Wednesday, November 21, 2012

နှုတ်ဆက်စရာ မလိုတဲ့နေ့....



အိမ်မှာတစ်ယောက်တည်းနေရတာ  ပျင်းတယ်ပြောရမလား   ဘာလားတော့မသိ   အဆင်မပြေတာတော့ အမှန်   အရင်ကဆို နေ့ခင်းပိုင်းလောက်  အမေ့ဆီ ဖုန်းဆက်လို့  * မေ့...သားကို  ပဲကြော်ထားပေးအုံးနော် ပြီးတော့  ငါးခြောက်ဖုတ်ပြီး ထုထားပေး  သားပြန်လာ ဆီနဲ့လူးစားမလို့*  ဆိုတာနဲ့ အမေ က ညနေစာကို  ဖွယ်ဖွယ်ရာရာလေးလုပ်ထားပေးတတ်တယ်  ။ အမေရှိတုန်းကတော့  ငန် ပြန်ပြီ   ပေါ့ပြန်ပြီးနဲ့ ဂျေးထူမိပေမယ့် ခုဆို  ညနေရုံးဆင်းပြန်တာနဲ့ ထမင်းချက်ဖို့လည်းပျင်း  မောကမော နဲ့   အရည်သောက်မပါပဲ  မွဲခြောက်ခြောက် ထမင်းဝိုင်းတွေ ဖြတ်သန်းနေရပါပေါ့ ။

ရွာကိုလွမ်းနေတဲ့ အဘ ၊  သီးတင်းတော့ ရွာမှာပဲ ပြန်ကျွတ်ချင်တယ် သားရယ် ဆိုတဲ့ အမေ့ စကားကို မသိဟန်မဆောင်ချင်တော့တာနဲ့  အိမ်ပြန်ခွင့်ပေးလိုက်ရတာ  အဘကတော့ ပျော်လို့  ယိုးဒယား ဖိနပ် အသစ်ကြီး ခါးကြားထိုး ကွမ်းတွေစားရင်  အိမ်ပြန်ရတော့မယ်လို့ ပျော်နေလိုက်တာ ။ အမေကတော့   အမေ မကြာမကြာ လာခဲ့မှာပေါ့ သားရယ်  သွားချည်လာလှည့်လုပ်မယ်စိတ်ချ  နင့်တစ်ယောက်တည်း မပစ်ထားပါဘူး  လို့  ဂတိတွေခံလို့ မြို့ပြန်တဲ့ကားလည်းထွက်ကော  ကျနော့်ရင်ထဲ ဟာတာတာနဲ့ ။

မနက်မနက် ဆို  နှိုးစက်ကလေးတွေလို အော်မြည်းတတ်တဲ့ တူကလေး ၂ ယောက်လည်း  အချိန်တန်တော့ သူတို့လည်း အိပ်တန်းပြန်ကြပြီ  သူတို့ရှိတုန်းက ဆူညံ့လို့ သေးနံ့ နံ့လို့ ပွစိပွစိ လုပ်မိပေမယ့်  ကျနော့် အိမ်ကလေး  ခု အနံ့သက်ကင်းနေပေမယ့်  အရင်က အနံ့သက်တွေတောင် ပြန်သတိရမိပါရဲ့ ။ အခု မနက်အိပ်ယာ နှိုးမယ့်သူမရှိသလို  ညဘက် ခြင်ထောင် ထောင်ထားရဲ့လားလို့ လာကြည့်မယ့်သူလည်းမရှိပြန်ဘူး ။

ငါ့သားတစ်ယောက်တည်း  အိမ်စရိတ် စားစရိတ်  ခလေးနို့မှုန့်ဖိုး မုန့်ဖိုး နဲ့ ရုန်းကန်နေရတာတွေ့တော့  အဘ တို့လည်း  အားနာတယ်ကွာ တဲ့  အဘ ကစကားများများမပြောဘူးရယ်  ဒါပေမယ့်  တစ်ခွန်းဆို တစ်ခွန်းသာသာ  ရင်ထဲထိတယ် ။  အမေတို့ရှိနေတော့ နင့်ကို လာနွယ်နေမှာပဲ သံယောဇဉ်က မဖြတ်နိုင်တော့ မလာပါနဲ့လို့  ဘယ်ပြောလို့ထွက်မတုန်း ငါ့သားတစ်ယောက်တည်း ဆို အေးအေးဆေးဆေး  ၀တ်နိုင်စားနိုင်တယ် ခုတော့  အ၀တ်သစ်တွေ မ၀ယ်ရတာတောင်ကြာပြီမှတ်လား   လို့  ပြောတော့ ကျနော့်အတွက်  အဲ့တာတွေမလိုပါဘူးဗျာလို့ ဂျစ်တွန်း တွန်းမိတယ် ။


မနှစ်က ကျနော်မသိပဲ   အမေက ကျနော်မသိစေနဲ့ဆိုပြီး သတင်းပိတ်လို့  အမေ နဲ့  အဘ  အုတ်ဖို လိုက်သွားတုန်းက  စိတ်လည်းဆိုး  ၀မ်းလည်းနည်းပြီ  အမေ့ကို ငိုပြီး ဖုန်းနဲ့ ရန်တွေ့မိတယ်  အဲ့တည်းက  အမေက ဂတိခံထားတာ  နောက်ဆို ကျနော်မသိပဲ  ဘာ အလုပ်မှ သွားမလုပ်ပါဘူးဆိုပြီးတော့ပေါ့ ။စကားပြောရင်  ခလေးဆိုးကြီးလို  ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိတဲ့  အဘကတော့ * ဘာမှမပူနဲ့  အေးဆေး  အဘလုပ်နိုင်သေးတယ်  ဒီဆောင်း  အုတ်ဖုတ်လိုက်သွားလည်း အဘတို့တွေ စားလောက်တယ် *   တဲ့  ။ကျနော် မျက်နှာပျက်သွားတော့  အမေက  အဘကို လှမ်းဆူ  * ဒီအဖိုးကြီးကတော့လေ  သေပဲ သေခါနီးပြီ ဘယ်စကားပြော ဘယ်ရောက်လဲ ဆိုတာ ခုထိကိုမသိသေးဘူး*  အဲ့တော့မှ  အဘက သတိရပြီး အေးပါကွာ အေးပါ  ငါ့သားမကြိုက်တာ သွားမလုပ်တော့ပါဘူး တဲ့ ။ ကျနော်တို့ ဘ၀တွေက ကြမ်းတယ် ဒါပေမယ့် ကျနော်တို့မေတ္တာတရားတွေက ဘ၀ကြမ်းကြမ်းတွေကို   အရှုံးမပေးပဲ တွန်းလှန်လို့ပါ ။


ကျနော့်အိမ်ကလေးမှာ  ရေခဲသေတ္တာမရှိဘူး   အဆင့်မြင့် အသုံးဆောင်တွေမရှိဘူး နေ့တိုင်းအသားဟင်းတွေမကျွေးနိုင်ဘူး  ဒါပေမယ့် အမေ နဲ့  အဘ ကို အဆင့်မြင့်မြင့်ထားချင်တဲ့ စိတ်တွေကတော့ အပြည့်ရှိတယ် အမေ ။ ကျနော့်အိမ်ကလေးက ခမ်းနားမှု နည်းပါတယ်  ဒါပေမယ့် အမေ တို့ လာမယ့်  အချိန်ကို ကျနော် စောင့်မျှော်နေမှာ ။  အဘကြိုက်တဲ့  အော်ဂင်လေးလည်း  အဆင်မပြေလို့ မ၀ယ်ပေးလိုက်နိုင်တာ စိတ်မကောင်းသလို  အမေ့ကိုလည်း  ရော့... အမေ  ၀ယ်ချင်တာ ၀ယ်ဆိုပြီး  ဈေးသုံးမပေးနိုင်တာအတွက်လည်း စိတ်မကောင်းဘူး ။ဟုတ်ကဲ့   နောက်တစ်ခေါက်  ပြန်လာရင်  အမေ့အိမ်မီးဖိုးချောင်လေးလည်း ပြင်ပေးမယ်  အိမ်ရှေ့အဖီလေး ချချင်တယ်ဆိုတာလည်း လုပ်ပေးမယ်  ။ အမေ စုထားတဲ့ ပန်းကန်လေးတွေအပြင်  ခုတစ်ခေါက်ဝယ်ပေးလိုက်တဲ့ ပစ္စည်းလေးတွေပါ  ထည့်ဖို့အတွက် အမေ လိုချင်တဲ့  မှန်ဗီရိုလေးလည်း ရစေရမယ် ။


အမေကလည်း အိမ်ပြန်ချိန်မှာ ကျနော့်ကို နှုတ်ဆက်စရာမလိုပဲ  ကျနော်ကလည်း အမေ့ကို ဦးချလို့ သားသွားတော့မယ် အမေ လို့ နှုတ်ဆက်စရာ မလိုတဲ့ တစ်နေ့ဟာ ကျနော့်အတွက် ပန်းတိုင်ပေါ့ အမေ ။ ခု  ...ဘ၀လမ်းကြောင်းပေါ် ကျနော် ဆက်လျှောက်နေတုန်း ပန်းတိုင်ဟာ လက်တစ်ကမ်းမှာလို့ ကိုယ့်အတွေးကို  ကိုယ် အားပေးရင်း ။ ဒီနေ့ ကျနော့်ကို  မနက်ဖန်အတွက်  ကျနော်က အဖော်ပြုရင်း ကျနော် ပန်းတိုင်ဆီ အရောက်လှမ်းမယ် ။










Monday, November 19, 2012

တံခါးဖွင့်ထားသော မြို့ကလေး

နယ်စပ်မြို့ကလေးလို့ ဆိုလိုက်တာနဲ့ စာဖတ်သူတော်တော်များများက နယ်မြေများ လုံခြုံပါ့မလားလို့အတွေးရောက်ချင် ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီမြို့လေးမှာ ဆယ်စုနှစ်တစ်ခုနီးပါးလောက် နေတဲ့သူတစ်ယောက်အနေနဲ့ သိပ်ချစ်စရာကောင်းတဲ့ မြို့ကလေးပါလို့ဆိုရင်  လွန်တယ်လို့ဆိုနိုင်ပါ့မလား။ မဲဆောက်ဆိုတဲ့ မြို့လေးကို ကျနော့တယောက်တည်း အမြင်နဲ့ တွယ်တာနေမိတာများ အလုပ်ကိစ္စနဲ့ တခြားရပ်ရွာသွားနေရတဲ့အခါ ကိုယ့်အိမ်ကိုယ့်ရာကို လွမ်းသလိုမျိုးတောင် ပြန်လွမ်းမိတဲ့အထိ။ ငြိတွယ်မိတဲ့ အကြောင်းတွေကို ကိုယ်ပိုင်ဆန်းစစ်ချက်ကလေးတွေနဲ့ စစ်ထုတ်ကြည့်ရင်း ချစ်ခင်စိတ်ရင်း အမှန်အကန်ဆိုတာကို သေချာသည်ထက် သေချာစေခဲ့တဲ့ မြို့တမြို့ပါ။
 










