Thursday, February 9, 2012

လသာညအတွေး

ထုံးစံအတိုင်း ကွန်ပြူတာနဲ့အလုပ်ရှုပ်နေတုန်းမှာ မက်ဆေ့တခုက ဝင်လာခဲ့တယ်။ ဒီနေ့ညလသာသတဲ့။ သော့ခတ်ထားတဲ့ ပြတင်းပေါက်တစုံကို ဖွင့်ဖို့ကြိုးစားရင်း ဖြတ်ကျော်ခဲ့တဲ့ လသာညပေါင်းများစွာကလည်း စိတ်တံခါးပေါက်ကနေ အစီအရီထွက်ကျလာခဲ့လိုက်တာ။

လသာတဲ့ညတွေတိုင်း ဘာတွေလုပ်ခဲ့သလဲလို့ စိတ်ကို သပ်သပ်ရပ်ရပ်ပြန်စီဖို့ ကြိုးစားတယ်။ ငယ်ငယ်တုန်းက အမေနဲ့အတူ လကိုငေးပြီး ကဗျာတွေရွတ်ခဲ့ဖူးတာ ကိုစပြီး အမှတ်ရမိ။ အမေ့ရဲ့ ဓမ္မစကြာ ရွတ်ဖတ်သံ ကိုနားထဲက တိုးတိုးလေး ကြားယောင်။ နောက်တော့ကော

သိတတ်စအရွယ်မှာ ဆော့ကစားဖူးတဲ့ လသာညပေါင်းများစွာ။ ထုပ်ဆီးတိုး၊ ဘုတ်ဒီထိုးတမ်း ပြေးတမ်းလိုက်တမ်း၊ညောင်ပင်တစေ ဝေလေလေ၊ ကုန်းလားရေလား၊ လိပ်ဥပျောက်လို့လိပ်မ,ရှာ၊ ဆီမီးခွက်ကြီးတပြောင်ပြောင် စသည် ကစားခဲ့ဖူးတဲ့ ညတွေက မရေတွက်နိုင်အောင်ပါ။ ရက်ကြီးအခါကြီး လသာညတွေ အထူးသဖြင့် သီတင်းကျွတ်ညတွေဆို မီးထွန်းကားထွန်းရင်း လမ်းတကာနှံ့အောင်လည်ခဲ့တာတွေ။ ဖယောင်းသားတွေကို စုနိုင်သမျှစုပြီး မီးသရဲဆော့ခဲ့တာတွေ။ တန်ဆောင်မုန်းလပြည့်ည သူခိုးကြီးညမှာ အစ်ကိုတွေနဲ့အတူတူ မီးကုန်ယမ်းကုန် ခိုးခဲ့တာတွေ။ ပိုက်ဆံကြဲပါဗျို့လို့ အော်ဟစ်ရင်း ပျော်ပါးခဲ့တဲ့ညတွေနဲ့အတူ မွေးရပ်ဌာနေဆိုတဲ့ အရာက နှလုံးမှာ ပုံရိပ်ထင်လာတယ်။ ဘုရားကြီးပွဲရဲ့ အငွေ့အသက်တွေက ရင်ကိုတဖျတ်ဖျတ် လာရိုက်ခတ်ရင်း။ ရုပ်စုံပွဲ၊ ပွဲဈေးတန်းတွေနဲ့ လူလှိုင်းတွေရဲ့ ရွှေ့လျားမှုတွေပါ ရုပ်လုံးကြွ အသက်ဝင်လာသလိုလို။ တိုက်လာတဲ့ လေပြည်အေးနဲ့ အတွေးစတွေက နောက်ထပ်..

ကိုယ့်ရပ်ရွာမဟုတ်ပေမယ့် တာဝန်ဆိုတဲ့အရာကြောင့် နောက်ဆက်တွဲပြီး စွန့်လွှတ်လိုက်ရတဲ့အရာတွေထဲမှာ လသာညတော့မပါဘူးမဟုတ်လား။ ကျောင်းတက်စအရွယ်ဆိုတော့ ငယ်ဖော်တွေနဲ့ပေါ့။ ကွင်းပြင်ကျယ်ကြီးထဲက ရုပ်ရှင်ကြည့်ရင်း လသာညတွေကို ကျော်ဖြတ်ဖူးခဲ့တယ်။ အရွယ်ရောက်စ အပျံသင်စကားတွေ နားထောင်ရင်းနဲ့ လသာညတွေကို ကုန်လွန်စေမှန်းမသိလောက်အောင်။ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်တို့ အချစ်ကိုဘယ်လိုပြောရမယ်တို့ သီချင်းတို့ကို ဆိုညည်းတတ်စပြုလာပြီ။ ဘာမှန်းညာမှန်း သေချာမသိပေမယ့် မောင့်လပြည့်ဝန်းကိုဆိုရရင် စိတ်က သီချင်းထဲမှာ နစ်ဝင်သွားတတ်တာ မျိုးတော့ ခံစားတတ်လာပြီပေါ့။ ပြီးတော့..

