Showing posts with label တောရွာ. Show all posts
Showing posts with label တောရွာ. Show all posts

Thursday, October 27, 2011

ပို့စ်ထဲက ဇတ်ကောင်များ

အရင်က ကျနော်ရေးခဲ့ဖူးတဲ့ ရပ်ကွက်ထဲက သူတွေအကြောင်း ရွာကသူတွေအကြောင်း ရွာ့ပုံရိပ်တွေအကြောင်း ရွာပြန်တုန်းက သတိတရနဲ့ ရိုက်ခဲ့ဖြစ်တယ် အချိန် ၂နှစ်လောက်အတွင်းမှာ အပြောင်းလဲတွေကတော့များသွားတာပေါ့ အသက်တွေ ပိုရင့်သွားကြတယ် အရင်က မာန်ပါတဲ့ မျက်လုံးတွေ ဒေါသကြီးတဲ့ အရိပ်တွေ အားမာန်အပြည့်နဲ့ ပုံတွေကတော့ အရောင်နည်းနည်းဖျော့သွားလေရဲ့ ။
ဒါက ဦးဆန်ကြည် ပါ အရင်က သူ့အကြောင်းရေးထားဖူးတယဒီမှာပါ ကျနော်သွားတဲ့ရက်ကတော့ ၀ါမထွက်သေးတာမို့ သူမမူးဘူး အိမ်အတွက်ဝယ်သွားတဲ့ နွားပွဲ အခွေတွေ လာကြည့်တုန်း ဓာတ်ပုံတောင်းရိုက်လိုက်တာ ကျနော့်ကိုမကြည့်ဖူးရယ် ပြုံးစိစိကြီးနဲ့ သူမူးနေတဲ့အချိန်ဆိုရင်တော့ ဆဲခံထိမှာ သေချာတယ်း))

ဒါက ရွာက အသည်းကျော် ကြီးတော်ပေါ့ ကြီးတော်ကတော့ သန်တုန်း မြန်တုန်းပဲ ကျနော့်ကိုတွေ့တော့ ငါ့တူလေးကတော့ အရင်တိုင်းပဲကောဆိုပြီး ပြေးဖက်တော့တာပဲ ကြီးတော် ဘာတွေလုပ်နေသလဲဆိုတော့ “ အနှိပ်သည်လုပ်တယ် ၀မ်းဆွဲ လုပ်တယ် ပြီးတော့ အ၀တ်လေးလိုက်လျှော်တယ်တဲ့ သေရင်တော့လား ငါ့တူရယ် သားသမီးလည်းမရှိတော့ သူများတွေလို ပြုစုမယ့်သူမရှိဘူးလေ အဲ့တော့ ဘုရားမှာဆုတောင်းတယ် သေရင် တစ်ချက်ထဲ ဘာမှမခံစားရပဲ သေရပါလို၏ တဲ့ ကြီးတော်ကိုဓာတ်ပုံရိုက်သွားဖို့ဆိုတော့ “ အင်တာနက်မှာ တင်ဖို့လားငါ့တူ မင်းသမီးတွေ မော်ဒယ်တွေမှ တင်လို့ရတာမဟုတ်ဘူးလား ” တဲ့း) ကျနော့်အကြံကို သိများသိနေသလို ကြီးတော်ပုံလည်းတင်လို့ရပါတယ်ဆိုတော့ ဒါဆို များများသာရိုက်သွားတဲ့ ကြီးတော်အကြောင်းရေးဖူးတာက ဒီမှာပါ

ကျနော်ရေးဖူးတဲ့ စာကောင်းလေး နည်းနည်းထဲက ကျနော်ကိုယ်တိုင်လည်း ပျင်းလို့ဖတ်မိတိုင်း ကြိုက်တယ်လို့ပြောရမယ့် ပို့စ်လေးတစ်ပုဒ်ရှိပါတယ် အရင်း အနှီး ဆိုတဲ့ ပို့စ်လေးပါ ။ ရွာမှာ တူမလေးတွေကို ဓာတ်ပုံရိုက်ပေးနေတုန်း သူတို့လည်း လာလာကြည့်ကြတယ် သူတို့အတွက်တော့ အထူးအဆန်းပေါ့ သူ့ညီလေးလည်းပါခဲ့တယ် ရိုက်မလားဆိုတော့ ရိုက်မယ်တဲ့ သနပ်းခါးတွေတောင် ပြေးလူးလိုက်ကြသေး ။ သူတို့ညီအစ်ကို ၂ယောက်ရဲ့ပုံပါ ကျောက်ပျဉ်ပေါ်များ လဲကြခဲ့သလားမသိပါဘူး ။





ဒါက အစ်ကိုငယ် ရဲ့သားပါ တစ်လခွဲသားလေးတည်းက အမေနဲ့နေတော့ အဖွားကို အမေပဲထင်နေတာ ကျနော် အမေ့နားကပ်တာနဲ့ ဆံပင်တွေဆွဲ နောက်တော့ ကိုက်တတ်ပါတယ် ပြန်ကာနီး အမေ့နားနေချင် အမေနဲ့ ဓာတ်ပုံရိုက်တော့ အဘက ညာခေါ်ထုတ်သွားရတယ် အမေက ကျနော့်ကို “ သား” လို့ခေါ်ရင် သူက မနာလိုတဲ့ပုံနဲ့ “ အမေ့သားက ဒီမှာရှိတာကို ဘာလို့ သူ့ကို သား သား လို့ လိုက်ခေါ်နေတာလဲ ” တဲ့ အသည်းယားလို့ နှာဖူးကို တစ်ချက်ဆော်ထည့်ပေးလိုက်တယ် ။

ဒါက ကျနော့်ရဲ့ အချစ်ဆုံးလေး တအားလည်နေပြီ စကားလည်းတော်တော် တက်လို့ ကျနော်ဝယ်သွားပေးတဲ့ အကျီ င်္တွေ ကလစ်လေးတွေကို ထုတ်လာပြီ “ အမေ့ သမီး ပူလို့ရေချိုးတော့မယ် ပြီးရင် ဒါတွေ ၀တ်မယ်တဲ့း) ကြွားချင်လွန်းလို့။ ဓာတ်ပုံရိုက်မယ်ဆိုတော့ သူက အကဲဆုံး ။ အချစ်ဆုံးနဲ့ ပြိုင်ဘက် မှာ သူတို့ လေးတွေ ၂ယောက်အကြောင်းရေးဖူးပါတယ် ။




ခလောက် ။
မိုးသံ၊ ချည်တိုင် နဲ့ ခလောက်သံ ကျနော်ရေးဖူးသမျှထဲမှာ အကြိုက်ဆုံးပဲလို့ မလေးအိမ့်ချမ်းမြေ့ ကတော့ပြောတယ် ကျေးဇူးပါ ။ ကင်မရာကိုင်ပြီး နွားတွေ ခလောက်တွေကို လိုက်ရိုက်နေလို့ ရွာကသူတွေကတောင် ဘာလိုက်လုပ်နေတာလဲလို့ပြောကြသေးတယ် ဒီပုံတွေရိုက်တော့ ကိုညီ ၊ မမေ တို့ကိုလည်း သတိရလိုက်သေးတယ်း) မမြင်ဖူးတဲ့သူတွေ မြင်ဖူးအောင်ပါ။

ပုံတွေမတင်ပဲ ရေးခဲ့တဲ့စာနဲ့ ပုံတွေနဲ့ ရေးဖူးတဲ့စာတွေ ပြန်ညွှန်းတဲ့ အခါ မလိုက်ဖက်ပဲ တစ်မျိုးဖြစ်နေရင်တော့ ကျနော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပါပဲး) ။ ရွာပုံလေးတွေ အမှတ်တရပါ ။




Wednesday, October 12, 2011

ရွာ့ပုံရိပ်


ကျနော်လည်း ပြန်ရောက်ကတည်း က ဒီ့ပြင်ရေးစရာတွေလည်း ဘာမှမရှိတာနဲ့ ရိုက်ခဲ့တဲ့ပုံတွေနဲ့ပဲ ဆားချက်နေတော့တယ် ။ ဒါပေမယ့် နှစ်သက်ကြမယ်ထင်ပါတယ် ကျနော် ရွာအကြောင်းတွေရေးတိုင်း အားပေးကြတဲ့သူတွေရှိနေတာမို့ပါ အထူးသဖြင့် (Gyidaw )း) ။ တကယ်တော့လည်း ကျနော့် ရွာကလေးက တကယ်ပဲ ကြီးကျယ်ခမ်းနားမှု ဘာမှမရှိပါဘူး အကယ်၍များ ရွာကို အလည်လာကြရင်များ ဘယ်တွေများလိုက်ပို့ရမှာပါလိမ့်လို့တွေးမိတယ် အိမ်ခြေကလည်း ၃၀ နီးပါးလောက်ပဲရှိတဲ့ ရွာသေးသေးလေး ဒါပေမယ့် ကျနော်ကတော့ ရွာကလေးနဲ့ ပက်သက်လို့ ဘယ်တော့မှ သိမ်ငယ်စိတ်မ၀င်ခဲ့ဖူးပါဘူး ကျောင်းတုန်းက သူငယ်ချင်းတွေ လိုက်လည်မယ်ဆိုရင် ” ကြိုပြောထားတာနော် ငါတို့ကဆင်းရဲတဲ့တောသားတွေ ရွာမှာလည်း ဘာမှမရှိဘူး ” အဲ့လိုကိုကြိုပြောထားတာပါ ။ ရွာကို ပြန်ရောက်တုန်း ရွာက သူတွေက “ ဘယ်တော့ပြန်ရောက်လဲ ၊ ထမင်းလာစားအုံးအိမ်မှာ ၊ ငါ့မောင်က ဖြူပြီးချောလာတယ်ဟဲ့ ၊ မိန်းမ မယူသေးဘူးလား လူပျိုကြီးရ ” ဒီလို ဒီလို ဟန်ဆောင်မှုကင်းတဲ့ နှုတ်ဆက်သံတွေနဲ့ ဆီးကြိုလို့ပါ ။


မိုးတွင်းဆိုတော့ အိမ်ရှေ့တွေမှာ ဗူးပင် ၊ ပဲတောင့်ရှည်ပင်တွေလည်းစိုက်ထားကြတာများတယ် ။

အသိ အစ်ကိုတစ်ယောက်ကပြောတယ် မောင်မျိုးက ကြက်တောင် အလွတ်မပေးပဲ ရိုက်လာပါလားတဲ့ ဘလော့ဂါဆိုတာ ဒီလိုပဲ မဲမဲမြင်ရာ ရိုက်ချင်နေတော့တာလို့ပြောလိုက်တယ် ဟုတ်တယ်မှတ်လားး)

စိမ်းစိုနေတဲ့ ရွာလမ်းကလေး ဟိုးလမ်းဆုံးမှာ ၀ါးရုံတောတွေရှိတယ် ။

ကွမ်းခြံတွေဘက် သွားတဲ့လမ်း ။

ဗူးစင် တော်တော် သန်တယ်ပြောရမယ် အကင်းလေးတွေလည်းထွက်နေတာ အများကြီးပဲ အညွန့်တွေလည်းသန်တယ် ။ ဆေးဖျန်းတာနည်းတော့ သဘာဝ အတိုင်းသီးတဲ့အသီးတွေမို့ စားရတာတော်တော် ကောင်းပါတယ် ။

ဆနွင်းပျိုးခင်း တော်တော်လှတယ် ကျနော်ရောက်သွားတဲ့အချိန်က ညနေခင်းလေးဆိုတော့ နေလည်းအေးနေပြီ လေကလေးကလည်း အေးအေး နဲ့ စိမ်းလန်းတဲ့ ဒီလိုမြင်ကွင်းမျိုးလေးတွေတွေ့ရတာ စိတ်ထဲကြည်နူးမိတာတော့အမှန်ပဲ ။


ဒါက ရွာမှာ ဧည့်သည်သွားလုပ်တုန်းက စားခဲ့တာလေး တော်တော်စားကောင်းတယ် ဗူးသီးဟင်းကလည်း ချိုနေတာပဲ ။အားလုံးလည်း စိတ်ဝင်စားရင် ၀င်တီးသွားကြပါအုံးး) ။


Tuesday, October 11, 2011

ကွမ်းပင်

ရွာကိုပြန်ရောက်တုန်း ကင်မရာလေးလည်းပါသွားတာနဲ့ ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်ခဲ့တယ် ပြီးတော့ များသောအားဖြင့် မြို့သားဘလော့ဂါ တွေများတဲ့သူငယ်ချင်းတွေကိုလည်း ဗဟုသုတလေးတွေရစေချင်တာနဲ့ ကျနော်တို့မြို့ဘက် တောရွာတွေမှာ အများဆုံးစိုက်ပျိုကြတဲ့ ကွမ်းပင်တွေအကြောင်းပြောပြချင်ပါတယ် ။ ကွမ်းပင်လို့ဆိုလိုက်တာနဲ့ အပင်မြင့်မြင့် ထန်းပင် အသေးစားနဲ့တူတဲ့ ကွမ်းသီးပင်လို့ထင်တတ်ကြမှာပါ တကယ်တော့မဟုတ်ပါဘူး မြန်မာတွေအများဆုံး စားကြတဲ့ ကွမ်းယာမှာ အသုံးပြုတဲ့ ကွမ်းရွက်ပင်ပါ။ ကျနော်တို့မြို့ ရဲ့ အဓိက စီးပွားရေးထဲမှာ သူက နံပါတ် ၂ လောက်မှာ ပါတယ်ပြောရမယ် တောမှာနေတဲ့ သူတိုင်း ကွမ်းပင်စိုက်ကြလို့ပါ ။ အရင်ကတော့ ကြားဖူးနားဝရှိတာ ကျနော်တို့မြို့လေးကို ရာဘာမြို့တော် ငရုပ်ကောင်းမြို့တော်လို့ တင်းစားကြတယ်ဆိုလား ဒါပေမယ့် ရာဘာလိုကြီးကျယ်တဲ့လုပ်ငန်းမျိုးတွေက အစိုးရပိုင်းနဲ့ မြို့က သူဌေးပိုင်းတွေပဲ ပိုင်ဆိုင်ကြတာများတော့ ကျနော်နဲ့ မရင်းနှီးပါဘူး ကျနော်နဲ့ ရင်းနှီးတာက ကွမ်းပင် ။

