Saturday, February 18, 2012

ဦးလေး.....

ခုရက်ပိုင်း ကျနော် စာတွေ သိပ်မရေးဖြစ်ဘူး သူငယ်ချင်းရေးတဲ့စာတွေပဲ တင်ဖြစ်တယ် ။ ရေးဖို့လည်း ကုန်ကြမ်းမရှိသလို ရေးပြီးသား ကုန်ချောကလည်းမရှိ ။ အသက်ကလေးရလာတယ်လို့လည်း ကိုယ့်ကိုယ်ကိုမပြောချင်ပါဘူး ဒါပေမယ့်လည်း လူမှုရေး လုပ်ရတာတွေ ပိုပိုများလာတယ် ။ ကိုယ့်ရဲ့ အဝေးကြီးက သူစိမ်းတွေအပေါ် လူမှုရေးကြီးတွေ ကြီးကြီးကျယ်ကျယ် လုပ်မှ လူမှုရေးလုပ်ငန်းလို့ ကျနော်ကတော့ မထင်ပါဘူး ဆရာဦးဟန်ကြည် ပြောတဲ့စကားလေးကို သွားသတိရတယ် *ကိုယ့်အနားမှာရှိတဲ့သူတွေကိုတောင် မချစ်တတ်တဲ့သူက မမြင်ရတဲ့ ဘုရားသခင်ကို ချစ်တယ် ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ တဲ့ ။ ကျနော်လည်း တာဝန်တွေ များများလာတယ် ကိုယ်က ဦးလေးကိုး တစ်ခါတလေ သိပ်ကိုပင်ပန်းပါတယ် ခလေးလေးတွေလည်းမဟုတ်ကြတော့ပါပဲ ကိုယ့်မျက်စိထဲတော့ သူတို့လေးတွေ အားလုံးဟာ ခလေးလေးတွေလို့ကိုမြင်တုန်း အသေးဖွဲလေးက အစ ပြောမိနေတုန်း ဒါတွေက ချစ်ခြင်းတရားတွေဆိုတာ သူတို့တွေသိရင်ကောင်းမယ်။

ကျနော့်တုန်းက ဘယ်ဦးလေးတွေဆီကမှ မုန့်ဖိုးဆိုတာလည်းမရဖူးပါဘူး သူတို့လည်း သူတို့ဘ၀မှာ သူတို့တွေရုန်းကန်နေကြရတာ ဒါပေမယ့် တူ တူမတွေဆိုတာ မပြည့်စုံတဲ့ မိဘမှာ သူတို့ရဲ့ လိုချင်မှုလေးတွေဟာလည်း ဦးလေးတွေ အပေါ်မျှော်လင့်ချက်လေးတွေ ထားလာတတ်ကြပါတယ် ။ ကျနော့်တုန်းကတော့ ဒီလိုမျိုး ရရှိခဲ့မှုမရှိတော့ အခု ကိုယ်က ဦးလေးနေရာပြန်ရောက်တော့ တတ်နိုင်တာလေးတွေဖြည့်စည်းပေးချင်မိတယ် ။ တစ်နှစ်ကို တစ်ယောက်နှုန်းလောက်တိုးတိုးလာတယ် ။ အရင်က သေးသေးလေးတွေ ၀ယ်ပေးရတဲ့ တူတွေဟာလည်း ခုဆိုတော်တော်ကြီးကြီးမှ အဆင်ပြေတော့တာ ဒီ ဦးလေး မှာ ဖုတ်လိုက် ဖုတ်လိုက်နဲ့ ။