Saturday, November 17, 2012

စကားပြန် နှင့် ပါရာစီတမော



ဆိုင်လားမဆိုင်လားတော့ ကျနော်လည်း သေချာမသိ  ဒါပေမယ့်  အဲ့ဒီစကားပြန် တစ်ယောက် မနေ့က  ပါရာ ၂ လုံးလောက်သောက်လိုက်ရတယ်ဆိုတာ ကိုယ်တွေ့ ။  ကိုယ်တွေ့ဆိုလို့  တစ်ခြားသူမှမဟုတ်တာ ကိုယ်တိုင်ဖြစ်နေတာကိုးး)    အဟုတ်ပါ  တစ်ခါတလေ   ရုံးအလုပ်အပြင်  အရေးကြီးဧည့်သည်မျိုး ၊အလာပ သလာပ ဧည့်သည်မျိုးတွေ လာတဲ့  အခါကျ  စကားပြန်လုပ်ပေးရပါတယ် ။  အမှန်ကတော့ မလုပ်ချင်ဘူး ရုံးမှာ ခလေးမသေးသေးလေးတစ်ယောက်ရှိတယ်  သူက  ဒီမှာမွေးတဲ့ သူပါ ။မိဘနှစ်ပါက ကရင်တွေပေါ့  ။ သူက ကရင်စကားလည်းရတယ်  ထိုင်းကျောင်းလည်း  ၄ တန်းလောက်ထိနေဖူးတယ် ။  ဗမာစကားလည်း ပြောတတ်တယ်ပေါ့  ဒါပေမယ့် သူက  လူကြီးတွေနဲ့ စကားပြောရမယ်ဆို  ရှက်တတ်တယ် ဘာလို့ဆို စကားကို စကားအတိုင်းပဲပြောတတ်လို့ပါ ဥပမာ ခရိုင်မှုးနဲ့တွေ့လည်း  သူက ဦးလေးပဲ ဗိုလ်မှုးစောချစ်သူတွေ့လည်းသူက ဦးလေးပဲ ခေါ်တတ်တယ်  စကားကိုလှလှအောင်မပြောတတ်တာ  သူ့ကိုယ်သူ သိတော့  ခလေးမက ဧည့်သည်လာရင်  ဦး ပဲ သွား သမီး စကားပြောတာ မကောင်းဘူး နော်  နော် ဆိုပြီး အတင်းတွန်းထည့်တတ်တယ် ။

တကယ်တော့လေ  စကားပြန်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်တဲ့သူတွေကို ကျနော် သိပ်ချီးကျူးပါတယ်  ။ကိုယ်တိုင်လုပ်ဖူးတော့  တော်တော်မလွယ်တဲ့အလုပ်ဆိုတာ သတိထားမိတယ်  ဒါတောင် ကျနော်က  ကြုံတဲ့အခါလေးပဲ လုပ်ရတာမို့တော်သေး ။  တစ်ချို့ဧည့်သည်တွေက  တော်တယ်   စကားကို လိုရင်းအချက်လောက်ပဲ ပြောတယ်  အဲ့အခါကျ ကိုယ်လည်းသက်သာတယ် ပြန်ရတာလည်း အဆင်ပြေတယ် တစ်ချို့တွေကျတော့ဘယ်ဟုတ်မလဲ ထင်မြင်ချက်တွေ ယူဆချက်တွေ နိုင်ငံရေး  လူမှုရေးတွေ  ပြောလိုက်များ  သူလည်းပြောပြီး ကျနော်လည်း ငုတ်တုတ်မေ့ကော  ဘယ်က စပြောလို့ပြောရမှန်းမသိတော့ဘူး ဘော့စ်ကို  လိုရင်း  အဓိကလောက်ပဲ ဘာသာပြန်ပေးတာ  သူက မကြည်တဲ့ပုံနဲ့ ``ဟဲ့…သူပြောတာက  အရှည်ကြီး နင်ပြန်တာက တိုတိုလေးလား´´ တဲ့  ကျနော်လည်း   သူပြောတာက  အရှည်ကြီး ဒါပေမယ့် လိုရင်းမရောက်ပဲ ရှည်နေတာလို့ ပြန်ပြောလိုက်တယ် 

အဲ့လိုဧည့်သည်မျိုး  လာရင် နည်းနည်း စကားလေး ကြိုပြောထားလိုက်တယ် `` အစ်ကို  လိုရင်းကိုပဲ အရင်ပြောနော် ထင်မြင်ချက်တွေ ယူဆချက်တွေ ထည့်မပြောနဲ့ ကျနော် ပြန်ရခက်လို့ပါ ´´   ကိုယ်မတတ်တာ မတတ်ဘူးဝန်ခံထားလိုက်တယ်    အရေးကြီးတဲ့ အစည်းဝေးမျိုးတွေကျ  သိပ်ဂရုစိုက်ရပါတယ်   ဥပဒေ အကြောင်းရာမျိုး လုပ်ငန်းအခေါ်အဝေါ် တွေကျ တစ်ခါတလေ  ကျနော်တို့နဲ့ အလှမ်းဝေးတဲ့  စကားမျိုးတွေဆို အခက်ခဲဖြစ်တယ် ပြီးတော့ ကိုယ့်ကိုယ်ကို လိုအပ်ချက်တွေ အများကြီးရှိပါလားလို့လည်း အားမလို  အားမ၇ဖြစ်တယ် ။စကားကတိုက်ရိုက်ပြန်၇င်  နားဝင်မချိုတာမျိုးတွေလည်းရှိတယ်  အဲ့အခါကျ  ကိုယ့်ပါသာ ဖြတ်  ညှပ်  ကပ် လုပ်ရတာပေါ့  အဲ့တာကြောင့်  တတ်နိုင်သလောက်ရှောင်တယ် မလုပ်ချင်ဘူး   အစိုးရပိုင်းနဲ့ဆို ပိုဆိုး မျက်ခွက်ကြီးတွေက  မာတင်းနေပြီး  ကိုယ့်ကိုယ်ပါ တစ်ခါတလေ ဟောက်ထည့်သေးတယ် ။

 ပါရာစီတမော  ရာဇ၀င်က ဒီလို  မနေ့က ဧည့်သည်တစ်ယောက်ရောက်တယ် သူရောက်တာ ၁၀ နာရီကျော်ကျော်  အဲကွန်းမကြိုက်တဲ့ ကျနော်  ထမင်းမစားရသေးတဲ့ ကျနော်  ၁၂  ခွဲလောက်ထိ  အောင့်အီးထိုင်ပြီး  စကားပြန်လုပ်ရတဲ့အဖြစ် တော်တော်တင်းဖို့ကောင်းတယ်  ကျနော့်ဘော့စ်ကလည်း စိတ်မပါလို့  စကားမပြောချင်ရင်  ၁ နာရီ  စိတ်ပါရင်တော့ ၃ နာရီလောက် အနည်းဆုံးကြာတတ်တယ်  ဟိုဘဲကြီးကလည်း သူဥရောပမှာ ဘယ်လိုကြီးပြင်းခဲ့   ဘယ်နိုင်ငံတွေ နေခဲ့ဖူးတယ်ဆိုတာ ဖောင်းနေလိုက်တာ   ကိုယ့်စိတ်ထဲတော့ ကလိကလိနဲ့  ပြီးတော့ ဘိုလိုတွေလည်းမှုတ်   ဒီကတစ်ယောက်ကလည်း အားကျမခံ ဘိုလိုပြန်ပက်  အသံထွက်ချင်းက မတူတော့ ကိုယ်က  ကြားက  ၀င်ဖြေရှင်း  အားပါးပါး ခေါင်းတွေပါကိုက်တယ်    ၁၂ ခွဲလောက်ကျတော့  ဗိုက်က  အရမ်းစာနေပြီ  တော်သေးတာပေါ့ ဘော့စ်က နာရီကြည့်လိုက်လို့   ထမင်းသွားစာရအောင်ဆိုပြီးအပြင်ထွက်စားကြတာ  ၀ဋ်ကျွတ်ပြီထင်နေတာ  ဘယ်ဟုတ်မလဲ  ဆိုင်ေ၇ာက်တော့ အစားသောက်အကြောင်းပါ ဆက်ပွားကြသေးတာ ကိုယ်လည်း ခေါင်းတွေ မူးလာတော့ ဆိုင်ကြော်ငြာရိုက်နေတဲ့ မင်းသမီးလား ဘာလားမသိ  သေချာပြင်ဆင်ထားတဲ့ ပုံလေးပဲ ချစ်စရာကောင်းလို့  ငေးလိုက်တာ  `` ဟဲ့…ဒီမှာကြည့်လေ  ဘာငေးနေတာတုန်း ´´  တဲ့  အော်…ဘ၀ ဘ၀  ငမ်းတာတောင် လွတ်လွတ်လပ်လပ်  မငမ်းရတဲ့  ဘ၀ပါလားနော်   ဆိုင်က ပြန်လာတော့  ၃နာရီကျော်ပြီ   မနေ့က အလုပ်လည်း ဟုတ်တိပတ်တိ သိပ်မများပဲ  ခေါင်းကိုက်သွားလို့  ပါရာတစ်လုံးသောက်လိုက်ရတယ် ။ ညနေရုံးဆင်း  သင်တန်း  ၂ နာရီ သွားဆက်တတ်တော့  ခေါင်းကပြန်ကိုက်ပြန်ကော  အဲကွန်းမတည့်ဲ အကြာကြီးထိုင်ရ ဆိုတော့ ညက နှာလည်းစီး  ခေါင်းလည်းနောက်   ရေအစောကြီးချိုးပြီး ဆေးသောက်  အိပ်ပစ်လိုက်တယ် ။

စကားပြန်အလုပ် လုပ်ရတာများ  ကျန်တာတွေ  ခေါင်းကိုက်ရပေမယ့် ဖြတ် ညှပ် ကပ်  လုပ်တတ်လွန်းလို့ ရွှေပြည်ကြီးပြန်ရင်  အပ်ချုပ်ဆိုင်တောင် ပြန်ဖွင့်စားလို့ရလောက်ပြီ ။





Tuesday, November 13, 2012

သက်တံ့ ၄ စင်း

သက်တံ့ ၁၀ စင်းလုံးကို တစ်ခါတည်း ရေးလိုက်ချင်ပေမယ့်  ဖတ်ပြီးရင် မေ့တတ်တဲ့ ကျနော့်အကျင့်ကြောင့်  နည်းနည်းချင်းစီရေးလိုက်ပါတယ် ။

ကိုဏီ ... သူ့ကို ကျနော် ဘလော့မရေးတဲ့ ၂၀၀၉ လောက်မှာ စပြီးနာမည်ကြားဖူးတာ  ကျနော် ဘလော့ပြန်ရေးတော့ သူက ကျန်းမာရေးကြောင့် ဘလော့နားတော့ သိပ်မရင်းနှီးလိုက်ဘူး  ကျန်းမာရေးကြောင့် ဘလော့နားတဲ့အကြောင်း အသံဖိုင်လေးတင်ထားတုန်းက သိပ်မ၇င်းနှင်္ီးပေမယ့်  စိတ်မကောင်းဖြစ်မိသေး  သူ့အသံက  ဂရုဏာသံပါတယ်  (ကောင်မလေးတွေဆို ကြွေလောက်တယ် ) ။   စာအုပ်တောင်းတုန်းက ဖုန်းဆက်ဖြစ်တော့ ဖော်ဖော်ရွေရွေနဲ့ စကားတွေ ပြောပေးတဲ့အတွက်  ကိုဏီ့ ...ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား ။

 



အသံများနှင့်မှာ ကောင်လေးတစ်ယောက်နဲ့ သက်မဲ့ဘူတာရုံလေးအကြောင်း  ရိုးရိုးလေးပေမယ့် လောကနိယာမအကြောင်းလေးတွေ ပါးပါးကလေး ပြောပြသွားတာ ကြိုက်တယ် ။  ကျနော်လည်း  အဲ့လိုလေးရေးတတ်ချင်တာ ဒါပေမယ့်  မရေးတတ်ဘူးရယ် ။ ဘူတာရုံလေးဟာ လောကကြီးနဲ့ သဟဇာတဖြစ်ဖို့အကြောင်း ပတ်ဝန်းကျင်နဲ့ ဘယ်လိုအခြေနေမျိုးမှာပဲဖြစ်ပါစေ  နေတတ် ဖြေသိမ့်နိုင်ဖို့လိုတယ်ဆိုတာ ကောင်လေးကိုပြောပြသွားတာ
ပေါ့။  ကျနော်ဖတ်ဖူးတဲ့ ပေါ်လီယာနာ ၀တ္ထုထဲက ဇတ်ကောင်လေးနဲ့တောင် ခပ်ဆင်ဆင် ။


