Sunday, February 12, 2012

အတိတ်မြို့တော်များဆီသို့

ကိုယ့်ရဲ့ ညပေါင်းများစွာမှာ ကိုယ်ဟာ မအိပ်နိုင်တာလား အိပ်မပျော်တာပဲလား မဝေခွဲတတ်နိုင်ပါ။ သိတတ်စ အရွယ်ကတည်းက အိပ်မက်တွေနဲ့အတူ ညတိုင်း ကိုယ့်ကို နှိပ်စက်နေကြ မဟုတ်လား။ တိုးတိုးသဲ့သဲ့ ကြားတတ်တဲ့ ဗုံသံတွေနဲ့အတူ လမ်းမကျယ်ကျယ်တွေ ကျောက်တုံးတွေ အထပ်ထပ်စီထားတဲ့ နေရာတွေ။ ပုဂံကခြေသည်ဟန် ဆင်ဆင်တူတဲ့ ကခြေသည်တွေရဲ့ ခြေကျင်းသံတွေ။ ငြိမ့်ငြိမ့်လေး တိုက်ခတ်သွားတဲ့ လေထုထဲက ရနံ့တွေထဲမှာ ဘယ်နေရာဆိုတာများ ပါနိုင်လေမလား…တကယ်တော့ အဖြေမရှာတတ်နိုင်ခဲ့။

လေဆိပ်ပေါ်ကဆင်းတာနဲ့ ဖျတ်ခနဲ ရလိုက်တဲ့ ရနံ့။ စိတ်ထဲမှာ သရိုးသရီ ဖြစ်သွားမိတယ်။ အိပ်မက်ထဲက ရနံ့။ ဒီမြို့ဟာ ကိုယ့်အိပ်မက်ထဲက မြို့များလား။ စိုးထင့်စိတ်နဲ့ လေဆိပ်ကနေမျှော်ကြည့်တော့ ခေတ်မှီတိုက်တာတွေက ကိုယ့်အိပ်မက်နဲ့ တခြားစီ။ အပန်းဖြေအလည်လာတဲ့ ခရီးပဲလေ။ ရာဇဝင်ကို မြေလှန်ဖို့မှ မဟုတ်ပဲ။ တခုပဲ သူများရပ်ရွာမှာ ကောင်းကောင်းအိပ်ပျော်နေမှ။ မဟုတ်ရင် မနက်ဖြန် ခရီးစဉ်မှာ ခေါင်းကြည်မှာ မဟုတ်ဘူး။ အိပ်မှ..

Photo: Candi Sewu

မိုးလင်းတော့ ပထမဆုံး စသွားတဲ့ ဘုရားတစ်ဆူကတင် စိတ်ကို အတော်လေး လှုပ်ခပ်စေခဲ့ပြီ။ ဘုရားအရှေ့က ရုပ်ထုကြီးနှစ်ခု။ သူတို့က သိပ်သိသာစေတယ်။ လှပ်ခနဲ ခုန်နေတဲ့ ရင်ကိုဖိပြီး ဘုရားဖူးစို့ ရယ်လို့ စေ့ဆော်ရင်း မဟုတ်ဘူးလို့ သိစိတ်နဲ့ ဇွတ်ငြင်းနေမိတယ်။

Photo: Candi Mendut

နောက်တစ်ဆူ ရှေ့မျက်မှောက်မှာတော့ တုန်တုန်လှုပ်လှုပ်နဲ့ လက်အုပ်ချီမိတယ်။ အသိဉာဏ်ပညာနဲ့ ပြည့်စုံတော်မူသော ဘုရားသခင်ရဲ့ရှေ့မှာ ကိုယ့်ရဲ့ သိစိတ်နဲ့ ထိန်းချုပ်ထားသမျှတွေ ပျောက်ရှ ကုန်တော့တာ။ ဒီနေရာ ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ ဟိုးအတိတ်က အရိပ်တွေ ရှိတယ်ဆိုတာ မသိစိတ်ထဲကနေ ဖွင့်အန်ကျလာတော့တာပါပဲ။ ဒီဂူဘုရားရဲ့ အေးမြမှု အောက်မှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ဆီးပြီး ကိုယ့်ဘဝင်မှာ ငြိတွယ်နေမိပြီ။ ဘုရားဘေးက ညောင်ပင်ကြီးကို မှီတွယ်ရင်း လွမ်းစိတ်တွေက တအားလာတိုးထိတယ်။ လန့်သွားမိတယ်။


