Saturday, March 5, 2011

လွမ်းလို့ရေးတဲ့စာ

မီးပူရာလေးကျနေတဲ့ အပြာရောင်ကွပ်စိပ် လုံချည်လေးကို ထုတ်ဝတ်လိုက်တယ် ပြီးတော့ အဖြူရောင်လည်းမကျ မီးခိုးရောင်ဘက် နည်းနည်းသန်းတဲ့ အင်္ကျီလက်ရှည်ပါးလေးဝတ်လိုက်တယ် ။ ဘာကိုမှန်းမသိ ဘာကြောင့်မှန်းမသိ လွမ်းနေသလိုလို အဝေးက မြင်နေရတဲ့ ၀င်လုဆဲလိမ်မော်ရောင် နေမင်းကြီးနဲ့ လှိုင်းလုံးတွေထနေတယ်ထင်ရတဲ့ ဒေါနတောင်တန်းသွယ်သွယ်များ ။ ညနေခင်းရဲ့ လေအေးတွေက သနပ်းခါးရေကျဲလေး စိတ်ပေါက်ပေါက်နဲ့လိမ်းထားတဲ့ ပါးပြင်ပေါ်ကို စပ်ဖျင်းဖျင်း ။ ဂျူး ရဲ့ ဖတ်ပြီးသားဖြစ်တဲ့ စာတစ်အုပ်ကို လက်မှာကိုင်ရင်း ခြံစပ်က ဒန်းလေးဆီကို တစ်လှမ်းချင်း ဒီနေ့မှ ဘာကြောင့်များ ကဗျာဆန်နေချင်တာပါလိမ့် စာရွက်တစ်ရွက်နဲ့ ဘောပင်လေးတစ်ချောင်း ဒါမှမဟုတ် ခဲတံလေးတစ်ချောင်းများဖြစ်ဖြစ်ပါလာရင်တော့ ကဗျာရေးမတော်ပဲ ကဗျာလိုလို စာလေးတွေရေးခြစ်မိမှာတော့အမှန်ပဲ ။

နေ့ခင်းက အပူရှိန်မကုန်သေးတဲ့ ဒန်းက ညနေခင်းလေအေးအေးမှာတော့နွေးထွေးမှုတွေပေးနေသလို သက်မဲ့ဒန်းလေးကတောင် နွေးထွေးမှုပေးနိုင်သေးရင် သက်ရှိတွေဆီက ဘာကြောင့်များနွေးထွေးမှုတွေ ပျောက်ဆုံးနေပါလိမ့်လို့ စဉ်းစားနေတုန်း ဘယ်တော့တည်းက ကိုယ့်အနားရောက်နေမှန်းမသိတဲ့ အိမ်က ခွေးပုအိုအိုကြီးတစ်ကောင်က ကိုယ့်ခြေထောက်ကို သူ့ခေါင်းကြီးနဲ့ တိုးခွေ့လို့ အော်..ဟုတ်သားပဲ သူလည်း သက်ရှိပဲ ။ ပျိုးထားတဲ့ စပယ်ပင်လေးကတော့ ခုချိန်ထိ ပန်းလေးတစ်ပွင့်တောင်မမြင်ရသေး သူ့အရွက်တွေကတော်တော်ကိုသန်လာပြီး ဈေးကြီးပေးပြီးဆောက်ထားတဲ့ ရေပန်းကလည်း ခုတော့ ပျက်စီးနေပါပြီး ရေညှိတွေတောင်တက်လို့ နေလုံးကြီးပျောက်ကွယ်သွားလို့ မှောင်ရိပ်ဖက်သန်းလာတဲ့ ညခင်းမှာတော့ လမ်းမီးနီကျင်ကျင်တွေအရောင်နဲ့ ကန်ထဲက ငါးသားပေါက်လေးတွေကို ခဏထိုင်ကြည့်လိုက်သေးတယ် အေးချမ်းလိုက်တာ သူတို့ဘ၀လေးတွေ ။

