Wednesday, May 25, 2011

တောရွာ

ကိုယ်က မြို့သားကြီးလည်း မဟုတ်သလို တောမှာပဲနေ တောမှာပဲကြီး တောမှာပဲ လုပ်ကိုင်စားသောက်တဲ့ တောသားစစ်စစ်ကြီးလည်းမဟုတ်ပြန်ဘူး ။ ဘာပဲဖြစ်ဖြစ် တောရွာရဲ့ ဓလေ့ ပျော်ရွှင်ဖွယ် အကြောင်းရာတွေကတော့ ကိုယ့်ကို တော်တော် စိုးမိုးခဲ့ပါတယ် ။ ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရ များဟာလည်း တောရွာရဲ့ရင်ခွင်မှာ ပျော်ရွှင်ခဲ့ဖူးတာပေါ့။ ဘလော့လေးရေးတော့ ရွာအကြောင်းလေး အမှတ်တရ ရေးဖြစ်တယ် အားပေးကြတာ သဘောကျကြတာတွေ့တော့ ပိုရေးဖြစ်တယ် လေဘယ်လေးသပ်သပ်တပ်ပြီး သေချာလေးရေးမိတယ် ။ ဒါပေမယ့် တောရွာလေးကတော့ ဟိုးအတိတ်မှာကျန်ခဲ့တာပေါ့ ဒါပေမယ့် ရွာသူရွာသားတွေရဲ့ ရင်ထဲမှာတော့ တောရွာလေးက အမြဲတမ်း အမှတ်တရ မမေ့မပျောက်နဲ့ ရှိနေပါသေးတယ်။

ကိုယ့်အနှီးထုတ်လေးနဲ့ ရွာကိုစပြောင်းတာ အမေဘက်က အဖိုးပေးလိုက်တဲ့ အမွေလေးနဲ့ ရွာမှာ အခြေချ သားသမီးခြောက်ယောက်နဲ့ အဘက ရုန်းကန်ခဲ့တာ ။ ခြံကျယ်ကြီးထဲမှာ အဘစိုက်ထားတဲ့ သီးပင်စားပင်တွေက စုံလို့ ။ အမေက နောင်တစ်ချိန်စားရအောင်ဆိုပြီး သီးပင်စားပင်အကြီးကြီးတွေဖြစ်တဲ့ နှစ်ရှည်ပင်တွေ ခြံဝင်းထဲမှာစိုက်ထားဖြစ်တယ် သရက်ပင် ဒညင်းပင်း စုံလို့ပါပဲ။ ရွာထဲမှာ တစ်ယောက်ခြံထဲက မှည့်နေတဲ့ ဘာသီးနှံပဲဖြစ်ဖြစ် နောက်ရွာသားတစ်ယောက်က ခူးစားလိုက်လို့ စိတ်ဆိုးရိုးထုံးစံလည်းမရှိကြဘူး။မိုးတွင်းစာ ထင်းမီးအတွက်လည်း အပြင်ထွက်ခုတ်စရာမလိုပဲ ကိုယ့်ခြံထဲက ထင်းနဲ့တင် ကိုယ်လုံလောက်လို့ အဘက နွားကျောင်းက ပြန်လာတိုင်း ထင်ပိုင်းကြီးကြီးတစ်ပိုင်းနေ့တိုင်းထမ်းထမ်းလာတတ်တယ် ။ ခြံကြီးရဲ့ ခေါင်းရင်းမှာ ငှက်ပျောပင်တောကြီးရှိတယ် တစ်ခါတလေ မှည့်လို့မှည့်မှန်းတောင်မသိရ ။ ခြံကြီးထဲမှာ ရေတွင်းသုံးတွင်းရှိတယ် ခလေးတုန်းက အဲ့ရေတွင်းတွေထဲ သရဲကြီးရှိတယ်ဆိုလို့ အနားကိုမကပ်ရဲခဲ့ ။

