Monday, June 27, 2011

အိုဘယ့်..ဘလော့ဂါ

ဘလော့ဂါ... သူငယ်ချင်းတွေက မေးတယ် အဲ့တာ ဘာကောင်ကြီးတုန်းတဲ့ ဘာပြန်ဖြေရမှန်းမသိဘူးး) ။ ဒီလိုပဲ ဟိုဒါလေးရေး ဒါလေးရေးပေါ့ဆိုတော့ မင်းကရေးတတ်တယ်ပေါ့လေ တဲ့ မယုံသကာင်္မျက်ဝန်းတွေနဲ့ မချိသွားဖြဲပဲလုပ်လိုက်တော့တယ် ခုချိန်ထိ ကိုယ် ဘာကြောင့်ရေးနေတယ် ဘာလို့ရေးနေတယ်ဆိုတာလည်း သေချာရေရာအောင်ပြောပြမတတ်ဘူးလေ ။ ကိုယ့်စာလေးဖတ်ဖြစ်တယ်ဆိုရင် ၀မ်းသာ ကျေးဇူးတင်မိပါတယ် တကယ်ပါ ပို့စ်လေးဖတ်ပြီ ရယ်ရတယ်လို့ပြောသွားရင် နောက်လည်း ပျော်စရာလေးတွေပဲ ရေးချင်တော့တယ် စိတ်ညစ်စရာတွေ မပေးချင်ဘူး ။

ဘလော့မှာသာ လူက ဟာသလိုလို ပြဇတ်မင်းသားလိုလို အမူယာစုံပေမယ့် အပြင်မှာကျ ကျနော်က တကယ်မခုတ်တတ်တဲ့ ကြောင်ပါး) အစ်ကိုတစ်ယောက်ပြောဖူးသလိုပဲ မသိရင် ရည်းစားနဲ့ချိန်းတာကျနေတာပဲတဲ့ ရှိုးတိုးရှိန်းတိန်းဖြစ်နေလို့ တစ်ချို့တွေ ဖန်သာပြင်နောက်ကွယ်မှာပဲ စာတွေရေးချင်ပြီး အပြင်မှာ အေးဆေးလေးပဲနေချင်ကြတဲ့သူတွေကို ကိုယ်ချင်းစာပါတယ် လုံခြုံတာပေါ့ ကိုယ့်စိတ်ထဲပြောပါတယ် ။အခုကတော့ ကျနော့်အဖြစ် .... အိုဘယ့် ဘလော့ဂါ လုပ်ချင်အုံးဟ ဘလော့ဂါ ပေါ့ ဟဟား ဟိုးအရင်တုန်းက မဲဆောက်မှာ စာလေး ရေးကြတဲ့ ဘလော့ဂါ အချင်းချင်း ၅ ယောက်လောက် စုပြီး ဘီယာလေးနည်းနည်း သောက်ဖြစ်ကြတယ် နောက်ပိုင်းမတွေ့ကြတော့ဘူး တော်တော်ကြာပြီ
ပြီးခဲ့တဲ့ လက အဲ့ထဲက အစ်ကိုတစ်ယောက်က ရုံးကို ကိစ်စလေးနဲ့လာရင် စကားပြောနေရင်းတန်းလန်း သူဖြတ်မေးလိုက်တာ ကိုယ့်မှာ ကြက်သီးတွေပါ ထသွားတယ် “ ခင်ဗျား ဘလော့ရေးတုန်းပဲလား ” တဲ့ ကျနော့်မှာ ဗျာာ ခနဲဖြစ်လို့ ဘယ်လိုသိသလဲပေါ့ အပြင်မှာ ကျနော် ဘလော့ရေးတယ်ဆိုတာ သိတဲ့သူက နည်းတယ်လေ ။

ကိုယ်စာရေးတာကို အပြင်မှာ သိတဲ့သူရှိနေရင် နေရတာ ယားကျိကျိကြီးနဲ့ ဘယ်လိုကြီးမှန်းမသိဘူးဗျ ရှက်တယ်း) ။ပြီးတော့ ကိုယ့်စာမျက်နှာကြီး ကိုယ့်ဘေးမှာ ဖွင့်ဖတ်နေတာတွေ့ရင်လည်း နေရခက်လို့ “ ဟားးး...မဖတ်နဲ့ဗျာ ” ဆိုပြီး အတင်းပိတ်ချတတ်ပါတယ် ။ ရုံးက အစ်မတစ်ယောက်က ကျနော့် ဘလော့ကနေတစ်ဆင့် ဘလော့ဂါ တော်တော်များများကို သိနေပါတယ် ကိုညီလင်းသစ် သားလေးချစ်စရာကောင်းတဲ့အကြောင်း ၊ နေ၀သန့် နောက်ဆုံးပို့စ်က တော်တော်ရယ်ရတဲ့အကြောင်း ၊ နင့်သူငယ်ချင်းတွေ ကော့မန့်က ရယ်ရတယ်ဟ ဆိုပြီး ရယ်နေရင်တော့ ကျနော့်မှာ အနေတွေခက်လို့ ။တစ်ခါ ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သူ့အသိကမေးတယ်တဲ့ “ မင်းတို့ရုံးမှာ မောင်မျိုး ဆိုတာ ရှိတယ်လား စာတွေ ဘာတွေရေးတယ်ဆိုတာလေ ” အဲ့လိုမေးပြီး သူက အမူအယာနဲ့ ကီဘုတ်ကို လက်နဲ့ နှိပ်သလိုမျိုး ဒါတွေ ဒါတွေ လုပ်တယ်ဆိုလို့ မေးတော့ ရုံးက အစ်ကိုက “ မင်းက မောင်မျိုး လား စာတွေရေးတယ်ဆို ” အဲ့လိုမေးခံရတော့ ဘာမှလည်းမဟုတ်ပဲ စိတ်ဆိုးသလိုလိုနဲ့ “ ဘယ်လိုသိတာလဲ မဟုတ်ဘူး ” အဖြေတွေက ကဘောက်တိ ကဘောက်ချာနဲ့ အိုဘယ့် ဘလော့ဂါ ရယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မြို့ကညီလေးတစ်ယောက် မတွေ့တာတော်တော်ကြာပြီ သူနဲ့ အခု အွန်လိုင်းမှာ ပြန်ဆုံတော့ သူက “ အစ်ကိုက ဘလော့ဂါ ကိုမျိုးလား” တဲ့ လန့်ပြန်ပြီး) ပထမတော့ မဟုတ်ဘူးလို့ ညာလိုက်သေးတယ် ဘာလို့မှန်းမသိပါဘူး ရှက်သလိုလိုနဲ့ နောက်မှ သူက နာမည်ကြီင်္း မနိုင်း ရဲ့ ဖေ့ဘွတ်မှာ စာအုပ်လက်မှတ်ထိုးပွဲတုန်းက တင်ထားတဲ့ ပုံကိုတွေ့ပြီးပြောတာဆိုတော့ လိမ်မရတော့ ။သူက အားပေးသွားသေး ကိုယ့်မြို့က ဘလော့ဂါဆိုတော့ အားပေးရတာပေါ့ဗျတဲ့ ။

ဒီလို လန့်စရာလေးတွေ ကြုံပေမယ့်လည်း စာတွေကတော့ ရေးချင်နေတုန်း တစ်ခါတလေတော့ ပြန်စဉ်းစားကြည့်သား ဘလော့ဂါ မောင်မျိုး နဲ့ အပြင်မောင်မျိုးက တော်တော်ကွဲပြားခြားနားတယ်ဆိုတာ ဒီမောင်မျိုးမှာ ပျော်ရွှင်စရာတွေများ အဝေးက အားပေးမယ့် သူငယ်ချင်းတွေများပေမယ့် အပြင်က မောင်မျိုးမှာတော့ ရုန်းကန်ရခြင်း အဆင်မပြေခြင်း တွေနဲ့ အနားမှာ အားပေးဖော်ကင်းမဲ့တဲ့ မတူကွဲပြားခြားနားခြင်းတွေပေါ့ ။




Sunday, June 19, 2011

အဆောင်နေကျောင်းသားဘဝ

အဆောင်ကျောင်းသားဘ၀ တော်တော် ပျော်စရာကောင်းတဲ့ အတိတ်ဘ၀ နေ့ရက်တစ်ချို့ပါပဲ ပြန်တွေးတိုင်း ပြုံးမိတဲ့ လွတ်လပ်တဲ့ အတွေးတွေနဲ့ လန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသား ဘ၀လေးတွေပါ ။ ဘ၀အတွက် သူငယ်ချင်းကောင်းတွေကိုလည်း အဲ့နေရာလေးမှာပဲ ကြုံတွေ့ခဲ့တာပေါ့ မိဘရင်ခွင်က စခွဲဖူးတဲ့ အရွယ်လေး လောကကြီးကို စူးစမ်း စ အရွယ် တကယ့်ကို ဖြူဖြူစင်စင်လေးတွေပေါ့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် အစ်ကိုပဲ ခေါ်ရမလား ကိုယ့်ကိုယ်ကို ပဲ သားလို့ပြောရမလား မသိသေးတဲ့ ပုံစံလေးတွေ ။ဖေ့ဘွတ်မှာ အဆောင်တုန်းက သူငယ်ချင်းတော်တော် များများနဲ့ ပြန်တွေ့ဖြစ်တယ် အခုတော့ အားလုံးဟာလည်း ကိုယ့်ဘ၀ ကိုယ်ရုန်းလို့ လူကြီးတွေဖြစ်လို့ပါပဲ ။

