Monday, February 6, 2012

မိသားစု ထမင်းဝိုင်း

မိသားစု ထမင်းဝိုင်းလေး.... ထမင်းလက်စုံမစားဖြစ်တာတောင် ဆယ်စုနှစ်တစ်ခုကျော်လောက်ရှိပြီ ။ ကျနော်တို့ မိသားစုက များပေမယ့် ကျနော် အငယ်လေးတုန်းက တော့ထမင်းလက်စုံအမြဲစားဖြစ်ကြပါတယ် မနက်ပိုင်းကိုတော့ လက်စုံစားဖြစ်တာနည်းတယ် များသော အားဖြင့် အဘ နဲ့ အစ်ကိုတွေက ခြံထဲဆင်းရင် အစ်မတွေက ထမင်း၊ ဟင်း တောင်းကို ခြံထဲ သွားပို့တာမျိုးရှိတယ် ။ အဲ့အခါဆို အဘကြိုက်တဲ့ ရေနွေးဖန်ခါးခါး တစ်အိုး ကွမ်းယာစားဖို့ ကွမ်း ၊ ထုံး ၊ ကွမ်းသီးနဲ့ ဆေးကြမ်းကို ကြွတ်ကြွတ်အိတ်ကြီးကြီးထဲ ထည့်ပြီးယူသွားပေးရတယ် ပြီးရင် အဘက ပွတ်ချွန်းဆေးလိပ်လည်း သောက်တတ်တော့ အဲ့တာလေးပါယူသွားပေးရတာပေါ့ အငယ်ကတော့ အဘအတွက် ဆေးရွက်ကြမ်းကို ပါးပါးလှီးပေးတာမျိုး သတင်းစာကို တစ်လိပ်စာလေးတွေ ဖြတ်ပေးတာမျိုးမကြာမကြာလုပ်ပေးဖြစ်တယ် ။

မိသားစုတွေ မနက်ပိုင်း ထမင်းလက်စုံမစားဖြစ်ကြပေမယ့် ညနေပိုင်းကိုတော့ စုံအောင်စားဖြစ်ကြတယ် ။ တစ်ယောက်ယောက် မစားရသေးပဲ အရင်စားဖို့ လောမိ၇င်တော့ ကိုကြီးရဲ့ မျက်ထောင့်နီနဲ့ ကြည့်ခံ၇မှာသေချာတာပေါ့ အဲ့တာကြောင့် ဘယ်လောက်ဆာဆာ သိပ်မပူဆာရဲဘူး ။ ကျနော်ကတော့ ရွာက ကျနော့်အိမ်လေးရဲ့ မိးဖိုချောင်မှာ မိုးခိုးလေးတွေထွက်နေတဲ့မြင်ကွင်းကို သိပ်သဘောကျပါတယ် ပြီးရင် မိးဖိုချောင်ထဲက ငရုပ်စုံ သံ တတောင်တောင် ကိုကြားရရင်လည်း သိပ်ရင်ခုန်ပါတယ် ဒီညနေတော့ ငါ ဟင်းကောင်း တီးရတော့မယ်ဆိုတဲ့အတွေးမျိုးနဲ့ပေါ့ ။ပြီးရင် အဘနဲ့ အမေလည်း စုံပြီး မောင်နှမတွေလည်း စုံတဲ့ ညနေခင်းမီးခွက်ထွန်းချိန်လောက်ဆို ကျနော်တို့ရဲ့ ညနေခင်း ထမင်းဝိုင်းလေးစပါပြီ ကျနော်က ထမင်းပန်းကန်သယ်ပေးတယ် ပြီးရင် ဟင်းပန်းကန်သယ်တဲ့အခါကျ ဘယ်အတုံး အသားများများ ပါလဲဆိုတာ အရင်ကြည့်ထားတယ် ပြီးရင် အမေ့နားဟင်းပန်ကန်လေးချ အမေ့နားပဲ ကပ်ထိုင်တာ ကိုကြီးမကြားအောင် တိုးတိုးလေး *မေ့...သားကို ဟိုအတုံးကြီးကြီးလေး * အမေကတော့ ပြုံးလို့ ။