လရောင်ရဲ့ ဖမ်းစားမှုဆိုတဲ့ စကားလုံးကို အနက်ဖော်ချင်နေတတ်တာမျိုး။ တကယ်ပဲ လရောင်အောက်မှာ အချစ်ဆိုတဲ့ သိပ်မွေ့နူးညံ့မှုတွေ ဖြစ်တည်စေတတ်သလားရယ် စောကြောမိချင်လာတယ်။ အဖြေရဖို့အတွက် လုံလောက်တဲ့အချိန် မရသေးခင်မှာပဲ လူငယ်တို့ရဲ့သဘာဝ လသာညဆိုတဲ့ အကြောင်းအရာကို မေ့ပျောက်စေနိုင်တဲ့ အကြောင်းအရာတွေက ဖုံးလွှမ်းအုပ်စိုးသွားကြပြန်ရော။


ဗုဒ္ဓဘာသာတို့ အတွက် လပြည့်ညတွေတိုင်း ဓမ္မတေးသံ၊ ပရိတ်တော်ရွတ်ဖတ်သံတွေ ကြားမှာ ရောက်လာဖို့။ ဘုရားစေတီပုထိုးတို့မှာ ဆီမီးကိုးထောင် စသည်စသည် ပူဇော်ခြင်းတွေမှာ တတပ်တအား ပါဝင်ဖြစ်လာသည်။ ရွှေတိဂုံဘုရားမှာ လသာညတွေကို တောင်ဘက်မုဒ် စောင်းတန်းတွေကနေ မမှိတ်မသုန် ကြည့်တတ်လာသည်။ ညမို့ ပတ်ဝန်းကျင်လေထုကြောင့် အေးချမ်းတာမျိုးမဟုတ်ပဲ စိတ်ထဲက သိသိသာသာကြီး အေးချမ်းငြိမ်သက်စေတာကိုပါ ခွဲခြားသိမြင်တတ်လာတာမျိုးပါ။

နောက်ပိုင်း အမိမြေနဲ့ ဝေးတဲ့နေရာမှာဆိုတော့ လပြည့်ညဆိုတဲ့ အကြောင်းက ဘယ်လိုမှ ပေါ်ပေါက်မလာဖြစ်တော့။ ပြတင်းပေါက်ဆိုတဲ့အရာနားမှာ မဟုတ်ပဲ လက်ထဲက ကွန်ပြူတာ ပြတင်းပေါက်ဆီကနေပဲ သွားချည်လာချည် စုန်ဆန်မျောလို့။ ရုပ်ဝတ္ထုတွေ အားလုံးက ကွန်ယက်တွေထဲမှာပဲ ပျောက်ဆုံးကုန်ကြတယ်။ ဒီလှိုင်းတွေထဲကနေပဲ လူတွေ ဈေးဝယ်လားဝယ်ရဲ့၊ စကားပြောလား ပြောရဲ့ နဲ့ပေါ့။ အချိန်တွေ အကွာအဝေးအတိုင်းအဆ တွေကို ကန့်သတ်မဲ့စေတယ် မဟုတ်လား။

ပြတင်းပေါက်ဖွင့်လိုက်မှ အဝေးပြေးလမ်းမဆီက ကားမီးတန်းတွေကိုလည်း မြင်လိုက်ရတော့တယ်။ အင်း မြို့ပြစရိုက်လက္ခဏာတွေကို အားကျမက်မောမိတဲ့ ကိုယ့်အဖြစ်ကို ပြန်မြင်မိသွားပြီ။ ကိုယ့်ရပ်ရွာက လပြည့်ညတွေနဲ့တော့ တခြားစီပဲပေါ့။ ဘယ်သူမှ မရှိဘဲ ကိုယ်တယောက်တည်း ရပ်နေမိတဲ့ အခန်းကျဉ်းထဲကနေ ညီအစ်ကိုမောင်နှမတွေနဲ့အတူ တလမ်းလုံးပြည့် ထုပ်ဆီးတိုးခဲ့တာကို ဆွဲယူလို့မဖြစ်နိုင်ဘူး မဟုတ်လား။ အဲ့ဒီလမ်းတွေက မျက်စိရှေ့မှာ မြင်နေရတဲ့ အဝေးပြေးလမ်းမလောက် မကောင်းပေမယ့် လမ်းမကောင်းဘူးရယ်လို့ စိတ်ထဲမကွက်မိ ခဲ့ပါဘူးလေ။

