Monday, June 13, 2011

မိုးသံ၊ ချည်တိုင် နဲ့ ခလောက်သံ

ခလောက် ဒီပုံကို ပေါ်အောင် ကျနော် ဘယ်လိုပြောရပါ့မလဲ ဆွဲလည်းမဆွဲပြတတ်ဘူးး) ၀ါးဘိုးဝါးနဲ့လုပ်ထားတာလေးပါ အထဲမှာတော့ ၀ါးစံသေးသေးလေးတွေနဲ့ ကျနော်တို့လို ကျွဲ ၊ နွားပိုင်တဲ့သူတွေအတွက်တော့ သူက မရှိမဖြစ်အရာတစ်ခုပါ ။ ခလောက်ကိုတော့ ခေါင်နွားတွေကို ဆွဲပေးတာများတယ် စကားပုံလေးတောင်ရှိတယ်မှတ်လား ခေါင်နွားမကောင်းတော့ နောက်နွားလည်း လမ်းဖြောင့်ဖြောင့်မသွားဘူးဆိုတာလေး နွားကျောင်းဖုးတော့သိတယ် နွားအုပ်တစ်အုပ်မှာ အဓိက က ခေါင်နွားပါပဲ ဘယ်တော့ဖြစ်ဖြစ် သူက ရှေ့က ဦးဆောင်တာများတယ် ကျန်တဲ့ နွားတွေက သူ့နောက်က လိုက်ပေါ့ ။ ကျနော်တို့ အရပ်ဖက်မှာ မိုးတွင်းဆို ကွင်းဘက်က နွားတွေအတွက် စားကျက်တွေမရှိတော့ဘူး အဲ့တော့ ကုန်းပိုင်းဘက်က နွားရှင်တွေဆီ နွားငှားကျောင်းကြတယ် ။ တစ်ကောင်ကို တစ်မိုးတွင်း စပါးတင်းဘယ်လောက်ဆိုသလိုမျိုးနဲ့ပေါ့ ။

ကျနော်တို့အိမ်မှာက အိမ်နွားက နည်းနည်း အဲ့တာကြောင့် ထပ်ဖြည့်ပြီး ငှားနွားပါ ထည့်ကျောင်းပါတယ် ။ အမေက နွားကျောင်းက အဓိကမဟုတ်ပဲ စိုက်ပျိုးရေးပါ လုပ်တာဆိုတော့ မြေသြဇာ နွားချေးကိုလိုချင်လို့ နွားငှားကျောင်းတာများပါတယ် ။ အငယ်လေးတုန်းကတော့ နွားကျောင်းကို အပျော်လိုက်တာပဲများပြီး ဟုတ်တိ ပတ်တိလည်းမကျောင်းဖြစ်ပါဘူး ယောင်နေတာကများတယ် အဓိက ကမိုးတွင်းမှာ ရေပြင်ဖွေးဖွေးမှာ ခရုကောက် ရေကူးချင်တာကြောင့်လည်းပါတာပေါ့ ။ နွားကျောင်းရတာ တစ်ခါခါ တော်တော်ပျော်စရာကောင်းပြီး တစ်ခါခါတော့ တကယ်ကိုစိတ်ညစ်စရာပါ ။

ခလောက်က ရွာမှာတော့ တေသံသာပေါ့ အိမ်တိုင်း နွားရှိကြတော့ ရွာက ကွင်းစပ်မှာ ခလောက်သံလေးတွေက ဆူညံ့လို့ ။ ခလောက်က ကြာလေ အသံကောင်းလေပါ ၀ါးက စိုနေရင် အသံသိပ်မထွက်သေးဘူး ခြောက်လေ ပိုအသံထွက်လေပါ ။ တစ်ချို့သိပ်ဆိုးတဲ့နွားတွေ ဆိုရင် ဒေါက်ဆိုတာ တပ်ရပါသေးတယ် တစ်တောင်လောက်ရှိတဲ့ ၀ါးပိုင်းလေး သူ့လည်ပင်းမှာ ဆွဲထားလိုက်တာမျိုး အဲ့တာဆို သူပြေးချင်တိုင်းပြေးမရတော့ဘူး ညိနေတာကများတယ် ။နွားပျောက်တဲ့ အခါ နွားခြေရာကွက်ရှာရတာ နောက်တော့ ခလောက်သံနားထောင်ပြီး နားစွင့်ရှာရတာမျိုးတွေဟာလည်း စိတ်လှုပ်ရှားစရာပါ ။ နေရောင်တော်တော် တောက်ပြီဆိုရင် နွားလွှတ်ပြီး နေလုံးကြီးက နီရဲ လိမ်မော်ရောင်သမ်းလာရင်တော့ ဒါဟာ နွားသွင်းချိန်ပေါ့ ။

