Friday, April 30, 2010

ရွာက မင်္ဂလာဆောင်ပွဲလေး

ရွာက မင်္ဂလာဆောင်ပွဲလေး သူတို့တွေကတော့ ဟုတ်နေတာပါပဲ ယူလိုက်ကြတာ လွယ်နေကော ကိုယ့်မှာပါ ဟတ်ကော့ကြီး ကျန်ကျန်နေတာ နောက်ကားတွေ ကျော်ကျော်တက်ကုန်လို့ ရွာသွားလည်ရင်စကုန်ကြပြီး ။ တကယ်တော့လည်း ဘ၀နှစ်ခုပေါင်းစပ်ကြတာ အများကြီးစဉ်းစားနေဖို့တော့မလိုဘူးထင်တယ်နော့် ဟဲဟဲ အထာကြီးနဲ့ ပြောနေတာ တကယ့်ဆရာကြီးကျနေတာပဲ ။ ကောင်လေးက ကော်ခြံ (ရာဘာခြံ) လုပ်သားလေး ကောင်မလေးက အိမ်နားက ဈေးဆိုင်လေးတည်ထားတဲ့ အိမ်က သူ့အဖေကော အမေကောကကြောက်စရာကြီးတွေ အပေါက်ဆိုးလို့ ဒီကောင်မလေးကတော့ တော်တယ်ပြောရမယ် တော်တယ်ဆိုတာက ရွာမှာ အပျိုဖြစ်ရင် ဘုတ်ကြီးတွေက လာလာသုတ်သွားလို့ ဒီတစ်ယောက်ကတော့ ရွာက ကောင်လေးနဲ့ပဲ ညားသွားတာမို့ တော်တယ်ပြောတာပါ ဘုတ်ကြီးတွေဆိုတာက ရွာက တပ်နဲ့နီးတော့ တပ်က နိုင်ငံသူရဲကောင်းကြီးတွေက ရွာက ခလေးမလေးတွေ အချိန်မနှောင်ခင် ပါသွားမှာစိုးလို့ သူတို့က လာလာချိန်ပြီး ပစ်ပစ်သွားတဲ့ တည့်တည့်ပဲ Heart ကိုပြောတာပါ ။

မှတ်မိသေးတယ် အိမ်ခြေနည်းနည်းနဲ့ ခေတ်ပ်ျကရွာလေးမှာ ဒီအသိုက်လေးကတော့ မခွဲမခွာ ဆယ်တန်းဖြေထားပြီးတုန်းက ရွာမှာနွားသွားပြန်ကျောင်းဖြစ်တာ အဲ့ခလေး ၂ ယောက်လည်းပါတယ် ပေါက်စနလေးတွေပေါ့ တစ်ခါခါပျင်းရင် မြှောက်ပေးပြီး သူတို့ ၂ ယောက်ကို နပန်းလုံးခိုင်းတာ အယ် ခုတော့တကယ်နပန်းလုံးကြပြီး အယ်လေ ဟုတ်ပါဘူး တကယ်ယူဖြစ်သွားကြပြီပြောတား) ရွာမှ မနေဖြစ်ပေမယ့် အနေစိမ်းပေမယ့် ရွာကလူတွေကိုတော့ မိသားစုတွေလိုခင်ပါတယ် တစ်အိမ်မှာ ဘာဖြစ်ဖြစ်တစ်ရွာလုံးက သိပေါ့ ။တစ်ချို့လေးတွေ ယူပြီး ကွဲကြတာတွေ တွေ့တော့ စိတ်မကောင်းလို့ အဲ့နေ့က သူတို့လေးတွေကိုတော့ ဆရာကြီးလေသံနဲ့ ဆုံးမခဲ့တယ် “ ရန်မဖြစ်ကြနဲ့နော် သင့်၂မြတ်၂ နေကြ ” တကယ်ပါ ။ ချစ်ကြတဲ့သူတွေကို ဘယ်လိုနည်းနဲ့မှ မကွဲစေချင်ဘူး ။



ရွာစုတ်လေးဆိုတော့ ခလေးနဲ့ ခွေးတွေပေါတာပေါ့ ပြီးတော့ မွေးမြူရေးလုပ်ကြတော့ နွားချေး ကျွဲချေးတွေလည်းပေါတယ် သေချာကြည့်ကြည့် သတို့သမီးဘေးမှာ နွားချေးပုံကြီးက အယ်နေတာပဲ ။ရှားတာက ပိုက်ဆံ အဲ့မင်္ဂလာဆောင်တော့ လက်ဖွဲ့ဘယ်လောက်ရလဲတော့မသိ တစ်ရွာလုံးတော့ မီးခိုးတိတ်ပဲ လွှမ်းမိုးဆိုထားတဲ့ ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲပေါ့ ။ အမှတ်တရပါ ချစ်သောသူတွေ အားလုံး ပျော်မြူနိုင်ကြပါစေလို့ ဒီပို့စ်လေးနဲ့ အမှတ်တရ ။

Thursday, April 29, 2010

ကျနော့်အစ်မ

မိတ်ဆွေတို့ရဲ့ ဘ၀မှာ မိခင်နဲ့တူတဲ့ အစ်မတစ်ယောက် ၊ ကိုယ့်ရဲ့အနွံ့တာကိုခံပြီး ကိုယ့်ဘက်ကအမြဲတမ်းရပ်တည်ပေးတတ်တဲ့ အစ်မတစ်ယောက်ပိုင်ဆိုင်ဖူးပါသလား ။ကျနော့်မှာတော့ဒီလို အစ်မမျိုးတစ်ယောက်ပိုင်ဆိုင်ခဲ့တယ် သူမ အမြဲအဆင်သင့်ရှိနေတတ်တယ် နေမကောင်းဖြစ်တဲ့အချိန် ဈေးက ကျနော်ကြိုက်တတ်တဲ့ ခေါက်းဆွဲသုတ်စပ်စပ်လေးတစ်ထုတ်လောက် သူ့ဈေးရောင်းခထဲက ၀ယ်ပေးတတ်တယ် ။ အသားဟင်းမပါရင် ဂျီကျတတ်တဲ့ ကျနော့်ကို ဘာမှမရှိရင်တောင်ဘဲဥလေးတစ်လုံးပြုတ်ပေးနေကြ ။ အစ်မနဲ့ ကျနော့်ကြားမှာ အမှတ်ရစရာအကြောင်းရာတွေ တော်တော်များပါတယ် ။

အစ်မပုံက ဆံပင်ကထူထူ ယိုးဒယား ဆင်ကြယ်ဖိနပ်ကိုအမြဲစီးတယ် အလှပသိပ်မမက်ဘူး ယောကျာ်းလေးတစ်ယောက်လို အလုပ်လည်းလုပ်နိုင်သလို အစ်မဈေးရောင်းတယ် တောတိုးတယ် ( တောတိုးတယ်ဆိုတာ တောရွာတွေဘက် ပိုင်ရှင်ဘယ်သူမှန်းမသိသော ဧကထောင်ပေါင်းများစွာကျယ်ဝန်းတဲ့ တောထဲမှာ ထင်းခွေခြင်း ၊ ရာသီပေါ် အသီးရွတ်များ ခူးခြင်း) ။ ခြံထဲမှာ စိုက်ထားတဲ့ ငရုတ်သီးလေးတွေ ၊ ပဲသီး ၊ခရမ်းသီး မြို့ပေါ်ဈေးမှာ မနက်စောစောတက်ရောင်းတယ် ညနေပိုင်း မြို့ကအဒေါ်အိမ်မှာ မောင်နှမနှစ်ယောက် ဈေးတောင်းတွေသယ်ပြီး သွားကြိုအိပ်တယ် နောက်ကျရင် ဈေးမကောင်းတော့ အဒေါ်ရဲ့ မီးဖိုချောင်ခန်းလေးထဲ မောင်နှမနှစ်ယောက် စောင်ကြမ်းလေးတစ်ထည်နဲ့ ကျောချင်းကပ်လို့ အဖြူရောင်မေတ္တာတွေနဲ့ နွေးထွေးခဲ့ကြတယ် ။ မနက် ၄ နာရီ ဘုန်းကြီးကျောင်း တုံးခေါက်သံကြားတာနဲ့ အစ်မက ငေါက်ခနဲထထိုင် ဈေးတောင်းပြင်နေပြီး “ခလေး ထတော့ အစ်မတို့ဈေးထွက်ရအောင် ” မျက်လုံးကမပွင့်တပွင့် အိပ်လည်းအိပ်ချင်တယ် ငိုမဲ့မဲ့ဖြစ်နေတဲ့ကျနော့်ကို “ ဈေးဦးပေါက်ရင် ခလေးကြိုက်တဲ့ ဘိန်းမုန့်ဝယ်ကျွေးမယ်လေ ” ပြူးသွားပြီး မျက်လုံး မီးအုပ်ဆောင်းလေးကိုကိုင်ပြီး အစ်မက ဈေးတောင်းလေးကို ရွတ်လို့ သူ့ဇတ်ကလေးတောင်ပုနေပြီး အစ်မသနားပါတယ် အဲ့ဒီတုန်းက အစ်မအသက် (၁၃)နှစ် ကျနော်က ၁၀နှစ် မပြည့်သေး ဒါကျနော်တို့ရဲ့ခလေးဘ၀နေ့ရက်တွေပေါ့ ။

