Sunday, June 19, 2011

အဆောင်နေကျောင်းသားဘဝ

အဆောင်ကျောင်းသားဘ၀ တော်တော် ပျော်စရာကောင်းတဲ့ အတိတ်ဘ၀ နေ့ရက်တစ်ချို့ပါပဲ ပြန်တွေးတိုင်း ပြုံးမိတဲ့ လွတ်လပ်တဲ့ အတွေးတွေနဲ့ လန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသား ဘ၀လေးတွေပါ ။ ဘ၀အတွက် သူငယ်ချင်းကောင်းတွေကိုလည်း အဲ့နေရာလေးမှာပဲ ကြုံတွေ့ခဲ့တာပေါ့ မိဘရင်ခွင်က စခွဲဖူးတဲ့ အရွယ်လေး လောကကြီးကို စူးစမ်း စ အရွယ် တကယ့်ကို ဖြူဖြူစင်စင်လေးတွေပေါ့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် အစ်ကိုပဲ ခေါ်ရမလား ကိုယ့်ကိုယ်ကို ပဲ သားလို့ပြောရမလား မသိသေးတဲ့ ပုံစံလေးတွေ ။ဖေ့ဘွတ်မှာ အဆောင်တုန်းက သူငယ်ချင်းတော်တော် များများနဲ့ ပြန်တွေ့ဖြစ်တယ် အခုတော့ အားလုံးဟာလည်း ကိုယ့်ဘ၀ ကိုယ်ရုန်းလို့ လူကြီးတွေဖြစ်လို့ပါပဲ ။

ကျနော် ကျောင်းတက်တော့ မော်လမြိုင် အထွက် မုဒုံအစပ် ဖားအောက်မှာ တက်ရတာပါ အဆောင်ကတော့ ကွင်းစပ်မှာ အဆောင်ခြံဝင်းက စိုက်ပျိုးပင်တွေ အများကြီးပါ အိမ်ဆို ၂ အိမ်လားပဲရှိတယ် ကျနော်တို့ အဆောင်လမ်းကြားထဲမှာ ညည ဂစ်တာတွေတီးကြ သောက်ကြ စားကြ စာမကျက်ပဲ စကားတွေပြောကြ အဲ့ဒီအချိန်တွေက အခုနေပြန်မရနိုင်တော့တဲ့ အနေထားလေးပေါ့ ။ ကျနော့် အခန်းဖော်က ၂ နှစ်လုံး သူနဲ့ တူတူကျတယ် ကံဆိုးတယ်ပြောရမလား ကံကောင်းတယ်ပြောရမလားမသိ သူများလိုတော့ ဂျီးမထူဘူး ဒါပေမယ့် ကပ်စေးက တော်တော်နဲတယ် သူ့ကို တစ်ဆောင်လုံး ခေါ်တဲ့ နာမည်က ပေသီး တဲ့ သူက ပေသီးကျတာ ဒီရောက်မှမဟုတ် သူတို့နယ်မှာလည်း သူ့ကို ဒီနာမည်ပဲခေါ်ကြတယ်ပြောတယ် ။ တကယ်ပါ မတွေ့ဖူးဘူး မုန့်စားရင် ခြင်ထောင်ထဲမှာ တိတ်တိတ်လေးစားတာ စားပွဲပေါ်မှာကြွတ်ကြွတ်အိတ်တွေ့မှ သူမုန့်စားတယ်ဆိုတာ ကျနော်သိတယ် သူ့အစားကျ ကိုယ်မစားရတော့ ကိုယ့်အလှည့်ကျ ကျွေးချင်ပါ့မလားဗျာ နော့်လေ အဲ့တာ ဒီကောင်က ကျနော့် လက်ဖက်သုတ်တွေ ခိုးစား ပြီးတော့ ပန်ကန်းကို မဆေးပဲ ကျနော့်စားပွဲပေါ် လာပြန်တင်ထားတာ ဘယ်ရမလဲ ပန်းကန်ပြားပျံတွေ လေမှာ ၀ဲသွားအောင် ပစ်ထုတ်ပစ်လိုက်တယ် နောက်နေ့ကျ လက်ဖက်ထုတ်လေး ကိုယ့်စားပွဲပေါ်ပြန်ရောက်လာတယ်း) ။ ဒီကောင် အခု နိုင်ငံခြားမှာ တော်တော် အဆင်ပြေနေတယ်ကြားတယ် ။

