Friday, March 2, 2012

ခြောက်လှန့်အိပ်မက်မှ တဖန်ပြန်လည်၍

တကယ်တော့ အိပ်မက်တခုလိုပါပဲ။ အိပ်မက်လို့ ယုံကြည်ထားတာက ကိုယ့်ကို ပိုစိတ်ချမ်းသာစေမယ် မဟုတ်လား။ အဲ့ဒီအိပ်မက်ကနေ အခုတခါ ပြန်လည်နိုးထရပြန်ပြီပေါ့။


ညကြီးဆယ်နာရီကျော်မှာ လှုပ်လှုပ်ရှားရှား အသံတွေ ဆူပွက်ညံနေခဲ့ပြီ။ အေးချမ်းတိတ်ဆိတ်နေတဲ့ ဒီဝန်ထမ်းရပ်ကွက် ဝန်းကျင်မှာ ညပိုင်းတာဝန်ကျသူတွေအတွက် ကြိုပို့ကားတွေ ဝင်ထွက်ရမယ့်အစား လူတွေရဲ့ အော်သံတွေနဲ့ အဲ့ဒီညက အိပ်မက်ရဲ့အစပါပဲ။


သပိတ် သပိတ် မှောက်မှောက် ဆန္ဒဆန္ဒပြပြ အရေးတော်ပုံ အောင်ရမည် ဆိုတဲ့ ကြွေးကြော်သံတွေက တရပ်ကွက်လုံးကို ပွက်ပွက်ညံလှုပ်နှိုးစေခဲ့တာ။ ရုံးသွားမယ့်ကားတွေ အားလုံး လမ်းမအလယ်မှာ ထီးတည်းတည်းကြီးကျန်လို့ လည်ပတ်နေတဲ့စက်ရုံကလည်း လည်ပတ်နေလျက်ပဲပေါ့။


နောက်နေ့ကျောင်းသွားဖို့ ပြင်တော့ ရုတ်ရုတ်သဲသဲဆို အိမ်ကိုပဲတန်းပြန်လာဖို့ အမေက အထပ်ထပ်မှာပါတယ်။ ရုတ်ရုတ်သဲသဲဆိုတဲ့ စကားလုံးကို ကိုယ်ကတော့ အဖြေမရှာတတ်သေးဘူး။ ဘာလို့ ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတွေက ကိုယ်ကိုချည်နှောင်ရင်း ကျောင်းကိုတော့ ရောက်ခဲ့တယ်။ တတန်းလုံးကျောင်းလာတာ မဟုတ်ခဲ့ဘူး။ ကွက်ကြားကွက်ကြား သူငယ်ချင်း ခုံနေရာလွတ်တွေကို ငေးမောရင်း ရုတ်ရုတ်သဲသဲ ဆိုတာ ကိုယ်တွေ့လိုက်ရသလိုပါ။ ကျောင်းဝန်းအပြင်ဘက်မှာ ဝန်ထမ်းတွေရယ် တချို့လူတွေရယ်ပေါ့။ လက်သီးလက်မောင်းတန်းပြီး ပါးစပ်ကလည်း ညကကြားထားတဲ့အတိုင်း ကြွေးကြော်လို့။ ဒါဟာ ရုတ်ရုတ်သဲသဲမှ မဟုတ်တာကွယ် လို့။ ကျောင်းဝန်းတံခါးကို ပိတ်ထားပေမယ့် သူတို့လည်း ကျော်မဝင်ကြသလို အထဲကလည်း ဘယ်သူမှ ထွက်မသွားကြပါဘူး။ ဒါပေမယ့် ခုံလွတ်နေရာက သူငယ်ချင်းတချို့တဝက်ကိုလည်း အဲ့ဒီအထဲမှာ မြင်လိုက်တယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျောင်းတက်ရတာ နောက်ဆုံးနေ့ပဲ။


