Friday, April 29, 2011

စားဖွယ် ၊ သောက်ဖွယ်

ခုရက်ပိုင်းစားဖြစ်တာတွေပါ ။ ဘလော့ပေါ်မှာ ဟင်းချက်ကောင်းတဲ့သူတွေရဲ့ ဆိုဒ်ကိုရောက်ရင် သွားရည်တမြှားမြှားနဲ့ပြန်ခဲ့ရတဲ့အဖြစ် ။ ခုတော့ ကိုယ့်အလှည့် ။


မနက်ပိုင်းကျ တစ်ခါခါ ကော်ဖီမသောက်ပဲ လက်ဖက်ရည်ချိုစိမ့်လေးသောက်ဖြစ်တယ် ။ ဆိုင်ဖျော်တဲ့ လက်ဖက်ရည်အရသာအတိုင်းပါပဲ ။ ဟိုဘက်ကမ်းသွားတုန်းက ၂ တွဲဝယ်ခဲ့တာ ။ ညပိုင်းအိပ်မပျော်ရင်လည်း တီဗွီကြည့်ရင်းတစ်ခွက်လောက် သောက်လိုက်တာပဲ သူ့အနံ့လေးကိုက အကျရည်နံ့လေးသင်းပြီးနှစ်သက်စရာပါ ။
မနေ့က၀ယ်စားတဲ့ တစ်စိတ် ၅ ဘတ်တန် ပိန်နှဲသီး တော်တော်ချိုတယ် အမာသီးဆိုတော့ လည်ချောင်းလည်းမတစ်ဘူး စားလို့လည်းကောင်းတယ် ။
ချက်စားဖြစ်တဲ့ “ဖာ့ကဖေါင် မူ ” ပါ ၀က်သားကိုစင်းပြီး မဆလာရွက် ၊ပဲသီး ၊အချဉ်လေးကြိုက်တဲ့ မုန်ညှင်းချဉ်လေးပါထည့်ပြီးကြော်ထားတာလေးပါ ။
တို့စရာ ... ဇရစ်ရိုးပြုတ်နဲ့ မုန်ညှင်းရွက်ပြုတ် ဒီတိုင်းလည်းစားကောင်းတာပဲ ပြုတ်ထားတော့ နုအိနေတယ် ။
ငါးပိရည်ပါ ကြက်သွန်နီလေး လှီးထည့်ထားသေးတယ် ဖေ့ဘွတ်မှာတင်တုန်းက ငါးပိရည်က တူလည်းတူဘူးလို့ပြောကြသေးတယ် ဒါကတော့ ဓာတ်ပုံရိုက်တဲ့သူက တော်တော် စွမ်းအားကြီးလို့နေမယ် ငါးပိရည်ပုံရိုက်တာတောင် ငံပြာရည်ထင်တတ်ကြလို့ပေါ့း)
မျှစ်ချဉ်နဲ့ဝက်ကလီဇာ အချိုချက် ။ကြက်ဥလည်းဖေါက်ထည့်ချက်ထားတယ် ။
မာလကာ ပွသီး မြန်မာပြည်က မာလကာသီးလိုမချိုပေမယ့် အချိုမှုန့် ၊အကြက်မှုန့်လေးလုပ်ပြီး တို့စားတော့လည်းစားကောင်းသား ဒါ ရာသီစာပေါ့ ။
တစ်နေ့ကအိမ်မှာနတ်တင်တဲ့မုန့်ပါ ။ နတ်က အငွေ့ပဲစားတော့ ကိုယ်တွေကအတွေ့ပေါ့ မုန့်တွေတော်တော်စုံပါတယ် ။ မုန့်လုံးရေပေါ်လို အထဲက ထန်းလျှက်ခဲထည့်ထားတဲ့မုန့်လေးလည်းစားကောင်းတာပဲ ။ ဟာလ၀ါလိုမုန့် အုန်းနို့များများနဲ့ လုပ်ထားတဲ့ ထိုင်းမုန့်လေးတွေလည်း အဆင်ပြေသားစားရတာ ။

သရက်သီး တအားချိုတယ် သုံးလုံးတစ်တောင်လို့တော့မပြောတော့ပါဘူး တိုင်းပြဆို ပြသနာတက်နေမှာစိုးလို့း) ။

အစားကောင်းစားရလို့ ညီကိုမောင်နှမတွေကို သတိရတယ်ပြောရလောက်အောင်လည်း ကိုယ်စားတဲ့ဟာတွေက တစ်ရာကျော်တန်တောင်မပါ ပါဘူး ။ ရာသီစာမှာ ခံတွင်းတွေ့လောက်မယ်ထင်တာလေးတွေ မွေးရပ်မြေနဲ့ အဝေးရောက်သူတွေအတွက် အွန်လိုင်းပေါ်မှာ နှိပ်စက်ခြင်းပေါ့ ။ ဘယ်သူ့ကိုမှ အားကျလို့တင်တာမဟုတ်ပါဘူး ဓာတ်ပုံရိုက်ချက်တွေ သိပ်ကောင်းသွားရင်လည်း ဆောရီးပါလို့း)) ကိုယ့်ဘလော့ မှာတော့ ကိုယ်က အရှင်သခင်ပဲနော့် လုပ်ချင်တာတွေလုပ်လို့ရလို့လေ ။

Monday, April 25, 2011

အိုင်ပက်ချိန်

ရွာမှာ ချောင်းတွေပေါပါတယ် ။ ကျနော်တို့ရွာကလေးမှာက လယ်မစိုက်ကြပါဘူး ကိုင်းလို့ ခေါ်တဲ့ ( သခွား၊ ပြောင်း ၊ ခ၀ဲ ) တွေကိုတော့ မိုးရာသီမှာ စိုက်ကြပါတယ် ။ လူကြီးတွေကတော့ မိုးရောက်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေ က စိုးရိမ်ရလို့ စိတ်ညစ်တတ်ကြပေမယ့် ကျနော်တို့ ခလေးတွေကတော့ တအားပျော်ကြတာပါ မိုးတွင်းမှာ အစ်ကို့နောက်လိုက်ပြီး ကျွဲကျောင်းရတာ တအားပျော်စရာကောင်းပါတယ် ချောင်းက ရွာလေးကို ၂ ပိုင်းခွဲထားတာ အဲ့တော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးရတာပေါ့ အကျယ်ကြီးတော့မဟုတ်ပါဘူး ဒါမယ့် မိုးတွင်းဘက်ဆို ကွင်းပြင်ကြီးတစ်ခုလုံးရေပြင်တွေ လွှမ်းလို့ သိပ်လှပါတယ် ။ ချောင်းကူးခါနီကျ ကျနော်က အကောင်တောင့်တောင့် ကျွဲတစ်ကောင်ပေါ်တက်စီးလိုက်တာ သူက ရေကူးတာ သိပ်မြန်တာ တစ်ခါကျ ကိုယ်စီးတဲ့ အကောင်ဆီကို တစ်ကောင်နဲ့ တစ်ကောင်တိုးဝှေ့တက်ကြတာ ရေထဲ ပလုံခနဲဆို ပြုတ်ကျသွားတာ လန့်ပြီး ၃ ရက်လောက်ဖျားသွားသေးတယ် ။ အဘကတော့ အစ်ကို့ကို ရာဇသံပေးလိုက်တာ နောက်နေ့ မင်းခလေးကို ခေါ်ရဲခေါ်သွားကြည့် တဲ့ ။

အစ်ကိုက မခေါ်ရဲတော့ပေမယ့် ကျနော်ကတော့ ခိုးလိုက်မြဲပါပဲ ကွင်းပြင်ထဲက ကျွဲလူးအိုင်လေးတွေမှာ ရေဆော့ရတာလည်း ကိုယ့်အတွက်တော့ ပင်လယ်ကမ်းခြေမှာ အပန်းဖြေနေရတာထပ်ပိုပျော်ပါတယ် ။ ကျနော့်အစ်ကိုက ငါးဖမ်းသိပ်တော်တာ မိုးတွင်းဘက်ဆို သူက အမေ့ကို ကိုင်း(ဂိုင်း)ထောင်ဖို့အတွက် ငါးမျှားချိတ် တို့ ကြိုးတို့ သာရည်ပင်တို့ ၀ယ်ခိုင်းတတ်ပါတယ် အဘကတော့ သူ့အတွက် ငါးမျှားတံ သတ်ပေးရတာပေါ့ ။ အစ်ကိုက ဇွဲရှိပါတယ် ညပိုင်းတွေလည်း သူ့ပါသာသွားထောင် မနက်ကျရင် အိမ်စားအပြင် ရွာထဲမှာတောင် လိုက်ရောင်းလို့ရပါတယ် အများဆုံးရတဲ့ ငါးက ငါးရှဉ့် ။မိုးရာသီမှာ ကျနော့်အတွက် ငါးဖမ်းဖို့အခွင့်အရေးသိပ်မရှိပါဘုး လူကြီးတွေက ခလေးတွေရွာမှာ ရေနစ်သေဖူးတာကို ကြုံထားဖူးတော့ ခလေးတစ်ယောက်ကွင်းစပ်စင်းတာနဲ့ ရွာထဲက လူတွေက အတင်းလာခေါ်ဆွဲသွားတတ်ပါတယ် ။ မိုးရာသီမှာတော့ အစ်ကိုကျွဲကျောင်းကပြန်လာရင် ခူးခဲ့ပေးတဲ့ သပြေသီးမှည့်တွေကတော့ အရသာအရှိဆုံးပါပဲ ။

နွေရောက်ရင်တော့ ရေတွေခမ်းပြီး မိုးတွင်းမှာ ပြည့်လျှံထွက်နေတဲ့ ချောင်းတွေက သူတို့မဟုတ်သလို အရောင်အဆင်းတွေတောင်ပြောင်းလို့ ကြည်လင်တဲ့ရေတွေကနေ ဗွက်ရောင်တွေပြောင်းသွားလို့ပါ ။ ရွာမှာက အိုင်ပက်ကြရင် တစ်ရွာလုံးစုပတ်ကြတာပါ သူ့အိုင်က ငါးများလို့ တိတ်တိတ်လေးခိုးပတ်တာတို့ ငါ့အိုင်ကျမခေါ်တာတို့ အဲ့လိုမျိုးမရှိကြပါဘူး ။ အိုင်ပက်တယ်ဆိုတာကလည်း လူအုပ်များမှ ပျော်စရာကောင်းတာ ။အိုင်ပက်ဖို့အတွက် လူကြီးတွေအတွက်ဆိုရင်တော့ ပေါက်တူးကောင်းများများလိုတယ် ခလေးတွေနဲ့ အမျိုးသမီးတွေအတွက် ပန်းကန်စုတ် ရေပုံးစုတ်လေးတွေပေါ့ ။ တစ်ရွာလုံး တစ်အိမ်ကို ၂-၃ ယောက်လောက်တော့ ပါကြတယ် ။ ချောင်းတွေက တစ်ခုခုနဲ့ မိုးတွင်းဆိုရင်တော့ ဆပ်စပ်နေတတ်ပေမယ့် နွေပိုင်းကျ မဆက်တော့ပါဘူး လူ ခါးတစ်ရပ်စာလောက်ကျန်တော့တဲ့ရေကို အရင်ဆုံး ဟိုဘက်က ချောင်းစပ်ကိုရေတွေခပ်ထုတ်ကြတယ် ပြီးရင် ကန်းသင် တားလို့ရရင်တော့ လူကြီးတွေက ပေါက်တူးပေါက် ကန်သင်းတားကြတာပေါ့ ။


ရေနည်းတဲ့ဘက်ကို ဒီဘက်ရေများပြီးနေရာကျယ်တဲ့ဘက်ကရေတွေကို လူအုပ်နဲ့ အိုင်ပက်ကြတာ တစ်အုပ်ကြီး ပျော်စရာကြီးပါပဲ ခလေးတွေကတော့ အချင်းချင်းပြန်ပက်လို့ ဗွက်ရေလား ဘာလား ရွံရမှန်းလည်းမသိပါဘူး ချောင်းစပ်မှာတော့ မီးဖိုကြီး ဖိုထားသေးတယ် ။ ရေက ဒူးခေါင်းလောက်ပဲကျန်တော့ရင်တော့ ဗွက်ကိုရေဖျော်ထားသလိုနဲ့ ဥပမာပေးရရင် မုန့်ကျွဲသဲနဲ့တူပါတယ် အဲ့အခါကျ အနေတော်ပဲ ငါးဖမ်းလို့ရပါပြီ ခြေတောက်နဲ့ စမ်းဖမ်းတဲ့သူ ကျွမ်းတဲ့သူတွေကတော့ လက်ကလေးတွေနဲ့ အသားလေးဖမ်း ရက်သဲ့ ( ဇကာနဲ့တူတယ် ) တွေနဲ့ဖမ်းတဲ့သူလည်းရှိပါတယ် ။ တစ်ချို့တော့ ချောင်းကမ်းပါးတွေမှာ တွင်းပေါက်လေးတွေဖြစ်နေတဲ့ထဲ လက်နှိုက်ဖမ်းတတ်ကြပါတယ် ။ ငါးတွေကတော့ အစုံပါပဲ ငါးတွေထဲမှာ အကြောက်ဆုံးငါးကတော့ ငါးဂျီး ( စာလုံးမပေါင်းတတ်ဘူး အဆူးနှစ်ချောင်းကားနေတဲ့ မျက်နှာပုတ်သိုးသိုးနဲ့ ငါး ) ပါပဲ။ သူ့အဆူး စူးရင် သိပ်ပြင်းပါတယ် အဲ့တော့ ဘာဆေးနဲ့ ကုသလဲဆိုတော့ ရွာက အဖိုးကြီးတွေပြောတာပဲ ကန်တော့နော် ရှူးနဲ့ ထိတဲ့နေရာကို ပန်းထည့်လိုက်ပါတဲ့ တိုက်ဆိုင်တာလား ဓာတ်တည့်တာလားတော့မသိ သက်သာပါတယ် ။

