Tuesday, March 29, 2011

အချစ်အကြောင်းပြောရအောင်




အချစ်ကို လုပ်ဇတ်တွေ အမျိုးမျိုးခင်း မဟုတ်ဇတ်တွေခင်းခဲ့တာလည်းများပါပေါ့ ။ အချစ်ကို နာမည်ဆိုးအမျိုးမျိုးပေး ကင်ပွန်းတပ်ခဲ့တာလည်းကိုယ်ပါပဲ ။သူ့ပါသာသူနေတဲ့ အချစ်က ပုံစံမပျက် ပြုံးပြုံးကလေးကြည့်လို့ ကိုယ့်ကိုပဲ လှောင်နေသလိုလို ။အချစ်ကို တစ်ခါလောက်တော့ ရိုးသားချင်ပါတယ် ။ အချစ်အကြောင်းပြောရအောင် စခဲ့သူ ဆရာမမေငြိမ်း ၊ တဂ်ပို့စ်တွေစသူ အစ်မသက်ဝေ နဲ့ အချစ်အကြောင်းရေးဖို့ ပြောသူ အစ်မအိမ့် အားလုံးက ကိုယ်လေးစားရတဲ့သူတွေ ဒါကြောင့် ဒီပို့စ်လေးရေးဖြစ်ပါတယ် ။ ကျနော် တစ်ခါလောက်တော့ အချစ်အတွက် ရိုးသားစွာ ၀န်ခံချင်ပါတယ် ကျေးဇူးပြုပြီး ဒီထဲကအကြောင်းရာတွေ အမှန်တွေလားလို့ မမေးလိုက်ပါနဲ့နော် ကျနော် ဟုတ်ကဲ့လို့ မဖြေချင်လို့ပါ ။

**************************************************************************


အချစ်နဲ့ ကိုယ် စတင်ဆုံတွေ့စဉ်က ရင်ခုန်စရာမကောင်းခဲ့ပါ ကြည်နူးစရာကောင်းတဲ့ လေပြေအေးတွေ မတိုက်ခပ်သလို ဆိတ်ငြိမ်တဲ့ နေရာတစ်ခုလည်းမဟုတ်ပြန်ဘူး ။ အချစ် နဲ့တွေ့တဲ့နေ့က အများနည်းတူ သူနဲ့ကိုယ် လူအုပ်ကြားထဲ ကြပ်ပိတ်တိုး နေရတဲ့အချိန် ကိုယ်သင်းရနံ့နဲ့ မူးမိုက်ဖို့မပြောနဲ့ ချွေးနံ့တွေနဲ့ မူးလဲမကျတာကံကောင်း ။အချစ်က ရင်ခုန်မှုက စတယ်ဆိုပေမယ့် ကျနော့်အတွက်တော့မဟုတ်ပြန်ပါဘူး ကျနော် အချစ်နဲ့ဆုံတဲ့နေ့က ရင်မခုန်ခဲ့လိုပါ ။ ရင်ခုန်တိုင်းအချစ် ဆိုတာတော့ လက်မခံပါ ဆိုင်မှာ မျက်နှာသစ် ခေါင်းလျှော်တာ အပိုအလုပ်တွေလို့ထင်တဲ့ ကိုယ် ပထမဆုံးအကြိမ်း ခေါင်းလျှော်တုန်းက အသားဖြူဖြူ ဆံပင်ရှည်ရှည်နဲ့ကောင်မလေးတစ်ယောက် ကိုယ့်ခေါင်းကို ကိုင်တုန်းကရင်တစ်ချက်တော့ခုန်သွားတယ် သူစိမ်းမိန်းခလေးတစ်ယောက် နီးနီးကပ်ကပ် အသက်ရှူသံကြားရတာ ဒါ ပထမဆုံးအကြိမ်မို့ပါ ဒါပေမယ့် အချစ်ဆိုတာမဖြစ်ပေါ်ခဲ့ပါဘူး ။

