Thursday, December 30, 2010

ကလောင်နာမည်

ကျနော် မောင်မျိုး ကြီးကြီးကျယ်ကျယ်တွေမရေးတာကြာလို့ ရေးလိုက်အုံးမှပဲ ကလောင်နာမည်ဆိုပါလား ဘာပဲဖြစ်ဖြစ် ကလောင်မကိုင်လည်း ကီးဘုတ်ကိုင်ပြီ တို့များလည်းစာရေးတာဆိုတော့ စာရေးဆရာတွေပဲပေါ့လေး) ။ ဘလော့ရေးတော့ မောင်မျိုး တကယ်တော့ ချောင်ထိုးပါ ။ ဘလော့ရေးတဲ့သူတိုင်း ကိုယ်ဘလော့ရဲ့ ကလောင်နာမည်လေးတွေကို စွဲလမ်းကြလိမ့်မယ်လို့ကျနော်တော့ထင်ပါတယ် ဘလော့တွေဖတ်ခါစက ဆီပုံးတွေမှာ ကော့မန့်တွေကို ကိုမျိုး နဲ့ ပေးလိုက် မောင်မျိုးနဲ့ပေးလိုက်လုပ်တတ်ပါတယ် ဘလော့ရေးတော့ မောင်မျိုးဆိုတာလေး ကိုသုံးရင်းနဲ့ ဘလော့တွေတစ်ခုပြီးတစ်ခုပြောင်း တစ်ခုပျက်လိုက် နောက်တစ်ခုထပ်လုပ်လိုက်နဲံ့ ခဏခဏပြောင်းတတ်ပေမယ့် စာရေးတိုင်းတော့ ကျနော့်ရဲ့ ကလောင်က မောင်မျိုးပါ။

ဒီလိုပဲ ဘလော့က ခင်တဲ့သူတွေကိုလည်း ဘလော့က နာမည်လေးခေါ်ရတာကိုပဲ အရသာတွေ့နေသလို အပြင်မှာပါ ခင်ဖူးသွားပေမယ့် နာမည်ရင်းတွေသိပေမယ့် ကျနော်ကတော့ ဘလော့ကခင်တဲ့ နာမည်အတိုင်းခေါ်တာပါပဲ ( ဥပမာ - မိုင်ရာ ) ကို ခုချိန်ထိ မိုင်ရာပဲ ခေါ်တယ် ။ ခင်တာကြာနေပြီဖြစ်တဲ့ ကိုတင့် ၊ မောင်ခင်လေး တို့နဲ့ဆို ဖုန်းပြောဖူးပေမယ့်လည်း ခုချိန်ထိ သူတို့နာမည်ကျနော်မသိပါ ကျနော်ခင်တာ ဘလော့က နာမည်တွေပဲ ။ လေကြောရှည်မိတာနဲ့ လိုရင်းကိုမရောက်တော့ပါ ပြောချင်တာ မေပယ့်လ် အကြောင်း သူ့ကို ကျနော်လည်း စစတုန်းက မိန်းခလေးလားမှတ်လို့ ရင်း၂နှီး၂ စကားမပြောဖူးပါ။ နောက်မှ ယောက်ျားလေးမှန်းသိလို့ စကားတွေအများကြီးပြောဖြစ်တယ် တော်တော်ကိုခင်ဖို့ကောင်းတဲ့ ညီလေးတစ်ယောက်ပါ ။ စာတွေဖတ်ကြည့်ရင် သိမှာပါ သူဟာယောက်ျားလေးဆိုတာကို ။

ကလောင်နာမည်ပေးတာဟာ ဘလော့ရေးသူ ကာယကံရှင်နဲ့ပဲဆိုင်တာမို့ သူ့ပါသာ မိန်းမပဲဆန်ဆန် ယောက်ျားပဲဆန်ဆန် အခြောက်ပဲဆန်ဆန် သူရေးတဲ့စာကို ကိုယ်ခံစားဖို့ပဲလိုတာပါ။ သူ့နာမည်က တော့ ဒီလိုကြီးဆိုပြီး ကော့မန့်မှာ လျှာလာရှည်သွားတဲ့ ကော့မန့်ရတော့ ဒီင်္ကောင်လေးကလည်း အရည်ပြားပါးတာနဲ့ မေပယ်လ် သေပြီးဆိုပြီး ပို့စ်တစ်ပုဒ်ကတက်လာပါလေကော ။ အော် မသိရင် မှတ်ထား ညီလေးရေ ဘလော့ဂါဆိုတာ အရည်ထူရတယ် မျက်စိစပ် လက်ညောင်း ရတဲ့အချိန်လေး ခိုးဖတ် ခိုးမန့် ခိုးရေး ဒါတောင် သူများပြောတာတွေကိုလိုက်ခံစားနေမယ်ဆိုရင်တော့ မလွယ်ရေးချ မလွယ်ပါ ကိုယ်အထီးလား အမလားဆိုတာ ကိုယ်တိုင်အသိဆုံးထင်ပါ့း) ။


maple ဆိုတဲ့ သစ်ရွက်ကို ကနေဒါနိုင်ငံရဲ့ အမှတ်တံဆိပ် အဖြစ် သုံးကြပါတယ်။
အင်္ဂလိပ် စကားပြော နိုင်ငံတွေ မှာ မေပါယ်ဆိုတဲ့ နာမည်ကို မိန်းမတွေကိုဘဲ မှည့်ခေါ်ပါတယ်။ မစ်္စတာ မေပါယ်လ် ဆိုရင် အခြောက်လို့  သိထားကြပါတယ်။ ဥပမာ ဂရေ့ ဆိုတာ မိန်းမနာမည် ဂျော့ ဆိုတာ ယောက်ျား အမည် ပါ။ မဂျော့ လို့ မခေါ်ကြပါဘူး။

ုဒါကြောင့် မောင်မေပါယ်လို့ အခေါ်ခံချင်ရင်တော့ စာဖတ်သူ တွေ တချို့ က တမျိုးယူဆသွားတာ မဆန်းပါဘူး။

မြန်မာလူမျိုးတွေက တော့ နာမည်ကို ကြိုက်သလို ခေါ်နေကြလို့ ခိုင်လို့ ခေါ်ရင် ကိုခိုင်ထွက်လာသလို အထွန်းလို့  ခေါ်ရင် မထွန်းထွန်းအောင် ထွက်လာ ပါလိမ့်မယ်။

မေပါယ်သစ်ပင်က အအေးပိုင်း ဒေသမှာ ပေါက်တယ် ဆောင်းရောက်ရင် အရောင် ပြောင်းကြတယ် လှလည်း လှတယ် အရောင်ပြောင်းပြီးတာနဲ့  သစ်ရွက်တွေ ကြွေပြီး အပင်မှာ အကိုင်းတွေဘဲ ကျန်ပါတယ်။ ဒါပေမဲ့ ဒီသစ်ရွက်ကို မိန်းခလေးတွေ ကိုဘဲ မှည့်ခေါ်ပါတတ်ပါတယ်။



အော် သူ့မလည်း တော်တော်ကြီး ဝေဖန်ဖို့အတွက်လေ့လာထား၇တယ်ထင်ပါ့း) ။ ဒါဆို ကိုမောင်လေး ကို မောင်လေးရေလို့ ခပ်တည်တည် ခေါ်လိုက်ရရင်များ ကိုယ်လည်း အလကားနေရင် မမကြီးဖြစ်သွားတော့မလိုလို အော် ဒို့များဘ၀ အခေါ်ဝေါ်လေးမှားလိုက်မိတာနဲ့ ဘ၀ပြောင်းရတော့မယ့်အဖြစ် ။အဓိက ကစာရေးသူရဲ့ စာကိုရင်ဘတ်နဲ့ခံစားပြီး ရင်ဘတ်နဲ့ခံစားနားလည်ပေးဖို့ပဲလိုတာပါလေ ဒီကော့မန့်ပေးသူကို သိရသလောက်တော့ ကလောင်နာမည် ၂ မျိုးလောက်ပြောင်းဖူးတာ သိတယ် 2008 လောက်တုန်းက ရုရှက ဘလော့ဂါတွေနဲ့တော်တော်ကို နှောင်ဂျိမ်ပလေးကြတဲ့ ရဲရဲတောက် ဘလော့ဂါကြီးတစ်ယောက်ပေါ့ အဲ့တုန်းက သူ့နာမည် (J) ဂျေ ပါ အထီးလား အမလား ကိုယ်မသိပါ အခုတော့ ဆောင်း ဆိုလား ဗျောင်းဆိုလား။ ပြီးတော့ ဘလော့ဂါတစ်ယောက်ရဲ့အကြောင်း ကိုယ့်ဆီကို မေးလ်ပို့ဖူးတယ် အဲ့တုန်းက ဘာကြီးတူုန်းဟဆိုပြီး ကိုယ့်မလည်း လည်တည်တည်ဖြစ်သွားတယ်း) ။


တော်ပါပြီလေ ၂၀၁၀ ကို ဒီလိုပို့စ်မျိုးနဲ့ နှုတ်ဆက်ရတာစိတ်ပျက်စရာ ကိုယ့်အကြောင်းတွေ အတွင်းကျကျ စုံစမ်း ကိုယ့်မကောင်းကြောင်းတွေ လိုက်ဖျန့်မှဖြင့် မရှိမဲ့ရှိမယ့် သိက္ခာလေး ၅ပြားဖိုး အမ်းစရာတောင်မရှိဖြစ်သွားအုံးမယ် ။ မေပယ်လ် ...ညီရေ ဘာတွေပဲဖြစ်ဖြစ်စာတွေဆက်ရေးပါ ဘလော့ပေါ်မှာ ခင်မင်သံယောဇဉ်ရှိတဲ့သူတိုင်းကို ဒီလို ပြသနာမျိုးကြောင့် ဘလော့ရေးနားလိုက်တာမျိုး မလိုလားပါဘူး ။အဓိက ကမင်းကြိုက်လွန်းပါတယ်ဆိုပြီးပေးထားတဲ့ မေပယ်ဆိုတဲ့ မင်းနာမည် အပေါ်ကလို ကော့မန့်ကြောင့် ပြောင်းမယ်ဆိုရင် အစ်ကိုတော့ ခံစားလို့မရပါ ပြောဖူးသလိုပေါ့ မင်းပြောင်းမယ့်နာမည်ကြီင်္း သိပ်မခင်သလိုပဲ ငါခင်တာ မေပယ် နဲ့ပဲ ခင်ခဲ့တာလို့ဆိုသလိုပေါ့ ပြီးတော့ ဘလော့နားလိုက်တာမျိုး ဘလော့ပိတ်လိုက်တာမျိုးတွေဆိုရင်တော့ ပိုလို့စိတ်မကောင်းဖြစ်မိမယ်ထင်တယ် တကယ်တော့ ဒါတွေဟာ အလကားတွေလို့တွေးလိုက်ပါ ညီရာ ဟုတ်တယ်ဟုတ် ။ ကြား၃ကြားရှောင်မယ်လို့ စဉ်းစားထားပြီးမှ ခုတော့ ဘလော့ဂါတွေကြား ၀င်မိပြန်ပေါ့ နောက်နှစ်ဆို မမိုက်တော့ဘူး လိမ်မာတော့မယ် အဟုတ် ။

အားလုံးပဲ ကျနော်မောင်မျိုး ဘလော့ရေးတာနားလိုက်ပါပြီး ၂၀၁၁ မှ ပြန်ရေးဖြစ်တော့မှာပါ အားလုံးကိုလွမ်းနေမယ် အဟင့် ရွှတ် ဗက် ဗလပ် ခလေးတို့ ကောင်းကောင်းနေခဲ့ကြ ဘကြီင်္းစိတ်မချဗူးးးးးးးးးးးးးးးး ။

(ပိတ်ရက်မှာ သွေးချင်းတွေရှိတဲ့ ဟိုဘက်ကမ်းက မြို့ကလေးကို အလည်သွားတော့မယ် အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ကြပါစေဗျာ)





Tuesday, December 28, 2010

အချစ်ဆုံး နဲ့ ပြိုင်ဘက်

အချစ်ဆုံး ကိုယ့်မှာ ချစ်စရာဆိုလို့ တူ ၊ တူမတွေပဲရှိပါတယ် နည်းနည်းကြီးသွားလို့ပြောစကားနားမထောင်တော့ရင်တော့ သိပ်ကြည့်မရတော့ သူတို့တွေကသာ ကြီးကြီးလာတယ် ဦးလေးက ဒီလောက်က ဒီလောက်ပဲ အရွယ်တင်လို့မဟုတ်ပါ အကောင်ကသေးလို့ ။ တူ တွေထက် စာရင် တူမတွေက ပိုသိတတ်ပြီး လိမ်မာတယ် ဒါကြောင့် ကျနော့် အချစ်ဆုံးက တူမလေးပေါ့ ။ တူမတွေက ဦးလေးသွားလို့ သူတို့အတွက် မုန့်ပါချင်ပါ မပါချင်နေ ရေတိုက်တဲ့သူနဲ့ ပေါင်ပေါ်ပြေးတတ် အာဘွားပေးတဲ့သူနဲ့ သိပ်ချစ်ဖို့ကောင်းပါတယ် အဲ့ထဲကမှ ကျနော့်အချစ်ဆုံးကတော့ အောက်ကပုံထဲက တူမလေးပါ ဒီကအစ်မ ရဲ့ အငယ်ဆုံးသမီးလေးပါကျနော်တော့ သိပ်ချစ်တယ် အမေကတော့ ကျနော့်ကို အမြင်ကတ်လှပေါ့ အမေက မြေးယောက်ျားလေးတွေကိုချစ် ကျနော်ကတော့ တူမတွေကိုမှ ချစ်လို့ပါ ။ သူတို့အိမ်ရောက်သွားရင် လှုပ်စိလှုပ်စိနဲ့ ပိုးကောင်လေးကို ကစားနေတာကအမြဲ ဖုန်ပေါတဲ့ ရွာမှာ သူက ဖုတ်လူးကောင်လေး။

ဘေးလူတွေကြားရင်တော့ ကျနော်ကို ငပေါကြီးလို့ထင်မှာပဲ ဘာလို့လည်းဆိုတော့ တူမလေးနဲ့တွေ့ရင် ကျနော်က သူပြောသလို စကားမပီအောင်လိုက်ပြောနေတာမို့ပါ ။ “ အသည်းနှလုံးရေ ၊ ပူတူတူလေးရေ ၊ ယိုစုံလေးရေ ” ချစ်လွန်းလို့ နာမည်တွေစုံအောင်ခေါ်ပစ်လိုက်တယ်း) အမေကတော့ “အမေလေးဟဲ့ အဖြစ်က သည်းကိုသည်းတယ် ” တဲ့ ။ ခလေးဗိုက်ကို ဗူပေါင်းမှုတ်သလို တဗွက်ဗွက်နဲ့ လုပ်ရတာလည်းပျော်တယ် ။ ခလေးက နို့ဆာလို့ ဂျီကျတဲ့အခါကျရင်လည်း တမင်ပိုငိုအောင်လို့သူ့ပါစပ်ရှေ့မှာလက်င်္ကြီးနဲ့ လိုက်လိုက်ကာတယ် ။ နေ့ခင်းပိုင်းတွေကျ မအိပ်ပဲ ကြွက်ကလေးတစ်ကောင်လို အိပ်နေတဲ့သူတွေရဲ့ မျက်လုံးတွေ နှာခေါင်းတွေ လိုက်နှိုက်တတ်ပါတယ် ။ အစ်မရဲ့ ဈေးဆိုင်လေးမှာ ခဏခဏ ဆီဗူးတွေမှောက်ချ ဆေးလိပ်တွေ ချိုး နဲ့ အမြတ်မရတဲ့ အပြင်အရင်းထဲက ပါပါသွားတယ် ။



ပြန်ကာနီးကျ “အသည်းရေ ဦးသား ကို အာဘွားပေး” ဆိုရင် ဖုတ်တွေလူးနေတဲ့ မျက်နှာကြီးနဲ့ ပါးစပ်ကြီးကို အကျယ်ကြီးဟပြီး အာဘွားပေးလိုက်တာ ကျနော့်မျက်ကြီးတစ်ခုလုံးပေကလူးလို့ ။ကျနော်သာ သူတို့အိမ်ကထွက်လာလို့လှမ်းလာတာတော်တော်ရောက်တယ် သူ့မှာ တာ့တာ့ပြလို့မပြီးသေး ။တူမလေးကိုသတိရတယ် ။




ဒီကောင်က ကျနော့်ရဲ့ ပြိုင်ဘက် အဝေးမှာအလုပ်လုပ်နေတဲ့ ကိုငယ်တို့လင်မယာက ခလေးကို အမေနဲ့အပ်ထားတယ် ။အသက်င်္ကြီးမှ အမေ့ကို အပူကပ်ရမလားဆိုပြီး ကိုငယ်တို့ကိုလည်းစိတ်ဆိုး အင်မတန်ဆိုးလွန်းတဲ့ အဲ့ခလေးကြောင့် ခလေးကိုသိပ်မချစ်သလိုလို သူကလည်း ကျနော့်ကိုသိပ်ကြည့်မရပါ ။ ကျနော်ရွာရောက်လို့ အမေနားကပ်ပြီဆို သူကမကြည်ကြည့်နဲ့ အမေက သူ့ကိုပြောမရရင် “ ငါ့သားလေးပဲ ငါချစ်တော့မယ်ကွယ် ” ဆိုပြီး ကျနော်ကိုဖက်လိုက်လို့ကတော့ ဆော့နေတဲ့ အဆော့ကိုပစ်ပြီး အမေ့နားလာပြေးကပ်တဲ့ကောင် ။ အမေ မရှိတဲ့ အချိန်ရှိတဲ့ မုန့်ကို တိတ်တိတ်လေး ဂျီမကျပဲ စားတတ်ပေမယ့် အမေရှိရင် ဟိုဟာစားမယ် ဒီဟာစားမယ်နဲ့ ဂျီကျတဲ့ကောင် မုန့်တွေကို ပလဲထုတ်ရင်တော့ သူ့လက်ဖ၀ါးကို ၄-၅ ချက်တော့ င်္တီးထည့်ပေးလိုက်တယ် ။

ညပိုင်းရောက် ကျနော်ကလည်း အမေ့နားအိပ်ချင်တယ် သူကလည်း အမေ့နားမှာပဲ မိုက်ကြည့်ကြည့်ပြီး ငိုတော့မယ့်ရုပ်နဲ့ သူက အမေ့ညာဘက်ခြမ်း ကျနော့်က ဘယ်ဘက်ခြမ်း အမေ့ကိုကျနော်က သိုင်းဖက်လိုက်ရင် ဒီကောင်က ကျနော့်လက်ကိုကိုက်တယ် သူက အမေ့ကိုယ်ပေါ်ခြေတောက်တင်ရင် ကျနော်ကမသိမသာလေး ဆွဲဆိတ်တယ်း) အမေကတော့ ဘယ်သိမတုန်း ညပိုင်းတစ်ခါမှမငိုဖူးတဲ့ ခလေး ဒီညမှ တယ်ငိုပါလားပေါ့ မနက်ကျမှ “ အမေ့မြေးကို အသည်းယားလို့  သားဆွဲဆိတ်လိုက်တာ ကောင်းတာ ” လို့ အားရပါးရ ပြောတော့ ကျနော့်ခေါင်းပေါ် အမေက ခွက် ခနဲ့ ဆော်ထည့်လိုက်တယ် “ နင်က ခလေးလား ငါ့မြေးကိုများ” တဲ့ အဲ့တာတွေကြောင့် အမေတို့ခက်တာ ။

ဓာတ်ပုံရိုက်ပေးမယ်ဆိုတဲ့ နေ့က တစ်ခြားသူတွေက ရေပြေးချိုး သနပ်ခါးပြေးလိမ်ကြနဲ့ ဒီကောင်ကတော့ မရိုက်ဘူးဆိုတဲ့ ဓာတ်ပုံတွေသာရိုက်လို့ပြီးသွားတဲ့ ဒီကောင့်ပုံတွေကတော့ ကင်မရာမင်းကျနော့်ကိုမကြည်ကြည့် ကြည့်တဲ့ ပုံတွေကြီးပဲ ။ေ န့လည်ပိုင်းကျ သူတို့အိမ်မှာ မဆော့ကြပဲ လွတ်လပ်ရေးရနေတဲ့ အဖိုး၊အဖွား လာဆော့ကြတဲ့ သူတွေကြီးပဲ တစ်ခါခါ အိပ်ငိုက်လို့ အိပ်မယ်လုပ်ရင် ရန်ဖြစ်တဲ့သူနဲ့ ငိုတဲ့သူနဲ့ တိုင်တဲ့သူနဲ့ နဂိုတည်းက စိတ်ခပ်ရှည်ရှည်ဆိုတော့ “ ခလေးဆိုတာ အိမ်ရဲ့ ဆည်းလည်း ” ဆိုပေမယ့် ဒါတွေကတော့ ပွဲခင်းထဲက ဗူပေါင်းတွေလို ဆူညံလွန်းလို့ တုတ်တစ်ချောင်းကိုင်ပြီး “ သွားသွား မဆော့ကြနဲ့တော့ ကိုယ့်အိမ်ကိုယ်ပြန်ဆော့ကြ သွား ငါတီးထည့်လိုက်ရ နာကုန်တော့မယ် ” ခပ်တည်တည်လေးနဲ့ ဟောက်ပေးလိုက်လို့ကတော့ မျက်နှာငယ်လေးတွေနဲ့ အိမ်ပြန်ကုန်ကေား) တော်ပါသေးရဲ့ ကျနော့်ကိုကြောက်မယ့်သူတွေလည်းရှိသား ။တစ်ခါခါ အဘက ပါးစပ်နဲ့ဆိုင်းတီး ခလေးတွေက က ။ ထိုင်နေတဲ့ ခလေးကို အပေါ်ကနေအုပ်မိုး လုံချည်ကြီးနဲ့ ဖုံး ခလေးကငို အဲ့လိုမျိုးဆော့ရတာလည်းပျော်စရာ ။

ဘ၀မှာ ငွေနဲ့ပေးဝယ်လို့မရတဲ့ အပန်းဖြေနည်းတွေရှိတယ်ဆိုရင် သူတို့လေးတွေနဲံ့ ဆော့ကစားပျော်ပါးရတဲ့ အပန်းဖြေနည်းကတော့ ကျနော့်အတွက် အပျော်ရွှင်ရဆုံး အချိန်တွေပါပဲ ။




Friday, December 24, 2010

စာအုပ်ကြီးနှင့်တူသော

မင်္ဂလာပါ အစ်ကို ။ အစ်ကိုနဲ့ ကျနော်လည်း မင်္ဂလာပါလို့ နှုတ်ဆက်ရလောက်အောင် အနေတွေတော်တော်ဝေးသွားကြပြီနော့် ။ အစ်ကိုနေကောင်းရဲ့လား ကျန်းမာရေး ဂရုစိုက်ပါ ။ အစ်ကိုနဲ့ ကျနော် စသိတာ ရေးဖူးတဲ့ “ ကျီးကန်းသို့မဟုတ် ဖားပြုတ်အလွမ်း” မှာ ပက်ပက်စက်စက်ကို လွမ်းထားပါလား ကိုမောင်မျိုး ရေလို့ လာရောက်မှတ်ချက်ပေးမှုကနေစတယ် ။ သူနဲ့စကားတွေ အများကြီးပြောဖြစ်တယ် အစ်ကိုက ကျနော့်အတွက်ရင်ဘတ်ကြီးငှားပေးခဲ့တယ် ကျနော်မပြောချင်တဲ့ ကျနော့်အကြောင်းတော်တော်များများကို အစ်ကို့ကိုပြောပြဖြစ်တယ် မငြီးမငြူနားထောင်ပေးတဲ့ အစ်ကိုဟာ ကျနော့်အတွက် တကယ့်လမ်းပြကြယ်ပေါ့ ။ သူက အမှောင်လမ်းကို လှမ်းနေတဲ့ ကျနော့်အတွက် အမုန်းခံလမ်းပြခဲ့တယ် ။