ကျနော် ကျောင်းတက်တော့ မော်လမြိုင် အထွက် မုဒုံအစပ် ဖားအောက်မှာ တက်ရတာပါ အဆောင်ကတော့ ကွင်းစပ်မှာ အဆောင်ခြံဝင်းက စိုက်ပျိုးပင်တွေ အများကြီးပါ အိမ်ဆို ၂ အိမ်လားပဲရှိတယ် ကျနော်တို့ အဆောင်လမ်းကြားထဲမှာ ညည ဂစ်တာတွေတီးကြ သောက်ကြ စားကြ စာမကျက်ပဲ စကားတွေပြောကြ အဲ့ဒီအချိန်တွေက အခုနေပြန်မရနိုင်တော့တဲ့ အနေထားလေးပေါ့ ။ ကျနော့် အခန်းဖော်က ၂ နှစ်လုံး သူနဲ့ တူတူကျတယ် ကံဆိုးတယ်ပြောရမလား ကံကောင်းတယ်ပြောရမလားမသိ သူများလိုတော့ ဂျီးမထူဘူး ဒါပေမယ့် ကပ်စေးက တော်တော်နဲတယ် သူ့ကို တစ်ဆောင်လုံး ခေါ်တဲ့ နာမည်က ပေသီး တဲ့ သူက ပေသီးကျတာ ဒီရောက်မှမဟုတ် သူတို့နယ်မှာလည်း သူ့ကို ဒီနာမည်ပဲခေါ်ကြတယ်ပြောတယ် ။ တကယ်ပါ မတွေ့ဖူးဘူး မုန့်စားရင် ခြင်ထောင်ထဲမှာ တိတ်တိတ်လေးစားတာ စားပွဲပေါ်မှာကြွတ်ကြွတ်အိတ်တွေ့မှ သူမုန့်စားတယ်ဆိုတာ ကျနော်သိတယ် သူ့အစားကျ ကိုယ်မစားရတော့ ကိုယ့်အလှည့်ကျ ကျွေးချင်ပါ့မလားဗျာ နော့်လေ အဲ့တာ ဒီကောင်က ကျနော့် လက်ဖက်သုတ်တွေ ခိုးစား ပြီးတော့ ပန်ကန်းကို မဆေးပဲ ကျနော့်စားပွဲပေါ် လာပြန်တင်ထားတာ ဘယ်ရမလဲ ပန်းကန်ပြားပျံတွေ လေမှာ ၀ဲသွားအောင် ပစ်ထုတ်ပစ်လိုက်တယ် နောက်နေ့ကျ လက်ဖက်ထုတ်လေး ကိုယ့်စားပွဲပေါ်ပြန်ရောက်လာတယ်း) ။ ဒီကောင် အခု နိုင်ငံခြားမှာ တော်တော် အဆင်ပြေနေတယ်ကြားတယ် ။

အဆောင်မှာ ကျနော်က အေးတဲ့ ကျောင်းသားတွေထဲပါတယ် (ကြောင်ချေးပါတီ) ကျနော်တို့ အဆောင်ဝင်းထဲမှာ ကျွဲကော်ခြံကြီးရှိပါတယ် အဆောင်မှူးက ကျနော်တို့နဲ့တွေ့တိုင်း သူ့အသီးတွေ ဘယ်သူ အလစ်သုတ်လည်း ကြည့်ထားပေးပါတဲ့ အဲ့လူကို အဆောင်က ထုတ်မယ်ပေါ့ တော်တော်လည်း ပျောက်တာကိုး အဆောင်သား ၂၀ မှာ တစ်ယောက် တစ်လုံးပဲ ခိုးစားအုံး ဒီအပင်ခံနိုင်ရိုးလား ။အဲ့တာ သူက ယုံကြည်မှပဲ အဆောင်မှာ အဖွဲ့လေးတွေနဲ့ဖြစ်နေတဲ့ ကျနော်တို့ သူငယ်ချင်း ၅ ယောက်လောက်က တစ်ခါလေးပဲ ခိုးစားတာပါ ကျနော်က ဓာတ်မီးထိုးတယ် နောက်တစ်ယောက် ခူးတယ်ပေါ့ အခန်းထဲ ပြန်ဝင် ကျကျနန ခွဲနေတုန်းရှိသေး အဆောင်မှူးက ညဘက် ကင်းလှည့်ရင်း တံခါးလာခေါက်တာဗျာ အားလုံးက တော်တော် လန့်ကုန်ကြတယ် ကျနော်က လုံချည်တစ်ထည်နဲ့ ကမန်းကတန်း ဖမ်းအုပ်လိုက်တယ် ပြီးတော့ ခပ်တည်တည်နဲ့ တံခါးဖွင့်ပေးရင်း “ သားတို့ စာစုတွက်နေကြတာ အဘ ဘာလို့လဲ ” ဆိုတော့ “ ခလေးတွေ အဆင်ပြေကြလား လာဝင်ကြည့်တာပါ ” တဲ့ နောက်ကျ သူ့ နှာခေါင်းက အမဲနံ့ရတဲ့ မုဆိုးလို တစ်ရွှတ်ရွှတ်နဲ့ အဲ့တာမှ သေတာပဲ ကျွဲကော်သီး ခွဲထားတော့ အနံ့ကထွက်နေတာကိုး ဥယာဉ်မှူး လုပ်သက် ကြာတဲ့သူ့ကို ဘယ်ညာလို့ရမလဲး) အဘက အခန်းထဲက ထွက်ခါနီးတော့ ပြောသွားတာ “ လူရိုးဆိုတာ တကယ်ပဲ င်္သချိုင်းမှာပဲရှိတာကိုး ” တဲ့ အဖိုးကြီးလား တော်တော် အသိနောက်ကျပါ့း)။

မီးဆိုရင်လည်း ညတော်တော် မိုးချုပ်မှ ဖွင့်ပေးတာမျိုးလည်းရှိတယ် အဲ့တော့ မီတာဘောက်ကြီးကို အတင်း တုတ်နဲ့ ကလော်ထည့်ပြီး မီတာတင်တာပဲ ။ အဆောင်မှာ ညစ်ပတ်လို့ ထမင်းပေးမချက်စားပါဘူး မီးပူကလွဲပြီး ကျန်တာ ဘာမှပေးမသုံး ။ ကျနော်တို့အဆောင်က ဆိုင်တွေနဲ့ ဝေးပါတယ် ဖားအောက်က တောကျတာကိုး အခုတော့ စည်ကားနေပြီကြားတယ် ။ အဲ့တော့ ညပိုင်းကျ ဗိုက်တွေ ဆာတတ်တော့ မာမားခေါက်ဆွဲပြုတ်ထုတ်တွေ ၀ယ်ပြုတ်သောက်ကြတယ် အဆောင်မှူး မလာရင်တော့ကောင်းပါရဲ့ သူတွေ့ရင် အဲ့ အိုးကိုလည်းသိမ်း ဒဏ်ငွေလည်းရိုက်သေးတယ် တော်တော်ဆိုးတဲ့ အဖိုးကြီး ။ ပြုတ်နေရင်း တန်းလန်း သူရောက်လာရင် ဖွက်ရတာနဲ့ ကော်ခွက်တစ်ခွက်ထဲထည့် ဇွန်း ၂ ချောင်းလောက်နဲ့ သူငယ်ချင်း ၅ ယောက်လောက် လုသောက်ခဲ့တဲ့ မာမား ခေါက်ဆွဲပြုတ် တစ်ထုတ်ရဲ့ အရသာကလည်း ဘယ်တော့မှ မမေ့နိုင်စရာပါ ။ညနေစောင်းရင်း ရိုးဂိုးဘုရားကို သူငယ်ချင်းတွေ တအုပ်ကြီး သွားကြ ရေစိမ်မုန့်တီ နဲ့ ဗူးသီးကြော်ရဲ့ အရသာကလည်း မွန်ပြည်နယ်ရဲ့ အမှတ်အသားပဲထင်ပါ့ ဒယ်ဘိုင်းကြီးတွေနဲ့ ကြော်တာ တော်တော်စားကောင်းတယ် ။ မုန့်တီဆိုင်က အဖွားကြီးက သူ့အိမ်ကို မုန့်တီဖတ် မှာတဲ့ အသံကို ကျနော်က အလွတ်ရနေတော့ မုန့်မကုန်ခင် သူ့အစား ကျနော်က အော်တော့ သူငယ်ချင်းတွေကြားမှာ ကိုယ်က ဟာသဖြစ်လို့ ကိုယ့်အသံက မွန်လိုမှမဟုတ်တား) ။


