၁။
အဖြူထည်ဘ၀လေးပါပဲ
အနားမှာ အဘ နဲ့ အမေရှိတယ်
အငယ်ဆုံးလေးကို ၀ိုင်းချစ်တတ်ကြတဲ့
ချစ်သော အစ်ကိုအစ်မတွေရှိတယ်....
ဒါပေမယ့် အချိန်တန်တော့လည်း ကိုယ့်လမ်းကိုယ်လျှောက်။
မှတ်မိစ အသက် ၃ နှစ်ကျော်ကျော် ၄နှစ်စွန်းစ အိမ်မှာ ကျွဲတွေရှိတယ် မနက်မနက် အိပ်ယာထတာနဲ့ ထမင်းကြမ်း ပန်းကန်ကိုဆွဲ ကျွဲနို့စိမ်းဆမ်းလို့ မြိန်ရေရှက်ရည်စားသောက်ခဲ့တယ် အဲ့တာ ကျနော့်ရဲ့ ခလေးဘ၀ မနက်စာ အဟာရ ။ ကျနော်လိုချင်တာကို အမေက ဖြည့်စည်းပေးနေကျ အဘကတော့ သူ့ပခုံးပေါ်တင်လို့ ဘ၀လေးက အေးချမ်းလိုက်လေခြင်း ။ ဒါလေးတစ်ကောင်ကိုတော့ တို့တွေ ပညာကောင်းကောင်းသင်ပေးရမယ်လို့ အမေပြောပြောဖူးတဲ့စကား ဟုတ်ကဲ့ ကျနော် ပညာတတ်ကြီးသိပ်ဖြစ်ချင်ပါတယ် ။ ကျနော်ကျောင်းတက်ဖို့ အမေ့ရင်ခွင်ထဲက စခွဲခဲ့တာ ၆ နှစ်သား ။တစ်ခါခါတော့ ကျောင်းနေဘက်သူငယ်ချင်းတွေလို အမေပြင်ပေးတဲ့ ထမင်းကိုစား အမေဆင်ပေးတဲ့ အ၀တ်ကိုဝတ်လို့ ကျနော်လည်း ကျောင်းတက်ချင်စမ်းပါဘိ ။
၂။
ဘ၀က ခဲဖျက်ရာတွေများတယ်
မှောင်လွန်းတဲ့ ညတွေနဲ့
စောင်မလောက်တဲ့ ဆောင်းညတွေမှာ
ကျနော်ဟာလည်း ကိုယ့်လုံချည်ကိုယ် ဒူးတုံ့ခြုံလို့ ။
တကယ်တော့ ဆောင်းဆိုတာကို ကျနော် သိပ်မုန်းပါတယ် ရင်ခွင်နွေးထွေးမှုမရှိတဲ့ ခပ်စိမ်းစိမ်း အမျိုးတွေကြား ကျနော်က မောင်ပြာတာလေးပေါ့ ။ ဈေးပြေးဝယ်လိုက် ဂေါ်လီလေးပြေးရိုက်လိုက် ခေါင်းခေါက်ခံလိုက် ဖိနပ်လေးပျောက်လိုက်နဲ့ စောင်မလောက်တဲ့ ဆောင်းညတွေမှာ ကျနော့်အတွက် စောင်ပိုမရှိပါ အဲ့တော့ ကိုယ့်လုံချည်လေး ကိုယ် ဒူးတုံ့ချုံလို့ ကိုယ့်အနွေးဓာတ် ကိုယ်ပေးတဲ့ မီးလင်းဖိုလေးဖြစ်ခဲ့ဖူးတယ် ။ကျောင်းပိတ်ရက် အမေ့အိမ် ပြန်တိုင်း ကျနော်ကောက်ရိုးပုံကြား သွားသွားပုန်းနေတတ်တယ် အမေ ချော့မော့ပြန်ပို့တိုင်း “ သား အမေ့အိမ်ကနေပဲ ကျောင်းတက်ချင်တာ” လို့ ငိုယိုဂျီကျတိုင်း အမေက မချိပြုံးလေး ပြုံးလို့ ကျနော့်ခေါင်းကို ပွတ်သပ် ထားထားသွားခဲ့တယ် ။ ကျနော်ဆောင်းတွင်းကိုမုန်းပါတယ် ။
၃။
စားပွဲထိုးလေးဖြစ်ဖူးသလို
ထမင်းလေးဗူးအိုးကို မနိုင့်တနိုင်နဲ့တည်
