Monday, May 31, 2010

နှလုံးသားနဲ့ မြင်ခြင်း

မောင်
ကျမရဲ့မျက်ဝန်းအိမ်ထဲကိုကြည့်ရင်
ချစ်ခြင်းတွေပြည့်နေတာ မြင်ရလိမ့်မယ်

မောင်
ကျမရဲ့နားထဲမှာလည်း
မောင်ရဲ့ချစ်တယ်ဆိုတဲ့အသံတွေပဲ
ပျော်ဝင်နေတတ်တယ်

မောင်
ကျမရဲ့နှုတ်ခမ်းတွေလည်း
မောင့်ရဲ့အကြင်နာတွေကြောင့်
အမြဲပြုံးနေမိတယ်

ချစ်တယ်ပြောလိုက်တိုင်း
ရဲသွားတတ်တဲ့ပါးတွေအတွက်တော့
မောင့်ကျေးဇူးနဲ့
ပါးနီချယ်စရာမလိုတော့ဘူးလေ

ကျမရဲ့ဦးနှောက်ထဲမှာတော့
ဘာတခုမှဝင်လာလို့မရအောင်တားဆီးထားနိုင်တဲ့
မောင့်ကိုမောင်
အံ့သြစွာတွေ့ရလိမ့်မယ်

ကျမနှလုံးသားတွေကရော
ဘာပြောကြမယ်ထင်လည်း
ချစ်လွန်းလို့ဆွန့်အနေကြမလားမသိ

ကဲ.....မောင်
ရှင့်ရဲ့ချစ်သူ ကျမကို
နှလုံးသားနဲ့ မြင်နိုင်ပြီနော်



ဟိုး ရှေးရှေးတုန်းက ရဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ ။ အခုတော့လား ကျနော့်ရည်းစား သူများနဲ့ညာပြီကွယ် (အောင်သူဆိုထားတဲ့ သီချင်း :P )

Sunday, May 30, 2010

သုံးဘီးယာဉ်လေး

(Image From Google.com)

သုံးဘီးယာဉ်လေး နဲ့ နှစ်တော်တော် များများ ကျနော့် ဘ၀ ရှင်သန်ခဲ့တယ် အခက်ခဲပေါင်းများစွာ လိုအပ်ချက်ပေါင်းများစွာကို ဒီသုံးဘီးယာဉ်လေးက ကျနော် နဲ့အတူတူ မကြောက်မရွံ့နဲ ရင်ဆိုင် ဖြေရှင်းပေးခဲ့တာပေါ့ ။ ကျနော် လူပျိုဝင်ကာစ အဖေ့ရဲ့ အမွေကို လက်ဆင့်ကမ်း ဒီယာဉ်ကလေးကို လွှဲပြောင်းတာဝန်ယူခဲ့တယ် ။ တစ်ချို့တွေကတော့ ဆိုက္ကားသမား ဆိုပြီး မလေးမစား တစ်ခါခါ အိမ်ထဲအထိ မတန်မရာ ဈေးလေး နည်းနည်းနဲ့ ပစ္စည်းသယ်ပေးရ နံ့နံ့စော်စော် ပစ္စည်းပါ မကျန် သယ်ခဲ့ရတယ် ။ ကျနော် ဂိတ်ထိုးတဲ့ နေရာလေးကတော့ ဆန်စက် သစ်စက် စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်တွေနဲ့ ကျနော် တို့လို ဘ၀ ရဲ့ ကာယ လုပ်သားတွေအတွက်တော့ ၀မ်းစာရှာလို့ကောင်းတဲ့ နေရာလေးပါ ။ အလုပ်ကြမ်းသမားတွေ အတွက် အပန်းဖြေစရာ ကို ခင်ဗျားတို့ က ဘယ်အရာလို့ထင်ကြသလဲ ..ဟုတ်ကဲ့ နောင်တော်ကြီးတွေကတော့ ညနေတိုင်း သွားမယ်ဟေ့ အပန်းသွားဖြေမယ်ဆို ဂိတ်နဲ့ နီးနီး C.S 2 ဆိုင်ကလေးဆီ ။

ဘီအီး တစ်ပုလင်း ၃၀၀ ကြက်ခြေထောက်ခေါင်း ဟင်းလေး ၁၀၀ ဖိုးလောက်ဆို ကျနော် တို့အတွက် စည်းစိမ်ပဲ ဒီဝိုင်းလေးမှာ ညီနောင်စိတ်ဓာတ်တွေရှိတယ် ဘ၀အကြောင်းတွေဖလှယ်ကြမယ် မိသားစု ပြဿနာတွေ ဆွေးနွေးကြမယ် သွေးမသောက်ပေမယ့် အရက်သောက်ပြီး ညီအစ်ကိုတွေဖြစ်သွားကြတာပေါ့။ အင်းး...ဆိုက္ကားသမား အရက်သောက် ကွမ်းစား ဒါပေမယ့် ကျနော်တို့ လူဆိုးတွေမဟုတ်ဘူးနော် လူတစ်ယောက်ရဲ့ စံကို ငွေတွေ ပညာအရည်ချင်းတွေနဲ့ တိုင်းတဲ့သူတွေအဖို့တော့ ကျနော်တို့က လူရာမ၀င်တဲ့ သူတွေဖြစ်ကောင်းဖြစ်လိမ့်မယ် ။ တစ်နေ့လုံးပင်းပင်းပန်းပန်းလုပ် ချွေးက ခြေပေါ်ကျမှ ငွေကအသီးသီးတယ် ။ ရတာလေး ကို ပိုင်ရှင်ကိုနေ့တွက်ခပေး ကွမ်းဖိုး ဆေးလိပ်ဖိုးလေး ဖယ်လိုက်ရင်တော့ အမေ့ကို တစ်နေ့ ၃၀၀၀ လောက် ပြန်အပ်နိုင်တယ် ။ ဒါက နင်းကောင်းတဲ့နေ့မှပါ တစ်ခါခါ ဆိုက္ကားက ဘီးပေါက် လို့ ကျွတ်ဖာ စမုတ်တိုင်တွေလဲရတဲ့ အခါတွေဆိုရင်တော့ ဈေးဦးမပေါက်ရတဲ့အထဲ အိတ်ကပ်ထဲကပါ စိုက်ရတာပေါ့ ။


ဟဟားး ကျနော့်ရဲ့ ရယ်သံက ဘ၀ကို မထီမဲ့မြင်ပြု ရယ်သံတွေဖြစ်ဖြစ်တတ်တယ် ။ ကျနော့်လို ကောင်ကလေ ပညာကမတက် ဗဟုသုတက နည်းပေမယ့် ချစ်တတ်တဲ့ စိတ်က ၀င်လာတယ်တဲ့ဗျ ရယ်စရာမကောင်းဘူးလား ။ ဈေးမှာ ဟင်းရွက်စိမ်းရောင်းတဲ့ “အေးမြ ” မနက်တိုင်း ဈေးကြို ညနေပိုင်း ပြန်ပို့ နဲ့ ဂိတ်ပြန်ရောက်ရင် ပြုံးဖြီးဖြီး ကျနော့် မျက်နှာကို အစ်ကိုတွေ သူငယ်ချင်းတွေက စ ပြီးတော့ မြှောက်ပေးကြတာနဲ့ ကျနော်နဲ့ “အေးမြ ” ငြိသွားတယ် ဟေးဟေး ငြိတယ်ဆိုတာ ရည်းစားဖြစ်တာနော် ဆင်းရဲသားက ဒီလိုစကားပြောလို့ တိုက်ပေါ်က ဘဲကြီးတွေက ဘာဘာညာညာထင်ကြအုံးမယ် ။လူဆင်းရဲပေမယ့် သိက္ခတော့ မဆင်းရဲချင်ဘူးဗျ ကြီးကြီးကျယ်ကျယ်များ ပြောမိသွားသလား ။ “အေးမြ” နဲ့ကျနော် တစ်နှစ်ကျော်ကျော် အချိန်တွင်းမှာ ဘ၀တူ ချစ်သူတွေချင်းမို့ ခဏတွင်းချင်းတစ်ယောက်အကြောင်းတစ်ယောက် သိကြတယ် တိုင်ပင်တယ် မျှဝေ ခံစားတယ် အခက်ခဲတွေ အတူတူဖြေရှင်းတယ် ။

တစ်နှစ်ကျော်ကျော်လောက်နေတော့ ကျနော် အမေ့ကို ဖွင့်ပြောလိုက်တယ် မထူးသော ကိစ္စတွေမို့ အမေကလည်း အဆန်းလုပ်နေပြီး မတား “အေးမြ” ဘက်က မိဘတွေဆီ ခွင့်တောင်း ပြီး အသင့်တင့် မင်္ဂလာပွဲလေးကျင်းပလိုက်တယ် အသင့်တင့်ဆိုပေမယ့် အဲ့တုန်းက ငွေ ၃ သိန်းဆိုတာ ကျနော် တစ်နှစ်လောက် ဆိုက္ကားနင်းမှ ရမှာဗျ ဒါတောင် လင်မယား ၂ ယောက် ပိုက်ဆံလေးနဲ့ မဖြစ်မနေလေး လုပ်ရတာမို့ ။ လက်ဖွဲ့ငွေလေးပြန်ရတော့ ချစ်ဇင်္နီးကို ရွှေလေးနည်းနည်းဆင်လိုက်တယ် ။ ဟဲဟဲ...ကျနော်က သွက်တယ်ဗျ တစ်နှစ်မပြည့်ခင် မိန်းမ ဗိုက်ကလေးက ပူလာတယ် ရင်သွေးလေးပေါ့ ကျနော့်လိုဘ၀ မကြမ်းဖို့တော့ တာဝန်ယူရမယ် ဗိုက်ကြီးနဲ့ မိန်းမကို အလုပ်မလုပ်စေချင်လို့ ညပိုင်းတွေပါ တစ်ခါခါ ထွက်နင်းရတယ် ၀င်ငွေနဲ့ ထွက်ငွေက မလောက်ငှ ပါးစပ်ပေါက်လေးတစ်ပေါက်ကလည်းတိုးလာတော့မယ်လေဗျာ ။ ညပိုင်း 9/10 နာရီလောက်ဆိုရင်တော့ မြို့ထဲ လမ်းစုံမှာ မြ၀တီ-မဲဆောက် တက်မယ့်သူတွေ ကို ပို့ပေး ၊ ပြန်လာတဲ့သူတွေကို ကြိုခဲ့နဲ့ တော်တော်လေးတော့ အဆင်ပြေတယ် ။ဒါပေမယ့် ပင်ပန်းတယ်ဗျာ တစ်ခါခါ ခြေသလုံးတွေက သစ်သားတုံးလို မာနေလိုက်တာ။