ကွင်းစပ်မှာ အဆောင်ဆိုတော့ လူလည်းပြတ်တယ် ကိုယ်တွေအဆောင်ပြီးရင်လည်း ဘာမှမရှိတော့ဘူး အဲ့တော့ လူက မလာသလောက်နီးပါးကို နည်းပါတယ် ရေတွင်းက ခြံစည်းရိုးနားမှာ ရေချိုးရင်လည်း ပျော်စရာ တစ်ယောက်နဲ့တစ်ယောက် ရေတွေပက် သူ့ခေါင်းလျှော်ရည် ကိုယ်လုလျှော် ကိုယ့်ဆပ်ပြာ သူသုံးနဲ့ ဆူညံနေတတ်ပါတယ် အဆောင်ထဲကို အမျိုးသမီး ပေးမ၀င်ပါဘူး အဲ့တော့ စိတ်ချလက်ချ ရေချိုး၇င် ဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်တတ်ဘူး ။ တစ်နေ့ ညနေစောင်း ကျနော်ရေချိုးဖို့ထွက်တော့ ရေပုံးထဲ အ၀တ်တွေထည့် ကမ်းခြေမှာ ဘော်ဒီပြတဲ့ မင်းသားလို ကိုယ်ပေါ်မှာ ဘောင်ဘီသေးသေးလေးတစ်ထည်ထဲပေါ့ဗျာ တအားကြီးတော့လည်း မသေးလှပါဘူး ဟိဟိ အရှက်ပြေပြောတာ ရေးရတာ ရှက်ထှာဗျာ ကန်တော့နော် အားလုံးပဲ အဲ့တာ အမျိုးသမီးတွေ မ၀င်ရဘူးသာ ပြောတယ် အဆောင်မှူး မိန်းမက ဘယ်တော့ ခြံထဲရောက်နေလဲမသိ ကျနော့်မှာ ရေတွင်းလည်းမရောက်သေး လမ်းတစ်ပိုင်းမှာ အဖွားကြီးနဲ့ဆုံတာ ကြောင်တောင်တောင်ကြီးဖြစ်လို့ ရှက်လည်းရှက် ဘာပြောရမှန်းလည်းမသိ ရေပုံးကြီးကို အရှေ့ကကွယ်ပြီး “ အယ်...အဖွား ကန်တော့ ကန်တော့ နော် ” တဲ့ တော်တော် ကြောင်တဲ့ကောင်ပါ ဘာပြောရမှန်းလည်းမသိဘူးလေ ။ သူငယ်ချင်းကတော့ “ သောက်ရူး မင်းက ဘာလို့ ကန်တော့ ကန်တော့ သွားလုပ်နေတာတုန်း ” တဲ့ ငါလည်းမသိဘူးလေလို့ပြန်ဖြေလိုက်တယ် ရှင်းကော ။

ကျနော်တို့ ကျောင်းဝန်းကျင်မှာတော့ နယ်က ကျောင်းတတ်တဲ့သူတွေလည်းများတော့ မိန်းခလေး အဆောင် ယောက်ျားလေးတွေ အဆောင်တွေက အနီးအနားမှာပါပဲ ။ တစ်ခါက မိန်းခလေးအဆောင် တစ်ဆောင်မှာ လူတက်လို့တဲ့ ဟုတ်လားမဟုတ်လားလည်းမသိပါဘူး တစ်ချို့တွေလည်း အဆောင်ပြောင်းကြ မနေရဲလို့ ငိုတဲ့မိန်းခလေးတွေလည်း ငိုနဲ့ အဆောင်မှူးက အဲ့တော့ ကျနော်တို့ယောက်ျားလေးတွေအဆောင်ကို အကူညီတောင်းပါတယ် တစ်ညကို ၂ ယောက်လောက် ညလာစောင့်အိပ်ပေးပါတဲ့ ( ကျနော်ကတော့ စိတ်ထဲတွေးထားတာ ငါ့အလှည့်ကျမယ့်နေ့ကျ ငါ ၀မ်းနှုတ်ဆေး ကြိုသောက်ထားမယ်လို့ ဗိုက်နာလို့ စောင့်မအိပ်နိုင်ဘူးပေါ့ ) ။ အဆောင်က တစ်ည ၂ ယောက် သွားစောင့်အိပ်ပါတယ် အဆောင်က အစ်ကိုကြီးတွေက ညှိထားတာ မင်းတို့ မင်္သကာတာတွေ့တာနဲ့ အော်လိုက် အဆောင်က လူတွေ အားလုံးလိုက်ခဲ့မယ်ပေါ့ ဒုတိယ ညကျတော့ သူခိုး သူခိုးဆိုတဲ့ အသံတွေ ကြားလိုက်တယ် ည ၁၁ ကျော်ကျော်လောက်တော့ရှိမယ်ထင်တယ် ကျနော်ကတော့ အိပ်နေပါပြီ အိပ်မှုန်စုန်ဖွားနဲ့ အဆောင်က လူတွေ ပြေးလိုက်ကြတာကို ကျနော့်မှာ အူလည်လည်နဲ့ ကိုယ့်လို သတ်တိကောင်းတဲ့သူငယ်ချင်းတစ်ယောက်ကလည်း ကိုယ့်အနားမှာရှိနေသေး ။ လိုက်သွားရင်လည်း အဲ့သူခိုးဆိုတဲ့ လူနဲ့ ပက်ပင်းကြီးတိုးရင် ငါတော့ကားပြီး ကျန်ခဲ့ပြန်ရင်လည်း အဲ့သူခိုးက ဒီထဲပြေးလာရင် ဘယ်လိုလုပ်မတုန်း အုတ်ခဲ တစ်ယောက်တစ်လုံးကိုင် အဆောင်က လူတွေနောက်ပြေးလိုက်ကြတာ အဆောင်နောက်မှာ ကျွဲကော်ပင်စိုက်ဖို့ တူးထားတဲ့ တွင်းတွေက တော်တော်များပါတယ် ပါးစပ်ကသာ “ သူခိုးဟေ့ သူခိုး ” ဆိုပြီးအော်နေတယ် ကျနော်တို့ ၂ယောက်ကတော့ အဲ့တွင်းတွေထဲ ပြုတ်ကျနေတာဆိုတာ တစ်တွင်းပြီးတစ်တွင်း မောလည်းမော ကြောက်လည်းကြောက် ကိုယ့်အဖြစ် ကိုယ် သဘောတွေကျလို့ အူတက်အောင် ရယ်ရတဲ့ သူခိုးဖမ်းပွဲ အမှတ်တရပေါ့ ။

အဆောင်နေကျောင်းသား ဘ၀က တကယ်ကို အမှတ်တရတွေများခဲ့တာပါ အခုသတင်းတွေ ပြန်ကြားတာ တစ်ချို့သူငယ်ချင်းတွေက ကျောင်းမှာ ဆရာ/မ ပြန်လုပ်တဲ့သူတွေ ။ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့သူတွေ အဆောင်နားက လပေးစားတဲ့ ထမင်းဆိုင်က အစ်မကြီးနဲ့ ညားလို့ ကျောင်းပြီးတာနဲ့ ဆိုင်ပြန်ဖွင့်ထားတဲ့ သူငယ်ချင်း တစ်ယောက် တစ်နေရာမှာ တစ်ယောက်တစ်မျိုးဆီနဲ့ ဘ၀ကိုဖြတ်သန်းနေကြလေရဲ့ ကျနော်ထင်ပါတယ် သူတို့အတွေးထဲ အဆောင်ကျောင်းသား ဘ၀ကိုပြန်တွေးတိုင်း ကျနော့်လိုပဲ ပြုံးမိကြလိမ့်မယ်ဆိုတား) ။


P>S = စာလည်းတော်တော် ရှည်သွားပြီ နောက်များကြုံရင်ဆက်သေးတာပေါ့ အားလုံးကျေးဇူးပါ ခင်ဗျာ ။

Saturday, June 18, 2011

ခရီးတို

စာလည်းမရေးဖြစ် ဘယ်လို ညှစ်ထုတ်ထုတ် ဘာစာမှမထွက်လာတော့ ဓာတ်ပုံတွေနဲ့ နှိပ်စက်လိုက်ပါတယ်း) နေ့လည်က ဘော့စ်တို့မိသားစုနဲ့အတူ မဲဆောက်အစွန်က ရေတံခွန်ဘက်အလည်သွားဖြစ်ပါတယ် မိုးတွေကတော်တော်ရွာနေတာ ။ ကိုယ့်အတွက်တော့ အပြင် သဘာဝရှု့ခင်းတွေ မမြင်ရတာတော်တော်ကြာပါပြီး တောတွေတောင်တွေ သစ်ပင်စိမ်းစိမ်းတွေ လယ်ကွင်းပြင်တွေ ကျေးလက်ရှု့ခင်းလေးတွေ မြင်လိုက်ရတာ တကယ်ပဲ စိတ်ထဲ လန်းဆန်းသွားတာပါပဲ ။

ဟိုရောက်တော့ ကရင်တိုင်းရင်းသားလေးတွေ ဘာအကလည်းတော့မသိ ကနေကြတာ ခဏကြည့်ဖြစ်ကြသေးတယ် ထိုင်းကျောင်းနေကြတဲ့ မြန်မာပြည်က တိုင်းရင်းသားလေးတွေပေါ့ ချစ်စရာလေးတွေပါ သူတို့ကနေတာကိုကြည့်နေတာ အစကတော့ မထူးဆန်းဖူးပေါ့ နောက်မှ ကြိုးလေးတွေချည်ပြသွားတာ စိတ်ဝင်စားစရာ ။ ဓာတ်ပုံလေးရိုက်ဖြစ်ခဲ့တယ်။

သူတို့စစထွက်ခြင်း ကတဲ့ပုံစံလေးပါ ။
ထိပ်ပိုင်းမှာကြိုးက တစ်စထဲပါ အဲ့တာကို ကရင်းကြိုးတွေ ခွဲထုတ်သွားတာမျိုးလေးတွေ လုပ်သွားတယ် ပထမ ၂ စ နောက်တော့ ၄ စ နောက်တော့ ၈စ အဲ့လိုလေးတွေ စိတ်ဝင်စားစရာတော့ကောင်းသား ။