ခလေးတွေဟာလည်း သူတို့ ဦးလေး မဲဆောက်လိုနေရမှာ ရှိပေမယ့် သူတို့အတွက်တော့ အမေရိကားမှာ လစာ ဒေါ်လာနဲ့ချီရတဲ့ ဦးလေးပဲ ဒါကိုကတင် သူတို့အတွက်ကြွားစရာ အဖုံးမရှိတော့တဲ့ ကွမ်ဖာစုတ်လေးကိုလည်း ကြွားရတာ အမော * ဒါ ငါတို့ဦးသားလေး မဲဆောက်က ၀ယ်ပေးလိုက်တာ အကောင်းစား * တဲ့ ။ ပြီးတော့ ကိုယ်က အပေးပဲ ရှိချင်တာပဲ တကယ်ပဲ အယူပြန်ရှိရမယ့် အခြေနေကိုလည်း ကြောက်ပါတယ် ။မိဘရဲ့ ချစ်ခြင်းတရားတွေကို ရေးကြတဲ့စာမျိုးပဲဖတ်ရတာတွေများပေမယ့် ကျနော်တို့လို့ဦးလေးတွေရဲ့ ချစ်ခြင်းတရားကို ရေးမယ့်သူကတော့ ရှားမယ်ထင်ပါတယ် သွေးဟာ ရေလောက်မကျဲ သွေးက ပြန်ပြီးမွေးထားတဲ့ ရင်သွေးတွေဟာလည်း ကိုယ့်အတွက်တော့ရတနာလေးတွေပါပဲ သူတို့အားလုံးကို ကျနော်ချစ်ပါတယ် ။

တစ်ခါက မလတ် သမီးလေးအတွက်ပဲ ဂါဝန်လေးတစ်ထည်ပါသွားတယ် အရင်ဆုံးတွေ့တာက မငယ် ပြီးတော့ သူ့သမီးလေးအတွက်မပါတော့ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ပြန်သွားတာ ကျနော့်မှာ တစ်နေ့လုံး နေမထိ ထိုင်မသာ အမေက အဲ့တာကြောင့်ပြောတာပေါ့ သားရယ် နင် အဆင်မပြေရင် တစ်ယောက်မှ မ၀ယ်ပေးနဲ့ ၀ယ်ပေးရင်လည်း အယောက်စေ့ ၀ယ်ပေးလို့ အမေပြောတာပေါ့ သူစိမ်းတွေလည်းဖက်လာတော့ စိမ်ဝမ်းကွဲဖို့လွယ်လာပြီတဲ့ အဲ့ကတည်းက ကျနော်လည်းမှတ်သွားတယ် ။ တူမလေးတွေကများတယ် သူတို့အတွက် ကလစ်သေးသေးလေးတွေစု ၊ ပိုက်ဆံအိတ်သေးသေးလေးတွေစု တော်တော်ကြီးများမှ အယောက်စေ့တယ်ထင်မှ ပို့ဖြစ်တယ် တစ်ခါတလေ ခလေးတွေ ကအဝေမတည့်တော့ နပန်းလည်း လုံးကြသေးတယ်လေ အဲ့တော့ ကြွတ်ကြွတ်အိတ်ကလေးနဲ့ထည့် အဲ့ပေါ်မှာ တစ်ခါတည်း နာမည်တပ်ပေးလိုက်တယ် အေးရော ပြီးရင် စာတိုလေးလည်းထည့်ရေးလိုက်တယ် ပေးတဲ့အတိုင်း ယူနော် မလုကြနဲ့ လုရင် နောက်မ၀ယ်ပေးတော့ဘူး အဲ့တာက သက်သေခံချက် ခလေးတွေ လုကြရင် အစ်မတွေက နင်တို့ဦးသားလေး ပေးတာပဲယူ မဟုတ်ရင် လုကြတယ်လို့ပြန်တိုင်လိုက်မယ် အဲ့တာဆို နောက် နင်တို့ဘာမှမရတော့ဘူး အဲ့လိုပြောလိုက်ရင်တော့ အဲ့ဒီ လူဆိုးအသေးမွှားလေးတွေက ငြိမ်သွားကြကော ။