အဆောင်မှာ ကျနော်က အေးတဲ့ ကျောင်းသားတွေထဲပါတယ် (ကြောင်ချေးပါတီ) ကျနော်တို့ အဆောင်ဝင်းထဲမှာ ကျွဲကော်ခြံကြီးရှိပါတယ် အဆောင်မှူးက ကျနော်တို့နဲ့တွေ့တိုင်း သူ့အသီးတွေ ဘယ်သူ အလစ်သုတ်လည်း ကြည့်ထားပေးပါတဲ့ အဲ့လူကို အဆောင်က ထုတ်မယ်ပေါ့ တော်တော်လည်း ပျောက်တာကိုး အဆောင်သား ၂၀ မှာ တစ်ယောက် တစ်လုံးပဲ ခိုးစားအုံး ဒီအပင်ခံနိုင်ရိုးလား ။အဲ့တာ သူက ယုံကြည်မှပဲ အဆောင်မှာ အဖွဲ့လေးတွေနဲ့ဖြစ်နေတဲ့ ကျနော်တို့ သူငယ်ချင်း ၅ ယောက်လောက်က တစ်ခါလေးပဲ ခိုးစားတာပါ ကျနော်က ဓာတ်မီးထိုးတယ် နောက်တစ်ယောက် ခူးတယ်ပေါ့ အခန်းထဲ ပြန်ဝင် ကျကျနန ခွဲနေတုန်းရှိသေး အဆောင်မှူးက ညဘက် ကင်းလှည့်ရင်း တံခါးလာခေါက်တာဗျာ အားလုံးက တော်တော် လန့်ကုန်ကြတယ် ကျနော်က လုံချည်တစ်ထည်နဲ့ ကမန်းကတန်း ဖမ်းအုပ်လိုက်တယ် ပြီးတော့ ခပ်တည်တည်နဲ့ တံခါးဖွင့်ပေးရင်း “ သားတို့ စာစုတွက်နေကြတာ အဘ ဘာလို့လဲ ” ဆိုတော့ “ ခလေးတွေ အဆင်ပြေကြလား လာဝင်ကြည့်တာပါ ” တဲ့ နောက်ကျ သူ့ နှာခေါင်းက အမဲနံ့ရတဲ့ မုဆိုးလို တစ်ရွှတ်ရွှတ်နဲ့ အဲ့တာမှ သေတာပဲ ကျွဲကော်သီး ခွဲထားတော့ အနံ့ကထွက်နေတာကိုး ဥယာဉ်မှူး လုပ်သက် ကြာတဲ့သူ့ကို ဘယ်ညာလို့ရမလဲး) အဘက အခန်းထဲက ထွက်ခါနီးတော့ ပြောသွားတာ “ လူရိုးဆိုတာ တကယ်ပဲ င်္သချိုင်းမှာပဲရှိတာကိုး ” တဲ့ အဖိုးကြီးလား တော်တော် အသိနောက်ကျပါ့း)။