နောက်ဆုံးကျ ကြိုးကိုပြန်ဖြည်သွားတာလေးပါ ဓာတ်ပုံကို ကြိုးစားပန်းစာရိုက်နေတဲ့သူကတော့ ကျနော်တို့ကို စာလာသင်ပေးနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ သူလည်း တော်တော် ပျော်သွားတယ် ပြောတယ် ။

ဒီကောင်က ဘယ်သူလည်းမသိပါဘူး တွေ့လို့ရိုက်ခဲ့တာ ခေါင်းကို ၃ ချက်း)

ခရီတိုလေးပါ ပို့စ်အသစ်တင်ချင်လို့သာတင်လိုက်တာ ဘာမှန်းကိုမသိဘူး တစ်ခါတလေတော့ ဒါမျိုးလေးတွေရေးခွင့်ပြုပါ ။





Monday, June 13, 2011

မိုးသံ၊ ချည်တိုင် နဲ့ ခလောက်သံ

ခလောက် ဒီပုံကို ပေါ်အောင် ကျနော် ဘယ်လိုပြောရပါ့မလဲ ဆွဲလည်းမဆွဲပြတတ်ဘူးး) ၀ါးဘိုးဝါးနဲ့လုပ်ထားတာလေးပါ အထဲမှာတော့ ၀ါးစံသေးသေးလေးတွေနဲ့ ကျနော်တို့လို ကျွဲ ၊ နွားပိုင်တဲ့သူတွေအတွက်တော့ သူက မရှိမဖြစ်အရာတစ်ခုပါ ။ ခလောက်ကိုတော့ ခေါင်နွားတွေကို ဆွဲပေးတာများတယ် စကားပုံလေးတောင်ရှိတယ်မှတ်လား ခေါင်နွားမကောင်းတော့ နောက်နွားလည်း လမ်းဖြောင့်ဖြောင့်မသွားဘူးဆိုတာလေး နွားကျောင်းဖုးတော့သိတယ် နွားအုပ်တစ်အုပ်မှာ အဓိက က ခေါင်နွားပါပဲ ဘယ်တော့ဖြစ်ဖြစ် သူက ရှေ့က ဦးဆောင်တာများတယ် ကျန်တဲ့ နွားတွေက သူ့နောက်က လိုက်ပေါ့ ။ ကျနော်တို့ အရပ်ဖက်မှာ မိုးတွင်းဆို ကွင်းဘက်က နွားတွေအတွက် စားကျက်တွေမရှိတော့ဘူး အဲ့တော့ ကုန်းပိုင်းဘက်က နွားရှင်တွေဆီ နွားငှားကျောင်းကြတယ် ။ တစ်ကောင်ကို တစ်မိုးတွင်း စပါးတင်းဘယ်လောက်ဆိုသလိုမျိုးနဲ့ပေါ့ ။

ကျနော်တို့အိမ်မှာက အိမ်နွားက နည်းနည်း အဲ့တာကြောင့် ထပ်ဖြည့်ပြီး ငှားနွားပါ ထည့်ကျောင်းပါတယ် ။ အမေက နွားကျောင်းက အဓိကမဟုတ်ပဲ စိုက်ပျိုးရေးပါ လုပ်တာဆိုတော့ မြေသြဇာ နွားချေးကိုလိုချင်လို့ နွားငှားကျောင်းတာများပါတယ် ။ အငယ်လေးတုန်းကတော့ နွားကျောင်းကို အပျော်လိုက်တာပဲများပြီး ဟုတ်တိ ပတ်တိလည်းမကျောင်းဖြစ်ပါဘူး ယောင်နေတာကများတယ် အဓိက ကမိုးတွင်းမှာ ရေပြင်ဖွေးဖွေးမှာ ခရုကောက် ရေကူးချင်တာကြောင့်လည်းပါတာပေါ့ ။ နွားကျောင်းရတာ တစ်ခါခါ တော်တော်ပျော်စရာကောင်းပြီး တစ်ခါခါတော့ တကယ်ကိုစိတ်ညစ်စရာပါ ။

ခလောက်က ရွာမှာတော့ တေသံသာပေါ့ အိမ်တိုင်း နွားရှိကြတော့ ရွာက ကွင်းစပ်မှာ ခလောက်သံလေးတွေက ဆူညံ့လို့ ။ ခလောက်က ကြာလေ အသံကောင်းလေပါ ၀ါးက စိုနေရင် အသံသိပ်မထွက်သေးဘူး ခြောက်လေ ပိုအသံထွက်လေပါ ။ တစ်ချို့သိပ်ဆိုးတဲ့နွားတွေ ဆိုရင် ဒေါက်ဆိုတာ တပ်ရပါသေးတယ် တစ်တောင်လောက်ရှိတဲ့ ၀ါးပိုင်းလေး သူ့လည်ပင်းမှာ ဆွဲထားလိုက်တာမျိုး အဲ့တာဆို သူပြေးချင်တိုင်းပြေးမရတော့ဘူး ညိနေတာကများတယ် ။နွားပျောက်တဲ့ အခါ နွားခြေရာကွက်ရှာရတာ နောက်တော့ ခလောက်သံနားထောင်ပြီး နားစွင့်ရှာရတာမျိုးတွေဟာလည်း စိတ်လှုပ်ရှားစရာပါ ။ နေရောင်တော်တော် တောက်ပြီဆိုရင် နွားလွှတ်ပြီး နေလုံးကြီးက နီရဲ လိမ်မော်ရောင်သမ်းလာရင်တော့ ဒါဟာ နွားသွင်းချိန်ပေါ့ ။

တစ်ချို့နွားတွေက သိပ်မုန်းစရာကောင်းတာပါ ပါးသလားမမေးနဲ့ လူသံကြားရင် သူတို့က ငြိမ်နေတတ်တယ် ခလောက်သံမကြားတော့ ကိုယ်က ဘယ်ရှာတွေ့တော့မတုန်း သူများအကွက် ( သီးပင် စားပင် စိုက်ခင်းတွေပါ) ၀င်စားမှာလည်းကြောက်တယ် ရိုက်ခံထိမှာကိုးး။ မှတ်မိသေးတယ် ခလေးဆိုတော့ ခြံရှင်က ဆဲဆိုတတ်ပါတယ် တစ်ခါကဆို နွား အကောင်၂၀ လောက် တစ်အုပ်လုံးက သူများချဉ်ပေါင်ခင်းထဲ ၀င်တုတ်နေလိုက်တာများ ပန်းခင်းထဲရောက်တဲ့ အပျိုမလေးတွေကျနေတာပဲ ပျော်လို့ ရွှင်လို့ ခြံရှင်မသိအောင် ကိုယ်က အမြန်မောင်းမှ သူတို့က တစ်ခါတည်း ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀လုပ်ပြီး တစ်ကွင်းလုံးပြေးနေလိုက်တာဆိုတာမျိုး ချဉ်ပေါင်တစ်ခင်လုံး ပြုံန်းလို့ပေါ့ ခြံရှင်ကလည်းဆဲလိုက်တာဆိုတာများ ကျနော့်မှာ ကြောက်လည်းကြောက် ဘာမှလည်းမလုပ်ရဲတော့ပါဘူး ခမောက်လေးဆောင်း မိုးတွေကလည်းမိ နှုတ်ခမ်းတွေကလည်းပြာပြီး ဒီတိုင်းပဲ ရပ်နေမိတော့တယ် ခြံရှင်က ကိုယ့်ကို ရိုက်မယ်နှက်မယ် တကဲကဲပေါ့ ။

သတင်းကြားတဲ့ အမေက အပြေးလေးရောက်လာပြီး တောင်းပန် ပြီးတော့ အလျောပေးပါ့မယ် ပြောရတာ။ အဲ့တုန်းက တကယ်ကို စိတ်ပျက်မိသွားတာပါ အမေ့ကိုလည်းသနားတယ် ပြီးတော့ ပိုပြသနာတက်တာက ခြံရှင်က ကိုယ့်ကို နွားကျောင်းသားလေးထင်ပြီး “မိမဆုံးမ ဖမဆုံးမ သားသမီးတွေ” အဲ့လိုပြောတော့ အမေ့ဒေါသက အထွဋ်အထိပ်ကိုရောက်သွားတာ ဘာမပြော ညာမပြောနဲ့ ချဉ်ပေါင်ခင်းထဲ ခြံရှင် အဒေါ်ကြီးနဲ့ အမေ နပန်းတွေ လုံးကြတာ မိုးရေတောထဲ လူးလို့ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင် အမေ့ကိုလည်း သနားနဲ့ မိုရေကြီးထဲ အကြာကြီး ထိုင်ငိုပစ်လိုက်တာ လည်ချောင်းတွေပါ နာလို့ ညကျ ကျနော်ဖျားပါလေကော ။ တေးထားတာ ဘာမှမသိတဲ့ နွားတွေဆိုပေမယ့်လည်း ခလေးစိတ်နဲ့ဆိုတော့ ဘာမှန်းမသိပဲ အူလည်လည်လုပ်နေတဲ့ သူတို့ပုံတွေက ကျနော့်ကိုများ လှောင်နေသလိုလို နေ့မွန်းမတည့်ခင်လေး ခြံဝင်းထဲမှာ လှုပ်၂ရွ၂ ဖြစ်နေတဲ့ သူတို့ကို တုတ်ကြီးကြီးတစ်ချောင်းကိုင်လို့ ” ပြေးအုံးကွာ ပြေးအုံးကွာ ” ဆိုပြီး အကောင်စေ့လိုက်ရိုက်ပစ်လိုက်တာ ငရဲကြီးလည်းမတတ်နိုင် အဲ့တော့မှ ကျနော့်စိတ်ပြေတော့တယ် ။