ကိုယ်ငယ်ငယ်ကထိန်းခဲ့ရတဲ့ တူတော်မောင် နှစ်ယောက်က ခုဆို တော်တော်ကြီး အရွယ်ရောက်နေကြပြီ ရည်းစားတွေလည်း ထားတတ်နေကြပြီ မကြီးကတော့ ခဏခဏကို တိုင်နေလို့ နားငြီးတယ်ဗျာ အဲ့တာတွေကြီးကြားရတာ စိတ်ရှုပ်လို့ လို့ပြောရတာ ။ အိမ်ပြန်တုန်းက အကြီးကောင်က ဆေးလိပ်တွေ ကွမ်းတွေပါ စားတတ်နေပြီ အစ်ကိုရယ် ကျနော်ရယ် တူနှစ်ယောက်ရယ် လက်ဖက်ရည်ဆိုင်ထိုင်တော့ အကြီးကောင် က ကောင်းကောင်းဆေးလိပ်ကိုဖွာလို့ နာရွက်ကဆွဲပြီး ခေါင်းကို ၂ဆင့်ချက်တီးထည့်ပေးလိုက်တယ် * ဦးလေးတွေရှေ့မှာ မရိုမသေနဲ့ လူကြီးကြီး လုပ်လို့ကွာ * တကယ်ဆို သူတို့တွေ အရွယ်ရောက်နေပြီဆိုတာ ကျနော် နားလည်ပေးရမှာ ဒါပေမယ့်လည်း မကောင်းတာမြင်ရင် ဆုံးမလိုက်ရမှ နေတတ်တဲ့ အကျင့်ကလည်းပြင်မရ လက်ဖက်ရည်ဆိုင်ဆိုတော့ လူကများတယ် သူရှက်သွားမှာ စိုးတော့ အစ်ကိုက * ငါ့ညီကလည်း သူတို့လည်း အရွယ်ရောက်ပြီ လွှတ်ထားပေးလိုက် တို့တွေ နေရာတိုင်းလိုက်ပြောဖို့မသင့်တော့ဘူး * တဲ့ အဲ့လိုကြီးလား ကျနော်ကတော့ အဲ့နေ့က တူတွေကိုပြောမရလို့ စိတ်ဆိုးပြီး အိမ်အစောကြီး တစ်ယောက်တည်း ထပြန်ခဲ့တယ် ။

ပြီးခဲ့တဲ့ ဆန်းဒေးပိတ်ရက်တုန်းက ဟိုဘက်ကမ်းမှာ နေနေတဲ့ အစ်ကိုကြီးရဲ့ သား ကို ဆုံးမခန်းသွားဖွင့်ရသေးတယ် စာမေးပွဲက ဖြေရတော့မယ် သူ့ရည်းစားကောင်မလေးနဲ့ ခိုးပြေးမလိုလို ဘာလိုလိုကြားနေရတော့ အစ်ကိုကဖုန်းဆက်ပြီး နည်းနည်းပါးပါး သွားဆုံးမပါအုံးတဲ့ ဟွန်း ငါတော့နော် အသက်တိုမယ် ဒါတွေနဲ့ပဲ ။ ဆုံးမရအောင်ကလည်း ကျနော့်ကိုယ် ကျနော်တောင် ငါလူကြီးဖြစ်ပြီရဲ့လားဆိုတာ ပြန်ပြန်မေးနေရတဲ့အဖြစ် ။သူ့ကိုတွေ့တော့ ပေတလူးတုန်း အငယ်တုန်းကလို ဒီ ခလေးရုပ်ပဲရှိသေးတဲ့ ကောင်လေးက ရည်းစားတွေရလို့ ခြေလှမ်းတွေတောင် ပြင်နေပြီဆိုပါလား * မင်းအဖေကတော့ ငါ့ကို သွားဆုံးမပါအုံးတဲ့ ငါလည်း စကား အများကြီးမပြောတတ်ဘူး ဆုံးလည်းမဆုံးမတတ်ဘူး မင်းကိုယ်မင်း လူကြီးဖြစ်ပြီလို့ထင်ပြီလား ကိုယ့်မုန့်ဖိုးတောင် ကိုယ်ရှာမသုံးတတ်သေးတဲ့သူက သူများသားသမီး ယူပြီး ရှာကျွေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား စဉ်းစားပါအုံး သူများတွေ တက်စ်စီမောင်းသလို မင်းမောင်းနိုင်မလား ပန်းရံလုပ်ရင်ကော လုပ်နိုင်ပြီလား အေး ကိုယ့်ကိုယ်ကို ပြန်စဉ်းစား မင်းတို့ဦးလေးဖြစ်တဲ့ ငါတောင် ဘာမှန်းမသိသေးတဲ့ ကိစ်စ မင်းတို့ ခေါင်းထဲရောက်နေတာ အံ့သြစရာပဲ * တူတော်မောင်က ဦးလေးဆူတော့ မျက်ရည်က စမ်းတမ်းတမ်း အဲ့လိုဆိုတော့ သနားလို့ မပြောတော့ဘူး ခပ်ပိန်ပိန် ကိုယ့်ပိုက်ဆံအိတ်ကလေးထဲက အသပြာလေးထုတ်လို့ * ရော့...မုန့်ဖိုး ဆံပင်လည်းသွားညှပ် ဖိနပ်လည်းတစ်ရံဝယ်စီးလိုက် ကျန်တာက မုန့်ဖိုး * မုန့်ဖိုးရလို့ ပျော်သွားတဲ့ သူ့ပုံစံက ခလေးတစ်ယောက်လိုဖြစ်နေတုန်း ။

