Thursday, March 10, 2011

ထိုလမ်း

လမ်း... ဆူးခင်းတဲ့လမ်း ပန်းခင်းတဲ့လမ်း ခင်းထားပြီးသားလမ်းနဲ့ အသစ်ဖောက်ရတဲ့လမ်း ။ စုံလို့ပါပဲ ကိုယ်လျှောက်ခဲ့တဲ့လမ်းတွေက များလွန်းလို့ ပြန်မတွေးချင်တော့တဲ့ လမ်းမျိုးတွေလည်းရှိတယ် ။အောက်လမ်း ကျနော့်ဘ၀မှာ အဆုံးဆုံးကြုံတွေ့ခဲ့ရတဲ့ လမ်းကိုပြပါဆိုရင် ဒီလမ်းပါ ဆုံးဖြတ်ချက်အမှားတွေ ချခဲ့တဲ့လမ်း တစ်သက်မှာ တစ်ခါသာ ကြုံပါရစေလို့ဆုတောင်းမိတဲ့ ထိုလမ်း ပြန်တွေးတိုင်း အသက်ကိုဖက်နဲ့ထုတ်ထားရသလိုအဖြစ်မျိုးမို့ ကြောက်စိတ်တွေလည်းဖြစ်တုန်းပါပဲ ။ အောက်လမ်း ....ကျနော်တို့ သောင်းရင်းမှာတော့ ဒီစကားက တွင်တွင်သုံးနေကျပါ သိပ်မထူးဆန်းတော့သလို ။“ ကယ်ရီကောင်းကောင်းရှိတယ် လောလောဆယ် လမ်းစရိတ်တစ်ဝက်ပေးထား ကိုယ့်သွားမယ့်နေရာရောက်မှ တစ်ဝက်ထပ်ပေး လမ်းမလျှောက်ရဘူး စိတ်ချ” ဒါကတော့ ခရီးသွားဖို့ကယ်ရီတွေရဲ့ မက်လုံးစကားပါ အောက်လမ်းကနေသွား ကယ်ရီနဲ့ ဘတ်ငွေ 15000 ပါ ။

အရင်ကတော့ စိတ်လည်းမပါဘူး နေရာသစ်မှာ အစကပြန်ပြီး ရုန်းရမယ့်အဖြစ်မျိုးကိုလည်း မကြိုက်တာကြောင့်ပါ ။ အစ်ကိုတွေကတော့ စိတ်မချလို့ ပေးကိုမလာပါဘူး ( အဲ့တုန်းက သူတို့ကိုတောင်စိတ်ခုမိသေး) သူငယ်ချင်းတစ်ချို့ရဲ့ စကားမှာ ကိုယ်လည်း လောဘစိတ်ကလေးထလာတယ် ။ဖြစ်ချင်ရာဖြစ် တစ်ခါလောက်တော့ စွန့်စားကြည့်တာပေါ့ဆိုပြီး အဲ့လမ်းကိုလျှောက်ဖြစ်တယ် ။ တကယ်ပါ ကိုယ့်ရဲ့အသက်ကိုလောင်းကြေးထပ်ရတဲ့လမ်းပဲ ။ဒါဟာ တိုက်ပွဲတစ်ပွဲနဲ့လည်းတူပါသေးတယ် ကိုယ်နဲ့ တိုက်ပွဲအတူတူထွက်ဖို့ ရဲဘော်ရဲဘက်တွေကိုကြည့်လိုက်တော့ ကိုရင်ကြီးထွက်ခဲ့တယ်ဆိုတဲ့ ၁၅ နှစ်အရွယ်ကောင်လေးတစ်ယောက် ၊ မွန်ပြည်နယ်က လူုပျိုပေါက်လေး၂ ယောက် ၊ အမျိုးသမီးတစ်ချို့ သက်ကြီးပိုင်း ၄၀-၀န်းကျင်းလောက်ထဲကလည်းပါတယ် ပေါင်း ၁၆ ယောက် စစချင်းတော့ ကားပေါ်ကပဲ မဆင်းရတော့မလိုနဲ့ မသိရင် ပျော်ပွဲစားပဲထွက်ရတော့မလို အလုပ်ဟောင်းက သူငယ်ချင်းတွေကို နှုတ်ဆက်တော့ ကျန်းမာရေး သိပ်မကောင်းတဲ့ ကိုယ့်ကိုစိတ်ပူလို့ တားကြသေးတယ် အဆင်မပြေရင် ပြန်လာခဲ့ပါတဲ့ ။