နောက်တစ်ပုဒ် နိဂုံမဲ့တေးသွား   အဲ့ဝတ္ထုလေး တကယ်ကောင်းတယ်   ။ ကောင်းတယ်ဆိုတာထပ် ချစ်စရာကောင်းနေတော့တာ   အဲ့စာလေးဖတ်ရင်း ကျနော့် ဘယ်ဘက်ရင်အုံလေး တစ်ချက်ချက် ထ ခုန်တယ် ။ ဟုတ်တယ် .. မောင် လို့ ခေါ်သံ ကြားရင်  သိပ်ရင်ခုန်တာ  တိုက်ဆိုင်မှုရှိတိုင်းပေါ့ ။ ပြီးတော့ ဇတ်ကြောင်း ကို ပြသွားတာလေး သဘောကျတယ်  ဇတ်လမ်းထဲက မြင်ကွင်းတွေကိုယ်တိုင်မြင်ရသလို  ယင်ကောင်ပျံတာပဲ ကြားလိုက်ရသလို မိုးတွေပဲ  ကိုယ့်နားရွာနေသလိုမျိုးပေါ့ ။  ဇတ်လမ်းထဲက မောင် နဲ့ တူတဲ့ ခံစားချက်မျိုး  ကျနော်လည်းဖြစ်ဖူးတယ် စိတ်ဆိုးလို့ ဆိုးမှန်းမသိ   အချော့ခံချင်တယ်ပြောမလား ကိုယ့်စိတ်ခံစားချက်ကို သူမသိတဲ့ အခါမျိုးမှာ  လူက နေမထိ ထိုင်မသာ ဖြစ်လို့  တစ်ခုခုကို အရွဲ့တိုက်ချင်နေတာမျိုး  ပြီးတော့  သွယ် မေးတဲ့  အမေးကို ဆောင့်ကြီးအောင့်ကြီးနဲ့ မုန့်လင်မယား တွေလို့  ဖြေတာလေးလည်း ကြိုက်တယ်း) တစ်ခြားမုန့် ဘာလို့ မ၀ယ်ခဲ့တာလဲ ဖြစ်မိသေး  :P   ကျနော် မုန့်လင်မယား မစားဖူးဘူးဗျ ။

ဇတ်လမ်းလေးက  သံသယတွေကြားက မောင်နဲ့ သွယ် ရဲ့ အကြောင်းလေးပေမယ့် စာရေးသူရဲ့ ဖန်တီးမှုကြောင့် ဇတ်ကကြွလာတာမျိုးပါ  ဖတ်ဖူးတဲ့သူတိုင်း နှစ်သက်မယ်လို့ထင်ပါတယ်  တစ်ခုလေးပဲ  အဲ့ ၀က်ခေါင်းသုတ် နဲ့ ၀က်ခြေထောက်စွပ်ပြုတ်   အနံ့ခပ်ပြင်းပြင်းကြီး နှာခေါင်းထဲ ၀င်လာသလိုပဲ  ။ အတွေးဝင်မိတာ စာရေးသူက အဲ့လို မုန့်လင်မယားတွေ ၀က်ခြေထောက်တွေများ ကြိုက်နေရော့သလားလို့   ။ စာရေးသူနဲ့ဆုံမှ  ၀ယ်ကျွေးခိုင်းဖို့ မှတ်ထားလိုက်တယ် ။






မမြတ်မွန် ကို အွန်လိုင်းဝတ္ထုတို ပြိုင်ပွဲတွေမှ စသိတာ ။ ဖေ့ဘွတ်မှာမြင်ဖူးလိုက်တာ တရုတ်သိုင်းကားတွေထဲက မင်းသမီးနဲ့တူတယ်  ။ စကားတော့မပြောဖူးဘူး။ သူ့ရဲ့ ၀တ္ထု ၂ ပုဒ်လုံးက နိုင်ငံခြားရောက်သူတွေရဲ့အတွေ့ကြုံလေးတွေ  ကျနော်တို့မသိတဲ့  အကြောင်းရာတွေ သိနိုင်တယ် ။ မေတ္တာဖြင့်ကာ..... ... မှာ  နိုင်ငံခြားမှာ ကြီးပြင်တဲ့ ခလေးတွေရဲ့ စရိုက် မြန်မာမှုမဆန်တော့တာတွေကို စာရေးသူက ပေးသွားတာ  မြန်မာ့လူနေမှုမဟုတ်တဲ့နေ၇ာမှာ ကြီးပြင်းတဲ့ ခလေးတွေရဲ့ စရိုက် ကိုယ့်သားသမီးကို မြန်မာ့ယဉ်ကျေးမှုအတိုင်းသား ရှိစေချင်တဲ့ မိဘရဲ့ မေတ္တာ  ။ ကျနော်တို့ဆီမှာလည်း မြင်ဖူးပါတယ်  ခလေးတွေမိဘတွေအပေါ်ဆက်ဆံတာက  ကိုယ့်ယဉ်ကျေးမှုနဲ့ မညီတော့ မြင်ရ ကြားရတာ ဆိုးတယ်    ဇတ်ကောင်ရဲ့ မြန်မာပြည်ပြန်ကြဖို့ ဆုံးဖြတ်ချက်အတွက် လေးစား သဘောကျတယ်  သူ့ဆုံးဖြစ်ချက်မှန်ပါတယ် ။ ငွေနောက်သာ ဆက်လိုက်နေမိရင် သားသမီးတွေရဲ့နောင်ေ၇း  တွေးရင်းနဲ့ကို ရင်လေးစရာ ။

မသိကိန်း၏တန်ဖိုး ကတော့ ကျနော်တို့နယ်တွေဘက်ကြားဖူးနေကြလေး  ရှေးအယူခေါ်မလား များများသိတော့ များများတွေးမိတာမျိုး ကိုယ့်အတွေးကတင် ကိုယ့်ကို စိတ်အနှောင့်ယှက်ဖြစ်စေတာမျိုးပေါ့ ။လှည်းဦးတိုက် လှေဦးတိုက် တို့ ကြက်လျှာစွန်း တို့ အဲ့တာတွေက ခိုက်တဲ့အကြောင်း  လူကြီးတွေပြောတာကြာဖူးတယ် ။  ဒီဇတ်လမ်းမှာ  ကျနော်အကြိုက်ဆုံးက အရင်အိမ်ငှားပြောသွားတဲ့ စကားလေး  * တစ်ချို့ကိစ္စတွေက မသိတာ ပိုတန်ဖိုးရှိတယ်တဲ့  *  ဟုတ်ပါ့ များများသိရင် များများ ပိုတွေးရတာဖြစ်တတ်တယ်မှတ်လား  ။




အမြဲတမ်း ဦးထုပ် စောင်းနေတတ်တဲ့ လူကြီးပေါ့း)  သူ့အကြောင်း များများမသိဘူး  သိတာကတော့ ကိုယ့်လိုပဲ မန်ယူ ပရိသတ်ဆိုတာလောက်ပဲသိတယ်  ။ များများမသိတော့များများမရေးတတ်ဘူး အဲ့တော့မရေးရတော့ဘူးပေါ့ ။ ဘက်မလိုက်ပဲပြောမယ် ဒီစာအုပ်မှာ ကျနော်အကြိုက်ဆုံးက   ကိုမြစ်ကျိုးအင်း ရဲ့  နှလုံးသားရှိတဲ့အရပ်   ကိုပါ သိပ်ကြိုက်တယ် သေချာတာကတော့ ဖတ်ပြီးသားစာအုပ်လည်းပြန်ပြန်ဖတ်တတ်တဲ့ ကျနော့်အတွက်  ဒီဝတ္ထုကတော့ ကျနော် ခဏခဏကိုပြန်ပြန်ဖတ်မိမယ့် တစ်ပုဒ်ပဲ ။  အဝေးရောက်သူတွေအတွက် မိသားစုအပေါ် ခံစားချက်လေး ကိုယ်လည်း အဝေးရောက်သားတစ်ယောက်မို့ တစ်ချို့ခံစားချက်တွေ တူတယ် ။ ကိုယ့်အဖြစ်က  သူ့အဖြစ်ထပ်တောင်ဆိုးသေး  အစ်ကိုတွေ က မူးတတ်တော့ ပြောရမှာပျင်းလို့  ဟလို လို့ အာလေးလျှာလေးသံနဲ့ ထူးသံကြားတာနဲ့ကို ဖုန်းချပစ်လိုက်မိတာ ။

ခုချိန်ထိ မိသားစု နဲ့စကားပြောရင် သားလို့ ပြောမိတာချင်းလည်းတူတယ်  ။ တန်ဖိုးဖြတ်မရတဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေကို ကျနော်တို့ရဲ့ လုပ်အားတွေနဲ့ ကျနော်တို့တစ်ခါတလေ တန်ဖိုးဖြတ်မိတယ်လေ  ဒီစာကလေးဖတ်ရင်း  အစ်ကိုတွေအပေါ်စိတ်ကောက် စကားမပြောမိတာကြာတဲ့ ကျနော့်ကိုယ် ကျနော်တောင် ငါမှားနေပါလားလို့ အတွေးဖြစ်မိပါတယ် ။ မှားတာကို မှားတယ်ဆိုတာ ၀န်ခံဖို့ထပ် ငါ့လုပ်ရက်မှားနေပါလားဆိုပြီး  နောင်တအတွေးတွေ ပိုက်ထွေးထားတဲ့ ကိုယ်တိုင်တောင် ပင်ပန်းလိုက်တာလို့တွေးသနားမိပါရဲ့ ။ ဒီထဲက အစ်ကိုကြီးရဲ့ မူးပြီးအက်ကြောင်ထပ် ပြောတာတွေ ကျနော်လည်းကြုံဖူးတယ်း)  ခုချိန်ထိ အစ်ကိုတွေက ငါ့ညီ ဆိုတဲ့  နာမ်စားလေးသာ သုံးနေတုန်းပေမယ့်  တစ်ခါတလေ ခေါ်ရင် ဗျာလို့မထူးပဲ ဟင်း လို့ သံရှည်စွဲ ထူးတတ်တဲ့ ကျနော့်ကို သူတို့ဘယ်လိုစိတ်မျိုးနဲ့ခွင့်လွှတ်တာပါလိမ့်။  ကျနော်တို့အတွက် စစ်မှန်တဲ့ နားခိုရိပ်ဟာ နှလုံးသားရှိတဲ့အရပ်ပေါ့  အဲ့တာတွေဟာ မိသားစု ဆီမှာပဲ ကျနော်တို့ ရနိုင်လိမ့်မယ် ။



ဘလော့ဘိုအေကြီး ကိုရန်အောင်....   စာအုပ်ထဲမှာတော့ ရေခဲငှက် တဲ့ အေးစက်စက်တော့နိုင်မယ်ထင်တယ် ။ဘလော့ခေတ်ဦးမှာ  နည်းပညာအကြောင်းတွေ ရေးပြီး ဖော်ဖော်ရွေရွေရှိတတ်တဲ့ သူပေါ့  ဒါပေမယ့် ကျနော်နဲ့တော့မရင်းနှီးဘူး ကျနော့်စာတွေလည်း သူလာဖတ်တာမတွေ့ဘူး  သူ့ဆီမှာလည်း ကျနော် ကော့မန့်မပေးဖူးဘူး  ရေခဲငှက် ရဲ့ ကဗျာတွေပဲ ဖတ်ဖူးတာ   ရန်အောင် ဆိုတာကြီးက  ကျနော်နဲ့တော့စိမ်းတယ် (ခုနောက်ပိုင်းတော့ မစိမ်းတော့ပါဘူး :P  )အမှာစာမှာ ရေးထားတာလေ  အဝေးက မိခင်ကြီးကို ပထမဆုံး စာအုပ်ကလေးနဲ့ ဂါဝရ ပြုအပ်ပါတယ်ဆိုတာလေး ဖတ်မိတော့  ကိုယ်ပါ ၀င်ရောက်ခံစားမိတယ်  ။ မြင်းရိုင်း ရဲ့ ဇတ်ရုပ်ကလေးကို   ဒီအမှာစာ မှာ တွေ့လိုက်ရသလိုပဲ ။   ကျနော်မရှင်းတာလေးက  စာမူများကို မိတ်ဆွေစိတ်  ၊စာပေမောင်နှမစိတ် အပြည့်ဝထားပြီး  ရေးသားပေးပို့ကြတဲ့ ဘလော့ဂါလူငယ်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဆိုတဲံ့နေရာလေး.....  ဂုဏ်ပြုပြောကြားလိုပါတယ် ဆိုတော့  အင်း  ဂုဏ်လည်းပြုတယ် ကျေးဇူးစကားလည်းဆိုတော့ ကျေနပ်စရာ ကောင်းပြန်ကော ။


