Monday, March 26, 2012

အမြင့်....

ထိပ်ဆုံးရောက်ချင်ရင် ခပ်မြင့်မြင့်တော့ တက်ရမှာပေါ့ ဒါပေမယ့် ကျနော် အမြင့်ကြောက်တယ် ။ အငယ်က ရွာမှာ မာလကာသီး ခူးစားတာ သရက်သီး ခူစားတာမျိုးဆိုရင် အပင်ပေါ်တက်ခူးစားရတာ အဲ့တော့ အပင်ပေါ်တက်ရတာ အမေက အဲ့ကျ အမေက မှာတတ်တယ် အမြင့်ကြီးမတက်နဲ့နော် ပြုတ်ကျမယ်တဲ့ ပြုတ်ကျရင် ဘာဖြစ်လဲဆိုတော့ ဒဏ်ရာရတာပေါ့ သားရယ်တဲ့ အမေက ကျနော် အမြင့်ကြီးမှန်းလို့ အကျနာမှာ သိပ်စိုးရိမ်ပုံရတယ် ။ ရွာမှာ ကျွဲ နွားကျောင်းရင်း ချောင်းဘေးက အပင်မြင့်မြင့်တွေကနေ အစ်ကိုတွေက ချောင်းထဲခုံချတာ သိပ်ကြည့်ကောင်းတာပဲ ပြီးတော့ ရေပေါ်မှာ ပေါလောမျောလို့ ကျနော်လည်း အဲ့လို မျိုး အမြင့်ကြီးကနေ သိပ်ခုန်ချချင်တာပဲ ဒါပေမယ့်ကြောက်တယ် ။ အစ်ကို က ကျနော် အဲ့လို အမြင့်ပေါ်ကနေ ချောင်းထဲ ခုန်ချချင်တဲ့စိတ်ကို သိပုံရတော့ အပင်ပေါ် တူတူတက်လို့ အစ်ကိုပါ လိုက်ပေးတာ တက်တုန်းကတော့ ပျော်ပြီး ခုန်ချဖို့လုပ်တော့ လူက ကြောက်သေးတွေပါ ပန်းတယ် ဟုတ်တယ် ကျနော်က အမြင့်ဆို ကြောက်တတ်ပါတယ် ။


တိုက်မြင့်မြင့်တွေပေါ်ကနေ အောက်ကို ငုံ့ကြည့်ရင် ခြေဖ၀ါးတွေ သိပ်ယားပါတယ် ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့ အတူတူ သင်တန်းတက်တုန်းက ၂ လလောက်တူတူနေဖူးတယ် ညနေခင်းကျ လသာဆောင်ကျဉ်းကျဉ်းကလေးမှာ သူငယ်ချင်းတွေ စုစကားပြောကြရင် ကျနော်က အပေါက်ဝနားပဲနေတယ် ကိုယ့်ကို ဘယ်သူမှလည်း တွန်းချမှာမဟုတ်မှန်းသိပေမယ့် ကြောက်တာကတော့ကြောက်တာပဲ ။ ကြိုးနဲ့ဆွဲပြီး ပစ္စည်းယူတင်တာမျိုးဆိုရင်လည်း ကျန်တဲ့သူတွေကိုသာ တာဝန်ပေးပါ ကျနော့်ကိုတော့ မပေးပါနဲ့ အထုတ်ကို သေချာမကြည့်ဆွဲပဲ အပေါက်ကနေ အသားကုန်သာဆွဲတင်နေလို့ ခဏခဏ ပြုတ်ကျတာပေါ့ ။မနေ့ညက အမိုးထပ်မှာ တစ်ယောက်တည်းထိုင်လို့ အတွေးတွေ နယ်ချဲ့ပစ်လိုက်တာ နွေမှာ လေအေးတွေတိုက်လို့ အေးမှပဲ သတိဝင်တော့တယ် ဘ၀က အထီးကျန်ပြန်တော့လည်း သိပ်မကောင်းပြန်ဘူး ။


အမြင့် ကိုကြောက်တော့ ခပ်မြင့်မြင့်ကို ဘယ်ရောက်မတုန်း တစ်ချို့ကတော့ လောဘ နည်းတယ်ပြောတယ် ဆိုလိုတာက ဘ၀မှာ ရုန်းကန် လှုပ်ရှားရတာကို ကြောက်ရွံ့တယ်လို့ ဆိုလိုကြတာမျိုး ။ နယ်မြေသစ် အတွေ့ကြုံသစ်တွေနဲ့ ကျနော်တို့တွေ အမြင့်ရောက်ဖို့ကြိုးစားကြရတယ် ကျောင်းတုန်းက သူငယ်ချင်းတွေ ထိုက်သင့်သလောက် နိုင်ငံခြားမှာ အဆင်ပြေနေကြပေမယ့် ကျနော်ကတော့ နယ်စပ်မြို့လေးတစ်မြို့မှာ လခစားတစ်ယောက်အဆင့်ကနေ မတက်ခဲ့ဘူး ကျနော်က အမြင့်ကြောက်တာကိုး အမြင့်ကြီးလည်း မမှန်းဖြစ်သလို အမြင့်ကြီးလည်း ဘယ်တော့မှမရောက်လာခဲ့ဘူး ။

လူလတ်ပိုင်းရောက်လာလို့ ထိုက်သင့်တဲ့ အခက်အခဲတွေကိုရင်ဆိုင် ဘ၀တက်လမ်းအတွက် ကြိုးစားသင့်မှန်းသိပေမယ့် ကျနော်ကတော့ နေရာလေးတစ်ခုမှာ ငြိမ်ငြိမ်ကလေးနေနေရတာကို ပိုခုံမင်တတ်လာတယ် ဒါက ကျနော့်ရဲ့ ညံ့ဖျင်းခြင်းလို့လည်း ဆိုနိုင်တယ် ။ တစ်ယောက်သောသူကတော့ တစ်သက်စာ နာကျဉ်းပုံမျိုးနဲ့ ' အမြင့်ကို ဆွဲတင်တာ တက်မလာရဲတဲ့ပုံမျိုးနဲ့တော့ ဘယ်တော့မှ မကြီးပွားဘူး တဲ့ သူ့ကျိန်စာတွေများ ကျနော် ငြိလေသလားမသိ ကျနော် ခုထိ မကြီးပွားဘူးရယ် ပြတ်လပ်လိုက် ချေးငှားလိုက် ဒီလိုလေးပဲ ဘ၀ကို ဖြတ်သန်းလာလိုက်တာ အချိန်တွေတောင် တော်တော် နှောင်းခဲ့ပြီး တစ်ချို့ကမေးတယ် ဒီမှာလုပ်နေတာလည်း ကြာပြီဆိုတော့ တော်တော် စုမိပြီလားတဲ့ ကျနော် ပြုံးရုံပဲ ပြုံးဖြစ်တယ်း) ။


အမြင့်ကြီးတွေ မတွေးဖြစ်လို့ အမြင့်စားစကားတွေလည်း ကျနော် မဆိုတတ်ဘူးရယ် ။ အမြင့်ကြီးတွေတွေးပြီးမကြိုးစားခဲ့လို့လည်း ကျနော် အောင်မြင်တဲ့သူတစ်ယောက်လည်းမဖြစ်ခဲ့ပြန်ဘူး ။ ဒါပေမယ့် ကျနော် ဒီဘ၀လေးကို ကျေနပ်ပါတယ်ဆိုတော့ မိတ်ဆွေတစ်ချို့ကထောပနာပြုတယ် ဘုန်းကြီး တဲ့ ။အမြင့်ကြီးရောက်ဖို့ သက်လုံးကောင်းဖို့လိုတယ် ။ အမြင့်ကြီးရောက်ဖို့ အတွန်းအတိုက်တွေ ခံနိုင်ရမယ် သေချာတာတော့ ကျနော် အမြင့် ကိုမရောက်သေးတာပဲ ဒီစာရေးရင် ဘယ်လိုများ နိဂုံးချုပ်ရမလဲ တွေးမိတော့ ကျနော်ရေးတဲ့ အမြင့် ဆိုတာကို ကျနော် ကိုယ်တိုင် ဘယ်လိုပေတံမျိုးနဲ့ တိုင်းနေတာလည်းဆိုတာ ကျနော်ကိုယ်တိုင်လည်းမသိဘူး အဲ့တာကြောင့်ပြောတာပေါ့ အတွေးတွေက သိပ်တိမ်တာ ဘယ်တော့မှ အမြင့်မရောက်ဖူး ။ တကယ်ပြောတာပါ ကျနော် အမြင့်ကြောက်တယ်ဗျ ။




မောင်မျိုး .... ရေးသည် ။

Saturday, March 24, 2012

အိမ်ပြန်ကြရအောင်..