ကွမ်းပင် တစ်ပင်က တကယ်ပဲ အကြမ်းခံတယ်လို့ထင်ရပေမယ့် ပိုးမွေးသလိုမွေးရပါတယ်။ သူ့ကို စိုက်ချင်ရင်လည်း အရင်းနှီးကများတယ် ပြီးတော့ထီထိုးတာနဲံ့လည်းဆင်နေပြန်ကော ဘာကြောင့်လည်းဆိုတော့ သူကပိုးကျရင်လည်း ရှုံးမယ် တက်နိုင်တဲ့သူတွေကတော့ အပင်ရည် ထောင်နဲ့ချီပြီးစိုက်ကြတယ် ။ ပြီးတော့ ကိုယ်စိုက်တဲ့နှစ် ဈေးမရရင်လည်းရှုံးမှာပဲ ။ကွမ်းစိုက်မယ်ဆိုရင် စိုက်မယ့် မြေကွက်ကို ပေါက်ရ မြေဆွရတယ် ပြီးရင် အကွက်ကလေးတွေ မြောင်းကလေးတွေ ဖေါ်ရတယ် ။ကွမ်းညွန့် ( ကွမ်းညွန့်ဆိုတာက အရင်နှစ်တွေမှာ အပင်ဟောင်းတွေဆီက ပြန်ပြီး မျိုးယူရတာမျိုးပါ သူကလည်းဈေးကောင်းတယ် ကွမ်းမျိုးကောင်းရင် ဈေးပိုရတယ် ခု ကာလပေါက်ဈေးနဲ့ တစ်ညွန့်ဘယ်လောက်ရှိလဲ ကျနော်လည်းမသိတော့ဘူး ဝေးနေတာလည်းကြာပြီမို့ပါ) ။ ကွမ်းညွန့်စိုက်မယ့်နေရာလေးမှာ မြေကွက်ကလေးတူးတယ် ပြီးတော့ မြေသြဇာ မြေချက် ( မြေကြီးကိုမီးဖုတ်ပြီး ပြာ အဖြစ်လုပ်ယူထားတဲ့အရာ ) နဲ့ နွားချေးကို ရောနှယ်ပြီး အဲ့မြေကွက်လေးထဲမှာ ကွမ်ပင်လေးကို ပျိုပါတယ် ပြီးတော့ တိုက်စိုက်တယ် ၀ါးတိုင်ပါ ။

ဒါက မသေတော့ဘူးလို့ပြောရမယ့် ရှင်သန်တဲ့ ကွမ်းပင်ပါ ကွမ်းပင်တစ်ပင်မှာ ညှာတံလေးက အရေးကြီးဆုံးပါ သူ့ကို ယုယုယယ ထားရပါတယ် သူနာသွားမျိုး ကျိုးသွားတာမျိုးဆိုရင်တော့ ဒီအပင်မရှင်နိုင်တော့ပါဘူး ။ ခြံရှင်တွေက သူခိုးရန် ပြီးတော့ ပိုးကျမယ့်ရန် တွေကိုလည်း ကြောက်ရတာမို့ ကွမ်းခြံတွကို ခြံစည်းရိုးနဲ့ခပ် သေချာစိုက်ပျိုး ဂရုစိုက်ရတာပါ တစ်ချို့ ယုတ်မာတဲ့ သူတွေကျတော့ ခြံထဲဝင်ပြီး အဲ့အညွန့်လေးတွေကြီးပဲ ချိုးသွားတတ်ကြတာပါ အဲ့တာဆိုရင်တော့ သေချာတယ် အဲ့ခြံရှင် အော်ငိုတော့မှာ ။


ဒါကတော့ နောက်ထပ် လပိုင်းလောက်ဆို ခူးလို့ရပြီဖြစ်တဲ့ ကွမ်းရွက်လေးပါ ။






အထက်ပုံတွေကတော့ ကွမ်းခြံကွက်တွေပါ ။ ဒီမှာတော့ မြောင်းပဲဖေါ်ရသေးတယ် အကွက်မဖေါ်ရသေးပါဘူး ။ ကျနော်တို့ဘက်က အခေါ်ကတော့ ဒီနှစ်မှစိုက်တဲ့အပင် ကွမ်းသစ်ပေါ့ သူ့ရဲ့ စစချင်းခူးတဲ့ အရွက်တွေက သိပ်တော့ ဈေးမရသေးဘူး ပွဲတွေမှာသွင်းရင်လည်း ကွမ်းသစ် ကွမ်းဟောင်းခွဲပြီး ဈေးက ၂ မျိုးရှိပါတယ် ။ အဓိကတင်ပို့တာက ပဲခူး ရန်ကုန်ဘက်ကိုပါ ။ ဒီကွမ်းပင်တွေ သန်မာလာပြီဆိုရင်တော့ ငြမ်းစင်ရပါတယ် (စာလုံးပေါင်းမသိဘူး မှားမယ်ထင်တယ် ) ။ အဲ့အခါကျ ခြုံတွေကို ၀ယ်ရပါတယ် အပေါ်က အမိုးလိုမျိုးနဲ့ နေပူဒဏ်ခံနိုင်အောင်လုပ်ပေး ပြီးတော့ နေထိုးမယ့်ဘက်ကို အကာလိုမျိုး လုပ်ပေးရတယ် ။ စိုက်ပျိုးတာက မိုးရာသီမှာစိုက်တယ် ကွမ်းဈေးအကောင်းဆုံးအချိန်က နွေရာသီ ဘာလို့လည်းဆိုတော့ နေပူဒဏ်ကြောင့် ကွမ်းအသေများတတ်တယ် အဲ့တော့ ကွမ်းရှာရင် ဈေးပိုရတာပေါ့ ။အဲ့တော့ နွေရာသီရောက်ရင် ကွမ်းရေပေးရတာမျိုးလည်း ၂ ပါတ်တစ်ခါလောက်လုပ်ပေးရပါတယ် ကြားမှာ ကွမ်းစာ ( ၀ဲ ) ကျွေးရတာမျိုးလည်း လုပ်ရတာ ဒါကြောင့် ကွမ်းက အရင်းနှီးများလို့ တော်ရုံ ငွေမနိုင်တဲ့သူတွေလည်း ကွမ်းမစိုက်နိုင်ကြပါဘူး ။ကွမ်းခြံဟောင်းတွေကိုတော့ မရောက်ဖြစ်လို့ မရိုက်ခဲ့ရဘူး ။


ဒါကတော့ ရောင်းတန်းဝင်ပြီပြောရမယ့် ကွမ်းလိပ်တွေပါ ၅၀ သားအလိပ် ။ ဒီအဆင့်ကိုရောက်ဖို့ ဆိုရင် ကွမ်းခူးသမား ငှားရမယ် အပင်မြင့်တွေကို လှေခါးထောင်ပြီးတက်ခူးရတယ် သူတို့ ခူးလာတဲ့ အရွက်တွေကို ရေပြောင်အောင်ဆေး ပြီးရင် စီတဲ့သူက စီ ဒီလိုအလိပ်လေးတွေဖြစ်ဖို့ လိပ်တဲ့သူကလိပ်ရပါတယ် သူကလည်း ပညာတော့လိုတယ် ပယ်ကွမ်း ( အရွက်သေးလေးတွေ ၀ါနေတဲ့ အရွက်လေးတွေ ဘေးမှာ သပ်သပ်ဖယ်ထုတ်ရတယ် ) ကိုသပ်သပ်ဖယ် အရွက်သန့် အရွက်ရွယ်တူးလေးတွေကို ရွေးစီရတာမျိုး ရွာဘက်က ကွမ်းစီ ကွမ်းခူး တဲ့ အဒေါ်ကြီးတွေကတော့ လုပ်သက်တွေရင့်လို့ သူတို့ ကွမ်းစီတာ သိပ်မြန်ပါတယ် စက်ကလေးကျနေတာပဲ စီသွားတာ ။ လိပ်တဲ့သူကလည်း လိပ်တတ်မှ မဟုတ်ရင် ကွမ်းလိပ်က ပြဲပြဲကြီးဖြစ်သွားတတ်တယ် ကွမ်းရွက်ကောင်းပေမယ့် မလိပ်တတ်ရင် ကွမ်းလိပ်က မလှတော့ ဈေးလျှော့ခံရတာမျိုးလည်းရှိပါတယ် ။ ကွမ်းကို ရေများများစွတ်ရတယ် တစ်ချို့ကလည်း ရေတွေ တအားစွတ်ပြီး ၅၀ သားအလိပ်မှာ ကွမ်းသားက ၃၀ သားလောက်ပဲ ပါတာမျိုးလည်းရှိတယ် ။ ဒီအလိပ်လေးတွေကို ရေဖျန်းပြီးရင် ခြင်းထဲကို ငှက်ပျော်ရွက်တွေ ခံပြီး ကွမ်းရွက်မနာဖို့ထည့် ဒါဆိုရင်တော့ ရောင်းတန်းဝင်တဲ့ ကွမ်းရွက်တွေရပါပြီ ။

ကြုံများကြုံခဲ့ရင်တော့ သူငယ်ချင်းတွေကို ကွမ်းခြံထဲအလည်ခေါ်လို့ မသိတသိနဲ့ လုံးတုတ် ပတ်တုတ်ပြီး ဆရာကြီးလေသံနဲ့ ရှင်းပြချင်ပါသေးတယ် ကျနော်ကလည်း ခပ်ညံ့ညံ့တောသားဗျး) ။ ဗဟုသုတ ရစေလိုတဲ့အတွက် တင်ပေးလိုက်ပါတယ် မသိတာရှိ မရှင်းတာရှိ မေးပါ ကော့မန့်မှာ ပြန်ဖြေပေးပါမယ် ကျေးဇူးတင်ပါတယ် ။



Wednesday, September 14, 2011

အမေ နဲ့ ရွာ

အမေ့ ကိုလွမ်းတယ် ပြီးတော့ ရွာကိုလည်းလွမ်းတယ် ။ ခုရက်ပိုင်းပိုလို့သတိရတယ် မိုးတွေရွာတော့ ပိုဆိုး ။အမေ နဲ့ ရွာ အမြဲတမ်းတွဲမြင်နေကြပါပဲ ။ အမေက ရွာကနေ ဘယ်တော့မှ မပြောင်းသလို ရွာမှာပဲ ပျော်တတ်တဲ့သူပါ ဒီလိုပဲ ရွာက လူတွေကလည်း အမေ့ကို ချစ်ကြ ရိုသေကြတယ် ။ အမေ့အိမ်ရောက်ဖို့ဆိုရင် ကျနော် လှည်းလမ်းတွေဖြတ်ရမယ် ပြီးတော့ ၀ါးအုပ်ကြီးတွေကိုလည်း ကျော်ရမယ် ရွာလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ ချောင်းရေစီသံတွေ ကြားကြားနေရမှာ မနက်မိုးလင်းရင်တော့ မိုးသည်းမယ့်နေ့တွေဆိုရင် သစ်ရိုင်းပင်တွေ ရိုက်ခတ်သံနဲ့ ၀ါးပင်ကြီင်္းတွေက ယိမ်းထိုးကနေသလို မြင်ကွင်းမျိုးတွေကိုလည်း မြင်ရမှာ ဒါက ကျနော့်စိတ်ကူးနဲ့ ခဏခဏ အလည်ပြန်ဖြစ်နေတဲ့ ကျနော့်ရဲ့ ရွာလေးပေါ့ ။

အမေ ပြောလို့ပြောတာမဟုတ် ကျနော့် အမေက ရွာမှာ မိန်းမလူကြီးလို့ပြောရမယ် ရွာလူကြီးခန့်ထားတဲ့ အဘက စကားနည်းတော့ ပြသနာဖြစ်တိုင်း အမေကပဲ ဖြေရှင်းပေးရတာမျိုး ဒါကလည်း ရွာမှာ သက်ကြီးပိုင်းတစ်ယောက်ယောက်ကို လူကြီးနေရာထားတာမျိုးပါ ကျနော့်အဖေ က လူကြီးမို့ ကျနော်ဟာလည်း ဟိုနေရာမှာ စွာတာတာ ဒီနေရာမှာ စွာတာတာနဲ့ သူကြီးသားမျိုးလည်းမဟုတ်ရပါဘူးး)။ ရွာမှာ သားမိန်းမခိုးသွားလို့ သမီးယောက်ျားနောက်လိုက်သွားလို့ ငိုကြယိုကြပြီဆိုရင် “ အမလေး အစ်မပြုံးရေ့ ကျမသမီးမရှိတော့ဘူး တော့် ” ဒါက မကြာမကြာ ကျနော်ကြားနေရတဲ့ အသံတွေ ရွာက ခလေးမတွေကလည်း နည်းနည်းလေး အပျိုဖြန်းလေးမဖြစ်လိုက်နဲ့ လိုက်သွားကြပြန်ပြီး အဲ့လို သားသမီးအရေးတွေလည်း အမေက ပါတတ်တာပဲ သူများမင်္ဂလာဆောင် ခပ်တုံးတုံးခပ်အအ ရွာက သူတွေက မလုပ်တတ်ကြရင် “ အစ်မပဲ ကြည့်စီစဉ်ပေးပါ ” ဆိုတာမျိုး အမေကတော့ မမောနိုင် မပန်းနိုင်နဲ့ ပါတာပါပဲ သားသမီးတွေ တားလည်း တားမှမရတာ ။ဒါက သာရေး။

အငယ်လေးတည်းက အမေ့မျက်စေ့ရှိတင် မွေးကြ အရွယ်ရောက် အိမ်ထောင်ရက်သားကျသွားကြတဲ့ရွာက လူတွေကလည်း အမေ့ကိုတလေးတစားဆက်ဆံကြတာတွေ့တော့ ဘယ်ရယ်တော့မဟုတ်ဘူး စိတ်ကောင်းရှိတဲ့ အမေ့အစား စေတနာ အကျိုးပေးတယ်ဆိုပြီး ကြည်နူးမိပါတယ် ။ တစ်ခါ ရွာက အစ်မတစ်ယောက်ဆုံးတယ် တော်တော် အဆင်မပြေတဲ့ မိသားစုလေးပါ သမီးလေးတစ်ယောက်နဲ့ ရွာထဲမှာ အသံစာစာနဲ့ အလုပ်အရမ်းလုပ်တတ်တဲ့ အစ်မ သူဆုံးတော့ အသုဘချစရာငွေတောင်မရှိ ဆိုးလိုက်တဲ့ဘ၀ ရွာကလည်း အဆင်ပြေတဲ့သူနည်းတယ် ။ သူ့ယောက်ျားက ငိုယိုပြီး အမေ့ဆီလာလို့ အကူညီတောင်း အမေက မာန်သာရှိတော့တယ် အရင်လို စီးပွားရေးက အဆင်မပြေတော့ ချေးစရာငွေလည်းမရှိဘူးရယ် အဲ့တော့ အမေ ဘာလုပ်တယ်ထင်ပါသလဲ ရှိတော့တန်ဆာ မရှိတော့ ၀မ်းစာ တမလွန်သွားတဲ့ ခရီး ကူညီကောင်းပါတယ်လေဆိုပြီး နားထဲက နားကပ်ချွတ်ပေးပေါင်တဲ့ ကျနော့် အမေပါ ။“ အမေတို့ကလည်းဗျာ သိပ်လူသိတာပဲ အဲ့တာကြီးပေးပေါင်လိုက်တော့ သူများတွေက တစ်မျိုးထင်မှာပေါ့ အမေ့မှာလည်း ဒါလေးပဲရှိတာကို ” သားလူပျိုတွေ ရှက်မှန်းသိတော့ “တစ်ရက်နှစ်ရက်တည်းပါဟယ် သူများပြန်ရွေးပေးမှာပေါ့ ” တဲ့ ဒါကကျ နာရေး ။

