Sunday, August 22, 2010

လက်ကလေးပြ နှုတ်ဆက်သင့်ပါတယ် ။


တစ်ယောက်ပခုံးတစ်ယောက်ဖက်လို့ပျော်မြူးခဲ့ရဖူးတဲ့ရှားရှားပါးပါး သူငယ်ချင်းတစ်ယောက်ရှိတယ် ။ ကျောင်းသားဘ၀တုန်းက ကိုယ်ထိုင်ချတော့မယ် လုပ်ခါမှ ခုံကို နောက်ဆွဲလိုက်လို့ ပို့လို့ပက်လက် လန်တုန်းက စိတ်ကလည်းတို ရှက်ကလည်း ရှက်နဲ့ သူ့မျက်နှာကို ထိုးလိုက်တာလား ပြောင်သလိုလိုနဲ့ ရိုက်ထည့်မိလိုက်တာလားမသိဘူး သူ့မျက်နှာရဲပြီး မျက်ရည်တွေ ၀ဲသွားတာတော့ သတိထားမိတယ် ။ စာတအားကျက်ပေမယ့် ကျက်သလောက် မမှတ်မိတတ်လို့ စာမေးပွဲခန်းထဲ ၀င်ခါနီးတိုင်း “ စိတ်အေးအေးထား သိတာတွေသာရေးချ အဓိကက စာတွေရှိနေဖို့လိုတယ် မင်းကျက်ထားတာတွေ အများကြီးပဲ ရမှာပါ စိတ်မပူနဲ့ ” ။ စာမေးပွဲဖြေနေချိန်အတွင်း ကိုယ်ရတာမရတာထက် ချွေးပြန်နေတဲ့ သူငယ်ချင်းကို ကြည့်ပြီင်္း ကိုယ်ပါချွေးပြန်ရတာက ခဏခဏ ။

“ ငါ ဒီနေ့ကျောင်းမတက်တော့ဘူး ဖျားချင်သလိုဖြစ်နေတယ် ” ချစ်ရတဲ့သူငယ်ချင်းက ညနေကျောင်းဆင်းတာနဲ့ အိမ်ကိုရောက်လာပြီး အဖော်နေပေး စိတ်တွေ ပြောင်းအောင် လုပ်ပေးတတ်တယ် ။ တကယ်တော့ ဘ၀မှာ သူငယ်ချင်းတွေ အများကြီးထပ် ကိုယ်နဲ့စိတ်တူကိုယ်တူ မျှဝေခံစားပေးနိုင်တဲ့ သူင.ယ်ချင်းတစ်ယောက်ထဲက ပိုပြီးတန်ဖိုးရှိတယ်လို့ထင်မိပါတယ်။ သူ့ဘ၀အကြောင်း ကိုယ့်ဘ၀အကြောင်းတွေ ရင်ဖွင့်ကြရင် ညီအစ်ကိုအရင်းတွေလို ချစ်ကြတဲ့ သူငယ်ချင်း။ “ ဟဟား....မင်းရည်းစားထားနေပြီဆို ပြစမ်း ငါ့ကို အဲ့စာ ”မြီးကောင်ပေါက်စေ အရွယ်မှာ ရင်ခုန်တတ်လာတဲ့ သူငယ်ချင်းက ရည်းစား ထားချင်စိတ်ဖြစ်တော့ စိတ်ပဲမကောင်းသလိုလို မနာလိုတာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ ။ ကောင်မလေးက ငြင်းလိုက်တယ်ဆိုတော့ စိတ်ဓာတ်တွေ ကျသွားတဲ့ သူငယ်ချင်းကို သနားလို့ ဘောလုံးကန်နေရင်း မတော်တဆလိုလိုနဲ့ ကောင်မလေးနောက်ကျောကို ထိအောင်ကိုကန်ထည့်ပစ်လိုက်တယ် ။ ဒါက state ကျောင်းသားဘ၀ အဖြူ အစိမ်းနဲ့ မြီးကောင်ပေါက်စအရွယ်တုန်းကပါ ။


“ ငါ မလေးရှား သွား အလုပ်လုပ်တော့မယ် ” လို့ သူငယ်ချင်းက ပြောတုန်းက “ ကျောင်းမတက်တော့ဘူးလား မင်းပြောတော့ ဆယ်တန်းအောင်လည်း ငါတို့ တူတူတက်မယ်ဆိုကွ မင်းက ဘာလဲ ၊ ဘာလဲဟ ” အဲ့ဒီစကားတွေပဲပြောလို့ထွက်ပြီး စိတ်ဆိုးလို့ သူ့ကို စကားမပြောဖြစ်တာတော်တော်ကြာသွားတယ် အမှန်က သူ့စီးပွားရေး အခြေနေကြောင့်ဆိုတာ အချိန်နှောင်းမှ သိမိတယ် ။ သူငယ်ချင်း နိုင်ငံခြားထွက်ခါနီ အိမ်ကို လာလာတတ်ပေမယ့် သူလာတိုင်း ရှောင်နေမိတယ် ။ သူသွားမယ့်နေ့ လိုက်မပို့ဖြစ်တဲ့ကျနော် မျက်ရည်တွေနဲ့ပဲ သူငယ်ချင်း အဆင်ပြေပါစေလို့ ဆုတောင်းရင်း လက်မပြပဲ စိတ်ထဲက နှုတ်ဆက်လိုက်တယ် ။ အဲ့တုန်းက သူက ဘ၀အစအတွက် ငွေရှာဖို့ စွန့်စားတဲ့ အချိန် ကိုယ်က တော့ယောင်လည်လည်နဲ့ ပညာတွေ ကို သူငယ်ချင်းမတတ်ဖြစ်တော့တဲ့ကျောင်းမှာ စိတ်မပါ့တစ်ပါနဲ့ ။