အိတ်ကပ်ထဲထည့်လာတဲ့ ဖုန်းကိုကြည့်ပြီး တစ်ယောက်ယောက်င်္ဆီများ ခေါ်ရင်ကောင်းမလားတွေးကြည့်မိသေး တော်ပါပြီလေ ဖုန်းထဲသွင်းထားတဲ့ i want to know what love is သီချင်းကို ခေါင်းကိုမှေးစင်းလို့ အေးအေးလူလူနားထောင်နေလိုက်တယ် ။ အချစ်.... ကိုယ့်အတွက် ဘယ်နားမှာများပုန်းခိုနေမှန်းမသိတဲ့ တန်ဖိုးကြီးအရာတစ်ခု တန်ဖိုးရှိချင်မှလည်းရှိနိုင်မယ့် ခပ်ညံ့ညံ့အပေါစားအရာတစ်ခုလည်းဖြစ်နိုင်တာပေါ့ ။တွေ့ဆုံခဲ့တဲ့သူတွေအကြောင်းနဲ့ ခွဲခွာခဲ့ဖူးတဲ့သူတွေအကြောင်း လွမ်းမောရတဲ့ အတိတ်နေ့ရက်တွေနဲ့ ပြန်တွေးမိတိုင်းနာကျင်မိတဲ့ ခလေးဘ၀နေ့ရက်တစ်ချို့ ခုပြန်တွေးတော့ ဒါတွေဟာလည်း ဘာမှမဟုတ်ခဲ့တော့သလိုပဲ အနာဂါတ်ဆိုတာကလည်း ဘာမှန်းရေရေရာရာမသိနိုင်သေးတဲ့အရာတွေ ။

အိမ်ထဲပြန်ဝင်တော့မလို့ ပတ်ရမှာပျင်းတဲ့လက်ကနာရီကို ငုံ့ကြည့်လိုက်တော့ ည ၉ နာရီဆိုတဲ့လက်တံကလေးကိုပြနေပြီး ခွေးပုကြီးတောင် တုံးလုံးကြီးခွေလို့ ။ ခပ်လှမ်းလှမ်းက ကိုယ့်အခန်းကိုပြန်တက်ခါနီး စပယ်ပန်းအိုးနား ခဏထိုင်ချလိုက်သေးတယ် ပြီးတော့ မာဆတ်ဆတ်ဖြစ်နေတဲ့ မြေမာတွေကို စမ်းကြည့်မိလိုက်တော့ ဒီတိုင်းဆို ဒီစံပယ်ပင် ရှင်သန်နိုင်ပါ့မလား သက်ရှိဖြစ်တဲ့ ပန်းပျိုးသူတောင် ရှင်သန်ဖို့ခက်တဲ့ လောကကြီးထဲမှာ ဒီပန်းပင်လေး တစ်ပင်သေသွားလို့လည်း ဘယ်သူမှထူးပြီး ၀မ်းနည်းနေမယ်မထင်ပါဘူး ။ပန်းအိုးနားမှာတော့ သစ်ရွက်ကြွေတစ်ချို့ နေပူဒဏ်ကြောင့် မုန့်လေပွေလေး လို ကိုင်လိုက်တာနဲ့ ကြွေတော့မလိုလို ဒီသစ်ရွက်ကလေးလည်း တစ်ချိန်ကတော့ လှပတဲ့ သစ်ရွက်စိမ်းလေးတစ်ရွက်ပဲလေ အချိန်ရဲ့တိုက်စားခြင်းနဲ့အတူသူလည်း အခုတော့ အမှိုက်ဘ၀ကိုရောက်ရလေပြီ နောက် ၂ရက်လောက်ဆို သူခြံစပ်က အမှိုက်ပုံကြီးမှာ လောင်ကျွမ်းချင် လောင်ကျွမ်းနေလောက်ပြီ.........။

အခန်းပြန်ရောက်တော့ ခြင်ဆေးတစ်ခွေထွန်းရင်း ဘာကိုမှမတွေးပဲ နှစ်နှစ်ခြိုက်ခြိုက် ကျနော် အိပ်ပျော်အောင်ကြိုးစားမိတယ် ဒါမယ့် ညက ကျနော်တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်ဆိုတာ ဒီမနက်မိုးလင်းမှသိလိုက်ပါတယ် ကျေးဇူးတင်ပါတယ် မနက်ခင်းရေ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ ။





16 comments:

အိမ့်ချမ်းမြေ့ said...

