Showing posts with label မွေးနေ့. Show all posts
Showing posts with label မွေးနေ့. Show all posts

Friday, January 25, 2013

ဇန်နဝါရီ (၂၅)ဟာ တစ်ပါတ်ပြန်လည်တယ်။





    ကံကြမ္မာဆိုတာ ခေါင်းတခါ ပန်းတလှည့်တဲ့
    ကံဆိုး ကံကောင်းပဲ
    အမြဲတမ်း ခေါင်းကြီးပဲကျမနေပါဘူး
    မျော်လင့်ချက်ဟာ ညှပ်ပစ်လိုက်ရတဲ့ မင်းခေါင်းကဆံပင်တွေလို
    တစ်နေ့ကျ ပြန်ရှည်လာရမှာပဲ
    ကြုံတုန်းမို့ ဆရာဝင်လုပ်တယ် ဆိုရင်လဲ ဟုတ်တယ်
    ဒီမှာ ကုသိုလ်၊ ပညာ၊ အဿပြာ တစ်ခုခုမှမရပဲ
    ဒီတစ်ရက်ကို အချည်းနှီးလွှင့်ပစ်တော့မလို့လား
    အခုလို ပျံကျဈေးထဲ ကိုယ့်ကျင့်တရားကို
    လျှော့ဈေးနဲ့ ရောင်းထုတ်ဦးမလို့လား
    တစ်သွေးထဲက စီးဆင်းခဲ့တာ ဆိုတဲ့အတွက်
    မင်းဆီရောက်လာတဲ့ ကလေးတွေလဲ ဒီသွေးတွေပဲ
    အမေ နေမကောင်းဘူးဆိုလဲ မင်းရောက်အောင်သွားဦးမှာပဲ
    ဒီသွေးတွေက လှည့်ပတ် စီးဆင်းနေရဦးမှာပဲ
    သံယောဇဉ်ဆိုတာလဲ မေးလ်တစ်စောင် ပို့စရာ
    ဖုန်းတစ်ခါ ဆက်စရာ ဆိုလဲ ဟုတ်နေတာပဲ
    ပျော်ရွှင်ခြင်းဆိုတာ ခလုတ်တစ်ချက် ဖွင့်လိုက်သလိုပဲ
    မင်းဘဝထဲ လင်းပါစေ ထိန်ပါစေလို့ ဆုတောင်းလိုက်ရတာလဲ
    ဒီ သံယောဇဉ်ပဲ ။


ကိုတင့်


မွေးနေ့မှ စပြီး ငါ့ညီလေးပျော်ရွှင်ပါစေဗျာ၊ အလုပ်အကိုင်တွေလဲ အဆင်ပြေပါစေ၊ လိုချင်တဲ့ ဆုတောင်းတွေ တပြိုင်တည်း ပြည့်ပါစေ ..။ 




Wednesday, January 25, 2012

တရိပ်ရိပ်နဲ့ ဖြတ်ပြေးသွားသော ရှုခင်းများ

ဘာမှန်းကိုမသိလိုက်ဘူး ကုန်ပြန်ပြီ တစ်နှစ်ပေါ့ မနှစ်ကတော့ ကျနော် စားချင်းတာတွေစားလို့ ဗိုက်အောင့်သေးတယ် ခုတော့ အစာရှောင်တတ်လာပြီး) ကျေးဇူးတင်ပါတယ် ဘာကိုကျေးဇူးတင်လို့ ဘယ်သူတွေကိုမှန်းလည်းမသိဘူးဗျ မှန်တာပြောရရင်တော့ ကျနော့်မှာ ဒီဘလော့လေးနဲ့အတူ ဘလော့မိတ်ဆွေတွေ ဖေ့ဘွတ်က သူငယ်ချင်းတွေရှိနေတယ်ဆိုတဲ့ အတွေးလေးနဲ့တင် အထီးကျန်တယ်လို့ ဘယ်တော့မှ မခံစားမိဘူး။ကိုယ့်ပါသာ ဆုတောင်းလိုက်အုံးမယ် :)
Happy Birthday မောင်မျိုး လိုတာတွေပြည့်ပါစေ ။