ကျနော်ကတော့ ငါးဖမ်းလို့မရရင် ဗွက်တွေလည်းလူးလို့မောသွားရင် မိုးဖိုနားသွားထိုင် လစ်တဲ့သူရဲ့ ပလိုင်းထဲက ငါးတစ်ကောင်လောက် ခိုးလိုက်ပါတယ် ပြီးရင် မီးဖုတ်စားလိုက်တယ် တအားကိုအရသာရှိပါတယ် ခိုးစားရလို့လားမသိး) ။ ကျနော့်အစ်ကိုက ငါဖမ်းတအားတော်တာ သူက ကမ်းစပ်ကိုပစ်တင်ပေးလိုက်ရင် ခုန်နေတဲ့ ငါးကို လိုက်ကောက်ဖမ်းရတာလည်း ပျော်စရာ ခဏလေးနေတာနဲ့ သူ့ ခါးပေါင်စထဲ ငါးတွေအများကြီင်္း သူဖမ်းလာတဲ့ငါး ကျနော်က ပလိုင်းလေးနဲ့ ထိုင်စောင့် ။ အိမ်ပြန်ရောက်ရင် အမေ့ကို ကြွားတဲ့သူက အစ်ကိုမဟုတ်ပဲ ကျနော်ပါး) “ မေ့.... ဒါ သားဖမ်းလာတာ အကြီးကြီးပဲ ” အမေကတော့ ပြုံးစိစိနဲ့ ““တော်စမ်းပါဟယ် ””တဲ့ ကိုယ့်သားအရည်ချင်း အမေက အဲ့လောက်ကိုသိတာ ။

ညနေ ထမင်းဝိုင်းကျ ငါးကြော် အကောင်ကြီးကြီးလေးက အဘအတွက် ကျနော်တို့ သားမိတွေက ငါးဟင်းဆီပြန်လေးတွေနဲ့ ထမင်းသိပ်မြိန်ပါတယ် ။ အဘ ငါးကြော်လေးကို ဒီကြောင်ပိန်လေးက တွယ်ချင်တော့ ညဏ်ထုတ်ရတာပေါ့ “အဘ အဲ့တာ သားဖမ်းထားတာ နည်းနည်းကျွေး” အဘက ဖဲ့လည်းဖဲ့ကျွေး သတိလည်းရသွားသလိုနဲ့ အစ်ကို့ ကိုမျက်ထောက်နီကြီးနဲ့ကြည့်လို့ “ မင်း ခလေးကို ချောင်းထဲ ခေါ်သွားပြန်ပြီလား”” တဲ့ အစ်ကိုက တစ်ခါ ကျနော့်ကိုစိတ်တို ။ အစ်ကိုက အဘကိုကြောက် အဘကိုနိုင်တာ အိမ်မှာ အမေပဲရှိတော့ စစ်ကူတောင်းတဲ့မျက်လုံးလေးနဲ့ အစ်ကိုက အမေ့ကိုကြည့်ကော အဲ့တော့ အမေက “ အမလေးတော်....သူများရှာခဲ့ပေးတဲ့ ငါးလည်းစားရသေးတယ် ခလေးတွေကို ရန်ရှာလို့ တော်နဲ့ ညာလာတာကြာပြီး ဘယ်နှစ်ခါ တော်ဖမ်းခဲ့တဲ့ငါးစားရလို့တုန်း ” ဆိုတော့ အဘက ကုတ်သွားတယ် ဟုတ်ပါ့ အဘက ခြံသမား လယ်သမားသာ ဖြစ်ပေမယ့် ငါဖမ်းတော့ မစွံပါ ။


ဒီအချိန် ရွာမှာ အိုင်ပက်နေကြလောက်ရောပေါ့ ။လတ်ဆတ်သင်းပျံ့တဲ့ နွေရနံ့နဲ့အတူ တစ်ချိန်က အိုင်ပက်ရင်း ဖုတ်စားခဲ့တဲ့ ငါးမီးကင်လေးနဲ့ ဆီပြန်ငါးဟင်းတစ်ခွက်လေးနဲ့ မြိန်ရှက်ခဲ့တဲ့ မိသားစု ထမင်းဝိုင်းလေးဟာလည်း အတိတ်မှာ ကျန်ခဲ့ပါပြီ ။


Wednesday, April 20, 2011

တူ / တူမ လေးများ

ခုရက်ပိုင်း ရွာကိုတော်တော် သတိရနေတယ် အမေ လာတုန်းက ခလေးတွေအကြောင်းပြောပြတော့ ပိုဆိုးသွားတယ်ထင်ပါ့ ။တူမ အငယ်လေးက ခုဆိုတော်တော်ကြီးပြီး လည်လာတယ်တဲ့ ။တူလေးတစ်ယောက်က ခုဆို အဘနဲ့ နွားကျောင်းအဖော်လိုက်ပေးနေပြီဆိုပဲ ။ ကျနော်က ကျနော့် တူ/တူမလေးတွေဆို သိပ်ချစ်ပါတယ် တစ်ခါခါကျ ကိုယ့်ပါသာ ပြန်ပြန်တွေးတယ် “အင်း...ကိုယ်ကသာ ချစ်နေရတာ သူတို့က နောက်ဆို ငါအသက်ကြီးရင် ဘိုးဘွာရိပ်သာပို့ကြမယ့်ဟာလေးတွေ ဦးလေးလူပျိုအိုကြီးကို ရှုပ်တယ်လို့ပြောကြမှာ ” လို့ တွေးမိတာပါ အဲ့အကြောင်း အမေ့ကို ပြောပြမိရင် ပေါက်ပေါက်ရှာရှာ တွေးတတ်ပါ့လို့ အမေကပြောကော ။

ဒီက ခလေးတွေ စားကောင်းသောက်ကောင်း စားနေကြတာ ပေါပေါလောလော ကိုယ့်တူ/တူမလေးတွေလည်း ကျွေးချင်လိုက်တာ ။ မှတ်မိပါသေးတယ် ရွာကို အလည်သွားဖြစ်တိုင်း မုန့်လက်ကောက်၊ အသားထုကြော် ၊ အသုတ် ၊ ဟာလ၀ါ တွေ အများကြီး ၀ယ်ဝယ်သွားဖြစ်တယ် ဟိုရောက်လို့ အဝေမတည့်ရင် ခလေးတွေက ရန်တွေဖြစ်တတ်ကြလို့ပါ ။မုန့်ဝယ်ပေးရင် တူတူပဲကိုလည်း သူ့ဟာကကြီးတယ် ငါ့ဟာကကြီးတယ်နဲ့ စကားနိုင်တွေလုလို့ပါ ။ဒီည ဖေ့ဘွတ်မှာ တူ / တူမ လေးတွေ ဓာတ်ပုံပြန်ကြည့်ရင်း ဒီမှာမတင်ရသေးတဲ့ ပုံလေးတွေလည်း ရှိတာနဲ့ တင်ပြီး ပို့စ်လေးရေးဖို့ စိတ်ကူးရမိတယ် ။


ဒီကောင်က ငကြွား အစ်မငယ်ရဲ့ သားလေးပါ ။တစ်ခါခါကျ သူတို့ချင်းကြွားတာ အားမရလို့ အဲ့အစားသေးသေးလေးကို ကုန်အောင်မစားရက် ခလေးတွေကစားဝိုင်းမှာ “ ဒါက ငါတို့ဦးသားလေး ၀ယ်ခဲ့ပေးတာ .....မယုံရင်လိုက်ကြည့်ပေါ့ကွ အဖွားတို့အိမ်မှာ ဟာလ၀ါတွေ အများကြီးကျန်သေးတယ် ” အင်မတန်ကြွားထူတဲ့ဟာလေးတွေ (ဦးလေးနဲ့တူလို့မဟုတ်ပါ :P) သူ စကားနိုင်လုလို့မနိုင်ရင် ကိုယ့်ကို သက်သေခေါ်တတ်သေးတာ ” ဦးသားလေး ရေ့ ဟာလ၀ါတွေ အများကြီးကျန်သေးတယ်နော် ဒီကောင်က မယုံလို့တဲ့ နောက်တစ်ခါကျ သားအတွက် ကုန်တင်ကားသေးသေးလေးတွေ ၀ယ်ခဲ့ပေးအုံးမယ်နော် ” ကိုယ့်မှာတော့ အူတူတူနဲ့ “ ဟေ....အေးအေး ” လို့ သူ့ကိုသက်သေလိုက်ပေးမိပြီ ဒီကောင်က လူလည် တစ်ခါတည်း ကိုယ့်ကို ခြေပြီးတုတ်လိုက်တာပါ ပြန်ခါနီးကျ “ ဦးသားလေး သားအတွက် ကုန်တင်ကားလေး ၀ယ်ခဲ့ပေးနော် ” လို့ မှာတာ အသေအချာပေါ့ ။


ဒါက အပေါ်က တစ်ယောက်ရဲ့ ညီမလေးပေါ့ တအားကိုစွာပါတယ် ဒါကတော့ ဦးလေးနဲ့တူတယ်း) တအားရန်ဖြစ်တတ်လို့ ပြောထားရပါတယ် သူ့အမေဆို ပြောမနိုင်တော့လို့ နင့်ကို ကျောင်းမထားပဲ ငါးပဲရောင်းခိုင်းရတော့မယ် ဆိုရင် “ ရောင်းမယ် အမေ ရောင်းမယ် ” တဲ့ ။ ကြီးတော် နဲ့ဆို ရန်ဖက်ပဲ အိမ်မှာ ရေလာခပ်လည်း သူ့ကို ကြီးတော်က မုန့်မကျွေးထားရင် ရေပုံးဖွတ်ထားတာမျိုးလည်း လုပ်တတ်ပါတယ် ကြီးတော်ကသူ့ကိုဆူရင် “ သမီးကိုကျ မုန့်မကျွေးပဲ သမီးတို့အိမ်မှာကျရေလာခပ်တယ် မပေးဘူး ရေလည်း လာမခပ်နဲ့ ရေပုံးဖွတ်ထားတယ် ” အသံစွာစွာနဲ့ ပြန်ပြောတတ်ပါတယ် ။ ကြီးတော်ကတော့ ကိုယ့်ကိုစစ်ကူးတောင်ပြီး ငါလည်းမနိုင်ဘူးဟယ် လုပ်ပါအုံး နင့်တူမကိုဆိုရင်တော့ “ ဟိတ် ..ပေးလိုက် ပေးလိုက် ငါလာရင်တော့ နာတော့မယ် ဟွန်းဟွန်း ” ဦးလေးဖြစ်ရတာ အဲ့တာ သာပါတယ် ကြောက်မယ့်သူလေး ဘာလေးရှိလို့ပေါ့း) အဲ့အခါကျ ပါးစပ်က ပွစိစိနဲ့ ဖွတ်ထားတဲ့နေရာက ပြန်ထုတ်ပေးတတ်ပါတယ် ။ ရွာက လူတွေ သူ့ကိုခေါ်တာ ရွာဆော်ပါစီကွေး တဲ့း) ။

ဒါက ကျနော့်ရဲ့ အချစ်တော်လေးတွေပေါ့ သိပ်လိမ်မာပါတယ် ။ အလတ်မက ကျနော့်ကို တအားချစ်တယ် သူတို့အိမ်ရောက်တာ နဲ့ ရေလေးတစ်ခွက်ပြေးခပ်ပြီး ကိုယ့်ကို ယူလာပေးတတ်တယ် ။ဈေးဆိုင်တည်ထားတဲ့ အိမ်လေးဆိုတော့ ” ဦးသားလေး...ဒီမုန့်စားကောင်းတယ် စားမလား ဒါလည်းကောင်းတာပဲ ချိုတယ် ” မုန့်မဆာပေမယ့် သူတို့ပြောစကားလေးတွေက ပိုချိုနေသလိုပါပဲ ။ စာတအားကျက်ချင်တဲ့ခလေးမလေးပေါ့ ခုမှ ၃ တန်းက မနက် ၄ နာရီစာထကျက်မယ်ဆိုလို့ သူ့အမေက မနည်းဘူးတားထားရတယ် ။ ကျနော့်ကိုဆိုလည်း သူ့အတွက်ကြွားစရာကျနေတာပဲ “ ငါတို့ ဦးသားလေးမှာ နှုတ်ခမ်းမွှေးရှိတယ် နင်တို့ ဦးမှာ ရှိလို့လား ” အဲ့တာက သူတို့ ခလေးချင်းရန်ဖြစ်ရင်သုံးတတ်တဲ့စကား ။ တစ်ခါက သူတို့ဆရာမကိုကြွားတယ်တဲ့ “သမီးတို့ ဦးသားလေးမှာ ခြေသလုံးမွှေးတွေ အရှည်ကြီးပဲ ” လို့ပြောတော့ ဆရာမက မယုံဘူး ဒီတစ်ခါ နင်တို့ဦးလာရင် ငါ့ကိုပြောလို့ ပြန်နောက်လိုက်ကော တစ်နေ့ ကျနော်သူတို့အိမ် အလည်သွားတော့ ဆရာမကလည်း ဈေးဆိုင်မှာ ဈေးလာဝယ်တဲ့အချိန်နဲ့တိုးတယ် ခလေးက ဘာမပြောညာမပြောနဲ့ “ ဆရာမ ..သမီးတို့ ဦးသားလေးမှာ ခြေသလုံးမွှေး အရှည်ကြီးရှိတာမယုံဘူး ဟုတ် ဦးသားလေး ဆရာမကို လှန်ပြလိုက် လှန်ပြလိုက် ” တဲ့ သူ့ဆရာမကော ကျနော်ပါ ကြောင်တောင်တောင်တွေဖြစ်လို့ ဘာပြောရမှန်းမသိ ရှက်လိုက်တာဗျာ မီးဖိုချောင်ထဲပြေးဝင်ပြီး “ အစ်မ သမီးကတော့ လုပ်ပြီဗျာ ရှက်လိုက်တာ သူ့ဆရာမ ရှေ့မှာ ကျနော့်ကို ခြေသလုံးမွှေး လှန်ပြခိုင်းနေတယ် အစ်မလုပ်အုံး ” ။အစ်မလည်း ဆရာမကိုလည်း အားနာ ဘာလုပ်ရမှန်းမသိတော့ သူ့သမီးကို ၀ါးခြမ်းပြားနဲ့ ၃ ချက်တီးထည့်ပေးလိုက်တယ် ငိုပြီး ငြိမ်သွားကော ကျနော့်မှာ သူ့ဆရာမ မပြန်မချင်း မီးဖိုချောင်ထဲမှာ ပုန်းပြီး ကြံကြံဖန်ဖန် အဖြစ်ကိုလည်း တွေးပြီး ကြိတ်ရယ်မိပါရဲ့ ။