တစ်ခါခါ အစ်ကိုက စာအုပ်ကြီးဆန်တယ် လောကွတ်စကားတွေကို အစ်ကိုက မုန်းတယ် ။ စိတ်ထဲက မပါရင် “နေကောင်းလား” လို့တောင်မေးရမှာ အစ်ကိုက ပျင်းတယ် ။ အစ်ကိုက ကော်ဖီကြိုက်တယ် ပန်းသီးကြိုက်တယ် မျက်မှန်တပ်တယ် သားရည်ခြေညှပ်ဖိနပ်စီးတယ် သီချင်းဆိုကောင်းတယ် ။ လုံချည်ဝတ်ရင် မသိမသာ ဗိုက်ကလေးထွက်နေတဲ့ အစ်ကို့ကိုတွေ့တော့ ဒီလူကြီးကိုမြင်ရရင် ကမ်ရေပြင်ဘေးနာ ရပ်နေရသလိုပါပဲ တကယ့်ကို တည်ငြိမ်အေးဆေးလွန်းလို့ ။အစ်ကိုက စာအုပ်တွေကြိုက်တယ် အစ်ကိုနဲ့ စကားတွေအကြာကြီးပြောပြီး ကျနော်မဖတ်ဖူးသေးတဲ့ စာအုပ်တွေအကြောင်း နားထောင်ချင်မိသေးတယ် ။အဲ့အခါကျ မင်းကတော့ကွာ လို့ ခဏခဏ အစ်ကိုပြောနေမှာ ကျနော်မြင်ယောင်သေး ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုမကြိုက်တဲ့ အချက်တော်တော်များများ ကျနော့်မှာရှိလို့ပါ “ မင်းလူကြီးဆန်သင့်ပြီ ” လို့ အစ်ကိုပြောမှာကိုတော့ အသေချာကြီးကို သိနေတာပေါ့ဗျာ ။

အစ်ကိုနဲ့ဆုံတဲ့နေ့က ဟားး အကြီးကြီးပဲလို့ စိတ်ထဲက ဖြစ်သွားတယ် လူကောင်ပြောပါတယ် ။ ကျနော့်ကို သေသေချာချာကြည့်လို့ ဂရုဏာလေသံနဲ့  “ မင်းဘာတွေလုပ်နေသလဲ ” မေးတော့ ဘာမှမရှိပဲ မာနတတ်နေတဲ့ ကျနော်က အစ်ကို့ အမေးကို နှုတ်ဆိတ်မကြားချင်ယောင်ဆောင်မိတော့ နားရွတ်ဆွဲခံထိတယ် ။တစ်ခါခါ တကယ့်အဖိုးကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်သလောက် တစ်ခါခါတော့ အစ်ကိုက ခလေးတစ်ယောက်လို ခံစားချက်တွေထိရှလွယ်တယ် အမှန်အကန်တွေပေးသလောက် အတုယောင်တွေပဲ ပြန်ပြန်ရတတ်လို့ အစ်ကို့စိတ်နှလုံးတွေဟာလည်း အသားမာတွေတတ်နေပြီထင်ပါ့ ကျနော်အပါအ၀င်ပေါ့ ကျနော်ဟာလည်း သိသိကြီးနဲ့ ကြောက်ကြောက်ကြီးနဲ့ကို အစ်ကို့ကိုကြောက်ကန်ကန်တတ်တယ်။

အစ်ကိုနဲ့ပက်သက်တဲ့ ခံစားချက်တော်တော်များများရင်ထဲရှိပေမယ့် စာအဖြစ်ချရေးမယ်ဆိုတော့ ဘာမှကိုထွက်မလာတော့ပါဘူး ရင်ဘတ်ကြီးထဲပြည့်နေတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ ။ မဟုတ်သေးပါဘူးလေ ဆိုပြီး ဒီစာကိုဖြစ်ညှစ်ရေးနေလိုက်တာ အစ်ကို့ရဲ့ အမှတ်တရနေ့တစ်နေ့တောင် ကျော်သွားပြီး ။ သံယောဇဉ်ဆိုတာကိုကြောက်တဲ့ အစ်ကို့အတွက် အမျှင်တန်းနေအောင် ကျနော်လည်း လောကွတ်စကားတွေနဲ့ ဇာမချဲ့နေတော့ပါဘူးလေ ။ ကျနော်ရေးတဲ့စာကို အစ်ကိုတစ်ယောက် ပြုံးပြုံးကြီးပဲဖတ်နေမလား ငါ့ကိုလည်းခွင့်မတောင်းပဲတင်ရမလားဆိုပြီး မျက်ထောက်နီကြီးနဲ့များကြည့်နေမလား ဒါမှမဟုတ် ဒီကောင်ကတော့ လုပ်ချလိုက်ပြန်ပြီးကွာ လို့ ပါးစပ်ကရွတ်နေအုံးမလားဆိုတာ မြင်ယောင်မိတယ် ။

ခံစားချက် အစစ်အမှန်တွေကို သိုးသိပ်ထားပြီး တစ်ယောက်တည်း တိတ်တဆိတ်ခံစားတတ်တဲ့ အစ်ကို့အတွက် ကျနော့်လို အပူကောင်လေးနဲ့ ဝေးဝေးနေတော့ အေးချမ်းနေပြီထင်ပါ့ဗျား) ။။ အစ်ကို့မွေးနေ့အတွက် ကျနော့်ဆုတောင်းလေးက ဘယ်လောက်မှတော့ တန်ဖိုးရှိမှာမဟုတ်ပေမယ့် အစ်ကို အမြဲအေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းလျှက် ...............

အစ်ကို့ညီ မောင်မျိုး
-
ဘကြီးမျိုး (သို့) ဂျီကောင်





Tuesday, December 21, 2010

မက်ဆေ့ခ်ျ

တစ်ရက်ထဲမှ ၂၄ နာရီကိုနှုတ်ပါ
ဟင်းသီးဟင်းရွက် အသား၊ ငါး ရွေးသလို
ဘ၀ထဲမှ ရွေးပါ
ဒီလိုဆိုတော့လဲ
အဆမတန် မျက်လုံးတွေ ပြူးကုန်ကြမလား
ဟာ ခနဲ ဟာ ကုန်ကြမလား
ဒလဟော စီးဆင်းမှုကို ရပ်တန့်သွားနိုင်အောင်
ကြက်ခြေတွေပဲခတ်ကြမလား
လောကထဲ မှ လူတစ်ယောက်ကိုလဲ
သေခြင်းတရားကပဲ နုတ်ယူသွားဦးမှာပဲလေ။

မီးကြွင်းမီးကျန်ဆိုရင်နောက်ဆုံး ဆေးလိပ်မီးကအစ
အလျှဉ်းသင့်သလိုငြှိမ်းပါ
ပလက်စတစ်လောင်း
မှန်ဘောင်သွင်းထားရအောင်လဲ
ခမ်းခမ်းနားနား ကျွန်တော်တွင် ဘာမှမရှိပါ ။

အိုးမဲ့အိမ်မဲ့လေလွင့်နေတဲ့စိတ်ရိုင်းကို
စွန့်လွှတ်မှုတွေနဲ့ အစားထိုးကြည့်
ဖြည့်စွက်စရာများ အများကြီးကျန်ရှိနေပါသဖြင့်
ကိုယ်တိုင်သာ ဖြည့်စွက်ကြပါရန်
သေချာပြီဆိုတဲ့ နေ့မှကျွန်တော့်ဆီ ဖုန်းခေါ်ပါ (သို့)
မက်ဆေ့ခ်ျ ပို့ပါ
သင့်ရဲ့ လက်ဆတ်တဲ့ အပြုံးတစ်ပွင့်မှာ
တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ ပေကျံနေပါစေ ။

မျက်ရည်တွေ မရှိတော့တဲ့ နေ့အထိ
ကျွန်တော် အသက်ရှိနေချင်သည် ။ ။

ကိုတင့်

Sunday, December 19, 2010

ရိုးသားမှု မီးအိမ်

ခလေးဆန်တယ် ခလေးဆန်တယ်ဆိုတာ နားထောင်လို့သာ ကောင်းတယ် တကယ်တော့ မကောင်းပါဘူး ရှိသင့်တဲ့အရွယ်ထက် မရင့်ကျက်တဲ့ စိတ်နေစိတ်ထားကို ဖော်ပြချင်ရင် အဲ့ဒီဥပမာနဲ့ပေးတယ်ထင်ပါတယ် ။အရင်တုန်းကတော့ အဲ့လိုပြောခံရရင် သဘောကျပါတယ် ခုတော့ တော်တော့ကိုမကြိုက်တော့ဘုး အဲ့လိုပြောတဲ့သူကိုတောင် စိတ်ဆိုးချင်တယ် ။ ဟော့ကြည့် စိတ်ဆိုးတယ်ဆိုတာဟာလည်း ခလေးဆန်လို့ပေါ့ ။ အိမ်မှာ အငယ်ဆုံးဆိုတော့ ကိုယ့်အတွက် ပုံတာရတဲ့ ဟင်းကနည်းရင် အစ်မတွေကို စိတ်ဆိုးတာတို့ ထမင်းမစားပဲ အရွဲ့တိုက်တာတို့ လုပ်ခဲ့ဖူးတယ်။ ကျနော်ဘ၀မှာ အပြောင်းလဲတွေ တော်တော်များများကို ကြုံဖူးပါတယ် ကိုယ်အရွယ်ရောက်စ လှချင်ပချင်တဲ့ အရွယ်ရောက်မှ ခြံတွေအစိုးရအသိမ်းခံရတဲ့ထဲ ပါသွားတာတို့ ။ ကိုယ့်ဘ၀ တစ်ဆစ်ချိုးကို အပြောင်းလဲ ပေးခဲ့တဲ့ ပညာရေးပိုင်းး တို့တွေပေါ့ အဲ့တာကြောင့် အပြောင်းလဲဆိုရင် သိပ်မုန်းပါတယ်။

အမှန်တော့ လောဘနည်းတာမဟုတ်ပေမယ့် တစ်နေရာလေးမှာ အတည်တကျနဲ့ ငြိမ်၂သက်၂လေး ဘ၀ကိုဖြတ်သန်းချင်မိတာ ကျနော် အလိုချင်ဆုံး အတောင်းတဆုံး ဘ၀နေနည်းလေးပါပဲ ။ဒါကို တစ်ချို့သော ပက်သက်ဖူးတဲ့သူအချို့ကတော့ လောဘမရှိတဲ့ ကောင်လို့ သတ်မှတ်ကြပေမယ့် ကျနော်ကတော့ အေးဆေးပါပဲ ။တကယ်ပါ ပူပူလောင်လောင်နေရတာတွေကို တကယ်ကြောက်ပါတယ် ဘ၀ဆိုတာ ရုန်းကန်မှုတွေနဲ့ ပက်သက်ဆက်နွယ်နေပေမယ့် အသစ်အသစ်သော ရုန်းကန်လှုပ်ရှားမှုတွေကို မလိုလားပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘာရယ်မဟုတ်တဲ့ စကားလေးတစ်ခွန်းက ကိုယ့်စိတ်ထဲ တော်တော်ကို နေရာယူ စိုးမိုးသွားတယ် ။ “ ခလေးကြီးလို နေနေတယ်နော် ” တဲ့ ဒီစကားကို လွန်ခဲ့တဲ့ ၅ နှစ်နီးပါးလောက်က ကြားရမယ်ဆိုရင်တော့ အမှန်တကယ်ကို ပျော်မိမှာပါ ဘာလို့လဲဆိုတော့ ကျနော်က လူကြီးမဖြစ်ချင်ပါဘူး လူကြီးဖြစ်လာလေ ဘ၀ရဲ့ ဒဏ်တွေကို ခံရ သင်ခန်းစာ အသစ်တွေနဲ့ ပူလောင်မွန်းကြပ်လွန်းလို့ပါ ။

အဲ့သူငယ်ချင်းလေးက ပြောတယ် လူဆိုတာ စုံအောင်လုပ်ဖူးရတယ်တဲ့ ကျနော် သူ့ကို အပြုံးလေးနဲ့ တုံြု့ပန်လိုက်တယ်း) ။ ဆေးလိပ်ကို မပြတ်သောက်တတ်တဲ့ သူငယ်ချင်းလေး လွတ်လပ်တဲ့ ဒီနိုင်ငံမှာ သူဟာ လွတ်၂လပ်၂ပေါ့ ။ “ အစ်ကို့ကို ကျနော်သင်ပေးစရာတွေ အများကြီး ရှိတယ် မိန်းမတွေအကြောင်း ဘယ်လိုလူနဲ့ ဘယ်လိုပေါင်းရမယ်ဆိုတဲ့အကြောင်းတွေ အများကြီး သင်ပေးရအုံးမယ် ” ကျနော်တော်တော်ကို ရယ်ချင်မိသွားတဲ့ အကြောင်းပါ သူပြောလည်း ပြောချင်စရာထင်ပါ့ ကွေးကွေးကောက်ကောက်မတွေးတတ်တာဟာ ကျနော့်ရဲ့ ညံ့ဖျင်းမှုလား ဂုဏ်ယူရမယ့် ရိုးသားခြင်းလား မခွဲခြားတတ်ပါဘူး ။ “ ဟမ်း ..အဲ့လိုထင်တယ်လား အဲ့ ငါမသိဘူးကော ” ဒီစကားက ကျနော့်ရဲ့ လက်သုံးဆောင်ပုဒ်လိုကိုဖြစ်လို့ ။ တကယ်ပဲ ဆန်းဆန်းပြားပြားတွေမတွေးတတ်ပါဘူး အဲ့လိုအတွေးဝင်လာရင်တောင် သူများမဟုတ်ရင် အားနာစရာဆိုပြီးး အမြန်စိတ်ထဲက ဖျောက်ပစ်လိုက်တယ် ။

“ခလေးကြီး လိုနေနေတယ် ” တဲ့ ကျနော်က ဟန်ဆောင်ရတာကိုမကြိုက်တဲ့သူဆိုတော့ အဲ့ဒီဟန်ဆောင်ခြင်းအတတ်ပညာမှ တော်တော်ညံ့ပါတယ် ။ ရယ်စရာရှိလည်း အကျယ်ကြီးရယ်လိုက်တာပဲ စိတ်ညစ်စရာရှိလည်း စိတ်ထဲမထားပဲ ယုံကြည်ရတဲ့သူတွေကို ဖွင့်ပြောတိုင်ပင်လိုက်တာပဲ ။ ဒီလူကြီးကတော့ အရေးပါ အရာရောက်တဲ့သူမို့ အရမ်းကြီး ရိုကျိုးနေရတာမျိုး ဘာအရာမှမရောက်တဲ့သူမျိုးကို စကားတွေသေချာပြောနေတာမျိုး ဝေဖန်ခံရပေမယ့် ကိုယ်ကတော့ အေးဆေး။ဟဟား ဒီစာကို ရေးရင်းနဲ့ ဘယ်လို နိဂုံးချုပ်ရတော့မလဲမသိး) ကျနော်တော်တော် ညံ့ပါသေးသည် ။ သူငယ်ချင်းလေးကို ဘာမှပြန်မပြောလိုက်ပေမယ့် စိတ်ထဲမတင်မကျ ဖြစ်နေတဲ့ အဲ့စကားရဲ့ ဆိုလိုရင်းကို ကိုယ့်ပါသာ အဖြေပေးလိုက်တာက “ ချစ်သူတစ်ယောက်ရဖို့ တကူးတကကြီး လိုက်ကြောင်နေရာမျိုးတွေ မလုပ်ချင်ပါဘူး အချိန်တန်လို့ အချစ်စစ်ဆိုတဲ့ အရာ ကျနော့်ရင်ဘတ်ထဲရောက်လာတဲ့နေ့ (ဒီလိုနေ့မျိုး ရှိချင်မှလည်းရှိလာနိုင်မှာပါ) ကျနော်ချစ်သူထားမှာပါ ။ ငွေနောက်လိုက်ရင်း ငွေရဲ့သားကောင် ဖြစ်မှန်းမသိ ဖြစ်မသွားချင်ပါဘူး ( တော်တော်ကို သိမ်ဖျင်းတဲ့အတွေးဖြစ်ချင်ဖြစ်မှာပါ ) ။အရက်သောက် ဆေးလိပ် သောက်မှ ခေတ်မှီ ယောကျာ်းပီသမယ်ဆိုရင်လည်း ထင်ချင်သလိုထင်ကြပါစေလို့ပဲ ပြောလိုက်ချင်တော့တယ် ။

ကဲ ..ဒီပို့စ်ကိုဖတ်ရသလောက် လူကြီးမင်းတို့ကော ဘယ်လိုထင်မိပါသလဲ “ ခလေးကြီးကျနေတာပဲ ” ဆိုတဲ့ စကားကိုပေါ့း) ပက်၂စက်၂ သာဝေဖန်ခဲ့စမ်းပါဗျာ ။ ကျနော် တကယ့်လူကြီးကြီး တစ်ယောက်လို နေလိုက်ရင် ကျနော့်ရဲ့ ရိုးသားမှု မီးအိမ်လေး ငြိမ်းသွားလိမ့်မှာ ကြောက်တယ် ။

Tuesday, December 14, 2010

ဖြစ်မလာခဲ့သော နဲ့ ဖြစ်ချင်နေတာ

တဂ်ပို့စ်တွေမရေးဖြစ်တာကြာပြီး ဒါက ပျော်စရာတော်တော်ကောင်းပါတယ် ကိုယ့်အတွက် တကူးတက ကုန်ကြမ်းရှာနေစရာမလိုပဲ ရေးလို့ရတာကြောင့် ကျနော်ကတော့ တဂ်ပို့စ်ရေးရတာကိုပျော်ပါတယ် ခုတော့ သူငယ်ချင်းမိုင်ရာ က ဖြစ်ချင်ခဲ့ဖူးတဲ့အကြောင်းများ တဲ့ မှတ်မှတ်ရရ တဂ်တဲ့ သူငယ်ချင်းကို ကျေးဇူးပါ ။


ငယ်ငယ်တုန်းက အဲ့ ၄-၅ နှစ်အရွယ်လောက်တုန်းက ကျနော်ဖြစ်ချင်ခဲ့တာ ဆရာဝန်ပါ အကျီင်္အဖြူလေးဝတ်လို့ နားကြပ်လေး ချိတ်လို့ သားရည်ဖိနပ်လေးစီး လုံချည်အပြာကွက်လေးဝတ်တဲ့ စိတ်လှဆရာဝန်လေးဖြစ်ချင်ခဲ့ဖူးတယ် ကိုယ့်ပတ်ဝန်းကျင်မှာ ဆရာဝန်တွေရှိလို့တော့မဟုတ်ပါဘူး ရုပ်ရှင်တွေကြည့်ပြီး ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်မင်းသားတွေကြောင့်ပါ အဲ့တုန်းကတော့ ဆေးထိုးအပ်တွေဆော့ပြီး “ အမေ ချဲပေါက်ရင် သာ့ကိုဆရာဝန်လုပ်ပေးနော့်” တဲ့ ကျနော် ထင်တာ ပိုက်ဆံရှိရင် ဆရာဝန်လုပ်လို့ရတယ်ပေါ့ ။

၅တန်းလောက်ရောက်တော့ ကျနော်ဖြစ်ချင်တာ ကွမ်းသူဌေးပါ ရွာမှာ ကွမ်းသူဌေးဆိုရင် လူတိုင်းကအထင်ကြီးကြတာကြောင့်ပါ ။ ဒီနှစ်ကွမ်းတွေကောင်းတယ်နော့်လို့ ကွမ်ြးံခံကြီးကိုကြည့်လို့ ကောင်းလိုက်တာနော်လို့ လူတွေပြောတာကြားတိုင်း ကျနော်က သိပ်အထင်ကြီးတာပေါ့ ။ လူပျိုပေါက်စ အ၀တ်စားလှလှဝတ်ချင်တဲ့ အချိန်ကျတော့ ပွဲတော်ရက်တွေလောက်မှ (ဥပမာ- သင်္ကြန် ) ရတတ်တဲ့ အ၀တ်စားတစ်စုံလောက်ကို ရတတ်တာကြောင့် ကျနော်ဖြစ်ချင်တာ အထည်ဆိုင်ပိုင်ရှင်ပါ ကိုယ့်ဆိုင်မှာ ကောင်းပေ့ဆိုတဲ့ အ၀တ်တွေတင် ကိုယ်ကြိုက်တာကို ယူဝတ် သန့်သန့်လေးနေပြီး ကောင်တာထိုင်ရမယ့် အထည်ဆိုင်ပိုင်ရှင် သူဌေးလေးဖြစ်ချင်တာပါ ။

၁၀တန်းလောက်ရောက်တော့ ကျနော်ဖြစ်ချင်တာက အမှတ်ကောင်းကောင်းနဲ့အောင်ပြီး ကျောင်းကောင်းကောင်းမှာတတ်နိုင်တဲ့သူဖြစ်ချင်တယ် ။ အင်ဂျင်နီယာ ဘာသာရပ်ကိုတော့ တစ်ခါမှ စိတ်ဝင်တစားမရှိခဲ့ဖူးပေမယ့် ကိုယ်တတ်ခဲ့ရတဲ့ကျောင်းကတော့ အဲ့ဒီဟာကြီးပေါ့ တစ်နေ့တစ်နေ့ ဆွဲလိုက်ရတဲ့ကော်ပီ ၀ယ်လိုက်ရတဲ့စာအုပ် ကျက်လိုက်ရတဲ့စာ တတ်သလားဆိုတော့ စာကလေးနှုတ်တိုက်ရွတ်သလိုကလွဲလို့ ဘာမှကိုမတတ်ဘူး ။ ဘယ်လောက်ထိ စိတ်ဝင်စားသလဲဆို ခုချိန်ထိ ဓာတ်မီးပျက်ရင်တောင် ပြင်ဖို့အာရုံမလာတော့ပါဘူး ကျနော်ညံ့လို့မဟုတ်ပါ ဘဘကြီးတို့ကိုစိတ်နာလို့ ။ လက်တွေ့ခန်းရောက်လို့ ဆရာက ပြောချင်တာပြော သင်ချင်တာသင်နေတဲ့ အချိန် ကျနော်ကတော့ ငိုက်လို့ကောင်းတုန်း ကိုယ့်အလှည့်ရောက်လို့ လုပ်ပြရတော့မယ့် အခါကျ “ ဆရာ အပေါက်တွေများပြီး ကြိုးတွေက ရှုပ်နေတယ် ကျနော် ဘယ်အပေါက်ထဲထည့်ရတော့မှာလဲမမှတ်မိတော့ဘူး” ဆိုတော့ ဆရာက မျက်ထောက်နီကြီးနဲ့ကြည့်ပြီး ထိုးချင်တဲ့ အပေါက်ကိုသာထိုးတော့တဲ့ အဲ့နေ့က ကျနော် လက်တွေ့ခန်းအမှတ်မရပါ အန်းနီးဝေး နိုးပလောဗလမ် ။

နိုင်ငံခြားဆိုတာကြီးကိုရောက်မှ ကွန်ပျူတာကို စမြင်ဖူးတာမို့ ဖြစ်ချင်လိုက်တာ ကွန်ပျူတာပညာရှင် ၊ ဘာသာစကားခြားကို စကြားဖူးတာမို့ နောက်ထပ်ဖြစ်ချင်လိုက်သေးတာက ဘာသာပြန်တဲ့သူတစ်ယောက်ပါ အင်္ဂလိပ်စကားကိုတော့ yes and no ကောင်းကောင်း ပြောတတ်ပါတယ် ။ ဘလော့ဆိုတာကို စ သိခါစအချိန် ကျနော်အားကျတာက အကြိုက်ဆုံး ဘလော့ဂါဖြစ်တဲ့ ကိုစေးထူး ( ကလိုစေးထူး) လို စာရေးကောင်းတဲ့ ဘလော့ဂါတစ်ယောက်ပါ ။ ဖြစ်ချင်ပေမယ့် ကျနော်ကတော့ ခုချိန်ထိ ပေါတောတောတွေရေးတဲ့ အာပလာ ဘလောဂါတစ်ယောက်ပဲဖြစ်နေတုန်း သူ့လို့ ရသကောင်းကောင်းတွေရေးတတ်ချင်ပါတယ် ။

