Wednesday, March 21, 2012

လက်မှတ်လေးထိုးပေးလိုက်ပါဖိုးကျော်ရယ်..


ဆယ်မိနစ်တခါဆိုက်နေတဲ့ လေယာဉ်တွေကိုကြည့်ရင်း တဟီးဟီးမြည်သံတွေကြားမှာ..ဟေ့ကောင် လပြည့် ဆိုတော့ လန့်သွားမိတယ်။ အဲ့ဒီအသံမကြားရတာ ဘယ်လောက်ကြာပြီလဲ။ ဖိုးကျော် ဖိုးကျော် ဟာကွာ မင်းပျောက်နေလိုက်တာလို့ အပြစ်တင်ရင်း မချိတင်ကဲမေးလိုက်မိတယ်။ လက်မှတ်လေးထိုးပေးလိုက်ပါဖိုးကျော်ရယ်လို့ သူ့နှုတ်က ဖြည်းဖြည်းလေး ငြီးငြူပြလိုက်တဲ့အခါ ကိုယ့်ကိုကိုယ် နောင်တတွေ ရချင်လာမိတယ်။


ကိုယ်ပြောတဲ့စကားတွေဟာ လူတယောက်အတွက် နှစ်ပေါင်းများစွာ ထိခိုက်နာကျင် စေလိမ့်မယ်လို့ သိထားခဲ့ရင် အခုလို လွယ်လွယ်ကူကူ ပြောထွက်ခဲ့မှာ မဟုတ်ဘူးလို့ တွေးမိစေတဲ့အထိပါ။ တကယ်က ဒီဇာတ်လမ်းမှာ ကိုယ်က လူကြမ်းလည်းမဟုတ်သလို ဇာတ်ပို့ဇာတ်ရံလည်း မဟုတ်ခဲ့ပါဘူး။ စိတ်ထဲကတော့ ဖိုးကျော်ကို ကောင်းစေချင်တဲ့ စိတ်ဆန္ဒအပြည့်နဲ့ဆိုတာ ယုံကြည်ခဲ့တာမို့ အခုလို ပြောဖြစ်သွားတာလို့ပဲ ယုံကြည်ထားတယ်။ ဖိုးကျော်နဲ့ မိသော်ဆိုတာ ကိုယ့်ရဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်တွေပဲ မဟုတ်လား။


ဖိုးကျော်နဲ့ မိသော်တို့ ချစ်ကြိုက်ရာကနေ ရွှေလက်တွဲမြဲကြမယ်ဆိုတော့လည်း ကိုယ်ကလည်း လှိုက်လှိုက်လှဲလှဲ အားပေးကူညီမိတယ်။ သမီးလေး သီတဂူ မမွေးခင်ကာလမှာ ဖိုးကျော်တို့ဆီက အသံသဲ့သဲ့ကြားလာရပြီ။ မိသော်တယောက် အပြင်မှာ နည်းနည်း နာမည်ထွက်နေတယ်လို့ ပတ်ဝန်းကျင်က ပြောလာကြတယ်။ ဖိုးကျော်ကို မေးကြည့်တော့ သူက ကောင်းကောင်းမဖြေချင်ဘူး။ မိသော်က ပျော်ပျော်နေတတ်တာပါလို့ ဖြေပေမယ့် ဖိုးကျော်ရဲ့ မျက်ဝန်းတွေကို ကိုယ်က မကြိုက်ချင်လှဘူး။ ဒါပေမယ့် သူတို့အတွင်းရေးဆိုတော့ ကိုယ်က ခပ်ဝေးဝေးကပဲ ငေးနေရုံပေါ့။


မိသော်က ငယ်ကတည်းက အပေါင်းအသင်းမက်တယ်။ ပွင့်လင်းတာထက် ပိုတယ်လို့ ဆိုနိုင်တယ်။ ယောက်ျားလေး သူငယ်ချင်းဆိုတာ တရပ်ကွက်လုံးမှာ မိသော်နဲ့ မကင်းတာချည်းပဲ။ အလုပ်ထဲကဆိုပြီး လိုက်ပို့တဲ့ လူတွေကလည်း ကောင်းမွန်တောက်ပတဲ့အဝတ်အစားတွေ ဝတ်ထားကြပေမယ့် သူတို့ဆီက အခိုးအငွေ့တွေကို ဘေးကနေတောင် မြင်ရတဲ့အထိ။ အင်း မိသော် မိသော်…