အိမ်ပြန်ရောက်တော့ အဖေက အိမ်မှာမရှိတော့။ ညနက်နက်လာပေမယ့် အဖေပြန်မရောက်လာဘူး။ အမေက စိတ်ပူတတ်တာမို့ အဖေ့တပည့်တယောက် လာအကြောင်းကြားတယ်။ အဖေနဲ့အတူ တချို့သောသူတွေ စက်ရုံထဲမှာပဲ ရှိမယ်တဲ့။ စက်ရုံကိုလည်း လုံခြုံရေးအတွက် ပိတ်ထားလိုက်ပြီလို့ပြောသွားသေးတယ်။ အစောပိုင်းက လူစုလူဝေးတွေက ညဖက်မှာပါ လှည့်လည် ဆန္ဒပြလာကြတယ်။ သူတို့နဲ့ မလိုက်တဲ့သူတွေကို ငကြောက်တွေလို့လည်း စွပ်စွဲကြတယ်တဲ့။ လူကြီးတွေကတော့ တိုင်းရေးပြည်ရေး အခြေအနေမကောင်းသလို ရပ်ရွာလုံခြုံရေး မကောင်းတော့ဘူးလို့ ပြောကြတယ်။ မျက်စိဖွင့်ထားပေမယ့် နားမလည်တာလည်း အခက်သားနော်။ ကိုယ်လိုကလေးတွေကတော့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်ထဲက ခိုင်နဲ့မောင်တို့လို ကြွေးကြော်သံတွေကို ကဗျာလေးတွေလို လိုက်ရွတ်ဆိုနေမိတယ်။


ပတ်ဝန်းကျင် လေးငါးအိမ်စုပြီး အိမ်မှာလာနေကြပြီ။ အိမ်မှာလည်း ယောက်ျားသား ကြီးကြီးမားမားမရှိတာကြောင့်ရယ်၊ စုရပ်လို အားလုံးလုံခြုံမှုအတွက်ဆိုတာရယ် ပေါင်းမိကြတာ။ အမေတို့တွေ ထမင်းထုတ်ဆိုတာ လုပ်ဖို့ ငှက်ပျောရွက်တွေ ခူးပေးရပြန်တယ်။ ဒါနဲ့ ထမင်းထုတ်က ဘာအတွက်လဲ။ တိုက်ပွဲဝင်သူတွေအတွက်ဆိုပဲ။ အတန်းထဲက ဇော်ကြီးတို့တတွေ နောက်တခါတွေ့မှ မေးကြည့်ဦးမယ် ထမင်းထုတ်တွေက စားကောင်းတယ်ဆို ကိုယ်လည်း အဲ့ဒီ လှည့်လည်တဲ့သူထဲမှာပါချင်လို့။ သူတို့ သပိတ်တပ်ကြီးက ဈေးနားက ဘောလုံးကွင်းနားမှာ စခန်းချကြတာတဲ့။ ပျော်စရာပဲနေမှာနော်။


အမေ့ကို အဲ့လိုပျော်စရာပဲနော်လို့ ပြောမိလို့ ခေါင်းခေါက်ခံရတယ်။ ကလေး ပါးစပ်စည်းကမ်းမရှိဘူးတဲ့။ အဲ့ဒီသပိတ်တပ်ထဲမှာလိုက်သွားချင်တယ်လို့ ပြောမိရင် ဘာထပ်ဖြစ်မယ် မသိဘူး။ ဇော်ကြီးတို့တွေကို မေးဖို့နေနေသာသာ သူတို့က ဟေ့ကောင် ငကြောက်လို့ ပြောတာနဲ့တင် စကားဆက်မပြောချင်တော့ဘူး။ ကိုယ်က ငါးဟင်းမှ မကြိုက်တာ။ ထမင်းထုတ်က ငါးဟင်းပဲဆိုရင် ဘယ်လိုလုပ်မလဲလို့ တွေးပြီး သပိတ်တပ်ကို မပါချင်ဘူးလေ။ ကျောင်းတွေပိတ်ထားတာ အစပိုင်းတော့ ပျော်မိတယ်။ ကြာလာတော့လည်း ပျင်းလာပြန်ရော။


နေ့ခင်းနေ့လည် သပိတ်တပ်ကြီးချီလာပြီဆို အိမ်တံခါးတွေ အားလုံးကိုပိတ် လိုက်ကာတွေချပြီး အိမ်ထဲမှာပဲ ငြိမ်နေကြရတယ်။ အပြင်ဖက်ကနေ အထဲမှာလူရှိတာ သိတယ်နော် မကြောက်နဲ့ ထွက်လာခဲ့ဘာညာတို့ အော်ပေမယ့် အိမ်ထဲက အသံမပြုကြပါဘူး။ အပြင်ကလည်း ဝင်မလာကြဘူး။ အိမ်ထဲက လူတွေပါ သပိတ်တပ်ထဲ ပေါင်းသွားရင် ထမင်းထုတ်ဘယ်သူပို့မလဲ စဉ်းစားမိသေးတယ်။ အတွေးက အဲ့လိုတိမ်ခဲ့ဖူးတာပါ။