***************************************** *****
( ရက်ကိုလစား / လကိုနှစ်စား အချိန်တွေက တစ်ဖြည်းဖြည်းနဲ့ )

ပြီးခဲ့တဲ့ နှစ်လောက်က စပြီး သုံးဘီးယာဉ်လေး တွေက သိပ်အသုံးမ၀င်တော့သလို မြို့မှာ ဆိုင်ကယ်တက်စ်စီ တွေ စံပလော လို့ ခေါ်တဲ့ ထိုင်းဘက်က ပုံစံတူ ဆိုင်ကယ်နောက်တွဲလေးနဲ့ မြန်လည်းမြန် စမတ်လည်းကျတော့ ခရီးသည်တွေက အဲ့တာလေးတွေပဲ စီးကြတော့တာ ကျနော်တို့ ဆိုက္ကားသမားတွေလည်း အလုပ်မကောင်းတော့ဘူး တစ်ချို့ဆို တစ်ခြားအလုပ်ပြောင်းလုပ်ကြတဲ့သူတောင်ရှိသေး။ သား ကလည်း သူငယ်တန်းစတက်နေပြီး ၀င်ငွေကမကောင်းတော့ မိန်းမ ကိုလည်း အားနာတယ် သူ့ဈေးဖိုးလေးတွေနဲ့ ပဲ စားလာတာ တော်တော်တောင်ကြာနေပြီး ။ အလုပ်က အဆင်မပြေတော့ စိတ်က ညစ်ညစ်နဲ့ နေ့တိုင်း သောက်တက်လာတာ ကျနော်လည်း အရက်သမား ဖြစ်မှန်းမသိ ဖြစ်နေပြီး ။ အလုပ်တွေကလည်းရှား အရက်ဈေးတွေတောင်တက်တယ် အခု ဘီအီးတစ်ပုလင်း ၆၀၀ ဗျ လက်ဖက်ရည်တစ်ခွက် ၃၀၀ အနားတောင်မကပ်ရဲ ။ ခေတ်ကြီးက တိုးတက်လာတာလားတော့မသိ ကျနော်တို့လို ကာယ အလုပ်သမားတွေအဖို့တော့ အလုပ်ကိုင်တွေ ရှားလာတာ အမှန် နေ့ပြန်တိုး ပေးစားတဲ့ သူတွေကတော့ တစ်နေ့တစ်ခြားများများလာတယ်ဗျ ။


ကျနော်လည်း အခြေနေမကောင်းတော့ ဆိုက္ကားနင်းတဲ့ အလုပ်ကိုနားပြီး ကင်မွန်းစခန်း ၊ ရသေ့တောင် တောင်တက်ကား စပယ်ရာလိုက်တယ် အရင်အလုပ်တွေထက်တော့ ၀င်ငွေလေးက မဆိုးဖူးပေါ့ ။ ဒါပေမယ့် အရင်ဆိုက္ကားနင်းတာလောက် မပျော်ဘူးဗျာ ။သုံးဘီးယာဉ်ကလေး ရေ့ အားနာပါတယ်ကွာ မင်းက ငါနဲ့ အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပေမယ့် မင်းကို ငါဖက်တွယ်နေလို့မဖြစ်ဘူး မြစ်ကိုတွေ့လို့ ချောင်းကို ပစ်တာလည်းမဟုတ်ရပါဘူးကွာ မင်းကိုမပစ်ရင်လည်း ငါ့ ချောင်းလေးမှာ ရေးခမ်းတော့မှာ ၊ မင်းကိုတော့ သူများလက်ထဲ မအပ်နိုင်လို့ အိမ်မှာ အနားပေးလိုက်အုံးမယ် မင်းလည်း မောလှပြီပေါ့ကွာ... ဟေ့ မေ့နေလို့ မင်းကို ကျေးဇူးတင်ပါတယ်လို့ တစ်ခါမှ မပြောဖူးသေးဘူး ဒီတစ်ခါတော့ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ပါတယ်လို့ ရင်တွင်းစကားပြောလိုက်တယ် ။အေး တစ်ခါခါတော့ မင်းနဲ့ ငါ အပျင်းပြေ လေညှင်းခံကြတာပေါ့ မိသာစု ပွဲဈေးသွားတဲ့ အခါ မင်းက မီးကလေး မှိတ်တုတ် မှိတ်တုတ်နဲ့ ပို့ဆောင်မယ် ။ ညနေခင်းတစ်ချို့မှာတော့ သားကိုမင်းပေါ်တင်ပြီး တို့တွေလေညှင်းခံထွက်မယ် ။မိန်းမ ကို ဈေးကြို ဈေးပို့တော့ မင်းက အသုံးဝင်သေးတယ်လေ ကောင်ကြီး မင်းသိလား မင်းကြောင့် ငါ မိန်းမ ရတယ်ဆိုတာ ။လူကြီးမင်းတို့ကော ဆိုက္ကားစီးဖူးကြသလား လှုပ်စိလှုပ်စိဖြစ်ပေမယ့် ဓာတ်ဆီနံ့ မနံ့ဘူး ဘေးလည်းကင်းတယ် အပျင်းလည်းပြေတယ် ။သုံးဘီးယာဉ်ကလေး မင်းဟာလည်း ငါ့ဘ၀အတွက် မရှိမဖြစ် အဖော်ကောင်းတစ်ယောက်ပါပဲ ကွာ ။ ယာဉ်ကလေးက တေးလည်းဆိုတက်သေးတယ် နားထောင်ဖူးလား ကျနော်တော့ ဒီအသံလေးကို သိပ်နှစ်သက်တယ် ။ဟော့...သူတေးဆိုနေပြီး နားထောင်ကြည့်


“ ကလင်း ကလင်း ကလင်း ကလင်း ”

Wednesday, May 26, 2010

အချစ်တွေမရှိတော့တဲ့ ချစ်သူ

စိတ်ညစ်နေတဲ့အခါ
ကျနော့် ဆံပင်ကြမ်းကြမ်းတွေကို
ပွတ်သက်ပြီး အားပေးစကားပြောခဲ့ပေးတဲ့
ချစ်သူကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ဘယ်တော့မှ မျက်လုံးချင်းမဆုံခဲ့တဲ့
ချစ်သူရဲ့ ရီဝေေ၀ ညှို့မျက်ဝန်းတွေကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
သာလိကာလေးတစ်ကောင်လို
အနားမှ တွတ်ထိုးနေတတ်တဲ့
သာလိကာမလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
တခါမှ နမ်းရှိုက်ခွင့်မရခဲ့တဲ့
ချစ်သူရဲ့ နှုတ်ခမ်းပါးပါးလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ကွေးကောက်ကောက် ဆံနွယ်ပိုင်ရှင်
ကျနော့်နှလုံးသားမှာ နေရာယူထားတဲ့
ကောက်ကွေးမလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
လက်ချင်း တင်းတင်းဆုပ်
အချစ်စွမ်းအားနဲ့ စိတ်အင်အားတွေ စီးကူးစေတဲ့
ချစ်သူရဲ့ လက်ဖ၀ါးနုနုလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့ အခါ
ရင်ခုန်သံတွေ ထပ်တူကျ
တိမ်တွေကြားမှာေ၀၀ါးပျောက်ကွယ်သွားတဲ့
ချစ်သူရဲ့ ပုံရိပ်လေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ပိုင်ဆိုင်ခွင့်မရတဲ့
ချစ်သူရဲ့ ဆံစကနေ ခြေဖျားထိ လွမ်းတယ်

အခု ကျနော့်အတွက် အချစ်တွေမရှိတော့တဲ့
ချစ်သူကို လွမ်းတယ် ။

Tuesday, May 25, 2010

အဖြည့်ခံများ

ကျနော် (၄) နှစ်သား အပြင်းဖျားတုန်းက လူသူအရောက်ပေါက်နည်းတဲ့ တောရွာလေးကနေ အဖေက ကျောပိုး ၊ အမေက မီးအုပ်ဆောင်းကို ကိုင် သားသမီးဇော နဲ့ ညသန်းခေါင်ကျော် မြို့က ဆေးရုံးကို အပြင်းခရီးနှင်ခဲ့ကြတယ်။ အချိန်မှီ ရောက်လာလို့  သေကံမရောက် သက်မပျောက်ခဲ့တာတဲ့ အဲ့ဒီထဲက ကျနော်က မိဘ အတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်ခဲ့လေသလားး ဒါပေမယ့် အဖေ နဲ့  အမေကတော့ တစ်ခါမှ ယခုလိုမတွေးခဲဖူးဘူးတဲ့ ။ စကားနည်းတဲ့ အဖေ က သူ့ ရဲ့ မေတ္တာတရားတွေကို ဘယ်တော့မှ မထုတ်ပြခဲ့ပါဘူး သံသရတွေနဲ့  "အမေ.....အဖေက သားကို ချစ်ကောချစ်ရဲ့လား '' မေးတဲ့ အခါ အမေက ပြုံးရိပ်သန်းပြီး သားသမီးတွေအပေါ်ထားတဲ့ အဖေ ရဲ့ ပုံရိပ်တွေကို မြင်ယောင်လာအောင် ညအိပ်ယာဝင် ပုံပြင်အဖြစ် ပြောပြခဲ့ဖူးတယ်။


အဖိုး အဖွား တွေ ရဲ့ စကားတစ်ခွန်းက အဖေ နဲ့  အမေ့အတွက် အတော် သြဇာ ညောင်းခဲ့တယ် ။
"ပညာတက်လည်း စပါးတစ်စီး ပညာမတက်လည်း စပါးတစ်စီး " ဆိုတဲ့ စကားအတိုင်း ရေးတက်ဖတ်တက် တော်ပြီး ကျောင်းထွက် ဆိုတဲ့ စကားက ကျနော့်ရှေ့က မောင်နှမတွေ အတွက်တော့ ကံဆိုးစွာနဲ့  အဖေ နဲ့  အမေ က ကျင့်သုံးခဲ့တယ် ။ နေပူမိရင် ဖျားတယ် ၊ အအေးပက်ရင် ဖျားတယ် မွေးကတည်းက ရောဂါနဲ့  နပန်းလုံးလာခဲ့တဲ့ ဒီကောင့် အလှည့်လည်း ရောက်တော့ သူတို့ ရဲ့ ကျင့်စဉ်ကြီးကို ပြောင်းပစ်ခဲ့ကြတယ်လေ ။ အဖေပြောခဲ့တဲ့ စကားကို ကြားယောင်နေသေးတယ်
'' သားငယ် အတွက်ကတော့ တို့ တွေပေးနိုင်တာ သူ့ အတွက် ပညာအမွေတစ်ခုပဲ " ကံကောင်းစွာနဲ့  ပညာတက်ကြီးတစ်ယောက် မဖြစ်ခဲ့ပေမယ့် ကျနော် လူကြားထဲ မျက်နှာမငယ်ခဲ့ရဘူး။

ကျနော် လူပျိုပေါက်စ အ၀တ်စား လှလှ ၀တ်ချင်တဲ့ အရွယ် အဖြည့်ခံ လူသားနှစ်ဦး အဖေ နဲ့  အမေ က အရာရာမပြည့်စုံပေမယ့် တက်စွမ်းသလောက် ဆောက်ရွက်ပေးခဲ့ကြတယ် ။ ကျနော် မသိတက်တာလား တကယ်မသိတာလား အခုချိန်ပြန်စဉ်းစားလည်း သေချာတိကျတဲ့ အဖြေတစ်ခု ထွက်မလာပါဘူး ကျနော့်တို့ အတွက် အဖေ မနက်စောစော ထင်းလှည်းကိုမောင်း ဆောင်းတွင်အေးအေးမှာ အနွေးထည်မပါ စောင်ထူထူကို ခြုံပြီး ပင်ပန်စွာနဲ့  ကျွေးမွေးစောင့် ရှောက်ခဲ့တာကိုပေါ့ ။ တောဓလေ့ " စိတ်ညစ်တော့ အရက်ကို သောက်တယ် အရက်သောက်တော့ သိပ်စိတ်ညစ်တယ် " တိုင်းရင်းသားသံ ၀ဲဝဲနဲ့  အဖေ့ရဲ့ သီချင်းသံ၊'' အဖေ အရက်သောက်တာ သားရှက်တယ် '' လို့ ပြောတော့ '' အေးပါ ...သားရယ် အဖေ နောက်မသောက်တော့ပါဘူး '' ဆိုပြီး သားသမီးတွေကို စိတ်ချမ်းသာစေခဲ့တယ် ။

