Thursday, March 24, 2011

ဆန်ကြည်

သူ့နာမည်“ ဆန်ကြည်” ရပ်ကွက်မှာတော့ သူ့နာမည်ကြားတာနဲ့ ခလေးကော လူကြီးပါ ကြောက်ကြတယ် ။ သူက ချဉ်ပတ်ကြီးပေါ့ အသားက မဲမဲ အရပ်က ၅ပေ ၄ လောက်တော့ရှိမယ် ဆံပင်က ဂုတ်ထောက် တကယ်လုံးဆေးမှင်ကြောင်တွေထိုးထားတယ် ။အနီးစပ်ဆုံးပြောရင် လူကြမ်းမင်းသားကြီး ဦးအံ့ကျော်လိုပုံမျိုး ။သူမိုက်တာက ဘက်ဂရောင်းကောင်းတယ်လို့ပြောရမယ် အဓိက စပွန်စာပေးတာသူ့မိန်းမ ဒေါ်သေးသွယ် နာမည်ကတော့သေးသွယ် လူကတော့ ထွားတယ် ဈေးထဲက ငါးတန်းမှာတော့ သူကဗိုလ်ပဲ ။ မွေးထားတဲ့ သားသမီးတွေက ၁၀ ယောက်ကျော်တယ် သားတွေကလည်း အဖေခြေရာတစ်ထပ်တည်း ခလေးချင်းရန်ဖြစ်ရင်တောင် သူတို့က ချခဲ့တယ်ဆိုတာကြီးပဲ သူတို့ခလေး ခံခဲ့ရရင်တော့များ ငှက်သိုက်ကြီးလို အုပ်လိုက် ချီတက်လာတာများ ကြောက်စရာ ခလေးချင်းကနေ လူကြီးချင်း ရုံးရောက်တဲ့အထိ နောက်ပိုင်းကျတော့ သူတို့မိသားစုကို လူတိုင်းက ကြောက်ကုန်ကြတယ် ကြောက်တယ်ဆိုတာထပ် အပြောအဆိုတွေက လန့်စရာမို့ထင်ပါတယ် အဲ့ကြောက်တဲ့သူတွေထဲ ကိုယ်တွေမိသားစုလည်းပါတယ် ။

အဲ့လိုကြောက်စရာကောင်းတဲ့ ဆန်ကြည် တို့အသိုက်မှာ ကံဆိုးစွာနဲ့ ကိုယ်တွေက ခြေရင်းခေါင်းရင်းနေရတဲ့ဘ၀ မနက်စောစော ၇န်ဖြစ်ကြ သတ်ကြဖြတ်ကြ ဆို ကိုယ်တွေမှာ တစ်ညလုံးအိပ်မရတော့ပါဘူး ရပ်ကွက်ထဲက လူတွေနဲ့ဖြစ်စရာမရှိရင် သူတို့အချင်းချင်းပြန်ဖြစ်ကြတာပါ မနက်စောစော ရန်ဖြစ်ပြီးရင် မိုးလင်းကျ သူတို့က ပြန်ကောင်းသွားကော ပတ်ဝန်းကျင်ကသာ အိပ်ရေးတွေပျက် တစ်ခါခါ သူတို့ကပြောတတ်တယ် “ ကိုယ့်ထမင်းကိုယ်စားတာ ဘယ်သူ့ ဂရုစိုက်ရမတုန်း ” တဲ့ ။ အရင်ကတော့ သူ့ကို ပါးစပ်နဲ့ပဲ မိုက်တယ်ထင်ရတာပါ နောက်ပိုင်း အပြောတင်မဟုတ်ဘူးဆိုတာ ရပ်ကွက်က လက်ခံလိုက်ရတဲ့ အဖြစ် တစ်ခုကြုံလိုက်ရပါတယ် ဆန်ကြည့် နာမည်ခွဲတစ်ခုက ဓားမင်းသားပါ ။ သူက မူးတိုင်း ဓားဆွဲတတ်လို့ သူဓားဆွဲတိုင်း ဆွဲတဲ့သူက သူ့ယောက်ခမ ဖွားခင်သန်း အဲ့အဖွားကြီးက အသက်သာ ၇၀ ကျော် မျက်လုံးတစ်ဖက် ဆွံနေပေမယ့် သူ့သမက် အမူးသမားကိုတော့ အသာလေး ချိုင်းကြားညှပ်ပြီး အိပ်ယာထဲ ဆွဲသွင်းနိုင်တဲ့ အင်အားရှိတယ် ။