အချိန်ကြာလာတာနဲ့ သပိတ်တပ်ကြီး အင်အားက တောင့်စပြုလာပြီ။ ဘောလုံးကွင်းလည်း ပြည့်လုနီးပါးဖြစ်နေပြီ။ ကိုယ့်ရပ်ရွာမှာပဲ နေ့ပတ်လိုက် ညပတ်လိုက်က ပျင်းရိလာဟန်တူရဲ့။ စက်ရုံနားက မြို့ကိုချီတက်မယ်လို့ ကြားမိတယ်။ ချောက်ရေနံမြေသပိတ်လိုများလားလို့ သင်ထားတဲ့ သမိုင်းအတွေးကို ပုံရိပ်ဖော်ချင်မိခဲ့။


အဲ့ဒီနေ့ကတော့ အိမ်ထဲမှာ အောင်းနေရတာပျင်းတာနဲ့ ခြံထဲက ခြံစည်းရိုးတွေကို ပိတ်စွယ်တွေနဲ့ ချည်တမ်း ကစားနေမိတယ်။ အဖေ့အလုပ်ထဲက တယောက်က ညီအစ်ကိုနှစ်ယောက်စလုံး မလိုက်ရဘူးနော်လို့ သတိလာပေးတယ်။ စပ်စပ်စုစုပါနေကြမို့ ပါသွားမှာစိုးရိမ်ပုံပဲ။ ငါးဟင်းမကြိုက်လို့ ကိုယ်ကလည်း မလိုက်သေးဘူး။


ညနေလေးနာရီလောက်မှာတော့ ဖောင်းဒိုင်းဖောင်းဒိုင်းဆိုတဲ့ အသံတွေကြားရပြီ။ မြို့ထဲက စစ်တပ်က ပစ်ခတ်သံတွေတဲ့။ ဟင့်အင်းလူတွေကို မပစ်လောက်ပါဘူးလို့ ကိုယ်ကယုံကြည်ခဲ့တယ်။ သူတို့ ဒီအတိုင်းပဲ ကြွေးကြော်နေတာမဟုတ်လား။ လူတွေကြောက်အောင် မိုးပေါ်ထောင်ပစ်တာလို့။


ခဏနေတော့ အန်တီအေးမြိုင်တို့ အိမ်မှာ ငိုသံတွေကြားရတယ်။ ကိုသန်းထွေးဆုံးလို့တဲ့။ ဟော ဘယ့်နှယ် ဒီဗရုတ်ဗရက်ကာလမှာမှလို့ ကိုယ်ကတွေးလိုက်သေးတယ်။ ဒါပေမယ့် ညကတင်အစ်ကို့ကို ဂစ်တာတီးသင်ပေးနေသေးတာ ဘယ်လိုလုပ်ဆုံးပါ့မလဲပေါ့။ အလောင်းကို သပိတ်တပ်က သိမ်းထားတယ် ဆိုတော့မှ သူ ပါသွားတာကိုသိတယ်။ ဟင် ဒါဆို သူတို့က လူတွေကို ပစ်တာပေါ့။ လူလူချင်း ပစ်ရလောက်အောင် ဘာတွေများ…..


ဒီနောက်မှာတော့ သွေးတွေ သွေးတွေ တတိုင်းပြည်လုံးအနှံ့မှာ ပြန့်ကျဲပေပွနေတဲ့သွေးတွေနဲ့အတူ ကြောက်စရာကောင်းတဲ့ အိပ်မက်ရှည်ကို ကိုယ်တို့တွေ ဖြတ်ကျော်ခဲ့ကြရတယ်။