ဒါကတော့ ကိုယ်ရဲ့ အချစ်တော်လေးများပေါ့ ဓာတ်ပုံရိုက်ပေးမယ်ဆိုလို့ ရေအပြေးချိုးပြီး ပြင်ဆင်ထားတဲ့ရုပ်လေးတွေမို့ပါ မဟုတ်၇င်တော့ ဖုတ်လူးကောင်လေးတွေဖြစ်နေလို့ပေါ့ ။ အစ်ကို အစ်မ ၃ ယောက်က မွေးထားတာက ၈ ယောက် တော်တော် မွေးမြူရေးကောင်းကြပါတယ် ကိုယ့်မှာတော့ သူတို့ကိုကြည့်ပြီးမောလို့ ၁၅၀၀ ဆို ဝေးဝေးက ရှောင်ပါတယ်း) ။ ဒီမှာ အချစ်ဆုံးနဲ့ပြိုင်ဘက် ဆိုပြီး ပို့စ်တစ်ပုဒ်ရေးဖူးသေးတယ် ။ ဘာပဲဖြစ်ဖြစ် တစ်ခါတလေတော့ စိတ်ရှုပ်စရာ စိတ်မောစရာကောင်းပေမယ့် သူတို့လေးတွေ အားလုံးဟာ ကျနော့်အတွက်တော့ အမောပြေလေးတွေပါပဲ ။





Tuesday, April 19, 2011

မြှားချက်

သူတို့ပစ်ခွင်းလိုက်တာ
ခပ်ပါးပါးလေးပါပဲ
ဒါပေမယ့် ကိုယ့်မှာ အထူကြီးခံစားပစ်လိုက်တော့
မောလိုက်တာ ရင်ဘတ်ထဲကတောင် အောင့်တယ် ။









Saturday, April 16, 2011

သင်္ကြန်အမှတ်တရလေး

သင်္ကြန်အမှတ်တရလေး အမှတ်တရကြီးရယ်လည်းမဟုတ်ပါဘူး ချစ်သူကောင်မလေးတစ်ယောက် ရလိုက်တာတို့ ။ သင်္ကြန်ဇတ်လမ်းလေးဖြစ်လိုက်တာတို့ တစ်ခုမှမဟုတ်ပါဘူး သင်္ကြန်မှာ အိမ်ရှေ့မှာ ရေပုံးကြီးတွေချ ခလေးတွေနဲ့ အဖော်ပြုလို့ရေပက်ပါတယ် ။ ကိုယ့်က ခလေးထိန်းကြီးပေါ့ ကားတွေများတော့ သူတို့ကိုကြည့်ရင်း ရေပက်ကြတာ ပျော်ဖို့လည်းကောင်း စိတ်ညစ်ဖို့လည်းကောင်း ပြောစကားနားမထောင်လို့ပါ လူနည်းနေတယ် နောက်မှ ပက်ကြလို့ပြောရင် ပြောတဲ့ကိုယ့်ကို ၀ိုင်းပက်ကြတာ သူတို့ကို တားချိန်တောင်မရလိုက် နေပူထဲ ခဏလေးထွက် အချမ်းသက်သာလို့ပြန်လာရင် ပက်ထည့်လိုက်ပြန်ပြီးတစ်ယောက် ဆော်ထည့်ချင်လိုက်တာကတော့ လက်ကိုယားလို့ ဘော့စ်ရှိနေလို့သာပေါ့း)

ဒီနှစ် တစ်ခြားပြည်နယ်က ဘော့စ်ယောက်ျားရဲ့တူလေး မဲဆောက်ကို အလည်လာတယ် တော်တော် ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါ ။ မြို့ကခလေးဆိုတော့ စကားပြောတာလည်း ယဉ်ကျေးတယ် ဗမာစကားပြောရင် စိတ်ဝင်တစားနဲ့ နားထောင်ပြီး အဲ့တာဘာပြောာတာလဲဟင် လို့ ခဏခဏမေးတတ်ပါတယ် သူတို့ဘက်မှာ မကြားဖူးဘူးတဲ့ ။တစ်ချို့ထိုင်းခလေးလေးတွေ ကြီးကျယ်ပြီး ဗမာတွေဆို သိပ်ဂရုမစိုက်တတ်ကြပါဘူး ဒီခလေးကျတော့ အဲ့လိုမဟုတ် ချစ်စရာကောင်းလို့ သူနဲ့စကားလေးပြောဖြစ် သူ့ကို အလိုလိုက်ဖြစ်တော့ ခလေးကလည်း ကိုယ့်ကို ခင်သွားတယ် ။ တစ်နေ့က ရေကစားရင်း သူ့ကိုစလည်း သူက ဘာမှမပြော ကိုယ့်ကိုတောင်ပြန်စလို့ ။

မနေ့ကတော့ အမှတ်တရလေးပေါ့ တော်တော်တော့ စိတ်ညစ်ဖို့လည်းကောင်း ပြန်တွေးပြီး ရယ်ချင်စရာလေးလည်းဖြစ်စရာပါ ။ခလေးက အရင်နေ့တွေက စတော့ဘာမှမဖြစ် မနေ့ကကျ ကျနော်တို့ဆီမှာ လာပက်တဲ့ဘေးအိမ်က ခလေးမလေးနှစ်ယောက်ပါ ပါတယ် အဲ့တော့ ရွယ်တူလေးတွေဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့ အဲ့အချိန်မှာက ကိုယ်ကကွက်တိ စလိုက်မိတာ တစ်ကိုယ်လုံးစိုရွှဲနေတဲ့ သူ့ပုံစံလေးကြည့်ပြီး စလိုက်မိတယ် ရေတွေ တတောက်တောက်ကျနေတာကို “ ညီလေး မင်းရှူးတွေ ပေါက်ချနေတယ်မှတ်လားကွ ” ။ ခလေးက မျက်နှာကြီးရဲသွားတယ် တစ်ခြားခလေးတွေလည်း ရယ်ကြတော့ သူတော်တော် ရှက်သွားတယ်ထင်တယ် ။ ကျနော့်ကိုရေတွေနဲ့ ခွက်စောင်းလိုက်ခုတ်တာ စပ်လိုက်တာဆိုတာ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ခံပေါ့ ။ ခလေးစိတ်ကောက်ရင် လူကြီးကချော့ရမှာ ဆိုတော့ သူ့အနားသွား ရေခဲမုန့် ခွက်လေးကိုင်ပြီး “ စားမလား ခုနက အစ်ကိုက စလိုက်တာ မရည်ရွယ်ပါဘူး စိတ်မဆိုးနဲ့နော် တောင်းပန်တယ် နော် ညီ ” ကိုယ်တောင်းပန်မှ ခလေးက ပိုဆိုး အကျယ်ကြီး အော်ငိုတာဗျာ စိတ်တွေကို ညစ်သွားတာပဲး( အင်း ငါတော့ လာဘ်ဝင်တာပဲ ဘာလုပ်ရမှန်းမသိတော့လို့ ထထွက်လာတော့ ခလေးက ကိုယ့်ကို အနောက်ကနေ ကန်ထည့်လိုက်တာ နည်းနည်းတော့ အီသွားတယ် သူ့ကိုစိတ်ဆိုးတာမျိုးလည်းမဖြစ်ပဲ ကိုယ့်အဖြစ်ကို တော်တော်ရယ်ချင်သွားတာ ငါ့နှယ်နော် ဒီအရွယ်ကြီးရောက်မှ ခလေးတွေနဲ့ဆော့ ခလေးကိုစမိလို့ ခုတော့ အကန်ခံထိပြီဆိုပြီးတော့ပါ ။

ထိုင်းနိုင်ငံမှာ လက်ကလေးရွယ်လိုက်ရင်ဖြစ်ဖြစ် တော်တော်ကိုမယဉ်ကျေးရာရောက်ပါတယ် ။ ကိုယ်ကတော့ ကိုယ့်အပြစ်နဲ့ဆိုတော့ ဘာမှမပြောပဲ ငြိမ်နေလိုက်တယ် ရေလည်းမကစားတော့ပါဘူးလေးဆိုပြီ အိမ်ထဲဝင်ဖို့လုပ်တော့ ဘော့စ်သားအငယ်ကောင်လေးက “ အမေ့ စောနက ဒီအစ်ကိုလေ အစ်ကိုမျိုးကို ဒီလိုကြီးကန်ထည့်လိုက်တယ်” ဆိုပြီး ဟန်တွေပန်တွေနဲ့လုပ်ပြလိုက်ပါလေကော ဒွတ်ခပဲ ပြသနာက ပိုကြီးပြီ အဲ့ခလေးကိုခေါ် ပြီးတော့ လူကြီးက ချစ်လို့စတာကို အဲ့လိုလုပ်ရမလားဆိုပြီး ဆူ နင့်ကို နင့်ဘကြီးနဲ့ ငါတိုင်အုံးမယ်ဆိုပြီင်္း ချောက်လိုက်တော့ ခလေးက ပိုငို ကိုယ်ပါစိတ်ညစ်လွန်းလို့ ထိုင်ငိုချင်စိတ်ပါပေါက်သွားတယ် ။ ပြီးတော့ ချက်ချင်း ကိုယ့်ကို လက်အုပ်ကလေးချီလို့ပြန်တောင်းပန်ခိုင်းတယ် (ထိုင်းနိုင်ငံမှာက အမှားတစ်ခုခုလုပ်လို့တောင်းပန်ရင် လက်အုပ်ကလေးချီ ပြီးတော့ ပါးစပ်ကနေ တောင်းပန်ပါတယ်ခင်ဗျ /ရှင့် လို့ပြောကြပါတယ်) ။

ကျနော် အိမ်ပေါ်တက် အ၀တ်စားတွေလည်းတော့ သူက အနောက်ကလိုက်လာ ပြီးတော့ ကျနော်ကြားလောက်တဲ့နေရာကနေ ထိုင်ငိုပါလေးကော ပါးစပ်ကလည်းပြော “ ကျနော့်ကိုအရင်လာစတာမကျေနပ်ဘူး နောက်ဆို တူတူမကစားတော့ဘူး သူများတွေလည်းရယ်ကြတယ် ဆူလည်းခံထိတယ် မခေါ်တော့ဘူး ” ချစ်စရာလေးပါ ဟိဟိ ကျနော်လည်း သွားမချော့ရဲတော့ဘူး ကန်ခံထိမှာစိုးလို့ ကိုယ်က မသွားတော့ သူက လာပါတယ် ကိုယ့်အခန်းဝမှာ ရပ်ပြီး မျက်ရည်တွေရွှဲ ငိုသံနဲ့ နောက်တစ်ခေါက်တောင်းပန်ပါတယ်တဲ့ သူတောင်းပန်တဲ့ပုံစံလေးက ရယ်စရာတော်တော်ကောင်းပါတယ် သူလက်အုပ်ချီလိုက်တဲ့ပုံက ဆောင့်ကြီးအောင့်ကြီးနဲ့ “ တောင်းပန်တယ် နောက်ဆို အစ်ကိုနဲ့ မကစားတော့ဘူး ” ပြောလည်းပြော အခန်းဝမှာ ထိုင်ချပြီး ငိုပြန်ကော ဟူးး ငါတော့နော် သေသာသေလိုက်ချင်တော့တယ် မဖြစ်ချေဘူး ချော့အုံးမှပဲ “ မင်းဘကြီးနဲ့ တိုင်မှာမဟုတ်ပါဘူး တိတ်တိတ် ဒီမှာ မင်းကန်လိုက်တာ အစ်ကို့ပေါင်ကြီးတောင်ယောင်နေပြီတွေ့လား ခုလမ်းတောင်လျှောက်လို့မရတော့ဘူး အစ်ကိုလည်းတောင်းပန်တယ်နော် တိတ်တော့ နောက်မစတော့ဘူး ” တော်တော်ကြာကြာချော့လိုက်မှ တိတ်သွားပါတော့တယ် ။