ခြံကြီးထဲက ကွမ်းခြံ ရေပေးတဲ့ အခါကျ သိပ်ပျော်ရတာ ရေကို မောင်းလက်နဲ့ ခပ်ချိုးရတဲ့ရွာမှာ စက်နဲ့မောင်းတင်တာက နွေမှာမှကြုံ၇တာလေ ကွမ်းခြံရေ ၀ိုင်းပက်သလိုနဲ့ ရေဆော့တဲ့ အခါတွေကများတယ် ။ ခြံနောက်က မှို့ပင်ကြီးအောက်မှာ ကောက်ရိုးပုံအကြီးကြီးလည်းရှိတာပဲ ဆောင်းတွင်းဆို အစ်ကိုငယ်နဲ့ အမေပေးမအိပ်ပေမယ့် သွားသွားခိုးအိပ်တယ် ကောက်ရိုးပုံကြီးက နွေးနေတာပဲ ။ တောင်ပိုင်က ဖိုးသာညိုခြံမှာ ရှောက်သီးအကြီးကြီးတွေ သွားခိုးစားတယ် ။ အလယ်ပိုင်းက ကြီးတော်သန်းမြင့်ဆီမှာ ဆိတ်နို့လည်း သွားသွားတောင်းသောက်တာပဲ ။ ကိုညာ အိမ်ဘေးမှာ မရမ်းသီး သီးချိန်ကျ တံချူနဲ့ ကလော်ချပြီး သူ့အိမ်မှာ ဆားတောင်းပြီး ဖက်ကလေးနဲ့ထုတ် တို့စားခဲ့ရတဲ့ အရသာတွေကလည်းမမေ့စရာ ။

ကိုယ်လို ရွာကိုကျောင်းပိတ်ရက်မှ ပြန်ပြန်လာရတဲ့သူတောင် ရွာကိုခင်တွယ်ပြီး သံယောဇဉ်ဒီလောက်ရှိရင် ရွာမှာပဲ ရေးတတ်ဖတ်တတ်ကျောင်းနေ ရွာမှာပဲကြီး ရွာမှာပဲ အိမ်ထောင်ကျ ခလေးတွေရတဲ့သူတွေဆို ရွာကို ဘယ်လောက် သံယောဇဉ်ရှိလိုက်ကြလေမလဲ ။ ဒီရွာကြီးနဲ့ ကျနော်တို့ ဘယ်တော့မှ ခွဲကြရမယ်လို့လည်းမထင်ခဲ့ဖူးပါဘူး ။ ဒါပေမယ့် ကံကိုပဲ အပြစ်ပုံချလိုက်ရလေမလား ဘာမှကိုမတွယ်တာချင်တော့လောက်အောင် ရွာကို အရှိန်ပြင်းပြင်း ရိုက်ချလိုက်တဲ့ သတင်းဆိုးတွေက ရွာမှာ အရူးမီးဝိုင်းသလိုပေါ့ အသက်ကြီးကြီး အဖွားအိုတွေက မျက်ရည်တွေကျလို့ ငို ။ ခလေးတွေကတော့ ဘာမှမသိ ရွာထဲမှာ ဆော့ကစားလို့ကောင်းတုန်း သူတို့ ဘယ်လောက်ထိ ဒီနေရာလေးမှာ ဆော့ကစားခွင့်ရမှာပါလိမ့် ။ ရွာကိုအစိုးရက သိမ်းလိုက်ပြီဆိုတဲ့ သတင်း သဲ့သဲ့တော့ကြားတာ ကြာပေါ့ ။ အဲ့နေ့က အမေ့မျက်နှာ အညှိုးငယ်ဆုံးပဲ ထင်ပါ့ ကိုယ်တွေ့ဖူးသမျှထဲမှာတော့ ။ စစ်တပ်က အကြီးအကဲ ရွာသားတွေ အစည်းဝေးခေါ်တော့ အဘက စိတ်ပျက်လို့မသွားဖြစ် အမေကတော့ မာန်ခဲလို့ သူတို့များ အမိန့်ပြောင်းမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ။

အမေပြန်လာတော့ အမေက ၀မ်းနည်းနေတဲ့မျက်နှာနဲ့ မဲ့ပြုံးကလေးပြုံးလို့ပြောလိုက်တာ “ ငါ့တစ်သက်မှာတော့ တစ်ခါသာ ကြုံးဖူးတဲ့ အဖြစ်ပဲ သုံးခွန်းသော စကားနာကြားရခြင်းပေါ့ ငါတို့များ လူလို့ ထင်လေရော့သလားမသိပါဘူးဟယ် ” တဲ့ စကားလည်းပြောပြီး ခေါင်းပေါ်က ခေါင်းပေါင်းလေးပစ်ချလို့ အမေထိုင်ချလိုက်တဲ့ ပုံက ခြေပစ်လက်ပစ် သုံးခွန်းသော စကားကတော့ “ တစ်လအတွင်း အပြီးပြောင်းပေးကြ ဒါပဲ” တဲ့ သုံးခွန်းတောင်မပြည့်ဘူးထင်တာပဲ ။ ၁၅ နှစ်နီးပါးလောက် နေခဲ့ဖူးတဲ့ ရွာကို ခွဲဖို့ဆိုတာ အမေ့မှာ အဆင်သင့်မဖြစ်သေးဘူးထင်ပါ့ တစ်ချို့တွေကတော့ သူတို့ပြန်ပေးတဲ့ ပေတစ်ရာပတ်လည်လေးမှာပဲ နေဖို့တွေးကြပြီး တစ်ချို့တော့ အမျိုးတွေရှိတဲ့ တစ်ခြားရွာကိုပြောင်းကြတဲ့သူတွေလည်းရှိတာပဲ ။ အဘက သူ့ရွာကို ပြောင်းကြဖို့ပြောပေမယ့် အမေကတော့ ရွာက အမျိုးတွေလိုဖြစ်နေတဲ့သူတွေနဲ့ မခွဲချင်ဘူးတဲ့ အဲ့တော့သူတို့ပြန်ပေးတဲ့နေရာလေးမှာပဲ တစ်ရွာလုံးပြောင်းကြရတာ ရွာက ၃ ပုံ တစ်ပုံလောက်ပဲ ပြန်ဆုံကြတော့တယ် ။