ယခု ကျနော် (၂၀) ကျော်သက်အရွယ် လူ့ လောကမှာ ခြေဖ၀ါး ၂ချပ်ချစရာ နေရာလေးတစ်ခုရလာတဲ့အချိန်
'' အဖေ နဲ့  အမေ နေကောင်းလား ''
'' ကျနော် ဖုန်းဆက်တယ် သတိရတယ်ပြောလိုက်နော် '' ဆိုတဲ့ အမှာစကား နှစ်ခွန်းက လွဲပြီး ဘာစကားမှ မပြောနိုင်ခဲ့ဘူး ဘာတာဝန်မှလည်း မကျေသေးဘူး အခုတော့ ကျနော့်ဘ၀ အတွက် အဖြည့်ခံ လူသားနှစ်ဦးက အမေ့ခံလူသားတွေ ဖြစ်သွားကြပြီလား ။
ကျနော် မတွေးပြရပါစေ နဲ့  ။ငယ်ငယ်ကအကြောင်းတွေကိုပြန်စဉ်းစားပြီး ပြန်လိုချင်မိတဲ့ အချိန်လေးတွေကတော့ အဖေ က အမေ့ကို နောက်ပိုးတုန်းက မယ်ဒလင် တီးပြီးဆိုခဲ့တဲ့သီချင်းလေ ကျနော် တို့ အငယ်တုန်းက လသာတဲ့ ညတွေမှာ အိမ်ရှေ့ကွပ်ပစ်မှာ ထိုင်ပြီး အဖေ က မယ်ဒလင်တီး အမေက သီချင်းဆိုခဲ့ကြတာ အဲ့ဒီအချိန်လေးတွေကို ပြန်လိုချင်တယ် ။ တမ်းတမက်မောခဲ့ရတဲ့ ခလေးဘ၀နေ့ရက်တွေကို သတိရမိပါတယ် ။

Monday, May 24, 2010

ဖတ်ဖြစ်တဲ့စာအုပ်တွေ

ဟိုးအရင် ဆယ်ကျော်သက်တုန်းကတော့ အချစ်ဝတ္ထုတွေပဲဖတ်ဖြစ်တယ် ဘယ်လောက်တောင်ဆိုးသလဲဆို နောက်ဆုံးစာရွက်ကိုဖတ်ကြည့်လို့မညားဘူးထင်ရင် လုံးဝကိုမဖတ်တား) ။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရွယ်အရ၊ ဖြတ်သန်းခဲ့တဲ့ဘ၀အတွေ့အကြုံတွေအရ စာအုပ်တွေဖတ်ရင်းနဲ့ပဲ ဘယ်လိုစာအုပ်တွေက ကိုယ့်အတွက် အနှစ်သာရရှိသလဲဆိုတာ ခွဲခြားသိမြင်တတ်သွားတာပါပဲ စာအုပ်ငှားက ၃၀၀ ဆိုရင်တောင် နှာခေါင်းတွန့်တတ်တဲ့ကျနော် ခုတော့ လိုချင်တဲ့စာအုပ်ဆိုရင် ဒီ့ပြင်အသုံးစရိတ်လျှော့ပြီး စာအုပ်တွေစုတတ်နေပါပြီး ။ အခုကျနော်ဝယ်သိမ်းဖြစ် ဖတ်ဖြစ်တဲ့စာအုပ်လေးတွေအကြောင်းပါ ။



ဂျူးစာအုပ်ကို ပထမဆုံးစဖတ်ဖူးတာ အင်တာနက်ကဒေါင်းလုပ်ဆွဲထားတဲ့ “အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ” အကြောင်း ပညာပေးရသပိုင်းဆိုတော့ ဗဟုသုတရတယ် ဆရာမကတော်တော် လေ့လာထားတာပဲလို့ အပေါ်ယံကောက်ချက်ချထားတာ ။ နောက်တစ်အုပ်က သူငယ်ချင်းစာအုပ်ဆိုင်က “သူမင်းကိုဘယ်တော့မှ ” ဆိုတဲ့စာအုပ် ဖတ်ပြီး အရမ်းကြိုက်သွားတယ် ကျနော်တို့ မြို့လေးမှာက ဂျာနယ်ဆိုင်တွေသာများတယ် စာအုပ်ဆိုင်တွေရှားပါတယ် ။ နောက်ထပ် ဆရာမဂျူးရဲ့ စာအုပ်တွေထဲက ကျနော့်အကြိုက်ဆုံးလို့ ပြောလို့ရတဲ့ “ မိန်းမတစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ” ဖတ်ပြီးလက်ကမချချင်လောက်အောက်ကိုဖြစ်မိတယ်။ မိုင်ရာ့ သူငယ်ချင်း မဝေတာ ရဲ့စာအုပ် ကောင်းလွန်းလို့ ငှားသွားလိုက်တာ ပြန်တောင်မပေးချင်တော့ဘူးး) ဒါမယ့် ပြန်ပေးလိုက်ပါတယ် ( ဟုတ်တယ်နော် မညာဘူး ပိုင်ရှင်အသိဆုံး) ။ လက်ဆောင်ရတဲ့ နောက်ထပ်စာအုပ်က “ကြာတော့သည်လည်းမောင့်စကား ” ဒါလည်းကောင်းတာပဲ အဲ့ဒီက စပြီး ကျနော် ဂျူးစာအုပ်တွေ စုဖြစ်တာပါ ခုနောက်ဆုံးဖတ်ဖြစ်တဲ့ စာအုပ်က “စောင့်နေမယ်လို့မပြောလိုက်ဘူးတဲ့ ။ နာမည်နဲ့ ဇတ်သိမ်းနဲ့လိုက်တယ် ကြိုက်လည်းကြိုက်တယ် ဇတ်ကောင် တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေကိုလည်း ကြိုက်တယ် ။

ပုံထဲက နောက်ထပ်ဖတ်ဖြစ်တဲ့ တစ်အုပ်က လူထုဒေါ်အမာရေးတဲ့ သခင်ကိုယ်တော်မှိုင်း စာအုပ် ။မျက်နှာဖုံးကိုက ဆွဲဆောင်မှုရှိနေတာ ဒီစာအုပ်က ရာဇ၀င်နဲ့ လည်နေတာပဲ ခုတော့ ဟိုကောင်လေးင်္ဆီပြန်ရောက်သွားပေါ့ စာအုပ်သူရဲလေးလေ အဖြစ်သည်းနေတာ အတင်းကိုပြန်တောင်းလို့ ပေးလိုက်ရတယ် ။ မစန္ဒာ ရဲ့ ဂျီဟောသူ ကတော့ ကျောင်းသားဘ၀ရဲ့ ပျော်ရွှင်ဖွယ်အကြောင်းရာလေးတွေပါ ကိုယ်လည်း အဆောင်ကျောင်းသာဖြစ်ခဲ့ဖူးတာမို့ တကယ့်ကို အတိတ်ကိုပြန်ပြောင်းအောက်မေ့သွားပါတယ် ။ နောက်တစ်အုပ်က ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး အမျိုးသမီးများအကြောင်း စုံတော့စုံပါတယ် ဒါပေမယ့် တိုနေတယ် ဒီ့ထက်ပြည့်၂စုံ၂ဖတ်ရရင် ကောင်းမှာ စာအုပ်ဈေးကတော်နေတော့လည်း ဒီလောက်ပဲ လာမှာပေါ့လေ ။ အသိတစ်ယောက်ကို လက်ဆောင်ပေးတော့ အဲ့စာအုပ်တွေ့တာ ရုပ်ကြီးက စပ်ဖြီး၂ကြီးဖြစ်သွားတယ် ။ အဲ့...ငါဖတ်တဲ့စာတွေက ကလေးကလားများဆန်နေသလားလို့ စနိုးစနောင့်ဖြစ်သွားတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်တွေက ကိုယ့်အတွက်တော့ အဖော်မွန်ကောင်းပါ ဈေးရောင်းနေရင် ဖတ်နေလို့ သောက်သုံးသူက စိတ်မရှည်ပဲထွက်သွားတာမျိုး ကြုံရသလို ၊ ဟင်းအိုးခဏကြည့်ပေးနေတုန်း စာအုပ်က ကောင်းခန်းရောက်နေလို့ ငန်းနေတာနဲ့ ဟင်းအိုးတူးသွားတာမျိုးတွေလည်း ကြုံဖူးပါတယ် ။ ဘာပဲဖြစ်ဖြစ် စားဖို့လောက်ပဲ အာရုံထားတတ်တဲ့ကျနော် ခုတော့ စာအုပ်တွေ ၀ယ်စုဖြစ်နေပါပြီး စာအုပ်စာပေလူ့မိတ်ဆွေဆိုတာ တကယ့်ကိုမှန်တာပေါ့ ဒါပေမယ့် သူကတော့ ပိုက်ဆံချေးလို့မရပါဘူး :) ။

Tuesday, May 18, 2010

“ ဆိုရင် ”

နွေဦးကို ခစားဖို့ ကျေးငှက်တို့ 
တေးသီတယ်
မိုးကို ခစားဖို့  တိမ်တိုက်တို့ 
ငိုကြွေးတယ်
ဆောင်းကို ခစားဖို့  နှင်းစက်တို့ 
မြေခတယ်
လမင်းကို အမွှန်းတင်ဖို့  ကြယ်တွေက
ဝန်းရံတယ်

ပန်းကလေးတွေ သရုပ်ပေါ်ဖို့  ပျားပတုန်းတို့ 
နားခိုတယ်

အချစ်တွေ မွေးဖွားဖို့  အကြင်နာ စကားတို့ 
ခွန်းချွေတယ်

အလျှံပယ်ပေါ့ ချစ်သူ
ကိုယ့်ရဲ့ အချစ်တွေ မင်းကိုသာ ရည်ရွယ်တယ်
ဒါဟာ အချစ်စစ် တစ်ခုသာ ဆိုရင်
ကိုယ် သေမင်းဆီကိုပဲ သုံးဘီးစီးပြီး သွားတော့မယ်
Bye Bye ......