ရွာမှာ ကျနော်တို့ အိမ်ဆိုင်ကလေးတည်ထားပါတယ် အကြွေးတွေတင်လို့ ခဏခဏ အဲ့ဈေးဆိုင်လေးကလည်း ပြုတ်တာပေါ့ ငြုပ်သီးဆိုလည်း မြို့ပေါ်မှာလိုမဟုတ် တောထဲဆိုတော့ အမေကိုယ်တိုင်ထောင်းတဲ့ ငရုပ်သီးမှုန့်ကိုပဲ ဆိုင်မှာရောင်းတယ် မြို့က ငြုပ်သီးမှုန့်က ရောထားတာတွေ ရွာက လူတွေ ကောင်းကောင်းစားစေချင်လို့ပါတဲ့ ။“အမေ မြို့မှာတောင် အချိုမှုန့်ထုတ်ရောင်းတာ အမေ့လောက်မများဘူး အမေထုတ်တာများလှကြီလား” ဆိုတော့ မလှူနိုင်သေးရင်ဈေးရောင်းတဲ့ ဒါလည်း အလှူပဲဆိုပြီး အမေကတော့ အမြတ်နည်းနည်းနဲ့ ဈေးရောင်းတာမျိုး ။ တစ်ချို့ အကြွေးများတဲ့ မအေတွေက မလာရဲတော့ ညနေစောင်း ထမင်းချက်ချိန်ရောက်ရင် သူတို့ခလေးလေးတွေကို လုံချည်လေးးပေးလိုက်တယ် “ အမေပြုံးရေ့ သားတို့ အမေက ဆန်လေးဗူးလောက် အကြွေးရောင်းထားပေးပါတဲ့ အဖေ့နေ့စားခ ရရင် ဆပ်ဖြစ်အောင်လာဆပ်မယ်လို့ပြောတယ် ” အမေကတော့ သက်ပြင်းကိုချလို့ ပေးလိုက်ပြန်ပြီ အဲ့တာကြောင့် အရင်း ခဏခဏ ပြုတ်တာပေါ့ ။

တစ်ခါတလေ ရွာမှ ညသန်းခေါ်ကျော်ကြီင်္း လင်မယားချင်းရန်ဖြစ်ကြတာမျိုး နောက်တော့ အရက်ဝိုင်းတွေမှာ ရန်ဖြစ်ကြတာမျိုးဆိုရင် တအားကိုဆူပါတယ် ရွာမှာ နာမည်ပြောင်ပေးထားတဲ့ လေပုတ်ထုတ် ဆိုတဲ့ ဦးလေးကြီးရှိတယ် သိပ်ဆိုးတာ မမူးရင် စကားတစ်လုံးမှ မဟတဲ့သူက မူးရင်တော့လား ဘာတွေမှန်းကိုမသိ အဲ့တာတွေ အဲ့လေပုတ်ထုတ် ဆိုတဲ့ နာမည်ကို ရွာကလူတွေက နာမည်ပြောင်ပေးလိုက်ကြတာ ။ဆိုကြ ဆဲကြ ဆူညံနေပြီဆို အမေတစ်ယောက် မီးအုပ်စောင်းကိုင်လို့ သွားပါပြီ “ ဟဲ့ ဟဲ့ ဒါက ဘယ်လိုတွေဖြစ်နေကြတာလည်း နည်းနည်းပါးပါး အချိန်လည်းကြည့်အုံး ရွာထဲကိုလည်း အားနာကြအုံးလေ ” လေသံမာမာနဲ့ပြောလိုက်ရင်တော့ ငြိမ်သွားတတ်တယ် ။

အစ်မမောင်က အစ်မစကားနားထောင်ပါတယ်ဗျာ ဆိုပြီး အမေ့နောက်ပါလာကော ပြီးတော့ အက်ကြောင်းတွေထပ်လောက်အောင် စကားတွေ များလိုက်တာဆိုတာ တစ်အိမ်လုံးပါနိုးတယ် အမေကတော့ အမူးသမားကို ကောင်းကောင်း ကွမ်းတွေချကျွေး မှာတမ်းတွေချွေလို့ပေါ့ “ မေ့...အိပ်လို့လည်းမရတော့ဘူး ပြီးတော့ သူလေပုတ်တွေထုတ်တာ သားနံတယ်ဗျ ” အားမနာတတ်ပဲပြောတော့ “ဟဲ့ နင်ကလည်း ဧည့်သည်ကို” တဲ့ ဒီနေရာကျ အဘနဲ့ ကျနော် တူပါတယ် အဘက အိပ်ရေးပျက်ရင် သိပ်စိတ်တိုတာပါ လုံချည်ခြုံကြီးနဲ့ထလာပြီး “ အဖွားကြီးရယ် နင်ဟာလည်း အိပ်ပါတော့ဟ ဟိုကောင်လေပုတ်ထုတ် မင်းက မပြန်သေးဘူးလား ” ဆိုရင် ဟုတ်ကဲ့ကို အခေါက်ပေါင်းထပ်အောင်ပြောပြီး ပြန်သွားလေရဲ့ အမေက လှမ်းမှာသေး ကောင်းကောင်းပြန် ချောလဲမယ်တဲ့ အမေက အဲ့လောက်ထိ ရွာက လူတွေကို သံယောဇဉ်ကြီးတာပါ ။


ရွာမှာ ဘာဖြစ်လဲ အမေ သိတယ် ရွာအရေးဘာပေါ်ပေါ် ဒါဟာ အမေ့အရေး ရွာက သူ့သားသမီင်္းအရွယ်တွေအားလုံးဟာ သူ့သားသမီးတွေလိုနဲ့ ရွာထဲမှာ ပြသနာပေါ်လည်း အမေ့ဆီမရောက်တဲ့ကိစ်စတော်တော်ရှားတယ် ။ ဒီလို အမေနဲ့ ရွာရဲ့ ဆက်ဆံရေးမှာ ပကာသနတွေမပါပဲ ဘာကြောင့် ဒီလောက်ခိုင်မြဲကြတာလည်းဆိုရင် စေတနာမှန်ပြီး သံယောဇဉ်စစ်ကြလို့ထင်ပါရဲ့ အမေကတော့ ရွာမှာ ပျော်နေအုံးမှာ ။ ကျနော်လည်း ရွာကိုလွမ်းပါရဲ့ ပြီးတော့ အမေ့ကိုလည်း လွမ်းတယ် ။ ကျနော်လည်း အိမ်ပြန်လည်နိုင်အောင်ကြိုးစားအုံးမှ ဒါပေမယ့် တစ်ခါတရံ ဘ၀လမ်းက ကြမ်းလွန်းတယ် အမေရာ ။အမေကျန်းမာပါစေ ပြီးတော့ ကျနော့်ရွာကလေးလည်း ကျန်းမာပါစေ ။






Monday, June 13, 2011

မိုးသံ၊ ချည်တိုင် နဲ့ ခလောက်သံ

ခလောက် ဒီပုံကို ပေါ်အောင် ကျနော် ဘယ်လိုပြောရပါ့မလဲ ဆွဲလည်းမဆွဲပြတတ်ဘူးး) ၀ါးဘိုးဝါးနဲ့လုပ်ထားတာလေးပါ အထဲမှာတော့ ၀ါးစံသေးသေးလေးတွေနဲ့ ကျနော်တို့လို ကျွဲ ၊ နွားပိုင်တဲ့သူတွေအတွက်တော့ သူက မရှိမဖြစ်အရာတစ်ခုပါ ။ ခလောက်ကိုတော့ ခေါင်နွားတွေကို ဆွဲပေးတာများတယ် စကားပုံလေးတောင်ရှိတယ်မှတ်လား ခေါင်နွားမကောင်းတော့ နောက်နွားလည်း လမ်းဖြောင့်ဖြောင့်မသွားဘူးဆိုတာလေး နွားကျောင်းဖုးတော့သိတယ် နွားအုပ်တစ်အုပ်မှာ အဓိက က ခေါင်နွားပါပဲ ဘယ်တော့ဖြစ်ဖြစ် သူက ရှေ့က ဦးဆောင်တာများတယ် ကျန်တဲ့ နွားတွေက သူ့နောက်က လိုက်ပေါ့ ။ ကျနော်တို့ အရပ်ဖက်မှာ မိုးတွင်းဆို ကွင်းဘက်က နွားတွေအတွက် စားကျက်တွေမရှိတော့ဘူး အဲ့တော့ ကုန်းပိုင်းဘက်က နွားရှင်တွေဆီ နွားငှားကျောင်းကြတယ် ။ တစ်ကောင်ကို တစ်မိုးတွင်း စပါးတင်းဘယ်လောက်ဆိုသလိုမျိုးနဲ့ပေါ့ ။

ကျနော်တို့အိမ်မှာက အိမ်နွားက နည်းနည်း အဲ့တာကြောင့် ထပ်ဖြည့်ပြီး ငှားနွားပါ ထည့်ကျောင်းပါတယ် ။ အမေက နွားကျောင်းက အဓိကမဟုတ်ပဲ စိုက်ပျိုးရေးပါ လုပ်တာဆိုတော့ မြေသြဇာ နွားချေးကိုလိုချင်လို့ နွားငှားကျောင်းတာများပါတယ် ။ အငယ်လေးတုန်းကတော့ နွားကျောင်းကို အပျော်လိုက်တာပဲများပြီး ဟုတ်တိ ပတ်တိလည်းမကျောင်းဖြစ်ပါဘူး ယောင်နေတာကများတယ် အဓိက ကမိုးတွင်းမှာ ရေပြင်ဖွေးဖွေးမှာ ခရုကောက် ရေကူးချင်တာကြောင့်လည်းပါတာပေါ့ ။ နွားကျောင်းရတာ တစ်ခါခါ တော်တော်ပျော်စရာကောင်းပြီး တစ်ခါခါတော့ တကယ်ကိုစိတ်ညစ်စရာပါ ။

ခလောက်က ရွာမှာတော့ တေသံသာပေါ့ အိမ်တိုင်း နွားရှိကြတော့ ရွာက ကွင်းစပ်မှာ ခလောက်သံလေးတွေက ဆူညံ့လို့ ။ ခလောက်က ကြာလေ အသံကောင်းလေပါ ၀ါးက စိုနေရင် အသံသိပ်မထွက်သေးဘူး ခြောက်လေ ပိုအသံထွက်လေပါ ။ တစ်ချို့သိပ်ဆိုးတဲ့နွားတွေ ဆိုရင် ဒေါက်ဆိုတာ တပ်ရပါသေးတယ် တစ်တောင်လောက်ရှိတဲ့ ၀ါးပိုင်းလေး သူ့လည်ပင်းမှာ ဆွဲထားလိုက်တာမျိုး အဲ့တာဆို သူပြေးချင်တိုင်းပြေးမရတော့ဘူး ညိနေတာကများတယ် ။နွားပျောက်တဲ့ အခါ နွားခြေရာကွက်ရှာရတာ နောက်တော့ ခလောက်သံနားထောင်ပြီး နားစွင့်ရှာရတာမျိုးတွေဟာလည်း စိတ်လှုပ်ရှားစရာပါ ။ နေရောင်တော်တော် တောက်ပြီဆိုရင် နွားလွှတ်ပြီး နေလုံးကြီးက နီရဲ လိမ်မော်ရောင်သမ်းလာရင်တော့ ဒါဟာ နွားသွင်းချိန်ပေါ့ ။

တစ်ချို့နွားတွေက သိပ်မုန်းစရာကောင်းတာပါ ပါးသလားမမေးနဲ့ လူသံကြားရင် သူတို့က ငြိမ်နေတတ်တယ် ခလောက်သံမကြားတော့ ကိုယ်က ဘယ်ရှာတွေ့တော့မတုန်း သူများအကွက် ( သီးပင် စားပင် စိုက်ခင်းတွေပါ) ၀င်စားမှာလည်းကြောက်တယ် ရိုက်ခံထိမှာကိုးး။ မှတ်မိသေးတယ် ခလေးဆိုတော့ ခြံရှင်က ဆဲဆိုတတ်ပါတယ် တစ်ခါကဆို နွား အကောင်၂၀ လောက် တစ်အုပ်လုံးက သူများချဉ်ပေါင်ခင်းထဲ ၀င်တုတ်နေလိုက်တာများ ပန်းခင်းထဲရောက်တဲ့ အပျိုမလေးတွေကျနေတာပဲ ပျော်လို့ ရွှင်လို့ ခြံရှင်မသိအောင် ကိုယ်က အမြန်မောင်းမှ သူတို့က တစ်ခါတည်း ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀လုပ်ပြီး တစ်ကွင်းလုံးပြေးနေလိုက်တာဆိုတာမျိုး ချဉ်ပေါင်တစ်ခင်လုံး ပြုံန်းလို့ပေါ့ ခြံရှင်ကလည်းဆဲလိုက်တာဆိုတာများ ကျနော့်မှာ ကြောက်လည်းကြောက် ဘာမှလည်းမလုပ်ရဲတော့ပါဘူး ခမောက်လေးဆောင်း မိုးတွေကလည်းမိ နှုတ်ခမ်းတွေကလည်းပြာပြီး ဒီတိုင်းပဲ ရပ်နေမိတော့တယ် ခြံရှင်က ကိုယ့်ကို ရိုက်မယ်နှက်မယ် တကဲကဲပေါ့ ။

သတင်းကြားတဲ့ အမေက အပြေးလေးရောက်လာပြီး တောင်းပန် ပြီးတော့ အလျောပေးပါ့မယ် ပြောရတာ။ အဲ့တုန်းက တကယ်ကို စိတ်ပျက်မိသွားတာပါ အမေ့ကိုလည်းသနားတယ် ပြီးတော့ ပိုပြသနာတက်တာက ခြံရှင်က ကိုယ့်ကို နွားကျောင်းသားလေးထင်ပြီး “မိမဆုံးမ ဖမဆုံးမ သားသမီးတွေ” အဲ့လိုပြောတော့ အမေ့ဒေါသက အထွဋ်အထိပ်ကိုရောက်သွားတာ ဘာမပြော ညာမပြောနဲ့ ချဉ်ပေါင်ခင်းထဲ ခြံရှင် အဒေါ်ကြီးနဲ့ အမေ နပန်းတွေ လုံးကြတာ မိုးရေတောထဲ လူးလို့ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင် အမေ့ကိုလည်း သနားနဲ့ မိုရေကြီးထဲ အကြာကြီး ထိုင်ငိုပစ်လိုက်တာ လည်ချောင်းတွေပါ နာလို့ ညကျ ကျနော်ဖျားပါလေကော ။ တေးထားတာ ဘာမှမသိတဲ့ နွားတွေဆိုပေမယ့်လည်း ခလေးစိတ်နဲ့ဆိုတော့ ဘာမှန်းမသိပဲ အူလည်လည်လုပ်နေတဲ့ သူတို့ပုံတွေက ကျနော့်ကိုများ လှောင်နေသလိုလို နေ့မွန်းမတည့်ခင်လေး ခြံဝင်းထဲမှာ လှုပ်၂ရွ၂ ဖြစ်နေတဲ့ သူတို့ကို တုတ်ကြီးကြီးတစ်ချောင်းကိုင်လို့ ” ပြေးအုံးကွာ ပြေးအုံးကွာ ” ဆိုပြီး အကောင်စေ့လိုက်ရိုက်ပစ်လိုက်တာ ငရဲကြီးလည်းမတတ်နိုင် အဲ့တော့မှ ကျနော့်စိတ်ပြေတော့တယ် ။