လောကကြီးကိုစိတ်ကုန်တိုင်း ကျနော်လုပ်ချင်တာ ဘုန်းကြီး လူတွေကိုစိတ်ကုန်တိုင်း စကားပြောရမှာပျင်းတိုင်း ဖြစ်ချင်တာ တေမိမင်းသားလို စကားမပြောတတ်တဲ့သူ ဗိုက်ဆာပြီး စားစရာမရှိတဲ့ အချိန် ကျနော်ဖြစ်ချင်တာ ငွေထုတ်စက် ။ မိုင်ရာ နဲ့ တူတာ တစ်ခုရှိပါတယ် ကျနော်လည်း လူနဲ့သူနဲ့တူတဲ့ အစိုးရလက်အောက်မှာ ကျောင်းဆရာလေးတစ်ယောက်ဖြစ်ချင်ပါတယ် ။ ကိုယ့်လခလေးနဲ့ လောက်င ပြီးတော့မိဘကိုပေးကမ်းနိုင်တဲ့ ကိုယ်ပြုစုပျိုးထောင်လိုက်တဲ့ ကိုယ့်တပည့်လေးတွေက ပညာတတ်ကြီးတွေဖြစ်လို့ လောကအလယ် တင့်တယ်နေတဲ့ ပန်းကလေးတွေဖြစ်စေချင်တဲ့ ဥယျာဉ်မှူးနဲ့ တူတဲ့ ကျောင်းဆရာကောင်းတစ်ယောက် ဒါကတော့ ခုချိန်ထိလည်း ဖြစ်ချင်နေတုန်းဖြစ်တဲ့ ဖြစ်ချင်နေတဲ့ ဘ၀လေးပါ ။

ခုလောလောဆယ် ဖြစ်ချင်နေတာ ခလေးအဖေ အမွှာပူး သမီးရှင်လေးလိုချင်တာပါ ။ ကိုယ့်မိန်းမက ဆံပင်ရှည်ရှည် အသက်ကြီးလာလည်း ၀က်ပုပ်ကြီးဖြစ်မသွားမယ့် ခပ်ပိန်ပိန် အမျိုးသမီးတစ်ယောက်ပါ ။ ဟင်းချက်ကောင်းရမယ် ပွစိပွစိ မပြောတတ်ရဘူး ။ မိန်းမရေလို့ ခေါ်လိုက်တာနဲ့ “ လာပြီး ကိုကိုရေ ” လို့ ရောက်ရာအရပ်က အပြေးလာမယ့် ချစ်ဇနီး အလိမ်မာတုံးလေးပါ ။ ညောင်းလိုက်တာကွာလို့ ပြောတုန်း ဇက်ကြောကလေး နှိပ်ပေမယ့် အပြင်ကပြန်လာတိုင်း သံပုရာရည်လေးဖျော်တိုက်မယ့် အလိမ်မာအိမ်ပါလေးပေါ့ ။သမီး အမွှာလေးကတော့ ကျနော်နဲ့ တူရမယ် ကျနော်နဲ့တူမှ ချောမှာမို့ ( အလကားရတိုင်း ပြောရတာ အရသာရှိတာ ဟိဟိ ) ။ ဒါက ဖြစ်ချင်တာကိုပြောတာပါ ဖြစ်လာတာ မဖြစ်လာတာက တစ်ပိုင်း လောလောဆယ် ကိုယ်လိုချင်တာ ကိုပြောတာဖြစ်ပါ၏ ။


ဆက်ပြီး တဂ်ချင်တဲ့ သူတွေကတော့

၁။ မေပယ်
၂။ မောင်လေး
၃ ။ မိုးယံ
၎။ နေ၀သန် တို့ကို ရေးပေးစေချင်ပါတယ် (ပျင်းလို့ လင့်တွေမထည့်တော့ဘူး) ။ ရေးရင် ခင်လို့ လို့သတ်မှတ်ပြီး မရေးရင်တော့ လူမဖော်ပြရဲတဲ့ ဖြစ်ချင်တဲ့အကြောင်းတွေကို မရေးရဲတာကြောင့်လို့ သတ်မှတ်မှာဖြစ်ပါတယ် :)




Sunday, December 12, 2010

ဘိုင်သေ

စုတ်ပြတ်သတ်နေတဲ့ပြဇတ်တွေ တစ်ခါခါ ငါဟော့ဒီ လူ့ ဘ၀ ဇတ်ခုံကြီးကနေ အဆိပ်ကို သကြားနည်းနည်းရောသောက်ပြီး ခဏလောက်ဖြစ်ဖြစ်သေချင်စိတ်ပေါက်တယ် ။ မတရားတဲ့ ကမ္ဘာဆိုတာ သီချင်းထဲမှာပဲ ရှိနေသင့်တယ်လို့  တစ်ယူသန်းအတွေးနဲ့  လက်မခံခဲ့တာ အခုများတော့ အထင်နဲ့  အမြင်တစ်ခြားစီပါလား။“ဘ၀” က ဘ လို့  ၀ တာ မဘ ရင် နင် ၀ မှာမဟုတ်ဘူးးး ငတ်မှာ သေချာတယ် အငတ်မခံနိုင်တော့ နှစ်ပြားတစ်ချပ်စာငွေနောက်လိုက်ခဲ့မိတာ အားလုံးနဲ့  အဝေး အရက်သောက်လို့  မသောက်ပါနဲ့  သားရယ် ဆိုပြီး ဆုံးမ စကားပြောမယ့် မိဘ လည်းမရှိဘူး ခွက်ပုံးခုတ်တာ မိသွားလို့  ထိပ်ခေါက်မယ့် အစ်မလည်းမရှိဘူး ဆိုးတူးကောင်းဖက် အနစ်နာခံပေါင်းမယ့် သူငယ်ချင်းလည်းမရှိဘူးး ငြီးချင်းတွေ ရေးနေရင်တော့ စာမျက်နှာပေါင်းတစ်သောင်းနှစ်ထောင်ပြည့်သွားမယ်။

စိတ်ညစ်တာတွေရင်ဖွင့်မိတော့ ဟိုကောင်မလေးက စိတ်ကလည်းပျော့လိုက်တာတဲ့ နာရင်းကို လေးငါးချက်လောက် တီးပစ်လိုက်ချင်တယ် ( တကယ်မဟုတ်ဘူး :P) လူ့ လောက ဆိုတာ ရုန်းလိုက် ကန်လိုက် ဆိုပါလား ငါကန်လိုက်တဲ့ ကန်ချက်တွေကတော့ သံချွှန်တွေကြီးပဲ ဆူးလိုက်တာလည်း လွန်ရောပေါ့ဗျာ သွေးစိမ်းတွေပါကျနိုင်တယ် ။ နွားမကျောင်းနိုင် ဆိုက္ကားမနင်းနိုင်လို့ သာ နိုင်ငံဂျားဆိုတာကြီးကို လမ်းစရိတ် ၆၅၀၀ နဲ့  လှေစီးပြီးရောက်လာခဲ့တာ လောဘလည်းမကြီးဘူး ဒေါသလည်းမရှိဘူး
မရှိတာလည်း မရှိဘူး ရှိတာဆိုလို့ လည်းဘာဆိုဘာမှမရှိဘူးး ။



စဉ်းစားများလို့ထင်တယ် မနေ့ က မှန်ကြည့် ခေါင်းဖြီးနေရင်းနဲ့  ၃ ချောင်းတွေ့ တယ် အတိတ်ပေးနေတာလား နမိတ်ပေးနေတာလားမသိဘူး ကဲ..........ပြောကြစမ်းပါအုံး ဒီတစ်ပါတ် ဘာတစ်လုံးကောင်းလည်း ထီထိုးမလို့  ၃ တစ်လုံးကတော့ ဘိုင်သေပဲ ..အောထည့်လိုက်တော့မယ် ဟိုက်စလောင်း ပေါက်စေ ပေါက်စေ ပေါက်စေ :)


ဝန်ခံချက် ။ ။ ရူးနေတုန်းရေးလိုက်တဲ့ စာကိုသည်းခံဖတ်သွားပေးကြတာကျေးဇူး :)



Wednesday, December 8, 2010

လမ်းပြကြယ်

မေ...
ပြာလဲ့လဲ့ကောင်းကင်တွေကို
မော့ကြည့်ပြီး
ရူးခဲ့တဲ့ကောင်တစ်ယောက်
ဒဏ်ရာတွေကိုငုံ့မကြည့်ရဲဘူး။ ။

ရူးမိုက်စွာ ရှေ့ဆက်တိုးမိတယ်
နှလုံးအိမ်ရဲ့ လမ်းပြကြယ်ပေါ့
အထင်နဲ့အမြင် မှားနေမှန်း
အဆင့်တန်းက ခွဲလာမှ သိလိုက်ရတယ်။ ။

ငိုတော့လေ... မထူးဆန်းတဲ့ပြဇာတ်လို့
လူတွေပါးစပ်ဖျားမှာ ဘယ်လိုရွက်ဆိုပါစေ
ငါငိုနေတာ ငါပဲသိတယ် ။

Monday, December 6, 2010

စာမျက်နှာအချို့အား ပြန်လှန်ကြည့်ခြင်း

၁။
အဖြူထည်ဘ၀လေးပါပဲ
အနားမှာ အဘ နဲ့ အမေရှိတယ်
အငယ်ဆုံးလေးကို ၀ိုင်းချစ်တတ်ကြတဲ့
ချစ်သော အစ်ကိုအစ်မတွေရှိတယ်....
ဒါပေမယ့် အချိန်တန်တော့လည်း ကိုယ့်လမ်းကိုယ်လျှောက်။

မှတ်မိစ အသက် ၃ နှစ်ကျော်ကျော် ၄နှစ်စွန်းစ အိမ်မှာ ကျွဲတွေရှိတယ် မနက်မနက် အိပ်ယာထတာနဲ့ ထမင်းကြမ်း ပန်းကန်ကိုဆွဲ ကျွဲနို့စိမ်းဆမ်းလို့ မြိန်ရေရှက်ရည်စားသောက်ခဲ့တယ် အဲ့တာ ကျနော့်ရဲ့ ခလေးဘ၀ မနက်စာ အဟာရ ။ ကျနော်လိုချင်တာကို အမေက ဖြည့်စည်းပေးနေကျ အဘကတော့ သူ့ပခုံးပေါ်တင်လို့ ဘ၀လေးက အေးချမ်းလိုက်လေခြင်း ။ ဒါလေးတစ်ကောင်ကိုတော့ တို့တွေ ပညာကောင်းကောင်းသင်ပေးရမယ်လို့ အမေပြောပြောဖူးတဲ့စကား ဟုတ်ကဲ့ ကျနော် ပညာတတ်ကြီးသိပ်ဖြစ်ချင်ပါတယ် ။ ကျနော်ကျောင်းတက်ဖို့ အမေ့ရင်ခွင်ထဲက စခွဲခဲ့တာ ၆ နှစ်သား ။တစ်ခါခါတော့ ကျောင်းနေဘက်သူငယ်ချင်းတွေလို အမေပြင်ပေးတဲ့ ထမင်းကိုစား အမေဆင်ပေးတဲ့ အ၀တ်ကိုဝတ်လို့ ကျနော်လည်း ကျောင်းတက်ချင်စမ်းပါဘိ ။



၂။
ဘ၀က ခဲဖျက်ရာတွေများတယ်
မှောင်လွန်းတဲ့ ညတွေနဲ့
စောင်မလောက်တဲ့ ဆောင်းညတွေမှာ
ကျနော်ဟာလည်း ကိုယ့်လုံချည်ကိုယ် ဒူးတုံ့ခြုံလို့ ။

တကယ်တော့ ဆောင်းဆိုတာကို ကျနော် သိပ်မုန်းပါတယ် ရင်ခွင်နွေးထွေးမှုမရှိတဲ့ ခပ်စိမ်းစိမ်း အမျိုးတွေကြား ကျနော်က မောင်ပြာတာလေးပေါ့ ။ ဈေးပြေးဝယ်လိုက် ဂေါ်လီလေးပြေးရိုက်လိုက် ခေါင်းခေါက်ခံလိုက် ဖိနပ်လေးပျောက်လိုက်နဲ့ စောင်မလောက်တဲ့ ဆောင်းညတွေမှာ ကျနော့်အတွက် စောင်ပိုမရှိပါ အဲ့တော့ ကိုယ့်လုံချည်လေး ကိုယ် ဒူးတုံ့ချုံလို့ ကိုယ့်အနွေးဓာတ် ကိုယ်ပေးတဲ့ မီးလင်းဖိုလေးဖြစ်ခဲ့ဖူးတယ် ။ကျောင်းပိတ်ရက် အမေ့အိမ် ပြန်တိုင်း ကျနော်ကောက်ရိုးပုံကြား သွားသွားပုန်းနေတတ်တယ် အမေ ချော့မော့ပြန်ပို့တိုင်း “ သား အမေ့အိမ်ကနေပဲ ကျောင်းတက်ချင်တာ” လို့ ငိုယိုဂျီကျတိုင်း အမေက မချိပြုံးလေး ပြုံးလို့ ကျနော့်ခေါင်းကို ပွတ်သပ် ထားထားသွားခဲ့တယ် ။ ကျနော်ဆောင်းတွင်းကိုမုန်းပါတယ် ။

၃။
စားပွဲထိုးလေးဖြစ်ဖူးသလို
ထမင်းလေးဗူးအိုးကို မနိုင့်တနိုင်နဲ့တည်
တူအကြီးကောင် စိတ်ကောက်တိုင်း ကိုက်ကိုက်တတ်တဲ့
ကျနော့် ညာဘက်နားရွက်လေးဟာလည်း
ခုထိ အမာရွတ်လေးရှိတုန်း ။

၅ တန်းကျောင်းသား အစ်မဆိုင်ကို ပြောင်းနေတော့ ကျနော်ပိုင်ဆိုင်တဲ့ အသုံးဆောင်က အကျီင်္လေး၅ ထည်နဲ့ဘောင်းဘီတိုလေး၃ ထည် ။ ခုံပုလေးတွေဆက်လို့ ကိုယ့်အတွက် ကျောချစရာနေရာ တစ်တောင်လောက်မြင့်တဲ့ ခုန်အမြင့်လေးကနေ ခဏခဏ လိမ့်ကျဖူးပါရဲ့ ။ ခုနေ ပြန်တွေး ရယ်ချင်စရာတော့ကောင်းသား (အမှန်ကတော့ ဟန်လုပ်ရယ်ချင်မိတာပါ ) ။ အိမ်ပြန်ရောက် လွယ်အိတ်ကို ပစ်ချ သိပ်ဆိုးတဲ့ တူအကြီးကောင်ကိုထိန်းလို့ ခလေးစိတ်မကုန်သေးတဲ့ ကျနော်ဟာလည်း ခလေးတစ်ခြား လူကတခြား ။ ကုန်းပိုးရင်း ခဏခဏလဲကျမိလို့ စိတ်ကောက်တဲ့ တူတော်မောင်က နားရွက်ကိုကိုက်လို့ ခုချိန်ထိ အမာရွတ်လေးက ရှိတုန်း ။

၎။
ကျောင်းသားကြီးရဲ့လမ်းစဉ်အစက
ရွှေရင်အေးရောင်းတဲ့ ဈေးသည်လေး
ရှက်တော့ ရှက်တယ် ဒါပေမယ့်မရှက်ပါ
အထုထောင်းများတော့ မာတယ်တဲ့
ကျနော်ဟာလည်း အဲ့တုန်းကတော့ ခပ်မာမာပါပဲ ။

တစ်ချို့သောသူတွေ အတွက် အရာရာဟာ လက်တစ်ကမ်းအလိုမှာရှိနေတတ်ပေတယ့် တစ်ချို့သောသူတွေအတွက်တော့ ကံကောင်းခြင်းဆိုတာ မိုင်ချီပြီး ရှိနေတတ်ပါတယ် ။တစ်နယ်တစ်ကျေး ကျောင်းတက်ချင်လွန်းတာကြောင့် ကျောင်းစရိတ်ရအောင် စုရတဲ့ ကိုယ့်အတွက် အလုပ်က ဈေးသည်လေးပေါ့ ။ မနက်စောစော အစ်မက ဆိုင်အတွက်လိုတာတွေပြင်ပေးတယ် ပြီးတော့ ကျနော်ကဈေးရောင်းတယ် ရှက်လည်းရှက်တယ် ရှက်လည်းမရှက်ဘူး လိုအပ်ချက်တွေ များများလာတဲ့ အခါ လိုတာတွေဖြည့်ဖို့အတွက် ရုန်းကန်လှုပ်ရှားရင် အရှက်ဆိုတာ အဲ့လောက်ထိ အရေးမပါပါဘူး ။ “ ရေခဲများများထည့်ပေး ” ။“ သကြားရည်ပိုထည့် အန်တီက အချိုကြိုက်တယ် ” ။ လူပျိုပေါက်လေးတည်းက ကျနော် အပြုံးတွေကို ဖောဖောသီသီ တပ်ဆင်ရင်း ဟုတ်ကဲ့ ကို ထပ်နေအောင် ပြောတတ်နေပြီး ။


၅။
အမေ့ရင်ဘတ်ထဲက
ထွက်ထွက်လာတဲ့ ချွေးစက်တွေနဲ့
ပိုက်ဆံအကြွေတွေက ကျနော်ရဲ့ အိပ်မက်တွေကို
ပက်ဖျန်းလိုက်တဲ့ အခါ ......။

ကျနော် သိပ်ကို ပညာတတ်ချင်ပါတယ် ။ စာတွေအမြဲကျက်နေချင်တယ် ကျနော်သိပ်ကြိုက်တဲ့ အဖြူရောင်လက်ရှည်လေးနဲ့ လုံချည်နက်ပြာရောက်ကွပ်စိတ်လေးကိုဝတ်လို့ ကျောင်းတက်ချင်ပါသေးတယ် ။ မြင့်မားလွန်းတဲ့ကျောင်းစရိတ်တွေကြားမှာ အိမ်ပြန်ပြန်လာတိုင်း အမေ့ဆီလက်ဖြန့်လို့ အမေ့မျက်နှာ ကြံရာမရ ဖြစ်တဲ့အခါတိုင်း ကျနော့်ကိုယ် ကျနော်မုန်းမိပါတယ် ။ အမေနဲ့ သိပ်လိုက်တဲ့ အနီရောင် မိုးကုတ်နားကပ်လေးဟာလည်း အမေ့နားပေါ်က ပျောက်လိုက် ပေါ်လိုက် အမေ့နားပေါက်လေးက ဟောင်းလောင်းလေးဖြစ်လို့။ ကျနော့်အတွက် ကျောင်းစရိတ် အမေ ထုတ်ပေးတိုင်း ချွေးစက်တွေ စွန်းထင်နေတဲ့ ရာတန်အရွက်သေးသေးအထပ်လေးဟာလည်း ကျနော်အတွက် အင်အားတွေချိနဲ့ ရှေ့ဆက်ဖို့အတွက် တကယ်ကောင်းဆန် လမ်းမကို ရွေးချယ်မိနေသလားလို့ တွေးမိတယ် ။

၆။
အမေ့အသံတိတ်ဆိတ်
ကျနော်ကတော့ သူရဲကောင်းကြီးလို
နင်လားဟဲ့ လောကဓံလို့ စိန်ခေါ်ချင်တော့
အမေက စိုးရိမ်စိတ်နဲ့ မေးတယ် “ဖြစ်ပါ့မလား ” တဲ့ ။

ကျောင်းမတက်ချင်တော့ဘူး လက်မှတ်လေးတစ်ခုရရင်တော်ပြီး အဲ့လိုပြောတဲ့ နေ့က အားမာန်တွေတင်းထားပေမယ့် အမေ အားတွေလျှော့သွားတယ် ။ ““အစ်ကို့ဆီလိုက်သွားချင်တယ် အဝေးကြီးလည်းမဟုတ်မှမဟုတ်တာ အမေသတိရရင် မှာလိုက်ပေါ့ သားပြန်လာမယ် ”” ။ အမေကတော့ စိတ်တွေပူလို့ဖြစ်ပါ့မလားတဲ့ အဲ့တုန်းက ၂၀ ၀င်စ ဂျင်းကွာတားလေးဝတ်လို့ ကြံရည်ရောင် ရှပ်အကျီင်္နဲ့ ကိုယ့်ရဲ့ စွန့်စားခန်းအစက အူကြောင်ကြောင်လေး ။ အဲ့တုန်းက ရေချိုးးမှားပြီး အမေ့နဲ့ မွေးရပ်မြေကို လွမ်းလို့  ကျနော်တစ်ပါတ်လောက် ဖျားသေးတယ် အမေ ။ အမေ သိတယ်ဟုတ် အမေ့သား ကျနော် တစ်ကိုယ်ကောင်းမဆန်တတ်ဘူးဆိုတာ ။

၇။
ဘာမှတော့ ဖြစ်မလာသေးဘူး
ကုန်ဆုံးသွားတဲ့နေ့ရက်တွေသာများလာတယ်
အရင်လိုမဟုတ်ပဲ နည်းနည်းပါးပါးသောက်တတ် စားတတ်လာတာကလွဲလို့
ကျနော်ဟာလည်း အရင်က ကျနော်ပါပဲ ။

ဘာမှတော့ ဖြစ်မလာသေးပါဘူး စုဆောင်းမယ် ကြံလိုက် ထွက်လမ်းတွေက များလာလိုက် ။မပြောချင်ပေမယ့် ဟန်လုပ်ပြောရတဲ့ အခါတွေရှိသလို မပြုံးချင်ပေမယ့် မချိသွားဖြဲ လုပ်ရတဲ့ အခါတွေလည်းများလာတယ်။ မှန်ပေမယ့် ပြန်ပြောရခက်တဲ့ အခြေနေမျိုးတွေ ရှိသလို မဟုတ်တာကို မဟုတ်တဲ့ အကြောင်း ပြန်လည်ချေပခွင့်လည်း ရှိချင်မှရှိမယ် ။ ကျနော်ဟာလည်း အရင်ထပ် စာရင်တော့ နည်းနည်းလူပါးဝတတ်လာတာလွဲလို့ အရင်တိုင်းပါပဲ ဘာမှမဖြစ်လာသေးတာကလွဲလို့ ဘာမှမရှိတာပဲ ကျနော့်အတွက် ပိုလာတယ် ။ ဒီလောက်ပါပဲ သူ့ဟာနဲ့သူပုန်မှန်လည်ပတ်နေတုန်း ။


P>S = ဒါဟာ အသနားခံစာတစ်စောင်မဟုတ်သလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ စာမျိုးလည်းမဟုတ်ပါ ကိုယ်ကိုယ်တိုင် သိပ်ပြန်မတွေးဖြစ်တဲ့ အကြောင်းရာတွေကို ကိုယ့်အပြင် www ကြီးတစ်ခုလုံးကို ရင်ဖွင့်မိတဲ့ သဘောပေါ့ ။ ကျနော်ဟာလည်း လူသားတည်းက လူတစ်ယောက်မို့ ဘ၀ မေ့မေ့တတ်ပါတယ် ဒါကြောင့် ဒီစာကို ပြန်ပြန်ဖတ်မိတိုင်း ကိုယ့်ဘ၀ကို ပြန်မှတ်မိစေချင်တဲ့စိတ်ကြောင့်ရေးဖြစ်သွားတာပါ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ။

Thursday, December 2, 2010

မသိဘူး

လျှောက်ရမယ့် လမ်း
ပျော်ရွှင်ခြင်းအတိ ဖြစ်ပါစေလို့ 
ဆုမတောင်းခဲ့“ဘူး”
ရယ်စရာတွေပြော ပျော်ချင်ယောင်ဆောင်ပေမယ့်
ငါ ကြေကွဲတာ
ဘယ်သူမှမသိစေရ“ဘူး”
လက်ပြနှုတ်ဆက် ခွဲရချိန်တန်ပေမယ့်
Good Bye လို့  ငါမပြော“ဘူး”
သိနေတာတွေကို မသိချင်“ဘူး”
မသိသေးတာတွေကိုလည်းမသိချင်“ဘူး”
ဘာတွေဖြစ်ပြီးပြီလဲ???ဘာတွေဖြစ်နေလဲ???
ဘာတွေဖြစ်လာအုံးမလဲ???
မသိ“ဘူး”


