Wednesday, February 19, 2014

နှုတ်ဆက်လမ်းခွဲချိန်များ

ဒီနေ့  စန်းထွန်း ရဲ့  အမှတ်တရ  ဆိုတဲ့  စာလေးဖတ်ပြီး   ခံစားချက်တွေ အတွေးနယ်ချဲ့ဖြစ်သွားတယ် ။  ဟုတ်ပါရဲ့  ဘ၀မှာ တွေ့ကြုံဆုံကွဲတွေ ဘယ်လောက်များ  များခဲ့ပြီလဲ လို့ ။  ကိုယ်က  ခံစားချက်ကို  ရှေ့တန်းတင်တဲ့လူစား တစ်ခါတလေများ သေးသေးလေးကို  အကြီးကြီးလုပ်တတ်မိလွန်းလို့ကို  အရွယ်နဲ့ ပြန်ထိန်းရတယ် ။   အငယ်က  ရွာကို အမျိုးတွေ လာလည်ပြီးရင်    သူတို့ပြန်တဲ့အခါကျ     ငိုတာက မပြီးနိုင် မစီးနိုင်   ပြီးရင်  အမေ့ကို    သားလည်ပင်းက အောင့်တယ်လို့  ပြောတတ်တယ်း)  ။

အရွယ်ကလေးရလာတော့   အထက်တန်းကျောင်းသားဘ၀မှာ  အရမ်းခင်ခဲ့တဲ့သူငယ်ချင်း ဘုန်းကြီးဝတ်သူနဲ့  ကျောင်းပြောင်းသူနဲ့   ခုနေလမ်းမှာတွေ့ရင်များ အနေတွေစိမ်းလို့   စကားတွေတောင်အများကြီးမပြောဖြစ်ကြတော့ဘူး  ။   မော်လမြိုင်မှာ ကျောင်းတက်တုန်းက  အမှတ်တရပေါင်းများစွာနဲ့သူငယ်ချင်းတွေအများကြီးဆုံခဲ့ရတယ် ဖေ့ဘွတ်ဆိုတာကြီးရဲ့ ကောင်းမှုကြောင့် အဆက်သွယ်တွေအကြာကြီးပြတ်နေကြသူတွေ ပြန်တွေ့မိတယ်   လုပ်ငန်းခွင်ကိုယ်စီ  နေရာကိုယ်စီ   အဖော်ကလေးတွေ  မိသားစုကလေးတွေနဲ့  ရှိကြသူတွေလည်း တွေ့ရတယ် ။ မျက်မှန်  နဲ့  ဖုန်းပြောဖြစ်တုန်း တစ်ခါလောက်မင်းနဲ့ရန်ဖြစ်ချင်သေးတယ်လို့ ပြောတော့  သူက  ရယ်နေလေရဲ့  ပြီးတော့ အေးပါ    ဒီတစ်ခါမင်းပြန်လာ မော်လမြိုင်  လာခဲ့ပါအုံးတဲ့     လူတိုင်းက  ကိုယ်ကလွဲလို့  အားလုံးဟာ  အဆင်ပြေနေကြလေရဲ့လို့ ထင်တတ်ကြတယ်ဆိုတာ  သူနဲ့ စကားပြောမှ ပြန်သတိထားမိလိုက်တယ်။


လုပ်ငန်းခွင်ဝင်တော့ မဲဆောက်မှာ ကိုယ်နဲ့ တူတူနေ  တူတူစားကြ   သူဌေးဆူရင်  စူပုတ်ကြ  ရန်ဖြစ်ကြ ပြန်တည့်ကြ တဲ့   လုပ်ဖော်ကိုင်ဖက်ကလေးတွေလည်း   ပြည်တွင်းပြန်သူပြန် တစ်ခြားနေရာပြောင်းသူပြောင်းနဲ့  အဆက်သွယ်တောင်မရတဲ့သူမရ ။ အမေတို့ကို ခေါ်နေဖြစ်တုန်းက   တိုက်ခန်းကလေးမှာ နေကြတုန်း ဘေးခန်းက သိပ်ခင်စရာကောင်းတဲ့ အန်တီကြီးက တစ်ခါတလေ ကိုယ်ဖုန်းဆက်ရင်များ သူ့မှာ ပျော်လို့ ပြီးတော့ မကြာမကြာဖုန်းဆက်ပါကွယ်တဲ့ မှာတတ်သေးတယ်  ။ အခုနေရာလေးမှာ  တစ်နှစ်နီးပါးလောက်ရှိလာတော့  ကိုယ်က မသိရင်ပဲ လူဟောင်းလိုလို  ၀င်လာလိုက် ထွက်သွားလိုက်နဲ့  များလိုက်တာ    ၀င်ခါစက  ကိုယ့်ကို အစစ ကူညီကြတဲ့ အစ်ကို၂ယောက် တစ်နေ့တည်း  အလုပ်ထွက်ကြတဲ့ နှုတ်ဆက်ပွဲမှာ  ကျေးဇူးတင်ကြောင်းနဲ့ အဆက်သွယ်လုပ်ဖို့ စိတ်မကောင်းသံနဲ့ပြောမိတော့  ကြာရင်  တစ်ယောက်တစ်လမ်းဆီနဲ့မို့ မေ့သွားကြမှာပါလေ   စိတ်မကောင်းမဖြစ်ပါနဲ့တဲ့  သူပြောတဲ့စကားက ခုတော့  ဟုတ်နေလေရဲ့  စာအဆက်သွယ်မလုပ်ဖြစ်သလို ဖုန်းတွေလည်းမဆက်ဖြစ်ကြတော့ဘူး။