မပြောင်းခင်လေး အမေက ခြံထဲပတ်ကြည့် သူ့စားပင်တွေကို နှမြောနေပုံနဲ့ အဘကတော့ သူပျိုးထောင်ခဲ့တဲ့အပင်တွေကို ပါးစပ်ကသာထုတ်မပြောတယ် နှမြောတသသဖြစ်နေတဲ့မျက်ဝန်းတွေနဲ့ ။“ဒီ ငရုတ်ပင်တွေက ပြောင်းစိုက်ရင် ရှင်ချင်မှရှင်မှာ မျိုးကောင်းတယ် တအားစပ်တာ ထားခဲ့ရမှာ နှမြောလိုက်တာ ” ၊ “ ဒီဒညင်းပင်ကြီး စိုက်ထားတာမကြာပေမယ့် သီးမြန်တယ် ပိုးကျတာလည်းနည်းတယ် အမေဆို အသီးတွေက လှလို့မရောင်းရက်ပဲ ဆားရေစိမ်ထားလိုက်တာ မိုးတွင်းဆို ငပိရည်လေးတစ်ခွက်ရှိလည်းရတယ် ဒညင်းသီးဆားရေစိမ်လေးနဲ့ စားလိုက်လည်း သိပ်ကောင်းတာ အခုတော့ ထားခဲ့ရတော့မယ် ” ။“ မှို့တွေတောင် သီးတာတော်တော်ကြီးနေပြီး ခူးသွားချင်လိုက်တာ ” ဆောက်တည်ရာမရနဲ့ အမေတစ်ယောက် လောဘတွေများလိုက်တာလို့လည်းမဆိုရက်ဘူး ခြံကြီးထဲမှာ ရှိသမျှ အရာတိုင်းဟာ သူတို့လက်နဲ့ မထိတာဆိုလို့ မရှိခဲ့သလောက်ပဲဆိုတော့လည်း ။ကျနော်တို့ ကျွဲနွားကျောင်းရင်း မိုးခိုခဲ့တဲ့ သပြေပင်အကြီးကြီး ထားခဲ့ရတယ် ။ မိုးတွင်းဆို ငါးရှာလို့ကောင်း ရေခိုးကူးခဲ့ကြရတဲ့ ရွာက ချောင်းတွေကို နောက်တစ်ခေါက် လာပြန်ကူးဖြစ်ချင်မှ ကူးဖြစ်တော့မယ် ။

“အမေရယ်... သူတို့ပေးတဲ့နေရာက ရေတွင်းတောင် တူးလို့မရတာ အမေ ဘာစိုက်စားမတုန်း ရွာပြောင်းရအောင်နော်” လို့ သားသမီးတွေကပြောတိုင်း ရွာက လူတွေ ဘယ်လိုနေခဲ့မလဲ တွေးပူရင်း အမေကတော့ မပြောင်းပဲ ဒီနေ့အထိ ရွာကလေးအပေါ် ရွာကလူတွေအပေါ် သံယောဇဉ်ကြီးတုန်း ။ရွာကလူတွေလည်း မပြောင်းမလဲ အခုထိ ရှိနေကြတုန်း ။ရွာမှာမွေးရွာမှာပဲသေသွားကြတဲ့သူတွေလည်းရှိတယ် ။
ရွာကို သွားပြန်လည်တိုင်း “အမေ...သား ခြံဟောင်းတွေဘက် သွားကြည့်ချင်တယ် ” အမေက မသွားပါနဲ့တဲ့ အခု ရွာက ကတုံးဖြစ်နေတာ မြင်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့တဲ့ ။ အင်း ဟုတ်တော့လည်းဟုတ်သား ၀ါးတော သစ်တောတွေနဲ့ ပေါနေတဲ့ ကျနော်တို့ရဲ့ ရွာဟောင်းကလေးဟာလည်း ပြောင်သလင်းခါလို့ ဆံပင်တွေမရှိတော့တဲ့ အဖိုးအိုတစ်ယောက်လို ။