နွားတွေကို နာမည်ပေးတာကလည်း ရွာမှာ သူ့နဲ့ငါ အပြိုင်အဆိုင်ပေါ့ အိမ်က ခိုင်းနွားလှလှနှစ်ကောင်ကို အဘပေးထားတဲ့ နာမည်က ဝေသာလီ နဲ့ မိုးမှောင် တဲ့ ။ နွားအိုမ ကြီးတွေဆိုရင် နွားအိုမ အဖြူစွတ်စွတ်ဆိုရင် နွားဖြူမ တစ်ခါတလေဆို ဖိုးချစ်တို့ ပါလိုက်သေး မင်းသမီးနာမည်တွေလည်းရှိသေးတယ် နန်ဒါလှိုင် တို့ ဂျက်မ ဘိုမ တို့ပေါ့ ။ နွားကျောင်းသားတွေအတွက် စိတ်အညစ်ရဆုံးအချိန်ကတော့ သူတို့ရည်းစားထားတဲ့ အချိန်ပါ မာနကြီးကြီး ကောင်မလေးတစ်ယောက်ကို ခပ်ဆိုးဆိုး လူပျိုတစ်သိုက် အပြေးလိုက်ကြသလိုပေါ့ အဲ့ဒီအချိန်တော့ လိုက်မနေပါနဲ့ မောရုံပဲ အဖက်တင်တယ် နွားပျိုမလေးက အရှေ့ကပြေးရင် အနောက်က နွားထီး ၁၀ ကောင်လိုက်က လိုက်ကြတာများဆိုတာ အားပါးပါး လက်လန်တယ် ...သံဝေဂ ရစရာ အော် သူတို့အချစ်ပေါ့း) ။ တစ်ချို့နွားတွေက ခြံခုန်တာပါ အဲ့အချိန် တကယ်ကို ဆပ်ကပ်ကြည့်ရသလိုပါပဲ ။

အိမ်မွေးခြံပေါက် နွားကလေးတွေဆို ပိုင်ရှင်တွေက ပိုချစ်ကြတယ် နွားထီးလေးကျရင် ပိုပျော်ကြတယ် အမွှေးလေးက ဆွတ်ဆွတ် ခြေထောက်လေးတွေက နုနုနဲ့ သွားမပေါက်သေးတဲ့ နွားပေါက်စလေးတွေက သိပ်ချစ်စရာကောင်းတာပါ ။ စီးပွားရေး အဆင်မပြေတဲ့နှစ် ခြံပေါက်နွားလေးတွေကို ရောင်းရပြီဆို ၀ယ်သူက ပိုက်ဆံထုတ်နဲ့ လာတာနဲ့ ကျနော်တို့ မောင်နှမတွေက ချောင်တစ်ချောင်မှာ မျက်ရည်တွေကျလို့ ကိုယ့်ခလေး သူများမွေးစားဖို့ပေးလိုက်ရသလိုပါပဲ ။ဒီလို မိုးနံ့သင်းရင် ရွာမှာ နွားကျောင်းတွေပိုများလာပြီ ။ ရွာကိုလွမ်းတဲ့ သူတွေကို တစ်ချို့ကျ စကြတာ မိုးသံကြားရင် ချည်တိုင်ကို လွမ်းတယ်တဲ့ အဟုတ်ပါ မိုးရွာတာမြင်ရင် ရွာက ရဲမှည့်နေမယ့် သပြေပင်ကြီးကိုလည်း လွမ်းတယ် ရေပြင်ဖွေးဖွေးကိုလည်း လွမ်းတယ် ။ မိုးလေတိုးသံနဲ့ ယိမ်းနွဲ့နေတဲ့ တောရိုင်းသစ်ပင်အုပ်အုပ်တွေကိုလည်း လွမ်းတယ် စောင်ခြုံထဲကွေး အမေ့နားတိုးကပ် အမေ့ကိုယ်ငွေ့နဲ့ နွေးခဲ့တဲ့ မိုးနေ့တွေကိုလည်း လွမ်းတယ် ခလောက်သံလေးတွေကလည်း လွမ်းစရာပါ ။

ဟုတ်ပါ့ တကယ်ကို မိုးသံကြားတော့ ကျနော်တို့လည်း ချည်တိုင်ကို လွမ်းပါတယ် ။



Wednesday, May 25, 2011

တောရွာ

ကိုယ်က မြို့သားကြီးလည်း မဟုတ်သလို တောမှာပဲနေ တောမှာပဲကြီး တောမှာပဲ လုပ်ကိုင်စားသောက်တဲ့ တောသားစစ်စစ်ကြီးလည်းမဟုတ်ပြန်ဘူး ။ ဘာပဲဖြစ်ဖြစ် တောရွာရဲ့ ဓလေ့ ပျော်ရွှင်ဖွယ် အကြောင်းရာတွေကတော့ ကိုယ့်ကို တော်တော် စိုးမိုးခဲ့ပါတယ် ။ ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရ များဟာလည်း တောရွာရဲ့ရင်ခွင်မှာ ပျော်ရွှင်ခဲ့ဖူးတာပေါ့။ ဘလော့လေးရေးတော့ ရွာအကြောင်းလေး အမှတ်တရ ရေးဖြစ်တယ် အားပေးကြတာ သဘောကျကြတာတွေ့တော့ ပိုရေးဖြစ်တယ် လေဘယ်လေးသပ်သပ်တပ်ပြီး သေချာလေးရေးမိတယ် ။ ဒါပေမယ့် တောရွာလေးကတော့ ဟိုးအတိတ်မှာကျန်ခဲ့တာပေါ့ ဒါပေမယ့် ရွာသူရွာသားတွေရဲ့ ရင်ထဲမှာတော့ တောရွာလေးက အမြဲတမ်း အမှတ်တရ မမေ့မပျောက်နဲ့ ရှိနေပါသေးတယ်။

ကိုယ့်အနှီးထုတ်လေးနဲ့ ရွာကိုစပြောင်းတာ အမေဘက်က အဖိုးပေးလိုက်တဲ့ အမွေလေးနဲ့ ရွာမှာ အခြေချ သားသမီးခြောက်ယောက်နဲ့ အဘက ရုန်းကန်ခဲ့တာ ။ ခြံကျယ်ကြီးထဲမှာ အဘစိုက်ထားတဲ့ သီးပင်စားပင်တွေက စုံလို့ ။ အမေက နောင်တစ်ချိန်စားရအောင်ဆိုပြီး သီးပင်စားပင်အကြီးကြီးတွေဖြစ်တဲ့ နှစ်ရှည်ပင်တွေ ခြံဝင်းထဲမှာစိုက်ထားဖြစ်တယ် သရက်ပင် ဒညင်းပင်း စုံလို့ပါပဲ။ ရွာထဲမှာ တစ်ယောက်ခြံထဲက မှည့်နေတဲ့ ဘာသီးနှံပဲဖြစ်ဖြစ် နောက်ရွာသားတစ်ယောက်က ခူးစားလိုက်လို့ စိတ်ဆိုးရိုးထုံးစံလည်းမရှိကြဘူး။မိုးတွင်းစာ ထင်းမီးအတွက်လည်း အပြင်ထွက်ခုတ်စရာမလိုပဲ ကိုယ့်ခြံထဲက ထင်းနဲ့တင် ကိုယ်လုံလောက်လို့ အဘက နွားကျောင်းက ပြန်လာတိုင်း ထင်ပိုင်းကြီးကြီးတစ်ပိုင်းနေ့တိုင်းထမ်းထမ်းလာတတ်တယ် ။ ခြံကြီးရဲ့ ခေါင်းရင်းမှာ ငှက်ပျောပင်တောကြီးရှိတယ် တစ်ခါတလေ မှည့်လို့မှည့်မှန်းတောင်မသိရ ။ ခြံကြီးထဲမှာ ရေတွင်းသုံးတွင်းရှိတယ် ခလေးတုန်းက အဲ့ရေတွင်းတွေထဲ သရဲကြီးရှိတယ်ဆိုလို့ အနားကိုမကပ်ရဲခဲ့ ။

ခြံကြီးထဲက ကွမ်းခြံ ရေပေးတဲ့ အခါကျ သိပ်ပျော်ရတာ ရေကို မောင်းလက်နဲ့ ခပ်ချိုးရတဲ့ရွာမှာ စက်နဲ့မောင်းတင်တာက နွေမှာမှကြုံ၇တာလေ ကွမ်းခြံရေ ၀ိုင်းပက်သလိုနဲ့ ရေဆော့တဲ့ အခါတွေကများတယ် ။ ခြံနောက်က မှို့ပင်ကြီးအောက်မှာ ကောက်ရိုးပုံအကြီးကြီးလည်းရှိတာပဲ ဆောင်းတွင်းဆို အစ်ကိုငယ်နဲ့ အမေပေးမအိပ်ပေမယ့် သွားသွားခိုးအိပ်တယ် ကောက်ရိုးပုံကြီးက နွေးနေတာပဲ ။ တောင်ပိုင်က ဖိုးသာညိုခြံမှာ ရှောက်သီးအကြီးကြီးတွေ သွားခိုးစားတယ် ။ အလယ်ပိုင်းက ကြီးတော်သန်းမြင့်ဆီမှာ ဆိတ်နို့လည်း သွားသွားတောင်းသောက်တာပဲ ။ ကိုညာ အိမ်ဘေးမှာ မရမ်းသီး သီးချိန်ကျ တံချူနဲ့ ကလော်ချပြီး သူ့အိမ်မှာ ဆားတောင်းပြီး ဖက်ကလေးနဲ့ထုတ် တို့စားခဲ့ရတဲ့ အရသာတွေကလည်းမမေ့စရာ ။

ကိုယ်လို ရွာကိုကျောင်းပိတ်ရက်မှ ပြန်ပြန်လာရတဲ့သူတောင် ရွာကိုခင်တွယ်ပြီး သံယောဇဉ်ဒီလောက်ရှိရင် ရွာမှာပဲ ရေးတတ်ဖတ်တတ်ကျောင်းနေ ရွာမှာပဲကြီး ရွာမှာပဲ အိမ်ထောင်ကျ ခလေးတွေရတဲ့သူတွေဆို ရွာကို ဘယ်လောက် သံယောဇဉ်ရှိလိုက်ကြလေမလဲ ။ ဒီရွာကြီးနဲ့ ကျနော်တို့ ဘယ်တော့မှ ခွဲကြရမယ်လို့လည်းမထင်ခဲ့ဖူးပါဘူး ။ ဒါပေမယ့် ကံကိုပဲ အပြစ်ပုံချလိုက်ရလေမလား ဘာမှကိုမတွယ်တာချင်တော့လောက်အောင် ရွာကို အရှိန်ပြင်းပြင်း ရိုက်ချလိုက်တဲ့ သတင်းဆိုးတွေက ရွာမှာ အရူးမီးဝိုင်းသလိုပေါ့ အသက်ကြီးကြီး အဖွားအိုတွေက မျက်ရည်တွေကျလို့ ငို ။ ခလေးတွေကတော့ ဘာမှမသိ ရွာထဲမှာ ဆော့ကစားလို့ကောင်းတုန်း သူတို့ ဘယ်လောက်ထိ ဒီနေရာလေးမှာ ဆော့ကစားခွင့်ရမှာပါလိမ့် ။ ရွာကိုအစိုးရက သိမ်းလိုက်ပြီဆိုတဲ့ သတင်း သဲ့သဲ့တော့ကြားတာ ကြာပေါ့ ။ အဲ့နေ့က အမေ့မျက်နှာ အညှိုးငယ်ဆုံးပဲ ထင်ပါ့ ကိုယ်တွေ့ဖူးသမျှထဲမှာတော့ ။ စစ်တပ်က အကြီးအကဲ ရွာသားတွေ အစည်းဝေးခေါ်တော့ အဘက စိတ်ပျက်လို့မသွားဖြစ် အမေကတော့ မာန်ခဲလို့ သူတို့များ အမိန့်ပြောင်းမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ။

အမေပြန်လာတော့ အမေက ၀မ်းနည်းနေတဲ့မျက်နှာနဲ့ မဲ့ပြုံးကလေးပြုံးလို့ပြောလိုက်တာ “ ငါ့တစ်သက်မှာတော့ တစ်ခါသာ ကြုံးဖူးတဲ့ အဖြစ်ပဲ သုံးခွန်းသော စကားနာကြားရခြင်းပေါ့ ငါတို့များ လူလို့ ထင်လေရော့သလားမသိပါဘူးဟယ် ” တဲ့ စကားလည်းပြောပြီး ခေါင်းပေါ်က ခေါင်းပေါင်းလေးပစ်ချလို့ အမေထိုင်ချလိုက်တဲ့ ပုံက ခြေပစ်လက်ပစ် သုံးခွန်းသော စကားကတော့ “ တစ်လအတွင်း အပြီးပြောင်းပေးကြ ဒါပဲ” တဲ့ သုံးခွန်းတောင်မပြည့်ဘူးထင်တာပဲ ။ ၁၅ နှစ်နီးပါးလောက် နေခဲ့ဖူးတဲ့ ရွာကို ခွဲဖို့ဆိုတာ အမေ့မှာ အဆင်သင့်မဖြစ်သေးဘူးထင်ပါ့ တစ်ချို့တွေကတော့ သူတို့ပြန်ပေးတဲ့ ပေတစ်ရာပတ်လည်လေးမှာပဲ နေဖို့တွေးကြပြီး တစ်ချို့တော့ အမျိုးတွေရှိတဲ့ တစ်ခြားရွာကိုပြောင်းကြတဲ့သူတွေလည်းရှိတာပဲ ။ အဘက သူ့ရွာကို ပြောင်းကြဖို့ပြောပေမယ့် အမေကတော့ ရွာက အမျိုးတွေလိုဖြစ်နေတဲ့သူတွေနဲ့ မခွဲချင်ဘူးတဲ့ အဲ့တော့သူတို့ပြန်ပေးတဲ့နေရာလေးမှာပဲ တစ်ရွာလုံးပြောင်းကြရတာ ရွာက ၃ ပုံ တစ်ပုံလောက်ပဲ ပြန်ဆုံကြတော့တယ် ။

မပြောင်းခင်လေး အမေက ခြံထဲပတ်ကြည့် သူ့စားပင်တွေကို နှမြောနေပုံနဲ့ အဘကတော့ သူပျိုးထောင်ခဲ့တဲ့အပင်တွေကို ပါးစပ်ကသာထုတ်မပြောတယ် နှမြောတသသဖြစ်နေတဲ့မျက်ဝန်းတွေနဲ့ ။“ဒီ ငရုတ်ပင်တွေက ပြောင်းစိုက်ရင် ရှင်ချင်မှရှင်မှာ မျိုးကောင်းတယ် တအားစပ်တာ ထားခဲ့ရမှာ နှမြောလိုက်တာ ” ၊ “ ဒီဒညင်းပင်ကြီး စိုက်ထားတာမကြာပေမယ့် သီးမြန်တယ် ပိုးကျတာလည်းနည်းတယ် အမေဆို အသီးတွေက လှလို့မရောင်းရက်ပဲ ဆားရေစိမ်ထားလိုက်တာ မိုးတွင်းဆို ငပိရည်လေးတစ်ခွက်ရှိလည်းရတယ် ဒညင်းသီးဆားရေစိမ်လေးနဲ့ စားလိုက်လည်း သိပ်ကောင်းတာ အခုတော့ ထားခဲ့ရတော့မယ် ” ။“ မှို့တွေတောင် သီးတာတော်တော်ကြီးနေပြီး ခူးသွားချင်လိုက်တာ ” ဆောက်တည်ရာမရနဲ့ အမေတစ်ယောက် လောဘတွေများလိုက်တာလို့လည်းမဆိုရက်ဘူး ခြံကြီးထဲမှာ ရှိသမျှ အရာတိုင်းဟာ သူတို့လက်နဲ့ မထိတာဆိုလို့ မရှိခဲ့သလောက်ပဲဆိုတော့လည်း ။ကျနော်တို့ ကျွဲနွားကျောင်းရင်း မိုးခိုခဲ့တဲ့ သပြေပင်အကြီးကြီး ထားခဲ့ရတယ် ။ မိုးတွင်းဆို ငါးရှာလို့ကောင်း ရေခိုးကူးခဲ့ကြရတဲ့ ရွာက ချောင်းတွေကို နောက်တစ်ခေါက် လာပြန်ကူးဖြစ်ချင်မှ ကူးဖြစ်တော့မယ် ။