တစ်ချို့နွားတွေက သိပ်မုန်းစရာကောင်းတာပါ ပါးသလားမမေးနဲ့ လူသံကြားရင် သူတို့က ငြိမ်နေတတ်တယ် ခလောက်သံမကြားတော့ ကိုယ်က ဘယ်ရှာတွေ့တော့မတုန်း သူများအကွက် ( သီးပင် စားပင် စိုက်ခင်းတွေပါ) ၀င်စားမှာလည်းကြောက်တယ် ရိုက်ခံထိမှာကိုးး။ မှတ်မိသေးတယ် ခလေးဆိုတော့ ခြံရှင်က ဆဲဆိုတတ်ပါတယ် တစ်ခါကဆို နွား အကောင်၂၀ လောက် တစ်အုပ်လုံးက သူများချဉ်ပေါင်ခင်းထဲ ၀င်တုတ်နေလိုက်တာများ ပန်းခင်းထဲရောက်တဲ့ အပျိုမလေးတွေကျနေတာပဲ ပျော်လို့ ရွှင်လို့ ခြံရှင်မသိအောင် ကိုယ်က အမြန်မောင်းမှ သူတို့က တစ်ခါတည်း ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀လုပ်ပြီး တစ်ကွင်းလုံးပြေးနေလိုက်တာဆိုတာမျိုး ချဉ်ပေါင်တစ်ခင်လုံး ပြုံန်းလို့ပေါ့ ခြံရှင်ကလည်းဆဲလိုက်တာဆိုတာများ ကျနော့်မှာ ကြောက်လည်းကြောက် ဘာမှလည်းမလုပ်ရဲတော့ပါဘူး ခမောက်လေးဆောင်း မိုးတွေကလည်းမိ နှုတ်ခမ်းတွေကလည်းပြာပြီး ဒီတိုင်းပဲ ရပ်နေမိတော့တယ် ခြံရှင်က ကိုယ့်ကို ရိုက်မယ်နှက်မယ် တကဲကဲပေါ့ ။

သတင်းကြားတဲ့ အမေက အပြေးလေးရောက်လာပြီး တောင်းပန် ပြီးတော့ အလျောပေးပါ့မယ် ပြောရတာ။ အဲ့တုန်းက တကယ်ကို စိတ်ပျက်မိသွားတာပါ အမေ့ကိုလည်းသနားတယ် ပြီးတော့ ပိုပြသနာတက်တာက ခြံရှင်က ကိုယ့်ကို နွားကျောင်းသားလေးထင်ပြီး “မိမဆုံးမ ဖမဆုံးမ သားသမီးတွေ” အဲ့လိုပြောတော့ အမေ့ဒေါသက အထွဋ်အထိပ်ကိုရောက်သွားတာ ဘာမပြော ညာမပြောနဲ့ ချဉ်ပေါင်ခင်းထဲ ခြံရှင် အဒေါ်ကြီးနဲ့ အမေ နပန်းတွေ လုံးကြတာ မိုးရေတောထဲ လူးလို့ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင် အမေ့ကိုလည်း သနားနဲ့ မိုရေကြီးထဲ အကြာကြီး ထိုင်ငိုပစ်လိုက်တာ လည်ချောင်းတွေပါ နာလို့ ညကျ ကျနော်ဖျားပါလေကော ။ တေးထားတာ ဘာမှမသိတဲ့ နွားတွေဆိုပေမယ့်လည်း ခလေးစိတ်နဲ့ဆိုတော့ ဘာမှန်းမသိပဲ အူလည်လည်လုပ်နေတဲ့ သူတို့ပုံတွေက ကျနော့်ကိုများ လှောင်နေသလိုလို နေ့မွန်းမတည့်ခင်လေး ခြံဝင်းထဲမှာ လှုပ်၂ရွ၂ ဖြစ်နေတဲ့ သူတို့ကို တုတ်ကြီးကြီးတစ်ချောင်းကိုင်လို့ ” ပြေးအုံးကွာ ပြေးအုံးကွာ ” ဆိုပြီး အကောင်စေ့လိုက်ရိုက်ပစ်လိုက်တာ ငရဲကြီးလည်းမတတ်နိုင် အဲ့တော့မှ ကျနော့်စိတ်ပြေတော့တယ် ။