တူအကြီးကောင် စိတ်ကောက်တိုင်း ကိုက်ကိုက်တတ်တဲ့
ကျနော့် ညာဘက်နားရွက်လေးဟာလည်း
ခုထိ အမာရွတ်လေးရှိတုန်း ။
၅ တန်းကျောင်းသား အစ်မဆိုင်ကို ပြောင်းနေတော့ ကျနော်ပိုင်ဆိုင်တဲ့ အသုံးဆောင်က အကျီင်္လေး၅ ထည်နဲ့ဘောင်းဘီတိုလေး၃ ထည် ။ ခုံပုလေးတွေဆက်လို့ ကိုယ့်အတွက် ကျောချစရာနေရာ တစ်တောင်လောက်မြင့်တဲ့ ခုန်အမြင့်လေးကနေ ခဏခဏ လိမ့်ကျဖူးပါရဲ့ ။ ခုနေ ပြန်တွေး ရယ်ချင်စရာတော့ကောင်းသား (အမှန်ကတော့ ဟန်လုပ်ရယ်ချင်မိတာပါ ) ။ အိမ်ပြန်ရောက် လွယ်အိတ်ကို ပစ်ချ သိပ်ဆိုးတဲ့ တူအကြီးကောင်ကိုထိန်းလို့ ခလေးစိတ်မကုန်သေးတဲ့ ကျနော်ဟာလည်း ခလေးတစ်ခြား လူကတခြား ။ ကုန်းပိုးရင်း ခဏခဏလဲကျမိလို့ စိတ်ကောက်တဲ့ တူတော်မောင်က နားရွက်ကိုကိုက်လို့ ခုချိန်ထိ အမာရွတ်လေးက ရှိတုန်း ။
၎။
ကျောင်းသားကြီးရဲ့လမ်းစဉ်အစက
ရွှေရင်အေးရောင်းတဲ့ ဈေးသည်လေး
ရှက်တော့ ရှက်တယ် ဒါပေမယ့်မရှက်ပါ
အထုထောင်းများတော့ မာတယ်တဲ့
ကျနော်ဟာလည်း အဲ့တုန်းကတော့ ခပ်မာမာပါပဲ ။
တစ်ချို့သောသူတွေ အတွက် အရာရာဟာ လက်တစ်ကမ်းအလိုမှာရှိနေတတ်ပေတယ့် တစ်ချို့သောသူတွေအတွက်တော့ ကံကောင်းခြင်းဆိုတာ မိုင်ချီပြီး ရှိနေတတ်ပါတယ် ။တစ်နယ်တစ်ကျေး ကျောင်းတက်ချင်လွန်းတာကြောင့် ကျောင်းစရိတ်ရအောင် စုရတဲ့ ကိုယ့်အတွက် အလုပ်က ဈေးသည်လေးပေါ့ ။ မနက်စောစော အစ်မက ဆိုင်အတွက်လိုတာတွေပြင်ပေးတယ် ပြီးတော့ ကျနော်ကဈေးရောင်းတယ် ရှက်လည်းရှက်တယ် ရှက်လည်းမရှက်ဘူး လိုအပ်ချက်တွေ များများလာတဲ့ အခါ လိုတာတွေဖြည့်ဖို့အတွက် ရုန်းကန်လှုပ်ရှားရင် အရှက်ဆိုတာ အဲ့လောက်ထိ အရေးမပါပါဘူး ။ “ ရေခဲများများထည့်ပေး ” ။“ သကြားရည်ပိုထည့် အန်တီက အချိုကြိုက်တယ် ” ။ လူပျိုပေါက်လေးတည်းက ကျနော် အပြုံးတွေကို ဖောဖောသီသီ တပ်ဆင်ရင်း ဟုတ်ကဲ့ ကို ထပ်နေအောင် ပြောတတ်နေပြီး ။
၅။
အမေ့ရင်ဘတ်ထဲက
ထွက်ထွက်လာတဲ့ ချွေးစက်တွေနဲ့
ပိုက်ဆံအကြွေတွေက ကျနော်ရဲ့ အိပ်မက်တွေကို
ပက်ဖျန်းလိုက်တဲ့ အခါ ......။