နွားတွေကို နာမည်ပေးတာကလည်း ရွာမှာ သူ့နဲ့ငါ အပြိုင်အဆိုင်ပေါ့ အိမ်က ခိုင်းနွားလှလှနှစ်ကောင်ကို အဘပေးထားတဲ့ နာမည်က ဝေသာလီ နဲ့ မိုးမှောင် တဲ့ ။ နွားအိုမ ကြီးတွေဆိုရင် နွားအိုမ အဖြူစွတ်စွတ်ဆိုရင် နွားဖြူမ တစ်ခါတလေဆို ဖိုးချစ်တို့ ပါလိုက်သေး မင်းသမီးနာမည်တွေလည်းရှိသေးတယ် နန်ဒါလှိုင် တို့ ဂျက်မ ဘိုမ တို့ပေါ့ ။ နွားကျောင်းသားတွေအတွက် စိတ်အညစ်ရဆုံးအချိန်ကတော့ သူတို့ရည်းစားထားတဲ့ အချိန်ပါ မာနကြီးကြီး ကောင်မလေးတစ်ယောက်ကို ခပ်ဆိုးဆိုး လူပျိုတစ်သိုက် အပြေးလိုက်ကြသလိုပေါ့ အဲ့ဒီအချိန်တော့ လိုက်မနေပါနဲ့ မောရုံပဲ အဖက်တင်တယ် နွားပျိုမလေးက အရှေ့ကပြေးရင် အနောက်က နွားထီး ၁၀ ကောင်လိုက်က လိုက်ကြတာများဆိုတာ အားပါးပါး လက်လန်တယ် ...သံဝေဂ ရစရာ အော် သူတို့အချစ်ပေါ့း) ။ တစ်ချို့နွားတွေက ခြံခုန်တာပါ အဲ့အချိန် တကယ်ကို ဆပ်ကပ်ကြည့်ရသလိုပါပဲ ။

အိမ်မွေးခြံပေါက် နွားကလေးတွေဆို ပိုင်ရှင်တွေက ပိုချစ်ကြတယ် နွားထီးလေးကျရင် ပိုပျော်ကြတယ် အမွှေးလေးက ဆွတ်ဆွတ် ခြေထောက်လေးတွေက နုနုနဲ့ သွားမပေါက်သေးတဲ့ နွားပေါက်စလေးတွေက သိပ်ချစ်စရာကောင်းတာပါ ။ စီးပွားရေး အဆင်မပြေတဲ့နှစ် ခြံပေါက်နွားလေးတွေကို ရောင်းရပြီဆို ၀ယ်သူက ပိုက်ဆံထုတ်နဲ့ လာတာနဲ့ ကျနော်တို့ မောင်နှမတွေက ချောင်တစ်ချောင်မှာ မျက်ရည်တွေကျလို့ ကိုယ့်ခလေး သူများမွေးစားဖို့ပေးလိုက်ရသလိုပါပဲ ။ဒီလို မိုးနံ့သင်းရင် ရွာမှာ နွားကျောင်းတွေပိုများလာပြီ ။ ရွာကိုလွမ်းတဲ့ သူတွေကို တစ်ချို့ကျ စကြတာ မိုးသံကြားရင် ချည်တိုင်ကို လွမ်းတယ်တဲ့ အဟုတ်ပါ မိုးရွာတာမြင်ရင် ရွာက ရဲမှည့်နေမယ့် သပြေပင်ကြီးကိုလည်း လွမ်းတယ် ရေပြင်ဖွေးဖွေးကိုလည်း လွမ်းတယ် ။ မိုးလေတိုးသံနဲ့ ယိမ်းနွဲ့နေတဲ့ တောရိုင်းသစ်ပင်အုပ်အုပ်တွေကိုလည်း လွမ်းတယ် စောင်ခြုံထဲကွေး အမေ့နားတိုးကပ် အမေ့ကိုယ်ငွေ့နဲ့ နွေးခဲ့တဲ့ မိုးနေ့တွေကိုလည်း လွမ်းတယ် ခလောက်သံလေးတွေကလည်း လွမ်းစရာပါ ။

ဟုတ်ပါ့ တကယ်ကို မိုးသံကြားတော့ ကျနော်တို့လည်း ချည်တိုင်ကို လွမ်းပါတယ် ။



Wednesday, June 8, 2011

ညီနောင်

မနေ့က အင်တာဗျူးလေးတစ်ခု နားထောင်ရင်း အဲ့ဒီ ညီအစ်ကိုပြောတဲ့စကားလေး တော်တော် သဘောကျသွားတယ် ။ “ ကျနော့်မှာ ဒီညီလေးပဲရှိတာ သူ့ကိုမချစ်လို့ ကျနော်က ဘယ်သူ့သွားချစ်ရမတုန်းဗျ ” ပြောတဲ့သူကလည်း ပြုံးပြုံးလေး သူ့ညီလေးကတော့ ပီတီမျက်နှာလေးနဲ့ ပရိတ်သတ်တွေက သဘောကျ လက်ခုပ်တွေတီးလို့ ။ ကျနော် ပြန်တွေးကြည့်လိုက်မိတယ် ကျနော့်အစ်ကိုတွေကကော ကျနော့်ကို ဒီလိုမျိုး ချစ်ချင် ချစ်နေနိုင်တာပဲပေါ့ ( ဒီလိုကျနော် မသေချာမရေရာရေးနေမိပေမယ့် ကျနော့်မသိစိတ်ထဲကနေ သိနေတာက အစ်ကိုတွေ ကျနော့်ကို တကယ်ချစ်တယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်လျှက်ပါ ) ။

ဒီအရွယ်လေးရောက်တော့ “ ကျနော် ခလေးမဟုတ်တော့ပါဘူး ရတယ် ကျနော့်ကိုယ် ကျနော်ထိန်းနိုင်တယ် ” သူတို့ကိုပြန်ပြန်ပြောမိတိုင်း သူတို့တိတ်ဆိတ်သွားတတ်ပါတယ် ။ မိဘတွေက ကိုယ့်သားသမီးတွေကို ဘယ်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ခလေးလို့ပဲ စိတ်ထဲ ထင်နေတတ်တယ်ဆိုရင် အစ်ကိုတွေဟာလည်း ကျနော့်ကို ခုချိန်ထိ ၁၀ နှစ်မကျော်သေးတဲ့ သူတို့ရဲ့ ညီပေါက်စလေးလို့ ထင်နေကြတာ ဖြစ်ဖို့များတယ် ။ ကျနော်ဟာလည်း အပြင်မှာသာ ကိုယ့်အလုပ်လေးနဲ့ကိုယ်မို့ မနည်းလူကြီးမဆန် ဆန်အောင် နေနေရပေမယ့် အိမ်ပြန် ညီအစ်ကိုတွေဆုံတဲ့ အခါကျ အစ်ကိုတွေ ဂုတ်ပိုးတက်စီးလိုက် တူလေးတွေက သူတို့ အဖေ နားကပ်ရင် “ ဒါ ငါ့အစ်ကို ၀ါးဟားဟား ” ခလေးတွေနဲ့အပြိုင် ခလေးဆိုးကြီးလုပ်တော့ ကျနော်တို့ အိမ်က ဆူညံ့နေတတ်ပါတယ် ။

“မေ့ ...... တွေ့လား အမေ့သား အဲ့လိုသတင်းတွေထွက်ပြန်ပြီဆို သားစိတ်ညစ်တယ် ” ။“ မသိဘူး သူ့အကြောင်းကျနော့် လာမမေးနဲ့ ” တစ်ခါခါ စိတ်တိုရင် အဲ့လို ဘုတောတတ်ပါတယ် ။ဒါပေမယ့် ဘယ်လိုပဲ ဘုတောတော လက်ကျဲကြီးကိုတော့ ကျနော်ကြောက်ပါတယ် ။ အစ်ကိုငယ် နဲ့ဆိုရင်သာ အစ်ကိုတို့က ဘာဖြစ်တယ် ညာဖြစ်တယ် ဂျစ်ကန်ကန်ပြန်ပြောတတ်ပေမယ့် အစ်ကိုကြီး ( ကျနော်တို့မောင်နှမတွေ နစ်နိမ်းပေးထားတာက လက်ကျဲကြီးပါ သူ့လက်စာမိရင်တော့ အနည်းဆုံး ဖူးယောင်ပါတယ် ) ကိုဆိုရင်တော့ ပြန်မပြောရဲပါဘူး ။အစ်မတွေက ပြောမဆိုမရဖြစ်ပြီဆိုရင်တော့ နင်တော့ လက်ကျဲကြီးနဲ့မှ တန်တာတဲ့ ။ သူ့ကို စိတ်တို စိတ်ဆိုးစရာတွေရှိပေမယ့်လည်း ကိုယ်လမ်းမှားတော့မယ်ဆို သူကတော့ အကြီးပီပီ ဟန့်တားတတ်ပါတယ် မီးနဲ့ဝေးတဲ့ မီးဝေးချိတ်လေး ကျနော်ဟာလည်း သူနဲ့ဝေးတော့သာ ဟောင်ဖွာ ဟောင်ဖွာ ထောင်ထောင် ထောင်ထောင် ဖြစ်တတ်ပေမယ့် သူ့အနားရောက်တော့ အမှီးလေးကုတ် ပြားပြားဝပ်ပေါ့ ။