နွားတွေကို နာမည်ပေးတာကလည်း ရွာမှာ သူ့နဲ့ငါ အပြိုင်အဆိုင်ပေါ့ အိမ်က ခိုင်းနွားလှလှနှစ်ကောင်ကို အဘပေးထားတဲ့ နာမည်က ဝေသာလီ နဲ့ မိုးမှောင် တဲ့ ။ နွားအိုမ ကြီးတွေဆိုရင် နွားအိုမ အဖြူစွတ်စွတ်ဆိုရင် နွားဖြူမ တစ်ခါတလေဆို ဖိုးချစ်တို့ ပါလိုက်သေး မင်းသမီးနာမည်တွေလည်းရှိသေးတယ် နန်ဒါလှိုင် တို့ ဂျက်မ ဘိုမ တို့ပေါ့ ။ နွားကျောင်းသားတွေအတွက် စိတ်အညစ်ရဆုံးအချိန်ကတော့ သူတို့ရည်းစားထားတဲ့ အချိန်ပါ မာနကြီးကြီး ကောင်မလေးတစ်ယောက်ကို ခပ်ဆိုးဆိုး လူပျိုတစ်သိုက် အပြေးလိုက်ကြသလိုပေါ့ အဲ့ဒီအချိန်တော့ လိုက်မနေပါနဲ့ မောရုံပဲ အဖက်တင်တယ် နွားပျိုမလေးက အရှေ့ကပြေးရင် အနောက်က နွားထီး ၁၀ ကောင်လိုက်က လိုက်ကြတာများဆိုတာ အားပါးပါး လက်လန်တယ် ...သံဝေဂ ရစရာ အော် သူတို့အချစ်ပေါ့း) ။ တစ်ချို့နွားတွေက ခြံခုန်တာပါ အဲ့အချိန် တကယ်ကို ဆပ်ကပ်ကြည့်ရသလိုပါပဲ ။

အိမ်မွေးခြံပေါက် နွားကလေးတွေဆို ပိုင်ရှင်တွေက ပိုချစ်ကြတယ် နွားထီးလေးကျရင် ပိုပျော်ကြတယ် အမွှေးလေးက ဆွတ်ဆွတ် ခြေထောက်လေးတွေက နုနုနဲ့ သွားမပေါက်သေးတဲ့ နွားပေါက်စလေးတွေက သိပ်ချစ်စရာကောင်းတာပါ ။ စီးပွားရေး အဆင်မပြေတဲ့နှစ် ခြံပေါက်နွားလေးတွေကို ရောင်းရပြီဆို ၀ယ်သူက ပိုက်ဆံထုတ်နဲ့ လာတာနဲ့ ကျနော်တို့ မောင်နှမတွေက ချောင်တစ်ချောင်မှာ မျက်ရည်တွေကျလို့ ကိုယ့်ခလေး သူများမွေးစားဖို့ပေးလိုက်ရသလိုပါပဲ ။ဒီလို မိုးနံ့သင်းရင် ရွာမှာ နွားကျောင်းတွေပိုများလာပြီ ။ ရွာကိုလွမ်းတဲ့ သူတွေကို တစ်ချို့ကျ စကြတာ မိုးသံကြားရင် ချည်တိုင်ကို လွမ်းတယ်တဲ့ အဟုတ်ပါ မိုးရွာတာမြင်ရင် ရွာက ရဲမှည့်နေမယ့် သပြေပင်ကြီးကိုလည်း လွမ်းတယ် ရေပြင်ဖွေးဖွေးကိုလည်း လွမ်းတယ် ။ မိုးလေတိုးသံနဲ့ ယိမ်းနွဲ့နေတဲ့ တောရိုင်းသစ်ပင်အုပ်အုပ်တွေကိုလည်း လွမ်းတယ် စောင်ခြုံထဲကွေး အမေ့နားတိုးကပ် အမေ့ကိုယ်ငွေ့နဲ့ နွေးခဲ့တဲ့ မိုးနေ့တွေကိုလည်း လွမ်းတယ် ခလောက်သံလေးတွေကလည်း လွမ်းစရာပါ ။

ဟုတ်ပါ့ တကယ်ကို မိုးသံကြားတော့ ကျနော်တို့လည်း ချည်တိုင်ကို လွမ်းပါတယ် ။



30 comments:

လရိပ်အိမ် said...

