Wednesday, May 25, 2011

တောရွာ

ကိုယ်က မြို့သားကြီးလည်း မဟုတ်သလို တောမှာပဲနေ တောမှာပဲကြီး တောမှာပဲ လုပ်ကိုင်စားသောက်တဲ့ တောသားစစ်စစ်ကြီးလည်းမဟုတ်ပြန်ဘူး ။ ဘာပဲဖြစ်ဖြစ် တောရွာရဲ့ ဓလေ့ ပျော်ရွှင်ဖွယ် အကြောင်းရာတွေကတော့ ကိုယ့်ကို တော်တော် စိုးမိုးခဲ့ပါတယ် ။ ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရ များဟာလည်း တောရွာရဲ့ရင်ခွင်မှာ ပျော်ရွှင်ခဲ့ဖူးတာပေါ့။ ဘလော့လေးရေးတော့ ရွာအကြောင်းလေး အမှတ်တရ ရေးဖြစ်တယ် အားပေးကြတာ သဘောကျကြတာတွေ့တော့ ပိုရေးဖြစ်တယ် လေဘယ်လေးသပ်သပ်တပ်ပြီး သေချာလေးရေးမိတယ် ။ ဒါပေမယ့် တောရွာလေးကတော့ ဟိုးအတိတ်မှာကျန်ခဲ့တာပေါ့ ဒါပေမယ့် ရွာသူရွာသားတွေရဲ့ ရင်ထဲမှာတော့ တောရွာလေးက အမြဲတမ်း အမှတ်တရ မမေ့မပျောက်နဲ့ ရှိနေပါသေးတယ်။

ကိုယ့်အနှီးထုတ်လေးနဲ့ ရွာကိုစပြောင်းတာ အမေဘက်က အဖိုးပေးလိုက်တဲ့ အမွေလေးနဲ့ ရွာမှာ အခြေချ သားသမီးခြောက်ယောက်နဲ့ အဘက ရုန်းကန်ခဲ့တာ ။ ခြံကျယ်ကြီးထဲမှာ အဘစိုက်ထားတဲ့ သီးပင်စားပင်တွေက စုံလို့ ။ အမေက နောင်တစ်ချိန်စားရအောင်ဆိုပြီး သီးပင်စားပင်အကြီးကြီးတွေဖြစ်တဲ့ နှစ်ရှည်ပင်တွေ ခြံဝင်းထဲမှာစိုက်ထားဖြစ်တယ် သရက်ပင် ဒညင်းပင်း စုံလို့ပါပဲ။ ရွာထဲမှာ တစ်ယောက်ခြံထဲက မှည့်နေတဲ့ ဘာသီးနှံပဲဖြစ်ဖြစ် နောက်ရွာသားတစ်ယောက်က ခူးစားလိုက်လို့ စိတ်ဆိုးရိုးထုံးစံလည်းမရှိကြဘူး။မိုးတွင်းစာ ထင်းမီးအတွက်လည်း အပြင်ထွက်ခုတ်စရာမလိုပဲ ကိုယ့်ခြံထဲက ထင်းနဲ့တင် ကိုယ်လုံလောက်လို့ အဘက နွားကျောင်းက ပြန်လာတိုင်း ထင်ပိုင်းကြီးကြီးတစ်ပိုင်းနေ့တိုင်းထမ်းထမ်းလာတတ်တယ် ။ ခြံကြီးရဲ့ ခေါင်းရင်းမှာ ငှက်ပျောပင်တောကြီးရှိတယ် တစ်ခါတလေ မှည့်လို့မှည့်မှန်းတောင်မသိရ ။ ခြံကြီးထဲမှာ ရေတွင်းသုံးတွင်းရှိတယ် ခလေးတုန်းက အဲ့ရေတွင်းတွေထဲ သရဲကြီးရှိတယ်ဆိုလို့ အနားကိုမကပ်ရဲခဲ့ ။

ခြံကြီးထဲက ကွမ်းခြံ ရေပေးတဲ့ အခါကျ သိပ်ပျော်ရတာ ရေကို မောင်းလက်နဲ့ ခပ်ချိုးရတဲ့ရွာမှာ စက်နဲ့မောင်းတင်တာက နွေမှာမှကြုံ၇တာလေ ကွမ်းခြံရေ ၀ိုင်းပက်သလိုနဲ့ ရေဆော့တဲ့ အခါတွေကများတယ် ။ ခြံနောက်က မှို့ပင်ကြီးအောက်မှာ ကောက်ရိုးပုံအကြီးကြီးလည်းရှိတာပဲ ဆောင်းတွင်းဆို အစ်ကိုငယ်နဲ့ အမေပေးမအိပ်ပေမယ့် သွားသွားခိုးအိပ်တယ် ကောက်ရိုးပုံကြီးက နွေးနေတာပဲ ။ တောင်ပိုင်က ဖိုးသာညိုခြံမှာ ရှောက်သီးအကြီးကြီးတွေ သွားခိုးစားတယ် ။ အလယ်ပိုင်းက ကြီးတော်သန်းမြင့်ဆီမှာ ဆိတ်နို့လည်း သွားသွားတောင်းသောက်တာပဲ ။ ကိုညာ အိမ်ဘေးမှာ မရမ်းသီး သီးချိန်ကျ တံချူနဲ့ ကလော်ချပြီး သူ့အိမ်မှာ ဆားတောင်းပြီး ဖက်ကလေးနဲ့ထုတ် တို့စားခဲ့ရတဲ့ အရသာတွေကလည်းမမေ့စရာ ။

ကိုယ်လို ရွာကိုကျောင်းပိတ်ရက်မှ ပြန်ပြန်လာရတဲ့သူတောင် ရွာကိုခင်တွယ်ပြီး သံယောဇဉ်ဒီလောက်ရှိရင် ရွာမှာပဲ ရေးတတ်ဖတ်တတ်ကျောင်းနေ ရွာမှာပဲကြီး ရွာမှာပဲ အိမ်ထောင်ကျ ခလေးတွေရတဲ့သူတွေဆို ရွာကို ဘယ်လောက် သံယောဇဉ်ရှိလိုက်ကြလေမလဲ ။ ဒီရွာကြီးနဲ့ ကျနော်တို့ ဘယ်တော့မှ ခွဲကြရမယ်လို့လည်းမထင်ခဲ့ဖူးပါဘူး ။ ဒါပေမယ့် ကံကိုပဲ အပြစ်ပုံချလိုက်ရလေမလား ဘာမှကိုမတွယ်တာချင်တော့လောက်အောင် ရွာကို အရှိန်ပြင်းပြင်း ရိုက်ချလိုက်တဲ့ သတင်းဆိုးတွေက ရွာမှာ အရူးမီးဝိုင်းသလိုပေါ့ အသက်ကြီးကြီး အဖွားအိုတွေက မျက်ရည်တွေကျလို့ ငို ။ ခလေးတွေကတော့ ဘာမှမသိ ရွာထဲမှာ ဆော့ကစားလို့ကောင်းတုန်း သူတို့ ဘယ်လောက်ထိ ဒီနေရာလေးမှာ ဆော့ကစားခွင့်ရမှာပါလိမ့် ။ ရွာကိုအစိုးရက သိမ်းလိုက်ပြီဆိုတဲ့ သတင်း သဲ့သဲ့တော့ကြားတာ ကြာပေါ့ ။ အဲ့နေ့က အမေ့မျက်နှာ အညှိုးငယ်ဆုံးပဲ ထင်ပါ့ ကိုယ်တွေ့ဖူးသမျှထဲမှာတော့ ။ စစ်တပ်က အကြီးအကဲ ရွာသားတွေ အစည်းဝေးခေါ်တော့ အဘက စိတ်ပျက်လို့မသွားဖြစ် အမေကတော့ မာန်ခဲလို့ သူတို့များ အမိန့်ပြောင်းမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ။

အမေပြန်လာတော့ အမေက ၀မ်းနည်းနေတဲ့မျက်နှာနဲ့ မဲ့ပြုံးကလေးပြုံးလို့ပြောလိုက်တာ “ ငါ့တစ်သက်မှာတော့ တစ်ခါသာ ကြုံးဖူးတဲ့ အဖြစ်ပဲ သုံးခွန်းသော စကားနာကြားရခြင်းပေါ့ ငါတို့များ လူလို့ ထင်လေရော့သလားမသိပါဘူးဟယ် ” တဲ့ စကားလည်းပြောပြီး ခေါင်းပေါ်က ခေါင်းပေါင်းလေးပစ်ချလို့ အမေထိုင်ချလိုက်တဲ့ ပုံက ခြေပစ်လက်ပစ် သုံးခွန်းသော စကားကတော့ “ တစ်လအတွင်း အပြီးပြောင်းပေးကြ ဒါပဲ” တဲ့ သုံးခွန်းတောင်မပြည့်ဘူးထင်တာပဲ ။ ၁၅ နှစ်နီးပါးလောက် နေခဲ့ဖူးတဲ့ ရွာကို ခွဲဖို့ဆိုတာ အမေ့မှာ အဆင်သင့်မဖြစ်သေးဘူးထင်ပါ့ တစ်ချို့တွေကတော့ သူတို့ပြန်ပေးတဲ့ ပေတစ်ရာပတ်လည်လေးမှာပဲ နေဖို့တွေးကြပြီး တစ်ချို့တော့ အမျိုးတွေရှိတဲ့ တစ်ခြားရွာကိုပြောင်းကြတဲ့သူတွေလည်းရှိတာပဲ ။ အဘက သူ့ရွာကို ပြောင်းကြဖို့ပြောပေမယ့် အမေကတော့ ရွာက အမျိုးတွေလိုဖြစ်နေတဲ့သူတွေနဲ့ မခွဲချင်ဘူးတဲ့ အဲ့တော့သူတို့ပြန်ပေးတဲ့နေရာလေးမှာပဲ တစ်ရွာလုံးပြောင်းကြရတာ ရွာက ၃ ပုံ တစ်ပုံလောက်ပဲ ပြန်ဆုံကြတော့တယ် ။

မပြောင်းခင်လေး အမေက ခြံထဲပတ်ကြည့် သူ့စားပင်တွေကို နှမြောနေပုံနဲ့ အဘကတော့ သူပျိုးထောင်ခဲ့တဲ့အပင်တွေကို ပါးစပ်ကသာထုတ်မပြောတယ် နှမြောတသသဖြစ်နေတဲ့မျက်ဝန်းတွေနဲ့ ။“ဒီ ငရုတ်ပင်တွေက ပြောင်းစိုက်ရင် ရှင်ချင်မှရှင်မှာ မျိုးကောင်းတယ် တအားစပ်တာ ထားခဲ့ရမှာ နှမြောလိုက်တာ ” ၊ “ ဒီဒညင်းပင်ကြီး စိုက်ထားတာမကြာပေမယ့် သီးမြန်တယ် ပိုးကျတာလည်းနည်းတယ် အမေဆို အသီးတွေက လှလို့မရောင်းရက်ပဲ ဆားရေစိမ်ထားလိုက်တာ မိုးတွင်းဆို ငပိရည်လေးတစ်ခွက်ရှိလည်းရတယ် ဒညင်းသီးဆားရေစိမ်လေးနဲ့ စားလိုက်လည်း သိပ်ကောင်းတာ အခုတော့ ထားခဲ့ရတော့မယ် ” ။“ မှို့တွေတောင် သီးတာတော်တော်ကြီးနေပြီး ခူးသွားချင်လိုက်တာ ” ဆောက်တည်ရာမရနဲ့ အမေတစ်ယောက် လောဘတွေများလိုက်တာလို့လည်းမဆိုရက်ဘူး ခြံကြီးထဲမှာ ရှိသမျှ အရာတိုင်းဟာ သူတို့လက်နဲ့ မထိတာဆိုလို့ မရှိခဲ့သလောက်ပဲဆိုတော့လည်း ။ကျနော်တို့ ကျွဲနွားကျောင်းရင်း မိုးခိုခဲ့တဲ့ သပြေပင်အကြီးကြီး ထားခဲ့ရတယ် ။ မိုးတွင်းဆို ငါးရှာလို့ကောင်း ရေခိုးကူးခဲ့ကြရတဲ့ ရွာက ချောင်းတွေကို နောက်တစ်ခေါက် လာပြန်ကူးဖြစ်ချင်မှ ကူးဖြစ်တော့မယ် ။