မီးဆိုရင်လည်း ညတော်တော် မိုးချုပ်မှ ဖွင့်ပေးတာမျိုးလည်းရှိတယ် အဲ့တော့ မီတာဘောက်ကြီးကို အတင်း တုတ်နဲ့ ကလော်ထည့်ပြီး မီတာတင်တာပဲ ။ အဆောင်မှာ ညစ်ပတ်လို့ ထမင်းပေးမချက်စားပါဘူး မီးပူကလွဲပြီး ကျန်တာ ဘာမှပေးမသုံး ။ ကျနော်တို့အဆောင်က ဆိုင်တွေနဲ့ ဝေးပါတယ် ဖားအောက်က တောကျတာကိုး အခုတော့ စည်ကားနေပြီကြားတယ် ။ အဲ့တော့ ညပိုင်းကျ ဗိုက်တွေ ဆာတတ်တော့ မာမားခေါက်ဆွဲပြုတ်ထုတ်တွေ ၀ယ်ပြုတ်သောက်ကြတယ် အဆောင်မှူး မလာရင်တော့ကောင်းပါရဲ့ သူတွေ့ရင် အဲ့ အိုးကိုလည်းသိမ်း ဒဏ်ငွေလည်းရိုက်သေးတယ် တော်တော်ဆိုးတဲ့ အဖိုးကြီး ။ ပြုတ်နေရင်း တန်းလန်း သူရောက်လာရင် ဖွက်ရတာနဲ့ ကော်ခွက်တစ်ခွက်ထဲထည့် ဇွန်း ၂ ချောင်းလောက်နဲ့ သူငယ်ချင်း ၅ ယောက်လောက် လုသောက်ခဲ့တဲ့ မာမား ခေါက်ဆွဲပြုတ် တစ်ထုတ်ရဲ့ အရသာကလည်း ဘယ်တော့မှ မမေ့နိုင်စရာပါ ။ညနေစောင်းရင်း ရိုးဂိုးဘုရားကို သူငယ်ချင်းတွေ တအုပ်ကြီး သွားကြ ရေစိမ်မုန့်တီ နဲ့ ဗူးသီးကြော်ရဲ့ အရသာကလည်း မွန်ပြည်နယ်ရဲ့ အမှတ်အသားပဲထင်ပါ့ ဒယ်ဘိုင်းကြီးတွေနဲ့ ကြော်တာ တော်တော်စားကောင်းတယ် ။ မုန့်တီဆိုင်က အဖွားကြီးက သူ့အိမ်ကို မုန့်တီဖတ် မှာတဲ့ အသံကို ကျနော်က အလွတ်ရနေတော့ မုန့်မကုန်ခင် သူ့အစား ကျနော်က အော်တော့ သူငယ်ချင်းတွေကြားမှာ ကိုယ်က ဟာသဖြစ်လို့ ကိုယ့်အသံက မွန်လိုမှမဟုတ်တား) ။


ကွင်းစပ်မှာ အဆောင်ဆိုတော့ လူလည်းပြတ်တယ် ကိုယ်တွေအဆောင်ပြီးရင်လည်း ဘာမှမရှိတော့ဘူး အဲ့တော့ လူက မလာသလောက်နီးပါးကို နည်းပါတယ် ရေတွင်းက ခြံစည်းရိုးနားမှာ ရေချိုးရင်လည်း ပျော်စရာ တစ်ယောက်နဲ့တစ်ယောက် ရေတွေပက် သူ့ခေါင်းလျှော်ရည် ကိုယ်လုလျှော် ကိုယ့်ဆပ်ပြာ သူသုံးနဲ့ ဆူညံနေတတ်ပါတယ် အဆောင်ထဲကို အမျိုးသမီး ပေးမ၀င်ပါဘူး အဲ့တော့ စိတ်ချလက်ချ ရေချိုး၇င် ဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်တတ်ဘူး ။ တစ်နေ့ ညနေစောင်း ကျနော်ရေချိုးဖို့ထွက်တော့ ရေပုံးထဲ အ၀တ်တွေထည့် ကမ်းခြေမှာ ဘော်ဒီပြတဲ့ မင်းသားလို ကိုယ်ပေါ်မှာ ဘောင်ဘီသေးသေးလေးတစ်ထည်ထဲပေါ့ဗျာ တအားကြီးတော့လည်း မသေးလှပါဘူး ဟိဟိ အရှက်ပြေပြောတာ ရေးရတာ ရှက်ထှာဗျာ ကန်တော့နော် အားလုံးပဲ အဲ့တာ အမျိုးသမီးတွေ မ၀င်ရဘူးသာ ပြောတယ် အဆောင်မှူး မိန်းမက ဘယ်တော့ ခြံထဲရောက်နေလဲမသိ ကျနော့်မှာ ရေတွင်းလည်းမရောက်သေး လမ်းတစ်ပိုင်းမှာ အဖွားကြီးနဲ့ဆုံတာ ကြောင်တောင်တောင်ကြီးဖြစ်လို့ ရှက်လည်းရှက် ဘာပြောရမှန်းလည်းမသိ ရေပုံးကြီးကို အရှေ့ကကွယ်ပြီး “ အယ်...အဖွား ကန်တော့ ကန်တော့ နော် ” တဲ့ တော်တော် ကြောင်တဲ့ကောင်ပါ ဘာပြောရမှန်းလည်းမသိဘူးလေ ။ သူငယ်ချင်းကတော့ “ သောက်ရူး မင်းက ဘာလို့ ကန်တော့ ကန်တော့ သွားလုပ်နေတာတုန်း ” တဲ့ ငါလည်းမသိဘူးလေလို့ပြန်ဖြေလိုက်တယ် ရှင်းကော ။

