Saturday, May 8, 2010

လမ်း

နတ်တော် ၊ပြာသို ခိုက်ခိုက်တုန်အောင်အေးနေတဲ့ အာရုံမနက်ခင်းတွေမှာ ကောင်ကလေးတစ်ယောက် နွားနို့ လိုက်ရောင်းခဲ့ဖူးတယ် '' နွားနို့ ရောင်းရတဲ့ ပိုက်ဆံက ငါ့သားလေး ကျောင်းမုန့် ဖိုးရတာပေါ့ '' ဆိုတဲ့ အမေ့ရဲ့ အားပေးသံနဲ့ အတူ တက်ကြွလန်းဆန်းခဲ့ရတယ် ဒါပေမယ့် ကျနော် အရမ်းချမ်းတယ် အမေ ။ တကယ်ဆို ကျနော်လည်း သူငယ်ချင်းတွေလို စောင်ခြုံထဲမှာ နွေးနွေးထွေးထွေးနဲ့  အိပ်စက်ချင်ခဲ့တာ ။ မနက်ဝေလီဝေလင်း ရွာကနေ စက်ဘီးလေးတစ်စင်းနဲ့  မှောင်မှောင်မဲမဲကြီးထဲ တစ်ယောက်တည်း ကြောက်ရမှန်းမသိ လိုအပ်ချက်ဆိုတာတွေ များလွန်းနေလို့  အရွယ်နဲ့ မမျှတဲ့ တာဝန် နဲ့ ကျနော်ကြီးပြင်းခဲ့ရတယ် ။ ဒါတွေက ရှေ့ဆက်ကျနော် ဆက်လျှောက်ရမယ့် လမ်းတွေအတွက် နမိတ်ပုံများလား ။

အရွယ်ရောက်လာတာနဲ့ အမျှ လောကဓံ အကြိမ်ကြိမ်ရိုက်နှက်ထားလို့ သွင်ပြင်တွေတောင် မာကျောနေပြီ။ ဘဝဆိုတာဘာလဲ ချိုစိမ့်တစ်ခွက်လား၊ ပုံမှန်စိမ့်လား၊ ဒါမှမဟုတ် ဖန်ချိုလား။ ကောင်ကလေးကတော့ သူ့ဘဝ ဖန်ခါးခါးအရသာအချို့ကို နှစ်နှစ်ခြိုက်ခြိုက်မျိုချ နေလေရဲ့။
“ကောင်လေး ဖန်ခါးတစ်ခွက်”
“ရမယ်ဆရာ... နောက်ရော ဘာသုံးဆောင်ဦးမလဲ ခင်ဗျ”
“ရပြီ... တော်ပြီကောင်လေး”
“အကိုရေ... ဖန်ခါးတစ်ခွက်”
ညရဲ့သုံးပုံနှစ်ပုံခန့်မှာ သူအော်သံတွေဆူညံနေတယ်။ သူဟာဒီနေရာလေး ရဲ့စစ်သူကြီးတစ်ယောက် မဟုတ်ပေမယ့် သူ့နုတ်က အန်ကျလာတာတွေကတော့ လူတိုင်းနီးပါ လုပ်ဆောင်နေလေရဲ့။ ဆီဆမ်းတစ်ပွဲ အော်ချင်အော်မယ်၊ ဖန်ချိုတစ်ခွက်အော်ချင် အော်မယ် သူဟာဒီနေရာမှာ ပါဝါမရှိတဲ့ ခိုင်းစေသူပေါ့။ တန်ကြေးအရှိဆုံး ငွေစက္ကူရဲ့ တစ်ဝက်မျှသောလစာ မက်လောက်စရာ မဟုတ်ပေမယ့် တန်ဖိုးထားတတ်ခဲ့တယ်။ ဘဝ ဒီလိုနဲ့ပဲ တစ်နေ့ တောက်ပရမှာပေါ့ စိတ်ထဲမှာ ကြိတ်ရေရွတ်တယ် ဒီလိုအခြေနေမျိုးနဲ့ လည်း ကောင်ကလေး လမ်းကြမ်းတွေကို လျှောက်ခဲ့ဖူးတယ်။