အနေအေးပြီး အိမ်အလုပ်တွေပဲ စိတ်ဝင်စားတတ်တဲ့ အစ်မ ကျနော်ဘာလုပ်လုပ် သူသိနေတတ်တယ် ။ဘယ်သူနဲ့ရန်ဖြစ်ခဲ့လဲ ဘယ်သူ့သရက်ပင်ပေါ်သွားခိုးတတ်ခဲ့တယ် သူကုန်ကိုသိနေတာပါပဲ ။ သင်္ကြနားနီးရင် ကျနော့်အတွက် အ၀တ်စားတစ်စုံလောက်ဝယ်ပေးချင်လို့ နွေနေပူထဲ ယားလွန်းတဲ့ ပဲခင်းထဲဆင်း ငါးပိကြော်လေးနဲ့ ထမင်းထုတ် မနက် ၅ နာရီကနေ ညနေ ၅ နာရီထိ လုပ်ရတယ် ။ တစ်ခါခါတော့ ကွမ်းစီလိုက်တယ် တစ်နေ့လုံးအညောင်းချိအောင် ကွမ်းထိုင်စီမှ ရတဲ့နေ့ထွက်လေးက ၄၅ ကျပ်။ သူ့မှာ အချစ်ရေးတွေမသိပါဘူး သူချစ်တဲ့ မောင်အတွက်ဆိုတဲ့ အရေးနဲ့ပဲသူ့မှာပင်ပန်းနေခဲ့ရတာ ။ အစ်မအပျိုဖျန်းလေး လှသွေးကြွယ်တဲ့ အရွယ်ပေါ့ ရွာထဲက ကာလသားတွေ ယောက်ဖလေးလို့ခေါ်ရင် ကျေနပ်နေတတ်ပြီး မုန့်ညာစားတတ်တဲ့ကောင်က အစ်မကိုပေးရမှာတော့သေလောက်အောင်ကြောက်တယ်။အစ်မ..မရှိရင် ကျနော့်အ၀တ်တွေ ဘယ်သူလျှော်ပေးမှာလဲ ရိုက်ခံထိရင် ဘယ်သူက ရှေ့ကကွယ်ပေးမှာလဲ...ဟင်အင်း အစ်မ မရှိပဲကျနော်မနေတတ်ဘူး ။

အစ်မကို..ယောက်ျားပေးစားတော့မှာတဲ့ တော်ရမယ့်ယောက်ဖဘက်ကမိဘတွေနားလာဖောက်တယ်.... အဲ့နေ့က ငိုလည်းမငိုဘူး ရယ်လည်းမရယ်ဘူး အိမ်မှာအမျိုးတွေစုံပြီး
ရှုပ်ရှက်ခပ်လေ လူကအလိုလိုနေရင်း ဒေါသထွက်လေ အဲ့ဒီညက ထမင်းမစားပဲကျနော့်ရင်ဘတ်ကြီးပြည့်နေတာ ဘာကြောင့်ပါလိမ့် ဆိုင်သာဆိုင်မပိုင်တော့ဘူးပေါ့ဆိုတဲ့စကား ဒါကိုပြောတာလား ။ တစ်နေကုန်ရွာထဲလိုက်ဆော့တယ် အစ်မကိုလည်း စကားမပြောသလို ဘယ်သူ့ကိုမှလည်းမပြော ။တစ်ည တော်ရမယ့်ယောက်ဖအိမ်လာလည်တဲ့နေ့ မီးဖိုထဲက ပန်းကန်တွေကို တစ်ချပ်ချင်းပစ်ခွဲ ပစ်လိုက်တယ် အိမ်ရှေ့ကလူတွေအလန့်တကြားနဲ့ ပြေးဝင်လာပေမယ့်တစ်ယောက်မှ စကားမဟဘူး ။ အစ်မက မှောင်ရိပ်ထဲ တိတ်တိတ်လေးငိုနေတယ် ပြီးတော့ ကျနော့်နားတိုးလာပြီးစကားစလာတယ် “ခလေး” သူ့ခေါ်သံမဆုံးခင် ကျနော့်လည်ပင်းကြောတွေ ကွဲသွားအောင် အော်ပစ်လိုက်တယ်...“သွားးးးးးးးးး ကျနော့်အနားမလာနဲ့ ” လက်ထဲကနောက်ဆုံးကျန်တော့တဲ့ ပန်ကန်ကိုပစ်ခွဲလိုက်တဲ့အချိန် မနေသာတော့တဲ့ အဖေက “အငယ်ကောင်..မင်း ခလေးက ခလေးလိုနေ လူကြီးတွေကိစ္စ ၀င်မပါနဲ့ ” တော်ပြီး အားလုံးကိုမုန်းတယ် ။ မင်္ဂလာဆောင်တဲ့နေ့ ကျနော်ဖျားချင်ယောင်ဆောင်ခဲ့တယ်အစ်မ အိမ်ထောင်ကျတော့ သူ့အသက် (၁၈)နှစ် ။

အစ်မ..သူစိမ်းတစ်ယောက်ရဲ့ဇနီးမယားဖြစ်သွားပေမယ့် ကျနော့်ကိုတော့ ဂရုစိုက်မြဲ ပုံနေတဲ့ အ၀တ်တွေလာယူလျှော်ပေးမြဲ မပြေလည်တဲ့ လက်လုပ်လက်စားလေးတွေဖြစ်ကြပေမယ့် ကျနော့်အတွက် ကျူရှင် ၂ ဘာသာဖိုးလောက်ကိုတော့အစ်မကလတိုင်းလာလာပေးတတ်တယ်။အစ်မ အဆင်ပြေနေရင်ကျနော်ပျော်ပါတယ် သူ့တို့မိသားစုလေးအကြောင်းကိုတော့ကျနော် အမြဲနားစွင့်နေတတ်တယ် ။ နှစ်တော်တော်ကြာ ယောက်ဖနဲ့ မျက်နှာချင်းမဆိုင်သလို စကားလည်းမပြောပါ ။ နေသားတကျဖြစ်သင့်တဲ့အချိန်တန်ပေမယ့် ကျနော့်စိတ်တွေက အသားမာတတ်သွားပြီးရယ် အစ်မလည်း ခလေးတစ်ယောက်ကနေ နှစ်ယောက်တောင်ရလာပြီး မိသားစုအရေး ဇနီးကောင်း မိခင်းကောင်းတာဝန်တွေ ထမ်းဆောင်နေရပေမယ့်ကျနော့်အတွက်လည်း အစ်မကောင်းတစ်ယောက်ဖြစ်အောင် သူကြိုးစားနေမြဲပါ။

ကျနော် ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်လို့ဆိုသာတဲ့အခြေနေရောက်ပေမယ့် တူမလေးတွေ မုန့်ဖိုးကလွဲပြီး တခါမှ အစ်မကိုမထောက်ပံ့ဖူးဘူး ။ အစ်မကလည်း ဘယ်တော့မှ အကူညီမတောင်းလာပါ ။ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပိုင်းလောက်ကစပြီး အလုပ်အကိုင်တွေအဆင်မပြေတော့တာ သတိထားမိတယ် ယောက်ဖလည်း ရှိသင့်တဲ့အရွယ်ထက်ပိုမိုအိုစာနေတယ် အစ်မကလည်း နားပေါက်ဟောင်းလောင်း ပြီးတော့ သူ့ဗိုက်ထဲမှာနောက်ထပ် ခလေးလေးတစ်ယောက် ။ရွာကို ကျနော်ရောက်တယ်ကြားတာနဲ့ အပြေးလေးလာတဲ့ ကျနော့်တူမလေး
“ ဦးသားလေး...အမေက နွားနို့ထဲ ထန်းလျက်ခဲထည့်ကျိုထားပေးတယ် အဲ့တာလာသောက်တဲ့ ”
“နင့်..အဖေ ရှိလား ”
“ဟုတ်...ရှိတယ် ”
“အဲ့တာဆို..မလာဘူးလို့သွားပြောလိုက်” အမေက ဘယ်လိုပြောလိုက်တာလဲဆိုပြီး လှမ်းဟောက်တယ် ငိုမဲ့မဲ့လေးနဲ့ ပြန်သွားတဲ့ တူမလေးကို လည်းမသနားတတ်ပါ ကျနော်အသဲမာသလား ? ခဏနေတော့ ထပ်ရောက်လာတယ် “ဦးသားလေး..အဖေ ခြံထဲဆင်းသွားပြီး လာတော့တဲ့ ” မပြုံးပဲမနေနိုင်အောင် ဒီခလေးတွေ လာလုပ်နေတယ် သူတို့မှာ အပြစ်မရှိတာ သိသိကြီးနဲ့ ။

အစ်မကို မြင်တော့ ၃၀ မပြည့်သေးတဲ့ အစ်မက အရွယ်တွေကျသွားလိုက်တာ ကျနော့်ရင်ဘတ်ထဲဆို့နင့်သွားတယ် ။တစ်ခါမှ မမေးဖူးတဲ့ အစ်မတို့ မိသားစုအကြောင်း ပထမဆုံးအကြိမ်မေးဖူးခြင်းပဲ အလုပ်ကိုင်တွေမကောင်းတဲ့အကြောင်း ခလေးတွေကျောင်းစရိတ်နဲ့ အကြွေးတွေရှိတဲ့အကြောင်း ။ပြီးတော့ အစ်မပြောတဲ့စကားက “စိတ်မညစ်ပါဘူး လူမသေ ငွေမရှား အစ်မတို့လည်းလုပ်နေတာပဲ သူများတွေလိုသုံးဖြုန်းနေတာလည်းမဟုတ် အဆင်မပြေတာတော့မတတ်နိုင်ဘူးလေ” တဲ့ ပြီးတော့ သန်းမရှိတဲ့ကျနော့်ခေါင်းကို အစ်မအကြာကြီးရှာနေတယ် အစ်မ ကျနော့်ကိုသတိရနေတာပဲ ။ အဲ့နေ့က အစ်မကို နှုတ်ဆက်ပြီးပြန်လာတော့ ကျနော့်ရင်ထဲဆို့နင့်နေတယ် ။ အစ်မက အစ်မကောင်းတစ်ယောက် ပီသပေမယ့် ငါက မောင်တစ်ယောက်ပီသရဲ့လားဆိုတဲ့ မေးခွန်းကလည်း အထပ်ထပ် နဲ့ပေါ့။

ပြီးခဲ့တဲ့တစ်ပါတ်လောက် အစ်မ နောက်ထပ် သမီးလေးတစ်ယောက်မွေးတဲ့အကြောင်းကြားလိုက်တယ် ။အဆင်မှပြေပါ့မလား စိုးရိမ်စိတ်လေးနဲ့ မဖြစ်စလောက် ငွေလေးနည်းနည်းရယ် စာတိုလေးတစ်စောင်...