“အမေရယ်... သူတို့ပေးတဲ့နေရာက ရေတွင်းတောင် တူးလို့မရတာ အမေ ဘာစိုက်စားမတုန်း ရွာပြောင်းရအောင်နော်” လို့ သားသမီးတွေကပြောတိုင်း ရွာက လူတွေ ဘယ်လိုနေခဲ့မလဲ တွေးပူရင်း အမေကတော့ မပြောင်းပဲ ဒီနေ့အထိ ရွာကလေးအပေါ် ရွာကလူတွေအပေါ် သံယောဇဉ်ကြီးတုန်း ။ရွာကလူတွေလည်း မပြောင်းမလဲ အခုထိ ရှိနေကြတုန်း ။ရွာမှာမွေးရွာမှာပဲသေသွားကြတဲ့သူတွေလည်းရှိတယ် ။
ရွာကို သွားပြန်လည်တိုင်း “အမေ...သား ခြံဟောင်းတွေဘက် သွားကြည့်ချင်တယ် ” အမေက မသွားပါနဲ့တဲ့ အခု ရွာက ကတုံးဖြစ်နေတာ မြင်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့တဲ့ ။ အင်း ဟုတ်တော့လည်းဟုတ်သား ၀ါးတော သစ်တောတွေနဲ့ ပေါနေတဲ့ ကျနော်တို့ရဲ့ ရွာဟောင်းကလေးဟာလည်း ပြောင်သလင်းခါလို့ ဆံပင်တွေမရှိတော့တဲ့ အဖိုးအိုတစ်ယောက်လို ။

ဒီဘလော့မှာ ရွာအကြောင်းလေးတွေရေြး့ဖစ်တိုင်း ကိုယ့်ရဲ့အတွေးထဲ ရွာဟောင်းလေးရဲ့ အရိပ်တွေက စိုးမိုးနေတယ် ။ ဒါပေမယ့်လည်း ရွာအကြောင်းတွေ ရေးချင်နေတုန်း ရွာထဲကအမှတ်တရတွေက ကုန်မှမကုန်နိုင်ပဲ ရွာသစ်လေးကတော့ ကျနော့်စာမျက်နှာတွေပေါ် သိပ်မရောက်လာခဲ့ဘူး သူ့ကို ကျနော်သူစိမ်းဆန်နေတယ် ။ အခုချိန်မှာ ဒါတွေဟာ ကံတရားကြောင့်ပါ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုတာတွေလည်း တွေးမနေချင်တော့ပါဘူး ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ပဲ သဘောထားလိုက်တော့တယ် ။ ဒါပေမယ့် ရွာဟောင်းလေးကို တစ်ခါခါတော့ လွမ်းတယ် ။




Monday, May 23, 2011

အချစ်ဆူးလေး စူးမှာ စိုးတယ် ။

(Image From teenee.com)


ပင်လယ်ကြီး ပြာနေတာကို စိမ်းမြနေတယ် ချစ်သူလို့လည်း ကိုယ်မုသား မဆိုပါဘူး။ တစ်နေ့ မှာ မင်းချန်ထားခဲ့လေမလားလို့ ဒီရင်ထဲတွေးပူရင်း စိုးရိမ်မှုလေပြင်းတွေတိုက်ခတ်ခံနေရတဲ့ ကိုယ် အချစ်မိုးတွေ မင်းအတွက် မစဲပဲ တသဲသဲ ရွာသွန်းနေတယ်လို့ လည်း အပိုတွေမပြောခဲ့တာ တကယ်ပါ။ အချစ် လေပြင်းအောက် ကိုယ့်ကိုယ်ကို ပြန်တည့်မတ်လို့မရအောင် ပြိုလဲကျသွားပြီးတဲ့နောက် ကိုယ့်ဘ၀ကြီးတစ်ခုလုံး အချစ်လှိုင်းအောက် စုန်းစုန်းမြုပ်ခဲ့ပြီ။

လွမ်းနေတယ် ချစ်သူရယ်။ ထိန်ထိန်သာနေတဲ့လမင်းကြီးကိုငေးလို့  အမှာစကားလေးများ ပါးခွင့်ရှိခဲ့ရင် မင်းလေးကို လွမ်းနေရတဲ့ ကိုယ့်ညတွေအကြောင်း လေပြည်လေးက မင်းဆီ ယူဆောင်ပြောပြလိမ့်မယ်။ တကယ်တော့ ကိုယ့်ရင်ခွင်ဟာ မင်းအတွက် ဟင်းလင်းပြင်တစ်ခုပေါ့။ မင်းဝမ်းနည်းတဲ့အချိန် ခိုနား ငိုရှိုက်ဖို့ကောင်းတဲ့ နေရာလေးတစ်ခု ။ မင်းပျော်နေတဲ့အချိန် ခပ်ဝေးဝေးကပဲ တိတ်ဆိတ်စွာ ငေးမောကြည်နူးပေးနေမယ့် အလွမ်းသစ်ပင်လေးတစ်ပင်၊ မင်းဘဝအမောတွေထဲ ပူလောင်မှုတွေကြုံရတဲ့အခါ အေးမြစေမဲ့ ရေစင်လေးတစ်ခုလို ဖြည့်စွမ်းပေးချင်ခဲ့တာ။


တစ်ခါတစ်ခါ လေပြည်အေးတွေ တိုက်ခတ်နေချိန် သူ နွေးနွေးထွေးထွေးမှ ရှိပါ့မလားလို့ တွေးမိတယ်။ သူ့ဆံနွယ်တွေ လေမှာလွင့်နေရင် စည်းနှောင်ဖို့ ပေးထားဖူးတဲ့ အပြာရောင် ဖဲကလစ်လေးလည်း အခုတော့ ချောင်တစ်ချောင်မှာများ ရောက်နေမလား ။ ဆုတောင်းတိုင်းသာပြည့်ခဲ့ရင် မင်းရဲ့ဆံနွယ်လေးတွေ နောက်တစ်ကြိမ်လောက်တော့ နမ်းရှိုက်ခွင့်ရချင်တယ် ချစ်သူရယ်။ မဖြစ်နိုင်ဘူးဆိုတာတွေ သိပ်များတဲ့ လောကကြီးမှာ တစ်ခါလောက်ဆုတောင်းပြည့်ဖို့ ကိုယ်ကြိုးစားခွင့်လေးတော့ ရ ပါရစေ။

အချစ်အတွက် ပြတ်သားတဲ့ မင်းနဲ့ အချစ်အောက်မှာ ဒူးထောက်ရဲတဲ့ကိုယ် ဒီပြိုင်ပွဲမှာ ဘယ်သူ အနိုင်ရမှာပါလိမ့် ။ ကိုယ်ကတော့ မင်းကို အရှုံးပေးချင်တယ်။ အချစ်ဆိုတာ ရယူခြင်းတွေ စွန့်လွှတ်အနစ်နာခံခြင်းတွေလို့ စကားလုံးကြီးကြီးကျယ်ကျယ်တွေလည်း ရွတ်ပြမနေတော့ပါဘူးလေ။ မင်းလေးပျော်မယ်ဆို ကိုယ်ဘာကို ဖြည့်ဆည်းပေးရပါစေ နောက်မတွန့် ခဲ့သူပါ။ "သူ ကိုယ့်ကို မုန်းသွားပြီလား" "မေ့သွားပြီလား" “ကို့ နှုတ်ခမ်းတွေ သိပ်ရင်ခုန်ဖို့ကောင်းတာပဲ” လို့ ပြောခဲ့ဖူးသူလေးက ခုနေများ အမှတ်တမဲ့ဆုံရင် ပြုံးပြနှုတ်ဆက်ဖော်တောင်မရတော့တာ ကိုယ်ဘယ်လိုကောက်ချက်ချ ဖြေသိမ့်ရတော့မှာပါလိမ့် ။


ခံစားနေရတာတွေ အန်ချလိုက်တဲ့အခါ ရင်ဘတ်ကြီးထဲက စူးအောင့်တတ်လွန်းလို့ ဘာခံစားချက်မှ ထွက်မလာနိုင်တော့ဘူးဆိုတာ မင်းသိရဲ့လား ။ ကိုယ့်ဘယ်ဘက်ရင်အုံအောက်က အထိမခံနိုင်တော့တဲ့အရာလေး ကြေမွနေတာတောင်မှ လေတိုးသံတွေကြားမှာ မင်း အသံလေးတွေ ကိုယ်ကြားယောင်နေမိတယ် ။ သိပ်လှပတဲ့ မိုးသားတိမ်လိပ်တွေထဲမှာ မင်းပုံရိပ်တွေ ကိုယ်အရူးအမူး လိုက်ရှာနေမိတယ်။ တကယ်ဆို နှုတ်ဆက်စကားလေးတော့ ပြောခဲ့သင့်တာပေါ့လေ။ ဒါမှမဟုတ် နှုတ်ဆက်အပြုံးလေးတစ်ပွင့်လောက်ဖြစ်ဖြစ် ချွေချခဲ့ရင် ကိုယ်တသသထုတ်ကြည့်ဖို့  သိမ်းထားခွင့်လေးတော့ ရှိအုံးမှာပဲ။ အချစ်က ဆူးရှိတဲ့ ပန်းကလေးဆိုရင် အဲ့ဒီပန်းကလေးကို မင်း ခဏခဏ ဆော့ကစားနေတာ ကိုယ်မလိုလားခဲ့ပေမဲ့ မမျှော်လင့်တဲ့ တစ်နေ့နေ့ မင်းအချစ်ဆူးလေး စူးမိတဲ့အချိန်ကျ အချစ်အဆိပ်လေး ဖြေဖျောက်ခွင့်ရတဲ့သူ ကိုယ်ဖြစ်ပါရစေလို့ ပဲ ဆုတောင်းနေမိတော့တယ်။ ။



Wednesday, May 18, 2011

ထိုင်းနိုင်ငံနေ အလွဲများ

ဒီပို့စ်ကို ခေါင်းစဉ်ဘယ်လိုပေးရမလဲ ထိုင်းနိုင်ငံရောက် အလွဲများဆိုရင် ကိုယ်က ချစ်သူနဲ့ ပျားရည်စမ်း ခရီးထွက်သလိုမျိုး အလည်လာတဲ့အချိန် လွဲခဲ့တဲ့ အလွဲတွေအကြောင်းလိုဖြစ်နေမယ် အခုလက်ရှိကိုယ်ကလည်း ဒီမှာပဲနေနေတာဆိုတော့ ထိုင်းနိုင်းငံနေ အလွဲများပေါ့ နောက်လည်း လွဲနေအုံးမှာမို့ပါ ။

ထိုင်းကိုရောက်တာ ၂၀၀၆ မိုးတွင်းကြီး ဒီလိုမျိုးလည်း ထွက်လာပြီး အလုပ်လုပ်ရမယ်လည်းတစ်ခါမှမတွေးခဲ့ဖူးဘူး အလုပ်လာမထွက်လုပ်ခင် အစ်ကိုတွေဆီကို အလည်တစ်ခေါက်ရောက်ဖူးတုန်းက လုပ်ရကိုင်ရတာတွေတွေ့ပြီး တော်တော်စိတ်မကောင်းဖြစ်မိတယ် ဒါကြောင့် ငါတော့ ဒီနိုင်ငံမှာ ဘယ်တော့မှ လာမလုပ်ဘူးပေါ့ စကားလုံးကြီးကြီးကျယ်ကျယ်တွေ ကြွေးကြော်မိတာ ။ ဒါပေမယ့် အကြောင်းကြောင်းသော အကြောင်းတွေကြောင့် ဒီကိုရောက်ခဲ့တယ်ဆိုပါတော့ဗျာ ။