“အဖေ သားကို ဆိုက္ကားတစ်စင်း ပေးပါ”
၈ တန်းစားမေးပွဲ ဖြေအပြီး ကောင်ကလေး သူ့အဖေဆီက တောင်းခဲ့တဲ့ အခွင့်အရေးပါ။ အဖေ့ရဲ့ မျက်ဝန်းထဲက စကားတွေသူမြင်တယ်။ မျက်နှာချင်းဆိုင်ရာကနေ ခဏလွဲလိုက်တယ်။ စကားစု တစ်စုအတွက်သူ အားယူလိုက်ခြင်းပါ။
“သူများခိုင်းတာ လုပ်နေရတာထက် ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ခွင့်ပေးပါ
သား ကျောင်းထွက်မယ်.... ပြီးတော့ အဖေ့ကိုကူမယ်”
“တော်တော့သား... မင်းကျောင်းမထွက်ရဘူး”
တကယ်တော့ မိသားစု အတွက်ရုန်းကန်ရတာ မလွယ်မှန်းသိနေတယ်။ သားတစ်ယောက်အနေနဲ့ သူ့မှာတာဝန်ရှိသည်။ နောက်ဆုံးတော့ ကောင်ကလေး နွေရာသီ ကျောင်းပိတ်ရက်မှာ သူ့ခြေထောက်တွေ အလုပ်စရခဲ့တယ်။ ပင်ပန်းပေမယ့် ပျော်ရွှင်တယ်။ ဘဝရဲ့ အပျော်ရွှင်ဆုံးအချိန်များထဲက ရက်စွဲလေးတွေပေါ့။ သူဟာ သုံးဘီတတ်ယာဉ်လေးရဲ့ အရှင်သခင်ဖြစ်တယ်။ သူ့ကိုယ်ပိုင် အတွေးတွေနဲ့ သူ့စိတ်ကူးရဲ့ ဖန်တီးရှင်ဖြစ်တယ်။ သူ့ယာဉ်လေးပေါ်ကနေ လူတိုင်းကိုယ် ခေါင်းမော့ကြည့်တယ်၊ စူးစမ်းကြည့်တယ်။ ဘဝမှာ ပျော်ရွှင်မှုဆိုတာရော၊ ဝမ်းနည်းကြေကွဲမှု ဆိုတာရော အချိန်တန်ရင် ပြီးသွားကြတာပဲလေ ဒါလောကဓံရဲ့ နိယာမ တစ်ချို့ ပေါ့ ။

“.................. စည်ဘီယာဆိုင်”
“စားပွဲထိုး ၁၁ ဦး၊ အကြော်ဆရာ ၂ ဦး အလိုရှိသည်”
ကျောင်းကအပြန် ဟိုကြည့် ဒီကြည့်လျှောက်ကြည့်ရင်း စည်ဘီယာဆိုင် အသစ်တစ်ခုအတွက် ဝန်ထမ်းခေါ်ယူတဲ့ ဆိုင်းပုဒ်လေးတစ်ခု။ လျှောက်လွှားတစ်စောင် တောင်ပြီးဖြည့်တယ်။ အမည် နေရပ်လိပ်စာ အဖအမည် အားလုံးအဆင်ပြေသည်။ နောက်ဆုံးတစ်ချက် အသက် ကွင်းစကွင်းပိတ်နဲ့ ရေးထားသေးသည် အသက် ၁၆ နှစ်အထက်။ ဒီအလုပ်ရလျှင်တော့ အဆင်ပြေမယ် ကောင်လေးစဉ်းစားသည်။ ကောင်လေး ခပ်သွက်သွက်ပင် ဖြည့်လိုက်တယ်လူတွေ့မေးဖို့ရှိသည်တဲ့ဘာတတ်နိုင်မည်နည်း မေးတော့လည်း ဖြေလိုက်ရုံပေါ့။

