ဘလော့မရေးဖြစ်တဲ့ အချိန်တွေအတွင်း စာတွေတော်တော်များများဖတ်ဖြစ်ပါတယ် ။ သူငယ်ချင်းက စာအုပ်ဆိုင်ဖွင့်ထားတော့ သူညွှန်းတဲ့စာအုပ်တွေ ဥပမာ မြသန်းတင့် ၊ ရွှေဥဒေါင်း၊ လင်းယုန်မောင်မောင် တစ်ခြားစာရေးဆရာကြီးတွေ အများကြီးပါ အခုပို့စ်လေးကတော့ မအိမ့်ရဲ့ စာအုပ်လေးကို ဖတ်ပြီးဝေဖန်ချက်လေးကို အစ်မဆီ မေးလ်ပို့လိုက်တော့ အစ်မကလည်း ပြန်လည်ဖြေရှင်းချက်လေးတွေနဲ့ အမှတ်တရ သူ့ဘလော့လေးမှာ ပြန်တင်ထားပါတယ် ။ ကျနော်လည်း အခုအိမ်သစ်လေးနဲ့ဆိုတော့ ပြန်ပြီးကြွက်လိုက်အုံးမယ် နောက်ပိုင်း စာအုပ်စင်လေးအကြောင်းထပ်ရေးပါအုံးမယ် ။
စာရေးချင်စိတ်နှင့် အွန်လိုင်းပေါ်တက်ချင်စိတ် ကုန်ခမ်းနေတဲ့အတွက် ဘလောဂါမောင်လေးတစ်ဦးဖြစ်တဲ့ မောင်မျိုး ပေးပို့လာသော စာလေးကိုပဲ ဆားချက်လိုက်ပါတယ်။
မောင်မျိုးတစ်ယောက် ဘလောဂ် မရေးတော့ပါဘူး။ ဒါပေမယ့် သံယောဇဉ်ကြီးစွာနဲ့ ဘလောဂ်တွေကိုတော့ ဖတ်နေတုန်းပဲ ထင်ပါတယ်။ အွန်လိုင်းပေါ်မှာ ဘလောဂ်ရေးကြတဲ့အခါ အကြောင်းတစ်ခုခုကြောင့် ဘလောဂ်လောကကို နှုတ်ဆက်ထွက်ခွာသွားတတ်ကြတယ်။ အချို့ကျတော့လည်း နှုတ်တောင်မဆက်တော့ဘဲ ပျောက်ကွယ်သွားကြတယ်။ တစ်ခါက မပန်(ပန်ဒိုရာ) ပြောသလို “ဘလော့ဂါ ဆိုတာဒီလိုပါပဲ.. ပျောက်သောသူ ကြာရင်မေ့ … ကိုယ်လည်းတနေ့..” ဆိုသလို… ဘလောဂ်စာမျက်နှာတွေပေါ်က ပျောက်ကွယ်သွားချင်တဲ့စိတ်တွေကို ထိန်းနေကြတဲ့ ဘလောဂါတွေလည်း ရှိမှာပါပဲ။ အချို့ကျတော့လည်း ကိုယ်ဖန်တီးထားတဲ့ အိမ်ကလေးကို ဒီတိုင်းပစ်ထားလိုက်ကြတယ်။ ကျမကတော့ “အိမ့်ချမ်းမြေ့” ဆိုတာကို အပြီးတိုင်မြေမြုပ်သဂြိုလ်လိုက်ချင်စိတ်တွေကို ထိန်းထားနေရင်း မောင်မျိုးစာလေးကိုပဲ ဝေငှခွင့်ပြုပါလို့ ….