“အစ်မ....နေကောင်းရဲ့လား ကျနော်လည်း အလုပ်အဆင်ပြေရင် ပိုက်ဆံလေးစုပြီး အကြွေးတွေ ၀ိုင်းဆပ်ပါ့မယ် ။ ပြီးတော့ ခလေးလည်းထပ်မယူပါနဲ့တော့ စီးပွားရေးအဆင်မပြေပဲ ခလေးပဲယူနေတာ ကျနော်စိတ်ညစ်တယ် ။ အစ်မမောင်...အဝေးတနေရာမှ ”

ကျနော့်စာထဲမှာ အမိန့်သံတွေပါနေသွားသလိုပဲ ဒါပေမယ့် ကျနော့်စာရရင် အစ်မပျော်မှာပါ သူ့ဘ၀မှာ အချစ်ဆုံးလူသားတွေထဲ အချစ်ဆုံးမောင်ဆိုတာ ကျနော်တစ်ယောက်ထဲပဲရှိတာ ။ အစ်မ..ကိုကျနော်ချစ်ပါတယ် စကားလုံးနုနုတွေ မပြောဖြစ်တာ ဘာလို့လဲဆိုတာ ကိုယ်တိုင်လည်းမသိပါဘူး စိတ်ထဲမှာတော့ ချစ်ရတဲ့ အစ်မတို့မိသားစု အဆင်ပြေပါစေဆိုတဲ့ဆုတောင်းသံတွေအထပ်ထပ်နဲ့ ပဲ့တင်သံတွေကို ကျနော်တစ်ယောက်တည်းကြားနေရတယ် ။

Wednesday, April 28, 2010

မင်းမသိဟန်ဆောင်နေတာ ငါသိတယ်

ခြွေခဲ့တဲ့ ပန်း မြေခပေမယ့်
မပုပ်သိုးဘူး ( ဆေးစိမ်ထားလို့ )
ကွဲခဲ့တဲ့အသဲ နာကျင်ပေမယ့်
မေ့မရဘူး
ချစ်ခဲ့ဖူးတဲ့ အချစ် မေ့သင့်ပေမယ့်
ဖျောက်ဖျက်မရဘူး
နမ်းခဲ့ဖူးတဲ့ အကြင်နာနွေးနွေး
ကြာခဲ့ပေမယ့် ရင်ထဲလှိုက်ဖိုနေတုန်း
ဆိုခဲ့ဖူးတဲ့ သီချင်း
ငှက်ဆိုးထိုးသံလို့  ကောင်းချီးပေးပေမယ့်
ငါ ...ဆက်ဆိုနေဆဲ
( "အသဲကွဲတဲ့ရောဂါ လွယ်လွယ်နဲ့ လည်း မပျောက်နိုင်'' )
တစ်ချိန်က မဟာဆန်ခဲ့တဲ့အပြုံး
အခု မဲ့ပြနေပေမယ့်
ငါ့အတွက် နတ်သမီးအပြုံးလို့  ထင်မှတ်နေဆဲ
ငါပေးခဲ့ဖူးတဲ့အချစ် အခုခေတ် ကာလပေါက်ဈေးနဲ့  တွက်ရင်
လူတွေပြောပြောနေကြတဲ့ ( ၁၅၀၀) အချစ်ဆိုတာထပ် (၂) ပိဿလောက်ပိုနေပြီး
ကျေးဇူးပြု၍ချစ်သူ
အတိုးမရရင် နေပါစေ
ငါချစ်ခဲ့မိတဲ့အချစ်တွေအတွက် အရင်းတော့ ပြန်ပေးပါ
မင်းမသိဟန်ဆောင်နေတာ ငါသိတယ်။

Sunday, April 25, 2010

အမေငိုလေသော်အခါ

အမေ့မျက်ရည်ကျလေသောအခါ ကျနော်လည်း ၀မ်းနည်းပါတယ် ဘ၀တွေအကြောင်း သောကတွေအကြောင်း ဒုက္ခတွေအကြောင်း နောကြေနေတဲ့ အမေက မျက်ရည်ကျတယ်တဲ့ အမေမျက်ရည်မကျတာ ဘယ်လောက်များကြာပါပြီးလဲ ကျနော်မမှတ်မိတော့ပါဘူး ။ ဟုတ်တယ် လွန်ခဲ့တဲ့ ၃ နှစ်လောက်တော့ အမေ့ရဲ့သားအငယ်ဆုံး အမေနဲ့ဝေးတဲ့နေရာကို သွားရတော့မှာမို့စိတ်ပူပြီးကျတဲ့မျက်ရည် အဲ့နောက်ပိုင်း အမေမငိုတော့ပါဘူး အမေက အင်မတန်ငိုခဲတဲ့သူတစ်ယောက်ပါ။ သားသမီးတွေ စိတ်ဓာတ်ကျ အားငယ်နေရင်တောင် အမေရှိရင် အားရှိနေကျ အမေကိုပြောပြလိုက်၇င် ခံစားနေရတာတွေ အားလုံးပေါ့ပါးသွားတတ်စမြဲပါ ။

အိမ်နဲ့အကြာကြီးဝေးနေတဲ့ ကိုလတ် လွန်ခဲ့တဲ့ရက်ပိုင်းတွေလောက်တုန်းက အိမ်ပြန်ရောက်လာခဲ့တော့ အမေဟန်မဆောင်နိုင်ပဲ ခလေးတစ်ယောက်လို ဟေးး လို့အော်ပြီး ပျော်နေလို့  ကျနော်တို့မောင်နှမတွေ စနောက်ခဲ့ရတဲ့အဖြစ် ။ အဖေ၊ အစ်ကို ပြီးတော့ ကျနော်နဲ့ ကျနော်တူလေးတစ်ယောက် ရှင်ပြု ရဟန်းခံလုပ်တဲ့နေ့ ။ “အမေ...သား လူများရင် စိတ်ရှုပ်တယ် ပြီးတော့ အကျွေးမွေးတွေလုပ်ကြမှာနဲ့ဆိုရင် မူးကြမယ့်သူတွေနဲ့ ဘာကြီးမှန်းအလည်းမသိဘူး ခဏ အကုသိုလ်တွေများနေအုံးမယ် ” ။ ကျနော်မိုက်မဲတာ မစဉ်းစားတတ်တာ အမေ ခဏတော့ငိုင်သွားတယ် အိမ်ရဲ့စီးပွားရေးအခြေနေမကောင်းလို့ အလှူတန်းမလုပ်ရတာ ကြာတော့ အမေလုပ်ချင်တယ်ထင်တယ် ။အစ်ကိုက မျက်စပစ်ပြီး ကပ်ပြောတယ် “ အကြာကြီးနေမှ တစ်ခါမိသားစုစုံရတာ အမေစိတ်ချမ်းသာသလို လုပ်ပါစေ” တဲ့ ။ ဟုတ်သား ခုချိန်မှာ အမေစိတ်ချမ်းသာဖို့ အဓိကပဲ ။

ဆံချတဲ့နေ့က အမေငိုတယ် ပြီးတော့ ဓာတ်ပုံတွေရိုက်ကြတော့ တစ်ခါငိုတယ် အငယ်လေးတုန်းကလို အမေငိုရင် ကျနော်လည်းငိုချင်တယ် ။ အမေဘာလို့ငိုတာပါလိမ့် ၀မ်းသာလို့ငိုတာလား ၀မ်းနည်းလို့ ငိုတာလား ကျနော်သေချာမသိပါဘူး အမေ့ရဲ့ အချစ်ဆုံးသားကြီး မလာလို့ဖြစ်မှာ ပေါ့ အမေက အစ်ကိုကြီးကို အချစ်ဆုံး။ “ အဲ့နေ့ညက မိသားစုတွေ စကားထိုင်ပြောကြတဲ့ည ကျနော်က အမေ့ပေါင်ပေါ် ခေါင်းအုံးပြီး နားထောင်နေတာ တကယ့်ကို ခလေးဘ၀ နေ့ရက်တွေ ပြန်ရောက်သွားသလိုပဲ အမေကကျနော့်ခေါင်းကဆံပင်တွေကိုပွတ်သပ်လို့ပေါ့ ။ “သား ၃ ယောက်ထဲမှာတော့လေ သားအကြီးဆုံးကိုတော့ အချစ်ဆုံးပဲ မအေကို ဂရုတစိုက်နဲ့ လိမ်မာတယ် ” အဲ့တုန်းက ကျနော်အမေ့စကားကို ပြုံးပြီးနားထောင်နေလိုက်ရင်ကောင်းသား မိုက်လိုက်တဲ့ကျနော်လေ ပြောင်စပ်စပ်နဲ့ “ အမေနော် ဘက်မလိုက်နဲ့ အမေ့သားကြီးက အမေ့ကိုချစ်တယ်သာပြောတယ် ၁၀ နှစ်လောက်ရှိပြီး ဘယ်မှာလဲ အမေ့အတွက်ဆိုပြီး ကန်တော့တာတို့ အဆက်သွယ်မကြာမကြာလုပ်တာတို့ လုပ်လို့လား အလကား သူ့ပါသာ မဟုတ်တာတွေနဲ့ ရှုပ်နေတာ ” တကယ်ပါ ကျနော် ဘာရည်ရွယ်ချက်နဲ့ မှ ပြောလိုက်တာမဟုတ်ပေမယ့် အမေမျက်ရည် ကျလေသောအခါ ကျနော့်ကိုယ် ကျနော် လူမိုက်တစ်ယောက်လို ခံစားလိုက်ရတယ် ။ ခွင့်လွှတ်ပါ အမေ ။ သားလည်း ကြီးလေ မိုက်လေ ကြီးမိုက်လေး ဖြစ်လာပါပြီး ။

ကိုလတ်ပြန်တဲ့နေ့က အမေကားဂိတ်လိုက်ပို့ရင်း ငိုတယ် အမေငိုလေသော အခါ ကျနော်လည်း ၀မ်းနည်းပါတယ် ။ ကျနော် ခရီးတိုလေး ခဏသွားလို့ နှုတ်ဆက်တဲ့နေ့ကအမေ ငိုတယ် “ အား ...အမေကလည်း သားက ခဏလေးသွားမှာကိုဗျာ ” ၊ “အေးပါ အမေသိတယ် သားယောက်ျားလေး ၃ ယောက်မွေးထားပါတယ် တစ်ယောက်မှ နီးနီးနားနားမရှိလို့ ၀မ်းနည်းတာပါ ” တဲ့ ကျနော် ငိုင်ကျသွားတဲ့ စကားတစ်ခွန်းပါပဲ ပြောရင်း အမေငိုလေသောအခါ ကျနော်လည်း ငိုချင်ပါတယ် ။