ဖုန်းမှာ သူ့နံပါတ် ပေါ်ကတည်းက လူက ခပ်လန့်လန့် ငါတော့ နာတော့မယ်ပေါ့ ။ “ အငယ်ကောင်...မင်းက ဘယ်လိုတွေဖြစ်နေတာလဲ ငါကြားနေရတဲ့ သတင်းတွေ သိပ်မကောင်းဘူးကော ” အဲ့လိုဆိုရင်တော့ “ သား..... အဲ့လိုမလုပ်ပါဘူး မဟုတ်ဘူးဆို ဘာမှတောင်မလုပ်ရသေးဘူး ဟုတ်ကဲ့ ဟုတ် ဟုတ် ” တဟုတ်ဟုတ်နဲ့ စိတ်က ကောက်ချင်ပြီး ငါလုပ်ခါနီးကျ သူ အမြဲပဲ ရှေ့ကရောက်လာပြီ အမေက ဘာလို့များ သူ့ကို အရင်ဆုံးမွေးလိုက်တာလဲမသိ ။ တစ်ခုတော့လည်းကောင်းသား မိသားစုမှာ အဲ့လိုလေး ကြောက်ရမယ့်လူလေးရှိလို့ တော်သေးတာပေါ့ ။ သူတားတဲ့ လမ်းတွေဟာလည်း ကိုယ့်အတွက်ဆိုတာ အချိန်တွေ ကြာလာတာနဲ့ အမျှ သိသိလာတယ် ဒါဟာ အစ်ကိုတစ်ယောက်၇ဲ့ ချစ်ခြင်းတွေက ညီတစ်ယောက်အပေါ်မှာ စစ်မှန်တဲ့ အတွက်လို့ ကျနော် ယုံကြည်ပါတယ် ။

အငယ်လေးတုန်းက မှတ်မိသေးတယ် ကျနော်က အရင်ကတည်းက တကယ့်ငပိန်လေးပါ ဒါကြောင့် ရွာမှာ ခလေးချင်းရန်ဖြစ်ရင် အမြဲ ခံရတယ် အဲ့အချိန်ကျ ကျနော့်ရဲ့ သူရဲကောင်းဟာ ကိုငယ်ပါပဲ သူက အကောင်ကျစ်ကျစ် မဲမဲနဲ့ တော်တော်မာတယ် ။ကျနော်က အသံကတော်တော်ပြဲပါတယ် ပြဲဆို ပါးစပ်ကလည်း ကျယ်တာကိုး ၇ ခြံကျော်လောက်တည်းက ငိုတဲ့ အသံဟာ အိမ်ရောက်တော့ တော်တော်ကို စပီကာကျယ်နေပြီ “ အားမေဂျီးရေးးး သားကို ဟိုကောင်တွေ ညီအစ်ကို ၀ိုင်းထိုးတယ်ဗျ ” အမေကတော့ ကျနော့်အကြောင်းသိလို့ “ တော်စမ်းပါဟယ် နင်ဟာတော့လေ မီးထုတ် ပြသနာကို တော်တော်ရှာတယ် မောင်ပို တိတ်တိတ် အိမ်မှာ ကစားဆိုတော့မကစားပဲနဲ့ ” အမေက အဲ့လိုပြောတုန်းရှိသေးတယ် ကျနော်အစ်ကို ငတပ်ပုလေးက လေးခွတစ်ချောင်းကိုင်လို့ ကျနော့်ကို အနိုင်ကျင့်လိုက်တဲ့ ကောင်တွေကို သွားဆော်တာပေါ့ သူများခလေး နှာဖူးပေါက်လို့ ဆေးဖိုး လျှော်ရ အပြောခံရတော့ အမေပဲ ။ အမေရိုက်လည်း အစ်ကိုကတော့ပေပြီးခံတာ လုံးဝမငို သူက လမ်းကြုံရင်ပြောတတ်သေးတယ် “ ငါ့ညီကို နောက်တစ်ခါထိလို့ကတော့ မင်းတို့သေမယ်” တဲ့ သူကတော့ ကျနော့်အတွက် တံတိုင်းတစ်ခုပါ ။ ခုထိ စကားပြောတိုင်း “ ငါ့ညီ ငါ့ညီဆိုတာ သူ့ပါးစပ်ဖျားမှာ အမြဲဝဲနေတတ်ပေမယ့် ကိုယ်ကတော့ ဂျစ်ကန်ကန် “ အစ်ကိုတို့လည်းဗျာာာ” အဲ့လို ပြန်ပက် လူပါးတော်တော်ဝတတ်နေပြီ ။


အသက်ကလေးတွေ ရလာတော့ အနေတွေလည်း တော်တော် ဝေးသွားကြတယ် သူတို့လည်း သူ့မိသားစုအရေးသူတို့ရုန်း သူ့ဘ၀သူကျောင်း ကိုယ်လည်း ကိုယ့်လမ်းကိုယ်လျှောက်လို့ပေါ့ ။ ဘေးလူတွေကတော့ စကားစပ်မိတိုင်း ကျနော့်ကိုပြန်ပြန်ပြောပြတတ်တယ် “ မင်းက ကံကောင်းတာပဲ မင်းအစ်ကိုတွေက မင်းကို တော်တော်ချစ်ကြတယ် ” တဲ့ ။ စိတ်ရှုပ်တတ်တဲ့ ကိုယ့်ဆီကို စိတ်ညစ်စရာတွေ မပြောပဲ သူတို့ပါသာဖြေရှင်းတတ်ပေမယ့် ကျနော်အဆင်ပြေရဲ့လားဆိုတာတော့ သူတို့တွေ ကျနော်နဲ့ နီးစပ်ရာကို အမြဲစုံစမ်းနေတတ်ပါတယ် ။“ ငါ့ညီလေး သတင်းကော ကြားသေးလား သူပျော်နေရဲ့လား အဆင်ပြေတယ်ဟုတ် ” ၊ “ အငယ်ကောင် တစ်ယောက်ကော တွေ့သေးလား အေးအေး ၀ိုင်းဂရုစိုက်ပေးပါအုံးကွာ ” ဒါက အသိတွေနဲ့တွေ့တိုင်း သူတို့တွေ မှာတဲ့စကား ကျနော် တစ်ဆင့်ပြန်ကြားရတာပေါ့ ကြားရတိုင်းလည်း ကြည်နူးမိတယ် ။ ကျနော့် ဘ၀မှာ အစ်ကိုတွေရှိနေတယ်ဆိုတဲ့အသိလေးနဲ့တင် ဘာမှန်းမသိတဲ့ နေရာလေးတစ်ခုမှာ လုံခြုံနွေးထွေးနေသလိုပါပဲ သူတို့ဟာ ကျနော့်အတွက်တော့ အဆင်သင့် ညီနောင် ၂ ဦးပေါ့ ကျနော်လည်း သူတို့ကို ချစ်ပါရဲ့ ဒါပေမယ့် စကားပြောတိုင်း “ အစ်ကိုကလည်းဗျာာာ ” ၊ “ သား...မလုပ်ပါဘူးဆိုဗျာာာ” သံရှည်ကြီးစွဲလို့ ဂျစ်တစ်တစ်ပြောတုန်းပါပဲ ။



Monday, June 6, 2011

အရှုပ်ထဲမှာရှင်းအောင်နေ

ဒီရက်ပိုင်း စာမရေးဖြစ်ဘူး ။ အရင်က ၂ ရက်တစ်ပုဒ်လောက်ရေးနေပြီး ခုကျ တော်တော် ငြိမ်နေလို့ ခင်တဲ့သူငယ်ချင်းတွေက စာမရေးဘူးလားမေးကြတယ် ။ ပျင်းလို့ပါ ဘာရေးရမှန်းလည်းမသိ အရင်ကလိုလည်း ကုန်ကြမ်းလည်းရှာမရ ။အရှုပ်တွေလုပ်နေတယ်ရယ်လည်းမဟုတ် သားနဲ့မယားနဲ့လည်းမဟုတ်ပဲ ဘာတွေ ရှုပ်လို့ရှုပ်နေမှန်းကိုမသိတော့ပါဘူး မနက်ကျ အလုပ်ဆင်း ညနေကျ သင်တန်းပြေး လောလော နဲ့ပဲ ညရောက်ပြန်တော့ တီဗွင်္ီလေးလည်းကြည့်ချင်သေးတယ် ။ ဘလော့ကြွေးတွေလည်းရှိသေးတယ် ကိုယ်သာမတင်ဖြစ်တာ တင်ဖြစ်တဲ့ ဘလော့တွေ သွားဖတ်ပြီး ပွားခဲ့ချင်သေးတယ် ။ အဲ့တာနဲ့ပဲ အချိန်တွေက ကုန်မှန်းမသိ ကုန်ကုန်သွားကော ။