မှတ်ချက် ။ ။ ကဗျာကလည်း ကြောင်တောင်တောင်နဲ့ နော့် ကျနော်က အဲ့လိုပဲ တစ်ခါခါ ကျနော့်သူငယ်ချင်း မျက်မှန်လို ဖြစ်ချင်နေတယ်ထင်ပါ့း) ...။

Monday, November 29, 2010

ချစ်သော မျက်မှန်

ကျနော် ချစ်သော ကျနော့်ရဲ့သူငယ်ချင်း ။ ကျနော့်မှာ သူငယ်ချင်းများများစားစားမရှိပါဘူး စတိတ်ကျောင်းသားဘ၀မှာတုန်းက ခင်ခင်မင်မင်ပေါင်းခဲ့တာသူငယ်ချင်းတစ်ယောက်ပဲရှိတယ် သူကတော့ ကျောင်းပြီးတာနဲ့ ဘုန်းကြီးဝတ်သွားလိုက်တာ ခုဆိုစာသင်ကျောင်းမှာ စာပြဦးဇင်းလေးတောင်ဖြစ်နေပြီး ။ အခုရေးမယ့်သူငယ်ချင်းကတော့ ကျနော် မော်လမြိုင်မှာကျောင်းသွားတက်တုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်းပါ သူ့ကိုစတွေ့တုန်းက သူကလည်း အူလည်လည်လေး ကိုယ်ကလည်း ခပ်ကြောင်ကြောင် အားလုံးက ကိုယ့်မြို့ကိုယ်နယ်ကမဟုတ်တော့ ခပ်စိမ်းစိမ်းနဲ့ ။ သူက ရွှေကိုင်းမျက်မှန်လေးတပ်ပြီး ထမင်းချိုင့်လေးနဲ့ အားလုံးက ရုပ်ရှင်ထဲကလို ကျောင်းသားကြီးတွေနဲ့ မတူပါဘူး ခုမှ မိဘနဲ့ ခွဲလာရတဲ့ ခလေးလေးတွေလိုဖြစ်လို့ ။ မွန်ပြည်နယ်က မွန်တောထဲနေပြီး မွန်လိုမတက်ကြတဲ့ ကျနော်တို့ ၂ ယောက် မွန်တွေများတဲ့ကျောင်းမှာ ၂ယောက်သားပေါင်းမိကြတယ်။

တစ်ခါခါ သူပါလာတဲ့ ထမင်းချိုင့်ထဲက ကျနော် ဟင်းခိုးခိုးစားရင်လည်း စိတ်မဆိုးပဲ ပြုံးနေတတ်တယ်။သူက ခပ်အေးအေးသမား ကျနော်ကတော့ ခင်ပြီးဆို စကားကိုရေပက်မ၀င်အောင်ပြောတဲ့ အကျင့်က ပြင်မရ ။ Roll No မြင့်ပြီး သုံးစားလို့ကိုမရဘူးလို့ကျနော် မကျွမ်းတဲ့ mechanic တွက်စာတွေကျရင် သူက စကားနာထိုးတတ်ပါတယ် ။Drawing အချိန်ရောက်ရင် မတ်တပ်ရပ်ရတာညောင်းလို့ နောက်ဆုံးမှာ တန်းစီပြီးကျောင်းဝန်းထဲက သရက်သီးခူးလို့ သူငယ်ချင်း၂ယောက် တစ်ယောက်တစ်ကိုက် စားခဲ့ဖူးတယ် ။ မာမား ပြုတ်တစ်ထုတ်ကို ရေခွက်ထဲထည့် လုစားခဲ့ချိန်တုန်းက “ မှန် ခေါက်ဆွဲဖတ်တွေက မနူးဘူးကော ” ၊ “ အာပြဲမ နူးတာမနူးတာတွေ မလုပ်နေနဲ့ အဆောင်မှူးမိရင် ဒဏ်ငွေဆောင်ရမှာ ” သူက အင်မတန် ကပ်စီးနည်းပါတယ် ။ အဲ့ ကပ်စေးနှဲကော်တစ်ရာကို ကျနော်က ရအောင်ကို ခွာတယ် ။

ဟား ဒီခေါင်းလျှော်ရည် မင်းတို့မေ ပို့လိုက်တာမှတ်လား ပေး ငါ့လည်းပေးလျှော် ”လက်ထဲကို ညှစ်ထည့် ပြီးတော့ ခေါင်းကိုသုတ်လိုက်တယ် ။ “ မှန် .... ငါ့မျက်နှာ ၀က်ခြံတွေထွက်လာပြီး သဲပါတဲ့ မျက်နှာသစ်ဆေးသုံးမှထင်တယ် မင်းမှာရှိတယ်မှတ်လား ငါ့နည်းနည်းပေး ” ။ သူမပေးတဲ့ အခါတွေကျရင်တော့ သူတိတ်တိတ်လေး ကြွေနေတဲ့ အီးစီမေဂျာက ပိန်မ က ကျနော့်ရဲ့ နိုင်ကွက်ပေါ့ “ အေ ....မပေးနဲ့နော် ပိန်မရှေ့ရောက်ရင် မင်းကို မျက်မှန်ရေ့လို့ အကျယ်ကြီးအော်ခေါ်ပြမယ် ” အဲ့လိုနည်းတွေနဲ့ ကပ်စေးနှဲစီက ကျနော် ခွာခဲ့ပေါင်းတွေတော်တော်များတာပေါ့ ။ ထမင်းသုတ်တစ်ပွဲ ၂ယောက်လုစားတဲ့ အခါတွေရှိသလို သဘောင်္သီးဖျော်ရည်တစ်ခွက်ကို ပိုက်၂ချောင်းတပ် အသက်မရှူတမ်း ပြိုင်သောက်ကြလို့ ဆိုင်ရှင်ကတောင် မျက်လုံးပြူးရတဲ့ သိပ်ချစ်ကြတဲ့ ကျနော်တို့ သူငယ်ချင်း ၂ယောက်ပါ။

အတန်းဖော်တွေက ဒီနေ့ မျက်မှန်ကျောင်းပျက်မယ်ဆိုတာသိရင် ကျနော်လည်းမလာဘူးဆိုတာ ဗေဒင်ဟောနေစရာမလိုဘူးတဲ့ ။သူက အ၀ါရောက်ကြိုက်တယ် ကျနော်က အဖြူရောင်ကြိုက်တယ် ငယ်ပေါင်းတွေမဟုတ်ကြပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် စကားစလိုက်တာနဲ့ သိနေတာဟာလည်း ကျနော့်တို့ရဲ့ စစ်မှန်တဲ့သူချင်းသံယောဇဉ်ကြောင့်ထင်ပါတယ် ။ တစ်ဦးတည်းသောသား သူက မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေခဲ့ရချိန်နည်းတယ် သူ့ရဲ့စိတ်ခံစားချက် တစ်ချို့က တစ်ခြားသူတွေနဲ့ ကွဲပြားပြီး ဘုကန့်လန့်တိုက်တတ်တဲ့ အကျင့်လည်းရှိပါတယ် ။ခပ်ပိန်ပိန် ကျနော်က မချူချာရပဲ ၀၀လေးနဲ့ လူကြီးပေါက်စလေးလို ဖြစ်နေတဲ့သူကတော့ မကြာမကြာ ဖျားတတ်ပါတယ်။ ဘောလုံးပွဲလောင်းတယ် ချဲထိုးတယ် တစ်ခါခါ တရားထိုင်းတယ် မင်းသိင်္ခစာအုပ်တွေဖတ်တယ် ။

ကျနော် ကျောင်းဆက်မတက်ဖြစ်တော့ မင်း မရှိတော့ ကျောင်းတက်ရတာ ပျင်းတယ်ကွာတဲ့ ဒီကောင် အဲ့လိုမျိုး သိပ်မပြောတတ်ပါဘူး ။ စာရေးရမှာ ပျင်းတဲ့ သူငယ်ချင်းက စိတ်လိုလက်ရ ရှိတဲ့ အခါတွေကျရင်တော့ စာအရှည်ကြီးရေးတတ်ပါတယ် “ အမြဲတမ်း သတိရတယ်ဆိုတာ ဘယ်သူပြောပြော ငါမယုံလို့ အမြဲသတိရတယ်လို့မပြောတော့ဘူး” တဲ့ ဒီစာကြောင်းကတော့ ပထမဆုံး စာကြောင်းမှာ သူရဲ့ ခွကျကျ အတွေးလေးပေါ့ ။ အနေတွေဝေး အခြေနေတွေမပေးပေမယ့် သူနဲ့ ကျနော် အဆက်သွယ်တွေမပြတ်သွားကြပါဘူး ဖုန်းဆက်လို့ရရင် ဖုန်းဆက် သတင်းမေး လူကြုံစကားပါးတဲ့ အခါတွေလည်း ရှိကြပါတယ် ။ မနှစ်က ဒီလိုအချိန် ကျနော် အိမ်မှာရှိတုန်း သူ ကျိုက်င်္ထီးရိုး ဘုရားလာရင်း အိမ်ကိုဝင်လည်ဖြစ်တယ် ။ သူ့ပုံစံက တစ်မျိုးလေးတော့ ဖြစ်နေသလို နေများမကောင်းသလိုလို သူနဲ့ပါလာတဲ့ သူငယ်ချင်းကတော့ “ ကိုမျက်မှန်” က သိပ်မူမမှန်ဘူးတဲ့ အံ့လည်းသြသွားတယ် မဖြစ်နိုင်ပါဘူးလို့လည်း စိတ်ထဲ အသံတိတ်ပြောနေမိတယ် ။

သူ့လက်ကို ကျနော် ဆုပ်ကိုင်ပြီး “ မှန် မင်း နေကောင်းရဲ့လား ဘာတွေဖြစ်နေလဲ ဘာတွေ ခံစားနေရတာလဲ ငါ့ကိုပြော ” ဆိုတော့ “ ငါ ညနေပိုင်းရောက်ရင် ရင်ထဲက လေးလာပြီး ကြေးစည်ထုသံကြားရင် ၀မ်းနည်းသလိုလိုကြီးခံစားနေရတယ် ” တဲ့ ။မင်း ငါ့ဆီဆက်သွယ်အုံးနော်လို့ မှာလိုက်ပေမယ့် ကျနော်သူ့ကို မဆက်သွယ်မိဘူး ။ မနေ့က ကျောင်းမှာ ကျူတာပြန်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တော့ မျက်မှန်တစ်ယောက် ကျန်းမာရေးမကောင်းလို့ အိမ်မှာပြန်နားနေရတယ်တဲ့ ပြီးတော့ ကျောင်းကလည်း လက်မခံတော့ဘူး တဲ့ တော်တော်ကိုဆိုးဝါးတဲ့ သတင်းဆိုးတစ်ခုပါပဲ သူငယ်ချင်းက စကားကိုလှလှလေး သုံးသွားပေမယ့် ကျနော်ချစ်တဲ့ ကျနော့်ရဲ့ သူငယ်ချင်းလေး မျက်မှန်က အသိစိတ်တွေ ပျောက်ပျောက်သွားတတ်ပြီး တစ်ယောက်တည်း ယဉ်ယဉ်လေး ရူးသလိုလိုး( ။

ဒီလိုအချိန်မျိုးမှာ ကျနော်သူ့အနားရှိနေချင်ပါတယ် သူကြိုက်တဲ့ အ၀ါရောင် အကျီင်္တွေ လက်ဆောင်ပေးရင်း သူကြိုက်တတ်တဲ့ ထမင်းသုတ်နဲ့ သဘောင်္သီးဖျော်ရည်ကို ကိုယ်တိုင်ကိုယ်ကျ သူစားဖို့အတွက် လုပ်ပေးချင်ပါတယ် ။ ဒီဘွဲ့ကို ရချင်လွန်းလို့ မပါဘူးထင်ရင် ခြစ်ချတတ်တဲ့ နှစ်တွေကျ ဘာတစ်ခွန်းမှမပြောပဲ နားလည်ပေး အချစ်တွေပုံကြတဲ့ သူမိဘတွေဆို ဘယ်လိုများ ခံစားရမှာပါလိမ့် ။ ချစ်သူငယ်ချင်းရေ ဘယ်လို ကြမ္တွာဆိုးကများ မင်းကိုဒီလောက်ထိ ရက်စက်ရတာလည်းကွာလို့ သူ့လက်ကို ကျနော်တင်းတင်းဆုပ်ပြီး ပြောချင်လိုက်တာဗျာ ။သူသာ ကျနော့်ကိုမြင်ရင်မှတ်မိကောင်းပါရဲ့ ပြန်ကောင်းနိုင်ပါရဲ့လို့ အားတင်းတွေးရင်း ကျနော် ချစ်တဲ့ ကျနော့်သူငယ်ချင်းလေးအတွက် ဘယ်လိုဆုတောင်းမျိုး တောင်းရမလဲဆိုတာတောင်မသိတော့ပါဘူး :( ။

သူဟာ ကျနော့်ရဲ့ ထာဝရ သူငယ်ချင်းပါ ။

Wednesday, November 24, 2010

စီးဆင်းနေသော......ထိုအရာ


စာမရေးဖြစ်တာလည်းကြာပြီး ရေးဖို့ကလည်း ဟိုယောင်ယောင် ဒီယောင်ယောင် စာဖတ်သိပ်မနာ အတွေ့ကြုံတွေနည်းတဲ့ ကိုယ့်အတွက် ဒီစာမျက်နှာက စာတွေက ပါစင်နယ်တွေခပ်များများ နောက်ဆိုရင် ပါစင်နယ်တွေမရေးတော့ဘူးလေလို့တွေးလိုက်မိတော့ ရေးစရာတွေကတော်တော်ရှားသွားတယ် ။ အရင်ပို့စ်ဟောင်းတွေ ပြန်ဖတ်ကြည့်တော့ ခုချိန်ပြုံးစိစိဖြစ်မိတယ် ခလေးဆန်ပြီးရေးခဲ့တဲ့အကြောင်းတွေပေါ့ ပြန်မတင်ပဲ သိမ်းထားဖြစ်တယ် ။ ပါစင်နယ်တွေရေးဖို့ရှောင်မယ်ဆိုမှ ရေးမယ့်အကြောင်းလေး ခေါင်းထဲရောက်လာတယ် ဘာရယ်မဟုတ်ပါဘူး ဒီနေ့အလုပ်မှာ သန်ရှင်းရေးလုပ်ရင် အံဆွဲထဲက ပုံလေးတစ်ပုံ ကျနော်သိမ်းထားဖြစ်တာကြာပါပြီး တစ်လက်မပတ်လည်ပုံလေး ပါးကွက်ကြားလေးနဲ့ ဆံပင်လေးဘေးသိမ်းပြီး အကျီင်္အနီရောင်ပန်းပွင့်လေးတွေပါတာလေးဝတ်ထားတယ် ။

အချစ်ဆိုတာကလည်း ထူးဆန်းလွန်းပါတယ် အချစ်ဝတ္ထုတွေဖတ်တယ် အချစ်ဇတ်ကားတွေကြည့်တယ် ဒါပေမယ့် ခုချိန်ထိတော့ ကိုယ့်ရင်ထဲ ထိုးထိုးဖေါက်ဖေါက်ရောက်ရှိလာတဲ့ ခပ်ပြင်းပြင်းအချစ်တွေမကြုံဖူးသေးပါဘူး ။ အဲ့နေ့က ရုံးမှာ အလုပ်ရှုပ်နေတုန်း ကိုယ်လုပ်နေတဲ့အလုပ်တွေခဏထားပြီး တစ်ခြားအရေးပေါ်အလုပ်တွေသွားကူပေးဖြစ်တယ် အဲ့တာကကျနော့်အတွက် ကံကောင်းမှုလား ဒါမှမဟုတ် ကံဆိုးမှုလား သေချာမပြောတတ်ပါဘူး ။ သူ့ Form က ကိုယ့်ဆီရောက်လာတော့ဖြည့်ပေးရင်း လိုတာတွေမေးဖြစ်တယ် လှလိုက်တာလို့ စိတ်ထဲဖြစ်သွားလိုက်တာ ငန်းမိသွားတယ်ထင်ပါ့ ရေးရင်းတန်းလန်းကြီး သူ့ကိုအကြာကြီး ငေးကြည့်မိသွားတယ် တကယ်တော့ တောက်ပစူးရှလွန်းတဲ့ အလှမျိုးမဟုတ်ပါဘူး မိတ်ကပ်လည်းလိမ်းမထားဘူး လက်ဝတ်လက်စားဆိုလို့ နာရီလေးတစ်လုံးပဲဝတ်ထားတယ် ဆံပင်က ကျနော်သိပ်ကြိုက်တဲ့ ကျောလယ်ကျော်တဲ့ဆံပင်အရွယ်စား အသားကခပ်ဖြူဖြူ ။

သူ့အသံလေးကြားချင်မိလို့ ကြားလျှက်သားနဲ့ “ ခင်ဗျား ဘာပြောာတာလဲမသိ မကြားရဘူးဗျ ” ဆိုတဲ့ အပြောကို ခဏခဏပြောမိတဲ့ ကိုယ့်ကိုယ်ကိုတောင် အံ့သြမိပါရဲ့ ငါတော့မလွယ်တော့ဘူးဆိုတာလည်းသိလိုက်တယ် ။ ကိုယ်ကသာ မူတွေပျက်နေတာ သူကတော့ အေးဆေးလေးရယ် တကယ့် ကမ်ရေပြင်လေးပါ အေးဆေးတည်ငြိမ်လိုက်တာ ရင်ထဲက အေးဆင်းသွားတာပဲ တကယ်ပါ ကိုယ့်ရင်ခွင်ထဲစမ်းချောင်းလေး စီးဆင်းသွားသလို ။ သူ ဒီမြို့ကဘယ်နေရာမှာနေတာလဲ ဘယ်မှာလုပ်လည်းဆိုတာဟာလည်း လူတွေထောင်ချီနေတဲ့ အလုပ်မှာသိရဖို့ဆိုတာလည်းမလွယ်ပါဘူး အဲ့တာနဲ့ပဲကျနော့်ရဲ့ စမ်းချောင်းလေးလည်း ပျောက်သွားလိုက်တာ ကြာလှပေါ့ ။အလုပ်က သူငယ်ချင်းတွေက ကျနော်ဖြည့်ပေးတဲ့ သူ့ရဲ့ Form လေးကိုတွေ့တိုင်း လှမ်းလှမ်းစတတ်တယ် ။တကယ်ပါ အဲ့လိုချစ်ခြင်းမျိုး ကိုယ့်မှာရှိလိမ့်မယ်လို့မထင်ခဲ့မိဘူး တက်မက်မှုကင်းတယ် မရမက စုံစမ်းမယ်ဆိုပြီး အသည်းသန်ဖြစ်နေတာလည်းမဟုတ်ပဲ တိတ်တိတ်လေးနဲ့ ငြိမ့်ငြိမ့်လေးရင်ခွင်ထဲ စီးဆင်းနေတာ ။

သူကကော သိပါလေစ နာမည်လေးတစ်လုံးက လွဲပြီး ကျန်တာဘာမှမသိတဲ့ ကိုယ့်အတွက် သူလည်းပဲ အမှုမဲ့အမှတ်မဲ့ဖြစ်နေမယ်ထင်ပါရဲ့ ။ သိမ်းထားမိတဲ့ ဓာတ်ပုံလေးကိုပဲ ငေးမောရင် ကျနော် ဒီစာလေးရေးနေမိတဲ့အကြောင်းသူသိရင် ဘယ်လိုများ မှတ်ချက်ချမှာပါလိမ့် ။အချစ်ဆိုတာ ချစ်ကြည့်ဖို့ကြိုးစားလို့ရပေမယ့် တကယ်ချစ်မိဖို့ဆိုတာကတော့ လွယ်မယ်မထင်ပါဘူး ကျနော့် အတွက် ဒါဟာ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိခြင်းဆိုရင် တိတ်တိတ်လေး ငေးမောကြည့်နေရတဲ့ ပိုင်ရှင်မသိတဲ့ အချစ်မျိုးပါ တကယ်ပါ သေချာတယ် သူ့ကို ချစ်မိသွားတယ်ဆိုတာ ကဲ...ဇတ်ဆရာ ခင်ဗျားနဲ့ ကျနော် နဲ့တော့တွေ့ပြီး ။



( ဒီရေးဖူးတဲ့စာစုလေးကို နောက် 4-5 နှစ်လောက်နေလို့ ပြန်ဖတ်မိတဲ့အခါကျ ကျနော့်အတွက် ပြုံးစရာအမှတ်တရလေးဖြစ်အုံးမှာပါ )

Friday, November 19, 2010

တောင်ရောက် မြောက်ရောက် ကဗျာ

ထိုသို့သော အကြောင်းတရားများကြောင့်
မပြီးဆုံးနိုင်သော အကျိုးတရားများဖြစ်သွားတဲ့အခါ
နောင်တ ဆိုတဲ့ ခပ်မိုက်မိုက် အရက်သမားကြီး ခါးထောက်ပြီး မကြည်ကြည့် ကြည့်တယ်
မပြောနေတော့ပါဘူး အဆင်မပြေရတဲ့ကိစ္စတွေကို
ဒုက္ခတွေက အတင်းအကြွေးလာတောင်းတဲ့အခါ
ပျော်ရွှင်ခြင်းတွေက အိမ်နောက်ဖေးပေါက်က ခုန်ဆင်းသွားတယ်
အချစ် ဆိုတာဟာလည်း လှေကျဉ်းကျဉ်းလေးထဲ ၂ယောက်အတူစီးရသလို
တစ်ယောက်နဲ့ တစ်ယောက် အပေးယူမျှမျှ မလှော်ခပ်မိလေတော့
ချစ်ခရီးက ရှေ့မရောက်ပဲ နောက်ကောက်ကျလို့ ပြန်ဆယ်မရတဲ့အကြောင်း
ချစ်သူကိုလည်း ရင်ဖွင့်ပြမနေတော့ပါဘူး
တစ်ခါတရံတော့ သူပေးဖူးတဲ့ အကြင်နာနွေးနွေးကို ပြန်တမ်းတလို့
ကျနော့်ရင်ဘတ် တစ်ချက်တစ်ချက်တော့ ထထ ခုန်တယ်
တွေ့ဆုံခြင်း နဲ့ ခွဲခွာခြင်းကြားမှာရှိတဲ့ အကန့်ပါးပါးလေးကို နားလည်ဖို့ကြိုးစာရင်း
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလို့
ကိုယ့်သမိုင်းကြောင်းတွေ လှဖို့အရေး ရေပေါ်မှာ ကျနော်ပန်းချီဆွဲမယ် ။

Wednesday, November 17, 2010

နားလည်မှုများ လွဲမှားသောအခါဝယ်

လူဆိုတာ တစ်ယောက်တည်းနေဖို့မသင့်တဲ့ သတ္တ၀ါဆိုရင် ကျနော်ဟာလည်း လူတွေထဲက လူသားတစ်ယောက်ပဲမို့ အပေါင်းသင်းဖွဲ့ရတာကို သဘောကျတဲ့သူတစ်ယောက်ပါ ။ငယ်ငယ်တုန်းကလို မင်းနဲ့ ငါမခေါ်ဘူး ငါကျွေးထားတဲ့ မုန့်ပြန်လျှော်ပေးလို့ ပြောလို့မရနိုင်တော့တဲ့ အရွယ်ပါ။ ကိုယ့်ကိုယ်ကို ရှု့မြင်ရသလောက်တော့ ပျော်ရွှင်မှုဆိုတာကို အမြဲဆာလောင်မွတ်သိပ်နေတတ်တဲ့သူတစ်ယောက်ပါ ငြင်းခုန်ရတာကို မုန်းတယ် အော်ကြီးဟစ်ကျယ်အော်ပြောရတာကို လက်မခံတတ်တဲ့သူတစ်ယောက်ပါ ကျနော့်မှာလည်း မကောင်းတဲ့ အချက်တွေတော်တော်များများကိုရှိပါတယ် ။ ကိစ္စတိုင်းကို ခေါင်းအေးအေးမတွေးပဲ ပူပူလောင်လောင်အရင်ဆုံးဖြစ်မိတာ ကိုယ်လက်မခံနိုင်တဲ့အချက်ဆိုရင် စောင့်မနေတတ်ပဲ ခဏခဏဖြေရှင်းမိလို့ အထင်လွဲခံရပေါင်းတွေလည်း အများကြီး ကြုံခဲ့မိပါတယ်။