အမေငိုလေသော်အခါ ကျနော်လည်း ငိုချင်ပါတယ် ။

Saturday, April 24, 2010

ရင်ခွင်လျှော့ဈေး


ဝင်လာခဲ့ပါချစ်သူ
ဘာဆိုဘာမှ မသယ်လာခဲ့ပါနဲ့
ငါ့နှလုံးသားထဲ မင်းအတွက်
အချစ်စစ်တွေနဲ့ ဖျော်စပ်ထားတဲ့
ဖျော်ရည်တစ်ခွက် တိုက်ပါရစေ
ပြန်ထွက်သွားတဲ့တစ်နေ့
မျှော်လင့်ခြင်း ဖန်ခွက်ပါးပါးလေးတော့ထားခဲ့ပေးပါ
ငါ သတိရတိုင်း
မင်းနှုတ်ခမ်းရာလေးကို
အလွမ်းပြေ နမ်းရှိုက်ချင်လို့

Friday, April 23, 2010

စာရွက်ပေါ်ကအိမ့်ချမ်းမြေ့ နှင့် စာဖတ်သူအမြင်

( ဒီပုံကို မလေး လလော့က ကူးထားယူပါသည် )

ဘလော့မရေးဖြစ်တဲ့ အချိန်တွေအတွင်း စာတွေတော်တော်များများဖတ်ဖြစ်ပါတယ် ။ သူငယ်ချင်းက စာအုပ်ဆိုင်ဖွင့်ထားတော့ သူညွှန်းတဲ့စာအုပ်တွေ ဥပမာ မြသန်းတင့် ၊ ရွှေဥဒေါင်း၊ လင်းယုန်မောင်မောင် တစ်ခြားစာရေးဆရာကြီးတွေ အများကြီးပါ အခုပို့စ်လေးကတော့ မအိမ့်ရဲ့ စာအုပ်လေးကို ဖတ်ပြီးဝေဖန်ချက်လေးကို အစ်မဆီ မေးလ်ပို့လိုက်တော့ အစ်မကလည်း ပြန်လည်ဖြေရှင်းချက်လေးတွေနဲ့ အမှတ်တရ သူ့ဘလော့လေးမှာ ပြန်တင်ထားပါတယ် ။ ကျနော်လည်း အခုအိမ်သစ်လေးနဲ့ဆိုတော့ ပြန်ပြီးကြွက်လိုက်အုံးမယ် နောက်ပိုင်း စာအုပ်စင်လေးအကြောင်းထပ်ရေးပါအုံးမယ် ။



စာရေးချင်စိတ်နှင့် အွန်လိုင်းပေါ်တက်ချင်စိတ် ကုန်ခမ်းနေတဲ့အတွက် ဘလောဂါမောင်လေးတစ်ဦးဖြစ်တဲ့ မောင်မျိုး ပေးပို့လာသော စာလေးကိုပဲ ဆားချက်လိုက်ပါတယ်။

မောင်မျိုးတစ်ယောက် ဘလောဂ် မရေးတော့ပါဘူး။ ဒါပေမယ့် သံယောဇဉ်ကြီးစွာနဲ့ ဘလောဂ်တွေကိုတော့ ဖတ်နေတုန်းပဲ ထင်ပါတယ်။ အွန်လိုင်းပေါ်မှာ ဘလောဂ်ရေးကြတဲ့အခါ အကြောင်းတစ်ခုခုကြောင့် ဘလောဂ်လောကကို နှုတ်ဆက်ထွက်ခွာသွားတတ်ကြတယ်။ အချို့ကျတော့လည်း နှုတ်တောင်မဆက်တော့ဘဲ ပျောက်ကွယ်သွားကြတယ်။ တစ်ခါက မပန်(ပန်ဒိုရာ) ပြောသလို “ဘလော့ဂါ ဆိုတာဒီလိုပါပဲ.. ပျောက်သောသူ ကြာရင်မေ့ … ကိုယ်လည်းတနေ့..” ဆိုသလို… ဘလောဂ်စာမျက်နှာတွေပေါ်က ပျောက်ကွယ်သွားချင်တဲ့စိတ်တွေကို ထိန်းနေကြတဲ့ ဘလောဂါတွေလည်း ရှိမှာပါပဲ။ အချို့ကျတော့လည်း ကိုယ်ဖန်တီးထားတဲ့ အိမ်ကလေးကို ဒီတိုင်းပစ်ထားလိုက်ကြတယ်။ ကျမကတော့ “အိမ့်ချမ်းမြေ့” ဆိုတာကို အပြီးတိုင်မြေမြုပ်သဂြိုလ်လိုက်ချင်စိတ်တွေကို ထိန်းထားနေရင်း မောင်မျိုးစာလေးကိုပဲ ဝေငှခွင့်ပြုပါလို့ ….

2007 ရွှေဝါရောက်မတိုင်ခင် အင်တာနက်စာမျက်နှာတွေနဲ့ ရင်းနှီးခဲ့ပါတယ် စာပေအကြောင်း ကဗျာအကြောင်း သိပ်မသိသေးပေမယ့် ဘလော့တစ်ခုအရောက်မှာတော့ ထူးဆန်းလွန်းစွာပဲ ရင်ထဲလွမ်းလာသလိုလို စိတ်ထဲ အေးချမ်းပြီး စာတွေဖတ်ရတာ ကမ်းခြေမှာ ညနေခင်းလမ်းလျှောက်လိုက်ရသလိုပါပဲ စာတွေအကုန်လုံးဖတ်ချင်လောက်အောင်ဖြစ်မိသလို တကယ်လည်း အားလုံးကုန်အောင်ဖတ်ဖြစ်ခဲ့ပါတယ်

(အဲဒီတုန်းက မှတ်မိသေးတယ်။ မောင်မျိုးတစ်ယောက် မြန်မာဖောင့်မရှိသေးလို့ ဆီဗုံးမှာ အင်္ဂလိပ်လိုချည်းပဲ လာလာပြောတာ :D.. သူတစ်ယောက်ပဲ အင်္ဂလိပ်လိုပြောတာ)

အဲ့ဘလော့ပိုင်ရှင်လေးကတော့ အိမ့်ချမ်းမြေ့ ဆိုတဲ့ နာမည်လှလှနဲ အစ်မတစ်ယောက်ရဲ့ ဘလော့လေးပါ ဒီနေ့တော့ အစ်မရဲ့ စာတွေကိုဘလော့ပေါ်မှာမဟုတ်ပဲ စာအုပ်ပေါ်မှာဖတ်ခွင့်ရခဲ့ပြီး စာအုပ်ကိုလက်မှာကိုင် တစ်ရွက်ပြီးတော့ နောက်တစ်ရွက်ကိုပြောင်းတဲ့ အခါ မြည်သွားတဲ့ ချွတ်ချွတ်ဆိုတဲ့ စာရွက်သံတွေနဲ့ ဖတ်ရတာ ပိုအရာသာရှိနေသလိုပဲ ။ ရန်ကုန်ရောက်တုန်း ဒီစာအုပ်လေးတော့ ရအောင်ဝယ်မှပဲဆိုပြီး အင်းဝစာအုပ်တိုက်ကို သူငယ်ချင်းတွေနဲ့အတူတူရောက်ဖြစ်တယ် ။ အစ်မရဲ့ စာအုပ်ကိုတော့ မြန်မာဝတ္တုများဆိုတဲ့ ဗီရိုထပ်ကြီးထဲမှာ ဆရာမ ဂျူး ၊ ဆရာမ ခင်ခင်ထူး တို့နဲ့ တစ်တန်းထဲတွေ့လိုက်ရတော့ စိတ်ထဲကြည်နူးပြီး ဂုဏ်လည်း ယူမိတယ် ပြားကပ်ကပ် အိတ်ကပ်လေးထဲကတော့ အစိမ်းရောင်ခြင်္သေ့လေး ၂ ကောင်တော့ခုန်ထွက်သွားလေရဲ့း)

(တစ်ကယ်ကတော့ စာအုပ်ကို သူ မမြင်ပါဘူး။ သူပြောတုန်းကတော့ ဆိုင်ကကောင်မလေးကို ငေးနေလို့ဆိုလား “အစ်မစာအုပ်ရှေ့မှာ ရပ်ရင်း “အိမ့်ချမ်းမြေ့……” ရှိလားသွားမေးနေတယ် ။ စာအုပ်ဆိုင်က ကောင်မလေးက ဒီမှာလေးတဲ့ ဟီး ကန်တာ” လို့ ပြောတာပဲ။ ဘာကို သွားကန်လည်းတော့ မသိ)

အမှန်တိုင်းပြောရရင်တော့ စာအုပ်ကိုစတွေ့လိုက်တဲ့ အချိန်မှာ တွေးလိုက်မိတာလေးက မော်ဒန်ပန်းချီတွေ ခေတ်စားနေတဲ့အချိန်မှာ စာအုပ်မျက်နှာဖုံးက နည်းနည်းဆွဲဆောင်မှုနည်းနေတယ်ဆိုတာပါပဲ။ ဒါပေမယ့် မာတိကာကိုကြည့်လိုက်တော့ ၃၅ ပုဒ်မှာ ကိုယ့်အကြိုက်ဆုံး “ရုပ်ရှင်လက်မှတ်လေးနှစ်စောင်” ကိုဖတ်ရမှာနဲ့တင်တန်နေပြီး ။နောက်ပြီး စာတည်းမှူးရဲံ အမှာစာက ဒီလိုညွှန်းထားပါတယ် “သူ့စာမူများသည် ကန်ရေပြင်ပေါ်တွင် ရှပ်တိုက်ပြေးလွှာနေသော လေပြေတစ်ခုအလား ချမ်းနေမြ့နေသည်” တဲ့ တကယ်ဆိုတဲ့ စာပါလားကွဲ့….ရို့ :P

(အဟွင်း… စာတွေကပဲ ချမ်းမြနေတာဖြစ်မှာပါကွယ်..)