မြင်းရိုင်းဟာ ထက်မြက်တဲ့ သားတစ်ယောက်အကြောင်း ၊ အဝေးရောက်ရုန်ကန်နေတဲ့ သူတစ်ယောက်အကြောင်း  ကိုယ်မသိတဲ့ စာရေးသူရဲ့  ဘ၀တစ်စိတ်တစ်ဒေသ ကို  လှမ်းတွေ့လိုက်ရတယ် ဖခင်ကြီးကွယ်လွန်ခါနီး အချိန်မှာ   မိသားစုရဲ့ ခံစားချက်တွေက  တကယ်ပဲကြေကွဲစရာ ။  ဒီဇတ်လမ်းထဲက အစ်မတွေလို ကျနော့်အိမ်ပြန်ချိန်တွေ နောက်ကျမှာ သိပ်ကြောက်မိတယ် ။မြင်ရိုင်းမှာ ကျနော်ကြိုက်တဲ့ စာကြောင်းလေးက * အဖေ့ကိုကြည့်ရတာ  မကြာခင်မှာ စိမ်းကားသွားတော့မယ့်  အရင်းနှီးဆုံးလူတစ်ယောက်နဲ့  လမ်းခွဲစကားဆိုနေရသလိုပါပဲ *  ဆိုတာလေး   သရုပ်ဖော် စကားလုံးက  အဲ့နေရာမှာ သိပ်လိုက်ဖက်တယ်ထင်လို့ထင်ပါတယ် ။မြင်းရိုင်းဟာ မိခင်အတွက်  အမှောင်ကို ခွင်းမယ့် အလင်းတန်းလေးတစ်ခုပါပဲ   ကျနော်တို့မသိတဲ့ စာရေးသူရဲ့ ပုံရိပ်တစ်ချို့ကို မြင်းရိုင်းမှာ  ၀ိုး၀၀ါး တွေ့လိုက်ရတယ် ။



ဆက်ပါအုံးမယ် ။။။









Saturday, November 10, 2012

သက်တံ့ ၂ စင်း

သက်တံ့ ၁ဝ စင်း   .......အမှတ်တရများစွာဖြင့်  ချစ်ခင်ခြင်းများစွာဖြင့်   ဖတ်ပါသည် ။ 


 ဒီစာအုပ်လေးကို ရဖို့ ရာဇ၀င်လေးရှင်းပြချင်ပါသေးတယ်  ဒါကြောင့် ပို့စ်ရှည်သွားမှာ စိုးတာနဲ့  ၂ စင်းပဲ အရင်ရေးပါတယ် ။  ကျနော်နေတဲ့ နေရာက နယ်စပ်သာပြောတယ်  ပြည်မထဲက လာမယ်ဆိုရင်  ကားလမ်းကမကောင်း   ဇိမ်ရှိရှိ နဲ့ လာဖို့ဆိုတာ အဆင်မပြေဘူး   ။  ကိုယ်ကလည်းမပြန်ဖြစ်  စာအုပ်ကလေးကိုလည်းဖတ်ချင်တယ် ဘယ်လိုလုပ်ရပါ့   မှန်တာဝန်ခံရရင်  ခင်မင်စွဲကြောင့် ခုလို အပူရှာရတာပါ  ဘယ်လောက်ကြိုက်တဲ့ စာအုပ်ဖြစ်ဖြစ် ရေးမှတ်ထားပြီး  ကိုယ်ရန်ကုန်ရောက်မှ ၀ယ်တတ်တာ  ခုတော့ အဲ့အထိမစောင့်နိုင်လို့ဘယ်သူ့ဆီက  ရမလဲ  အရင်ချောင်းရပါတယ် ။ အွန်လိုင်းမှာ  ကိုဏီလင်းညို ကိုတွေ့တော့ တောင်းတယ် သူက ရှိသေးတယ် ပြောတယ် ဒါမယ့်  လူကြုံက  သိပ်ရှားတာ   မြ၀တီက  အသိဦးလေးရန်ကုန် ဆင်းမယ်ဆိုတော့  သူ့ကို မှာလိုက်တယ် သူ ယူခဲ့ပေးချင်အောင်တော့ ပြောရတာပေါ့  * ကျနော့်အစ်ကိုတစ်ယောက် စာအုပ်ထုတ်လို့ဗျ  အဲ့တာ ကျနော့်ကို  ယူခဲ့ပေးလို့ရမလား  ဖုန်းဆက်ထားပြီးပြီ   ဟုတ်တယ် ဟုတ်တယ်  အရေးကြီးလို့ မဟုတ်ရင်  နောက်မှ  ကျနော်ပြန်မှ ယူတာပေါ့ ခုကတော်တော်အရေးကြီးလို့  နော် ဦး နော်  *  ပြီးတော့ သူ အကူညီပြန်တောင်းတာလေး လုပ်ပေးရသေးတယ်း) ။  အားကိုးရသား  ကိုဏီ့ အိမ်အထိ သွားယူပေးတယ်တဲ့  ။  သူ ရန်ကုန်က ဖုန်းဆက်တိုင်း   မပြန်လာသေးဘူးလား ခဏခဏမေးတယ် သတိရလို့မဟုတ်ဘူးရယ် စာအုပ်လိုချင်လို့   :P

နောက်တစ်ခု....ကျနော်က အမှတ်တရတွေကို သိမ်းဆည်းရတာ သိပ်မြတ်နိုးပါတယ်  ကောင်းသော အမှတ်တရဖြစ်ဖြစ် ဆိုးသော အမှတ်တရဖြစ်ဖြစ်ပေါ့  ဒါကြောင့် ဒီစာအုပ်ထဲက အစ်ကို/ အစ်မ တွေဆီက  လက်မှတ်ကလေးတွေ မေးလ်ကနေ တောင်းလိုက်တယ်  ။ဖိုတိုလုပ် ပြီးရင် စတစ်ကာလေးလုပ်ဖို့ဆိုတဲ့ စိတ်ကုးကလေးနဲ့ပါ အားလုံး အလုပ်ရှုပ်သွားကြမယ်ဆိုတာ သိပါတယ် ။  အမှန်ပါ ကျနော်လည်း သိပ်အားပြီး လိုက်လုပ်နေတာမဟုတ်ပါဘူး အကယ်လို့ မိတ်ဆွေများ စိတ်အနှောင့်ယှက်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ဆိုတာ ပြောပြချင်ပါသေးတယ် ။လက်မှတ်ကလေးတွေ ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ ။


+++++++++++++++++++++++++++++++++++++++++++++++++++++


စာအုပ်မျက်နှာဖုံးလေးကအစ ချစ်စရာကောင်းပါတယ် အွန်လိုင်းစုစည်းမှုနဲ့လည်းကိုက်တယ်  ပြီးတော့ မတူတဲ့ နေရာတစ်ခုစီက  အရောင်ကွဲကြသူများရဲ့ စုစည်းမှုက တစ်စုတစ်စည်းထဲ ။  ကိုကျော်အောင်မော် ရဲ့ အမှာစာကို ဖတ်ရင်း  ကိုယ်လည်း သူနဲ့ ခံစားချက်ကလေးရလိုက်တယ်  သက်တံ့တွေ တစ်စင်းပြီး တစ်စင်း ဆေးရောင်ချယ်သွားကြတာ လှလှပပ   ပြီးတော့  ဒင်းတို့တွေ ရေးတတ်လိုက်ကြတာဆိုပြီး မနာလိုတွေတောင်ဖြစ်လို့  အဟုတ်။



ခုတော့  သက်တံ့ ၁၀ စင်း ကျနော့် စာအုပ်စင်ပေါ်ရောက်ပြီ  သူတို့ဆီကို လိုက်လည်စရာမလိုပဲ ခုတော့ ကိုယ့်စာအုပ်စင်ပေါ် သူတို့ရောက်လာရပြီပေါ့း) ။



စာအုပ်ရတဲ့ ညနေပဲ  ချက်ပြုတ် စားသောက်  ရေမြန်မြန်ချိုးပြီး  စာအုပ်ကလေးကိုဖတ်ပါတယ် ။ ပြီးတော့ အမှတ်တရ  ဖြစ်အောင် ဓာတ်ပုံလေး  အရိုက်ခံလိုက်သေးတယ် ။ ကဲ  .....စဖတ်ပါပြီ ။
အမှာစာမှာ ဆရာကြီး  ၂ယောက်လုံးညွှန်းထားတဲ့ အမွေအနှစ်ကို စဖတ်တယ် ။  မလေးဟာ  သိပ်နုညံ့တဲ့ ရိုးသားတည်ငြိမ်တဲ့ အမျိုးသမီး တစ်ယောက်ပါ  သူ့ကို ကျနော် ဘလော့မရေးခင် ဟိုး ၂၀၀၇  လောက်ကတည်းက သိတယ် ကျနော် စာမရေးခင် စာဖတ်ကတည်းက  သူ့ဆီပုံးကလေးမှာ  သွားသွားရန်တွေ့တတ်တာ ။ စာ ကဗျာ ၀တ္ထုကလေးတွေကို  စကားနုနုလှလှကလေးတွေနဲ့ ပုံဖော်တတ်တဲ့ မလေး ရဲ့ စာကို  ကျနော်က လှိုင်းခွပ်ကလေးတွေ  ပြီးတော့ သဲသောင်ပြင်   ၊ ဆံပင်တွေ လေထဲတိုးဝှေ့သွားတဲ့ အကြောင်းတွေပဲလို့ထင်လိုက်တယ်း)  စိတ်မဆိုးနဲ့  ကျနော်က မလေးစာတွေ နောကြေနေပြီးသားမို့ပါ  ဒါပေမယ့် အမွေအနှစ်ကိုဖတ်လိုက်ပြီးတော့ ပန်းခင်းထဲမှာ ကျားတစ်ကောင်ကိုတွေ့လိုက်ရသလို  အရေးသားမျိုးကိုတွေ့လိုက်တယ်  ဒီပို့စ်ကို ဖတ်ဖူးသလိုလိုပဲ သိပ်မသေချာဘူး မမှတ်မိတာလည်း ဖြစ်နိုင်တယ် ။

