Friday, April 26, 2013

သတင်းပလင်း

အဖြစ်အပျက်ကတော့ စုံပလုံနေတော့တာပဲ    စာရေးအားကလည်း တစ်လမှ ၂ ပုဒ်လောက်ဆိုတော့ သိပ်မဟုတ်သေး   အရင်ကဆို စာရေးဖို့စိတ်ကလေးထည့်ထားတော့  ဟိုဟာလေးလည်းရေးချင်  ဒီဟာလေးလည်းရေးချင် စုံနေတာပဲ ခုများတော့ မေ့ကို မေ့နေတော့တာ  ငါ စာများရေးးတတ်တော့ရဲ့လားလို့  ကိုယ့်ကိုယ်ကိုတောင် ပြန်မေးမိတော့တယ်။

အမှန်ကတော့ ရှုပ်နေတာ မြို့ပြတွေမှာ ကြုံတွေ့ရတဲ့ ပြသနာတွေအတိုင်း အချိန်မလောက်ငမှုပေါ့ ဘာကိုကုန်လို့ ကုန်နေမှန်းကိုမသိတော့ဘူး  အလုပ်ပိတ်ရက်ရနေတာတောင် ကိုယ့်ပါသာ ဘာမှမနားလိုက်ရသလိုပဲ   မောင်နှမတွေဆီလည်းမရောက်ဖြစ်သလို သူငယ်ချင်းတွေနဲ့တောင် ဖုန်းမှန်မှန်မပြောဖြစ်တော့ဘူး ။ အရင်ကဆို  အမေ့ဆီ  ဘယ်လောက် အလုပ်များများ တစ်လ ၂ ခါလောက်ခေါ်ဖြစ်ပေမယ့် ခုဆို ဖုန်းမပြောရတာ တော်တော်ကြာပြီ အမေကတောင်  မေးနေသေးဆိုလား ။
အခန်းပြန်ရောက်တာနဲ့ ချက်ပြုတ် လျှော်ဖွတ်    ဈေးသွားတဲ့အခါသွားနဲ့   မောစရာကြီးတွေ ။

စာမရေးဖြစ်တော့  သတင်းတွေပဲ ထိုင်ကြည့်နေဖြစ်တယ် ။   ကျနော်က  အမှန်ဆို အရှုပ်တွေထဲ မ၀င်တာများတယ်  ဘာသာရေး အကြောင်း  နိုင်ငံရေးအကြောင်းဆို ပိုဆိုး  မသိတာများတော့    ၀င်ရောက်ဆွေးနွေးဖို့နေနေသာသာ    သူများပြောတာတွေတောင်  သိပ်နားမလည်ဘူး  နိုင်ငံရေး ဘာသာရေး  သဲသဲလှုပ်များကတော့ ကိုယ့်ကို    သိမ်ဖျင်းတယ်လို့များ  သတ်မှတ်ကြလေမလားမသိ   ဂရုစိုက်စရာတော့လည်း  မရှိပါဘူးလေ ။ သတင်းတွေကြည့်ရင်း  ထိုင်းနိုင်ငံရဲ့  အရှုပ်တွေအကြောင်း  မြင်ရကြားရတော့  စိတ်မကောင်းစရာတွေ  တော်တော်များတယ် ။ပထမ အချက် စိတ်မကောင်းစရာက ထိုင်းနိုင်ငံတောင်ပိုင်းအခြေနေတွပါ  တကယ့်ကို  အီရတ်အလားပါပဲ   ။ ထိုင်းတောင်ပိုင်းအရေးဟာ  ထိုင်းနိုင်ငံမှာ တော်တော်ကြာပြီဖြစ်တဲ့ပြသနာပါ ဒါပေမယ့် ခုနှစ်ပိုင်းတွေမှာ ပိုပိုဆိုးလာတယ်   နေ့စဉ်သတင်းတွေမှာလည်း စိုးရိမ်းစရာအခြေနေ  တောင်ပိုင်း သတင်းဆိုပြီးတော့ သတင်းတွေ  ကြားရပါတယ် ။  ကားလမ်းဗုံးပေါက်ကွဲမှု နေအိမ်တွေကြားအထိ ဗုံးပေါက်မှုတွေဟာ  တစ်ခါတလေ  တစ်ရက်တည်းနဲ့တင်  ၈  နေရာလောက်အထိဖြစ်ပါတယ် ။

