Saturday, May 15, 2010

အခန်းလေးထဲမှာ

ဒီအခန်းထဲကို စရောက်တာ ဒီလိုနွေဦးမှာပေါ့ ရောက်စက နေပြောက်တွေ အရမ်းထိုးလို့စိတ်ညစ်ခဲ့ရတဲ့နေ့တွေတော်တော်များတယ် ပြီးတော့ အခန်းက အပေါ်ထပ်ကိုတက်တဲ့ လှေခါးနားနီးတော့ နေချင်သလို လွတ်လွတ်လပ်လပ်တော့မဟုတ်။အခု.. ဒီအခန်းလေးကို နှစ်သက်တတ်နေပါပြီး သုံးနှစ်သုံးမိုး ပျော်ရွှင်ခြင်းတွေနဲ့ ထိုးသိပ် ၀မ်းနည်းခြင်းတွေနဲ့ ငိုကြွေးစေခဲ့တာလည်း ဒီအခန်းထဲမှာပါပဲ။ ကွဲအက်နေတဲ့ မှန်ချပ်တွေနဲ့ ပြတင်းပေါက်တစ်ချို့ ညညပိုင်း အိပ်မပျော်လို့ ပြတင်းပေါက်ဖွင့်ပြီး လေကောင်းလေသန့်လေး ရှူလိုက်မိရင်တော့ ခဏတာ လန်းဆန်းသွားစေတာအမှန် အစွန်ကျတာမို့ စာသောက်ဆိုင်တွေက ဆူဆူညံ့ညံ့အသံတွေကင်းတယ် ရဲတောက်တောက် လမ်းမီးတစ်ချို့ ခုလောလောဆယ် မှည့်နေတဲ့ ခေါင်းရင်းခြံလွတ်က သရက်သီးတွေကိုတော့ စားချင်နေမိတယ်။

အခန်းလေးထဲမှာ ပိုင်ဆိုင်သမျှအရာကတော့တန်ဖိုးကြီးအရာတစ်ခုမှမရှိပါဘူး အ၀တ်စားဗီရိုခပ်ဟောင်းဟောင်း အထဲမှာတော့ တောက်ပြောင်တယ်လို့လည်းမဆိုသာ သစ်လွင်တယ်လည်းမဟုတ်ပဲ တော်ရုံအ၀တ်စားတစ်ချို့ အရမ်းကြိုက်တဲ့ အဖြူရောင်ရှပ်လေးတွေရှိတယ် ပြောက်ကျားအစင်းနဲ့ အကျီင်္တချို့ ကျပ်၁သောင်းမကျော်တဲ့ ဂျင်းပင် ၆ ထည်လောက်ပါပဲ မြန်မာမှုကိုချစ်တတ်သူမို့ အဖြူရောင်လည်ကတုံးလေးတစ်ထည် အပြာကွက်လုံချည်တစ်ထည်နဲ့ သဲကြိုးအနီလေးနဲ့ ကတ္တီပါ ဖိနပ်တစ်ရံ ။ ဗီရိုထောင့်မှာတော့ အ၀တ်စားအိတ် ၂ အိတ် မသုံးတော့တဲ့ချောင်ထိုးပစ္စည်းတွေ။ အ၀တ်ခြင်းနှစ်ခြင်း တစ်ပါတ်တစ်ခါလျှော်တာမို့ညှင်သိုးနံ့တွေထွက်နေတဲ့ အ၀တ်ခြင်းပါ ။

စပလိန်ကုတင်လေးတစ်လုံး ခေါက်သိမ်းလို့ရတာမို့ နေရာကျဉ်းမှာတော့စိတ်ပူစရာမလို ။ပိုင်ဆိုင်တဲ့ အရာများတာကတော့ ဆေးပါပဲ အစာအိမ်နာတတ်တာမို့ နေ့တိုင်းမပျက်သောက်ရတဲ့ (omeprazole) ဆေးကဒ် ၊ ခေါင်းခဏခဏကိုက်တတ်လို့ အကိုက်ခဲပျောက်ဆေးရယ် ခေါင်းကပ်ပလာစတာရယ် ကပ်ပါများလို့ တစ်ခါခါနားထင်မှာအနာပါဖြစ်တယ် ( ဒီတစ်ခါ ခေါင်းကိုက် ခုတ်ဖြတ်လိုက်ပါတဲ့ ) ။
ထွန်းရွှေဝါ လိမ်းဆေး အဘထရှူဆေး စိတ်ပူလို့အိမ်ကပို့ပေးထားတဲ့ချက်ဆေး မာတာမိခင်ကတော့ပြောတယ် “ နန်းမတော်မောင်နု ဒါတွေမရှိရင်စိတ်ပူတယ်” တဲ့ ။

