Wednesday, August 31, 2011

နောင်လည်း မောင့်ကို ကြင်နာပါ။


ကျနော် လက်မထပ်ချင်သေးဘူး အဲ့လိုပြောလိုက်တဲ့နေ့က မ...မျက်နှာက ကြောက်စရာကောင်းလောက်အောင် တင်းမာသွားလိုက်တာ ဒါပေမယ့် ကျနော်တကယ်လက်မထပ်ချင်သေးဘူး ။အချစ်နဲ့လက်ထပ်ခြင်းဟာ တစ်ထပ်တည်းကျတယ်လို့ ကျနော်ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး တကယ်လို့များ ဒါဟာ အမှန်တရားတစ်ခုဆိုရင်တော့ ကျနော် နှစ်တွေတော်တော်ကြာကြာ အမှားကို အမှန်တရားလို့ ထင်ခဲ့တာပဲလို့ လက်ခံလိုက်ရုံမှတစ်ပါး ဒီ့ထပ်ပို ခံစားမိမှာမဟုတ်ပါဘူး

“ကျမ က မောင်ချစ်တဲ့ မိန်းမတစ်ယောက်မဟုတ်ပေမယ့် မောင် က ကျမ ချစ်တဲ့ယောက်ျားဖြစ်နေတဲ့အတွက် ကျေနပ်တယ် အဲ့လောက်ကြီး အချစ်ကြီးတဲ့သူ့ကို ကျနော်တစ်ခါခါတော့ ကြောက်မိပါရဲ့ ။တစ်ခါတလေ အလုပ်က အပြန် သူ့ဆီဝင်ဖြစ်တဲ့အခါကျ ကိုယ့်မျက်နှာပေါ်က အရေးကြောင်းတွေ ပြေးလွှားလှုပ်ရှားနေတာလေးကိုတောင် အသေးစိတ် ဂရုစိုက်တတ်တဲ့ ချစ်သူကို ဘာကြောင့် ကြင်နာခြင်းတွေ ရက်ရက်ရောရောပြန်မပေးမိပါလဲလို့ စဉ်းစားမိပါတယ် ။

ကျနော်က ခလေးအမွှာပူးလေးပဲ လိုချင်တာ ” လို့ပြောတုန်းက ရှက်သွေးဖြာသွားတဲ့ သူ့မျက်ဝန်းတွေက ရင်ခုန်ဖို့တော့ကောင်းသလိုလို “ အယ်…တကယ်ကြီးပြောတာဗျ ဆက်ပြောမိတဲ့ ကျနော့်ကို တော်စမ်း ဒီအရူးကောင်လေး ” တဲ့ ကျနော်မရူးပါဘူး အဲ့ညနေခင်း နေ၀င်ချိန်တွေ သိပ်လှနေတယ်ဆိုတာ ကျနော်ခံစားမိတာပဲ ။ပြီးတော့ သူဆိုးခဲ့တဲ့ လက်သည်းနီအရောင်လေးက ချစ်စရာကောင်းတယ်ဆိုတာလည်း ကျနော် ခံစားမိပါရဲ့ ဒါပေမယ့် မပြောဖြစ်ဘူးရယ် အဲ့တာကြောင့်ပြောတာပါ ကျနော် ဟာ အချစ်အတွက် ဘယ်တော့မှ မရိုးသားခဲ့ဘူးဆိုတာ ။ သူ့ကိုချစ်ကြောင်းဝန်ခံရမှာနဲ့စာရင် တိတ်တဆိတ်လွမ်းဆွတ်နေရတာ အဲလိုလွမ်းဆွတ်မိလို့ နာကျင်ခံစားရတာကို ပိုသဘောကျတယ်။

အချစ်ဆိုတာ သိပ်လှတဲ့ ဖန်ပန်းအိုးလှလှလေးတစ်အိုးဆိုပါစို့ မရေရာလှတဲ့ နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ယိုင်နဲ့နဲ့စားပွဲလုံးတစ်လုံးပေါ်မှာ ဒီပန်းအိုးလေး မကွဲရှသွားဖို့ စိုးတထိတ်ထိတ်နဲ့ ထိန်းသိမ်းနေရတာကလည်း ရင်ခုန်လှုပ်ရှားဖို့ကောင်းပြန်ကော ဒါပေမယ့် အဲ့တာကြီးကလည်း တစ်ခါခါတော့ သိပ်ပင်ပန်းတာ ။“ကျနော် လက်မထပ်ချင်သေးဘူး” လက်ထပ်ခြင်းဟာ ချစ်သူတွေအတွက် ပန်းတိုင်လို့ ခံစားလို့မရသေးတာလည်းဖြစ်မယ် ကျနော်ကတော့ ပန်းတိုင်ကိုရောက်ဖို့ထပ် ဒီအချစ်လမ်းမှာ အေးအေးလူလူနဲ့ နင်းလျှောက်မိချင်တုန်း သိပ်များ လောဘကြီးသွားလေသလား။

]“ကျနော် လက်မထပ်ချင်သေးဘူး ဒါပေမယ့် ကျနော် ရဲ့ ကြင်နာခြင်းတွေ လိုချင်တောင့်တမိနေတုန်း ။ နောင်လည်း မောင့်ကို ကြင်နာပါအုံး လမ်းကြုံရင် ၀င်လာခဲ့ပါအုံးမယ် ။

Thursday, August 25, 2011

အရှက်

အငယ်တုန်းကတော့ အရှက်ဆိုတာ ဘာမှန်းတောင် မသိ ။ ဘောင်းဘီခွပြဲနဲ့လည်း ရွာရိုးကိုးပေါက် ကစားချင်ကစားတာပဲ ။ အစ်မဖိနပ်ကြီးစီးလို့ ဈေးကိုပြေးလည်း ပြေးတာပဲ ။ တစ်ခါခါ ရပ်ကွက်ထဲမှာ အဆင်မပြေတဲ့သူတွေကို အပေါင်ဆိုင် ကိုယ်စားသွားပေးတာတို့မျိုးလည်း ရှိတာပဲ အဲ့တုန်းကတော့ တကယ်ကိုမရှက်တတ်ခဲ့တာ ၁၀ တန်းလောက်ရောက်လာတော့ အရွယ်ကလေးက စကားပြောလာပြီး ဈေးသွားခိုင်းရင် စိတ်က ရှက်တတ်နေပြီ ။ အမှန်တော့ ကျနော်က တော်တော် အရှက်အကြောက်ကြီးပါတယ် ။ ကောင်မလေးတွေ များများရှိရင် အဲ့အရှေ့ကကိုဖြတ်မလျှောက်ရဲတာ တကယ်လို့ လျှောက်ဖြစ်ရင်လည်း လက်ကို လွှဲတာပဲ မြန်လာသလိုလို ဘယ်နားကမှန်းမသိပဲ ယားလာသလိုလိုနဲ့ နေရတော်တော် ခက်တာပါ ။

ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ထမင်းထွက်စား လက်ဖက်ရည်ထွက်သောက်ကြပြီဆို ကျနော်က လူမမြင်တဲ့ အစွန်ဆုံးကနေပါတယ် ကျောင်းသားဘ၀ဆိုတာကလည်း ရေများ ရေနိုင် မီးများ မီးနိုင်မှတ်လား ကိုယ်တွေ တစ်ယောက် နှစ်ယောက်လောက်ပဲဆိုရင်တော့ ညနေပိုင်း အဆောင်ရှေ့တွေမှာ အတင်းတုတ်နေကြတဲ့ ကျောင်းသူတွေ ပါးစပ်သေနပ်က တော်တော်ပြင်းပါတယ် ဘယ်ညာ ဘယ်ညာ အော်တာမျိုး ဘာကြီးပြုတ်ကျကျန်ခဲ့တယ်ဆိုတာမျိုး အစခံရရင် အရှက်လွန်ပြီး ခဏခဏ ခလုတ်တိုက်လဲတတ်ပါတယ် ။ ဒါက ဟိုးတုန်းက အရှက်အကြောင်း ။

အခုကျတော့ အရှက်က မရှိတော့တာလား မေ့ချင်ယောင်ဆောင်နေတာလားမသိ အစကိုစမ်းလို့မရတော့ ဘောင်းဘီက လျှောကျနေရင် ဆွဲတင်ရပျင်းတဲ့ အခါမျိုးကျ ကားကား ကြီး လမ်းလျှောက်သွားတော့ အိမ်က ခလေးတွေက ကိုမျိုးက အရှက်လည်းမရှိဘူးတဲ့ ။ ပြီးတော့ တစ်ယောက်ယောက်နဲ့ စရင်လည်း အရင်လို မျက်နှာကြီးရဲတာမျိုး မကြည့်ရဲတော့ပဲ ရှက်နေတာမျိုး မဖြစ်တော့ဘဲ သားရည်ကတော်တော် ထူနေတတ်ပြီ။ ပြီးခဲ့တဲ့ ၂ ပါတ်လောက် က မိုးတွေရွာတာ ရက်ဆက်သွားတော့ အ၀တ်စားတွေက မခြောက် ၀တ်စရာတွေကလည်းမရှိနဲ့ ဈေးကိုပြေးရတာ အဲ့မှာ အရင်ကဆို မိန်းခလေးတွေများတဲ့ဆိုင်ဆို သွားမ၀ယ်ရဲပါဘူး ခုတော့ သတိလက်လွတ်နဲ့ ” ဒီဆိုဒ် ဆို ကျနော်ဝတ်လို့ရမလားမသိဘူး ” ဆိုင်က ကောင်မလေးကို မေ့ပြီးသွားပြောမိတာ ကောင်မလေးက ရှက်ပြီး မျက်နှာတွေရဲသွားတယ် အဲ့တော့မှ အားနာပြီး “ ဆောရီး ညီမ အစ်ကိုမေ့သွားလို့ ” ဆိုပြီး ဆိုင်တည်းက ကမန်းကတန်းပြန်ထွက်ခဲ့ရတယ် ။ လမ်းမှာ အသံတိတ် ကိုယ့်ကိုယ်ကို အပြစ်တင်လာတာ မောင်မျိုး မင်းရှက်ကြောတွေ ဘယ်ရောက်ကုန်ပြီလဲလို့ ။

သင်တန်းမှာ အတန်းရှေ့ စာထွက်ပြောရခါနီး ထလိုက်တော့မှ ကိုယ့်ဘောင်းဘီကြီးဇစ်ပြုတ်နေတာ ဒွတ်ခတွေရောက်လို့ တကယ်ဆို ရှက်စရာကြီးပေါ့ ဘာလို့လည်းတော့မသိ မရှက်တော့ဘူးရယ်း) မတိတ်ပဲ ရယ်နေကြတဲ့ ခလေးတွေကို “ တော်ကြတော့ မဟုတ်ရင် ငါ စာမဆိုတော့ဘူး နင်တို့အလှည့်ပဲမြန်မြန်ရောက်မှာ ” အဲ့လို ခပ်တည်တည်ကြီးနဲ့ ။ တစ်ခါခါ ပြန်စဉ်းစားတယ် ငါ မိန်းမတွေ သားသမီးတွေတောင်မရသေး ဒီလောက် အနေကဘတ်နေရင် အဲ့အရွယ်ရောက်လို့ကတော့ သွားပြီလို့ ။

တကယ်တော့ အရှက်ဆိုတာ နုနယ်တဲ့ အရွယ်မှာသာ စိတ်ကိုထိန်းချုပ်ထားတဲ့ ချစ်စရာ့အမူအကျင့်လေးတစ်ခုလို့ထင်ပါတယ် အဟုတ် ၁၈-၁၉ အရွယ် ခလေးမလေးတွေ ရှက်တဲ့ပုံစံလေးတွေက သိပ်ချစ်စရာကောင်းတာ ။ကျနော်ကတော့ အခု အရှက်တွေကင်းနေတယ် ။ တစ်ခါတလေတော့လည်း လောကကြီးကို အရွဲ့တိုက်လို့ အရှက်နဲ့ လူလုပ်တာမဟုတ် လို့သာအော်ချင်လိုက်တော့တယ် ။




Monday, August 22, 2011

Blog Day အမှတ်တရ (่ပြီးပြီ)

မင်္ဂလာပါ အပိုင်းဆက်ပါခင်ဗျား ။

2009 မေလနောက်ပိုင်း ကျနော် စာလုံးဝမရေးဖြစ်တော့ပါဘူး ဘလော့ကိုလည်း စိတ်ကုန်တာလည်းပါတယ် ဒီ့အပြင် ကျနော် မွေးရပ်မြေမှာ တစ်နှစ်လောက်ပြန်နေလိုက်တော့ အင်တာနက် အခက်ခဲကြောင့် စာမရေးဖြစ်တော့ပါဘူး အွန်းလိုင်းတတ်ဖြစ်ရင်တော့ အနည်းကျဉ်းသော ဘလော့လေးတွေ ဖတ်ဖြစ်ပါတယ် ဒါပေမယ့် စာရေးစရှိလို့လားတော့မသိ အိမ်ခေါင်မိုးပေါ် ဗာဒံသီးကြွေကျတာတောင် စာကရေးချင်သေး စိတ်ထဲမှာတော့ ပို့စ်တွေက တစ်နေ့ကို ၃ ပုဒ်လောက်တောင်ရေးဖြစ်တယ်ထင်ပါ့ ပြီးတော့ စာရွက်တစ်ထုတ်နဲ့ ဘော်ပင်တစ်ချောင်းနဲ့ အားတိုင်း တကုတ်ကုတ်လုပ်နေတတ်တဲ့ ကိုယ့်ကို အစ်မကတောင် အမြင်ကတ်လို့ “စာရေးဆရာ” ကျနေတာပဲတဲ့ ။ အဲ့တစ်နှစ်အတွင်းမှာတော့ ကျနော်စာတွေတော်တော်ဖတ်ဖြစ်ပါတယ် အပြင်စာတွေပေါ့ အ၇င်က ဂျူး ၊ ချစ်ဦးညို ၊ ဘုန်းနိုင် တို့ဆိုတာ ဘာလဲဟင်လို့ ထင်နေရတဲ့ ကိုယ် အပြင်စာတွေ အများကြီးဖတ်ဖြစ်ပါတယ် ။