စစချင်း အလုပ်မှာ ဘော့စ်က ဗမာစကား ထမင်းစားရေသောက်တတ်တယ် ။ ကိုယ်ကလည်း အင်္ဂလိပ်စကားကို Yes or No ကောင်းကောင်းပြောတတ်တယ် ။ အဲ့ဒီမှာစတွေ့တာပဲ ဘော်ပင်ယူခိုင်းရင် ခဲတံယူတယ် ရေထပ်ဖြည့်ခိုင်းရင် ရှိနေသေးတဲ့ရေ သွားသွန်ထုတ်တယ် ရောက်စ တစ်ပါတ်လောက်က တော်တော်ကို အပေါက်လမ်းမတည့်တာ ။ ကျနော်ကအတွက် ကောင်းကွက်လို့ပဲပြောရမလား ဗီဇလို့ပဲပြောရမလားတော့မသိ ကံကောင်းတာလေလည်းရှိသေးတယ် အဲ့တာက ကျနော်က မှန်းတုတ် ရမ်းလုပ်ထည့်တာတွေက မှန်မှန်သွားတာပါး)

သူတို့ပြောတာတွေ ကျနော်ကောင်းကောင်းမသိပါဘူး အနေထားကြည့်ပြီး ဒါပဲဖြစ်မယ်ဆိုပြီး လုပ်လိုက်တာတွေကြီးပဲ အဲ့တာတွေက အဆင်ပြေနေတာပေါ့ ။ အလုပ်စစတုန်းက အလုပ်မှာ ဗမာစကားတတ်တဲ့ ထိုင်းမလေးတစ်ယောက်ရှိတယ် ဘော့စ်က အလုပ်ပေးရင် သူက ကိုယ့်ကို တဆင့်ပြန်ခိုင်းတာပေါ့ သူခိုင်းတာပဲကိုယ်လုပ်နေတော့ ထိုင်းစကားက သိပ်မပြောဖြစ်တော့ဘူး ရှက်တာလည်းပါတယ် ။ ပြီးတော့ သူတို့စကားက ချွဲပစ်နေတော့ အူထဲအသည်းထဲက ယားကျိကျိနဲ့ မပြောချင်တာနဲ့မပြောဖြစ်ဖူး ။သူတို့အသံက လျှာဖျားနဲ့ပြောတဲ့အသံ ကိုယ်တွေက မြန်မာပြည်အောက်ပိုင်းလာတဲ့ အတုံးလိုက်အတစ်လိုက်ပြောတတ်တဲ့သူ ။ ခပ် နဲ့ ခါ က အသံကသိပ်မကွာဘူးလေနော့် အဲ့တော့ ကိုယ်လည်းသူတို့ ခေါ်တဲ့ အခါ ကိုယ်လည်းမောနေရင် လေသံလေးနဲ့ ခပ်လို့ ထူးလိုက်တာပဲ အဲ့ ခပ် က ခပ်မဖြစ်ပဲ ခါ ဖြစ်ဖြစ်သွားတော့ ကိုယ်က အလိုလိုနေရင်း ဘ၀ပြောင်းသွားတာပေါ့ သူတို့တွေက ရယ်ကြပါလေကော အဲ့တော့ ရှက်ပြီး ပိုမပြောဖြစ်တော့ဘူး။

၃ လလောက်နေတော့ ဗမာစကားတတ်တဲ့ထိုင်းလေးက အလုပ်ထွက်သွားတော့ ကျန်တဲ့ထိုင်းတွေကလည်း ဗမာလို တစ်လုံးမှမတက် ကိုယ်နဲ့ဖိုက်ပြီပေါ့ သူတို့လည်းပြောချင်တာပြော ကိုယ်လည်းလုပ်ချင်တာတွေလုပ် ။ နောက်တော့ စဉ်းစားတယ် သူတို့ဆီမှာ အလုပ်လုပ်မယ်ဆိုရင်တော့ စကားမတက်ရင် ဘယ်ထိရောက်ပါ့မလဲပေါ့ အိမ်မှာက ထိုင်းစကားတတ်တဲ့သူတွေကြီးပါပဲ အိမ်အလုပ်လုပ်တဲ့ အစ်မကြီးတွေ ထမင်းချက်တဲ့ အစ်မကြီးတွေ သူတို့ကို ကျနော်မေးတယ် ။ ဒီနေရာမှာ အလွဲလေးတစ်ခုက စပြန်ကော အစ်မတစ်ယောက်မှာထားတယ် “ မောင်လေး သိသိ မသိသိ ခပ်သာခပ်ထည့် သူတို့ဆီမှာ အဲ့လိုလေးပြောတာ ယဉ်ကျေးတယ် ” တဲ့ ချပြီပေါ့ ခေါင်းရင်းဆိုင်မှာ ဈေးဝယ်တော့ ဈေးဆိုင်က အဖွားကြီး ဘာပြောပြော ကျနော် က ခပ်ထည့်တာပဲ ။ သူမေးတာက ငါ့ဆိုင်မှာ ဈေးဝယ်ပြီး ပိုက်ဆံပေးဖို့မေ့သွားတဲ့သူ နင်တို့အိမ်ထဲဝင်သွားလား ” တဲ့ အဲ့တာ ကျနော်က ခပ်ထည့်လိုက်တော့ သူက ကျနော့်ကို ဆိုင်ကယ်နဲ့ အိမ်ကိုပြန်လိုက်ပို့တယ် ငါ ခပ်ထည့်လိုက်တာ တယ်ဟုတ်ပါလားပေါ့ ဘယ်ဟုတ်မလဲ သူက အိမ်က အလုပ်သမာတွေထဲ ပိုက်ဆံပေးဖို့ မေ့ခဲ့သူ လိုက်ရှာတာ အားပါးပါး ရှင်းလိုက်ရတာ ဘော့စ် လာရှင်းပေးမှပဲပြီးတော့တယ် အဲ့ထဲက နောက်ပိုင်း ကျနော် သိပ် မခပ်ရဲတော့ဘူး။

တစ်ခါက ကိုယ်က အိမ်မှာပဲနေတာဆိုတော့ ဆန်းဒေးလို ပိတ်ရက်လည်း အလုပ်ဆင်းလုပ်ချင်လုပ်တယ် အပြင်လည်းမထွက်ရဲ နောက်တော့ ပုလိပ် (ထိုင်းရဲ) ဆိုတာ ကိုယ့်စိတ်ထဲ သူရဲတွေလိုကြောက်ဖို့ကောင်းတယ် ဗမာမြင်တာနဲ့ လိုက်ဖမ်းတယ်ပေါ့ ။ ပုလိပ် ၂ ယောက် အိမ်ရှေ့ကဆိုင်ကယ်နဲ့ဖြတ်သွားတာတွေ့တော့ မြင်ဖူးအောင်ထွက်ကြည့်တော သူတို့ကကိုယ့်ဆီပြန်လှည့်လာပါလေကော ကျနော့်မှာ အိမ်ပေါ်ပြေးတတ်လိုက်ရတာ အမော ဘယ်ဟုတ်မလဲ သူတို့က အိမ်ရှေ့က စာတိုက်မှာ လမ်းကြောင်းစစ်ပြီးကြောင်း လက်မှတ်လာထိုးတာပဲ ဟူး ပြေးလိုက်ရတာ မောချက်

ဆံပင်ညှပ်တော့တစ်ခါ ဆံပင်ညှပ်တာဈေးကြီးတော့ သိပ်မညှပ်ဖြစ်ပါဘူး ဒါမယ့် ဟိုဘက်ကမ်း(မြ၀တီ)လည်းမကူးဖြစ် ဆံပင်ကလည်းရှည်နေတော့ ဒီနားကဆိုင်မှာပဲညှပ်ဖြစ်တယ် ။ တကယ်တော့ ကျနော်ပြောလိုက်တာ ပါးပါး ( ဘန်ဘန်) လို့ပြောလိုက်တာပါ အဲ့တာ စကားမတတ်တုန်းက တိုတို(ဆန့်ဆန့်) လို့ပြောလိုက်မိတယ် ကိုယ်ထင်တာ ပါးရုံပဲပေါ့ ပန်ကာလေးတွေကအေးအေး ဆံပင်ညှပ်ပေးတဲ့ ထိုင်းအစ်မကြီးရဲ့ ကိုယ်သင်းနံ့လေးကလည်း မွှေးမွှေး သီချင်းလေးကလည်းဖွင့်ထားပေးသေး ကိုယ်ကြိုက်တဲ့ my love ဆိုတဲ့သီချင်း ဇီမ်ပဲ ခဏလေး မှေးခနဲဖြစ်သွားတာ မျက်လုံးပြန်ဖွင့်ကြည့်တော့ မျက်နှာပြောင်နဲ့ ခပ်ပိန်ပိန်ကောင် ကိုယ့်ကိုစိုက်ကြည့်နေတယ် ဒီကောင် ဒီနေ့ဝတ်လာတာ ငါ့အကျီင်္နဲ့တူလိုက်တာပေါ့ နောက်တော့ ဘယ်ဟုတ်မလဲ ကိုယ်ကိုယ်တိုင်ဖြစ်နေတယ် သေတာပဲဗျား( သူ ညှပ်ပေးလိုက်တာ ဗမာပြည်မှာဆို ဗိုလ်ကေ ထိုင်းမှာဆို ကျောင်းသားကေ ပေါ့ စာကလေးခေါင်းလို ပြောင်ကပ်နေတာပဲ စိတ်တွေကို ညစ်သွားတာပဲ ရုံးရောက်တော့ ရုံးက အစ်တွေက ရယ်လိုက်တာဆိုတာ ပြောမနေပါနဲ့တော့

စားစရာစားတော့လည်း အဲ့တိုင်းပဲ ကိုယ်သိတာ ကွတ်တီယို တစ်မျိုးပဲ ခေါ်တတ်တာကိုး စားစရာတွေ သိပ်ပေါတဲ့ ထိုင်းမှာ ၃ လလောက် ကွတ်တီယိုတစ်မျိုးပဲ စားရတဲ့ ဒုက်ခ က သိပ်တော့မသေးလှဘူးပဲ ။ပြီးတော့ ပိုက်ဆံ အခေါ်အဝေါ် ကျနော်က ထိုင်းဂဏန်းကို ရောက်တည်းက အလွတ်ကျက်ထားပါတယ် ။ ဆယ် ဆိုရင် ဘယ်လို ရာဂဏန်းဆိုရင် ဘယ်လို ပြီးရင် အနောက်က အရေအတွက်လိုက်ထပ်ဖြည့်ပြီး ခေါ်ထည့်လိုက် အဆင်ပြေမယ်ပေါ့ အဲ့မှာ လွဲတာက ၂၀ နဲ့ပက်သက်တာတွေ ၃၀ ဆို ဆန်ဆစ် ၄၀ ဆို ဆီဆစ် ၊ ၂၀ ဆိုတော့ ဆုန်ဆစ် ပေါ့ မဟုတ်ဘူးဗျာ ကျနော်တို့ ဗမာမှာ အဆိတ် တို့ ခွဲတို့ ခေါ်သလို ၂၀ နဲ့ ပက်သက်တာကျ ရစ်ဆစ် ဖြစ်သွားပြန်ကော ရှုပ်နေတာပဲး( ဈေးဆိုင်သွားပြီး ထိုင်းစကားသိပ်မတတ်သေးတဲ့ ကရင် အစ်မနဲ့တူတူသွားတယ် လက်သည်းညှပ်မေးတော့ သူက ၂၅ ဘတ်လို့ပြောလိုက်တာကို ကျနော်က မသိတော့ အဲ့အစ်မက လူလည်ကြီးလုပ်ပြီး ၅၀တောင် မယူနဲ့ ” တဲ့ အိမ်ရောက်မှ ပြန်မေးတော့ ၂၅ ဘတ်တည်း သူကလည်း ငါလည်းမသိဘူး ရမ်းတုတ်တာတဲ့ ဟဟား ။