တရိပ်ရိပ်နဲ့ ဖြတ်ပြေးသွားသော ရှုခင်းများ

ဇန်နဝါရီ (၂၅)မှာ ၂၆ ကြိမ်မြောက်
အတိတ်၊ အနာဂါတ်၊ ပစ္စုပန်များနှင့်
ကိုယ်ထူကိုယ်ထ မှတ်တိုင်များမှ တဆင့်
မိသားစုများအကြား စီးဆင်းခဲ့သော
မေတ္တာတရား မြစ်ကျဉ်း
ပိန်လိုက်ဖောင်းလိုက် အိပ်ကပ်တွင်းမှ စက္ကူရွက်များ
အလိုအလျှောက် လျှောကျခြင်း
ဖျက်ရာခြစ်ရာ ဗရပွနဲ့ တစ်သီးစား ဘဝထဲ
အရေးအသား တစ်ချို့ကို စွဲစွဲငင်ငင် ခေါ်ဆောင်
ရိုးသားခြင်းကို လည်ပင်းဖက် ပေါင်းသင်း
သတ္တိအရှိဆုံး ခွင့်လွှတ်ခြင်းနဲ့ ဟန်မပျက် ပြုံး
ရေကြည်ရာ မြက်နုရာဆီ
ရေတတန် ကုန်းတတန် ခရီးနှင်ခဲ့
ကိုယ်ချင်းစာခြင်းကို အစိတ်စိတ်အမွှာမွာခွဲပြီး
တစ်ယောက်တစ်ဖဲ့စီ ည၊ မနက်စာအဖြစ် စားသုံးရင်း
တစ်နေ့နေ့ဆီ သို့
အဲဒီ တစ်နေ့နေ့ဆီသို့ ကို ရောက်အောင်သွားမည် ။


အမှတ်တရ ညီလေးမောင်မျိုး (၂၆) နှစ်မြောက် မွေးနေ့ အမှတ်တရ ။

ကိုတင့်

ဒီနှစ်လည်း အစ်ကို့ရဲ့ ကဗျာလေးနဲ့ပဲ ဆားချက်လိုက်အုံးမယ် ကျနော့်မွေးနေ့တိုင်းမှာ မပျက်မကွက်နဲ့ ကဗျာလေးတွေ လက်ဆောင်ပေးတတ်တဲ့ အစ်ကို့ကို သိပ်ကျေးဇူးတင်ပါတယ် (သူစိမ်းဆန်တာမဟုတ်ပါ )း) သီချင်းလေးတစ်ပုဒ်ပါ အဆစ်ပါလိုက်သေးတဲ့အတွက် ပိုပျော်ပါတယ် ။

Wednesday, February 16, 2011

သူတို့နှစ်ယောက်

သူတို့ ၂ယောက် ဘယ်သူလဲဆိုတာ မပြောခင်း နည်းနည်း အင်ထရိုဝင်ပါအုံးမယ် ကျနော့်ကိုအရင်တုန်းက သူငယ်ချင်းတွေက မွေးနေ့ပွဲစားလို့ ခေါ်ကြပါတယ် အဟုတ်ပါ ကျနော်ကတော့ လူတစ်ယောက်ရဲ့ မွေးဖွာလာတဲ့နေ့လေးကို လေးလေးနက်နက်ခံစားတတ်တယ် အရင်ကတော့ ဘလော့ဂါ ပေါက်စနလေးတုန်းက အွန်လိုင်းမှာတစ်ချိန်လုံးပေါ့ တွေ့သမျှလူကို လိုက်အက်စ် စကားတွေဖောင်းပွနဲ့ တော်တော်ကိုရှုပ်တဲ့ ငရှုပ်တစ်ကောင်ပါ ခင်တဲ့သူတွေရဲ့ မွေးနေ့ဆိုရင် အနှစ်မပါတဲ့ ပုံတွေ အင်တာနက်ကရှာပြီး ကိုယ်စားမွေးနေ့ပွဲတွေလိုက်လုပ်တတ်ပါတယ် ဒါကြောင့်လည်း သူများတွေ အမြင်ကတ်ပြီး မွေးနေ့ပွဲစားလို့ပြောကြတာနေမယ် ဒီတစ်ခါတော့ ခလေးဆန်တဲ့ အလုပ်တွေမလုပ်ချင်တော့ပါဘူး ရင်ထဲက လာတဲ့စကားတွေနဲ့ ကျနော်ခင်တဲ့ သူတွေအတွက် မွေးနေ့ဆုတောင်းစကားလေးပါ ။