သီ..မောင်တို့ အိမ်ပြန်ကြရအောင်။


စကားတခွန်းမျှ မဆိုပဲ သုတ်ခနဲထသွားသော သီ့နောက်ကို လိုက်ကြည့်မိသည်။ သယ်ရန်ပစ္စည်းစာရင်း ဟူသော သီရေးနေတဲ့စာကို ဖတ်အပြီးမှာ သီ့ကို အားရပါးရပြုံးပြပြီး ကျေးဇူးတွေတင်လို့။

တကယ်တန်းပြန်မယ်ဆိုတော့ ဒီဖက်က လုပ်စရာရှိတာတွေကို လုပ်ရတော့မည်။ လက်ရှိအလုပ်ကနေ နှုတ်ထွက်စာတင်ခဲ့လိုက်သည်။ လုပ်ငန်းထုံးစံ အရ လုပ်လက်စအလုပ်တွေကို လွှဲပေးဖို့အတွက် အလုပ်တွေအားလုံးကို စာရင်းတခုပြုစုနေတုန်း သီအိုနဲ့လော်ရာတို့ နှစ်ယောက် မျက်နှာမကောင်းစွာနဲ့ စကားပြောလာတယ်။

မျိုး မင်း ထွက်စာတင်ထားတယ်ဆို

ကီးဘုတ်ပေါ်က လက်ကို အသာမြှောက်ပြီး

အင်းလေ


လို့ ဖြည်းဖြည်းချင်း ပြောလိုက်နိုင်သည်။ မျက်ခုံးတော့ ပင့်သွားမိသလားတော့ မဆိုနိုင်။


အလုပ်ထဲက မေးတဲ့မေးခွန်းတွေကို ဖြေရတာ လွယ်သလောက်၊ အိမ်ကိုဖုံးဆက်တော့မှ အမေ့ရဲ့မေးခွန်းတွေက နက်နက်နဲနဲတွေ။


အလုပ်အဆင်မပြေလို့လား သားရယ်တဲ့


မဟုတ်ပါဘူး အမေ


ဒါဖြင့် ဘာလို့လဲငါ့သားရယ် မင့်ဟိုမှာ အခြေတကျဖြစ်နေမင့်ကို


ဘာရယ်တော့မဟုတ်ဘူးအမေ သူများရပ်ရွာမှာ နေတာကြာတော့ အိမ်ကိုပြန်ပြီး လာနေချင်တာမျိုးထင်ပါတယ်။


တနှစ်တခေါက်တော့ပြန်လာလို့ရသားနဲ့ကိုငါ့သားရယ်၊ လက်ရှိကနေ လက်မဲ့ဖြစ်အောင်ကွယ်။


အမေနဲ့ဖုံးပြောအပြီးမှာ နည်းနည်းတော့ ငိုင်သွားတယ်။ တော်သေးတယ် ဘေးနားက သီက ကိုယ့်လက်ကို အသာလေးတွဲထားပေးပေလို့။


အားလုံးသော သူငယ်ချင်းတွေကိုတော့ အကြောင်းမကြားဖြစ်တော့ပဲ နီးစပ်ရာ၊ သိသင့်သိထိုက်တဲ့ လူတွေကိုပဲ အသိပေးလိုက်တယ်။ တယောက်ချင်းစီရဲ့ မေးခွန်းတွေကို ကိုယ် အပြန်ပြန်အလှန်လှန် သုံးသပ်မိတယ်။


ဇော်နိုင်နဲ့အမေးအဖြေ


ပြန်မယ်ဆိုတာက ဟုတ်ပါပြီ။ ပြန်ပြီး ဟိုမှာ မင်းက ဘာလုပ်မှာလဲ။


လောလောဆယ်တော့ မစီစဉ်ရသေးဘူးကွ။ အလုပ်တခုတော့ လုပ်မယ်လေ။


လုပ်ငန်းလုပ်ဖို့ အဆင်ပြေပါ့မလား။ ဟိုမှာက စလုံးရေစရာမှာနော်။


အင်း..ထည့်တွက်ထားပါတယ်ကွာ။


မာမာနဲ့အမေးအဖြေ


ဟဲ့..နင်တို့နှစ်ယောက်ကတော့ တကယ့်သူရဲကောင်းတွေလိုပဲနော်။ သတ္တိရှိလိုက်ကြတာ။


ဟမ် ဘာလို့လဲသူငယ်ချင်း။


ပြန်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်နိုင်ကြတယ်နော်။ ငါတို့ကတော့ နေရဦးမယ်ဟာ။


သြော်သူငယ်ချင်းရာ…နင်တလွဲမတွေးပါနဲ့ဟာ။ ကိုယ့်မြေကိုစွန့်ပြီး သူတပါးရပ်ရွာမှာ စွန့်စားကြတဲ့ ငါတို့တွေ အားလုံးက သူရဲကောင်းတွေပါ။ အခုက ရင်ခွင်ဟောင်းကို ပြန်ရမှာလေ ရင်ခွင်ဟောင်းက ငါတို့နဲ့ ရင်းနှီးအကျွမ်းဝင်ပြီးသား။ ပြီးတော့ ငါတို့ကို ကြိုဆိုပြီသားလေဟာ။


မာမာလက်သင့်ခံမခံတော့ မသေချာပါ။ ကိုယ်တိုင်တော့ ကိုယ့်အဖြေတွေကို ကျေနပ်နေသည်။


သုတနဲ့အမေးအဖြေ


ငါတို့တော့ ဘယ်တော့မှ မပြန်ဘူး။


ဟေ..ဘာလို့လဲသုတ။


ခြင်ကလည်းကိုက်သေး၊ မီးကလည်းမမှန်ဘူး၊ အခုတမျိုးတော်ကြာတမျိုးနဲ့ ငါတော့ အဲ့လိုနေရာမှာ မနေချင်ပါဘူး။


ဟာကွာ..သုတရာ..တလောက ဖတ်ဖူးတဲ့စာထဲကလို မင်းဦးနှောက်တံခါးတွေ အပွင့်လွန်ပြီး နှလုံးသားတံခါးပိတ်သွားတာဖြစ်မယ်။


ပြောချင်တာပြောကွာ၊ လမ်းပန်းဆက်သွယ်ရေး မလွယ်ကူတဲ့ နေရာမျိုးကို ပြန်လည်း ခဏပဲငါနေနိုင်မယ်။ မင်းပြန်မယ့်နေရာမှာ ငါဟာဧည့်သည်ပဲဖြစ်နိုင်တော့မယ်။ ငါအခုလက်ရှိနေရာမှာ အိမ်ရှင်လို ကျင့်သုံးခဲ့တာကြာပြီ။


အေးပါကွာ အေးပါ.


ဒါတောင် အနီးကပ်ဆုံး သူငယ်ချင်း သုံးယောက်ပဲအသိပေးထားလို့တော်တော့တယ်။ သူငယ်ချင်းတွေအကုန်လုံးသာ သိရင် သူတို့ရဲ့ ထင်မြင်ယူဆချက်တွေက ကိုယ့်ဆုံးဖြတ်ချက်ကို နောင်တရစေမလား အတပ်မပြောနိုင်။


သီ..သီကောဘယ်လိုသဘောရသလဲ။


သီကတော့ မောင့်သဘောပါမောင်။ ဆင်ဖြောင့်ကြီးသွားရာ ဆင်မယဉ်သာ လိုက်ပါရစမြဲတဲ့မောင်။ သီတို့ မြန်မာမိန်းကလေးတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ထပ်ချပ်မကွာ နေရမယ်လို့ လူကြီးသူမတွေက ဆုံးမဖူးတယ်။ သြော် နောက်တခုရှိသေးတယ် သီက မောင့်ကို အကြွင်းမဲ့ ယုံတယ်။ မောင်လျှောက်မယ့် လမ်းကို မောင် ရွေးချယ်ခဲ့တာ လွယ်လွယ်ကူကူ မဟုတ်လောက်ဘူးဆိုတာ သီသိပါတယ်။ မောင့်လက်ကိုတွဲပြီး လျှောက်ရဲပါတယ် မောင်.


ကျေးဇူးတင်လိုက်တာ သီရယ်…


ဒါပေမယ့်သီ မောင်တို့တွေ ပြင်ဆင်ရမယ့် အရာတွေ ရှိနေသေးတယ်။ ကိစ္စဝိစ္စတွေထက် မောင်တို့ရဲ့ စိတ်တွေကို အရင်ဆုံး ပြင်ဆင်ရမယ်။


သီကော ရင်ဆိုင်ရမယ့် အရာတွေအတွက် အဆင်သင့်ဖြစ်ပြီလား.


မောင်တို့ အဲ့ဒါတွေကို စာရင်းပြုစုကြည့်ရအောင်.

၁။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမယ် (အရင်တုန်းက ဒီအရပ်မှာ ရှင်သန်ခဲ့ဖူးတာပဲလို့ စိတ်မျိုးပြန်ထားရင် ဒီအခက်အခဲကကျော်လွှားနိုင်မှာပါ)

၂။ အင်တာနက် တယ်လီဖုန်း ခက်ခဲမယ် (အထိုက်အလျောက်တော့ သုံးလို့ရမယ်လို့ ထားလိုက်ကြရအောင်)

၃။ စီးပွားရေး (ဒီက စုဆောင်းထားတာလေးနဲ့ မောင်တို့ လုပ်ငန်းတခုခု လုပ်ကြမယ်)

၎။ နေဖို့ထိုင်ဖို့ (နှစ်ဖက်မိဘတွေနဲ့တော့ မနေချင်ဘူး၊ သင့်တင့်လျောက်ပတ်တဲ့ တိုက်ခန်းတခန်းဖြစ်ဖြစ် နေကြမယ်လေ)

၅။ နှစ်ဖက်ဆွေမျိုးတွေနဲ့မိတ်သင်္ဂဟတွေနဲ့ ရင်ဆိုင်ဖို့ (ဒါတော့နည်းနည်းခက်မယ်၊ ပထမသူတို့မေးခွန်းတွေကို ဖြေဖို့၊ နောက် သူတို့ရဲ့ မှတ်ချက်တွေကို ခံနိုင်ရည်ရှိဖို့)

အခုတော့ ငါးခုရပြီ။ သီစဉ်းစားလို့ ရရင် ထည့်ဖြည့်ပေး မောင်စဉ်းစားလို့ ရရင်လည်း ထပ်ဖြည့်မယ်.


အင်း…


ရောင်းသင့်တာရောင်း၊ ပေးသင့်တာပေး အပြီးမှာ ကျန်တဲ့ အရာတွေကို ထုတ်ပိုးဖို့။ တချို့လွှင့်ပစ်သင့်တာကို လွှင့်ပစ်။ အချိန်အတော်အကြာ နေလာခဲ့တော့ ဒီအိမ်ကိုလည်း ငြိတွယ်သည်ပဲပေါ့။ (ဒီပင်အိုပေါ် သံယောဇဉ်ငြိတွယ်လို့ မနေနဲ့ ပြန်မှာသာ ပြန်ပါ အမြန်ပြန်ပါ)


မပြန်ခင်ညမှာတော့ သူငယ်ချင်းတွေက နှုတ်ဆက်ညစာစားပွဲ လုပ်ပေးခဲ့သည်။ အဲ့ဒီညက ကြယ်တွေကလည်း စုံလိုက်တာ။ ကာရာအိုကေ သွားဆိုကြရအောင်ဆိုပြီး အားလုံးတက်ညီလက်ညီ ချီတက်သွားကြတယ်။ သီချင်းတွေကို နေမျိုး မင်းပဲရွေးလို့ ပြောတာမို့ ကိုယ် ပထမဆုံးထည့်ပေးလိုက်တဲ့ သီချင်းက အချိန်အခါနဲ့လည်း သင့်မယ့်ထင်တဲ့ ဝိုင်းဝိုင်းရဲ့ ဖြေသိမ့်လိုက်..