အခုတလော စိတ်လည်းမကြည်ပါဘူး လူမှုရေးတွေမှာလည်း အမှားများသလိုလို အလုပ်တွေကလည်း ပိလာသလိုလို လွဲတာတွေလည်းရှိတာပေါ့လေ အဲ့တော့ ဘုရားတရားဘက် ရောက်သွားကော ။ အဟုတ်ပါ ကျနော့်စိတ်တွေ ပင်ပန်းလာပြီဆို စိတ်အဟာရဖြစ်မယ့် စာအုပ်လေးတွေဖတ်ချင်ပါတယ် ကိုယ့်အနားမှာ တရားလေးနာနေရသလိုပဲ အခု ကျနော်ဖတ်ဖြစ်နေတဲ့ စာအုပ်လေးက ဆရာတော်ဦးဇောတိက ရဲ့ “ အရှုပ်ထဲမှာ ရှင်းအောင်နေ” တဲ့ ခေါင်းစဉ်လေးကလည်း ရှင်းရှင်းလေးပါ သိပ်ကောင်းတဲ့ စာအုပ်လေး အထဲမှာလည်း ကိုယ့်အဖြစ်တွေကိုပဲ တိုက်ရိုက်ပြောနေသလားထင်ရအောင် စာသားတွေက ရှင်းလင်းပြတ်သားနေတာပါပဲ ။

ဘုရားတရားမလုပ်ဖြစ်တာတော်တော်ကြာပြီး စိတ်တွေပင်ပန်းတိုင်း စိတ်တွေ နောက်ကျိနေတိုင်း သူငယ်ချင်းတွေကိုပြောပြမိတော့ တရားထိုင်ဖို့ အားပေးတတ်ပါတယ် အထူးသဖြင့် သူငယ်ချင်းနေ၀သန် ။ ဒီစာအုပ်လေးထဲမှာလည်း ဆရာတော်က အဓိက ပြောထားတာ အလုပ်တွေ ဘယ်လောက်များတယ်ဆိုဆို အချိန်မပေးနိုင်ဘူးပဲပြောပြော တရားကို တစ်နေ့ နိုင်သလောက်လေး ဆယ်မိနစ်ဖြစ်ဖြစ် ငါးမိနစ်ဖြစ်ဖြစ် လုပ်ကြပါလို့ တိုက်တွန်းဆုံးမထားတာတွေ့ရပါတယ် ။ ဒီဆရာတော်ကို ကျနော် အပြင်မှာ မဖူး ဘူးသေးပါဘူး သိပ်ဖူးချင်တာ သူ့စာတွေက တကယ်ပဲ ကိုယ့်အတွက် အဟာရပါပဲ ။

နည်းလမ်းရှာမှဖြစ်မယ် ..... ခေါင်းစဉ်လေးပါ အဲ့ထဲမှာ ကိုယ်ကြိုက်တဲ့စာစုလေး “ ဘယ်ကလာတယ်ဆိုတာ သိနေရုံနဲ့ မရဘူး ၊ ဘယ်နေရာရောက်နေတယ် ဆိုတာ သိရုံနဲ့လည်း မရသေးဘူး ။ ဘယ်ကိုသွားနေတယ်ဆိုတာကိုပါ သိမှရမယ် ။ ဘယ်လောက်မြန်မြန်သွားနေတယ်ဆိုတာကိုပါ သိမှရမယ်။ အနာဂါတ်ကို ကြိုမှန်းပြီးတော့ လက်ရှိမှာ ဘာကိုလုပ်သင့်တယ်ဆိုတာ စဉ်းစားရမယ် ” ။ နောက်ပြီး ဒီစာအုပ်မှာ ဆရာတော် တော်တော်များများပြောသွားတာက စိတ်အကြောင်း ကိုယ့်စိတ်ကို ကိုယ်သိဖို့ ပြီးတော့ ထိန်းတတ်ဖို့ ။ ပြီးတော့ အေးချမ်းအောင် နည်းလမ်းရှာဖို့ကို အဓိက ပြောပြသွားတာပါ “ စိတ်က ပူလောင်တဲ့အကျင့်များရင်လည်းပဲ အရှိန်ရပြီတော့ ပိုပိုပြီးတော့ ပူလောင်တယ် ။ ငြိမ်းချမ်းတဲ့အကျင့် များလာလို့ရှိရင်လည်းပဲ အရှိန်ရပြီးတော့ ပိုပိုပြီးတော့ ငြိမ်းချမ်းလာတတ်ပါတယ် ” တဲ့ ကောင်းလိုက်တဲ့ စာစုလေးတွေပါ ဆရာတော်က လူတွေရဲ့ စိတ်ကိုထိုးထွင်းမြင်နေရသလိုပါပဲ ။



တစ်ခါခါတော့ ကိုယ့်စိတ်တွေ ပင်ပန်းလာတိုင်း အရင်ဆုံးပြေးသတိရမိတာ ဘုရားပါပဲ ရှိသမျှ အင်အားတွေကုန်ခမ်းနေသလို နုံးချိနေရင်လည်း အကောင်းဆုံး အားဆေးဟာ တရားပါပဲ ။ ဘာသာရေးအကြောင်းတွေ သိပ်များများလည်းမသိလှပါဘူး ပြီးတော့ ဘာသာရေးနဲ့ ပက်သက်တွေကို ဆွေးနွေးငြင်းခုန်ရတဲ့အဖြစ်ကိုလည်း သိပ်မုန်းတာပါ အဲ့တာကြောင့် သူများကို ဆရာကြီးလိုလိုပြောမိမှာ အမှားပါသွားမှာလည်း ကြောက်ပါတယ် ။ ဒီစာအုပ်လေးကတော့ စာအုပ်ကောင်းလေးတစ်အုပ်မို့ဝေမျှလိုက်ပါတယ် စကားလုံးရှင်းရှင်းလေးတွေနဲ့ ဟောပြသွားပြီး အနှစ်ရှိတဲ့ စာအုပ်ကောင်းလေးပါ ။ဆရာတော်ရဲ့ စာအုပ်ကို ကျနော့်လို ပါးမွှားလေးက ပရီဗျူးဆန်ဆန် မ ရေးဝံ့တာကြောင့် စာအုပ်ကောင်းလေး အဖြစ်သာ ညွှန်ပြပါရစေခင်ဗျား ။ အားလုံးပဲ အရှုပ်ထဲမှာ ရှင်းအောင်နေနိုင်ကြပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ရွှင်လန်းကြပါစေခင်ဗျာ ။


Thursday, June 2, 2011

ချိုသောမာယာ

မာယာ ...သူအနက်က ဘာလဲ ဘာသဘောဆောင်တာလည်းတော့ ကိုယ်မသိ ဒါပေမယ့် ဒီလိုမာယာချိုချိုလေးတွေ ကိုယ့်အနားမြင်မြင်နေရတာလေး ခံစားမိတယ် ။ မာယာ တနည်း ဟန်ဆောင်ခြင်းရဲ့ ပြယုဂ်တစ်ခု ။ ဒီမာယာတွေကတော့ချိုပါတယ် ။

ရပ်ကွက်ထဲမှာ စမူဆာ၊ အီကြာကွေးရောင်းတဲ့ ကုလာမလင်မယားတစ်တွဲရှိတယ် သူ့ယောက်ျားက ညှပ်စိတဲ့ တရုတ်စပ်တယ် နာမည်နဲ့မလိုက်အောင် အကောင်ကထွားထွား အသားကဖြူဖြူ သူတို့လင်မယား အခေါ်ဝေါ်တွေ နားထောင်ကြည့်ရုံနဲ့ ဒီနေ့ ရာသီဥတုသာယာသလား မိုးသက်လေပြင်းကျချိန်တစ်နာရီ မိုင်ဘယ်လောက် သွားနိုင်သလဲဆိုတာ မှန်းလို့ရတယ် ။ ညှပ်စိ ရေ ...ဆိုရင် ဒါက နောမယ်ပဲ ယောက်ျားရေ ဆိုရင်တော့ ဒါ မကုလားမ ခိုင်းစရာတစ်ခုခုရှိလို့ သူ့ယောက်ျားကို ချွဲတာတာခေါ်လိုက်တဲ့ အသံ ။ ရပ်ကွက်ထဲမှာ မသာအိမ် ဖဲဝိုင်းရှိရင် သူ့ယောက်ကျားက ညည ခိုးခိုးသွားကစားပါတယ် တစ်ခါခါ ည ၁၂ နာရီကျော်ကျော်မှ ပြန်ရောက်လာရင် သူ့မိန်းမ ရဲ့ မုန်တိုင်းက ဆူနာမီထပ်ပြင်းတယ် “ သေခြင်းဆိုး ...တစ်ခါတည်း နင်ပါ သေလိုက်ပါတော့လားဟဲ့ မနက် စောစော စမူဆာထကြော်ရမှာ သိရဲ့သားနဲ့ မနက်ကျရင်တော့ မျက်လုံးကမပွင့်တော့ဘူး ဂျုံနယ်တော့လည်း ပျော့စိစိ မီးက မတောက် အဲ့တော့ မုန့်တွေပျက်ပြီ အကုသိုလ်ကောင်ကတော့လေ ငါ့ကို တစ်သက်လုံးပဲ နှိပ်စက်နေတော့တာပဲ ” ။ သူ့ယောက်ျားက ငအ ကြီးလို ဘာမှမပြောပဲ အိပ်ယာထဲ ၀င်အိပ်လိုက်တာပဲး) သူ့မိန်းမလည်း ဆဲလို့မောရင် အိပ်သွားကော ။