Saturday, May 15, 2010

အခန်းလေးထဲမှာ

ဒီအခန်းထဲကို စရောက်တာ ဒီလိုနွေဦးမှာပေါ့ ရောက်စက နေပြောက်တွေ အရမ်းထိုးလို့စိတ်ညစ်ခဲ့ရတဲ့နေ့တွေတော်တော်များတယ် ပြီးတော့ အခန်းက အပေါ်ထပ်ကိုတက်တဲ့ လှေခါးနားနီးတော့ နေချင်သလို လွတ်လွတ်လပ်လပ်တော့မဟုတ်။အခု.. ဒီအခန်းလေးကို နှစ်သက်တတ်နေပါပြီး သုံးနှစ်သုံးမိုး ပျော်ရွှင်ခြင်းတွေနဲ့ ထိုးသိပ် ၀မ်းနည်းခြင်းတွေနဲ့ ငိုကြွေးစေခဲ့တာလည်း ဒီအခန်းထဲမှာပါပဲ။ ကွဲအက်နေတဲ့ မှန်ချပ်တွေနဲ့ ပြတင်းပေါက်တစ်ချို့ ညညပိုင်း အိပ်မပျော်လို့ ပြတင်းပေါက်ဖွင့်ပြီး လေကောင်းလေသန့်လေး ရှူလိုက်မိရင်တော့ ခဏတာ လန်းဆန်းသွားစေတာအမှန် အစွန်ကျတာမို့ စာသောက်ဆိုင်တွေက ဆူဆူညံ့ညံ့အသံတွေကင်းတယ် ရဲတောက်တောက် လမ်းမီးတစ်ချို့ ခုလောလောဆယ် မှည့်နေတဲ့ ခေါင်းရင်းခြံလွတ်က သရက်သီးတွေကိုတော့ စားချင်နေမိတယ်။

အခန်းလေးထဲမှာ ပိုင်ဆိုင်သမျှအရာကတော့တန်ဖိုးကြီးအရာတစ်ခုမှမရှိပါဘူး အ၀တ်စားဗီရိုခပ်ဟောင်းဟောင်း အထဲမှာတော့ တောက်ပြောင်တယ်လို့လည်းမဆိုသာ သစ်လွင်တယ်လည်းမဟုတ်ပဲ တော်ရုံအ၀တ်စားတစ်ချို့ အရမ်းကြိုက်တဲ့ အဖြူရောင်ရှပ်လေးတွေရှိတယ် ပြောက်ကျားအစင်းနဲ့ အကျီင်္တချို့ ကျပ်၁သောင်းမကျော်တဲ့ ဂျင်းပင် ၆ ထည်လောက်ပါပဲ မြန်မာမှုကိုချစ်တတ်သူမို့ အဖြူရောင်လည်ကတုံးလေးတစ်ထည် အပြာကွက်လုံချည်တစ်ထည်နဲ့ သဲကြိုးအနီလေးနဲ့ ကတ္တီပါ ဖိနပ်တစ်ရံ ။ ဗီရိုထောင့်မှာတော့ အ၀တ်စားအိတ် ၂ အိတ် မသုံးတော့တဲ့ချောင်ထိုးပစ္စည်းတွေ။ အ၀တ်ခြင်းနှစ်ခြင်း တစ်ပါတ်တစ်ခါလျှော်တာမို့ညှင်သိုးနံ့တွေထွက်နေတဲ့ အ၀တ်ခြင်းပါ ။

စပလိန်ကုတင်လေးတစ်လုံး ခေါက်သိမ်းလို့ရတာမို့ နေရာကျဉ်းမှာတော့စိတ်ပူစရာမလို ။ပိုင်ဆိုင်တဲ့ အရာများတာကတော့ ဆေးပါပဲ အစာအိမ်နာတတ်တာမို့ နေ့တိုင်းမပျက်သောက်ရတဲ့ (omeprazole) ဆေးကဒ် ၊ ခေါင်းခဏခဏကိုက်တတ်လို့ အကိုက်ခဲပျောက်ဆေးရယ် ခေါင်းကပ်ပလာစတာရယ် ကပ်ပါများလို့ တစ်ခါခါနားထင်မှာအနာပါဖြစ်တယ် ( ဒီတစ်ခါ ခေါင်းကိုက် ခုတ်ဖြတ်လိုက်ပါတဲ့ ) ။
ထွန်းရွှေဝါ လိမ်းဆေး အဘထရှူဆေး စိတ်ပူလို့အိမ်ကပို့ပေးထားတဲ့ချက်ဆေး မာတာမိခင်ကတော့ပြောတယ် “ နန်းမတော်မောင်နု ဒါတွေမရှိရင်စိတ်ပူတယ်” တဲ့ ။

နှစ်သက်လို့တန်ဖိုးထားသိမ်းထားတဲ့ ခြင်းပြာလေးထဲမှာတော့ ချစ်တဲ့သူတွေရဲ့ ဓာတ်ပုံ၊ တခါပဲ ထည့်ရသေးတဲ့ ဘဏ်စာအုပ်အသစ်စက်စက်လေး ကြိုက်မိတဲ့ ကဗျာတွေကို ပရင့်ထုတ်ထားတဲ့ စာရွက်တွေ ၊ ဆရာတော် ဦးဇော်တိက ရဲ့ စာအုပ်တွေ စိတ်ညစ်တိုင်း စိတ်အဟာရဖြစ်စေတဲ့ စာအုပ်တွေပါ ။ အကြွေစေ့ထည့်ထားတဲ့ ဗူးသေးသေးတစ်ဗူး ကုန်ပြီး ဘာကျန်သေးလဲ ပိုင်ဆိုင်တာဆိုလို့ ။ အော်...ကျန်သေးတယ် သူမရှိလို့မဖြစ်ဘူး သူလေ ကျနော့်ချစ်သူ ပဲနို့ ၊ ၅ ဘတ်တန်လိမ္မော်ရည်ပုလင်း ၊ ဗိုက်ဆာရင်စားဖို့ မုန့်နည်းနည်း ။ ဒါပဲ ရယ် ချမ်းသာတာ ။

ပျော်နေတဲ့ အချိန်တော့ အခန်းနဲ့ အဝေး မေ့ချင်ယောင်ဆောင်ထားတယ် အလုပ်မဟုတ်တဲ့အလုပ်တွေရှုပ် အခန်းကို ဥပက္ခာ ..အဆင်မပြေတော့ဘူးလား အခန်းတံခါးပိတ် မလျှော်တာကြာတဲ့ အနံ့မကောင်းတော့ တဲ့ စောင်ပါးလေးကို မျက်နှာပေါ်အုပ်ပြီး စောစော အိပ်ဖြစ်နေတယ် ။ ငါလာတိုင်း မမောင်းထုတ်တဲ့ အခန်းလေးကို ကျေးဇူး နောက်ဆို မင်းကိုပဲအဖော်ပြုတော့မယ် ပြီးတော့ မင်းရင်ခွင်မှာ စောစောအိပ်ပါ့မယ် ရင်ငွေ့နွေးနွေးပေးပါ ငါ့ကျောပြင်တွေ အေးစက်နေလို့ ။

Friday, May 14, 2010

တစ်လုံးချိုင့်

ပျော်ရွှင်ခြင်းကို လိုချင်လို့
လိုက်ရှာလိုက်တာ
ဒုက္ခမျက်ရည်တွေကိုပဲ တွေ့မိတယ် မေမေ
ချမ်းသားခြင်း အစစ်မှန်ကို ကျနော်မရဘူး
တစ်ချို့ချို့တွေအတွက်
အရာရာဟာ လက်တစ်ကမ်းမှာ ရှိတတ်ကြပေမယ့်
ကျနော့်အတွက် အရာရာဟာ မိုင်းပေါင်းများစွာ
ဟိုး...............အဝေးမှာ
မိုလ်းဇော် ရဲ့ ကဗျာမှာတော့
တောင့်ထားလိုက် တောင့်ထားလိုက်
တကယ်တော့ လူ့ဘ၀ဆိုတာဘာမှမဟုတ်ဘူးတဲ့
သိလိုက်ပြီး မေမေ
တကယ်တော့ ကျနော်ဟာ အဆင့်မရှိတဲ့တစ်လုံးချိုင့်လေးပေါ့ ။

Thursday, May 13, 2010

နှင်းဆီနက်

မုန်းတယ် နှင်းဆီ
အနက်ရောင် နှင်းဆီကိုပိုမုန်းတယ်
အချစ် ဆိုတာကိုလည်း မုန်းတယ်
ဘယ်လိုအငြိုးတွေကြောင့်များ ကိုယ့်ဘ၀ တစ်ခုလုံး မွမွကြေသွားအောင် ဆော့ကစားရက်ခဲ့တာလဲ
''မေ ''ကိုယ် တကယ် မခံစားနိုင်ဘူး၊ အချစ်ကြောင့် သေသွားတဲ့သူတွေကို မိုက်ရူးရဲ ဆန်တယ်လို့ ပြောကြမှာလား
ကိုယ်ကတော့သူတို့  လေးစားတယ် လူဆိုတာ မျှော်လင့်ချက်တစ်ခုနဲ့  အသက်ရှင်နေတာ မဟုတ်လား ''မေ့ ''ဆီက အချစ်ကို တစ်နေ့ ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့  ငါအသက်ရှင်နေတာလေ အခုတော သွားကုန်ပြီး ငါ့ဘ၀ အားလုံးဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီ
ဒါတွေ အားလုံး အနက်ရောင် နှင်းဆီကို စွဲစွဲလန်းလန်း ကြိုက်ပါတယ်ဆိုတဲ့ ''မေ ''ဆိုတဲ့ မင်းကြောင့်

ကိုယ့်အတွက် ဘ၀လမ်းကြောင်းမှန်ပေါ်ကိုရောက်အောင် တည့်မတ်ပေးခဲ့တဲ့  ၊ မေတ္တာ ငတ်မွတ်နေတဲ့ ငါလိုလူတစ်ယောက်ကို ဘာကြောင့်များ နွေးထွေးတဲ့မေတ္တာတွေ ပေးခဲ့တာလဲ ''မေ '' မင်းကြောင့် လှပခဲတဲ့ ငါ့ဘ၀ မင်းကြောင့်ပဲ မလှပစွာ ပျက်စီးသွားခဲ့ရပါပြီ အဲ့ဒီအတွက် မင်းကျေ နပ်တယ်ဆိုရင် ဒီကောင်က လှလှပပကြီး သေဆုံးပြီး နှုတ်ဆက်ခဲ့ပါတယ်
ကျေနပ် ပါတော့ ''မေ '' မင်းလွယ်လွယ်ကလေး ဆုံးဖြတ်ပြီးရွေချယ်ခဲ့ မင်းအတွက် ပန်းခင်းလမ်းဆိုတာ ထာဝရ သာယာဖြောင့်ဖြူးပါစေလို့  ဆုတောင်းပါတယ်။ ဖုန်းမြင့် ဆိုတဲ့ လူငယ်လေးတစ်ယောက် သူချစ်တဲ့ မေ့ ကြောင့် လူပေလူတေ လေးတစ်ယောက်အဖြစ်ကနေ အချစ်ဆိုတဲ့ ညှို့ အားပြင်း တဲ့အရာနဲ့ တွေ့ ပြီးတဲ့နောက် သူ့ ရဲ့စရိုက်တွေ လုံးဝပြောင်းလဲသွားခဲ့တယ် ပတ်ဝန်ကျင်ရဲ့ ကဲရဲ့မှုတွေလဲ ပျောက်ဆုံးပြီး အံ့သြတဲ့ အသံတွေ ၊ မိဘတွေရဲ့ ၀မ်းသာပီတိ ဖြစ်မှုတွေနဲ့  သူ့ ရဲ့ ဘ၀ လေးက သာယာစိုပြေခဲ့ပါတယ် အရင်က သူငယ်ချင်းတွေ ခေါ်ရင် ငေါက်ခနဲ လိုက်သွားတတ်တဲ့ ကောင်ကလေး အခုတော့...