အရင်တုန်းကဆို လျှောက်….လိုက်ဆိုတဲ့နေရာမှာ အားလုံး တပျော်တပါး လိုက်ပါ အော်ဟစ်နေကြ။ အခုညတော့ အဲ့ဒီနေရာမှာ ဆိုမယ့်လူမရှိဖြစ်လို့။ ပြီးရင် အဆုံးသတ်တီးလုံးမြူးမြူးမှာ ကခုန်ပျော်ပါးဖို့ မေ့လျော့လို့။ သူငယ်ချင်းတွေ ဆိုနေကြသီချင်းလေးတွေကို ထည့်ရင်း အဆုံးသတ် ကိုယ် ဆိုမယ့်သီချင်းကိုတော့ ကြယ်တွေစုံတဲ့ညကိုပဲရွေးလိုက်တယ်။


သီချင်းအဆုံးမှာ ကိုယ်လည်း ငိုသံပါကြီးနဲ့ သူငယ်ချင်းတွေနဲ့ ငါ ပြန်ဆုံချင်ပါတယ် ငါတို့ကြယ်တွေစုံကြရအောင်လို့ ခပ်မြန်မြန် ပြောလိုက်ရတယ်။


အားလုံးထုတ်သိမ်းပြီး ဖြစ်တဲ့ အခန်းလေးက ပြောင်ရှင်းသပ်ရပ်လို့။ သီရေ ဒီည ကိုယ်တို့ မအိပ်ပဲ အခန်းလေးထဲမှာ ထိုင်နေကြရအောင်လို့ တိုက်တွန်းမိသွားတယ်။ သီကတော့ ရှင်းလင်းထားတဲ့ မီးဖိုချောင်မှာ ကော်ဖီတခွက်နဲ့ ကွတ်ကီးလေးတွေ ယူလာရင်း ကိုယ်တို့ နှစ်ယောက်မိုးလင်းတာကို ထိုင်ကြည့်နေလိုက်ကြတယ်။


တချို့တွေက အိမ်ပြန်ဖို့. တချို့တွေက အိမ်မပြန်ဖို့.တချို့တွေကတော့ လမ်းတဝက်မှာ. တချို့တွေက လမ်းဆုံမှာ.


အခုကတော့ အိမ်ပြန်ကြရအောင်ဆိုတာ.နောက်က ဆက်ပြီးရတဲ့ အတွေးချည်မျှင်စတွေပါ။ ရက်လုပ်မယ့် ရက်ကန်းက အလှပဆုံး ချည်ထည်တွေ ဖြစ်စေမလား၊ ချည်မျှင်စတွေ အဖြစ်နဲ့ပဲ အဆုံးသတ်စေမလားဆိုတာကိုတော့…။



P.S = ကျနော့် ဘလော့မှာ စာဖတ်သူဆိုတဲ့ Label မှ စာတွေကို ကျနော့်ညီလေး စာဖတ်သူမှ ရေးခြင်းဖြစ်ပါတယ် စာမရေးဖြစ်တော့တဲ့ ကျနော့်ဘလော့လေးမှာ နောက်ပိုင်းလည်း သူ့စာတွေ ဖတ်ရအုံးမှာပါ ကျနော့်ဘလော့က သူငယ်ချင်းတစ်ချို့က ကျနော်ရေးတယ်ထင်နေလို့ပါ ကျေးဇူးတင်ပါတယ် ။



Wednesday, March 21, 2012

လက်မှတ်လေးထိုးပေးလိုက်ပါဖိုးကျော်ရယ်..


ဆယ်မိနစ်တခါဆိုက်နေတဲ့ လေယာဉ်တွေကိုကြည့်ရင်း တဟီးဟီးမြည်သံတွေကြားမှာ..ဟေ့ကောင် လပြည့် ဆိုတော့ လန့်သွားမိတယ်။ အဲ့ဒီအသံမကြားရတာ ဘယ်လောက်ကြာပြီလဲ။ ဖိုးကျော် ဖိုးကျော် ဟာကွာ မင်းပျောက်နေလိုက်တာလို့ အပြစ်တင်ရင်း မချိတင်ကဲမေးလိုက်မိတယ်။ လက်မှတ်လေးထိုးပေးလိုက်ပါဖိုးကျော်ရယ်လို့ သူ့နှုတ်က ဖြည်းဖြည်းလေး ငြီးငြူပြလိုက်တဲ့အခါ ကိုယ့်ကိုကိုယ် နောင်တတွေ ရချင်လာမိတယ်။


ကိုယ်ပြောတဲ့စကားတွေဟာ လူတယောက်အတွက် နှစ်ပေါင်းများစွာ ထိခိုက်နာကျင် စေလိမ့်မယ်လို့ သိထားခဲ့ရင် အခုလို လွယ်လွယ်ကူကူ ပြောထွက်ခဲ့မှာ မဟုတ်ဘူးလို့ တွေးမိစေတဲ့အထိပါ။ တကယ်က ဒီဇာတ်လမ်းမှာ ကိုယ်က လူကြမ်းလည်းမဟုတ်သလို ဇာတ်ပို့ဇာတ်ရံလည်း မဟုတ်ခဲ့ပါဘူး။ စိတ်ထဲကတော့ ဖိုးကျော်ကို ကောင်းစေချင်တဲ့ စိတ်ဆန္ဒအပြည့်နဲ့ဆိုတာ ယုံကြည်ခဲ့တာမို့ အခုလို ပြောဖြစ်သွားတာလို့ပဲ ယုံကြည်ထားတယ်။ ဖိုးကျော်နဲ့ မိသော်ဆိုတာ ကိုယ့်ရဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်တွေပဲ မဟုတ်လား။


ဖိုးကျော်နဲ့ မိသော်တို့ ချစ်ကြိုက်ရာကနေ ရွှေလက်တွဲမြဲကြမယ်ဆိုတော့လည်း ကိုယ်ကလည်း လှိုက်လှိုက်လှဲလှဲ အားပေးကူညီမိတယ်။ သမီးလေး သီတဂူ မမွေးခင်ကာလမှာ ဖိုးကျော်တို့ဆီက အသံသဲ့သဲ့ကြားလာရပြီ။ မိသော်တယောက် အပြင်မှာ နည်းနည်း နာမည်ထွက်နေတယ်လို့ ပတ်ဝန်းကျင်က ပြောလာကြတယ်။ ဖိုးကျော်ကို မေးကြည့်တော့ သူက ကောင်းကောင်းမဖြေချင်ဘူး။ မိသော်က ပျော်ပျော်နေတတ်တာပါလို့ ဖြေပေမယ့် ဖိုးကျော်ရဲ့ မျက်ဝန်းတွေကို ကိုယ်က မကြိုက်ချင်လှဘူး။ ဒါပေမယ့် သူတို့အတွင်းရေးဆိုတော့ ကိုယ်က ခပ်ဝေးဝေးကပဲ ငေးနေရုံပေါ့။


မိသော်က ငယ်ကတည်းက အပေါင်းအသင်းမက်တယ်။ ပွင့်လင်းတာထက် ပိုတယ်လို့ ဆိုနိုင်တယ်။ ယောက်ျားလေး သူငယ်ချင်းဆိုတာ တရပ်ကွက်လုံးမှာ မိသော်နဲ့ မကင်းတာချည်းပဲ။ အလုပ်ထဲကဆိုပြီး လိုက်ပို့တဲ့ လူတွေကလည်း ကောင်းမွန်တောက်ပတဲ့အဝတ်အစားတွေ ဝတ်ထားကြပေမယ့် သူတို့ဆီက အခိုးအငွေ့တွေကို ဘေးကနေတောင် မြင်ရတဲ့အထိ။ အင်း မိသော် မိသော်…


မိသော်က ဖိုးကျော်နဲ့ အတူနေရတာနဲ့ မလုံလောက်ဘူးလို့ ဖိုးကျော်ကိုအရေးဆိုလာတယ်လို့ ဖိုးကျော် ပြောလာတဲ့အခါ ကိုယ် သိပ်မအံ့သြဖြစ်တော့ဘူး။ မိသော်ရဲ့ သတင်းက ပန်းတွေထက်ပိုမွှေးနေနှင့်ပြီးပြီမဟုတ်လား။ ဒါပေမယ့် ကိုယ်တိုင်တော့ မယုံရဲသေးဘူး။ ဒါအိပ်မက်ပဲလို့ လက်နှစ်ဖက်ကိုပိုင်ပိုင်ပိုက်ပြီး မေ့လိုက်ချင်တယ်။ သမီးလေး သီတဂူကိုလည်း မိသော်မိဘတွေအိမ်ကို ပို့ထားတဲ့နောက် မိသော်ခြေလှမ်းတွေကို မြင်တတ်ဖို့ကောင်းပြီပေါ့။


တကယ်တမ်း ဖိုးကျော်က မိသော်ကို သေမတတ်လောက်အောင်ကို ချစ်ခဲ့တာ။ မိသော်ကိုသဘောမကျတဲ့ မိဘမောင်နှမတွေနဲ့ အတိုက်အခံလုပ်ပြီး ယူခဲ့ရတာကို ကိုယ် အသိဆုံးမဟုတ်လား။ မိသော်ကတော့ ပျံလေတဲ့ငှက်ခါးပေါ့ နားမယ်လည်း မဟုတ်တော့ သိမယ်လို့ ကြုံးဝါးလည်း ကြားနိုင်မယ့်သူ မဟုတ်ပြန်။ မိသော်ကိုယ်တိုင်က တိုက်တွန်းနားချပေးပါလို့ ပြောလာတဲ့အခါ ကိုယ့်အတွက်တော့ တကယ့်ကို မီးတွင်းထဲခုန်ဆင်းရမလိုလို။ မပြောရက်ပါဘူး ဖိုးကျော်ရာ။