အချစ်အပေါ် ကိုယ့်ရဲ့ ပထမဆုံးမှတ်ချက်ပေးမိတာက “ ဘယ်လိုကြီးလည်းဟ ဒီလောက် ခဲတွေများတဲ့နေရာကို လာရတာ ဘယ့်နှယ့် ခုန်မြင့်ဖိနပ်ကြီးစီးခဲ့တာလည်းမသိ ဆံပင်တွေဖြင့် ပွလန်လို့ စကပ်ကြီးကလည်းဝတ်ထားသေး မလိုက်ဖက်လိုက်ပုံများ ” ။ မကြာခင် အချစ်က ကိုယ့်ဆီကို တန်းတန်းမတ်မတ် မောလို့ ခဏထိုင်နားနေတဲ့ ကိုယ့်အနား “ မောင်လေး.... ဒါပြီး ဘယ်သွားရမှာလဲဟင် အစ်မသေချာလည်းမသိဘူး ခဏလောက် ကူညီပေးပါလား အစ်မ သူငယ်ချင်းတွေ ရကုန်ပြီး အစ်မ တစ်ယောက်ပဲကျန်တော့တယ် ” အမှန်ကတော့ ရှုပ်၂ရှက်၂ လို့စိတ်ထဲဖြစ်မိသေး ဒါမယ့် ကူညီတတ်တာက ကိုယ့်ရဲ့ အကျင့်ဆိုတော့ လိုက်ကူညီပေးဖြစ်တယ် အချစ်က ကိုယ့်ကို ကျေးဇူးတင်ကြောင်းပြောတော့ ခေါင်းကလေးညိတ်ပြရုံနဲ့ ကိုယ့်လှည့်ထွက်ခဲ့တယ် ခဏနေတော့ အချစ်က ကိုယ့်ဆီနောက်တစ်ခေါက် ကော်ဖီအေးတစ်ဗူးနဲ့ တစ်ရှူးလေးတစ်ထုတ် ။

နေ့လည်ပိုင်း ထမင်းစားချိန်ရောက်တော့ဆိုင်ထဲဝင်ကာနီး ပိုက်ဆံအိတ်ရှာတော့ “အယ်...ငါ ပိုက်ဆံအိတ်မေ့ကျန်ခဲ့ပြီး ” မောင်လွဲကတော့လွဲပြီး ဗိုက်ကလည်း အချက်ပြ ဘာမပြော ညာမပြောနဲ့စောနက မမကြီးဆီတန်းဝင်သွားလိုက်တယ် ပြီးတော့ သူ့ခုံမှာ ခပ်တည်တည်ဝင်ထိုင်လိုက်တယ် “ ကျနော်ဗိုက်ဆာလို့ ပိုက်ဆံလည်းမပါဘူး ” မရှက်တတ်ပုံများ ။ အချစ်ကတော့ ရယ်ချင်စိတ်ကို အောင့်ထားရတဲ့ပုံမျိုးနဲ့ “ အေးအေး...စားလေ အစ်မ၀ယ်ကျွေးမယ် ဘာနဲ့စားမလဲ ရော့ .. ရေတစ်ခွက်အရင်သောက်လိုက်အုံး ” အချစ်က အစကတည်းက ကိုယ့်အတွက် အဲ့လိုဂရုတစိုက်ရှိခဲ့ဖူးတာ ။

အချစ်...ကိုယ့်အတွက် ကြွားချင်လွန်းလို့ တကူးတက ငါးခြောင်းစင်းကြော်လေး ပို့လိုက်တုန်းက အားရ၀မ်းသားနဲ့ “ စားကောင်းရဲ့လား ” လို့မေးတုန်းက ငရုပ်သီးဖတ်တွေများတဲ့အကြောင်း ဆီနည်းတဲ့အကြောင်း ဂျီးထူမိတော့ အချစ်က ၀မ်းနည်းသံနဲ့ “ ကောင်းကောင်း မကောင်းကောင်း ကောင်းတယ်လို့ပြောလိုက်ပါတော့လားကွယ် ပင်ပင်ပန်းပန်း လုပ်ထားရတာလေး အခုတော့ အရာမထင်ဘူး ” ။ မကောင်းပဲနဲ့လည်း မညာချင်တော့ ပြောလိုက်မိပြန်ပြီး အချစ်ကတော့ ကိုယ့်ကိုခွင့်လွှတ်မြဲ “နောက်တစ်ခါဆို ကျနော် ညာပြောမယ် ” အဲ့လိုပြောတုန်းက အချစ်က သက်မဲ့အရာတွေအတွက် ညာချင်ညာပါ ရင်ထဲက အချစ်တွေကို မညာရင် ကျေနပ်ပါပြီတဲ့ ။