အကောင်ပေါက်စလေး

တော်တော်ကြာပြီး အစ်ကိုပေါက်စနဲ့ ကျနော်နဲ့ခင်တာ ကျနော်က အွန်လိုင်းမှာ မိန်းခလေးသူငယ်ချင်းထပ်ယောက်ျားလေးသူငယ်ချင်းပိုများတယ်လို့ပြောရမယ် အမှန်တော့ ကျနော်က အွန်လိုင်းဇတ်လမ်းတွေ ထွန်းကားတဲ့ ဟိုးတုန်းက ကျနော့်ကို ငကြောင်လို့ ထင်မှာစိုးလို့ မိန်းခလေးတွေနဲ့ သိပ်မချက်ရဲပါဘူး ။ အစ်ကိုပေါက်စ လေးက အကောင်ကသေးသေး ဒါပေမယ့် တကယ့်လူကြီးလေးပါ သိပ်လေးစားဖို့ကောင်းတယ် ။ ကိုယ့်အတွက် ဒီလိုသက်မဲ့လို့ခံစားရတဲ့ အွန်လိုင်းမှာ အစစ်မှန်သံယောဇဉ်တွေပေးခဲ့တဲ့ ဘလော့လေးကို အမြဲကျေးဇူးတင်ပါတယ် ။ အစ်ကို့အတွက် အရင်က မွေးနေ့ကဗျာလေးတစ်ပုဒ်ရေးပေးဖူးတယ် ။ အစ်ကိုဟာ ကျနော့်အတွက် အစ်ကိုရင်းတစ်ယောက်လိုများဆိုရင် နည်းနည်းများပိုသွားလေမလား သူကကော သိမှသိပါ့မလား အသက်လည်းသိပ်မကွာပဲ သူက ဘာကြောင့်များ ဒီလောက်လူကြီးဆန်ရတာလည်းလို့ တစ်ခါခါတွေးမိတယ် ကျနော့်ကိုစိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေလည်း ခဏခဏပြောပေးတဲ့သူပါ ။သူက တိတ်တဆိတ်လေး ပုန်းလျှိုတတ်ပေမယ့် ဂရုမပြုတဲ့သူတစ်ယောက်တော့မဟုတ်ပါ ခုချိန်ထိ စကားပြောတိုင်း အစ်ကိုက ကျနော့်ကိုမင်းနဲ့ ငါလို့ တစ်ခါမှမသုံးဖူးပါဘူး စကားပြောတိုင်း ညီ ညီ နဲ့ တော်တော်ကိုနုညံ့တဲ့သူပါ ။. သူများစကား ယူသုံးရရင် သူဟာ ကျနော့်အတွက် စကြာင်္ဝဌာတစ်ဖက်က ရင်ဘတ်တစ်ခြမ်းပေါ့ ။ သူ့မွေးနေ့ကတော်တော်ကိုလွန်ခဲ့ပြီး ခုမှ မွေးနေ့ဆုတောင်းပေးရတဲ့အတွက် ဆောရီးပါ အစ်ကိုး) အစ်ကို့ညီကတော့ မပြောင်းလဲသော အရှုပ်မဟုတ်တာတွေကို ရှုပ်နေရင်း မအားမလပ်ပေါ့ ။ဆားချက်တာတော့မဟုတ်ပါ သူ့အတွက် ကျနော်ရေးပေးဖူးတဲ့ ကဗျာလေးကို ပြန်ကူးတင်လိုက်ပါတယ် ။



ကြွက်ကလေးရဲ့ အစ်ကို

ခလေးကိုယ်နဲ့ လူကြီးစိတ်ကလေး
...သူ့မှာရှိတယ် မှောင်ဝင်တဲ့ ကဗျာပိုးတွေနဲ့
ချစ်သူကို လွမ်းတဲ့ လွမ်းတေးကဗျာတွေ
သူ့အစ်ကို့...ကို ချစ်တဲ့ စိတ်နဲ့
အဖေ့ကို တမ်းတ အမေ့ကို ဦးခိုက်တဲ့ ဂါဝရတရားတွေရှိတယ်
သူ့မှာရှိတယ်...အငယ်တွေမရှိပေမယ့်
အစ်ကိုကြီးတစ်ယောက်က ညီတစ်ယောက်ကို ဂရုစိုက်တတ်တဲ့အကျင့်
ငိုနေတဲ့ ညီမငယ် တစ်ယောက်ကို နှစ်သိမ့်တတ်တဲ့ အကျင့်လေးတွေရှိတယ်
ဝတ်ရုံတွေကို ခွာချ အဖြူထည် မေတ္တာတွေနဲ့
အကြင်နာ ဆုံးမ စကားတွေ ဆိုတတ်တယ်
သူက ငြိမ်သက်နေတဲ့ ကမ်ရေပြင်လိုပဲ
အေးမြ တည်ငြိမ်တဲ့ သွင်ပြင်
လောကဓံကို ကြံ့ကြံ့ခံ အပြုံးမပျက်ပဲ ဆက်လျှောက်တဲ့ မာန်တွေရှိတယ်
ဟုတ်ကဲ့....ကြွက်ကလေးမှာ မရှိတဲ့ အရာတော်တော်များများ အစ်ကို့မှာရှိတယ်
သူက ....
ကြွက်ကလေး အစာရှာထွက်ရင်း ကောက်ရခဲ့တဲ့ အစ်ကိုပါ
သူလား
ဒီနေ့မှာလူပျိုကြီးနံ့သင်းပျံ့လာပြီး
လူများများရှိတဲ့နေရာတွေ ရှောင်တတ်တဲ့
ကြွက်ကလေးရဲ့ အစ်ကိုမွေးနေ့ပါ
ဘာဆုပေးရမလဲ အမြဲပျော်ရွှင်ချမ်းမြေ့ပါစေလို့း)

