါ့ ဘယ်ဟုတ်မလဲ အကောင်ကသေးတော့ ငယ်နေသလိုဖြစ်နေတာ ။

သူငယ်ချင်းမှန်းရင် တစ်ယောက်နဲ့ တစ်ယောက်ပိုက်ဆံချေးငှားဖူးရမယ်လို့ ကျနော်တော့ထင်တယ် ပြီးတော့ အားနာတယ်ဆိုတဲ့ စကား တစ်ယောက်နဲ့တစ်ယောက်မှာမလိုအပ်ဘူး ဒါမယ့် ကျနော်ကတော့ အားနာတယ်ဆိုတဲ့ စကား ခဏခဏကိုပြောဖြစ်နေတော့တာ အကူညီ မယူဘူးလားဆိုတော့မဟုတ်ပါဘူး အကူညီ လိုချင်လို့ကို ရှေ့က အားနာတယ်ဆိုတဲ့ စကား ခံထားလိုက်တာ ဘလော့ဂါဆိုတဲ့ အမျိုးက အကွေ့အ၀ိုက်တွေတော်တယ်မှတ်လား ။ အမှန်တော့ သူနဲ့ ကျနော်က ဆန့်ကျင်ဘက်တွေများပါတယ် သူက တည်တည်ငြိမ်ငြိမ် အခက်ခဲနဲ့ ကြုံလည်း စိတ်အေးအေးထားပြီး ဖြေရှင်းတတ်တယ် ။ ကျနော် စိတ်ညစ်စရာရှိတိုင်း သူအားပေးတဲ့ စကားက “ အဆင်ပြေသွားမှာပါ ” တဲ့ စကားလုံးလေးက တိုပေမယ့် အားပါတယ်လို့ထင်ပါတယ် ။ အနားမှာ လူတွေအများကြီးမလိုပါဘူး ကိုယ်ရင်ဖွင့်သမျှကို မငြီးမငြူနားထောင်ပေးပြီး အကြံညဏ်ကောင်းပေးနိုင်တဲ့ သူတစ်ယောက်လောက်ပဲ လိုပါတယ် အဲ့တာ ကိုယ့်သူငယ်ချင်းလို့ဆိုနိုင်တဲ့သူပါပဲ ။


သူငယ်ချင်းနှစ်ယောက် အမဲအစ်နေ့မှာ ငါးဆင့်ချိုင့်ကြီးနဲ့ အသိအိမ်မှာ သွားယူတာလည်း မှတ်မှတ်ရရပါပဲ “ ရှက်လိုက်တာကွာ ငါ့မျက်နှာကြီးဘယ်နားသွားထားရမှန်းကိုမသိဘူး ” ဆိုတော့ ဆိုင်ကယ်အုပ်ထုတ်မှန် ချထားလိုက်တဲ့ ။ သူက တစ်ခါတလေ ကျနော် မရဲတဲ့ အလုပ်တွေ လုပ်တတ်တာလည်း အံ့သြစရာ ဥပမာ အင်္ကျီဆိုင်က မ၀ယ်ပဲနဲ့ ကိုယ်အိတ်ကပ်ထဲလည်း ပိုက်ဆံမပါပဲ ဟိုးရွေးဒီရွေး လုပ်ပြီး ပြန်ထွက်လာရမယ့် အဖြစ်က ရှက်စရာ သူကတော့ မမှု ဟိုလှန် ဒီလှန် နဲ့ ပြီးရင် မကြိုက်သေးတဲ့ပုံစံနဲ့ ပြန်ထွက်လာတတ်တာ ကျနော်ကတော့ ဆိုင်ရှင့်မျက်နှာ စူပုတ်ပုတ်ကြည့်ပြီး ၀ယ်ဖို့ အစီစဉ်မရှိပါပဲ တစ်ထည်လောက်တော့ ၀ယ်လိုက်ရကော ပြီးရင် “ မင်းကတော့ ငါ့ကို အလိမ်မာနည်းနဲ့ ငမွဲဖြစ်အောင်လုပ်နေတော့တာပဲ ” လို့ပြောတိုင်း “ အဖတ်တင်တာပေါ့ဗျာ ” တဲ့ အဖတ်တင်လား မတင်လားတော့မသိ လကုန်ရင် အကြွေးတင်တာတော့ အမှန်ပဲ ။


တစ်ခါတလေ နှစ်ယောက်သား ဘော့စ်ခိုင်းလို့ ဈေးသွားတဲ့ အခါ စတိုင်လ်တွေကတော့ လန်းလို့ မျက်မှန်တွေတပ် အပြင်ခံအင်္ကျီတွေဝတ်လို့ ၀ယ်ရတဲ့ ပစ်စည်းတွေက ငရုတ်စုံ ဒယ်အိုး ဒန်အိုးတွေ ၀ယ်ရတဲ့အလုပ် မရှက်ဟန်ဆောင်လို့ ခပ်တည်တည် ဈေးထဲလည်း လိမ့်ကြတာပဲ ။ ဆရာနေမကောင်းတုန်းက ဆေးရုံမှာ ညသွားစောင့်အိပ်ဖြစ်တဲ့ကျနော် “ မင်းကလည်း တပည့်ကောင်း မပီသလိုက်တာ နည်းနည်းပါးပါး ဆရာ့ကို လာကြည့်ပါအုံးဟ ” ဆိုတော့ သူပြန်ပြောတာက “ ကျနော်က စိတ်အမြဲရောက်ပါတယ်ဗျာ ” တဲ့ ရှင်းနေကော လဒ စိတ်နဲ့ကတော့ လူတိုင်းရောက်တာပေါ့ ။ဒီနိုင်ငံမှာ ကျနော့်တို့ အရွယ်တွေ အမြီးမပေါက်သေးရင် ဟိုမျောက်လို့များ ထင်တတ်ကြလေရော့သလားမသိပါဘူး စတိတ်ကျောင်းသားကျောင်းသူမှာကတည်းက ရည်းစားတွေ ရှိနေတတ်ကြတဲ့သူတို့ လူနေမှုမှာ အချစ်ရေးတွေ စိတ်မ၀င်စားတဲ့ ကျနော်တို့ သူငယ်ချင်း နှစ်ယောက်က ထူးဆန်းနေသလိုဖြစ်နေတော့တာ အချစ်ရေးထက် ဘ၀အရေးတွေ အရေးကြီးနေတာ သူတို့မသိပေမယ့် ကိုယ်တွေကတော့ လူမသိ သူမသိ တိတ်တဆိတ် ရုန်းကန်နေကြရတာ ။


