Thursday, June 28, 2012

အရှုံးမပေးသူတစ်ယောက်


မနှစ်တုန်းကလည်း Thailand's Got Talent ရဲ့ စိတ်ဝင်စားစရာ အစီစဉ်လေးတွေ တင်ဖူးပါသေးတယ် ။ ဒီနှစ်မှာတော့ ပြိုင်ပွဲ အစမှာ ပွဲစဉ်တွေကြည့်ပြီး သိပ်ပြီး စိတ်ဝင်စားစရာမကောင်းတာနဲ့ မတင်ဖြစ်ဘူး ။ ဒီနှစ်မှာတော့ ထိုင်းနိုင်ငံမှာ အပေါဆုံးလို့ ပြောရမယ့် အခြောက်တွေက အများဆုံး ပြိုင်ပွဲဝင်လာတယ်လို့ အစီစဉ်တင်ဆက်သူက ကြေငြာလိုက်တာလည်း နားထောင်မိလိုက်သေးတယ် ။ ဒီနေ့မှ အစီစဉ်ဟောင်းတွေ ပြန်ကြည့်ရင်း စိတ်ဝင်စားစရာ ကိုယ့်စိတ်နှလုံးကို ထိစေတဲ့ သူတစ်ယောက် အကြောင်း နားထောင်လိုက်ရတာမို့ မိတ်ဆွေတွေကို နားထောင်စေချင်မိတာနဲ့ ဝေမျှလိုက်ပါတယ် ။ ဒိုင်တွေရဲ့ သုံးသပ်ချက်မှာပြောသွားကြတာကတော့ သူ့ရဲ့ အသံဟာ သာမာန်အဆင့်မှာပဲရှိပါတယ်တဲ့ ဒါပေမယ့် သူပြောပြသွားတဲ့ သူ့ဘ၀အကြောင်းနဲ့ သူ့ရဲ့ သူ့ရဲ့ သီချင်းနဲ့အတူ စီမျောနေတဲ့ မျက်နှာပေါ်က ခံစားချက်က သူတို့တွေကိုပါ ခံစားမိစေတဲ့အကြောင်း မှတ်ချက်ပေးသွားပါတယ် ဒိုင်အမျိုးသမီးကတော့ မျက်ရည်မဆယ်နိုင်တဲ့ အဖြစ် ။


သူဟာ အငယ်လေးတည်းက မိဘစွန့်ပစ်ခြင်း ခံရတဲ့သူ ဒါပေမယ့် သူ့ရဲ့ မိဘအပေါ်ထားတဲ့ စိတ်နေစိတ်ထားလေးနဲ့ သူ့ဘ၀အကြောင်းတွေက သီချင်းဆိုမကောင်းပေမယ့် ပရိသတ်ကို မျက်ရည်ကျစေတဲ့ အဖြစ် ။ သနားစရာ သူ့အကြောင်းရာလေးကို သူပြောတဲ့ စကားလေးတွေ ဘာသာပြန်ပေးလိုက်ပါတယ် ။


* မင်္ဂလာပါ ခင်ဗျား ကျနော့် နာမည် ခင်း ပါ ။ အသက် ၂၆ နှစ်ပါ နေ့ပိုင်းတွေမှာတော့ ဈေးရောင်းပြီး ညပိုင်းတစ်ချို့မှာလည်း အလုပ်လုပ်ပါတယ် ။ အငယ်လေးကတော့ ကျနော် မိဘမဲ့ ကျောင်းမှာ နေခဲ့ပါတယ် ကိုးရီးယား မိဘတွေ မွေးစားပြီးတဲ့နောက် ကျနော်ဟာလည်း တစ်ခြား ခလေးတွေလို ကြီးပြင်းခဲ့ပါတယ် ။

အရင်ကနဲ့ အခု မတူတော့ဘူးပေါ့ အရင်ကတော့ ရတယ် ကျနော့်ကို စွန့်ပစ်ခဲ့ကြတာကိုပေါ့ အခု ကျနော် အရွယ်ရောက်လာပါပြီ ကျနော် အရှုံးမပေးချင်ဘူးဗျ ။ ကျနော် အခုတစ်ယောက်တည်းပါပဲ ကျနော်နေလို့ရတာပါပဲ ။ ကျနော် ရှေ့ဆက်ပြီး ဘ၀ကို ဆက်လျှောက်နေအုံးမှာပါ ။ အခွင့်ရရင်တော့ ကျနော့်မိဘတွေကို တစ်ကြိမ်လောက် တွေ့ချင်သေးတယ်ဗျာ အခွင့်ရေးရှိမယ်ဆိုရင်ပေါ့ *