စကားတတ်ချင်တော့ ရှက်နေလို့မရဘူး ပြောထည့်တာပဲ အရှေ့တွေရောက် အနောက်တွေရောက် အသံထွက်ကမပီ သူတို့လည်းပြင်ပေးပါတယ် အိမ်က အစ်မတွေကိုလည်းမေးတယ် ။ နောက်တော့ ကျနော် ထိုင်းဇတ်လမ်းတွဲတွေကြည့်တယ် အငယ်တုန်းကလည်း စာတမ်းထိုးဇတ်ကားတွေ မထွက်သေးတုန်းက တရုတ်ကားတွေ နိုင်ငံခြားကားတွေ ဒီတိုင်းပဲ စိတ်မှန်းနဲ့ကြည့်ခဲ့ကြတာပဲ အခုလည်း အဲ့တိုင်းပဲ ကိုယ့်ပါသာကြည့် ကိုယ့်ပါသာ နားလည်း ဟုတ်လား မဟုတ်လားလည်းမသိ မင်းသားက မင်းသမီးကို အကြင်နာမျက်ဝန်းဝန်းတွေနဲ့ ကြည့်ပြီး ပြောလိုက်ရင်တော့ ဟုတ်ဟုတ် မဟုတ်ဟုတ် ချစ်တယ်လို့ပြောတာပဲဖြစ်ရမယ် ကောက်ချက်ချပစ်လိုက်တယ် ။

၆ လလောက်နေတော့ ကျနော် စကားတော်တော်ပြောတတ်နေပြီ ။ မဲဆောက်က ထိုင်းတွေက မြောက်ပိုင်းသားတွေဆိုတော့ စကားကို သူတို့ပါသာထွင်ပြီးပြောတဲ့ နယ်စကားမျိုးတွေလည်းရှိသေးတယ် အရင်ကတော့ကြားရ အရမ်းနားဆိုးတာ အခုတော့အဆင်ပြေသွားပြီး ကိုယ်လည်း တစ်ခါခါ အဲ့လိုလိုက်ပြောဖြစ်တယ် ။ ခုထိလည်း ပီသလားဆိုတော့ မပီသေးပါဘူး သင်နေတုန်း စကားတွေ အများကြီး ရှိသေးတယ် ။အသံထွက် ခပ်ဆင်ဆင်တွေလည်း လွဲနေတုန်း အလုပ်က သူတွေလည်းပြင်ပေးတုန်း ။ကိုယ်နဲ့ အမြဲပြောနေကျ သူတွေက ကိုယ်ဘာပြောပြော နားလည်တတ်ကြပေမယ့် ဧည့်သည်တွေကျ သိပ်မသိပြန်ဘူး အဲ့တာကြောင့် ကျနော် အပြင်လူနဲ့ ထိုင်းစကားပြောတာနည်းတယ် စားသောက်ဆိုင်တွေရောက်ဖြစ်လလည်း လိုချင်တာပဲ လက်ညှိုးထိုးမှာလိုက်တယ် မပြောနေတော့ဘူး ။ ထိုင်းအသိတွေနဲ့ သွားစားကြတဲ့ အခါလည်း သူတို့ပြောတာတွေ အကုန်သိပြီး ကိုယ်ဝင်မပြောဖြစ်ဘူး

အခု ထိုင်းစာသွားသင်ပြီးမှ စကားအသံထွက် နည်းနည်းပိုသိလာသလိုပဲ ဒါပေမယ့်လည်း လွဲတုန်းပါပဲး) တကယ်တော့ ကိုယ့်ပြည် ကိုယ့်မြေက ကိုယ့်မိခင် ဘာသာစကားပြောသလောက်တော့ ပါစပ်ထဲ အရသာ သိပ်မတွေ့လှဘူးး ဒါပေမယ့်လည်း ဧည့်သည်လာရင် လက်အုပ်ကလေးချီလို့ “ဆော်ဝါဒီခပ် ” လုပ်နေရတုန်းပေါ့ နေ့တိုင်းတော့ ခပ်နေတာပဲ ရွှေပြည်ကြီးပြန်တဲ့ အခါကျ ဘယ်လောက်ပါမလဲမသိး) ပလိုင်းပေါက်နဲ့ ဖါးကေါက်သလို အိမ်ပြန်လည်း ဟောင်းလောင်းကြီးပေါ့ ။ Everybody ခတ်ပွန်းခပ် :P





Saturday, May 14, 2011

အရှုံး

ရှုံးဖူးတယ် ဘ၀မှာ တော်တော်များများရှုံးဖူးတယ် ။ အရှုံးသမားတွေကိုလည်း မြင်ဖူးပါတယ် ။ ဘာကြောင့်ရှုံးရတာလည်း ဘာကြောင့်လဲကျသွားမတတ် အရှုံးက အင်အားပြင်းရတာလည်း စကားလုံးလေးကတော့ ရိုးရိုးတိုတိုလေ ဒါပေမယ့် သိပ်ကိုပြင်းအားကြီးတာပေါ့ ကိုယ်ထဲက ရှိတဲ့ အတွင်းအားတွေ မှန်သမျှကို စုပ်ယူသွားသလိုပဲ။ဘ၀အတွက် အရှုံး အချစ်အတွက် အရှုံး ။ အရှုံးတွေကတော့ အမျိုးအမည်များစွာနဲ့ ဒီထဲမှာ ကျနော်စိတ်ဝင်စားတာက အရှုံးသမားတစ်ယောက်ရဲ့ တဒင်္ဂခံစားချက်လေး အရှုံးဆိုတာကို သူသိလိုက်တဲ့ အချိန်မှာ ဖြစ်ပျက်ပြောင်းလဲသွားတဲ့ သူ့ရဲ့ အနေထားလေးကို သိပ်စိတ်ဝင်စားတာပါ ။

ရုပ်ရှင်ဇတ်ကားတစ်ကားကိုကြည့်လာပြီ သိပ်ဆိုးတဲ့ဇတ်ကွက်က သရုပ်ဆောင်သွားတဲ့သူတွေ သူတို့အနိုင်ကျင့်တာတွေ ယုတ်မာတာတွေ ကြည့်ပြီး ဒေါသတွေဖြစ် မုဒိတာတွေပွားလို့ သူ့ကို အမုန်းကြီးမုန်းမိတာပေါ့ ဒါပေမယ့် ဇတ်သိမ်းပိုင်း သူမရှု့မလှ ကျဆုံးသွားတဲ့ အခန်းဆိုရင်တော့ ကိုယ့်ဘေးနားကြည့်တဲ့သူတွေက အားတွေရလို့ “ ကောင်းတယ် ၊ နည်းတောင် နည်းသေးတယ်” လို့ အားရသံတွေပြောနေတာကြားရပေမယ့် တလျှောက်လုံး သူ့ကို မုန်းလာတဲ့ ကိုယ် ချက်ချင်း သူ့ကို သနားသွားမိတယ် သူ့ဘ၀တစ်လျှောက်လုံး အနိုင်ရလာပြီးမှာ အရှုံးဆိုတာကို ခံလိုက်ရတဲ့အချိန် ဖြစ်ပျက်သွားတဲ့ သူ့မျက်နှာပေါ်က အရိပ်တွေက သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ် ။

ကျနော် က တင်းနစ်ပွဲတွေ မကြာမကြာ ကြည့်ဖြစ်ပါတယ် ကိုယ်လွတ်သွားတဲ့ ပွဲစဉ်တွေဆိုရင်တော့ အင်တာနက်မှာ ရှာပြီး ပြန်ကြည့်ဖြစ်တယ် ။ ကျနော့်ရဲ့ ဖေးဘရိတ် ကစားသမားကြီး ဖက်ဒါရာ သူ့ရဲ့ ပြိုင်ဘက်ကစားသမားတိုင်းကို ကိုယ်ကသိပ်မကြိုက်တတ်ပါ ပွဲကစားနေတုန်း သူ့ကို တဖက်သတ် အားပေးနေပေမယ့် အမှတ်တွေက အပြတ်သတ်ကျောနေပြန်ရင်လည်း တဖက်ကစားသမားကိုပဲ ကိုယ့်စိတ်က နိုင်စေချင်သလိုလို ။ ဘောလုံးပွဲကြည့်တိုင်းလည်း ဒီလိုပါပဲ ကိုယ်အားပေးတဲ့ အသင်းနိုင်သွားလို့ ကွင်းထဲမှာ ပျော်မြူးနေတာကို ကိုယ်ပါ လိုက်ပျော်ရွှင်ဖို့ထပ် အရှုံးကို ရင်မဆိုင်နိုင်ပဲ ကွင်ထဲမှာ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ ပြိုက်ဘက်အသင်းက ကစားသမားတွေက ကြည့်ပြီး စိတ်မကောင်းဖြစ်မိပြန်ပါကော ။


အိမ်မှာ တူလေး ၂ယောက်ရှိတယ် အကြီးကောင်က အနေတည်ပြီး သူ့ညီလေးနဲ့ သိပ်မရောပါဘူး ။ ကျနော်ကတော့ တူအငယ်လေးကို ပိုချစ်တော့ အလိုလိုက်ဖြစ်တယ် အဲ့တော့ သူက ကိုယ့်ကိုဆို သိပ်မကြောက်ဘူး ။ ညီအစ်ကို ၂ ယောက် ၂ နှစ်ပဲကွာပေမယ့် သူက သူ့အစ်ကို ကို ကိုယ့်ထပ်တောင်ပိုကြောက်သေးတယ် ။ တစ်ခုခု ပြောမရဆိုမရ ဆိုရင် အဖေ အမေကလည်း မရိုက်ချင် ကိုယ်ကလည်းပိုဆိုး အဲ့အခါကျ သူ့ အစ်ကို အိမ်မှာ လူကြီးကြီး လုပ်လို့ “ ဟရောင်..မင်း ယူမှာလား မယူဘူးလား ငါပစ်ထုတ်လိုက်ရမလား မင်းတော့ နာတော့မယ် ငါပိတ်ထိုးလိုက်ရရင်တော့ကွာ ” အကြီးကောင်က စိတ်ကလည်းထက် လက်ကလည်းမြန်တော့ ထိမှာ စိုးရတယ် ။ ကိုယ်တွေကိုသာမကြောက်တယ် အငယ်လေးက သူ့အစ်ကိုကိုတော့ တော်တော်လန့်နေပြီ မျက်ရည်တွေ တပေါက်ပေါက်ကျလို့ သူမနိုင်တော့မှန်းသိလို့ အရှုံးပေးလိုက် အလျှော့ပေးလိုက်တဲ့ သူ့မျက်နှာလေးက သိပ်သနားဖို့ကောင်းပါတယ်။အဲ့တော့ ကိုယ်က အဖိုးကြီးလို ရှေ့က ကားစီးကားစီးပေါ့ “ အောင်မာ...ငါ့တူကိုများ ခြိမ်းလားခြောက်လားနဲ့ အဖေကျနေတာပဲ ငါလုပ်ထည့်လိုက်ရ သွား...ငါ့ပါသာရအောင်ချော့မယ် မင်းမပါနဲ့ ” ။ တူအကြီးကောင်ကတော့ ကိုယ့်ကိုမှတ်ချက်ချသွားတာ “အဲ့တာကြောင့် သူ့ကိုမကြောက်တာ” တဲ့ ။ မကြောက်ရင်နေပါစေ ။ အရှုံးပေးစရှိတဲ့ အရှုံးရဲ့ အရသာကို ခံစားဖူးတဲ့ သူတစ်ယောက်က ကိုယ့်အနီးနားက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အရှုံးရဲ့ ဒဏ်ကို မခံစားစေချင်ပါဘူး ။