“သူငယ်ချင်းရေ လမ်းထိပ်မှာ ဂစ်တာသွားတီးရအောင် လိုက်ခဲ့ပါလားကွ''

'' ငါမလိုက်တော့ဘူး သူငယ်ချင်းတို့ ရာ စာကျက်စရာရှိသေးလို့  ဆောရီးကွာ ''

စာကျက်မယ်ဆိုတဲ့ အသံကို တစ်ခါမှမကြားဖူးတဲ့ သူငယ်ချင်းတွေက ထူးဆန်းတဲ့ မျက်လုံးတွေနဲ့  သူ့ ကိုကြည့်နေကြတယ် ဒါပေမယ့် သူကတော့ ဂရုမစိုက်တော့ ပါဘူး အချစ်ကြောင့် သူပြောင်းလဲသွားပြီး '' မေ့  ''ကြောင့်သူပြောင်းလဲသွားပြီသွားပြီဆိုတာ သူကိုယ်တိုင်လဲ ကောင်းကောင်းကြီး နာလည်ပါတယ် ...။

သူ နဲ့  သူမ ရဲ့တွေ့ ဆုံမှုလေးက ရိုးရိုးလေပါပဲ ဒါပေမယ့် ပြန်စဉ်းစားလိုက်တိုင်း ရင်ထဲမှာ တစ်လှပ်လှပ် နဲ့  အခုထိအမှတ်ရနေတုန်းပါ ...
ဆောင်းတွင်ရဲ့ ညနေခင်းလေးတစ်ခုမှာ ဆေးရောင်စုံ အလှပပြင်ဆင်မှုတွေ မပါပဲ သနပ်ခါးပါးပါးလေး လိမ်းချယ် ပြီး မြန်မာဆန်ဆန် ကျော့ရှင်း လှပနေတဲ့ သူမရဲ့ ရှည်လျှားတဲ့ ဆံကေသာထပ်မှာတော့ အပြာရောင်ဖဲကြိုး ပုံသဏ္ဍန် ကလစ်လေး နဲ့ အရမ်းကို ကျက်သရေရှိတဲ့ မိုးပေါ်က နတ်သမီးလေးပါပဲ..။ ဖုန်းမြင့် သူလဲ ငေးကြည့်နေလိုက်တာ ဘယ်လောက်တောင်ကြာသွားသလဲမသိ လျှပ်တပြက် သူမရဲ့ ကေသာထပ်က ပြုတ်ကျလာတဲ့ အပြာရောင် ကလစ်ကလေးကိုတွေ့ မှ သူသတိဝင်ပြီး အသက်ရှုဖို့  သတိရပါတယ် သူမ ကတော့ ဘာကိုမှမသိလိုက်ပဲ တဖြည်းဖြည်း နဲ့  ပျောက်ကွယ်သွားပါတယ် ဘေးဘီကိုကြည့်တော့လဲတစ်ယောက်မှမရှိ သူလဲ ခြေလှမ်းတွေက အလိုလျှောက်နဲ့  လက်တွေကလဲ ကလစ်ကလေးကို ကိုင်ပြီး သူမ ထွက်သွားတဲ့ လမ်းကလေးတိုင်း ရှာကြည့်လိုက်တယ် သူမရဲ့ အရိပ်ယောင်ကို မတွေ့ ရပါဘူး ဒါကြောင့် သူလဲ ကလစ်ကလေးကို သိမ်းထားလိုက်တယ် ...ထိုနေ့ မှစပြီး သူမရဲ့ ပုံရိပ်၊ ဆံကေသာလေးတွေနဲ့  လှပတဲ့မျက်ဝန်းလေးတွေကို သူ့ ရဲ့အာရုံထဲကဖျော်ဖျက်မရတော့ ပါဘူး အပြာရောင် ကလစ်ကလေးကတော့ သူမရဲ့ ကိုယ်ပွားလေးသဖွယ် သူဘယ်သွားသွား ယူဆောင်သွားခဲ့တယ် ...တစ်နေ့  သူမနဲ့  ပြန်ဆုံတွေ့ နိုင်မလားဆိုတဲ့ အတွေးတွေနဲ့  အရူးကြီးရူးနေတော့တာပေါ့.......။

ကံကြမ္မာ ဆန်းကြယ်ပုံများ သူမနဲ့  သူ ပြန်ဆုံတွေ့ ခွင့်ရခဲ့တယ် အဲ့ဒီနေ့ က နှင်းတွေအရမ်းကျနေတဲ့ မနက်ခင်းတစ်ခု ကျောင်းသွားဖို့  စက်ဘီးကလေးစီးပြီး ထွက်လာတဲ့ သူ နဲ့  မျက်နှာချင်းဆိုင်ကနေ မဟာဆန်တဲ့ ခြေလှမ်းတွေနဲ့  သူ့ ရဲ့မျက်ဝန်းထဲမှာ တစ်သက်လုံး အလွတ်ရနေမယ့် ပုံရိပ်ကလေး တစ်ဖြည်းဖြည်း သူနဲ့ နီကပ်လာတယ် သူ ဘာလုပ်ရမလဲ ၊ဘယ်ကနေဘယ်လို စ စကားပြောရမလဲ သူမ နာမည်လဲ သူမသိ.....နောက်ဆုံးတော့ အရဲစွန့် ပြီး သူမနောက်ကို သူလိုက်သွားလိုက်တယ် ပြီးတော့ စွံအ နေတဲ့လူတစ်ယောက်လို....


''ဟို...လေ ''
''ဟို...........''

စွံအသွားပြီလား မသိ သူမနဲ့ ကျမှ ဒီလိုဖြစ်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ အံသြမိတယ် ....

''ဟုတ်ကဲ့...ဘာကိစ္စရှိလို့ လဲမသိ ''

အရမ်းကို ဆွဲဆောင်မှုရှိပြီး တည်ငြိမ်အေးချမ်းတဲ့ အသံကလေးပါ သူလဲ အိတ်ကပ်လေးထဲက အပြာရောင် ကလစ်ကလေးကို ထုတ်ပြလိုက်တယ်.....

'' ဟောတော့....အဲ့ဒါ ကျမပျောက်သွားတဲ့ ကလစ်ကလေးပဲ ''

''ဟုတ်ကဲ့ ကျနော် ကောက်ရထားတာ ပြန်ပေးချင်လို့ ပါ ''

'' ဟင်း....ကလစ်ကလေးက ပျောက်သွားတာ ကြာပြီနော် ယူကကော ဒို့ ကိုဘယ်လိုလုပ်ပြီးသိနေတာလဲ ''

'' အော်...ဒီလိုပါပဲ တစ်နေ့ ပြန်တွေ့ ရင် ပိုင်ရှင်ကိုပြန်ပေးမယ်ဆိုပြီး သွားလေရာ ယူသွားဖြစ်တာပါ ''

ထို့ နောက် သူရဲ့ အချစ်မျက်ဝန်တွေနဲ့  သူမကိုကြည့်လိုက်ပါတယ် အရမ်းကိုလှပတဲ့မျက်ဝန်တစ်စုံပါပဲ ကြာကြာတော့ သူမကြည့်နိုင်ဘူး ဘာကြောင့်ဆို သူမရဲ့ တန်ပြန်အကြည့်တွေရဲ့ အောက်မှာသူ မခံစားနိုင်လို့ ပါ အဲ့ဒီနောက်မှာတော့ ပျူငှာဖော်ရွေတတ်တဲ့ သူမရဲ့ ဆက်ဆံရေးကြောင့် သူမ နဲ့  သူ ခင်မင်မှုတစ်ခုရရှိခဲ့ပါတယ် သူမရဲ့ နာမည်ကလေးက '' မေဆူး ''
တဲ့ သူ့ အတွက်တော့ သူမ နဲ့ ပက်သက်သမျှ အရာအားလုံးက ကဗျာဆန်ပြီးလှပနေတာပါပဲ အပြာရောင် ကလစ်ကလေးကတော့ သူ့ ရဲ့ ပိုင်ရှင်ထံပြန်ရောက်သွားပါပြီး ။တစ်နေ့ နေ့ ပေါ့ အခွင့်ရှိလာတဲ့အချိန် ကျ အပြာရောင် ကလစ်ကလေးကို သူတစ်သက်လုံးအမှတ်တရ သိမ်းဆည်းသွားနိုင်ဖို့  သူ တောင်ဆိုမှာပါ .....။

သူမ နဲ့  ခင်မင်ခဲ့တဲ့ အချိန်တွေမှာ သူမရဲ့ အရာရာကိုလေးလေးနက်နက်တွေးခေါ်နိုင်မှု ၊ လူကြီးဆန်ပြီး မိန်းမပီသတဲ့ သူမ ကို သူ အရမ်းမြတ်နိုခဲ့ပါတယ် သူ ချစ်နေတယ်ဆိုတာကိုတော့ သူမ သိပေမယ့် မသိဟန်ဆောင်နေခဲ့တယ် သူမ ပြောတဲ့ စကားက သူ့ အတွက် တော့ လိုက်နာဖို့ အသင့်ပါ သူမ မကြိုက်တဲ့ အပေါင်းသင်တွေ၊ အရင်က ဆိုးခဲ့မိတဲ့ အပြုမူတွေ အားလုံး ပြောင်းလဲပစ်လိုက်တယ် ဒါသူမကို ချစ်လို့ ပေါ့ တစ်နေ့ သူ အရဲ့စွန့် ပြီးသူမ ကိုချစ်ခွင့်ပန်ခဲ့တယ် သူမပြန်ပြောတဲ့ စကားက စာကိုသာကြိုးစားစမ်းပါတဲ့ နောက်ဆုံး စာမေးပွဲဖြေတဲ့နေရောက်ရင် အဖြေပေးမယ်တဲ့ သူအရမ်းကိုပျော်သွားတယ် ဒါကြောင့်လဲ သူအပြင်ထန်ကြိုးစားပြီး စာမေးပွဲအတွက်ပြင်ဆင်ခဲ့တယ် အဲ့ဒီရက်ပိုင်းအတွင်းမှာတော့ သူမ ဘယ်တွေသွားနေလဲဆိုတာ သူလဲ သတိမထားမိပါဘူးး ဘာပဲဖြစ်ဖြစ် စာမေးပွဲနောက်ဆုံးရက်ရောက်ရင်တော့ သူမနဲ့ တွေ့ ရမှာဆိုပြီးမေ့မေ့ပျောက်ပျောက်နဲ့  စာကိုပဲကြိုးစားခဲ့တယ် .............။

စာမေးပွဲဖြေဆိုပြီးတဲ့နောက် သူ စက်ဘီးလေး စီးပြီး သူမချိန်ဆိုတဲ့နေရာကိုရောက်သွားခဲ့တယ် အဲ့ဒီနေ့ က ဇူလိုင်လ ၃၁ ရက်နေ့  မိုးတွေလဲအရမ်းရွာနေတယ် သူရောက်သွားတော့ သူမက မိုးရေတောထဲမှာ အပြာရောင်ထီးကလေးဆောင်းပြီး ရပ်စောင့်နေတယ် သူမရဲ့ ကေသာ ထပ်မှာတော့ အနက်ရောင် နှင်းဆီ တစ်ပွင့်က နေရာယူထားတယ် သူမရဲ့မျက်နှာ ပေါ်မှာကတော့ ထူးဆန်းတဲ့အရိပ်ယောင်တွေ သူတွေ့ မြင်နေရတယ် သူရောက်သွားတော့ မိုးရေထဲမှာ မတ်တပ်ရပ်နေမိတယ် နှဦးစလုံးရင်ခုန်နေမှာပဲဆိုပြီး သူပျော်နေတယ် ဘယ်သူက စကားအရင်စပြောမလဲဆိုတာကိုလဲ ပြိုင်တူစောင့်မျှော်နေကြတယ် တိတ်ဆိတ်နေတဲ့ ၀န်းကျင်ကို အရင်ဆုံးဖြိုခွဲလိုက်တာကတော့ သူမ ပါ............. သူမ ပထမဆုံးပြောတဲ့ စကားက ရှင့်အတွက် ကျမမှာ အဖြေမရှိဘူးတဲ့ မိုးသံတွေနဲ့ မို့ သူနားကြားများလွဲသလား...နောက်တစ်ခေါက်သူမထပ်ပြောပါတယ်..