စစချင်းထွက်တော့ ကရင်ပြည်နယ်စပ်က တောင်တန်းတစ်ချို့ တောင်တွေဘယ်နှစ်လုံးတက်ခဲ့မှန်းမသိတော့ပါဘူး ကျနော်သိတာ ကားသာ တစ်စုံတစ်ခုဖြစ်သွားရင် ငါတို့တော့ ဒီတောထဲမှာ သောင်တင်နေတော့မှာပဲဆိုတာရယ် ချောက်ထဲသာပြုတ်ကျခဲ့ရင် ကိုယ့်ကိုယ်ကိုတောင် အစပြန်ရှာရတော့မှာမဟုတ်ဘူးဆိုတာပါ ကားတစ်လမ်းစာ မောင်းလို့ရတဲ့ လမ်းကလေးမှာ ဘေးနှစ်ဘက်မှာ ချောက်ကမ်းပါး ။ ပြီးတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားအတိုင်း ခရီးလမ်းတစ်လျှောက်မှာ မိုးတွေက ရွာလိုက်တာ လမ်းတွေက ဆိုးလွန်းလို့ ကားဘီက မြေပျော့တွေထဲ စိုက်စိုက်ဝင်သွားတာ ။ မေးတွေရိုက်နေပြီး နှုတ်ခမ်းတွေပြာလို့ တကိုယ်လုံးလည်း တုံခိုက်နေတယ် ကျနော် တောင့်တမိလိုက်တာ ကော်ဖီပူပူလေးတစ်ခွက်လောက်ပါပဲ သောက်ပြီးရင် သေဆိုလည်း သေနိုင်ပါတယ် ။ ကားဘီးကျွံလို့ ကြိုးနဲ့ဆွဲတုန်းက လမ်းတွေက ကြိုးရာတွေနဲ့ ပြဲရှ ဘ၀မှာ ဒီတစ်ခါလောက် ဒုက်ခရောက်တာမျိုးမကြုံခဲ့ဖူးပါဘူး ။

၂ ညအိပ် ၃ ရက်ခရီးမှာ စားရတဲ့ထမင်းက အောင့်နံ့ထွက်နေတဲ့ ထမင်းနဲ့ ငါးတစ်ဗူး တောင်တွေ ဘယ်နှစ်လူုံးတက်ခဲ့ပြီးပြီလဲ မမှတ်မိတော့ဘူး မြင်မြင်သမျှမြင်ကွင်းတွေထဲ ကျနော်တို့ကားလေးတစ်စီးပဲရှိပါတယ် ကားပေါ်မှာ ချမ်းတုန်လွန်းလို့  တစ်ယောက်ကိုယ်ငွေ့နဲ့တစ်ယောက်နွေးထွေး တစ်ယောက်ကိုတစ်ယောက်ဖက်ထားမိကြပါရဲ့ ကျနော်တို့ဒီလို သက်စွန့်ဆန်ဖျား ခရီးကို ဘာကြောင့်ထွက်လာမိခဲ့ပါသလဲ သက်မဲ့ငွေကြေးတစ်ခုအတွက် ကိုယ့်ရဲ့အသက်တွေကို အလောင်းစားလုပ်ရတဲ့ဖြစ်ခြင်းကတော့ရင်နာစရာပါ ။ကားက မြေပြင်မှာဆို မောင်းလိုက်တာများ မတ်တပ်ရပ်လိုက်တာနဲ့ လွင့်ကျခဲ့မယ့် အရှိန်မျိုး ။ ခရီးတစ်ထောက်နားတော့ တာလပတ်ကြီးတစ်ချပ် ခင်းချပေးတယ် အားလုံးလည်း တကိုယ်လုံးမိုးရေတွေရွှဲလို့ ပြီးတော့ အဲ့အခန်းကျဉ်းလေးထဲ တံခါးကြီးဂျက်ချ မီးကို ပိတ်လိုက်တယ် သူတို့ပြောသွားတာ စကားမပြောနဲ့ အိပ်ကြတော့တဲ့း( ခြင်တွေကလည်း ပလူကိုပျံလို့ ။

