Wednesday, February 15, 2012

မိသားစုရယ်တိုင်းပြည်ရယ် ပြီးတော့…


လွန်ခဲ့တဲ့လ ကတည်းက ကြည့်မယ်ကြည့်မယ်နဲ့ မကြည့်ဖြစ်ဘူးဖြစ်နေတယ်။ မိတ်ဆွေတယောက်က ကြည့်သင့်တဲ့ဇာတ်ကား တကားလို့ အကြိမ်ကြိမ်ညွှန်းဆိုပါတယ်။ ဒါပေမယ့် မအားလို့မရှာနိုင် မရှာနိုင်လို့ မကြည့်ဖြစ်နဲ့ အဲ့လိုဖြစ်နေတာပါ။ တကယ်တမ်း အီရန်ကားကို ဒီတခါ ပထမဆုံးကြည့်ဖူးတာပါ။ ခံစားမိတာတော့ မိသားစုရယ် တိုင်းပြည်ရယ် ပြီးတော့ လူ့အတ္တတွေ၊ ကျင့်ဝတ်တွေအကြောင်း။

မိသားစုတစုရယ်လို့ ဖြစ်လာရင် ပြဿနာဆိုတာ အသေးအမွှားကနေ အကြီးမားဆုံးအထိပေါ့။ ကိုယ့်အတွက်တော့ အကြီးမားဆုံးဆိုတာ မိသားစုပြိုကွဲတဲ့ ကိစ္စပါပဲ။ လင်ကိုယ်မယားနှစ်ယောက်ထဲ မဟုတ်ပဲ သားသမီးတွေပါ တနွယ်ငင်တစင်ပါခဲ့ရင် မိရယ်ဖရယ် စုံစုံညီညီ မနေရမယ့် သားသမီးတွေအဖြစ်က ရင်နင့်စရာမို့ပါ။ အခုဇာတ်ကားမှာလည်း လင်မယားနှစ်ယောက် ကွာရှင်းပြတ်စဲခြင်းကနေ အစပြုထားပါတယ်။ စစခြင်းကို ဆောက်နဲ့ထွင်းသလိုမျိုးပါ။ မိန်းမဖက်ကနေ ကွာရှင်းဖို့လျှောက်ထားတာဖြစ်ပြီး ကွာရှင်း ရခြင်းအကြောင်းကို မေးမြန်းတဲ့အခါ

တရားသူကြီး ။ သူက ရိုက်နှက်လို့လား သူက မထောက်ပံ့လို့လား

မိန်းမ ။ အဲ့ဒါတွေတခုမှမဟုတ်ပါဘူး။ သူက ကျွန်မသွားမယ့် နောက်ကို မလိုက်ခဲ့လို့ပါ။

ယောင်္ကျား ။ မင်းသေသေချာချာစဉ်းစားပါ။ မင်းနောက်ကို လိုက်ရအောင် ငါ့ရဲ့ အယ်ဇိုင်းမားဖြစ်နေတဲ့ အဖေကို ငါဘယ်လိုထားခဲ့နိုင်မလဲ။

မိန်းမ ။ သူ့ကိုတောင် သားမှန်းမသိတဲ့အဖေကို စောင့်ရှောက်ဖို့ ကျွန်မတို့ရဲ့ အညွှန့်တလူလူနဲ့ သမီးလေးရဲ့ တက်လမ်းကို ရိုက်ချိုးချင်တဲ့သူ. အသုံးမကျတဲ့သူ။

ယောင်္ကျား ။ ဒါပေမယ့် ငါ့အဖေကို ငါက အဖေမှန်းသိသိနဲ့ ဒီပုံစံမျိုး လက်လွတ်စပယ် ငါမထားခဲ့နိုင်ဘူး။ နေစမ်းပါဦး သမီးက ဒီမှာနေရင် မတိုးတက်နိုင်တော့ဘူးလို့ မင်းထင်သလား။

အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပါပဲ။ မိဘဆိုတာ သားသမီးကို တိုးတက်ကြီးပွားကောင်းစား စေချင်ကြတာပါ။ ကိုယ့်သားသမီးကို အကောင်းဆုံး လုပ်ပေးချင်တာ မိဘတိုင်းရဲ့ တူညီတဲ့ ဆန္ဒအမှန်ပါပဲ။ မိန်းမလုပ်သူက နိုင်ငံခြား (အမေရိကန် ဖြစ်မယ်ထင်ပါတယ်) ကို ထွက်ပြီး သမီးရဲ့ ပညာရေးကို မြေတောင်မြှောက်ပေးချင်တယ်။ ယောင်္ကျားလုပ်သူကတော့ အဖေ လူမမာကြီးကိုပစ်ပြီး မထွက်သွားခဲ့နိုင်သူ၊ ဒီမှာနေလည်း သူ့သမီးဟာ ပညာတတ်တယောက် ဖြစ်မှာပဲလို့ လက်ခံထားတဲ့သူပေါ့။ နောက်ဆုံး တိုင်းပြည်ဆိုတဲ့ အရာက ပါဝင်ပတ်သက်လာခဲ့ပါပြီ။

တိုင်းပြည် တခုရဲ့ တိုးတက်မှုကို ပုံမှန်တိုင်းတာရရင် တိုင်းပြည်တွင်းမှာရှိတဲ့ ပညာရေး၊ ကျန်းမာရေး တွေနဲ့ စတင်တိုင်းတာရပါလိမ့်မယ်။ ပညာတတ်တွေ ထွန်းကားတဲ့တိုင်းပြည်မှာ သယံဇာတ မရှိလည်း ကြီးပွားချမ်းသာနိုင်တယ်ဆိုတာ အခုခေတ်မှာ လူတိုင်း မျက်မြင်ပါပဲ။ ကိုယ့်တိုင်းပြည်က ကျောင်းသားလူငယ်တွေ (တကယ်က တန်ဖိုးမဖြတ်နိုင်တဲ့ လူ့အရင်းအမြစ်တွေပါ) တခြား တိုင်းပြည်ကို ပညာသွားရောက်သင်ယူရတယ်ဆိုတာကို ထောက်ချင့်ရင် အဲ့ဒီတိုင်းပြည်ရဲ့ ပညာရေးဝန်ဆောင်မှု (တကယ်က နောင်တချိန်မှာ ပွင့်မယ့်အသီးအပွင့်တွေ အတွက် မြေတောင်မြှောက်ပေါင်းသင်ပေးတာပါ) အတိမ်အနက်ကို ခန့်မှန်းမိနိုင်ပါလိမ့်မယ်။ အီရန်ဆိုတဲ့ တိုင်းပြည် အကြောင်းကို အခုမှ ကြားဖူးတာမှ မဟုတ်တာပဲနော်။

နိုင်ငံအတွင်းက ပညာတတ်တွေ တခြားနိုင်ငံကို ကူးပြောင်းကြတယ်ဆိုတာ တကယ်တမ်းတော့ မလွယ်ကူပါဘူး။ တချို့က မိမိဘဝရှေ့ရေးအတွက်၊ ဓနဥစ္စာအတွက်၊ သားသမီးနောင်ရေးအတွက် စတဲ့ အချက်အလက်တွေကို အခြေခံသလို၊ နိုင်ငံရေးပြစ်မှုကြောင့် မွေးရပ်နိုင်ငံကို မဖြစ်မနေစွန့်ခွာပြီး ကူးပြောင်းမှုစတဲ့အကြောင်းအရာ ပေါင်းစုံပါပဲ။ နေရင်းထိုင်းရင်းကနေမှ

နောက်ဆုံးရေကြည်ရာမြက်နုရာ ပြောင်းရွှေ့သူကနေ မွေးရပ်မြေကိုစွန့်လွှတ်နိုင်သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒါက ရုပ်ရှင်ကနေ ရလာတဲ့ တိုင်းပြည်ဆိုတဲ့ အတွေးပါ. ဘာကြောင့်ပြောင်းချင်သလဲဆိုတဲ့ ခံစားချက်ကို မြန်မာတွေက ထပ်တူထပ်မျှ ခံစားနိုင်မှာပါလေ။

တိုင်းပြည်ကူးပြောင်းချင်တဲ့ စိတ်နဲ့ (ကူးပြောင်းလိုတဲ့အချက်က သမီးအတွက်ဖြစ်ပေမယ့်) ကွာရှင်းခွင့် တောင်းတဲ့ မိန်းမကို တရားရုံးက လက်မခံဘူးဆိုတာ သဘာဝကျပါတယ်။ ကွာရှင်းခွင့်မရသော်လည်း မိန်းမဆိုတဲ့ ဗီဇစိတ်နဲ့ အိမ်ကဆင်းတယ်ဆိုပြီး အနိုင်ယူပါတော့တယ်။ မဆင်းခင်မှာ ယောက္ခမလူမမာ အတွက် ပြုစုစောင့်ရှောက်ဖို့ လူစားထိုးလေးတော့ ရှာပေးခဲ့ရှာပါသေးတယ်။ သူ့လက်ကိုဆွဲပြီး မဆင်းဖို့တားတဲ့ ယောက္ခမရယ်၊ သူ့နောက်ကို မလိုက်လာတဲ့ သမီးရယ်ကြောင့် နောက်ဆံက တတင်းတင်းပါပဲ။ ဒါပေမယ့် ဆင်းမယ်လို့ စကားကျွံပြီးပြီမဟုတ်လား။