လူသန်းပေါင်းများစွာတွေထဲမှာ ကျနော်သိတဲ့သူဆိုလို့ ထောင်နဲ့ချီမရှိနိုင်ပါဘူး ကောင်းသောတွေ့ဆုံခြင်းတွေနဲ့သာတွေ့ဆုံပြီး လှလှပပလေးပဲ အားလုံးကို နှုတ်ဆက်ချင်ပါတယ် ။ ချစ်ခင်၇တဲ့သူတိုင်းကို ဆရာလုပ်သလိုလိုနဲ့ ခွဲခွာကာနီးတိုင်းပြောမိတာက တွေ့ဆုံချိန်လေး ခဏကိုတန်ဖိုးထားပြီး အမှတ်တရ ရှိကြရအောင် မကြာမကြာပြောမိတတ်တယ် ။လူလူချင်းဆက်ဆံရေးဆိုတော့လည်း တစ်နေ့မဟုတ်တစ်နေ့တော့ အမှားဆိုတာ ဖြစ်စမြဲပါပဲ တစ်ခါတလေတော့လည်း ကိုယ်က မရည်ရွယ်ပဲ ပြုမူပြောဆိုလိုက်တာလေးဟာ တစ်ပါသူ ခံရခက်သွားတဲ့ အခြေနေမျိုးတွေ အများကြီးပါပဲ အဲ့အချိန်ကျ ပြန်တောင်းပန်ဖို့ဝန်မလေးမိအောင်လည်း ကိုယ့်ကိုယ်ကို အမြဲသတိပေးနေကျ ။

နားလည်မှုတွေ လွဲမှားလေသောအခါ ကျနော် တော်တော်ကိုခေါင်းကိုက်ပါတယ် ရင်ဖွင့်လို့ရတဲ့သူငယ်ချင်းကို ခဏခဏပြောနေမိတဲ့စကားက “ ငါက လူဆိုးကြီးဖြစ်သွားတာပေါ့နော် အဲ့လိုမဟုတ်ဘူး ဒါပေမယ့် လူတိုင်းက အဲ့လိုပဲထင်နေကြမှာ” လို့ တွေးမိတယ် ။ ပြီးခဲ့တဲ့ လကုန်ရက်ပိုင်းလောက်က အလုပ်က ညီလေးတစ်ယောက် သူ့အစ်မနဲ့အဆင်မပြေလို့ ကျနော့်အခန်းမှာလာနေဖြစ်တယ် အသက်ကလည်းမတိမ်းမယိမ်း အလုပ်မှာလည်း အဆင်ပြေတဲ့ ကျနော်တို့၂ယောက် သူလာနေတော့ ကိုယ့်အတွက်အဖော်ရတာပေါ့လို့ ပျော်နေမိတဲ့ ကျနော့်အတွက် စိတ်မကောင်းစရာအခြေနေတွေကဆီးကြိုးလို့ ။ဘ၀ပေးအခြေနေချင်းက ခပ်ဆင်ဆင်မို့ သူ့ကို ညီလေးအရင်းလို ပိုခင်မိတယ် တစ်ခါတလေ စကားကိုချိုချိုသာသာမပြောတတ်တဲ့ ကျနော့်ကိုတော့ တစ်ဖက်က ဘယ်လိုမြင်နိုင်လဲဆိုတာတော့မသိပါဘူး ဒါပေမယ့် ကိုယ့်စိတ်ကိုယ်သိနေတယ် ကျနော်ဟာဒီနေ့အချိန်ထိသူများဒုက္ခရောက်မယ့်အဖြစ်မျိုး မလုပ်ခဲ့ဖူးဘူးဆိုတာပေါ့ ။

အဲ့နေ့မနက်က ပိတ်ရက်မှာ အားနေတဲ့ ကျနော်တို့၂ယောက် အခန်းသန့်ရှင်းရေးလုပ်နေရင်း “*** ရေ ငါတို့ရေချိုးခန်းဆေးရအောင် ” လို့ ဘဒက်တွေ ဆပ်ပြာရည်တွေကိုင်ပြီး ပြောလိုက်မိတဲ့ စကားတစ်ခွန်းဟာ သူ့အတွက် နားလည်မှုတွေ လွဲမှားလေသောအခါ နောက်ကျမှာ သိလိုက်၇တာက ကျနော်ဟာ သူ့ကိုအလုပ်သမားတစ်ယောက်လိုပြုမိပါတယ်လို့သူထင်သွားလေသောအခါ ကျနော့်ကို နှုတ်မဆက်ပဲ သူပြန်သွားလေသော အခါ ကျနော်အံ့သြမှင်တက်သွားမိပါတယ် ။ “ ငါဆိုလိုတာ အဲ့လိုမဟုတ်ပါဘူး ငါပြောလိုက်မိတာ အဲ့သဘောမပါပါဘူး အဲ့လိုကြီးဖြစ်သွားတယ်လား ဒါဆို ငါကတော်တော်မကောင်းတဲ့သူကြီးဖြစ်သွားတာပေါ့ အဲ့လိုအတွေးပေါင်းများစွာနဲ့ ကျနော်ဟာ ကျနော့်ကိုကျနော်မကျေနပ်ရင်း တော်တော်ကိုစိတ်မကောင်းဖြစ်မိပါတယ်။

တစ်ရုံးထဲ တူတူလုပ်နေကျတာမို့ ရုံးကအစ်ကို အစ်မတွေက စိတ်မဆိုးကြပါနဲ့ မကောင်းဘူး ဘာညာဆုံးမပေမယ့်လည်း စိတ်ထဲမပျောက်တာက သူ့ကိုမြင်တိုင်း ငါက လူဆိုး ဆိုတဲ့အတွေးးဝင်ရင်း စကားမပြောချင်တော့လောက်အောင်ဖြစ်မိပါတယ် ။ အတွေ့ကြုံတွေရလာတာနဲ့အမျှ ပေးဆပ်ခြင်းခပ်များများနဲ့ သိလာရတဲ့ သင်ခန်းစာတွေကတော့ ရင်ထဲကို ခပ်ပြင်းပြင်းလာလာဆောင့်လို့ပါပဲ ။ သူ့ကို အဲ့နေ့ကဖြစ်ပျက်ခဲ့ရခြင်းတွေအတွက် ကျနော့်စိတ်ရင်းအမှန်ကို ဘယ်တော့မှရှင်းပြဖြစ်မယ်မထင်ပါဘူး ကျနော် မှားလား???? နားလည်မှုတွေလွဲမှားလေသော အခါ ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။

Tuesday, November 16, 2010

ကျေးဇူးတင်ပါတယ် မဲဆောက်

ကျေးဇူးတင်ပါတယ် မဲဆောက်ရေ အရေးကြုံတိုင်း ကူညီဖို့ အမြဲအသင့်ရှိနေတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ် ။ ဘာရယ်တော့မဟုတ်ပါဘူး အင်တာနက်ကြီးနဲ့လည်း အဆက်ပြတ် လူလည်း နေသိပ်မကောင်း ကွန်ပျူတာကြီးကလည်း နေသိပ်မကောင်း မဲဆောက်မြို့ကြီးကလည်း ဖုတ်လိုက် ဖုတ်လိုက်နဲ့ပေါ့ ။ အခုတော့လည်း သူမဟုတ်တော့သလိုပဲ မဲဆောက်က ဈေးရောင်းမပျက် ကားမောင်းမပျက်ပါပဲ ။ အဲ့ဒီနေ့က အဖြစ်အပျက်တွေကတော့ ပြန်စဉ်းစားကြည့်ရင် တကယ်ကိုစိတ်ရှုပ်ရင်မောစရာပါပဲ ကားတွေက ရှုပ်ရှုပ် ဆေးရုံကားတွေက တ၀ီဝီ ငိုတဲ့သူနဲ့ ပြေးတဲ့သူနဲ့ တံတားပိတ်ထားလို့ ခြောက်ကပ်ကပ်ဖြစ်နေတဲ့ မဲဆောက်မြို့လေးတောင် ချက်ချင်းလူတွေ ရှုပ်ကုန်တယ် အမျိုးတွေမရှိပေမယ့် ရုံးက သူငယ်ချင်းတွေ အိမ်ပြန်သွားကြတော့ စိတ်ပူမိတာနဲ့ ဖုန်းဆက်မိတော့ သူတို့တွေ အားလုံး ကုတင်အောက်မှာပုန်းနေတယ်တဲ့း)

ကြက်ခြေနီ အဖွဲ့ဝင်ထားတဲ့ အိမ်က အဖွားနဲ့ တူတူ အိမ်မှာ ထမင်းဟင်းတွေ ၀ိုင်းချက်ရင်း သွားဝေဖြစ်တယ် အားလုံးကတော့အရမ်းကြီး ဒုက္ခရောက်နေလို့ ပြေးလာရတဲ့ပုံတွေမဟုတ်ပေမယ့် ဘာမှကိုသယ်မလာဖြစ်ပဲ ၀ယ်စားရလဲ ခက်တဲ့ နေရာမှာဆိုတော့ ရေဆိုလည်း အလုအယက် ထမင်းဆိုလည်း အလုအယက်နဲ့ ဖြစ်ရတဲ့ ဘ၀တွေက မြင်ရတာ စိတ်မချမ်းသာစရာပါ ။စိတ်ညစ်စရာတွေထဲက ရယ်စရာအဖြစ်လေးတွေလည်း ကြုံခဲ့တယ် အိမ်မှာဆို လှုပ်စိလှုပ်စိနဲ့ ဘာမှမလုပ်နိုင်တဲ့အဖွားက ထမင်းသွားဝေတဲ့ဆီမှာ ချွေးသံတရွှဲရွှဲနဲ့ ခလေးတွေနဲ့ အော်လို့ဟစ်လို့ ခလေးတွေကလည်း သားကိုတစ်ထုတ် သမီးကိုတစ်ထုတ်နဲ့ အော်ဟစ်နေလိုက်ကြတာ ။ “ဦး သားကိုကော တစ်ထုတ် သားမစားရသေးဘူး” ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ အမေပျောက်လို့ငိုနေတဲ့ ခလေးမလေးကို လက်မှာဆွဲရင် တစ်ထုတ်တည်းကျန်တော့တဲ့ လက်က ထမင်းဗူးကို သူ့ကိုပဲ ပေးရမလိုလို ခလေးမလေးကိုပဲ ထို်င်ကျွေးရမလိုလိုနဲ့ ကျနော့်တစ်ယောက်တည်း ခလေး၂ယောက်နဲ့ ပြာယာခတ်သွားတယ်း)
“မစားရသေးဘူးသာပြောတယ် လဒလေး မင်းပါစပ်မှာ ဆီတွေဝင်းနေတယ်ကော” ဆိုတော့ ဘေးနားကလူကြီးက ကျနော့်ကိုပြုံးစိစိနဲ့ အဲ့ကောင်လေးကလည်း “ဦးက စုံထောက်ကျနေတာပဲ ” တဲ့ ။

အဲ့နေ့ညကတော့ မြန်မာသံတွေ တိတ်ဆိတ်နေတဲ့ ကျနော့်ဘော့စ်အိမ်မှာ မြန်မာသံတွေ ဆူညံ့သွားလောက်အောက် ဧည့်သည် ၁၅ ယောက်လောက် လာတည်းသွားလေရဲ့ မိသားစုလိုဆက်ဆံပေးပြီး နွေးထွေးမှုတွေပေးတဲ့ ကျနော့်ဘော့စ်မိသားစုနဲ့ မြို့နီင်္းချင်းကောင်း အမြဲပီသတတ်တဲ့ မဲဆောက်မြို့လေးကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင် နေကောင်းပါစေ မဲဆောက်ရေ ခပ်ပွန်းမာ့ ။


ပင်ပန်းပေမယ့် ပျော်နေတဲ့ အဖွားတို့သူငယ်ချင်းတွေး)

Monday, November 1, 2010

သံချောင်း

သူ့ကို ကျနော်စတွေ့စ မဲကြောင်ကြောင်နဲ့ လှုပ်စိစိကောင်ပေါက်စလေး မွေးချင်းက လေးကောင် အမေကြီးကအသက်ကြီးတော့ သားလေးတွေမွေးပြီး သိပ်မကြာဘူး သေသွားတယ် ။ အိမ်မှာ ဈေးဆိုင်ကတစ်ဖက်နဲ့ဆိုတော့ သားလေးတွေကို ဂရုမစိုက်နိုင်ကြဘူး ကျနော်က ကျောင်းက ပြန်လာရင်လည်း ဒီကြောင်တွေကိုပဲ တမမ လုပ်နေလို့ ခဏခဏ အအော် အငေါက်လည်းခံရတာပေါ့ ။ ၄ ကောင်လုံးဆိုတော့ ကိုယ်လည်း သိပ်မနိုင်ဘူးရယ် တစ်ကောင်ပြီးတစ်ကောင် တဖုတ်ဖုတ်နဲ့ သေသွားလိုက်တာ ကိုယ်ကလည်း ဒေါက်တာ ပေါက်တူး လူတွေမောရင် သကြားရေဖျော်တိုက်တယ်ဆိုတော့ ကြောင်လေးကိုလည်း သကြားရေဖျော်တိုက်လိုက်တာ ပိုပြီး အချွဲကျပ်သွားတယ်ထင်ပါ့ ခဏလေးနေတော့ ငြိမ်သွားတယ် အဲ့လိုတော်တာပြောပါတယ် ။ နောက်ဆုံး တစ်ကောင်ပဲကျန်တော့ ဒီအကောင်လေးတော့ ရှင်အောင်မွေးမယ်လို့ဆုံးဖြတ်လိုက်တယ် အိမ်မှာက ကြောင်မကြီးက မရှိတော့ဘူးဆိုတော့ နောက်ထပ် ကြောင်က ထပ်ရှိဖို့မလွယ်ဘူးလေ ကိုယ့်အိမ်မွေးကြောင်လေးတွေမဟုတ်ပဲ ကြောင်အကြီးကြီးတွေမွေးရမှာကလည်းမချစ်သလိုကြီးး .။

ရတဲ့မုန့်ဖိုးလေးနဲ့ နို့မှုန့်လေးတွေဝယ်တယ် ပြီးတော့ နို့ဗူးသေးသေးလေးနဲ့ အဲ့ကြောင်လေးကို ကျနော်နို့တိုက်ပြီးမွေးတာ တော်တော်မာလာပြီဆိုတော့ မသေနိုင်တော့ဘူးပေါ့ နောက်ပိုင်း ကျနော် မော်လမြိုင်မှာကျောင်းတတ်တော့ ကျနော်မွေးထားတဲ့ကြောင်လေးက တူတွေရဲ့ ကစားဖော်ဖြစ်နေပြီး သူက နာမည်လေးတောင်ရသွားတယ် ကျနော့်တူအကြီးကောင်ပေးတဲ့ နာမည်က သံချောင်တဲ့ တစ်ကောင်တည်း မသေပဲကျန်ခဲ့လို့ မာတယ်ဆိုတဲ့ သဘောကိုဆောင်အောင်ပါ ။ အိမ်ခဏပြန်လာဖြစ်ရင်လည်း အမှုမဲ့အမှတ်မဲ့နဲ့ပါပဲ ။ ကျနော်သူနဲ့ တော်တော်ကြာ ၃ နှစ်နီးပါးလောက်ဝေးခဲ့တယ် အိမ်ကိုပြန်တော့ ကြောင်အကြီးကြီးတစ်ကောင် ကိုယ်သူ့အနားသွားရင်ပဲ ကိုက်တော့မလိုလို ကုတ်တော့မလိုလိုနဲ့ အစ်မက “ ဟဲ့.... အဲ့တာသံချောင်လေး ” ဆိုမှာ အယ် အကြီးကြီးပဲဆိုပြီး အံ့သြရတဲ့အဖြစ် ။

အိမ်မှာပြန်နေနေတုန်း တွဲစရာ သူငယ်ချင်းကလည်းမရှိ အငယ်တွေနဲ့ တွဲဖို့ကလည်းမဖြစ် ရှေ့မမှီနောက်မမှီဖြစ်တဲ့ ကျနော့်အတွက် သံချောင်းကသာ ကျနော့်အတွက် အဖော်ကောင်းပေါ့ ထမင်းစားရင်လည်း သူ့အတွက် သပ်သပ်ကျွေးဖို့ အစ်မက ပြောပေမယ့် ကျနော်က တစ်ဖဲ့စားလိုက် သူကတစ်ဖက်စားလိုက်နဲ့ အပေးယူတွေမျှလို့ ညအိပ်ရင်လည်း သူ့နဲ့ပဲ ကြောင်မွှေးတွေ စောင်မှာကပ်လို့ ဆူခံထိလည်း ညဘက်ကျ သူမပါရင်အိပ်ရတာတစ်မျိုးပဲ သူကလည်း ကျနော့်လက်ပေါ်မှာ တကယ့်လူလေးလို ခေါင်းကလေးတင်လို့ အပြင်ကပြန်လာရင် “ သံချောင်းရေ ခလေးငယ်ရေ”လို့ အရင်နှုတ်ဆက်လွန်းလို့ အဲ့တာက ပိုအရေးကြီးဆိုပြီး အမြင်ကတ် ခံရတဲ့အထိပါပဲ။

အိမ်မှာ သံချောင်းက တစ်အိမ်လုံးရဲ့ အချစ်တော်ပါ အိမ်က ယောက်ဖက ၀၀ကြီး တစ်ရေးနိုး ကြောင်အော်သံတွေကြားလို့ ထကြည့် မီးတွေ ဖွင့်ပြီး ရှာကြရင် လာကိုက်တဲ့ ကြောင်ကြီးက အိမ်က သံဇကားတွေပေါ်တက်ပြေး ယောက်ဖကလည်း သူ့ကိုယ်သူ ၈ျက်ကီချန်းများ မှတ်နေသလားမသိ လမ်းလျှောက်ရင်တောင် လှုပ်စိလှုပ်စိ ဖြစ်နေတာ သံဇကာပေါ် ခုန်တက်လိုက်တာများ လွှားခနဲ ကြောင်ကိုမမိပဲ သူက ပြုတ်ကျတာ ၃ ရက်လောက် လမ်းမလျှောက်နိုင်တဲ့အဖြစ် ။ကြောင်ဆိုတာ အယူသီးတဲ့သူတွေအဖို့ အပူများတယ်လေး ရောဂါရတယ်လေး နဲ့ ကျနော်ကကတော့ မမှုပါဘူး ကိုယ့်နဲ့ အနီးကပ်နေပြီး ကိုယ့်ခံစားချက်တွေကို အနီးစပ်ဆုံးနားလည်ပေးနိုင်တဲ့သူလို မျက်လုံးလေး ပေကလက် ပေကလက်နဲ့ ကိုယ်စိတ်တိုနေတဲ့ အချိန်ကျရင်လည်း သူ့မှာ မနေတတ်မထိုင်တတ် အမြီးလေး တလှုပ်လှုပ် ခေါင်းကြီး အတင်းတိုးဝှေ့ပြီး လာပွတ်သပ်နေတတ်ပါတယ် စိတ်ဆိုးနေတဲ့ အချိန်ကျ နိုင်စရာဆိုလို့လည်း သူပဲရှိပါတယ် သူ့ကြောင့်ပဲ စိတ်ဆိုးပြေရတာလည်း ခဏခဏ ရိုက်မိလိုက်ပြီးရင် သနားသွားတတ်လို့ သူ့ကိုပေါင်ပေါ်ပြန်တင်ပြီး စကားတွေပြန်ပြန်ပြောမိပြန်ကော ။

လူဆိုတာဟာလည်း ကိုယ့်အတွက် ၀ှက်ဖဲတစ်ချပ်တော့ စောင်ထားသင့်တာပေါ့ ကိုယ့်ဘ၀ရဲ့ အခင်မင်ဆုံးသူတွေကို ပြောပြတယ်ဆိုရင်တောင် မပြောပြချင်တဲ့ အကြောင်းရာလေးတစ်ခုတစ်လေတော့ ရှိကောင်းရှိနိုင်ပါတယ် ဥပမာ ကျနော်သာဆိုရင် ကိုယ့်မျက်နှာကို ပြန်မကြည့်ချင်လောက်အောင် စိတ်ပျက်နေတဲ့ အချိန် ဘယ်သုတစ်ဦးတစ်ယောက်ကိုမှ စကားမပြောချင်တဲ့ အချိန် ဘယ်သူ့ကိုမှလည်း ပြန်မပြောမယ့် ကိုယ့်ခံစားချက်တွေကို တိတ်တဆိတ်လေးနားထောင်ပေးတတ်တဲ့ သံချောင်း ကို သတိရမိပါတယ်။သူဟာ ကျနော် အတွယ်တာရဆုံး သက်ရှိတွေထဲက အနိမ့်ဆုံး သက်ရှိလေးတစ်ကောင်ပါ ။



ဒီပုံကတော့ အင်တာနက်ကနေရှာထားတဲ့ သံချောင်းနဲ့ အနီးစပ်ဆုံးတူတဲ့ ကြောင်ပုံလေးပါ ။

Friday, October 29, 2010

မှားပြန်ပေါ့ အမေ

ဒီတစ်ခါလည်း သားမှားပြန်ပေါ့ အမေ
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ လွဲမှားခြင်းတွေနဲ့
အမှားတွေကို ပြင်ဆင်ရင် အမှားအသစ်တွေက ကြိုဆိုလို့
တစ်ချို့က တွန်းတယ် တစ်ချို့က လက်ကမ်းတယ်
နေရာသစ်မှာ အခြေကျဖို့အရေး ရုန်းကန်လှုပ်ရှားရတာ ကြမ်းတမ်းလွန်းတော့
နေရာဟောင်းက အိပ်ခန်းအိုအို နဲ့ မီးရောင်မှိန်မှန်လေးကို လွမ်းတယ်
ခြောက်လွှာ အထပ်ခိုးကနေ
ဆေးလိပ် ကွမ်းယာရောင်းတဲ့
ချိုပေါ့တစ်ခွက်ကို လေးဖြူးရဲ့ အလင်းရောင်သီချင်းကို အေးအေးလူလူ နားဆင်လို့ရတဲ့ နယ်စပ်မြို့လေးကို လွမ်းတယ်
အပြောင်းလဲကိုကြောက်လို့ ငြိမ်ငြိမ်လေးထိုင်မယ်စိတ်ကူးခါမှ
ဘ၀က လှုပ်ရှားမှုတွေစလို့
ခွင့်လွှတ်မှန် သိပေမယ့် ထပ်တောင်းပန်းပါတယ် အမေ
ဒီတစ်ခါလည်း သားမှားပြန်ပေါ့
ဒီလတော့ ငွေတစ်သိန်းပို့လိုက်တယ် အမေ
သားလည်း စားပြီးသောက်ပြီး လက်ထဲတော့ နှစ်ထောင်လောက်ကျန်တယ်
သောက်တတ် စားတတ် ထုံပေပေနေတတ်လာတာကလွဲလို့
သားလည်း အရင်တိုင်း ပိန်တုန်းပဲ
အမေ ကော နေကောင်းရဲ့လား
အိမ်က နွားမကြီးကော သားကျပြီလား အမေ
သတင်းတော့ကြားသား အမေ မွေးထားတဲ့ ၀က်မကြီး သားဆယ်ကောင်မွေးလို့ အမေပျော်နေတဲ့အကြောင်း
အမေ နေကောင်းပါစေ ကျန်းမာပါစေလို့ဆုတောင်းရင်း
အမှားတွေ များတဲ့ အမေ့သား
အမေ့ကို မှန်းဆ ကန်တော့ရင်း
အဝေးတစ်နေရာမှာ သားလည်း အမှားတွေ အထပ်ထပ်နဲ့
မှားပြီးရင်း မှားပြန်ပေါ့ အမေ ။

Thursday, October 7, 2010

လမ်းခွဲ


ချစ်သူတွေလို
တို့တွေ့ဆုံပြီး
ရန်သူတွေလို တို့လမ်းခွဲကြမယ်
ဟော့ဒီ ချစ်ခြင်းမေတ္တာ ဆိုတဲ့ အရိပ်ရဲ့အောက်မှာ..............