ကိုယ်ကိုတိုင် မိသော်ကို ရုပ်ရှင်ရုံထဲမှာ လူတယောက်နဲ့ ပလူးပလဲနေနေတာကို မြင်လိုက်ရတဲ့အခါမှာတော့ မိသော်ရဲ့ အရေးဆိုမှုကို အင်တိုက် အားတိုက် ပါဝင်ကူညီဖို့ ဆုံးဖြတ်လိုက်ပြီ။ ဖိုးကျော်လည်း ဒီနွံထဲမှာ ကျွံသထက်ကျွံနေခဲ့ပြီ။ အဲ့ဒီညက ဖိုးကျော်နဲ့ အရက်အတူသောက်ကြရင်း။


“ဖိုးကျော်” နှစ်ခါလောက် ကိုယ်ခေါ်လိုက် ပြောစရာရှိသလိုလိုနဲ့ မရှိသလိုလိုလုပ်လိုက် သက်မမောတခုကို ချလိုက်နဲ့ပေါ့။ ဖိုးကျော်က “ ဘာလဲ လပြည့် မင်းပြောစရာရှိတာ ပြောကွာ၊ ငါသိပါတယ် မင်း တခုခုပြောဖို့ကြိုးစားနေတာမဟုတ်လား”။ ငယ်ကတည်းက တွဲလာတဲ့ သူငယ်ချင်းတွေပဲ ရင်ဘတ်ချင်းရင်းနှီးပြီးသားတွေလေ။ “ဟုတ်တယ် ဖိုးကျော် ငါ့မှာ ပြောစရာရှိတယ်” ကိုယ်ပြောလိုက်ပေမယ့် ရှေ့ဆက်ပြောဖို့ ခွန်အားမဲ့နေပြန်တယ်။ “မင်းစဉ်းစားသင့်ပြီ” လို့ အရင်းမရှိအဖျားမရှိ ပြောချလိုက်တော့ သူ့မျက်ဝန်းတွေ စိုစွတ်လာတယ်။ သူမှ မဟုတ်ပါဘူးလေ ကိုယ်လည်း အမြင်အာရုံတွေ ဝေဝါးနေခဲ့တာမဟုတ်လား။


ခွက်ထဲက ကျန်သလောက်ကို မော့ရင်း “ လက်မှတ်လေးထိုးပေးလိုက်ပါ ဖိုးကျော်ရယ်” လို့ပြောတော့ ဖိုးကျော် ကြူကြူပါအောင်ငိုချလိုက်တာ။ ယောက်ျားတွေလည်း ထိန်းချုပ်ထားပေမယ့် ငိုတတ်တယ်တဲ့လေ။ “ငါလေ ငါ့အတွက်ရယ်လို့ မဟုတ်ပါဘူး သမီးလေးအတွက်ပါပါနေလို့၊ သူငါ့ရင်ခွင်မှာ မပျော်တော့တာ ငါသိပေမယ့်၊ သူလုပ်သမျှကို ဟောဒီရင်ဘတ်တဆုံး နာကျင်ခံရခက်အောင် မြင်နေပေမယ့် ငါတယောက်တည်း ကြိတ်မှိတ်မြိုသိပ်ထားခဲ့တာပါကွာ” ဖိုးကျော်ဆီက ဒီစကားတွေ ကြားရမယ်လို့ မျှော်လင့်ထားနှင့်ပြီးပြီ။


ဖိုးကျော် မင်း…ရှေ့ဆက်ပြီးပြောမယ့် အကြောင်းတွေကို ကိုယ်တိုင်ပဲ ရပ်လိုက်တာ ကောင်းတယ်။ ဖိုးကျော်ဆိုတဲ့ သူငယ်ချင်းက ငယ်ကတည်းက တသီးတသန့်နေတတ်တယ်။ အဝတ်အစားအသုံးအဆောင်တွေကအစ သူပိုင်ပစ္စည်းဆို သူတယောက်တည်းပဲသုံးတတ်တဲ့အကျင့်ရှိတဲ့သူမျိုး။ အခုလို ကိုယ်ချစ်တဲ့သူကို သူများနဲ့ခွဲဝေယူ နေတဲ့အဖြစ်ဟာ သူဘယ်လောက်အထိ ခံစားနေရမလဲဆိုတာ တိုင်းဆလို့ မရနိုင်ဘူးလေ။ ဖိုးကျော်ရယ်လို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရုံမှတပါး ကိုယ်ကလည်း ပုဝါကူရေဝင်ရှူပေးလို့ရတာမျိုး မဟုတ်လေတော့။


ဂစ်တာပေးကွာဆိုပြီး သီချင်းတပုဒ်ကို စတီးတော့….လက်ထဲက ဂစ်တာကိုလုပြီး ဆွေးဆွေးမြည့်ထွက်လာတဲ့ ဖိုးကျော်ရဲ့ သီချင်းသံကို ကိုယ်လည်း ကြေကွဲနေတဲ့ စိတ်တွေနဲ့ နားထောင်နေခဲ့ရတယ်။


အချစ်ထောင် သံယောဇဉ်ကြိုးနဲ့ တည်းနှောင်ထားတဲ့ အကျဉ်းဆောင် ကိုယ်ဘယ်လိုလုပ်ပြီး ရုန်းမှာလဲ မင်းပြောပါ၊ ကိုယ်ပိုင်တဲ့ လွတ်လပ်မှုတွေ စွန့်လွှတ်ထားလိုက်ပြီ..

အချစ်ထောင် လူ့လောက အကြီးမားဆုံးအရာဝတ္ထု နှိုင်းမရအောင် အပယ်ဘုံဖြစ်လိုက် နတ်ပြည်ဖြစ်လိုက် ရူးချင့်စရာ….ကိုယ့်ကို ထာဝရအချုပ်အနှောင် မင်းအကျဉ်းထောင်….


ဟုတ်ပါတယ် ဖိုးကျော် မင်းအတွက် တကယ့်အကျဉ်းထောင် ငရဲပြည်လိုလိုနတ်ပြည်လိုလိုပါသူငယ်ချင်းရယ်။ ရုန်းထွက်ပါသူငယ်ချင်းရယ် ဘယ်လိုအနေမျိုးနဲ့ပဲဖြစ်ဖြစ် ရုန်းထွက်ပါကွာ။ လက်မှတ်လေးသာထိုးပေးလိုက်ပါ ဖိုးကျော်ရယ်လို့ ထပ်ဆင့်ထပ်ဆင့်သာ တိုက်တွန်းနေခဲ့တယ်။


ဖိုးကျော်တယောက် မိသော်ကို လက်မှတ်ထိုးပေးအပြီး အားလုံးနဲ့ ဝေးတဲ့ နိုင်ငံရပ်ခြားကို ထွက်သွားတယ်လို့ သတင်းကြားပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်သွားခဲ့လိုက်တာ။ ကိုယ့်ဝမ်းပူဆာ မနေသာဆိုသလို ကိုယ့်ဝမ်းကိုကျောင်းရင်း ကိုယ့်ဘဝကိုမောင်းရင်းပေါ့။


ဟိုမှာ သမီးလေ သီတဂူ…သီတဂူတယောက် သူ့အဖေဖိုးကျော်ကို လာကြိုရင်း ကိုယ့်ကို ပြန်ဆုံတော့ သူမမှတ်မိတော့။ သီတဂူ သူ့အမေနဲ့ တူလိုက်တာလို့ စိတ်ထဲက ညည်းတွားမိတယ်။ ရုပ်လက္ခဏာတူပေမယ့် စိတ်တွေ မတူပါစေနဲ့ သမီးရယ်လို့ မသိစိတ်ထဲမှာ ဆုတောင်းလိုက်မိတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မိသော်တိမ်းပါးသွားတာကို သူတို့တွေတော့ သိတန်ကောင်းပါရဲ့။ နှစ်တွေတော့ ကြာပြီပဲလေ.


ဒါပေမယ့် လက်မှတ်လေးထိုးပေးလိုက်ပါ ဖိုးကျော်ရယ်လို့ သူရောကိုယ်ရော ဒီတနေ့လုံး ရွတ်နေမိတော့မှာ အသေအချာပါပဲ…


ချစ်တာ ရင်ထဲက တငွေ့ငွေ့နဲ့ ခံစားချက် မေတ္တာ အကုန်ပေါ်အောင်ထုတ်ပြီး မပြနိုင်စွမ်းလို့ ပေါက်ကွဲမတတ်.

ကြင်နာတဲ့စကားလေးတခွန်းလောက် ပေးသနားမျှလှည့်နော်…

အချစ် အမြန်စီးလားအချစ် ပြန်နှေးမလား အချစ် ခုန်တဲ့နှလုံးသား စံပြအကျဉ်းသား…



Wednesday, March 14, 2012

အရေခွံအရောင်းအဝယ်

လာထားနော်

အရေခွံတွေရမယ် အရေခွံတွေ။

တမိနစ်အတွင်း အပြောင်းအလဲလုပ်နိုင်သော

လွယ်ကူမြန်ဆန်သက်သာဈေးချို အရေခွံ။

ပါးလျားသေသပ်လှပ

အရာမထင်စေနိုင်သော အရေခွံ။

နှစ်ဖက်လှသုံးဖက်လှအပြင်

လေးဖက်မြင် ငါးဖက်မြင်အထိ အဆင့်မြင့် အရေခွံ။

မိုးရေခံ တာရှည်ခံ မပျက်စီး

အိုင်ပီ(IP65) စက်မှုသုံးအရေခွံ။

ပင်လယ်ရေထိသော်လည်း

သံချေးမတက်တဲ့ မိုနဲ(monel) အရေခွံ။

နောက်ဆုံးပေါ် အရေခွံ..။

ဒိတ်အောက်ခါနီးအရေခွံ…။

အိတ်စပရာဖြစ်တော့မယ့် အရေခွံ။

အမေရေ သား အရေခွံတွေ ကြွပ်ဆတ်ဆတ်နဲ့မို့

၂၀၁၂ အရေခွံလေး လဲပစ်လိုက်တယ်…

ကဲ အရေခွံတွေ ရမယ် အရေခွံတွေ။

အရှက်နည်းစေဖို့အတွက်


ခပ်ထူထူ အရေခွံ။


လျှပ်ပေါ်လိုသူအတွက်


လော်လီဖော် အရေခွံ။


နာမည်တပ်လိုသူများ


nameplate အရေခွံ ။




Tuesday, March 13, 2012

တို့တွေ မတွေ့ဖြစ်ကြတဲ့အကြောင်း

တနေ့က မတွေ့ဖြစ်တဲ့သူတွေ စာရင်းဆိုပြီး ကိုယ့်ဟာကို ပြုစုကြည့်မိတယ်။ ဆယ်စုနှစ်တွေချီပြီး မတွေ့ဖြစ်ခဲ့တဲ့သူတွေ၊ လက်တဖက်စာအချိန်ကာလအကြာ မတွေ့ဖြစ်တဲ့ သူတွေ။ ရေးရင်းရေးရင်း စာရင်းစာရွက်ကုန်တော့မယ်…


