Monday, April 25, 2011

အိုင်ပက်ချိန်

ရွာမှာ ချောင်းတွေပေါပါတယ် ။ ကျနော်တို့ရွာကလေးမှာက လယ်မစိုက်ကြပါဘူး ကိုင်းလို့ ခေါ်တဲ့ ( သခွား၊ ပြောင်း ၊ ခ၀ဲ ) တွေကိုတော့ မိုးရာသီမှာ စိုက်ကြပါတယ် ။ လူကြီးတွေကတော့ မိုးရောက်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေ က စိုးရိမ်ရလို့ စိတ်ညစ်တတ်ကြပေမယ့် ကျနော်တို့ ခလေးတွေကတော့ တအားပျော်ကြတာပါ မိုးတွင်းမှာ အစ်ကို့နောက်လိုက်ပြီး ကျွဲကျောင်းရတာ တအားပျော်စရာကောင်းပါတယ် ချောင်းက ရွာလေးကို ၂ ပိုင်းခွဲထားတာ အဲ့တော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးရတာပေါ့ အကျယ်ကြီးတော့မဟုတ်ပါဘူး ဒါမယ့် မိုးတွင်းဘက်ဆို ကွင်းပြင်ကြီးတစ်ခုလုံးရေပြင်တွေ လွှမ်းလို့ သိပ်လှပါတယ် ။ ချောင်းကူးခါနီကျ ကျနော်က အကောင်တောင့်တောင့် ကျွဲတစ်ကောင်ပေါ်တက်စီးလိုက်တာ သူက ရေကူးတာ သိပ်မြန်တာ တစ်ခါကျ ကိုယ်စီးတဲ့ အကောင်ဆီကို တစ်ကောင်နဲ့ တစ်ကောင်တိုးဝှေ့တက်ကြတာ ရေထဲ ပလုံခနဲဆို ပြုတ်ကျသွားတာ လန့်ပြီး ၃ ရက်လောက်ဖျားသွားသေးတယ် ။ အဘကတော့ အစ်ကို့ကို ရာဇသံပေးလိုက်တာ နောက်နေ့ မင်းခလေးကို ခေါ်ရဲခေါ်သွားကြည့် တဲ့ ။

အစ်ကိုက မခေါ်ရဲတော့ပေမယ့် ကျနော်ကတော့ ခိုးလိုက်မြဲပါပဲ ကွင်းပြင်ထဲက ကျွဲလူးအိုင်လေးတွေမှာ ရေဆော့ရတာလည်း ကိုယ့်အတွက်တော့ ပင်လယ်ကမ်းခြေမှာ အပန်းဖြေနေရတာထပ်ပိုပျော်ပါတယ် ။ ကျနော့်အစ်ကိုက ငါးဖမ်းသိပ်တော်တာ မိုးတွင်းဘက်ဆို သူက အမေ့ကို ကိုင်း(ဂိုင်း)ထောင်ဖို့အတွက် ငါးမျှားချိတ် တို့ ကြိုးတို့ သာရည်ပင်တို့ ၀ယ်ခိုင်းတတ်ပါတယ် အဘကတော့ သူ့အတွက် ငါးမျှားတံ သတ်ပေးရတာပေါ့ ။ အစ်ကိုက ဇွဲရှိပါတယ် ညပိုင်းတွေလည်း သူ့ပါသာသွားထောင် မနက်ကျရင် အိမ်စားအပြင် ရွာထဲမှာတောင် လိုက်ရောင်းလို့ရပါတယ် အများဆုံးရတဲ့ ငါးက ငါးရှဉ့် ။မိုးရာသီမှာ ကျနော့်အတွက် ငါးဖမ်းဖို့အခွင့်အရေးသိပ်မရှိပါဘုး လူကြီးတွေက ခလေးတွေရွာမှာ ရေနစ်သေဖူးတာကို ကြုံထားဖူးတော့ ခလေးတစ်ယောက်ကွင်းစပ်စင်းတာနဲ့ ရွာထဲက လူတွေက အတင်းလာခေါ်ဆွဲသွားတတ်ပါတယ် ။ မိုးရာသီမှာတော့ အစ်ကိုကျွဲကျောင်းကပြန်လာရင် ခူးခဲ့ပေးတဲ့ သပြေသီးမှည့်တွေကတော့ အရသာအရှိဆုံးပါပဲ ။