ပထမဆုံးတစ်ပုဒ်ကိုတော့ မောင်ဆိုတဲ့ ကဗျာလေးနဲ့ စဖွင့်ထားပါတယ် အစ်မရဲ့ မောင်ကဗျာတွေကိုဖတ်နေကျပေမယ့် “ ကြာခဲ့ပြီပဲ….. မတွေ့ရတဲ့နှစ်တွေ နှမြောတသ လွမ်းရတယ်မောင် ” တဲ့ ရင်ထဲမှာတောင် လှိုင်းထသွားတယ် ။

( အိမ်းးး.. ရင်လှိုင်းထခြင်းဆိုတာ ဒါပဲဖြစ်မယ်ထင်တယ်နော်။ နောက်ပြီးအဲဒီကဗျာက ဘာမောင်မှမရှိခင်တုန်းက စပ်ထားတဲ့ ဆယ်ကျောက်သက်အိမ့်ချမ်းမြေ့ရဲ့ ကဗျာပါ။ တစ်ကယ်လည်း မလွမ်းလို့.. တစ်ကယ်လွမ်းရင် ဘာစာမှ ထွက်မလာနိုင်ဘူး :P)

ကြည်ပြာ ၊ ခါလာနဲ့ ခိုင် ၊ ချစ်သူ့အိမ် ၊ ချစ်သူ့လွယ်အိတ် စတာတွေကတော့ ဖတ်ဖူးပြီးသားတွေပဲဖြစ်လို့လား အရေးသားတွေကိုပဲ မှန်းမိနေလို့လားတော့မသိ သာမာန် အချစ်ဝတ္တုတွေဖတ်နေကျအတိုင်း ရင်ထဲထူးပြီး ဘာမှ မခံစားမိဘူး……အဲ့ တစ်ခုသတိထားမိတာက ချစ်သူ့လွယ်အိတ်က သရုပ်ဖော် ပန်းချီက ၀တ္ထုနဲ့ အရမ်းကို လိုက်ဖက်လွန်းတာပါပဲ။ ပုံဆွဲသူရဲ့ ဆိုင်းမှာ NNE 09 တွေကိုသတိထားလိုက်ကြည့်မိတော့ သူ့ရဲ့ ပုံတွေက တော်တော်ကိုကောင်းနေပါတယ် ။ ဗဟုသုတရစရာ နီနာ ၊ မျက်ဝန်းညိုမကို ဒီတစ်ခါသေချာဖတ်လိုက်တော့ အပေါ်ယံပြင်ဆင်မှုတွေနဲ့ မာနရိပ်တွေ လွှမ်းနေတဲ့ ဘာဘီထက် မျက်ဝန်းညိုမလေး ဒိုရာကို ပိုသဘောကျမိတယ် ။ ရုပ်ရှင်လက်မှတ်လေး ၂စောင် အရောက်မှာတော့ ဇတ်လမ်းရဲ့အဆုံးကိုကြိုသိနေပေမယ့် ဖတ်ချင်လွန်းတဲ့ စိတ်နဲ့အတူ ဒါဖတ်ြုပီး ရင်ထဲခံစားရအုံးမှာသိပေမယ့် ဖတ်ဖြစ်အောင်ကိုဖတ်လိုက်သေးတယ် ဒါကပဲ ဒီဝတ္ထုရဲ့ ဆွဲဆောင်မှုထင်ပါရဲ့ ။ “ချစ်ရသူနဲ့ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀ရဲ့အောင်မြင်ခြင်း တစ်ခု ပါပဲ ” တဲ့။ ဒီစကားပြောလေးကို အရမ်းကြိုက်တယ် ။

(အဲဒါ လူငယ်တွေ သိပ်ကြိုက်လို့တော့ မဖြစ်ဘူး။ တော်ကြာ အိမ့်ချမ်းမြေ့က ဒီလိုပြောလို့ပါဆိုပြီး ကလေးတွေ စာမဖတ်တော့ဘဲ ဘ၀ရဲ့အောင်မြင်ခြင်းကြီးဆိုတာဟာ ချစ်ရသူနဲ့ပေါင်းစည်းရခြင်းပါလားဆိုပြီး ရည်းစားနဲ့ပေါင်းဖို့ချည်းပဲ လုပ်နေမှ ခက်နေမယ်.. ဟင်း )

စာမျက်နှာ 85က ယုဇနပင်နဲ့ စာမျက်နှာ 197က နံပါတ် ၈ များနှင့် ခရီးထွက်ခြင်းကည ၈ ဂဏာန်းတွေနဲ့တိုက်ဆိုင်မှုတွေအကြောင်းစိတ်ဝင်စားစရာပါ ။ ငွေရောင်မြစ်ကို ဒီဘလော့ပေါ်မှာတင်တုန်းက သေဖို့ကိုမေ့နေတာ ဒါလေးဖတ်မှ မှတ်မိတယ်လို့ရေးခဲ့မိတာကို ပြန်သတိရမိသလို ကျေးဇူးလည်းထပ်တင်သွးပါတယ် ခုလည်းသေဖို့အတွက် ဘာမှမလုပ်ရသေးဘူး ။ ပန်းချီအောင်နိုင်လတ် ရဲ့ မာယာသစ်ပင်ကိုရောက်တော့ အသံထွက်ပြီးရယ်မိတယ် သဘောကျလွန်းလို့ ကောက်ကြောင်းလှလှနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခြေ လက်တွေက သစ်ကိုင်း သစ်မြစ်တွေကိုဖြစ်လို့း) ။ ကျမ ချစ်တဲ့သစ်တစ်ပင်မှာတော့ သစ်ကိုင်ကြီးက ကောင်မလေးကို ပြောတဲ့ စကား ကောင်မလေးက ပြန်ပြောတဲ့ စကားပြောတွေက တော်တော်ကိုအနှစ်သာရရှိတာပဲ “ အခြေနေတစ်ခုမှတစ်ခုပြောင်းခြင်းဟာ ကောင်းကင်ဘားတန်းတစ်ခုမှ နောက်တစ်ခုကို လွှဲခုတ်ခြင်းလိုပါပဲ ” တဲ့ ။ ဂယက် ကိုဖတ်တော့ အညိုရောင် အမွှေးပွပွလေးနဲ့ဝက်ဝံပေါက်လေးကို သနားသွားမိတယ် သေနတ်သံတစ်ချက် တောင်နံရံတွေမှာ ပဲ့တင်သွားတဲ့ အတွက်ကြောင့်ပေါ့ ။ ဆောင်းအိပ်မက်ကို ဖတ်ပြီးရင်ထဲနင့်သွားတယ် ၀ိညာဉ်ဘ၀ကနေ ချစ်သူမေကိုလာကြည့်တဲ့မောင် ၊ သူ့ကိုလွမ်းလို့ မျက်ရည်စတွေနဲ့ ချစ်သူရဲ့ တိုးဖွဖွ ခေါ်သံတွေကြားမှာ သူဘယ်လို ခံစားရမှာပါလိမ့်လို့ မဆီမဆိုင်တွေးမိနေသေးတယ် ။

ဝတ္ထုတွေ ကဗျာတွေ အားလုံးကို ကောင်းပါတယ်လို့ပြောရင်လည်း ယုံမှာမဟုတ်လေတော့ မုသားချိုချိုတွေလည်း သုံးမနေတော့ပါဘူး နောက်ဆုံးပိတ် အိတ်နဲ့လွယ် အစ်မရေးတဲ့ စာတွေထဲက ကျနော့် အကြိုက်ဆုံးတွေထဲပါတဲ့ ဂုဏ်မက်သူကိုဖတ်လိုက်ရတော့ ပျော်သွားတယ် ငါးသည်မလေးအဖြစ်လည်း တက္ကသိုလ်ကျောင်းသူလေး မြနှင်းကိုလေးစားမိသလို ဆိုက္ကားသမားလေး နိုင်မင်းကိုလည်းသနားမိတယ် ပြီးတော့ ဆန်းသစ်ကိုလည်း နားလည်ပေးလို့ရတယ် ဘာကြောင့်လည်းဆိုတော့ မိန်းခလေးတွေမှာတောင် ရွေးချယ်ပိုင်ခွင့်ရှိသေးရင် ကျနော်တို့မှာကော ဘာကြောင့်ရွေးချယ်ခွင့်မရှိရမှာပါလိမ့် ( စာရဲ့ဆိုလိုရင်းနဲ့ နည်းနည်းတော့ လွဲနေတယ် ) ဒီလိုရွေးချယ်မိတဲ့သူတွေကိုကော မျက်နှာများတဲ့ မောင်လို့ဆိုလေမလား…………..။

မျက်နှာများသူလို့တော့ ဆိုကြမယ်မထင်ပါဘူး။ နဂိုကတည်းက ရွေးချယ်နေကြောင်း ကြေငြာထားရင်ပေါ့နော်.. :P တစ်ကယ်တော့ ယောင်္ကျားတွေမှာ ရွေးချယ်ပိုင်ခွင့် ပိုများတာပါ။ ယောင်္ကျားတွေဟာ ပိုလွတ်လပ်သလို အပစ်တင်ခွင့်နဲ့လည်း ပိုကင်းလွတ်တယ်။ စကားပုံတွေကိုက ယောင်္ကျားကောင်း မောင်းမတစ်ထောင်တဲ့ ၊ မိန်းမကောင်း ပန်းတစ်ပွင့်ပန် တဲ့ (ဆိုးလိုက်လေခြင်း..) ဒါဟာဦးနှောက်ကို သက်သက်မဲ့ လျှော်ဖွပ်ခြင်းကိစ္စဖြစ်တယ်) ဖြစ်နိုင်ရင် ဒီစကားပုံတွေဟာ အဘိဓာန်မှာကို မရှိသင့်တော့ဘူး။ ဒီစကားပုံတွေကြောင့် အတူတူစောင့်စည်းရမှာကို မိန်းမတွေက စောင့်စည်းရမှုအပိုင်းက ပိုများပါတယ်။ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုချည်းကပ်လာသူတွေအထဲကမှ ရွေးချယ်ခွင့်ရှိတာပါ။ ကိုယ့်ကိုမချည်းကပ်တဲ့သူကို ကိုယ်ကစပြီး ဘယ်လိုသွားပြောမလည်း (မြန်မာပြည်မှာပြသော ကိုးရီးယားကားတွေထဲမှာတော့ မသိ) society တစ်ခုလုံးနဲ့ ဘာသာတရားတွေရဲ့ ထိန်းချုပ်မှုတွေအောက်မှာ၊ ဦးနှောက်နဲ့ နှလုံးသားလွန်ဆွဲပွဲတွေမှာ ဦးနှောက်ရဲ့အနိုင်ရမှုရရှိခြင်းဟာ အောင်မြင်မှုတစ်ခုလို့ လူအများစုက သတ်မှတ်နေကြဆဲ ပတ်ဝန်းကျင်မှာ၊ မိန်းမတွေရဲ့ စောင့်စည်းထိန်းသိမ်းမှုတွေဟာ ခေါက်ရိုးကျိုးလို့ နေသားကျလာကြတာ ကြာပါပြီ….. ဒါကတော့ မောင်မျိုးရေးတာနှင့် ဘာမှမဆိုင်ဘဲ ကိုယ့်ဟာကိုယ်ဖြစ်တဲ့ ခံစားချက်အချို့ကိုရောချပြီး မိန်းမထုကြီးတစ်ခုလုံးဘက်မှ အဒွန့်တက်ခြင်းသာဖြစ်၏)

ချစ်ခြင်းနဲ့ အတူချစ်သူတွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ လက်ထပ်ခြင်းမှာ မြနှင်းပြောတဲ့ ရိုးဂုဏ်က ရာနှုန်းပြည့်တော့ မပါဝင်နိုင်ပါဘူးလေ ။ ရိုးသားမှုတစ်ခုတည်းပိုင်ဆိုင်တဲ့သူတစ်ယောက် ချစ်သောသူနဲ့ ကွေကွင်ရခြင်းမှာကော ဘောင်တွေခတ်တတ်လွန်းတဲ့ ပတ်ဝန်းကျင်ကြောင့်လား ဂုဏ်နဲ့ တိုက်ရိုက် အချိုးကျနေတဲ့ ပညာတွေ ငွေတွေကြောင့်များလားဆိုတာကတော့ တွေးရခက်တဲ့ အရာတစ်ခုပါပဲ ။

အဲ… လိုက်လို့မမှီဘူး။ တစ်ကယ်လိုက်မမှီတော့ဘူး မောင်မျိုးရေ….