ကျနော် သိပ်ကို ပညာတတ်ချင်ပါတယ် ။ စာတွေအမြဲကျက်နေချင်တယ် ကျနော်သိပ်ကြိုက်တဲ့ အဖြူရောင်လက်ရှည်လေးနဲ့ လုံချည်နက်ပြာရောက်ကွပ်စိတ်လေးကိုဝတ်လို့ ကျောင်းတက်ချင်ပါသေးတယ် ။ မြင့်မားလွန်းတဲ့ကျောင်းစရိတ်တွေကြားမှာ အိမ်ပြန်ပြန်လာတိုင်း အမေ့ဆီလက်ဖြန့်လို့ အမေ့မျက်နှာ ကြံရာမရ ဖြစ်တဲ့အခါတိုင်း ကျနော့်ကိုယ် ကျနော်မုန်းမိပါတယ် ။ အမေနဲ့ သိပ်လိုက်တဲ့ အနီရောင် မိုးကုတ်နားကပ်လေးဟာလည်း အမေ့နားပေါ်က ပျောက်လိုက် ပေါ်လိုက် အမေ့နားပေါက်လေးက ဟောင်းလောင်းလေးဖြစ်လို့။ ကျနော့်အတွက် ကျောင်းစရိတ် အမေ ထုတ်ပေးတိုင်း ချွေးစက်တွေ စွန်းထင်နေတဲ့ ရာတန်အရွက်သေးသေးအထပ်လေးဟာလည်း ကျနော်အတွက် အင်အားတွေချိနဲ့ ရှေ့ဆက်ဖို့အတွက် တကယ်ကောင်းဆန် လမ်းမကို ရွေးချယ်မိနေသလားလို့ တွေးမိတယ် ။
၆။
အမေ့အသံတိတ်ဆိတ်
ကျနော်ကတော့ သူရဲကောင်းကြီးလို
နင်လားဟဲ့ လောကဓံလို့ စိန်ခေါ်ချင်တော့
အမေက စိုးရိမ်စိတ်နဲ့ မေးတယ် “ဖြစ်ပါ့မလား ” တဲ့ ။
ကျောင်းမတက်ချင်တော့ဘူး လက်မှတ်လေးတစ်ခုရရင်တော်ပြီး အဲ့လိုပြောတဲ့ နေ့က အားမာန်တွေတင်းထားပေမယ့် အမေ အားတွေလျှော့သွားတယ် ။ ““အစ်ကို့ဆီလိုက်သွားချင်တယ် အဝေးကြီးလည်းမဟုတ်မှမဟုတ်တာ အမေသတိရရင် မှာလိုက်ပေါ့ သားပြန်လာမယ် ”” ။ အမေကတော့ စိတ်တွေပူလို့ဖြစ်ပါ့မလားတဲ့ အဲ့တုန်းက ၂၀ ၀င်စ ဂျင်းကွာတားလေးဝတ်လို့ ကြံရည်ရောင် ရှပ်အကျီင်္နဲ့ ကိုယ့်ရဲ့ စွန့်စားခန်းအစက အူကြောင်ကြောင်လေး ။ အဲ့တုန်းက ရေချိုးးမှားပြီး အမေ့နဲ့ မွေးရပ်မြေကို လွမ်းလို့  ကျနော်တစ်ပါတ်လောက် ဖျားသေးတယ် အမေ ။ အမေ သိတယ်ဟုတ် အမေ့သား ကျနော် တစ်ကိုယ်ကောင်းမဆန်တတ်ဘူးဆိုတာ ။
၇။
ဘာမှတော့ ဖြစ်မလာသေးဘူး
ကုန်ဆုံးသွားတဲ့နေ့ရက်တွေသာများလာတယ်
အရင်လိုမဟုတ်ပဲ နည်းနည်းပါးပါးသောက်တတ် စားတတ်လာတာကလွဲလို့
ကျနော်ဟာလည်း အရင်က ကျနော်ပါပဲ ။