“စာလာတယ် ငါ့တူကိုလည်း သတိရကြောင်းနဲ့ သူ့ဆီစာရေးဖို့ မှာလိုက်သေးတယ်” သူ့အမေ ပြောတုန်းက ဟုတ်ကဲ့ ကျနော်လည်း သတိရပါတယ် စာရေးထားမယ်လို့ အမြဲပြောနေပေမယ့် တစ်ခါမှ စာမရေးဖြစ်ပါဘူး ။ ဒါပေမယ့် သူ့ကို အမြဲသတိရပါတယ် ။ ကိုယ်ကျောင်းပြီးတဲ့ နှစ် သူပြန်ရောက်လာတယ် အရင်လို ငပုလေးမဟုတ်တော့တဲ့ သူငယ်ချင်း အသားတွေကဖြူ အရင် ပုဆိုးကို ခါးမှာ တင်းနေအောင် ၀တ်တတ်တဲ့သူငယ်ချင်းက ဘောင်းဘီကို စတိုင်လ်ကျကျ အတွင်းခံပေါ်အောင် ၀တ်တတ်နေပြီး ။ အိမ်အပြန်လက်ဆောင် အများကြီးဝယ်လာပြီး အိမ်ကိုလာလည်တဲ့နေ့က “ ဒီလက်ဆောင်တွေထပ် ငါက မင်းကိုပိုသတိရနေတာပါကွာ ” လို့ပြောလိုက်မိတော့ “ အေးပါ ငါလည်း မင်းကိုသတိရပါတယ်” အသံတွေတုန်နေရင်း ပြောတဲ့ သူငယ်ချင်း ။ ညီနောင် သံယောဇဉ်တွေ ရှိနေတုန်းပဲဆိုတာ သိလိုက်တာက ၂၀ ကျော်စ ဘ၀ရဲ့ ရိုက်ခပ်မှုကို အတော်အသင့်ကျင့်သားနေတဲ့ အရွယ်ပေါ့ ။

“ငါလည်း အလုပ်တစ်ခုခုတော့လုပ်မှ အစ်ကိုတို့ဆီ သွားကြည့်မလားလို့ ” သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်ဆိုင်မှာ ပြောဖြစ်တဲ့နေ့ကအဆင်ပြေပါ့မလားတဲ့ သူက အဲ့စကားတစ်ခွန်းပဲပြောတယ် ။ သူသွားတုန်းက ကိုယ်လိုက်မပို့ဖြစ်ပေမယ့် ကိုယ်သွားမယ့် ညက သူက ကားဂိတ်လိုက်ပို့ပေးတယ် “မင်း မလုပ်နိုင်ရင် ပြန်ခဲ့နော် ” တဲ့ ပြီးတော့ အေးစက်နေတဲ့လက်တွေနဲ့ ကျနော့်လက်ကို ဆုပ်ကိုင်ပြီးစကားတွေ အများကြီးပြောနေတဲ့သူငယ်ချင်း အေးစက်နေပေမယ့် သူငယ်ချင်းရဲ့ လက်ထဲက နွေးထွေးမှုတွေကို ကျနော် ခံစားမိတယ် ။

သူနေမကောင်းဘူးဆိုတဲ့ သတင်းကြားတော့ သူက ကျန်းမာရေးကောင်းတာပဲလေ သက်သာသွားမှာပါလို့ ဖြေတွေးမိပေမယ့် နောက်တစ်ကြိမ် ဖုန်းလာတော့ စိတ်ထဲထင့်နေတဲ့ကိုယ် “ ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ **** နေကောင်းပြီမှတ်လား ” လို့ အလောတကြီးမေမိတော့ ဘယ်လိုမှ မမျှော်လင့်ထားမိတဲ့ သတင်း သူငယ်ချင်းဆုံးပြီတဲ့ အမြဲတန်း ကျန်းမာသန်စွမ်းနေတဲ့ သူငယ်ချင်း အနစ်နာခံတဲ့ သူငယ်ချင်း သူက လက်မပြ ပဲနဲ့ ကိုယ့်ကိုနှုတ်ဆက်သွားပြီး မင်း ငါ့ကိုများ ဂလဲ့စားပြန်ချေတာလား သူငယ်ချင်းရယ်လို့ အသံတိတ်စကားပြောရင်း အဲ့ဒီညက ကိုယ့်မျက်ရည်တွေကို ဘီယာနဲ့ အမြီးလုပ်လိုက်တယ် ။ တကယ်ဆို မင်းငါ့ကို လက်ကလေးပြ နှုတ်ဆက်သင့်ပါတယ် သူငယ်ချင်းရယ် ။

10 comments:

မေပယ်လ် said...