အချစ်နဲ့ ဆုံတိုင်း ကိုယ့်မှာ မာနတွေ လောဘတွေ တဏှာတွေကင်းတယ်ဆိုတာ ကိုယ်ကလွဲလို့ ဘယ်သူမှ ယုံနိုင်မယ်မထင်ပါ ။ ကိုယ့်ဆီ အချစ်လာလည်တုန်းက သူ့အတွက် သံပရာရည်အေးအေးတစ်ခွက်ဖျော်တိုက်ခဲ့တာကလွဲလို့ ချွေးစို့နေတဲ့နဖူးစက ချွေးစက်ကလေးတွေကြောင့် ပန်ကာလေးဖွင့်ခဲ့ပေးတာကလွဲလို့ ချစ်သူကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ထမင်းခွံကျွေးခဲ့ဖူးတာက လွဲလို့ တစ်ကြိမ်းတည်းသော ချစ်သူရဲ့ ပေါင်ပေါ် မှေးစက် အိပ်မောခဲ့တာက လွဲလို့ ဘာဆိုဘာမှမရှိခဲ့ပါ။အချစ်နဲ့ကိုယ် တကယ်ကို ချစ်ခဲ့ဖူးကြတယ်ဆိုတာ ယုံမှားသံသရ မရှိနိုင်ပါဘူး တကယ်ကိုချစ်ခဲ့ကြတာပါ ။


အချစ်နဲ့ပက်သက်လို့ ကိုယ်တွေဝေခဲ့တုန်းက အချစ်က နားလည်မှုရှိရှိ လက်ခံပေးခဲ့တာကိုလည်း ရင်းထဲအမှတ်တရရှိလျှက်ပါ “ ကောင်လေး....စိတ်တွေမတွေဝေပါနဲ့ မင်း ဆုံဖြတ်ချက်အတိုင်း လက်ခံနိုင်ပါတယ် ဒါကဖြစ်သင့်ပါတယ်လေ ” ။ ကျနော်တို့တစ်ယောက်နဲ့တစ်ယောက် သံသရကင်းကင်း မာနကင်းကင်းနဲ့ လက်မပြ နှုတ်မဆက်ပဲ ကျောာခိုင်းခဲ့ပါတယ် ။ အချစ် အဲ့ဒီနေ့ကလည်း ပြုံးနေပါတယ် ကျနော်ကတော့ ရင်ထဲမှာ ငိုနေသလိုလို ။

အချစ်နဲ့ပက်သက်လို့ ခုအရွယ်မှာ ဆယ်ကျော်သက်တွေလို ရင်မခုန်တတ်တော့အောင် သင်ပေးခဲ့တာဟာလည်း အချစ်ပါပဲ ။ အသားစိုင်တွေ ပေါ်လွင်အောင် ၀တ်ဆင်ထားတဲ့ လည်ဟိုက် ချက်ပြုတ်ဝတ်ထားတဲ့ ကောင်မလေးတွေမြင်ခဲ့ရင်လည်း ဖော်ကျူးထားတာကို မြင်နေရတာပါပဲလို့ထင်မြင်ရုံကလွဲလို့ ဘာခံစားချက်မှ မဖြစ်တော့တာလည်း အချစ်က ကိုယ့်အချစ်တွေ အားလုံး ယူဆောင်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ ။

အချစ်
အချစ်အကြောင်းပြောဖို့
ဆရာစားတစ်ကွက်တော့ ချန်လှပ်ခွင့်ပြုပါ

ချစ်တယ်ဆိုတာ

ရင်မခုန်ပဲ စတင်ခဲ့တယ်ဆိုရင်
အချစ်နဲ့ ကျနော့်ကြားက ချစ်ခြင်းတရားဟာ
ကျိန်စာမိသွားတဲ့ အချစ်ပုံပြင်တစ်ပုဒ်ပါ။

အချစ်ဆိုတာ
အသက်ရှူသံပြင်းပြင်းတွေ
မပါဝင်ခဲ့ဘူးဆိုရင် လမ်းခွဲမယ်ဆုံးဖြတ်တုန်းက
သံယောဇဉ်နှောင်ကြိုးတွေ တင်းကျန်မရစ်နေအောင်
ဘာကြိုးမှ မချည်နှောင်ခဲ့မိတဲ့
ခပ်မိုက်မိုက် အတွေးအခေါ် လွဲမှားမှုတစ်ခုပါ ။