ဒီဘလော့မှာ ရွာအကြောင်းလေးတွေရေြး့ဖစ်တိုင်း ကိုယ့်ရဲ့အတွေးထဲ ရွာဟောင်းလေးရဲ့ အရိပ်တွေက စိုးမိုးနေတယ် ။ ဒါပေမယ့်လည်း ရွာအကြောင်းတွေ ရေးချင်နေတုန်း ရွာထဲကအမှတ်တရတွေက ကုန်မှမကုန်နိုင်ပဲ ရွာသစ်လေးကတော့ ကျနော့်စာမျက်နှာတွေပေါ် သိပ်မရောက်လာခဲ့ဘူး သူ့ကို ကျနော်သူစိမ်းဆန်နေတယ် ။ အခုချိန်မှာ ဒါတွေဟာ ကံတရားကြောင့်ပါ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုတာတွေလည်း တွေးမနေချင်တော့ပါဘူး ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ပဲ သဘောထားလိုက်တော့တယ် ။ ဒါပေမယ့် ရွာဟောင်းလေးကို တစ်ခါခါတော့ လွမ်းတယ် ။




15 comments:

ခနွဲ said...

ရက်စက်လိုက်တာဗျာ။ သူများကျေးရွာကို လုပ်ရက်ကြတယ်နော်။ ဘယ်သူမဆို အနေကြာရင် လွမ်းသေးတာပဲ။ ကိုယ့်ရပ်ကိုယ့်ရွာ ဆိုတော့ ပိုဆိုးသပေါ့။ ကိုမောင်မျိုးရယ်။ ကိုမောင်မျိုးနဲ့ ထပ်တူ လွမ်းသွားပါတယ်။

Nyi Linn Thit said...

ဒီလို အဖြစ်တွေ များလှပြီ၊ ပြုသူအသစ် ဖြစ်သူအဟောင်း လို့ပဲ ဆိုရမလား မသိ၊ ညီ ဖွဲ့ပြတာနဲ့တင် နေချင်စရာ ရွာဟောင်းလေးကို နှမြောနေမိတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ရွာက လူတွေကိုပြောင်းခိုင်းပြီး သူတို့က ဘာလုပ်ကြတာလဲ
ဘာမှမလုပ်ဘဲ ရွာကိုဒီတိုင်းပစ်ထားလို့ ရွာက ကတုံးဖြစ်သွားတာလား။
အစ်မတို့လည်း ရွာပျက်လုနီးပါးဖြစ်နေပါပြီ
ဘယ်တော့ပြောင်းရမလဲမသိ.. မကြာခင် တစ်ရွာလုံး ပြောင်းဖို့ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေကြရတယ်
လူတွေရဲ့ လောဘက တစ်ခြားသူ ဘ၀ပျက်တာ သူတို့အလုပ်မဟုတ်။ သူတို့ ချမ်းသာဖို့သာ အဓိက ဖြစ်နေကြတယ်း(

ကိုဇော် said...

ပျော်ရာမှာ မနေရ တော်ရာမှာ နေရ မဟုတ်လား။

နေ၀ဿန် said...

ဒီဇာတ်လမ်းတွေ ခုလည်း ကြားလိုက်ရတာ နေ့စဉ်ရက်စက်ပါပဲ... စိတ်လည်း မကောင်းဘူး... ရိုးသားတဲ့ တောသူတောင်သားတွေမှာ ဒုက္ခပင်လယ်တွေ ဝေနေလိုက်ကြတာ....း(((

Mza Naunt said...

နောင့် တို့ ရွာလေး နဲ့တောင် ခပ်ဆင်ဆင်...ကွမ်းသီးလုပ်ငန်းကတော့ အဓိက စီးပွားရေးပေါ့...ခြံထဲမှာ သရက် မရမ်း ဓညင်း ကနစိုးပင် မင်းကွတ် ကြက်မောက် ဒန့်ဒလွန် အစုံပါပဲ။ နောင့် တို့ ရွာ အပါ...ရွာ 5 ရွာ ကိုပြောင်းခိုင်းသေးတယ်။လူကြီးတွေ သွားညှိ လိုက်ကြတော့ ကျန်တဲ့ 4 ရွာပဲ ပြောင်းသွားရပြီ ရွာက မပြောင်းပဲကျန်ခဲ့ရတယ်။ ဒါပေမယ့် သီဟိုခြံ နဲ့ ရာဘာ ခြံတွေတော့ သိမ်းတဲ့ထဲ ပါသွားတယ်။ ခုချိန်ထိတော့ မျက်ခုံး ခပ်လှုပ်လှုပ်နဲ့ပါပဲ။ မြို့ကို ဘယ်လောက် ပြောင်းခိုင်းပြောင်းခိုင်း အမေ က မပြောင်းဘူးဆိုတာနဲ့.............