အဲ့နေ့က အဖွားကြီး ခရီးထွက်သွားတဲ့နေ့ ဒေါ်သေးသွယ် ညဈေးထွက်တဲ့ ညနေခင်း ဆန်ကြည်တစ်ယောက် မူးပြီး ပြသနာဖြစ်တော့ သူငယ်ချင်းအချင်းချင်းပဲ သူဓားနဲ့ ခုတ်လိုက်တာ ခံရတဲ့ ဦးလေးကြီး မျက်နှာမှာ ဓားခုတ်ရာကြီးနဲ့ အဲ့တုန်းက ၆ တန်းကျောင်းသား ကိုယ် လိပ်ပြာလွင့်မတတ်ကြောက်သွားလိုက်တာ အဲ့ထဲက မသိစိတ်ထဲကနေ ဆန်ကြည်ကြီ်းကို လန့်ချက် ညည အိပ်မက်ထဲမှာတောင် ထထယောင်တတ်ပါတယ် ။ သူထောင် ၅ နှစ်ကျတော့ သူ့မိန်းမကတော့ အပြုံးမပျက် အေးဆေးပဲ လတိုင်း ယောက်ျားဆီထောင်ဝင်စာသွားသွားတွေ့ပါတယ် ။ ဆန်ကြည်က ကံကောင်းတယ်ပြောရမလားတော့မသိ သူ့ရဲ့ မိုက်စိတ်အရှိန်နဲ့ ထောင်ထဲမှာတော့ တန်းစီးဆိုလား ဖြစ်နေတယ်တဲ့ ။ အဲ့လိုနဲ့ ဆန်းပြားတဲ့ ဇတ်လမ်းလေးတစ်ပုဒ်တော့ ကြားလိုက်ရသေး ထောင်ဝင်စာသွားသွားတွေ့ရင်းနဲ့ ဒေါ်သေးသွယ်ကြီးက ဗိုက်ကလေးပူလာတာပါ အော်...ဆန်ကြည်တို့ စွမ်းချက်ပြောပါတယ် ရပ်ကွက်က သြချရတဲ့အဖြစ် ။ ကျနော့်အဖွားလေသံနဲ့ပြောရရင်တော့ “ ကြုံဖူးပေါင်တော် ” ပေါ့ ။

သူ့သားကလေးတွေဆိုလည်း ကျောင်းသာမနေရတယ် ဖဲရိုက်မလား ဘူကြီးတွဲမလား ထုတ်သတ်ပစ်မလား ဂေါ်လီလှိပ်မလား ပြိုင်ဘက်ကင်းတွေပါ ။ တစ်ခါတလေ ဖဲမရိုက်တတ်တဲ့ကိုယ် သချာင်္တွက်နေတုန်း ရှိသေးတယ် ဘေးနားက ဆန်ကြည့်သား ဗိုက်ပူဆိုတဲ့ ကောင်လေးက ဘာနဲ့ဘာနဲ့တွဲ ၁-၉-ကုလား ထိတယ် ပြောသွားလိုက်တာများ ဒက်ခနဲ ဒေါက်ခနဲနေတာပဲ အဲ့နေ့က သူ့ကျေးဇူးနဲ့ တစ်ခါမှမနိုင်ဖူးတဲ့ကိုယ် တော်တော် ခိုင်သွားတယ် သူတစ်ဝက် ကိုယ်တစ်ဝက် ။ ဆန်ကြည် ....ထောင်က ပြန်ထွက်လာတဲ့နေ့သူတို့အိမ်မှာများ မသိရင် ရှေ့တန်းတိုက်ပွဲကနေပြန်လာလို့ ကြိုဆိုကြသလားမှတ်ရတယ် ပြန်လာမယ့်မနက်တည်းကနေ ရပ်ကွက်ထိပ်မှာ တစ်မိသားစုလုံး သွားစောင့်နေကြတာ ဆန်ကြည်ကြီးက ပြုံးလို့ရွှင်လို့ အငယ်ဆုံးမလေးကို ချီပိုး ဒါလေးက ထောင်ထဲက သူ့အစွမ်းတွေဆိုတာ ရပ်ကွက်ကိုပြချင်တဲ့သဘော ဆန်ကြည်ထောင်ထဲမှာ ဒေါ်သေးသွယ်က ဘယ်နှယ့် ခလေးရသတုန်းဆိုတဲ့ သို့လော...သို့လော တွေ ကိုသက်သေပြလိုက်တာပေါ့ ။ သူ့ယောက်ခမကြီးက လမ်းမှာ ကလို့ မြေးတွေက လက်ခုတ်တွေတီး.... ရပ်ကွက်တော့ မေးတွေ တငေါ့ငေါ့ ပေါ့ နားငြီးရတော့မှာမို့ ။