အချစ်ဆိုတာ
မျက်ရည် မရှိရင် ငြင်းခုံမှုမရှိရင်
စိတ်ကောက်ခြင်းမရှိရင် နာလည်ချင်ယောင်မဆောင်ရင်
အချစ်နဲ့ ကျနော် လမ်းခွဲတစ်ခု မှာ လမ်းခွဲစကား
ပြောဖြစ်ချင်မှ ပြောဖြစ်လိမ့်မယ် ။


အချစ်ဆိုတဲ့ အဖြူရောင် ကားချပ်တစ်ခုကို
နားလည်မှု စာနာမှု ဆိုတဲ့ ဆေးရောင်တွေ
ပက်ဖျန်းလို့ အရောင်ပြောင်းအောင်လုပ်ခဲ့တာလည်း
အချစ် နဲ့ ကျနော်ပါပဲ

ဘာပဲဖြစ်ဖြစ်
အချစ်နဲ့ ဆုံစည်းခွင့်ရလို့ အချစ်ကိုကျေးဇူးတင်ပါတယ်
ကျနော်ပြောပြချင်တဲ့အချစ်အကြောင်းက
ဒီနေရာမှာတင် နိဂုံးချုပ်ခဲ့ပါတယ် ။





12 comments:

Angelhlaing(May everybody be happy and healthy! said...

အားပါးပါး ဖတ်လို့ကောင်းလိုက်တာ...ကဗျာလေးလည်း မိုက်တယ်..ကိုမျိုး....
ကောင်းသောနေ့လေးဖြစ်ပါစေ။

အင်္ဂါဟူး said...

ဟာဟ ကိုမောင်မျိုးက ဒီလိုဇတ်လမ်းတွေလဲ ရှိခဲ့တာကိုး.. မဟုတ်မဟပ် လုပ်ဇတ်တွေလား၊ အမာရွတ်ထင်ကျန် အမှန်အကန်တွေလား မမေးတော့ပါဘူးဗျာ... ၀န်ခံထားပြီးသားမို့လား..

...အလင်းစက်များ said...

ဟ... ဘာတွေ တိုးခွေ့ပြီး ဘာတွေ ရကုန်လို့  မောင်ငမျိုးကို လာပြောတာတုန်း... အဲ့ဒါလင်းဦး။ ရုပ်ရှင်လတ်မှတ်လား။ ဘာတုန်း။

ကဗျာကတော့ ကိုယ်က မခံစားတတ်ဘူး.. မပြောတတ်ဘူး။ ပိုစ့်လေးတော့ ကြိုက်တယ်။ တခါတရံ ရင်ခုန်တယ်ဆိုတာ ကိုယ့်ကိုကိုယ် ဘာမှန်း မသိတတ်ဘူး။ အဲ့ဒါ အမှန်ပဲ။

ကားခတွေကတော့ မောင်ငမျိုးရေ... အဲကွန်းကား၊ နောက်ပြီး ဟိုင်းဝေးပေါ် တက်တဲ့ကား မတက်တဲ့ကား ကားသေး၊ ကားကြီး၊ လော့သိုး ဒါတွေပေါ်လိုက်ပြီး ကွာသကွဲ့ ။ နောင်မှ ဘယ်ကား ဘယ်လောက်စီးရင် ဘယ်နှ ဘတ် ကျတယ်ဆိုတာ သီးသန့် တင်ပေးဦးမယ်.. ထိုင်းလာလည်တဲ့သူတွေ တက္ကစီမီတာ ခ မကုန်အောင် လုပ်ပေးဦးမယ်... ဟီး။

Ainn Chann Myay said...

ခါးသီးမှုတွေ၊ ချိုမြိန်မှုတွေ.. လွမ်းဆွတ်မှုတွေ ထဲက ဘယ်လိုပဲဖြစ်ဖြစ် ဆုံတွေ့ရတာကိုလည်း အချစ်နဲ့ဆုံတွေဖူးသူတိုင်းက ကျေးဇူးတင်ပါလိမ့်မယ်။ နေကောင်းခါစ ရေးပေးတဲ့တွက် ကျေးဇူးတင် မဆုံးပါဘူး။ ၀န်ခံချက်ထဲမှာ အဖြေပါနေပြီလို့ တဖက်သတ်ပြောလိုက်ရင်.. ကျနော် နောက်မရေးတော့ဘူး ဖြစ်မှာစိုးလို့ အဲသလို မပြောတော့ဘူးလို့ပဲ သတ်မှတ်လိုက်ပါတော့လို့...း))

ဒီမိုးဆူး said...