လူငယ်ဘ၀မှာတုန်းက မျှော်လင့်ခြင်းအိပ်မက်တွေ ဆုံးရှုံးခဲ့လို့ ယိုင်နဲ့နဲ့လေး ဘ၀ကိုစိတ်ပျက်ဖူးတယ်။ ဆယ်ကျော်သက်မှာ ဘ၀ရဲ့ အထုထောင်းမျိုးစုံကိုခံရင်း ခပ်ကြမ်းကြမ်း အရှုံးတွေကို ရင်ဝယ်ပိုက်လို့ ထုလေမာလေ ငါဖယ်လေးဖြစ်အောင်လည်း ကြိုးစားခဲ့တာပဲ ။ ၂၀ကျော်သက်မှာ နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံလိုက်ရတဲ့ အချစ်အတွက် အရှုံးမှာတော့ နောက်ထပ်ကွဲစရာအသည်းမရှိတော့အောင်လည်း ရှုံးခဲ့ပြီး ။ လိုလိုလားလားနဲ့ အရှုံးပေးခဲ့တဲ့ အရှုံးတွေ ရှိခဲ့သလို ကိုယ်မသိလိုက်တဲ့ ရှု့ထောင့်ကနေ ရုတ်တရုတ် ပေါက်ချလာတဲ့ အရှုံးတွေလည်း ကြုံဖူးလိုက်တာပဲ ။ဘာပဲဖြစ်ဖြစ် အရှုံးနဲ့အတူ ကိုယ့်အတွက် သင်ခန်းစာတွေကို သူက ယူဆောင်ပေးခဲ့မြဲပါ ။ ဘ၀ဆိုတဲ့ လမ်းကို ကိုယ်လျှောက်နင်းနေသရွေ့တော့ အရှုံးကို ကိုယ် ခဏခဏ ခလုတ်တိုက်နေမိအုံးမှာပါပဲ ။




Tuesday, May 10, 2011

ရိုးရာနတ်

မြို့ကြီးပြကြီးတွေမှာတော့ ဒီဓလေ့က သိပ်ရှိမယ်မထင်ပါဘူး ကျနော်တို့ နယ်ဘက်တွေမှာတော့ ဒါမျိုးတွေ ရှိပါတယ် ။ ရိုးရာနတ်ကို ဘိုစဉ်ဘောင်ဆက် ကိုးကွယ်လာကြတာမျိုး ။ အဘ က ကရင်ဆိုတော့ မိသားစုမှာ သားအကြီးဆုံးဖြစ်တဲ့ အဘ က ရိုးရာနတ်ကို အမွေဆက်ခံကိုးကွယ်ရတယ် ။ ဒါပေမယ့် အဘက နည်းနည်းအေးတော့ သိပ်မသိပါဘူး ဘာတွေဘယ်လိုလုပ်ရတယ် ရက်တွေ ဘာတွေ အတိကျ မသိတော့ အိမ်မှာ အမေက ယောက်ခမတွေ မဆုံးခင် သေသေချာချာလေး မေးမြန်းထားပြီး ကိုးကွယ်ဖြစ်တယ် ။ ကျနော်က ဘာ ကရင်လည်း မသိပါဘူးး) အဲ့တာတော့ တော်တော် ညံ့တယ် ကရင်ဆိုရင် ကရင်ပဲမှတ်နေတာ စကော ကရင် ပိုးကရင် အများကြီးရှိပါသေးတယ်တဲ့ ။ ဒီတစ်ခါ ရွာပြန်မှ အဘကို သေချာမေးကြည့်ရတော့မယ် ။ကရင်သွေးသာပါတယ် ကရင်လိုလည်း တစ်လုံးမှမတက်ပါဘူး ဒါပေမယ့် အဘအမျိုးတွေရွာသွားရင် အားလုံးက ကရင်တွေကြီးပဲ စကားလေးတွေဝဲတဲတဲနဲ့ ကျနော်တို့ကို သိပ်အလိုလိုက်တာ ။

ကျနော်တို့နယ်မြို့လေးမှာလည်း မွန်ပြည်နယ်ပိုင်ပေမယ့် ကရင်တွေ အများကြီးပါ ။ ရွာက ဘုန်းကြီးကျောင်းမှာ ကရင်နှစ်သစ်ကူးမတိုင်ခင်ဆို ဒုံးယိမ်း အကတွေကကြတာပေါ့ အဲ့တုန်းက ကျနော့် အစ်ကို ၂ယောက်လုံး လူပျိုပေါက်လေးတွေ ၀င်တာနဲ့ ကကြတာ မှတ်မိသေးတယ် သိပ်မြူးတာပဲ သူ့ဆိုင်းသံက ရင်ကို တထိတ်ထိတ်နဲ့ ။ အစ်မတွေကိုတော့ ရည်းစားရမှာ စိုးလို့ အစ်ကိုတွေက ပေးမကပါဘူး အကတိုက်တဲ့ အချိန်က ညဘက်ဆိုတော့ စိတ်မချကြဘူး ။ အစ်ကိုတွေ အကတိုက်တဲ့အခါကျ ကျနော်က ဘေးနားကလေ လုံချည်လေး ခြုံပြီး ထိုင်ကြည့်တာ ဆောင်းတွင်းဆိုတော့ အေးတယ်လေ ။ ဒါပေမယ့် အဲ့ကရင် အကနဲ့ ဒိုးသံကြားရင် လူက ရင်ထဲမှာ နွေးနေတာပဲ ။

ဝါမ၀င်ခင်တော့ အဘ ဘက်ကနတ်ကို ကန်တော့ကြရပါတယ် ။ ကရင်နတ်စားတဲ့အကြောင်းလေး ကိုမြစ်ကျိုးအင်း ဆီမှတ်ဖတ်ဖူးလိုက်သေးတယ် ကျနော်တို့နဲ့တော့ မတူဘူး ။ကျနော်တို့မိသားစုမှာတော့ နတ်ကတော့တာ အကျဉ်းချုံးလေးပါပဲ ပိုက်ဆံမတတ်နိုင်တာလည်းပါတယ် ။ အိမ်မွေးကြက် ၂ကောင် အထီးတစ်ကောင် အမတစ်ကောင် ကို အကောင်လိုက်ပြုတ် ပြုတ်တဲ့ အခါမှာတော့ အဘက အငယ်လေးထဲကမြင်ဖူးခဲ့တာဆိုတော့ သူကိုယ်တိုင်လုပ်ပါတယ် အရင်ဆုံးကြက်ကို ရေနွေးဖျော အမွှေးနှုတ်ပြီးရင် အထဲကအတွင်း ကလီဇာတွေကိုထုတ် ပြီးတော့ ကလီဇာ တွေကို သတ်သတ် သန့်ပြီးပြုတ်ပါတယ် ။ အတွင်းပိုင်းတွေမရှိတော့တဲ့ ကြက်၂ကောင်ကိုတော့ အကောင်လိုက်ပြုတ်ပါတယ် ။ ညနေပိုင်းကျ တိုးတိုးတိတ်တိတ်ပေါ့ ။ ကိုယ့်အိမ်မှာ နတ်ကန်တော့တယ်ဆိုတာ ကိုယ့်မိသားစုနဲ့ အိမ်နီးနားချင်တွေလောက်ပဲ သိတာပါ။ နတ်ကန်တော့ရင်တော့ ဆေးပြင်းလိပ်ကြီးတွေ ၊ အမွှေးရည်နဲ့ သပြေခက်ဖျန်း ပြီးတော့ ငပိထောင်း တို့စရာ အစုံအလင် တောအရက် တစ်ပုလင်းနဲ့ အဲ့လောက်ပါပဲ ။

အတွင်းခန်းလေးထဲမှာ ပူဇော်ထားတဲ့ ဖယောင်းတိုင်မီးလေးနဲ့ အဘနဲ့ အမေက အရှေ့ဆုံး ပြီးတော့ ညီကိုမောင်နှမတွေ အားလုံး ကြီးစဉ်ငယ်လိုက်တန်းစီ ပြီးထိုင်ကြတယ် ။ လင်ပန်းအကြီးကြီးထဲ ထမင်းတွေထည့် ငပိထောင်း တို့စရာတွေထည့် ပြီးတော့ ကြက်၂ ကောင်ကို ဘေးတစ်ဖက်တစ်ချက်မှာထား အဲ့ဘန်းကြီးကို ကိုင်မြှောက်ပြီး အဘက ကရင်လိုဆုတောင်းပါတယ် ပြီးတော့ အမေ့အလှည့် အမေကတော့ စကားလည်းကြွယ် ဗမာလိုပဲ ဆိုတော့ အမေ့ရဲ့ ဆုတောင်းစကားလေးက ကောင်းမှကောင်း “ ကဲ...ဖထီးတို့ အမိုးတို့ရေ့ သားတော် သမီးတော်တွေ တင်မြှောက်တဲ့နေ၇ာမှာ လိုအပ်သည်များရှိသော် ဗွေမယူပါနှင့် သမီးတော်တို့ရဲ့ စီးပွားရေး ကျန်းမာရေး သားမီတွေကိုလည်း စောင့်ရှောက်တော်မူပါ ဖထီးတို့ အမိုးတို့ကို အပ်ပါတယ် ” အမေ့ရဲ့ ဆုတောင်း တိုင်တည်သံပါ ။အဲ့လင်ပန်းကြီးကိုလည်း ပျော်တယ် ကျေနပ်တယ်ဆိုရင် ကြွပါ အဓိဌာန် လုပ်ပြီးလည်း တစ်ယောက် တစ်လှည့်မကြပါတယ် ။

တောအရက်တစ်ခွက် ကိုလည်း မိသားစုဝင်တိုင်း တစ်ယောက်တစ်ခွက် သောက်ကြရတယ် ။ ပြီးရင် အိမ်ထောင်ဦးစီး အဘက မိသားစုဝင်တွေကို လင်ပန်းထဲက မြှောက်ထားတဲ့ထဲက တစ်ယောက်တစ်လုတ် ခွံကျွေး ကျနော့် အလှည့် ရောက်ခါနီးကျ အဘနားတိုးသွားပြီး တိုးတိုးလေး “ အဘ သားကို အသည်းခွံ့ အသည်းနော် ” နတ်ကန်တော့တဲ့ အခါကျ အသံတွေတိတ်ဆိတ် စကားလည်းမများရတော့ အစ်ကိုကြီးကလည်း ကျနော့်ကိုမဆူတော့ပါဘူး ။ သိပ်ချစ်ဖို့ကောင်းတဲ့ အဘကလည်း ကျနော်ကျေနပ်အောင် အသည်းတုံးကြီးခွံ့ကျွေးတာပေါ့ ကောင်းချက်ဗျား) ။

အားလုံးနတ်ကန်တော့လို့ ပြီးရင်တော့ အပြင်မှာ ထွက်စားကြတာပေါ့ ဧည့်သည်က နည်းနည်း တစ်ဝိုင်းသပ်သက် ကျနော်တို့မိသားစုက တစ်ဝိုင်း လင်ပန်းကြီး ထဲ နုအိနေအောင်ပြုတ်ထားတဲ့ကြက် အသားတွေနွှာ ကြက်ပြုတ်ရည်ထဲကိုတော့ အမေက ခေါက်ဆွဲတွေထည့်ပြုတ်ထားပေးမယ် ။မောင်နှမတွေ ချစ်ချစ်ခင်ခင်ဖြစ်အောင်တဲ့ ပန်းကန်ခွဲပြီး မစားကြရပါဘူး အဲ့လင်ပန်းကြီးထဲ ဟင်းရည်တွေလောင်းထည့် ငပိထောင်းတွေထည့် ကြက်သားဖက်တွေထည့် တို့စရာတွေထည့်ပြီး တစ်ပန်ကန်ထဲစားကြတာပေါ့ ရေးရင်နဲ့တောင် အပျော်တွေ ကူးပြီး လွမ်းလိုက်တား( ။ အသားဖတ်ကြီးပဲ ရွေးစားတဲ့ ကျနော့်ကို အစ်ကိုတွေ အစ်မတွေက စချင်တော့ ကျနော်က အသားဖတ်လေးထည့်မြှပ်ထားတဲ့ ထမင်းလုတ်လေးစားမလို့လုပ်တုန်း အစ်မ က“ ခလေး ..နင့်ကို အဘ ခေါ်နေတယ် ” အဲ့အချိန် ကိုယ်က လှည့်ကြည့်လိုက်ရင် အစ်ကိုငယ်က ကြက်သားဖတ်လေး ကောက်စားပြီး ငပိထောင်းတွေထည့်မြှုပ်ပစ်လိုက်တာ ငမ်းငမ်းနဲ့ စားထည့်ပစ်လိုက်တာ စပ်လိုက်တာဗျာ ။ဒီလိုညမျိုးမှာ မငိုလည်းမငိုရဲတော့ အမေ့ဆီပြေးလို့ “မျက်ရည်တွေဝဲ နှပ်ရည်တွေထွက်ပြီး “ အမေ့ စပ်တယ် စပ်တယ်ဆို ” ခြေထောက်ဆောင့်လို့ အမေ့ကို ဂျီကျပြီး ။

