Sunday, April 1, 2012

ဟိုအရင်ကသင်္ကြန်


လေးလပိုင်းဖက် အစွန်းထွက်ပြီဆိုရင် လူက အကြောင်းမဲ့သက်သက် ရင်ခုန်လာပြီ။ ဒါပေမယ့် စည်းချက်တွေက အခုခေတ်နဲ့ မကိုက်ညီတော့။ ဟိုအရင်က သင်္ကြန်ဆိုတာ ငယ်ငယ်တုန်းက ဖြတ်ကျော်ဖူးတဲ့သင်္ကြန်ပေါ့…


ပထမဆုံး သင်္ကြန်မတိုင်ခင် ရခဲ့ဖူးတာက ရေဖလား။ အဒေါ်တွေက အစိုးရရေလာတဲ့အချိန် (အဝီစိတွင်းက ရေငှင်ထားတာမျိုး မဟုတ်ပဲ အချိန်နဲ့ဖြန့်ဝေပေးတဲ့ရေကို အရပ်ခေါ်ခေါ်တာပါ) ရေစုပေးထားပြီး သင်္ကြန်စကျတဲ့ မနက်မှာ အိမ်ရှေ့တည့်တည့် အဝတ်လျှော်ဇလုံ (စက်မှု ၁ ထုတ်) နဲ့ ရေတွေထည့်ထည့်ပေးပါတယ်။ ဝယ်ပေးတဲ့ရေဖလားနဲ့ ပက်နိုင်သလောက်ပက်ပေါ့။ ပက်ရတာက နည်းနည်း ကိုယ့်ကိုကိုယ် ရေလောင်းမိတာကများများပါ။


တချို့နှစ်တွေမှာ အိမ်နားက ကလေးတွေအတွက် မဏ္ဍပ်လေးဘာလေး ထိုးပေးတတ်ကြပြန်သေးတယ်။ လေးလုံးခြောက်ဖက် မဏ္ဍပ်ကြီးတွေ မဟုတ်ပဲ အိမ်ရှေ့ အုန်းပင်က အုန်းလက်လေးတွေကို လေးကွက်ကြားတိုင်ထူပြီး မဏပ်လုပ်တာပါ။ သင်္ကြန်ပြီးတော့ အဲ့ဒါကိုပဲ စတုဓိသာမဏ္ဍပ်ဆိုပြီးလည်း လုပ်ကြပြန်သေးတယ်။ ကြီးသလားဆိုတော့ သိပ်မကြီးပါဘူး တိုင်ကီ သုံးလုံးလောက်ငှရုံပေါ့။

ဥပုသ်သည်၊ ဈေးသည်၊ ဝန်ထမ်း၊ ရဟန်းသံဃာများကို ရေမပက်ဖို့ သိတတ်စအရွယ်မှာ စပြီး ပြောထားကြပါတယ်။ ကိုယ်တို့တွေအကြိုက်ဆုံးက သင်္ကြန်ကား၊ မြင်းလှည်း အလာကိုပါ။ အရင်တုန်းက ကားသိပ်မပေါသေးတော့ ဂျစ်ကားလေး တစီးနှစ်စီးဖြတ်ဖို့ နေကုန်အောင် စောင့်ပက်ရတာ။ မြင်းလှည်းကတော့ ဟောတစီး ဟောတစီး။ အဲ့ဒီကားတွေ မြင်းလှည်းတွေကို ၂လပိုင်းကုန်လောက်ကတည်း သူတို့မှာ စုငှားကြရတာတဲ့။ သင်္ကြန်မတိုင်ခင် ကားနဲ့မြင်းလှည်းကို အလှပြင်ဆင်ဖို့ ဒီဇိုင်းတွေ ဘာတွေဆွဲပေါ့။ ဘာမောင်၊ ညာမောင် စာတန်းတွေနဲ့ မချစ်ရင် ပစ်မယ်ဆိုတဲ့ ရေပြွတ်သေနတ်ကြီးတွေ တကိုင်ကိုင်။ အဝတ်အစားအဆန်းတွေနဲ့ မျက်နှာတွေမှာလည်း ခြယ်လို့သလို့။ မူးတဲ့သူ သိပ်တော့မများခဲ့သေးဘူး။