“အမေရယ်... သူတို့ပေးတဲ့နေရာက ရေတွင်းတောင် တူးလို့မရတာ အမေ ဘာစိုက်စားမတုန်း ရွာပြောင်းရအောင်နော်” လို့ သားသမီးတွေကပြောတိုင်း ရွာက လူတွေ ဘယ်လိုနေခဲ့မလဲ တွေးပူရင်း အမေကတော့ မပြောင်းပဲ ဒီနေ့အထိ ရွာကလေးအပေါ် ရွာကလူတွေအပေါ် သံယောဇဉ်ကြီးတုန်း ။ရွာကလူတွေလည်း မပြောင်းမလဲ အခုထိ ရှိနေကြတုန်း ။ရွာမှာမွေးရွာမှာပဲသေသွားကြတဲ့သူတွေလည်းရှိတယ် ။
ရွာကို သွားပြန်လည်တိုင်း “အမေ...သား ခြံဟောင်းတွေဘက် သွားကြည့်ချင်တယ် ” အမေက မသွားပါနဲ့တဲ့ အခု ရွာက ကတုံးဖြစ်နေတာ မြင်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့တဲ့ ။ အင်း ဟုတ်တော့လည်းဟုတ်သား ၀ါးတော သစ်တောတွေနဲ့ ပေါနေတဲ့ ကျနော်တို့ရဲ့ ရွာဟောင်းကလေးဟာလည်း ပြောင်သလင်းခါလို့ ဆံပင်တွေမရှိတော့တဲ့ အဖိုးအိုတစ်ယောက်လို ။

ဒီဘလော့မှာ ရွာအကြောင်းလေးတွေရေြး့ဖစ်တိုင်း ကိုယ့်ရဲ့အတွေးထဲ ရွာဟောင်းလေးရဲ့ အရိပ်တွေက စိုးမိုးနေတယ် ။ ဒါပေမယ့်လည်း ရွာအကြောင်းတွေ ရေးချင်နေတုန်း ရွာထဲကအမှတ်တရတွေက ကုန်မှမကုန်နိုင်ပဲ ရွာသစ်လေးကတော့ ကျနော့်စာမျက်နှာတွေပေါ် သိပ်မရောက်လာခဲ့ဘူး သူ့ကို ကျနော်သူစိမ်းဆန်နေတယ် ။ အခုချိန်မှာ ဒါတွေဟာ ကံတရားကြောင့်ပါ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုတာတွေလည်း တွေးမနေချင်တော့ပါဘူး ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ပဲ သဘောထားလိုက်တော့တယ် ။ ဒါပေမယ့် ရွာဟောင်းလေးကို တစ်ခါခါတော့ လွမ်းတယ် ။




Tuesday, May 10, 2011

ရိုးရာနတ်

မြို့ကြီးပြကြီးတွေမှာတော့ ဒီဓလေ့က သိပ်ရှိမယ်မထင်ပါဘူး ကျနော်တို့ နယ်ဘက်တွေမှာတော့ ဒါမျိုးတွေ ရှိပါတယ် ။ ရိုးရာနတ်ကို ဘိုစဉ်ဘောင်ဆက် ကိုးကွယ်လာကြတာမျိုး ။ အဘ က ကရင်ဆိုတော့ မိသားစုမှာ သားအကြီးဆုံးဖြစ်တဲ့ အဘ က ရိုးရာနတ်ကို အမွေဆက်ခံကိုးကွယ်ရတယ် ။ ဒါပေမယ့် အဘက နည်းနည်းအေးတော့ သိပ်မသိပါဘူး ဘာတွေဘယ်လိုလုပ်ရတယ် ရက်တွေ ဘာတွေ အတိကျ မသိတော့ အိမ်မှာ အမေက ယောက်ခမတွေ မဆုံးခင် သေသေချာချာလေး မေးမြန်းထားပြီး ကိုးကွယ်ဖြစ်တယ် ။ ကျနော်က ဘာ ကရင်လည်း မသိပါဘူးး) အဲ့တာတော့ တော်တော် ညံ့တယ် ကရင်ဆိုရင် ကရင်ပဲမှတ်နေတာ စကော ကရင် ပိုးကရင် အများကြီးရှိပါသေးတယ်တဲ့ ။ ဒီတစ်ခါ ရွာပြန်မှ အဘကို သေချာမေးကြည့်ရတော့မယ် ။ကရင်သွေးသာပါတယ် ကရင်လိုလည်း တစ်လုံးမှမတက်ပါဘူး ဒါပေမယ့် အဘအမျိုးတွေရွာသွားရင် အားလုံးက ကရင်တွေကြီးပဲ စကားလေးတွေဝဲတဲတဲနဲ့ ကျနော်တို့ကို သိပ်အလိုလိုက်တာ ။

ကျနော်တို့နယ်မြို့လေးမှာလည်း မွန်ပြည်နယ်ပိုင်ပေမယ့် ကရင်တွေ အများကြီးပါ ။ ရွာက ဘုန်းကြီးကျောင်းမှာ ကရင်နှစ်သစ်ကူးမတိုင်ခင်ဆို ဒုံးယိမ်း အကတွေကကြတာပေါ့ အဲ့တုန်းက ကျနော့် အစ်ကို ၂ယောက်လုံး လူပျိုပေါက်လေးတွေ ၀င်တာနဲ့ ကကြတာ မှတ်မိသေးတယ် သိပ်မြူးတာပဲ သူ့ဆိုင်းသံက ရင်ကို တထိတ်ထိတ်နဲ့ ။ အစ်မတွေကိုတော့ ရည်းစားရမှာ စိုးလို့ အစ်ကိုတွေက ပေးမကပါဘူး အကတိုက်တဲ့ အချိန်က ညဘက်ဆိုတော့ စိတ်မချကြဘူး ။ အစ်ကိုတွေ အကတိုက်တဲ့အခါကျ ကျနော်က ဘေးနားကလေ လုံချည်လေး ခြုံပြီး ထိုင်ကြည့်တာ ဆောင်းတွင်းဆိုတော့ အေးတယ်လေ ။ ဒါပေမယ့် အဲ့ကရင် အကနဲ့ ဒိုးသံကြားရင် လူက ရင်ထဲမှာ နွေးနေတာပဲ ။

ဝါမ၀င်ခင်တော့ အဘ ဘက်ကနတ်ကို ကန်တော့ကြရပါတယ် ။ ကရင်နတ်စားတဲ့အကြောင်းလေး ကိုမြစ်ကျိုးအင်း ဆီမှတ်ဖတ်ဖူးလိုက်သေးတယ် ကျနော်တို့နဲ့တော့ မတူဘူး ။ကျနော်တို့မိသားစုမှာတော့ နတ်ကတော့တာ အကျဉ်းချုံးလေးပါပဲ ပိုက်ဆံမတတ်နိုင်တာလည်းပါတယ် ။ အိမ်မွေးကြက် ၂ကောင် အထီးတစ်ကောင် အမတစ်ကောင် ကို အကောင်လိုက်ပြုတ် ပြုတ်တဲ့ အခါမှာတော့ အဘက အငယ်လေးထဲကမြင်ဖူးခဲ့တာဆိုတော့ သူကိုယ်တိုင်လုပ်ပါတယ် အရင်ဆုံးကြက်ကို ရေနွေးဖျော အမွှေးနှုတ်ပြီးရင် အထဲကအတွင်း ကလီဇာတွေကိုထုတ် ပြီးတော့ ကလီဇာ တွေကို သတ်သတ် သန့်ပြီးပြုတ်ပါတယ် ။ အတွင်းပိုင်းတွေမရှိတော့တဲ့ ကြက်၂ကောင်ကိုတော့ အကောင်လိုက်ပြုတ်ပါတယ် ။ ညနေပိုင်းကျ တိုးတိုးတိတ်တိတ်ပေါ့ ။ ကိုယ့်အိမ်မှာ နတ်ကန်တော့တယ်ဆိုတာ ကိုယ့်မိသားစုနဲ့ အိမ်နီးနားချင်တွေလောက်ပဲ သိတာပါ။ နတ်ကန်တော့ရင်တော့ ဆေးပြင်းလိပ်ကြီးတွေ ၊ အမွှေးရည်နဲ့ သပြေခက်ဖျန်း ပြီးတော့ ငပိထောင်း တို့စရာ အစုံအလင် တောအရက် တစ်ပုလင်းနဲ့ အဲ့လောက်ပါပဲ ။

အတွင်းခန်းလေးထဲမှာ ပူဇော်ထားတဲ့ ဖယောင်းတိုင်မီးလေးနဲ့ အဘနဲ့ အမေက အရှေ့ဆုံး ပြီးတော့ ညီကိုမောင်နှမတွေ အားလုံး ကြီးစဉ်ငယ်လိုက်တန်းစီ ပြီးထိုင်ကြတယ် ။ လင်ပန်းအကြီးကြီးထဲ ထမင်းတွေထည့် ငပိထောင်း တို့စရာတွေထည့် ပြီးတော့ ကြက်၂ ကောင်ကို ဘေးတစ်ဖက်တစ်ချက်မှာထား အဲ့ဘန်းကြီးကို ကိုင်မြှောက်ပြီး အဘက ကရင်လိုဆုတောင်းပါတယ် ပြီးတော့ အမေ့အလှည့် အမေကတော့ စကားလည်းကြွယ် ဗမာလိုပဲ ဆိုတော့ အမေ့ရဲ့ ဆုတောင်းစကားလေးက ကောင်းမှကောင်း “ ကဲ...ဖထီးတို့ အမိုးတို့ရေ့ သားတော် သမီးတော်တွေ တင်မြှောက်တဲ့နေ၇ာမှာ လိုအပ်သည်များရှိသော် ဗွေမယူပါနှင့် သမီးတော်တို့ရဲ့ စီးပွားရေး ကျန်းမာရေး သားမီတွေကိုလည်း စောင့်ရှောက်တော်မူပါ ဖထီးတို့ အမိုးတို့ကို အပ်ပါတယ် ” အမေ့ရဲ့ ဆုတောင်း တိုင်တည်သံပါ ။အဲ့လင်ပန်းကြီးကိုလည်း ပျော်တယ် ကျေနပ်တယ်ဆိုရင် ကြွပါ အဓိဌာန် လုပ်ပြီးလည်း တစ်ယောက် တစ်လှည့်မကြပါတယ် ။

တောအရက်တစ်ခွက် ကိုလည်း မိသားစုဝင်တိုင်း တစ်ယောက်တစ်ခွက် သောက်ကြရတယ် ။ ပြီးရင် အိမ်ထောင်ဦးစီး အဘက မိသားစုဝင်တွေကို လင်ပန်းထဲက မြှောက်ထားတဲ့ထဲက တစ်ယောက်တစ်လုတ် ခွံကျွေး ကျနော့် အလှည့် ရောက်ခါနီးကျ အဘနားတိုးသွားပြီး တိုးတိုးလေး “ အဘ သားကို အသည်းခွံ့ အသည်းနော် ” နတ်ကန်တော့တဲ့ အခါကျ အသံတွေတိတ်ဆိတ် စကားလည်းမများရတော့ အစ်ကိုကြီးကလည်း ကျနော့်ကိုမဆူတော့ပါဘူး ။ သိပ်ချစ်ဖို့ကောင်းတဲ့ အဘကလည်း ကျနော်ကျေနပ်အောင် အသည်းတုံးကြီးခွံ့ကျွေးတာပေါ့ ကောင်းချက်ဗျား) ။

အားလုံးနတ်ကန်တော့လို့ ပြီးရင်တော့ အပြင်မှာ ထွက်စားကြတာပေါ့ ဧည့်သည်က နည်းနည်း တစ်ဝိုင်းသပ်သက် ကျနော်တို့မိသားစုက တစ်ဝိုင်း လင်ပန်းကြီး ထဲ နုအိနေအောင်ပြုတ်ထားတဲ့ကြက် အသားတွေနွှာ ကြက်ပြုတ်ရည်ထဲကိုတော့ အမေက ခေါက်ဆွဲတွေထည့်ပြုတ်ထားပေးမယ် ။မောင်နှမတွေ ချစ်ချစ်ခင်ခင်ဖြစ်အောင်တဲ့ ပန်းကန်ခွဲပြီး မစားကြရပါဘူး အဲ့လင်ပန်းကြီးထဲ ဟင်းရည်တွေလောင်းထည့် ငပိထောင်းတွေထည့် ကြက်သားဖက်တွေထည့် တို့စရာတွေထည့်ပြီး တစ်ပန်ကန်ထဲစားကြတာပေါ့ ရေးရင်နဲ့တောင် အပျော်တွေ ကူးပြီး လွမ်းလိုက်တား( ။ အသားဖတ်ကြီးပဲ ရွေးစားတဲ့ ကျနော့်ကို အစ်ကိုတွေ အစ်မတွေက စချင်တော့ ကျနော်က အသားဖတ်လေးထည့်မြှပ်ထားတဲ့ ထမင်းလုတ်လေးစားမလို့လုပ်တုန်း အစ်မ က“ ခလေး ..နင့်ကို အဘ ခေါ်နေတယ် ” အဲ့အချိန် ကိုယ်က လှည့်ကြည့်လိုက်ရင် အစ်ကိုငယ်က ကြက်သားဖတ်လေး ကောက်စားပြီး ငပိထောင်းတွေထည့်မြှုပ်ပစ်လိုက်တာ ငမ်းငမ်းနဲ့ စားထည့်ပစ်လိုက်တာ စပ်လိုက်တာဗျာ ။ဒီလိုညမျိုးမှာ မငိုလည်းမငိုရဲတော့ အမေ့ဆီပြေးလို့ “မျက်ရည်တွေဝဲ နှပ်ရည်တွေထွက်ပြီး “ အမေ့ စပ်တယ် စပ်တယ်ဆို ” ခြေထောက်ဆောင့်လို့ အမေ့ကို ဂျီကျပြီး ။

အစ်ကိုတွေ အစ်မတွေ ကြိတ်ရယ်ရင်တော့ အမေက သိပြီ “ နင်တို့ကလည်း ဒီလိုညမျိုး ခလေးကို မစနဲ့ဆို တော်တော့်ဟာတွေ ” ဂလဲ့စားပြန်ချေတာ သူတို့က အသားဖတ်လေး နွှာလိုက် ကျနော်က တီးလိုက်နဲ့ ဟင်းရည်က ပူပူ ငပိထောင်းက စပ်စပ် တောအရက်လေးတစ်ခွက်ကလည်း မော့ထားတော့ စားကောင်းလိုက်တဲ့ဖြစ်ချင်း ပွဲမသိမ်းခင် ကျနော်ကတော့ အမေ့ပေါင်ပေါ် အင်္ကျီချွတ်ကြီးနဲ့ တိုက်ပွဲကျသွားတဲ့ စစ်သူကြီးလို ခလော ခလော နဲ့ပေါ့း)။