သူတို့အလုပ်က မနက် ၄ နာရီလောက် ထလုပ်ရပါတယ် ။ အဲ့တော့ မိန်းမဆိုတော့လည်း လောဘလေးတက်တာပေါ့လေ တစ်နေ့ အလုပ်ပျက်ရင် တစ်နေ့ ၀င်ငွေထိခိုက်တာဆိုတော့ သူ့တစ်ယောက်တည်းလည်း မလုပ်တတ်ဘူးဆိုတော့ ညက စိတ်ဆိုးထားပေမယ့် မနက်ကျ အပျော့ဆွဲလေးနဲ့ စနှိုးပါတယ် “ ယောက်ျား ယောက်ျား ထတော့ ထတော့ မုန့်လုပ်ရတော့မယ် ” ပြောလည်းပြော မီးတွေမွှေး ကြက်သွန်တွေ အာလူးတွေ သူ့ပါသာလှီးရင်နဲ့ ပါးစပ်ကလည်းနှိုးပေါ့ နာရီဝက်လောက်မှ မထရင်တော့ “ကာလနာ ဘယ်အချိန်ရှိပြီလဲ ” စိတ်မရှည်တော့တဲ့ မကုလားမ သူ့ယောက်ျားဖင်ကို မီးစကြီးနဲ့ ဆောင့်ထိုးထည့်လိုက်ပါလေကော ။ ခြေရင်းခေါင်းရင်း အိမ်တွေ လန့်နိုးတဲ့အထိ သူ့ယောက်ျားလည်း အလန့်တကြားနဲ့ ထအော် ။ နောက်နေ့ကျ မီးထိတဲ့ အနာသေးသေးလေးက အညှော်မိပြီး အနာဖြစ် ။ အဲ့အခါကျ သူကိုယ်တိုင်ပဲ သူ့ယောက်ျားကို ဆေးခန်းပို့ ဆေးလိမ်းပေးနဲ့ ဘေးကမြင်နေရတဲ့ ကိုယ်တွေကပဲ ရယ်ရတော့မလိုလို ငိုရတော့မလိုလိုနဲ့ ။

တစ်ခါက သူတို့လင်မယား ရန်ဖြစ်ကြပါတယ် ကိုယ်ကတော့ ကိုယ့်ပါသာ စာအုပ်တစ်အုပ်နဲ့ မသိဟန်ဆောင်နေလိုက်တယ် ကြား၃ကြားလည်း မ၀င်ရဲဘူးလေ သူတို့ရန်ဖြစ်တာလည်း ရိုးနေပြီဆိုတော့ အဆန်းလုပ်ပြီးတွေးမနေတော့ဘူး ရန်ပွဲက စစချင်းတော့ စလူုံးကို မိုးရှင်းလာတာပဲ နောက်ပိုင်းကျ ပြင်းအားကတော်တော် တက်လာတယ် မကုလားမက အဲ့အချိန်တုန်းက ကိုယ်ဝန်ကြီးနဲ့ပါ အစ်မကလည်း စကားပြောတာတွေ ပြင်းလာတယ် အဲ့တော့ ကိုညှပ်စိ လည်း နားငြီးတော့ လက်ဖက်ရည်ဆိုင်ဘက် ဘောလုံးပွဲ သွားကြည့်ဖို့ထွက်သွားပါတယ် အချိန်က ည ၁၁ နာရီလောက် လူခြေတိတ်ချိန် သာမာန်အချိန်မှာတောင် အသံတော်တော်ကျယ်တဲ့ မကုလားမ ကသူ့ယောက်ျား လက်ဖက်ရည်ဆိုင်မရောက်သေးဘူး “ ပြန်မလာနဲ့ **** ၊****၊ ” ပရိတွေရွတ်တာများ သရဲတွေပါ ထွက်ပြေးရမယ်း) စိတ်ရှည်တဲ့သူ့ယောက်ျားလည်း ဒေါသထွက်ပြီး လာပြေးရိုက်တော့မလို့ ပြေးအလား ကျနော်လည်း ဘာလုပ်ရမှန်းမသိ အမှန်လည်း မဆွဲတတ်ပါဘူး လင်မယားကြား ဆွဲရတာ ရှက်စရာကြီး တော်ကြာ တကယ်လုပ်လိုက်မှဖြစ် ဗိုက်ကြီးနဲ့ဆိုတော့ ဒုက်ခရောက်သွားမယ် ။ အိပ်နေတဲ့ ကျနော့် အစ်မကြီးကို သွားပြေးနှိုးတာ “ မကြီးရေ့ ဟိုမှာ သတ်ကုန်ပြီ သတ်နေပြီ ” ကျနော့်အစ်မလည်း အလန့်တကြားနဲ့ အိပ်ယာထဲကထ အပြေးသွားဆွဲတော့ သီသီကလေး လွတ်သွားတယ် တကယ်တော့ ကိုညှပ်စိက တကယ်ကိုချတော့မှာ လက်ထဲမှာ အုတ်ခဲကြီးနဲ့ ကြောက်စရာ ။ အဲ့တာကြောင့် အဲ့ အချစ်ဆိုတာကိုမယုံတာ ဒါက ကြော်ငြား) ။


နောက်နေ့တွေကျ သူတို့က ယောက်ျားရေ မိန်းမရေ နဲံ့ ကောင်းနေပြန်ကော ကျနော်တို့အိမ်မှာ ဟင်းမကောင်းတဲံ့နေ့ သူတို့အိမ်သွားစားတော့ ချည်ပြီးတုတ်ပြီးမေးရတာပေါ့ “ အစ်ကို့ အတွက် ဘာချက်လဲ အစ်မ ” လို့ဆိုရင် သူက ကြွားတာလည်းပါမှာပေါ့ “ နင်တို့ကိုကြိုက်တဲ့ ၀က်ကလီဇာလေးချက်ထားတယ် သူက ၀က်သားသိပ်ကြိုက်တော့ ကိုယ်မစားလည်း ချက်ပေးရတာပေါ့ ကိုယ့်ယောက်ျားမှတ်လား ချဉ်ပေါင်လေးနဲ့ ပုဇွန်ထုတ်ကြီးကြီးနဲ့ကြော်ထားလိုက်တယ် အအီပြေတာပေါ့ ပြီးတော့ မြင်းခွာရွက်သုတ်တယ် ” ။ ကိုယ့်အကြိုက်တွေကြီးပဲ “ ဒါဆို ကျနော်လည်း အစ်ကို့ကို စောင့်အုံးမှ အိမ်မှဟင်းမကောင်းဘူး ” အဲ့လိုဆိုရင်တော့ ကုလားမ မျက်နှာ အီလည်လည်ဖြစ်သွားကော ဘာမှမချက်ဖူးလို့လည်း သူညာလို့မရတော့ဘူးလေ ။


သူ့ယောက်ျားက မူးရင် တော်တော် အအိပ်ဆိုးပါတယ် အဲ့တော့ သူက ဧည့်သည်လာရင် သူ့ယောက်ျားကို သတိထားရတယ် ။ အိမ်နားက ခလေးတွေက “ ဒေါ်ကုလားမရေ့ ...ဦးညှပ်စိ တီဗွီတိုင်ထောင်နေပြီ ” ဆိုရင် ကုလာမတစ်ယောက်တော့ အိမ်ပြန်ပြီး သူ့ယောက်ျားကို ဖုံးဖိရပြီ ဒါဟာလည်း သူ့ရဲ့ ချစ်စရာကောင်းတဲ့ အကျင့်လေး ပြောပြော ဆဲဆဲ အစားကောင်းလေးတွေ့ရင်လည်း “ နင်တို့ကိုညှပ်စိ က သိပ်ကြိုက်တာ” ဆိုပြီး ၀ယ်သွားတာမျိုး ။ “တို့အိမ်က ဟာကတော့လေ ပုဆိုးဆို ဦးဂျမ်းမှ ၀တ်တာ ဒီ့ပြင်ဟာတွေဝတ်ရင် ယားလို့တဲ့ ” ဒါကတော့ ရပ်ကွက်ထဲက မိန်းမတွေ နေ့ခင်းပိုင်းစကားဝိုင်းမှာ မသိမသာကြွားနည်းတစ်မျိုးပဲ ။ သူ့ခလေးလေးမွေးတော့ ခလေးက ဖြူဖြူဖွေးဖွေးနဲ့ချစ်စရာလေး သူက စကားပြောတိုင်း “ မေ့သမီးလေးက သူ့အဖေနဲ့ တူလို့ ချောတာ ” တဲ့ ။

အိမ်ထောင်တစ်ခုအတွက် သူ မုသားချိုချိုတွေ သုံးတတ်တယ် ။ သူ့ယောက်ျားအကြိုက်တွေအတွက် နာကြင်မှုကင်းတဲ့ လှည့်ကွက်တွေနဲ့ သူက မျက်လှည့်လည်းပြတတ်တယ် ။ လင်းမယားနှစ်ယောက်ကြားက မုသားချိုချိုတွေနဲ့ လှပနေတဲ့ နေ့ရက်တွေအကြောင်း ကြုံခဲ့ဖူးတဲ့ ကိုယ်တစ်ယောက် ပြန်တွေးမိတိုင်း မုသားချိုချိုတွေကြောင့် ပြုံးမိပါတယ် ။






LinkWithin

Related Posts Plugin for WordPress, Blogger...