ရပ်ကွက်ထဲက အပျိုချောတွေနဲ့ အတူရေကစားရတဲ့အခါကြတော့ ရေမွှေးနံ့ကို မွှန်ထူလို့။ စပရေးဖြန်းတဲ့ဗူးနဲ့မဟုတ်ပဲ ရေပြွတ်သေနတ်အသေးစားလေးတွေထဲကို ရေမွှေးဖြန်းပြီး ပက်ကြတဲ့ခေတ်။ ရေခဲရေ၊ ပူစီဗောင်း၊ ဆပ်ပြာမှုန့်တွေနဲ့ ပက်တဲ့ခေတ်မရောက်သေးဘူး။


၇နှစ် ၈နှစ်ရောက်တော့ ရေပြွတ်နဲ့ပက်ပြီ။ အိမ်ကနေ ရေပက်တာမဟုတ်တော့ဘူး။ လွယ်အိတ်ထဲကို မိုလာတဗူးနဲ့ရေအပြည့်ထည့် ပြီးတော့ လွယ်အိတ်ကြိုးနှစ်ခုကို ပုခုံးနှစ်ဘက်မှာ လှန်ချလိုက်တဲ့အခါ ကျောပိုးအိတ်လိုလို။ သူငယ်ချင်းတွေစုပြီး ကိုယ့်ရပ်ကွက်တွင် မကပဲ မဏ္ဍပ်တွေပါ လှည့်တတ်လာပြီ။ ကိုယ်လိုအဖွဲ့နှစ်ဖွဲ့တွေပြီဆို ရေသင်္ကြန်စစ်ပွဲ။ ဗူးထဲက ရေကုန်ပြီဆိုရင် တိုင်ကီပြေးရှာပြီး ရေထည့်ပေတော့။ မဏ္ဍပ်က ပိုက်နဲ့ပက်ရင် ပိုက်သမားကို မျက်နှာချိုသွေးပြီး ရေဖြည့်ခိုင်းတာပါပဲ။ ပြီးတော့ မဏ္ဍပ်ပေါ်ပြန်ပက် ဟုတ်လို့ပေါ့။ စင်ပေါ်က သီချင်းဆိုနေတဲ့ ကောင်မလေးကို ရောက်မရောက်တော့ မသိဘူး ပက်တာတော့ ပက်ပစ်ခဲ့တာပဲ။ မှတ်မှတ်ရရ အဖေ့ဘကြီးဆီက ကြေးရေပြွတ်တချောင်း ရဘူးတယ်။ သူကတော့ ကားရေဆေးတာ ကိုယ်ကတော့ ရေပက်ဖို့။ အဝေးတော့အတော်ရောက်ပေမယ့် ရေပြွတ်ထဲ ရေတခါ ထည့်ရတာတင် အတော်လေး လက်ဝင်တယ်။ အခုထိ အိမ်မှာ အမှတ်တရသိမ်းထားသေးတယ်။


ရေပြွတ်ကာလ လွန်ပြန်တော့ ၊ ကားနဲ့လည်တဲ့ခေတ်ရောက်သွားပြီ။ ကားတွေကလည်း ဖေါခြင်းသောခြင်း။