လသာညနဲ့အတူ ဖြန့်ကျက်နေမိတဲ့ အတွေးတွေကို အထပ်ထပ်ပြန်ရုပ်သိမ်းဦးမှ။ ရှားပါးရှားပါး စိတ်လိုလက်ရ ထွက်ကြည့်မိလို့ မြင်လိုက်ရတဲ့ လသာညရဲ့ အလှကို စနစ်တကျ ထုတ်ပိုးရင်း နောက်တခါ လသာည ရောက်လာဖို့ကိုသာ…. ။



16 comments:

မြသွေးနီ said...

ကိုယ့်ေ့မြကိုယ့်ရေမှာ သာတဲ့ ဖိုးရွှေလ က ပိုလို့ ရွှန်းမြမြဖြစ်နေမလားမသိဘူးနော်..။

နေ၀သန် said...

လသာညမှာလမင်းကြီးကို ငေးမောလို့ လွမ်းမောရတာကို သဘောကျတယ်.... အိမ်ဘေးက ၀ါးရုံတောမှာလေတိုးသံ.. ဇီးကွက်အော်သံတွေနဲ့.... သိပ်ချစ်စရာကောင်းတယ်...

ခင်မင်လျက်
နေ၀သန်

လရောင်၏ ဖြားယောင်းမှုကို လိုလားသူ said...

အေးမြသော လရိပ်တွင် ငြိမ်းချမ်းသော စိတ်ဖြင့် ချမ်းမြေ့ပါစေ။

Su Myat Htar said...

လမင်းကြီးကို ငေးကြည့်ရင်း လွမ်းရတဲ့ညတွေလွန်ပါစေ...။

Aye Kyaw Zan said...

"သိတတ်စအရွယ်မှာ ဆော့ကစားဖူးတဲ့ လသာညပေါင်းများစွာ။ ထုပ်ဆီးတိုး၊ ဘုတ်ဒီထိုးတမ်း ပြေးတမ်းလိုက်တမ်း၊ညောင်ပင်တစေ ဝေလေလေ၊ ကုန်းလားရေလား၊ လိပ်ဥပျောက်လို့လိပ်မ,ရှာ၊ ဆီမီးခွက်ကြီးတပြောင်ပြောင် စသည် ကစားခဲ့ဖူးတဲ့ ညတွေက မရေတွက်နိုင်အောင်ပါ။ ရက်ကြီးအခါကြီး လသာညတွေ အထူးသဖြင့် သီတင်းကျွတ်ညတွေဆို မီးထွန်းကားထွန်းရင်း လမ်းတကာနှံ့အောင်လည်ခဲ့တာတွေ။ ဖယောင်းသားတွေကို စုနိုင်သမျှစုပြီး မီးသရဲဆော့ခဲ့တာတွေ။ တန်ဆောင်မုန်းလပြည့်ည သူခိုးကြီးညမှာ အစ်ကိုတွေနဲ့အတူတူ မီးကုန်ယမ်းကုန် ခိုးခဲ့တာတွေ။ ပိုက်ဆံကြဲပါဗျို့လို့ အော်ဟစ်ရင်း ပျော်ပါးခဲ့တဲ့ညတွေနဲ့အတူ မွေးရပ်ဌာနေဆိုတဲ့ အရာက နှလုံးမှာ ပုံရိပ်ထင်လာတယ်။" - Maung Myo ရေ.. မောင်ရင့် ( သူငယ်ချင်း ?? ) ရေးပြ တော့မှပဲ ဦးမှာလည်း တောသား ကလေးဘဝ တုန်းက အဲသည်လို လသာညတွေ အများကြီး ရှိခဲ့ဖူးတာကို သတိထားမိတော့တယ်။ မှတ်မှတ်ရရ လသာညတွေမှာ ဦးရဲ့အဖိုး ( ဗုဒ္ဓဘာသာကို အပြောနဲ့ မဟုတ်၊ အလုပ်နဲ့ အလွန် ကိုင်းရှိုင်းသူ၊ သူက ဦးတို့မှာ ကျွဲ ဘယ်နှစ်ကောင် ရှိသလဲ ဆိုတာ အတိအကျ မသိပါဘူး။ သူ အဲဒါတွေကို သံယောဇဉ် ဖြတ်ထားပြီး ဗိန္ဓောဆေး ကုပါတယ်။ လူနာ နေကောင်းသွားမှ သူတို့ကန်တော့တဲ့ငွေ ၅ိ၊ ၁၀ိ စသည်ဖြင့် ဆေးပြန် ဝယ်နိုင်ရုံလောက် လက်ခံပါတယ်။ နွမ်းပါးသူတွေဆီက မယူဘူး။ သူဟာ နေ့စဉ် စာကြည့်ချိန် ထားပြီး လယ်တီဆရာတော်ရဲ့ ဘဝနာ ဒီပနီ၊ မိုးကုတ် ဆရာတော်ရဲ့ ဝိပသနာ တရား စာအုပ်တွေလို၊ ၅၅၀ နိပါတ်တော် လို စာအုပ်မျိုးတွေ နဲ့သာ မွေ့လျော်နေ သူဖြစ်ပါတယ် ) က အထူးသဖြင့် ဇာတ်ကြီး ဆယ်ဘွဲ့၊ ၅၅၀ နိပါတ်လာ ပုံပြင်တွေကို ပြောပြတတ်လေ့ ရှိတယ်။ ရွာထဲက ကလေးတွေ၊ အပျိုအရွယ်တွေကအစ လာနားထောင်ကြပါ တယ်။ ဒါကြောင့် ကျောင်း ၄ တန်းလောက်ပဲ နေဖူးတဲ့ ဦး မရီးက ဘုန်းကြီးတပါး တရားဟောနေရင် ဒီဇာတ်လမ်း ဘယ်လို ဆုံးမယ် ( ဇာတ် ပေါင်းခန်း ) ဆိုတာ ကို ဆရာလုပ်ပြီး ကြိုပြောလေ့ ရှိပါတယ်။ ဒီ တရားက ငါတို့ အဖိုး ပြောပြီးသား တဲ့.. အဲဒီ ငယ်ဘဝကို သတိရသွားပါတယ်..း))

