Monday, March 26, 2012

အမြင့်....

ထိပ်ဆုံးရောက်ချင်ရင် ခပ်မြင့်မြင့်တော့ တက်ရမှာပေါ့ ဒါပေမယ့် ကျနော် အမြင့်ကြောက်တယ် ။ အငယ်က ရွာမှာ မာလကာသီး ခူးစားတာ သရက်သီး ခူစားတာမျိုးဆိုရင် အပင်ပေါ်တက်ခူးစားရတာ အဲ့တော့ အပင်ပေါ်တက်ရတာ အမေက အဲ့ကျ အမေက မှာတတ်တယ် အမြင့်ကြီးမတက်နဲ့နော် ပြုတ်ကျမယ်တဲ့ ပြုတ်ကျရင် ဘာဖြစ်လဲဆိုတော့ ဒဏ်ရာရတာပေါ့ သားရယ်တဲ့ အမေက ကျနော် အမြင့်ကြီးမှန်းလို့ အကျနာမှာ သိပ်စိုးရိမ်ပုံရတယ် ။ ရွာမှာ ကျွဲ နွားကျောင်းရင်း ချောင်းဘေးက အပင်မြင့်မြင့်တွေကနေ အစ်ကိုတွေက ချောင်းထဲခုံချတာ သိပ်ကြည့်ကောင်းတာပဲ ပြီးတော့ ရေပေါ်မှာ ပေါလောမျောလို့ ကျနော်လည်း အဲ့လို မျိုး အမြင့်ကြီးကနေ သိပ်ခုန်ချချင်တာပဲ ဒါပေမယ့်ကြောက်တယ် ။ အစ်ကို က ကျနော် အဲ့လို အမြင့်ပေါ်ကနေ ချောင်းထဲ ခုန်ချချင်တဲ့စိတ်ကို သိပုံရတော့ အပင်ပေါ် တူတူတက်လို့ အစ်ကိုပါ လိုက်ပေးတာ တက်တုန်းကတော့ ပျော်ပြီး ခုန်ချဖို့လုပ်တော့ လူက ကြောက်သေးတွေပါ ပန်းတယ် ဟုတ်တယ် ကျနော်က အမြင့်ဆို ကြောက်တတ်ပါတယ် ။


တိုက်မြင့်မြင့်တွေပေါ်ကနေ အောက်ကို ငုံ့ကြည့်ရင် ခြေဖ၀ါးတွေ သိပ်ယားပါတယ် ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့ အတူတူ သင်တန်းတက်တုန်းက ၂ လလောက်တူတူနေဖူးတယ် ညနေခင်းကျ လသာဆောင်ကျဉ်းကျဉ်းကလေးမှာ သူငယ်ချင်းတွေ စုစကားပြောကြရင် ကျနော်က အပေါက်ဝနားပဲနေတယ် ကိုယ့်ကို ဘယ်သူမှလည်း တွန်းချမှာမဟုတ်မှန်းသိပေမယ့် ကြောက်တာကတော့ကြောက်တာပဲ ။ ကြိုးနဲ့ဆွဲပြီး ပစ္စည်းယူတင်တာမျိုးဆိုရင်လည်း ကျန်တဲ့သူတွေကိုသာ တာဝန်ပေးပါ ကျနော့်ကိုတော့ မပေးပါနဲ့ အထုတ်ကို သေချာမကြည့်ဆွဲပဲ အပေါက်ကနေ အသားကုန်သာဆွဲတင်နေလို့ ခဏခဏ ပြုတ်ကျတာပေါ့ ။မနေ့ညက အမိုးထပ်မှာ တစ်ယောက်တည်းထိုင်လို့ အတွေးတွေ နယ်ချဲ့ပစ်လိုက်တာ နွေမှာ လေအေးတွေတိုက်လို့ အေးမှပဲ သတိဝင်တော့တယ် ဘ၀က အထီးကျန်ပြန်တော့လည်း သိပ်မကောင်းပြန်ဘူး ။