ဘာမှတော့ ဖြစ်မလာသေးပါဘူး စုဆောင်းမယ် ကြံလိုက် ထွက်လမ်းတွေက များလာလိုက် ။မပြောချင်ပေမယ့် ဟန်လုပ်ပြောရတဲ့ အခါတွေရှိသလို မပြုံးချင်ပေမယ့် မချိသွားဖြဲ လုပ်ရတဲ့ အခါတွေလည်းများလာတယ်။ မှန်ပေမယ့် ပြန်ပြောရခက်တဲ့ အခြေနေမျိုးတွေ ရှိသလို မဟုတ်တာကို မဟုတ်တဲ့ အကြောင်း ပြန်လည်ချေပခွင့်လည်း ရှိချင်မှရှိမယ် ။ ကျနော်ဟာလည်း အရင်ထပ် စာရင်တော့ နည်းနည်းလူပါးဝတတ်လာတာလွဲလို့ အရင်တိုင်းပါပဲ ဘာမှမဖြစ်လာသေးတာကလွဲလို့ ဘာမှမရှိတာပဲ ကျနော့်အတွက် ပိုလာတယ် ။ ဒီလောက်ပါပဲ သူ့ဟာနဲ့သူပုန်မှန်လည်ပတ်နေတုန်း ။

P>S = ဒါဟာ အသနားခံစာတစ်စောင်မဟုတ်သလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ စာမျိုးလည်းမဟုတ်ပါ ကိုယ်ကိုယ်တိုင် သိပ်ပြန်မတွေးဖြစ်တဲ့ အကြောင်းရာတွေကို ကိုယ့်အပြင် www ကြီးတစ်ခုလုံးကို ရင်ဖွင့်မိတဲ့ သဘောပေါ့ ။ ကျနော်ဟာလည်း လူသားတည်းက လူတစ်ယောက်မို့ ဘ၀ မေ့မေ့တတ်ပါတယ် ဒါကြောင့် ဒီစာကို ပြန်ပြန်ဖတ်မိတိုင်း ကိုယ့်ဘ၀ကို ပြန်မှတ်မိစေချင်တဲ့စိတ်ကြောင့်ရေးဖြစ်သွားတာပါ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ။
9 comments:
အေး ကောင်းပါ့ မောင်မျိုးရယ်.. နင့်ဘ၀ ငါ့ဘ၀ နှစ်ခုပေါင်းကို ဖြစ်ရပ်မှန် ၀တ္ထု တစ်ပုဒ်ရေးလိုက်ရင်.. စာဖတ်သူရဲ့ မျက်ရည်တွေ ဂင်္ဂါလို စီးလောက်တယ် ကြောင်မျိုးရယ်..
မောင်မျိုး....
အောက်ဆုံးက အနီရောင်နဲ့ ရေးထားတဲ့ စာလေးက အစ ကြိုက်တယ်ကွာ။ ဒီလို စာမျိုးကို တကယ်ကို သဘောကျတယ်။ လေးလည်း လေးစားပါတယ်။
ဆက်ပြောဦးမယ်။ ဒါဟာ လုံးဝ အသနားခံစာ မဟုတ်ဘူး။ ကိုယ် ဘယ်လို ဖြစ်နေပါတယ် ဆိုပြီး လူတွေ သနားအောင်လုပ်ပြီး လူထု မေတ္တာကို ခြူယူနေပြီး ရေးနေတာမှ မဟုတ်တာ။ ဖြတ်သန်းခဲ့ရဖူးတဲ့ အတိတ်တွေကို ပြန်ချပြနေတာပဲ။ ဒါဟာသမိုင်းကြောင်း ၊ လျှောက်ခဲ့ရတဲ့ လမ်းစဉ် ၊ ဖြတ်သွားဖူးတဲ့ လမ်းညွှန် ၊ ကျော်လွှားခဲ့ရတဲ့ အတိတ်နေ့စွဲ ၊ မက်ခဲ့ရပြီး ပြန်ပျော်သွားတတ်တဲ့ အိပ်မက်။ ဒီလို စာလေးတွေကို အရမ်း သဘောကျတာပါ။ ကိုယ်တိုင်လည်း ဒီလို ရေးဖို့ အားထုတ် ကြိုးပမ်းနေတုန်းပါပဲ။ အခုလို ရေးတာ အားပေးပါတယ်။ ဆက်ရေးပါဦး။
စောင့်ဖတ်နေပါတယ်။