တစ်ယောက် တစ်နေရာစီ နဲ့ ဖုန်းတောင် သိပ်မပြောဖြစ်တဲ့ သူငယ်ချင်းရဲ့ သတင်းတွေ နားစွင့်လို့ အဆင်ပြေပါ့မလားလို့ စိတ်ထင့်မိတာတော့ အမှန် လူဆိုတာ အချိန်တန်တော့လည်း ကိုယ်ကျရာ ဇာတ်ကွက်မှာ အကောင်းဆုံး ကပြ အသုံးတော်ခံကြရတဲ့သူတွေမဟုတ်လား ။ကိုယ်စိတ်ပျက် အားငယ်တဲ့အချိန်တိုင်း အားပေး နှစ်သိမ့်တတ်တဲ့ သူငယ်ချင်းအတွက် သူ့အားငယ်တဲ့အချိန် ကျနော်ကကော ဘယ်လို စကားတွေနဲ့ နှစ်သိမ့်ရမှာပါလိမ့် ။ကျနော့်ထက် ငယ်ပေမယ့် ဆရာကြီးပုံစံနဲ့ ဆုံးမစကားတွေ မဆိုပါပဲ သူ့အပြုမူတွေက ကျနော့်ကို ဆုံးမစကားပြောနေသလိုပါပဲ ။လက်ဆောင်ရဖုးတဲ့ ကဗျာထဲကလို ..

မြေလွှာအောက်က ထိုးထွက်လာတာခြင်းတူတော့
ရင်ဘတ်မှာက ဖုတ်မြေတွေ အလိမ့်လိမ့်တတ်
ကိုယ့်မျိုးစေ့ကို ရေလောင်းပေါင်းသင်
အသီးအပွင့်တွေရှင်သန်ခဲ့ကြတယ်...။


ဟုတ်တာပေါ့ သူနဲ့ကျနော်ဟာ ဖြတ်သန်းခဲ့ရတဲ့ လောကဓံလမ်းကြမ်းချင်းက တူလေတော့ တစ်ယောက်အကြောင်းတစ်ယောက်နားလည်စွာနဲ့ သူငယ်ချင်းတွေ ဖြစ်နေကြတာထင်ပါရဲ့ ။

ခပ်ကျဉ်းကျဉ်း ကမ္ဘာမှာ
နေရာတစ်နေရာအတွက်
ကိုယ်ထူကိုယ်ထ စနစ်ထဲ
အနာဂါတ်တွေနဲ့ ထိုးနှက်ရိုက်ထည့်


ကဲ... သူငယ်ချင်းရေ... ညီလေးရေ...
ဒီတစ်ကြိမ်တော့ ကိုယ့်ဗီဇကိုယ်ဖိသွေး
ငါတို့ကိုယ်ငါတို့
အနာဂါတ်တွေနဲ့ ပစ်ပေါက်ကြစို့....။


သူငယ်ချင်းရေ့ ဒီတစ်ကြိမ်လည်း အနာဂါတ်ကိုမျှော်တွေးလို့ တို့တွေ လမ်းဆက်လျှောက်ကြသေးတာပေါ့ ။ ကျနော် သူ့ကိုပြောဖူးပါသေးတယ် “ သူငယ်ချင်းဆိုတာ တွေ့တုန်းသာ ခင်ခင်မင်မင်ရှိကြပြီး နောင်ပြန်တွေ့တဲ့အခါ ပြုံးပြ နှုတ်ဆက်ရုံနဲ့ ခင်မင်မှုတွေက အဆုံးသတ်သွားမယ်ဆိုရင်တော့ ငါတို့ ခင်မင်ခဲ့တဲ့ အချိန်တွေက အလကားဖြစ်သွားမှာပေါ့ အဲ့တာကို သူငယ်ချင်းလို့ မခေါ်ဘူး ” ဒီလိုပြောပေမယ့် စိတ်ထဲကတော့ သိနေပါသေးတယ် ကျနော်တို့ ပြန်တွေ့တဲ့ အခါ ပြုံးပြနှုတ်ဆက်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘူးဆိုတာ အနည်းဆုံးတော့ ဖန်ခွက်ချင်းတိုက်လို့ ချီးယားစ် လုပ်ဖြစ်ကြအုံးမှာပါ “ အဆင်ပြေပါစေ သူငယ်ချင်းရေ့ ” ။





LinkWithin

Related Posts Plugin for WordPress, Blogger...