ခုကြွက်ညီအစ်ကိုတွေထဲ ကျနော်နဲ့သူ ၂ကောင်ပဲကျန်တော့တာပေါ့း)။


၂ လုံးပေါင်း ၉ ဂဏာန်းရှိတဲ့ အစ်ကို

သူမသိပေမယ့် ကျနော့်ပါသာ အစ်ကိုဖမ်းတော်လိုက်တဲ့သူပါ သူ့ဘလော့ကိုစရောက်ဖူးတာ အသွင်တူ၏မတူ၏ ဆိုတဲ့ပို့စ် ကမှ စရောက်ဖူးတာ စာတွေက လေးနက်ပြီး ပညာသားပါတယ် တည်တည်ငြိမ်ငြိမ်လေးနဲ့ဖတ်လို့ကောင်းပါတယ် ဓာတ်ပုံတွေက လက်လန်အောင်ကောင်းပြီး ပျော်ရွှင်စရာမိသားစုလေးနဲ့ အားကျဖို့ကောင်းတဲ့အစ်ကိုပေါ့ ။ မနေ့က ပို့စ်ဟောင်းတွေပြန်ဖတ်ရင်း မနက်ဖန် အစ်ကို့မွေးနေ့ ဆိုတာ သိလိုက်တယ် စကားလည်းမပြောဖူး သိတာလည်းမကြာသေးပေမယ့် ကိုယ့်စိတ်ထဲက အလိုလို အစ်ကိုရင်းလိုခင်မင်နေတဲ့ အစ်ကို ညီလင်းသစ် ရဲ့ ၂ လုံးပေါင်း ၉ ဂဏာန်းမြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာလည်း ချစ်တဲ့အိမ်သူ “ပါးပါးက သားရဲ့ အသည်းတုံးကြီး ”လို့ပြောတတ်တဲ့ ချစ်စရာ့သားသားတို့နဲ့အတူ အမြဲထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ ။


သူတို့ ၂ယောက်အတွက် အမှတ်တရပါ Happy Birthday နောက်ကျသောမွေးနေ့ရှင်နဲ့ တစ်ရောက်စောနေသောမွေးနေ့ရှင် :) ။

Tuesday, January 25, 2011

မွေးနေ့

ကျနော့် လား ကိုယ်ကိုယ်ကိုတော့ ဘာမှမသိလိုက်ပါဘူး ဒါမယ့် သူတို့တွေ ပေးတဲ့ လက်ဆောင်စကားလေးတွေနဲ့ ဒီနှစ်မွေးနေ့မှာ ကျနော်ပျော်ပါတယ် ကျေးဇူး အစ်ကိုတင့် ၊ အစ်မ ၊ သူငယ်ချင်းမဲတူး နဲ့ ညီလေး မေပယ်လ် :)


ကိုယ့်ကိုယ်ကိုတော့ ဘာမှန်းမသိလိုက်ပါဘူး
ဟိုသွား ဒီသွား
ဟိုစား ဒီစားနဲ့
၂၅ နှစ်သား သာဆိုတယ်
ခုချိန်ထိ မတည့်တာတွေစားလို့
ကျနော် ဗိုက် အောင့်တုန်း ။