စစ်ကြီးကို ရပ်စေချင်လို့ စာသင်ကျောင်းတစ်ကျောင်းလုံး ဖျက်ဆီးခံလိုက်ရတဲ့ ခလေးတွေရဲ့ စစ်တွေရပ်ပေးပါဆိုတဲ့   ပြကွက်အတိုလေးကြည့်ပြီး မျက်ရည်ဝဲမိတယ် ပြာပုံတွေကြားက စာအုပ်အတိုလေးတွေကို လိုက်ကောက်ရင်  အငိုမျက်ဝန်းလေးတွေနဲ့ ကျနော်တို့  ကျောင်းတက်ချင်ပါသေးတယ်တဲ့   ။  လုပ်ကြံခံရသူတွေထဲမှာ ထိုင်းတောင်ပိုင်းရဲ့ ပြည်နယ်တစ်ချို့  ပြည်နယ်မှူးတွေ  မြို့နယ်မှူးတွေပါ  ပါဝင်ကြတာကိုတွေ့ရတယ်  ထိုင်းအစိုးရကတော့ အဲ့အထိ သွားရောက် နှစ်သိမ့် ပြီး ကူညီနေတာတွေ့ရပေမယ့်  သတင်းကြည့်နေရင်း ဒီအဖြစ်ပျက်တွေ ဘယ်တော့များ ဆုံးမှာပါလိမ့်လို့ ကျနော်တော့တွေးနေမိတော့တယ်။

ထိုင်းရဲ့  စစ်သားစုဆောင်းရေး ကိုပြီးခဲ့တဲ့ လက  ပြုလုပ်တာတွေ့ရတယ် တစ်ချို့ တောင်ပိုင်းဘက်ကျလို့ စိတ်ပျက်နေကြတဲ့သူတွေရှိသလို  တစ်ချို့ကလည်း နိုင်ငံတော်အတွက် ကာကွယ်ဖို့တက်ကြွနေကြသူတွေလည်းတွေ့ရတယ် ။ အစိုးရက ကျနော်တို့ဖြေရှင်းနေပါတယ် ကျမတို့ လုပ်ဆောင်နေပါတယ်ဆိုပြီးပြောနေကြပေမယ့် ဗုံးက တစ်နေ့ ၈ လုံးလောက်ပေါက်ပြီး လူတွေကတော့ နေ့တိုင်းလောက်ကိုသေနေတော့တာပဲ ။


တောင်ပိုင်းအရေးတွေ့ဆုံညှိုနှိုင်းပွဲတွေမှာ ဒေါ်ရင်လပ်ကြီးက ခေါင်းပေါင်းကြီး နဲ့ နှုတ်ခမ်းမွှေးရှည်ရှည်နဲ့ အဖိုးကြီးကို လက်အုပ်ချီပြီး သေချာဆော်ဝါဒီ လုပ်နေတာတွေ့ရတာ ကိုယ်နဲ့လည်းမဆိုင်ပဲ ရင်နာစရာကောင်းလိုက်တာ ပြောမနေနဲ့တော့။  ငါတို့တော့ အဲ့လိုအဖြစ် မဖြစ်ပါရစေနဲ့လို့ပဲ ဆုတောင်းမိတော့တယ် ။ ထူးခြားမှုတစ်ခုက  မြန်မာပြည်တွင်းကနဲ့ မတူပဲ တစ်နိုင်ငံလုံးအတိုင်းတာထိ မပျံ့နှံ့ပဲ  တောင်ပိုင်းတစ်ခုပဲ  ဆိုးရွားနေတာမျိုးပါ ။  ပြည်မထဲက  ထိုင်း-မွတ်စလင်တွေကတော့  အေးအေးချမ်းချမ်းပဲ  တစ်ခြားနေရာတွေမှာလည်း  ဆူပူမှုဆိုတာမတွေ့ရဘူး။