2007 ရွှေဝါရောက်မတိုင်ခင် အင်တာနက်စာမျက်နှာတွေနဲ့ ရင်းနှီးခဲ့ပါတယ် စာပေအကြောင်း ကဗျာအကြောင်း သိပ်မသိသေးပေမယ့် ဘလော့တစ်ခုအရောက်မှာတော့ ထူးဆန်းလွန်းစွာပဲ ရင်ထဲလွမ်းလာသလိုလို စိတ်ထဲ အေးချမ်းပြီး စာတွေဖတ်ရတာ ကမ်းခြေမှာ ညနေခင်းလမ်းလျှောက်လိုက်ရသလိုပါပဲ စာတွေအကုန်လုံးဖတ်ချင်လောက်အောင်ဖြစ်မိသလို တကယ်လည်း အားလုံးကုန်အောင်ဖတ်ဖြစ်ခဲ့ပါတယ်
(အဲဒီတုန်းက မှတ်မိသေးတယ်။ မောင်မျိုးတစ်ယောက် မြန်မာဖောင့်မရှိသေးလို့ ဆီဗုံးမှာ အင်္ဂလိပ်လိုချည်းပဲ လာလာပြောတာ :D.. သူတစ်ယောက်ပဲ အင်္ဂလိပ်လိုပြောတာ)
အဲ့ဘလော့ပိုင်ရှင်လေးကတော့ အိမ့်ချမ်းမြေ့ ဆိုတဲ့ နာမည်လှလှနဲ အစ်မတစ်ယောက်ရဲ့ ဘလော့လေးပါ ဒီနေ့တော့ အစ်မရဲ့ စာတွေကိုဘလော့ပေါ်မှာမဟုတ်ပဲ စာအုပ်ပေါ်မှာဖတ်ခွင့်ရခဲ့ပြီး စာအုပ်ကိုလက်မှာကိုင် တစ်ရွက်ပြီးတော့ နောက်တစ်ရွက်ကိုပြောင်းတဲ့ အခါ မြည်သွားတဲ့ ချွတ်ချွတ်ဆိုတဲ့ စာရွက်သံတွေနဲ့ ဖတ်ရတာ ပိုအရာသာရှိနေသလိုပဲ ။ ရန်ကုန်ရောက်တုန်း ဒီစာအုပ်လေးတော့ ရအောင်ဝယ်မှပဲဆိုပြီး အင်းဝစာအုပ်တိုက်ကို သူငယ်ချင်းတွေနဲ့အတူတူရောက်ဖြစ်တယ် ။ အစ်မရဲ့ စာအုပ်ကိုတော့ မြန်မာဝတ္တုများဆိုတဲ့ ဗီရိုထပ်ကြီးထဲမှာ ဆရာမ ဂျူး ၊ ဆရာမ ခင်ခင်ထူး တို့နဲ့ တစ်တန်းထဲတွေ့လိုက်ရတော့ စိတ်ထဲကြည်နူးပြီး ဂုဏ်လည်း ယူမိတယ် ပြားကပ်ကပ် အိတ်ကပ်လေးထဲကတော့ အစိမ်းရောင်ခြင်္သေ့လေး ၂ ကောင်တော့ခုန်ထွက်သွားလေရဲ့း)
(တစ်ကယ်ကတော့ စာအုပ်ကို သူ မမြင်ပါဘူး။ သူပြောတုန်းကတော့ ဆိုင်ကကောင်မလေးကို ငေးနေလို့ဆိုလား “အစ်မစာအုပ်ရှေ့မှာ ရပ်ရင်း “အိမ့်ချမ်းမြေ့……” ရှိလားသွားမေးနေတယ် ။ စာအုပ်ဆိုင်က ကောင်မလေးက ဒီမှာလေးတဲ့ ဟီး ကန်တာ” လို့ ပြောတာပဲ။ ဘာကို သွားကန်လည်းတော့ မသိ)
အမှန်တိုင်းပြောရရင်တော့ စာအုပ်ကိုစတွေ့လိုက်တဲ့ အချိန်မှာ တွေးလိုက်မိတာလေးက မော်ဒန်ပန်းချီတွေ ခေတ်စားနေတဲ့အချိန်မှာ စာအုပ်မျက်နှာဖုံးက နည်းနည်းဆွဲဆောင်မှုနည်းနေတယ်ဆိုတာပါပဲ။ ဒါပေမယ့် မာတိကာကိုကြည့်လိုက်တော့ ၃၅ ပုဒ်မှာ ကိုယ့်အကြိုက်ဆုံး “ရုပ်ရှင်လက်မှတ်လေးနှစ်စောင်” ကိုဖတ်ရမှာနဲ့တင်တန်နေပြီး ။နောက်ပြီး စာတည်းမှူးရဲံ အမှာစာက ဒီလိုညွှန်းထားပါတယ် “သူ့စာမူများသည် ကန်ရေပြင်ပေါ်တွင် ရှပ်တိုက်ပြေးလွှာနေသော လေပြေတစ်ခုအလား ချမ်းနေမြ့နေသည်” တဲ့ တကယ်ဆိုတဲ့ စာပါလားကွဲ့….ရို့
(အဟွင်း… စာတွေကပဲ ချမ်းမြနေတာဖြစ်မှာပါကွယ်..)