Friday, December 24, 2010

စာအုပ်ကြီးနှင့်တူသော

မင်္ဂလာပါ အစ်ကို ။ အစ်ကိုနဲ့ ကျနော်လည်း မင်္ဂလာပါလို့ နှုတ်ဆက်ရလောက်အောင် အနေတွေတော်တော်ဝေးသွားကြပြီနော့် ။ အစ်ကိုနေကောင်းရဲ့လား ကျန်းမာရေး ဂရုစိုက်ပါ ။ အစ်ကိုနဲ့ ကျနော် စသိတာ ရေးဖူးတဲ့ “ ကျီးကန်းသို့မဟုတ် ဖားပြုတ်အလွမ်း” မှာ ပက်ပက်စက်စက်ကို လွမ်းထားပါလား ကိုမောင်မျိုး ရေလို့ လာရောက်မှတ်ချက်ပေးမှုကနေစတယ် ။ သူနဲ့စကားတွေ အများကြီးပြောဖြစ်တယ် အစ်ကိုက ကျနော့်အတွက်ရင်ဘတ်ကြီးငှားပေးခဲ့တယ် ကျနော်မပြောချင်တဲ့ ကျနော့်အကြောင်းတော်တော်များများကို အစ်ကို့ကိုပြောပြဖြစ်တယ် မငြီးမငြူနားထောင်ပေးတဲ့ အစ်ကိုဟာ ကျနော့်အတွက် တကယ့်လမ်းပြကြယ်ပေါ့ ။ သူက အမှောင်လမ်းကို လှမ်းနေတဲ့ ကျနော့်အတွက် အမုန်းခံလမ်းပြခဲ့တယ် ။

တစ်ခါခါ အစ်ကိုက စာအုပ်ကြီးဆန်တယ် လောကွတ်စကားတွေကို အစ်ကိုက မုန်းတယ် ။ စိတ်ထဲက မပါရင် “နေကောင်းလား” လို့တောင်မေးရမှာ အစ်ကိုက ပျင်းတယ် ။ အစ်ကိုက ကော်ဖီကြိုက်တယ် ပန်းသီးကြိုက်တယ် မျက်မှန်တပ်တယ် သားရည်ခြေညှပ်ဖိနပ်စီးတယ် သီချင်းဆိုကောင်းတယ် ။ လုံချည်ဝတ်ရင် မသိမသာ ဗိုက်ကလေးထွက်နေတဲ့ အစ်ကို့ကိုတွေ့တော့ ဒီလူကြီးကိုမြင်ရရင် ကမ်ရေပြင်ဘေးနာ ရပ်နေရသလိုပါပဲ တကယ့်ကို တည်ငြိမ်အေးဆေးလွန်းလို့ ။အစ်ကိုက စာအုပ်တွေကြိုက်တယ် အစ်ကိုနဲ့ စကားတွေအကြာကြီးပြောပြီး ကျနော်မဖတ်ဖူးသေးတဲ့ စာအုပ်တွေအကြောင်း နားထောင်ချင်မိသေးတယ် ။အဲ့အခါကျ မင်းကတော့ကွာ လို့ ခဏခဏ အစ်ကိုပြောနေမှာ ကျနော်မြင်ယောင်သေး ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုမကြိုက်တဲ့ အချက်တော်တော်များများ ကျနော့်မှာရှိလို့ပါ “ မင်းလူကြီးဆန်သင့်ပြီ ” လို့ အစ်ကိုပြောမှာကိုတော့ အသေချာကြီးကို သိနေတာပေါ့ဗျာ ။

အစ်ကိုနဲ့ဆုံတဲ့နေ့က ဟားး အကြီးကြီးပဲလို့ စိတ်ထဲက ဖြစ်သွားတယ် လူကောင်ပြောပါတယ် ။ ကျနော့်ကို သေသေချာချာကြည့်လို့ ဂရုဏာလေသံနဲ့  “ မင်းဘာတွေလုပ်နေသလဲ ” မေးတော့ ဘာမှမရှိပဲ မာနတတ်နေတဲ့ ကျနော်က အစ်ကို့ အမေးကို နှုတ်ဆိတ်မကြားချင်ယောင်ဆောင်မိတော့ နားရွတ်ဆွဲခံထိတယ် ။တစ်ခါခါ တကယ့်အဖိုးကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်သလောက် တစ်ခါခါတော့ အစ်ကိုက ခလေးတစ်ယောက်လို ခံစားချက်တွေထိရှလွယ်တယ် အမှန်အကန်တွေပေးသလောက် အတုယောင်တွေပဲ ပြန်ပြန်ရတတ်လို့ အစ်ကို့စိတ်နှလုံးတွေဟာလည်း အသားမာတွေတတ်နေပြီထင်ပါ့ ကျနော်အပါအ၀င်ပေါ့ ကျနော်ဟာလည်း သိသိကြီးနဲ့ ကြောက်ကြောက်ကြီးနဲ့ကို အစ်ကို့ကိုကြောက်ကန်ကန်တတ်တယ်။