ဒီပို့စ်လေးနဲ့အတု ဘလော့စာမျက်နှာတွေပေါ်ကနေ စာပေနယ်ကို ခြေလှမ်းသစ်စပျိုးလိုက်တဲ့ မလေး ”အိမ့်ချမ်းမြေ့” ကို ဂုဏ်ပြုလျှက် ……….။

ခင်မင်ရသော အစ်မရဲ့ စာဖတ်ပရိသတ်မောင်မျိုး ။

(ဒီပို့စ်လေးအတွက် မအိမ့်ကို ကျေးဇူးတင်ပါတယ်။)

Wednesday, April 21, 2010

နွေရာသီမှာပူပါတယ်

တိတ်ဆိတ်ခြင်းကို လိုချင်လို့
အခန်းကျဉ်းထဲအခန်းကျဉ်ထဲနှပ်မယ် ကြံတော့
ဘေးအိမ်က မကုလားမက သူ့ယောက်ျားကိုထောပနာပြုတယ်
“သေနာကောင် ရှာထားတာ ဘယ်နှပြားရှိလို့ နင့်ဖဲကြွေးငါဆပ်ပေးရမလဲတဲ့...
ဟူးး ..........ကြားရတာတွေ နားပူတယ် ။


ချမ်းအေးခြင်းကို လိုချင်လို့
အိမ်ရှေ့ ထွက်လမ်းလျှောက်တော့
အခွေဆိုင်က အစ်ကို ဟဲနေတဲ့ သီချင်းက
“ဘယ်လောက်ဝေးဝေး မ .ရယ်ယုံပါ” တဲ့
ဟူးး......ကျနော်လည်း မ ...ကိုလွမ်းလို့ ရင်ပူတယ် ။


ပျော်ရွှင်ခြင်းကို လိုချင်လို့
လုပ်ချင်တာတွေလုပ်လာခဲ့တာ
ခဏခဏ ဖျားနာတတ်နေတဲ့ အိတ်ကပ်
ဟောင်းလောင်း ၀မ်းဗိုက်ကတော့ သံစုံတီးဝိုင်းကို ဖွင့်လို့
ဟုတ်ကဲ့ ..၀မ်းပူနေလို့ ရေသောက်ဗိုက်မှောက်ပြီး
ဒီကဗျာကို ရေးဖြစ်မိတယ်
ဟူးး တကယ်နွေမှာ ပူပါတယ် ။

ကားအလွဲများ

အလွဲနဲ့ မောင်မျိုး ၊ မောင်မျိုးနဲ့ အလွဲဆိုတာ ခွဲမရတဲ့ အရာတွေပေါ့ဗျာ ကားအလွဲများဆိုလို့ အဖေက လင်ခရုဆာကြီးတစ်စီးဝယ်ပေးပြီး “ သားငယ် မင်း မောင်းချင်တဲ့ဆီကိုမောင်း တိုက်ချင်တာကိုတိုက် ဖြစ်လာတာ အဖေရှင်းပေးမယ် ” အဲ့လိုပြောမယ်ထင်ပါသလား မဟုတ်ရေးချ မဟုတ်ရပါခင်ဗျား ။ အိမ်မှာကားဆိုလို့ ကားကားပြီးသွားတတ်တဲ့ ဘဲမကြီးတစ်ကောင်ပဲ ရှိတယ် ။ကျောင်းတတ်တုန်းက ကားက ရှားတော့ မနက်စောစော လက်မှတ်တွေဖြတ်ရတယ် အိပ်ရေးက မ၀တော့ နာရီကိုကြည့်တာမှားပြီး ပြေးလိုက်ရတာ အမောပေါ့ ကားဂိတ်ရောက်တော့ ကားက ဂိတ်တောင်မထိုးသေးဘူး ။ စာအုပ်တွေ ကျန်ခဲ့တဲ့ အခါမျိုးရှိသလို ကားဘီးစလှိမ့်နေပြီး အပြေးတစ်ပိုင်းနဲ့ ကားနောက် ပြေးလိုက်ရတဲ့ အခါတွေကလည်း ဖြစ်ဖူးတယ်။

ဒီဇင်ဘာတုန်းက ကိစ္စလေးတစ်ခုနဲ့ ရန်ကုန်ကိုလာတော့ ကျနော်ဖြတ်ထားတဲ့လက်မှတ်နံပါတ်က 6 ကိုယ့်ပါသာရှာပြီးထိုင်လိုင်ရင် ပြီးကောကို မဟုတ်ပဲနဲ့ စပယ်၇ာငတိကို သွားမေးမိတယ် သူပြောတာက အဲ့ကောင်မလေး ရှေ့ကခုံတဲ့ ကျနော်ကြားတာက ကောင်မလေး ဘေးကခုံ အော်...တော်တော်ကောင်းတဲ့နား ရွှေကွပ်ဖို့တောင်ကောင်းတယ် ။ ပြဿနာကမပြီးပဲ ငတိက မကျေနပ်ဘူးထင်ပါ့ အတင်းတုတ်တာက အကျယ်ကြီး “ ဟိုဘဲကကွာ စောရှေ့ကခုံလို့ပြောတာက သပ်၂ကြောင်ချင်လို့ ဘေးမှာသွားထိုင်နေတယ်”တဲ့ ။ဟား...သေစမ်းဟ ကျနော့်ဘ၀ မဘူးချင်ပဲ ငဘူးဖြစ်သွားတယ် လွဲချင်ပါအုံးလား ကောင်မလေးက အရမ်းကြီးမလှတော့ ကျနော်လည်း ရှေ့ခုံပြောင်းထိုင်လိုက်တယ် ။

လွန်ခဲ့တဲ့ နှစ်ပါတ်လောက်က သူငယ်ချင်း၂ယောက် ဘုရားသွားကြကောေ၇ာက်တာသိပ်မကြာသေးတော့ ကားစီးရတာက သိပ်မကျွမ်းဘူး ဒီကားဆို ဒီကားပဲ တစ်ခြားကား ချောင်လို့ ပြောင်းစီးရမှန်းမသိ ဘုရားက ပြန်ဆင်းတော့ တူတူ ကားဆီကိုသွားတော့ ကိုယ့်အာရုံနဲ့ကိုယ် သတိမထားမိလိုက်ဘူး ကျနော်က ၃ ကားစီ သူက ၂၀၄ ကားစီး ဟားဒုက္ခပဲ ပြောင်းစီးလို့လည်းမှီတော့ မိုးချုပ်ကြီး ဆင်းမယ့်နေရာသိရင်တော့ ပြန်ရမယ့်နေရာကိုမသိဘူး သေတာပဲ ။ တော်သေးတာက သူငယ်ချင်းကလည်း စိတ်ပူပြီး ကားဂတ် လူအများကြီးကြား တိုးရှာပြီး နားရင်းကို တစ်ချက်တော့ အုပ်ခံထိလိုက်တယ် ။ သူပေးတဲ့ မှတ်ချက်က ပြောလိုက်ရင်တော့ ယိုးဒယားမှာ ဘယ်နှနှစ် လုပ်လိုက်၇င်သောက်တစ်လွဲ အရင်တုန်းက အကျင့်ကိုမပျောက်ဘူးတဲ့ ဟုတ်ပါ့ လွဲချက်ကတော့နာ ။

ကားတွယ်စီးရင်း လွယ်ထားတဲ့အိတ်ကြီး ပါပါသွားလို့ ပြန်တင်ခံဆွဲထားရလို့ပြန်လာရင် လက်မောင်းတစ်ဖက်ကနာ ရန်ကုန်မှာ ကားတွယ်စီးရတာ ဆရာမြသန်းတင့်ရဲ့ သုမမြို့တော်ကိုတောင် သွားသတိရတယ် သေအောင် ကြပ်ညှပ်နေလို့ ။ ခါးကသေးသေး ခါးပတ်ကို ဂိတ်ဆုံးတပ်ထားတာတောင် ချောင်နေတဲ့ခါး အင်္ကျီင်္်ကတိုတိုဆိုတော့ ကိုယ့်ရဲ့အန်ဒါဝဲယားလေးက ကာလေးတွေကိုဖော်ပြလို့ ဘယ်သူမှကြည့်မနေပါပဲ ရှက်ပြီးမနေတတ်လို့ ပြန်ပြန်ဆွဲချနေမိတာကလည်း ၀ဠ်ပဲ လမ်းဖြတ်ကူးရင် တောသားမြို့ခဏတက်တော့ သေမှာကလည်း ကြောက်သေး သူငယ်ချင်းပခုံးကို အတင်းလှမ်း၂ ဆွဲလို့ အဆဲခံရတာကလည်း ခဏခဏပေါ့၊ ဒီလိုအလွဲတွေ ခဏခဏမဖြစ်ရအောင် မားသားကို ဈေးသွားရင် အမိုးပွင့် ကားနီးလေးတစ်စီးလောက်တော့ ၀ယ်ပေးဖို့ပြောအုံးမှပဲ :)