အမေ့မှာ မောင်ဝမ်းကွဲ တစ်ယောက်ရှိပါတယ် လူပျိုကြီး တူ တူမတွေတော်တော်များတယ် အငယ်လေးကတည်းက သူထိန်းခဲ့တဲ့သူတွေကြီးပဲ သူ့ညီမ တစ်ယောက်ဆို ခလေးကြီး ၁၃ ယောက်လောက်ရှိတယ် မွေးထားတာ အဲ့ခလေးတွေက ကျနော်တို့နဲ့တော့ စိမ်းတယ် အနေဝေးတာလည်းပါတယ် အမေ့မောင်ဝမ်းကွဲကတော့ ရွာမှာ အိမ်ထောင်ကျပြီး နေနေတဲ့ သူ့တူတစ်ယောက်နဲ့ တူတူလာနေပါတယ် တစ်ခါတလေ အိမ်မှာ ထမင်းလာလာစားဖြစ်တယ် အမေကတော့ မောင်ဝမ်းကွဲဆိုပေမယ့် သနားလို့ သူ့ကိုမောင်လေးအရင်းတစ်ယောက်လို ချစ်ခင် ဂရုစိုက်တယ် သူကလည်း အမေ့ကို ချစ်ကြောက်ရိုသေပါပဲ ကျနော် သူ့ကို သတိထားမိတာ သူ့မှာ ဇရာရဲ့ အထုအထောင်းအပြင် စိတ်ဓာတ်ပိုင်းတွေပါ ကျကျလာသလိုပဲ အားကုန်ခမ်းနေတဲ့သူတစ်ယောက် လောကဟင်းလင်းပြင် လမ်းမကြီးမှာ တစ်ယောက်တည်း အဖော်မဲ့စွာလျှောက်လှမ်းရတာနဲ့ တူနေသလိုပါပဲ ။ မိုးတွင်း ဆို တူ က စပါးပေးနဲ့ငှားကျောင်းထားတဲ့ ကျွဲတွေကို သူက ကျောင်းပေးတယ် သူ့တူကတော့ အရက်တွေမူးလို့ အေးဆေးအိပ်နေတာ သူ့မှာတော့မိုးရွာကြီးထဲ ပင်ပန်းလိုက်တာ အချိန်တန်တော့ တူတွေက ကျွဲကျောင်းခ စပါးပေး အေးဆေးသွားထုတ်သုံးလိုက်တာပဲ ။