အမွေအနှစ်ဟာ လက်ရှိဖြစ်ပျက်နေတဲ့  အခြေနေကို ထင်ဟပ်စေပါတယ်  ပြီးတော့ နိုင်ငံခြားရောက် မြန်မာတွေအတွက် ဖတ်သင့်တဲ့ စာတစ်ပုဒ်   အဲ့တာထက်ပို  မိခင်ဘာသာစကားကို မေ့ပါပြီဆိုတဲ့  ဇီးသီးသည် ကိုဗျိုင်း မဗျိုင်း တွေဖတ်သင့်တဲ့ စာတစ်ပုဒ်  ။  တစ်ခါတလေ   စကားပြောရင်း အီး လို ညှပ်ညှပ်ပြောတတ်တဲ့ ကိုယ့်ကို  အရှက်ရစေတဲ့ စာတစ်ပုဒ် ။ ကျနော်ပတ်ဝန်းကျင်မှာ ဒီထဲက အဖြစ်မျိုးကြုံဖူးပါတယ်  ကုန်တိုက်မှာ ဈေးသွားဝယ်တဲ့အခါ  ငွေရှင်းကောင်တာက အမျိုးသမီးတွေက  ဈေးဝယ်ပြောတာ နားလည်ရဲ့သားနဲ့ မသိသလို ထိုင်းလိုပြန်ပြောတာမျိုး ခဏခဏ ကြုံဖူးပါတယ်  ။ ဘန်ကောက်လိုနေရာမှာ နေတာ  ၅ နှစ်ကျော်  မြန်မာပြည်ပြန်ကာနီးကျ  မှတ်ပုံတင်စစ်ရင် ဘယ်လိုလုပ်မလဲ သမီးက မြန်မာလိုမပြောတတ်တော့ဘူးဆိုတဲံ့အမျိုးသမီးငယ်တွေကိုတွေ့ရတဲ့အခါ  အရွဲ့တိုက်ပြီး  * မြန်မာလိုမပြောတတ်တော့ရင်  လ၀က  ကနင့်ကိုဖမ်းလိုက်မယ်* လို့ ရွဲ့ပြောခဲ့တာလေး အမှတ်ရတယ် ။  ဆရာရဲသျှမ်းစကား အတိုင်းပြောရရင် မလေးကို ကျေးဇူးတင်တယ်  ဟုတ်တယ် မလေး  တကယ် တာဝန်ကျေတယ် မောင်တွေ  ကြယ်တွေမဟုတ်ပဲ ဒါမျိုးခပ်ပြင်းပြင်းလေး ဖတ်ရတဲ့အတွက်ပိုကျေးဇူးတင်တယ် ။


ဒီမနက်  အွန်လိုင်းမှာ  မလေးနဲ့ စကားခဏပြောဖြစ်တော့ အမွေအနှစ်ကိုဖတ်ပြီး ခရေရှင်ကိုဖတ်လိုက်တော့  အရသာမတွေ့တော့ဘူးလို့ပြောလိုက်တယ်း)  သူက ဘာလို့ ခရေရှင်ကို အရင်မဖတ်လဲ မေးသေး  ။ ခရေရှင်မှာ စာရေးသူရဲ့ မူရင်း ၀ါကျစကားလုံးရွေးချယ်မှု  လှလှကလေးတွေကို တွေ့ရသလို  အလွမ်းဓာတ်ခံရှိတဲ့ ခံစားချက်ကလေးတွေကိုလည်းတွေ့ရမှာပါ ။  ရုပ်ရှင်လတ်မှတ်ကလေးနှစ်စောင်ကို ဖတ်တုန်းကအရွယ်   ၂၀စွန်းစ အရွယ်မှာ ကျနော်ဖတ်ရင်တော့ သိပ်ကြိုက်တာလို့ပြောမိချင်ပြောမိမှာ  ခုတော့  အရွယ်ကလေးရလာတော့  အဲ့တာတွေ သိပ်စိတ်မထိတော့ဘူးရယ်  စာကမကောင်းလို့မဟုတ် ကျနော့်ခံစားချက်တွေ  ဖုန်တက်နေလို့ပါ  ။ခရေရှင်မှာ  အကြိုက်ဆုံးက ကဗျာ   ။ ပုံဖော်သွားတာလေး သိပ်ကြိုက်တယ် ။


++++++++++++++++++++++++++++++++++++++++++++++++++++++






ဒါက  ကိုညီ့ ရဲ့  အမှတ်တရ လက်မှတ်ကလေး  သိပ်ကျေးဇူးတင်ပါတယ်  သူရေးထားတဲ့ စာထဲကလို  သူ့မှာ လူ လူချင်း အသိမှတ်ပြုမှုရှိတယ် ။ အမ နဲ့ အဘ အကြောင်း  ကျနော့်ရဲံ  အလွဲကလေးတွေကို  နှစ်သက်တတ်တဲ့  ကိုညီ  နဲ့က  ခုတစ်ခေါက်စာပြန်ရေးမှ သိတာ စာတစ်ပုဒ်တိုင်း လေးနက်တဲ့ မှတ်ချက်ကလေးတွေ ပေးတတ်သလို   သူ့စာတွေတိုင်းမှာ  ကော့မန့်တွေကို  မှတ်မှတ်ရရ ရီပလိုင်းပြန်နေတာဆိုလို့  ဘလော့ဂါတွေထဲ သူတစ်ယောက်ပဲ ရှိမယ်ထင်တယ် ။မိသားစုနဲ့ ဖြစ်ပေမယ့်  စာတွေပုံမှန်ရေး ပုံမှန်ဖတ်နေနိုင်တာကိုက  ဘလော့အပေါ်ကော မိတ်ဆွေတွေ အပေါ်မှာပါ   အလေးထားမှုကို တွေ့လိုက်ရတယ် ။အစ်ကိုရေးတဲ့ စာနှစ်ပုဒ်လုံးကို ဖတ်ရင်း  ခံစားလိုက်ရတာက  စိမ်းမနေဘူး အစ်ကိုတစ်ယောက်နဲ့  လက်ဖက်၇ည်ဆိုင် တူတူထိုင်ပြီး  သူပြောပြတဲ့ အကြောင်းနားထောင်လိုက်ရသလိုပဲ  ခံစားမှုက နွေးတယ် ။

ကတ်ကြေးတစ်ကိုက်  မှာ  ဖခင်တစ်ယောက်ရဲ့  မေတ္တာတရား အကြောင်းလေး    အဲ့စာဖတ်ရင်း  ဒါက ကိုယ်တွေ့မို့  အဲ့လောက်ရေးနိုင်တာလို့ဖြစ်မိတယ် ဟုတ်တယ်လေ   ဒီလိုစာမျိုး ကျနော့်ေ၇းခိုင်းကြည့်ပါလား  ဘယ်လိုမှကိုရေးတတ်မှာမဟုတ်  ပြီးတော့  အဲံ့လို ခံစားချက်လေးကို ချစ်တယ် ကျနော်လည်း  ခလေးအဖေ ဖြစ်ချင်စိတ်လေး ၀င်သွားမိတယ်  ကျနော်ဆိုလည်း  အဲ့လိုဖြစ်မှာလို့ပေါ့   ဒါပေမယ့် ဝေးခဲ့ပြီး ပန်းခရမ်းပြာရေပဲး) ကတ်ကြေးညှပ်တော့မယ်ဆိုတော့  ကိုယ့်လက်ကလေးတောင် လိုက်ပြီး တုန်သွားမိသလိုပဲ  ဟုတ်သား   သားကလေး နာသွားရင် ဒုက္ခနော် ။ အရိပ်ရဖို့ အသီးစားရဖို့ထက်  ချစ်ခြင်းမေတ္တာဖြင့်သာ စိုက်ပျိုးခဲ့တဲ့  သစ်ပင်ကလေးက  လောကအလည်မှာ  လှပစွာ ရှင်သန်နေမယ်ဆိုတာ ယုံကြည်မိတယ် ဘာလို့ဆို  ဒီသစ်ပင်ကလေးမှာ  ချစ်ခြင်းတရားတွေနဲ့  ဥယျာဉ်မှူး နှစ်ဦးရှိနေတယ်လေ ။


နောက်တစ်ပုဒ်  ..အသိမှတ်ပြူမှု တဲ့ ကိုယ်သိပ်ကြိုက်တဲ့  စကားလုံးလေ ။ ဟုတ်တယ်  လူမှုဝန်းကျင်မှာ   ဒီစကားလုံးဟာ သိပ်လိုအပ်တယ်  ပြီးတော့  လက်တွေ့ကျင့်သုံးနိုင်ဖို့လည်း လိုအပ်တယ် ။  လူတစ်ယောက်ဟာ  အသိမှတ်မပြု ခံရတာလောက်  ခံရခက်တာမရှိ  မိသားစုဖြစ်ဖြစ် မိတ်ဆွေ သူငယ်ချင်းဖြစ်ပေါ့ ။ ကျေးဇူးတင်စကား လေးက ပြောရ မခက်လှပါဘူး ၀တ်ကျေတန်ကျေမဟုတ်ပဲ   တကယ်ပဲ ကိုယ့်အပြုမူက  ကျေးဇူးတင်စကားဆိုတတ်ဖို့လိုတဲ့အကြောင်း  စာရေးသူက  ချပြသွားတယ် ။ စာဖတ်ပြီး ကျနော်အကြိုက်ဆုံးစာသားလေးက **  အမုန်းဆိုတာ  သစ်ရွက်ပါးပါးလေး တစ်ရွက်လိုပါပဲ ။ နားလည်မှုဆိုတဲ့ လေပြေလေးသာ ညင်ညင်သာသာ တိုက်ခတ်မယ်ဆိုရင် လေအဝှေ့မှာ မြောက်ခနဲ လွင့်ပါပြီး  အချစ်ဘက်အခြမ်း နဲ့  သိမ်မွေ့စွာ ပြန်ကျလာနိုင်ပါတယ် ။ **   လှလိုက်တဲ့  ဥပမာလေး   ရိုးရိုးကလေးနဲ့ နားလည်ရ လွယ်တယ်    ဟုတ်တယ် ကျနော်တို့တွေ နားလည်မှု လေပြေကလေး  တိုက်ခတ်ဖို့သိပ်လိုတာပေါ့ ။  ပြီးတော့ *  ဒီစာကြောင်းရောက်တဲ့အထိ  အသိမှတ်ပြု ဖတ်ပေးတဲ့အတွက်  ကျေးဇူး အများကြီးတင်ပါတယ်  ။*  ဆိုတာလေးကိုက  စာဖတ်သွားတဲ့သူကို   အသိမှတ်ပြုမှု ရှိတဲ့ စာရေးသူရဲ့ နှလုံးသား နုညံ့မှုလေးပါ ။  ဒီစာကလေး  ဖတ်ခွင့်ရတဲ့အတွက် ကျနော်ကလည်း ကျေးဇူးတင်ပါတယ်လို့  အသိမှတ်ပြုပါရစေခင်ဗျား  :) ။



P>S = အမှန်ကတော့   ၅  စင်းလောက်ရေးမလို့ပါ  လေကရှည်ရင်  တော်တော် ဖြတ်မရတာမို့  အပိုင်းနဲ့တင်ပါမယ် ခင်ဗျား ။














Thursday, November 8, 2012

ထိုင်းအနုပညာရှင်များအကြောင်း တစ်စေ့တစ်စောင်း


မနက်စောစော  အတင်းတွေ တင်တော့မယ်လို့ မထင်လိုက်ပါနဲ့း) ကြည့်နေတာကြာပြီ မနေနိုင်လွန်းလို့တင်ပါတယ် ။ထိုင်းနိုင်ငံဟာ မီဒီယာ လွတ်လပ်ခွင့်တော်တော်ကောင်းတဲ့နိုင်ငံပါ  ဘယ်လောက်ထိ  ကောင်းသလဲဆိုရင်  နိုင်ငံပိုင်သတင်းစာရဲ့  မျက်နှာဖုံးမှာကိုက  လက်ရှိပေါ်ပြူလာဖြစ်နေတဲ့ မင်းသမီးတွေရဲ့  အလှအပတွေ မျက်လုံးပြူးကြည့်စရာမလိုပဲ မြင်ရမှာဖြစ်ပါတယ်   ။ နှုတ်ခမ်းလေးကို ကိုက် ကိုယ်လုံးကလေး ကွေးကွေးကောက်ကောက်ကလေးလုပ်လို့ပေါ့း)  ။