ဘန်ကောက်မြို့ထဲဝင်တော့ ကားပြောင်းစီးတယ် ကားခေါင်းခန်းလေး ကျဉ်းကျဉ်းမှာ လူက ၁၂ ယောက် တစ်ယောက်ပေါင်ပေါ်တစ်ယောက်တက်ထိုင်လို့  ကံဆိုးလိုက်ပုံများ ကျနော့်ပေါင်ပေါ်မှာ ကုလားမ ၀၀ကြီးတစ်ယောက်တက်ထိုင်ပါတယ် ကျနော့်ခြေတောက်တွေကျိုးပြီးလို့တောင်ထင်တာပါ သူကလည်း ကိုယ့်ကိုအားနာ အသက်တွေလည်းရှူလို့မရတော့ဘူး တစ်ယောက်နဲ့တစ်ယောက်လည်း ကိုယ်ကလေးတောင်လှုပ်လို့မရတဲ့အဖြစ်ဆိုတော့ ဘာကိုစိတ်တိုမှန်းမသိပဲ စိတ်တွေတိုနေကြတယ် ဘေးနားက ညီလေးတစ်ယောက်က “အစ်ကိုရောက်တော့မလားဟင် ..ကျနော် အသက်ရှူလို့မရတော့ဘူး ” တဲ့ ကိုယ်လည်း ရောက်ဖူးတာမဟုတ်ပေမယ့် သူ့ကိုသနားလို့ “ အေး ..လမ်းဘေးက ဆိုင်းဘုတ်တွေမှာရေးထားတာ နည်းနည်းပဲကျန်တော့တယ် ရောက်ခါနီးပြီး အားတင်းထား ညီ မင်း ဘုရားစာရွတ်နေလိုက် ” သူ့ကိုအားပေးစကားပြောနေပေမယ့် ကျနော့်ကိုယ်ကျနော်လည်း အဲ့နေရာမှာ မသေသွားနိုင်ဘူးလို့ အာမမခံနိုင်ပါဘူး ။နောက်တစ်ဆင့်ကားပြောင်းစီးခါနီးကျ ကားပေါ်က ဆင်းမရတော့တဲ့ ကျနော့်ခြေတောက်တွေ ကိုယ့်ကိုယ်ကို ဒဏ်ပေးနေသလိုပါပဲ ဆိုးဝါးလိုက်တဲ့အဖြစ် ။

အားလုံး တစ်ယောက်တစ်နေရာစီ လမ်းခွဲကြတော့ ဖုန်းနံပါတ်တွေလဲ လိပ်စာတွေပေး အဆက်အသွယ်လုပ်နေ ကျန်းမာရေးဂရုစိုက် အဆင်ပြေပါစေ ဆိုတဲ့ ဆုတောင်းစကားတွေနဲ့ ခလေးတွေတစ်ချို့ကတော့ မျက်ရည်လေးတွေဝဲလို့ ၂ ည နဲ့ ၃ ရက်ခရီးလေးပေမယ့် ကျနော်တို့တွေ သွေးချင်းနီးခဲ့ကြတယ် သေမလားရှင်မလားမသိတဲ့ ကစားပွဲမှာ ကိုယ့်အသက်တွေကို လောင်းကြေးထပ်လို့ပေါ့ တစ်ယောက်ကိုယ်ငွေ့နဲ့ တစ်ယောက်နွေးထွေးခဲ့ကြတယ် တစ်ယောက်လက်တစ်ယောက်တင်းတင်းဆုပ်လို့ ဖေမ ကူတွဲခဲ့ကြတယ် ။ တကယ့်အမှတ်တရပါပဲ အဲ့ခရီးစဉ်ကတော့ ကျနော့်ဘ၀ရဲ့ နေ့ရက်တွေထဲမှာ ဘယ်တော့မှ မေ့ပျောက်နိုင်မှာမဟုတ်တဲ့ နေ့စွဲလေးတစ်ခုပါ ။

နေရာအသစ်မှာ အတည်မကျ ကျန်းမာရေးက မကောင်းတော့ အပင်ပန်းမခံနိုင်တော့ပိုဆိုး စရိတ်တွေက ဈေးကြီးနဲ့ ဒုက်ခရောက်နေတဲ့ အချိန် တကူးတကဖုန်းဆက် အားပေးစကားပြောပေးတဲ့ ဘလော့ပေါ်ကသူငယ်ချင်း နေ၀သန် နဲ့ ညီလေး ညီသူအိမ် တို့ကိုလည်း လေးလေးနက်နက် နဲ့ကိုကျေးဇူးတင်မိပါတယ် မေ့မရတဲ့နေ့လေးနဲ့ အတူ သူတို့ကိုလည်း ကျနော် ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး ။ပြီးတော့ ကိုယ့်ရဲ့ ဒုတိယမိခင်လိုဖြစ်နေတဲ့ ဘော့စ် အလုပ်တွေအဆင်မပြေတော့ ကျနော် အရင်ဆုံးသတိရလိုက်မိတာ သူ့ကိုပါပဲ ကိုယ်ထွက်လာခဲ့မယ်ဆိုတုန်းက သူ့ကိုလည်း ဘာမှမပြောခဲ့ အလုပ်ကသူငယ်ချင်းတွေကလည်း အဆင်မပြေရင် ပြန်လာလို့လွယ်အောင် သူ့ကိုမပြောပြထားကြဘူး နောက်ဆုံးတော့ ကျနော်ဆုံးဖြတ်လိုက်တယ် သူ့ဆီကိုဖုန်းခေါ်လို့ ကျန်းမာရေးမကောင်းတဲ့အကြောင်းနဲ့ အဆက်မပြေတဲ့အကြောင်း ပြောပြမိတော့ သူက ဖြစ်ရလေ ငါ့တပည့်ရယ် တဲ့ ကျနော်ဝမ်းနည်းသွားပါတယ် အစ်မရင်းတစ်ယောက်က ကိုယ့်မောင်အဆင်မပြေတာကို စိတ်ပူနေသလိုမျိုးစကားတွေပြောပြီး ချက်ချင်း သူကိုယ်တိုင် လာကြိုပေးတယ် ပြီးတော့ ကားပေါ်မှာ မျက်ရည်တွေဝဲနေတဲ့ကိုယ့်ကို “ လူဆိုတာမှားတတ်တာပဲ စိတ်မကောင်းမဖြစ်နဲ့  အမှားကိုသိတော့ အမှန်ပြင်လို့ရတာပေါ့ အားလုံးအဆင်ပြေသွားလိမ့်မယ် ဘာမှမဖြစ်ဘူး.....ခုကော ထမင်းစားပြီးပြီလား ” တဲ့ မဲဆောက်မပြန်ချင်ဘူး ရှက်တယ်လို့ပြောတော့ ဘာမှမဖြစ်ဘူး ငါရှိတယ်တဲ့ သုက တကယ့်မိခင်ကျနေတာပါပဲ သူ့ကျေးဇူးတွေ ဆပ်လို့ကုန်တော့မယ်မထင်ပါဘူး ။