အမြင့် ကိုကြောက်တော့ ခပ်မြင့်မြင့်ကို ဘယ်ရောက်မတုန်း တစ်ချို့ကတော့ လောဘ နည်းတယ်ပြောတယ် ဆိုလိုတာက ဘ၀မှာ ရုန်းကန် လှုပ်ရှားရတာကို ကြောက်ရွံ့တယ်လို့ ဆိုလိုကြတာမျိုး ။ နယ်မြေသစ် အတွေ့ကြုံသစ်တွေနဲ့ ကျနော်တို့တွေ အမြင့်ရောက်ဖို့ကြိုးစားကြရတယ် ကျောင်းတုန်းက သူငယ်ချင်းတွေ ထိုက်သင့်သလောက် နိုင်ငံခြားမှာ အဆင်ပြေနေကြပေမယ့် ကျနော်ကတော့ နယ်စပ်မြို့လေးတစ်မြို့မှာ လခစားတစ်ယောက်အဆင့်ကနေ မတက်ခဲ့ဘူး ကျနော်က အမြင့်ကြောက်တာကိုး အမြင့်ကြီးလည်း မမှန်းဖြစ်သလို အမြင့်ကြီးလည်း ဘယ်တော့မှမရောက်လာခဲ့ဘူး ။

လူလတ်ပိုင်းရောက်လာလို့ ထိုက်သင့်တဲ့ အခက်အခဲတွေကိုရင်ဆိုင် ဘ၀တက်လမ်းအတွက် ကြိုးစားသင့်မှန်းသိပေမယ့် ကျနော်ကတော့ နေရာလေးတစ်ခုမှာ ငြိမ်ငြိမ်ကလေးနေနေရတာကို ပိုခုံမင်တတ်လာတယ် ဒါက ကျနော့်ရဲ့ ညံ့ဖျင်းခြင်းလို့လည်း ဆိုနိုင်တယ် ။ တစ်ယောက်သောသူကတော့ တစ်သက်စာ နာကျဉ်းပုံမျိုးနဲ့ ' အမြင့်ကို ဆွဲတင်တာ တက်မလာရဲတဲ့ပုံမျိုးနဲ့တော့ ဘယ်တော့မှ မကြီးပွားဘူး တဲ့ သူ့ကျိန်စာတွေများ ကျနော် ငြိလေသလားမသိ ကျနော် ခုထိ မကြီးပွားဘူးရယ် ပြတ်လပ်လိုက် ချေးငှားလိုက် ဒီလိုလေးပဲ ဘ၀ကို ဖြတ်သန်းလာလိုက်တာ အချိန်တွေတောင် တော်တော် နှောင်းခဲ့ပြီး တစ်ချို့ကမေးတယ် ဒီမှာလုပ်နေတာလည်း ကြာပြီဆိုတော့ တော်တော် စုမိပြီလားတဲ့ ကျနော် ပြုံးရုံပဲ ပြုံးဖြစ်တယ်း) ။


အမြင့်ကြီးတွေ မတွေးဖြစ်လို့ အမြင့်စားစကားတွေလည်း ကျနော် မဆိုတတ်ဘူးရယ် ။ အမြင့်ကြီးတွေတွေးပြီးမကြိုးစားခဲ့လို့လည်း ကျနော် အောင်မြင်တဲ့သူတစ်ယောက်လည်းမဖြစ်ခဲ့ပြန်ဘူး ။ ဒါပေမယ့် ကျနော် ဒီဘ၀လေးကို ကျေနပ်ပါတယ်ဆိုတော့ မိတ်ဆွေတစ်ချို့ကထောပနာပြုတယ် ဘုန်းကြီး တဲ့ ။အမြင့်ကြီးရောက်ဖို့ သက်လုံးကောင်းဖို့လိုတယ် ။ အမြင့်ကြီးရောက်ဖို့ အတွန်းအတိုက်တွေ ခံနိုင်ရမယ် သေချာတာတော့ ကျနော် အမြင့် ကိုမရောက်သေးတာပဲ ဒီစာရေးရင် ဘယ်လိုများ နိဂုံးချုပ်ရမလဲ တွေးမိတော့ ကျနော်ရေးတဲ့ အမြင့် ဆိုတာကို ကျနော် ကိုယ်တိုင် ဘယ်လိုပေတံမျိုးနဲ့ တိုင်းနေတာလည်းဆိုတာ ကျနော်ကိုယ်တိုင်လည်းမသိဘူး အဲ့တာကြောင့်ပြောတာပေါ့ အတွေးတွေက သိပ်တိမ်တာ ဘယ်တော့မှ အမြင့်မရောက်ဖူး ။ တကယ်ပြောတာပါ ကျနော် အမြင့်ကြောက်တယ်ဗျ ။




မောင်မျိုး .... ရေးသည် ။

7 comments:

မျှစ် said...