"ဘာပဲဖြစ်ဖြစ်
အချစ်နဲ့ ဆုံစည်းခွင့်ရလို့ အချစ်ကိုကျေးဇူးတင်ပါတယ်" တဲ့။ ဟုတ်တယ်နော်။ မမျှော်လင့်တဲ့ ခွဲခွါခြင်းတွေမှာ အပြစ်မမြင်ပဲ ကျေးဇူးတင်သင့်တာပေါ့။ ပြီးတော့ ကြားဖူးသေးတယ် မောင်မျိုးရဲ့။ အချစ်ဆိုတာ အသစ်တစ်ဖန် မွေးဖွားတတ်တဲ့အရာတဲ့။ စောင့်ကြည့်လိုက်နော်,,,,:P ,,,,,ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့နာမည်လေးနဲ့ ပထမဆုံး မန့် ခွင့်ရတဲ့ အတွက်လည်း မောင်မျိုးကို ကျေးဇူးအထူးတင်လျှက်ပါ။

Nyi Linn Thit said...

ပြောပြသွားတဲ့ အကြောင်းလေးရော၊ ကဗျာလေးပါ ကောင်းတယ်ညီ...၊ တကယ်လား၊ စိတ်ကူးယဉ်လား ဆိုတာလည်း မမေးပါဘူးဗျာ၊ ဟိုပို့စ် ဒီပို့စ်တွေမှာ ပါလာတတ်တဲ့ ဘဝအစိတ်အပိုင်း ဟိုတစ ဒီတစတွေကို ကောက်ပြီး ဆက်စပ်ပုံဖော်ကြည့်ရတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်လား...။း)

မောင်လေး said...

သိပ်လှတယ်...၊အကို ညီ့ ပို့စ်ကို ကိုယ့်ဘာသာ ဖြူဖြူစင်စင်
လို့ နာမည်ပေးလိုက်မိတယ်...။တကယ့်ကို ဖြူဖြူစင်စင်အချစ်လေး....။

Anonymous said...

ဒါဆို
ကိုမောင်မျိုး ရဲ့ အချစ်က
မမ နဲ့ မောင်လေး ပေါ့ ... :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

လင်းဒီပ said...

အချစ်က ကိုယ့်ကို ဆရာစားချန်ခဲ့တာတွေ ပြန်ပြောပြဖို့အတွက် ဆရာစားနည်းနည်းချန်ခွင့်ပြုပါ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာစားချန်ထားတဲ့ မောင်မျိုးအချစ်က စိတ်ဝင်စားဖို့တော့ကောင်းသား။
တကယ်ဖြစ်ဖြစ် လုပ်ကြံထားတာဖြစ်ဖြစ် ရင်ထဲမှာ အချစ်တွေရှိတယ်ဆိုတာတော့ လှမ်းမြင်နေရသလိုဘဲ။
အချစ်ကို ချစ်နေတာကိုဘဲ အချစ်ဖြစ်တယ် ဟုတ်တယ် မဟုတ်လား ။ ညားတာ မညားတာ လက်တွဲရတာ မတွဲရတာနဲ့ အချစ်မဟုတ်တော့ဘူးလို့ ပြောလို့မရဘူးနော်။ ချစ်ခဲ့ဖူးရင်လည်း အချစ်ပဲ မဟုတ်လား

မိုးခါး said...

အချစ်အကြောင်းပြောဖို့
ဆရာစားတစ်ကွက်တော့ ချန်လှပ်ခွင့်ပြုပါ .. ဂွတ်ပဲ ..း))
ဖတ်လို့လည်းကောင်း .. အင်း .. စိတ်ထဲလဲ မကောင်းဘူးပေါ့ကွယ် ..း)

ကိုဇော် said...

အင်း . .
အခုတော့ အမြီးကို ထုတ်ပြပြီပေါ့လေ။

LinkWithin

Related Posts Plugin for WordPress, Blogger...