ပထမဆုံးတစ်ပုဒ်ကိုတော့ မောင်ဆိုတဲ့ ကဗျာလေးနဲ့ စဖွင့်ထားပါတယ် အစ်မရဲ့ မောင်ကဗျာတွေကိုဖတ်နေကျပေမယ့် “ ကြာခဲ့ပြီပဲ….. မတွေ့ရတဲ့နှစ်တွေ နှမြောတသ လွမ်းရတယ်မောင် ” တဲ့ ရင်ထဲမှာတောင် လှိုင်းထသွားတယ် ။
( အိမ်းးး.. ရင်လှိုင်းထခြင်းဆိုတာ ဒါပဲဖြစ်မယ်ထင်တယ်နော်။ နောက်ပြီးအဲဒီကဗျာက ဘာမောင်မှမရှိခင်တုန်းက စပ်ထားတဲ့ ဆယ်ကျောက်သက်အိမ့်ချမ်းမြေ့ရဲ့ ကဗျာပါ။ တစ်ကယ်လည်း မလွမ်းလို့.. တစ်ကယ်လွမ်းရင် ဘာစာမှ ထွက်မလာနိုင်ဘူး :P)
ကြည်ပြာ ၊ ခါလာနဲ့ ခိုင် ၊ ချစ်သူ့အိမ် ၊ ချစ်သူ့လွယ်အိတ် စတာတွေကတော့ ဖတ်ဖူးပြီးသားတွေပဲဖြစ်လို့လား အရေးသားတွေကိုပဲ မှန်းမိနေလို့လားတော့မသိ သာမာန် အချစ်ဝတ္တုတွေဖတ်နေကျအတိုင်း ရင်ထဲထူးပြီး ဘာမှ မခံစားမိဘူး……အဲ့ တစ်ခုသတိထားမိတာက ချစ်သူ့လွယ်အိတ်က သရုပ်ဖော် ပန်းချီက ၀တ္ထုနဲ့ အရမ်းကို လိုက်ဖက်လွန်းတာပါပဲ။ ပုံဆွဲသူရဲ့ ဆိုင်းမှာ NNE 09 တွေကိုသတိထားလိုက်ကြည့်မိတော့ သူ့ရဲ့ ပုံတွေက တော်တော်ကိုကောင်းနေပါတယ် ။ ဗဟုသုတရစရာ နီနာ ၊ မျက်ဝန်းညိုမကို ဒီတစ်ခါသေချာဖတ်လိုက်တော့ အပေါ်ယံပြင်ဆင်မှုတွေနဲ့ မာနရိပ်တွေ လွှမ်းနေတဲ့ ဘာဘီထက် မျက်ဝန်းညိုမလေး ဒိုရာကို ပိုသဘောကျမိတယ် ။ ရုပ်ရှင်လက်မှတ်လေး ၂စောင် အရောက်မှာတော့ ဇတ်လမ်းရဲ့အဆုံးကိုကြိုသိနေပေမယ့် ဖတ်ချင်လွန်းတဲ့ စိတ်နဲ့အတူ ဒါဖတ်ြုပီး ရင်ထဲခံစားရအုံးမှာသိပေမယ့် ဖတ်ဖြစ်အောင်ကိုဖတ်လိုက်သေးတယ် ဒါကပဲ ဒီဝတ္ထုရဲ့ ဆွဲဆောင်မှုထင်ပါရဲ့ ။ “ချစ်ရသူနဲ့ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀ရဲ့အောင်မြင်ခြင်း တစ်ခု ပါပဲ ” တဲ့။ ဒီစကားပြောလေးကို အရမ်းကြိုက်တယ် ။