အဲ့ဒီကာလ မတိုင်ခင်အထိရော၊ သပိတ်ပြီးလို့ ကာလအတော်ကြာသည်အထိရော သပိတ်မှောက်ရခြင်း ဆိုတဲ့ အချက်အလက်တွေက ကိုယ်နဲ့ အလှမ်းကွာခဲ့ပါတယ်။ သပိတ်ကြီး မပြီးခင်အထိ ကျောင်းတွေ ပိတ်ထားခဲ့သလို၊ သပိတ်ကြီးပြီးသွားပြီး နောက်ပိုင်း အတော်ကြာသည်အထိလည်း ပိတ်ထားခဲ့တယ်။ တက္ကသိုလ်ဝင်တန်းဖြေပြီး တက္ကသိုလ်တက်ဖို့ စောင့်ခဲ့ရတဲ့နှစ်တွေကိုရော။ ကိုယ်တို့တွေရဲ့ နစ်နာမှုဆိုတာကို အခုနောက်ပိုင်းမှ ကိုယ်ပြန်တွေးမိတာ။ ကျောင်းတနှစ်နောက်ကျတဲ့ ကျောင်းသားတယောက်ရဲ့ ဘဝတက်လမ်းဆိုတာကိုပါ။ တချို့ဘာသာရပ်တွေက အသက်ကန့်သတ်ထားတဲ့အခါမျိုးပေါ့။ အချိန်ဆိုတာရယ် နုနယ်ပျိုမျစ်မှုရယ်က အဲ့ဒီမှာ စတေးလိုက်ခဲ့ရပြီ။


စီးပွားရေးပိတ်ဆို့မှုဆိုတဲ့ စကားလုံးရဲ့နောက်က ဆုံးရှုံးနစ်နာမှုက အတိုင်းထက်အလွန်ပါပဲ။ အခွင့်အလမ်းဆိုတာတွေ၊ နောက်ဆုံးပေါ် နည်းပညာဆိုတာတွေ ကိုယ်တို့တိုင်းပြည်နဲ့ဝေးသည်ထက်ဝေးကွာ။ အဲ့ဒီအခွင့်အလမ်းတွေ၊ နည်းပညာတွေနောက်ကို လိုက်မိတဲ့ လူငယ်တွေဟာလည်း တိုင်းပြည်နဲ့ ဝေးသည်ထက်ဝေးကွာ။ လူတိုင်းလူတိုင်းရဲ့ နစ်နာမှု အတိုင်းအဆပမာဏတော့ တွေးတောင်မကြည့်ဝံ့စရာပါ။


အဲ့ဒီဖြစ်ရပ်တွေကနေ ကိုယ်တို့တွေရဲ့ စိတ်ထဲမှာလည်း လူလူချင်းရွံကြောက်ကြီးတွေ ဖြစ်တတ်အောင် သင်ပေးခဲ့ပြီ။ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ ကမ္ဘာ့ကပ်ကြီးနဲ့လည်း မိတ်ဆက်ပေးခဲ့ပြီပေါ့။ ဟိုတယ်ရဝမ်ဒါလို၊ ဘလက်ဒိုင်းမွန်းလို၊ သည်ပိရာ့နစ်လို ကားမျိုးကို ကြည့်ရတဲ့အခါ ကိုယ့်စိတ်ထဲက အတိတ်ရုပ်ရှင်ကိုပါ လာလာထင်ဟပ်စေတယ်။


အခုလည်း သည်လေဒီဆိုတဲ့ကားကို မျက်စိက ကြည့်တာဖြစ်ပေမယ့် စိတ်ကတော့ အိပ်မက်တခုကို သွားမြင်မက်တယ်။


အိပ်မက်ဆိုတာမျိုးက ဒီအိပ်မက် မက်ပါစေတော့လို့ ဖန်တီးယူလို့ မရသလို၊ ဒီအိပ်မက် မမက်ပါနဲ့လို့လည်း မတားမြစ်သာပါဘူး။ ဒါပေမယ့် အခုလို ခြောက်လှန့်အိပ်မက် အသစ်အသစ်တွေ မဖြစ်ထွန်းပါစေနဲ့လို့တော့ စိတ်ထဲက ရည်မိတယ်….

10 comments:

နေ၀သန် said...

အဲဒီအသံတွေ မကြားချင်ဘူး.. အဲဒီ မြင်ကွင်းတွေ မမြင်ချင်ဘူး... ကွယ်..း((.. ဒါနဲ့ ထမင်းထုပ် နော်.. ထမင်းထုတ် မဟုတ်ဘူး.. :P. (ကြုံတုန်း ဆရာဝင်လုပ်တယ်မှတ်ပါ.. )

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

ွှအဲဒီအိပ်မက်ဆိုးတွေပြန်မမက်ချင်တော့ပါဘူး

Angelhlaing(May everybody be happy and healthy! said...