ဒီလမ်းက သေလမ်းဆိုရင် ကျနော်က သေလမ်းကနေ သီသီကလေးလွတ်မြောက်လာတဲ့ဖိုးကံကောင်းလို့ဆိုရမှာပေါ့ ။ တကယ်ဆို ဒီလိုစာမျိုးဟာ ကိုယ့်အတွက် အရှက်ရစရာစာမျိုးလို့ထင်ပါတယ် ဒါပေမယ့် ကျနော်ဒီပို့စ်လေးကို ဗသုသုတဖြစ်စရာ အကြောင်းရာလေးတစ်ခု အနေနဲ့ရေးမိတာပါ အားလုံးကို ကျေးဇူးတင်ပါတယ် ကျနော်ခုထိတော့ ဖိုးကံကောင်းလေးဖြစ်နေတုန်းပါပဲ ။




25 comments:

မိုးခါး said...

လမ်းတွေနော် .. ဖြတ်သန်းခဲ့တာလဲ များပြီ ရှေ့လျောက်လည်း ဆက်သွားရဦးမယ် ..

ရှေ့ဆက်ရမယ့် လမ်းတွေ သာယာဖြောင့်ဖြူးပါစေ ..း)

မေဓာဝီ said...

စွန့်စားရတဲ့ လမ်းပါလား မောင်မျိုးရေ ...
ဘာပဲဖြစ်ဖြစ် ဘေးမသီရန်မခတာ ကံကောင်းတယ် ဆိုရမယ်နော်။ အတွေ့အကြုံတော့ အများကြီးရတာပေါ့။
ဒီစာကို အရှက်ရစရာ စာလို့ စိတ်ထဲ မထားပါနဲ့။ ဘ၀ခရီးလမ်းပေါ်က အမြဲအမှတ်ရနေမယ့် သင်ခန်းစာတခုလို့သာ သဘောထားလိုက်ပါ။

ဖိုးကံကောင်းလေး အမြဲကံကောင်းပါစေ ... ။

ဆွေလေးမွန် said...

ဒီစာက အရှက်ရစရာမဟုတ်ပါဘူး။ လူတိုင်းလူတိုင်းက ထွက်ပေါက်အနေနဲ့တော့ ကြိုးစားကြတာပါပဲ။
ဘ၀ခရီးလမ်းပေါ်က အတွေ့အကြုံတစ်ခုလို့
သတ်မှတ်ထားလိုက်နိုင်ရင် ကောင်းတာပါပဲ။

ဒုက္ခဆိုတာ များများတွေ့ခဲ့လေ ကိုယ့်အတွက် အောင်မြင်ချင်းပန်းတိုင်လဲ ပိုပိုနီးလာပြီလို့ သတ်မှတ်လိုက်ပါ ကိုမျိုးရေ။

ညီသူ said...

မမေ့တဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒါဟာ နောင်တ ရစရာ အရှက်ရစရာအဖြစ်မျိုး မဟုတ်သလို မိုက်မဲခြင်းလည်း မဟုတ်ဘူး..။
အတွေ့အကြုံသစ်တစ်ခုအတွက်
စွန့်စားကြည့်ခြင်းတစ်မျိုးပဲ..။
(ကိုယ် သိပ်ကြိုက်တဲ့ စကားလေးတစ်ခုရှိတယ်)
လုပ်ချင်တာသာ လုပ်...မင်းလုပ်သမျှ အားလုံးမှန်တယ်..တဲ့။

Mon Petit Avatar said...