Photo: Candi Sari

ဒီဝိဟာရ အရောက်မှာတော့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့ ခရီးသည်တယောက်လို ခံစားမိတယ်။ နှစ်ထပ်ကျောင်းဆောင်မို့ စာကြည့်ဆောင်၊ ဘုရားခန်းဆောင်ရယ်လို့ ကိုယ့်ဖာသာ နှုတ်ကရေရွတ်ရင်း ဆိုနင့်လာမိတယ်။ ကြည့်ပါအုံး ကျောင်းတခုလုံး ကြေမွပျက်စီး ကုန်ပါရောလား။ ကျောင်းအထက်က မြက်ပင်ငယ်တွေ ရှင်းလင်းသူမရှိ။ အမွန်းအပျောက်တွေလည်း ပြိုပျက်လဲလျောင်းရင်း မြေပေါ်မှာ စက်ပျော်နေပါပေါ့။ လှေခါးတွေလည်း လှည်းကျင်းသူမဲ့ခဲ့ပြီ။ ဟိုအရင်တုန်းက ရဟန်းသံဃာတွေနဲ့ အမြဲမပြတ် စည်ကားနေခဲ့တာ။ အခုများတော့…

မရွှင်ပျတဲ့ စိတ်နဲ့ လာရင်းအရပ်ကို ပြန်ခဲ့ရတယ်။ အတိတ်ဆိုတာက မေ့ဖျောက်ဖို့ပဲ အကောင်းသားမဟုတ်ပါလား။

Photo: Aspara

အခွင့်ရယ်ကြုံပြန်တော့ နောက်တမြို့တရွာဆီကိုပေါ့။ စကတည်းက ယဉ်သကိုဆိုသလို။ Aspara ဆိုတဲ့ ကိုယ့်အိပ်မက်ထဲက ကခြေသည်တွေ။ ကျောက်တုံးပေါ်က သူတို့နှစ်ယောက်ကို ကြည့်ရင်း ဆက်ပြီးဘာလုပ်ရမယ်ဆိုတာ မသိတတ်တော့။ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေထက် ကိုယ့်စိတ်ဝိဉာဉ်ကိုပါ သူတို့ နှုတ်သိမ်းလိုက်ကြတော့မလိုလို။ နားထဲမှာ ကြားယောင်လာတာက သူတို့ရဲ့ ခြေကျင်းသံ တချွင်ချွင်။

Photo: From the tree

ကြောက်ကြောက် နဲ့ မကြည့်ရဲကြည့်ရဲ သစ်ခေါင်းထဲကနေ ကြည့်နေမိတယ်။ ဒိတ်ကနဲ ဖြစ်ဖြစ်သွားတဲ့ စိတ်ကို သတိနဲ့ လိုက်ပြီးဖေးမနေရတယ်။ ဒီအရပ်ဒေသတွေက သိပ်ရင်းနှီးနေခဲ့တယ်။ အာရုံတွေ မပျံ့လွင့်ပါစေနဲ့။ နံရံကိုကပ် မင်း ရင်ဘတ်ကို ထုကြည့်စမ်းဆိုတဲ့ နေရာအရောက်မှာတော့ ကိုယ့်ရင်ဘတ်က မထုပဲ အသံတွေမြည်ဟိန်းနေခဲ့လိုက်တာ။ အတိတ်ဆိုတာ အရိပ်လိုပါပဲလား ထပ်ချပ်မကွာပေမယ့် ခံစားသိတဲ့ အသိနဲ့အတူ ခြောက်လှန့်နေသလိုလိုပါ။


Photo: War painting

စစ်ပွဲဆိုတဲ့ အနှိဌာရုံတွေကို နံရံရုပ်ထုတွေအပေါ်မှာ မြင်ရတဲ့အခါ တိုက်ပွဲရဲ့အသံတွေ နဲ့အတူ ကိုယ့်ရဲ့ စစ်ပွဲကို စက်ဆုပ်ရွံရှာတဲ့ စိတ်ခံစားမှုကိုပါ ပြန်ရလိုက်တယ်။ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေ ကြောင့် ဖြစ်လာတတ်တာ စစ်ပွဲမျိုးစုံ မဟုတ်လား။ အခုလို လက်နက်တွေနဲ့ ခင်းကြသလို စစ်အေးတိုက်ပွဲလိုမျိုး ကြောက်စရာကောင်းတဲ့ စစ်ပွဲတွေလည်း ရှိရဲ့။ နာကျည်းမုန်းတီးခြင်းတွေနဲ့ လက်သီးကိုကျစ်ကျစ်ဆုပ်မိလျက်သား မဖြေလျော့မိခဲ့။