အိမ်တွင်းပုန်းတဲ့ အပျိုတွေ မုဆိုးဖိုနဲ့ ရပါစေ

အမေ့ချွေးမပျောက်လို့ ရှာတွေ့ပြီတွေ့ပြီ သူပဲသူပဲ

ပိုက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့

စတဲ့ လူငယ်သဘာဝ အော်နည်းပေါင်းစုံတွေနဲ့ ပျော်တတ်လာတယ်။

များသောအားဖြင့်တော့ မန္တလေးမှာ နှစ်တိုင်းသင်္ကြန်ကျဖြစ်တယ်။ တနှစ်ပဲ မဏပ်ထိုင်ခဲ့တယ်။ ကျန်တဲ့နှစ်တွေအားလုံး မလည်တဲ့နေ့မရှိ။ မနက်ဆို ခြောက်နာရီလောက်ထ ကျုံးဘေးမှာ စီပေရော့ နေကုန်။ ကားနားကဖြတ်သွားတဲ့ အကင်လား အကြော်လား စားပြီး ဝမ်းမီးငြိမ်းရတယ်။ ဟော ညဆိုပြန်တော့ ဖြစ်သလို ကြက်ဥကြော်နဲ့ပြီးလိုက်တာပဲ။ နောက်ကျလို့မဖြစ်ဘူး အကမဏပ်တွေကို ကြည့်ဖို့ ကားနဲ့တခါပြန်စီ။ ပြောလို့ပြောတာ မဟုတ်ဘူး အကမှာ မန္တလေးက ယဉ်တယ်။ ဇိုးဇိုးဇက်ဇက် စည်းချက်နဲ့လိုက်ကတာမျိုး မဟုတ်ပဲ လက်ဖြင့်လက်၊ ခြေဖြင့်ခြေ၊ ခေါင်းဖြင့်ခေါင်း ယဉ်နေအောင်ကပါတယ်။ အမာစိန်များ လက်ချောင်းလေးတွေ ဝိုက်ပြီးကလိုက်ရင် အသက်ရှူဖို့တောင် မေ့မေ့နေတဲ့အထိကို ယဉ်ပါတယ်။ မနက်တော့ မော်တော်ပီကေတွေနဲ့ ကိစ္စပြီး၊ ညကျတော့ ဦးဇင်းတွေနဲ့တင် အငြိမ်။ မန္တလေးလူထုက ရဟန်းသာံကို အဲ့လောက်ချစ်ပါတယ်။


မေမြို့ဖက်တက်ချင်လည်းတက်၊ ဦးပိန်မှာ တထောက်နားချင်လည်းနားကြတယ်။ ဦးပိန်မှာတော့ ညနေဖက် အကြော်လေးနဲ့ စားစရာလေးတွေ ရတတ်တယ်။ မေမြို့တက်လမ်းတလျှောက်လည်း သီချင်းအော်ဆိုပြီး တက်သွားကြတာပါပဲ။ မေမြို့မှာတော့ ပိတောက်သိပ်မတွေ့ဖြစ်ဘူး။ ရေပက်တာလည်း မန္တလေးလောက် မများလှဘူးပေါ့။


သင်္ကြန်တွင်း ခရီးသွားကြတာလည်း တမျိုးပျော်စရာကောင်းပါတယ်။ အဝတ်တွေတော့ စိုလို့ပေါ့။ ရထားနဲ့သွားတဲ့သူတွေဆို သုံးလပိုင်းလောက်ကတည်းက ရထားဘူတာကစထွက်ရင် ရေပက်ပြီ။ အရပ်ဒေသကိုလိုက်ပြီးလည်း ရေပက်တဲ့အချိန်က မူကွဲသေးတယ်။ တချို့အရပ်တွေက အကြိုနေ့မှာ ရေစပက်နေပြီ။ မန္တလေးဖက်က မပက်ရသေး။ မကွေးဖက်ကျ နှစ်ဆန်းတရက်နေ့မှာပါ ရေပက်ပါတယ်။ နောက်ပိုင်းတော့ ခြောက်နာရီကျော် ရေမပက်ရ ဆိုတာတွေနဲ့ အရပ်ဒေသအားလုံးလည်း တပြေးညီဖြစ်ကုန်ရော။