နင်မှတ်မိလား နင်နဲ့ငါ ဘယ်နားမှာ နောက်ဆုံးတွေ့ခဲ့ကြတယ်ဆိုတာ။ မနေ့ကလိုပဲနော်။ ငါ့အတွက်ပြောတာပါ။ မေ့တတ်တဲ့ နင်လိုလူအတွက် မှတ်မှတ်သားသားမရှိဘူးဆိုပြီး အကြောင်းပြချက်တွေမလိုဘူးလေ။ ငါတို့တွေက နားလည်ပြီးသားမဟုတ်လား။ ဒါနဲ့ ကိုကျော်မင်းနဲ့လည်း မတွေ့တာကြာပြီ။ ကိုကျော်မင်းကို နင်မေ့သွားပြီလား။ ညနေသင်တန်းတက်တုန်းက အိမ်ထောင်သည် အစ်ကိုကြီးဟာလေ။ အေးဟုတ်တယ် သင်တန်းပြီးကတည်းက မတွေ့ကြတော့တာနော်။ သုဝဏ္ဏဖက်ရောက်ရင် သူ့ကိုတွေ့ချင်သေးတယ်လို့ အမှတ်ရတယ်။ မသီတာကြီးကော ဘယ်နားရောက်နေလဲမသိဘူးနော်။ ဆင်ရေတွင်းနားက သူတို့အိမ်မှာ တရုတ်နှစ်ကူးသွားစားဖြစ်တာ နောက်ဆုံးပဲ။ လမ်းမှာဆုံတာမျိုးလေးတောင် မဆုံဖြစ်ဘူး။ ဆူးလေက အပ်တစင်းနဲ့ ဆင်ရေတွင်းက အပ်တစင်းကလည်း ဆုံခဲတာနော် အေးဟာ။


ကိုထင်လင်းတယောက်တော့ စင်္ကာပူထွက်သွားတယ်ဆိုကတည်းက ပျောက်သွားတာပဲ။ အဆက်အသွယ်လည်း မရလိုက်တော့ဘူးဟ။ အဲ့ဒီအခါတုန်းက ဂျီမေးလ်တွေ စီမေးလ်တွေလည်း မပေါ်သေးဘူးဆိုတော့ တောင်းမထားလိုက်ရဘူး။ အခုလား ဖေ့ဘုတ်ဆိုတာမှာ ငါရှာကြည့်သေးတယ်။ မတွေ့သေးဘူးဟဲ့။ ယုန်ထောင်ကြောင်မိလို့ပြောလို့ရတယ်။ ကိုထင်လင်းကိုရှာရင်း တွတ်ပီကိုသွားတွေ့တယ်။ တွတ်ပီဆိုတာ မျက်မှန်နဲ့လေ စာကြမ်းပိုလိုလိုပေါ့။ အံမယ် သူက မိန်းမရနေပြီဆရာ။ သူက ဂျပန်ထွက်သွားသေးတာတဲ့ဟ။ ခုမှပြန်ရောက်တယ်။ သူက ကောင်းစားနေတယ် သိလား။ ကြည့်မြင်တိုင်မှာတိုက်ခန်းတခန်းဝယ်ပြီး အလုပ်ခန်းဖွင့်ထားတယ်ပြောတယ်။ ကွန်ပြူတာအလုပ် ဆက်လုပ်ဖြစ်တယ်တဲ့။ ငါတို့နဲ့တော့ကွာပ။ ကလေးတော့ မရသေးဘူးလို့ပြောတယ်။ ငါတို့တွေ တွေ့ကြတာပေါ့လို့ ဖေ့ဘုတ်ထဲမှာပဲ ပြောလိုက်တယ်။ အဲ့ဒီတခါပဲ နောက်တခေါက် စကားမပြောဖြစ်ကြတော့ဘူး။ အပြင်မှာလား ဝေးသေး သူက အချိန်မရဘူးတဲ့ဟ။


တနေ့က သတင်းစာဖတ်ပြီး စိတ်မကောင်းဖြစ်ရသေးတယ်။ မိမိခင် တယောက်ဆုံးသွားတယ်ဆိုတာလေ။ မိကလေ မိကလေ ဆိုပြီး သူပြောတာလေး ပြန်ကြားယောင်မိသေးတယ်။ ကင်ဆာတဲ့လေ။ အင်းလေ သေတနေ့မွေးတနေ့မဟုတ်လား။ ငါလည်း တရားလေးဘာလေး အားထုတ်ကြည့်သေးတယ်။ အဲ့မှာ ဆရာတော်ဦးသုမနနဲ့တွေ့တာပဲ။ ဦးသုမဆိုတာဟယ် ငါတို့အတန်းထဲမှာ ကုပ်ချောင်းကုပ်ချောင်းနဲ့ နေတတ်တဲ့ မျိုးသော်လေ။ ယောင်ပြီး မျိုးသော်လို့ ထွက်သွားတော့မလို့ ပါးစပ်ကိုအတင်းပိတ်ပြီး ဦးအမြန်ချရတယ်။ သူတယောက်တော့ အေးချမ်းလို့ပေါ့ဟာ။


မမစုနဲ့တွေ့ဖြစ်သေးတယ်။ ကလေးတွေနဲ့။ ခြောက်ယောက်တောင်ဆိုတော့ အိုးစားကြီးပြီပေါ့။ နွမ်းနွမ်းဖတ်ဖတ်ပဲ။ ငါလေ ဘာတွေလုပ်ကိုင်နေလဲလို့ ဆတ်ဆော့ပြီးမေးလိုက်သေးတယ်။ အထည်ချုပ်စက်ရုံမှာ စက်ချုပ်နေတယ်တဲ့။ ငါ့တွေ့တော့ မျက်ရည်တွေဝဲလို့။ ငါလည်း ငိုချင်ချင်ဖြစ်လာတယ်။ နင်သိတယ် မဟုတ်လား မမစုက အတန်းထဲမှာ လှလှပပ ဝတ်တတ်စားတတ်။ အင်းလေ ဘယ်သူက ဒီလိုဖြစ်လာမယ်လို့ ကြိုသိမှာလိုက်လို့။ မမစုဆိုလို့ ငါတို့ကျောင်းပြေးတဲ့နေ့တုန်းက မမစုတယောက် အကြောက်အကန်တားတာ သတိရမိသေးတယ်။ မသွားကြပါနဲ့ဟယ်လို့ သူတားတာလေး သနားစရာပါ။ ဒါပေမယ့် တတန်းလုံးက လစ်ကြမယ်လို့ တိုင်ပင်ထားတဲ့နောက် သူ့ခမျာ ယက်ကန်ယက်ကန်နဲ့ ပါလာတာလေး မြင်ယောင်မိသေးတယ်။ နောက်နေ့ဆရာမဆူတော့ တကယ်တမ်း သူက အချောင်အဆူခံရတာနော်။ ဆိုးလိုက်တဲ့ ငါတို့တွေပါလား။


ဟိုးတမြန်နှစ်က ဆရာကန်တော့ပွဲလေ တို့တွေ အားလုံးဆုံမယ်လို့ မျှော်လင့်ထားတာ။ တကယ်တမ်းကျတော့ နင်က မလာဖြစ်ဘူး။ နင်မှ မဟုတ်ဘူး စန္ဒာနဲ့သန္တာတို့ညီအစ်မနှစ်ယောက်လည်း မလာဘူး။ စန္ဒာကတော့ ကလေးငယ်နေလို့ထားပါတော့ ကျန်တဲ့နင်တို့နှစ်ယောက်ကတော့ ရောက်လာသင့်တယ်မဟုတ်လား။ အေးပါ အေးပါ နင့်ပို့စတင်က လွိုင်ကော်မှာမို့ ပြန်လာရခက်တယ် ပြောထားပေါ့။ ဆရာကြီးတွေကဆို နင်တို့တွေကိုတမေးမေးနဲ့။ နင်တို့ကသာ ဆရာတွေကို မေ့ချင်မေ့နေမှာ သူတို့တွေက နင်တို့တွေကို တသသနဲ့ပေါ့။


အေးဟာ အဲ့ဒီစုံညီပွဲမှ သူငယ်ချင်းတွေက သူတို့ကလေးတွေ ခေါ်လာ။ အဲ့တော့မှ ဟာ ငါအသက်အတော်လေးကြီးပါပေါ့လို့ အောက်မေ့ရတယ်။ မဟုတ်ရင် ကိုယ့်ကိုကိုယ် ဆယ့်ခြောက်နှစ်ပဲ ထင်နေတုန်း။ ဇရာကို လျစ်လျူရှုထားတာလေ နင့်သူငယ်ချင်းက။


နင်ငါတို့ဖက်ရောက်ခဲ့ရင် လှည့်ခဲ့ဦး။ ငါ့ကိုအိမ်မှာမတွေ့လို့ ဆိုပြီး ဆင်ခြေမတက်နဲ့။ အိမ်မှာမရှိရင် လမ်းထိပ်က ဓမ္မာရုံကိုလိုက်ခဲ့။ အလှူကိစ္စ၊ ရပ်ရေးရွာရေးတွေနဲ့တော့ အလုပ်ရှုပ်သား။ တယောက်တည်းသမားဆိုတော့ ဒီလိုပါပဲ။ ပျင်းချိန်လား မရှိပေါင်ဟာ။ အလှူတွေအတွက် အိုးကြီးဟင်း စီမံရတာနဲ့တင် နေထွက်နေဝင်ပဲ။


ဟဲ့…ငါ့ဖုန်းနံပါတ်လည်း မှတ်ထားဦး။ ပြီးမှ မေ့လို့ဆိုပြီး အကြောင်းမပြနဲ့။ ငါ့လက်တွေက နင့်ကိုထုဖို့လောက်တော့ သန်သေးတယ်နော်… နာမယ်။ ဟုတ်ပါရဲ့ ငါတို့တွေ မတွေ့ဖြစ်ကြတာ ဆယ်စုနှစ် တခုတောင်မှပါပဲ။ အင်း လူတခုပူမှုရယ်တဲ့ ဆယ်ကုဋေ မဟုတ်လား။

ဟယ်လို ဟယ်လို ဟဲ့ ငါပြောနေတယ်လေ…..ဒီတယောက် ဖုံးချသွားပြန်ပြီလားမသိဘူး။ အင်း....................