လှလှပပ ရသလေး တစ်ပုဒ်...
မင့်အစ်မတွက်တော့ ရှားပါးကုန် ဖြစ်နေတယ်။

အင်္ဂါဟူး said...

အပြာရောင်လုံချည် မီးခိုရောင်ရှပ်စ်နဲ့ နွေးထွေးတဲ့ ဒန်းကလေးက စီးကြိုတုန်း အုန်း.. ဟုန်း...

ခွေးအိုကြီးက ငါ့ကို ခေါင်းဝှေ့တိုး... ဟိုး..အိုး...

နာရီလက်တံကို ငုံ့ကြည့်တော့ ခွေးအိုကြီးက တုံးလုံးကြီးကွေးအေး..ဟေ

စံပါယ်တွေရှင်သန်နေပြီပဲ...

ဒူးအနည်းငယ်ကွေးပြီး ခါးလေးညွတ် ခါးပိုက်ထောင်အား ဘယ်လက်ဖြင့်ကိုင် ညာလက်ကို 45 ဒီကရီကွေး... ဘယ်ညာယိမ်းပြီး ရပ်စ် စတိုင်ဖြင့်ဆိုရန်။

Anonymous said...

သြော .. ညက အိပ်ရေးဝတယ်ပေါ့ .. ငါတော့ အိပ်ရေးပျက်တယ်ဟ .. ရုပ်ရှင်ကြည့်နေလို့ .. :D

မိုးခါး

ဆွေလေးမွန် said...

အထီးကျန်ချင်းတစ်စွန်းတစ်စနဲ့
ဟာတာတာခံစားမှုတစ်ခုရယ်
ပြီးတော့
မရေရာတဲ့ အနာဂတ် တစ်ခုကို မျှော်လင့်နေရ
တယ်ဆိုတဲ့ ခံစားမှုလေးတွေတော့
ဒီပို့(စ်)လေးကို ဖတ်ပြီးရသွားတယ်

မေဓာဝီ said...

လွမ်းလို့ရေးတဲ့စာက လွမ်းစရာလေး ...
အစအဆုံးဖတ်ပြီး စိတ်ထဲစွဲကျန်ရစ်တဲ့ စာတကြောင်းက
............................................
............................................
............................................
ခွေးပုကြီးတောင် တုံးလုံးကြီးခွေလို့ ... တဲ့။
............................................
အဟုတ်ပြောတာ ... အဲဒီလိုရေးတာ မျက်စိထဲ ကွင်းကွင်းကွက်ကွက်ကို မြင်သွားတယ်။

ညီလင်းသစ် said...

အပေါ်က မမေနဲ့ ကျနော်နဲ့လည်း မြင်တာချင်း တူနေပြီ ညီရေ့...၊ ခွေးကပုရတဲ့ကြားထဲ ကြီးက ကြီးနေသေး တယ်၊ အဲဒီခွေးက အိပ်တော့ တုံးလုံးကြီးများတောင် ခွေနေလိုက်သေး..၊ ဖြစ်နိုင်ရင် အဲဒီခွေးကိုတောင် ပြေးကြည့်ချင်လိုက်သေး...၊ :D

တစ်ပုဒ်လုံးရဲ့ အလွမ်းတွေက တကယ့်ကိုပဲ လှတယ်..။

rose said...