၃လပိုင်းလောက်ကတည်းက မြန်မာ့အသံ (အဲ့ဒီတုန်းက မြန်မာအသံတခုပဲ ရှိခဲ့တာ) သင်္ကြန်အဆိုအကတွေကို မမောတမ်းကြည့်။ ခုခေတ်လို ကာရာအိုကေဆိုတာ မပေါ်သေးတော့ အာပြဲလျှာပြဲနဲ့ပဲ ရပ်ကွက်ထဲမှာအော်ပေါ့။ တချို့နှစ်တွေမှာတော့ စင်တင်ဂီတတွေဘာတွေ ရပ်ကွက်က လုပ်ပေးတယ်။ စင်ပေါ်တော့ မတက်ရဲပါဘူး ကိုယ့် အကြောင်းကိုသိပါတယ်။


ပျောက်ဆုံးသွားပြီဖြစ်တဲ့ သင်္ကြန်သံချပ်။ လေလေလေလား မောင်ရို့ ဆို ဝါးလက်ခုတ်လေး ပြေးတီးလိုက်ချင်သေးတာ။ အရင်တုန်းက လူကြီးတွေများ တယ်လည်း အကဲ့ရဲ့ခံနိုင်တယ်လို့ ချီးကျူးမိတယ်။


နှစ်ဆန်းတရက်နေ့၊ အတာအိုးတွေ ရောင်းကောင်းပြီး ကိုယ်တွေကတော့ တရပ်ကွက်လုံးက ကံကော်ပင်၊ မြေဇာပင်တွေ ရှာပေးရတာနဲ့တင် ပင်ပန်းလှပြီ။ မနက်ပိုင်း ဖိုးဖွားတွေကိုသန့်ရှင်းရေးကုသိုလ်ယူကြ ပြီးတော့ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေမှာ အစည်ကားဆုံးနေ့။ ချမ်းသာကြီးဘုရားမှာ နှစ်တိုင်း ကျင်းပမြဲ နွားဘေးမဲ့လွှတ်ပဲ။ အိမ်တွေက ဘုရားဆင်းထုတွေကို အမွှေးနံ့သာတွေနဲ့ ဖြန်းပက်ပူဇော်ကြပြန်သေးတယ်။


အခုတော့ ဒါတွေ အားလုံး ဟိုအရင်က သင်္ကြန်အဖြစ်နဲ့ပဲ ကျန်ရစ်နေတော့တယ်။ ကဲ.. ဒီတနှစ်တော့ သင်္ကြန်လာပြန်ဦးမယ်ပေါ့..။



P>S = စာဖတ်သူ ...................................... ရေးသည် ။

5 comments:

Anonymous said...

သင်္ကြန်ရောက်တိုင်း ရင်ခုန်စိတ်လှုပ်ရှားတယ်
ပိတောက်ပန်းကိုချစ်တယ်
နွေရဲ့အပူရှိန်ကိုမုန်းတယ်
သင်္ကြန်ကျတော့မယ်
ယဉ်ကျေးမှုနဲ့ ထပ်တူမျှတဲ့ ပွဲတော်ဖြစ်ပါစေ


မောင်ဘကြိုင်

မေမြို့သူ said...

လွမ်းတယ်..လွမ်းတယ်..
မန်းလေးမှာ လည်ခဲ့တာရယ်
မေမြို့မှာ နေခဲ့တုန်းက အချိန်တွေကို သတိရသွားပီ..

ကြယ်ပြာ said...

သင်္ကြန်ပို့စ်လေးတွေ ဖတ်ရတာ ပျော်ထှာ ...

နေ၀သန် said...

စာဖတ်သူက မောင်မျိုးပဲလားမသိဘူးနော်.. ဒီလောက်ရေးနိုင်တာ..း)))

ခင်မင်လျက်
နေ၀သန်

san htun said...

သင်္ကြန်ကို လွမ်းသွားပြီ မောင်မျိုးရေ..စာဖတ်သူက ဘယ်သူတုန်း..

LinkWithin

Related Posts Plugin for WordPress, Blogger...