လူမမာကိုပြုစုစောင့်ရှောက်မယ့်သူ ကလည်း ဘာသာရေးစိတ်ဓါတ်ပြင်းထန်သူ။ သူ့လုပ်ရပ်တွေအားလုံးဟာ အပြစ်ငြိစွန်းခြင်း အလျဉ်းမရှိစေလိုသူတယောက်။ ဒါပေမယ့် ကမ္ဘာမီးလောင် သားကောင်တောင်ချနင်းရသေးတာမို့ ဒီအလုပ်ကို လင်ယောင်္ကျားခွင့်ပြုချက် မပါပဲ လက်ခံလိုက်ပါတယ်။ အကြောင်းအရင်းကတော့ လူမှုစားဝတ်နေရေးဆိုတဲ့ ကမ္ဘာ့ကပ်ကြီးကြောင့်ပါပဲ။ အပြင်မှာ သူနဲ့ပါလာတဲ့ သမီးက တယောက် အခုလက်ရှိ ဝမ်းကြာတိုက်ထဲမှာက တယောက်ဆိုတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိရပြီပေါ့။

လူမမာအဖိုးကြီးကို သန့်စင်ဆေးကြောပေးဖို့ဆိုတဲ့ အချက်တွေ အလုပ်လက်ခံစတုန်းမှာ သူစေ့စေ့မှ မတွေးခဲ့ပါဘူး။ တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ နောက်နေ့မလုပ်တော့ပါဘူးလို့ပဲ ဖြစ်လာပါတယ်။ ဒါပေမယ့် အဲ့ဒီဝင်ငွေကိုလည်း သူလိုချင်ပြန်တယ်။ သူ့အစား အမျိုးသားကိုလုပ်ဖို့ စီစဉ်သော်လည်း လွဲခဲ့ပြန်ပါတယ်။ အယ်ဇိုင်းမား လူနာတယောက်ကို စောင့်ရှောက်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့တော့ မဖြစ်နိုင်ပါဘူး ဆိုတာ သိလိုက်ရချိန်မှာ အတော်လေး နောက်ကျနေခဲ့ပါပြီ။ နောက်လည်း ဆုတ်လို့ မရမယ့် အတူတူ ရှေ့ကိုပဲ တိုးရုံ မှတပါး အခြားမရှိ။

ပြဿနာဆိုတာ စုပြုံပြီး ဝင်လာတတ်တာမျိုး။ အဓိကကတော့ လူမမာအဖိုးအိုကို ကုတင်တိုင်မှာ ကြိုးနဲ့ချည်ပြီး အပြင်ထွက်သွားရာက စပါတယ်။ လူဆိုတဲ့အမျိုးက အဲ့လူမကောင်းဘူးလို့ယူဆရင် သူ့ရဲ့ ပြစ်ချက်တွေကို အရင်ရှာတော့တာမျိုးပါ။ အံဆွဲထဲက ပိုက်ဆံတွေ မရှိတော့ဘူးဆိုတော့ ပြစ်မှု သိပ်ကြီးသွားပါပြီ။ အငြင်းအခုံ အပြင်းအထန် တိုက်ပွဲကြားမှာ အရာအားလုံးက ဗြောင်းဆန်။ လူမမာအဖေက ရေချိုးခန်းထဲမှာ တယောက်တည်း ရေဝင်ချိုး၊အပြင်မှာလည်း အကူမိန်းမနဲ့ စကားတွေများ စိတ်တွေထွေနေတဲ့သူနဲ့၊ ဘာသာရေးစိတ်ဓါတ်ပြင်းထန်ပြီး ပိုက်ဆံခိုးတယ်လို့ စွပ်စွဲတာကို ဘယ်လိုမှသည်းညည်းမခံနိုင်တဲ့သူ၊ သူတို့နှစ်ယောက်လုံးရဲ့ ပြိုင်တူအမှားက ဆေးရုံကိုရောက်၊ ဆေးရုံကနေမှ တရားရုံးအထိ ဖြစ်ပျက်ကုန်ပါတယ်။