ကျနော့်နာမည်လား မသိဘူးခင်ဗျ ကိုးရီးယားမိဘတွေ ပေးထားတဲ့ နာမည်ပါပဲ ။ ကျနော့်မိဘတွေလားး အင်းး... ကျနော်က စွန့်ပစ်ခံရတဲ့ ခလေးတစ်ယောက်ပါ ။ ကျနော်ဒီပြိုင်ပွဲကို ဘာကြောင့် ၀င်ပြိုင်ရတာလဲဆိုတော့ ကျနော့်မိဘတွေများ တကယ်လို့ နားထောင်နေမယ်ဆိုရင် သူတို့ကိုသိစေချင်တာပါ ကျနော် လောကကြီးမှာ ရှိနေသေးတယ်ဆိုတာ တစ်နေ့နေ့မှာ ဆုံအုံးမယ်လို့ပေါ့ ကျနော့်ကို သူတို့တွေ မကြည့်ရှူ့မစောင့်ရှောက်ခဲ့ပေမယ့် သူတို့ကို ကျနော်မမုန်းဘူးဆိုတာ သိစေချင်ပါတယ် ။ အခွင့်ရေးများရရင် တစ်ခါလောက်တော့ အမေနဲ့ အဖေ့ ကို ဖက်ကြည့်ချင်တယ်ဗျာ ဖက်ကြည့်ရုံလေးပါ ။ ကျနော့်မိဘတွေနာမည်လား မသိဘူးဗျ ကျနော့်ထိုင်းနာမည်တောင် ကျနော်မသိဘူး ဘာမွေးစားရင်းမှလည်း မရှိပါဘူး ။ ကျနော် ရတဲ့ ကျနော့် လုပ်အားခလား ဟုတ်ကဲ့ ကျနော့် ဘ၀ ရှေ့ဆက်ဖို့အတွက် သုံးရတာပေါ့ ။

ပရိသတ်များခင်ဗျား ဒီသီချင်းလေးနဲ့ စိတ်ခွန်အားပေးချင်ပါတယ် ကျနော့်အတွက်လည်းပဲ ကျနော့်မိဘတွေများ နားထောင်နေခဲ့မယ်ဆိုရင် ကျနော့်ရဲ့ စိတ်ခံစားချက် ကို သိစေချင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။


သီချင်းလေးထဲက ရင်ကိုထိတဲ့ စာသားလေးတစ်ခုကတော့ အမေ ဘယ်သူမှန်းမသိပေမယ့် အမေဘယ်မှာလည်းမသိပေမယ့် အမေသာ နားထောင်နေမယ်ဆိုရင် ပြန်လာခဲ့ပါလို့ မှာလိုက်ချင်ပါတယ် ။




Friday, June 8, 2012

အတိတ် ရဲ့ အရိပ်

အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။

ဒီလိုပါပဲ ဒီလိုပါပဲ နဲ့
အားတင်းပြီး အားပျက်ခဲ့တာတွေလည်းများပေါ့
ဒါပေမယ့် ဒီလိုပါပဲနဲ့ ဒီလိုပဲ ပြီးဆုံးမေ့ပျောက်ရတုန်း ။

သူတို့ဟာ ကိုယ်မဟုတ်မှန်းသိလိုက်ချိန်ဟာ
သိပ်နောက်ကျသွားတဲ့အခါ အတ္တ မာနတွေ က ခရီးတော်တော်ရောက်နှင့်ပြီ ။

ကျေးဇူးတရားတွေ အထပ်ထပ် အတင်ခံလာရတဲ့အခါ
လောကဟင်းလင်းပြင်မှာ သားကောင်ဖြစ်မှန်းမသိ ဖြစ်လို့
တကယ်တော့လည်း ကိုယ်ဟာ အဆိပ်မရှိတဲ့ သတ္တ၀ါလေးတစ်ကောင်ပဲဖြစ်ချင်တာပါ
ဒါကို ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်းလို့ ဆိုနိုင်ပါ့မလား
မပျော်ရွှင်တာကတော့ အဟုတ် ။


အချိန်တွေ ကုန်ခဲလိုက်တာ
အချိန်တွေ ကုန်မြန်လိုက်တာ
ငြီးတွားရင်းနဲ့ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ အချိန်တွေထဲ
ကျနော်လည်း ဥသြမဆွဲတဲ့ ရထားတစ်စင်းလို
တစ်ဘူတာ ပြီးတော့ နောက်ထပ် တစ်ဘူတာ ဆိုက်ရောက်ဖို့
ခုတ်မောင်နေရင်း ....
အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။






LinkWithin

Related Posts Plugin for WordPress, Blogger...