ဒီမနက်ကျတော့ ကိုယ့်အခန်းကို အစောကြီးရောက်လာတယ် ပြီးတော့ နာနေသေးလား ကျနော် ဆေးဝယ်ပေးရမလားတဲ့ လာမေးပါတယ်း) ကိုယ့်ပေါင်လေးကိုလည်း လာနှိပ်ပေးနေတယ် ။ နေ့လည်က ရေသွားကစားခါနီကျ အပြေးလေးလာခေါ်တယ် မလိုက်တော့ဘူး မင်းကိုစမိရင် ငါ့ကိုကန်အုံးမှာမှတ်လားဆိုတော့ “မကန်တော့ပါဘူးဗျာ ကျနော်တောင်းပန်ပါတယ်ဆို လိုက်ခဲ့ပါ နောက်နေ့ဆို ကျနော်က ပြန်ပြီဗျ” တဲ့ အင်း ဟုတ်တော့လည်းဟုတ်သား သင်္ကြန်ပြီးရင် ပြန်ကြတော့မှာ ဘာပဲဖြစ်ဖြစ် ခလေးစိတ်ချမ်းသာအောင် သူနဲ့လိုက်ဆော့ပေးဖြစ်တယ် ။အမှတ်တရပါ ခလေးဆိုးကြီးလို ခလေးထိန်းကြ်ီးလို လုပ်ဖြစ်တဲ့ ကိုယ့်အတွက် သင်္ကြန်အမှတ်တရကတော့ စိတ်ညစ်စရာလည်းကောင်း ပျော်စရာလည်းကောင်းနဲ့ နောင်နှစ်တွေကျ ဒီခလေးကို ကျနော်သတိရမိနေအုံးမှား) ။

ဝမ်ချိုင်းလို ညာခြေကန်ချက် ကောင်းတဲ့ ကောင်ဆိုးလေးပါ :)



Friday, April 15, 2011

ဟိုဖက်ကမ်း နဲ့ ဒီဘက်ကမ်း

တစ်ချို့တွေကတော့ သိပြီးသားတွေနေကြမှာပါ ဒီပို့စ်လေးကတော့မသိသေးကြတဲ့သူတွေအတွက်ပါ ။ တစ်ချို့ သူငယ်ချင်းတွေက မေးကြတယ် မဲဆောက်ဆိုတော့ မြ၀တိနဲ့နီးလား တဲ့ ။ ကျနော်ကလည်း မဲဆောက်အကြောင်းသာ ခဏခဏရေးနေတယ် မြ၀တီအကြောင်းတော့ သိပ်မရေးဖြစ် သိပ်မရေးဖြစ်ဆို အမှန်တိုင်းပြောရရင် သိပ်မကြိုက်ပါဘူး ဒါက သူများပြည်ရောက်လို့ ကိုယ့်ပြည်ကိုစော်ကားတာလည်းမဟုတ် ဘယ်သူ့ကို အဘခေါ်ရမှန်းမသိတဲ့ အုပ်ချုပ်မှုကြီးမှာ ငိုစားရယ်စား ဟောက်စား ချောက်စားတွေကလည်းများလွန်းလို့ မရေးချင်တာပါ တော်ကြားရေးလိုက်ရင်များ မောင်မျိုး တစ်ယောက် နိုင်ငံရေးစာပေလောကထဲပဲ ဂျွမ်းပစ်ဝင်လိုက်သလားထင်ကုန်မှာစိုးလို့ပါ ။

ဟိုဘက်ကမ်း နဲ့ ဒီဘက်ကမ်း မြ၀တီကလူက ဟိုဘက်ကမ်းလို့ပြောလိုက်ရင် ဒါ မဲဆောက်ပဲ ။ မဲဆောက်က လူက “ဖန်နွန့် ” ဟိုဘက်ကမ်းလို့ပြောလိုက်ရင် မြ၀တီပဲပေါ့ ။ သူတို့က ဟိုဖက်ကမ်း နဲ့ ဒီဘက်ကမ်း ဇတ်လမ်းပါ ဒါပေမယ့် တော်တော်တော့ကွာတယ် ကိုယ့်ပြည်ကိုယ့်မြေကိုရောက်သွားတာတောင် သူများပြည်လောက် လုံခြုံတယ်လို့မခံစားရတော့တဲ့ ခံစားချက်မျိုးကတော့ ဆိုးဝါးပါတယ်လေ တကယ်လည်းဟုတ်တာပဲ ခဏလေးသွားတောင် ဗုံးပေါက်ပြန်ပြီ သေနတ်သံကြားပြန်ပြီနဲ့ ကျီးလန့်စာ စားရသလိုပါပဲ ။ အမှန်က မြ၀တီ-မဲဆောက်ဆိုတာ သောင်ရင်းမြစ်ကလေးတစ်ခုသာ ခြားတဲ့ ကမ်းနဖူးမြို့ကလေးနှစ်မြို့ပါ ။ တစ်ချို့ကတော့ အဲ့ဘက်က ကြမ်းတယ်ဆိုလို့ ပြောတတ်ကြပေမယ့် ကျနော်တို့အတွက်တော့ ရိုးနေပါပြီ သေခါမှသေတော့ ဘာကိုမှမကြောက် လုပ်ကိုင်စားနေကြတဲ့သူတွေလည်း အများကြီးပါပဲ ။

မြ၀တီမြို့ထဲက ချမ်းသာတဲ့သူတွေရဲ့ သားသမီးတွေကတော့ မဲဆောက်ကကျောင်းကောင်းတွေမှာထားတတ်ကြတာလည်းရှိတယ် ။ တစ်ချို့ကျ တစ်နေ့ဝင်ထွက်ခွင့်လတ်မှတ်ကလေးတွေလုပ်ပြီး မနက်လာ ညနေပြန်ကြတဲ့ ပန်းရံသမား ဈေးရောင်းဈေးဝယ်တွေလည်း ရှိကြတာပဲ ။ တစ်ချို့ကျပြန်တော့ တစ်နေ့စာလက်မှတ်ကလေးလုပ်ပြီး နှစ်တွေတော်တော်ကြာ သောင်တင် ခပ်တည်တည်နဲ့နေနေတဲ့သူတွေလည်းရှိတယ် ဥပမာ ကျနော် ပေါ့း) ။ပုလိပ်တွေကလည်းဖမ်းတာပဲ ဖမ်းခံရတဲ့သူတွေကလည်းမမှုတော့သလို ငွေပေးလို့ကျေနပ်တဲ့ ပုလိပ်ရှိသလို ဘာမှမမေးတော့ပဲ မမြင်ချင်ယောင်ဆောင်လို်က်ကြတဲ့ပုလိပ်တွေလည်းရှိတယ် ။ မြ၀တီမြို့မှာ ဈေးဝယ်ရင်တော့ ဘတ်နဲ့လည်းသုံးလို့ရတယ် ကျပ် နဲ့လည်းသုံးလို့ရတယ် ။

တံတားကြီးပိတ်ထားတော့ အောက်က လှေဂိတ်တွေနဲ့ သွားမယ်ဆိုရင်တော့ ဂိတ်ကြေး လှေကြေး ပေးပြီးသွားလို့ရတယ် ။မပြောဘူးဆိုပြီး ပြောရပါအုံးမယ် ၀ါသနာမို့ ခွင့်လွှတ်တော်မူပါ မြ၀တီလောက် အကောက်ခွန်များတဲ့မြို့မတွေ့ဖူးပါဘူး ဒါမယ့် မြို့ကို ပြင်ပြင်ဆင်ဆင်လုပ်ထားတာများ ဘာမှကိုမတွေ့ဘူး လမ်းတွေများဆိုတာ ဆိုက်ကားကြိုက်တဲ့ ကိုယ့်အဖို့တော့ လင်ပန်းထဲ ဆီးဖြူသီထည့်လှိမ့်ထားသလို ဝေ့၀ိုက်နေတာပဲ တစ်ခါခါဆို ဖင်ချမထိုင်ရဲပါဘူး ကြွထားရတယ် အဲ့လောက်ဆို လမ်းတွေ ဘယ်လောက်ဖြောင့်ဖြူးတယ်ဆိုတာ မှန်းသာကြည့်ကြပါတော့ ။တိုင်းရင်းသား ကျေးရွာသွားစရာမလိုပါဘူး မြ၀တီကိုလာခဲ့ လူမျိုးပေါင်းစုံ လူမျိုးစုံမြင်ရမယ် ကိုယ့်ပြည်သားချင်း ကူညီတတ်တဲ့သူတွေကနည်းပြီး မျက်စိတစ်ဖက်မှိတ်လို့ ဂွင်စင်တဲ့သူတွေလည်းများတယ် ။ငွေလဲတဲ့နေရာတွေမှာ ဂဏန်းပေါင်းစက်ကိုတွက်လိုက်တာများ ကိုယ်တွက်ထားတာနဲ့ တစ်သောင်းလောက်ကွာနေတယ်ဆိုတာကတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး လက်ရဲဇက်ရဲနဲ့ ဂဏန်းပေါင်းစက်ယူပြီး သူ့ရှေ့မှာ နှိပ်ပြလိုက်တော့ ငွေတစ်သောင်းကွာနေတယ် ။ မယုံမရှိနဲ့ မြ၀တီလာမယ်ဆိုရင် အူတူတူလေးလုပ်နေလို့ကတော့ ခေတ်စကားနဲ့ပြောရရင် ဆွဲစိခံလိုက်ရမယ် သတိထား ။

မဲဆောက်မြို့ထဲမှာတော့ မြန်မာမရှိတဲ့အိမ်က ခပ်ရှားရှား ဈေးကဆိုင်တွေဆိုလည်း မြန်မာတွေအများကြီးပါပဲ မြန်မာအစားသောက်တွေလည်း မသိရင်မြန်မာပြည်က အစားသောက်တွေလိုပေါပါတယ် ။ လက်ဖက်ရည်ဆိုင် ကွမ်းယာဆိုင်တွေလည်းရှိတယ် ။ “အနိထော့လိုင်ခရပ်” လို့ ကိုယ်ကမေးလိုက်ရင် ဗမာသံပီးလွန်းတဲ့ ထိုင်းကြီးတစ်ယောက်က ကိုးဆယ်လို့ဖြေချင်ဖြေလိမ့်မယ် ။ ဒါမဲဆောက် နဲ့ မြ၀တီရဲ့ ဘာသာစကားပေါ့ ။ဒီလိုသင်္ကြန်ရက်မျိုးမှာ မြ၀တီကနေ သင်္ကြန်လာကျတဲ့သူတွေလည်းရှိတယ် ကားပေါ်မှာ ကိုကြီးကျော်သီချင်း ၊ ဗျို့ဟစ်သံ သီချင်းတွေကို အကျယ်ကြီးဖွင့် ကနေကြတဲ့ မြန်မာတွေလည်းအများကြီး ။ သင်္ကြန်ရက်ဆိုအများဆုံးတွေ့ရတဲ့ ရွှေပြည်ကြီးက ကိုကိုကပ်ပန်းတွေအကြောင်းလည်းပြောချင်ပါသေးတယ် ဓာတ်တိုင်လေးတစ်တိုင် အပင်သေးလေးတစ်ပင်တွေ့ရင်များ သူတို့ကို သူတို့တော်တော် လုံပြီထင်ပြီး ပန်းကြတဲ့ ကိုကိုပန်းတွေပေါ့ ။ ဘော့စ်ကမေးတယ် နင်တို့ဗမာတွေ မူးရင် အဲ့လိုပဲလားတဲ့ ကိုယ့်မှာ ရယ်ရမလို ငိုရမလို “မသိဘူးလေ” လို့ပဲဖြေလိုက်ရတော့တယ် ။

ကျနော်ကတော့ ဟိုဖက်ကမ်း နဲ့ ဒီဘက်ကမ်း ကို ကျောချင်းကပ်ထားတဲ့ အိမ်နီးချင်းတွေလို့တင်စားချင်ပါတယ် ။ ဒီဘက်အိမ်က အလျှော့ပေးလိုက် ဟိုဘက်အိမ်က ခလေးဆိုးကြီးလုပ်လို့ တံခါးခဏခဏပိတ်လိုက်နဲ့ အိမ်သူအိမ်သားတွေ နားပူရတဲ့အဖြစ်မျိုးပါ ။ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ သွေးချင်းတွေရှိတဲ့ ဟိုဘက်ကမ်းကို ချစ်မြဲချစ်နေသလို ကိုယ့်ရဲ့ ဒုတိယမွေးရပ်မြေလိုဖြစ်နေတဲ့ ဒီဘက်ကမ်းကိုလည်း ချစ်လျှက်ပါ ။ အားလုံးလည်း ဟိုဘက်ကမ်းဖြစ်ဖြစ် ဒီဘက်ကမ်းဖြစ်ဖြစ် အလည်များရောက်လာခဲ့ရင် ကျနော် မောင်မျိုးကို ဆက်သွယ်လိုက်ပါခင်ဗျား) တကယ်ပါ မလိမ်ဘူး မညာဘူး ဖုန်းနံပါတ် 085-******* ဆက်လိုက်ပါ :P



Tuesday, April 12, 2011

ကောင်းကင်

ကောင်းကင်ကနေတစင်း
ဘယ်လိုပင်ပူပြင်း
ရင်တွင်းကအချစ်ဒဏ်ရာ
နေတပျောက်ပေမယ့်
သေလောက်အောင်ခံစားတယ်။

ကောင်းကင်ကရေတပေါက်
ခမ်းခြောက်တာပပျောက်စေပေမယ့်
ရင်တွင်းကအလွမ်းမိုး
နွမ်းညိုးတာကိုပိုစေတယ် ။

ကောင်းကင်ကလတစင်း
အရာရာကိုထွန်းလင်းစေပေမယ့်
ရင်းတွင်းကချစ်သူ့ပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ်။

ကောင်းကင်ကအဟောင်းတွေကို
အသစ်မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှချစ်ခြင်းများကို
ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့
မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင် ။