အငယ်တုန်းက လိုတော့ အခုမဟုတ်တော့ပါဘူး အိမ်နဲ့ဝေးတဲ့သူတွေ အသက်တွေကြီးလာတော့ ကျနော်တို့လည်း အဝေးပျံငှက်တွေပေါ့ ၀ါမ၀င်ခင်တိုင်းတော့ အမေက ရိုးရာနတ် ကန်တော့မြဲပါ ရှိတဲ့ အနားက သားသမီးတွေ မြေးတွေနဲ့ပေါ့ ။အဲ့ဒီလင်ပန်းကြီးထဲက ငပိထောင်းတွေ ထည့်နယ်ထားတဲ့ မိသားစု ထမင်းဝိုင်းကြီးကို ကျနော် တစ်ခေါက်လောက်တော့ ပြန်ပြီး မြိန်ရှက်ချင်ပါသေးတယ် ။

Monday, April 25, 2011

အိုင်ပက်ချိန်

ရွာမှာ ချောင်းတွေပေါပါတယ် ။ ကျနော်တို့ရွာကလေးမှာက လယ်မစိုက်ကြပါဘူး ကိုင်းလို့ ခေါ်တဲ့ ( သခွား၊ ပြောင်း ၊ ခ၀ဲ ) တွေကိုတော့ မိုးရာသီမှာ စိုက်ကြပါတယ် ။ လူကြီးတွေကတော့ မိုးရောက်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေ က စိုးရိမ်ရလို့ စိတ်ညစ်တတ်ကြပေမယ့် ကျနော်တို့ ခလေးတွေကတော့ တအားပျော်ကြတာပါ မိုးတွင်းမှာ အစ်ကို့နောက်လိုက်ပြီး ကျွဲကျောင်းရတာ တအားပျော်စရာကောင်းပါတယ် ချောင်းက ရွာလေးကို ၂ ပိုင်းခွဲထားတာ အဲ့တော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးရတာပေါ့ အကျယ်ကြီးတော့မဟုတ်ပါဘူး ဒါမယ့် မိုးတွင်းဘက်ဆို ကွင်းပြင်ကြီးတစ်ခုလုံးရေပြင်တွေ လွှမ်းလို့ သိပ်လှပါတယ် ။ ချောင်းကူးခါနီကျ ကျနော်က အကောင်တောင့်တောင့် ကျွဲတစ်ကောင်ပေါ်တက်စီးလိုက်တာ သူက ရေကူးတာ သိပ်မြန်တာ တစ်ခါကျ ကိုယ်စီးတဲ့ အကောင်ဆီကို တစ်ကောင်နဲ့ တစ်ကောင်တိုးဝှေ့တက်ကြတာ ရေထဲ ပလုံခနဲဆို ပြုတ်ကျသွားတာ လန့်ပြီး ၃ ရက်လောက်ဖျားသွားသေးတယ် ။ အဘကတော့ အစ်ကို့ကို ရာဇသံပေးလိုက်တာ နောက်နေ့ မင်းခလေးကို ခေါ်ရဲခေါ်သွားကြည့် တဲ့ ။

အစ်ကိုက မခေါ်ရဲတော့ပေမယ့် ကျနော်ကတော့ ခိုးလိုက်မြဲပါပဲ ကွင်းပြင်ထဲက ကျွဲလူးအိုင်လေးတွေမှာ ရေဆော့ရတာလည်း ကိုယ့်အတွက်တော့ ပင်လယ်ကမ်းခြေမှာ အပန်းဖြေနေရတာထပ်ပိုပျော်ပါတယ် ။ ကျနော့်အစ်ကိုက ငါးဖမ်းသိပ်တော်တာ မိုးတွင်းဘက်ဆို သူက အမေ့ကို ကိုင်း(ဂိုင်း)ထောင်ဖို့အတွက် ငါးမျှားချိတ် တို့ ကြိုးတို့ သာရည်ပင်တို့ ၀ယ်ခိုင်းတတ်ပါတယ် အဘကတော့ သူ့အတွက် ငါးမျှားတံ သတ်ပေးရတာပေါ့ ။ အစ်ကိုက ဇွဲရှိပါတယ် ညပိုင်းတွေလည်း သူ့ပါသာသွားထောင် မနက်ကျရင် အိမ်စားအပြင် ရွာထဲမှာတောင် လိုက်ရောင်းလို့ရပါတယ် အများဆုံးရတဲ့ ငါးက ငါးရှဉ့် ။မိုးရာသီမှာ ကျနော့်အတွက် ငါးဖမ်းဖို့အခွင့်အရေးသိပ်မရှိပါဘုး လူကြီးတွေက ခလေးတွေရွာမှာ ရေနစ်သေဖူးတာကို ကြုံထားဖူးတော့ ခလေးတစ်ယောက်ကွင်းစပ်စင်းတာနဲ့ ရွာထဲက လူတွေက အတင်းလာခေါ်ဆွဲသွားတတ်ပါတယ် ။ မိုးရာသီမှာတော့ အစ်ကိုကျွဲကျောင်းကပြန်လာရင် ခူးခဲ့ပေးတဲ့ သပြေသီးမှည့်တွေကတော့ အရသာအရှိဆုံးပါပဲ ။

နွေရောက်ရင်တော့ ရေတွေခမ်းပြီး မိုးတွင်းမှာ ပြည့်လျှံထွက်နေတဲ့ ချောင်းတွေက သူတို့မဟုတ်သလို အရောင်အဆင်းတွေတောင်ပြောင်းလို့ ကြည်လင်တဲ့ရေတွေကနေ ဗွက်ရောင်တွေပြောင်းသွားလို့ပါ ။ ရွာမှာက အိုင်ပက်ကြရင် တစ်ရွာလုံးစုပတ်ကြတာပါ သူ့အိုင်က ငါးများလို့ တိတ်တိတ်လေးခိုးပတ်တာတို့ ငါ့အိုင်ကျမခေါ်တာတို့ အဲ့လိုမျိုးမရှိကြပါဘူး ။ အိုင်ပက်တယ်ဆိုတာကလည်း လူအုပ်များမှ ပျော်စရာကောင်းတာ ။အိုင်ပက်ဖို့အတွက် လူကြီးတွေအတွက်ဆိုရင်တော့ ပေါက်တူးကောင်းများများလိုတယ် ခလေးတွေနဲ့ အမျိုးသမီးတွေအတွက် ပန်းကန်စုတ် ရေပုံးစုတ်လေးတွေပေါ့ ။ တစ်ရွာလုံး တစ်အိမ်ကို ၂-၃ ယောက်လောက်တော့ ပါကြတယ် ။ ချောင်းတွေက တစ်ခုခုနဲ့ မိုးတွင်းဆိုရင်တော့ ဆပ်စပ်နေတတ်ပေမယ့် နွေပိုင်းကျ မဆက်တော့ပါဘူး လူ ခါးတစ်ရပ်စာလောက်ကျန်တော့တဲ့ရေကို အရင်ဆုံး ဟိုဘက်က ချောင်းစပ်ကိုရေတွေခပ်ထုတ်ကြတယ် ပြီးရင် ကန်းသင် တားလို့ရရင်တော့ လူကြီးတွေက ပေါက်တူးပေါက် ကန်သင်းတားကြတာပေါ့ ။


ရေနည်းတဲ့ဘက်ကို ဒီဘက်ရေများပြီးနေရာကျယ်တဲ့ဘက်ကရေတွေကို လူအုပ်နဲ့ အိုင်ပက်ကြတာ တစ်အုပ်ကြီး ပျော်စရာကြီးပါပဲ ခလေးတွေကတော့ အချင်းချင်းပြန်ပက်လို့ ဗွက်ရေလား ဘာလား ရွံရမှန်းလည်းမသိပါဘူး ချောင်းစပ်မှာတော့ မီးဖိုကြီး ဖိုထားသေးတယ် ။ ရေက ဒူးခေါင်းလောက်ပဲကျန်တော့ရင်တော့ ဗွက်ကိုရေဖျော်ထားသလိုနဲ့ ဥပမာပေးရရင် မုန့်ကျွဲသဲနဲ့တူပါတယ် အဲ့အခါကျ အနေတော်ပဲ ငါးဖမ်းလို့ရပါပြီ ခြေတောက်နဲ့ စမ်းဖမ်းတဲ့သူ ကျွမ်းတဲ့သူတွေကတော့ လက်ကလေးတွေနဲ့ အသားလေးဖမ်း ရက်သဲ့ ( ဇကာနဲ့တူတယ် ) တွေနဲ့ဖမ်းတဲ့သူလည်းရှိပါတယ် ။ တစ်ချို့တော့ ချောင်းကမ်းပါးတွေမှာ တွင်းပေါက်လေးတွေဖြစ်နေတဲ့ထဲ လက်နှိုက်ဖမ်းတတ်ကြပါတယ် ။ ငါးတွေကတော့ အစုံပါပဲ ငါးတွေထဲမှာ အကြောက်ဆုံးငါးကတော့ ငါးဂျီး ( စာလုံးမပေါင်းတတ်ဘူး အဆူးနှစ်ချောင်းကားနေတဲ့ မျက်နှာပုတ်သိုးသိုးနဲ့ ငါး ) ပါပဲ။ သူ့အဆူး စူးရင် သိပ်ပြင်းပါတယ် အဲ့တော့ ဘာဆေးနဲ့ ကုသလဲဆိုတော့ ရွာက အဖိုးကြီးတွေပြောတာပဲ ကန်တော့နော် ရှူးနဲ့ ထိတဲ့နေရာကို ပန်းထည့်လိုက်ပါတဲ့ တိုက်ဆိုင်တာလား ဓာတ်တည့်တာလားတော့မသိ သက်သာပါတယ် ။

ကျနော်ကတော့ ငါးဖမ်းလို့မရရင် ဗွက်တွေလည်းလူးလို့မောသွားရင် မိုးဖိုနားသွားထိုင် လစ်တဲ့သူရဲ့ ပလိုင်းထဲက ငါးတစ်ကောင်လောက် ခိုးလိုက်ပါတယ် ပြီးရင် မီးဖုတ်စားလိုက်တယ် တအားကိုအရသာရှိပါတယ် ခိုးစားရလို့လားမသိး) ။ ကျနော့်အစ်ကိုက ငါဖမ်းတအားတော်တာ သူက ကမ်းစပ်ကိုပစ်တင်ပေးလိုက်ရင် ခုန်နေတဲ့ ငါးကို လိုက်ကောက်ဖမ်းရတာလည်း ပျော်စရာ ခဏလေးနေတာနဲ့ သူ့ ခါးပေါင်စထဲ ငါးတွေအများကြီင်္း သူဖမ်းလာတဲ့ငါး ကျနော်က ပလိုင်းလေးနဲ့ ထိုင်စောင့် ။ အိမ်ပြန်ရောက်ရင် အမေ့ကို ကြွားတဲ့သူက အစ်ကိုမဟုတ်ပဲ ကျနော်ပါး) “ မေ့.... ဒါ သားဖမ်းလာတာ အကြီးကြီးပဲ ” အမေကတော့ ပြုံးစိစိနဲ့ ““တော်စမ်းပါဟယ် ””တဲ့ ကိုယ့်သားအရည်ချင်း အမေက အဲ့လောက်ကိုသိတာ ။

ညနေ ထမင်းဝိုင်းကျ ငါးကြော် အကောင်ကြီးကြီးလေးက အဘအတွက် ကျနော်တို့ သားမိတွေက ငါးဟင်းဆီပြန်လေးတွေနဲ့ ထမင်းသိပ်မြိန်ပါတယ် ။ အဘ ငါးကြော်လေးကို ဒီကြောင်ပိန်လေးက တွယ်ချင်တော့ ညဏ်ထုတ်ရတာပေါ့ “အဘ အဲ့တာ သားဖမ်းထားတာ နည်းနည်းကျွေး” အဘက ဖဲ့လည်းဖဲ့ကျွေး သတိလည်းရသွားသလိုနဲ့ အစ်ကို့ ကိုမျက်ထောက်နီကြီးနဲ့ကြည့်လို့ “ မင်း ခလေးကို ချောင်းထဲ ခေါ်သွားပြန်ပြီလား”” တဲ့ အစ်ကိုက တစ်ခါ ကျနော့်ကိုစိတ်တို ။ အစ်ကိုက အဘကိုကြောက် အဘကိုနိုင်တာ အိမ်မှာ အမေပဲရှိတော့ စစ်ကူတောင်းတဲ့မျက်လုံးလေးနဲ့ အစ်ကိုက အမေ့ကိုကြည့်ကော အဲ့တော့ အမေက “ အမလေးတော်....သူများရှာခဲ့ပေးတဲ့ ငါးလည်းစားရသေးတယ် ခလေးတွေကို ရန်ရှာလို့ တော်နဲ့ ညာလာတာကြာပြီး ဘယ်နှစ်ခါ တော်ဖမ်းခဲ့တဲ့ငါးစားရလို့တုန်း ” ဆိုတော့ အဘက ကုတ်သွားတယ် ဟုတ်ပါ့ အဘက ခြံသမား လယ်သမားသာ ဖြစ်ပေမယ့် ငါဖမ်းတော့ မစွံပါ ။


ဒီအချိန် ရွာမှာ အိုင်ပက်နေကြလောက်ရောပေါ့ ။လတ်ဆတ်သင်းပျံ့တဲ့ နွေရနံ့နဲ့အတူ တစ်ချိန်က အိုင်ပက်ရင်း ဖုတ်စားခဲ့တဲ့ ငါးမီးကင်လေးနဲ့ ဆီပြန်ငါးဟင်းတစ်ခွက်လေးနဲ့ မြိန်ရှက်ခဲ့တဲ့ မိသားစု ထမင်းဝိုင်းလေးဟာလည်း အတိတ်မှာ ကျန်ခဲ့ပါပြီ ။


Wednesday, March 30, 2011

ပုရစ်ကောက်တဲ့ည

ကျနော်တို့ရွာကလေးက ဟိုးအရင်တုန်းကတော့ လပြည့်လကွယ်ဆိုရင် ရွာအရှေ့ဘက်တောင်တွေဆီကနေ မောင်းထုသံတွေကြားရတတ်ပါတယ်တဲ့ ဒါက ရွာကရှေးလူကြီးတွေပြောတဲ့စကား ။ ရွာကလေး နာမည်ကတော့ ညည မောင်းထုသံတွေ ကြားရတဲ့ တောင်တွေရှိတာမို့ မောင်းတောင် လို့ခေါ်တဲ့ ရွာကလေးပါ ။ အများစုက ခြံသမားတွေ လယ်မစိုက်ပါဘူး မိုးတွင်းဆို ခရမ်း ၊ ပြောင်း ၊သခွားတွေ စိုက်တတ်ကြတယ် ။ အဓိက စိုက်ပျိုးကြတာက ကွမ်း ။ အခုရေးမှာက ပုရစ်ကောက်တဲ့ အကြောင်းပါ ။ အမေက အသက်သာကြီးပြီး ဇွဲကတော့မလျှော့သေး ရွာမှာ သူများ ဘာလုပ်လုပ် အမေက လိုက်လုပ်ချင်တာပဲ မဟုတ်ရင် သူတို့က ကိုယ့်ထပ်သာသွားသလိုလို အမေ့စိတ်မှာ မရိုးမရွဖြစ်ကော ။ ပြောတော့လည်းမရ အမေ ပင်ပန်းတယ် အဲ့တာတွေမလုပ်ပါနဲ့တော့ဆိုရင်လည်း နင်တို့ မလုပ်ပေးနေကျ ငါ့ပါသာ နေ့စားသမား ခေါ်ခိုင်းမယ်လို့ပြောပြန်ကော အဲ့တော့ အမေ့ကိုလည်း စိတ်မချတော့ ကိုယ်ပါ လိုက်သွားဖြစ်တယ်။