နောက်တစ်ကြိမ်မက်ဖို့ မသင့်တော့တဲ့ အိမ်မက်ပါပဲ ကိုမျိုးရေ...

mirror said...

ဟီးဟီး.. ကိုယ်သာဆိုလို့ကတော့ လိုက်သွားဦးမှာ။ ဘာလို့ဆို ငါးဟင်းဆို သိပ်ကြိုက်တယ်လေ။ :D

ထောင်တန်တဲ့စာ.. နောက်မိလို့များ ပေါ့သွားမလားတော့မသိဘူး။

ညိမ်းနိုင် said...

ဟွင်း...ငါးဟင်းမကြိုက်လို့မလိုက်ဘူးတဲ့....ဒီဦးလေး
ကတော့လေ.....:))၊စတာ....ဖတ်လို့ကောင်းတယ်...၊
ကိုယ်တို့တွေ ဒီခြောက်အိပ်မက်က လွတ်မြောက်ချိန်
တန်ပါပြီလေ....။

မိုးငွေ့...... said...

ပြန်မြင်မိတယ် အဲဒီတုန်းကကိုယ်က ခုနှစ်တန်းနှစ် အားတက်တရော အမှတ်၁၂ကျောင်းနဲ့လိုက်သွားဖြစ်သေးတယ် တစ်ရက်....မန်းမှာလေ....။ တို့တွေ ဒီအိပ်မက်က လွန်မြောက်ပါပြီ...လို့ မျှော်လင့်ရင်းး..။

san htun said...

ဒီအိမ်မက်မျိုးက နောက်တကြိမ် မမက်ချင်တော့တဲ့ အိမ်မက်မျိုးပါပဲ..

ကြယ်ပြာ said...

ကျောင်းတနှစ်နောက်ကျတဲ့ ကျောင်းသားတယောက်ရဲ့ ဘဝတက်လမ်းဆိုတာကိုပါ။ တချို့ဘာသာရပ်တွေက အသက်ကန့်သတ်ထားတဲ့အခါမျိုးပေါ့။ အချိန်ဆိုတာရယ် နုနယ်ပျိုမျစ်မှုရယ်က အဲ့ဒီမှာ စတေးလိုက်ခဲ့ရပြီ။

ဒီစာသားက အစ်မရဲ့ခံစားချက်နဲ့ ထပ်တူပဲ။
၈၈ တုန်းက တစ်ခါ၊ ပထမနှစ်တက်ခါစမှာ တစ်ခါ။ စုစုပေါင်း ၄ နှစ်လောက် နစ်နာဖူးတယ်။ ဒီစာပြန်ဖတ်တော့ အစ်မလဲ အိပ်မက်တစ်ခုပြန်မက်သွားတယ်။ အဲ့ဒီနေ့က ချင်းပြည်နယ်က အသေခံတပ်တွေခေါ်လာတာတဲ့။ ကြည့်တဲ့သူတွေကော ဆန္ဒပြတဲ့သူတွေကောကို ပစ်တာ။ အစ်မတို့အိမ်ထဲမှာ လူတွေဆိုတာ အပြည့်ပဲ။ ပစ်လို့ ပြေးမိပြေးရာပြေးဝင်လာတာ။ ကျောင်းသားအစ်ကိုကြီးတစ်ယောက်ဆို လက်မောင်းကိုရှပ်မှန်ထားတာ။ ရပ်ကွက်ထဲက ဆရာဝန်က အမှုပတ်မှာစိုးလို့ ကုမပေးဘူး။ ကချင်ပုဆိုး၊ အင်္ကျီဖြူမှာ သွေးတွေရဲလို့ ..... ဟင်းးးးး တော်ပြီး ဆက်မတွေးချင်တော့ဘူး .....

လင်းဒီပ said...

ဆိုးတဲ့ အိပ်မက်တွေ ပြီးခဲ့ပါပြီ ။ ကောင်းတဲ့ တကယ့်လက်တွေ့ နေ့သစ်တွေဆီ ရောက်ဖို့သာ တက်ညီလက်ညီနဲ့ ချီတက်ကြရမှာ မဟုတ်လား ။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အဲဒီအိပ်မက်တွေကိုလုံးဝထပ် မမက်ချင်တော့ဖူး

LinkWithin

Related Posts Plugin for WordPress, Blogger...