တစ်ခါတလေ သူလည်း စိတ်ပျက်တယ်ထင်ပါ့ အရက်တွေမူးပြီး အမေ့ကိုလာတိုင်လို့ ငိုယိုနေတတ်တယ် သူပြောတဲ့ စကားလေးက ကျနော့်ရင်ကိုထိပါတယ် * အစ်မရာ ကျနော့် တူ တူမတွေက ကျနော်ချစ်ခဲ့ရ ပေးဆပ်ခဲ့ရတာတွေနဲ့မတန်အောင် ကျနော့်ကို ဒဏ်ရာတွေ ပြန်ပေးကြတယ်ဗျာ * တဲ့ အဲ့အရက်မူးတဲ့ တူက မူးရင် ဦးလေးကို အိမ်ပေါ်က နှင်ချတတ်ပါသေးတယ် ဒီဦးလေးမရှိရင် ထမင်းငတ်ကိန်းဆိုက်မှာ သူတို့တွေ မသိကြဘူး ။ ကျနော်တို့တွေက ဦးလေးကို သနားပေမယ့် သူတို့က တူအရင်းတွေ အမြင်မတော်ပေမယ့် ရန်များလို့ ဘာမှ ၀င်မပြောကြဘူး ကျနော် မှတ်မိသလောက် အဲ့ဦးလေးက အလုပ်နဲ့ လက်ပြတ်တယ်မရှိပဲ ရှာကျွေးခဲ့တာ သူဆုံးတော့ သူရှာကျွေးခဲ့တဲ့ တူ တွေ တူမတွေ က ရှောင်ဖယ်ဖယ် နဲ့ အမေတို့ မောင်နှမတွေကပဲ သူတို့မောင် လူပျိုကြီးကို နောက်ဆုံးခရီး လှအောင် စီစဉ်ပေးခဲ့ရတာ ကျနော် အဲ့အဖြစ်ကြီးကို ကြားရ မြင်ရတော့ စိတ်မကောင်းလိုက်တာ အမေ့ကိုပြောဖြစ်သေးတယ် * မေ.... သားအလှည့်ကျရင်လည်း အဲ့လိုဖြစ် ဒုက်ခပဲနော် * ဆိုတော့ အမေက ရယ်လို့ *သားရယ် နင်ကလည်း လိုက်တွေးပူနေတယ် အဲ့လိုမဖြစ်နိုင်ပါဘူးလေ ဒါကြောင့် အမေက နင့်တစ်ယောက်တည်းကို စိတ်မချတာပေါ့ ကိုယ့်မိသားစုလေးနဲ့ကိုယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် သေပန်းတော့ လှမှာပေါ့ * တဲ့ ကျနော် ကကော ကိုယ်ပိုင်မိသားစုလေး မတည်ဆောက်နိုင်ရင် သေပန်းမလှနိုင်တော့ဘူးလား?


ဒါပေမယ့် ကိုယ်မလှရင်နေပါစေ ကိုယ့်အစွယ်အပါးလေးတွေကိုတော့ တတ်နိုင်သလောက် ဖြည့်စည်းပေးချင်သေးတယ် သူတို့ရဲ့ လိုအပ်ချက်လေးတွေ ဖြည့်ပေးချင်သေးတယ် ။ ရွာက သူတစ်ချို့က နင်ကတော့ ၀ဋ်ပဲ ဒီ တူ တူမတွေနဲ့တဲ့ ။ ကျနော်ကတော့ ၀ဋ်လို့မထင်ပါဘူး ကျနော် ပင်ပန်းပေမယ့် ပျော်ပါတယ် ဘာမှမဟုတ်တဲ့ အရာလေးပေမယ့် ကျနော့် တူ တူမလေးတွေ ဒါက ငါတို့ဦးသားလေး ၀ယ်ပေးတာဆိုတဲ့ အပြုံးမျက်နှာလေးနဲ့ ၀ံ့ကြွားသံလေးတွေက ကျနော့်ရဲ့ ဖြေသိမ့်ရာပါပဲ သူတို့လေးတွေ ပျော်ရင် ကျနော် လည်းပျော်ပါတယ် ။ ခု ဆို သင်္ကြန်နီးပြီ တောက ခလေးတွေ ရက်ကြီးခါကြီးမှ အ၀တ်စားသစ်ဆိုတာ ၀တ်ရတာ ရွာမှာဆို တစ်ယောက်အကျ နောက်အငယ်တစ်ယောက်က ထပ်ပြီးတော့ဝတ် ဒါပဲ ။ မြို့က မကြီးနဲ့ဖုန်းပြောဖြစ်တော့ ရွာရောက်တော့ ခလေးတွေက မှာတယ် ဒီနှစ်လည်း သင်္ကြန်ကျရင် ဦးသားလေး ကို အကျီ င်္လှလှလေးတွေ ၀ယ်ပို့လိုက်ဖို့ မှာလိုက်တယ်တဲ့ တစ်ယောက်က ဘွတ်ဖိနပ်တဲ့ နောက်တစ်ယောက်က နားကပ်တွဲလောင်းလောင်းလေးတဲ့ တစ်ယောက်က ရေပြွတ်တဲ့ မှာတာတွေက စုံလို့ မကြီးကတော့ ရယ်သံစွက်ပြီးပြောနေပေမယ့် ကျနော်က ဘော်ပင်လေးနဲ့ မှတ်လို့ ၀ယ်ပို့ရမယ့်စာရင်းထဲ ထည့်ထားလိုက်တယ် ဒါကို ကပဲ ဦးလေးတစ်ယောက်ရဲ့ ချစ်ခြင်းပါ ။