ရွာကိုလွမ်းနေတာလား။ ခလောက်သံနဲ့နွားအကြောင်းဖတ်သွားတယ်။

ညီလင်းသစ် said...

အခုဆိုရင် အဝေးကြီး ဝေးလာခဲ့ပြီဆိုတော့ ကျနော်တို့ရဲ့ ခလောက်သံတွေကို ရွာကလည်း ကြားရမှာ မဟုတ်တော့ဘူး၊ မိုးသံကြားရင်ကော၊ မြူခိုးတွေ ဝေရင်ပါ ချည်တိုင်ကို သတိရတယ်ဗျ၊ ညီနဲ့ နွားအကောင် ၂၀ တိုင်ပတ်နေကြတဲ့ ပုံကိုတော့ မြင်ယောင်ပြီး ရယ်နေမိတယ်၊ ကျေးလက်ရနံ့ သင်းနေ တဲ့ ချစ်စရာ ပို့စ်လေးပါပဲဗျာ...။

Anonymous said...

Lovely post.I visited around ur village and enjoyed like a kid as free as wind.Tks
Gyidaw

SHWE ZIN U said...

ချည်တိုင် ကို လွမ်းမိတာ သဘာဝကျပါတယ်ဗျာ အလုပ်နားတဲ့ အောဖ် ရက်တွေ မှာတောင် ရုံးကို သွားသွား နေမိလို့ ရန်ဖြစ်ရတာ ခဏ ခဏ (အရင်တုန်းကပါ)

ဟန်ကြည် said...

နွားခလောက်သံမကြားရတာတောင် တော်တော်ကြာသွားပြီ...ပိုဆိုးတာက ဒီဘက်ဒေသမှာက လယ်လုပ်စားတဲ့လူ နည်းလာပြီး လူလုပ်စားတဲ့လူတွေပဲ များနေတယ်မဟုတ်လား မောင်မျိုးရေ...

ညိမ်းနိုင် said...

အိုး...ချည်တိုင်ကို လွမ်းတာကတော့ညီရာ...မပြောပါနဲ့...:(
ညီ့ပို့စ်လေးဖတ်ရတော့ ငယ်က နွားပေါက်လေးကိုတောင်
သတိရမိသေး..နာမည်က နံဒါလှိုင်တော့ဟုတ်ဝူး...၊အာနိုး
တဲ့....:))))

မိုးခါး said...

ငါကတော့ ရွာနဲ့ နဲနဲ အလှမ်းဝေးတယ်ဟ
ရွာအကြောင်း သိပ်မသိဘူး
နင်ရေးပုံအရဆို တော်တော် ပျော်ဖို့ ကောင်းမယ်နော် ..
သွားလည်ချင်တယ် ..
ခရီးတွေထွက်ချင်တယ်

May Zin Aye said...

လွမ်းတယ်...ကမ္ဘာကျော် နဲ့ မိုးညို ကို လွမ်းတယ်။ကြည့်မယ့်သူမရှိလို့ ရောင်းပစ်လိုက်တာတော့ ကြာပါပြီ။ ဒါပေမယ့်...အဲ့ 2 ကောင်က အိမ်ရှေ့က ဖြတ်တိုင်း...အိမ်ထဲကို ဇွတ်အတင်း ၀င်ဝင်လာတတ်လို့....သူတို့ကို ၀ယ်လိုက်တဲ့ ပိုင်ရှင်တောင် အိမ်ရှေ့ က လှည်းဖြတ်မောင်းရမှာကြောက်တယ်ဆိုပဲ။ သံယောဇဉ်ပေါ့လေ။

Than Lae said...

