Monday, September 27, 2010

အမေပြောပြတဲ့ ကျနော့်အကြောင်း

အမေ ..... အမေလို့ခေါ်လိုက်တာနဲ့ ကိုယ့်လောကကြီးတစ်ခုလုံး လုံခြုံနွေးထွေးသွားသလို ခေါ်လိုက်ရတာ ပါစပ်ထဲအရသာရှိသွားတာပဲ ။ အမေချက်ကျွေးတဲ့ဟင်းဆို ခါးနေပါစေ စားကောင်းမြဲပါ ။ အမေ....မောင်နှမတွေများတော့ အမေက ဒုတိယသမီး ကျောင်းမနေပါ မောင်ညီမတွေကိုထိန်းရင်း ရေးတတ်ဖတ်တတ်ရုံလောက်ပဲ အမေသိတယ် ။ အမေက ဘ၀အသိတွေ လောကဓံရဲ့ ခပ်ပြင်းပြင်းရိုက်ခတ်မှုတွေကို သင်ခန်းစာယူရင် သားသမီးတွေကို အမေက ညအိပ်ယာဝင်ပုံပြင်တွေအဖြစ် အမြဲပြောပြနေကြ။ ညအိပ်ခါနီးတိုင်း ခေါင်းကိုပွတ်သပ်ပေးနေကျ အမေ့လက်ကြမ်းရှရှလေးကိုသတိရတယ် ။ ကျောင်းမနေဖူးတဲ့ အမေ သားသမီးတွေ အားလုံးရဲ့ မွေးနေ့တွေကို အလွတ်ရနေတတ်တာ ဘာကြောင့်ပါလိမ့် အမေ့ရဲ့ အချစ်စွမ်းအားတွေကြောင့်ပေါ့။

“ နင်တို့ဘ လူပျိုတုန်းက အမေ့ကိုဘယ်လိုပိုးတယ်ထင်တုန်း အစ်ကိုတွေ ၊မောင်တွေများတော့ ကြောက်တယ်ထင်ပါ့ အိမ်မှာ မိုးတွင်းစပါးရိတ်ချိန်ပြီးတိုင်း အမေတို့အိမ်မှာ အလကားကျွဲလာကျောင်းပေးတာ ” တဲ့ ပြီးတော့ ထောက်ခံချက်လေးယူလိုက်သေး “ ဟုတ်တယ်မှတ်လား ငပေါ ” တဲ့ အမေက အဘကိုချစ်စနိုးတဲ့ခေါ်တဲ့ နာမည်က ငပေါ ကရင်အမျိုးသား အဘဒီအရွယ်ကြီးရောက်ပေမယ့် ရှက်သွားတယ်ထင်ပါ့ “ နင်တို့မေတို့ဟာလေ ခလေးကုလား သားသမီးတွေ ရှေ့မှာ ” ဆိုပဲ ။ အစ်မအကြီးဆုံးမွေးတုန်းက ဒုက်ခရောက်တဲ့ဘ၀ကို အမေပြန်ပြောပြတိုင်း အမေ့ကို သနားမိတယ် ခလေးကငယ်ငယ် စီးပွားရေး အဆင်မပြေတော့ ခလေးဖျားနေတာကို ဂရုမစိုက်နိုင်တော့ လသားလေးနဲ့ လူ့လောကထဲက ထွက်သွားရတဲ့ အဖြစ်ပါ။

ကိုကြီးငယ်ငယ်တုန်းက မုန့်စိမ်းပေါင်းသည်ကို နောက်ကနေ တုတ်နဲ့ထိုးချလိုက်လို့ လျှောလိုက်ရတဲ့အကြောင်း ။ အစ်မကတော့ အပျိုပေါက်လေးတုန်းက ဆန်တွေတအားစားလို့ ကြောင်ချီးတွေ လူးထားရတဲ့အကြောင်း မိသားစု စကားဝိုင်းတိုင်း အမေပြောနေကျပါ ။ ခလေးသေးသေးမြင်ရင် ချီလည်းချီချင်တယ် ပျော့စိစိလေး ပြုတ်ကျမှာကြောက်လို့မချီရဲတဲ့ အဖြစ်ကိုတွေ့တော့ အမေက ပြုံးရင်းဆိုတယ် “ နင့်တုန်းက အဲ့ထက်တောင်ဆိုးသေး ခေါင်းကနီတာရဲ အမေ့ရဲ့ နံကပ်သား အဘရဲ့ နောက်ဆုံးကျည်ဆံလေးဆိုတော့ ကြွက်စုတ်လေးလိုပဲ ” တဲ့ အဲ့လိုပြောတိုင်း ရှက်ရှက်နဲ့ ဆိုမိတဲ့ စကားက “အမေကလည်းဗျာ ” ။