စာလေး လာဖတ်တယ် မောင်မျိုး။ "အချစ်.... ကိုယ့် အတွက် ဘယ်နား မှာများ ပုန်းခို နေမှန်း မသိတဲ့ တန်ဖိုးကြီး အရာ တစ်ခု တန်ဖိုး ရှိချင် မှလည်း ရှိနိုင်မယ့် ခပ်ညံ့ညံ့ အပေါစား အရာ တစ်ခုလည်း ဖြစ်နိုင်တာပေါ့"
အင်း... မောင်မျိုး တစ်ယောက် တန်ဖိုး ရှိတဲ့ အချစ်စစ်နဲ့ အမြန်ဆုံး တွေ့ပါစေ။
http://redroseofburma.blogspot.com/

အုပ်ကြီး said...

လွမ်းလို့ ရေးတာလားဗျ ...
မောင်မျိုးဆီလာရင် ..ပေါ့ပေါ့ပါးပါးနဲ့  စိတ်ကူးစိတ်သန်းလေးအသစ်လေးတွေ
ွရတယ်ဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် သူများတွေများ
လွမ်းတော့လဲ စာတစ်ပုဒ်ဖြစ်လာပါလားနော်..
ဘေးနားက ခွေးပုအိုကြီးလဲ မနေရ၊ ငါးလေးတွေနဲ့ ဖုန်းလဲ မကျန်စေရ၊ စပယ်ပင်လေးလဲ ပါသေး၊ ခြင်ဆေးခွေလဲ ချန်မထားဘူး
တော်သေးတယ် အိပ်ပျော်သွားလို့ မအိပ်သေးရင် ဘာတွေ ထပ်ထည့်ဦးမယ် မသိဘူး
ဒါနဲ့ စကားမစပ် အိပ်မက်ထဲမှာ ငယ်ချစ်ဟောင်းနဲ့ ပြန်တွေ့တာ မမက်ဘူးလားး)

Anonymous said...

လွမ်းလို့ရေးတဲ့စာတော့ မဖတ်ပါရစေနဲ့ ခေါင်းစဉ်ပဲကြည့်သွားတယ်...

လပြည့်ရိပ်

မေသိမ့်သိမ့်ကျော် said...

စံပယ်တွေ မြန်မြန်ပွင့်စေချင်ရင် အရွက်ရင့်တွေ ခြွေပေးရတယ် ကိုမျိုးရဲ့.... တစ်ရွက်ချင်း အသေအချာခြွေကြည့် မနည်း အလွမ်းသက်သာသွားမယ်..... စံပယ်တွေပွင့်ရင် အကြံပေးအရာရှိခန့်ပေါ့.....း)

ခင်မင်လေးစားလျက်

အပြုံးပန်း said...

အင်း၊
ဒန်းကလေး၊
စပယ်ပင်ကလေး၊
ခြင်ဆေးခွေ၊
ပုဆိုး၊ ရွပ္အိက်ီၤပါး၊
သနပ်ခါးရေကျဲ၊ လေအေးအေး၊

သတိမထားမိတဲ့ လစ်ဟာနေတဲ့ အရသာတွေကို ပြန်တွေ့လိုက်ရတယ်၊

ရေးလည်းရေးတတ်ပါတယ် မောင်မျိုးရေ။

ညီသူအိမ် said...

ခွေးပုအိုကြီးက လူပြောသိပ်များနေပါ့လား:)

Than Lae said...

ဟိုက်,,,,စကားလုံးတွေက မိုက်လှချည်လား မောင်မျိုးရဲ့။ ဘာကို လွမ်းမှန်းမသိတာတောင် ဒီလောက်ထွက်လာတယ်နော်။ သိများသိရင်တော့??? :P ,,"သက်မဲ့ဒန်းလေးကတောင် နွေးထွေးမှုပေးနိုင်သေးရင် သက်ရှိတွေဆီက ဘာကြောင့်များနွေးထွေးမှုတွေ ပျောက်ဆုံးနေပါလိမ့်" ..အခုတလော ကျွန်တော်လည်း အဲ့ဒါပဲ တွေးမိနေတယ်ဗျာ,,,,

Phyo Kay Khine said...