 ตั๊ก บงกช - บุญชัย เบญจรงคกุล

အခုလက်ရှိ ဟော့စ်ဖြစ်နေတဲ့ သတင်းက ထိုင်းမင်းသမီးတစ်ယောက်နဲ့ စီးပွားရေးပညာရှင်အဖိုးကြီးတစ်ယောက်၇ဲ့ သတင်းပါ အဖိုးကြီးက အသက် ၅၈ နှစ် မင်းသမီးက ၂၇ နှစ်ပဲရှိပါသေးတယ် ။ အဖိုးကြီးရဲ့ သမီး ၃ ယောက်ကတောင် မင်းသမီးထက်ကြီးသေးတယ် ။ မင်းသမီးက အင်တာဗျူး သမားတွေကို (ဆုံတွေ့ကြတာမကြာသေးပါဘူး တစ်လကျော်ကျော်လောက်ပဲရှိတယ် ကိုယ့်ပါသာပဲ သူ့ကို ချစ်သူအဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက်တာပါ သူသိတယ်ရှင့် သူနဲ့ကျမ ဆုံတွေ့ခဲ့ပုံက ဘယ်လိုမျိုး စပြီးဆုံတွေ့ခဲ့တယ်ဆိုတာ သူသိပါတယ် ။ သူက ဘယ်လိုယောကျာ်းမျိုးလဲဆိုတော့ ကိုယ့်ကို မနှိမ်တဲ့သူ ပြီးတော့ ကိုယ့်အပေါ်လည်း အခွင့်ရေးပေးတဲ့သူပါ သူက လူကောင်းတစ်ယောက်ပါ လက်ထပ်ဖို့ကတော့ နောက်နှစ်လောက်ဖြစ်မယ်ထင်တယ် ။ ကျမ က ကြွက်ကလေးတစ်ကောင်မဟုတ်ဘူးလေ အဲ့တာကြောင့် ကျမကို အမြင်လွဲနေကြတဲ့သူတွေကို ပြောချင်တာက ခုထိ ကျမ သုံးစွဲနေတာ ကျမပိုက်ဆံတွေပဲရှင့် ဘယ်သူ့ပိုက်ဆံမှမဟုတ်ပါဘူး ။) တဲ့ အဖိုးကြီးကတော့ သူမ နဲ့ ခလေး ၂ယောက်လောက်လိုချင်ပါတယ်တဲ့ သူမကလည်း မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားသွာမယ်ဆိုပါတယ် ။ အချစ်မှာ မျက်စိမရှိဘူးဆိုတာ ဒါမျိုးထင်ပါ့ :P 



ဒါကတော့  အခု လက်ရှိ sunday ညပိုင်းမှာ လာနေတဲ့ The Voice Thailand 2012  ပါ ခုဆို Leve 2 အဆင့်ရောက်နေပြီ   ။ ခုလက်ရှိပြိုင်နေတဲ့  ၂ ယောက်အကြောင်း ပြောပြချင်လို့ပဲ   ယောက်ကျာ်းဆံပင်နဲ့  စာသောက်ဆိုင်မှာ ဂစ်တာတီးတဲ့ အစ်မကြီးက  ယောက်ကျားစိတ်ပေါက်နေတယ် ။  နောက်ထပ်  ဂါဝန်အဖြူဝတ်ထားတဲ့  မိန်းမစိတ်ပေါက်နေတဲ့  ယောက်ျားလေးက   ကွတ်တီယိုဆိုင်ပိုင်ရှင်ပါ  သူပြောတာက  သူက ဈေးေ၇ာင်းရင်းလည်း  သီချင်းဆိုတာပဲတဲ့    Leve 2အဆင့်မှာ  မိန်းမစိတ်ပေါက်နေတဲ့  ယောက်ျားလေးကို  မိန်းမ လိုဝတ်ပြီး  ယောက်ျားသံနဲ့ ဆိုခိုင်းပါတယ်  ။  ယောက်ျားလို ၀တ်ထားတဲ့ အစ်မကြီးကိုကျတော့ မိန်းမသံနဲ့ ဆိုခိုင်းပြန်ကော  ( ဒါနဲ့ ကျနော်ရှင်းပြတာ လည်နေလားမသိ  )  သူတို့ဆိုတဲ့  သီချင်းနာမည်က     လူပျို အပျို တဲ့    ကျေးလက်သီချင်းလေးဖြစ်ပြီ  ဆိုလို့ကောင်း  က လို့ကောင်းတဲ့  သီချင်းလေးပါ   နောက်တစ်ဆင့်ကိုတော့  ဂါဝန်နဲ့တစ်ယောက် တက်သွားပါတယ်       ဒါမျိုးအဖြစ်တွေ ထိုင်းမှာ အများကြီးဆိုတာ ပြောပြချင်လို့ပါ ။


Take Me Out Thailand  တဲ့  ဒါကိုတော့ ကျနော့်အမြင် နည်းနည်း ပေါတောတော ဆန်နေသလိုပဲး) ကြည့်လို့တော့ကောင်းတယ်   အတည်ကြီးတွေမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် အပြောင်သဘောမျိုးလေးတွေနဲ့ တစ်ချို့နေရာတွေမှာ စကားပြောတွေက  တစ်ဖက်လူအတွက်  ခံရခက်ပေမယ့်  သူတို့ကတော့  ပြုံးပြုံးကလေးတွေပါပဲ ။Take Me Out Thailand   ရဲ့  ပုံစံက   အတွဲရွေးတယ်ပေါ့    မိန်းခလေး အယောက်  ၃၀   ဒီမှာ လာပြိုင်တဲ့သူတွေကတော့  အသင့်အတင့်ရုပ်ရည်ရှိကြတယ်   ပညာအရည်ချင်းကောပေါ့  တစ်ချို့ဆို မော်ဒယ်တွေပါ လာပြိုင်ပါတယ် ။ ယောက်ျားလေးတွေဆိုလည်း  မင်းသားလူပျိုကြီးတွေလည်း လာပြိုင်တာတွေ့ရပြန်ကော ပြိုင်တယ်ဆိုတာထက်  အပျော်သဘောလေးတွေပါ ။  စစချင်း  အစီစဉ်တင်ဆက်သူက   ယောက်ျားလေးကို ဖိတ်ခေါ်တဲ့ အခါမှာ   ရုပ်ရည်ကိုကြည့်ပြီး  သဘောကျရင်  မိန်းခလေးတွေက  မီးကို ဆက်ပြီး ဖွင့်ထားရပါတယ်  မကြိုက်ဘူးဆိုရင်တော့ မီးပိတ်လိုက်ပေါ့ ။

နောက်တစ်ဆင့်  ယောက်ျားလေးက  ကိုယ့်ကိုယ်ကို မိတ်ဆက်  အလုပ်အကိုင်  ကိုယ့်ရဲ့ အကြိုက်နေထိုင်မှု  ပုံစံ နဲ့  အသက်အရွယ်ကို ပြောရတယ်  အဲ့တစ်ဆင့်မှာလည်း   သူပြောနေတုန်း  မိန်းခလေးက မကြိုက်ဘူးဆိုရင်  မီးပိတ်လို့ရပါသေးတယ် ။အဲ့ဒီမှာ ဘာကြောင့်မီးပိတ်တာလဲ  ဘာလို့ မီးဖွင့်တာလဲဆိုတာကို  အစီစဉ်တင်ဆက်သူက  မေးတဲ့အခါ သူတို့အဖြေတွေက  ရယ်စရာလည်းကောင်း  စိတ်ဆိုးစရာလည်းကောင်းပါတယ်  ဥပမာ ...မီးပိတ်သွားတဲ့ကောင်မလေးရဲ့ အဖြေက  ( ကျမ က  စင်ဒရဲလားမဟုတ်ဘူးရှင့်  အဲ့တော့  လူပုကလေးတွေမလိုဘူးလေ)  တဲ့  ကောင်လေးက ပုနေလို့ပါး)  မီးဆက်ဖွင့်ထားတဲ့ ကောင်မလေးက   (  သူ့အကြည့်တွေက  ကျမရင်ကိုထိတယ်  သူနဲ့ အကြည့်ချင်းမဆုံပဲနဲ့ ဘယ်သူက မီးဖွင့်ထားပါ့မလဲရှင် )  တဲ့  သူတို့အဖြေနဲ့သူတို့တွေကတော့ ဟုတ်နေတာပဲ  ။ မိန်းမလေး  အယောက် ၃၀ လုံးက မီးပတ်သွားရင် ကောင်လေးက  ပြန်ပြီး ရွေးချယ်ခွင့်မရှိတော့ပဲ  အစီစဉ်ကနေ  ထွက်ပေးရမှာ ဖြစ်ပါတယ် ။

နောက်ဆုံးအဆင့်  မီးဖွင့်ထားတဲ့ ကောင်မလေးတွေလည်းရှိနေမယ် ဆိုရင်  ကောင်လေးဘက်က  ပြန်ပြီး ရွေးချယ်ခွင့်ရမှာပါ  အဲ့အခါကျရင်တော့ ကောင်လေးက  ပြန်ပြီး ရွေးချယ်ရမှာပါ  နောက်ဆုံး သူရွေးချယ်ဖို့  ၂ ယောက်ပဲ ရှိရမယ်  ၂ ယောက်ထက် ပိုနေရင်တော့  သူက  သူမကြိုက်တဲ့ ကောင်မလေးတွေဆီက  မီးကို ပိတ်ရတယ် ။ နောက်ဆုံး ၂ယောက်ပဲ ကျန်ရင်  သူ မေးခွန်းပြန်ပေးခွင့်ရှိပြီ   ဥပမာ.... ဘ၀မှာ  အခက်ခဲအဖြစ်ဆုံးအတွေ့ကြုံရှိခဲ့ဖူးလား ရှိရင် အဲ့တုန်းက ခံစားချက်လေးပြောပြပါလား ဆိုတာမျိုး ။ ကျနော်တို့ မိသားစုလေး ဖြစ်လာပြီဆိုပါတော့ အဲ့အပေါ်မှာ ခင်ဗျားရဲ့  အိမ်ရှင်မ တာဝန်တွေက ဘာတွေဖြစ်မလဲ ပြီးတော့ မိသားစု အပေါ် ခင်ဗျားရဲ့ ခံစားချက်လေး သိပါရစေ ဆိုတာမျိုးတွေပါ ။ ကျနော် အလုပ်က ပင်ပင်ပန်းပန်းပြန်လာတဲ့အခါ ကျနော် အမောပြေစေဖို့ ခင်ဗျား ဘာလုပ်ပေးနိုင်မလဲ ဆိုတာမျိုး ။အဲ့ ၂ယောက်ထဲက အဖြေတွေအပေါ်မှာမှ  သူကြိုက်တဲ့  အဖြေကို ဖြေနိုင်တဲ့ သူဟာ သူ့ရဲ့ ရွေးချယ်တဲ့ မိန်းခလေးပေါ့ ။

ဒီပြိုင်ပွဲကနေ  အတွဲကလေးဖြစ်  အိမ်ထောင်ကျသွားတဲ့ သူတွေရှိသလို  ခဏတစ်ဖြုတ်ပဲ တွဲကြတဲ့သူတွေလည်းရှိပါတယ်  ။ အကြိုက်ကလေးတွေကို ခဏလေးသိရုံ ရင်ခုန်မှုလေး ခဏလေးဖြစ်ရုံနဲ့  ခိုင်မြဲတဲ့ချစ်ခရီးတည်ဆောက်နိုင်ဖို့ဆိုတာလွယ်တဲ့ ကိစ္စတော့မဟုတ်ဘူးလို့ ကျနော်တော့ထင်တယ်   ဒါပေမယ့်  အစီစဉ်လေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်ပါတယ် ။ အချိန်ပေးနိုင်မယ်ဆိုရင်တော့  ခဏလောက်ဖြစ်ဖြစ်ကြည့်လိုက်ပေါ့း)



နောက် အတင်းအဖျင်းတွေ ကြည့်ရရင်  အယ်လေ...ထူးထူးဆန်းဆန်းလေးတွေ  ကြည့်ရရင်  ဒါမျိုးလေးတွေ ထပ်ပြီးရေးပါအုံးမယ်ခင်ဗျာ ။ 