နွေရောက်ရင်တော့ ရေတွေခမ်းပြီး မိုးတွင်းမှာ ပြည့်လျှံထွက်နေတဲ့ ချောင်းတွေက သူတို့မဟုတ်သလို အရောင်အဆင်းတွေတောင်ပြောင်းလို့ ကြည်လင်တဲ့ရေတွေကနေ ဗွက်ရောင်တွေပြောင်းသွားလို့ပါ ။ ရွာမှာက အိုင်ပက်ကြရင် တစ်ရွာလုံးစုပတ်ကြတာပါ သူ့အိုင်က ငါးများလို့ တိတ်တိတ်လေးခိုးပတ်တာတို့ ငါ့အိုင်ကျမခေါ်တာတို့ အဲ့လိုမျိုးမရှိကြပါဘူး ။ အိုင်ပက်တယ်ဆိုတာကလည်း လူအုပ်များမှ ပျော်စရာကောင်းတာ ။အိုင်ပက်ဖို့အတွက် လူကြီးတွေအတွက်ဆိုရင်တော့ ပေါက်တူးကောင်းများများလိုတယ် ခလေးတွေနဲ့ အမျိုးသမီးတွေအတွက် ပန်းကန်စုတ် ရေပုံးစုတ်လေးတွေပေါ့ ။ တစ်ရွာလုံး တစ်အိမ်ကို ၂-၃ ယောက်လောက်တော့ ပါကြတယ် ။ ချောင်းတွေက တစ်ခုခုနဲ့ မိုးတွင်းဆိုရင်တော့ ဆပ်စပ်နေတတ်ပေမယ့် နွေပိုင်းကျ မဆက်တော့ပါဘူး လူ ခါးတစ်ရပ်စာလောက်ကျန်တော့တဲ့ရေကို အရင်ဆုံး ဟိုဘက်က ချောင်းစပ်ကိုရေတွေခပ်ထုတ်ကြတယ် ပြီးရင် ကန်းသင် တားလို့ရရင်တော့ လူကြီးတွေက ပေါက်တူးပေါက် ကန်သင်းတားကြတာပေါ့ ။


ရေနည်းတဲ့ဘက်ကို ဒီဘက်ရေများပြီးနေရာကျယ်တဲ့ဘက်ကရေတွေကို လူအုပ်နဲ့ အိုင်ပက်ကြတာ တစ်အုပ်ကြီး ပျော်စရာကြီးပါပဲ ခလေးတွေကတော့ အချင်းချင်းပြန်ပက်လို့ ဗွက်ရေလား ဘာလား ရွံရမှန်းလည်းမသိပါဘူး ချောင်းစပ်မှာတော့ မီးဖိုကြီး ဖိုထားသေးတယ် ။ ရေက ဒူးခေါင်းလောက်ပဲကျန်တော့ရင်တော့ ဗွက်ကိုရေဖျော်ထားသလိုနဲ့ ဥပမာပေးရရင် မုန့်ကျွဲသဲနဲ့တူပါတယ် အဲ့အခါကျ အနေတော်ပဲ ငါးဖမ်းလို့ရပါပြီ ခြေတောက်နဲ့ စမ်းဖမ်းတဲ့သူ ကျွမ်းတဲ့သူတွေကတော့ လက်ကလေးတွေနဲ့ အသားလေးဖမ်း ရက်သဲ့ ( ဇကာနဲ့တူတယ် ) တွေနဲ့ဖမ်းတဲ့သူလည်းရှိပါတယ် ။ တစ်ချို့တော့ ချောင်းကမ်းပါးတွေမှာ တွင်းပေါက်လေးတွေဖြစ်နေတဲ့ထဲ လက်နှိုက်ဖမ်းတတ်ကြပါတယ် ။ ငါးတွေကတော့ အစုံပါပဲ ငါးတွေထဲမှာ အကြောက်ဆုံးငါးကတော့ ငါးဂျီး ( စာလုံးမပေါင်းတတ်ဘူး အဆူးနှစ်ချောင်းကားနေတဲ့ မျက်နှာပုတ်သိုးသိုးနဲ့ ငါး ) ပါပဲ။ သူ့အဆူး စူးရင် သိပ်ပြင်းပါတယ် အဲ့တော့ ဘာဆေးနဲ့ ကုသလဲဆိုတော့ ရွာက အဖိုးကြီးတွေပြောတာပဲ ကန်တော့နော် ရှူးနဲ့ ထိတဲ့နေရာကို ပန်းထည့်လိုက်ပါတဲ့ တိုက်ဆိုင်တာလား ဓာတ်တည့်တာလားတော့မသိ သက်သာပါတယ် ။