နှစ်သက်လို့တန်ဖိုးထားသိမ်းထားတဲ့ ခြင်းပြာလေးထဲမှာတော့ ချစ်တဲ့သူတွေရဲ့ ဓာတ်ပုံ၊ တခါပဲ ထည့်ရသေးတဲ့ ဘဏ်စာအုပ်အသစ်စက်စက်လေး ကြိုက်မိတဲ့ ကဗျာတွေကို ပရင့်ထုတ်ထားတဲ့ စာရွက်တွေ ၊ ဆရာတော် ဦးဇော်တိက ရဲ့ စာအုပ်တွေ စိတ်ညစ်တိုင်း စိတ်အဟာရဖြစ်စေတဲ့ စာအုပ်တွေပါ ။ အကြွေစေ့ထည့်ထားတဲ့ ဗူးသေးသေးတစ်ဗူး ကုန်ပြီး ဘာကျန်သေးလဲ ပိုင်ဆိုင်တာဆိုလို့ ။ အော်...ကျန်သေးတယ် သူမရှိလို့မဖြစ်ဘူး သူလေ ကျနော့်ချစ်သူ ပဲနို့ ၊ ၅ ဘတ်တန်လိမ္မော်ရည်ပုလင်း ၊ ဗိုက်ဆာရင်စားဖို့ မုန့်နည်းနည်း ။ ဒါပဲ ရယ် ချမ်းသာတာ ။

ပျော်နေတဲ့ အချိန်တော့ အခန်းနဲ့ အဝေး မေ့ချင်ယောင်ဆောင်ထားတယ် အလုပ်မဟုတ်တဲ့အလုပ်တွေရှုပ် အခန်းကို ဥပက္ခာ ..အဆင်မပြေတော့ဘူးလား အခန်းတံခါးပိတ် မလျှော်တာကြာတဲ့ အနံ့မကောင်းတော့ တဲ့ စောင်ပါးလေးကို မျက်နှာပေါ်အုပ်ပြီး စောစော အိပ်ဖြစ်နေတယ် ။ ငါလာတိုင်း မမောင်းထုတ်တဲ့ အခန်းလေးကို ကျေးဇူး နောက်ဆို မင်းကိုပဲအဖော်ပြုတော့မယ် ပြီးတော့ မင်းရင်ခွင်မှာ စောစောအိပ်ပါ့မယ် ရင်ငွေ့နွေးနွေးပေးပါ ငါ့ကျောပြင်တွေ အေးစက်နေလို့ ။

5 comments:

ဝေလေး said...

အဲဒီအခန်းလေးကို မလွမ်းဘူးလား.. :)

mirror said...

င့ါဆီမှာ ကွန်မန့်အရှည်ကြီးပွတ်ခဲ့တာ ကျေးစ်...။
တဖြည်းဖြည်းနဲ့ မောင်မျိုးပြန်ဖြစ်လာပြီ။
အမြဲ ဖတ်နေတယ်ဟေ့..။ ဆက်ဆွဲ..

မိုးခါး said...

အိမ်လိပ်စာပေးလေ
လာလည်ရအောင်း))

မောင်မျိုး said...

ဝေလေး...လွမ်းတယ် ဒါကြောင့်ထင်ပါရဲ့ အခန်းလေးကို ပြန်သွားရအုံးမယ်း)

မိုင်ရာ....မောင်မျိုးက မောင်မျိုးပါပဲဟာ ဟုတ်ပါ့ အရင်မောင်မျိုး ပြန်ဖြစ်အောင်တော့ ကြိုးစားရအုံးမယ် ။

မိုးခါး....အေး ပေးမယ် အကြောင်းကြား ရွှေပြည်ကြီး ပြန်လာရင်

littlebrook said...

လူလွတ်တစ်ယောက်ရဲ့ ဖြစ်တည်နေမှုး)

LinkWithin

Related Posts Plugin for WordPress, Blogger...