Wednesday, November 7, 2012

သူ့ကို ကျနော်ရှာတယ် ။

သူ့ကိုပျောက်လို့ ကျနော်ရှာတယ်
ရိုးသားတဲ့  သူ့အကျင့်တွေ ကျနော်ရှာတယ်
ငါးခူပြုံး ပြုံးတတ်တဲ့  သူ့ကို ကျနော်ရှာတယ်
အရင် သူ့ကို ကျနော်ရှာတော့ 
အခု သူက  ကျနော့်ကို  လှောင်ပြုံးပြုံးတယ်
သူ့နှုတ်ခမ်းမွှေးတွေ အရင်ထက် ပိုရှည်လာတယ်
သူ့အတွေးစတွေ  အရင်လို အဖြူမဆန်တော့ဘူး
အရွဲ့တိုက်တဲ့ အကျင့်တွေ အရင်ထက် များလာတယ်
အနားမှာ ဘယ်သူတွေရှိသလဲလို့ သူ ခဏခဏ ပြန်ရှာတယ် 
သူ့ကိုယ်သူ ဘောင်တွေထဲ ခတ်လို့ 
မွန်းကြပ်နေတဲ့ သူ့ကို  စိုးရိမ်စိတ်နဲ့   ကျနော်ရှာတယ်
တစ်ယောက်တည်း စကားပြောတတ်တဲ့  သူ့ကို  ကျနော်က မိတ်ဆွေဖွဲ့ဖို့ရှာတယ်

အရင်က မောင်မျိုး ကို အခု မောင်မျိုး တွေ့တဲ့နေ့
သူတို့နဲ့  ၀ိုင်းဖွဲ့ဖို့ ကျနော် သူတို့ကို ရှာမယ် ။












Thursday, November 1, 2012

မင်းမှုထမ်း

Paul Burrel ရဲ့ A Royal Duty ကို ဆရာကြီးဦးဝင်းငြိမ်းက ရွှေအမြုတေမှာ အခန်းဆက်ဖော်ပြဖူးတယ် ။ အဲ့ဒီကတည်းက တစ်ချို့လတွေဖတ်ရ တစ်ချို့လတွေ မဖတ်ရနဲ့မို့ စိတ်က အားမရခဲ့ဘူး ။ လိုချင်တဲ့စာအုပ်ဆို သဲသဲမဲမဲဖြစ်မိတဲ့ ကိုယ် ရန်ကုန်ရောက်တုန်း ဒီစာအုပ်ကို ၀ယ်လိုက်တယ် တကယ်တော့ ၅၅၀၀ ဆိုတဲ့ ဈေးက များပေမယ့် လိုချင်လွန်းလို့သာ စွန့်စားဝယ်လိုက်တယ် ကျိုက်ထို ပြန်ဖို့ကားခ အပြင် လက်ထဲ မရှိတော့တဲ့ ကိုယ့်ကို တက်စီကရှင်းပေး လမ်းမှာ စားဖို့သောက်ဖို့အိတ်ကပ်ထဲ အတင်းထိုးထည့်ပေးကြတဲ့ သူငယ်ချင်းမိုင်ရာနဲ့ ညီလေးရှင်းသန့် တို့ကို စာအုပ်စင်မှာ ဒီစာအုပ်ကလေးကိုတွေ့တိုင်း သူတို့ကို အမှတ်တရကျေးဇူးတင် သတိရမိပါတယ် ။


 ဒိုင်ယာနာမင်းသမီး သူမလို စိတ်နှလုံးသား မြင့်မြတ်တဲ့ တော်ဝင်မင်းသမီးတစ်ပါးရဲ့အကြောင်းကို ကိုယ့်လိုတောသားက စိတ်ဝင်တစားရှိတယ်ဆိုတာ နည်းနည်းတော့ လွဲနေမှာ ။ ဒိုင်ယာနာနဲ့ပက်သက်တဲ့ စာအုပ် ၃ အုပ်ဖတ်ဖူးပါတယ် ။ ရွှေကူမေနှင်းရဲ့ သုံးပွင့်ဆိုင်အချစ် တော်ဝင်မိသားစုဘက်က လိုက်ရေးထားတယ်လို့ ခံစားမိတာမို့ သိပ်မကြိုက်မိဘူး ။ ပြီးတော့ ဂျိမ်းဟေးဝစ် ရဲ့ Love and War အကြောင်းရာတင်ဆက်ပုံက ညံ့လွန်းတာမို့ အာသာမတွေ့ပြန်ဘူး ။ ခုတော့ ဒီမင်းမှုထမ်းစာအုပ်က စာအုပ်ဆို ဖတ်ရင်းမကြိုက်တော့တဲ့အခါ ဘယ်လောက်ကောင်းတယ်ဆိုဆို ဆက်မဖတ်တော့တဲ့ ကိုယ့်ကို အစမှ အဆုံးတိုင်း ဆွဲခေါ်သွားတော့တယ် ။ ပေါလ်ရဲ့ အကြောင်းရာ တစ်ခုစီတိုင်းမှာ အကြောင်းရာတင်ဆက်ပုံနဲ့ ဇတ်ကြောင်းပြန်ပြောပြတဲ့ လိုတိုရှင်းဝါကျတွေက တကယ်ပဲထိမိလွန်းတယ် ။ စာမျက်နှာ ၅၀၀ ကျော်ရှိတဲ့စာအုပ်တစ်အုပ်က စာဖတ်သူကို ပျင်းရိမသွားစေတာပဲ သူ့ရဲ့ စာပေအရေးသားက လေးစားစရာ ။ 


 စာအုပ်ရဲ့ ပထမဆုံးအဖွင့်ကတင် စိတ်ဝင်စားမှုအပြည့်နဲ့ မင်းသမီးက ပေါလ်ကိုနောက်ဆုံးပြောခဲ့တဲ့စကားနဲ့ဖွင့်ထားပါတယ် ။`` ကျွန်မတို့တွေ့တော့မှပဲ ပြောပြစရာတွေ အများကြီး ပြောပြမယ် ၊ ဒီစကားသံဟာ ကျနော်နောက်ဆုံးကြားခဲ့ရတဲ့ မင်းသမီးရဲ့ အသံပါပဲ ´´ ။ ရွှေနန်းတော်ကြီးကို ပထမဆုံးရောက်လာတဲ့ တစ်ချိန်မှာ သူ့ရဲ့ ဘော့စ်ဖြစ်လာမယ့် ၁၉နှစ် အရွယ် မိန်းခလေးနဲ့ ပေါလ်ရဲ့ ဆုံတွေ့ခန်းက ``မျက်စိလည်နေလို့လားခင်ဗျား ´´ ၊ ``ဟုတ်ကဲ့…ကျွန်မ လမ်းပျောက်နေလို့ပါ ကျွန်မ အခန်းကို ပြန်ရောက်အောင် လိုက်ပို့လို့များ ရနိုင်မလား ´´ တဲ့ ရိုကျိုးတဲ့ မင်းမှုထမ်းနဲ့ မာနကင်းတဲ့ မင်းသမီးရဲ့ တွေ့ဆုံခန်းက တကယ်ကိုပဲ ရိုးရှင်းစွာနဲ့ ။ စာမျက်နှာ ၂၀၀ နီးပါးလောက်ထိ ပေါလ်ရဲ့ မင်းမှုထမ်း ဘ၀အစ ၊ ဘုရင်မကြီးးအနားမှာ အမှုထမ်းခဲ့တုန်းက သူ့ရဲ့ အတွေ့အကြုံ ပြီးတော့ သူ့ရဲ့ငယ်ဘ၀အစတွေကိုရေးထားပါတယ် ။


 ဒီစာအုပ်ဟာ တော်ဝင်မိသားစုတွေအပါး ခစားကြရတဲ့ အမှုထမ်းတွေရဲ့ ဘ၀က တာဝန်ပေါင်းများစွာ ၊ အတွေ့ကြုံသစ်ပေါင်းများစွာနဲ့ ဆိုတာ တွေ့နိုင်သလို ကိုယ်ပိုင်ခံစားချက်နဲ့ဆိုရင်တော့ တစ်ချို့နေရာတွေမှာ ရိုးရိုးသာမန်ကိစ္စလေးတွေကို အကျယ်ချဲ့လွန်းတဲ့ တော်ဝင်အသိုင်းဝိုင်းအကြောင်းကို ဖတ်ရတာ စိတ်ထဲ တစ်မျိုးကြီး ။ ပြီးတော့ မီဒီယာအင်အားကလည်း တော်ဝင်မိသားစုအကြား ကြောက်စရာကောင်းလွန်းစွာ ။ ဒိုင်ယာနာရဲ့ အိမ်ထောင်ရေး အက်ကွဲကြောင်းမှာ မီဒီယာကလည်း တရားခံတစ်ယောက်ပါပဲ ။ ကိုယ့် ဂျာနယ်စောင်ရေရောင်းရဖို့အတွက် တစ်ပါးသူရဲ့ အကြောင်းကို ခုတုံးလုပ်တဲ့ မီဒီယာလောကသားများအကြောင်း ။ အဲ့လိုပဲ ဒိုင်ယာနာကလည်း မီဒီယာကို အသုံးချလို့ တော်ဝင်မိသားစုက သူမကိုပစ်ပယ်ထားပေမယ့် ပြန်ပြီးသတိထားလာမိအောင် လုပ်ခဲ့တာတွေကိုလည်း တွေ့ရမှာပါ ။ 


 မင်းမှုထမ်း ပေါလ် ကို ပတ်ဝန်းကျင်က ဒိုင်ယာနာ ရဲ့ ကျောက်ဆောင်ကြီးကို ခနဲ့ကြလေရဲ့ ဒိုင်ယာနာကတော့ သူ့ကို ရှင်ကတော့ ကျွန်မဘ၀ရဲ့ တတိယမျက်လုံးပါပဲ ပေါလ်ရယ် တဲ့ ။သူဟာတကယ်ပဲ သူ့သခင်မအပေါ်မှာ သစ္စာရှိခဲ့ပါတယ် ။သူ့ရဲ့ အားလက်၇က်မိသားစု အပန်းဖြေနေ့ရက်တွေမှာတောင် မင်းသမီးရဲ့ ရင်ဖွင့်စကားတွေကို အချိန်ပေးနားထောင်ပေးတာမို့ ဇနီးသည်ရဲ့ ငြိုငြင်မှုကိုတောင် ခံရတတ်ပါသေးတယ် ။ ပေါလ်ကတော့ သူ့ရဲ့ မင်းမှုထမ်းဘ၀ကို မစ္စစ်ဝီဆင် ရဲ့ Gosford Park ရုပ်ရှင်ကားထဲက စကားကို အကြွင်းမဲ့ လက်ခံထားတယ် `` ကျွန်ကောင်းတစ်ယောက်အတွက် ကိုယ်ပိုင်ဘ၀ဆိုတာ ဘယ်တော့မှ မရှိဘူး ´´တဲ့ ဟုတ်ပါတယ် ပေါလ်အတွက် ကိုယ်ပိုင်အချိန်တွေ တကယ်ပဲရှားပါးခဲ့တယ် ။ ဒီစာအုပ်မှာ နောက်ပိုင်းအကြောင်းရာတွေက ပိုပြီးဇတ်ရှိန်မြင့်ပါတယ် ။ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတော့ နန်းတော်က ကြေငြာချက်တစ်စောင်ထုတ်ခဲ့ပါတယ် ။ ဝေလမင်းသမီးဒိုင်ယာနာက ချားလ်စ်မင်းသားရဲ့ မေတ္တာရပ်ခံချက်အရ ကွားရှင်းပြတ်စဲဖို့ သဘောတူလိုက်ကြောင်း ။ မင်းသမီး ဘက်တော်သားဖြစ်တဲ့ စာဖတ်သူ ကိုယ်ကတော့ ဒီကြေငြာချက်ကြီးကိုကတင် တစ်ဖက်သတ်ဆန်နေသလားလို့ သိပ်တော့လည်းမထူးဆန်းလှပါဘူးလေ လောကကြီးကိုက မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်ကြတယ်မဟုတ်လား ။ တစ်ခုလပ်မလေး ခင်ပွန်းသည်ရဲ့ ဖောက်ပြန်မှုကို အမုန်းတွေနဲ့ တုံ့ပြန်ခဲ့တဲ့ အမျိုးသမီးတစ်ယောက် နန်းတော်ကြီးထဲမှာ မနာလိုမှုပေါင်းများစွာ ၊ မုန်းတီးမှုပေါင်းများစွာထဲမှာ သူမဘယ်လိုရပ်တည်မှာပါလိမ့် ။ ပေါလ်ကတော့ သူမ ဘ၀ရဲ့ဒီရေ အတက်ကျတွေတိုင်းမှာ သူမနဲ့အတူအမြဲရှိနေခဲ့တယ် သူဟာ သူ့ရဲ့သခင်မအတွက်တော့ အစစ်မှန် မင်းမှုထမ်းကောင်းတစ်ယောက်ပေါ့ ။ အကြောင်းရာတစ်ချို့ကိုလည်း စာဖတ်သူကို ပေါလ်က ၀ှက်ဖဲကလေးတွေနဲ့ ချပြသွားလေရဲ့ ဒိုင်ယာနာ ရဲ့ နားခိုရာ အချစ်ရိပ်တစ်ခုအကြောင်း ….။ 