နှုတ်ဆက်ချိန်တိုင်းမှာ   ၀မ်းနည်းစိတ်ကလေးတွေ ၀င်မိပေမယ့်  ကိုယ့်စိတ်ရဲ့အကျင့်အတိုင်း အလွဲကလေးတွေလည်းဖြစ်လိုက်သေးရဲ့   ခင်မင်ရတဲ့ အစ်ကိုတစ်ယောက်  အကြာကြီးနေမှ  တစ်ခါလောက်တွေ့ရတဲ့အစ်ကို  သူလာတုန်း ခရီးလေးတစ်ခုတူတူ သွားဖြစ်ပါရဲ့  ကိုယ့်ရဲ့  လူမသိသူမသိ ဖြစ်ရပ်တွေလည်း ပေါ်သေး  အိပ်ယာထ နောက်ကျတာမျိုး အပျင်းထူတာ  လှုပ်စိလှုပ်စိ ဖြစ်တတ်တာ   ရှက်သလိုလို  ကြောက်သလိုလိုဖြစ်တာတွေပေါ့    အဆူခံထိမှာစိုးလို့  ဂရုစိုက်ရင်းကို  လေဆိပ်မှာ  လိုက်ပို့တုန်း  လွဲဖြစ်အောင်လွဲလိုက်သေး  လေဆိပ်ထဲက ကော်ဖီဆိုင်ကအထွက်   ကော့ကော့  ကော့ကော့နဲ့  ဆပ်ပြာသည် ကျနော်  ထွက်လာခဲ့လိုက်တာ   နောက်လည်းလှည့်ကြည့်မရှိတော့ဘူးရယ် လူတွေအများကြီး ရှာလို့လည်းမတွေ့း(   သူ့အနွေးထည်ကြီးလက်ထဲကိုင်ပြီး မျက်နှာကြီးပုတ်သိုးလို့  ထိုင်ခုံမှာ စိတ်ပျက်လက်ပြတ်ထိုင်လို့    အစ်ကို့ကိုတောင်သေချာမနှုတ်ဆက်ရသေး  ငါကလည်း  လွဲရတယ်လို့ကွာဆိုပြီး  စိတ်တွေလည်းတိုလို့  အိမ်အပြန်လမ်း ကိုလေးလံစွာနဲ့ ပြန်ခဲ့ရတယ်။

ဘ၀မှာ ကြုံဆုံခဲ့ရသူတွေအများကြီး ရှိခဲ့ပါရဲ့ တစ်ချို့က  ၀င်လာကတည်းက မျက်နှာကြောမကြိုက်ဘူးလို့ သတ်မှတ်ပစ်လိုက်တဲ့သူတွေ   ပေါင်းကြည့်မှ ဒီလိုပါလားလို့ သိလိုက်ရသူတွေ  စိတ်တူ ကိုယ်တူဆိုတာ  ရှားပါးလို့  အတုတွေအစစ်တွေတောင် ကွဲကွဲပြားပြားမသိလိုက်ရဘူး ။

နှုတ်ဆက်ချိန်တိုင်းမှာ  ကြုံတွေ ခံစားခဲ့ရတဲ့ ပျော်ရွှင်မှုတွေကိုပဲ ပြန်တွေးလို့   ပြုံးပြနှုတ်ဆက်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ  ကိုယ်လည်း  အဲ့လိုဖြစ်ဖို့  ကြိုးစားဆဲ ...။






LinkWithin

Related Posts Plugin for WordPress, Blogger...