ကျနော်ကတော့ ငါးဖမ်းလို့မရရင် ဗွက်တွေလည်းလူးလို့မောသွားရင် မိုးဖိုနားသွားထိုင် လစ်တဲ့သူရဲ့ ပလိုင်းထဲက ငါးတစ်ကောင်လောက် ခိုးလိုက်ပါတယ် ပြီးရင် မီးဖုတ်စားလိုက်တယ် တအားကိုအရသာရှိပါတယ် ခိုးစားရလို့လားမသိး) ။ ကျနော့်အစ်ကိုက ငါဖမ်းတအားတော်တာ သူက ကမ်းစပ်ကိုပစ်တင်ပေးလိုက်ရင် ခုန်နေတဲ့ ငါးကို လိုက်ကောက်ဖမ်းရတာလည်း ပျော်စရာ ခဏလေးနေတာနဲ့ သူ့ ခါးပေါင်စထဲ ငါးတွေအများကြီင်္း သူဖမ်းလာတဲ့ငါး ကျနော်က ပလိုင်းလေးနဲ့ ထိုင်စောင့် ။ အိမ်ပြန်ရောက်ရင် အမေ့ကို ကြွားတဲ့သူက အစ်ကိုမဟုတ်ပဲ ကျနော်ပါး) “ မေ့.... ဒါ သားဖမ်းလာတာ အကြီးကြီးပဲ ” အမေကတော့ ပြုံးစိစိနဲ့ ““တော်စမ်းပါဟယ် ””တဲ့ ကိုယ့်သားအရည်ချင်း အမေက အဲ့လောက်ကိုသိတာ ။

ညနေ ထမင်းဝိုင်းကျ ငါးကြော် အကောင်ကြီးကြီးလေးက အဘအတွက် ကျနော်တို့ သားမိတွေက ငါးဟင်းဆီပြန်လေးတွေနဲ့ ထမင်းသိပ်မြိန်ပါတယ် ။ အဘ ငါးကြော်လေးကို ဒီကြောင်ပိန်လေးက တွယ်ချင်တော့ ညဏ်ထုတ်ရတာပေါ့ “အဘ အဲ့တာ သားဖမ်းထားတာ နည်းနည်းကျွေး” အဘက ဖဲ့လည်းဖဲ့ကျွေး သတိလည်းရသွားသလိုနဲ့ အစ်ကို့ ကိုမျက်ထောက်နီကြီးနဲ့ကြည့်လို့ “ မင်း ခလေးကို ချောင်းထဲ ခေါ်သွားပြန်ပြီလား”” တဲ့ အစ်ကိုက တစ်ခါ ကျနော့်ကိုစိတ်တို ။ အစ်ကိုက အဘကိုကြောက် အဘကိုနိုင်တာ အိမ်မှာ အမေပဲရှိတော့ စစ်ကူတောင်းတဲ့မျက်လုံးလေးနဲ့ အစ်ကိုက အမေ့ကိုကြည့်ကော အဲ့တော့ အမေက “ အမလေးတော်....သူများရှာခဲ့ပေးတဲ့ ငါးလည်းစားရသေးတယ် ခလေးတွေကို ရန်ရှာလို့ တော်နဲ့ ညာလာတာကြာပြီး ဘယ်နှစ်ခါ တော်ဖမ်းခဲ့တဲ့ငါးစားရလို့တုန်း ” ဆိုတော့ အဘက ကုတ်သွားတယ် ဟုတ်ပါ့ အဘက ခြံသမား လယ်သမားသာ ဖြစ်ပေမယ့် ငါဖမ်းတော့ မစွံပါ ။


ဒီအချိန် ရွာမှာ အိုင်ပက်နေကြလောက်ရောပေါ့ ။လတ်ဆတ်သင်းပျံ့တဲ့ နွေရနံ့နဲ့အတူ တစ်ချိန်က အိုင်ပက်ရင်း ဖုတ်စားခဲ့တဲ့ ငါးမီးကင်လေးနဲ့ ဆီပြန်ငါးဟင်းတစ်ခွက်လေးနဲ့ မြိန်ရှက်ခဲ့တဲ့ မိသားစု ထမင်းဝိုင်းလေးဟာလည်း အတိတ်မှာ ကျန်ခဲ့ပါပြီ ။


14 comments:

ဟန်ကြည် said...

တကယ့်လွမ်းစရာပါပဲ...ငယ်ငယ်က မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေကို အခုလုပ်ခွင့်ရမယ်ဆိုရင် ချောင်းထဲမှာ ငါးပက်ကြည့်ချင်တယ် မောင်မျိုးရေ...ဒါပေမယ့်တော့ ဒါပေမယ့်ပေါ့...