Monday, March 12, 2012

ပျောက်ဆုံးနေသော၁၃ရာစုဆီသို့

အချိန်ဆိုတာမျိုးက တိုက်စားတတ်တယ်။ တကယ်တမ်း ဘုရားဟောအရ ဖြစ်ပြီးရင်ပျက်တာပဲမဟုတ်လား။ ၁၃ရာစုဆိုတာ ကိုယ့်အတွက် အင်မတန်ဝေးကွာလှပါတယ်။ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ဆက်စပ်စရာ မရှိတဲ့ အဲ့ဒီ၁၃ရာစုဟာ ဒီအတိုင်းတိုင်းတော့ ကိုယ့်ဆီလွှင့်လာမှာမဟုတ်ပါဘူး….


အလုပ်မသွားခင် လာကြိုမယ့်ကားကို အဲ့ဒီနေ့က မစောင့်ခဲ့ရင်ဆိုတဲ့ အတွေးမျိုး ခုနေ ပြန်တွေးကြည့်မိတယ်။ တစုံတရာစေ့ဆော်မှု (စိတ်ထဲက သတ်မှတ်မိတာပါ) ကြောင့်ထင်ရဲ့ ၇နာရီမထိုးခင် ဟိုတယ် ဧည့်ခန်းမကိုရောက်နေမိတဲ့အဖြစ်။ ထုံးစံအတိုင်း ပတ်ဝန်းကျင်ကို လေ့လာရင်း ဟိုတယ်က ချထားပေးတဲ့ စာအုပ်ကို ကောက်ကိုင်မိတယ်။ ၁၃ရာစုဟာ ကိုယ့်လက်ထဲကို အဲ့ဒီအချိန်မှာ ထိုးထည့်လိုက်တာပါပဲ…


စိမ်းလဲ့နေတဲ့ ပတ်ဝန်းကျင်မှာ အနီရောင် အဆောက်အဦးက ကိုယ့်နှလုံးကို လှုပ်နိုးနေခဲ့တယ်။ စာရွက်တွေ တဖျတ်ဖျတ်ကျော်သွားပေမယ့် ဟဒယဆိုတဲ့ ဘဝင်မှာတော့စွဲလို့ ကျန်ခဲ့လိုက်တာ။ စပါးကြီးညှို့ ခံရတဲ့သူတယောက်လို၊ အိပ်မွေ့ချခံထားရသူတယောက်လို ၁၃ရာစုက ကိုယ့်ကို ပြုစားသွားခဲ့ပါပြီ။ အိပ်မက်မြို့တော်များနဲ့ ဆက်စပ်ကြည့်လိုက်တဲ့အခါ ကြက်သီးမွှေးညင်းထသည် အထိ။ လိုချင်တဲ့အချက်အလက်တွေကို ကွန်ယက်ထဲမှာ ရှာကြည့်မိတယ်။ အတိတ်ကိုတူးဖော်ဖို့အတွက် အဲ့ဒီနေရာကို သွားမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် တော်တော်နဲ့ မရောက်ဖြစ်ခဲ့နိုင်လိုက်ဘူး။ ကိုယ့်ဘူမိဒေသမှန်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ စိတ်ထဲမှတော့ တေးထားလိုက်တယ်။ ကိုယ်လာမှာပေါ့ မြို့တော်ရယ်.

Photo: The Poten

တောင်ပေါ်ကနေ ဘုရားကျောင်းကို မြင်ရတဲ့အခါ မကြားရတဲ့ အသံတွေကို နားထဲက ကြားယောင်နေမိတယ်။ ရွတ်ဖတ်ပူဇော်နေကြသံတွေနဲ့အတူ စတေးခံမင်းသားလေးရဲ့ အဖြစ်က ရင်ထဲမှာဆို့နစ်လာခဲ့တယ်။ ဒါဟာ ပုံပြင်တပုဒ်ပဲလို့ ကိုယ့်ကိုနားချရင်း ရပ်တန့်လုမတတ်ဖြစ်နေတဲ့ နှလုံးသားကို နာကြင်စွာ ဥပေက္ခာပြုထားခဲ့တယ်။ အဲ့ဒီနေ့က ဘယ်တော့မှ ဖျောက်ပစ်နိုင်မှာ မဟုတ်တော့ဘူး။ ဘုရားကျောင်းကို အဝေးကနေပဲ လှမ်းကြည့်ရဲတဲ့အဖြစ်လေ။ အနားကို တိုးကပ်သွားဖို့ ကိုယ့်စိတ်တွေ ဘယ်လိုမှ မဆောက်တည်နိုင်ခဲ့ဘူး။ ကြောက်ရွံ့ခြင်းဆိုတာမျိုးမဟုတ်ပဲ အမည်မတပ်နိုင်တဲ့ ခံစားမှုတွေ ခဏခဏဖြစ်စေခဲ့တာပါ။

Photo: Madakaripura waterfall 1

စိတ်ငြိမ်ရာ ရဖို့ အေးချမ်းတဲ့အရပ်ကိုပဲ ရှောင်ပြေးခဲ့ပါတယ်။ ဒီရေတံခွန်ကို သွားခွင့်မပြုလို့ ဧည့်လမ်းညွှန်က တားမြစ်တဲ့အခါ ကိုယ်နဲ့ အတိုက်အခံအချေအတင် စကားတွေ ပြောဖြစ်တယ်။ ကြမ်းတမ်းခက်ခဲတဲ့ ခရီး ၁ကီလိုမီတာခွဲဆိုပေမယ့် တနာရီမကအောင် သွားရတဲ့ခရီးပေါ့။ ရေထဲဆင်းလိုက် ကျောက်တုံးတွေကို ဖြတ်လိုက်နဲ့ မနက်ကတည်းက ဆုတွေခြွေမိတာ မိုးမရွာဖို့ပါပဲ။ မိုးရွာရင် အသက်အန္တရာယ်ပါစိုးရိမ်ရတာမို့ လုံးဝဆက်သွားခွင့် ရမှာမဟုတ်လို့ပါ။

Photo: Madakaripura waterfall 2

ကောင်းကင်ဘုံက ကျလာတဲ့မြစ်တစင်းပေါ့။ မောပန်းလာသမျှဟာ ဒီမြစ်ရဲ့ ရေအလျဉ်နဲ့အတူ ပြေပျောက်ကုန်တယ်။ ဒီနေရာမှာ တရားလာလာအားထုတ်တဲ့ သူရဲကောင်းဝန်ကြီးချုပ်ကို အားကျဦးညွှတ်မိပါတယ်။ အေးချမ်းလိုက်တာ။ မခွာချင်ပေမယ့် ခွာရဦးမယ် ကိုယ်သွားရမယ့်နေရာတွေက အများကြီးမဟုတ်လား။

Photo: Singosari Temple

မပြီးဆုံးသေးတဲ့ ဘုရားကျောင်းတခုပေါ့။ အကြောင်းပြချက် တိတိကျကျမသိရပဲ ဆောက်လက်စတွေကို ရပ်တန့်ပြီး အချောမသပ်ပဲ ထားခဲ့တဲ့ ဘုရားကျောင်းပါ။ ပဟေဠိ ဆန်လွန်းတဲ့ အကြောင်းအရာတွေကို တွေးတောနေမိပြန်တယ်။

Photo: Candi Jago

အနုလက်ရာ မြောက်လှစွာသော ဘုရားလို့ အမည်တပ်ချင်ပါတယ်။ ဘုံအဆင့်ဆင့်တွေရဲ့ ပတ်ပတ်လည်မှာ ဇာတ်နိပါတ်တော်တွေကို ထွင်းထုပူဇော်ထားပြီး အပြည့်အစုံသာ ဖူးလိုက်ရရင်ဆိုတဲ့ အာရုံတွေ စိတ်ထဲမှာ ပေါ်လာမိစေခဲ့တာပါ။

Photo: Story from Jago

ထွင်းထုထားတဲ့ အရာတွေတိုင်းကို စိတ်နှလုံးနဲ့ပါ ရှုကြည့်မိပါတယ်။ လက်နဲ့တို့ထိရင်း အဲ့ဒီအရုပ်တွေကို တပါတည်း သယ်ဆောင်ချင်လိုက်တာလို့၊ ပန်းချီကား အဖြစ်ဖန်ဆင်းမယ်လို့ စိတ်ကရည်မိတယ်။

Photo: Wringin Lawang

ဟောဒီ ပွင့်နေတဲ့ မြို့တံခါးကို တွေ့ရတဲ့အခါ ယိုဖိတ်စီးကျလာတဲ့ အလွမ်းကို ဘယ်လိုမှ ချည်နှောင်ခွင့်မသာခဲ့ပါ။ အုတ်မြို့ရိုးတခုလုံး ပျောက်ဆုံးသွားပေမယ့် ထီးတည်းကျန်ခဲ့တဲ့ ဒီတံခါး။ ဒီတံခါးကနေ ကျော်ခဲ့ရင် ကိုယ့်ရဲ့နေရာတခုခုကို မြင်ရမယ်လို့ မှန်းထားခဲ့တာ။ တံခါးကိုကျော်တဲ့အခါ ကြံခင်းစိမ်းစိမ်းတခုကလွဲရင် ဘာဆိုဘာမှ မကျန်ရစ်ခဲ့တော့။