ကျနော်တို့ ကျောင်းဝန်းကျင်မှာတော့ နယ်က ကျောင်းတတ်တဲ့သူတွေလည်းများတော့ မိန်းခလေး အဆောင် ယောက်ျားလေးတွေ အဆောင်တွေက အနီးအနားမှာပါပဲ ။ တစ်ခါက မိန်းခလေးအဆောင် တစ်ဆောင်မှာ လူတက်လို့တဲ့ ဟုတ်လားမဟုတ်လားလည်းမသိပါဘူး တစ်ချို့တွေလည်း အဆောင်ပြောင်းကြ မနေရဲလို့ ငိုတဲ့မိန်းခလေးတွေလည်း ငိုနဲ့ အဆောင်မှူးက အဲ့တော့ ကျနော်တို့ယောက်ျားလေးတွေအဆောင်ကို အကူညီတောင်းပါတယ် တစ်ညကို ၂ ယောက်လောက် ညလာစောင့်အိပ်ပေးပါတဲ့ ( ကျနော်ကတော့ စိတ်ထဲတွေးထားတာ ငါ့အလှည့်ကျမယ့်နေ့ကျ ငါ ၀မ်းနှုတ်ဆေး ကြိုသောက်ထားမယ်လို့ ဗိုက်နာလို့ စောင့်မအိပ်နိုင်ဘူးပေါ့ ) ။ အဆောင်က တစ်ည ၂ ယောက် သွားစောင့်အိပ်ပါတယ် အဆောင်က အစ်ကိုကြီးတွေက ညှိထားတာ မင်းတို့ မင်္သကာတာတွေ့တာနဲ့ အော်လိုက် အဆောင်က လူတွေ အားလုံးလိုက်ခဲ့မယ်ပေါ့ ဒုတိယ ညကျတော့ သူခိုး သူခိုးဆိုတဲ့ အသံတွေ ကြားလိုက်တယ် ည ၁၁ ကျော်ကျော်လောက်တော့ရှိမယ်ထင်တယ် ကျနော်ကတော့ အိပ်နေပါပြီ အိပ်မှုန်စုန်ဖွားနဲ့ အဆောင်က လူတွေ ပြေးလိုက်ကြတာကို ကျနော့်မှာ အူလည်လည်နဲ့ ကိုယ့်လို သတ်တိကောင်းတဲ့သူငယ်ချင်းတစ်ယောက်ကလည်း ကိုယ့်အနားမှာရှိနေသေး ။ လိုက်သွားရင်လည်း အဲ့သူခိုးဆိုတဲ့ လူနဲ့ ပက်ပင်းကြီးတိုးရင် ငါတော့ကားပြီး ကျန်ခဲ့ပြန်ရင်လည်း အဲ့သူခိုးက ဒီထဲပြေးလာရင် ဘယ်လိုလုပ်မတုန်း အုတ်ခဲ တစ်ယောက်တစ်လုံးကိုင် အဆောင်က လူတွေနောက်ပြေးလိုက်ကြတာ အဆောင်နောက်မှာ ကျွဲကော်ပင်စိုက်ဖို့ တူးထားတဲ့ တွင်းတွေက တော်တော်များပါတယ် ပါးစပ်ကသာ “ သူခိုးဟေ့ သူခိုး ” ဆိုပြီးအော်နေတယ် ကျနော်တို့ ၂ယောက်ကတော့ အဲ့တွင်းတွေထဲ ပြုတ်ကျနေတာဆိုတာ တစ်တွင်းပြီးတစ်တွင်း မောလည်းမော ကြောက်လည်းကြောက် ကိုယ့်အဖြစ် ကိုယ် သဘောတွေကျလို့ အူတက်အောင် ရယ်ရတဲ့ သူခိုးဖမ်းပွဲ အမှတ်တရပေါ့ ။