မိုင်ရာ နဲ့တွေ့တော့ သူက အားပေးတယ် စာပြန်ရေးပါ သူငယ်ချင်းရယ် နင့်စာတွေ မျှော်နေမယ့်သူတွေရှိမှာပါတဲ့ “အေး ရေးမယ် နောက်တော့ပေါ့” ဆိုပြီး ကျနော်မရေးဖြစ်ပါဘူး သူက အွန်လိုင်းမှာတွေ့လည်း ပြန်ရေးဖို့တိုက်တွန်းပါတယ် စာများများရေးဖို့ပေါ့ ရန်ကုန်မှာ သင်တန်းလေး တစ်ခုသွားတက်ရင်း နယ်မြို့ထပ်စာရင်တော့ အင်တာနက် အဆင်ပြေတာကြောင့် 2010 ဧပရယ် လမှာ ကျနော် စာပြန်စရေးပါတယ် ကဗျာသစ်လေးတစ်ပုဒ်နဲ့ ပို့စ်ဟောင်း၂ ပုဒ် ကိုယ်စာပြန်ရေးတာကို အားရ၀မ်းသာ ပြန်ကြိုကြတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ကိုလင်းဒီပ ၊ မီ ၊ ကိုရင်နော်ခင်လေးငယ် ၊ အန်ကယ်အောင် ၊ ညီဖြိုး နဲ့ ဘလော့ရီဒါမမကြီး မစင်ဒန်လာ တို့ကိုလည်း ကျေးဇူးတင်ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင် မေလလောက်မှာ ကျနော် မဲဆောက်ပြန်ရောက်ပြီး အင်တာနက် သုံးရတာ ပြန်အဆင်ပြေလာတာကြောင့် ပို့စ်တွေပြန်ရေးဖြစ်နေတာ အခုထိပေါ့ ။ စစချင်းတော့ အရင်ကိုယ်ရေးခဲ့တုန်းက ရေးဖော်ရေးဖက် တွေကလည်းနည်း ဘလော့ဂါ အသစ်တွေကြား မျက်နှာငယ်ခဲ့ရတာတော့ အမှန်ပဲး) အူကြောင်ကြောင်နဲ့ပေါ့ ။

ဘလော့ပြန်ရေးပြီးမှ စာတွေ စပြီးပြန်ဖတ်ဖြစ်တာက မချစ်ကြည်အေး ၊ မချော ( အစိမ်းရောင်လွင်ပြင်) ၊ကိုညလင်းအိမ် ၊ကိုကြီးကျောက် ရှိပါသေးတယ် မမှတ်မိတော့လို့ ( မမှတ်မိတာတွေများလို့ ဂျီတော့မှာ ၇န်တွေ့တဲ့သူတွေများနေပြီ ဒွတ်ခ) ။ နေ၀သန်ဆို ကျနော့်ထပ် ငယ်ပေမယ့် စာရေးတာ သိပ်လူကြီးဆန်တာပဲ လေးစားပါတယ် တည်တည်တန့်တန့်လေး ။ မိုးယံကတော့ ကိုယ့်ဆီမှာ ကော့မန့်တွေ လာပေးရင် ပေါတောတောနဲ့မို့ ခင်ပါတယ် ။ အရင်တည်းက စာတွေဖတ်ဖူးပေမယ့် မခင်ဖူးသေးတဲ့ မမေဓာဝီ နဲ့တော့ ဒီတစ်ခေါက် ပြန်ရေးဖြစ်မှပဲ ခင်မင်ခွင့်ရခဲ့တာကလည်း အမှတ်တရပါ ။ အလွဲလေးတွေလည်းရှိသေးတယ် အစက မသက်ဝေကို ခပ်တည်တည်နဲ့ သက်ဝေရေ ကျေးဇူးပါ ဆိုတဲ့ စာမျိုးပေါ့း) ဒါတွေက အရင်က ခုတော့ တော်တော် သတိထားနေရတယ် အဲ့လိုမဖြစ်ဖို့ ။ အရင်ကလည်းလွဲ အခုလည်းလွဲ မပြောင်းလဲသေးပဲ လွဲနေတာကတော့ စာလုံးပေါင်းသတ်ပုံပါး) ဖက်ရှင်လုပ်ပြီး မှားအောင်လုပ်တယ်မထင်ပါနဲ့ခင်ဗျား ကျနော်က အလုပ်ထဲကနေ ဘလော့လေး ခိုးရေး ခိုးဖတ်လုပ်ရတော့ ရေးသုတ်သုတ် ဖတ်သုတ်သုတ် မြန်မာစာက ညံ့ဆိုတော့ နားလည်ပေးကြပါလို့ ။

ဘလော့ပြန်ရေးပြီးမှ အပြင်မှာတွေ့ဖြစ်တဲ့ ဘလော့ဂါကြီးက ဆရာဟန်ကြည် ပါ ထင်တာ အသက်ကြီးကြီးလားလို့ သူ့ပို့စ်တွေမှာ ဦးဟန်ကြည် ဆိုပြီးရေးရေးနေတော့ ဘယ်ဟုတ်မတုန်း ငယ်ငယ်လေးရယ် ဘော်ငွေရောင် ဆံပင်တွေနဲ့ သိပ်ခန့်တဲ့ဆရာပါး) သဘောလည်းတော်တော်ကောင်းတယ် ကျနော်က ဟာသတွေရေးဖြစ်ပြီး အပြင်မှာ ရယ်စရာမပြောတတ်တဲ့ကောင် ဆရာနဲ့တွေ့တော့လား ရယ်နေရတာဆိုတာ ပါးစပ်တောင်မစိရဘူး ဆရာက တကယ်ကို ရယ်စရာပြောတတ်ပြီး စကားပြောလည်းကောင်းတဲ့ သူပါ ကိုယ်နဲ့အတူ သူပြောသမျှလိုက်ရယ်တာက ဆရာ့မဟေသီး) ။ စာတွေဖတ်လိုက်ရတိုင်း ဗသုသုတရစရာ ပို့စ်တစ်ပုဒ်ဖြစ်ဖို့ အလေးအနက်ထားပြီး စေတနာပါပါရေးတတ်တဲ့ ကိုညီလင်းသစ် ကိုတော့ မမြင်ဖူးပေမယ့် စာတွေဖတ်ပြီး အစ်ကိုလိုခင်မိ ၊သူ့မိသားစု ဘ၀လေးကိုလည်း အားကျမိနေရဲ့ ။


ကျနော့်အမြင်ပါ အရင်ကဘလော့တွေက အစုအဖွဲ့ဆန်တယ် ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ကူးလူယှက်သန်းလို့ ဆီပုံးမှာစကားတွေပြောကြ ကော့မန့်တွေမှာ စကြနောက်ကြနဲ့ အခုနောက်ပိုင်းတော့ ဒါမျိုးတွေ သိပ်မမြင်ရတော့ပါဘူး ။ အခုကျတော့ စာဖတ်တာပဲ ရင့်လာတယ်ပြောရမလားမသိ စာကောင်းမြင်ရင် ဖတ်တာတော့ဖတ်ခဲ့တာပဲ ဘာမှမရေးခဲ့ဖြစ်တော့ဘူး ခုနောက်ပိုင်း ဘလော့တွေ စာတွေသိပ်ဖတ်ကောင်းပါတယ် ။ ကိုမြစ်ကျိုးအင်း တို့ အွန်လိုင်းစာမူရွေးချယ်ပွဲလိုမျိုးလေးတွေပေါ်လာမှ ဘလော့ကောင်း စာရေးကောင်းတဲ့သူတွေ ဘလော့တွေအများကြီးဖတ်ရတော့တယ်။