ဘာသာတရားတစ်ခုဟာ  လူတွေသေကြေပျက်စီးစေကြအောင်များ  ဘယ်လို သူတော်ကောင်းများက ဆိုဆုံးမခဲ့ကြလေသလဲဆိုတာ   သိပ်မမှီချင်တဲ့ ညဏ်က  လိုက်တွေးနေမိတယ် ။  ဘာပဲဖြစ်ဖြစ်  ခေါင်းခဲစရာတွေများနေတဲ့ ဒေါ်ရင်လပ်ကြီးတစ်ယောက် ဘယ်လိုများဖြေရှင်းမှာပါလိမ့်လို့  စောင့်ကြည့်နေမိတယ် ။  လူဦးရေများပြားလာမှု ၊  ကားလမ်းကျပ်မှု အပြင်  လုပ်အားခ တစ်နေ့ ၃၀၀  သတ်မှတ်ကြတာကို ထိုင်းပညာတတ်လူငယ်တွေက မကျေနပ်မှု ၊ AEC အတွက် ကြိုတင်ပြင်ဆင်မှု ၊ လွှတ်တော်ထဲမှာ   အမြန်ရထားလမ်း  ၃  နှစ်အတွင်း  ဖောက်လုပ်နိုင်မှုအတွက်  ဘတ်သန်း   သိန်း၂၀  အတွက်  ငြင်းခုံကြမှုတွေကြား မှာ  သူမ ဘယ်လို အကောင်းဆုံးလုပ်ဆောင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ။

ငြိမ်းချမ်းမှုများ  ကျရောက်ပါစေလို့  မေတ္တာပို့လျှက်  ထိုင်းနိုင်ငံ အေးချမ်းပါစေကြောင်း။




Thursday, April 4, 2013

ပျောက်ဆုံးသွားသော ဂရုစိုက်မှုများ

ဒီကိစ္စကို  သတိထားမိလာတာကြာပါပေါ့ ရေးလည်းရေးချင်သား    ဒါပေမယ့် မရေးဖြစ်ဘူး တော်ကြာ ကိုယ်မသုံးနိုင်လို့ သူများ သုံးနေကြတာကို  မလိုနာလို့ပြောတယ်ေ၇းတယ်ထင်မှာစိုးလို့ပါ  ခုလည်း ကိုယ်ကျင်လည်နေတဲ့  ၀န်းကျင်မှာ  ဒါမျိုးတွေ  မြင်မြင်လာရတော့   ရေးချင်စိတ်ကဖြစ်လာပြီး  ဒီပို့စ်ကို စရေးချင်စိတ်ဖြစ်လာတာက  ကိုညိမ်းနိုင် ၊ကိုလတ် တို့နဲ့ ကမ်းခြေသွားကတည်းကပါ ။

ကိစ္စက  ပွတ်ကြတဲ့ကိစ္စ  ဘာပွတ်ကြတာလည်းဆိုတော့ ဖုန်း ပေါ့  ဘာတဲ့ အိုင်ဖုန်းတွေ အိုင်ပတ်တွေပါ  ရထားပေါ်မှာလည်း ပွတ်ကြ ၊ ကားပေါ်လည်းပွတ်ကြ  ဘယ်နားတွေ့တွေ့  ပွတ်နေကြတာတွေ့တော့  အမြင်ကတ်စရာတွေတောင်ဖြစ်လို့ ။  နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ  လူတစ်ယောက်နဲ့တစ်ယောက်  ကူးလူးဆက်ဆံမှုတွေက ရှားပါးသွားလိုက်တာ  စိတ်မကောင်းစရာ ။  တစ်ချို့တလေများဆို စားပွဲတစ်ခုံထဲ ထိုင်းနေကြတာချင်းတောင် သူကလည်း သူ့ပါသာပွတ် တစ်ခြားတစ်ယောက်ကလည်း သူ့အထာနဲ့ သူပွတ်နေလိုက်ကြတာ  တစ်ချို့ဆို ခရီးသာဆုံးတယ် ကိုယ့်ဘေးက လူဟာ ယောက်ျားလေးလား မိန်းခလေးလားတောင် သိမှာမဟုတ် ။