မောင်မျိုးရေးတာ ဖတ်ပြီး ကိုယ်တောင် မျက်ရည်စို့ ချင်ချင်ရယ် ... လွမ်းလာပြီး ငယ်တုန်းက အချိန်ကို ... ကျွန်တော်အဖိုးက လယ်သမားစစ်စစ်ကြီးပေါ့ .. အဖို့ ရဲ့ ခြံပေါက်နွားကြီးကို ရောင်းတုန်းက နေ့ လည်ဘက်ဝယ်တဲ့သူတွေက ဆွဲသွားတာ ညကျတော အဲ့နွားကြီးက ပြန်ရောက်လာတယ်လေ..ဒါနဲ့ မရောင်းတော့ပါဘူးဆိုပြီး ပိုက်ဆံပြန်အမ်းလိုက်ရတယ်..
ငယ်ငယ်တုန်းကဆို မိုးဦးကျမှာ လယ်ကွင်းထဲ လိုက်လိုက်သွားတာ ..ရေဖွေးဖွေးနဲ့ တအားပျော်ဖို့ ကောင်းပဲ.. ရွှံ့ ထဲမှာ လမ်းမလျှောက်တတ်လို့ ခဏ ခဏ ချော်လဲတဲ့ ကျွန်တော့်ကို အဖိုးက နောက်မခေါ်ဘူးလို့  အမြဲပြောတယ် .. မိုးအေးအေးနဲ့  ရေတွေဖွေးနေတဲ့ လယ်ကွင်းတွေထဲမှာ စပါးပင်စိမ်းစိမ်းလေးတွေကို လွမ်းလိုက်တာ ... :(

Zwe Lwin said...

အရမ်းကြိုက်တယ် အကိုရာ။ ချဉ်ပေါင်ခင်းထဲ နွားဝင်တာကိုေ၇းထားတာ အကိုသာ ငိုခဲ့ရတာ ကျနော်က တဟီးဟီးနဲ့ သဘောကျလို့ ။ မိုးရွာရင် ကျနော်လည်း အရမ်း အိမ်ကို လွမ်းတယ်။ အိမ်ထဲမှာ မိုးရိပ်နဲ့ မှောင်နေပေမယ့် မေတ္တာတွေနဲ့ နွေးထွေးနေတဲ့ အချိန်လေးတွေ။ ကျနော်က တော့ မိုးရွာရင် စောင်နဲ့ ကွေးနေပြီး မေမေ့ကို ကော်ဖီလို့ တောင်းဆိုတော့တာ။ စောင်ခြုံပြီး ကော်ဖီသောက် တီဗွီကြည့် ဒါမှမဟုတ် စာဖတ်နေရရင် တကယ့်အရသာ။ ဘေးက မေမေ့ အသံကြားနေရရင်ကို စိတ်ချမ်းသာတယ်။

Phyo Kay Khine said...

ရေးထားတာ ကောင်းလိုက်တာ... မောင်မျိုးရယ်...ဖြိုးတို့အိမ်မှာလည်း အရင်တုန်းက နွားလေးတွေရှိတယ်... သူတို့က ကလေးအရမ်းချစ်သလားလို့... အိမ်လည်သွားရင် အနောက်က လိုက်လာတာ... မြို့ ပြောင်းတော့ တစ်အုပ်လုံးရောင်းလိုက်ရတာ... လာဝယ်တဲ့ ကားကြီးပျောက်သွားတဲ့ အထိပြေးလိုက်ပြီးငိုရတာ မှတ်မိသေးတယ်... :'(

Arkar Kyaw said...

တကယ်ကိုအခုမှနွားကျောင်းသားဘ၀ကိုသိတာ...တစ်ခါမှရွာတွေကိုမရောက်ဘူးမနေဘူးဖူး..မောင်မျိးစာဖတ်မှပဲရွာတွေမှာနေချင်စိတ်ပေါက်လာမိတယ်......တက်ပ်ပေးလို့ကျေးဇူးနော်မောင်မျိုး

Yan Naing Aung said...

ငယ်ငယ်တုန်းက သူများဘောလုံးကွင်းထဲနွားကျောင်းတာလိုက်ရင်း။ နွားလိုက်ဝှေ့တာခံရဖူးတယ်။ မင်းစာဖတ်ရတာ ရင်ထဲဆို့သွားတယ်။ တော်တော်စာရေးကောင်းတဲ့ကောင်။ :)

La Pyae Wun said...