အစ်ကိုနဲ့ပက်သက်တဲ့ ခံစားချက်တော်တော်များများရင်ထဲရှိပေမယ့် စာအဖြစ်ချရေးမယ်ဆိုတော့ ဘာမှကိုထွက်မလာတော့ပါဘူး ရင်ဘတ်ကြီးထဲပြည့်နေတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ ။ မဟုတ်သေးပါဘူးလေ ဆိုပြီး ဒီစာကိုဖြစ်ညှစ်ရေးနေလိုက်တာ အစ်ကို့ရဲ့ အမှတ်တရနေ့တစ်နေ့တောင် ကျော်သွားပြီး ။ သံယောဇဉ်ဆိုတာကိုကြောက်တဲ့ အစ်ကို့အတွက် အမျှင်တန်းနေအောင် ကျနော်လည်း လောကွတ်စကားတွေနဲ့ ဇာမချဲ့နေတော့ပါဘူးလေ ။ ကျနော်ရေးတဲ့စာကို အစ်ကိုတစ်ယောက် ပြုံးပြုံးကြီးပဲဖတ်နေမလား ငါ့ကိုလည်းခွင့်မတောင်းပဲတင်ရမလားဆိုပြီး မျက်ထောက်နီကြီးနဲ့များကြည့်နေမလား ဒါမှမဟုတ် ဒီကောင်ကတော့ လုပ်ချလိုက်ပြန်ပြီးကွာ လို့ ပါးစပ်ကရွတ်နေအုံးမလားဆိုတာ မြင်ယောင်မိတယ် ။

ခံစားချက် အစစ်အမှန်တွေကို သိုးသိပ်ထားပြီး တစ်ယောက်တည်း တိတ်တဆိတ်ခံစားတတ်တဲ့ အစ်ကို့အတွက် ကျနော့်လို အပူကောင်လေးနဲ့ ဝေးဝေးနေတော့ အေးချမ်းနေပြီထင်ပါ့ဗျား) ။။ အစ်ကို့မွေးနေ့အတွက် ကျနော့်ဆုတောင်းလေးက ဘယ်လောက်မှတော့ တန်ဖိုးရှိမှာမဟုတ်ပေမယ့် အစ်ကို အမြဲအေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းလျှက် ...............

အစ်ကို့ညီ မောင်မျိုး
-
ဘကြီးမျိုး (သို့) ဂျီကောင်





Sunday, July 25, 2010

ကျနော့်သူငယ်ချင်း ကဗျာဆရာ

၂၄ နှစ်ပြည့်ပြီ
ကျွန်တော် ဘယ်ကိုင်းမှာနားရမှာလည်း
သဲသဲကွဲကွဲ မသိ
ဘီယာဗူးခွံလွတ်တွေထဲ က
ပျော်ရွှင်ခြင်းတစ်ချို့ ရခဲ့တယ်
အရက်ပုလင်းခွံတွေထဲက ၀မ်းနည်းခြင်းတွေရခဲ့တယ်

အကောင်းစား စီးကရက်ဗူးခွံတွေထဲ
မလုံမခြုံ စိတ်လေးကို ၀ှက်ထားရင်း
ကျွန်တော်
ကမ္ဘာလောကကြီးကိုစိုးရွံ့စိတ်နဲ့ကြည့်နေရတုန်းပါပဲ
ရေခဲသေတ္တာထဲမှာ ဗော်ဒကာအရက်အပြင်းစားနဲ့
ချောကလက်တွေ ဒီနေ့မှာတော့ လွတ်ငြိမ်းချင်းသာခွင့်ပေးလိုက်တယ်
ပျော်ရွှင်ပါစေ မေမေ။ ။