ထမင်းဝိုင်းမှာ အသားဟင်းကောင်းကောင်းတွေ မပါ ဆီပြန်ဟင်းတစ်ခွက် ဟင်းချို ဇလုံကြီးကြီးတစ်လုံး ငါးပိရည်ပျစ်ပျစ်တစ်ခွက်နဲ့ တို့စရာစုံ ဒါဟာ ကျနော်တို့မိသားစု ထမင်းဝိုင်းအတွက်တော့ တန်ဖိုးအရှိဆုံး ဟင်းလျာတွေပါပဲ အဘက အသားလေးတစ်တစ်ဖဲ့ ဖဲ့ပေးလိုက် အမေက နည်းနည်းပေးလိုက်နဲ့ ကျနော့်ရဲ့ ထမင်းပန်းကန်လေးက ဟင်းလေးတွေ များနေတတ်တယ် ဒီကြားထဲဟင်းစားများတော့ ကုန်သွားရင် ခပ်တာတွေလည်းများပြီ ထပ်လည်းမခပ်ထည့်ရဲတော့ အမေ့ကို ထမင်းဝိုင်းအောက်ကနေ အသာလေး လက်ကလေးနဲ့ကုတ်လိုက်တယ် သေချာပြီ အဲ့လိုဆိုရင်တော့ အသားတစ်တုံးလောက် ကျနော့်ပန်းကန်ထဲရောက်တော့မယ်ဆိုတာ ...* အငယ်ကောင် မင်းက ဟင်းစားများလှကြီလားကွ အကြီးတွေတောင် နည်းနည်းပဲစားတာကို * ဒါကတော့ ထမင်းစားတိုင်း သိပ်စည်းကမ်းကြီးတဲ့ ကိုကြီးရဲ့ ဆူတာလည်းမဟုတ်တဲ့ မာန်ပါပါ အသံ အဲ့လိုဆိုရင်တော့ မျက်နှာငယ်လေးနဲ့ အမေ့ကိုစစ်ကူတောင်းတဲ့အကြည့်လေးကြည့်လို့ * နင်တို့ကလည်းဟယ် ငါ့သားလေးစားပါစေ * ဒါဆိုရင်တော့ ကိုကြီးက ကျနော့်ကိုမကြည်ကြည့်လောက်ပဲကြည့်တော့တယ် ။

အငယ်က နေမကောင်းဖြစ်ပြီဆို အမေက ကျနော်ကြိုက်တဲ့ ဆီချက်လေးတွေ လုပ်ထားပေးတတ်တယ် ပြီးတော့ ငါးခြောက်နဲ့ ကင်းပွန်းရွက်ကြော် စပ်စပ်လေး မစားချင်လည်း ထမင်းဝိုင်းမှာ နည်းနည်းလေးဖြစ်ဖြစ် စားရတာ အမေက မိသားစု ထမင်းလက်စုံမစားရတဲ့နေ့ဆို စိတ်မကောင်းဖြစ်လို့ပါ ။ မိုးမတိုင်ခင် အိမ်မိုးတဲ့နေ့ဆို လည်းပျော်စရာကောင်းတာပဲ တောင်ထန်းတွေကြားထဲမှာ အမေ မေ့ပြီးထိုးထားတဲ့ ပိုက်ဆံလိပ်လေးတွေ ပါနိုင်သလို အိမ်မိုးသမားတွေအတွက် အဲ့နေ့ဆို အမေက ဟင်းကောင်းကောင်းချက်ကျွေးတာ အိမ်မိုးတဲ့နေ့ဆို တောင်ထန်းသယ်ပေး အဘကိုနှီးကမ်းပေးနဲ့ ပေလူးပေမယ့် ပျော်တယ် ထမင်းစားခါနီးကျ * အမေ့ သားလည်း အိမ်မိုးတတ်ပြီ နောက်နှစ်ဆို ခေါင်မိုးပေါ်တက်မိုးလို့ ရပြီဗျ * ကျနော်က ဟန်ပန်နဲ့ပြောရင်တော့ အမေက နှီးပဲ လိမ်တတ်အောင်ကြိုးစားပါအုံးဟယ် တဲ့ အမေဆိုတာ သားသမီးတွေရဲ့ ရှေ့ဖြစ် နောက်ဖြစ်တွေကိုများကြိုသိနေရော့သလားမသိ ခုထိ တောသားသာ ဆိုတယ် နှီးတစ်ချောင်းတောင် ဖြောင့်အောင်မလိမ်တတ်သေးပါဘူး။

