Friday, November 19, 2010

တောင်ရောက် မြောက်ရောက် ကဗျာ

ထိုသို့သော အကြောင်းတရားများကြောင့်
မပြီးဆုံးနိုင်သော အကျိုးတရားများဖြစ်သွားတဲ့အခါ
နောင်တ ဆိုတဲ့ ခပ်မိုက်မိုက် အရက်သမားကြီး ခါးထောက်ပြီး မကြည်ကြည့် ကြည့်တယ်
မပြောနေတော့ပါဘူး အဆင်မပြေရတဲ့ကိစ္စတွေကို
ဒုက္ခတွေက အတင်းအကြွေးလာတောင်းတဲ့အခါ
ပျော်ရွှင်ခြင်းတွေက အိမ်နောက်ဖေးပေါက်က ခုန်ဆင်းသွားတယ်
အချစ် ဆိုတာဟာလည်း လှေကျဉ်းကျဉ်းလေးထဲ ၂ယောက်အတူစီးရသလို
တစ်ယောက်နဲ့ တစ်ယောက် အပေးယူမျှမျှ မလှော်ခပ်မိလေတော့
ချစ်ခရီးက ရှေ့မရောက်ပဲ နောက်ကောက်ကျလို့ ပြန်ဆယ်မရတဲ့အကြောင်း
ချစ်သူကိုလည်း ရင်ဖွင့်ပြမနေတော့ပါဘူး
တစ်ခါတရံတော့ သူပေးဖူးတဲ့ အကြင်နာနွေးနွေးကို ပြန်တမ်းတလို့
ကျနော့်ရင်ဘတ် တစ်ချက်တစ်ချက်တော့ ထထ ခုန်တယ်
တွေ့ဆုံခြင်း နဲ့ ခွဲခွာခြင်းကြားမှာရှိတဲ့ အကန့်ပါးပါးလေးကို နားလည်ဖို့ကြိုးစာရင်း
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလို့
ကိုယ့်သမိုင်းကြောင်းတွေ လှဖို့အရေး ရေပေါ်မှာ ကျနော်ပန်းချီဆွဲမယ် ။

10 comments:

အင်္ဂါဟူး said...

အခု ပါးစပ်ကို လက်ညှိုးနဲ့ ပိတ်ပြီး အသည်းကွဲနေပြန်ပြီလား မောင်မျိုးရယ်။

ငါလဲ နင်တို့ကို သတိရဒယ်ဟ။ ဒါပေမယ့် အေ ငါ့မှာလဲ အရှုပ်တွေလုပ်နေတာနဲ့ အားတယ်ကို မရှိပါဘူးအေ။

ညဉ်းတို့ မေပယ်လ်တို့ အဆင်ပြေရဲ့ ဟုတ်စ။

Maung Myo said...

လာပြီး လာတာနဲ့ ဒီအခေါ်ဝေါ်တွေစတာပဲ လဒ မင်းက ရှုပ်မှာပေါ့ မိန်းမတွေ ခလေးတွေရနေပြီဆိုတော့

ငါကတော့ မပြေတပြေ ရှာရွတ်ခန်းတို့ အမျိုး ဟိုကောင်လေးတော့ စာမေးပွဲတွေနဲ့ နပန်းလုံးနေတယ်ဆိုလား

သတိရပါတယ်။

အုပ်ကြီး said...

သူလှော်တာက တောင်ဘက်
ကိုယ်လှော်တာက မြောက်အရပ်
တစ်လှေတည်းစီးလျက်
ဘယ်ကမ်းကိုဆက်ရမလဲဟင် !!!

ရွှေရတုမှတ်တမ်း said...

သူက အကြင်နာကို micro wave ထဲထည့်ပြီးမှပေးတာလား..

ချော(အစိမ်းရောင်လွင်ပြင်) said...

အချစ်ကို လှေလှော်တာနဲ့ ခိုင်းနှိုင်းထားတာ သဘောကျတယ်..
ဟုတ်ပ လှေဆိုတာ တစ်ယောက်တည်းလှော်တုန်းတော့ ကိုယ့်စိတ်ကြိုက်လှော်လို့ ရပေမဲ့ ၂ယောက်လှော်ရင် လက်မတူ၊ ဘက်မတူရင် သိပ်စိတ်ညစ်ဖို့ကောင်းတာ
တစ်ယောက်တစ်ပေါက် လှော်ချင်ရာလှော်နေတော့ ခရီးမရောက်တော့ဘူး။

မောင်မိုး said...

အချစ်ဆိုတာ ခြံထဲမှာမွေးထားတဲ့ ကြက်လိုစားချင်တဲ့အချိန် ချက်စားလို့မရဘူး။ အချစ်ဆိုတာ တောကြက်လို မာယာများတယ်။ ကိုယ့်ဘက်က သေချာပြင်ဆင်ပြီးမှ ထောင်ဖမ်းရတယ်။ ဒါတောင်မှ တခါတလေ လွတ်သွားတာမျိုး...။

(ရမ်းတုတ်သွားသည်။)

Anonymous said...

အကိုရေ..ရေပေါ်တော့ အရုပ်မရေးပါနဲ့ဟ
ကင်းဗက်စ် ၀ယ်ဆို ၀ယ်ပေးပါ့မယ်နော်:P

လင်းဒီပ said...

အဟဲ နိမိတ်ပုံတွေ သုံးချသွားတာ တယ်မိုက်....။

“နောင်တ ဆိုတဲ့ ခပ်မိုက်မိုက် အရက်သမားကြီး”

“ဒုက္ခတွေက အတင်းအကြွေးလာတောင်းတဲ့အခါ
ပျော်ရွှင်ခြင်းတွေက အိမ်နောက်ဖေးပေါက်က ခုန်ဆင်းသွားတယ်”

“အချစ် ဆိုတာဟာလည်း လှေကျဉ်းကျဉ်းလေး”

“တွေ့ဆုံခြင်း နဲ့ ခွဲခွာခြင်းကြားမှာရှိတဲ့ အကန့်ပါးပါးလေး”

နေသွေး(ဘရာဗို) said...

မွန်းကျပ်လာတဲ့အခါ
ခုန်ထွက်ပြေးဖို့ ထွက်ပေါက်တစ်ခု ရထားသင့်ရဲ့
နောက်ကောက်ကျ နေတဲ့ တစ်နေရာ ကို ပြန်ဖြည့်လိုက်ပါလား ကိုမျိုး

Yaw Nathan said...

အချစ် ဆိုတာဟာလည်း လှေကျဉ်းကျဉ်းလေးထဲ ၂ယောက်အတူစီးရသလို

တစ်ယောက်နဲ့တစ်ယောက် အပေးယူမျှမျှ ........ ဟုတ်သား ဟ ၊ တော်ကီတွေ လန်းတယ် ညီလေး ၊ အားပေးနေမယ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...