ဦးလေးတစ်ယောက်ရဲ့ မေတ္တာတရားဟာ မိခင် ဖခင်တွေလောက်မကြီးမားပေမယ့် ပေးဆပ်ခြင်း တွေနဲ့ တည်မြဲတဲ့ ချစ်ခြင်းမေတ္တာတွေ ရှိနေတတ်တယ်ဆိုတာ ဦးလေးတစ်ယောက် အနေနဲ့ ပြောပြချင်မိပါရဲ့ မိတ်ဆွေတို့မှာကော ဦးလေးရှိကြပါသလား ? တစ်ခါတရံမှာ အခွင့်အခါမကြုံလို့ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုမဖြည့်စည်းပေးနိုင်ခဲ့ရင်တောင် အဲ့ဒီ ဦးလေးရဲ့ရင်ထဲမှာ တူ တူမတွေအပေါ် ဖြည့်စည်းပေးချင်စိတ်လေးတွေရှိနေတတ်တယ်ဆိုတာ ယုံကြည်လက်ခံပေးပါ ပြီးတော့ သူတို့ရဲ့ ဂရုစိုက်မှုတွေကို အသိမှတ်ပြုပေးဖို့ နောက်မကျမိပါစေနဲ့လို့ အကြံပြုချင်မိပါရဲ့ ။ဦးလေး ဆိုတဲ့ နာမ်စားလေးနဲ့တင် ကျနော်တို့တွေ ဖြည့်စည်းပေးရကျိုး နပ်ပါတယ်ဗျာ ။




11 comments:

Phyo Evergreen said...

ဖတ်ပြီးတော့ ရင်မောသွားတယ်ဗျာ...။ သံယောဇဉ်အနှောင်အဖွဲ့ဆိုတာကလည်း ခက်သကိုး...။

ရဲထွန်း ဇော် said...

ဦး
တား ကို မုန့်ဖိုးပေး

Anonymous said...

လူကြီးကစေတနာနဲ့ပြောဆိုဆုံးမတဲ့အခါ လူငယ်က လက်မခံချင်ပဲ ခင်ဗျားကြီးက ခင်ဗျားကြီးကလို့ ပြန်ပြောတာမျိုးလည်း မကြုံပါစေနဲ့လို့ :P

ဦးသားလေးပေးလိုက်တဲ့ ဝန်ကြီးအင်းကျီပွပွကြီးနှစ်ထည် နဲ့ဘုတ်အုပ်နှစ်အုပ်လည်း ရလို့ တူမောင်ပျော်ရွှင်နေပါတယ်လို့..

Angelhlaing(May everybody be happy and healthy! said...

ချစ်တာတော့လည်း ချစ်တာပေါ့.. တွေ့ရမြင်ရသမျှတွေ ထဲမှာ ကိုမျိုးလို ဦးလေးတွေ အဒေါ်တွေ အများကြီးပါ ..သူတို့ ချစ်သလောက် ပြန်မရပဲ မြင်ရတယ် ကိုမျိုးရေ.. :(

san htun said...

မျက်နှာကြီး ခပ်တည်တည်ထားကာ တူတော်မောင်ကို ဆုံးမနေတဲ့ မောင်မျိုးပုံစံကို ပြုံးမိသေးတယ်..ဦးသားလေးရေ ဦးလေးတွေ၊ အဒေါ်တွေ မေတ္တာကတော့ ဒီလိုပါပဲ..သိတတ်တဲ့ တူ၊တူမဆိုတာ ရှားသား..