Saturday, October 2, 2010

ယမကာ

ယမကာ အငယ်လေးထဲက နားထဲ စွာနေတဲ့ အသုံးပေါ့ အဲ့ယမကာကို မှီဝဲပြီးရင် စကားအရမ်းနည်းတဲ့ အဘက ဖောင်ဖောင် ဖေါက်သလို စကားတွေ များလာတတ်တယ် ။ ပြီးတော့ ထမင်းစားကောင်း နောက်တစ်ခါကျ စီးပွားရေးအဆင်မပြေလို့ နောက်ထပ်တစ်ခါကျ ဧည့်သည်တွေလာလို့ ဧည့်ခံရတာနဲ့ ဒါကတော့ လူမှန်းသိတတ်ခါစ ကျနော့်ရဲ့ ယမကာပေါ်အမြင် အဲ့အခါးရည်ကြီးတွေ မြိုချလိုက်ရင် မျက်နှာကြီးတွေ ရှုံ့မဲ့နေပြီး ဘာများကောင်းလို့ သောက်နေကြတာလဲမသိ ။ အဖဇာတိသားမှာရှိ ကိုကြီးက တစ်ခါ အမွေဆက်ခံတာပေါ့ ပြီးတော့ သူအလိုမကျရင် ရွာက အိမ်ရှေ့လမ်းမကိုထွက် အမေ့ကိုရစ်ပုံကတော့ “ ဘာဖြစ်လဲဗျာ ကျနော်မူးတော့ ဘာဖြစ်လဲ ကျနော်က ဘယ်သူ့သားတုန်း **** + ***** သားလေ မိုက်တဲ့ကောင်ထွက်ခဲ့ ” တဲ့ အဲ့တုန်းက ခလေးစိတ်နဲ့ စိတ်ထဲက ကိုကြီးရူးသွားတာလားမသိလို့ ဖြစ်မိတယ် ။

ကိုငယ်ကတော့ အရက်လေး မူးတူးတူးနဲ့ ပျားအုံကိုတင်နင်းမိလို့ မိန်းမရသွားတာတဲ့ ပြောတာပဲ သူလိုချင်နေတာဖြစ်မှာပေါ့လို့ စိတ်ဆိုးဆိုးနဲ့တွေးလိုက်မိတယ် စီးပွားရေးအဆင်မပြေတဲ့မိသားစုမှာ သားယောကျာ်းလေးမရှိတော့ အားပြတ်သွားတဲ့ ခြံသမားမိသားစုမှာ ဗီလိန်ဖြစ်သွားရတာကတော့ ကိုငယ် ပါ ။ အဲ့ဒီယမကာ ကျနော့်အစာအိမ်ထဲ ပထမဆုံးအကြိမ်ဝင်တာက ၇ နှစ်သားလောက်မှာ အဘရဲ့ ကရင်ရိုးရာနတ်စားရင်မိသာစုဝင်တွေအားလုံး ချစ်ခင်မှုရှိအောင်ဆိုပြီး သောက်ကြရတာ အဲ့တုန်းကတော့ တစ်ငုံလေးသောက်ပြီးတာနဲ့ အမေ့ပေါင်ပေါ် အိမ်ပျော်သွားတော့တာပဲ ။ ၁၀တန်းကျောင်းသားတုန်းက စာသောက်ဆိုင်တည်ထားတဲ့ အစ်မအိမ်မှာနေတဲ့ကျနော် စူးစမ်းလေ့လာချင်တာနဲ့ ဘီအီးတစ်ခွက်ကို မီးဖိုချောင်ထဲ အသာလေးခိုးလာပြီး မော့မယ်ကြံတော့ လျှင်လိုက်တဲ့ ကျနော့်အစ်မ နာရွက်ကို ဆွဲပြီး ခေါင်းကို ကုလားတက်တုံးခေါက်တာ ကျနော်လိမ်တဲ့ လိမ်နည်းက မီးဖိုစောင့်နတ်မြှောက်တာပေါ့း) ။

ကျောင်းတက် အဆောင်မှာနေတဲ့ စာမေးပွဲမှာ မိုင်ခရိုမိသွားတဲ့ သူငယ်ချင်းကျောင်းထုတ်ခံရလို့ ၀မ်းနည်းခြင်းအထိမ်းမှတ်နဲ့ သောက်တဲ့နေ့က သူငယ်ချင်းတွေ အခန်းထဲတွဲပို့ရတဲ့တော့တာပဲ နောက်မနက်ကျ အဆောင်မှူးက မင်းကို အေးတဲ့အဆောင်သားစာရင်းထဲထည့်ထားတာ မင်းလည်း ကြောင်ချီးပဲတဲ့ ။ ယမကာတွေပေါတဲ့ ဒီကိုရောက်တော့ သူသူငါငါ သောက်စားကြတာက ဘာအတားဆီးမှမရှိသလို လွတ်လပ်စွာ စီးမျောခွင့်ရတယ် ရုံးကသူတွေအားလုံး တစ်လတစ်ခါ အပြင်ထွက် သောက်ကြစားကြရင် ကိုယ်လည်း ထိုင်းမလေးတွေနဲ့ အပြိုင်သောက်မိတော့ ရီဝေေ၀ရဲ့ ညခင်းတွေဖြစ်ကော ကိုယ်ကတော့ ရှုံးမြဲ ရှုံးလျှက်ပါပဲ ။အစရှိတော့ စိတ်ကလေးက နည်းနည်းလေး နောက်လာတာနဲ့ ဒါကိုပဲ ပြေးပြေးမြင်ယောင်မိတော့တယ် သားလိမ်မာလေးလို့ သတ်မှတ်ထားတဲ့ အမေကတော့ ဒီပုံကိုမြင်ရင်တော့ ရင်ကျိုးတော့မှာ ။

တကယ်တော့ ချစ်ရတဲ့ အဘနဲ့ အစ်ကိုတွေက ကိုယ့်ကို သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေနဲ့ အများကြီးဆုံးမခဲ့တာပါပဲ အစ်ကို့ကြောင့် အမေအရှက်ရလို့ ဒီအရည်ကို မသောက်တော့ဘူးလို့ဆုံးဖြတ်လိုက်တိုင်း သောက်ချင်ပေမယ့် မသောက်ဖြစ်တော့ပါဘူး ။ပြီးခဲ့တဲ့တစ်ပါတ်က အရက်ပြင်းပြင်းကို မသောက်ချင်ပေမယ့် အတင်းတိုက်လို့သောက်လိုက်ရတော့ ပြန်လာပြီး မရှုနိုင်မကယ်နိုင်ဖြစ်ရတဲ့ ကိုယ်လိုက်သွားမိတာ အပြစ်ရှိသလို ကျောနဲ့ရင်ကပ်နေတဲ့ ကိုယ့်အဖြစ်က ရင်ဘတ်ကြီးအောင့်တော့ အသက်ရှူလို့ပဲမရတော့သလိုလို အရက်နာကျတာ ဒါပဲဖြစ်ရမယ် ရုံးက အစ်မကိုပြောပြတော့ သွား နည်းတောင် နည်းသေးတယ် မသောက်ပါနဲ့ ပြောတာကိုတဲ့ ကြင်နာလိုက်ကြပုံများ အရက်သမားကို ဘယ်သူမှကြည့်မရဘူးထင်ပါ့ ။ သောက်လေ သောက်လေ ငတ်မပြေ ဆိုရင်တောင် မသောက်ချင်တော့ဘူး ငယ်ငယ်လေးနဲ့ သေချင်လားလို့ မေးတဲ့ အခါတိုင်း ခေါင်းခါရင်တော့ မသောက်တာပဲကောင်းပါတယ် နော့်း)

ကိုယ်တိုင်ရေး ကိုယ်တိုင်ဖတ်မှာ မှတ်ချက်ပေးသွားတဲ့ ဘကြီးရဲ့တူလေး အတွက်ပါ ကျေနပ်နိုင်ပါစေ ။




( ဒီပုံထဲက ဘီယာကတော့ တော်တော်ကိုသောက်လို့ကောင်းတယ် )

ချစ်ရတာ မောတယ်

ရှင်းလေ ရှုပ်လေ
ရှုပ်လေ ပတ်လေ
ပတ်လေ ရစ်လေ
အစရှာမရတဲ့ ကြိုးထုံးလို
ချစ်ရတာ မောတယ်
လွမ်းရတာ မောတယ်
နားလည်မှုတွေ လွဲနေကြတာ မောတယ်
ချစ်တယ်ပြောတော့ ခလေးကုလား တဲ့
လွမ်းတယ်ပြောတော့ စိတ်မပါသလိုကြီးတဲ့
လောလော လောလော ပြောတော့ ဘာဖြစ်နေတာလဲတဲ့
အေးအေးဆေးဆေး ပြောတော့ စိတ်မပါရင် စကားမပြောနဲ့တဲ့
ပြောလိုက်သမျှ စကားတွေကလည်း ကောင်းကင်ကနေ မြေကြီးထိ
ပြောလိုက်သမျှ အကြောင်းရာတွေကလည်း တစ်ရွှေလုံးတစ်မျိုးလုံးကုန်ပြီး
ပြောစရာတွေ ရှားပါးလာတော့ စိတ်ကောက်
စိတ်ကောက်တော့ ထပ်ချော့
ထပ်ချော့တော့ ထပ်ကောက်
ဟူးး..................................... ချစ်ရတာလေ
-
-
-
-
ဘုန်ကြီး ၀တ်ချင်တယ်



Wednesday, September 29, 2010

ကိုယ်တိုင်ရေး ကိုယ်တိုင်ဖတ်

။ ဘ၀တစ်ကွေ့ဆုံတွေ့ကြရတဲ့သူတွေကို ကောင်းသောတွေ့ဆုံခြင်း ကောင်းသောခွဲခွာခြင်း တွေနဲ့ဆက်ဆံနိုင်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ တစ်ချိန်ချိန်ကျ ကိုယ့်ဘ၀အမှတ်တရတွေမှာ လှပတဲ့ အတိတ်နေ့ရက်တွေဖြစ်လာပါလိမ့်မယ် ။

။ ဘာအကျိုးမှ မမျှော်ကိုးပဲ ကူညီပေးလိုက်တဲ့နောက်မှာ “ ကျေးဇူး” ဆိုတဲ့စကားလေးတစ်ခွန်းမကြားရလည်း ၀မ်းမနည်းပါနဲ့ သူများအကျိုးဆောင် ကိုယ့်အကျိုးပြောင်လို့မပြောမိပါစေနဲ့ တစ်နေ့ စေတနာအကျိုးပြန်ပေးမယ်လို့ ယုံကြည်လိုက်ပါ ။

။ တစ်ခါတစ်ခါ ကိုယ့်လုပ်ရပ်ကမှန်တယ်လို့ထင်ရပေမယ့် ရှု့ထောင့်အမျိုးမျိုးပြန်စဉ်းစားကြည့်မိတဲ့အခါ မှားမှန်းသိရင် ပြန်တောင်းပန်ဖို့ ၀န်မလေးမိပါစေနဲ့

။ အချစ် = ပူတတ်သည် မကိုင်ပါနှင့် ( မီးဘေးရှောင်မလောင်ခင်တား)

။ အမုန်းဆိုတာ မုန်းနေရတဲ့ကိုယ်ကိုယ်တိုင်လည်း ပူလောင်တာမို့ ဘယ်သူ့ကိုမှမမုန်းမိအောင်ကြိုးစားပါ။

။ သူများအကြောင်း ပြောရင်တော့ ပြုံးစိစိနဲ့ တ၀ါးဝါးရယ်ပြီး ကိုယ့်အကြောင်းပြောတဲ့ အခါကျ သွားခိုးမနားထောင်မိစေနဲ့ ကိုယ်ပဲစိတ်ဆင်းရဲတတ်တာမို့။

။ စေတနာနဲ့ အကြံပေးတဲ့အခါ လေသံအေးအေးနဲ့ပြောပါ စိတ်မပါသလိုလို စိတ်မရှည်သလိုလိုနဲ့ ပြောမိတဲ့အခါ တစ်ခြားသူက ဘယ်လိုထင်မလဲ ကိုယ်တိုင်ဝင်ခံစားကြည့်တော့ စောင့်ကြီးအောင့်ကြီးပြောတယ်လို့ထင်ကော အဲ့တော့ ကိုယ့်စေတနာတွေက သဲထဲရေသွန် ..။

။ အသေးအမွှားအကြောင်းရာလေးတွေနဲ့ စိတ်ပျက်အာငယ်နေတတ်ရင် ရှေ့ဆက်လျှောက်လှမ်းဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါသလား ပြန်တွေးပါ ။

။ မလုပ်ခင် စဉ်းစားပါ စဉ်းစားပြီး အမှားနည်းအောင်လုပ်ပါ လုပ်ပြီး ဖြစ်ပြီးသမျှတိုင်းကို ပြန်ပြီး နောင်တ မရတတ်အောင်ကြိုးစားပါ ။

၁၀။ ဒေါသရှေ့ထား စကားမဆိုမိပါစေနဲ့ စိတ်ဆိုးစရာကြားရတိုင်း မြင်ရတိုင်း အသက်ကိုပြင်းပြင်းရှူထုတ်လိုက်ပါ ။

၁၁။ ကြား ၃ ကြားရှောင်ပါ ...။

၁၂ ။ အချစ်အကြောင်း မဝေဖန်မိပါစေနဲ့ ဒီတစ်ယောက်က ဒီလောက်ရုပ်ဆိုးတာ ဘယ်လိုများကြိုက်မိပါလိမ့်လို့ ဝေဖန်မယ်ဆိုရင် ကိုယ်လည်း တစ်နေ့ ကုလားမကြီးနဲ့ မညားနိုင်ဘူးလို့ အာမခံနိုင်သား အချစ်အကြောင်း ဝေဖန်မယ်ကြံတိုင်း ကုလားမကြီးကို မျက်လုံးထဲမြင်ယောင်ကြည့်လိုက်ပါ ဒါဆို မဝေဖန်ရဲတော့ဘူး ။

၁၃။ ကိုယ့်အပေါ် ကျေးဇူး ရှိဖူးသူများကို ကျေးဇူးလို့ပြောဖို့ ၀န်မလေးမိပါစေနဲ့ အပြောနဲ့တင်မပြီးသွားပဲ တစ်နေ့နေ့ ကျေးဇူးပြန်ဆပ်နိုင်အောင်ကြိုးစားပါ ။ အခါအခွင့်ကြုံတိုင်းအမှတ်ရပါ ။


P>S = နောက်လည်းရေးဖြစ်အုံးမှာပါ ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်ပြီး ပြစ်ချက်တစ်ချို့ပေါ့ အများကြီးရှိပါသေးတယ် အမှားတွေ လူဆိုတာ အမှားနဲ့တော့ ဘယ်ကင်းနိုင်မလဲလေ နော့် ဟုတ်ဘူးလားဗျာ :)

Monday, September 27, 2010

အမေပြောပြတဲ့ ကျနော့်အကြောင်း

အမေ ..... အမေလို့ခေါ်လိုက်တာနဲ့ ကိုယ့်လောကကြီးတစ်ခုလုံး လုံခြုံနွေးထွေးသွားသလို ခေါ်လိုက်ရတာ ပါစပ်ထဲအရသာရှိသွားတာပဲ ။ အမေချက်ကျွေးတဲ့ဟင်းဆို ခါးနေပါစေ စားကောင်းမြဲပါ ။ အမေ....မောင်နှမတွေများတော့ အမေက ဒုတိယသမီး ကျောင်းမနေပါ မောင်ညီမတွေကိုထိန်းရင်း ရေးတတ်ဖတ်တတ်ရုံလောက်ပဲ အမေသိတယ် ။ အမေက ဘ၀အသိတွေ လောကဓံရဲ့ ခပ်ပြင်းပြင်းရိုက်ခတ်မှုတွေကို သင်ခန်းစာယူရင် သားသမီးတွေကို အမေက ညအိပ်ယာဝင်ပုံပြင်တွေအဖြစ် အမြဲပြောပြနေကြ။ ညအိပ်ခါနီးတိုင်း ခေါင်းကိုပွတ်သပ်ပေးနေကျ အမေ့လက်ကြမ်းရှရှလေးကိုသတိရတယ် ။ ကျောင်းမနေဖူးတဲ့ အမေ သားသမီးတွေ အားလုံးရဲ့ မွေးနေ့တွေကို အလွတ်ရနေတတ်တာ ဘာကြောင့်ပါလိမ့် အမေ့ရဲ့ အချစ်စွမ်းအားတွေကြောင့်ပေါ့။

“ နင်တို့ဘ လူပျိုတုန်းက အမေ့ကိုဘယ်လိုပိုးတယ်ထင်တုန်း အစ်ကိုတွေ ၊မောင်တွေများတော့ ကြောက်တယ်ထင်ပါ့ အိမ်မှာ မိုးတွင်းစပါးရိတ်ချိန်ပြီးတိုင်း အမေတို့အိမ်မှာ အလကားကျွဲလာကျောင်းပေးတာ ” တဲ့ ပြီးတော့ ထောက်ခံချက်လေးယူလိုက်သေး “ ဟုတ်တယ်မှတ်လား ငပေါ ” တဲ့ အမေက အဘကိုချစ်စနိုးတဲ့ခေါ်တဲ့ နာမည်က ငပေါ ကရင်အမျိုးသား အဘဒီအရွယ်ကြီးရောက်ပေမယ့် ရှက်သွားတယ်ထင်ပါ့ “ နင်တို့မေတို့ဟာလေ ခလေးကုလား သားသမီးတွေ ရှေ့မှာ ” ဆိုပဲ ။ အစ်မအကြီးဆုံးမွေးတုန်းက ဒုက်ခရောက်တဲ့ဘ၀ကို အမေပြန်ပြောပြတိုင်း အမေ့ကို သနားမိတယ် ခလေးကငယ်ငယ် စီးပွားရေး အဆင်မပြေတော့ ခလေးဖျားနေတာကို ဂရုမစိုက်နိုင်တော့ လသားလေးနဲ့ လူ့လောကထဲက ထွက်သွားရတဲ့ အဖြစ်ပါ။

ကိုကြီးငယ်ငယ်တုန်းက မုန့်စိမ်းပေါင်းသည်ကို နောက်ကနေ တုတ်နဲ့ထိုးချလိုက်လို့ လျှောလိုက်ရတဲ့အကြောင်း ။ အစ်မကတော့ အပျိုပေါက်လေးတုန်းက ဆန်တွေတအားစားလို့ ကြောင်ချီးတွေ လူးထားရတဲ့အကြောင်း မိသားစု စကားဝိုင်းတိုင်း အမေပြောနေကျပါ ။ ခလေးသေးသေးမြင်ရင် ချီလည်းချီချင်တယ် ပျော့စိစိလေး ပြုတ်ကျမှာကြောက်လို့မချီရဲတဲ့ အဖြစ်ကိုတွေ့တော့ အမေက ပြုံးရင်းဆိုတယ် “ နင့်တုန်းက အဲ့ထက်တောင်ဆိုးသေး ခေါင်းကနီတာရဲ အမေ့ရဲ့ နံကပ်သား အဘရဲ့ နောက်ဆုံးကျည်ဆံလေးဆိုတော့ ကြွက်စုတ်လေးလိုပဲ ” တဲ့ အဲ့လိုပြောတိုင်း ရှက်ရှက်နဲ့ ဆိုမိတဲ့ စကားက “အမေကလည်းဗျာ ” ။

ကျနော့်ကိုမွေးတဲ့နေ့က အဖြစ်အပျက်ကို အစ်မက မကြာမကြာပြောရင်းစတယ် တစ်ခုခုဖြစ်တိုင်း နင်ဟာလေး တခါတည်း ရေကပြင်ထဲကျသွားရမှာတဲ့ စိတ်ဆိုးဆိုးနဲ့ အမေ့ကိုဂျစ်တိုက်တာ မပြောမဖြစ်တဲ့အမေ မှတ်ညဏ်တွေမပျောက်ပဲ မှတ်မိနေတာပါပဲ ။ အဲ့ဒီနေ့ အမေ့ဗိုက်ထဲကကျနော် ရှုပ်ထွေးပွေလီလွန်းလှတဲ့ လူ့လောကကြီးထဲ တိုးထွက်နေတာပေါ့ ခြံသမားအဘ လှည်းတိုက်ပြန်လာရင်း ပင်ပန်းလာတော့ ရှကီလေးက တစ်လုံးရယ် ၂ လုံးရယ်နဲ့ အလုံးပေါင်းတွေထပ်လို့ တော်ကြာ ကြက်သွန်သုတ်ပေးပါအုံး တော်ကြာ မြေပဲလှော်ပေးပါအုံးနဲ့ အမေ့ကိုရစ်နေတာ ဗိုက်နာလျှက်နဲ့ အမေ့ခမျာ လုပ်ပေးရတုန်း ။ ကြာလာတော့ မအောင့်နိုင်တော့တဲ့ အမေ “ငပေါ ငါဗိုက်အရမ်းနာလာပြီး အမေတို့ကို သွားခေါ်စမ်းပါ” လို့ အမေကပြောတော့ အမူပြေချင်သွားတဲ့ အဘ လှေကားထစ်ဆင်းတာ ပြေချင်ပေမယ့် မပြေတဲ့ အမူးဒဏ်က လှေကားတစ်ထစ်မှာ တစ်ခါ အိပ်ပျော်နေပါကောတဲ့ ဖြစ်ရလေ ချစ်လှစွာသော အဘရယ် ။

၁၀နှစ်သမီး ၀န်းကျင် အစ်မကိုနှိုးပြီး အဖွားတို့ကို သွားခေါ်ခိုင်းတော့ မနက်လင်းကြီး ခလေးပီပီ အစ်မ အဖွားကိုသွားပြောတာက “ အဖွား အဖွား အမေ ခလေးတန်းလန်းကြီးနဲ့ ” တဲ့ သမီးဇောနဲ့ အဖွား အိပ်ယာထလာလိုက်တာ လမ်းတစ်ပိုင်းရောက်မှ အစ်မက နောက်လှည့်ကြည့်လိုက်တော့ အဖွားက အောက်ခံလုံချည်မပါဘူးတဲ့ အဖွားတစ်ယောက် တုန်၂ချိ၂ နဲ့ လုံချည်ပြန်ဝတ်ရတဲ့အဖြစ် အဖွားလည်းရောက် အမေက ရေကပြင်မှာ ချက်ကြိုးတန်းလန်းကြီးနဲ့ နီတာရဲ ကျနော့်ကို မွေးထုတ်ထားပြီးပြီး ရှေ့မှာ တိုက်ပွဲ ငါးပွဲတောင်တိုက်ထားဖူးတဲ့ အမေ ဒီတိုက်ပွဲတစ်ပွဲကိုတော့ အပျော့ပေါ့တဲ့ ။ မွေးကတည်းက ခပ်လွဲလွဲကျနော် ကျနော်မွေးတဲ့နေ့က အဖွားလုံချည်မပါပဲ မနက်အစောကြီး လမ်းထွက်လာတဲ့နေ့ အဘ မူးတဲ့နေ့ ၊ ညီမဇောနဲ့ မိန်းမဗိုက်ကြီးနဲ့တောင် မူးရမလားလို့ ဒေါသထွက်တဲ့ ကျနော့်ဘကြီး အဘကို ခေါင်းရိုက်တဲ့နေ့ အလွဲတွေ ခပ်များများနဲ့ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်တုန်းက လူ့လောကထဲ ရောက်လာတဲ့ နီတာရဲလေးက အမေပြောပြတဲ့ သူ့အကြောင်းကို ပြုံးစိစိနဲ့ ကီးဘုတ်ပေါ်မှာ စာတွေစီလို့ပါ ။