'' ရှင့်အတွက် ကျမမှာ ပေးစရာ အဖြေမရှိပါဘူး ''

''မေ ..ဘာကြောင့် ကျနော့်ကို နားလည်မပေးနိုင်တာလဲ ''

'' ရှင့်ကို ကျမ ပြောပြီးပြီပဲ ''

'' ဒါက တို့ တွေအတွက် အဓိကကျလို့ လား မေ ''

'' ရှင့်အတွက်တော့ မသိဘူး ကျမ အတွက်တော့ အဆင့်တန်းဆိုတဲ့စကားက အဓိက ''

'' ..................................... ''

'' ကျမဘယ်တော့မှ နှလုံးသားနဲ့  ဆုံးဖြတ်မှာ မဟုတ်ဘူး ဦးနှောက်ဆိုတာ လူတွေအတွက် အလကား ထည့်ပေးထားတာမှမဟုတ်တာ ဒါကြောင့် ဘယ်လိုအခြေနေ ဘယ်လို အချိန်မျိုးမှာပဲဖြစ်ဖြစ် ကျမ ဦးနှောက်နဲ့ ပဲဆုံးဖြတ်မယ် ''

''ဒါဆို ကိုယ်မင်းကို ချစ်မိတာ အပြစ်တစ်ခုလား မေ ပြောစမ်ပါ ''

'' ဒါလဲ ကျမ မသိဘူး သိဖို့ လဲမကြိုးစားဘူး ကျမတို့ တွေ့ ဆုံတာဒါနောက်ဆုံး အကြိမ်ပါပဲ ရော့ ဒါ ရှင့်နဲ့ ပက်သက်ခဲ့ဖူးတဲ့ အရာလေးတစ်ခု ကျမအတွက် အသုံးမ၀င်တော့ဘူး ''

မေ...
ပြာလဲ့လဲ့ကောင်းကင်တွေကို
မော့ကြည့်ပြီး
ရူးခဲ့တဲ့ကောင်တစ်ယောက်
ဒဏ်ရာတွေကိုငုံ့မကြည့်ရဲဘူး။ ။

ရူးမိုက်စွာ ရှေ့ဆက်တိုးမိတယ်
နှလုံးအိမ်ရဲ့ လမ်းပြကြယ်ပေါ့
အထင်နဲ့အမြင် မှားနေမှန်း
အဆင့်တန်းက ခွဲလာမှ သိလိုက်ရတယ်။ ။

ငိုတော့လေ... မထူးဆန်းတဲ့ပြဇာတ်လို့
လူတွေပါးစပ်ဖျားမှာ ဘယ်လိုရွက်ဆိုပါစေ
ငါငိုနေတာ ငါပဲသိတယ် ။



သူမပြော ပြီး သူ့ ကိုကမ်းတဲ့ အရာလေးကတော့ အပြာရောင် ကလစ်ကလေးတစ်ခု သူ့ မှာ ပြန်ပြောဖို့ စွမ်းအားတွေ မရှိတော့ပါဘူး သူမ သူ့ ကို အရမ်းရက်စက်တယ်......ကလစ်ကလေး ပေးပြီးတာနဲ့  သူမ သူ့ နားကနေပျောက်ကွယ်သွားပါတယ် သူမ ငိုနေသလား မဲ့ပြုံးပြုံးနေလား သူမသိတော့ပါဘူး သူ အပြာရောင်ကလစ်ကလေးကိုင်ပြီး မိုးရေထဲမှာ အကြာကြီး ရပ်နေမိတယ် သူဘာဆက်လုပ်ရမလဲ သူဘ၀ရဲ့ လမ်းပြကြယ် သူမက သူ့ ဘ၀ထဲက အပြီးကိုင်ပျောက်ကွယ်သွားပြီး အခုသူ့ မှာ အားအင်တွေ ကုန်ခမ်း မျှော်လင့်ချက်တွေလဲ ပျောက်ဆုံးသွားပြီး ..ထို့ နောက် သူရဲ့ စက်ဘီးကလေးကိုတွန်း လက်ထဲမှာတော့ အပြာရောင် ကလစ်ကလေးကို တင်းတင်းဆုပ် ကိုင်ပြီး ယိုင်နဲ့ နေတဲ့ ခြေလှမ်းတွေနဲ့  လမ်းဖြတ်ကူးတဲ့အခိုက် ...........

*********ဒိန်းးးးးးးးးးးးးးးး*************

ဆိုတဲ့ အရှိန်ပြင်းပြင်း ကားတစ်စီဝင်တိုက်သွားတဲ့ အသံနဲ့ အတူသူ့ တစ်ကိုယ်လုံး မြောက်ကြွ သွားခဲတယ် သူ့ ရဲ့ စက်ဘီးကလေးတစ်စစီ၊ ဒါပေမယ့် လက်ထဲမှာ တင်းတင်းဆုတ်ထားဆဲ အပြာရောင်ကလစ်လေးကတော့ သူ လောကကြီးထဲကထွက်ခွာသွားပြီဖြစ်ပေမယ့် သူ့ ရဲ့ ၀ိညဉ်တွေကတော့ တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ.....သူကတော့ ဇူလိုင် (၃၁) မိုးသည်းတဲ့ ညနေခင်းတစ်ခုမှာ လူ့ လောက ကနေ ထွက်သွာသွားခဲ့ရပါပြီး.....................။




အနက်ရောင်တွေ ဖန်ဆင်း
ဆူးအဆိပ်ခင်းတဲ့လမ်းမှာပန်းပွင့်တယ်...
အဲ့ဒါ နှင်းဆီနက်........................
ဒါပေမယ့်...သိမ်ငယ်သေးနုတ်တဲ့တန်ဖိုးမဲ့
မြက်ပင်ငယ်တာအနက်ရောင်ကို
မျှော်ကိုးကိုယ်ကြိုးတစ်ခုစွန့်ရင်းနဲ့သာ
မျက်ရည်ကို အချစ်ထင်
ဆူးတွေကို အနမ်းလို့မြင်လျက်
မှောင်မိုက်မိုက်ည
.နှင်းဆီနက်........မဟူရာအလှမာယာတွေ အနန္တနဲ့
မင်းရဲ့ဆူးတွေငါ့နှလုံသားကိုအဆိပ်သင့်စေခဲ့သလား.........။

ဒီစာလေးကို ကျနော်ရေးဖူးတာကြာပါပြီး ဟိုးတုန်းက ရေးခဲ့တာလေးကို ပြန်ဖတ်ပြီး ရယ်လည်းရယ်ချင်တယ် ၂၀ ၀န်းကျင်းတုန်းက စိတ်ခံစားမှုနဲ့ အခု ရွှေရတုနီးလားတဲ့ လူပျိုမသိုးတသိုး တစ်ယောက်ရဲ့ ခံစားမှုချင်းကတော့ လုံးဝမတူတော့တာ သေချာတယ် ။ ပြန့်ကျဲနေတဲ့စာတွေကို တစ်ပုဒ်ချင်း ပြန်ကောက်သိမ်းနေရတဲ့ ကျနော့် အတွက်တော့ အမှတ်တရပေါ့း)

Sunday, May 9, 2010

စနေနေ့မှာ မစနေ နှင့်တွေ့ ခြင်း

ဝယ်ဖြစ်ခဲ့တဲ့စာအုပ်

မနေ့က လှည်းတန်းက အင်းဝစာအုပ်တိုက်မှာ မ99စနေရဲ့ စာအုပ်လက်မှတ်ထိုးပွဲလေး လုပ်တယ် ကိုယ်လေးစားရတဲ့ ဘလော့ဂါမမကြီးဖြစ်တာကော အပြင်မှာလည်းတွေ့ဖူးချင်တာနဲ့ ပြီးတော့ ရန်ကုန်ရောက်နေတုန်း တိုက်ဆိုင်နေတာကြောင့် သွားဖြစ်ခဲ့ပါတယ် ။ ၀င်လိုက်တည်းက မှတ်တော့မှတ်မိတယ် ဘယ်လိုနှုတ်ဆက်ရမှန်းမသိလို့ ဆိုင်ထဲအရင်ဝင်သွားလိုက်တယ် ။ ဘလော့ဂါတွေထဲက ကိုသက်တန့်ချို ၊ တောကျောင်းဆရာတို့ကိုလည်းတွေ့လိုက်သေးတယ် ။

စာအုပ်ဝယ်ပြီးတော့ မ9 နဲ့ စကားခဏပြောဖြစ်တယ် “ဘယ်သူလဲမသိဘူး” တဲ့ မောင်မျိုး ဆိုတော့ တယ်ပျောက်နေပါလား တဲ့ ဘလော့ဂါတွေက အပြင်မှာလည်း တကယ်ခင်တတ်ကြပါတယ်။ တိုင်းရင်းသားသံဝဲ၀ဲနဲ့ မ9 ကအပြင်မှာလည်းခင်ဖို့ကောင်းသား မာနကြီးမယ်ထင်နေတာမဟုတ်ဘူးပဲ ။ပြီးတော့ အအေးနဲ့ မုန့်ပြန်ကျွေးတယ် စာအုပ်တစ်အုပ်ဝယ်တာနဲ့တင်တန်နေပြီး =) ခဏလေးပဲရှိသေးတာ စကားဆက်ပြောချင်သေးပေမယ့် စိတ်မရှည်တော့တဲ့ သူငယ်ချင်းက ဆွေကြည့်နေတာနဲ့ နှုတ်ဆက်ပြီးပြန်လာခဲ့ရတယ် ။



အမှတ်တရ လက်မှတ်ထိုးပေးနေတဲ့ မ99စနေ


မော်ဒယ်စိမ်း ဖက်ရှင်နဲ့ ဘလော့ဂါ မောင်နှမ ( မော်ဒယ်ဆိုတဲ့အတိုင်း ပိန်လိန်နေတာပဲ အရိုးတွေပြိုင်းပြိုင်းထလို့ )