 
ကွာရှင်းပြတ်စဲပြီးတဲ့နောက် ဘုန်းတော်ကြီးမြတ်လှသော ဆိုတဲ့ ဘွဲ့ကိုရုပ်သိမ်းခံလိုက်တဲ့ သူမ ကို သားတော်ဝီလျှံက `` စိတ်မပူပါနဲ့ မာမီရယ်၊ သားရှင်ဘုရင်ဖြစ်တဲ့ တစ်နေ့ကျရင် မာမီ့ကို အဲ့ဒီဘွဲ့ပြန်ပေးမှာပေါ့ ´´တဲ့ သူမ အဲ့ဒီစကားကြားတော့ မျက်၇ည်မဆယ်နိုင်ဖြစ်ခဲ့ရတယ် ။ သားဆိုတာ မိခင်တွေအတွက်တော့ အား ပါပဲ အဲ့ဒီလိုပါပဲ မိခင်ဆိုတာ သားတွေအတွက်တော့ နားခိုရိပ်ကလေးတစ်ခုပေါ့ ။ စိတ်တွေ ယိုင်နဲ့လာတဲ့ မင်းသမီးကတော့ လူမှုရေးလုပ်ငန်းတွေနဲ့ သူမရဲ့ ဘ၀ကို ပြန်တည့်မတ်နိုင်ခဲ့တယ် ။လူမှုရေးလုပ်ငန်းတွေအပေါ် သူမ လုပ်ကိုင်ဖြစ်ဖို့ဖြစ်လာတဲ့ ခွန်အားပေးစာလေးကိုတော့ ပေါလ်ကို ဒိုင်ယာနာက ရေးလိုက်တဲ့စာ ပါကစ္စတန်နိုင်ငံရဲ့ အကျော်အမော်ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဆာမိုလ်ဘမ် အာဘာ့လ် ရဲ့ စာသားကို ကိုးကားလို့ပါ .. ဘုရားသခင်ကို နှစ်သက်တဲ့သူတွေအများကြီးရှိပါတယ် သူတို့က တောတွေ ၊တောင်တွေ လှည့်လည်ပြီး ရှာဖွေနေကြပါတယ်။ ကျွန်တော်ကတော့ ဘုရားသခင်ကိုချစ်တဲ့သူတွေထက် ဘုရားသခင် ဖန်ဆင်းထားတဲ့ လူသားများကို ချစ်တဲ့သူတွေကိုသာ ချစ်ပါတယ် ´´တဲ့ ။ အဲ့ဒီစကားကို ယုံကြည်လက်ခံတဲ့သူမ လူသားမျိုးနွယ်အတွက် ကြိုးစားလုပ်ဆောင်ခဲ့တယ် ။ ၁၉၉၇ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ အင်ဂိုလာ နိုင်ငံမှာ သူမကိုယ်တိုင် တုတ်တစ်ချောင်းနဲ့ မြေမြှုပ်မိုင်းဆန့်ကျင်ရေးမှာ ဦးဆောင်ခဲ့ပါတယ် ။ ဒီလို သူမရဲ့ လုပ်ရပ်တွေကို အကောင်းမမြင်နိုင်တဲ့ အင်္ဂလန်ဇာနယ်စင်းတွေကတော့ သူမကို ဦးတည်ရာမဲ့လေလွင့်နေတဲ့ ကင်ပွန်းတပ်ကြတာနဲ့ ပက်သက်ပြီး သူမ ပြန်ဖြေခဲ့တာလေးက ခပ်ရှင်းရှင်းပါပဲ ။ ``ကျွန်မ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတစ်ခုကို လုပ်တာပါ နောင်လည်း ဆက်လုပ်သွားဦးမှာပါပဲ ´´လို့ဖြေကြားခဲ့ပါတယ် ။ 


 ဒီစာအုပ်ကို ရီဗြူးပုံစံလေးရေးဖို့တွေးထားတာကြာပေမယ့် အကြောင်းရာပိုင်းက သိပ်ကိုကျယ်ပြန့်လွန်းတာမို့ရေးရ တော်တော်ခက်ပါတယ် ။ စာအုပ်ကိုဖတ်ပြီး စိတ်ထဲစွဲထင်နေတဲ့ အကြောင်းရာလေးတွေလည်းရှိပါသေးတယ် ။ အင်တာဗျူးတစ်ခုမှာ ဂျိမ်းဟေးဝစ်ကို သူမတကယ်ပဲ ချစ်ခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်မရဲ့ အိမ်ထောင်ရေးက ၃ယောက်ပေါင်းနေရတဲ့ အိမ်ထောင်တစ်ခုနဲ့တူပါတယ်လို့ ပြန်ဖြေထားတာလေးတွေပါ ဘယ်အခန်းမှာ ပြောခဲ့တာလဲ ဆိုတာ ပြန်ရှာတဲ့အခါမှာတော့ ဘယ်နားမှာမှန်းမမှတ်မိတော့ပါဘူးး) ။ ၁၉၉၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ မနက် ၄ နာရီမှာတော့ မင်းသမီးဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်တဲ့ သူ့ရဲ့ သခင်မ လောကကြီးမှာ မရှိတော့ဘူးဆိုတဲ့ သိလိုက်ရတဲ့အချိန်မှာ စောင့်တည်ရာမရဖြစ်မိတဲ့ ပေါလ်ရဲ့ ခံစားချက် ၊ ၀မ်းနည်းရင်းနဲ့ပဲ သခင်မရဲ့ နာရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ အကြောင်းတွေ၊ သစ္စာရှိခဲ့တဲ့ သူ့ရဲ့ မင်းမှုထမ်းဘ၀ကို ၂၀၀၂ ခုနှစ်မှာ တော်ဝင်မင်းသမီးတစ်ပါးရဲ့ ပစ္စည်းတွေကို အလွဲသုံးစားလုပ်တယ်ဆိုပြီး အမှုစွဲတဲ့အကြောင်း နဲ့ နိုင်ငံရဲ့ တရားစီရင်းရေးတွေမှာ ဘယ်တော့မှ ၀င်မစွက်ဖက်ခဲ့တဲ့ ဘုရင်မကြီး ကိုယ်တိုင်က သူ့ရဲ့ အမှုမှာ လွတ်မြောက်ဖို့ ပါဝင်ခဲ့တာတွေကို ရေးထားပါတယ် ။


တရားရုံးက သူ့ကို တရားခံစာရင်းက ပယ်ဖျက်ခဲ့ပေမယ့် သူ့ရဲ့ရင်ထဲမှာတော့ ဝေလမင်းသမီး ဒိုင်ယာနာဟာ ဆိုတဲ့ အမည်ကတော့ ဘယ်တော့မှ ဖျောက်ဖျက်လို့မရနိုင်ပါဘူးတဲ့ ။ သူက ပြောထားသေးတယ် ကျွန်တော်ဟာ ကျွန်တော့်သခင်မ အပေါ်တကယ်ပဲ သစ္စာရှိခဲ့ပါတယ်တဲ့ ။ ဘယ်သူတွေ ဘာပြောပြော ပေါလ်ရဲ့ ရင်ထဲကနေဘယ်သူမှ ထုတ်ပယ်လို့မရနိုင်တဲ့စာတစ်စောင် ရှိနေပါတယ် မင်းသမီးမကွယ်လွန်ခင် တစ်လလောက်အလိုမှာ မင်းသမီးရေးခဲ့တဲ့စာပါ ။ ဒီစာလေးနဲ့ပဲ ဒီစာအုပ်ကို ပေါလ်က နိဂုံးချုပ်သွားလေရဲ့ ……………… 



ပေါလ်ရေ….
ရှင်က ကျွန်မအတွက်  တတိယမျက်လုံးလိုဖြစ်နေတာကြောင့် ဒီရက်သတ္တပတ်ဟာ  အရမ်းအရေးကြီးတယ်ဆိုတာ ရှင်သိနေမှာပါ

နောက်ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်မ ဘယ်လောက်၇င်ခုန်စိတ်လှုပ်ရှားနေတယ်ဆိုတာကိုလည်းရှင်သိနေတာဆိုတော့  အထူးပြောဖို့ လိုမယ်မထင်ဘူးနော် ဒီကိစ္စက ရှင် နဲ့ ကျွန်မသာ   သိတဲ့  လျှို့ဝှက်ချက်နော်

ရှင်ဟာလေ ..တကယ့်ကို ထူးချွန်တဲ့  လူတစ်ယောက်ပါ ကျွန်မ မေးသမျှ  မေးခွန်းတိုင်းကို မညည်းမညူ ဖြေပေးတဲ့အပြင်  ပြောသမျှတွေဟာလည်း  အမှန်တွေချည်းဆိုတာ ကျွန်မ ၀န်ခံပါတယ်

ကျွန်မ ဘ၀ရဲ့ မှောင်မိုက်တဲ့ ကာလတွေမှာ ရှင့်ပံ့ပိုးမှုတွေသာ မပါဘူးဆိုရင် ကျွန်မ ဘယ်လောက်ခံစားရမလဲဆိုတာမတွေးတတ်အောင်ပါပဲ

အခုတော့ ကျွန်မ ဘ၀ရဲ့ ဒီရေအတက်အကျဟာလည်း ပြောင်းလဲခဲ့ပါပြီ   ရှေ့လျှောက်ပြီး  ကျွန်မပျော်ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်   ကျေးဇူးပါ  ပေါလ်ရယ် ရှင်ဟာ ကျွန်မရှေ့မှာ ရဲတိုက်ကြီးတစ်ခုလို မားမားမတ်မတ် ရပ်ပေးခဲ့တဲ့အတွက်  အထူးကျေးဇူးပါ

အချစ်များနဲ့
ဒိုင်ယာနာ ………



 လျှို့ဝှက်ချက်တဲ့။ 
ဘာလျှို့ဝှက်ချက် ပါလိမ့် ။


 P.S = စိတ်ဝင်စားစရာ အပြည့်နဲ့ စာအုပ်ကောင်းတစ်အုပ်ကို ပြန်ခံစားပြီးရေးတဲ့အခါ စာဖတ်သူတွေ အာသာမတွေ့ရင် စာရေးသူ ကျွန်တော့ အပြစ်သာဖြစ်မှာပါ ။ ဒါပေမယ့် မိတ်ဆွေတွေမဖတ်ရသေးဘူးဆိုရင်တော့ ဒီစာအုပ်လေးဟာ ခဏခဏပြန်ဖတ်ချင်စိတ်ဖြစ်မိမယ့် စာအုပ်ကောင်းကလေးပါပဲ ။ စာဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ။


LinkWithin

Related Posts Plugin for WordPress, Blogger...