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့ရွာမှာ လယ်ထွန်တော့ ရေရှိတဲ့ လယ်ကွက်တွေဆို ထွန်သွားနောက်မှာ ငါးတွေ ပေါ်ပေါ်လာလို့ ကလေးဘ၀က ပျော်ပျော်ကြီး လိုက်ကောက်ကြတာ သတိရမိသေးး
ဒါနဲ့ရွာပြန်သွားတော့ မောင်မျိုးပြောတဲ့ အိုးပုတ်ပန်း တို့က လျှာမဲပန်းလို့ခေါ်တယ် အဲဒါမြင်တော့ ညီမလေးကိုတောင် ပြောပြမိသေးတယ်
တို့တွေလို စာရေးတဲ့တစ်ယောက်က သူတို့ဆီမှာတော့ အိုးပုတ်ပန်းလို့ ခေါ်သတဲ့လို့။
တိုက်ဆိုင်သွားတော့ သတိရမိတာကို ပြောပါတယ်။

Angelhlaing(May everybody be happy and healthy! said...

လွမ်းမောစရာလေးတွေ ပေါ့နော်..ကိုမျိုး

ခနွဲ said...

အိမ်ကို လွမ်းတယ်။ အိုင်တော့ မပက်ဖူးဘူးရယ်။ ပက်တော့ ပက်ဖူးချင်တယ်။ မလုပ်တက်တာတွေလည်း အများသား

...အလင်းစက်များ said...

အဲ့ဒီအစ်ကို ဘယ်ရောက်နေလဲ... ငါသပြေသီး အကြောင်းသိချင်တယ်... ငါတို့ အိမ်နားမှာ တောသပြေပင်တစ်ပင်စိုက်မိတာ သီးလိုက်တဲ့ အမျိုး.. ခက်ထှာက စားလို့  လည်းမရဘူး.. လှတာတော့ စပျစ်သီးခိုင်တွေကျနေတာပဲ သိပ်လှတာ.. ။

ငါးမီးဖုတ်တာ ငါ့ရှေ့တော့ လာမလုပ်နဲ့  ကြိမ်လုံးနဲ့  ဆော်ပစ်မယ်.. အကုသိုလ်ဆို ဝေးဝေးရှောင် ကြားလား ငမျိုး... :P

Anonymous said...

နောက်တစ်ခါများ အိုင်ပက်ဖြစ်ခဲ့ရင် မှတ်မှတ်ရရ ရတနာ့အတွက် တစ်ကောင်လောက် ရွှံ့တွေမံပြီး မီးဖုတ်ခဲ့ပါနော်။

း)

လပြည့်ရိပ် said...

ဟားဟား ..တော်တော်လည်တဲ့ မောင်မျိုးပါလား။ အကိုဖမ်းလာတဲ့ ငါးကို သူဖမ်းလာသလိုပြောပြီးအဘဆီက ပတ်ချွဲနှပ်ချွဲနဲ့ စားတတ်ပုံများ... အငယ်တွေက အဲလိုအမြဲလုပ်တတ်တယ်။ ကျွန်မ အကိုတွေ မောင်တွေကတော့ အိမ်နောက်ဖေးကမြစ်ထဲမှာ ငါးမဖမ်းဘူး ပုဇွန်ငုတ်တတ်တယ်။ :-)

ညိမ်းနိုင် said...

ငါးကျီး လို့စာလုံးပေါင်းတယ်(ထင်ရဲ့....သိပ်မသေချာဘူး:))
ငါးမျက်နှာကပုတ်သိုးနေမှာပေါ့...သူအဖမ်းခံရတဲ့နောက်...
ဘယ်မှာလာပြီးပြုံးနိုင်မှာတဲ့တုန်း....၊မျက်နှာထားလှတဲ့ငါး
တွေ့ရင်ပြောစမ်းပါ..မြင်ဘူးချင်လို့........:D

နေ၀ဿန် said...

ဟုတ်တယ်... အိုင်ပက်ရတာ သိပ်ပျော်ဖို့ကောင်းတယ်... အဲဒီ ရွှံ့ရေနည်းနည်းထဲမှာ ငါးရမရတော့မသိဘူး.. ဒိုင်ဗင်ထိုးဆော့ရတာတော့ သိပ်ကောင်းတယ်... ငါတို့ဆီမှာတော့ မင်းတို့လို ငါးတွေသိပ်မပေါဘူးလေ... အများဆုံးရတာ ငါးရံ့ပေါ့... နောက် ငါးသလဲထိုး... ငါဖမ်းပြီးရောင်းနေကျက ငါတို့ဆီမှာ ငါးပါတက်လို့ခေါ်တယ်... ငါးခုံးမနဲ့တူမလားတော့မသိဘူး... အဲဒါ မိုးတွင်းဆို ငါ့စီးပွားရေးပေါ့... :D.. ပြီးတော့ အဲဒီငါးသေးသေးလေးတွေကို အကြော်မှုန့်နဲ့နယ်ပြီး ကြော်စားသိပ်ကောင်း... မင်းရေးတာနဲ့ တကယ်ကိုလွမ်းတယ်ကွာ...း(((

Nyi Linn Thit said...