မ9 ဒီ့ထက်မက အောင်မြင်ပါစေလို့ ဆန္ဒပြုလျှက် ။

Saturday, May 8, 2010

လမ်း

နတ်တော် ၊ပြာသို ခိုက်ခိုက်တုန်အောင်အေးနေတဲ့ အာရုံမနက်ခင်းတွေမှာ ကောင်ကလေးတစ်ယောက် နွားနို့ လိုက်ရောင်းခဲ့ဖူးတယ် '' နွားနို့ ရောင်းရတဲ့ ပိုက်ဆံက ငါ့သားလေး ကျောင်းမုန့် ဖိုးရတာပေါ့ '' ဆိုတဲ့ အမေ့ရဲ့ အားပေးသံနဲ့ အတူ တက်ကြွလန်းဆန်းခဲ့ရတယ် ဒါပေမယ့် ကျနော် အရမ်းချမ်းတယ် အမေ ။ တကယ်ဆို ကျနော်လည်း သူငယ်ချင်းတွေလို စောင်ခြုံထဲမှာ နွေးနွေးထွေးထွေးနဲ့  အိပ်စက်ချင်ခဲ့တာ ။ မနက်ဝေလီဝေလင်း ရွာကနေ စက်ဘီးလေးတစ်စင်းနဲ့  မှောင်မှောင်မဲမဲကြီးထဲ တစ်ယောက်တည်း ကြောက်ရမှန်းမသိ လိုအပ်ချက်ဆိုတာတွေ များလွန်းနေလို့  အရွယ်နဲ့ မမျှတဲ့ တာဝန် နဲ့ ကျနော်ကြီးပြင်းခဲ့ရတယ် ။ ဒါတွေက ရှေ့ဆက်ကျနော် ဆက်လျှောက်ရမယ့် လမ်းတွေအတွက် နမိတ်ပုံများလား ။

အရွယ်ရောက်လာတာနဲ့ အမျှ လောကဓံ အကြိမ်ကြိမ်ရိုက်နှက်ထားလို့ သွင်ပြင်တွေတောင် မာကျောနေပြီ။ ဘဝဆိုတာဘာလဲ ချိုစိမ့်တစ်ခွက်လား၊ ပုံမှန်စိမ့်လား၊ ဒါမှမဟုတ် ဖန်ချိုလား။ ကောင်ကလေးကတော့ သူ့ဘဝ ဖန်ခါးခါးအရသာအချို့ကို နှစ်နှစ်ခြိုက်ခြိုက်မျိုချ နေလေရဲ့။
“ကောင်လေး ဖန်ခါးတစ်ခွက်”
“ရမယ်ဆရာ... နောက်ရော ဘာသုံးဆောင်ဦးမလဲ ခင်ဗျ”
“ရပြီ... တော်ပြီကောင်လေး”
“အကိုရေ... ဖန်ခါးတစ်ခွက်”
ညရဲ့သုံးပုံနှစ်ပုံခန့်မှာ သူအော်သံတွေဆူညံနေတယ်။ သူဟာဒီနေရာလေး ရဲ့စစ်သူကြီးတစ်ယောက် မဟုတ်ပေမယ့် သူ့နုတ်က အန်ကျလာတာတွေကတော့ လူတိုင်းနီးပါ လုပ်ဆောင်နေလေရဲ့။ ဆီဆမ်းတစ်ပွဲ အော်ချင်အော်မယ်၊ ဖန်ချိုတစ်ခွက်အော်ချင် အော်မယ် သူဟာဒီနေရာမှာ ပါဝါမရှိတဲ့ ခိုင်းစေသူပေါ့။ တန်ကြေးအရှိဆုံး ငွေစက္ကူရဲ့ တစ်ဝက်မျှသောလစာ မက်လောက်စရာ မဟုတ်ပေမယ့် တန်ဖိုးထားတတ်ခဲ့တယ်။ ဘဝ ဒီလိုနဲ့ပဲ တစ်နေ့ တောက်ပရမှာပေါ့ စိတ်ထဲမှာ ကြိတ်ရေရွတ်တယ် ဒီလိုအခြေနေမျိုးနဲ့ လည်း ကောင်ကလေး လမ်းကြမ်းတွေကို လျှောက်ခဲ့ဖူးတယ်။

“အဖေ သားကို ဆိုက္ကားတစ်စင်း ပေးပါ”
၈ တန်းစားမေးပွဲ ဖြေအပြီး ကောင်ကလေး သူ့အဖေဆီက တောင်းခဲ့တဲ့ အခွင့်အရေးပါ။ အဖေ့ရဲ့ မျက်ဝန်းထဲက စကားတွေသူမြင်တယ်။ မျက်နှာချင်းဆိုင်ရာကနေ ခဏလွဲလိုက်တယ်။ စကားစု တစ်စုအတွက်သူ အားယူလိုက်ခြင်းပါ။
“သူများခိုင်းတာ လုပ်နေရတာထက် ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ခွင့်ပေးပါ
သား ကျောင်းထွက်မယ်.... ပြီးတော့ အဖေ့ကိုကူမယ်”
“တော်တော့သား... မင်းကျောင်းမထွက်ရဘူး”
တကယ်တော့ မိသားစု အတွက်ရုန်းကန်ရတာ မလွယ်မှန်းသိနေတယ်။ သားတစ်ယောက်အနေနဲ့ သူ့မှာတာဝန်ရှိသည်။ နောက်ဆုံးတော့ ကောင်ကလေး နွေရာသီ ကျောင်းပိတ်ရက်မှာ သူ့ခြေထောက်တွေ အလုပ်စရခဲ့တယ်။ ပင်ပန်းပေမယ့် ပျော်ရွှင်တယ်။ ဘဝရဲ့ အပျော်ရွှင်ဆုံးအချိန်များထဲက ရက်စွဲလေးတွေပေါ့။ သူဟာ သုံးဘီတတ်ယာဉ်လေးရဲ့ အရှင်သခင်ဖြစ်တယ်။ သူ့ကိုယ်ပိုင် အတွေးတွေနဲ့ သူ့စိတ်ကူးရဲ့ ဖန်တီးရှင်ဖြစ်တယ်။ သူ့ယာဉ်လေးပေါ်ကနေ လူတိုင်းကိုယ် ခေါင်းမော့ကြည့်တယ်၊ စူးစမ်းကြည့်တယ်။ ဘဝမှာ ပျော်ရွှင်မှုဆိုတာရော၊ ဝမ်းနည်းကြေကွဲမှု ဆိုတာရော အချိန်တန်ရင် ပြီးသွားကြတာပဲလေ ဒါလောကဓံရဲ့ နိယာမ တစ်ချို့ ပေါ့ ။

“.................. စည်ဘီယာဆိုင်”
“စားပွဲထိုး ၁၁ ဦး၊ အကြော်ဆရာ ၂ ဦး အလိုရှိသည်”
ကျောင်းကအပြန် ဟိုကြည့် ဒီကြည့်လျှောက်ကြည့်ရင်း စည်ဘီယာဆိုင် အသစ်တစ်ခုအတွက် ဝန်ထမ်းခေါ်ယူတဲ့ ဆိုင်းပုဒ်လေးတစ်ခု။ လျှောက်လွှားတစ်စောင် တောင်ပြီးဖြည့်တယ်။ အမည် နေရပ်လိပ်စာ အဖအမည် အားလုံးအဆင်ပြေသည်။ နောက်ဆုံးတစ်ချက် အသက် ကွင်းစကွင်းပိတ်နဲ့ ရေးထားသေးသည် အသက် ၁၆ နှစ်အထက်။ ဒီအလုပ်ရလျှင်တော့ အဆင်ပြေမယ် ကောင်လေးစဉ်းစားသည်။ ကောင်လေး ခပ်သွက်သွက်ပင် ဖြည့်လိုက်တယ်လူတွေ့မေးဖို့ရှိသည်တဲ့ဘာတတ်နိုင်မည်နည်း မေးတော့လည်း ဖြေလိုက်ရုံပေါ့။

“အရင် စားသောက်ဆိုင်တွေမှာ လုပ်ဘူးလား”
“မလုပ်ဘူးပါဘူး”
ကောင်လေးကို မေးလိုက်သူခပ်ရိုးရိုး သာမာန်လူတစ်ယောက် လိုနေတတ်သော သူတစ်ယောက် စိတ်ထဲမှာ မှတ်ချက်ချလိုက်တယ်။
“အရင်က ဘာအလုပ်လုပ်ဘူးလဲ”
“ .............. ”ည အလင်းဆိုင်လေးမှာ လွန်ခဲ့တဲ့ နှစ်နှစ်က စားပွဲထိုးလုပ် ဘူးပါတယ်.
မေးလိုက်သူ လူကြီးက ကောင်လေးကို တစ်ချက်ကြည့်လိုက်တယ်...။
နောက်ကောင်လေး ညနေ ၄ နာရီကျောင်းအဆင်း စည်ဘီယာဆိုင်လေးမှာ အလုပ်စလုပ်ခဲ့တယ်။ အဲဒီနေရာလေးဟာ ကောင်လေးအတွက်တော့ ဘဝကျောင်းတစ်ကျောင်းပါပဲ။ သူ့အနာဂတ်တွေ သူမြင်ခဲ့ရတဲ့နေရာ၊ ယုံကြည်မှုတွေ မွေးဖွားခဲ့တဲ့နေရာ။ ပြင်းပြ ထက်သန်သောစိတ်က အရာရာကိုကျော်ဖြတ်နိုင်သည်ပဲလေ။

သူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေက လမ်းကြမ်းလို့  ခေါ်နိုင်သလား ပန်းခင်းတဲ့လမ်းမဟုတ်တာတော့ သေချာပါတယ် ။ ဒါပေမယ့် ကြမ်းချင်သလောက်ကြမ်းပါစေ သူလျှောက်ခဲ့ပြီးပြီ အခုနေပြန်စဉ်းစား ဒါတွေက သူ့ အတွက်တော့ လမ်းကြမ်းတွေထဲကမှ လမ်းသေးသေးလေးတစ်ခုပါ ရှေ့ဆက်ပြီးလည်း ဒီ့ထက်ကြမ်းတဲ့ လမ်းတွေ လျှောက်လှမ်းရအုံးမယ်ဆိုတာလည်း သူသိနေတယ် ။
လမ်းဆိုတာကတော့ ကြမ်းချင်ကြမ်း ချော့မွေ့ ချင် ချောမွေ့  လောက လူသားတွေလျှောက်ဖို့ ခေါ်ဆိုကြတဲ့ အမည်နာမလေးတစ်ခုပါပဲ...........။

Thursday, May 6, 2010

မှတ်တိုင်ပါတယ် ...