ကမ်းခြေက ဆိုင်မှာ အစားသောက်တွေ မှာစားဖြစ်တော့ ကိုညိမ်းနိုင်  ကိုပြောမိသား “ ကျနော်တော့လေ  နည်းပညာတွေ တိုးတက်လာတာ သဘောကျပေမယ့် အဲ့လိုကြီး တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်လေးမှာတောင်  စကားမပြောနိုင်ပဲ  ပွတ်နေကြတာကြီး မကြိုက်လိုက်တာဗျာ ”  ဆိုတော့ ကိုညိမ်းနိုင်က ထောက်ခံသား  ဒါပေမယ့်  ကိုယ်တွေမရည်ရွယ်ပဲ  ဒဲ့ထိသွားတာက ကိုလတ်  သူက တစ်ချိန်လုံးပွတ်နေတာကြီးကိုး   ပြုံးစိစိနဲ့ မင်းလည်းနောက် သုံးလာမှ သိမယ်တဲ့  ။

သက်မဲ့ အရာတွေပေါ်တွယ်တာသွားတာနဲ့အမျှ  ကိုယ့်ဘေးနားက  သက်ရှိတွေကို မေ့မြောသွားတတ်ကြတာတွေ့ရတော့ စိတ်မကောင်းစရာ ။ မြို့ကြီးတွေမှာ တွေ့ရတဲ့  မကြိုက်နှစ်သက်စရာခေတ်ပေါ်စရိုက်တွေကြားမှာ အထာမကျသေးတဲ့ ကျနော်ကတော့ ကျေးလက်က  လူနေမှုစနစ်လေးကိုတောင်  သွားပြန်သတိရမိပါရဲ့ ။ပျောက်ပျက်ခြင်းမရှိတဲ့  အရာတွေထဲမှာ  မမြင်နိုင်တဲ့ သံယောဇဉ်ဆိုတာ ရှိပါသေးတယ် ။ ကျနော်ကတော့ ဆက်သွယ်ရလွယ်တဲ့ အင်တာနက်ခေတ်ကြီးမှာတောင်   လက်ရေးနဲ့  စာရေးတဲ့ အခါတွေရေးသေးတယ်  ကိုညိမ်းနိုင် ကို လေဆိပ်သွားပို့တော့  ကိုညီလင်းသစ် နဲ့ဆုံမှာသိတာမို့ စာကလေးတော့ ရေးလိုက်ချင်သား ဒါပေမယ့်လည်း  တစ်မျိုးဖြစ်နေမှာစိုးလို့ မရေးဖြစ်လိုက်တော့ (ကိုယ့်ပါသာတွေးနေတာ တကယ်ဆို တန်ဖိုးရှိလက်ဆောင်တစ်ခုခုပေးလိုက်သင့်တာ မင်းစာကြီးက ဘာဟုတ်မှာတုန်းဆိုပြီးတော့ပေါ့ ) ။

ဘာရယ်မဟုတ်ပါဘူး ဒီပို့စ်ကြီးက ဟိုရောက်ဒီေ၇ာက်ဖြစ်နေတယ်  တစ်ခါတလေ တကူးတက  စာတစ်တန် ပေတစ်တန် ရေးဖွဲ့လိုက်ပေမယ့်  ဟလိုလေးတစ်ချက်တောင် ပြန်မလာတဲ့ ပျောက်ဆုံးသွားတဲ့ ဂရုစိုက်မှုတွေ ပြန်ပြောင်းအောင့်မေ့ရင်းပေါ့ ။



LinkWithin

Related Posts Plugin for WordPress, Blogger...