ဘ၀မှာ သူငယ်ချင်းတွေ အများကြီးထပ် ကိုယ်နဲ့စိတ်တူကိုယ်တူ မျှဝေခံစားပေးနိုင်တဲ့ သူင.ယ်ချင်းတစ်ယောက်ထဲက ပိုပြီးတန်ဖိုးရှိတယ်လို့ထင်မိပါတယ်။

အဲဒါမှန်တယ် အကိုတော်...
ညီလဲ များများမထားဘူး ရီးစားဆိုလဲ တစ်ယောက်ပဲ..သူငယ်ချင်ဆိုလဲ အဲလိုပဲ
:)

နေ၀သန် said...

ကြောင်မျိုးရေ.. ဒါလေးကိုဖတ်ပြီးတော့ ကိုယ့်မှာရှိတဲ့ အပေါင်းအသင်းတွေကို လက်ရှိအချိန်မှာ အကောင်းဆုံး ဆက်ဆံပါ ဆိုတာလေးကို သတိရမိတယ်.. သူငယ်ချင်းအတွက် စိတ်မကောင်းပါဘူးဗျာ...


ခင်မင်တဲ့
နေ၀သန်

သက်ဝေ said...

စိတ်မကောင်းစရာလေး...း((

ညလင်းအိမ် said...

စိတ်မကောင်းစရာပဲ ....
သူငယ်ချင်းဆိုတာ တကယ်တော့ ကိုယ့်ရဲ့ ဒုတိယ အရိပ်ပါပဲ ...

လင်းဒီပ said...

ညီလေးဘဝရဲ့ ကြယ်လေးတစ်ပွင့် ဆုံးရှုံးသွားတာပေါ့ ...။

blackroze said...

စိတ်မကောင်းစရာပါမောင်မျိုးရယ်
သူငယ်ချင်းတွေကြားမှာရှိတဲ့ဖြူစင်တဲ့
သံယောဇဉ်အတိမ်အနက်ကဘာနဲ့မှတိုင်းလို့မရပါဘူး
တကယ်တော့သူငယ်ချင်းဆိုတာ
ကိုယ်ရဲ့ ရင်ဖွင့်ရာပါ..
စိတ်မကောင်းခြင်းများစွာနဲ့ဘဲ
အရာရာကိုရင်ဆိုင်တတ်အောင်နေနိုင်ပါစေမောင်မျိုး

Anonymous said...

မြိုသိပ်လွန်းတယ် များသောအားဖြင့်တော့ ကလေးဆန်လွန်းတယ်ထင်တယ်။ တဖြည်းဖြည်းတော့ ပြုပြင်ပြောင်းလဲလာပြီလို့ ထင်ရတာပါပဲ။ (သတ်ချင်လည်း သတ် မနေနိုင်လို့ ပါမိပြန်ပြီ)

တခါတရံမှာ တချို့အကြောင်းအရာတွေက ဖွင့်ပြောရတယ် ဖွင့်မေးရတယ်။

အခွင့်အရေးဆိုတာ တစ်ခါပဲရတယ်။ အခုလိုအချိန်မှာ နောင်တရတာထက် လုပ်ပေးနိုင်တဲ့အချိန်မှာ အကောင်းဆုံး လုပ်ပေးခဲ့တဲ့သူ ဖြစ်အောင်လုပ်စေချင်တယ်။

ဒါ သင်ခန်းစာတစ်ခုပဲ ဘဝကြီးမှာ သင်ကြားစရာတွေ အများကြီး ကျန်နေသေးတယ်

ဘယ်သူဘယ်ဝါဆိုတာ ပြောစရာမလိုဘူးထင်လို့ မပြောခဲ့တော့ဘူး.............

ချစ်ကြည်အေး said...

ကြီးတယ် ငယ်တယ်ရယ် မဟုတ် တဖြုတ်ဖြုတ်နဲ့ ကြွေလင့်နေကြတာ...
စိတ်မကောင်းပါဘူး မောင်မျိုးရေ....

ShwunMi- said...

သူငယ်ချင်းတွေကို သတိရသွားပီ

Unknown said...

မှန်တယ် လောကမှာ ကိုယ့်စိတ်နဲ့ ထပ်တူကျတဲ့
သူငယ်ချင်း တစ်ယောက်ခုလုမျိုး တွေ့ကြုံရတော့
ရင်ထဲမှာ ဆို့နင့်နေတာမျိုး ......
ဖတ်ရတာ အနှစ်အပြည့် ပါတယ်..

LinkWithin

Related Posts Plugin for WordPress, Blogger...