ကျနော့်ကိုမွေးတဲ့နေ့က အဖြစ်အပျက်ကို အစ်မက မကြာမကြာပြောရင်းစတယ် တစ်ခုခုဖြစ်တိုင်း နင်ဟာလေး တခါတည်း ရေကပြင်ထဲကျသွားရမှာတဲ့ စိတ်ဆိုးဆိုးနဲ့ အမေ့ကိုဂျစ်တိုက်တာ မပြောမဖြစ်တဲ့အမေ မှတ်ညဏ်တွေမပျောက်ပဲ မှတ်မိနေတာပါပဲ ။ အဲ့ဒီနေ့ အမေ့ဗိုက်ထဲကကျနော် ရှုပ်ထွေးပွေလီလွန်းလှတဲ့ လူ့လောကကြီးထဲ တိုးထွက်နေတာပေါ့ ခြံသမားအဘ လှည်းတိုက်ပြန်လာရင်း ပင်ပန်းလာတော့ ရှကီလေးက တစ်လုံးရယ် ၂ လုံးရယ်နဲ့ အလုံးပေါင်းတွေထပ်လို့ တော်ကြာ ကြက်သွန်သုတ်ပေးပါအုံး တော်ကြာ မြေပဲလှော်ပေးပါအုံးနဲ့ အမေ့ကိုရစ်နေတာ ဗိုက်နာလျှက်နဲ့ အမေ့ခမျာ လုပ်ပေးရတုန်း ။ ကြာလာတော့ မအောင့်နိုင်တော့တဲ့ အမေ “ငပေါ ငါဗိုက်အရမ်းနာလာပြီး အမေတို့ကို သွားခေါ်စမ်းပါ” လို့ အမေကပြောတော့ အမူပြေချင်သွားတဲ့ အဘ လှေကားထစ်ဆင်းတာ ပြေချင်ပေမယ့် မပြေတဲ့ အမူးဒဏ်က လှေကားတစ်ထစ်မှာ တစ်ခါ အိပ်ပျော်နေပါကောတဲ့ ဖြစ်ရလေ ချစ်လှစွာသော အဘရယ် ။

၁၀နှစ်သမီး ၀န်းကျင် အစ်မကိုနှိုးပြီး အဖွားတို့ကို သွားခေါ်ခိုင်းတော့ မနက်လင်းကြီး ခလေးပီပီ အစ်မ အဖွားကိုသွားပြောတာက “ အဖွား အဖွား အမေ ခလေးတန်းလန်းကြီးနဲ့ ” တဲ့ သမီးဇောနဲ့ အဖွား အိပ်ယာထလာလိုက်တာ လမ်းတစ်ပိုင်းရောက်မှ အစ်မက နောက်လှည့်ကြည့်လိုက်တော့ အဖွားက အောက်ခံလုံချည်မပါဘူးတဲ့ အဖွားတစ်ယောက် တုန်၂ချိ၂ နဲ့ လုံချည်ပြန်ဝတ်ရတဲ့အဖြစ် အဖွားလည်းရောက် အမေက ရေကပြင်မှာ ချက်ကြိုးတန်းလန်းကြီးနဲ့ နီတာရဲ ကျနော့်ကို မွေးထုတ်ထားပြီးပြီး ရှေ့မှာ တိုက်ပွဲ ငါးပွဲတောင်တိုက်ထားဖူးတဲ့ အမေ ဒီတိုက်ပွဲတစ်ပွဲကိုတော့ အပျော့ပေါ့တဲ့ ။ မွေးကတည်းက ခပ်လွဲလွဲကျနော် ကျနော်မွေးတဲ့နေ့က အဖွားလုံချည်မပါပဲ မနက်အစောကြီး လမ်းထွက်လာတဲ့နေ့ အဘ မူးတဲ့နေ့ ၊ ညီမဇောနဲ့ မိန်းမဗိုက်ကြီးနဲ့တောင် မူးရမလားလို့ ဒေါသထွက်တဲ့ ကျနော့်ဘကြီး အဘကို ခေါင်းရိုက်တဲ့နေ့ အလွဲတွေ ခပ်များများနဲ့ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်တုန်းက လူ့လောကထဲ ရောက်လာတဲ့ နီတာရဲလေးက အမေပြောပြတဲ့ သူ့အကြောင်းကို ပြုံးစိစိနဲ့ ကီးဘုတ်ပေါ်မှာ စာတွေစီလို့ပါ ။





14 comments:

မိုးယံ said...

ပြုံးစိစိ နဲ့ စီထားတဲ့ စာလေး ဖတ်လို့ကောင်း ဒယ်

အုပ်ကြီး said...

သြော် ...နီတာရဲလေးကိုး .....
:D

ချစ်မောင် said...

(အစ်မကတော့ အပျိုပေါက်လေးတုန်းက ဆန်တွေတအားစားလို့ ကြောင်ချီးတွေ လူးထားရတဲ့အကြောင်း)
ဘာကိုကြောင်ချီးလူး တာလဲ ကိုမျိုးရဲ့။ ဆန် ကိုလား။ လူကိုလား...။
း)

Anonymous said...