Monday, April 11, 2011

Thailand's got talent 2011

ဒီရက်ပိုင်း စာရေးဖို့လည်းစိတ်မပါဘူး ပျင်းလည်းပျင်းနေတာနဲ့ သီချင်းတွေနားထောင်ဖြစ်တယ် ပြီးတော့ အစီစဉ်ကောင်းလေးတွေ သတင်းမှာ ကြည့်ကြည့်နေရတဲ့ Thailand's got talent 2011
ဆိုတာလေး သွားထပ်ကြည့်ဖြစ်ပါတယ် ။ အစပိုင်းတော့ ကြော်ငြာထဲပါတာလောက်လေးတွေပဲကြည့်ဖြစ်ပေမယ့် နောက်ပိုင်းစိတ်ဝင်စားစရာတော်တော်ကောင်းတာနဲ့ တစ်ခြားတင်ဆက်မှုတွေပါ အင်တာနက်မှာရှာပြီး ဆက်ကြည့်ဖြစ်တယ် ။ အစီစဉ်ကောင်းလေးပါ ပြီးတော့ ကိုယ့်ရင်ထဲ လှိုက်ခနဲဖြစ်ဖြစ်သွားရတဲ့ တင်ဆက်မှုလေးတွေပါကြည့်လိုက်ရတော့ ဘလော့လေးမှာလည်း ဝေမျှချင်စိတ်ပေါက်တာနဲ့ တင်လိုက်ပါတယ်ခင်ဗျား ။

၁။ ဒါကတော့ ကျနော်တော်တော်ကြိုက်တဲ့ တင်ဆက်သူပါ သူဟာ အသက် ၂၉ နှစ်ပဲရှိပါသေးတယ် ။ လွန်ခဲ့တဲ့ဆယ်နှစ်ဆို သူ့အသက်ဟာ ၁၉ နှစ်ပဲရှိသေးတာပေါ့ အရွယ်ကောင်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး သူ့ရဲ့ ဘယ်ဘက် လက်တစ်ဖက် သုံးမရဖြစ်သွားရတယ်။ ပြီးခဲ့တဲ့ ၂-၃ နှစ်လောက်မှ ပြန်စပြီး သူဟာ ဂစ်တာကို လက်တစ်ဖက်တည်းနဲ့ ပြန်စတီးခဲ့ပါတယ်တဲ့ ။ သူ့ရဲ့ လက်တစ်ဖက်တည်းနဲ့ ဂစ်တာ တီးတာကလည်း အံ့သြဖို့ကောင်းသလို သူရဲ့ ပြောစကားတွေဟာလည်း လာကြည့်သူ ပရိတ်သတ်ကို မျက်ရည်ကျစေတဲ့အထိပါပဲ သူ့မျက်နှာက ပြုံးနေတယ် ပြီးတော့ သူ့အသံက ဂရုဏာသံနဲ့ ။သူက ဒိုင်တွေ မေးတော့ ဖြေတဲ့ စကားလေးက လေးစားစရာ “ ဖုန် ရာကမလန်ကျိုင် ဟိုက် ခွန်အီ ခရပ် ” ၊“ ကျနော် တစ်ခြားသူတွေ ကို စိတ်ဓာတ်ခွန်အားတွေ ပေးချင်သေးတယ်ခင်ဗျ ” တဲ့ တကယ်ကိုလေးစားစရာပါ ။သူ့အစ်ကိုကတော့ သူ့ညီလေးကိုကြည့်ပြီး မျက်ရည်မဆယ်နိုင် “ကျနော့်ညီလေးကို အားတင်းထားစေချင်ပါတယ် ” လို့ပြောသွားပါတယ်.။သူ့ကို အားပေးရင်း အမြဲစောင့်ရှောက်လာခဲ့တဲ့ သူ့အစ်ကို ကိုတော့ သူဟာ မျက်ရည်တွေနဲ့ ပြောသွားတဲ့စကားလေးက “ ကျနော် နောက်ဘ၀လည်း ကျနော့်အစ်ကို ကို အစ်ကိုပြန်တော်ချင်ပါသေးတယ် ” တဲ့ ။ဒီအစီစဉ်လေးကြည့်ပြီး ကျနော် မျက်ရည်ဝဲမိပါတယ် ။


၂။သူ့နာမည်က အာကျိ အသက်က ၃၈ ။ပြိုင်ပွဲမစခင် ဗျူးတာကိုသူဖြေသွားတာက “ ကျနော့်အိမ်မှာ ပြသနာနည်းနည်းရှိလို့ခင်ဗျ ဒါကြောင့် ကျနော် ၀င်ပြိုင်ဖြစ်တာပါ ဘာကြောင့်လည်းဆိုတော့ ကျနော့်အမေဟာ နှလုံးရောဂါသည်ပါ ပြီးတော့ အဖေက ဦးနှောက်နဲ့ပက်သက်ပြီး ရောဂါဖြစ်နေတာပါ ကျနော့်ခလေးကလည်း ငယ်နေသေးတော့ မိဘတွေကို သိပ်မကြည့်ရှူ့စောင့်ရှောက်နိုင်ပါဘူး ကျနော် ဘာလုပ်ရမှန်းလည်းမသိတော့ပါဘူးဗျာ ဒါကြောင့် ကျနော့်ဇနီးက ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ဖို့အကြံပေးတာနဲ့ ၀င်ပြိုင်ဖြစ်သွားတာပါ ” လို့ သူက ဆိုပါတယ် ။ ပထမတော့ ဒိုင်အမျိုးသမီးက “ ရှင်..ဘာကြောင့် ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖို့ စိတ်ကူးရမိတာလဲ ” လို့ မေးတာကိုတော့သူက “ ကျနော် ငွေလိုချင်လို့ပါ ” လို့ ခပ်ရှင်းရှင်းပဲဖြေလိုက်ပါတယ် သူ့ဘာကြောင့်ဝင်ပြိုင်ဖြစ်တယ်ဆိုတာကို ပရိတ်သတ်ကမသိသေးတော့ ရယ်ပွဲဆင်ကြသေးတာပေါ့ ။ပထမပိုင်းမှာ ဗျူးထားတာကိုနားထောင်ပြီးထားတဲ့ ကျနော့်အဖို့ သူဖန်တီးတဲ့ ဂီတသံကပဲ လွမ်းဆွေးစရာကောင်းနေသလိုလို ။ အသက်င်္ကြီးကြီးနဲ့ဒိုင်က “ စောနက ခင်ဗျား ငွေလိုချင်လို့လို့ပြောသွားတယ်နော် တကယ်လို့ ငွေ ၁၀ သန်း ခင်ဗျားရသွားရင် ခင်ဗျား ဘာလုပ်မှာလဲ ” လို့မေးတာကိုတော့ သူက သူ့အမေကို ရောဂါကုပေးဖို့လို့ ငိုသံနဲ့ဖြေသွားပါတယ် ။အဲ့အချိန်မှာ အားလုံးရဲ့ အသံတွေက တိတ်ဆိတ်သွားတာပါပဲ သူ့အမေ ဒီရောဂါ ခံစားနေရတာ ၁၀ နှစ်ကျော်ရှိပါပြီတဲ့ ။ဒိုင် ၃ ယောက်လုံးက yes ပေးကြတော့ သူ့ရဲ့ ခလေးလေးကလည်း ပရိတ်သတ်တွေနဲ့အတူ လက်ခုပ်လေးတီးလို့ ဒီမြင်ကွင်းလေးမြင်ရတာ ကြည်နူးစရာဆွေးမြေ့စရာလေးပါ ။


၃။သူကတော့ ညာလက်တစ်ချောင်းပဲရှိပါတယ် ။ခြေတောက် ၂ ချောင်းလုံးက ခြေတုတပ်ထားတယ် ။ ပျော်ရွှင်နေတဲ့ပုံက သာမာန်လူတွေတောင် အားကျစရာ ဒိုင်တွေမေးတော့ သူနောက်ဆုံးဖြေသွားတာက “ ကျနော် ဘယ်သူ့ကိုမှ အားမကိုးချင်ဘူးဗျ ၊ ကျနော် သာမန်လူတစ်ယောက်လိုပဲ နေသွားချင်ပါတယ်” တဲ့ ။ သူရဲ့ ဂီတဖန်တီးမှုလေးတွေကိုလည်း ကြည့်ကြည့်ပါအုံး ခံစားမှုတစ်စုံတစ်ရာပေးမယ်ထင်ပါတယ် ။

၎။ဒါကတော့ စပ်စလူးတို့ အဖွဲ့ပေါ့ ဟဟား ပထမတော့ ရယ်ရလို့ကြည့်ဖြစ်သေးတယ် သူတို့ အခန်းထဲက ထွက်သွားတော့ ကင်မရာ ယောက်ျားလေးတွေ အခန်းဆိုတာတမင်ရိုက် ပြသွားသေးတယ်း) သူတို့ရဲ့ တင်ဆက်မှုကလည်း ပရိတ်သတ်တွေအကြိုက်တွေ့ပြီး ကြည့်ရတာ ပျော်စရာကောင်းတဲ့ ပွဲလေးပါ ဒိုင်တွေ အမှတ်ပေးကာနီ သူတို့ကဲတဲ့ ပုံတွေကတော့ အသဲယားစရာ ကဲလိုက်ကြတာ စင်ပေါ်မှာ လူးလို့ ။


၅။ ဒါကတော့ ကျနော်လည်း ရှင်းမပြတတ်တော့ပါး) ပိတ်သတ်ကြီးသာ ကြည့်ကြပါတော့ သူကတော့ အရှက်နဲ့လူလုပ်တာမဟုတ် အသက်နဲ့ လူလုပ်တာဆိုတဲ့ လူစားမျိုးပဲဖြစ်ရမယ် :P

Saturday, April 9, 2011

သား .....ပြန်လာခဲ့ပါအုံးမယ် ။

အမေ့ မျက်ဝန်းတွေက သားကိုတွေ့တော့ တောက်ပသွားလိုက်တာ အမေ့မှာ မပြောင်းလဲသေးတာဆိုလို့ ဒီမျက်ဝန်းတောက်တောက်တွေပဲရှိတော့တယ်ထင်ပါ့ ။ အမေက သားကိုတွေ့တော့ ခေါင်းမှာပေါင်းထားတဲ့ ယောဂီရောင် သဘတ်လေးကို ဝှေ့ယမ်းလို့ “ သားငယ်ရေ ...အမေ ဒီမှာ” တဲ့ အမေမျက်နှာက ပြုံးပျော်သွားလိုက်တာ ။ အမေ့ အကောင်လေ ပိုပိုသေးသွားသလိုပဲ အမေ့ဆံပင်တွေကတော့ တော်တော်ကိုဖြူနေပါပြီ အမေ့အသားတွေ နေပိုလောင်သွားတယ် ။ အမေက သားကို အသားတွေဖြူလာတဲ့အကြောင်း ပြုံးပြီးပြောတော့ အမေ့အသားတွေ ပိုညိုသွားတဲ့အကြောင်း သားက ဘယ်လိုပြောရက်ပါ့မလဲ အမေ ။
**************************************************************************

ပြီးခဲ့တဲ့ ၄ ရက်လောက် အမေ ကျနော့်ဆီလာလည်တယ် ။ အမေ့ကိုတွေ့တော့ ရင်ထဲ စို့နင့် တကယ်တော့ပျော်ရမှာသိပါတယ် အမေ့ အရွယ်တွေက တစ်နှစ်ထပ် တစ်နှစ်ပိုပို အိုသွားသလိုပါပဲ သားသမီးတွေကို ချစ်တတ်တဲ့ အမေ့ရဲ့ အချစ်တွေကတော့မပြောင်းမလဲ ။ “ငါ့သား ပိုချောပြီး အသားတွေပိုဖြူလာတယ်ဟဲ့ ” တဲ့ အမေ့မျက်ဝန်းထဲ ရုပ်ဆိုးတဲ့ သားတောင် ချောတယ်ထင်တာ ။ အမေ နဲ့ ကျနော် ပြောဖြစ်လိုက်တဲ့ ဆွေမျိုးတွေအကြောင်း ရွာအကြောင်း သူ့မြေးတွေ ပိုပိုဆိုးလာတဲ့အကြောင်း “ နင်ကော ဘယ်လိုလဲ သား” ဆိုတော့ “ ဘာတုန်း အမေ ရ ” လို့ ဂျစ်ကန်ကန်ပြန်ဖြေဖြစ်တယ် ။ ကျနော့်ကိုမငယ်တော့ဘူးလေ ဘာလေးညာလေးမရှိသေးဘူးလားဆိုတော့ အရူးကြီးလုပ်လို့ အမေ့ခါးသေးလေးကို ဖက် “ သားက ခလေးပဲရှိသေးတာ ” ရယ်သံစွတ်ပြီးပြန်ဖြေတော့ အမေက ပြုံးနေတယ် ။


“နောက်ဆို မလောက်၇င် မ၀ယ်ပေးလိုက်နဲ့ သား ၊ ပြီးခဲ့တစ်ခေါက်က နင်ဝယ်ပေးလိုက်တာတွေ တူ / တူမတွေ မလောက်ဘူးလေ အဲ့တာ နင့်ယောက်ဖက စိတ်ကွက်သွားသေးတယ်ထင်တယ် အိမ်ကိုတောင်မလာတာကြာပြီ ၀ယ်ပေးရင်လည်း လူစေ့အောင်ဝယ်ပေးလိုက် ကြားလား ” ။ အမေ အဲ့လိုပြောတော့ သားသမီးတွေကြား အမေ အနေရခက်မှာ သနားသွားတယ် တူ /တူမတွေကလည်းမျာလိုက်တာ အယောက်စေ့သာဆို ဒီဦးလေးတော့ ခေါင်းပြောင်ပြီး “ မေ့..အားလုံးပေါင်း ဘယ်နှစ်ယောက်လဲ သားမေ့နေလို့ ” ဆိုတော့ အမေ ပြန်ဖြေသံကြား လန့်သွားတယ် ၁၃ ယောက်တဲ့ အွန့် နာရှာထားလေးတွေတော့ ကုန်ပါပြီ ။ အမေ့ကို ဈေးခေါ်သွားတော့ ဒါက ဘယ်မြေး အတွက် ဒါလေးက ဘယ်သူနဲ့လိုက်တယ်ဆိုတာ အမေ ရွေးလိုက်တာမျာ ပိုက်ဆံအိတ်လေးထဲက ထိုင်းဘုရင်ရုပ်ကလေးတွေလည်း တစ်ရုပ်ပြီးတစ်ရုပ် ခုန်ခုန်ထွက်လို့း) ။

“သား.... ရွာက နင်တို့ကိုစိန်သော့လေ ရေတွင်းထဲကျတာ ဆုံးသွားပြီသိလား သနားလိုက်တာဟယ် ကိုယ့်မျက်စိရှေ့တင်ဆိုတော့ ” ။
“ အိမ်က နွားမကြီး သားအထီးလေးကျထားတာ သားရယ် ချောလိုက်တာ ချစ်စရာလေး ” ။ “ နင်တို့ဘ ကအော်ဂင်လိုချင်လို့တဲ့ အခု မယ်ဒလင်ကိုမပူဆာတော့ဘူး အဲ့တာ သူတီးချင်တယ်ဆိုလား အေး...တတ်တယ်လေ နင့်အဘက ၁၂ ကြိုး လူကသာ ခပ်တုံးတုံး အနုပညာတော့ တော်တော်ရသား ” ။“ အမေ့အိမ်လေး ဒီနှစ်တော့ သွပ်ကလေးတင်ချင်တယ် သားရယ် ” ။ “ နင့်အစ်မငယ်တို့လည်း အဆင်မပြေပါဘူးဟယ် အမေ ခံနေလို့သာပေါ့ မဟုတ်၇င်တော့ မလွယ်ဘူး ဒါနဲ့ သူ့သားအငယ်ကောင်လေးက ငါ့သားမျက်နှာပေါက်လေးဟဲ့ ” ။“ ရွာက လူတွေလား အဆင်မပြေကြပါဘူး ခုရေတွေလည်း ခမ်းပြီ အလုပ်ကိုင်တွေလည်းရှားလိုက်တာဟယ် ပြောမနေနဲ့တော့ နေ့စားလုပ်ဖို့ ခေါ်မယ့်သူတောင်မရှိ ဒီကြားထဲ ရာသီဥတုကဆိုးသေး ” ။ “ အေးအေး .... ဒီသင်္ကြန် အမေ ရွာမှာ ငါ့သားတို့ ကန်တော့လိုက်တာလေးနဲ့ အလှူကလေးပြန်လုပ်အုံးမယ် ရွာက လူတွေက ငတ်ကြတယ် ” ။ “ သား...မ၀တ်တော့တဲ့ အကျီင်္လေးတွေ အမေ့ပေးလိုက် ရွာမှာ ပြန်ဝေရမယ် သူတို့အတွက်တော့ ဒါလည်းအသစ်ပဲ ၀ယ်မ၀တ်နိုင်ကြပါဘူး သူတို့လေးတွေ ” ။

သားမိ နှစ်ယောက် ပြောလိုက်တဲ့စကားတွေ မကုန်နိုင်မခမ်းနိုင် အစားကောင်းလေးစားရတိုင်း အမေနဲ့အဘကို ကျွေးချင်လိုက်တာ အမေ တို့ကတောသူဆိုတော့ ချွေတာတယ် ပြီးတော့ နှမြောတတ်တယ် ထမင်းစားပြီးရင် ကွမ်းကလေး ငုံထားလိုက်၇င်ပြီးပြီ ။ “ အမေ..ဒီဖျော်ရည်လေး သောက်ကြည့် တအားသောက်ကောင်းတယ် ” ၊ “ ဟယ်...တော်တော် အမေ မကြိုက်ဘူး နှမြောစရာ ခုပဲ ထမင်းစားပြီးတယ် ငွေမဖြုန်းစမ်းပါနဲ့ဟယ် အမေ မဆာဘူး ” အမေက ကျနော် အအေးဖိုးရှင်းတော့ အဲ့ပိုက်ဆံလေးကိုကြည့်ပြီး အဲ့တာ ရွာမှာ ဆို လူတစ်ယောက် တစ်နေ့လုပ်အားခပဲတဲ့ ပြောသေးတယ် ။အမေက တစ်ခုခုဆို တောသူဆိုတော့ မသိတာတွေများလိုက်တာ အဲ့တာကို သေချာရှင်းမပြပဲ စိတ်မရှည်တဲ့လေသံနဲ့ အမေ့ကို “ အဲ့တာ အမေမသိဘူး ”လို့ပြောလိုက်မိတာလေး ပြန်တွေးရင်း ကိုယ့်ကိုယ်ကိုစိတ်တိုလိုက်တာ အမေက သားသမီးတွေမျက်နှာကို သိပ်ဖတ်တတ်တာပဲ ။

“အေးပါ အမေကြည့်လုပ်လိုက်မယ် အဆင်ပြေအောင် ” ဒါက အမေ့ပြောစကားလေး ။“အလုပ်မလုပ်လို့ရမလားလေ လုပ်နိုင်သလောက်တော့ လုပ်ရမှာပေါ့ ဒီတိုင်းထိုင်နေရတာလည်း ပျင်းစရာ အမေတို့ရှိတော့ အမေ့မြေးတွေလာ ကျွေးနိုင်တာပေါ့ သားအိမ်မှာဆို ချွေးမကို မျက်နှာပူရ သမီးအိမ်မှာကျ သားမက်ကိုမျက်နှာပူရအုံးမယ် ခုတော့ အမေ့သဘောပဲနေရတာ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလဲ ” အမေကတော့ အဲ့လို သူ့ရဲ့တွက်ကိန်းကလေးနဲ့ ။အမေ့ကို ဒီ့ထက်ပိုပျော်စေချင်တယ် အမေကတော့ သားတွေကို စိတ်ညစ်စရာရှိရင်တောင်ဖွင့်မပြောတတ် ။အမေ လာတယ်သတင်းကြားတော့ သူ့တူတွေ တူမတွေဆက လာလိုက်တဲ့ဖုန်းတွေ “ ဟဲ့...အမေ့နားတွေ အူပြီ မပြောချင်တော့ဘူး အမေပြန်ပြီလို့ ညာလိုက်တော့ ဖုန်းကိုင်ရတာ လက်လည်းညောင်းပြီး သားရဲ့ ” တဲ့ ရိုးလိုက်တဲ့ ကျနော့်အမေ ။

အမေပြန်တော့ ကားဂိတ်မှာ ခဏစောင့်ရင်း စကားပြောဖြစ်တော့“ ဘယ်တော့ပြန်လာအုံးမလဲ ငါ့သား ” လို့မေးတော့  မသိသေးပါဘူးလို့ပဲဖြေလိုက်တော့တယ် တကယ်ဆို ကျနော်လည်း အမေ့နားပဲနေချင်တာ ။ အမေက ကျနော့်ကို ဂရုစိုက်ဖို့မှာ ကျနော်က အမေ့ကိုပြန်မှာနဲ့ ကားထွက်တော့မယ်ဆိုမှ “အမေ...ဒါဆို သားလည်းပြန်တော့မယ်နော် ရောက်ရင်ဖုန်းဆက်လိုက်သိလား ” အမေ့ကို နှုတ်ဆက်စကားဆိုတော့ အမေ့မျက်ဝန်းတွေက အရည်တွေလဲ့လာပြီ သိပ်မကြာခင် အမေငိုတော့မှာ သိတော့ မြန်မြန်ပြန်မှပဲလေလို့ တွေးလိုက်တယ် နောက်တစ်ခေါက် “ ကျနော် သွားတော့မယ် အမေ ” ထပ်နှုတ်ဆက်လို့ နောက်မကြည့်ပဲ လျှောက်လာလိုက်တာ တော်တော်ကလေးလှမ်းမှ နောက်ပြန်လှည့်ကြည့်တော့ အမေက ကျနော့်ကိုကြည့်နေတုန်း သဘတ်ကလေးယမ်းလို့ လှမ်းနှုတ်ဆက်နေတုန်း ။ သား တို့အိမ်ပြန်ချိန် နောက်ကျမှာ စိုးတယ် အမေ ။ အမေ နေကောင်းပါစေ သားလည်းပြန်လာခဲ့ပါအုံးမယ် ။




Friday, April 8, 2011

စားဖိုမှူး

စားဖိုမှူး ကိုယ့်အိမ်မှာတော့ ကိုယ်ကစားဖိုမှူးပဲ ။ ဟင်းချက်ရတာပျော်တယ် ဟင်းမြီးရတာကိုပိုပျော်တယ် ။ကိုယ်ချက်လိုက်တဲ့ ဟင်းကို ကောင်းကောင်း မကောင်းကောင်း မြိန်ရည်ယှက်ရည် စားသောက်နေတာ မြင်ရင် စိတ်ချမ်းသာတယ် နောက်လည်း ဆီပူပဲလောင်လောင် ငရုတ်သီးတွေ ထောင်းလို့ မျက်လုံးထဲပဲဝင်ဝင် ကိုယ်ချက်တဲ့ဟင်းလေးကို သူတို့ စားကောင်းတယ်ဆိုရင် ပင်ပန်းရကျိုးနပ်တာပေါ့ ။ဟင်းစချက်ဖူးတာက အမေ့ရဲ့ မီးဖိုချောင်လေးထဲ အမေက ဟင်းချက်ရင်း အလုပ်ရှုပ်သွားတာမျိုးဖြစ်ရင် မီးဖိုထဲမှာ မနေအားဘူး အဲ့တော့ “ သားရေ .... မန်ကျည်းရည်လေး ထည့်လိုက်ပါအုံး ပေါ့နေသလားမြီးလိုက် ပေါ့ရင် ဆားလေး နည်းနည်းထပ်ထည့် ငန်နေရင်တော့ ရည်လေးထည့်လိုက်အုံး ဆူပြီဆိုချလိုက်တော့ ” အဲ့လိုမျိုး ကိုယ့်ကို အမေက ကွန်ထရိုးလုပ်ခဲ့တာပေါ့ ။

တစ်ခါခါ ဟင်းက မြီးရင်းနဲ့ အရှိန်လွန်သွားတော့ ဟင်းအိုးတစ်ဝက်လောက်ပဲ ကျန်တော့တာမျိုးလည်း ရှိတယ် ။ စားးဖိုးမှူးက စိတ်လည်းကောက်တတ်တယ်ဗျး) တစ်ခုခုမကျေနပ်တာများရှိလို့ကတော့ ကိုယ့်ရဲ့ စိတ်ထွက်ပေါက် နယ်မြေက မီးဖိုးခန်းလေးပါ အိုးခွက် ပန်ကန်တွေက အိုင်စီတီးဝိုင်းလို သံစုံမြည်ညသွားစေရမယ် ။ တစ်ခါခါ ဟင်းမွှေတဲ့ ဇွန်းလေးတင်တဲ့ ပန်းကန်ပြားသေးသေးလေးတွေ အောက်ကခံထားတတ်တယ် စဉ်းစား စဥ်းစားရင် မကျေနပ်တာများရှိလို့ကတော့ ဇွန်းကိုဆောင့်ချလိုက်တာ ပန်းကန်လေးက ကွဲကေား) အဲ့တာက အကျင့်လိုဖြစ်နေပြီး တစ်ခုခု စိတ်ဆိုးရင် ကွဲသံရှသံလေးတွေကြားရ လုပ်လိုက်ရမှ လူက စိတ်ပြေတာမျိုး ။စာဖိုးမှူးချက်တဲ့ဟင်းကို ငန်တယ်လို့မပြောလိုက်ပါနဲ့ ရေထပ်ထည့်မယ် မစဉ်းစားနဲ့ ဆားတစ်ဆုပ်လိုက် ထပ်ထည့်လိုက်တယ် စားရချင်ရ မရချင်နေ ။ ဟင်းက ပေါ့လိုက်တာဆို နောက်နေ့ ဆားလုံးဝ မထည့်ပဲ ချက်လိုက်တယ် သူတို့မေးရင် “ ငန်လို့ဆို” အဲ့လိုမျိုး ပိသာလေးနဲ့ ဘေးကိုပစ်ထည့်ပေးလိုက်ကော ။