(အဲဒါ လူငယ်တွေ သိပ်ကြိုက်လို့တော့ မဖြစ်ဘူး။ တော်ကြာ အိမ့်ချမ်းမြေ့က ဒီလိုပြောလို့ပါဆိုပြီး ကလေးတွေ စာမဖတ်တော့ဘဲ ဘ၀ရဲ့အောင်မြင်ခြင်းကြီးဆိုတာဟာ ချစ်ရသူနဲ့ပေါင်းစည်းရခြင်းပါလားဆိုပြီး ရည်းစားနဲ့ပေါင်းဖို့ချည်းပဲ လုပ်နေမှ ခက်နေမယ်.. ဟင်း )
စာမျက်နှာ 85က ယုဇနပင်နဲ့ စာမျက်နှာ 197က နံပါတ် ၈ များနှင့် ခရီးထွက်ခြင်းကည ၈ ဂဏာန်းတွေနဲ့တိုက်ဆိုင်မှုတွေအကြောင်းစိတ်ဝင်စားစရာပါ ။ ငွေရောင်မြစ်ကို ဒီဘလော့ပေါ်မှာတင်တုန်းက သေဖို့ကိုမေ့နေတာ ဒါလေးဖတ်မှ မှတ်မိတယ်လို့ရေးခဲ့မိတာကို ပြန်သတိရမိသလို ကျေးဇူးလည်းထပ်တင်သွးပါတယ် ခုလည်းသေဖို့အတွက် ဘာမှမလုပ်ရသေးဘူး ။ ပန်းချီအောင်နိုင်လတ် ရဲ့ မာယာသစ်ပင်ကိုရောက်တော့ အသံထွက်ပြီးရယ်မိတယ် သဘောကျလွန်းလို့ ကောက်ကြောင်းလှလှနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခြေ လက်တွေက သစ်ကိုင်း သစ်မြစ်တွေကိုဖြစ်လို့း) ။ ကျမ ချစ်တဲ့သစ်တစ်ပင်မှာတော့ သစ်ကိုင်ကြီးက ကောင်မလေးကို ပြောတဲ့ စကား ကောင်မလေးက ပြန်ပြောတဲ့ စကားပြောတွေက တော်တော်ကိုအနှစ်သာရရှိတာပဲ “ အခြေနေတစ်ခုမှတစ်ခုပြောင်းခြင်းဟာ ကောင်းကင်ဘားတန်းတစ်ခုမှ နောက်တစ်ခုကို လွှဲခုတ်ခြင်းလိုပါပဲ ” တဲ့ ။ ဂယက် ကိုဖတ်တော့ အညိုရောင် အမွှေးပွပွလေးနဲ့ဝက်ဝံပေါက်လေးကို သနားသွားမိတယ် သေနတ်သံတစ်ချက် တောင်နံရံတွေမှာ ပဲ့တင်သွားတဲ့ အတွက်ကြောင့်ပေါ့ ။ ဆောင်းအိပ်မက်ကို ဖတ်ပြီးရင်ထဲနင့်သွားတယ် ၀ိညာဉ်ဘ၀ကနေ ချစ်သူမေကိုလာကြည့်တဲ့မောင် ၊ သူ့ကိုလွမ်းလို့ မျက်ရည်စတွေနဲ့ ချစ်သူရဲ့ တိုးဖွဖွ ခေါ်သံတွေကြားမှာ သူဘယ်လို ခံစားရမှာပါလိမ့်လို့ မဆီမဆိုင်တွေးမိနေသေးတယ် ။