မိသော်က ဖိုးကျော်နဲ့ အတူနေရတာနဲ့ မလုံလောက်ဘူးလို့ ဖိုးကျော်ကိုအရေးဆိုလာတယ်လို့ ဖိုးကျော် ပြောလာတဲ့အခါ ကိုယ် သိပ်မအံ့သြဖြစ်တော့ဘူး။ မိသော်ရဲ့ သတင်းက ပန်းတွေထက်ပိုမွှေးနေနှင့်ပြီးပြီမဟုတ်လား။ ဒါပေမယ့် ကိုယ်တိုင်တော့ မယုံရဲသေးဘူး။ ဒါအိပ်မက်ပဲလို့ လက်နှစ်ဖက်ကိုပိုင်ပိုင်ပိုက်ပြီး မေ့လိုက်ချင်တယ်။ သမီးလေး သီတဂူကိုလည်း မိသော်မိဘတွေအိမ်ကို ပို့ထားတဲ့နောက် မိသော်ခြေလှမ်းတွေကို မြင်တတ်ဖို့ကောင်းပြီပေါ့။


တကယ်တမ်း ဖိုးကျော်က မိသော်ကို သေမတတ်လောက်အောင်ကို ချစ်ခဲ့တာ။ မိသော်ကိုသဘောမကျတဲ့ မိဘမောင်နှမတွေနဲ့ အတိုက်အခံလုပ်ပြီး ယူခဲ့ရတာကို ကိုယ် အသိဆုံးမဟုတ်လား။ မိသော်ကတော့ ပျံလေတဲ့ငှက်ခါးပေါ့ နားမယ်လည်း မဟုတ်တော့ သိမယ်လို့ ကြုံးဝါးလည်း ကြားနိုင်မယ့်သူ မဟုတ်ပြန်။ မိသော်ကိုယ်တိုင်က တိုက်တွန်းနားချပေးပါလို့ ပြောလာတဲ့အခါ ကိုယ့်အတွက်တော့ တကယ့်ကို မီးတွင်းထဲခုန်ဆင်းရမလိုလို။ မပြောရက်ပါဘူး ဖိုးကျော်ရာ။


ကိုယ်ကိုတိုင် မိသော်ကို ရုပ်ရှင်ရုံထဲမှာ လူတယောက်နဲ့ ပလူးပလဲနေနေတာကို မြင်လိုက်ရတဲ့အခါမှာတော့ မိသော်ရဲ့ အရေးဆိုမှုကို အင်တိုက် အားတိုက် ပါဝင်ကူညီဖို့ ဆုံးဖြတ်လိုက်ပြီ။ ဖိုးကျော်လည်း ဒီနွံထဲမှာ ကျွံသထက်ကျွံနေခဲ့ပြီ။ အဲ့ဒီညက ဖိုးကျော်နဲ့ အရက်အတူသောက်ကြရင်း။


“ဖိုးကျော်” နှစ်ခါလောက် ကိုယ်ခေါ်လိုက် ပြောစရာရှိသလိုလိုနဲ့ မရှိသလိုလိုလုပ်လိုက် သက်မမောတခုကို ချလိုက်နဲ့ပေါ့။ ဖိုးကျော်က “ ဘာလဲ လပြည့် မင်းပြောစရာရှိတာ ပြောကွာ၊ ငါသိပါတယ် မင်း တခုခုပြောဖို့ကြိုးစားနေတာမဟုတ်လား”။ ငယ်ကတည်းက တွဲလာတဲ့ သူငယ်ချင်းတွေပဲ ရင်ဘတ်ချင်းရင်းနှီးပြီးသားတွေလေ။ “ဟုတ်တယ် ဖိုးကျော် ငါ့မှာ ပြောစရာရှိတယ်” ကိုယ်ပြောလိုက်ပေမယ့် ရှေ့ဆက်ပြောဖို့ ခွန်အားမဲ့နေပြန်တယ်။ “မင်းစဉ်းစားသင့်ပြီ” လို့ အရင်းမရှိအဖျားမရှိ ပြောချလိုက်တော့ သူ့မျက်ဝန်းတွေ စိုစွတ်လာတယ်။ သူမှ မဟုတ်ပါဘူးလေ ကိုယ်လည်း အမြင်အာရုံတွေ ဝေဝါးနေခဲ့တာမဟုတ်လား။


ခွက်ထဲက ကျန်သလောက်ကို မော့ရင်း “ လက်မှတ်လေးထိုးပေးလိုက်ပါ ဖိုးကျော်ရယ်” လို့ပြောတော့ ဖိုးကျော် ကြူကြူပါအောင်ငိုချလိုက်တာ။ ယောက်ျားတွေလည်း ထိန်းချုပ်ထားပေမယ့် ငိုတတ်တယ်တဲ့လေ။ “ငါလေ ငါ့အတွက်ရယ်လို့ မဟုတ်ပါဘူး သမီးလေးအတွက်ပါပါနေလို့၊ သူငါ့ရင်ခွင်မှာ မပျော်တော့တာ ငါသိပေမယ့်၊ သူလုပ်သမျှကို ဟောဒီရင်ဘတ်တဆုံး နာကျင်ခံရခက်အောင် မြင်နေပေမယ့် ငါတယောက်တည်း ကြိတ်မှိတ်မြိုသိပ်ထားခဲ့တာပါကွာ” ဖိုးကျော်ဆီက ဒီစကားတွေ ကြားရမယ်လို့ မျှော်လင့်ထားနှင့်ပြီးပြီ။