အားပေးလျက်ပါ။ လမ်းဆက်လျှောက်ဖို့ အားမလျှော့ဘူးလို့ယုံကြည်တယ်။

Angelhlaing(May everybody be happy and healthy! said...

အမျိုးမျိုးသော လမ်းတွေကို ဖြတ်သန်းဖို့
စိတ်ဓါတ်ခွန်အား အလုံလောက် ရရှိပါစေ
လို့ဆန္ဒပြုရင်း။
အားပေးသွားတယ်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ညီလင်းသစ် said...

ညီ လျှောက်ခဲ့တဲ့ ဒီလမ်းအကြောင်းဖတ်ရတော့ တော်တော့်ကို စိတ်မကောင်းဘူး၊ ကြုံခဲ့ရတဲ့ ဒုက္ခတွေက ခါးသီးလွန်းတယ်၊ ဒါပေမယ့် ဒါဟာ တိုးတက်အောင်မြင် ချင်တဲ့ လူငယ်တစ်ယောက် နင်းလျှောက်ခဲ့တဲ့ လမ်းတစ်ခုပါပဲ၊ အရှက်ရစရာ မဟုတ်သလို ပြန်မလှန်ချင်တဲ့ စာမျက်နှာတစ်ရွက်လည်း မဟုတ်ပါဘူး၊ ရင့်ကျက်မှု၊ နားလည် သည်းခံမှုတွေက ဒီလိုမျိုး ကြမ်းတမ်းတဲ့ အတွေ့အကြုံတွေကနေ မွေးဖွား လာတာပဲ မဟုတ်လား၊ ကံကောင်းခြင်းတွေနဲ့သာ အမြဲကြုံပါစေလို့ ဆုတောင်းပါရဲ့ဗျာ...။

Than Lae said...

မောင်မျိုးရဲ့ ဘဝဇာတ်ခုံက အတော်စုံပါ့လားနော်။ ကျွန်တော်လည်း အဲ့ဒီ့လမ်းကို ကြားဖူးတယ်။ အခုဒီပိုစ့်လေးကို ဖတ်မှပဲ အကြောင်းစုံသိရတော့တယ်။ အတိတ်တွေကို သင်ခန်းစာယူပြီး အနာဂါတ်အတွက် ပစ္စုပ္ပာန်မှာ အကောင်းဆုံးကြိုးစားနိုင်တာပေါ့လေ။ အမြဲ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ပါစေနော်,,,

Anonymous said...

ညီလေးရေ.. စာတွေလာဖတ်ဖြစ်နေတာတော့ကြာပါပြီ။ သွက်သွက်လက်လက်ရေးနိုင်တဲ့ ပေါ့ပေါ့ပါးပါးပြုံးရတဲ့ ညီ့လက်ရာလေးတွေကို ကြိုက်ပါတယ်။ ခုအတွေ့အကြုံမျိုးက အကိုအပါအ၀င် နှစ်သန်းလောက်ရှိတဲ့ မြန်မာအလုပ်သမားတိုင်း ကြုံခဲ့ရတာပါ။ တချို့ကတော့ ကံဆိုးစွာနဲ့ လမ်းခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် အသက်စွန့်ခဲ့ရတယ်။ ဒါတွေဟာ လူတော်တော်များများမသိတဲ့ အထူးသဖြင့် မြန်မာတော်တော်များများမသိတဲ့ ဖြစ်ရပ်မှန် ရင်နင့်စရာတွေပါပဲ။ ခုလို စာရေးကောင်းတဲ့ညီက ဝေမျှတော့ လူသိပိုများသွားတာပေါ့လေ... နောက်လဲ ဒီလိုလူသိနည်းနေသေးတဲ့ အဖြစ်လေးတွေ ဥပမာ မဲဆောက်က အလုပ်သမားတွေရဲ့ အနှိမ်ခံဘ၀လေးတွေကို ကြုံသလိုရေးပါဦး။ ပြည်ပရောက်မြန်မာတွေထဲမှာ အများဆုံးအုပ်စုလည်းဖြစ်တဲ့၊ အောက်အကျဆုံးလည်းဖြစ်တဲ့ ဒီလူတွေအကြောင်း မှတ်တမ်းမှတ်ရာလေးတွေ ရှိနေသင့်ပါတယ်။ လမ်းကြုံရင် အကို့ဘလော့လည်း လာလည်ပါ။ mgkyipoae.blogspot.com လောလောဆယ်တော့ အဟောင်းတွေပဲရှိတယ် အသစ်တော့ မရေးနိုင်သေးဘူး။ အကိုလည်း အလုပ်သမားတွေအကြောင်း ရေးထားတာရှိတယ်။ လိုတာလေးတွေလည်းအကြံပေးနိုင်ပါတယ်။

Baby taster said...