ထောင်ကထွက်လာပေမယ့်လည်း မပြောင်းမလဲပါပဲ ကိုယ်တွေ အရက်ဆိုင်ကလေးမှာ သူလာရင် မျက်လုံးတွေ ပြူးလို့ပေါ့ ။ သူက မသိတဲ့သူကိုလည်း “ ဟေ့...သူငယ်ချင်း ဘယ်လိုလဲကွ တစ်ယောက်တည်းလား ငါ့အရက်တစ်ခွက်တိုက် ” ဆိုတာမျိုးပါ အဲ့တော့ ဆိုင်ရှင်က အားနာရပြီး ဆန်ကြည် တစ်သက်နဲ့တစ်ကိုယ် အရက်နေ့တိုင်းမူးပေမယ့် တစ်ပြားမှ မကုန်ပါဘူး ။ သူက အကြွေးမှတ်ထားလို့ပြောပေမယ့် ၇မှာလည်းမဟုတ်တော့ အလှူပဲပေါ့ အစ်မကတော့ “ ငါ့မှာ ပင်ပင်ပန်းပန်း ရောင်းဝယ်ထားရတာ ဒင်းကြီး အကုသိုလ်တစ်မျိုး မောင်မင်းကြီးသား ကျန်းမာပါစေ ချမ်းသာပါစေ” မုဒိတာတွေပွားလို့ ။ အကြွေးမရောင်းတဲ့ အခါကျ မင်းတို့ချမ်းသာတယ်ဆိုတာ ငါ့ခြံတစ်ထွာလောက်ပဲရှိတယ်ကွ မင်းတို့က ဘာလဲ ညာလဲဆိုတာမျိုး ။ သူတို့ခြံကြီးက ရပ်ကွက်မှာတော့ တော်တော်ကိုကြီးပါတယ် နေရာကောင်းပေါ့ မိဘအမွေမို့ သူတို့ကတော့ လုံးဝမရောင်းပါ အဲ့တာလေးတစ်ခုတော့ လေးစားစရာ ။ နောက်ပိုင်းတော့ ကိုယ်တွေလည်းမနိုင်လို့ သူ့ကို ထာဝရ ဖရီးသောက်ခွင့်လတ်မှတ် ပေးလိုက်ပါတော့တယ် ။


အဲ့ဒီလောက် ဆိုးသွမ်းတဲ့ ဆန်ကြည့်မှာ ကောင်းကွက်တွေ ရှိသေးတယ်ဆိုရင် သိပ်တော့ ယုံကြည်စရာကောင်းမယ်မထင် ဒါပေမယ့် ဒါဟာတကယ်ဆိုတာလည်း တစ်ရပ်ကွက်လုံးက လက်ခံရတဲ့အဖြစ် သူက ၀ါတွင်းဆို အရက်လုံးဝမသောက်ပဲနေတာပါ နွေ နဲ့ဆောင်းမှာ နေ့တိုင်းနီးပါသောက်တဲ့သူက ၀ါတွင်းကျ ဘုန်းကြီးကျောင်းသွားတယ်ဆိုတာ တော်တော်ထူးဆန်းတဲ့အဖြစ်ပဲလေ မူးရင်သာ ဟောင်ဖွာ ဟောင်ဖွာနဲ့ သူက မမူးတဲ့အခါကျ စကားပြောတာလေးက လေပြေတိုးသံလေး။ ရပ်ကွက်ထဲက နာရေးတိုင်းမှာဆိုလည်း သူ့အရှိန်နဲ့ ထိန်းတတ်ပါတယ် တော်ရုံ ဖဲလိမ်ရိုက်မယ့် တစ်ခြားရပ်ကွက်က လူက ဆန်ကြည့်မျက်နှာတွေ့ရင် လှည့်ပြန်သွားရတာမျိုး ။ ရပ်ကွက်ထဲမှာ ရစ်သီရစ်သီ လုပ်တဲ့သူမျိုးဆိုရင်တော့ “ ဘာလဲ...မင်းတို့က လူမိုက်တွေလားကွ ” ဆိုရင် မူးနေတဲ့သူတောင် ယိုင်ထိုးထိုးနဲ့ ပြန်သွားရတဲ့အဖြစ်ပါ ။