အင်းးးးးး ဖတ်ရင်းနဲ့ သနပ်ခါးရေကျဲလေးတောင် လွမ်းတယ်...:)

Maung Myo said...

မလေး..... အစ်မလည်း အကြည်ဓာတ်လေး မြန်မြန်ပြန်ရပြီး ရသစာလေးတွေရေးနိုင်ပါစေဗျာ ။

မိုးယံ...မင်းကတော့ အတည်ကိုမရှိဘူးနော် ပြောင်စပ်စပ်နဲ့ လဒကောင်။

မိုးခါးး.....အင်း ထင်တယ် ထင်တယ်း)

ဆွေလေးမွန်....ကျေးဇူးပါ သူငယ်ချင်းပြောခဲ့ပေးတဲ့ နုတ်လေးတွေက ကျနော်ပေးချင်တဲ့မက်ဆေ့ထပ်တောင် လှနေသေးတယ် .

မမေ...ဟဟား ခွေပုကြီးလည်း လွမ်းစရာစာထဲထည့်ရေးလိုက်တာ မှန်သွားတာပေါ့ ။

ကိုညီ...တစ်ခါခါ ဘာမှန်းမသိပဲ အဲ့လို လွမ်းတတ်လို့ တစ်ခါမှမရေးဖူုးတဲ့ ခပ်ဆွေးဆွေးပုံစံလေးရေးကြည့်ုဖြစ်တာ လှတယ်ဆိုလို့နောင်လည်းရေးအုံးမယ် ခုရက်ပိုင်းစာတွေပဲရေးချင်နေတယ်ဗျ .

ရို့စ်.... ဆုတောင်းပေးတာ ကျေးဇူးပါဗျာ ။

ကိုအုပ်... အစ်ကိုအဲ့လိုပြောရင် ကျနော်ကြည်နူးတယ်ဗျ အပြင်းစားကြီးတွေရေုးဖို့လည်း မတတ်ပါဘူုးအစ်ကိုရာ အဲ့တော့ ကိုယ့်အကြောင်း ကိုယ်အသိဆုံးဆိုတော့ ရေးတဲ့စာတွေလည်း ကိုယ့်အကြောင်းတွေပဲဖြစ်နေတာပေါ့ ။.

မချော....ငယ်ချစ်ဟောင်းလား သူအိမ်ထောင်ကျသွာြး့ပီး အိပ်မက် မမက်ဖြစ်ပါဘုးဗျား) ခြင်ဆေးခွေမထွန်းရင် ခြင်တွေက တအားပေါလို့ မဟုတ်၇င် ခြင်တွေအကြောင်းပါထည့်ရေးဖြစ်မလားမသိ အိပ်မပျော်ရင်ပြောပါတယ် .။

လပြည့်ရိပ်...း) အဲ့လောက်ကြီးလည်း လွမ်းဖို့မကောင်းပါဘူး ဖတ်ကြည့်ပါအုံး ။

မေသိမ့်...ကျနော်လုပ်ကြည့်မယ်ဗျ ကျေးဇူးး အကြံပေးအရာရှိခန့်မယ် စံပယ်တွေပွင့်ရင် တင်အုံးမယ် စောင့်နေနော့် ။

မအပြုံးပန်း..အဲ့တာတွေက သာမန်ကောင်လေးတစ်ယောက်ရဲ့ အလွမ်းတွေပါပဲ တစ်ခါခါ ကိုယ်လည်း မေ့နေတတ်တယ်လေ ။

ညီသူအိမ်...ဟုတ်ပါ့ဗျာ ခွေပုကြီးက လူပိုပြောများနေတယ်း)

မလဲ့.....တကယ်ပဲ ဘာကိုလွမ်းမှန်းမသိတာတုန်း။

ဖြိုးကေခိုင်.... ၀ယ်လိမ်းလေ နွေမှာလိမ်းတော့ အေးတယ်ဗျ ။

LinkWithin

Related Posts Plugin for WordPress, Blogger...