ဖိုးကျော် မင်း…ရှေ့ဆက်ပြီးပြောမယ့် အကြောင်းတွေကို ကိုယ်တိုင်ပဲ ရပ်လိုက်တာ ကောင်းတယ်။ ဖိုးကျော်ဆိုတဲ့ သူငယ်ချင်းက ငယ်ကတည်းက တသီးတသန့်နေတတ်တယ်။ အဝတ်အစားအသုံးအဆောင်တွေကအစ သူပိုင်ပစ္စည်းဆို သူတယောက်တည်းပဲသုံးတတ်တဲ့အကျင့်ရှိတဲ့သူမျိုး။ အခုလို ကိုယ်ချစ်တဲ့သူကို သူများနဲ့ခွဲဝေယူ နေတဲ့အဖြစ်ဟာ သူဘယ်လောက်အထိ ခံစားနေရမလဲဆိုတာ တိုင်းဆလို့ မရနိုင်ဘူးလေ။ ဖိုးကျော်ရယ်လို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရုံမှတပါး ကိုယ်ကလည်း ပုဝါကူရေဝင်ရှူပေးလို့ရတာမျိုး မဟုတ်လေတော့။


ဂစ်တာပေးကွာဆိုပြီး သီချင်းတပုဒ်ကို စတီးတော့….လက်ထဲက ဂစ်တာကိုလုပြီး ဆွေးဆွေးမြည့်ထွက်လာတဲ့ ဖိုးကျော်ရဲ့ သီချင်းသံကို ကိုယ်လည်း ကြေကွဲနေတဲ့ စိတ်တွေနဲ့ နားထောင်နေခဲ့ရတယ်။


အချစ်ထောင် သံယောဇဉ်ကြိုးနဲ့ တည်းနှောင်ထားတဲ့ အကျဉ်းဆောင် ကိုယ်ဘယ်လိုလုပ်ပြီး ရုန်းမှာလဲ မင်းပြောပါ၊ ကိုယ်ပိုင်တဲ့ လွတ်လပ်မှုတွေ စွန့်လွှတ်ထားလိုက်ပြီ..

အချစ်ထောင် လူ့လောက အကြီးမားဆုံးအရာဝတ္ထု နှိုင်းမရအောင် အပယ်ဘုံဖြစ်လိုက် နတ်ပြည်ဖြစ်လိုက် ရူးချင့်စရာ….ကိုယ့်ကို ထာဝရအချုပ်အနှောင် မင်းအကျဉ်းထောင်….


ဟုတ်ပါတယ် ဖိုးကျော် မင်းအတွက် တကယ့်အကျဉ်းထောင် ငရဲပြည်လိုလိုနတ်ပြည်လိုလိုပါသူငယ်ချင်းရယ်။ ရုန်းထွက်ပါသူငယ်ချင်းရယ် ဘယ်လိုအနေမျိုးနဲ့ပဲဖြစ်ဖြစ် ရုန်းထွက်ပါကွာ။ လက်မှတ်လေးသာထိုးပေးလိုက်ပါ ဖိုးကျော်ရယ်လို့ ထပ်ဆင့်ထပ်ဆင့်သာ တိုက်တွန်းနေခဲ့တယ်။


ဖိုးကျော်တယောက် မိသော်ကို လက်မှတ်ထိုးပေးအပြီး အားလုံးနဲ့ ဝေးတဲ့ နိုင်ငံရပ်ခြားကို ထွက်သွားတယ်လို့ သတင်းကြားပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်သွားခဲ့လိုက်တာ။ ကိုယ့်ဝမ်းပူဆာ မနေသာဆိုသလို ကိုယ့်ဝမ်းကိုကျောင်းရင်း ကိုယ့်ဘဝကိုမောင်းရင်းပေါ့။


ဟိုမှာ သမီးလေ သီတဂူ…သီတဂူတယောက် သူ့အဖေဖိုးကျော်ကို လာကြိုရင်း ကိုယ့်ကို ပြန်ဆုံတော့ သူမမှတ်မိတော့။ သီတဂူ သူ့အမေနဲ့ တူလိုက်တာလို့ စိတ်ထဲက ညည်းတွားမိတယ်။ ရုပ်လက္ခဏာတူပေမယ့် စိတ်တွေ မတူပါစေနဲ့ သမီးရယ်လို့ မသိစိတ်ထဲမှာ ဆုတောင်းလိုက်မိတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မိသော်တိမ်းပါးသွားတာကို သူတို့တွေတော့ သိတန်ကောင်းပါရဲ့။ နှစ်တွေတော့ ကြာပြီပဲလေ.