မောင်မျိုးရေ...
ဒါဟာရှက်စရာမှ မဟုတ်တာနော်
စာဖတ်ပြီး စိတ်မကောင်းလိုက်တာ
ကိုယ်တို့ မြန်မာပြည်သားတွေ ဘယ်လောက်များ
ဒီလိုအဖြစ်တွေကြုံနေခဲ့ကြရသလဲ ကံကောင်းတဲ့
လူတွေရှိသလို ကံမကောင်းတဲ့လူတွေရော ဘယ်လောက်များနေပြီလဲ ... စဉ်းစားရင် ရင်နာစရာတွေပဲ စားဝတ်နေရေးအဆင်ပြေဖို့
ဘ၀ တိုးတက်လမ်းရှိဖို့ ကြိုးစားရင်း ဘယ်လောက်သော မြန်မာပြည်သားတွေ
အသက်ကို ရင်းခဲ့ရပြီးပြီလဲနော် ဒါတွေအားလုံးအတွက်
တခုပဲ ဆုတောင်းချင်ပါတယ် မြန်မာပြည် အမြန်ဆုံးငြိမ်းချမ်းလာပါစေ အမြန်ဆုံးတိုးတက်လာပါစေ

Anonymous said...

မနိုင်းဘာသာပြန်ဝတ္ထုလိုပေါ့ ထွက်ပေါက်ကို ဇွဲနဲ့  ရအောင် ရှာထွက်နိုင်မှ အောင်မြင်မှု့ လမ်းစကို ရောက်မှာပေါ့. လမ်းမှာ ချော်လဲကျနိုင်တယ် အံကြိတ်ပြန်ထ ဆက်လျောက်မှ သာယာတဲ့လမ်းကို ရောက်မယ်မဟုတ်လား

ကြိုးစားမှု့ တခုအတွက် ရှက်စရာ မဟုတ်ပါဘူး။ ဥပမာ ကျားပရုတ်ဆီ သူဌေးဆိုရင် စလုံးထွက်တုန်းက ရှိသမျှ ငွေနဲ့ ဖဲချတာ။ ရှုံးရင်တပြားမှ မကျန်ဘူး စိတ်မာမာနဲ့ ဖဲကစားတယ်။ ကံကောင်းချင်တော့ သိန်းချီဖဲနိုင်ပြီး စီးပွားရေးလုပ်နိုင်သွားတယ်။ Do or Die လုပ်ရတာ Risk ယူရတာဘဲ ဘယ်သူမှ အနာဂတ်ကို ကြိုမသိဘူး။ မိဘကျေးဇူးမမေ့ သမျှ နတ်ကောင်း နတ်မြတ်တွေ စောင်မပါလိမ့်မယ်။ တတ်နိုင်သမျှ ကူညီရင် စေတနာအကျိုးတွေ ပြန်ခံစားရမှာပါ။

မနက်ဖြန်အတွက် အမြဲအားသစ်မွေးပါ။ ကျရှုံးမှု့ ဟာ ကိုယ့်အတွက် လှေကားတထစ်လို ယူဆပြီး အောင်မြင်မှု့  ပန်းတိုင်ကို တက်လှမ်းနိုင်ပါစေ

ဆောင်း

Nay Yan Thaw said...

ဟင်... ဖတ်ရတာ စိတ်မကောင်းဘူး မောင်မျိုးရေ.. နောက်တစ်ခါ ဒီလိုစွန့်စားရမယ့် အလုပ်မျိုးမလုပ်ပါနဲ့ကွာ... ငါက မင်းဒီလောက်စွန့်စားရမယ်လို့မထင်ထားတာ... နေတာကမဲဆောက်ဆိုတော့ ဒီလိုပဲ ဘန်ကောက်ကိုသွားတယ်ထင်နေတာ... လူ့ဘ၀မှာ အရေးကြီးဆုံးက အသက်နဲ့ လွတ်လပ်မှုပဲ သူငယ်ချင်း.... အသက်ရှိနေသ၍ ငွေဆိုတာရှာလို့ရတယ်.... နော်....

Su Myat Htar said...

"အရှက်ရစရာစာမျိုး"လို့..အစ်မ...မထင်ပါဘူး..လုမြောင်ရယ်.....ဒီပိုစ့်ထဲမှာ..လုမြောင်ရဲ.စေတနာတွေ..စွန့်လွှတ်အနစ်နာခံမှုတွေကို..မြင်နေရပါတယ်။

Yan Naing Aung said...

မင်းစာဖတ်ရတာ သဲထိတ်ရင်ဖိုပဲကွာ
တော်သေးတယ် ဘာမှမဖြစ်လို့
ငါ့သူငယ်ချင်း

Zwe Lwin said...