Photo: Prasat Thom

ကိုယ့်အိပ်မက်ထဲက ဘုရားတစ်ဆူဟာ သိပ်ကို ကြီးမားနေခဲ့တယ်။ ပိရမစ်လိုလို၊ နောင်တချိန်ကိုယ်စာတွေဖတ်ရင်း စိတ်ထဲမှာ ရောထွေးနေမိတာက မာယာလူမျိုးတွေရဲ့ ဘုရားလိုလို။ ဒါပေမယ့် အခုလက်တွေ့မြင်လိုက် ရတော့ ကိုယ့်အထင်တွေ လွဲမှားနေခဲ့ပြီ။ ကြီးမားတဲ့ ကျောက်တုံးတွေနဲ့ ဝန်းရံ နေတဲ့ မြင့်မားလှသော ဟောဒီစေတီ။ ကံဆိုးလှစွာ ကိုယ်ဟာ အပေါ်ကိုတက်ပြီး ဖူးမျှော်ဖို့ အခွင့်မကြုံလိုက်ရဘူး။ ဒါလည်း ခပ်ကောင်းကောင်းပါ အကယ်၍များ တက်နေရင်း ခြေချော်လက်ချော်ဖြစ်ခဲ့ရင် ကိုယ့်ရဲ့ စိတ်ထဲ တမျိုးတမည်လည်း မှတ်ယူသွားနိုင်သေးတယ် မဟုတ်လား။

မြို့နှစ်မြို့ အပြီးမှာတော့ ကိုယ့်ရဲ့ သံသယက အတော်လေး ခိုင်လုံနေခဲ့ပြီ။ ကိုယ်နောက်ထပ် သွားရမယ့်မြို့ကိုလည်း စီစဉ်ခဲ့ပြီဆိုပါတော့။ အဲ့ဒီနေရာက ကိုယ့်ကို ခေါ်ငှင်နေခဲ့တာ ကြာပါပြီ။ ကိုယ်လာပြီ မြို့ဟောင်းလေး ရေ….

Photo: Cham Museum

ဗုဒ္ဓဘုရားရှင်ရဲ့ ရုပ်စုံပုလ္လင်တော် ရှေ့မှာ ခစားရောက်မိတယ်။ လူ့လောဘသားကောင်တွေရဲ့ လက်ချက်အောက်မှာ ဘုရားရှင်ရဲ့ မျက်နှာတော်ကို မော်ဖူးခွင့် မကြုံကြိုက်နိုင်တော့ပြီပေါ့။ ဇာတ်နိပါတ်တော်တွေကို ပုလ္လင်တော် ပတ်ပတ်လည်မှာ ထွင်းထုပူဇော်ခဲ့ကြတာ ဖူးမျှော်လို့ မဆုံးနိုင်အောင်ပါပဲ။

Photo: Aspara Dance

ကခြေသည်တို့ကို ရုပ်ထု အဖြစ်မှ သက်ရှိအသွင် အဖြစ် မြင်ရပြီ။ စည်းချက်သံနဲ့ ခေါင်းခါးခြေလက်တို့ ချိုးကွေ့သွားလိုက်တိုင်း စိတ်က ဟိုးအတိတ်ဆီကို လွင့်ထွက်သွားစမြဲ။ နောက်ခံကြေငြာသူရဲ့ ဒီနေ့ကြွလာ မိတ်သဟာ စိတ်မှာရွှင်လန်းချမ်းမြေ့ပါစေဆိုတဲ့ အသံကြားတာတောင် ကိုယ့်လိပ်ပြာက လွင့်ပျံနေဆဲ။ အနောက်ခုံကနေ ဖြတ်သွားခွင့်ပြုပါလို့ တောင်းပန်သံကြားမှ ဒီဘက်ခေတ်ကို ပြန်ရောက်လာတော့ လိုက်တာ။

Photo: Mỹ Sơn

မြင့်မြတ်တဲ့နယ်မြေ။ တောင်တွေဝန်းရံ ထားတဲ့ ရှေးက တန်ခိုးရှင်တွေဆင်းသက် လာတတ်တဲ့နယ်မြေ။ နှင်းတွေအုပ်ဆိုင်းနေတဲ့ ကြားက မြေနီနီ စိမ်းရောင်စုံ ကားချပ်ထဲက စေတီတွေ။ ဒီနေရာမှာ ပျော်ပါးခဲ့ဖူးသလိုလို။ တောင်တွေဆီက လာရောက်ခေါ်ငှင်သံတွေဟာ အိပ်မက်ထဲမှာ လာလာခေါ်ငှင်တဲ့ အသံတွေ။ စကားတွေ ပြောကြပါ။ ကျေးဇူးပြုပြီး ကိုယ့်ကို မင်းတို့ဆီကို ခေါ်ပါ..