မိုးရာသီမှာ သူက အရက်ပြတ်တော့ မိုးရာသီရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲမှာ သူက ရပ်ကွက်ကိုယ်စားနည်းပြ သူတို့ခေတ်ကတော့ သူက မြို့နယ်လက်ရွေးစင်ဆိုပဲ သူ့ခြေထဲဘောလုံးရောက် ဘယ်သူမှ သွားမလုကြပါဘူးတဲ့ ။သူ့သားတွေက အသင်းမှာကန် ဖအေက နည်းပြဆိုတော့ ဇောင်းကိုထလို့ပေါ့ ။ ပင်တိုင် အားပေးသူအဖွဲ့က သူ့မိန်းမနဲ့ သူ့သမီးတွေ ကိုယ်တွေရပ်ကွက်ဖက်က ခံလိုက်ရရင်များ ဆဲလိုက်တာဆိုတာ မိုးကိုမွှန်လို့ တစ်ခြားသူတွေ နားမခံနိုင်တော့မလိုဖြစ်ရင်တော့ ဆန်ကြည်က “နင်တို့ပါစပ်တွေပိတ်ထားကြစမ်း ” ဆိုရင် တကယ်ပဲ မီးကိုရေနဲ့ဖြန်းလိုက်သလို ရှဲခနဲပဲ ။ ဒီလိုနေရာမျိုးတွေကျတော့ ရပ်ကွက်က သူ့ကို အားကိုးရပြန်ကော ဒိုင်က ဘက်လိုက်ရင် ကွင်းထဲသူကိုယ်တိုင်ဝင်လို့ ဒိုင်လူကြီးကို ပိတ်ထိုးတတ်တဲ့ လူစားမျိုး ။

သူက တစ်ခါခါ အော်ဂလိဆန်ချင်လောက်အောင်ရွံစရာကောင်းပေမယ့် တစ်ခါခါကျချစ်စရာကောင်းတတ်ပါတယ် ကိုယ်တွေရပ်ကွက်အတွက်တော့ သူက စည်းရိုးတစ်ခုနဲ့ တူနေပြန်ကော ဘယ်သူပြသနာဖြစ်ဖြစ် သူက လိုက်ဖြေရှင်း အကာကွယ်ပေးတတ်လို့ပါ ။ လူဆိုတာ အကောင်းဆိုး ဒွန်တွဲနေတယ်ဆိုတာ သိသာထင်ရှားဖို့ခက်လှတဲ့အရာလို့ ထင်ပါတယ် တစ်ချို့သော ကောင်းကွက်တွေက ပေါ်လွင်ပြီး တစ်ချို့ ဆိုးကွက်တွေက ကျတော့ လူမသိသူမသိဆိုတာမျိုး။ ဒါပေမယ့်လို့ ဆန်ကြည့်မှာတော့ ကောင်းကွက်ကော ဆိုးကွက်တွေကော ပြတ်ပြတ်သားသားပေါ်လွင်နေတတ်ပါတယ် ကျနော်ကတော့ လူဆိုတာ အကောင်း အဆိုး ဒွန်တွဲနေတာပါဆိုတဲ့ ဥပမာ စကားကိုကြားတိုင်း ဆန်ကြည်ကြီးကို သွားပြေးမြင်ယောင်မိပါတယ် ။ ညညတွေကျ သူအော်အော် နေကျ စကားတစ်ခွန်း ကြားယောင်မိပါရဲ့ အိပ်မက်ဆိုးလိုတော့ ထမယောင်တော့ပါဘူး သူ ထထအော်တတ်တာက “ ဘယ်ခွေးမှ လူမထင်ဘူးကွ မိုက်ရင်ထွက်ခဲ့ ဆန်ကြည်တဲ့ကွ ” ဆိုတာပါ ။ ကျနော့်အတွက် သူကတော့ အကောင်း အဆိုးတွေ ဒွန်တွဲနေတဲ့ ဥပမာကြီးပါ တစ်နည်းသူက ရပ်ကွက်ချဉ်ပတ် ဒါမှမဟုတ် ရပ်ကွက်အချစ်တော်လည်း ဖြစ်ပါရဲ့ သူ့နာမည် ဆန်ကြည် ။