စိတ်ထဲမှာ မကောင်းဘူးအကိုရာ။ ကျနော် အဒေါ်တွေနဲ့ ဘုရားဖူးသွားတုန်းက ဘာတစ်ခုမှ အဆင်မပြေလို့ ဆူဆောင့်နေခဲ့ဖူးတယ်။ အကို့ ခရီးနဲ့ နိုင်းယှဉ်လိုက်တော့ တကယ့်ကို ရယ်ဖွယ်ရာပါပဲ

Yadanar Soe said...

ဘဝမှာ သင်ခန်းစာဆိုတာ ကိုယ် ကိုယ်တိုင်ရင်းပြီး ယူရတာပါ။ အဲအတွက် အစ်ကိုရှက်စရာလည်း မလိုပါဘူး။ အခုလိုမျိုး ပြန်ပြီးဝေမျှရဲတာကိုက သတ္တိပါ။ ထာဝရ ဖိုးကံကောင်းလေးဖြစ်နေပါစေ။

Thuzar Myint said...

ဒီလိုအသက်နဲ့ရင်းတဲ့..ခရီးမျိုးတောင်ကျော်လွှားနိုင်ခဲ့တာ...ထာဝရ ဖိုးကံကောင်းဖြစ်မှာပါ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်မျိုးရေ
ဖတ်ပြီးပြီးချင်း စိတ်မကောင်းဖြစ်မိပြီး ဘာရေးရမှန်းမသိအောင်ကိုပါဘဲ..
ကိုယ့်အတွေ့အကြုံကို ခုလိုပွင့်ပွင့်လင်းလင်း မျှဝေပေးတာကိုက ချီးကျူးဖို့ကောင်းပါတယ်..
ဘ၀ကို ခုလိုခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း ရုန်းကန်ရသူတွေနဲ့ သက်သောင့်သက်သာ လျှောက်လမ်းရသူတွေခြင်း ယှဉ်ကြည့်ရင် ခက်ခဲတဲ့လမ်းပေါ် လျှောက်ခဲ့ရသူတွေက လောကဓံရဲ့ဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိပါတယ်.. ဘယ်လောက်ခက်ခဲတာဘဲလာလာ အလွယ်တကူ ဖြတ်ကျော်သွားတော့မှာလေ..
စိတ်ကောင်းရှိတဲ့ အလုပ်ရှင်ကိုလည်း ကျေးဇူးတင်စရာနော်... မကြာခင်မှာ အဆင်ပြေချောမွေတဲ့ လမ်းကို လျှောက်လမ်းခွင့်ရပါစေလို့...

အင်္ဂါဟူး said...

အံမယ်လေးလေး ဖတ်ရတာ ရင်မောပ ဖိုးကံကောင်းရယ်.. တော်သေးတာပေါ့... ကံဆိုးမ မယ်မျိုးပါလာတဲ့ ကားက မိုးတွေလိုက်ရွာပေမယ့် ခရီးလမ်းဆုံးရောက်ခဲ့သေးလို့..

ဖိုးကံကောင်းလေး ဆက်လက်ကံကောင်းပါစေ.. ကျန်းမာရေးနှင့်တကွ.. အလုပ်လဲ အဆင်ပြေပါစေဗျာ။

လင်းဒီပ said...

ဖိုးကံကောင်းလေး အဆင်ပြေပါစေကွာ...
ဒီလိုပဲ သက်မဲ့နတ်ဘုရားအတွက် ငါတို့မှာ ပေးဆပ်လိုက်ကြရတာ..။

မောင်မျိုး said...

မိုးခါးရေ....ဆုတောင်းအတွက်ကျေးဇူးပါ ဒီလိုပဲ မျှော်လင့်ချက်တွေနဲ့ လမ်းတွေဆက်လျှောက်နေတုန်းပေါ့ဟာ ။

မမေ....ကျေးဇူးပါ အစ်မရေ အဖြစ်တွေကတော့ စာထပ်ဆိုးတာပေါ့ဗျာ ကျနော့်ခုရေးတာကို ကျနော်အဲ့တုန်းက ခံစားခဲ့ရတာတွေထပ် 10 ပုံ 1 ပုံလောက်ပဲရှိတယ် ပြန်စဉ်းစားတိုင်း ကြောက်မိတယ်ဗျာ ။


ဆွေလေးမွန်...မကြာမကြာ လာလာ အားပေးစကားပြောတတ်တဲ့ သူငယ်ချင်းကို တကယ်ကို ကျေးဇူးးတင်ပါတယ် ။ အစ်ကိုလည်း လောဘနည်းပေမယ့် အဆင်ပြေမလားလို့ စွန့်စားကြည့်ကြည့်တာပေါ့ အတွေ့ကြုံတွေက တစ်ခါခါတော့ ရင်းရတာများတယ်း)

ညီသူ...အားလုံးတော့မှန်တာမဖြစ်နိုင်ဘူး ပေါက်ကရတော့လုပ်တော့မယ် ။ တကယ်ပါ ထပ်ပြောအုံးမယ် ညီ့ကိုတကယ်ကျေးဇူးတင်ခဲ့ပါတယ် အခုကော နောင်ကော ။