ညီရေ ဘ၀လမ်းဆို အစမှာဘယ်လိုပဲလျှောက်ခဲ့လျှောက်ခဲ့ အချိန်တန်ရင် ရည်မှန်းတဲ့ နေရာရောက်ဖို့ သာ အရေးကြီးတာပါ။ ကုန်ဆုံးသွားတဲ့နေ့ရက်တွေသာ များလာတယ် ကျနော်ဟာလည်း အရင်က ကျနော်ပါပဲ လို့ တော့ မထင်လိုက်ပါနဲ့  အနည်းဆုံးတော့ လောကကြီးကို တိုးဝင်ပြီး လောကဓံရဲ့ အရသာကိုမြည်းစမ်းဖူးတဲ့ ရင့်ကျက်တဲ့သူတစ်ယောက်တော့ ဖြစ်လာတာပဲလေ။ အားမလျှော့ပဲ ဆက်သာလျှောက် တကယ်ကြိုးစားတဲ့သူတစ်ယောက်အတွက် နေရာတစ်နေရာ အမြဲရှိနေပါတယ်။
စိတ်မကောင်းဖြစ်မိတယ် .။ ငါလည်း မင်းနဲ့ဆင်တူ ထူးမခြားနားဘ၀တွေကို ဖြတ်သန်းရဖူးပြီ ..။မင်းမုန်းတဲ့ ဒီဇင်ဘာရာသီဥတု ငါက သိပ်မက်မောတဲ့ကောင် ..။ သိုတည်း င့ါအတွက်တန်ဘိုးဖြတ်မရတဲ့အဖေ ဆုံးပါးသွားတဲ့ ဒီဇင်ဘာ .... ဆောင်အအေးမှာ င့ါရင်တွင်းအပူမီးက ဘယ်လိုမှ ငြိမ်းသက်မရနိုင်တာ မနက်ဖြန် ၇ ရက်နေ့ဆို ၁၄နှစ်ပြည့်ပေါ့ .။ စာလေးက ဖတ်လို့ကောင်းတယ် .. ဒါပေမယ့် မခံစားနိုင်ဘူးကွာ ..။
အားလုံးဖတ်ပြီးသွားတော့ ကဗျာကို အစအဆုံးတခေါက်ပြန်ဖတ်မိတယ်။ ကဗျာသတ်သတ်ဖတ်ရတာ ပိုပြီးလေးနက်တယ်လို့ ခံစားရတယ်ဗျာ..။
ဒီပို့စ်လေးကို ကော်ပီယူပြီး ညီ့စက်ထဲ သိမ်းထားမယ်
ကဗျာလေးနဲ့ စကားပြေလေးနဲ့ တွဲပြီး ဆွဲခေါ်သွားတာ
သိပ်လှ သိပ်ထိတယ်..။
တစ်ချို့သောသူတွေ အတွက် အရာရာဟာ လက်တစ်ကမ်းအလိုမှာရှိနေတတ်ပေတယ့် တစ်ချို့သောသူတွေအတွက်တော့ ကံကောင်းခြင်းဆိုတာ မိုင်ချီပြီး ရှိနေတတ်ပါတယ်..။
အဲဒီနေရာလေးရောက်တော့ ဖြန့်တွေးကြည့်နေမိတယ်
ကောင်းတယ် မောင်မျိုးရေ
ဘ၀အတွေ့အကြုံဆိုတာ လူတိုင်းမှာ ရှိကြတာပါဘဲနော်
တစ်ချို့ကတော့ လူတွေရှေ့ ကိုယ့်ဘ၀မှန်ကို အမှန်အတိုင်းရေးကြတယ်
တစ်ချို့ကျတော့ ကိုယ့်ရဲ့ နိမ့်ပါးတဲ့ အခြေအနေကို မရေးရဲကြဘူး ဟန်ဆောင်နေကြတယ်
ဘာဘဲဖြစ်ဖြစ် ဘ၀မမေ့ဘဲ ခုလို ကိုယ့်ဘ၀မှန်ကို သတိတရချပြရဲတဲ့ သူတွေကို ချီးကျူးမိပါတယ်..
ဟန်ဆောင်သူတွေထက် အဆများစွာ သာတယ် မဟုတ်ပါလားနော်..
ကိုယ်တို့တောသားတွေကတော့ ဆင်းရဲကြတာပါပဲကွာ..ဆင်းရဲတာရှက်စရာမရှိပါဘူး..ပျင်းရဲတာသာရှက်စရာပါ..
ကံအကြောင်းလေးတိုက်ဆိုင်လို့ ရေမြင့်လာရင် ကြာလဲမြင့်လာတာပါပဲ..
ကျွန်တော်တို့ဘဝတွေက ထူးမခြားနားတွေပါ ကိုမျိုးရာ...။
နောက်ဆုံးနံပါတ်၇ ကတော့ ထပ်တူကြလွန်းတယ်ဗျာ..။
Post a Comment