ဘလော့ဂါဖြစ်ရတာကိုလည်းပျော်ပါတယ်း) စာတွေလည်း ပရိုဖိုင်မှာတင်ထားသလို ရေးချင်တဲ့အခါ ရေးပြီး ပျောက်ချင်တဲ့အေခါပျာက်မှာပေါ့ ။ တကယ်တော့ ဒီပို့စ်ကို ပျော်စရာတွေကြီင်္းရေးချင်ခဲ့တာပါး) ဒါပေမယ့် အဟမ်း... ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူနိုင်ပါတယ် မဟုတ်တဲ့အကြောင်း အဟုတ်လုပ်လို့ရေးခဲ့တာ တစ်ခုမှမပါတဲ့အတွက် ကျနော်ကတော့ လိပ်ပြာသန့်ပါတယ်လို့
ဘာပဲဖြစ်ဖြစ် ဘလော့ဒေးအမှတ်တရမှာ ဘလော့ဂါတွေအားလုံး ပျော်ရွှင်စွာ ဘလော့ဂင်နိုင်ကြပါစေလို့ ။


သတိတရနဲ့ အမှတ်ရပေးတဲ့ ကိုအောင် (ပျူ) ကိုကျေးဇူးအထူးတင်လျှက် ..........
ဆက်ပြီးတဂ်ပါမယ် .. ကိုညီလင်းသစ် ၊ နေ၀သန် ၊ မဒမ်ကိုး ၊ Blackroze ၊ မမိုးငွေ့၊ကြယ်စင်အလင်း တို့ကို အဆင်ပြေမယ်ဆိုရင်ရေးပေးစေချင်ပါတယ်ဗျာ ။



Sunday, August 21, 2011

Blog Day အမှတ်တရ (၁)

ကိုအောင် (ပျူ) တဂ်လို့ရေးပါတယ် ရေးချင်လျှက် လက်တို့ပေါ့ သိပ်စဉ်းစားစရာတွေ မလို ကုန်ကြမ်းတွေမလိုတော့ အဆင်ပြေပါတယ် ။ ဘလော့ကို ဘယ်တုန်းက သိလည်းဆိုတော့ 2007 မေလလောက်က စစချင်းသိတဲ့ ဘလော့က မန်းလေးက ဘလော့ဂါ ကိုမောင်လှ အဲ့ကနေမှ မနိုင်းနိုင်း ဘလော့ကို ရောက်ပါတယ် သူ့စာတွေကို မနက်တိုင်း အစာအဟာရတစ်ခု မှီဝဲသလို နေ့တိုင်းကိုဖတ်ဖြစ်ပါတယ် ဒါပေမယ့် ကော့မန့်တွေမပေးတတ်လို့ မပေးဖြစ်ဘူး ။ အင်း အဲ့ကနေပြီးမှ ခုထိ ကိုယ့်အစ်မလို ရင်းရင်းနှီးနှီးဖြစ်နေဆဲဖြစ်တဲ့ မလေး (အိမ့်ချမ်းမြေ့ ) သူ့ဆီမှာတော့ အားမနာပါးမနာနဲ့ တစ်နေကုန်းဘလော့ကြီးဖွင့်ထားပြီး ဆီပုံးမှာ စာတွေရေးနေတော့တာ ပြီးတော့ လူမိုက်လိုလို ဘာလိုလိုနဲ့း) အစ်မကို ဆီပုံးမှာ ရစ်သီရစ်သီလုပ်တဲ့ ခနဲ့တဲ့တဲ့ ကော့မန့်တစ်ချို့ကိုလည်း အားနာတတ်တဲ့ အစ်မကိုယ်စား ကျနော်က စစ်သူကြီးလုပ်လို့ ပြန်ပြောတတ်ပါသေးတယ် ဒါတွေကတော့ အမှတ်တရပေါ့ ပြောနေရင်း မင်းကိုလွမ်းပါ့ မမချစ်ရယ် ( အဲ့ ဒါက မလေး ဆီမှာ ပေါက်ကရတွေ လာလာရေးတဲ့သူတစ်ယောက် နာမည်ပါ ) ။

သူများတွေ ဆီပုံးမှာပဲ လိုက်လိုက်ရေးနေရတာ အားတော့သိပ်မရလှဘုး ကိုယ်လည်း ဘလော့လေးတစ်ခုလောက်တော့ လိုချင်တယ် ဒါပေမယ့် ဘာဆို ဘာမှမလုပ်တတ်ပါဘူး ။ ကျနော်က ဘလော့မရေးခင်တည်းက မောင်မျိုး ဆိုတဲ့ နာမည်နဲ့ပဲ ဘလော့တွေလိုက်လည်ရင်း ဆီပုံးတွေမှာ ကော့မန့်တွေပေးခဲ့ စခဲ့နောက်ခဲ့တော့ ဘလော့ဂါတော်တော်များများနဲ့တော့ ရင်းနှီးနေပါပြီ အဲ့တာပြီးတော့ မဲဆောက်က ဘလော့ဂါ တစ်ယောက်ဖြစ်တဲ့ ကိုသင်္ကြန် နဲ့ရင်းနှီးပြီး ဘလော့လေးတစ်ခု ရခဲ့ပါတယ် အဲ့တုန်းကတော့ တိုင်တယ်နာမည်က “ မတောက်တစ်ခေါက် မောင်မျိုး နှင့် တစ်နေ့စာအလွဲများ ” ဆိုတဲ့ ချစ်စရာဘန်နာလေးနဲ့ပါ ကျနော် ဘလော့စရေးဖြစ်တာက 2007 နိုဝင်ဘာ 21 ရက်နေ့ မှတ်မှတ်ရရပါပဲ ကိုယ့်အရှေ့ ဘလော့ဂါတွေရဲ့ ကော့မန့်လေးတွေ ရတော့လည်း ပျော်လိုက်တဲ့ဖြစ်ချင်း အိပ်မက်တွေပါ မက်လို့ သိပ်မကြာဘူး မနိုင်းနိုင်းရဲ့ အကြိုက်ဆုံး ဘလော့ဂါအသစ် ၇ ယောက်ကို ကြော်ငြာပေးတဲ့ ပို့စ်လေးမှာ ကိုယ့်နာမည်လေးပါ ပါတော့ ဘလော့ပိုးက တော်တော်ကြီး အရှိန်ရသွားပြီင်္ ထိန်းမရတော့ နေ့တိုင်းကို အသစ်တင်နေချင်တော့ ။အဲ့တုန်းက တကယ်ကိုရင်းရင်းနှီးနှီးဖြစ်ခဲ့ကြတဲ့ ကျနော် ခုထိလည်း အမှတ်တရရှိနေသေးတဲ့ ဘလော့ဂါတွေလည်းရှိပါသေးတယ် ဘလော့ရေးဖို့ အားပေးခဲ့တဲ့ မဂျစ်တူး ၊ ကော့မန့်တွေနဲ့ ပြုံးပျော်စေခဲ့တဲ့ မလေးမ ၊ နောက်တော့ သူငယ်ချင်း မျှားပြာ အခုတော့ သူတို့တွေ တစ်ယောက်မှ ဘလော့မရေးကြတော့ပါဘူး ။