ဝတ္ထုတွေ ကဗျာတွေ အားလုံးကို ကောင်းပါတယ်လို့ပြောရင်လည်း ယုံမှာမဟုတ်လေတော့ မုသားချိုချိုတွေလည်း သုံးမနေတော့ပါဘူး နောက်ဆုံးပိတ် အိတ်နဲ့လွယ် အစ်မရေးတဲ့ စာတွေထဲက ကျနော့် အကြိုက်ဆုံးတွေထဲပါတဲ့ ဂုဏ်မက်သူကိုဖတ်လိုက်ရတော့ ပျော်သွားတယ် ငါးသည်မလေးအဖြစ်လည်း တက္ကသိုလ်ကျောင်းသူလေး မြနှင်းကိုလေးစားမိသလို ဆိုက္ကားသမားလေး နိုင်မင်းကိုလည်းသနားမိတယ် ပြီးတော့ ဆန်းသစ်ကိုလည်း နားလည်ပေးလို့ရတယ် ဘာကြောင့်လည်းဆိုတော့ မိန်းခလေးတွေမှာတောင် ရွေးချယ်ပိုင်ခွင့်ရှိသေးရင် ကျနော်တို့မှာကော ဘာကြောင့်ရွေးချယ်ခွင့်မရှိရမှာပါလိမ့် ( စာရဲ့ဆိုလိုရင်းနဲ့ နည်းနည်းတော့ လွဲနေတယ် ) ဒီလိုရွေးချယ်မိတဲ့သူတွေကိုကော မျက်နှာများတဲ့ မောင်လို့ဆိုလေမလား…………..။
မျက်နှာများသူလို့တော့ ဆိုကြမယ်မထင်ပါဘူး။ နဂိုကတည်းက ရွေးချယ်နေကြောင်း ကြေငြာထားရင်ပေါ့နော်.. တစ်ကယ်တော့ ယောင်္ကျားတွေမှာ ရွေးချယ်ပိုင်ခွင့် ပိုများတာပါ။ ယောင်္ကျားတွေဟာ ပိုလွတ်လပ်သလို အပစ်တင်ခွင့်နဲ့လည်း ပိုကင်းလွတ်တယ်။ စကားပုံတွေကိုက ယောင်္ကျားကောင်း မောင်းမတစ်ထောင်တဲ့ ၊ မိန်းမကောင်း ပန်းတစ်ပွင့်ပန် တဲ့ (ဆိုးလိုက်လေခြင်း..) ဒါဟာဦးနှောက်ကို သက်သက်မဲ့ လျှော်ဖွပ်ခြင်းကိစ္စဖြစ်တယ်) ဖြစ်နိုင်ရင် ဒီစကားပုံတွေဟာ အဘိဓာန်မှာကို မရှိသင့်တော့ဘူး။ ဒီစကားပုံတွေကြောင့် အတူတူစောင့်စည်းရမှာကို မိန်းမတွေက စောင့်စည်းရမှုအပိုင်းက ပိုများပါတယ်။ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုချည်းကပ်လာသူတွေအထဲကမှ ရွေးချယ်ခွင့်ရှိတာပါ။ ကိုယ့်ကိုမချည်းကပ်တဲ့သူကို ကိုယ်ကစပြီး ဘယ်လိုသွားပြောမလည်း (မြန်မာပြည်မှာပြသော ကိုးရီးယားကားတွေထဲမှာတော့ မသိ) society တစ်ခုလုံးနဲ့ ဘာသာတရားတွေရဲ့ ထိန်းချုပ်မှုတွေအောက်မှာ၊ ဦးနှောက်နဲ့ နှလုံးသားလွန်ဆွဲပွဲတွေမှာ ဦးနှောက်ရဲ့အနိုင်ရမှုရရှိခြင်းဟာ အောင်မြင်မှုတစ်ခုလို့ လူအများစုက သတ်မှတ်နေကြဆဲ ပတ်ဝန်းကျင်မှာ၊ မိန်းမတွေရဲ့ စောင့်စည်းထိန်းသိမ်းမှုတွေဟာ ခေါက်ရိုးကျိုးလို့ နေသားကျလာကြတာ ကြာပါပြီ….. ဒါကတော့ မောင်မျိုးရေးတာနှင့် ဘာမှမဆိုင်ဘဲ ကိုယ့်ဟာကိုယ်ဖြစ်တဲ့ ခံစားချက်အချို့ကိုရောချပြီး မိန်းမထုကြီးတစ်ခုလုံးဘက်မှ အဒွန့်တက်ခြင်းသာဖြစ်၏)
ချစ်ခြင်းနဲ့ အတူချစ်သူတွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ လက်ထပ်ခြင်းမှာ မြနှင်းပြောတဲ့ ရိုးဂုဏ်က ရာနှုန်းပြည့်တော့ မပါဝင်နိုင်ပါဘူးလေ ။ ရိုးသားမှုတစ်ခုတည်းပိုင်ဆိုင်တဲ့သူတစ်ယောက် ချစ်သောသူနဲ့ ကွေကွင်ရခြင်းမှာကော ဘောင်တွေခတ်တတ်လွန်းတဲ့ ပတ်ဝန်းကျင်ကြောင့်လား ဂုဏ်နဲ့ တိုက်ရိုက် အချိုးကျနေတဲ့ ပညာတွေ ငွေတွေကြောင့်များလားဆိုတာကတော့ တွေးရခက်တဲ့ အရာတစ်ခုပါပဲ ။
အဲ… လိုက်လို့မမှီဘူး။ တစ်ကယ်လိုက်မမှီတော့ဘူး မောင်မျိုးရေ….
ဒီပို့စ်လေးနဲ့အတု ဘလော့စာမျက်နှာတွေပေါ်ကနေ စာပေနယ်ကို ခြေလှမ်းသစ်စပျိုးလိုက်တဲ့ မလေး ”အိမ့်ချမ်းမြေ့” ကို ဂုဏ်ပြုလျှက် ……….။
ခင်မင်ရသော အစ်မရဲ့ စာဖတ်ပရိသတ်မောင်မျိုး ။
(ဒီပို့စ်လေးအတွက် မအိမ့်ကို ကျေးဇူးတင်ပါတယ်။)
2 comments:
အဲတော့...
ဒီတစ်ခါ ကန် တာ အစ်မ ဖြစ်နေဘီပဲ...
ရှက်လိုက်တာ..
မောင်လေးမျိုးရေ
ပြန်လာတာ ပျော်တယ်
စိတ်မပျက်ပဲ လောကဓံ ကြံ့ကြံ့ ခံ ရပ်တည်နိုင်ပါစေ
ဘလော့ဟာ ၀ါသနာ
ဘလော့က စိတ်အပမ်းပြေရာ.
ဘလော့က ကလောင်သွေးရာ
ဘလော့က အတွေးတွေဖြန့်ဝေရာနေရာ..
ဘလော့က..
ဘလော့က..
ဒါပေမဲံ
ဘလော့ က ဘ၀ တခု လုံး မဟုတ်တာ လူတိုင်းအတွက် အသေအချာပါမောင်လေး ရေ...
မမတို့ ပျော်ပျော်ကြီူ ပြန်ဆုံ ကြတာပေါ့
Post a Comment