မိုးတွင်းမှာ ရေအရမ်းကြီးရင် ကျနော်နေခဲ့တဲ့ ရပ်ကွက်လေးထဲ ရေတွေဝင်လို့ မြောင်းထဲမှာ အိုင်ပက်ဖူးတယ်ဗျ၊ တခါ သူငယ်ချင်းတစ်ယောက် လက်မှာ ငါးကျည်းစူးတာ နောက်တစ်ယောက်က ဒဏ်ရာပေါ်ကို ဆီးသွားပေးရသေးတယ်၊း) ညီ့ရွာလေး က တော်တော်ပျော်ဖို့ ကောင်းမယ့်ပုံပဲ...။

အတူး said...

ဒီ စာဖတ်ရတာ ပျော်စရာကြီးး)

မြစ်ကျိုးအင်း said...

ဒီလို ရွာရနံ့ပါတဲ့ စာတွေဆို ပိုသဘောကျမိတယ်။
ရွာသွားလည်တိုင်း ငါးကို နည်းမျိုးစုံ ဖမ်းဖူးတယ်။ ဆွေမျိုးတွေရဲ့ ငါးကန်ကြီးတွေ ကန်ဖော်ရင် ပိုက်ဝိုင်းဆွဲရတာလည်း စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ငါးကြင်းကြီးတွေက ခုန်ပျံရင်း ရင်ဝကို လာဆောင့်ရင် အသက်ရှူတောင် ရပ်ခနဲ ဖြစ်သွားရတာပါပဲ။

Anonymous said...

Lovely ur native village.I want to visit.No wonder u may miss.Tks for ur lovely post:)
Gyidaw

မောင်မျိုး said...

ဦးဟန်ကြည်.... ဒါပေမယ့်လို့ ဘာဖြစ်လို့လဲဗျ ပက်လို့ရပါသေးတယ် အိုင်နော် ကောင်မလေးတွေမဟုတ်ဘူး ဟဟား စတာဗျ ကန်တော့နော့် ။

မချော... ဟုတ်လား ကျနော်လည်းမှတ်ထားအုံးမှ လျှာမဲသီး ဓာတ်ပုံကော ရိုက်ခဲ့သေးလား ။

အိန်ဂျယ်...လွမ်းပါ့ဗျာ ။

ခနွဲ... ပက်ကြည့်ပါ ပျော်စရာကြီး ညီ

ကိုလတ်...အဲ့ အစ်ကို အခု ဘန်ကောက်မှား) ဟုတ်ကဲ့ သပြေသီးအကြောင်း ရေးအုံးမယ် နောက်တော့ပေါ့ ။

ရတနာ...စိတ်ချ ညီမလေး

မလပြည့်... အငယ်ဆိုတာ ငထွေးရူးလေ အစ်မး)

ကိုညိမ်း...မျက်နှာလှတဲ့ငါး ရှိပါတယ် ငါးသလောက်လေ သိပ်လှတာ သူ့မျက်လုံးတွေက ။

နေ၀သန်...ဟုတ်လား မင်းလည်း အိုင်ပက်ဖူးတယ်ပေါ့ ပျော်စရာကြီးနော့် ဒီတစ်ခါ အိမ်ပြန် ထပ်ပက်ပေါ့ကွ ဘာဖြစ်လဲ ။

ကိုညီ...ဟုတ်တယ် အစ်ကိုရေ အဆူးစူးလို့ ကုတဲ့နည်းက ထိရောက်တယ်ဗျး)

အတူး...ကျေးဇူးပါ ။။

ကိုမြစ်.... အစ်ကို့ဘလော့မှာလည်း ညီရွာအကြောင်းလေးတွေ ဖတ်ဖြစ်တယ်ဗျ အေးချမ်းပြီး ပျော်စရာကောင်းတယ်နော့် ။

ကြီးတော်.. ကျနော်လည်း အလည်ခေါ်ချင်ပါတယ် တစ်နေ့တော့ ကျနော်တို့ မဆုံနိုင်ဘူးလို့ ပြောနိုင်သလား ကံဆိုတာပြောလို့မရဘူးလေ ဟုတ်တယ်ဟုတ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...