Photo: Barhu Temple

ဘုရင်တွေရဲ့ အရိုးပြာတွေကို သိမ်းဆည်းထားတဲ့ စေတီ။ ဒီစေတီ အပေါ်တက်ခွင့်ကို ပိတ်ပင်လိုက်တဲ့နောက် အရိုးပြာတွေကို ရှာဖွေစူးစမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ ဒီဘဝအတွက်တော့ လက်လျှော့လိုက်ပေဦးတော့။

Photo: Candi Tikus

ကြွက်သိုက်တခုကနေ အစပြုပြီးတွေ့ရှိခဲ့တယ်လို့ ဆိုကြတယ်။ တော်ဝင်မိသားစု ရေချိုးတဲ့နေရာ၊ အိမ်ရာတွေကို ရေဝေတဲ့နေရာလို့ ခုထိတော့ ငြင်းခုံနေကြတုန်းပဲ။ ပူဇော်ပသတဲ့သူတွေ အတွက်တော့ ကိုးကွယ်ရာတခုအဖြစ် ယုံကြည်စေတဲ့ အထောက်အထားတွေလည်း ရှိနေပြန်သေးတယ်။ ရေမြုပ်နေတဲ့ နောက် ဘေးပတ်ပတ်လည်က ကြာကနုတ်ရေပန်း တွေကို ကြည့်ရှုဖို့ မဖြစ်နိုင်ပြန်တော့ဘူးပေါ့။ ဒီအဆောက်အအုံရဲ့ထူးခြားချက်က အုတ်အနီတွေတွင်မကပဲ အောက်ခြေမှာ ကျောက်တွေနဲ့ ပါတည်ဆောက်ထားတာမို့ ခေတ်နှစ်ခေတ်ရဲ့ သမိုင်းကို ထင်ဟပ်စေတဲ့နေရာပါ။

Photo: Bajang Ratu

ဝိဉာဉ်တံခါး။ ကိုယ့်ကို စာအုပ်ထဲကနေ ဆွဲယူသွားတာလည်း ဒီတံခါးပါပဲ။ အနီရောင်တံခါးကနေ ကိုယ်လည်း ပျောက်သွားချင်လိုက်မိခဲ့တယ်။ ပျောက်သွားခဲ့လို့ ၁၃ရာစုကိုများ ရောက်သွားခဲ့ရင် ကိုယ့်အတိတ်တွေ အကြောင်းကို ဂဎဏန သိခွင့်ရပြီပေါ့။

သမိုင်းဆိုတာမျိုးက ဘယ်တော့မှ အလွယ်တကူ ပျောက်ကွယ်သွားတတ်တာမျိုးမဟုတ်ပါဘူး။ ပုံရိပ်ဖြစ်ဖြစ် အကြွင်းအကျန် ဖြစ်ဖြစ် ကျန်ရစ်ခဲ့တာမျိုးပါ။ ကိုယ်လည်း လွန်ခဲ့တဲ့ ၁၃ရာစု အတိတ်ကို သွားရှာဖွေရင်း ကိုယ့်သမိုင်းကို တူးဖော်ကြည့်ချင်မိတဲ့စိတ်နဲ့ ရောက်ဖြစ်ခဲ့တာပါ။

အခုကိုယ်ကိုတိုင်က ၂၁ရာစုမှာ ဖြစ်ပျက်နေတာဆိုတော့ နေရစ်ခဲ့တော့ မြို့ဟောင်းရေလို့ တိုးတိုးလေးညည်းညူရင်း….

စာကြွင်း။ စိတ်ကူးပုံဖော်ထားတာဖြစ်လို့ သမိုင်းအချက်အလက်များနဲ့ မတိုက်ဆိုင်ခဲ့ရင် စာရေးသူရဲ့ ဖန်တီးမှု သက်သက်ပဲလို့ မြင်ပေးစေချင်ပါတယ်။



မှတ်ချက် ။ စာဖတ်သူရေးဖူးတဲ့ ဒီပို့စ်နှင့်ဆက်နွယ်သော ပို့စ်တစ်ပုဒ်က ဒီမှာ ပါ ။


Friday, March 2, 2012

ခြောက်လှန့်အိပ်မက်မှ တဖန်ပြန်လည်၍

တကယ်တော့ အိပ်မက်တခုလိုပါပဲ။ အိပ်မက်လို့ ယုံကြည်ထားတာက ကိုယ့်ကို ပိုစိတ်ချမ်းသာစေမယ် မဟုတ်လား။ အဲ့ဒီအိပ်မက်ကနေ အခုတခါ ပြန်လည်နိုးထရပြန်ပြီပေါ့။


ညကြီးဆယ်နာရီကျော်မှာ လှုပ်လှုပ်ရှားရှား အသံတွေ ဆူပွက်ညံနေခဲ့ပြီ။ အေးချမ်းတိတ်ဆိတ်နေတဲ့ ဒီဝန်ထမ်းရပ်ကွက် ဝန်းကျင်မှာ ညပိုင်းတာဝန်ကျသူတွေအတွက် ကြိုပို့ကားတွေ ဝင်ထွက်ရမယ့်အစား လူတွေရဲ့ အော်သံတွေနဲ့ အဲ့ဒီညက အိပ်မက်ရဲ့အစပါပဲ။


သပိတ် သပိတ် မှောက်မှောက် ဆန္ဒဆန္ဒပြပြ အရေးတော်ပုံ အောင်ရမည် ဆိုတဲ့ ကြွေးကြော်သံတွေက တရပ်ကွက်လုံးကို ပွက်ပွက်ညံလှုပ်နှိုးစေခဲ့တာ။ ရုံးသွားမယ့်ကားတွေ အားလုံး လမ်းမအလယ်မှာ ထီးတည်းတည်းကြီးကျန်လို့ လည်ပတ်နေတဲ့စက်ရုံကလည်း လည်ပတ်နေလျက်ပဲပေါ့။


နောက်နေ့ကျောင်းသွားဖို့ ပြင်တော့ ရုတ်ရုတ်သဲသဲဆို အိမ်ကိုပဲတန်းပြန်လာဖို့ အမေက အထပ်ထပ်မှာပါတယ်။ ရုတ်ရုတ်သဲသဲဆိုတဲ့ စကားလုံးကို ကိုယ်ကတော့ အဖြေမရှာတတ်သေးဘူး။ ဘာလို့ ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတွေက ကိုယ်ကိုချည်နှောင်ရင်း ကျောင်းကိုတော့ ရောက်ခဲ့တယ်။ တတန်းလုံးကျောင်းလာတာ မဟုတ်ခဲ့ဘူး။ ကွက်ကြားကွက်ကြား သူငယ်ချင်း ခုံနေရာလွတ်တွေကို ငေးမောရင်း ရုတ်ရုတ်သဲသဲ ဆိုတာ ကိုယ်တွေ့လိုက်ရသလိုပါ။ ကျောင်းဝန်းအပြင်ဘက်မှာ ဝန်ထမ်းတွေရယ် တချို့လူတွေရယ်ပေါ့။ လက်သီးလက်မောင်းတန်းပြီး ပါးစပ်ကလည်း ညကကြားထားတဲ့အတိုင်း ကြွေးကြော်လို့။ ဒါဟာ ရုတ်ရုတ်သဲသဲမှ မဟုတ်တာကွယ် လို့။ ကျောင်းဝန်းတံခါးကို ပိတ်ထားပေမယ့် သူတို့လည်း ကျော်မဝင်ကြသလို အထဲကလည်း ဘယ်သူမှ ထွက်မသွားကြပါဘူး။ ဒါပေမယ့် ခုံလွတ်နေရာက သူငယ်ချင်းတချို့တဝက်ကိုလည်း အဲ့ဒီအထဲမှာ မြင်လိုက်တယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျောင်းတက်ရတာ နောက်ဆုံးနေ့ပဲ။


အိမ်ပြန်ရောက်တော့ အဖေက အိမ်မှာမရှိတော့။ ညနက်နက်လာပေမယ့် အဖေပြန်မရောက်လာဘူး။ အမေက စိတ်ပူတတ်တာမို့ အဖေ့တပည့်တယောက် လာအကြောင်းကြားတယ်။ အဖေနဲ့အတူ တချို့သောသူတွေ စက်ရုံထဲမှာပဲ ရှိမယ်တဲ့။ စက်ရုံကိုလည်း လုံခြုံရေးအတွက် ပိတ်ထားလိုက်ပြီလို့ပြောသွားသေးတယ်။ အစောပိုင်းက လူစုလူဝေးတွေက ညဖက်မှာပါ လှည့်လည် ဆန္ဒပြလာကြတယ်။ သူတို့နဲ့ မလိုက်တဲ့သူတွေကို ငကြောက်တွေလို့လည်း စွပ်စွဲကြတယ်တဲ့။ လူကြီးတွေကတော့ တိုင်းရေးပြည်ရေး အခြေအနေမကောင်းသလို ရပ်ရွာလုံခြုံရေး မကောင်းတော့ဘူးလို့ ပြောကြတယ်။ မျက်စိဖွင့်ထားပေမယ့် နားမလည်တာလည်း အခက်သားနော်။ ကိုယ်လိုကလေးတွေကတော့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်ထဲက ခိုင်နဲ့မောင်တို့လို ကြွေးကြော်သံတွေကို ကဗျာလေးတွေလို လိုက်ရွတ်ဆိုနေမိတယ်။


ပတ်ဝန်းကျင် လေးငါးအိမ်စုပြီး အိမ်မှာလာနေကြပြီ။ အိမ်မှာလည်း ယောက်ျားသား ကြီးကြီးမားမားမရှိတာကြောင့်ရယ်၊ စုရပ်လို အားလုံးလုံခြုံမှုအတွက်ဆိုတာရယ် ပေါင်းမိကြတာ။ အမေတို့တွေ ထမင်းထုတ်ဆိုတာ လုပ်ဖို့ ငှက်ပျောရွက်တွေ ခူးပေးရပြန်တယ်။ ဒါနဲ့ ထမင်းထုတ်က ဘာအတွက်လဲ။ တိုက်ပွဲဝင်သူတွေအတွက်ဆိုပဲ။ အတန်းထဲက ဇော်ကြီးတို့တတွေ နောက်တခါတွေ့မှ မေးကြည့်ဦးမယ် ထမင်းထုတ်တွေက စားကောင်းတယ်ဆို ကိုယ်လည်း အဲ့ဒီ လှည့်လည်တဲ့သူထဲမှာပါချင်လို့။ သူတို့ သပိတ်တပ်ကြီးက ဈေးနားက ဘောလုံးကွင်းနားမှာ စခန်းချကြတာတဲ့။ ပျော်စရာပဲနေမှာနော်။