ပြုံးစီးပြီးစာစည်တာတော့ဟုတ်ပါပြီ
မြင်းလုံးကြီးပါစိထားတော့
စာလုံးပေါင်းတွေကမှားလိုက်တာ အဘမူးတာထက်တောင်ဆိုးသေး
ခေါက်ချင်တာ ကတောင်ကနဲနေအောင်

မေပယ်လ် said...

ဆိုးပါ့...
အမေရယ်လေ..
ခလေးတန်းလန်းကြီးနဲ့တဲ့..။
လူ့လောကကို သရော်သံလိုလို..
ဇ၀န ရသမြောက်သလိုလို..
ငိုပဲ ငိုရတော့မလို..
ကရုဏာပဲ သက်ရတော့မလိုလို..
ရသပေါင်းစုံ ဟင်လေးအိုး..။

blackroze said...

အော်.........နီတာရဲလေးတောင်..ခုတော့
အွန်လိုင်းမှာဘလော့ဂါကြီးဖြစ်နေပါရောလားနော်..

Maung Myo said...

ဆန်ကို ကြောင်ချီးလူးတာလေ အဲ့တော့ နောက်သူမစားရဲတော့အောင် သေချာတော့ မမှတ်မိတော့ဘူးကော အမေ ပြန်ပြောပြတာ ကျနော်လည်း မြင်ဖူးခဲ့တယ် ထင်တာပဲး) မမှတ်မိတော့ အရမ်းငယ်တုန်းက။

အမည်မဲ့ ပြောပေးခဲ့တာ ကျေးဇူး မတင်ချင်တင်ချင်နဲ့ တင်လိုက်ပါတယ်း) ပရိုဖိုင်မှာတင်ထားတယ် ဖတ်တဲ့သူ ပြင်မှတ်သွားပါစေ ခေါင်းလာမခေါက်နဲ့ ညဘက် ရှူးပေါက်ထည့်မိရင် အိပ်ယာခင်း လာဝိုင်းလျှော်ပေးမှာလည်းမဟုတ်ပဲနဲ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြုံးစိစိနဲ့ ရေးထားတော့လည်း ပြုံးစိစိနဲ့ ဖတ်ရတော့တာပေါ့နော်။
တောသူတောင်သားတွေဘ၀ကတော့ ကိုယ်ဝန် တကားကားနဲ့လည်း အလုပ်လုပ်ကြရတာပါဘဲလေ။
အမေတို့တွေလည်း အတူတူပါဘဲ။
မိခင်တွေများ သနားဖို့ကောင်းပါတယ်။

မေဓာဝီ said...

မွေးနေ့လား မောင်မျိုး ...
အမေ့အကြောင်း အဘအကြောင်း မောင်နှမတွေအကြောင်းနဲ့ မောင်မျိုးရဲ့ ဘ၀အစ အကြောင်းက ရိုးရိုးလေးပေမဲ့ ဖတ်ရတာ ကြည်နူးစရာလေး။
မွေးနေ့ဆိုရင် မင်္ဂလာရှိသော မွေးနေ့ ဖြစ်ပါစေနော် ..
မွေးနေ့မဟုတ်ရင်လဲ အမေကို သတိရတဲ့ သားလိမ္မာ မောင်မျိုးအတွက် နေ့ရက်တိုင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ ... လို့ ဆုတောင်းလိုက်ပါတယ်။

ရွှေရတုမှတ်တမ်း said...

အဖေတူသားလား...
မိန်းမဗိုက်ကြီးနေရင်..မွေးခန်းပို့ပြီးမှ..ပြန်သောက်ပါ..

မိုးခါး said...

အမှတ်တရပေါ့ ..း))
နားထောင်လို့ကောင်းတယ် .. (ကြားတော့ မကြားရဘူးပေါ့ ..) ;)

ပန်းခင်းလေး said...

အင်းးး . .မြင်အောင်ကြည့်သွားတယ်
အဲဒီ ပြုံးစိစိ မျက်နှာကို . . ဟီဟီ

mabaydar said...

အမှတ်ရစရာလေးတွေပေါ့နော်... မဗေဒါ ဖွားဖွားနဲ့ အမေဆိုလဲ အဲလို ပြောပြတတ်တယ်... သိပ်နားထောင်လို့ကောင်းတာပဲ... ရေကပြင်ပေါ်က နီတာရဲလေးက တစ်နေ့ စာရေးကောင်းတဲ့ ဘလော့ဂါဖြစ်လာမယ်လို့ အရင်က ဘယ်ထင်ခဲ့မလဲနော်... ဖတ်ရတာ ရီလဲရီရတယ်... စိတ်ဝင်စားဖို့လဲကောင်းတယ်... မောင်မျိုးအကြောင်းလဲ သိရတယ်... :)

Unknown said...

look at here now replica ysl Read Full Article image source he has a good point Dolabuy Loewe

LinkWithin

Related Posts Plugin for WordPress, Blogger...