ရှိသေးတယ် နောက်တစ်ခု ရေးမယ်နော် ဟဟား အရင်ကတော့ ကိုယ်က သူ့ဘလော့ဆီပုံးမှာ ပထမဆုံးကော့မန့်ပေးသူ သူ့စာတွေဖတ်ပြီး ကံကောင်းလိုက်တာပေါ့ အားကျလိုက်တာ ကုသိုလ်ကံထူးပါဘိ ။ နောက်တော့စာတွေဖတ်ပြီး တစ်မျိုးတစ်မည်တွေ ကလိ ကလိဖြစ်ဖြစ်လာတယ် မနေ့ကတော့ ဆွစ်ကို အလည်သွားတဲ့အကြောင်း ဘယ်က ဆိုင်ကြီးမှာ ဘယ်လောက်တန်တွေ စားတဲ့အကြောင်း တွေကြီးဖတ်ဖတ်လာရတော့ အော်...ငါတို့မှ အားမနာ ကြွားရက်လိုက်တာလို့ထင်ထင်လာတယ် ။ထပ်ပြီးဆိုးသေးတာက သူ့အရေးသားတွေမှာ “ သူကလေ သူများ အဲ့လိုလေး နေနေတာကို sexy သိပ်ဖြစ်တာပဲဆိုပြီး ဓာတ်ပုံရိုက်ထားလိုက်တာ သိလား ” ဆိုပြီး ခြေသလုံးအထက်နည်းနည်းရောက်တဲ့ ဓာတ်ပုံတွေတင်တဲ့ အရေးသားတွေကျ လွန်တာပေါ့ကွယ် ခလေးမရယ်ပေါ့း) 2008 လယ်ပိုင်းလောက်မှာထင်တယ် 1001 ဆိုတဲ့ ဘလော့ပေါ်လာသေးတော့ ဘလော့ဂါတွေကြားတော်တော် ရိုက်ခတ်လာသေးတယ် ။ နောက်တော့ မပန်ဒိုရာ ရဲ့ သိပ်ကောင်းတဲ့ copyright နဲ့ပက်သက်တဲ့ ပို့စ်ကောင်းတွေလည်း ဖတ်ခွင့်ရခဲ့တယ် အဲ့တော့မှာပဲ အပေါ်မှာရေးခဲ့တဲ့ ခလေးမက ဂလိုတွေပါလားဖြစ်လို့ မပန်ရဲ့ ပို့စ်အောက်မှာ ပဲ ကိုယ့်အကြောင်းပါတဲ့ ကော့မန့်လေးတစ်ခုပါလို့ မရှင်းရင်လည်း မကောင်းဆိုပြီး ခလေးမ ဖတ်ဖို့ဆိုပြီး ပေးစာတစ်စောင် ဗုံးလို့ လေဘယ်တပ်လို့လည်းရေးဖူးပါသေးတယ် ။ အမှန်တော့ ကျနော်မရေးသင့်ပါဘူးလေ အခုနေစိတ်နဲ့ဆိုရင်ပေါ့ အဲ့တုန်းကတော့ ရေးခဲ့မိပြီ ။ ဒါတွေကတော့ ဘလော့နဲ့ ပက်သက်ပြီး အမှတ်တရဆိုးဆိုးတွေပါး)


ဘလော့ဂါ အသစ်တွေဆို အားပေးရ နေ့စဉ်ဝင်လို့ နှုတ်ဆက်ရ ဘလော့မရေးတော့ဘူးဆိုရင် ဂျီတော့ပေါ်မှာ အတင်း အားပေးရနဲံ မမောနိုင် မပန်းနိုင် စွမ်းစွမ်းတမံကြိုးစားခဲ့တဲ့ ကိုယ့်ကိုယ်ကို လည်း အံ့သြမိပါရဲ့ ဘလော့သစ်လေးတွေကနေ ခုထိ ညီလေးတစ်ယောက် ကောက်ရလိုက်သလို ခင်မှီးရင်းနှီနေသေးတဲ့ ကိုယ့်အမှတ်တရလေးကို သတိတရရေးပေးထားတဲ့သူကတော့ အခု အပျင်းထူနေတဲ့ ညီလေးရှင်းသန့် ပါ ။ ဘလော့ကနေ အပြင်မှာပါ ခင်ပြီး တွေ့ဖြစ်တဲ့ သူငယ်ချင်းမ မိုင်ရာ ၊ တွေ့ဖြစ်ပြီး နောက်ပိုင်း အဆက်သွယ်မရှိတော့တဲ့ သူတွေလည်း ရှိပါသေးတယ် ။ဘလော့မှာ စိတ်ညစ်စရာလေးတင်ထားရင် စိတ်ပူစွာနဲ့ သတင်းမေး တတ်တဲ့ အစ်မတန်ခူး ခုထိလည်း ကျနော်ဆုံးဖြတ်ရခက်တဲ့အရာတွေတိုင်း အစ်မဆီကိုတော့ မေးလ်ပို့တိုင်ပင်တတ်ပါသေးတယ် နောက်ပိုင်းတော့ အစ်မကို သနားလို့ သိပ်အပူမကပ်တော့ဘူး ။ကျနော့် အကြိုက်ဆုံး ဘလော့ဂါကတော့ ဘယ်တော့ မေးမေးမပြောင်းပါ ကိုစေးထူး ( ကလိုစေးထူး) ပါခင်ဗျာ အခု သူစာတွေ ပြန်ရေးနေတာတွေ့တော့ အရမ်းဝမ်းသာမိပါတယ် ။ သူ့ဆီကနေပဲ နိုင်ငံခြားသွားရင်ဆိုတဲ့ ပို့စ်လေးမှာ ရေးခဲ့တဲ့ ကော့မန့်ကို ပြည်တွင်းက ဂျာနယ်တစ်စောင်မှာ ဖော်ပြခံရတုန်းက ကိုယ့်စာလေး ၂ ကြောင်းလောက်ပါတာကို အပျော်တွေလွန်ခဲ့မိပါသေး ။