အစ်ကိုတွေ အစ်မတွေ ကြိတ်ရယ်ရင်တော့ အမေက သိပြီ “ နင်တို့ကလည်း ဒီလိုညမျိုး ခလေးကို မစနဲ့ဆို တော်တော့်ဟာတွေ ” ဂလဲ့စားပြန်ချေတာ သူတို့က အသားဖတ်လေး နွှာလိုက် ကျနော်က တီးလိုက်နဲ့ ဟင်းရည်က ပူပူ ငပိထောင်းက စပ်စပ် တောအရက်လေးတစ်ခွက်ကလည်း မော့ထားတော့ စားကောင်းလိုက်တဲ့ဖြစ်ချင်း ပွဲမသိမ်းခင် ကျနော်ကတော့ အမေ့ပေါင်ပေါ် အင်္ကျီချွတ်ကြီးနဲ့ တိုက်ပွဲကျသွားတဲ့ စစ်သူကြီးလို ခလော ခလော နဲ့ပေါ့း)။

အငယ်တုန်းက လိုတော့ အခုမဟုတ်တော့ပါဘူး အိမ်နဲ့ဝေးတဲ့သူတွေ အသက်တွေကြီးလာတော့ ကျနော်တို့လည်း အဝေးပျံငှက်တွေပေါ့ ၀ါမ၀င်ခင်တိုင်းတော့ အမေက ရိုးရာနတ် ကန်တော့မြဲပါ ရှိတဲ့ အနားက သားသမီးတွေ မြေးတွေနဲ့ပေါ့ ။အဲ့ဒီလင်ပန်းကြီးထဲက ငပိထောင်းတွေ ထည့်နယ်ထားတဲ့ မိသားစု ထမင်းဝိုင်းကြီးကို ကျနော် တစ်ခေါက်လောက်တော့ ပြန်ပြီး မြိန်ရှက်ချင်ပါသေးတယ် ။

Monday, May 9, 2011

ဇောက်ထိုးကြီးဖြစ်နေတယ်


Maung Myo
ကျနော့် ဘလော့ကြီးက ဇောက်ထိုးကြီးဖြစ်နေတယ်း(( ဆိုဒ်ဘားတွေက အောက်ဆုံးရောက်နေတယ် ။banner လည်းမပေါ်ဘူး ။



Nay Yan Thaw ဘယ်ကဇောက်ထိုးလဲ.. ငါတော့အတည့်ပဲမြင်တာပါ...

Si Thu ကိုမျိုး ဒီမှာတော့ ပုံမှန်အတိုင်းပဲနော်...တည့်တည့်ကြည့်..ကင်းမြီးကောက်ထောင်မကြည့်နဲ့ :P

Yan Naing Aung ဘလော့ပိုင်ရှင်နဲ့တူသွားတာပေါ့ :P

Banyar Shein ငါမှာလည်း တည့်တည့်ပဲး)) ငမျိုး ဒါဆိုရင်တော့ ဘလော့ ဇောက်ထိုးဖြစ်တာမဟုတ်တာသေချာတယ် မင်းမျက်လုံးဇောက်ထိုးဖြစ်နေတာပဲ ဖြစ်ရမယ်း))))

Maung Myo
သူများ ဒွတ်ခ ရောက်နေတာကို လိုက်စ် လုပ်တဲ့သူက ရှိသေးတယ်နော် ၊

ပြောင်ပြောင်.... ဟင် အဲ့တာဆို လိုင်းကြောင့်လား ဖြစ်နေတာ ၃ ရက်လောက်ရှိနေပြီဟ ။

စည်သူ... ပေါက်ကရ ကင်းမြီးကောက် မထောင်တတ်ပါဘူးး ။

ရန်နိုင်... မင်းပြောပုံက ငါက ဇောက်ထိုးကြီးပေါ့လေ လဒ

ကိုရှိန်း..... ဟဟား.. ပြောရက်လိုက်ကြတာနော် ။
Ba Tharchaw ဒါလည်း ဟုတ်တာပဲ.. :D

Ba Tharchaw ညက်လုံးကို ပြန်တည့်လိုက်.. ပလာယာ ငှားရမလား.. :D

Banyar Shein ဂွ လိုလည်းရတယ် ညီး)))))

Maung Myo အဲ့လောက် မကြင်နာကြနဲ့လေကွယ် သွပ်ပြားမနေတတ်တော့ဘူး ။

Banyar Shein ဖြုတ်မလား တပ်မလား အိမ်တိုင်ရာရောက် ဖျက်ကနစ်တွေ လွတ်ပေးပါတယ်

Banyar Shein စိတ်ချရပါတယ်ခင်ဗျာ အလွန်ဆုံး မမြင်တော့ရုံလေးပါး)))

Maung Myo ချစ်ကြတာ ချစ်ကြတား))

ကမ္ဘာ့ ဖျာ ဒါဆို ပုံရိပ်အစစ်ပဲး)

Angel Shaper ဒါဆို ပြောင်းပြန် လှန်လိုက်လေ... ဘလော့ကြီးကို ပြောတာ.... :D



ဘလော့က သူငယ်ချင်းတွေကော အဲ့လိုဖြစ်သလားလို့ သူများ ဘလော့တွေတော့ကြည့်ရတာ အရင်တိုင်းပါပဲ ကိုယ့်ဘလော့ကျမှ ဘာဖြစ်မှန်းမသိ ဘလော့ကြီးရွဲ့စောင်းနေတော့ စာရေးရမှာ စိတ်မချမ်းသာဘူး ရွဲရွဲကြီးးး ??

Saturday, May 7, 2011

ကျောင်းတော်

ဘကြီးတို့ငယ်ငယ် ကျောင်းသား ဘ၀တုန်းကပေါ့ကွယ်...( ကွမ်းယာကြီးငုံ ၊ ဆေးပေါ့လိပ်ကြီးဖွာလို့ ) ရုပ်ရှင်ဇတ်လမ်းတွေထဲကလို့ မျက်လုံးတွေက ဝေမှိုင်းမှိုင်း.........အဝေးကိုငေးလို့ ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းကပေါ့..........။

...................................................................................................
ကျောင်းစတတ်တုန်းက ရွာမှာ ကျောင်းမရှိဘူး ကျနော်နေတဲ့ရွာက တော်တော် ခေါင်တယ် လှည်းလမ်းပဲရှိတာ အဲ့ လှည်းလမ်းရဲ့ အလယ် အူတိုင်လေးမှာ လူသွားလမ်းရာလေးတွေဖြစ် တစ်ချို့ကလည်း စက်ဘီးလေးတွေနဲ့ သွားကြတယ် စက်ဘီးတောင်မှ ယောက်ျားစီး မောင်ဗမာ ဘီးတွေမှ ရတာပါ ။ရွာက စစ်တပ်နယ်မြေပိုင်ဆိုတော့ ရွာက ခလေးတွေက စစ်တပ်ကျောင်းမှာ နေကြရတာ ။ ကျနော် သူငယ်တန်းစတက်တော့ အဲ့ဒီကျောင်းမှာပါ အငယ်ဆုံးဆိုတော့ အမေနဲ့ ခွဲရမှာ တအားကြောက်တာ ပျင်းလည်းပျင်းတယ် ။ ကိုယ့်ကို ကျောင်းပို့ခါနီးကျ အစ်ကိုတွေ အစ်မတွေက တအား အလုပ်ရှုပ်တာပါ နိုင်တဲ့သူဆိုရင် ကုတ်ဖဲ့ကန်ကြောက်နေတော့ အစ်ကိုငယ် နဲ့ အစ်မတွေက မနိုင်ပါဘူး ကျောင်းသွားဖို့ရေချိုးရင်လည်း မြို့ကိုသွားမယ်ဆိုပြီ ညာခေါ်မှချိုးလို့ရပါတယ် ။ အဲ့တော့ အိမ်မှာ ကိုယ့်ကိုနိုင်တာဆိုလို့ အစ်ကိုကြီးတစ်ယောက်ပဲရှိတာ ။ ကျောင်းသွားခါနီကျ အစ်မက ကျနော်သိပ်ကြိုက်တဲ့ ဘဲဥလေးကြော်ထည့်ပေးလိုက်တယ် ။ အစ်ကိုကြီးကို ကြောက်လို့သာ ကျောင်းသွားရတယ် တကယ်တော့ လုံးဝ မသွားချင်ပါ ။

စက်ဘီးအနောက်မှာ တရွှတ်ရွှတ်နဲ့ပေါ့ စက်ဘီးလမ်းက ဆိုးလို့ ဖင့်ဆောင့်လည်း မငိုရဲပါဘူး ။ ကျောင်းရောက်လို့ အစ်ကိုကြီးက ပြန်ပြီဆို ကျနော်က အတန်းထဲမှာ အသံပြဲကြီးနဲ့ငိုပါလေးကော ရွာက အဖော်တွေကလည်း အတန်းမတူုတော့ တစ်ယောက်တည်း ကြောင်တောင်တောင် ။ အဲ့လို လူတောမတိုးနဲ့ စိတ်က ခုထိပါ ။ ၀ါးတားတားမှတ်မိနေသေးတယ် ခုနေပြန်စဉ်းစား အားလုံးက ရယ်စရာလေးတွေဖြစ်လို့ ဆရာမကို ရှစ်ခိုးပြီး အိမ်ပြန်ပို့ပေးပဲပြောနေတော့တား) ။ အိမ်ပြန်ရောက်လည်း တငိုငိုနဲ့ အမေက ခြောက်တယ် “ သား..ကျောင်းမတက်ရင် အိမ်က မေထုန်ကြီး ရောင်းရမှာပေါ့ ” တဲ့ ။ ကျနော်တို့ ခြံသမားတွေက လှည်းနွားကို သိပ်တန်ဖိုးထားတာပါ အိမ်မှာ ခိုင်းနွားကြီးတစ်ကောင်ရှိတယ် သိပ်လိမ်မာတာ မေထုန်နွားထီးကြီးပေါ့ အိမ်ရှင်တွေက လွဲပြီး ဧည့်သည်တွေ ကပ်လို့မရပါဘူး ဝှေ့ထုတ်လို့ပါ ။ သိပ်ချစ်တဲ့ မေထုန်ကြီးကိုတောင် ကျောင်းမတက်ချင်တော့ ရောင်းလိုက်ပေါ့လို့ ပြောလိုက်တယ် အမေက သနားသွားပြီး တော်ကြာ ငါ့သားလေး စိတ်တဇ ဖြစ်နေအုံးမယ်ဆိုပြီး ကျနော့်ကို ကျောင်းဆက်မတတ်ခိုင်းတော့ပါဘုး ဒါကြောင့် ၆ နှစ်ပြည့်မှ ကျောင်းစတက်ဖြစ်တယ် ။