ဖြေစရာမလိုတဲ့ မေးခွန်းတွေနဲ့
အဖြေ ရှာမရတဲ့ မေးခွန်တွေကြားမှာ
ကွက်လပ်တွေများနေတာကြာပေါ့
အချစ် နဲ့ အမုန်းတွေကြား ဗြာများ
သည်းခံခြင်းနဲ့ တစ်ခါခါ ခေါင်းမော့မော့လာတဲ့ မာနတွေကြား
ကျနော် အသက်ရှူရတာကြပ်တယ်
ခါးသီးတယ် ခါးသီးတယ်လို့ အသံတိတ်အကျယ်ကြီးအော်မိတော့
တစ်ချို့ ကမြိုချလိုက်တဲ့
တစ်ချို့ ကတော့ အန်ထုတ်လိုက်တဲ့
ဘ၀ ကိုကွမ်းတစ်ယာလို စိစိညက်ညက်ကြေအောင်
ဝါမြိုလိုက်တာ နောက်ဆုံး ရလိုက်တာက
အနီရောင်သွေးစက်တွေပါပဲ
ကဲကဲ ...မြန်မြန်လုပ်
ကိုယ်မမြင်ချင်တဲ့သူက
ကိုယ့်ကို မမြင်ယောင်မဆောင်ခင် လာလမ်းအတိုင်းပြန်တော့မယ်
ကား ဆရာရေ့ မှတ်တိုင်ပါတယ် ။

Sunday, May 2, 2010

တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်း

သူငယ်ချင်းမ Mirror ကတော့ အလွမ်းနာကျနေပြီထင်တယ်တဲ့း) မဟုတ်ဘူးပြောရင် ညာတယ် ဖြစ်အုံးမယ် ခုရက်ပိုင်းဘာကိုမှန်းမသိပဲ လွမ်းနေတာတော့အမှန်ပဲ အိမ်မှာနေတုန်းက ဘုကန့်လန့် တိုက်ခဲ့တဲ့ အစ်မ ကိုတောင် ည ၁၀ ကျော်လောက်မှ ဖုန်းဆက်ဆက်နေမိလို့ ဆူခံထိသေး သူကစိတ်ပူပြီး ဘာဖြစ်လဲမေးတော့ သတိရလို့ လို့ နင်ကတော့ဖြစ်ရမယ်တဲ့ ဟုတ်ပါ့ ဘာမှန်းကိုမသိတာ ။ စာတွေဖတ်တော့လည်း လွမ်းစရာမဟုတ်ပဲ လွမ်းနေတယ် ဂျူး ရဲ့ “စောင့်နေမယ်လို့ မပြောလိုက်ဘူး ” ကိုဖတ်ပြီး နောက်ဆုံးကျတော့ ဟာတာတာကြီးကျန်ခဲ့တာ တော်ပြီး နောက်ဆို စာအုပ်ဝယ်ကာနီးကျ နောက်ဆုံးလှန်ဖတ်ပြီး ညားမှ ၀ယ်တော့မယ် ။ သေခြင်းနှင့် ရှင်ခြင်းဟာကပ်လျှက် တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်းဟာလည်း ကပ်လျှက် သိပ်ကိုမှန်တဲ့ စာသားလေးတစ်ခုပါပဲ တွေ့လိုက်တဲ့သူတွေ အများကြီး တစ်ခါခါ ပြန်တွေ့ဖြစ်တဲ့သူတွေရှိသလို တစ်ခါမှပြန်မတွေ့ တော့တဲ့သူတွေလည်းရှိတယ် ။

မဲဆောက်မှာ ၃နှစ်တာသွားနေဖြစ်တော့ အိမ်မှာမိသားစုလိုနေခဲ့ကြတဲ့သူတွေ လူမျိုးခြားပေမယ့် စိတ်ကောင်းရှိတဲ့ အစ်မတစ်ယောက်ကိုလည်း သတိရမိတယ် ဟင်းပန်ကန်လှန်လိုက်တိုင်း ထမင်းစားချင်စိတ်ပျောက်ပျောက်သွားတဲ့ အစ်မဘီရဲ့ ကရင် ဗမာ ထိုင်း သုံးမျိုးပေါင်းချက်တဲ့ဟင်းကိုတောင်လွမ်းမိပါရဲ့ ။ ဖုန်းဆက်လိုက်တိုင်း မပီတပီနဲ့ စကားတွေဖောင်ဖွဲ့တတ်တဲ့ ထိုင်းအစ်မတစ်ယောက်ကိုလည်း ဘာမှမဆိုင်ပဲ သွားလွမ်းနေတယ် ။အိမ်မှာ ကျန်ခဲ့တဲ့ သံချောင်းကိုလည်းလွမ်းတယ် သံချောင်းဆိုတာ သံချောင်းမဟုတ်ဘူးနော် ကြောင်ကိုပြောတာ သူ့နာမည်သံချောင်း အကောင်ကြီး ကြီးပြီး လူကိုတွေ့တာနဲ့ အချွဲတာတတ်တဲ့ကောင်ကြီးပေါ့ သိပ်ချစ်ဖို့ကောင်းတာ အပြင်သွားကာနီး ခရီးထွက်ကာနီးဆို ငါ့ကြောင်ကိုပစ်မထားနဲ့နော် ထမင်းသေချာကျွေးကြလို့ မှာမှာတတ်လွန်းလို့ အိမ်က လူတွေကတောင် စိတ်မရှည်ချင်တော့ ။

သင်္ကြန်းတွင်း ဘုန်းင်္ကြီးဝတ်တော့ ၃ နှစ်ကျော်ကျော် ကောင်လေးတစ်ယောက် တရားလာလာထိုင်တဲ့သူ့အဖေနဲ့ လိုက်လိုက်လာရင် ခင်သွားတာ ပြန်ထွက်တဲ့နေ့ကျ ဦးဇင်းလေးနဲ့ လိုက်ဖို့ဆိုပြီး ငိုလိုက်တာ စိတ်တောင်မကောင်း ဟုတ်သား ကျနော်ကလည်း နေ့လည်ပိုင်းအိပ်ချိန်လေးဆို ခလေးကို အနားနားခေါ်အိပ် ပြီးရင် မုန့်တွေကျွေး ကော်ဖီတွေဖျော်တိုက်ဆိုတော့ ခလေးကခင်တွယ်သွားတာဖြစ်မယ် ခလေးဆိုတာ မုန့်ကြိုက်တယ်မှတ်လား မိန်းခလေးတွေကကော ဘာကြိုက်လဲ ခင်တွယ်အောင်ဘယ်လိုလုပ်ရမယ်မသိလို့ ;) ။ပြီးခဲ့တဲ့တစ်ပါတ်လောက်က အခန်းမှာ တူတူနေကြတဲ့ သူငယ်ချင်းတစ်ယောက် နိုင်ငံခြားထွက်တော့ လိုက်ပို့ကြတာ မထွက်ခင်ညက သောက်ကြ တီးကြ ဆိုကြနဲ့ “ဟေ့ရောင် မင်းအဆက်သွယ်မပြတ်စေနဲ့နော် ကြားလား ” အဲ့လို ငိုသံပါကြီးတွေနဲ့ နှုတ်ဆက်စကား ဆိုနေကြတော့ ကိုယ်လည်းစိတ်မကောင်းလို့ စောစော အိပ်ယာဝင်လိုက်တယ် ။

မနေ့မနက်က ဘယ်လိုမှ ထင်မထားတဲ့ အစ်ကိုတစ်ယောက်နဲ့တွေ့ဖြစ်ကြသေးတယ် ဘလော့ရပ်ဝန်းက အစ်ကိုရင်းတစ်မျှချစ်ခင်လေးစားရတဲ့ အစ်ကိုတစ်ယောက်ပါ ။လွဲလွဲလေးနဲ့ မရောက်ဖူးပဲ ချိန်ထားတဲ့နေရာကိုသွား ၊ ၁၀ ထိုးဆိုတာ ၁၁ နာရီကျော်မှပဲရောက်တော့တယ် စိတ်လည်းတို မောလည်းမော ။ အင်း သူဆုံးမတာတွေလည်း နားမထောင် မေးလိုက်ရင် ဖြေချင်သလိုလို မဖြေချင်သလိုလို လုပ်နေမိတာ ဧည့်သည်တွေမရှိရင်တော့ နားရင်အုပ်ခံထိတော့မှာပဲဆိုတာ ရင်ကတထိတ်ထိတ် စကားတောင်များများမပြောရဲတဲ့အဖြစ် ။နောက်ပိုင်းမှ စကားတွေ အများကြီး ပြောဖြစ်ကြတယ် အထင်လွဲနေမိတဲ့ ကိစ္စတွေ မထားသင့်တဲ့မာနတွေထားခဲ့မိတာကိုလည်း စိတ်မကောင်းဖြစ်မိတယ် တော်တော်မကောင်းတဲ့ ငါပါလားလည်းဖြစ်သွားတယ် ။ ပြီးတော့ သိပ်ကိုရယ်စရာကောင်းတဲ့ အလွဲတွေ ဟဟား အရင်စိတ်မျိုးတိုင်းသာဆိုရင်တော့ အဲ့ပေါက်ကရတွေ လိုက်ဖွနေတဲ့သူကိုဆော်ထည့်လိုက်တာကြာပေါ့ ခုတော့ မရေးချင်တော့ပါဘူး ပြောချင်တာသာပြောကြ ကိုယ့်ပါသာ အေးဆေးလေးပဲ ရေးချင်တာရေးတော့မယ် အဆက်ပြတ်နေတဲ့ ၁ နှစ်ကျော်အတွင်း ထူးခြားသတင်းလေးတွေလည်း ရလိုက်ပါ့ ဟုတ်လား ဟုတ်လားနဲ့ အံ့သြပြီးရင် အံ့သြ ရတဲ့အဖြစ် ။အစ်ကိုနဲ့ စကားတွေပြော နှုတ်ဆက်ပြီး ပြန်လာတော့ စိတ်ထဲမှာ ဘာလို့မှန်းမသိ နင့်နေတယ် ။

အင်းးးးးး တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်းဟာ တကယ်ပဲ ကပ်လျှက်ပါပဲ ချစ်ခင်ရသောသူတွေနဲ့ခွဲခွာရတာ ဖော်ပြလို့မရတဲ့ဝေဒနာတစ်ခုပေါ့ တစ်နေ့နေ့ ပြန်ဆုံကြအုံးမှာပါလေးလို့ ကိုယ့်စိတ်ကိုယ်ဖြေရင် အိမ်အပြန်အတွေးတွေများလာလိုက်တာ ကားလမ်းဖြတ်ကူးတာ ယောင်တောင်တောင်ဖြစ်နေလို့ ကားသမားက ****** တဲ့ အော်...ငါ့နှယ်နော် Feeling ဖြစ်နေတာတောင် လွဲဖြစ်အောင်လွဲလိုက်သေး ။

ရော်နယ်ဗေဗေမောင်မောင်မျိုး


ကမ္ဘာမကျော်ပါ နိုင်ငံမကျော်ပါ
ဒါပေမယ့် ကိုယ်ပိုင်တည်ထောင်ထားတဲ့
ဘ၀ ဘောလုံးပွဲစဉ်မှာတော့
တိုက်စစ်မှူးတစ်ယောက်
အဝေကွင်းမကန်ချင်လို့ အိမ်ကွင်းပြောင်းကန်းတော့
ပရိသတ်က
“ဆာဟာ” လို အသားမဲလို့ 
“ရွန်းနီ”လို ထစ်ခနနဲရှိ ဒေါသထွက်တက်လို့ 
“ဘက်ဟမ်း”လို ရုပ်မချောလို့  ဆိုပြီး
ရေသန်းဘူးနဲ့ ဝိုင်းပေါက်ကြတဲ့အဖြစ်...
တော်ပါပြီး နစ်နာကြေးမယူချင်တော့ဘူး
အိမ်ကွင်းလည်း မဟုတ် အဝေးကွင်းလည်းမဟုတ်တဲ့ ကြားကွင်းရှိရင်ကောင်းမယ်
နည်းပြမရှိ ကွင်လယ်ဒိုင်မရှိ အရန်ကစားသမားမရှိ
အနီကဒ် အ၀ါကဒ်မရှိ
တစ်ယောက်တည်း တစ်ကွင်းလုံးပတ်ပြေးနေမယ်
နောက်ဆုံးအမောဆို့ ပြီး Half Time နဲ့ ရပ်ဆိုင်းမယ်
ဒါပဲကောင်းတယ် စူပါကော်ဖီမစ် :)



LinkWithin

Related Posts Plugin for WordPress, Blogger...