ကျနော့်သူငယ်ချင်း ကဗျာဆရာ အရင်က ပေါတောတောတွေလိုက်ရေးနေတဲ့ ငကြောင်လို့ မှတ်ချက်ပေးထားမိပေမယ့် ခု ကျနော်ကသူ့ကို ကဗျာဆရာလို့ မှည့်ခေါ်လိုက်တယ် ။ ဘ၀ရဲ့ ခါးသီးခြင်းတွေကို ရင်ဆိုင် ခဲ့ရတာခြင်း မာကြောယောင်ဆောင်ထားပေမယ့် ပျော့ညံ့သလိုလို ဖြစ်ဖြစ်သွားတတ်တဲ့ တူကြတဲ့ ကျနော်တို့ သူငယ်ချင်း ၂ယောက်။ သူက ကျနော့်ကိုတွေ့ရင် လဒ လို့ အရင်နှုတ်ဆက်တယ် ကျနော်ကတော့ လှတပတ သူ့အသားရည်ကိုတင်စားတဲ့အနေနဲ့ မီးသွေးခဲလို့ခေါ်တယ် ။ ကျနော့်ထက် ငယ်ပေမယ့် မင်းနဲ့ငါ လို့ ခပ်တည်တည်ပြောတတ်ပါတယ် ဟေ့ရောင် ဒီနေ့ မင်းမွေးနေ့နော် ၂၄ ပြည့်တာဟုတ်ဆိုတော့ ဟုတ်လို့လား ငါထင်တာ အဲ့ထက် တစ်နှစ်ကြီးနေသလားလို့တဲ့ ပြီးတော့ သူများမွေးနေ့ဆိုလို့သာ လိုက်မွေးနေ့တယ် ငါ့ဘ၀မှ မွေးနေ့ဆိုတာ မှတ်မှတ်ရရ မရှိဖူးပါဘူးကွာတဲ့။

သူက သူ့ခံစားချက်တွေကို ကဗျာတွေနဲ့ ဖော်ကျူးတယ် သူချစ်တဲ့ ခင့် ကို ကဗျာတွေနဲ့ပဲ လွမ်းဆွတ်တယ် ။ ပြီးတော့ သူချစ်တဲ့ အမေကို လွမ်းလွမ်းဆွတ်ဆွတ် ရေးဖွဲ့လိုက်တဲ့ သူ့ရဲ့ အမေ ကဗျာတွေက ကျနော့်ရင်ထဲကို တည့်တည့်ဝင်သွားတဲ့ မျှားတစ်စင်းလိုပါပဲ ။

အမေ့ကို ပေးမယ့် မနက်ဖြန်

နိုင်ငံတကာ နျူစွမ်းအင်တွေနဲ့
လျှပ်စစ်မီးရောင်တွေကို
ဖောဖောသီသီသုံးစွဲနေချိန်
ကျွန်တော်ချစ်တဲ့ အမေ့ရဲ့အိမ်လေးက အလင်းရောင်မှာ
လေပြင်းပြင်းလေး တိုးဝှေ့တိုက်ခတ်သွားမှာကိုပဲ
စိုးရိမ်နေရ ပူပန်နေရ
မုန့်လေးတစ်ဖဲ့တစ်ချပ်လို
စိုပြေတယ်ဆိုတဲ့အရသာလေး ဘ၀ရဲ့ ထောင့်တစ်နေရာရာမှာ
ရှိလိမ့်နိုးလေးနဲ့ အနံ့လေးခံခံနေရ
ရာစုနှစ်များစွာထဲမှာ တိမ်းမြုပ်ကျန်ရစ်ခဲ့ပြီလား
အမေ့ရဲ့အိမ်လေး
အဝေးက ငေးနေရင်းနဲ့ပဲ လွမ်းရ
အဝေးက မျှော်ကြည့်နေရင်းနဲ့ပဲ ငေးရ
အဝေးက နေရင်းပဲ ဆွေးရ
အဝေးက နေရင်းပဲ ဆုတောင်းမေတ္တာတွေပို့သရ
ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းအိမ်မှာ
ဥတုသုံးလီက မိုးရာသီပါပဲ
မရှိခြင်းတွေ ခြိုးခြံနေရတဲ့ အမေ့အိမ်လေး
ခြေချနင်းမိတိုင်း
တကျွီကျွီမြည်နေတဲ့ အမေ့ရဲ့ကြမ်းခင်းလေး မနင်းရက်စရာ
ခုဆိုတော်တော်လေး ဇရာထောင်းနေရောပေါ့
ခြကလေးတွေ အိမ်ဖွဲ့လို့
တွင်းနက်ကလေးတွေလည်း ဖြစ်နေရောပေါ့
ဒဏ်ရာအနာတရလေးတွေနဲ့ ပွန်းပဲ့နေတဲ့ အမေ့အိမ်လေး
ဘာတွေနဲ့ ကုစားပေးရမတဲ့လဲ
အမေက ကျွန်တော့်ဘ၀လေးကိုပေးခဲ့တယ်
ကျွန်တော်က အမေ့ကို ဘာပြန်ပေးခဲ့ပြီးပြီလဲ
ဘယ်အရာတွေနဲ့ ပြန်အစားထိုးပေးခဲ့ပြီလဲ
မေးခွန်းပေါင်းများစွာ ပုစ္ဆာပေါင်းများစွာထဲမှာ
ကျွန်တော် မှိန်ဖျော့ဖျော့ ဓာတ်တိုင်
သွေးဆုံးနေတဲ့ အိပ်မက်
ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ စိတ္တဇ
အမေ့ကိုပေးဖို့ ရည်စူးထားတဲ့ မနက်ဖြန်က
အငုံအဖူးဘ၀လေးမှာပဲ တ၀ဲလည်လည်။ ။