ဒါပေမယ့် လက်မှတ်လေးထိုးပေးလိုက်ပါ ဖိုးကျော်ရယ်လို့ သူရောကိုယ်ရော ဒီတနေ့လုံး ရွတ်နေမိတော့မှာ အသေအချာပါပဲ…


ချစ်တာ ရင်ထဲက တငွေ့ငွေ့နဲ့ ခံစားချက် မေတ္တာ အကုန်ပေါ်အောင်ထုတ်ပြီး မပြနိုင်စွမ်းလို့ ပေါက်ကွဲမတတ်.

ကြင်နာတဲ့စကားလေးတခွန်းလောက် ပေးသနားမျှလှည့်နော်…

အချစ် အမြန်စီးလားအချစ် ပြန်နှေးမလား အချစ် ခုန်တဲ့နှလုံးသား စံပြအကျဉ်းသား…



11 comments:

Nyi Linn Thit said...

အဲဒီလို လမ်းခွဲလိုက်ရတာကပဲ လူမမယ် သမီးလေး အတွက် ပိုကောင်းသွားလေမလား လို့ တွေးမိတယ်၊ ဒီလို မိသားစုတွေမှာ ကြီးပြင်းရတဲ့ ကလေးတွေ အတွက် စိတ်မကောင်း ဖြစ်မိတယ်..၊ ‘စာဖတ်သူ’ ရဲ့ အရေးအသားဟာ ညက်ညောလို့ ပင့်သက်အမောနဲ့ ခေါ်သွား နိုင်ခဲ့တယ်..။

mirror said...

ပါဝါကူ၊ ရေရှူလုပ်ရတဲ့အလုပ်ကလဲ ပေါ့သေးသေးကိစ္စတော့ မဟုတ်ဘူးဗျ နော်။ :)
ဖတ်ပြီး မောတောတောနဲ့ ကျန်ခဲ့တယ်။

နောက်ပြီး..သီတဂူဆိုတဲ့ အသိတစ်ယောက်ရှိတယ်။
ဒါပေမယ့် သူပ ယောက်ျားလေး
( ဒါက စကားမစပ်ပါ :D )

လွမ်းသုရင် said...

ဪ... ဘဝတွေ...ဘဝတွေ

mstint said...

လပြည့်ကလက်မှတ်ထိုးခိုင်းလိုက်တာမှန်သလို
ဖိုးကျော်လည်းအမှန်ကန်ဆုံးလမ်းကိုရွေးချယ်လိုက်တာပါ။
လုပ်ချင်တာထက်လုပ်သင့်တာလုပ်ခြင်းဟာ
အဆိုးထဲကအကောင်းကိုဆွဲထုတ်ယူတာပါပဲမောင်မျိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ရင်ကိုထိစေသော ဝတ္တုလေးတစ်ပုဒ်ပါ။

နေ၀သန် said...

တိုတိုလေးနဲ့ ထိလိုက်တာကွယ်.. လပြည့်ဆိုတာ ငါလေ.. :P.. မောင်မျိုးရဲ့စာတွေ ဒီနောက်ပိုင်းမှာ တစ်မျိုးလေးပြောင်းပြီး ခံစားမှုအသားပေးလာတယ်..း).. ဖတ်လို့သိပ်ကောင်းတယ်...

ခင်မင်လျက်
နေ၀သန်

rose of sharon said...

ရင်ဖွင့်စရာသူငယ်ချင်းကောင်းတစ်ယောက် ရှိနေခဲ့တာတော်သေးရဲ့နော်...း((

လင်းဒီပ said...

ဖတ်ရတာ မောပါတယ် ဖိုးကျော်ရယ်..။

8Yar said...

အရေးအသားကောင်းလိုက်တာအစ်ကိုမောင်မျိုးရေ။ ရင်ထဲကိုထိသွားတာပဲ။ လူကြီးတွေတစ်ယောက်မှားတာနဲ့ ကလေးတစ်သက်နာတာပဲဗျာ။

Than Lae said...

ဆရာမျိုး
အရေးအသားတွေ တစ်မျိုးလေးပြောင်းလာတယ် .. ရင်ထဲထိတဲ့ စကားလုံးလေးတွေနဲ့  ... သိပ်ဖတ်လို့ ကောင်းတယ်။

san htun said...

ဖတ်ပြီး မောသွားတယ် မောင်မျိုးရေ

LinkWithin

Related Posts Plugin for WordPress, Blogger...