Than Lae said...

ရေးထားတာ မိုက်တယ် မောင်မျိုး။ တကယ့်ကို တမ်းတလွမ်းမောပြီး ပြန်မရနိုင်သေးတဲ့အတိတ်တစ်ချို့ က ရေးတဲ့ထဲမှာ အတော်ပီပြင်နေတယ် ... တို့ တွေလည်း အတူတူပါပဲလေ ... လသာညတိုင်း ဆို့ နင့်တဲ့အလွမ်းတွေနဲ့ အတူ အတွေးတွေကလည်း အိမ်ကို ပြန်ရောက်သွားစမြဲပါပဲ .................

မေဓာဝီ said...

အမကတော့ ဒီမှာလဲ လပြည့်ညတိုင်းလိုလို ကောင်းကင်ကြီးကို သတိတရ မော့ကြည့်မိတယ်။ မိုးသားတွေရှိနေရင် ရာသီဥတု မသာယာရင် လမင်းကို မမြင်ရဘူး။ တခါတလေ ရွေ့နေတဲ့ တိမ်တိုက်တွေကြားမှာ လမင်းက ပေါ်လိုက် ပျောက်လိုက်နဲ့။ တခါတလေတော့လဲ မနက်ခင်း အလုပ်သွား ကျောင်းသွားချိန်ထိ လမင်းက သာနေတတ်သေးတယ်။
လမင်းမသာတဲ့ လပြည့်ညပဲဖြစ်ဖြစ် လမင်းသာတဲ့ လပြည့်ညပဲဖြစ်ဖြစ် လပြည့်ည ဆိုတဲ့ အသိက စိတ်ကို ကြည်လင်ညွတ်နူး စေတာပါပဲ မောင်မျိုးရေ ... ။

မိုးငွေ့...... said...

ဘ၀မှာလသညများစွာကို ဖြတ်ကျော်ခဲ့ဖူးတယ်...။ ရသပေါင်းစုံနဲ့ခံစားမှုပေါင်းစုံကိုရရှိခဲ့ဖူးတယ်..။ တနေ့ကသာတဲ့ စနိုးမွန်းကတော့ အလှဆုံးထင်ရဲ့..။

ညီရဲ said...

တို့ ရွာသားတွေအတွက်ကတော့ လသာညတိုင်းဟာ လွမ်းမောစရာတွေ ချည်းဘဲပေါ့ ညီရေ...