ကျနော့်အတွက် မွေးနေ့လက်ဆောင်တုန်းကလည်း သူ့မှာပေးစရာဆိုလို့ ကဗျာတွေပဲ ရှိခဲ့ပါတယ်။ သူကသာ ကျနော့်အတွက် မှတ်မှတ်ရရ ရှိတတ်ပေမယ့် ကျနော်ကတော့ ဘာတွေမှန်းမသိပဲ မေ့မေ့နေတတ်တယ် ။ ဒီနေ့ သူ့မွေးနေ့ အမှတ်တရ တစ်ခုခုရေးမယ်လို့ စဉ်းစားထားပေမယ့် ဘာရေးရမှန်းလည်းမသိဘူး ။ မင်းသာ ငါ့နားတူတူ ရှိရင် ငါ့ဆီက ဘယ်လိုမျိုး လက်ဆောင်လိုချင်သလဲဆိုတော့ ။
““မင်းစိတ်ကူးနဲ့ပဲပေးတော့ငါ့ကို
ခြံလေးတစ်ခြံလောက်ပေး ၊ စပျစ်ခြံဖြစ်ဖြစ်
လိမ်မော်ခြံဖြစ်ဖြစ်သစ်တော်ခြံဖြစ်ဖြစ်
ခြံဆိုပြီးရောကွာ
စိတ်ကူးထဲရှိတဲ့ခြံလေးတစ်ခြံပေးထင်းရှုးပင်တွေပါရမယ်
သစ်လုံးအိမ်လေးပါရမယ်စမ်းချောင်းလေးပါရမယ်
သစ်လုံးအိမ်မရရင်လည်းပျဉ်ထောင်အိမ်လေးပေါ့အိုကေလားငါလိုချင်ဆုံးအရာပဲ အဲ့တာ ””

ဟုတ်ကဲ့ ကျနော်လည်း သူ့အတွက် စိတ်ကူးတွေနဲ့ ဆောက်ထားတဲ့ သစ်လုံးအိမ်လေး တစ်လုံးဆောက်ပေးလိုက်ပါရဲ့ လေထဲကအိမ်မို့ ခဏလေးပြိုမှာတော့ မြင်ယောင်သေး။ လူကြီးဆန်ဆန်နေတတ်ပြီး လူကြီးဆန်ဆန် စာတွေရေးတတ်ပေမယ့် တခါခါကျ ငပေါတစ်ယောက်ဖြစ်သွားတတ်တဲ့သူငယ်ချင်းရေ့ မင်းမွေးနေ့မှာ ငါက မင်းကဗျာတွေနဲ့ ဆားချက်နေတာ သိပ်တော့မဟုတ်သေးဘူးကွနော့်း) ။ ကဲ...မွေးနေ့မှာ ချစ်ရသော မီးသွေးခဲတုံးရေ့ ဒီထက်မက ခင်လေးက ချစ်ပါစေလို့ ပြီးတော့ မင်းတမ်းတ တဲ့ အမေ့ရဲ့ ထမင်းဝိုင်းလေးမှာ မင်းကြိုက်တတ်တဲ့ ထမင်းကြမ်းခဲနဲ့ ပဲပြုတ်ဆီဆမ်းလေး ကိုမြိန်ရေရှက်ရည်ပြန်စားနိုင်ပါစေကွာ ချစ်သောအမိမြေက မင်းပြန်လာမယ့် နေ့ကိုနွေးထွေးစွာနဲ့ ကြိုဆိုနေမှာပါ Happy Birthday ;) ။

LinkWithin

Related Posts Plugin for WordPress, Blogger...