ကျနော်လဲ အမြင့်ကြောက်တယ် အကို..

အဲဒါကြောင့် အခုထိ အနိမ့်မှာပဲရှိနေတာလားသိဝူး...

Nyi Linn Thit said...

ခပ်နိမ့်နိမ့်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေတာလည်း ကောင်းတာပါပဲ ညီရာ..၊ ကျစရာ မရှိဘူး၊ ရှိခဲ့ရင်တောင် မနာဘူး၊ လေတိုက်ခံရတာ နည်းတယ်၊ တကယ်တော့ ဘယ်လို ဘဝမျိုးပဲ ဖြစ်ဖြစ်ပါ၊ ကိုယ်ပြဌာန်းထားတဲ့ ကိုယ့်အခြေအနေကို ကိုယ်ကျေနပ်နှစ်သက်နေရင် ပြီးတာပဲ မဟုတ်လား...၊

(ဒီ ရင်တွင်းဖြစ် ပို့စ်လေးနဲ့အတူ ကျနော်သိတဲ့ ညီငယ် မောင်မျိုးကို ပြန်တွေ့လိုက်တယ်...) =))

ဟန်ကြည် said...

ပြောဖူးတဲ့စကားပဲ ထပ်ပြောရမှာပဲ မောင်မျိုးရေ...

ဘ၀မှာ အောင်မြင်တယ်ဆိုတာ လိုချင်တာကိုရတာတဲ့...ပျော်ရွှင်တယ်ဆိုတာ ကိုယ်ရတာကို ကျေနပ်တာတဲ့...

အနှီတော့ နိမ့်တာမြင့်တာတွေ ဘေးဖယ်ထားစမ်းပါဦး...အောင်မြင်မှုနဲ့ ပျော်ရွှင်ခြင်းက ပိုအရေးကြီးသပ...

တစ်ခုတော့ရှိတယ်...ကိုယ်ဘာလိုချင်သလဲဆိုတာကို တိတိကျကျ သိဖို့...ဟုတ်လား

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အရှိအရှိတိုင်းနေတာကောင်းတယ်
အမြင့်ကြောက်တတ်လို့ ချားရဟတ်တောင်စီးရဲဖူးလေ
း)
ဒီပို့စ်လေးဖတ်ပြီး သတိထားဆင်ခြင်ရအုံးမယ်
အမြင့်ရောက်နေလို့တော့ဟုတ်ပါဝူး
ကိုယ့်ကိုယ်ကို သတိပေးဆုံးမမလို့း)

နေ၀သန် said...

အမြင့်ရယ်လို့တွေးစရာမလိုပါဘူး... ဘ၀မှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်နိုင်ငံအတွက် တစ်ခုခုအကျိုးကျေးဇူးပြုနိုင်တဲ့ဘ၀ရောက်ရင် ဒါဟာ ကျေနပ်စရာကောင်းတဲ့ဘ၀ပါ.. အဲဒါဟာ တွေးထားစရာမလိုတဲ့ မြင့်မားနေတဲ့ဘ၀တစ်ခုပါပဲ..း))

ခင်မင်လျက်
နေ၀သန်

Phyo Evergreen said...

ဘ၀မှာရောင့်ရဲကျေနပ်တတ်ရင်တော့ ပျော်ဖို့ကောင်းပါတယ်ကိုမျိုး...။ တဖြည်းဖြည်းနဲ့ဖြစ်ချင်တာလေးတွေ ဖြစ်လာအောင် နည်းနည်းစီကြိုးစားကြည့်ပေါ့... တနေ့ကျ အမြင့်ကိုကြောက်ချင်မှကြောက်တော့မှာ...။

san htun said...

နိမ့်တာ၊ မြင့်တာတွေထက် ဘဝကို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ကျေကျေနပ်နပ် ဖြတ်သန်းနိုင်တာ အကောင်းဆုံးပါပဲ..

LinkWithin

Related Posts Plugin for WordPress, Blogger...