မူလတန်း တက်ပြန်တော့လည်း ကျနော်က ဖိနပ် တအားစားပါတယ် ဖိနပ်ကို ၀ါးစားတာမဟုတ်ဘူးနော် ။ ဖိနပ် ခဏခဏ ပျောက်တာပါ ဘယ်မှာ ကျန်ခဲ့မှန်းလည်း မမှတ်မိဘူး ပြီးရင် ဆရာမကိုတိုင်ပြီး သူများဖိနပ်ကို ကိုယ့်ဖိနပ်ဆိုပြီး လိုက်တောင်းတတ်တဲ့ အကျင့်ဆိုးကလည်း ရှိသေးတယ် ။ အထက်တန်းတုန်းက အလွဲလေးတွေလည်းရှိသေးတယ် ကျနော်က စတိုင်လ်ကျကျ ဘယ်တော့မှ မထိုင်တတ်တာပါ စာရေးရင် ဒူးကြီးထောင်ပြီး ရေးတယ် တစ်ခါခါ သတိမေ့ပြီး ဆရာမစာသင်နေလည်း ဒူးကြီးထောင်လို့ သချာင်္ဆရာမ က တအားဟာသပြောတတ်တာပါ သူက စာမေးဖို့ လူရှာတော့ ကိုယ့်ကို မျက်စိကြသွားတယ် “ဟို အနောက်ဆုံးတန်းက ခြင်္သေ့ကြီး ရှေ့ကိုကြွပါ” တဲ့ ကိုယ်မဟုတ်သလို ခပ်တည်တည်နဲ့ နောက်တော့ ဘယ်ဟုတ်မလဲ ကိုယ်က ဒူးကြီးထောင်ထားတာ ခြင်္သေ့ကြီးလိုဖြစ်လို့တဲ့ တစ်တန်းလုံးက ရယ်လိုက်ကြတာ ။

ဆယ်တန်းရောက်တော့ အတန်းထဲမှာ ကျနော်က နည်းနည်းစာတော်တဲ့ ကျောင်းသားထဲပါတယ် ရုပ်ကလေးကလည်း အေးအေးဆေးဆေးလေးမှတ်လား :P အဲ့တော့ အောင်ချက်နည်းတဲ့ နယ်မြို့လေးမှာ တစ်တန်းကို ၁၀ ယောက်လောက် အောင်ဖို့အရေး ဆရာမတွေက အသည်းသန် တွန်းရတဲ့ အချိန် ။ ဆရာမတွေ အားကိုးမှ ကိုယ်က ဘာသာစုံတစ်ခါမှမအောင် အင်္ဂလိပ်စာ အမြဲကျတာပါ ။ကျောင်း ဘုံကထိန်ပွဲတွေ လှည့်တဲ့အခါကျ ဘရုတ်ကျကျတွေ ပါလို့မဖြစ်တော့ အတန်းထဲက လူအေးလေးတွေ ရွေးထုတ် တိုက်ပုံတွေဝတ်ပြီး အတန်းကိုယ်စားပြု တစ်မြို့လုံးပတ်ကြရတာ အစပိုင်းတော့ ပျော်သလိုလိုနဲ့ နောက်ပိုင်းကျ မလျှောက်နိုင်တော့ပါဘူး အင်္ကျီတွေလည်းကျွှတ် ပုဆိုးတွေလည်းတို ဘုန်းကြီးကျောင်းရောက်တော့ အအေးလေးသောက် ပြန်ဖို့လုပ်တော့ ကိုယ့်ဖိနပ်က မရှိတော့ဘူး ဖိနပ်ရာဇ၀င်က ကြီင်္းတဲ့အထိကို မပြီးနိုင် ဘယ်ရမလဲ ငါးမရတော့ ရေချိုးပြန်ပေါ့ တွေ့ရာ ဖိနပ်ကောင်းကောင်းတစ်ရံဆွဲပြီး ဘူုန်းကြီင်္းကျောင်းထဲကပြေးထွက် လမ်းမလျှောက်နိုင်တော့ ဆိုက်ကားစီးပြီး ပြန်ခဲ့လိုက်တယ် ။

ကောလိပ် တက်တော့လည်း အလွဲတွေက မပြီးသေး စာတွေမလိုက်နိုင်တာပါ များလိုက်တာ ဘာတွေ မှတ်ရမှန်းလည်းမသိ drawing အချိန် ၄ ချိန်ဆက်မှာလည်း မတ်တပ်ရပ်ပြီး ပုံမဆွဲနိုင်ပါဘူး အဲ့တော့ ခုံအောက်မှာ ဒီတိုင်းထိုင်ပြီး သရက်သီးထိုင်းစားနေလိုက်တယ် အဲ့တော့ ကိုယ့်ရဲ့ drawing အမှတ်တွေက တအားညံ့ပါတယ် ။စာမေးပွဲဖြေတဲ့နေ့ကျ စာကတော့ ကျက်နေတာပဲ ရွတ်နေတာပဲ သတိရလို့ ပြန်စဉ်းစားရင် ဘယ်မေဂျာက ဘယ်အပုဒ်ကို ကျနော် ဖတ်နေတာလည်းမသိတော့ဘူး ညဏ်ကောင်းချက်း) ရေချိုးရင်လည်း ခေါင်းကိုမလှုပ်ပဲ ရေကိုဖြေးဖြေးတစ်ခွက်ချင်းချိုးတာ သူငယ်ချင်းတွေက အုံးလွဲတာလားမေးရင် “မဟုတ်ဘူး ငါကျက်ထားတဲ့စာတွေ မေ့ကုန်မှာစိုးလို့ မလှုပ်ရဲဘူး” လို့ပြောရတယ် ။

တစ်ခြားနေရာတွေမှာသာ ရှက်တတ်တယ် စာမရလို့ အောင်မှတ်မရသေးရင် ကျနော်က တအားကြောက်ပါတယ် အဲ့တော့ မရှက်တော့ဘူး ဘေးနားက ကောင်မလေးကို လက်နဲ့ကုတ်ရတာနဲ့ “ နည်းနည်းပြ ” ဆိုပြီ အသံတိုးတိုးလေးနဲ့ပြောရတာနဲ့ လည်ပင်းကြီးကလည်း စာမေးပွဲဖြေနေတဲ့ တစ်ချိန်လုံး ဘေးကိုလည်နေတော့တာပဲ သူမပြလည်း ကိုယ်မြင်ရတာပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် ကူးထည့်လိုက်တာပဲ မြန်မာပြည်က ပညာရေးစနစ်က စာရွက်ထဲ စာရှိနေဖို့ အရေးကြီးတယ် ဘေးက ကောင်မလေး စာရွက်အပ်လို့ ထသွားရင် အခန်းစောင့်ဆရာက ကိုယ့်အဖြေလွှာပါ သိမ်းသွားကော “ ကျနော်မပြီးသေးဘူး ဆရာ” လို့ ထရိတ်သူုံးရင် “ မင်း ဖြေစရာလည်းမရှိတော့ပဲ ဘာလုပ်နေအုံးမှာလည်း” တဲ့ အဟား ဟုတ်သား ။

မှတ်မိသေးတယ် တစ်ခါတုန်းက မေးခွန်း အစကနေ အဆုံးဖတ်လိုက်တာ ကိုယ်ကျက်ထားတာတွေ တစ်ပုဒ်မှမပါ ပါဘူး ငါတော့ ကားပြီပေါ့း( အဲ့တာ မေးခွန်းတွေ ပြန်ကူးထည့်လိုက်တယ် စာရွက်ထဲ စာရှိနေဖို့ အရေးကြီးတယ်မှတ်လားး) ဒီတစ်ခါတော့ ကိုယ်နဲ့ ခုံနံပါတ်ကပ်လျှက်က ကောင်မလေးကို စုတ်သတ်ပြီး တိုးတိုးလေး ခေါ်လိုက်တာ ကျနော့်ရဲ့ ကျွတ်ကျွတ် ဆိုတဲ့ စုတ်သတ်တဲံ့ အသံကြီးက လူအယောက် ၁၀၀ လောက်ဖြေနေတဲ့ စာမေးပွဲခန်းထဲမှာ အကျယ်ကြီးကို မြည်သွားတာပါ အားလုံးရဲ့ မျက်လုံးတွေက ကိုယ့်ဆီမှာ ရှက်လိုက်တာ အခန်းစောင့်ဆရာမက စာရွက်ယူဖို့လားတဲ့ စာမရပါဘူးဆို ဒွတ်ခ မဟုတ်ဘူး စာရွက်အပ်ဖို့ဆိုပြီး အဖြေလွှာအပ် စာမေးပွဲခန်းထဲက အစောဆုံးထွက်ခဲ့တယ်း) ယုံကြသလား အဲ့နှစ်ကလည်း ကျနော် စာမေးပွဲအောင်တယ်ဗျ ။

အခုတော့ ဘ၀ကျောင်းတော်ကြီးမှာ သင်ခန်းစာအသစ်တွေ သင်ယူရင်း တစ်ခါခါ ကျနော့်စာမျက်နှာတွေ ကြက်ခြေခတ်တွေများတယ် မှင်နီရာတွေများတယ် ။ သင်ခန်းစာတွေထဲ စုတ်ဖြဲပစ်ချင်မိတဲ့ စာရွက်အပိုင်းစတွေ ရှိပေမယ့် ပြန်ကြည့်မိတိုင်း ပြုံးမိတဲ့ အလွဲသေးသေးလေးတွေလည်းရှိတယ် ။ကျောင်းတော်ကြီးမှာ သင်ခန်းစာတွေ သင်ယူခဲ့ပြီးတယ် အခုလည်း သင်ယူနေတုန်း နောက်လည်း ကျနော့်အတွက် သင်ခန်းစာအသစ်တွေရှိနေအုံးမယ်ဆိုတာ အသေအချာပါပဲ ဘ၀စာမေးပွဲမှာတော့ အောင် မအောင် သိပ်တော့မသေချာပါ ဒါမယ့် ရုန်းကန်းနေတုန်း ။




Wednesday, May 4, 2011

လတ်တလော အဖြစ်ချင်ဆုံးဆန္ဒတွေ နှင့် ဖြစ်နေတာတွေ

အပျင်းထူနေတာကြာပြီး စိတ်မကောင်းစရာတွေ ဖတ်ရတာနဲ့ ကိုယ်တိုင်လည်း ဘ၀သံသရာမှာ ကျင်လည် မောဟိုက် နုံးချိနေတာနဲ့ပဲ အရင်ကဆို ပို့စ်တစ်ပုဒ်ဆို သိပ်မကြာသလိုလို ကုန်ကြမ်းကလည်း ရှာစရာမလိုဘူးလေ ကိုယ့်အကြောင်းကိုယ်ပြောပြနေ၇တာဆိုတော့ ။ စာရေးဖို့ ရိုက်လိုက် ပြန်ဖျက်လိုက်နဲ့ တကယ်တော့ ကြောက်လို့ပါ ကိုယ့်စာတွေက ဖျော့စိ နုဖတ်နေတယ်ဆိုပဲ ။မာမာတောင့်တောင့်လည်းမရေးတတ်တော့ စာရေးချင်စိတ် ခဏအောင့်ထားတာ ဟဲဟဲ သူငယ်ချင်းတစ်ယောက်က လွမ်းလို့ရေးတဲ့ စာဆိုတဲ့ပို့စ်မျိုးလေးဖတ်ချင်တယ် ရေးပါအုံးဆိုတော့ ခဏနေပါအုံး ခုချိန်မှာသာ မင်းပြောတဲ့ပို့စ် ငါရေးလိုက်ရင် ငါ့ကို မောင်မျိုးက နေ မမမျိုးလို့ ထင်အုံးမယ်လို့ ပြောထားရတယ် ။ ဒီနေ့တော့ စာရေးဖို့ပျင်းနေတဲ့ကိုယ့်ကို ခင်ရတဲ့ အစ်ကိုညိမ်းနိုင် က တဂ်ပို့စ်လေးနဲ့ ပြန်ခေါ်လိုက်တယ် သူ့မေးခွန်းတွေအတိုင်းရေးလိုက်ပါတယ် ။


(၁) အစားချင်ဆုံးအစားအစာ = ချဉ်ပေါင်ဟင်းချို နဲ့ ငါးခြောက်းမီးဖုတ်ဆီဆမ်း ။

(၂)နေ့တိုင်းစားဖြစ်တဲ့အစား = လိမ်မော်ရည်တစ်ခွက် နဲ့ မာမားပြုတ်

(၃) အလိုချင်ဆုံးရေမွှေး = မရှိဘူး ကိုယ်က ငါးပါသီလ သမာဓိ နဲ့ ပြည့်စုံတာဆိုတော့ ကြာမျိုးငါးပါးရနံ့သင်းပျံ့နေတာမို့လား မလိုဘူး သဘာဝရနံ့ပဲကောင်းတယ် ညှင်သိုးသိုးနဲ့း)