ကျနော် ဘလော့ရေးခဲ့တဲ့ အချိန်တွေမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းတွေကတော့ အများကြီင်္းရှိပါရဲ့ ဒီလိုပို့စ်ရေးရတာ နာမည်လေးတွေ ကျန်ခဲ့ရင် စိတ်ဆိုးစရာတွေ ဖြစ်တတ်ပါတယ် ဥပမာ တွေ့တိုင်း ကျနော် သရဲမ မျောက်မလို့ အားမနာတိုင်းခေါ်ခေါ်တတ်တဲ့ သူငယ်ချင်းမ မိုးခါး လိုမျိုးး) ဘလော့လိပ်စာတွေ ခဏခဏပြောင်းတိုင်း အားပေးခဲ့တဲ့သူတွေ ခင်မင်စွာဆက်ရှိနေသေးတဲ့သူတွေလည်း အများကြီးပါ ။ကျနော့် ဘလော့လေး 2009 မေလ လောက်မှာ စာတွေတော့ တော်တော်များများရေးခဲ့ပါတယ် ပို့စ် 300 ကျော်လောက်ရှိမယ်ထင်တယ် ပျက်သွားပါတယ် အဲ့တုန်းက ပို့စ်တွေ အပင်ပန်းခံပြန်ရှာပေးခဲ့တာကတော့ တောင်ပေါ်သား ပါ အဲ့စာတွေ တစ်ချို့ပြန်ရပေမယ့် ပြန်တင်ဖြစ်တဲ့စာတွေက များပါတယ် ။ဆက်ပါအုံးမယ် ဒါက အရှေ့ပိုင်းအသုတ်ပေါ့း)







Thursday, August 18, 2011

ဆားချက်ခြင်း :)

ဆားချက်တာပါး) ဘလော့လေးရေးတော့လည်း ဒီလို အမှတ်တရကောင်းလေးတွေ ရှိခဲ့ပါလားပေါ့ ကိုအောင် (ပျူနိုင်ငံ) တဂ်ပို့စ်လေးမရေးခင် သူ့ပို့မှာရေးထားတဲ့ ကိုယ့်အကြောင်းအနည်းငယ်နဲ့ ကော့မန့်လေးတစ်ချို့ အမှတ်တရ သိမ်းထားချင်လို့ပါ တဂ်ပို့စ်ရေးပြီးရင်တော့ မတဂ်ဖူးသေးတဲ့ အသိတော်တော်များများကို ဆက်ပြီး တဂ်ပါမယ် ။ကျေးဇူးပါ ကိုအောင်ရေ့ ဘလော့မှာ ဒီလို အမှတ်တရကောင်းလေးတွေလည်းရှိခဲ့ပါတယ် ဆိုတာ မမေ့စေလို့ပါ ။








Sunday, August 14, 2011

ကောက်ကွေးမလေး

ဟုတ်တယ် သူက ကောက်ကွေးမလေးပါ မောင်နှမတွေ အားလုံးထဲမှာ အဆိုးဆုံး အမဲဆုံး အကောက်ဆုံး စိတ်လည်း ကောက်တာပဲ သူ့ဆံပင်တွေကလည်း တော်တော်ကောက်တာ အဲ့တာ ကတော့ အဘဘက်လိုက်လို့ဖြစ်မယ် တစ်ခြား မောင်နှမတွေက ကရင်သွေးပါတဲ့ အဘ ဘက်ကိုလိုက်လို့အသားလေးတွေ နည်းနည်းဖြူကြပေမယ့် သူကတော့ အမေ့လို တော်တော့်ကိုညိုသွားတာ ။ကျနော့်မှာလည်း ရေးစရာတွေက ဒါတွေပဲရှိတော့ ကျနော့် မောင်နှမတွေဟာလည်း ကျနော့်စာမျက်နှာတွေပေါ်မှာ ကုန်ကြမ်းလေးတွေဖြစ်ဖြစ်သွားပါတယ် ။ သူ့အကြောင်းတော့ မရေးဖူးဘူး ။ ကျနော့်အစ်မ မှာ ရေးဖူးတဲ့ အစ်မကတော့ ကိုယ့်အပေါ် အနစ်နာခံလို့ သူ့ကိုပဲ အချစ်ပိုမိသလိုလို ဒါပေမယ့် အငယ်လေးတုန်းက သူစိမ်းတွေ မေးတိုင်း ကျနော့်အတွက် ဖြေရခက်တဲ့ မေးခွန်းကတော့ မောင်နှမတွေထဲ ဘယ်သူ့ကို ပိုချစ်သလဲဆိုတဲ့ မေးခွန်းပါပဲ ။

သူနဲ့ ကျနော်က အထပ်အောက် အထပ်အောက်တို့ရဲ့ ထုံးစံအတိုင်း နီးတကျက်ကျက်ပေါ့ ရိုက်ခံထိပေါင်းလည်းများပြီ ဒါလည်း ကျနော်တို့ မောင်နှမကတော့ ကိုက်မြဲ ကိုက်နေကြတော့တာ စိတ်အညစ်ရဆုံးကတော့ အမေပေါ့ သူနဲ့ ကျနော် ဘယ်လောက်ထိတောင် ကိုက်ကြသလဲဆိုရင် သူအိမ်ထောင်ကျလို့ ခလေးမရခင်အထိ နပန်းလုံးကြတာမျိုး အခု ပြန်စဉ်းစားတော့ တကယ့်ကိုရယ်စရာပါး) ။ ဒါပေမယ့် ကျနော်တို့ မောင်နှမ နှစ်ယောက်ကတော့ ဝေးရင်တော့ တစ်ယောက်ကိုတစ်ယောက်မေးကြသား သတိတရ ရှိတတ်ကြသား ။ အငယ်တုန်းက သူက စာသိပ်တော်တဲ့ ကျောင်းသူတစ်ယောက်ပေါ့ အဲ့လိုပဲ သူ့မောင်ကိုလည်း စာတော်စေချင်လို့ စာတွေ အတင်းသင်တိုင်း ငပျင်းကောင်က ဂျီကျတတ်တော့ သူက တအားကိုခေါက်တာပါ အငယ်တုန်းက ရန်မဖြစ်တဲ့နေ့မရှိသလောက်ပဲ တစ်ခါခါ အရွဲ့တိုက်ပြီး အစ်မငယ်ကို မချစ်ဘူး လို့ပြောရင် သူကလည်း အားကျမခံ “ နင့်ကိုလည်း ငါက မချစ်ပါဘူး” တဲ့ ။

သူက ရန်ဖြစ် သိပ်တော်တာပါ မိသားစုမှာ အဘကို ဘယ်သူကပဲ မထိတစ်ထိ ပြောလိုက်တာမျိုးဖြစ်ဖြစ် ရွာထဲက အပျိုမတွေ ကျနော့် အစ်ကိုတွေအကြောင်း မကောင်းပြောတာမျိုးဖြစ်ဖြစ် အနေအေးတဲ့ တစ်ခြား အစ်မတွေ သူများပြောလို့ မျက်ရည်ကျလာတာမျိုးဖြစ်ဖြစ် ဒီကောက်ကွေးမလေးကတော့ ဒိုင်ခံဖိုက်တာပေါ့ ။တစ်ခါက မှတ်မိသေးတယ် ကျောင်းက ပြန်လာကြတော့ သူ့ကိုမစောင့်ပဲ ကျနော်က အရင်ပြန်လာတာ လမ်းမှာ ရန်ဖြစ်လို့ အားမရှိတဲ့ ကြောင်ချိက သူများကိုတော့ သိပ်စတာမျိုးပါ ဟိုက မခံနိုင်လို့ ကိုယ့်ကိုတီးတော့ မျက်ရည်က သင်္ကြန်ရေပြွတ်လို့ တစ်ပလွတ် ပလွတ် နဲ့ပေါ့ ( ပြန်တွေးကြည့်တာ ကျနော်က ရန်ဖြစ်တိုင်း တစ်ခါမှ နိုင်တာမှမရှိပဲ :P ) အနောက်က လိုက်လာတဲ့ အစ်မက ကျနော့်ကိုလည်းတွေ့ကော အပြေးတပိုင်းနဲ့ ကျနော့်စိတ်ထဲလည်း အဲ့တုန်းက မျှော်နေတာ သူ့ကိုပဲ ငါ့အစ်မလာလို့ကတော့ မင်းတို့သေပြီသာမှတ်ပေါ့ ကိုယ်မှမနိုင်တာ ။ ဘယ်သူလုပ်တာလည်းမေးတော့ ဆွေကြည့်ကြည့်နေတဲ့ ဟိုကောင်ကို လက်ညှိုးလေးထိုးပြတာတောင် မရဲတရဲနဲ့ အဲ့လောက်ကို သတ်တိကောင်းတား) ။တစ်ချက်တော့ စိတ်ပူသွားသေ သူတို့က မောင်နှမ ၂ယောက် အစ်မတစ်ယောက်တည်းနိုင်ပါ့မလားလို့ ။