Friday, April 9, 2010

သမင်တောထဲက ကျား

သမင်သားမစားတဲ့ကျား ရှိသလား ကျားတိုင်းကတော့ သမင်သားစားမှာပဲ တစ်နေ့ မဟုတ်တစ်နေ့  ။ သူလည်း ကျားတွေထဲက ကျားတစ်ကောင်ပဲ သမင်သားကြိုက်တာပေါ့ တစ်နေ့ တော့ စားမယ်။ ဒါပေမယ့် ဒီကျားမှာ ကိုယ်ကျင့်တရား တွေ စည်းဆိုတာတွေ ရှိတယ် ပြီးတော့ ကျားတစ်ကောင်က တစ်ကိုက်ဝင်စားသွားလိုက် နောက်ထပ်တစ်ကောင်က ထပ်စားလိုက်နဲ့  ဒီလိုရောကော သောကော သမင်းသားကိုတော့ ဒီကျားက ရွံတယ် ဆိုရင်ကော တော်တော် ဖင်ခေါင်းကျယ်တဲ့ ကျားလို့  ပြောကြမလား ပြောကြပါစေပေါ့ ရွံတာက ရွံတာပဲ အဲ့လို သမင်သား သေတာတောင် မစားဘူး ။ ဟုတ်တယ် ....ဒီကျား ကျင်လည်နေတဲ့ တောမှာ သမင်ပေါင်းစုံကျက်စားတယ် အလကားလည်း စားလို့ ရတယ် ပင်ပင်ပန်းပန်းလိုက်ဖမ်းပြီးတော့လည်း စားလို့ ရတယ် နည်းမျိုးစုံသုံးပြီး စားလို့ ရနေတာပဲ ဒါပေမယ့် ဒီတောမှာ ကျက်စားနေတဲ့ ကျားတွေထဲမှာလည်း သိက္ခာရှိတဲ့ ကျားတွေ ရှိပါသေးတယ် ၀ါလုံးရှည်နဲ့  ရမ်းပြီး ဒီမှာနေတော့ ဒီကျားတွေထဲက ကျားတစ်ကောင်လို့ တော့ မသတ်မှတ်လိုက်စမ်းပါနဲ့  ။

တစ်နေ့  ကျားရိုင်းတို့  အပန်းဖြေရာ သမင်ပျိုတို့  ပျော်မွေ့ ရာ နန်းတော် တစ်ခုကို ရောက်သွားခဲ့တယ် ကျားတွေထဲက ဆရာ့ ဆရာကြီးတွေ ရဲ့ကျေးဇူးကြောင့်ပေါ့ အားနာလို့  ခါးပါတယ်ဆိုတဲ့စကား အခုတော့ ကိုယ်တွေ့ ....ဒီကျား ငြင်းပါသေးတယ် ကျား ဥပုပ်စောင့်ထားတယ်လို့  ဒီ့ထက် ငြင်းလွန်းလျှင် ဒီကျားက ကျားစစ်စစ်မှ ဟုတ်ရဲ့လားလို့  ထင်မိကြတော့မယ် ဒီလိုတော့ သူအထင်မခံနိုင် ဘာမို့ လို့ လဲ ဒါပေမယ့် အဲ့ရပ်ဝန်းထဲလည်းရောက် ကော ခေါင်းတွေမူး ပြီးတော့ မြင်မိသမျှ မြင်းကွင်းတွေက စိတ်မချမ်းသာစရာ ပြီတီတီ အီင်္တီတီအကြည့်တွေနဲ့  အနားမှာ ရစ်ဝဲနေတဲ့  သမင်တွေကအများကြီး အဲ့ဒီနေရာမှာသာ ကွမ်းတစ်ဝါးညက်စာအောက် ဆက်နေနေလျှင် ကျား ဒေါသတွေထွက်လွန်းလို့  သေလို့ ရတယ်။ မုန်းလိုက်တာ ရင်ဘတ်ထဲကို တက်တက်ဆောင့်လာတဲ့ ဒေါသအပူလှိုင်းတွေကို လေပူအဖြစ်သာ မှုတ်ထုတ်ရုံကလွဲလို့  ဘာမှမတက်နိုင်ခဲ့ဘူး နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ အခြေနေတော့ ဖြစ်မှသာဖြစ်တော့ ထင်ချင်သလိုထင်ကြပါစေ ကျား ဒီတောထဲက ထွက်လာခဲ့တယ် ။

ကျားချင်း မျက်နှာ ပျက်စရာတွေ ဖြစ်မှာစိုးလို့  ဘ၀မှာတစ်ကြိမ်သာ ဖြစ်ဖူးတဲ့ စိတ်ဆိုးမှုတွေကို ဘာမှမဖြစ်သလို နေ ရတဲ့ဒုက္ခ ပင်ပန်းလွန်းလို့  ပြန်စဉ်းစားတိုင်းရင်ထဲက နာတယ် အဲ့တုန်းက ဒီနေရာကို လာရင် ဒါတွေထဲက ဒါပေါ့ဆိုတဲ့ မျက်လုံးတွေနဲ့  အကြည့်ခံလိုက်ရ၊ သိက္ခာတွေ ၂ ပြားမတန်အောင် ကျသွားရတဲ့ အဖြစ် သိပ်ကြိုက်လွန်းတဲ့ ကော်ဖီတစ်ခွက်ကို ဒီကျား မြိုချလို့  မရခဲ့ဘူး ။ ကျားတစ်ကောင်ရဲ့ ကိုယ်ကျင့်တရားကို ဘယ်လို ပေတံနဲ့  တိုင်းသလဲ ပြီးတော့ ဒီကျားပြောနေတဲ့ စကားတွေထဲမှာ သမင်းသားစားချင်နေတဲ့ အကြောင်း အမူယာတွေ ပါသွားခဲ့လေသလားးး နိုးးးးးးပါ ။တောနက်နက် မှောင်မှောင်ထဲမှာ တစ်ကောင်တည်း မိုးလင်းပေါက်ထိုင်နေမိတဲ့ ကျားတစ်ကောင်ရဲ့ အဖြစ်ကို ပြန်မြင်ယောင်မိတယ် ဖြေဆေးမရှိဘူး မဖြေနိုင်ခဲ့ဘူးး ။

အစ်ကိုညိုထက် ပြောတဲ့ ရေလည်ခေါင်က နတ်သမီးနေတဲ့ ကျွန်းမှာ ငါးဆင်းမဖမ်းခဲ့တဲ့ တံငါသည်တစ်ဖြစ်လည်း ကျားတစ်ကောင်ကို ဘယ်သူက ယုံကြည်မတဲ့လဲ မဖြစ်နိုင်တာ သမင်တောထဲရောက်တဲ့ ကျား သမင်းသားစားမယ် ငါးပေါတဲ့ ကျွန်းထဲရောက်ခဲ့တဲ့ တံငါသည် ငါးဆင်းဖမ်းမှာ သေချာပါတယ်လို့  ထင်မိကြမှာပါ ကျားကတော့ လိပ်ပြာလုံတယ် ။ label မှာ အမှတ်တရလို့  တက်လိုက်ပေမယ့် ဒီအမှတ်တရကတော့ ရွံစရာတွေနဲ့  ပြည့်နှပ်ခဲ့တဲ့ ကျားတစ်ကောင်ရဲ့ မလှပတဲ့ အဖြစ်ပေါ့ ဒီကျားက ကျားစစ်ပါတယ်ဆိုတာကိုတော့ ထပ်ဆင့်ဖွင့်ဟချင်တယ် ကျားတွေထဲက ကျားပေမယ့် စုတ်ပြတ်သတ်နေတဲ့ ခြစားနေတဲ့ သားရည်မခြုံထားတဲ့ ကျားတစ်ကောင်ပါလို့  ။


P>S= သတိ စုံစမ်း မေးမြန်းခြင်း သည်းခံပါ :) 30/7/2008 တာမွေရောက် အဖြစ်အပျက်လေးပါ ။

လူသားဘဝ

လူသားဘ၀ အကြောင်းရေးခိုင်းထားတာ ကြာပြီး ကိုယ်တစ်ယောက်ပဲအကြွေးကျန်တော့တယ်။ ကျနော်ကတော့ ဒီလိုဖွင့်ဆိုချင်တယ် (လူသားဘ၀= ခံစားချက်ပေါင်းစုံဖြစ်စေတက်သော ဘုရားသခင်ရဲ့ တမန်တော်များ ) ..ဟုတ်တယ်လေ ကျနော်က ကိုယ့်ဘ၀နဲ့  ယှဉ်ပြီး လူသားဘ၀ ကစိတ်ပျက်စရာကြီးပါလို့  ရေးမိရင် ရာနှုန်းပြည့်မဟုတ်တောင် ဘ၀ပေး ကုသိုလ်ကြောင့် ပျော်ရွှင်နေကြတဲ့သူတွေအတွက် ဒါက လွဲမှားမှုတစ်ခုဖြစ်သွားမယ် ။ ဆရာ ရေးထားတဲ့ ဒီအချက်လေး "မှတ်မှတ်ရရ ဖြစ်လောက်တဲ့အထိ အကြီးအကျယ် ပျော်ရွှင် ခြင်း၊ အလွန်အမင်း ကြောက်လန့်ခြင်း၊ မျက်ရည်တောက်တောက်ကျတဲ့အထိ ၀မ်းနည်းခြင်း စတဲ့စိတ်ခံစားမှု အာရုံအားလုံးကို ပြင်းပြင်းပြပြ ရသွားချင်တယ်" ကို အရမ်းသဘောကျတယ် ဒါပေမယ့် အဲ့လိုအခြေနေမျိုး ဖြစ်လာခဲ့ရင် ကျနော်တကယ် ခံနိုင်ရည်ရှိပါ့မလားလို့  စဉ်းစားကြည့်တော့ ready မဖြစ်သေးဘူး နောက်တော့ပေါ့ အသက် ၄၀ကျော်လောက်ဆိုရင်တော့လောကအကြောင်းနောကြေလောက်တဲ့အချိန့် ခံနိုင်ရည်ရှိမယ်ထင်တယ် ။