ဒီမြို့တွေ အားလုံးကနေရတဲ့ သေချာပြီဆိုတဲ့အသိနဲ့ ကိုယ့်ရဲ့ နောက်ထပ် ခြေလှမ်းက မြို့တော်တစ်ခုဆီကိုပဲပေါ့။ အဲ့ဒီကို ရောက်ရင်တော့ ကိုယ် အဖြေ တစ်ခု သိတန်ကောင်းပါရဲ့နော်..။

P.S = ကျနော့် ဘလော့ စာဖတ်သူတစ်ယောက်ရဲ့ ခရီးသွားပို့စ်လေးပါ ။





10 comments:

မေဓာဝီ said...

မောင်မျိုးလက်ရာ မဟုတ်ဖူးဆိုတာ စဖတ်ကတည်းက သိနေတယ်လေ။
စာဖတ်သူက စာရေးကောင်းသူ တယောက်ပဲ။ ရေးထားတဲ့စာရဲ့ ခေါ်ရာ မျောပါသွားတယ်။ ပုံနဲ့စာလဲ အချိုးတကျ သပ်ယပ်လှပလို့။
အဖြေပေါ်မယ့် နောက်ထပ် ပို့စ်တခုကို မျှော်လင့်နေပါတယ်။
စာဖတ်သူ ကိုယ်ပိုင်ဘလော့ မလုပ်ဘူးလားလို့ မေးပေးပါအုံး မောင်မျိုးရေ ... ။

သက်ဝေ said...

စာဖတ်သူက အခုတော့ စာရေးသူဖြစ်သွားပြီပေါ့... စာဖတ်သူ (သို့) စာရေးသူကို ဘလော့လေး တခုလောက် လုပ်ပါလို့ ပြောပေးပါအုံး မောင်မျိုးရေ...

ညီရဲ said...

ဟုတ်ပ စာဖတ်သူပေမယ့် စာရေးကောင်းပါ့... ဘလော့ဂ်တစ်ခုလောက် လုပ်ကြည့်သင့်တယ်...

လင်းဒီပ said...

ဲအဲဒီ့ စာဖတ်သူရဲ့ အရေးအသားကို ရင်းနှီးနေသလိုမျိုးပဲကွယ်.. :D

နေ၀သန် said...

လေဆိပ်ကနေ ဘယ်လိုဆင်းသလဲလို့ မေးမလို့.. ဆက်ဖတ်ရင်းနဲ့ တစ်မျိုးလေးဖြစ်လာတယ်.. ရေးပုံလေးက ဆန်းတယ်...း).. စာရေးကောင်းတဲ့ ခရီးသွားပါပဲ... အခုတလော ဟိုလူရေးတာ တင်လိုက်၊ ဒီလူရေးတာတင်လိုက်နဲ့နော့...

ခင်မင်လျက်
နေ၀သန်

Aung Htut said...

ဘူလဲ ဘူလဲ.... :) ခရီးသွား ပိုစ့်လေး အားပေးသွားပါတယ် ခင်ဗျာ... ဓာတ်ပုံနဲ့ စာနဲ့ ကတော့ ကွက်တိ။

ချစ်ကြည်အေး said...

ရင်းနှီးပြီးသား လက်ရာမျိုးးး
တစ်ခုခုကို အမြဲဖွက်ပြီး ရေးလေ့ရှိတဲ့ စာရေးသူ....
သိနေသလိုလိုပဲ...မောင်မျိုးရေ....း)

ချစ်ကြည်အေး said...

အဲ မေ့သွားလို့။ ပိုစ့်လေးက စိတ်ဝင်စားစရာပါ။ မရောက်ဖူးတော့ ဘယ်မြို့ဆိုတာ မသိဘူးလေ။ ပြောပြပါဦး....

Angelhlaing(May everybody be happy and healthy! said...

ခရီးသွားပို့စ်လေးက စာဖတ်သူကနေ စာရေးသူ ဖြစ်အောင် လမ်းစဖွင့်ပေး လိုက်သလိုဆိုရမှာပဲ...:):)

san htun said...

စန်းထွန်းလည်း ခရီးသွားပို့ စ်နဲ့  ဘလော့ကို စခဲ့တာ..စာရေးသူက အရေးအသားလေးက တမျိုးလေးဆန်းတယ်..ဘလော့ရေးရင် ကောင်းမယ်

LinkWithin

Related Posts Plugin for WordPress, Blogger...