“အရင် စားသောက်ဆိုင်တွေမှာ လုပ်ဘူးလား”
“မလုပ်ဘူးပါဘူး”
ကောင်လေးကို မေးလိုက်သူခပ်ရိုးရိုး သာမာန်လူတစ်ယောက် လိုနေတတ်သော သူတစ်ယောက် စိတ်ထဲမှာ မှတ်ချက်ချလိုက်တယ်။
“အရင်က ဘာအလုပ်လုပ်ဘူးလဲ”
“ .............. ”ည အလင်းဆိုင်လေးမှာ လွန်ခဲ့တဲ့ နှစ်နှစ်က စားပွဲထိုးလုပ် ဘူးပါတယ်.
မေးလိုက်သူ လူကြီးက ကောင်လေးကို တစ်ချက်ကြည့်လိုက်တယ်...။
နောက်ကောင်လေး ညနေ ၄ နာရီကျောင်းအဆင်း စည်ဘီယာဆိုင်လေးမှာ အလုပ်စလုပ်ခဲ့တယ်။ အဲဒီနေရာလေးဟာ ကောင်လေးအတွက်တော့ ဘဝကျောင်းတစ်ကျောင်းပါပဲ။ သူ့အနာဂတ်တွေ သူမြင်ခဲ့ရတဲ့နေရာ၊ ယုံကြည်မှုတွေ မွေးဖွားခဲ့တဲ့နေရာ။ ပြင်းပြ ထက်သန်သောစိတ်က အရာရာကိုကျော်ဖြတ်နိုင်သည်ပဲလေ။

သူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေက လမ်းကြမ်းလို့  ခေါ်နိုင်သလား ပန်းခင်းတဲ့လမ်းမဟုတ်တာတော့ သေချာပါတယ် ။ ဒါပေမယ့် ကြမ်းချင်သလောက်ကြမ်းပါစေ သူလျှောက်ခဲ့ပြီးပြီ အခုနေပြန်စဉ်းစား ဒါတွေက သူ့ အတွက်တော့ လမ်းကြမ်းတွေထဲကမှ လမ်းသေးသေးလေးတစ်ခုပါ ရှေ့ဆက်ပြီးလည်း ဒီ့ထက်ကြမ်းတဲ့ လမ်းတွေ လျှောက်လှမ်းရအုံးမယ်ဆိုတာလည်း သူသိနေတယ် ။
လမ်းဆိုတာကတော့ ကြမ်းချင်ကြမ်း ချော့မွေ့ ချင် ချောမွေ့  လောက လူသားတွေလျှောက်ဖို့ ခေါ်ဆိုကြတဲ့ အမည်နာမလေးတစ်ခုပါပဲ...........။

6 comments:

နေ့အိပ်မက် said...

အရင်တုန်းက ကိုမောင်မျိုးရဲ့ အရင်တုန်းက ဟန်လေးတွေ ပြန်ဖတ်ရတာ ၀မ်းသာလိုက်တာ..

နေ့အိပ်မက်ပြန်ပေါ်လာတုန်း ကိုမောင်မျိုးနာမည်နဲ့ ဘလော့ဂ်ကောမန့်တွေထဲမှာတွေ့တွေ့နေလို့ အရင်ကိုမောင်မျိုးမှဟုတ်ရဲ့လားလို့ လာကြည့်တာ.. ဟုတ်နေတော့ တော်တော်ပျော်သွားတယ် :)

sosegado said...

ဘဝ ဇာတ်လမ်းလေး ဖတ်သွားပါတယ်
ဆိုင်တော်တော်များများမှာ ကလေးအရွယ်တွေ လုပ်နေကြတာ…….

မေဇင် said...

ဟုတ်တယ်နော်....လမ်း ဆိုတာ လျှောက်ဖို့ပဲ။ လမ်းတွေ အများကြီးဖြတ်ကျော်ခဲ့ဖူးတယ်...လမ်းတွေ အများကြီး ဆက်လျှောက်ရဦးမယ်။

mirror said...

ဖတ်ပြီး မောဒယ်..ဟာ။အရေးအသားကတော့ အရင်အတိုင်းပါ ။မပြောင်းမလဲ..။

label တပ်ထားတာတော့ သဘောကျတယ်။
တစ်မျက်နှာစာ ၀တ္ထုဆိုတာလေး။ သူပဲ တွေးတတ်..။

မောင်ရှင်းသန့် said...

မကြီးမယ်ရာ ပြောသလိုပဲဗျို့
လေဘယ် နောက်ကြုံရင် ယူသုံးအုံးမယ်ဗျ :D

မေ said...

ဘလော့ဂွလမ်းကိုပြန်ရောက်လာတာဝမ်းသာ
တယ်သူငယ်ချင်းရေ..ပျော်ရွှင်ပါစေ

LinkWithin

Related Posts Plugin for WordPress, Blogger...