အမှန်တော့ ဒီအလုပ်က မကောင်းတော့မကောင်းဘူးလေ အမေကတော့ ကျနော့်ကို “ ဘုရားဖြစ်မယ့် အုတ်နီခဲ ” တဲ့း) ။ ပုရစ်ကို စားတော့သာကြိုက်တယ် ဖမ်းရမယ်ဆိုတော့ မဖမ်းချင်ပါဘူး ။ပြီးတော့ နှင်းကျတဲ့ဆောင်းမှာ ဆိုတော့ အေးကလည်းအေးတယ် အိပ်ယာထဲမှာသာ ဇိမ်ရှိရှိနဲ့ ကွေးချင်တာပါ ဒါမယ့် ရွာက ခလေးတွေကော လူကြီးတွေပါ အိမ်တိုင်း ပုရစ်ကောက်ထွက်ကြတာ အိမ်စောင့် အသက်ကြီးကြီး အဖိုးအဖွားတွေပဲ ကျန်ကြတယ် ။ အရင်ညတွေက ပုရစ်ကောက်ကြတာ ထောင်နဲ့ချီပြီးရကြတယ်တဲ့ ကျနော် သွားကောက်တဲ့ ညကျ မကျတော့ပါဘူးး) အဲ့လို လာဘ်ကီးကောင်းတာ ။


ပုရစ်ကောက်ရင် သုံးတဲ့ ပုံစံပါ ကျနော်က ပန်းချီဆွဲ တအားတော်တယ်ဆိုတော့ ၀ါးလုံးက တစ်လုံးကြီးတစ်လုံးသေးဖြစ်သွားတယ် မြင်သာအောင်သာဆွဲပြတာပါ ။ ပုရစ်ကောက်ရင် လိုအပ်တာတွေက မီးစက်က တစ်ညလုံးမောင်းထားရတယ် စက်သံကြီးက တအားဆူပါတယ် ပြီးတော့ တလဘတ်အဖြူ တစ်ချပ်ကို ဘေးက ၀ါး ၂ ချောင်းနဲ့ ပိတ်ကားပုံစံမျိုး လုပ်ထားပါတယ် အလယ်မှာက ၀ါးလုံးရှည်တစ်ချောင်း အဲ့ဝါးလုံးထိပ်မှာတော့ မာကျူရီ မီးလုံးသေးသေးလေးတစ်လုံး ကြာကြာကြည့်ရင် မျက်လုံးတအားစပ်ပါတယ် ။ပိုးဖလံမျိုး မီးကိုတိုးမှတ်လား ပုရစ်တွေက မီးရောင်ဆီကို တောထဲကနေ အရောက်လာခဲ့တာပါ ကျနော်တို့ တစ်ရွာလုံးကတော့ သရဲပေါတယ်လို့ ပြောကြတဲ့ မောင်းတောင်ရဲ့ ခြေရင်းမှာ ဆူညံ့လို့ပါ ။ ပုရစ်က မီးရောင်ဆီအရှိန်နဲ့ လာတော့ တလဘတ်အဖြူက ဘောက်ခနဲရိုက်ခတ်သံ ပြီးတော့ အရှိန်မထိန်းနိုင်ပဲ အောက်ကို ပြုတ်ကျတော့ အောက်မှာက သူတို့ ပြန်ခုန်ထွက်လို့မရအောင် ယိုင်ဘတ် လိုမျိုး တစ်ခု ကာထားပါတယ် ။ အဲ့ထဲကျသမျှ ပုရစ်က ကိုယ့်ပုရစ်ပေါ့ ။

တစ်ချို့ကတော့ မီးစက်ဖိုးလည်း မတတ်နိုင်တော့ ဒီတိုင်းပဲ ဘေးကနေ ကောက်တဲ့ ခလေးတွေလည်းရှိတယ် မီးစက်ပိုင်ရှင်က စည်းတားထားတယ် စည်းဝိုင်းအပြင်မှာတော့ ကောက်ချင်ကောက်ပေါ့ တစ်ချို့ကျပြန်တော့ အိမ်က ခလေးသားလေးတွေလည်း ခေါ်ကြတာပဲ ပြီးရင် စည်းဝိုင်းထဲမှာ တဲပုံစံလေးဆောက်ပြီး ခလေးတွေကိုသိပ် လူကြီးတွေကတော့ ကောက်ပေါ့ ။ ကျနော် သွားကောက်တဲ့နေ့က ကျနော်ရယ် အမေရယ် ပြီးတော့ နေ့စားနဲ့ ခေါ်ထားတဲ့ အစ်ကိုတစ်ယောက်ရယ် ။ အမေက ပုရစ်မကျတော့ ကျနော့်ကို စောင့်ခိုင်းပြီး အိပ်ပါတယ် ဟိုအစ်ကိုကလည်း ညဆက်တွေများတော့ မျက်လုံးတွေက မခံနိုင်တော့ဘူးထင်ပါ့ သူလည်း အမေအိပ်ပြီးမကြာဘူး လိုက်ခိုးအိပ်ပါတယ် ။

အမှန်တော့ အဲ့ညက ပုရစ်က အမေအိပ်ပျော်ပြီးမှ တော်တော်ကျတာပါ အမေက မအိပ်ခင်တော့မှာထားခဲ့သား “ ခလေးတွေ လာကောက်ရင် စည်းအပြင်ကနေပဲ ပေးကောက် အထဲမ၀င်စေနဲ့သိလား တအားကျရင် အမေ့ကိုနှိုး ” တဲ့ ဟုတ်ကဲ့လို့ လွယ်လွယ်ပဲဖြေလိုက်တယ် တောထဲဆိုတော့ ခြင်လိုလို ပိုးကောင်လိုလိုတွေက ပေါပါတယ် ကိုက်ရင်လည်း နာတယ် အမေ့ကိုပဲ ကျနော်က ခြင်ထိုင်ရမ်းပေးနေလိုက်တယ် ပုရစ်တွေကျတာ ထမကောက်ပါဘူးး) စည်းအပြင်က ခလေးတွေကို “ ဟေ့ကောင်တွေ ...ကောက်ကောက်...မင်းတို့ကြီးတော်မနိုးခင် တိုးတိုးကောက်ကြ မဆူကြနဲ့ ငါ့အမေနိုးရင်တော့ မင်းတို့ကောက်ရတော့မှာမဟုတ်ဘူး ” ။ ခလေးတွေက ကိုယ့်ရွာက ခလေးတွေကြီးပါပဲ သနားလို့ အော်လည်းမထုတ်ချင်ဘူး ခလေးတွေကောက်လိုက်တာများ ကော်ပုံးလေးတွေနဲ့ အပြည့်ပဲ သူတို့မျက်နှာလေးတွေက ပြုံးရွှင်လို့ အမှန်တော့ ပုရစ်ကို ကောက်ဖမ်းလိုက်တဲ့အချိန် သူ့ခြေတောက်နဲ့ ပြန်ကန်ရင် အဆူးတွေနဲ့ သိပ်နာပါတယ် ခလေးတွေကတော့ နာမှန်းမသိပါဘူး ပျော်နေလိုက်ကြတာ ကျနော်ကတော့ ပုရစ်ထကောက်ဖို့နေနေသာသာ နှင်းစက်တွေကျတဲ့ ဆောင်းညမှာ အတွေးတွေနယ်ချဲ့လို့ပေါ့ ။

အမေ နိုးတော့မယ်ထင်တယ် အမေ့ကိုယ်လေး လှုပ်လာတာနဲ့ “ ဟေ့ကောင်တွေ မင်းတို့ကြီးတော် နိုးပြီဟ ပြေး ပြေး ” လေသံလေးနဲ့ပဲ အော်လိုက်ပေမယ့် ခလေးတစ်အုပ် နားပါးချက် ပြေးတာတန်းနေကောပဲ ရွာက ခလေးတွေက အမေ့ကိုတော့ တော်တော်ကြောက်ကြတယ် ။ အမေက ပုရစ်ဘယ်လောက်ရလဲထကြည့်တော့ ယိုင်ဘတ်ထဲမှာကျတဲ့အကောင်တွေပဲရတယ် စည်းဝိုင်းထဲကျတဲ့ အကောင်တွေ ထမကောက်တော့ နည်းတာပေါ့ အမေက “ဟဲ့...သားငယ် နင်ထမကောက်ဘူးလား ” မေးတော့ ခေါင်းခါပြီး “ ဟင်အင်း ...အမေ့ကို ခြင်ထိုင်ရမ်းပေးနေတာ ” လို့ ပြောလိုက်တယ် အမေကတော့ သူ့နဖူးသူ လက်နဲ့ရိုက်လို့ အမေလေးဟယ် ဖြစ်ရလေ ဒီညတော့ ငါ ဆီဖိုးရှုံးပါပြီတဲ့ ။ ။ အမေကတော့ ဆောင်းရောက်လို့ ပုရစ်ကောက်ချိန်ရောက်တိုင်း ကျနော့်အဖြစ်ကို ပြုံးပြုံးကြီးပြောလို့ ရယ်ပွဲဆင်နေတတ်ပါတယ်း) ။ ပုရစ်ကောက်တဲ့အကြောင်းလေး ဒီမှာ ၀တ္ထုတိုလေး တစ်ပုဒ်ရေးဖူးပါသေးတယ် ။ဒါက ရွာက ပုရစ်ကောက်တဲ့ဖြစ်ရပ်လေးပါ နောက်များကျ အိုင်ပတ် ငါးဖမ်းကြတဲ့ အကြောင်းလေးတွေ အဆင်သင့်ရင်ရေးပါအုံးမယ်။



တာလဘတ် = ပလတ်စတစ်မိုးကာသား အဖြူကိုပြောတာပါ အရမ်းကြီးလည်းမထူ ပါးလည်းမပါး တဲ့ဟာမျိုး ။

မာကျုရီမီးသီးဆီကို အရှိန်နဲလာပြီး ဘယ်လိုလုပ် ပြုတ်ကျတာလဲ ဆိုတော့ မီးရောင်ကို သူတို့ကကြိုက်ကြတယ်မှတ်လား အဲ့တော့ပုရစ်က မိုးပေါ်ကနေ အရှိန်နဲ့ ပျံလာကော ပြီးတာနဲ့ တာလဘတ် ကို ၀င်တိုက်တော့ ခေါင်းနည်းနည်းမူးသွားတယ်ထင်တယ် အဲ့တော့ သူတို့ အောက်ပြုတ်ကျသွားကော သူတို့ ပြန်ခုန်ထွက်လို့မရအောင် လူတစ်ရပ်စာလောက်ရှိတဲ့ အောက်က ယိုင်ဘတ် နဲ့ ကာထားလိုက်တယ် ။

ယိုင်ဘတ် = ဖျာရှည်တစ်ချပ်ကို အ၀ိုင်းဖြစ်အောင်ဘေးနှစ်စ ကို ဆက်လိုက်ပါ အထဲမှာ လူဝင်ထိုင်ကြည့် ကျော်ခွလို့မလွယ်တော့ လူတောင် ပြန်ထွက်ရခက်ကော အဲ့တာကို ယိုင်ဘတ်လို့ခေါ်ပါတယ် ။


Sunday, February 27, 2011

အိုးပုတ်ပန်း



အရင်က ကျနော့်ဘလော့က ပရိုဖိုင်လေးမှာ (About me )ခရမ်းရင့်ရောင် အိုးပုတ်ပန်းတို့ပွင့်ရာမွေးရပ်မြေကို အမှတ်ရနေတဲ့ ပိန်ညှောင်ညှောင်ကောင်လေးတစ်ယောက်လို့ရေးထားဖူးတယ် အဲ့တာကို အသိအစ်ကိုဘလော့ဂါတစ်ယောက်က မေးဖူးတာနဲ့ရေးဖြစ်ပါတယ် ။ ပို့စ်ဟောင်းလေးပါ အရင်ကရေးထားတဲ့စာတွေ ကျနော့်မှာ တော်တော်များများရှိပါသေးတယ် အချိန်က စကားပြောသွားလို့လားတော့မသိ ကျနော် ခု အဲ့စာတွေပြန်တင်ရမှာ ရှက်နေသလိုလို အရင် ၂၀ ကျော်စလောက်ကရေးထားတဲ့စာတွေဆိုတော့ တော်တော်ကိုမရင့်ကျက်တဲ့ အနေထားကိုပြနေသလိုလို ဟဟား ခုလည်းတူတူပါပဲ ။ဒီနေ့တော့ ဖေ့ဘွတ်မှာ ပုံတွေလိုက်ကြည့်ရင်း အစ်မအပြုံးပန်း တင်ထားတဲ့ပန်းပုံလေးတွေ့လိုက်တယ် ရွာပြန်တုန်းကလည်း အိုးပုတ်ပန်းပုံတွေမရိုက်ဖြစ်ခဲ့ပါဘူး အင်တာနက်မှာ ရှာတော့လည်းမရတာနဲ့ အိုးပုတ်ပန်းအကြောင်းမရေးဖြစ်ဘူး ခုတော့ အစ်မတင်ထားတဲ့ ပုံလေးတွေ့တာနဲ့ ပျင်းထူနေတဲ့ ကျနော် ဆားချက်ဖို့ တစ်ပုဒ်ရသွားပါပြီး ကျေးဇူးပါ ။


ကတယ်တော့ ကျနော်တို့  မြို့ ကို ဒီလိုမျိုး ဘယ်သူမှမတင်စားပါဘူး ကျနော့်ပါသာ အရူးထလိုက်တာပါ ။ အိုးပုတ်ပန်းဆိုတာက ကျိုက်ထိုမြို့ ရဲ့ တောရွာတွေမှာ အလေ့ကျပေါက်ရောက်တဲ့ တောပန်းတစ်မျိုးပါခင်ဗျာ ။ ကဗျာဆန်ဆန်လေးပြောရရင်တော့ မွှေးရနံ့ မရှိတဲ့ပန်း ဒါပေမယ့် သူက နေဒဏ် လေဒဏ်ကို ကြံ့ကြံ့ခံနိုင်တယ် မညှိုးနွမ်းလွယ်ဘူးး ပုံပါအတိုင်း သူ့ ရဲ့အရွက်က ကြမ်းရှရှနဲ့  ပန်းရဲ့ အရောင်က ခရမ်းရောင် အများဆုံး တစ်ပွင့်မှာ ၄ -၅ ဖတ်ပဲပါပါတယ် အ၀ါရောင်အမျှင်လေးတွေကိုတော့ ခလေးမလေးတွေက အပ်ချည်ကြိုးနဲ့ သီပြီး နာကပ်လေးတွေ ဆွဲကြိုးလေးတွေ လုပ်ဝတ်ကြပါတယ် ။