ကလေးပျက်ကျစေတဲ့အတွက် အိမ်ရှင်အမျိုးသားကို လူသတ်မှုနဲ့ တရားစွဲဆိုခံရသလို၊ ညောင်မြစ်တူးတော့ ညောင်ဥပေါ်သလို အကူမိန်းမရဲ့ လူမမာအဖိုးအိုကို ကုတင်တိုင်ကြိုးနဲ့ချည်တဲ့အမှုပါတိုးရင်း နှစ်ဖက်စလုံး နစ်သည်ထက်နစ် နက်သည်ထက်နက် လာပါတော့တယ်။

လူ့အတ္တဆိုတာ ငါ၊ ငါ့မိသားစု၊ ငါ့သားသမီး ဆိုတဲ့ အတ္တတွေပါ။ အကူမိန်းမကိုယ်ဝန်ရှိတဲ့အကြောင်းကို သိပေမယ့် သူမရှိရင် သူ့အဖေကို၊သူ့သမီးကို ဘယ်သူကြည့်ရှုစောင့်ရှောက်မလဲဆိုတဲ့ အတ္တနဲ့ မသိဘူးလို့ ဘူးခံတာ အိမ်ရှင်အမျိုးသားရဲ့ အတ္တပါ။ အိမ်အကူအမျိုးသမီးရဲ့ အတ္တကိုတော့ ဇာတ်လမ်းမြုပ်ကွက်တခုမို့ ထည့်မရေးပေးလိုက်တော့ပါဘူး။ ကြည့်ရင်းနဲ့ တွေ့သွားကြမှာပါပဲ။

မိတ်ဆွေအပေါင်းအသင်းဆိုတော့ မနစ်နာစေလိုတဲ့ စိတ်နဲ့ ထွက်ဆိုချက်တွေ အတွက် နောက်တချိန် အကူအမျိုးသမီးရဲ့ သွေးဆိုးဆိုးယောင်္ကျား ခြိမ်းခြောက်သံတွေကြားမှာ ပြန်လည်ပြင်ဆင်ထွက်

ဆိုတာတွေဟာ ပထမ ငါ့မိတ်ဆွေအတွက်ဆိုတဲ့ အတ္တကို ငါကိုယ်တိုင်အတွက်ဆိုတဲ့အတ္တက ဖုံးလွှမ်းသွားစေတာမျိုးပါ။

နောက်တခုက အိမ်ရှင်ယောင်္ကျားနဲ့ အမျိုးသမီးရဲ့ စိတ်ခံစားမှုပါ။ ၁၄နှစ်ကြာပေါင်းသင်းဆက်ဆံမှုကိုမှ မထောက် နိုင်ငံကူးပြောင်းလိုမှုနဲ့ အိမ်ပေါ်ကနေဆင်းသွားလိုက်တာလို့ တယောက်က ထိခိုက် ခံစားနေသလို၊ အိမ်ပေါ်ကနေမဆင်းပါနဲ့ လို့မတားသလို ပြန်လာပါလို့လည်း မခေါ်တဲ့အတွက် နင့်နင့်သီးသီး စိတ်နာကျင်ခံစားနေသူက တယောက်။ ဒီနှစ်ယောက်ကြားမှာ အပျိုဖော်ဝင်စ သမီးရဲ့ ရပ်တည်မှုက ပိုပြီး ကြေကွဲဝမ်းနည်းစေပါတယ်။

နောက်ဆုံး သူတို့အိမ်ထောင်ကွဲသွားကြတယ်။ တရားသူကြီးက အမိနဲ့ အဖ ဘယ်သူ့ကိုရွေးမလဲလို့ သမီးကို ဆုံးဖြတ်စေတဲ့အခန်းနဲ့ ဇာတ်လမ်းကို သိမ်းသွားခဲ့ပါတယ်။ စိတ်ထဲမှာ ဘယ်သူ့ကိုမှ မရွေးချယ်စေချင်ခဲ့တာ အမှန်ပါပဲ။ ငယ်ငယ်တုန်းက လိပ်ပြာခွဲတဲ့ အဖြစ်အပျက်ကို မြင်ဖူးပြီးနောက်ပိုင်းမှာ စိတ်ထိခိုက်ကြေကွဲရတာမို့ နောက်တခါ အဲ့လို ဆုံးဖြတ်ကြတာမျိုး ဘယ်လိုမှ အကြောင်းကြောင့်နဲ့မှ မဆုံချင် မကြုံချင်ခဲ့ပါဘူး။

မိသားစု၊တိုင်းပြည် ပြီးတော့ လူတွေရဲ့ အတ္တ၊ ကျင့်ဝတ်တွေ ကြားမှာ လောကကြီးကတော့ အရှိန်မပျက် ဆက်လက် ဖြစ်ပျက်နေတုန်းပါပဲလေ..။

12 comments:

ညီရဲ said...