အဆောင်နေကျောင်းသား ဘ၀က တကယ်ကို အမှတ်တရတွေများခဲ့တာပါ အခုသတင်းတွေ ပြန်ကြားတာ တစ်ချို့သူငယ်ချင်းတွေက ကျောင်းမှာ ဆရာ/မ ပြန်လုပ်တဲ့သူတွေ ။ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့သူတွေ အဆောင်နားက လပေးစားတဲ့ ထမင်းဆိုင်က အစ်မကြီးနဲ့ ညားလို့ ကျောင်းပြီးတာနဲ့ ဆိုင်ပြန်ဖွင့်ထားတဲ့ သူငယ်ချင်း တစ်ယောက် တစ်နေရာမှာ တစ်ယောက်တစ်မျိုးဆီနဲ့ ဘ၀ကိုဖြတ်သန်းနေကြလေရဲ့ ကျနော်ထင်ပါတယ် သူတို့အတွေးထဲ အဆောင်ကျောင်းသား ဘ၀ကိုပြန်တွေးတိုင်း ကျနော့်လိုပဲ ပြုံးမိကြလိမ့်မယ်ဆိုတား) ။


P>S = စာလည်းတော်တော် ရှည်သွားပြီ နောက်များကြုံရင်ဆက်သေးတာပေါ့ အားလုံးကျေးဇူးပါ ခင်ဗျာ ။

13 comments:

ဟန်ကြည် said...

အင်း...တက္ကသိုလ်ကျောင်းသားဘ၀ကလဲ အိမ်ကနေပဲ ကျောင်းတက်ရတော့ အဆောင်ကျောင်းသားဘ၀ကို ကျကျနနမခံစားခဲ့ရပြန်ဘူး ကိုမောင်မျိုးရေ...ဒါပေမယ့် တစ်ခါတစ်ခါ သူငယ်ချင်းတွေရဲ့ အဆောင်မှာ ညသွားအိပ်ပြီး အဆောင်ကျောင်းသားဘ၀ကို အငှားခံစား ဖြစ်ခဲ့တာလေးတွေ ပြန်သတိရမိသေးတယ်...ကျောင်းသားဘ၀ အတွေ့အကြုံလေးတွေ ထပ်ရေးစမ်းပါဦး...မစားရညှော်ခံ ဖတ်ချင်လွန်းလို့ပါ...

မေဓာဝီ said...

ဗလက ခပ်တောင့်တောင့်ဆိုတော့လဲ ဘော်ဒီပြချင်ရှာမှာပေါ့လေ ... အင်း ....

သူခိုးဖမ်းတာလား ကိုယ့်ကိုယ်ကိုယ် ကျင်းစိမ်တမ်း ဆော့နေတာလား မောင်မျိုးရယ် ... ရေးထားတာကို မျက်စိထဲ မြင်ယောင်ပြီး ရယ်နေရတယ်။ တော်သေးတယ် သူခိုးက ပြန်ဖမ်းမသွားလို့ ... :))

Anonymous said...

I got the smell of fruit you are cutting:P......Students life at hostel is ever sweet memory whatever happened there.Keep calling back.
Gyidaw

မအိမ်သူ said...

အဆောင်နေဘ၀လေးကို ကြည်နူးစွာဖတ်သွားပါတယ်။ ကျောင်းတက်တုံးက ဒေးဘဲတက်ခဲ့ရတာဆိုတော့ အဆောင်နေဘ၀ကို မခံစားခဲ့ဖူးပေမဲ့ ကျောင်းတက်ခဲ့ရတဲ့ဘ၀လေးကိုတော့ ပြန်လွမ်းမိတာ အမှန်ဘဲ။

SHWE ZIN U said...