ကိုယ်စိတ်ပူတာနဲ့ တစ်ခြားစီ ၂ယောက်တစ်ယောက် ချပေမယ့် ကျနော့် အစ်မက အသာကြီးရယ် ကျနော်ကတော့ သူပစ်ချထားတဲ့ လွယ်အိတ်လေးကို ကောက်ကိုင်ပြီး “ အစ်မ ချချ ဆွဲထား ဟင်း အဲ့တာ ငါ့အစ်မကွ အစ်မ ကန်ထည့် ကန်ထည့် ” မသိရင် ဘောလုံးပွဲကြည့်တဲ့သူက အားမလို အားမရနဲ့ ဘေးနားကနေ အားပေးနေသလို တော်တော်လည်းမောသွားကြတော့ ရန်ပွဲကသိမ်းလို့ အစ်မကတော့ ဂျက်မလိုလို ဘာလိုလိုနဲ့ “ နင်တို့လောက်ကို ပျင်းသေးတယ် လာ ခလေး ပြန်မယ် ” တဲ့ ကျောင်းမှာ အစ်မကို လိုက်ကြိုက်ကြလို့ အစ်မကို စောင့်ရှောက်တာမျိုးမဟုတ်ပဲ ပြောင်းပြန်တွေဖြစ်လို့ မောင် ငချိ ကို အစ်မက ဖိုက်တာကြီးလုပ်လို့ပေါ့ ။

ကျောင်း ၅ တန်းလောက်နဲ့ထွက် ခြံထဲဆင်း တစ်ခါခါ ကျွဲကျောင်းနွားကျောင်း အဖော် ပါပါသွားရတဲ့ အစ်မ အိမ်ထောင်ကျတော့လည်းစော ခလေးတွေလည်း အများကြီးနဲ့ သူ့အိမ်သွားရင် တူ /တူမတွေက ဆူညံလို့ အသက်ကလေး ငယ်ငယ်နဲ့ ပင်ပန်းတဲ့ ဘ၀ကိုဖြတ်သန်းရတော့ တကယ့် အဒေါ်ကြီးလို မနှစ်က အိမ်ပြန်တုန်း ဘာမှန်းမသိ စိတ်ညစ်နေတာနဲ့ အစ်မအိမ်သွားလည်ရင်း ယောက်ဖရဲ့ အရက်ဝိုင်းမှာ ခွက်ခလေးဆွဲလို့ အမြီးကလည်းကောင်တာနဲ့ တစ်ခွက် နှစ်ခွက် သွားကစ်ထည့်လိုက်တာ ဟင်းချက်နေရင်း တွေ့တဲ့ အစ်မက မျက်ရည်တွေ ထွက်လို့ ကိုယ်စိတ်ညစ်နေမှန်းသိလို့ မဆူရက်လေတော့ နိုင်တဲ့သူ့ယောက်ျားကိုပဲ ပြသနာရှာ “ ဒီအရည်တွေကို နင်ပဲသောက် ငါ့မောင်ကို မတိုက်နဲ့ ” တဲ့ လေသံက ခပ်ပြင်းပြင်း ငိုသံကြီးနဲ့ ဆိုတော့ ကိုယ်ပါ မူးတာတွေ ပြေချင်သွားတယ် ။ ယောက်ဖကလည်း “ ငါ့ညီ တော်တော့ဟ မင်းအစ်မ မင်းဆက်သောက်နေတာတွေ့ရင် အစ်ကို့ကို ပြသနာရှာလို့တော့ သွားပြီ မိုးလင်းပေါက် ပေါက်ပေါက်ဖောက်တော့မှာ ” ဟုတ်သား ရန်ဖြစ်တော်တဲ့ နေရာမှာတော့ သူက အငယ်လေးတုန်းကအတိုင်းပဲ ။

ကိုယ်သွားတဲ့ အခါကျ ပလဲကစဲဖြစ်နေတာတွေ အမြန်ပြေးသိမ်း ထမင်းစားပြီးပြီလား ဟင်းချက်မယ် တကဲကဲလုပ်နေတဲ့ အစ်မကလည်း အငယ်လေးတုန်းက ရန်ခဏခဏ ဖြစ်ခဲ့ကြတဲ့ မောင်နှမတွေလို့ ထင်စရာမရှိအောင်ကိုပါပဲ ။ မိသားစုမှာ သူက ဗဟုသုတ အနည်းဆုံး မာမလိုလိုနဲ့ ခဏခဏ မျက်ရည်ကျတတ်တဲ့သူ စီးပွားရေးအဆင်မပြေလို့ အလုပ်ပေါင်းစုံလုပ်ဖူးသူ သူအဆင်မပြေလို့ မောင်နှမတွေ သူ့ဆီ ဘယ်လာချင်မလဲလို့ ပတ်ဝန်းကျင်မှာ ကြားကြားတတ်ရလွန်းလို့ ရွာကိုရောက်တိုင်းတော့ သူ့ဆီ မဖြစ်မနေသွားနေရတာပေါ့ ။ သွေးဆိုတာ ရေလောက်ဘယ်ကျဲမလဲဆိုတဲ့ စကားလေးအတိုင်း အနေဝေးကြမှ ၅၂၈ ရဲ့ တန်ဖိုးတွေဟာလည်း ပိုပိုသိသာလာတာမျိုးပါပဲ ။


သူ့အိမ်ရောက်တာနဲ့ “ ခလေး နင် ထမင်းစားခဲ့ပြီးပြီလား” လို့ မေးမေးတတ်လွန်းတဲ့ ကျနော့်ရဲ့ ကောက်ကွေးမလေးကို ကျနော် ထမင်းစားမကောင်းတဲ့အကြောင်း ပြောချင်လိုက်တာ ။

Friday, August 12, 2011

အဖျား

အိပ်မက်တွေ ဖျားတယ်
မျှော်လင့်ခြင်းတွေ ဖျားတယ်
အချစ်တွေ ဖျားတယ်
အမုန်းတွေ ဖျားတယ်
ပျော်ရွှင်ခြင်းတွေ ဖျားတယ်
ခင်မင်မှုတွေ ဖျားတယ်
လောကနိတိတွေ ဖျားတယ်
ကျင့်ဝတ်တွေ ဖျားတယ်
အကြည်ဓာတ်တွေ ဖျားတယ်
သံယောဇဉ်တွေ ဖျားတယ်
ဖျားနာခြင်းတွေ ဖျားတယ်
အဖျားတက်နေပေမယ့် အဖျားသောက်ဆေး သောက်ဖို့ကျနော် ဖျားတယ်။