ဒီလို ဇာတ်လမ်းမျိုးက ကြည့်ရသူကိုပါ ရင်မောစေတယ် ညီရေ... အခွင့်ကြုံရင်တော့ တစ်ခါလောက် ကြည့်ကြည့်ချင်ပါသေးတယ်...

ချစ်ကြည်အေး said...

ကောင်းလိုက်တာ။ ကြည့်ဖြစ်အောင် ကြည့်ပါဦးမယ် မောင်မျိုးရေ....း)

မြသွေးနီ said...

စိတ်ဝင်စားစရာ...။
ကြည့်ဖြစ်အောင်ကြည့်မယ်။
အဲ့ဒီလို ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်တာ..။

မေဓာဝီ said...

အဲလိုဇာတ်ကားမျိုးတော့ ကြိုက်တယ်။
မောင်မျိုး အညွှန်းကောင်းလို့ ကြည့်လိုက်အုံးမှပဲ။

Aung Htut said...

ကားကောင်းကလေးကို ညွှန်းပေးလို့ ကျေးဇူးပါ ကိုမျိုး။

Angelhlaing(May everybody be happy and healthy! said...

ရင်နှင့်စရာ...အဖြစ်ပျက်တွေ အပြင်မှာလဲ ဒုနဲ့ဒေး ဆိုသလို ဖြစ်နေမှာ... ကျေးဇူးပါ ကိုမျိုးရေ..

မြစ်ကျိုးအင်း said...

တချို့ကြီးမားလွန်းတဲ့ အဖြစ်အပျက်တွေရဲ့ အစက မထင်မှတ်တဲ့ သေးသေးလေးကစတင်တာ မြင်ဖူး ကြုံဖူးတယ်။ သတိလက်လွတ်နဲ့ လုပ်ရပ်တခု အငိုက်မိသွားရင် နောက်ဆက်တွဲတွေက တသီတတန်းကြီးပါပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဇာတ်လမ်းက စိတ်မကောင်းစရာပါလား မောင်မျိုးရေ
ကြည့်ပြီးရင် ရင်ထဲမှာ ထိထိခိုက်ခိုက် ခံစားရမဲ့ ဇာတ်လမ်းမျိုးတော့ မကြည့်ချင်ဘူး
ဘာလို့ဆိုတော့ အဲဒီထဲက စိတ်မကောင်းစရာကို တော်တော်နဲ့ ဖျောက်လို့ မရတတ်လို့ပါ။
ဇာတ်လမ်းကတော့ တကယ်ကို စိတ်ဝင်စားစရာနော်..

san htun said...

ကြည့်ဖြစ်အောင် ကြည့်ဦးမယ် မောင်မျိုးရေ...

နေ၀သန် said...

ရုပ်ရှင်ကြည့်ရင် ရင်ရှုပ်သတဲ့... :D... ဇာတ်ကားကောင်းလေးကို ညွှန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..

ခင်မင်လျက်
နေ၀သန်

သက်ဝေ said...

စာဖတ်သူဟာ စာတွေလည်း ရေးပြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေအတွက် အညွှန်းတွေလည်း ရေးတတ်သကိုး...

စကားမစပ် မောင်မျိုးကရော စာတွေ မရေးတော့ဘူးလား... :D :D :D

rose of sharon said...

အဲလိုကားမျိုးကြည့်ဘို့ အားမရှိဘူးကွယ်... အမလည်း မောင်မျိုးလိုဘဲ ဘယ်သူ့ကိုမှမရွေးစေချင်ဘူး... သားသမီးရှိတဲ့မိဘတွေကို သားသမီးမျက်နှာငဲ့ပြီး ကိုယ့်အိမ်ထောင်ရေးမပြိုကွဲအောင်ထိန်းသိမ်းစေချင်ပါတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...