စားဖိုမှူးရဲ့ ဒဏ်ကို အများဆုံးခံရတာက ယောက်ဖ နဲ့ တူနှစ်ယောက် အစ်မက ဈေးဆိုင်နဲ့ဆိုတော့ မအားပါဘူး အဲ့တော့ ကိုယ်ပဲချက်ရတာ ဂျီးများတဲ့ ယောက်ဖက ကိုယ်ချက်တဲ့နေ့ဆိုရင်တော့ ဘာမှမပြောပဲ တိတ်တိတ်လေးစားတတ်ပါတယ် ။တူတွေကတော့ ဂျီးထူရင် “ မင်းတို့ ဒီအရွယ်ထိရောက်အောင် ငါချက်ကျွေးလာတာ ဂျီးထူမနေနဲ့ ယောင်းမစာမိသွားမယ် ကောင်းကောင်း မကောင်းကောင်း ကုန်အောင်စားသွား နောက်နေ့မငတ်ချင်ရင် ” အဲ့လိုနိုင်စားတာပါ ကြက်သွန်လှီးတာ ထူလိုက်တာလို့ပြောရင် အရွဲ့တိုက်တာ နောက်နေ့ ကြက်သွန်တစ်လုံးကို လေးစိတ်ပဲစိတ်ပါတယ် ။သူတို့ကိုသာ အဲ့လိုနိုင်စားပေမယ့် ကိုယ်ကတော့ မကောင်းရင်လုံးဝမစားပါ သူတို့အတွက် သက်သက်ချက်ပေးပြီးရင် ကိုယ့်ပါသာကြိုက်တာလေး လုပ်စား ပြီးရင် ဖွတ်ထားတတ်တယ် တူအငယ်ကောင်က မျက်လုံးက လျှင်သလားမမေးနဲ့ ထမင်းစားခါနီးကျ ဦးသားလေးဖွတ်ထားတဲ့ဟင်းမှ စားမယ်လို့ အကျင့်ဆိုးတတ်ပါတယ် ။ မရှိပါဘူး ဘာဟင်းတုန်းဆိုရင် ကိုယ်ဖွတ်ထားတဲ့နေရာကို လက်ညှိုးထိုးလို့ ဟိုဟင်း ဟိုဟင်း ဆိုပြီး သိက်ခါချပါလေကော အစ်မက နည်းနည်းကျွေးလိုက်လို့ အမိန့်ချလိုက်ရင်တော့ “ နည်းနည်းလေးရှိပါတယ်ဆို ” ပါးစပ်က ပွစိ ပွစိ ပြီးရင် ပေးတာက နည်းနည်းလေးး) ။


ဟင်းချက်ရတာ အမှန်တော့ပင်ပန်းပါတယ် မီးရှိန်ထိတယ် အခန့်မသင့်လို့ ငါးကြော်နေရင်းဆီပူစင်ရင် အနာရတယ် ။ ငရုပ်သီးထောင်းနေရင်း မျက်လုံးထဲဝင်လို့ ခံစားရတာလည်းရှိတာပဲ တစ်ခုခုလှီးတာ အာရုံမစိုက်မိရင်လည်း ဓားကထိပြန်ကော ဟင်းမချက်ဖြစ်တာတောင် တော်တော်ကြာပြီး သူများချက်ကျွေးတာပဲစားနေတာ ။ ကိုယ်လည်းချက်ခဲ့ဖူးတော့ သူများချက်ထားတာကို မကောင်းဘူးလို့မပြောရက်ပါဘူး ကောင်းကောင်း မကောင်းကောင်း စားကောင်းတယ်ပဲပြောလိုက်တယ် အဲ့တော့ ကိုယ့်အတွက်ဟင်းက ပိုရတာပေါ့း) ခုရက်ပိုင်း ရာသီက ပူလာလို့လားမသိ အရည်သောက်ဟင်းလေးတွေတော်တော်စားချင်နေတယ် ချဉ်ပေါဟင်းချိုလေးပဲဖြစ်ဖြစ် ကန်းပွန်းရွက်လေး ဆီသတ်လို့ ငါးခြောက်လေးစင်းကြော် ပြီးတော့ ငရုပ်သီးပွလေးတွေ လှီးထည့်ပြီး ချက်ထားတာလေးစားချင်နေတာကြာပေါ့ ။ဒီတစ်ပါတ် ပိတ်ရက်တော့ အပျင်းထူနေတဲ့ စားဖိုမှူးလည်း ကိုယ့်အူ ကိုယ်စေး ဖို့ စားချင်တာလေး ချက်စားအုံးမယ် ။

သူငယ်ချင်းတို့လည်း ကိုယ့်စားလိုက်ရတဲ့ဟင်းတစ်ခွက်အတွက် ချက်ပေးတဲ့သူကို “စားကောင်းလိုက်တာ” ဆိုတဲ့ ကျေးဇူးတင်စကားလေးပြောဖို့မမေ့ပါနဲ့လို့ ဟင်းတစ်ခွက်ဟာ ဟင်းတစ်ခွက်ဆိုတဲ့အရာထပ် ချက်သူရဲ့ စေတနာတွေ အများကြီးပါတတ်ပါတယ် ။



Monday, April 4, 2011

ကြိုက်တာတွေ.....

ကြိုက်တာတွေက ခပ်များများ သူငယ်ချင်း မီ တဂ်လို့ရေးပါတယ် ။

၁။မုန့်ဟင်းခါး ၊ ခရမ်းချဉ်သီးသုတ် ကိုကြိုက်ပါတယ် ။ မုန့်ဟင်းခါး စားပြီးတိုင်း ဟင်းရည်အစစ်တောင်းရတာကိုလည်းကြိုက်တယ် ခရမ်းချဉ်သီးသုတ်ကို ပဲမှုန့်များများ ဆီချက်များများနဲ့ သုတ်စားရတာကိုလည်းကြိုက်ပါတယ် ခု အဲ့တာတွေမစားရတာကြာပြီ ။ ကော်ဖီ နဲ့ သွားရည်စာ မုန့် ပြီးတော့ ကိုကာကိုလာ အေးအေးကို နေ့လည်ပိုင်းသောက်ရတာကိုလည်းကြိုက်တယ်။

၂ဆံပင်ရှည်ရှည် အသားဖြူဖြူ မျက်လုံးမျက်ခုံးလှလှ လက်သည်းရှည်မထားပဲ တုံးတိတိလေးထားထားတဲ့သူ ပြီးတော့ ကတ်တီပါညှပ်ဖိနပ်ပါးလေးစီးထားတဲ့ ကောင်မလေးတွေကြိုက်တယ် ။

၃။ကိုယ်ကြိုက်မိတဲ့ သီချင်းတွေဆိုရင် အီသွားအောင် တနေကုန်ဖွင့်နားထောင်ရတာကိုကြိုက်တယ် နောက်ပိုင်းမှ အဲ့အဆိုတော်တွေ အသံဝင်နေပါပြီးလေ သနားပါတယ်ဆိုပြီး ပြန်ပိတ်ရတဲ့အဖြစ် ။ X -factor , AGT ,BGT အစီစဉ်ဟောင်းတွေ ရယ်ရတဲ့ဟာတွေကိုကြိုက်တယ် ထိုင်း ch-7 ကနေ အင်္ဂါနေ့ည 10.30 မှာလာတဲ့ ဟာသ အစီစဉ်ကိုတအားကြိုက်တယ် ။

၎။ လုံချည်ဝတ်ရတာကိုကြိုက်တယ် ပေါ့ပါးတယ် လုံခြူံတယ်လို့ ခံစားရတယ် ။ ပြီးတော့ ထမင်းစားပြီး လက်သုတ်ရှာမတွေ့ရင်ဖြစ်ဖြစ် လုံချည်လှည့်ဝတ်လိုက်ရင်တော်တော် အဆင်ပြေတယ် နှာစီးရင်လည်း လုံချည်က အသုံးဝင်တာပဲ ပြီးတော့ လှည့်ဝတ်လိုက်ရင် အသစ်တိုင်းပဲ ။ ခုလည်း လုံချည်ဟောင်းလေး ၃ ထည်ရှိတယ် ညအိပ်ရာဝင်တိုင်း လုံချည်ဝတ်အိပ်ရတာကိုကြိုက်တယ်။

၅။ အကျီ င်္သေးသေး ပါးပါးတွေကိုကြိုက်တယ် ။ အမှန်တော့ ပိန်တဲ့သူက ဒါတွေနဲ့မလိုက်မှန်းသိပါတယ် ဒါမယ့် သေးတာတွေပဲကြိုက်တယ် လက်ကြီးရှည်နေတာပဲဖြစ်ဖြစ် အကျီ င်္အရှည့်ပိုင်းကြီး တွဲကျနေသလိုခံစားနေရရင်ပဲဖြစ်ဖြစ် တအားမုန်းတာပါ ဒါကြောင့် ပေါ့ပေါ့ပါးပါး လေးတွေကြိုက်တယ် အကျီင်္အသစ်အနံ့ကိုကြိုက်တယ် ပြီးတော့ ဟောင်းတဲ့အထိ ခဏခဏ ၀တ်ရတာကိုကြိုက်တယ် ။

၆။ဘောင်းဘီ ခဏခဏလျှောကျလို့ လူကြားထဲလည်း အရှက်မရှိ ဆွဲဆွဲတင်ရတာကိုကြိုက်တယ် ။

၇။လက်ခဏခဏဆေး မျက်နှာ ခဏခဏသစ်ရတာကိုကြိုက်တယ် ။

၈။စာအုပ်သေးသေးလေးတွေ စုရတာကြိုက်တယ် ။ စာရွက်လွတ်တစ်ရွက်ပေါ်မှာ အရုပ်တွေလိုက်ဆွဲ စိတ်ကူးပေါက်ရာတွေလိုက်ရေး ပြီးတော့ လက်မှတ်တွေ ထိုးကြည့်နေရတာကိုကြိုက်တယ် ။

၉။သံယောဇဉ်ကြီးတာကို မကောင်းမှန်းသိပေမယ့်ကြိုက်တယ် သူတို့သတိရချင်ရ မရချင်နေ သူငယ်ချင်းတွေနဲ့ပက်သက်တဲ့ အမှတ်တရရေးထားတာလေးတွေကို ပြန်ပြန်ဖတ်ရတာကြိုက်တယ်။

၁၀။စိတ်လွတ်ကိုယ်လွတ် ရယ်မောရတာကိုကြိုက်တယ်။ ခလေးဆန်တယ်ပဲပြောပြော ဘာပြောပြော ခလေးတွေနဲ့ ဟာသပြော သူတို့နဲ့ပေါင်းရတာကိုကြိုက်တယ် ။

၁၁။လသာတဲ့ ည တစ်ယောက်တည်းတိတ်တဆိတ် သီချင်းလေးနားထောင်ပြီး လမင်းကြီးကို ငေးမော ဘာကိုမှန်းမသိ လွမ်းရတာကိုကြိုက်တယ် ။

၁၂။ဆိုက်ကားစီးရတာနဲ့ အသက်ကြီးကြီး အဖိုး အဖွားတွေနဲ့ စကားပြောရတာကိုကြိုက်တယ် ။

၁၃။မထင်မရှာနေရတာကိုကြိုက်တယ် ဘယ်သူမှ မသိပဲ တိတ်တိတ်လေး ငြိမ်နေရတာကိုကြိုက်တယ် ။

၁၄။စာအုပ်တွေစုရတာနဲ့ ဖတ်ပြီးသား စာအုပ်တွေကို ပြန်ပြန်ဖတ်ရတာကိုကြိုက်တယ် ။

၁၅။ပိတ်ရက်တွေမှာ တစ်နေ့လုံး အိပ်ယာထဲခွေပြီး မိုးချုပ်မှ အိပ်ယာသိမ်းရတာကိုကြိုက်တယ် ။

၁၆။အ၀တ်တွေကို လက်နဲ့လျှော်တာထပ် ဆပ်ပြာရည်ဖျော်ထားတဲ့ထဲအ၀တ်တွေထည့် အပေါ်က တက်နင်း သီချင်းညည်းပြီး အ၀တ်လျှော်ရတာကိုကြိုက်တယ် ။

၁၇။အဘ နဲ့ အမေ့ ကိုပါစပ်ကြီးပြည့်သွားအောင် အကျယ်ကြီးခေါ်ရတာကိုကြိုက်တယ် ။ ညီ လို့ အခေါ်ခံရတာနဲ့ ဦးသားလေး လို့ အခေါ်ခံရတာကိုကြိုက်တယ် ။

၁၈။အိမ်ပြန်တိုင်း အမေ့ကိုဖက်အိပ်ရတာကြိုက်တယ် ။

၁၉။ ဘ၀မှာ အငယ်ဆုံးဖြစ်ရတာနဲ့ ကိုယ့်ကိုချစ်တဲ့ အစ်ကို /အစ်မတွေ အများကြီးရှိတာကိုကြိုက်တယ် ပြီးတော့ သူတို့အပေါ် စိတ်ဆိုး ဂျီကျရတာကိုလည်းကြိုက်တယ် ။

၂၀။ စံပယ်နံ့နဲ့ ပိတောက်ပန်းနံ့ကိုကြိုက်တယ် ။

၂၁ ။ ရေအကြာကြီး ချိုးရတာကိုကြိုက်တယ် ။

၂၂။ သည်းခံတတ်ပေမယ့် newton ရဲ့ second law အတိုင်းနေထိုင်ရတာကိုကြိုက်တယ် ။

၂၃ ။ကြွတ်ကြွတ်အိတ်တွေကို ညီညီညာညာခေါက်ပြီး ဖျာအောက်မှာ သိမ်းထားရတာကိုကြိုက်တယ် ။

၂၄။ ဘလော့ပေါ်မှာ စာရေးစာဖတ်ရတာကို ကြိုက်တယ် ။

ကြိုက်တာတွေတော့ အများကြီးပဲ ဆက်ရေးရင် သူများတွေ အမြင်ကတ်ကုန်တော့မှာ စိုးလို့မရေးတော့ဘူး သူတို့ဘာကြိုက်လည်း ဆက်တဂ်ပါတယ် လူနိုင်တွေပေါ့ ကျနော်က ဟိတ်ဆိုရင် ဒီကောင်တွေ ဟိတ်သွားတာပဲ အဲ့နှစ်ကောင် မိုးယံ နဲ့ နေ၀သန် ကို ဘာတွေကြိုက်လဲဆိုတာ တဂ်ပါတယ် တိုတိုလေးရေးတဲ့သူ နောင်ဘ၀ကျ တိုတိုလေးဖြစ်ပါစေ ( အရပ်) ဟုတ်ရင်ခံပြော မှန်ရင် ငြိမ်နေ :))))

Sunday, April 3, 2011

ရွှေလက်တွဲလို့မြဲပါစေ...