မေဓာဝီ said...

မောင်မျိုးရေ ...
ဒီပို့စ်လေးကို အလုပ်ကအပြန် ရထားပေါ်မှာ ဖုန်းထဲကနေ ဖတ်ခဲ့ရတယ်။ ဖတ်ပြီးတော့လဲ အများကြီး တွေးဖြစ်တယ်။ စိတ်မကောင်းလဲ ဖြစ်ရတယ်။ ကိုယ်တိုင်ကတော့ တူ၊ တူမ (အရင်း) တွေ မရှိပေမဲ့ ဦးလေး (လူပျိုကြီး) နဲ့ အတူနေနေရတာမို့ ဦးလေးတွေကို ကိုယ်ချင်းစာမိပါတယ်။

အမဦးလေးဆိုရင် အခု ကျောင်းတက်နေသမျှ စရိတ်စက အ၀၀ ထောက်ပံ့ပေးနေတဲ့အပြင် အမစာမေးပွဲအောင်တာ သူက ကိုယ့်ထက်တောင် ပိုဝမ်းသာနေတယ်။ စာမေးပွဲကျရင်လဲ စိတ်ဓာတ်ကျမှာစိုးလို့ မဆူဘူး။ အင်္ဂလိပ်စာ တိုးတက်အောင် သင်ပေးတယ်။ သူများနိုင်ငံမှာမို့ အနေအထိုင် အပြုအမူ အစားအသောက်က အစ အဖက်ဖက်က လမ်းညွှန် သင်ကြားပေးတယ်။

ဒါကို အမက အကောင်းသိပ်မမြင်ခဲ့ဘူး။ ကိုယ့်ကို ဆုံးမတာကို အပြစ်ပြောတယ် ထင်ခဲ့တယ်၊ စေတနာနဲ့ တားမြစ်ရင် ချုပ်ချယ်တယ် ထင်ခဲ့တယ်။ အစစ အရာရာ သင်ပေးတာကို စိတ်ညစ်စရာလို့ ထင်ခဲ့တယ်။
တကယ်တော့ ဦးလေးရဲ့ ကျေးဇူးတွေက မကုန်နိုင်အောင် များပြားလှပါတယ်။

မောင်မျိုးပို့စ်လေး ဖတ်ပြီး ဦးလေးနေရာက ခံစားကြည့်မိလို့ ၀မ်းနည်းရတယ်။ သူတို့က အပေးသမား သက်သက်ပါပဲ။ ပြန်ရချင်တာဆိုလို့ ကိုယ့်တူ/တူမ တွေရဲ့ အောင်မြင်မှုကို မြင်ပြီး ပီတိ ဖြစ်ချင်တာ တခုထဲပါ။ တကယ်တမ်း တူ/တူမတွေ ကြီးပွါးချမ်းသာတော့ ဦးလေးတယောက်က ဦးစားပေးအဆင့်နေရာမှာ ရှိဖို့ဆိုတာ ခဲယဉ်းလှပါတယ်။

ဒီပို့စ်လေးအတွက် ကျေးဇူး အများကြီး တင်ပါတယ် မောင်မျိုးရေ ... ။

နေ၀သန် said...

း).. ဒီဦးလေးရဲ့ ပူပန်မှုတွေကို တကယ်နားလည်ပါပြီဗျာ... ဒါကြောင့် ဦးလေးကိုပြောတာပေါ့.. ကိုယ့်မိသားစုထမင်းဝိုင်း ကိုယ့်ဘာသာကို ကြိုးစားပါလို့.. :P.. တူတွေက ဦးလေးကို ကြောက်ကြပါတယ်... ဦးလေးကလည်း တူတွေကြောက်အောင် ဘယ်လောက်တောင် ဆော်ထားလဲမသိဘူး.. ဟီးဟီး.. ကဲကဲ.. မနောက်တော့ဘူး.. ဖတ်လို့ကောင်းတယ်...စိတ်ထဲတောင် ဆွေးသွားတယ်.. တော်သေး.. ကိုယ်တို့က တူတွေဘာတွေမရှိလို့..