Sunday, September 26, 2010

မြစ်ကမ်းနဘေး

( Image From wallcoo.net)

ဒီဇတ်လမ်းက တကယ်တော့ ရိုးရိုးလေးပါ ရိုးသားမှုတွေခင်းကျင်းထားတယ် အချစ်တွေနဲ့ အချိုးကျကျ ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်ရှိတယ် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ လေထဲက အိမ်လေးတစ်လုံးရှိတယ် ချစ်သူနဲ့ တူတူ ဗိုက်ဆာရင် စာဖို့ ကြက်ဥပြုတ် ၂ လုံးရှိတယ် ။ အချစ်ဆိုတာ တကယ်တော့ အိပ်မက်ချို ပြင်းရှရှတစ်ခွက်သောက်လိုက်ရသလိုပါပဲ အိပ်မက်ထဲမှာတော့
ချစ်သူနဲ့ ပျော်လို့ ရွှင်လို့ အရာအားလုံးဟာလည်း ပြီးပြည့်စုံခြင်းတွေနဲ့ ရှတတဲ့ မာနတွေ ပြင်းရှ တဲ့ နားလည်မှု အလွဲတွေများပြားလာတဲ့ အခါမှာတော့ အိပ်မက်က လန့်နိုးရစမြဲပါပဲ နောက်ဆုံးတော့ အိပ်မက်ဟာလည်း ရေရေရာရာ ပြစရာဘာမှမရှိတဲ့ ဗလာသက်သက် ဗလာတစ်ခုပါပဲ ။

“မောင် ” ကြိုက်တာ အပြာရောင်လေ အစိမ်းရောင်ကို မုန်းမှန်းသိရဲ့သားနဲ့ အိပ်ယာခင်းတစ်ခုလုံး အစိမ်းရောင်တွေ ပြောင်းပစ်လိုက်တာတော့ ဒါ မောင့်ကို သက်သက်စော်ကားတာပဲ ” ” ဒါက ကိုယ့်ဘက်က မှားယွင်းမှုရဲ့ အစ ။ “ ဒီနေ့ဟာ ကိုယ့်ချစ်သူ တစ်ယောက်လုံးရဲ့ မွေးနေ့မှန်းမသိရလောက်အောင်ကို မောင် က မေ့တတ်နေပြီပေါ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ချစ်တဲ့သူအတွက် အရာရာကို အမြဲအမှတ်တရ ရှိနေတတ်တယ် မောင် အေး ဒါပေမယ့် ကိုယ်ပေးသလောက်ရဲ့ ၁၀ ပုံ ၁ ပုံလောက်တောင်မှ ပြန်မရခဲ့ဘူးဆိုရင်တော့ ဒီပြသနာရဲ့ အဖြေကိုတော့ မောင် နဲ့ ရှင်းဖို့လိုတယ်” ။ ဒါက ချစ်သူရဲ့ မယုံသကာင်္မှု နဲ့ နားလည်မှုလွဲမှားခြင်း က အလယ် ။

အချစ်ဟာ ရှုပ်ထွေးနေတဲ့ ကြိုးထုံးတစ်ခုဆိုရင် ဒီကြိုးထုံးကို ရှင်းဖို့ကြိုးစားမယ်လို့ဆုံးဖြတ်ခဲ့တာ ၂ ယောက်စလုံးပါ။ အခုမှ မောင့်ကို ချစ်ရတာ မီးတစ်စကိုဆုပ်ကိုင်ထားရသလိုပဲလို့ ပြောလာတဲ့ အခါမှာတော့ မာနတွေလည်း ဦးမော့လာရပြန်ပေါ့ ။ ညဦးဆို ဗိုက်ဆာတတ်တဲ့ ကိုယ့်အတွက် သူ မနေ့ညက ကိုယ်သိပ်ကြိုက်တဲ့ မားမားပြုတ်တစ်ပန်းကန် ပြင်ဆင်ပေးခဲ့တယ် ငရုပ်သီးစိမ်းတောင့်တွေ လှီထည့်ထားလိုက်တာ ဘယ်သိလိမ့်မတုန်း အချစ်ဆိုတာ ငရုပ်သီးစိမ်းလိုပါပဲ စားလိုက်မိရင် စပ်တယ် “ ဒါ ခင်ဗျား ကျနော့်ကို သတ်နေတာပဲ ” ဂွတ်နိုက်စ်လို့ မနှုတ်ဆက်ဖြစ်ပဲ ဒေါသစကားနဲ့ အဲ့ညကို နိဂုံးချုပ်လိုက်တယ် ။ သူနဲ့ ကိုယ် ဆင်တူကိုင်တဲ့ ဖုန်း ၊ ဖုန်းမှာ ဆွဲထားတဲ့ ချိတ်ကလေးကလည်း ဆင်တူ ကိုယ့်ကအပြာရောင် ချိတ်ကလေး သူကတော့ အစိမ်းရောင် ကမန်းကတန်းနဲ့ အလုပ်သွားတုန်း သူ့ဖုန်းကို ယူလာမိတဲ့ကိုယ် Miss called တွေ များလှကြီလား နံပါတ်ကတော့ ကိုယ်မသိတဲ့ နံပါတ်စိမ်း ဘာတဲ့ Heart > Half ဆိုပါလား။ဒါကတော့ သူ့ကို ယုံကြည်မှု မရှိနိုင်တော့တဲ့ ကိုယ့်ရဲ့ ခွင့်လွှတ်နိုင်မှုတွေက သူနဲ့ ကိုယ့်အတွက် အဆုံးသတ် ။

ဒီည အချစ်ကို နောက်ဆုံးဖွင့်ဆိုလိုက်တဲ့ ကိုယ် အချစ်နဲ့ တူတဲ့ ချိုပေါ့တစ်ခွက်ကို အကြာကြီးစွဲသောက်ပစ်လိုက်တယ် အချစ်က အစပိုင်းတော့ချိုမလိုနဲ့ နောက်ဆုံးကျ ပေါ့ရွှတ်ရွှတ်နိုင်သွားတဲ့ ချိုပေါ့တစ်ခွက်နဲ့တူပါတယ်။လမ်းခွဲမယ် ပြောတော့ သူက တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးနေတယ် ခွင့်လွှတ်ပြုံးလား နားလည်ပေးတဲ့ အပြုံးလား လွတ်မြောက်မှုတစ်ခုအတွက် ဂုဏ်ယူအပြုံလား သူ ပြုံးတော့ ပြုံးနေတယ် ဘာကြောင့်ပြုံးတယ် ဘာအတွက် ပြုံးတယ်ဆိုတာ ကိုယ်မသိပါ ။ အချစ်မှာ ရိုးသားမှု နဲ့ ယုံကြည်မှုတွေ ရှိသင့်တယ်ဆိုရင် သူက ရိုးသားတာလား ကိုယ်က ယုံကြည်မှုနည်းတာလား စဉ်းစားမရပါ ။ အိပ်ယာဝင်တော့ သူမရှိတော့တဲ့ အိပ်ခန်းက ခြောက်ကပ်ကပ် ထူးခြားနေတာက ကိုယ့်အိပ်ခင်းတွေ အားလုံး အပြာရောင်တွေဖြစ်လို့ပါလား ။

မိန်းမတစ်ယောက်ရဲ့ အချစ်ဆိုတာ နက်ရှိုင်းလှတဲ့ မြစ်တစ်စင်းပေါ့ မှန်းဆရခက်လှတဲ့ ခပ်နက်နက်မြစ်တစ်စင်းပါ ။ ဒီနေ့မှစ ကိုယ် ဘယ်တော့မှ မြစ်ကမ်းနဘေးမထိုင်တော့ပါ ။



Friday, September 24, 2010

အလှူ




တစ်ခါမှ မကျွေးဖူးတဲ့ ကျနော် ဘာမှမရှိပေမယ့် အပေါင်းသင်း ရောင်းရင်းတို့အတွက် အားနာတာနဲ့ စာမရေးနိုင်သေးတော့ မျက်နှာချိုသွေးရင် ကိုယ်တိုင်ဖျော်ထားတဲ့ ဇီိးနို့ဖျော်ရည်လေးရယ် ရှိတဲ့ မုန့်လေးပဲတင်လိုက်တော့တယ်ဗျး) စားသွားကြပါအုံး သူငယ်ချင်းတွေအားလုံးကိုလည်း ဖိတ်ပါတယ် ချမ်သာသမျှက ကနည်းတော့ ဆိုင်ကြီးတွေမှာတော့ မကျွေနိုင်သေးဘူးဗျ ဒါလေးပဲ စားထားနှင့်ပါ ။ နောက်တော့ ဆိုင်ကြီးကြီးမှာ ကိုယ့်ပါသာစားရင် သူငယ်ချင်းတွေကို သွားရည်ကျခိုင်းအုံးမယ် ။




Thursday, September 23, 2010

“ဒီလိုပါပဲ”



ဒီလိုပါပဲ
ဒီလိုပါပဲ ဆိုတဲ့စကားလုံးကို အပြည့်အစုံရှင်းပြနိုင်အောင်…

ကြိုးစားခဲ့တာ ဘာမှအရာမထင်ခဲ့ပါဘူး…
နွေဦးကာလတစ်ခုကို လွန်မြောက်ခဲ့ပြီးတဲ့နောက်…
ရာသီအဖွင့်အပိတ်တွေတိုင်း အမြဲရောက်လာတဲ့ စကားလုံးက…
ဒီလိုပါပဲ ဖြစ်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..

ထမင်းစား ရေသောက် ဘာတွေဖြစ်နေသလဲ ဒီလိုပါပဲ…
ငွေရေးကြေးရေး အလုပ်ကော အဆင်ပြေသလား ဒီလိုပါပဲ…

ဒီလိုပါပဲ ဒီလိုပါပဲ ဒီလိုပါပဲထဲက ဒီလိုပါပဲ…
ဘယ်လိုပါလဲ ဒီလိုပါပဲ ဒီလို ဒီလိုပါပဲ….
အသိမ်းအနှုတ် အသော့အရမ်း အထေ့အငေါ့…
အမြောက်အပင့် အချေးအဌား အချစ်အလွမ်း…
ကျန်တာတွေမေ့ထားကြပေါ့….