မွန်....ဟုတ်ကဲ့ခင်ဗျ

အိန်ဂျယ်လှိုင်... အေးပါ ညီမရေ ပေးတဲ့ဆုနဲ့ပြည့်ပါရစေ။

ကိုညီ...အစ်ကိုမထင်ဘူးမှတ်လား တစ်ခါခါ ဘ၀အမောတွေကိုမေ့လို့ ဟန်ဆောင်လို့ အပူရုပ်ဟန်လုပ်ရတဲ့ သူတွေလည်းရှိတာပေါ့ အစ်ကိုရာ ဥပမာ ..အစ်ကို့ညီပေါ့း)

မလဲ့.... အဲ့တာကြောင့် ဘန်နာမှာ အဲ့နာမည်ပေးထားတာ ကျနော်ကတော့ တော်တော်စုံတယ် ။

ကိုကျည်ပွေ့ရေ...ဟုတ်ကဲ့ပါ အစ်ကိုရေ ကျနော်လည်း အဆင်ပြေသလိုလေးတွေရေးဖြစ်ပါတယ် စာတွေလာဖတ်တယ် ဆိုတာ သိရတော့ ၀မ်းသာမိတယ် ခံစားချက်ချင်းတူတဲ့ မြင်နေတွေ့နေရတာချင်းတူတဲ့သူတွေပဲ ကျနော်လည်း စာတွေလာဖတ်ပါအုံးမယ် ဒီအကြောင်းလေးတွေ လူတွေများများသိရင်ကောင်းမယ် သိရုံပဲသိပြီး မကူညီနိုင်တော့ကော ဘာထူးမှာလဲ အစ်ကိုရာ နော်း(

မဘေဘီ.... အစ်မလိုပဲ ကျနော်လည်းဆုတောင်းပါတယ်ဗျာ ။

ဆောင်း...ဟုတ်ကဲ့ ကျေးဇူးပါ ။ အားပေးစကားအတွက် ။

မချော......ဟုတ်ကဲ့ဗျ ဘော့်စကိုလည်း ကျေးဇူးတင်မိတယ် ခု သူ့စကားတော်တော်နားထောင်ဖြစ်တယ်း)

မိုးယံ....အင်း ဒီလိုပဲပေါ့ မင်းပြောတော့ မျက်ရည် ဘူးင်္သီးလုံးလောက်ကျတယ်ဆိုတာ ဒါမျိုးလားဟ

ကိုဒီပ ....သက်မဲ့နတ်ဘုရားတွေကြောင့် ညီ့အသက်လေးမကြွေသွားတာပဲ ကံကောင်းတယ်ပြော၇မယ်နော် အစ်ကို ။

နေယံသော်...ထပ်ဆင့်ကျေးဇူး။ မဆု /ရန်နိုင်အောင်/ ဇွဲလွင်/ ရတနာ နဲ့ သူဇာမြင့် တို့ရဲ့ ဖေ့ဘွတ်က ကော့မန့်လေးတွေကို ဒီမှာ ကူးတင်လိုက်တာပါ ။

မေကျောက် said...

ကိုင်း..ငယ်တုန်းလုပ်ထား ကောင်လေးရေ့ .အသက်ကြီးလာရင် ..အဲလိုမျိုး မစွန့်စားချင်တော့ဘူး

မောင်မျိုး said...

ကြည့်....နောက်တစ်ခါတော့ အဲ့လမ်းမျိုး မစွန့်စားပါရစေနဲ့ မေကျောက်ရေး)

ဟန်ကြည် said...

ဘန်ကောက်ကပြန်လာတဲ့တစ်ယောက်က လမ်းခရီးအခက်အခဲတွေ ပြောပြလို့ ကြားဖူးတာမို့ ကိုယ်ချင်းစာပါတယ်...ဘ၀ဆိုတာ ဒီလိုပါပဲငါ့ညီ...အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်းနဲ့ ရင့်ကျက်အောင်မြင်ကြတာချည်းပါပဲ...လူတိုင်းမှာ ဖွင့်မပြောဖြစ်ကြပေမယ့် ကိုယ်ပိုင်အခက်အခဲတွေ အနာတရတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျော်လွှားခဲ့ရ၊ ကျော်လွှားနေကြရတာပါပဲ...ဒါတွေဟာ ဘ၀ရဲ့ အရင်းအနှီးတွေပါပဲ

မောင်မျိုး said...

ကိုဟန်ကြည့် ဘလော့လိပ်စာလေး ကျနော့်ချန်ခဲ့ပေးပါအုံး..... မှတ်ချက်လေးအတွက် ကျေးဇုး အစ်ကို ။

LinkWithin

Related Posts Plugin for WordPress, Blogger...