ဟားဟားးးးးးးး

ဖတ်လိုက်ရတာ ပျော်စရာကြီး ကိုမျိုးရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်းနဲ့ ပျော်လာတယ် ဟေးဟေး
တို့လဲ အဆောင်နေ ကျောင်းသူဘဝကို သတိရမိသား

Nyi Linn Thit said...

အဆောင်နေ ကျောင်းသားဘဝကိုတော့ တခါမှ မခံစား လိုက်ရဘူးဗျ၊ နယ်ကနေ ကျောင်းလာတက်တဲ့ သူငယ်ချင်းတွေ အဆောင်မှာပဲ ရသေ့စိတ်ဖြေ သွား,သွား လည်ဖြစ်တယ်၊ အခုမောင်မျိုး ရေးထားတာ ဖတ်ရတာကိုက ပျော်စရာကြီး...။

ညိမ်းနိုင် said...

ဆယ်တန်းအောင်ကတည်းက အဆောင်နေကျောင်းသား
ဘဝကိုရချင်တာ နန့်နေတာပဲ....:)။ကံဆိုးတာက တတ်ခဲ့
ရတဲ့ ၂ကျောင်းလုံးက အနီးအနားကကျောင်းတွေ...:(
ညီ့ပို့စ်လေးဖတ်ပြီး မရခဲ့တဲ့ အဆောင်နေကျောင်းသားဘဝ
ကို လွမ်းထှာကွယ်...:))) ဖတ်ရတာနဲ့တင် ပျော်စရာကြီး..။

မြစ်ကျိုးအင်း said...

ဖတ်ရတာတောင် ရယ်မိတယ်ဆိုတော့ ကိုယ်တွေ့တုန်းကဆို ဘယ်လောက် ပျော်ဖို့ကောင်းလိုက်မလဲ။ ဆက်ရေးပါအုံး။

မိုးခါး said...

ပျော်စရာကြီး
မြင်ယောင်ပြီးဖတ်သွားတယ် .. နင်ဘရုပ်ကျနေပုံတွေး))

Anonymous said...

မောင်မျိုးရေ ..
စိတ်တွေလေးနေတဲ့အခါမှာ ..
မောင်မျိုးဆီစာလာဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ ..အရမ်းပျော်စရာကောင်းတယ်ဗျာ ..

အုပ်ကြီး

Than Lae said...

ဟုတ်တယ် ... မောင်မျိုးစာလေးတွေ ဖတ်ရတာ ရယ်ရ ပြုံးရလို့  သိပ်ကျေးဇူးတင်တာပဲ။ ဒီအတိုင်းလေးပဲ ပျော်စရာလေးတွေ ဆက်လက်ဝေမျှ နိုင်ပါစေလို့  ဆုတောင်းပေးတယ်နော် ... :)

Saye Lare said...

ကိုမောင်မျိုး အရမ်းကောင်းပါတယ်ဗျာ ဖက်ရတာတော်တော်ရယ်ရတယ် အရမ်းကျေးဇူးတင်တယ်နော် ဒီလိုပာာသအဖြစ်ပျက်မျိုးလေးတွေရေးပေးတာ အရမ်းပျော်ပါတယ် နောင်လည်း အများကြီးရေးပေးပါအုံးနော် ကျွန်တော် က အခုမှဖက်ရတာ ဗျာ ပုံတွေကြည့်ရင်းနဲ့ ကိုမောင်မျိုး ရဲ့ စာလေးတွေတွေ့ လိုဝင်ဖက်တာ ကျွန်တော်က ရန်ကုန်ကပါ ....အရမ်းပဲဖက်လို့ ကောင်းပါတယ်ဗျာ.....နောင်လည်း ရေးပေးပါအုံး..နော် ..:)

LinkWithin

Related Posts Plugin for WordPress, Blogger...