ဖတ်လို့ကောင်းတာတော့ အမှန်ဘဲ။ နွားကျောင်းခြင်းနဲ့ ရင်းနှီးသွားစေတယ်။

နွားရောင်းရလို့ ချောင်တချောင်မှာ မျက်ရည်ကျရတယ်ဆိုတာကို ယုံတယ်။ အိမ်က ညီမလေးလည်း သူ့ကြောင်လေးတွေသေသွားရင် အရမ်းငိုတတ်လို့။

မြစ်ကျိုးအင်း said...

ကလေးဘဝ နွားကျောင်းထွက်တာလေး မြင်ယောင်မိပါတယ်။ ကိုယ်တွေကတော့ ကိုယ့်ခလောက်သံ ကိုယ်ပြန်လိုက်ရှာနေရတုန်းပါပဲ။

ShwunMi- said...

မောင်မျိုး။ နင်သိပ်ကံကောင်းတာပဲ.. ငါဆို နွားကို အဝေးကပဲ မြင်ဖူးတာ.. မကိုင်ကြည့်ဖူးဘူး။

တန်ခူး said...

ဒီလိုလွမ်းတတ်အောင် ရှိခဲ့တဲ့အတိတ်တွေကိုကျေးဇူးတင်စရာ...

Anonymous said...

ဟုတ်တယ် အစ်ကိုဘလော့ကိုဖတ်မှ ပဲ ငယ်ငယ်တုန်းက နွားအစာ စား ဖို့တောပေါ်
လိုက်ပို့တာကို သတိယတယ်
နွားတွေကိုချောင်းတစ်ဖက်ကမ်းလိုက်ပို့တာပေါ့
ချောင်းက ရေစီးသန်တယ် လေ အဲဒါဆိုတော့သူတို့က စုန်ပြီးကူးတာ ဒီကတော့
ကလေး ဆိုတော့ဘယ်သိမလဲ ကျွန်တော့်နွားတွေ့ရေထဲ မျောပါပြီဆိုပြီးထိုင်ငိုတာ အစ်ကိုတွေက ချော့လဲမတိတ်ဘူး ခုမှတွေးပြီးရယ်ချင်တယ် ခုချိန်ထိချောင်းဆိုတိမ်တိမ်လေးလဲမကူးရဲဘူး

Thiri Aung said...

မိုးသံကြားရင် ရွာက ရဲမှည့်နေမယ့် သပြေပင်ကြီးကိုလည်း လွမ်းတယ် ရေပြင်ဖွေးဖွေးကိုလည်း လွမ်းတယ် ။ မိုးလေတိုးသံနဲ့ ယိမ်းနွဲ့နေတဲ့ တောရိုင်းသစ်ပင်အုပ်အုပ်တွေကိုလည်း လွမ်းတယ် စောင်ခြုံထဲကွေး အမေ့နားတိုးကပ် အမေ့ကိုယ်ငွေ့နဲ့ နွေးခဲ့တဲ့ မိုးနေ့တွေကိုလည်း လွမ်းတယ်

...ဟုတ်ပါ့ တကယ်ကို မိုးသံကြားတော့ ကျနော်တို့လည်း ချည်တိုင်ကို လွမ်းပါတယ် ။

Noel Prime said...

ပထမအပိုဒ် စဖွင့်လိုက်တဲ့ အရေးအသားက တကယ်ကို ဆွဲခေါ်သွားတာ။ မီးဖိုချောင်က ထမင်းအိုး ချိုး(ဂျိုး)ခြစ်သံကြားရင် ချည်တိုင်ကနွား မျက်ရည်ကျတယ်တဲ့။ အဲဒီစကားပုံလေး ပြန်သတိရမိသွားတယ်။

မအိမ်သူ said...

ဘယ်နွားကမှတော့ ချည်တိုင်ကို မခွဲချင်ကြပါဘူး မောင်မျိုးလေးရေ။ အခွင့်သာတိုင်း ကိုယ့်ချည်တိုင်ကို ပြန်ချင်ကြတာချည့်ပါ။ မတတ်သာလို့သာ ခလောက်သံလေးတိတ်ပြီး ချည်တိုင်ရဲ့ အရိပ်ကိုမနင်းနိုင်ဖြစ်နေခဲ့ကြရတာ...

ပြည်ကောင်းအောင် said...