ခင်မင်လျက်
နေ၀သန်

မိုးခါး said...

ခက်တော့လဲ ခက်သားလား ..
ကိုယ်တွေက မျက်စိထဲ ကလေးထင်နေပေမယ့် ကလေးတွေက သူတို့ကိုယ် သူတို့ အရွယ်ရောက်ပီထင်နေတာ ခက်တယ် .. ကိုယ်တွေကိုယ်တိုင်တော့ ရင့်ကျက်ပြီလို့ မထင်သေးတော့ကာ .....
တကယ်တော့ မိသားစုတွေကိုယ်စီဖြစ်သွားတဲ့အခါ ဦးလေး အဒေါ်ဆိုတာ ဘေးရောက်သွားတတ်တာချည်းပဲဟ .. သွေးတော့ သွေးပဲ ဒါပေမယ့် ယှဉ်လိုက်ရင် ဝေးသွားပါရောလား ..
အကောင်းဆုံးကတော့ နင်လည်း ဦးလေးဘ၀နဲ့ တသက်လုံးမနေနဲ့ .. ပြီးတော့ တာဝန်ကြီးလို တွေးမထားနဲ့ .. ဒါစိတ်ပင်ပန်းစေတယ် .. အကောင်းဆုံးက နင်လုပ်ပေးနိုင်တာတွေ လုပ်ပေးလိုက် မလုပ်ပေးနိုင်တာအတွက်လည်း ပူပန်မနေနဲ့ ..
အမလေး နင့်အစားတွေးမိပြီး ပင်ပန်းလိုက်တာ .. :D
မိန်းမမြန်မြန်ယူတော့ဟေ့

ဟန်ကြည် said...

မောင်မျိုးရေးတော့မှပဲ ပြန်စဉ်းစားမိတော့တယ်...ဟုတ်ပါရဲ့ တူတွေ၊ တူမတွေဆိုတာ သူရို့ဦးလေးတွေ အဒေါ်တွေရဲ့ စေတနာ၊ မေတ္တာတွေကို နားလည်တဲ့လူ အတော်ရှားတာကလား...ဆရာတို့ ခပ်ငယ်ငယ်ကလည်း ဒီလိုပဲတွေးခဲ့မိာတာပေါ့လေ...လူတွေ့တိုင်း ဆုံးမတတ်လွန်းတဲ့ အဒေါ်လာရင် အိမ်ခန်းထဲကကို မထွက်ဘဲ နေခဲ့တာ...မောင်မျိုးစာဖတ်ရင်း ပြန်စဉ်းစားမိမှပဲ ကိုယ့်အပြစ်တွေ ပြန်မြင်လာတယ်...

မောင်မျိုးရဲ့ တူတွေကို တစ်ယောက်တည်းဆုံးမရတာ မနိုင်ရင် ဆရာလည်း ၀ိုင်းပြီးဆုံးမပေးပါဦးမယ်...နောက်တစ်ခါလာရင်ပေါ့လေ...ကဲ ကိုယ့်ကျန်းမာရေးလည်း ဂရုစိုက်စမ်းပါဦးဗျား...ဖိုးသူတော်လဲရင် ထူမယ့်တောင်ဝှေး တစ်ချောင်းမှ ရှိတာမဟုတ်ဘူး...

...အလင်းစက်များ said...

ကျနော်လည်း ဦးလေးပဲ တူ ၂ ကောင်တောင် ရှိတယ်။ တစ်ကောင်က ဂျီတီစီတောင် ပြီးသွားပြီ။ ငယ်ငယ်က သိပ်ချစ်တယ်။ ကြီးလာတော့ ခပ်တန်းတန်းပဲ။ သံယောဇဉ်ဆိုတာ ဒါပါပဲ။

မြသွေးနီ said...

ဦးလေး၊ အဒေါ်များ၏ တူ တူမများအပေါ်ထားသော မေတ္တာသည် မိဘများထက်မသာတောင် မလျော့ပါးပါ။ ကိုယ်တိုင် အဒေါ်တစ်ယောက် နေရာ ရောက်လာ၍ သိခြင်းဖြစ်ပါသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...