15 comments:

မိုးယံ said...

ဟယ်...ကိုဆန်ကြည့် ဗလကြီးက အားကိုးချင်စရာ.. ခစ်ခစ် ..သတ်ရဲ ပုတ်ရဲနဲ့ သိပ်ယောက်ျားပီသတာနော်... မယ်မျိုးလို ဖလံလေးမဟုတ်ဘူးးးးးးးးးးးးးးးခစ်ခစ်။

အကောင်းအဆုံးဒွန်တွဲပုံကတော့ ကလေးတွေတောင် ဒီလောက်များနေတာ အမြင်ပဲ မဟုတ်လားကွယ်။
ကလေးမွေးခါနီး ဗိုက်နာတာ တော်တော်ဆိုးတယ်။ မယုံရင် မယ်မျိုးမေးကြည့်။

ညီလင်းသစ် said...

ညီသရုပ်ဖော်တာ ကောင်းလို့ ဆန်ကြည်ကို မျက်စိထဲ တန်းမြင်သွားတာပဲ၊ ဒီလို လူမျိုးတွေ အကြောင်း မကြာခဏ ကြားဖူးတယ်၊ သူတို့စရိုက်နဲ့ နေထိုင်ပုံစတိုင် က တခြားလူတွေအတွက် အမြဲအမှတ်ရစရာ ဖြစ်နေတော့တာပါပဲ၊ တချို့ကလည်း အကောင်းကို၊ တချို့ကျတော့လည်း အဆိုး...၊ ညီကတော့ အကောင်းကော၊ အဆိုးပါ မြင်ခဲ့တယ်...။

ဟန်ကြည် said...

အာ နံမည်ကလည်း ဆန်ကြည်ရယ်လို့ ဖတ်ရင်းနဲ့တောင် စိတ်မလုံဘူး...လူတစ်ယောက်မှာ အကောင်းရော အဆိုးပါ ဒွန်တွဲနေတာပါပဲ...ပညာတတ်တဲ့သူကတော့ သူမကောင်းတာကို သူများမမြင်အောင် ဖုံးထားနိုင်တယ်လေ...သာမန်လူကတော့ အရှိကို အရှိအတိုင်းပြတာကိုး...ကြည့်သောသူမြင်၏ပေါ့လေ

ညိမ်းနိုင် said...

ဒါပေါ့လေ..ဘယ်သူမဆို အကောင်းအဆိုးဒွန်တွဲနေတတ်
တာပါပဲ...။ရေးထားတာ ကောင်းတော့ ဆန်ကြည်ပုံကို
မြင်ယောင်လာတယ်.....။

Su Myat Htar said...

“ ကြုံဖူးပေါင်တော် ”.....:P...ဇော်ဝင်းထွဋ် သီချင်းထဲကလို "အကောင်းအဆိုးတော့..တွဲယူရမယ်ဟေ့"..ပေါ့နော်။

Yadanar Soe said...

ဆန်းလည်းဆန်းတဲ့ ဆန်ကြည်။း)

Ei Hnin Zaw said...

သူတို့အိမ်နားမှာတစ်ပတ်လောက်သွားနေချင်တယ် ... ကြည့်ချင်လို့း)

Yan Naing Aung said...