သူတို့တွေပြောကြတဲ့ ဒီလိုပါပဲ…
ဒီလိုပါပဲဟာ ကူးစက်ရောဂါ…
ဒီလိုပါပဲဟာ နေထိုင်မှုဘ၀…
ဒီလိုပါပဲဟာ စီးနေကြဘတ်စ်ကား..
ဒီလိုပါပဲဟာ အပေါင်ဆုံးသွားတဲ့အရာတစ်ခု…
ဒီလိုပါပဲဟာ ရွေ့လျားနေတဲ့ မျှော်လင့်ချက်…
ဒီလိုဘာပဲဟာ ဘေးမှာရပ်နေတဲ့ သေခြင်းတရား…
ဒီလိုပါပဲနဲ့ပဲ နှုတ်ဆက်ကြ နှုတ်ဆိတ်ကြ…
တစ်နေ့ တစ်နေ့ ဒီလိုပါပဲထဲခုန်ချ…
ဒီလိုပါပဲ စကားတွေပြောကြ…
ကျွန်တော်ဟာ အမြဲဒီလိုပါပဲ….

~~~~~ ဘာလာရှာပါသလဲ ဘာမှမရှိလို့စိတ်မကောင်းပါ…
ပန်ကန်မှာ ကျန်နေတဲ့ တစ်ဝက်ပဲ ရှိတဲ့ထမင်းလုံးလား…
ငါလည်း ပုရွက်ဆိတ်ပါ တော်သလိုသာနေကြပါ…
ငါ့ကို လာမကိုက်ကြနဲ့ မရတော့ဘူး ~~~~~~

ဒီလိုပါပဲ ပုံပြင် ဒီမှာ အဆုံးသတ်၏
မျှော်သူကား ပေါ်မလာခဲ့…
ကဲ.. အဲတာဆို အိမ်ပြန်ပြီ…
ဒီလိုပါပဲ….။

တောကျောင်းဆရာ (မုတ်သုန်လေ)

Tuesday, September 21, 2010

စိတ်ရှုပ်တဲ့အခါ

စိတ်ရှုပ်တဲ့အခါ ကျနော်ဘာတွေလုပ်တယ်ထင်ပါသလဲ ??? :) ဆံပင်တွေဆေးဆိုး နားတွေဖေါက် လိုက်လားမလိုက်လားမသိ တွေ့ရာတွေကောက်ဝတ်ထည့်လိုက်တာပဲ ။ ခုရက်ပိုင်းဆို ပိုဆိုး တွေ့သမျှလူကိုလိုက်နောက်ချင်နေတာ ဖေ့ဘွတ်မှာဆို ပေါက်ကရမက်ဆေ့တွေလိုက်ရိုက်ထည့်နေတာပဲ ။စိတ်ညစ်ညစ်နဲ့ အွန်လိုင်းဝင်ပြီး ပြောချင်တာတွေ လိုက်ပြောနေတာ ဟိုမေပယ်လ်ကုလားစုတ်လေးက ဆြာကြီးလုပ်ပြီး ကိုယ့်ကိုဟောက်ထည့်သွားတယ် ။ ဘာလုပ်လုပ် အဆင်မပြေတော့ မနေ့က ဆံပင်တွေ ဆေးသွားဆိုးလိုက်တယ် မကြိုက်တဲ့သူတွေများတယ် အမေကလည်းမကြိုက် အမေသာ သိရင်တော့ နေပူထဲထွက်လို့လား အုန်းဆီမလိမ်းဘူးလားလို့ မေးတော့မှာ ။

ဆံပင်ဆေးရောင်က အတောက်ကြီးတော့လည်းမလုပ်ရဲတော့ နည်းနည်းအရောင်မှိန်တာလေး နာပေါက်ဖောက်ပြီး နားကပ်တပ်ထားတာ နားက ခဲဆွဲထားသလိုကြီးဖြစ်လို့ ဖြုတ်လိုက်တယ် ခုတော့ ဖောက်ထားတဲ့နားဖက် စောင်းမအိပ်ရဲ နာလို့ လှချင်တော့လည်း ခံပေါ့ ။ အစစ်မ၀တ်နိုင်တော့ ဖန်စီတွေလိုက်ဝယ်တယ် ဈေးတော်လို့ 19 ဘတ် ကြိုက်တာယူ ဆွဲကြိုးတစ်ကုံး လက်စွပ်တစ်ကွင်းဝယ်လိုက်တယ် ။အရင်က ဆံပင်နားထိုးတာနဲ့ မနေတတ်လို့ ခဏခဏညှပ်ပေမယ့် ခုတော့ မညှပ်ချင်တော့ဘူး ဈေးကြီးတာလည်းပါတယ် ။ နှုတ်ခမ်းမွှေးတော့ မြင်မကောင်းလို့ ရိတ်ရတယ် မဟုတ်ရင် လူကြမ်းကြီးနဲ့တူလို့ ။ ဘာမှတော့မဟုတ်ပါဘူး သူငယ်ချင်းတစ်ယောက်က ဆံပင်ညှပ်တဲ့အကြောင်းရေးပါလားတဲ့ ဘာရေးရမှန်းမသိလို့ ဆံပင်မညှပ်ဖြစ်တဲ့ အကြောင်း နဲ့ စိတ်ရူးပေါက်တဲ့ အချိန် ပေါက်ကရတွေလိုက်လုပ်ဖြစ်တဲ့အကြောင်းရေးလိုက်တာ ။ တော်ပြီး ခဏဖတ်တဲ့သူတွေပါ စိတ်ညစ်ကုန်အုံးမယ်း)

ဒီတစ်ခါ ကြောင်ပြုံးလည်း မပြုံးဘူး ငါးခူပြုံးလည်းမပြုံးဘူး ခပ်မိုက်မိုက်ပဲကြည့်လိုက်မယ် သဘောပေါက်ရင် ပိုက်ဆံချေးပါ :P

Sunday, September 19, 2010

ထိုင်းအနုပညာရှင်များအကြောင်း တစေ့တစောင်း

ရောက်စက ထိုင်းစကားမြန်မြန်တတ်အောင် ထိုင်းဇတ်ကားတွေ ကြည့်ဖြစ်တယ် ။ ဇတ်လမ်းအကုန်ကျခံနိုင်မှု ရိုက်ကွင်းနေရာ အသုံးဆောင် နဲ့ သရုပ်ဆောင်တွေရဲ့ လှပ မှုတွေလောက်ပဲ နားလည်ပေမယ့် သေသေချာချာကြီးတော့ ဇတ်ကားတခုလုံးကိုသိပ်နားမလည်ပါဘူး ။ ရုပ်ရှင်ဇတ်ကားတခုကိုကြည့်ခြင်းအားဖြင့် သူတို့နိုင်ငံရဲ့ လူနေမှုတွေကိုပါ မှန်းလို့ရတယ်လို့ထင်ပါတယ် ဥပမာ အိမ်ထောင်ရေး အရှုပ်အရှင်းလိုမျိုးတွေပေါ့ ။ ထိုင်းကြော်ငြာတွေလည်း အဆင့်တန်းရှိပြီးကြည့်လို့ကောင်းပါတယ် အလှပအသုံးဆောင်က လွဲလို့ ကျန်အသုံးဆောင်တွေကိုတော့ ဟာသနဲ့ကြော်ငြာကြတာ တွေ့ရပါတယ် ။

တနေ့က သတိထားလိုက်မိတဲ့ သတင်းလေးတပုဒ် တော်ရုံအရှုပ်ထွေးလောက်ကို ရိုးနေပြီမို့ သိပ်သတိမထာတော့တဲ့ ကျနော် ဒီသတင်းကိုတော့ သေချာကြီးကို ပြန်ပြန်ကြည့်ဖြစ်ပါတယ် ။ မင်းသားက အသက် ၂၅ နှစ်ဝန်းကျင်လေး ရုပ်ရည်ကော သရုပ်ဆောင်မှုမှာပါ တော်ရုံမက အဆိုပိုင်းမှာပါ တော်တဲ့ မင်းသားတယောက်ပါ ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးများရဲ့ အသည်းကျော်လို့လည်းပျော်လို့ရပါတယ် ။ “ဖန်” လို့ အတိုခေါက်ခေါ်တဲ့ မင်းသားပါ ။ ဇတ်လမ်းရဲံ အရှုပ်တော်ပုံကတော့ ရုပ်ရည်ချောမောလှတဲံ့ မင်းသားငယ်ငယ်လေးနဲ့ ထိုင်းကျေးလက် သီချင်းတွေကို သီဆိုတဲ့ အသက် ၃၀ကျော် အဆိုတော်မင်းသမီးတစ်ယောက်ရဲ့ ဇတ်လမ်းပါ ။

ထိုင်းနိုင်ငံရဲ့ လွတ်လပ်တဲ့ အချစ်ဇတ်လမ်းတွေကြားမှာ သူတို့ဟာလည်း အချစ်နယ်ကျူးခဲ့ကြတယ်ထင်ပါ့ မီဒီယာ အင်အားကောင်းလွန်းလှတဲ့ ဒီနိုင်ငံမှာ စူပါစတားနှစ်ယောက်ရဲ့ သတင်းက လုံးဝကို အမှောင်ကျလို့ပါ ဒီလို ဘာသတင်းမှမထွက်တာကတော့ အချစ်ကြီးလှတဲ့ မင်းသမီးရဲ့ သည်းခံနိုင်မှုနဲ့ ခွင့်လွှတ်အနစ်နာခံနိုင်မှုတွေကြောင့်ဆိုတာကိုတော့ နောက်ပိုင်းကျမှသိခွင့်ရခဲ့ပါတယ် ။ မင်းသမီးဟာ ကိုယ်ဝန်ရှိစထဲက ဒီအကြောင်းကိုဖွင့်ပြောပြခဲ့ပေမယ့် တာဝန်မယူချင်တဲ့ မင်းသားဟာ ကိုယ်ဝန်ကို ဖျက်ချဖို့လောက်ပဲ ပြောခဲ့ပါတယ်တဲ့ ။ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အရာရာကိုရင်ဆိုင်ပြီး ဒီခလေးကို သူမတစ်ယောက်တည်း မွေးခဲ့ပါတယ်လို့ မျက်ရည်တွေကျရင်း ပြောပြခဲ့တာကိုတွေ့ရတော့ တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။

ကိုယ်ဝန်ကြီးနဲ့ သတင်းကိုကြောက်တတ်တဲ့ မင်းသမီး ဒီနှစ်ပိုင်းမှာမှ တရှိန်ထိုးနာမည်ကြီးလာတဲ့ သူမရဲ့ ချစ်သူအတွက်ရေငုံနှုတ်ပိတ်ကာ တယောက်တည်း ကိုယ်ဝန်ကြီးနဲ့ မိဘလည်းမသိ ညီအစ်ကိုမောင်နှမတွေလည်းမသိ ဘယ်သူတစ်ဦးတစ်ယောက်မှ မသိပဲ တစ်ခြားနယ်မှာ ဒီခလေးကို မွေးခဲ့ရတာပါ ခလေး ၃ လသားလေးကျမှအိမ်ကိုပြန်လာခဲ့ရတာပါ ။ဖုန်းဆက်တော့လည်းမရ အလုပ်ကိုအကြောင်းပြတဲ့ မင်းသား ခလေးရတော့လည်း တချက်လာကြည့်ဖော်မရတဲ့ မင်းသားကို ချစ်စိတ်နာလျှက်နဲ့ သတင်းတွေဖွင့်ချခဲ့တာဟာတော့ ထိုင်းတစ်နိုင်ငံလုံး ဟုန်းဟုန်းတောက်သွားခဲ့ရတဲ့ သတင်းတစ်ပုဒ်ပါ ခလေး ၃ သားရောက်မှ ဖွင့်ပြောခဲ့တဲ့ သူမရဲ့ သည်းခံနိုင်မှုဟာ အတိုင်းတခုထိ ကျော်လွန်သွားလို့ ဖွင့်ပြောခဲ့ရတာကိုလည်း နားလည်ပေးမိပါတယ်။

ကျမ ကိုယ်ဝန်ကြီးနဲ့ တယောက်တည်း အရမ်းကိုကြောက်ခဲ့ရပါတယ် စားတော့လည်းတစ်ယောက်တည်း နေရတော့လည်း တယောက်တည်း ကျမသူ့ကို ချစ်လွန်းလို့ပါ အရာအားလုံးကိုလည်း နားလည်ပေးခဲ့ရပါတယ် အခုလိုသတင်းသမားတွေရှေ့ဖွင့်ချမိခဲ့တဲ့အတွက်လည်း သူ့ကိုတောင်းပန်ပါတယ် ဒါတွေအားလုံးဟာ ဘယ်သူ့အတွက်မှလည်း ကောင်းလာမှာမဟုတ်တဲ့အတွက် ခုလိုဖွင့်ပြောခွင့်ရတာနဲ့တင်ကျေနပ်ပါတယ် ။ ကျမတယောက်တည်းလည်း ကျမရဲ့ သားလေးကို ပြုစုစောင့်ရှောက်နိုင်ပါတယ်ရှင် အဖေ မရှိလို့လည်း ဘာမှမဖြစ်လာတော့ပါဘူး သူ့ကို ကျမဆီကိုပြန်လာဖို့ကိုလည်း ဘယ်တော့မှ အတင်းကျပ်မတောင်းဆိုပါဘူး ကိုယ့်ကိုယ်ကို မထိန်းသိမ်းခဲ့တဲ့အတွက် နောင်တရပြီးပြီမို့ နောက်ထပ်အမှားတွေမရှိအောင်ကြိုးစားသွားပါတော့မယ်လို့ ပြောချင်ပါတယ် ပြီးတော့ ကျမ ရဲ့ သားလေး ကိုလည်း ဒီလိုအဖြစ်မျိုးတွေ ဖြစ်ခဲ့ရတဲ့အတွက်တောင်းပန်ပါတယ် ရှေ့ဆက်ပြီး ကျမရဲ့ ခလေးကို ကြည့်ရှု့စောင့်ရှောက်နိုင်ဖို့အတွက် ကျမအလုပ်တွေက်ဆက်လက်လုပ်ချင်ပါသေးတယ် ကျမ ကိုနားလည်ပေးကြပါလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ” ဒါကတော့ မျက်ရည်တွေစို့ရင် ရှိုက်သံတွေနဲ့ ပြောကြားခဲ့တဲ့ မင်းသမီးရဲ့ စကားတွေပါ ။

မင်းသားကတော့ သူတို့နှစ်ယောက်ကြားမှာ အဲ့လောက်ထိရင်းနှီးမှုတွေ မရှိခဲ့တဲ့အကြောင်း တကယ်လို့ ဒီသတင်းသာ မှန်တယ်ဆိုရင် တာဝန်ယူမယ့်အကြောင်း ဒါပေမယ့် DNA စစ်ဆေးချက်တွေကိုတော့ ပြုလုပ်ရမယ့် အကြောင်းတွေကို ခပ်တည်တည်နဲ့ ပြောသွားခဲ့ပါတယ် ။ ဘယ်သူကအမှန်ဆိုတာကိုတော့ သူတို့နှစ်ဉ်ီးသာ အသိဆုံးဖြစ်မှာပါ ။ ခွင့်လွှတ်နိုင်မှုမကုန်ဆုံးသေးတဲ့ မင်းသမီးကတော့ “ ဘယ်လိုစစ်ချက်မျိုးကိုပဲဖြစ်ဖြစ် ကျမကိုယ်ကျမ ယုံကြည်မှုရှိပါတယ် ကျမ သူက လွဲပြီး ဘယ်သူတဦးတယောက်နဲ့မှ ပက်သက်ခဲ့မှုမရှိပါဘူး ဒါပေမယ့် ဒီအဖြေမှန်သာ တကယ်ထွက်ခဲ့ရင် သူ့ဘ၀ ရေစုံမျောရတော့မှာပေါ့ ဒါကြောင့် ကျမ သားလေးကို အဖေမရှိတဲ့ ခလေးအဖြစ်နဲ့ပဲ ကျမ တသက်လုံး ပြုစုစောင့်ရှောက်သွားမှာပါ ဒါဟာ သူ့ကို ကျမ ချစ်လို့ဆိုတာ သူ့ရဲ့ ဘ၀အတွက်ဆိုတာ သူသိရင်ကျေနပ်ပါပြီး ” တဲ့ ။ အဖြစ်မှန် ဟုတ်မဟုတ် အတိကျမသိရသေးပေမယ့် ဒီဇတ်လမ်းမှာ ကျနော်ကတော့ မင်းသမီးကို သနားတယ် ပြီးတော့ ဖခင်အမည်မပေါက်သေးတဲ့ ၃ လသားအရွယ်ခလေး ။ အပြစ်မဲ့ခလေးငယ်တိုင်း ဒီအဖြစ်မျိုးတွေကနေကင်းဝေးနိုင်ပါစေလို့ ။ မင်းသမီးနဲ့ အင်တာဗျုး အစီစဉ်ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ် ။





ထိုင်းမလေးတွေနဲ့ အသည်းကျော် အဆိုတော်မင်းသား “ဖန်”
အင်တာဗျူး အစီစဉ်တခုမှာ ဖြေကြားပေးနေတဲ့ မျက်ရည်တွေနဲ့မင်းသမီး ။
ဘာမှ မသိရှာသေးတဲ့ အပြစ်ကင်းစင်တဲ့ ၃ လသားအရွယ်


သူဟာလည်း အထိုက်လျှောက် နာမည်ကြီးခဲ့တဲ့ အဆိုတော်မင်းသီးတလက်ပါ ။

သတင်းစာရှင်းလင်းပွဲလုပ်နေရတဲ့ မင်းသား ။

Saturday, September 18, 2010

အမှတ်တရကျောင်းတော်ရာ


ငယ်ငယ်က ခေါင်းလောင်းသံကြားရရင် စိတ်ထဲက တက်ကြွလာသလိုလို ကမ္ဘာမကြေသီချင်းဆိုရင် အားမာန်တွေပဲပြည့်လာသလိုလိုနဲ့  ပျော်ရွှင်စွာနဲ့  ကျောင်းတက်ခဲ့တယ် ကျောင်းဝတ်စုံလေးကလည်း အသစ် ၊ ကျောင်းသုံးပစ္စည်းလေးတွေ အသစ်နဲ့  ခလေးဘ၀ ရဲ့ ပျော်စရာနေ့ ရက်တွေထဲမှာ ကျောင်းတက်ရက်တွေလည်း အပါအ၀င်ပေါ့ ။ကျောင်း အားကစားကြေး ပေးတာ နောက်ကျလို့ လည်း အားမငယ်ဘူး ကျောင်အကျီင်္ဖားဥတက်နေတာကို ၀တ်နေရပေမယ့်လည်း မရှက်တက်ဘူး မယာတွေကင်းတဲ့ ဖြူစင်ခဲ့တဲ့ မူးလတန်းကျောင်းသားဘ၀ ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သူငယ်ချင်းတွေအများကြီးနဲ့  ကြုံတွေ့ ခဲ့ရဖူးသလို မိုးထဲရေထဲလည်း စိတ်တူကိုယ်တူနဲ့  ကျောင်းပြေးပြီး မိုးရေဆော့ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း အခု မိုးရာသီမှာ လွမ်းမိသား ။

မိုးဦးကျမှာ တုပ်ကွေးဖြစ်တက်ကြတဲ့ အချိန်ပေါ့ ကျောင်းတုန်းက အမှတ်တရလေးပါ ယောက်ျားလေးအဆောင်ဆိုတော့ ချောင်လည်းကျတယ် လူနေအိမ်ကလည်း မရှိသလောက်ပဲ တုပ်ကွေးဖြစ်ပြီဆို ကူးတက်တော့ အဆောင်ကျောင်းသားက ၃၀ ကျော် တစ်ယောက်ပြီး တစ်ယောက် တစ်ခန်းပြီးတစ်ခန်း ကိုကူးတော့တာပဲ ကျနော်ကတော့ ကိုယ့်အခြေနေကိုယ်သိ မဖြစ်ခင်ထဲက ကြိုပြီးဆေးသောက်ထားတယ် ။ ကိုယ်မဖြစ်ဘူးဆိုပေမယ့် ဖြစ်နေကြ သူငယ်ချင်းတွေကို သက်သာရဲ့လား ဆေးခန်းလိုက်ပို့ ရမလားလို့ တောင်မမေးဘူးတဲ့ သူတွေ လည်းရှိကြပါတယ် ။ ဒါပေမယ့် ဥပမာ နေမကောင်းဖြစ်နေတဲ့ အချိန် မိဝေး ဖဝေး နဲ့ ဆိုတော့ ပိုပြီးအားငယ်ရင် ရောဂါက ပိုဆိုး ကော ကိုယ့် နှဖူးလေးကို လာစမ်းပြီး သက်သာရဲ့လား သူငယ်ချင်းလို့  တစ်ခွန်းလေးပဲ အားပေးစကားကြားလိုက်ရရင်ဝမ်းသာပြီး သက်သာသွားသလို ခံစားရတယ် ။ရှေးဦး သူနာပြုစုတာတော့ မဟုတ်ဘူး :P အဆောင်မှာတစ်ယောက်ယောက် နေမကောင်းဖြစ်ရင် ကျနော်က သူနာပြုပဲ ။ကျနော်က အဲ့လိုမျိုးတွေဆို နည်းနည်းဆရာကီး လုပ်တက်တယ် ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကကို မနေတက်တာ ။


ညသန်ခေါင်ကျော်ကြီး အိပ်နေတုန်း ဘေးခန်း ကနေမကောင်းတဲ့ သူငယ်ချင်း ငြီးသံကြားရင် မနေတက်တော့ဘူး အခန်းတံခါးကိုကျော်ဝင် သူ့ ပါသာ တုပ်ကွေးဖြစ်တာလား ဘာရောဂါလည်း သေချာ တစ်ခုမှမသိဘူး ကိုယ်တက်တာဆိုလို့  နဖူးစမ်းကြည့်လို့ ပူနေပြီဆိုရင် အဆောင်မှူးအိမ်က ရေခဲသွားတောင်း ပြီးရင် ရေဖတ်တိုက်ပေးလိုက် နည်းနည်းပါးပါး နှိပ်နယ်ပေးလိုက် အမြဲဆောင်ထားတဲ့ မားမားခေါက်ဆွဲပူပူလေးတစ်ထုတ်ပြုတ်ကျွေး ပြီးရင်ဒီကိုဂျင်လေးတစ်လုံးတိုက်လိုက်တယ် ကိုယ်တက်တာကုန်ပြီးး) သက်သာလား မသက်သာလားတော့မသိ ။ အဲ့လိုတွေ လုပ်ခဲ့ပေးလို့ လည်း ကိုယ်နေမကောင်းဖြစ်ရင် ရွာထဲက ဆေးခန်းကို လိုက်ပို့ ပေးကြ့ အိမ်ကပို့ လိုက်တဲ့ ပုဇွန်ထုပ်ကြော်တွေ ၊သရက်သီးသေနပ် ၊ ငါးခြောက်ကြော် အများကြီး လာကျွေးကြတယ် ကျနော်ကလည်း အစားငမ်းတာနဲ့  ။

အခုတော့ သူငယ်ချင်းတွေကို လွမ်းပဲ လွမ်းနိုင်တော့တယ် မတွေ့ ရတာကြာပြီးး မိုးအရမ်းရွာတဲ့ညတွေမှာ အခန်းတစ်ခန်းမှာ လူတွေအများကြီး စု ပြီးရင် ဘယ်မေဂျာက Roll No ဘယ်လောက် ဘယ်စော် က ဘယ်လိုဖြောင့်တာ ဘယ်လိုကောက်တာ တွေကို စိတ်မ၀င်စားပေမယ့် ပြောပြတော့လည်း နားထောင်ရတာပေါ့ဗျာ ;) မိန်းခလေး အဆောင်ရှေ့ ၀ိုင်းဖွဲ့  ( ဘီယာဝိုင်း) ဂစ်တာသွားတီးကြရင် ဘောမကန်ပဲနဲ့  သံပရာသီစားတယ် သီချင်းသွားဆို ပြီးရင် ဘီယာမသောက်ပဲ အမြည်းကြီးပဲ တီးပစ်လိုက်တယ် ပိုင်တယ်ဟုတ် အကြံက နောက်နေ့  ကျောင်းလည်းမပျက်တော့ဘူးဗိုက်လည်း တင်းတယ် ။ညနေတိုင်း ကျောင်းနားက သူငယ်ချင်းတွေ အတူတူသွားနေကျ ရိုးဂိုးဘုရား နဲ့  စားနေကျ ရေစိမ်မုန့် တီ ကိုလည်း စားချင်နေတာကြာပြီးး ။ အခုတော့လားး ရတာမလို လိုတာမရ ဆိုသလိုပဲ သူငယ်ချင်းနှစ်ယောက် ဖုန်းပြောဖြစ်ရင် ငါလည်းကျောင်းတက်ချင်သေးတာ”လို့  မျက်မှန်ကိုပြောမိရင် သူပြန်ပြောတာက“ ငါက ကျောင်းပြီးချင်ပြီ” ပိုက်ပိုက်တွေ ကုန်လွန်းလို့ တဲ့ ။ ကျောင်းတော်က အမှတ်တရတွေကတော့ ဘယ်တော့မှ ပြောလို့ ကုန်မှာမဟုတ် မေ့နိုင်မှာမဟုတ်တဲ့ အမှတ်တရတွေပါပဲ ............။




Thursday, September 16, 2010

ရောမက မိန်းမပျက်


လူသတ်ကောင်တစ်ယောက်
ပြည့်တန်ဆာမ တစ်ယောက်
ဒရိုင်ဘာ တစ်ယောက်
လုံခြံရေး အရာရှိတစ်ယောက်
မြေအောက်တော်လှန်ရေးသမား တစ်ယောက်
ထို့ပြင်
မူဆိုလိုနီ၏
ဖက်ဆစ်ဝါဒကြီး စသည့်
ထွေးရောယှက်တက်
ဆန့်ကျင်ဘက် လှုပ်ရှားခြင်းများ။

ဆရာကြီးနတ်နွယ်ရဲ့ သာသာပြန်စာအုပ်တစ်အုပ် စာအုပ်ရဲ့ အကျဉ်းချုံးကိုတော့ အထက်ပါ စာပိုဒ်လေးနဲ့ဖော်ပြထားတယ် ။ ခေါင်းစဉ်ကကြမ်းတယ် ဒါပေမယ့် စာအုပ်ကိုဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ ဆရာကြီးရဲ့ ဘာသာပြန်နိုင်မှု စွမ်းရည်နဲ့ ဒီစာအုပ်ရဲ့ မူရင်းစာရေးသူရဲ့ လိုတိုရှင်း နားလည်ရလွယ်တဲ့ စာကြောင်းတွေကို သဘောကျတယ် ။ မိခင် တစ်ယောက်ရဲ့ သမီးအပေါ်ထားရှိမှု အပ်ချုပ်သည် မိခင်ကို စာနာနားလည်တဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက် ပြည့်တန်ဆာမ ဖြစ်မှန်းမသိ တစ်စစ ပြောင်းလဲသွားရတဲ့ သူမရဲ့ ဘ၀ ပြီးတော့ အချစ် နဲ့တွေ့တော့ သူမရဲ့ပြောင်းလဲသွားရတဲ့ စိတ်ခံစားချက်တွေ အားလုံးနဲ့ ဇတ်ကောင်တစ်ဦးချင်းစီရဲ့ စရိုက်တွေက ဒီစာအုပ်ရဲ့ ဆွဲဆောင်အားပဲထင်ပါတယ်။

အက်ဒီယာနာ လို့ခေါ်တဲ့ ရောမက မိန်းမပျိုလေးတစ်ယောက် မိခင်ရဲ့ အဆင်မပြေမှုကြောင့် ကိုယ်ဟန်ပြမယ် အလုပ် ကနေ ဒီဇတ်လမ်းကို အစပြုထားပါတယ် ။သူမရဲ့ အလှကိုတော့ ““ သွယ်ဝန်းသောမျက်နှာ ၊ ရည်ရွှန်းသော မျက်လုံး ၊ ဖြောင့်တန်းသောနှာတံ ၊ နီမြန်းသော နှုတ်ခမ်း ၊ စီရီဖြူဖွေးသော သွားတို့ဖြစ်သည် ””” လို့ စာရေးဆရာက ဖော်ကျူးထားပါတယ် ။ ကိုယ်ဟန်ပြမယ် လုပ်ရာကနေ ဂျီဆယ်လာဆိုတဲ့ သူငယ်ချင်းမ တစ်ယောက် အဲ့သူငယ်ချင်းမက ငွေကိုအလွယ်ပေါက်နဲ့ ရှာတဲ့သူ သူမကိုလည်း မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ယောက်ျားပေါင်းများစွာနဲ့မိတ်ဆက်ပေးခဲ့ပါတယ် ။ သူမဟာ ဘယ်လိုပဲ ကိုယ်ဟန်ပြမယ် အလုပ်ကိုလုပ်နေရပါစေ ပျက်စီးရာ လမ်းကြောင်းတွေ ဖြစ်ပေါ်လာပေမယ့် သူမ အမှန်တကယ် အလိုရှိတာကတော့ သာယာပြည့်စုံတဲ့ မိသားစုတစ်ခုရဲ့ မိခင်ကောင်းတစ်ယောက်ရဲ့ ဘ၀ကိုလိုချင်တာပါတဲ့ ။

ဒရိုင်ဘာတစ်ယောက်နဲ့ ချစ်သူဖြစ်တော့ သူမရဲ့ ဘ၀ဟာ ပျက်စီး၇ာလမ်းကြောင်းရဲ့ အစလို့မြင်ပါတယ် ဒီနေရာမှာ မူရင်း စာရေးဆရာက ဘယ်လိုရေးထားမှန်းမသိပေမယ့် ဆရာကြီးနတ်နွယ်ရဲ့ ဘာသာပြန်ကျွမ်းကျင်မှုနဲ့ မြန်မာလိုလည်း မရိုင်းရလေအောင် ဘာသာပြန်ထားတဲ့ ကျနော်သတိထားမိတဲ့နေရာလေးကတော့ သူမရဲ့ ချစ်သူက သူ့သခင်မရဲ့ ကြွယ်ဝချမ်းသာပုံကို လိုက်ပြနေတဲ့ အချိန် မိန်းမသားပီပီ မနာလိုတဲ့စိတ်ပေါ်လာတုန်း ခပ်ပြတ်ပြတ်ပြောလိုက်တဲ့ စကားက ““ တော်စမ်းပါရှင် ၊ ကျမတို့ဒီကိုလာကြတာဟာ ဒီအိမ်ကြီးနဲ့ ရှင့်သခင်မရဲ့ အ၀တ်တွေကိုသွားရည်ကျဖို့မဟုတ်ဘူး ရှင့်အခန်းမှာ ချစ်တင်းနှောကြဖို့ ကဲ..ဒီတော့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပဲရှိတယ်မဟုတ်လား” တဲ့ ။

အချစ်ကြမ်းပြီး နုနုညံ့ညံ့မရှိတဲ့ လူသတ်သမား ဆွန်ဇော်နို အချစ်ကို အကြမ်းနည်းနဲ့ အမြဲယူလေ့ရှိတဲ့ ခပ်မိုက်မိုက်ဇတ်ကောင် ။ သူမရဲ့ အလှမှာ ယစ်မူးသွားတဲ့ အရာရာ ဖြည့်ဆည်းပေးတတ်တဲ့ လုံခြုံရေးအရာရှိ အက်စတာရီတာ ဒရိုင်ဘာ ဂျီနို ရဲ့ အောက်တန်းကျမှုတွေကို သိရှိသွားပြီးတဲ့နောက် အချစ်တွေသေဆုံး ဘ၀ကိုအမှောင်လောက ထဲမှာသာ ကျင်လည်လာခဲ့တဲ့ အက်ဒရီယာနာ ဂျီဟာကိုမို လို့ ခေါ်တဲ့ မြေအောက်တော်လှန်ရေးသမား လူချောလေးနဲ့တွေ့တဲ့နောက် ပေးဆပ်ခြင်းသက်သက်နဲ့ အချစ်တွေ တဖန်မွေးဖွားလာပြန်တဲ့ မိန်းမတစ်ယောက် ။

ဇတ်ကောင် ၅ ဦးရဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အရှုပ်ထွေးကြားမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇတ်လမ်းတစ်ပုဒ်ပါ ။ နောက်ဆုံးသော သူမမှာ ကိုယ်ဝန်ရှိလာတော့ ဘယ်သူကမှမသိပေမယ့် စိတ်နာနာနဲ့သူမသိလိုက်တာက သူမရဲ့ကိုယ်ဝန်ဟာ လူသတ်ကောင်တစ်ယောက်နဲ့ ရမှန်းသိလိုက်တဲ့ အချိန် ။ ““ မိန်းမတစ်ယောက်သည် ဘယ်လောက်ပင်ဆင်းရဲပါစေ အခြေနေတွေဆိုးဝါးနေပါစေ အနာဂါတ်သည် အဘယ်မျှပင် မရေမရာရှိပါစေ သူမသည် ခလေးငယ်တစ်ဦးမွေးဖွားရမည့် အတွက် ၀မ်းမသာပဲမနေနိုင်ပါ ” တဲ့ မိခင်းတစ်ယောက်ရဲ့ စိတ်ခံစားချက် ။

သူမချစ်တဲ့ မောင့်ကို အနစ်နာခံပေးဆပ်မှုနဲ့ ချစ်သူကောင်းပီသ ပုံကိုတော့ “““ မောင့်ဘ၀ ပျော်ပျော်ရွှင်ရွှင် ရှိနေမယ်ဆိုရင် မောင့်ကို မတွေ့မမြင်ရတော့ရင်လည်း အရေးမကြီးပါဘူး အလုပ်တစ်ခုခု လုပ်ပြီး မောင်တို့လူတန်းစားထဲက အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပါမောင်ရယ် မောင့်ကိုကျမ တကယ်ပဲချစ်ပါတယ် ။ ကျမနေရာမှာ တခြားမိန်းခလေးတစ်ယောက်ဆိုရင် မောင်နဲ့ခွဲဖို့အကြောင်းတွေ ပြောမှာမဟုတ်ပါဘူး ဒါပေမယ့် မောင် အခြေနေက လိုအပ်လာပြီဆိုရင်တော့ လမ်းခွဲကြရမှာပေါ့ ။ မောင့် အနေနဲ့ မလိုအပ်တော့ဘူးလို့ ယူဆရင် ကျမတို့နောက်ဘယ်တော့မှမတွေ့ဘဲနေကြတာပေါ့ ကျမကတော့ မောင် ပျော်ပျော်ရွှင်ရွှင် ရှိနေတယ်ဆိုရင်ပဲ.........”””” လို့ ချစ်သူတစ်ယောက်ရဲ့ နားလည်ပေးနိုင်မှုကို မြင်သာအောင်ပြထားပါတယ် ။ဒီချစ်သူကပဲ သူ့ရဲ့ သေတမ်းစာမှာ သူမအတွက် အမွေတွေ အများကြီး ပေးခဲ့ပါတယ် ။

ဘယ်လိုပင် ကြမ်းတမ်းတဲ့ ဘ၀ကိုဖြတ်သန်းခဲ့ရပါစေ မိခင်တစ်ယောက်ရဲ့စိတ်နဲ့ လောကကြီးကို ရင်ဆိုင်ရဲတဲ့ သူမရဲ့စိတ်ထားက လေးစားစရာပါ စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ မလိုက်အောင်ကို သူမရဲ့ စိတ်ထားတွေ အနစ်နာခံမှုတွေက ဖော်ပြနေပါတယ် ။ အဆုံးသတ်ကိုတော့ ““ လူသတ်ကောင်နှင့်ပြည့်တန်ဆာမ ညားပြီး မွေးဖွားလာတဲ့ ခလေးငယ်တစ်ယောက် ဒီလောကကြီးထဲတွင် အဘယ်သို့သော လူတစ်ယောက်အဖြစ် တည်ရှိလာချေမည်နည်း အမျိုးသမီးတစ်ယောက်သည် အကြောင်းအမျိုးမျိုးကြောင့် သူမရဲ့ကိုယ်ကို ငွေကြေးဖြင့် ဖလှယ်ခဲ့ရပေသည် ” တဲ့ သူမရဲ့ ဘ၀ကို သူမရဲ့ မိခင် သူမရဲ့ ခလေးကိုတော့ ယောက်ျားကလေးဖြစ်ခဲ့ရင် ဂျီဟာကိုမို လို့ အမည်ပေးပြီး မိန်းခလေးဖြစ်ခဲ့ရင်တော့ “လက်တီရှာ” (ရွှင်ကြည်နုး) လို့ မှည့်တွင်မည့်အကြောင်းတွေးရင်း အဆုံးသတ်ထားပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီး သူမဟာ ရောမက မိန်းမပျက် ဆိုတာထက် ရောမက မိန်းမသူရဲကောင်း တစ်ယောက်လိုမြင်ပါတယ် ။ စာဖတ်သိပ်မနာသေးတဲ့ ကျနော့်ရဲ့ စာအုပ်ဖတ်ပြီးဝေဖန်တဲ့ အမြင်လေးပါ အမှားတွေရှိနိုင်ပါသေးတယ် တချို့တွေ ကျနော့်ထပ် အများကြီးစာတွေဖတ်ဖြစ်မယ်ထင်ပါသေးတယ် အစားကောင်းစားရရင် သူငယ်ချင်းတွေကို သတိရသလို စာကောင်းလေးတွေဖတ်ဖြစ်ရင်လည်း မျှဝေပေးပါလို့ တောင်းဆိုပါရစေ ။ ဖတ်ပေးသွားသူများ အားလုံးကျေးဇူးပါ ။

LinkWithin

Related Posts Plugin for WordPress, Blogger...