ထူးဆန်းတာလေးကတော့ သူက တောပန်းဖြစ်ပေမယ့် တောင်ကုန်းတို့  မြေမာတဲ့ နေရာတွေမှာမပေါက်ပါဘူး ကွင်းစပ် ဒါမှမဟုတ် မြေနိမ့်ပိုင်းတွေမှာပဲ ပေါက်ရောက်ပါတယ် အပင်ပေါက်ရောက်ပုံကလည်း ချုံနွယ်တွေလို အုံလိုက်ကြီးပေါက်နေပြီး ပန်းပွင့်တဲ့ရာသီ မိုးတွင်းဘက်မှာ တစ်ပင်လုံး ခရမ်းရင့်ရောင်ပန်းတွေနဲ့  အရမ်းကိုလှပါတယ် ။သူ့ ရဲ့ ညှာတံတွေမှာလည်း အသီးလေးတွေပါပါတယ် ပုံထဲမှာ ပန်းပွင့်လေးအောက်မှာရှိတဲ့ ညှာတံပုံစံလေးက သူ့ ရဲ့ အသီးလေးပါ အသီးရဲ့ပုံသဏ္ဍာန်လေးက ခလေးတွေဆော့တဲ့ အိုးပုတ်ပုံစံလေးဖြစ်နေပါတယ် ဒါကြောင့်လည်း သူ့ ရဲ့ပန်းကို အလွယ်ပဲ အိုးပုတ်ပန်းလို့  ခေါ်ဆိုကြတာ ဖြစ်မယ် ။

အကယ်၍ အိုးပုတ်သီးမှည့်သွားတဲ့ အခါမှာ အပြာရောင်အသီးလေးတွေ အများကြီးပါ စားလို့ လည်းကောင်းတယ် အရမ်းချိုတော့ ခါချဉ် ၊ ပုရွတ်ဆိတ်တွေလည်းဝိုင်းဖွဲ့ ပြီးနေကြတယ် ခါချဉ်တွေနဲ့  အပြိုင် အိုးပုတ်သီးလုစားရတာ ပျော်ဖို့ ကောင်းတယ်ဗျး) စားပြီးရင် လျှာတစ်ခုလုံးက အပြာရောင်တွေဖြစ်သွားကော ကြမ်းရှရှလေးနဲ့ နေရတာ ဖီးလ်တစ်မျိုးလေး :D ဒီတစ်ခါရွာပြန်ရင်သွားခူးစားအုံးမယ် ။ ရွာမှာ အမေကတော့ ရေမိုးချိုးပြီးရင်း အိုးပုတ်ပန်းတစ်ပွင့်လောက် ချိုးပြီး ခေါင်းမှာပန်းထားလိုက်တာပါပဲ ။ ကျနော်တို့အတွက်တော့ ကျွဲကျောင်း နွားကျောင်းသွားရင် စားစရာက အိုးပုတ်သီးတို့ သပြေင်္သီးတို့ပါ ။တန်ဖိုးကြီးပေးဝယ်ရတာ မဟုတ်တဲ့ မွေးရပ်မြေက နေလောင်ခံပန်းကလေးတစ်ပွင့်ဟာလည်း ရနံ့မရှိပေမယ့် ကိုယ့်အတွက်တော့ မွှေးကြိုင်နေတာပါပဲ ။အခုများတော့ ကျနော်တို့  ရွာက အိုးပုတ်ပင်လေးတွေလည်း ကြက်ဆူပင်တွေက နေရာတော်တော်များများ ယူသွားပါပြီး ။ဘာကြောင့်လည်းလို့  မမေးပါနဲ့  ဒီလိုပါပဲ ဟိုလိုပါပဲ ဒီဟာက ဒီလိုရှိပြီး ဟိုဒါက ဟိုလိုရှိတယ်း)



Saturday, July 3, 2010

ကြီးတော်

ကြီးတော် အသက်က ခုဆို ၇၀ နားနီးပြီး မုဆိုးမ ၅ခုလပ် သားသမီးကတယောက်မှမရှိ ဒါပေမယ့် လူချစ်လူခင်ကတော့ပေါပါ့ အပျိုဖြန်းမလေးတစ်ယောက်လို သွက်လက်ဖျက်လတ်နေတာပဲ ထင်းခွေသွားမလား လူငယ်တွေနဲ့အပြိုင် ရွာထဲက ခလေးတွေ ရည်းစားစာရေးရင်သူက အချစ်စာရေးဆရာမကြီး လူငယ်တွေကြားလည်းသူပါသလို လူကြီးတွေရန်ဖြစ် ခွဲဟယ် ဆွဲဟယ်ဆိုရင်လည်း သူကရှေ့ဆုံးကပါပဲ ။ သူ့ကိုကျနော် မှတ်မိတာ ၃ နှစ်သားကျော်ကျော်မှတ်မိစအရွယ်လေးပါ ကြီးတော်အိမ်မှာ ဆိတ်ကလေးတွေ အများကြီးမွေးထားတယ် ကျနော်ကပိန်တော့ ဆိတ်နို့လာသောက်ဖို့ အမြဲလာလာခေါ်တတ်တယ် ကျနော်တို့ ကြီးတော်အိမ်သွားရင် အမေက ခြံထွက် ငှက်ပျော်သီး သင်္ဘောသီးတွေ ပေးပေးလိုက်တယ် ။ ကြီးတော်ရဲ့ ယောက်ျား ပေါ်တာ ထဲ ဆုံးသွားတော့ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ကြီးတော် ရှိုက်ကြီးတငင်ငိုနေတာကိုကြည့်ပြီး ကိုယ်ပါမျက်ရည်ကျမိတယ် ။ ခလေးအတွေးနဲ့ “အမေ ကြီးတော်ကို မွေးစားလိုက်ပါလား” လို့ ပြောဖူးသေးတာကို မှတ်မိသေး။

သားသမီးတစ်ယောက်မှမရှိ ဆွေမျိုးတစ်ယောက်မှမရှိပေမယ့် ရွာထဲက လူအားလုံးကတော့ ကြီးတော်ရဲ့ သားသမီးတွေ ဆွေမျိုးတွေကြီးပါပဲ တချို့ဆို သူကိုယ်တိုင်မွေးထားပေးတဲ့သူတောင်ရှိသေးတယ် ။ ရွာမှာ သင်္ကြန်ရက် ပျော်ပွဲရွှင်ပွဲဆိုရင် အပျိုမလေးတစ်ယောက်လို စကပ်တွေ ဘောင်ဘီတွေဝတ်ပြီင်္း က တတ်ပါတယ် ။ ဗွီဒီယိုဆို အသေကြိုက် ဘယ်မင်းသား ဘယ်မင်းသမီးက ဘယ်လို သရုပ်ဆောင်သွားတယ်ဆိုတာ အလွတ်ရနေတတ်ပြီး အိုက်တင် အသံနေ အသံထားနဲ့လုပ်လုပ်ပြတတ်လွန်းလို့ ကိုယ်မကြည့်ဖူးတဲ့ဇတ်ကားက သူပြောပြတာနဲ့တင် ကြည့်ပြီးသွားသလို ခံစားရပါတယ် ။ ခု ကြီးတော် မုန့်လက်ကောက်ရောင်းနေတယ် မြတ်လား မမြတ်လားတော့မသိ ငိုနေတဲ့ ခလေးတွေ့ရင် “ ဟဲ့...ဘယ်လိုဖြစ်တာလဲ ရော့ရော့ ဟိုမသာကောင်တွေ ခလေးကိုပစ်ထားပြီင်္း ဘယ်သွားသေနေကြလဲဟဲ့ ” အဲ့တာကတော့ ရွာထဲက ကြီးတော်ရဲ့ နံနက်ခင်းတေးပဒေသာပါ ။

ရွာကိုရောက်ရင် နေ့ခင်းပိုင်းစာအုပ်တစ်အုပ်နဲ့ ကြီးတော်အိမ်မှာ သွားသွားအိပ်တယ် စိတ်ပူတတ်တဲ့ အစ်မက “ ခလေး နင်သွား မအိပ်နဲ့ တော်ကြာ ကိုယ့်ကိုယ်ပါ အောင်သွယ်ပေးနေအုံးမယ် ” တဲ့ ဟုတ်ပါ့ ရွာထဲမှာတော့ ကြီးတော်က မျြှားနတ်မောင်ပဲ အရက်သောက်တတ်တဲ့ ဖိုးသေးကို မြှောက်ပြောပေးလိုက်တာများ ပါတိတ်ထမိန်လေးရဲ့ ကျေးဇူးက နောက်တစ်နေ့ ကွမ်းခူးသွားရင် ကြီးတော်ရဲ့ အာဘော်ကြောင့် ရွာကကောင်မလေးတယောက် ဖိုးသေးရဲ့ အချစ်ရေယာဉ်မှာ မြောပါသွားပါလေကေား) ။တစ်ယောက်တည်းပဲ ဒါပေမယ့် အထီးမကျန်ဘူး မနက်ဖန်အတွက် ဒီနေ့မှာ သူ့ရဲ့လုပ်အားတွေရှိတယ် ဘာကိုမှတွေးမပူဘူး အတိတ်မှာလည်း သူမကျန်ခဲ့ အနာဂတ်အတွက် တေွးပူမနေပါဘူး ။

ဘ၀ရဲ့ ဆည်းဆာနေ၀င်ချိန်ကို ရောက်လုပြီလို့ဆိုနိုင်တဲ့ မနက်ဖန်အတွက် အာမခံချက်ဘာမှမရှိတဲ့ ကြီးတော်က ဘ၀ကိုအရှုံးမပေးပဲ ကြံကြံခံရင်ဆိုင်နေပေမယ့် မနက်ဖန်အတွက် အိပ်မက်ပေါင်းများစွာကို မက်ခွင့်ရှိနေပါလျှက်နဲ့ ခွန်အားတွေရှိနေပါလျှက်နဲ့ စိတ်ပျက်အားငယ်နေမိတဲ့ ကျနော့်ကို ကြီးတော်ရဲ့ အင်အားစကားတစ်ခွန်းက “ ဘ၀ဆိုတာ ဒီလိုပဲ ငါ့တူ ဖြစ်လာတာကိုရင်ဆိုင်ရဲဖို့လိုတယ် နောင်တကို ကြောက်ရွံနေဖို့ထက် နောင်တ ရစရာတွေကို မလုပ်မိဖို့ကြိုးစားပါ ” တဲ့ ကျေးဇူးပါ ကြီးတော် အဲ့ဒီအားပေးစကားတစ်ခွန်က ငယ်ငယ်တုန်းက အားနည်းလို့ သောက်ဖို့အမြဲလာလာခေါ်တတ်တဲ့ ဆိတ်နို့စိမ်းတစ်ခွက်လိုပါပဲ ကျနော့်အတွက် အားတွေဖြစ်သွားတယ် ။

Friday, April 30, 2010

ရွာက မင်္ဂလာဆောင်ပွဲလေး

ရွာက မင်္ဂလာဆောင်ပွဲလေး သူတို့တွေကတော့ ဟုတ်နေတာပါပဲ ယူလိုက်ကြတာ လွယ်နေကော ကိုယ့်မှာပါ ဟတ်ကော့ကြီး ကျန်ကျန်နေတာ နောက်ကားတွေ ကျော်ကျော်တက်ကုန်လို့ ရွာသွားလည်ရင်စကုန်ကြပြီး ။ တကယ်တော့လည်း ဘ၀နှစ်ခုပေါင်းစပ်ကြတာ အများကြီးစဉ်းစားနေဖို့တော့မလိုဘူးထင်တယ်နော့် ဟဲဟဲ အထာကြီးနဲ့ ပြောနေတာ တကယ့်ဆရာကြီးကျနေတာပဲ ။ ကောင်လေးက ကော်ခြံ (ရာဘာခြံ) လုပ်သားလေး ကောင်မလေးက အိမ်နားက ဈေးဆိုင်လေးတည်ထားတဲ့ အိမ်က သူ့အဖေကော အမေကောကကြောက်စရာကြီးတွေ အပေါက်ဆိုးလို့ ဒီကောင်မလေးကတော့ တော်တယ်ပြောရမယ် တော်တယ်ဆိုတာက ရွာမှာ အပျိုဖြစ်ရင် ဘုတ်ကြီးတွေက လာလာသုတ်သွားလို့ ဒီတစ်ယောက်ကတော့ ရွာက ကောင်လေးနဲ့ပဲ ညားသွားတာမို့ တော်တယ်ပြောတာပါ ဘုတ်ကြီးတွေဆိုတာက ရွာက တပ်နဲ့နီးတော့ တပ်က နိုင်ငံသူရဲကောင်းကြီးတွေက ရွာက ခလေးမလေးတွေ အချိန်မနှောင်ခင် ပါသွားမှာစိုးလို့ သူတို့က လာလာချိန်ပြီး ပစ်ပစ်သွားတဲ့ တည့်တည့်ပဲ Heart ကိုပြောတာပါ ။

မှတ်မိသေးတယ် အိမ်ခြေနည်းနည်းနဲ့ ခေတ်ပ်ျကရွာလေးမှာ ဒီအသိုက်လေးကတော့ မခွဲမခွာ ဆယ်တန်းဖြေထားပြီးတုန်းက ရွာမှာနွားသွားပြန်ကျောင်းဖြစ်တာ အဲ့ခလေး ၂ ယောက်လည်းပါတယ် ပေါက်စနလေးတွေပေါ့ တစ်ခါခါပျင်းရင် မြှောက်ပေးပြီး သူတို့ ၂ ယောက်ကို နပန်းလုံးခိုင်းတာ အယ် ခုတော့တကယ်နပန်းလုံးကြပြီး အယ်လေ ဟုတ်ပါဘူး တကယ်ယူဖြစ်သွားကြပြီပြောတား) ရွာမှ မနေဖြစ်ပေမယ့် အနေစိမ်းပေမယ့် ရွာကလူတွေကိုတော့ မိသားစုတွေလိုခင်ပါတယ် တစ်အိမ်မှာ ဘာဖြစ်ဖြစ်တစ်ရွာလုံးက သိပေါ့ ။တစ်ချို့လေးတွေ ယူပြီး ကွဲကြတာတွေ တွေ့တော့ စိတ်မကောင်းလို့ အဲ့နေ့က သူတို့လေးတွေကိုတော့ ဆရာကြီးလေသံနဲ့ ဆုံးမခဲ့တယ် “ ရန်မဖြစ်ကြနဲ့နော် သင့်၂မြတ်၂ နေကြ ” တကယ်ပါ ။ ချစ်ကြတဲ့သူတွေကို ဘယ်လိုနည်းနဲ့မှ မကွဲစေချင်ဘူး ။



ရွာစုတ်လေးဆိုတော့ ခလေးနဲ့ ခွေးတွေပေါတာပေါ့ ပြီးတော့ မွေးမြူရေးလုပ်ကြတော့ နွားချေး ကျွဲချေးတွေလည်းပေါတယ် သေချာကြည့်ကြည့် သတို့သမီးဘေးမှာ နွားချေးပုံကြီးက အယ်နေတာပဲ ။ရှားတာက ပိုက်ဆံ အဲ့မင်္ဂလာဆောင်တော့ လက်ဖွဲ့ဘယ်လောက်ရလဲတော့မသိ တစ်ရွာလုံးတော့ မီးခိုးတိတ်ပဲ လွှမ်းမိုးဆိုထားတဲ့ ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲပေါ့ ။ အမှတ်တရပါ ချစ်သောသူတွေ အားလုံး ပျော်မြူနိုင်ကြပါစေလို့ ဒီပို့စ်လေးနဲ့ အမှတ်တရ ။

LinkWithin

Related Posts Plugin for WordPress, Blogger...