ကျနော်လည်း လယ်သမားသားသမီးဗျ။ ကျနော်တို့ဆီ မှာတော့ မြစ်ချောင်းတွေ ပေါများလွန်းလို့ ကျွဲမွေးကြတယ်။ နွားက ရေနဲ့ ရွှံ့နွံကြောက်ပြီး၊ ကျွဲက ရေမကြောက် လို့ပါ။ ကျွဲကိုနွားလို တင်းကုပ်နဲ့ထားဖို့ မလိုဘူး။ အဲဒါ ကြောင့် ကျွဲတင်းကုတ်ဆိုတဲ့ ဝေါဟာရတောင် မရှိတာပေါ့။ နောက်ပြီး နွားနဲ့မတူတာတခုက ကျွဲက မိတ်လိုက်တာ အိနြေ္ဒရတယ်။ သူတို့က တလင်တမယား စနစ်ပဲး)) ကျနော်လည်း ငယ်ငယ် တုန်းက ကျွဲကျောင်းဖူးတယ်။ ကိုမျိုး နွားကျောင်းတာနဲ့ အတူတူပါပဲ။ ကျွဲတကောင် ရောင်းရရင် သူက မသွားချင်၊ ဒီကကျန်ရစ်ခဲ့တဲ့ အုပ်က သူတို့ဘာသာစကားနဲ့ bye-byeလုပ်ကြနဲ့ ကြားထဲက မျက်ရည်စို့ ရတာလည်း ကိုမျိုးတို့နဲ့ အတူတူပါပဲ။ အင်း.. ဒီပိုစ့်ကို ဖတ်ပြီး ငယ်စဉ်တောင်ကျေး ကလေးဘဝ ဆိုတာကို လွမ်းသွားမိတယ်။

Anonymous said...

အမေနဲ့ရွာကို လွမ်းသွားတယ်။

း)

ခင်မင်စွာဖြင့်
ရတနာ

Angelhlaing(May everybody be happy and healthy! said...

ကျေးလက်နဲ့ အနေဝေးပေမယ့် အရေးသားကောင်းတော့ ကိုယ်တိုင် နွားကျောင်းနေရသလိုပဲ...:):)
လွမ်းဖို့ ကောင်းလိုက်တာနော်...
ခံစားအားပေးလျှက်ပါ ကိုမျိုးရေ...

အိမ့်ချမ်းမြေ့ said...

ဒါလေး လင့်လုပ်မလို့ ယူသွားတယ်

မေဓာဝီ said...

ခလောက်သံ မချို
နွားလည်းအိုပြီ
ချည်တိုင်ကိုသာ လွမ်းမိသည်။

ဖတ်ရတာ လွမ်းစရာလေး မောင်မျိုး။ မိုးရွာထဲ ထိုင်ငိုတဲ့နေရာမှာတော့ မောင်မျိုးမျက်နှာ မြင်ပြီး ရယ်လဲရယ်ချင် သနားလဲ သနား ... ။
မဖတ်ရသေးတဲ့ အဟောင်းတွေ ဖြည်းဖြည်းချင်း လာဖတ်အုံးမယ်။

အိမ့်ချမ်းမြေ့ said...

မောင်မျိုးရေးသမျှ အကြိုက်ဆုံးလို့တောင် ပြောလို့ရမယ်ထင်ပါတယ်။ ခဏခဏ အစ်မ လာဖတ်တယ်။ သုတကောရသကော အပြည့်ရတယ်။ ကိုယ့်အနားမှာ မိုးငွေ့တွေ ၀ဲနေသလို.. ခလောက်သံကို နားနဲ့ဆတ်ဆတ်ကြားရသလို... ဗွက်ထဲ ကိုယ်တိုင်လူးရသလို...။

သိပ်ကောင်းတယ် ထပ်မပြောတော့ဘူးကွယ်။

KO WAI said...

ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါလေ ဆိုတဲ့စာသားလေးကို ခနခန ရွတ်ဖြစ်တဲ့ကျနော်အတွက်တော့

ခလောက်သံ မချို
နွားလည်းအိုပြီ
ချည်တိုင်ကိုသာ လွမ်းမိသည်။ ဒီစာသားလေးက ပိုလို့ပိုလို့ လွမ်းစရာပါ

Unknown said...

m9m07k3s71 o7n76g5y50 l8s18o8n26 y9o92z4b77 p4q50t3n51 m5t76e4m79

soslought said...

l8r84y6v29 k8u51h4d78 o4d95g8b24 p3g94u8y46 j3i39k6z20 n2v95h0t69

LinkWithin

Related Posts Plugin for WordPress, Blogger...