ကျနော့်ရဲ့ ဘ၀အပေါ်ခံယူချက်အရ မိဘကို တိုက်တွေကားတွေ ၀ယ်ပေးနိုင်လောက်တဲ့ သားတစ်ယောက်မဖြစ်သေးပေမယ့် ကျေးဇူးတွေမဆပ်နိုင်သေပေမယ့် ကိုယ့်ကြောင့် မိဘကိုစိတ်ဆင်းရဲမှုမပေးတဲ့ သူတစ်ယောက်ဖြစ်အောင်နေခဲ့တဲ့အတွက် ကျေနပ်တယ်။ဘာကိုမှ အသည်းသန်း ဖြစ်ရမယ် ၊ ရရမယ်ဆိုတဲ့ စိတ်မျိုး ကျနော့်မှာလည်း မရှိတော့ လူသားဘ၀မှာ တင်းတိမ်ရောင့်ရဲခြင်းဆိုတဲ့ အချက်နဲ့ ပဲ ကျနော် ဒီနေ့ အထိရပ်တည်နေတယ်။State ကျောင်းသားဘ၀က ရူးသွပ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ဘ၀ ကို အခိုက်အတန့် အားဖြင့်ပိုင်ဆိုင်ခဲ့ရဖူးတဲ့ အတွက် ကော ယခုလက်ရှိ ဘလော့ရေးနေတာနဲ့  သိပ်ကိုခင်မင်ဖို့ ကောင်းတဲ့ အစ်ကို အစ်မ သူငယ်ချင်းတွေ ဆုံဆည်းခွင့်ရခဲ့တာကို ကျေနပ်တယ် နောက်လည်း စွဲစွဲမြဲမြဲရေးမယ် ( အခြေနေပေးလျှင်) ။


ဒီအချက်တွေကိုတော့ မသေခင်လေးဖြစ်ချင်တယ် ။

(၁) တကယ်ပျော်တဲ့သူတစ်ယောက်ဖြစ်ချင်တယ် (ကျနော့်ဘ၀မှာ ပျော်ရွှင်မှုအစစ်မှန်ဆိုတာ လက်ချိုးရေတွက်လို့ ရနိုင်တာမို့  )၊ ကိုယ်ကြုံတွေ့ ခဲ့ရတဲ့ အခြေနေနဲ့  ယှဉ်ပြီး ကိုယ့်ရဲ့ တူ၊ တူမလေးနဲ့  လူငယ်လေးတွေကို နှစ်သိမ့် အကြံပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။နောင်တစ်ချိန် အိမ်ထောင်ပြုင်္ပြီး သားသမီးတွေ ရလာတဲ့ အချိန်ကျရင်လည်း လမ်းညွှန်မှုကောင်းကောင်းပေးနိုင်တဲ့ ဖခင်တစ်ယောက်ဖြစ်ပြီးး အေးချမ်းတဲ့ မိသားစုဘ၀လေးကိုတည်ဆောက်ချင်တယ်။

(၂)အကယ်၍ လူပြိုကြီးဖြစ်ခဲ့သော် :D နယ်မြို့ လေးတစ်မြို့ မှာ ကျောင်းဆရာတစ်ဦးလုပ်ချင်တယ် သေတဲ့အထိ ပီတိစားဘ၀လေးနဲ့  ကျနော့် ရဲ့အချိန်တွေကို ကုန်စေချင်လို့  ။

(၃) စပိန် နဲ့  ကိုးရီးယားကို အလည်တစ်ခေါက်ရောက်ဖူးချင်တယ် ပြီးတော့ ရွှေပြည်ကြီးက မရောက်ဖူးတဲ့ နေရာတွေကိုလည်း သွားချင်တယ် ။ ကမ္ဘာကျော် တင်းနစ်ပွဲ ( eg....french open) တွေကို ကိုယ်တိုင်သွားရောက် ကြည့်ဖူးချင်တယ် သွားချင်တဲ့နေရာတွေကို အနားမှာ ချစ်တဲ့သူလေးတစ်ယောက်လောက်နဲ့ ပေါ့ :) ။


(၄) အများကြီးမသိချင်ဘူး သိလေလေ စိတ်ညစ်စရာများလေလေ ၊ အများကြီးလည်း မတက်ချင်ဘူး တက်ရင်လုပ်နေရအုံးမယ် ( ဒီမှာဆို ဘာမေးမေး မတက်ဘူးပဲပြောတယ် ဘော့စ်ကလွဲ၍) ငွေမချမ်းသာချင်ဘူး လောဘလည်းမကြီးချင်ဘူးဆိုရင် ဒီကောင်ငပျင်းလို့ ပြောမှာ သိပေမယ့် အသက်ကြီးလာရင် ကိုယ့်အတွက် အိုဇာတာစု ပြီးရင် နေ့  တိုင်း ငါးခြောက်တစ်ကောင်နဲ့ ဖြစ်ဖြစ် ဆီဆမ်းထမင်းလေးနဲ့ ပဲဖြစ်ဖြစ် စားပြီး စာအုပ်တွေကြားထဲမှာပဲနေချင်တယ် (အင်တာနက်လေးက အစစ်ပေါ့ ) ။

(၅)အချစ်ရေ့ “မောင်” ဗိုက်ဆာတယ်လို့ ပြောရင် ၃ မိနစ်ပဲစောင့် ဆိုပြီး မာမားခေါက်ဆွဲပြုတ်ကျွေးမယ့် ၊ ပျင်းတယ်ကွာလို့ ပြောရင် ငှက်ပျော်သီး အခွံ နွှာကျွေးမယ့် ၊ အကြောတွေတက်လိုက်တာလို့ ပြောရင် ဆင်မယဉ်သာလေးတက်နင်းပေမယ့် အိမ်သူသက်ထားလေးနဲ့  ဖူးစာဆုံချင်တယ် ....။ (ဟီးဟီး ဒါက ဂွကျကျ အတွေးနဲ့  ဖျောက်မရတဲ့ ဗီဇကြောင့် ပြောင်ချော်ချော်ရေးလိုက်တာ တကယ်မဟုတ်ဘူးး အတည် :P )


တော်ပါပြီး အနန္တော အနန္တ ငါးပါး ဆိုတဲ့ အတိုင်း အချက်ငါးချက်ပဲရေးတော့မယ် ။ ဘ၀ ဆိုတာ ကိုယ်က ဖြစ်ချင်တိုင်းဖြစ်တာမှမဟုတ်တာလေ ဒီလိုပဲ သူဆင်တဲ့ ဇတ်ထဲဝင်ပြီး ချိုမိုင်မိုင်ပဲ ကလိုက်တော့မယ် :)

ဒီပို့ စ်လေးရေးဖြစ်အောင် အစ ဖော်ပေးတဲ့ ကျနော့်ဆရာ ကိုသင်္ကြန် ကိုကျေးဇူးပါဗျာ။ အားလုံးလည်း လူသားဘ၀မှာ ဆန္ဒ နဲ့  ဘ၀ ထပ်တူကျနိုင်ပါစေလို့  ဆုတောင်းပါတယ် ။

အဟောင်းလေးပါ 31/7/2008 ထဲက ဟာလေး အမှတ်တရပြန်တင်လိုက်တာ ။

ညီမျှခြင်း (=)

မာန = ချနင်းခံစရာပစ္စည်း

အမုန်း = တောက်လောင်လွန်းတဲ့ မငြိမ်းသောမီး

အချစ် = စိစိညက်ညက်ကြေအောင် ၀ါးခံရပြီးထွေးထုတ်ခံလိုက်ရတဲ့ ကွမ်းတံတွေး

ဂုဏ်သိက္ခာ = ပညာတတ် လူချမ်းသာများနှင့်သာ သက်ဆိုင်ပြီး cover ပေးနေသော အရာ

ဂရုစိုက်မှု = ဥပက္ခာတရားတွေတန်ပြန်သက်ရောက်စေခြင်း

ရိုးသားခြင်း = အမှားခဏခဏ လုပ်မိတဲ့သူအတွက် ဟစ်ကြွေးနေကျစကား

အရှုံး = ရိုအီနေပြီး ထိတွေ့ပါများလို့

မေတ္တာ = ကွဲအက်နေတဲ့ ကြည့်မှန်တစ်ချပ် တစ်ခါခါတော့ ဘာမှမမြင်ရလောက်အောင် မှောင်မိုက်နေတတ်တယ် (ပေးတိုင်းပြန်မရတဲ့ နုညံ့တဲ့စိတ်ခံစားမှုတစ်ခု)

ညီမျှခြင်း = မညီမျှခြင်းတွေကို နှိုင်းယှဉ်ပြထားတဲ့ ( = ) သချာင်္အက္ခရာ


မောင်မျိုး = မညီမျှခြင်းတွေကို နားလည်ဖို့ ကြိုးစားရင် မောပန်းနေတဲ့ လူသားတစ်ဦး

လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ကျနော့် ဆံပင်ကြမ်းကြမ်းတွေကို
ပွတ်သက်ပြီး အားပေးစကားပြောခဲ့ပေးတဲ့
ချစ်သူကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ဘယ်တော့မှ မျက်လုံးချင်းမဆုံခဲ့တဲ့
ချစ်သူရဲ့ ရီဝေေ၀ ညှို့မျက်ဝန်းတွေကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
သာလိကာလေးတစ်ကောင်လို
အနားမှ တွတ်ထိုးနေတတ်တဲ့
သာလိကာမလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
တခါမှ နမ်းရှိုက်ခွင့်မရခဲ့တဲ့
ချစ်သူရဲ့ နှုတ်ခမ်းပါးပါးလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ကွေးကောက်ကောက် ဆံနွယ်ပိုင်ရှင်
ကျနော့်နှလုံးသားမှာ နေရာယူထားတဲ့
ကောက်ကွေးမလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
လက်ချင်း တင်းတင်းဆုပ်
အချစ်စွမ်းအားနဲ့ စိတ်အင်အားတွေ စီးကူးစေတဲ့
ချစ်သူရဲ့ လက်ဖ၀ါးနုနုလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့ အခါ
ရင်ခုန်သံတွေ ထပ်တူကျ
တိမ်တွေကြားမှာေ၀၀ါးပျောက်ကွယ်သွားတဲ့
ချစ်သူရဲ့ ပုံရိပ်လေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ပိုင်ဆိုင်ခွင့်မရတဲ့
ချစ်သူရဲ့ ဆံစကနေ ခြေဖျားထိ လွမ်းတယ်

စိတ်ညစ်နေလို့ လွမ်းနေတယ် ချစ်သူရယ်.............။

LinkWithin

Related Posts Plugin for WordPress, Blogger...