မိုးယံ said...

မြို့ကြီးကိုပင်ရောက်ခဲ့ပေ...မယ့်..တော...က အဖေါ်တွေများပေ...တစ်နေ့တစ်ရက်မှ မမေ့ရက်နိုင်ပါအစဉ်

မိုးခါး said...

ဖတ်ရတဲ့လူတောင် စိတ်မကောင်းတာ .. ကာယကံရှင်တွေဆိုရင်တော့ ..း(

မြင်ယောင်ပီး လွမ်းသွားတယ်ဟယ်

မြစ်ကျိုးအင်း said...

စိတ်မကောင်းစရာပါပဲ။ ဘယ်သူမဆို ကိုယ်နေခဲ့တဲ့ နေရာလေးကို သံယောဇဉ်ရှိကြမှာပဲလေ။ အမိန့်အာဏာက ပါးစပ်ထဲမှာပဲ တည်နေသ၍တော့ ဒီလို အဖြစ်ဆိုးတွေက ပေါ်နေအုံးမှာပဲ။ ပြည်သူတိုင်းကို တန်ဖိုးထားတဲ့နေ့ ရောက်ပါစေပဲ ဆုတောင်းချင်တော့တယ်။

လရိပ်အိမ် said...

စာရေးကောင်းတဲ့ကိုမျိုးရေ။ တကယ်တောဓလေ့ကို ရင်ထဲမှာမြင်မိပါတယ်။ ကောက်ရိုးပုံထဲမှာ အိပ်လို့ရလို့လား။ ရှာရှာကြံကြံနော်။

ဟန်ကြည် said...

သတိရမိသေးတယ်...ခပ်ငယ်ငယ်ကပါ...ခြံတစ်ခြံကြောင့် အရှုပ်အရှင်းဖြစ်ကြတော့ မြေစာရင်းကစာရေးက ခြံရှင်ကိုမေးတယ်လေ...ဘယ်သူ့ဆီက၀ယ်တာလဲတဲ့...ခြံရှင်က ဘိုးဘွားပိုင်မြေပါလို့ဖြေတော့ စာရေးက ခင်ဗျားဘိုးဘွားက ဒီမြေကို ဘယ်ကသယ်လာတာလဲတဲ့...ကောင်းရော...

ညိမ်းနိုင် said...

အင်း....ဒင်းတို့တွေ ဘာအကြောင်းပြချက်မှ မယ်မယ်ရရ
မရှိပဲ...ကိုယ့် လူထုကို ဘာကြောင့်ဒုက္ခပေးချင်ရတာလဲ
မသိဘူးနော်...။ဟင်း...စာလေးဖတ်ရတာ နှစ်ထပ်ကွမ်း
စိတ်မကောင်းဖြစ်မိတယ်...:(
ဒါနဲ့စကားမစပ်...ကောက်ရိုးပုံမှာသွားခိုးအိပ်တာ တစ်ယောက်ထဲမှဟုတ်ရဲ့လား....:)

Anonymous said...

စာလေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်။

ကိုညိမ်းနိုင် ကော်မန့်ကိုဖတ်ပြီး ပြုံးစေ့စေ့ဖြစ်သွားမိတယ်

ခင်မင်စွာဖြင့်
ရတနာ

ချစ်ကြည်အေး said...

တောရွာမှာမှ မဟုတ်ဘူး မောင်မျိုးရေ...အမတို့ မြို့ကအိမ်လည်း ဖယ်ပေးခဲ့ရတာပဲ၊ ဒါတောင် ဘိုးဘွားပိုင် ခြံမြေတွေနော်....။ ကိုယ်ချင်းစာ ခံစားမိပါတယ် မောင်မျိုးရေ....

Angelhlaing(May everybody be happy and healthy! said...

ကိုမျိုးစားရေးကောင်းလို့ မရောက်ဖူးတဲ့ ရွာလေးကို မျက်လုံးထဲ မြင်ယောင်ပြိး လွမ်းသွားတယ်...

LinkWithin

Related Posts Plugin for WordPress, Blogger...