အမေ့ကို အဲ့လိုပျော်စရာပဲနော်လို့ ပြောမိလို့ ခေါင်းခေါက်ခံရတယ်။ ကလေး ပါးစပ်စည်းကမ်းမရှိဘူးတဲ့။ အဲ့ဒီသပိတ်တပ်ထဲမှာလိုက်သွားချင်တယ်လို့ ပြောမိရင် ဘာထပ်ဖြစ်မယ် မသိဘူး။ ဇော်ကြီးတို့တွေကို မေးဖို့နေနေသာသာ သူတို့က ဟေ့ကောင် ငကြောက်လို့ ပြောတာနဲ့တင် စကားဆက်မပြောချင်တော့ဘူး။ ကိုယ်က ငါးဟင်းမှ မကြိုက်တာ။ ထမင်းထုတ်က ငါးဟင်းပဲဆိုရင် ဘယ်လိုလုပ်မလဲလို့ တွေးပြီး သပိတ်တပ်ကို မပါချင်ဘူးလေ။ ကျောင်းတွေပိတ်ထားတာ အစပိုင်းတော့ ပျော်မိတယ်။ ကြာလာတော့လည်း ပျင်းလာပြန်ရော။


နေ့ခင်းနေ့လည် သပိတ်တပ်ကြီးချီလာပြီဆို အိမ်တံခါးတွေ အားလုံးကိုပိတ် လိုက်ကာတွေချပြီး အိမ်ထဲမှာပဲ ငြိမ်နေကြရတယ်။ အပြင်ဖက်ကနေ အထဲမှာလူရှိတာ သိတယ်နော် မကြောက်နဲ့ ထွက်လာခဲ့ဘာညာတို့ အော်ပေမယ့် အိမ်ထဲက အသံမပြုကြပါဘူး။ အပြင်ကလည်း ဝင်မလာကြဘူး။ အိမ်ထဲက လူတွေပါ သပိတ်တပ်ထဲ ပေါင်းသွားရင် ထမင်းထုတ်ဘယ်သူပို့မလဲ စဉ်းစားမိသေးတယ်။ အတွေးက အဲ့လိုတိမ်ခဲ့ဖူးတာပါ။


အချိန်ကြာလာတာနဲ့ သပိတ်တပ်ကြီး အင်အားက တောင့်စပြုလာပြီ။ ဘောလုံးကွင်းလည်း ပြည့်လုနီးပါးဖြစ်နေပြီ။ ကိုယ့်ရပ်ရွာမှာပဲ နေ့ပတ်လိုက် ညပတ်လိုက်က ပျင်းရိလာဟန်တူရဲ့။ စက်ရုံနားက မြို့ကိုချီတက်မယ်လို့ ကြားမိတယ်။ ချောက်ရေနံမြေသပိတ်လိုများလားလို့ သင်ထားတဲ့ သမိုင်းအတွေးကို ပုံရိပ်ဖော်ချင်မိခဲ့။


အဲ့ဒီနေ့ကတော့ အိမ်ထဲမှာ အောင်းနေရတာပျင်းတာနဲ့ ခြံထဲက ခြံစည်းရိုးတွေကို ပိတ်စွယ်တွေနဲ့ ချည်တမ်း ကစားနေမိတယ်။ အဖေ့အလုပ်ထဲက တယောက်က ညီအစ်ကိုနှစ်ယောက်စလုံး မလိုက်ရဘူးနော်လို့ သတိလာပေးတယ်။ စပ်စပ်စုစုပါနေကြမို့ ပါသွားမှာစိုးရိမ်ပုံပဲ။ ငါးဟင်းမကြိုက်လို့ ကိုယ်ကလည်း မလိုက်သေးဘူး။


ညနေလေးနာရီလောက်မှာတော့ ဖောင်းဒိုင်းဖောင်းဒိုင်းဆိုတဲ့ အသံတွေကြားရပြီ။ မြို့ထဲက စစ်တပ်က ပစ်ခတ်သံတွေတဲ့။ ဟင့်အင်းလူတွေကို မပစ်လောက်ပါဘူးလို့ ကိုယ်ကယုံကြည်ခဲ့တယ်။ သူတို့ ဒီအတိုင်းပဲ ကြွေးကြော်နေတာမဟုတ်လား။ လူတွေကြောက်အောင် မိုးပေါ်ထောင်ပစ်တာလို့။


ခဏနေတော့ အန်တီအေးမြိုင်တို့ အိမ်မှာ ငိုသံတွေကြားရတယ်။ ကိုသန်းထွေးဆုံးလို့တဲ့။ ဟော ဘယ့်နှယ် ဒီဗရုတ်ဗရက်ကာလမှာမှလို့ ကိုယ်ကတွေးလိုက်သေးတယ်။ ဒါပေမယ့် ညကတင်အစ်ကို့ကို ဂစ်တာတီးသင်ပေးနေသေးတာ ဘယ်လိုလုပ်ဆုံးပါ့မလဲပေါ့။ အလောင်းကို သပိတ်တပ်က သိမ်းထားတယ် ဆိုတော့မှ သူ ပါသွားတာကိုသိတယ်။ ဟင် ဒါဆို သူတို့က လူတွေကို ပစ်တာပေါ့။ လူလူချင်း ပစ်ရလောက်အောင် ဘာတွေများ…..


ဒီနောက်မှာတော့ သွေးတွေ သွေးတွေ တတိုင်းပြည်လုံးအနှံ့မှာ ပြန့်ကျဲပေပွနေတဲ့သွေးတွေနဲ့အတူ ကြောက်စရာကောင်းတဲ့ အိပ်မက်ရှည်ကို ကိုယ်တို့တွေ ဖြတ်ကျော်ခဲ့ကြရတယ်။


အဲ့ဒီကာလ မတိုင်ခင်အထိရော၊ သပိတ်ပြီးလို့ ကာလအတော်ကြာသည်အထိရော သပိတ်မှောက်ရခြင်း ဆိုတဲ့ အချက်အလက်တွေက ကိုယ်နဲ့ အလှမ်းကွာခဲ့ပါတယ်။ သပိတ်ကြီး မပြီးခင်အထိ ကျောင်းတွေ ပိတ်ထားခဲ့သလို၊ သပိတ်ကြီးပြီးသွားပြီး နောက်ပိုင်း အတော်ကြာသည်အထိလည်း ပိတ်ထားခဲ့တယ်။ တက္ကသိုလ်ဝင်တန်းဖြေပြီး တက္ကသိုလ်တက်ဖို့ စောင့်ခဲ့ရတဲ့နှစ်တွေကိုရော။ ကိုယ်တို့တွေရဲ့ နစ်နာမှုဆိုတာကို အခုနောက်ပိုင်းမှ ကိုယ်ပြန်တွေးမိတာ။ ကျောင်းတနှစ်နောက်ကျတဲ့ ကျောင်းသားတယောက်ရဲ့ ဘဝတက်လမ်းဆိုတာကိုပါ။ တချို့ဘာသာရပ်တွေက အသက်ကန့်သတ်ထားတဲ့အခါမျိုးပေါ့။ အချိန်ဆိုတာရယ် နုနယ်ပျိုမျစ်မှုရယ်က အဲ့ဒီမှာ စတေးလိုက်ခဲ့ရပြီ။


စီးပွားရေးပိတ်ဆို့မှုဆိုတဲ့ စကားလုံးရဲ့နောက်က ဆုံးရှုံးနစ်နာမှုက အတိုင်းထက်အလွန်ပါပဲ။ အခွင့်အလမ်းဆိုတာတွေ၊ နောက်ဆုံးပေါ် နည်းပညာဆိုတာတွေ ကိုယ်တို့တိုင်းပြည်နဲ့ဝေးသည်ထက်ဝေးကွာ။ အဲ့ဒီအခွင့်အလမ်းတွေ၊ နည်းပညာတွေနောက်ကို လိုက်မိတဲ့ လူငယ်တွေဟာလည်း တိုင်းပြည်နဲ့ ဝေးသည်ထက်ဝေးကွာ။ လူတိုင်းလူတိုင်းရဲ့ နစ်နာမှု အတိုင်းအဆပမာဏတော့ တွေးတောင်မကြည့်ဝံ့စရာပါ။


အဲ့ဒီဖြစ်ရပ်တွေကနေ ကိုယ်တို့တွေရဲ့ စိတ်ထဲမှာလည်း လူလူချင်းရွံကြောက်ကြီးတွေ ဖြစ်တတ်အောင် သင်ပေးခဲ့ပြီ။ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ ကမ္ဘာ့ကပ်ကြီးနဲ့လည်း မိတ်ဆက်ပေးခဲ့ပြီပေါ့။ ဟိုတယ်ရဝမ်ဒါလို၊ ဘလက်ဒိုင်းမွန်းလို၊ သည်ပိရာ့နစ်လို ကားမျိုးကို ကြည့်ရတဲ့အခါ ကိုယ့်စိတ်ထဲက အတိတ်ရုပ်ရှင်ကိုပါ လာလာထင်ဟပ်စေတယ်။


အခုလည်း သည်လေဒီဆိုတဲ့ကားကို မျက်စိက ကြည့်တာဖြစ်ပေမယ့် စိတ်ကတော့ အိပ်မက်တခုကို သွားမြင်မက်တယ်။


အိပ်မက်ဆိုတာမျိုးက ဒီအိပ်မက် မက်ပါစေတော့လို့ ဖန်တီးယူလို့ မရသလို၊ ဒီအိပ်မက် မမက်ပါနဲ့လို့လည်း မတားမြစ်သာပါဘူး။ ဒါပေမယ့် အခုလို ခြောက်လှန့်အိပ်မက် အသစ်အသစ်တွေ မဖြစ်ထွန်းပါစေနဲ့လို့တော့ စိတ်ထဲက ရည်မိတယ်….

LinkWithin

Related Posts Plugin for WordPress, Blogger...