(၆)အလိုချင်ဆုံးဖုန်း = ပြောလို့ရရင်တော်ပါပြီ လပေးနဲ့ ၀ယ်ထားတဲ့ဖုန်းက အကြွေးလည်းကြေ ပျက်လည်းပျက်သွားလို့ စိတ်နာနေတယ် ။

(၇)သုံးဖြစ်နေတဲ့ဖုန်း = နိုကီယာ ဘာလဲမသိ ( တော်တော်စပ်စုတယ် မကောင်းရင် သူဝယ်ပေးမှာကျနေတာပဲ )

(၈)အရူးသွပ်ဆုံးအရာ = အဲ့လိုမဖြစ်ဘူး နေ့တိုင်းတရားထိုင်လို့ ရူးတဲ့သူတွေပဲ ကြေငြာ ကိုယ်တို့ကတော့ အပူရုပ်ဟန်လုပ်ပြီး နေတယ် :P

(၉)အနီးစပ်ဆုံးဂီတ = ဂီတ က လူ့စိတ်ကို ပြောင်းလဲစေတယ်ဆိုတာ အဟုတ်ပါ စိတ်ညစ်တိုင်း ကျနော်တော့ သီချင်းတွေ အကျယ်ကြီးဖွင့်နားထောင်တယ် ။ ဖေ့ဘွတ်က သူငယ်ချင်းရန်နိုင်ရဲ့ ဂရုဏာသံပါတဲ့ သီချင်းတွေနားထောင်ရရင် စိတ်ချမ်းသာသလို Enrique Iglesias ရဲ့ Don't Turn Off The Lights. ဆိုတဲ့ သီချင်းကို ခဏခဏ နားထောင်ဖြစ်နေတယ် ။

(၁၀)အလိုချင်ဆုံးစာအုပ် = ဘင်လာဒင် ကျန်ခဲ့တဲ့ ဘဏ်စာအုပ် ( ကိုယ်ထုတ်သုံးလို့ရမယ်ဆိုရင်ပေါ့ ထက်ထက် ကြော်ငြာထဲကလို ပိုက်ဆံများ ရှိလို့ကတော့ တစ်ကိုယ်လုံးကို စိန်စီပစ်လိုက်အုံးမယ် ဟွန်းဟွန်း )

(၁၁)အခုဖတ်ဖြစ်နေတဲ့စာအုပ် = ဆရာတော် ဦးဇောတိက ရဲ့ စာအုပ်လေးတစ်အုပ် ၊ ဂျူးရဲ့ ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ ၊ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ ( ဒီမှာ စာအုပ်ဝယ်ရတာတော်တော်ဈေးကြီးပါတယ် မြန်မာငွေကပ်ဈေး ၂၅၀၀ လောက်ပဲရှိပေမယ့် ဒီမှာ ဘတ်ငွေကိုပြန်တွက်လိုက်ရင် ထက်ဝက်လောက်တတ်နေပါတယ် ကိုယ်က စာငတ်တော့လည်း ၀ယ်ရတာပေါ့ )

(၁၂)အကြားချင်ဆုံးစကား = ချစ်သူက ခေါ်မယ့် မောင် ဆိုတဲ့ အသံ ( သူက မောင်လို့ ခေါ်ရင် ကိုယ်က ညှောင်လို့ပြန်ထူးဖို့ အဆင်သင့်ပါ )

(၁၃)အဖြစ်ချင်ဆုံးဆန္ဒ = သစ်ပင်လေးနည်းနည်းပါးပါးစိုက်လို့ရမယ့် ခြံလေးတစ်ခြံနဲံ့ သစ်သားအိမ်လေးတစ်လုံး စတိုးဆိုင်လေးတစ်ဆိုင် ပြီးတော့ အမွှာပူးလေး တစ်ပူးလိုချင်ပါတယ် ။

(၁၄)အလိုချင်ဆုံးဆု = ဗလာ ဗလာ ဗလာ ဖြစ်ရပါလို၏


(၁၅)အသွားချင်ဆုံးနေရာ= ဆွစ်ဇာလန်း) (ကိုညီ ...ကခေါ်မယ်ပြောလို့ ဒီနေ့ပဲ သွားချင်စိတ်ဖြစ်သွားတာ )

(၁၆)သွားဖြစ်နေတဲ့နေရာတွေ = မပြောဘူး

(၁၇)အကြည့်ချင်ဆုံးရုပ်ရှင် = ထိုင်းဘုရင့်သမီးတော် ပါဝင်သရုပ်ဆောင်ထားတဲ့ My Best Bodyguard ဆိုတဲ့ ကားကြည့်ချင်တယ် ။

(၁၈)အပြောချင်ဆုံးစကား = တည့်တည့်ကြည့်ကြပါ ဆွေစောင်းကြည့်ပြီး မပြောကြပါနဲ့ ပြီးတော့ ချစ်ရတဲ့သူတွေကို ချစ်မြဲချစ်လျှက်ပါ မုန်းစိတ်ဖြစ်မိတဲ့သူတွေကိုလည်း ချစ်ချင်ပါတယ်လို့ ။


(၁၉)အယုံကြည်ဆုံးလူသား = ကိုယ့်အနီးနားကသူတွေ တော်တော်များများကိုယုံပါတယ် ယုံခဲ့လို့ ပုံရွဲခဲ့တဲ့ အခါတွေလည်းရှိတာပေါ့လေ ။

(၂၀)မယုံကြည်ဆုံးသူ = သန်းရွှေ နဲ့ မောင်မျိုး (ဒင်း နဲ့ ကျနော် )

(၂၁)အမုန်းဆုံးအရာ = အမုန်း မရှိပါဘူး သူအိပ်ပျော်နေတယ် ။

(၂၂)အသောက်ဖြစ်ဆုံးအအေး - ကိုကာကိုလာ


(၂၃)လတ်တလောအထိတွေ့ဆုံးအရာ- ဆံပင် ( စိတ်ညစ်လို့ ခဏခဏ ကုတ်နေရတာမို့ )

(၂၄)မကောင်းတဲ့ကျန်းမာရေး = နှစ်လုံးမကောင်းဘူး တစ်လုံးပုတ် တစ်လုံးကြွေကျ ၊ အစာအိမ်ကဟောင်းလောင်း ဂလူး ဂလူးနဲ့ ခဏခဏအော်နေတယ် ပါးစပ်ကလည်း ကောင်းတာလေးမှ စားချင် ပါဌာတိပါတာ လေးမပါတော့ ဟာတိဟာတာလေးဖြစ် အမှန်တော့ ကျနော်က ဆာလို့မဟုတ်ပါဘူးလေ ဒီခန်ဓါကြီးကတောင်းဆိုလို့ စားပေးနေရတာ ။


(၂၅)အကောင်းဆုံးအဖော်= သူငယ်ချင်း ပြီးတော့ စာအုပ် ၊သီချင်းတွေနဲ့ တန်ဖိုးထားရတဲ့ ဇတ်ခုံလေး ။


(၂၇)အကြောက်ဆုံးအလုပ် = ကိုယ်က ဘလော့ခိုးရေး ခိုးဖတ်နေတဲ့အချိန်မှာ ဘော့စ်က တစ်ပါတ်စာလောက် အလုပ်ကို ၃ ရက်နဲ့ အပြီးလုပ်ပေးလို့ပြောတဲ့အလုပ်။

(၂၈)တန်ဖိုးအထားဆုံးအရာ - မေတ္တာတရား

(၂၉)ကြောက်ဆုံးတိရိစ္ဆာန် = မြွေ


(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ=များတယ် ဖေ့ဘွတ်က သူငယ်ချင်းအသစ်လေးတွေရှိသလို ဘလော့က သူငယ်ချင်းတွေ လည်းရှိတယ် အွန်လိုင်းမှာ စကားမပြောဖြစ်ပေမယ့် ကိုယ်ဆုံးဖြတ်ရခက်တဲ့အခါတွေ စိတ်တွေ မွန်းကြပ်တဲ့အခါတွေမှာ အီးမေးလ်ပို့ပြီး တိုင်ပင်တဲ့ ချစ်ရတဲ့ ဘလော့ပေါ်က အစ်ကို ၊ အစ်မ တွေလည်းရှိတယ် ။

(၃၁)အပြင်သွားတိုင်းပါတဲ့ပစ္စည်း = ပိုက်ဆံ နဲ့ စက်ဘီး


(၃၂)စိတ်အညစ်ဆုံးအချိန်= လက်ပေါက်ခက်ခက် ပါးစပ်ကြမ်းကြမ်း အလုပ်အပ်တဲ့သူတွေလာရင် အားပေါက်အောင် အဆင်ပြေအောင် ဧည့်ဝတ်ကြေကြေ ဆက်ဆံပြရတဲ့အချိန် ( စိတ်ထဲမှာတော့ ဂလုန်း ဂလွမ်းနဲ့ပေါ့ )

(၃၃)အနေချင်ဆုံးနေရာ - အမေ နဲ့ ရွာ ( တွံတေးသိန်းတန် သီချင်းထဲကလို အမေနဲ့ရွာကို သားမောင်လွမ်းလို့ပေါ့ဗျာ )

(၃၄)ကြားလိုက်မိတဲ့ဟာသာလေးတစ်ခု = င်္ဒီပို့စ်ကိုတဂ်တဲ့ မောင်လေးဆိုတဲ့ ဘလော့ဂါ တစ်ယောက်လေ သူ့နာမည်က နာမ်စီးတယ်လို့ပြောလို့တဲ့ နာမည်ပြောင်းလိုက်တယ်ဆိုလား သူ့ကောင်မလေးနာမည်က ညိမ်း သူ့ရဲ့ နာမည်က နိုင် ၂ လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ဆိုတဲ့ သဘောနဲ့ပေးထားတဲ့ နာမည်က ညိမ်းနိုင် ဆိုပဲး)

(၃၅)ပေးချင်တဲ့သတင်းတစ်ခု = သိပြီးကြကုန်ပြီလား အ၀ှာကြီးကလေ ဟိုအ၀ှာနဲ့ တွေ့ပြီ အ၀ှာတွေ ဖြစ်လာတာလေ အဲ့တာ အဲ့အ၀ှာက အ၀ှာတို့ ရွာထဲက ပြောင်းပြေးရတာ ဟိုအ၀ှာကြီးစီးသွားတယ်ဆိုလား ။

(၃၆)အပျော်ဆုံးဖြစ်မယ့်အချိန် = လစာထုတ်တဲ့အချိန် ။

အင်မတန် စပ်စုတဲ့ပို့စ်လို့ထင်ပါတယ်း) ပြီးတော့ သူတ၈်တာကလည်း ကိုယ့်နာမည်ကမမှန်း မောင်မျိုး ကိုရေးတာ တစ်ချောင်းဝင် ပြုတ်ပြုတ်ကျန်နေခဲ့တယ့် အဲ့တစ်ချောင်းကို သူဘာလုပ်ဖို့ ဖြုတ်ခဲ့တာလည်းမသိ ကိုယ်စာလုံးပေါင်းမှားတတ်တာကိုတော့ မသိဟန်ဆောင်သွားတယ် ။ ပျော်စရာပို့စ်လေးအတွက် ပျော်စရာလေးတွေ ရေးဖြစ်အောင်လုပ်ပေးတဲ့ အစ်ကို့ကိုကျေးဇူးပါ ။





Monday, May 2, 2011

မျက်ရည်..............

ကြေကွဲခြင်းတစ်ချို့နဲ့
ရင်းပြီးမှ

ရလိုက်တဲ့ မင်းရဲ့ အတွေ့အထိက
သိပ်ကို ချိုမြိန်တာပေါ့
မာယာများတဲ့ မျက်ရည် ရယ် .










LinkWithin

Related Posts Plugin for WordPress, Blogger...