Aung Htut said...

ဟုတ်ပအစ်ကိုရေ... ဒီမှာတော့ လသာသာ ၊ မသာသာ မသိလိုက် မသိဘာပါ ဘ၀ကို ဖြစ်နေပြီ။ ငယ်ဘ၀တုန်းက လသာညတွေ ထွက်ဆော့တာ မှတ်မိတယ်။ မီးကလည်း မမှန်လေတော့၊ လသာတဲ့ ညတွေဆို ပိုပြီး ဆော့လို့ ကောင်းတယ် :)

သက်ဝေ said...

မောင်မျိုးရေ... အမ မရောက်တာ ကြာသွားလို့ စာအကြွေးတွေ ပေါင်းဖတ်သွားတယ်...

လကတော့ သူ့အချိန်ရောက်တိုင်း မပျက်မကွက် ပြည့်နေမြဲပါ... အမိမြေနဲ့ ဝေးတဲ့နေရာမှာလည်း လပြည့်ညက သဘာဝအတိုင်း လှနေမြဲပါ...

မြို့ပြရဲ့ လပြည့်ညနဲ့ ကျေးလက်ရဲ့ လပြည့်ညတွေမတူဘူးဆိုတာလည်း လရောင်ကို ခံစားတဲ့သူရဲ့ စိတ်အခြေပေါ်မှာ မူတည်တယ်လို့ တွေးမိတာပါပဲ...

ပိုစ့်တွေဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်...း))

san htun said...

ညဖက် ကျောင်းကနေ အဆောင်ပြန်ရင် ကောင်းကင်ကြီးကိုမော့ပြီး လနဲ့ ကြယ်ကို ရှာရတာ အမော..လပြည့်ညတွေမှာ ပွဲတော်တွေနဲ့  စည်ကားသက်ဝင်နေတဲ့ မြန်မာပြည်က လသာညတွေကို လွမ်းတယ်...

mstint said...

'လသာညအတွေး'ဆောင်းပါးလေးဖတ်ရင်း မီးမရှိတဲ့
ရွာလေးကိုရောက်ခဲ့စဉ်က လမင်းရဲ့တန်ဘိုးရှိတဲ့
အလင်းရောင်အကြောင်းအတွေးလေးရောက်သွားတယ်
တီတင့် အိမ်ဦးသခင်ရဲ့ရွာလေးအကြောင်းပေါ့း)
အခုအသက်အရွယ်မှာတော့မောင်မျိုးပြောသလို
အေးချမ်းငြိမ်သက်နိုင်စွမ်းပေးနိုင်တဲ့ တရားဓမ္မတွေမှာ
မွေ့လျော်တာကိုပိုနှစ်သက်သဘောကျနေပြီ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်မျိုးပိုစ့်လေးဖတ်ပြီး လရောင်ရဲ့ အေးမြမှုနဲ့အတူ အိမ်ကို သတိရတဲ့စိတ်တွေ များသွားရတယ်။
လရောင်ဆိုတာ မြင်သူတိုင်းကို အေးမြစေနိုင်တဲ့ အစွမ်းရှိတယ်နော်..
စိတ်ညစ်နေချိန် လမင်းကြီးကို ကြည့်မိရင်တောင် ရင်ထဲက အပူတစ်ဝက် သက်သာသွားသလို ခံစားမိတယ်။
အမေ့အိမ်ရဲ့ အရိပ်အောက်မှာ လရောင်ရဲ့ ငြိမ်းချမ်းခြင်းကို အမြန်ဆုံး ခံစားနိုင်ပါစေလို့နော်

Angelhlaing(May everybody be happy and healthy! said...

လသာညကို ငေးမောပြီး အိပ်မပျော်ခဲ့တဲ့ ညနက်တွေက်ု လွမ်းတယ် ကိုမျိုးရေ... ခုတော့ လသာညကို ဂရုတစိုက်စောင့်ကြည့်ဖို့ အချိန်မပေးနိုင်ခဲ့တာ ကြာပြီလေ....

THS said...

လပြည့်ည အကြောင်း စီစီရီရီ ချပြသွားတာလေး သိပ်လှတယ် ၊ မောင့်လပြည့်ဝန်း သီချင်းနားထောင်မိတိုင်း ရင်ထဲမှာ စူးကနဲ ဖြစ်ဖြစ်သွားတတ်တယ် ..။

LinkWithin

Related Posts Plugin for WordPress, Blogger...