ဆရာမောင်မျိုး အကောင်းအဆိုးဒွန်တွဲတဲ့ အကြောင်းလေးရေးပါဦးဗျို့။ :P
မင်းစာအရေးအသားကို အရမ်းကြိုက်တယ်။ ငါ့အကြိုက်ဆုံး စာရေးဆရာ မင်းလူနဲ့ ဆင်တယ်
လေးစားပါတယ် သူငယ်ချင်းရေ

Ko Thar Ngel said...

အဆိုး၊ အကောင်းဆိုတာ ဦးနေဝင်းခေတ် (မဆလ) က သမဝါယမ ဆိုင်လိုပဲ အပ်ချည်လုံးနဲ့ ဖယောင်းတိုင် တွဲပေးသလို ဒွန်တွဲနေတယ် ထင်ပါရဲ့ ......း-)

အိမ့်ချမ်းမြေ့ said...

အရေးအသားကို ကြိုက်တယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်မျိုးပြောသလိုဘဲနော်
ဆန်ကြည်ဟာ အကောင်းအဆိုးဒွန်တွဲခြင်းရဲ့ အကောင်းဆုံး ဥပမာဘဲ.. ဒါ သူက ဟန်ဆောင်မှုမရှိလို့ သိသာထင်ရှားတာ .. တစ်ချို့လူတွေကျတော့ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ အကျင့်တွေကို လူမသိအောင် ဖုံးကွယ်ထားပြီး ဟန်ဆောင်ကောင်းနေတော့ လူတွေသိပ်မသိလိုက်ဘူး။ ဒီဦးဆန်ကြည်ကျတော့ ကောင်းတာရော မကောင်းတာရော ပေါ်ပေါ်ထင်ထင် လုပ်တတ်သူမျိုးဘဲ။ လူတိုင်း အကောင်းချည်းဘဲ မရှိနိုင်သလို ဆိုးတဲ့သူတွေမှာလည်း ကောင်းကွက်တွေ ရှိတတ်ကြသားနော်...

မိုးခါး said...

အမှန်အတိုင်းပြောရရင် အဲလို လူမျိုးကို ငါတော့ သိပ်ကြောက်တာဟ .. စိတ်မထင်ရင် ကိုယ့် တွေ့တဲ့ဓါးနဲ့ ခုတ်ထည့်လိုက် ဘယ်နှယ့်လုပ်မတုန်း .. :D

တန်ခူး said...

ဆန်ကြည့်အိမ်ဘေးနေနေရသလို သရုပ်ဖော်ကောင်းလွန်းလို့  ကွက်ကွက်ကွင်းကွင်းပဲ ဆန်ကြည့်ကိုတွေ့ လိုက်ရတယ်

ခနွဲ said...

နေ့တိုင်းနီးပါး သောက်တဲ့သူက ၀ါတွင်း အရက်မသောက်ပဲနေတာကိုတော့ လေးစားဖို့ကောင်းတာပဲ။

...အလင်းစက်များ said...

၆ လဆိုး ၆ လလိမ္မာတဲ့သူတော့ တွေ့ ဖူးတယ်... ဆိုးတဲ့ချိန်ဆို မကောင်းတာ မမှန်သမျှ လုပ်တယ်... မိုက်ပါမိုက်တယ်.... နိုက်ကလပ်က အပြန် သူ့ ကားကို စသွားတဲ့ ကားကို ကားကားချင်းလိုက်တိုက်ပစ်တာထိ ကို မိုက်တယ်.. သူလဲကျိုးပဲ့ ဟိုဖက်ကားလဲ စုတ်ပြတ်ပဲ...

ကောင်းတဲ့ချိန်ကျပြန်တော့... ဘာသာရေး၊ လူမှုရေး၊ သူများအရေး မှန်သမျှ ခရေစေ့တွင်းကျ လိုက်ကူညီတတ်သဗျ... အိပ်ထဲက ငွေထုတ်ပြီးကို ကူညီတာ သူများတွေကိုပါ ဘာသာရေးအတွက် အလှူခံပြီး ကုသိုလ်ယူခိုင်းတတ်သေး...

ဒီလိုလူမျိုးတွေလဲ အံ့အောဖို့ အတော်လေးကောင်းတယ်..

ခုတော့ မိန်းမရပြီး ဘာဆက်ဖြစ်နေလဲ မသိတော့ဘူး..

LinkWithin

Related Posts Plugin for WordPress, Blogger...