Friday, August 5, 2011

မိသားစု


ကျနော် (၄) နှစ်သား အပြင်းဖျားတုန်းက လူသူအရောက်ပေါက်နည်းတဲ့ တောရွာလေးကနေ အဖေက ကျောပိုး ၊ အမေက မီးအုပ်ဆောင်းကို ကိုင် သားသမီးဇော နဲ့ ညသန်းခေါင်ကျော် မြို့က ဆေးရုံးကို အပြင်းခရီးနှင်ခဲ့ကြတယ်။ အချိန်မှီ ရောက်လာလို့  သေကံမရောက် သက်မပျောက်ခဲ့တာတဲ့ အဲ့ဒီထဲက ကျနော်က မိဘ အတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်ခဲ့လေသလားး ဒါပေမယ့် အဖေ နဲ့  အမေကတော့ တစ်ခါမှ ယခုလိုမတွေးခဲဖူးဘူးတဲ့ ။ စကားနည်းတဲ့ အဖေ က သူ့ ရဲ့ မေတ္တာတရားတွေကို ဘယ်တော့မှ မထုတ်ပြခဲ့ပါဘူး သံသရတွေနဲ့  "အမေ.....အဖေက သားကို ချစ်ကောချစ်ရဲ့လား '' မေးတဲ့ အခါ အမေက ပြုံးရိပ်သန်းပြီး သားသမီးတွေအပေါ်ထားတဲ့ အဖေ ရဲ့ ပုံရိပ်တွေကို မြင်ယောင်လာအောင် ညအိပ်ယာဝင် ပုံပြင်အဖြစ် ပြောပြခဲ့ဖူးတယ်။


အဖိုး အဖွား တွေ ရဲ့ စကားတစ်ခွန်းက အဖေ နဲ့  အမေ့အတွက် အတော် သြဇာ ညောင်းခဲ့တယ် ။
"ပညာတက်လည်း စပါးတစ်စီး ပညာမတက်လည်း စပါးတစ်စီး " ဆိုတဲ့ စကားအတိုင်း ရေးတက်ဖတ်တက် တော်ပြီး ကျောင်းထွက် ဆိုတဲ့ စကားက ကျနော့်ရှေ့က မောင်နှမတွေ အတွက်တော့ ကံဆိုးစွာနဲ့  အဖေ နဲ့  အမေ က ကျင့်သုံးခဲ့တယ် ။ နေပူမိရင် ဖျားတယ် ၊ အအေးပက်ရင် ဖျားတယ် မွေးကတည်းက ရောဂါနဲ့  နပန်းလုံးလာခဲ့တဲ့ ဒီကောင့် အလှည့်လည်း ရောက်တော့ သူတို့ ရဲ့ ကျင့်စဉ်ကြီးကို ပြောင်းပစ်ခဲ့ကြတယ်လေ ။ အဖေပြောခဲ့တဲ့ စကားကို ကြားယောင်နေသေးတယ်
'' သားငယ် အတွက်ကတော့ တို့ တွေပေးနိုင်တာ သူ့ အတွက် ပညာအမွေတစ်ခုပဲ " ကံကောင်းစွာနဲ့  ပညာတက်ကြီးတစ်ယောက် မဖြစ်ခဲ့ပေမယ့် ကျနော် လူကြားထဲ မျက်နှာမငယ်ခဲ့ရဘူး။

ကျနော် လူပျိုပေါက်စ အ၀တ်စား လှလှ ၀တ်ချင်တဲ့ အရွယ် အဖြည့်ခံ လူသားနှစ်ဦး အဖေ နဲ့  အမေ က အရာရာမပြည့်စုံပေမယ့် တက်စွမ်းသလောက် ဆောက်ရွက်ပေးခဲ့ကြတယ် ။ ကျနော် မသိတက်တာလား တကယ်မသိတာလား အခုချိန်ပြန်စဉ်းစားလည်း သေချာတိကျတဲ့ အဖြေတစ်ခု ထွက်မလာပါဘူး ကျနော့်တို့ အတွက် အဖေ မနက်စောစော ထင်းလှည်းကိုမောင်း ဆောင်းတွင်အေးအေးမှာ အနွေးထည်မပါ စောင်ထူထူကို ခြုံပြီး ပင်ပန်စွာနဲ့  ကျွေးမွေးစောင့် ရှောက်ခဲ့တာကိုပေါ့ ။ တောဓလေ့ " စိတ်ညစ်တော့ အရက်ကို သောက်တယ် အရက်သောက်တော့ သိပ်စိတ်ညစ်တယ် " တိုင်းရင်းသားသံ ၀ဲဝဲနဲ့  အဖေ့ရဲ့ သီချင်းသံ၊'' အဖေ အရက်သောက်တာ သားရှက်တယ် '' လို့ ပြောတော့ '' အေးပါ ...သားရယ် အဖေ နောက်မသောက်တော့ပါဘူး '' ဆိုပြီး သားသမီးတွေကို စိတ်ချမ်းသာစေခဲ့တယ် ။

ယခု ကျနော် အရွယ်ကလေးရလာတော့ လူ့ လောကမှာ ခြေဖ၀ါး ၂ချပ်ချစရာ နေရာလေးတစ်ခုရလာတဲ့အချိန်
'' အဖေ နဲ့  အမေ နေကောင်းလား ''
'' ကျနော် ဖုန်းဆက်တယ် သတိရတယ်ပြောလိုက်နော် '' ဆိုတဲ့ အမှာစကား နှစ်ခွန်းက လွဲပြီး ဘာစကားမှ မပြောနိုင်ခဲ့ဘူး ဘာတာဝန်မှလည်း မကျေသေးဘူး အခုတော့ ကျနော့်ဘ၀ အတွက် အဖြည့်ခံ လူသားနှစ်ဦးက အမေ့ခံလူသားတွေ ဖြစ်သွားကြပြီလား ။
ကျနော် မတွေးပြရပါစေ နဲ့  ။ငယ်ငယ်ကအကြောင်းတွေကိုပြန်စဉ်းစားပြီး ပြန်လိုချင်မိတဲ့ အချိန်လေးတွေကတော့ အဖေ က အမေ့ကို နောက်ပိုးတုန်းက မယ်ဒလင် တီးပြီးဆိုခဲ့တဲ့သီချင်းလေ ကျနော် တို့ အငယ်တုန်းက လသာတဲ့ ညတွေမှာ အိမ်ရှေ့ကွပ်ပစ်မှာ ထိုင်ပြီး အဖေ က မယ်ဒလင်တီး အမေက သီချင်းဆိုခဲ့ကြတာ အဲ့ဒီအချိန်လေးတွေကို ပြန်လိုချင်တယ် ။ တမ်းတမက်မောခဲ့ရတဲ့ ခလေးဘ၀နေ့ရက်တွေကို သတိရမိပါတယ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...