ချစ်ခြင်းတွေတည်မြဲဖို့ခက်လာတဲ့ လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် နှစ်ဘ၀ကိုတစ်ဘ၀တည်းပေါင်းစည်းတဲ့ သတင်းလေးက ကျနော့်အတွက်တော့ သတင်းကောင်းလေးပါ ။ မလေးအိမ့် ရေးတဲ့ ပို့စ်တစ်ပုဒ်တည်းက စာသားလေးယူသုံးရရင် “ ချစ်သူတို့ရဲ့ ပန်းတိုင်ဟာ လက်ထပ်ခြင်း” ဆိုရင်တော့ ကျနော်ခင်တဲ့ အစ်ကိုက ပန်းတိုင်ကို ချောချောမွေ့မွေ့နဲ့ ကြည်နူးစရာ အပြုံးတွေနဲ့ ကျနော်တို့ကို လှမ်းပြုံးပြနေသလိုပါပဲ ။



မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ ဆိုတဲ့ စကားလုံးအပြင်းစားတွေနဲ့ ကျနော်တို့ရင်ဘတ်ထဲ တည့်တည့်ပစ်ခွင်းခဲ့သူ ကျနော်ကတော့ သူ့ကိုခေါ်တာ ကိုနက် ဘလော့နာမည်က Black Dream ။ ဒီနေ့ သူအိုတဲ့နေ့ ( အမှန်ကတော့ အိုနေတာ နည်းနည်းကြာပြီထင်တယ်းP) တနည်း ဒီနေ့ သူ့ဘ၀ရဲ့ အမှတ်တရနေ့တွေထဲက တစ်နေ့ပေါ့ ။ သူက အနက်ရောင်ကို ရူးရူးမူးမူးစွဲလမ်းတယ် တစ်ခါခါ သူနဲ့ ငြင်းတယ် သူက ရင့်ကျက်တည်ငြိမ်ပြီး သည်းခံတတ်တယ် စိတ်ဆိုးနေရင်တောင် ညီလေး ဆိုတဲ့ အခေါ်ဝေါ်ကနေ မင်းလို့ပြောင်းမပြောတတ်တဲ့သူ သူနဲ့ ကျနော် ခပ်စိမ်းစိမ်း နေတတ်ကြပေမယ့် တစ်ခြားညီတွေလောက် ရင်းရင်းနှီးနှီးမပြောဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက်တော့ စိတ်ထဲက ညီအစ်ကိုလိုခင်မင်ကြပါတယ် ။ ( ခုတော့မဟုတ်တော့ဘူး ထင်တာပဲ သူပြောတဲ့ ညီတွေထဲ ကျနော့် နာမည်ပြုတ်ပြုတ်ကျန်ခဲ့လို့ သိပ်တော့မကျေနပ်ပါ )။

သူရေးတဲ့ အက်ဆေးတွေထဲက သူမ ဆိုတာ ဒီနေ့တော့ သူ့ဘေးမှာ ပါရမီဖြည့်ဖက်အနေနဲ့ လှလှပပလေးဝင့်ကြွားနေတဲ့ အစ်မကလည်း ချစ်စရာ ။ကြည်နူးစရာ မင်္ဂလာပွဲလေးအတွက် မင်္ဂလာလက်ဖွဲ့လို့လည်း မဆိုသာပါဘူးလေ ဘာကြောင့်ဆို ကျနော်ရေးတဲ့ ဒီပို့စ်က မင်္ဂလာလက်ဖွဲ့အနေနေနဲ့တွက်ရင် ဆီးထုတ် တစ်ထုတ်တောင်ရချင်မှရမှာ ကျနော်ကတော့ လက်ဆောင်လေးလို့ဆိုချင်ပါတယ် သူတို့ ဒီပို့စ်လေးဖတ်ပြီး အပြုံးလေးတစ်ချက် ချွေခဲ့ရင်ဖြစ်ဖြစ် ကျေနပ်ပါပြီ ။ ကျနော်ကတော့ ဒီဘလော့လေးရေးဖြစ်နေတိုင်း ဘလော့လေးနဲ့ အကြာကြီးဝေးသွားခဲ့ရင်တောင် ဘလော့လေးပြန်ဖွင့်ဖြစ်တဲ့အချိန်ကျ စာဟောင်းတွေပြန်မွှေရင်း ဒီပို့်စ်လေးဖတ်ပြီး ပျော်ရွှင်မိမှာအမှန်ပါ ။


တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူးမဆုံဖူးကြပေမယ့် နှစ်တွေတော်တော်ကြာ အဆက်သွယ်မပြတ်ရှိနေသေးတာ နောင်များလည်း သူတို့သတင်းလေးတွေ နားစွန်းနားဖျားကြားမိရင်ဖြစ် ကိုနက်တစ်ယောက်တော့ ခု ခလေး ၃ ယောက်အဖေဖြစ်နေပြီဆိုတဲ့သတင်းမျိုး ခေါင်းတွေဖြူ သွားတွေကျိုးလို့ မြေးတွေနဲ့ အပြိုင် စိတ်ကောက်နေမယ့် သတင်းမျိုးတွေလည်း ကြားချင်ကြားရနိုင်တာပဲ ။စကားတွေ အများကြီးဆိုချင်ပါသေးတယ် စကားတွေဟာ လေပေါ်မှာ အရာမထင်တဲ့စကားမျိုး ကီးဘုတ်ပေါ်မှာ ရိုက်ချလိုက်တဲ့ စာလုံးလေးတွေအဖြစ်နဲ့ပဲပေါ်နေမှာမို့ ပြောမနေတော့ပါဘူးလေ အစ်ကိုနဲ့ အစ်ကို့ရဲ့ချစ်ဇနီးတို့ မင်္ဂလာနေ့ရက်မှာ ရွှေလက်တွဲလို့ မြဲနိုင်ပါစေဗျာ ။

ဒီနေ့
အနက်ရောင်ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲ
ကြယ်ဖြူလေးတစ်ပွင့်ခိုနားတဲ့နေ့

ဒီနေ့
ပန်တိုင်တစ်ခုမှာ ဆီးကြိုနေတဲ့သူနဲ့
အကြိုခံရတဲ့သူနှစ်ဦး
ပြုံးပျော်ကြည်နူးတဲ့နေ့

ဒီနေ့
တစ်ယောက်လက်တစ်ယောက်
မြဲမြဲတွဲလို့ အသံတိတ်ရင်တွင်းစကားတွေနဲ့
ထာဝရမခွဲဘူးဆိုကြမယ့်
ချစ်သူနှစ်ဦးရဲ့ တွဲလက်တွေခိုင်မြဲတဲ့နေ့




ကျနော်က မွေးနေ့ပွဲစားတင်မဟုတ် မင်္ဂလာဆောင်ပွဲစားပါလုပ်တယ်လို့တော့မထင်ကြပါနဲ့ဗျား)) ခင်မင်ရတဲ့ ဘလော့ရေးဖေါ်ရေးဖက် အစ်ကိုတစ်ယောက်ရဲ့ မင်္ဂလာပွဲလေးအတွက် ကျနော့်ရဲ့အမှတ်တရပို့စ်လေးပါ FB က သူတို့ ပုံလေးတွေကြည့်ပြီး ပျော်မိပါတယ် တကယ်ကို ကြည်နူးစရာလေး ။အစ်ကိုနဲ့ အစ်မ အမြဲတမ်းပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျှက်။

မောင်မျိုး

(မှတ်ချက် =ကိုနက်ကြီး...... အိပ်ရေး၀၀အိပ်ပါ ဘာမှတော့မဟုတ်ပါဘူး အစ်ကို့ညီလို့ ညည အိပ်ရေးပျက်ခံပြီး ဘလော့ဂင်နေရင် ကျန်းမာရေးထိခိုင်မှာစိုးလို့ပါ ဟဟား :P )



Friday, April 1, 2011

ကြိုး



ကြိုးဆိုတာ ရစ်ပတ်တတ်တဲ့သဘော တင်းကြပ်စွာရစ်နှောင်တဲ့ကြိုးရှိသလို ရစ်ပတ်မှန်းမသိအောင် နုညံ့စွာရစ်ပတ်တတ်တဲ့ကြိုးမျိုးလည်းရှိတယ် ကျနော်ကတော့ ဒီလိုရစ်ပတ်ခံရခြင်းမှာ နုညံ့စွာပျော်ဝင်မိပါတယ် ဒါက စကားကြီး စကားကျယ်နဲ့ ပြောတဲ့စကားပါ ။ ကျနော်ဟာ သံယောဇဉ်တော်တော်ကြီးတတ်တဲ့သူမျိုးဆိုတာ ကိုယ့်ကိုယ်ကိုလည်းသိပါရဲ့ ကိုယ့်ဘေးက သူတွေလည်း ဒါကိုရိပ်စားမိတယ် အသက်ကလေးတစ်နှစ်ထပ် တစ်နှစ်ပိုပိုကြီးလာတဲ့ အခါကျ ဒါမျိုးတွေကိုကြိုးစားပြီး ဖြေဖျောက်ရတာပေါ့ ။

မနေ့က လကုန်ရက် နှုတ်ဆက်ပွဲကလေးမလုပ်ပါဘူး ဒါပေမယ့် နှုတ်ဆက်စကားလေးပြောဖြစ်တယ် အလုပ်မှာ တူတူတွဲလုပ်လာတာကြာပြီဖြစ်တဲ့ ထိုင်းအစ်မတစ်ယောက် မနေ့က နောက်ဆုံးအလုပ်ဆင်းတဲ့ရက် မှတ်မိသေးတယ် သူ ကျောင်းစပြီးတဲ့နှစ် စစချင်းအလုပ်ဝင်တော့ ကျနော်လုပ်တဲ့ရုံးမှာ သူ့နာမည်နဲ့ ကိုယ့်နာမည်က ခပ်ဆင်ဆင် လေသံအနိမ့်နဲ့အမြင့်ပဲကွာတယ် အစက သူ့ကိုခေါ်ရင် ကျနော်က ထူးထူးတတ်တယ် နောက်ပိုင်းကျမှ အသားကျသွားတော့တယ် ။ အရပ်ကလေးက ပုပု ထိုင်းမလေးတွေ ပိန်တာကြိုက်ကြပေမယ့် သူကတော့ ကံဆိုးတယ်ပဲပြောရမလား ကံကောင်းတယ်ပဲပြောရမလားမသိ ၀၀ကလေးဖြစ်နေတယ် ။

သူကလည်း ဗမာလိုတစ်လုံးမှမတက် ကိုယ်ကလည်း ထိုင်းလို Broken ပဲသိသေး ဒါပေမယ့် ကျနော် ပြောတာကို သူတစ်ယောက်ပဲ နားလည်ပါတယ်း) ရယ်စရာတော့ကောင်းသာ လက်ဟန်ခြေဟန်တွေနဲ့ ရှုပ်ရှက်ခပ်နေတဲ့ ကျနော့်စကားပြောပုံကို တစ်ခြားသူတွေက ခေါင်းမူးပေမယ့် သူကတော့အဆင်ပြေပြေနားလည်ပါတယ် ။စိတ်ညစ်စရာရှိလည်းတူတူ အလုပ်တွေ မပြီးလို့ သူဌေးကိုလိမ်ပြောကြတော့လည်းတူတူ ကွန်ပျူတာလည်းမကိုင်တက် အင်တာနက်ဆိုတာလည်း ခုမှကြားဖူးတဲ့ ကျနော့်ကို သင်ပေးတာလည်း ဒီအစ်မပါပဲ ။ဘာလေးပဲဖြစ်ဖြစ် အသေးစိတ်လေးကအစတိုင်ပင်လို့ရ အကြံညဏ်တောင်းလို့ရတဲ့သူ့ကို ကျနော်တစ်ခြားသူတွေထပ်ပိုခင်မိတယ် ။

မနေ့က စကားထိုင်ပြောဖြစ်ရင်း “ အစ်မ...ရုံးကိုမကြာမကြာလာလည်လေ နော့်” ဆိုတော့ “မလာတော့ပါဘူးလေ နောက်ပိုင်း သူဌေးနဲ့ ငါ့ရဲ့ဆက်ဆံရေးလည်းနင်သိတာပဲ မဟုတ်လား” ဆိုတော့ ကိုယ့်မှာ လက်မှိုင်ချရတဲ့အဖြစ် ။ နှုတ်ဆက်စကားပြောရတာ ဆော်ဝါဒီလုပ်ရတာ ပျင်းတဲ့ကျနော် “โชคดีนะพี่” Good luck နော် အစ်မ လို့နှုတ်ဆက်စကားဆိုရင်း ဆော်ဝါဒီလုပ်လို့ နှုတ်ဆက်စကားဆိုဖြစ်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ၄ နှစ်ကျော်လောက် အလုပ်တူတူတွဲလုပ်လာတဲ့ လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက် လူမျိုးရေးခွဲခြားမှုမရှိပဲ ကိုယ့်အပေါ်ကောင်းခဲ့သူတစ်ယောက် အဆင်ပြေပါစေလို့ စိတ်ရင်းအမှန်နဲ့ဆုတောင်းပေးမိပါတယ်။

အားလုံးဟာ အမှတ်မထင် ဆုံတတ်ကြပေမယ့် နှုတ်ဆက်ချိန်တိုင်းကိုတော့ အမှတ်ရလျှက်ပါ ။ကိုယ်လည်းတစ်နေ့ ဘယ်သူတွေကို ဘယ်လိုနေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ နှုတ်ဆက်ချိန်ကြုံလာမလဲဆိုတာ မဆိုင်တာတွေ လိုက်တွေးနေမိပါရဲ့ ။


LinkWithin

Related Posts Plugin for WordPress, Blogger...