မိုးတွင်းဆို မီးဖိုချောင်ထဲမှာ အမေသိပ်ကြိုက်တဲ့ ဒညင်းသီးဆားရေစိမ်အိုးကြီးရှိတယ် အမေမရှိတဲ့နေ့ဆို ရွာထဲက အိမ်တွေကို အဲ့ဆားရေစိမ်အိုးထဲက ဇလုံကြီးကြီးတစ်လုံးလောက် ခိုးနှိုက်ပြီး မုန့်ဖိုးလည်းရှာတတ်သေးတယ် အိမ်မှာ မိသားစု အားလုံး ဒညင်းသီး တအားကြိုက်ကြပေမယ့် ကျနော်တစ်ယောက်တည်းပဲ မစားတတ်တာ စားကြည့်စမ်းပါ စိမ့်နေတာပဲ ဆိုလည်း အားးး နံတယ်ဗျာ ဆိုပြီး ထွက်ပြေးမိတဲ့အဖြစ် ။ထမင်းဝိုင်းဆိုတာ မိသားစု စုံမှစားကောင်းတယ်ဆိုရင် ကျနော်တို့ထမင်းဝိုင်းလေးတွေက အရသာပြတ်နေတာကြာပေါ့ ။ ထမင်းဝိုင်းလေးမှာ သူစိမ်းတွေ တိုးတိုးလာတယ် ပြီးတော့ သူစိမ်းတွေနဲ့အတူ အိမ်သားတွေလည်း လျှော့လျှော့သွားတယ် ။ မိသားစုထဲက မိသားစု ၀င်တွေလည်း ရေကြည်ရာ မြက်နုရာကို အစာရှာထွက်ခဲ့တဲ့ သူတွေလည်းရှိလာတယ် ။ အမေကတော့ ထမင်းဝိုင်းမှာ ဟင်းအမျိုးအမည်တိုင်းမှာ သားသမီးတစ်ယောက်ဆီရဲ့ အကြိုက်တွေကိုပြောလို့ * ဒီဟင်းက နင်တို့ကိုကြီးသိပ်ကြိုက်တဲ့ဟင်း သူရှိရင်တော့လား နောက်နေ့ ဒါမျိုးချက်ကျွေးအုံးအမေလို့ပြောအုံးမှာ* ။ * ဟဲ့ သားငယ် နင် ဟင်းနုနယ်ရွက်ကြော်လေး စားချင်တယ်ဆို အမေကြော်ပေးမယ် * ကျနော်တို့ကို ဧည့်သည်တွေလို အမေကတော့ မမောမပန်းချက်ကျွေးတတ်တာ အမေလည်း ထမင်းဝိုင်းလေးမှာ လူမစုံတော့ အရသာပြတ်နေတယ်ထင်ပါ့ ။

ဘယ်လောက်ပဲ မိသားစုတွေဝေးဝေး ရိုးရာနတ် တင်တဲ့နေ့ဆို မိသားစုတွေပြန်ဆုံတတ်ကြပေမယ့် ခုတော့မဆုံဖြစ်တာကြာလှပါပြီ ။ကျနော်တို့တွေ အိမ်ပြန်ရောက်ပြီဆို ညနေပိုင်းကျ အမေက အဘကို * ငပေါ ရေ ငပေါသားတွေအတွက် ဟင်းစားလေးလုပ်ပါအုံး* ဆို အဘတစ်ယောက် ရွာထဲမှာ ကြက်တစ်ကောင်လောက်ရှာခဲ့ပြီ ပြီးရင် ရေတွင်းနား ဗူးစင်က ဗူးသီးပျိုပျိုတစ်လုံး ကာလသားဟင်းချက်လို့ မိသားစုတွေ တစ်ကျော့ပြန် ထမင်းဝိုင်းလေးတော့ တစ်နှစ်တစ်ခါ နှစ်နှစ်တစ်ခါလောက် လက်စုံစားဖြစ်ကြသေးတယ် ။ခုတော့ အမေချက်ကျွေးတဲ့ ဟင်းတွေလည်း စားချင်စိတ်တွေ မြိုသိပ်ရင် ဘာအရသာမှန်းမသိတဲ့ ကျနော့် ထမင်းစားချိန်တွေဟာလည်း ဘယ်လိုပြီးလို့ပြီးသွားမှန်းမသိတာကြာပါပြီကော ။ ကျနော့်အိမ်ကလေးမှာတော့ ကျနော်တို့တွေအစား အမေ နဲ့ အဘက တော့ မြေးတစ်အုပ်နဲ့ ဆူညံ့ပွက်လောရိုက်လို့ အသားဟင်းနည်းနည်းကို ဟိုမြေးနည်းနည်းဖဲ့ ဒီမြေးနည်းနည်းဖဲ့လို့ သူတို့ ထမင်းဝိုင်းလေးကို ပီတိတွေနဲ့ ကျော်ဖြတ်နေတတ်ပြီ ။

အိမ်ပြန်တိုင်း ခလေးတစ်အုပ်နဲ့ စိတ်မရှုပ်ပဲ ထမင်းဝိုင်းမှာ လက်စုံကျနေတဲ့ အမေနဲ့ အဘကိုကြည့်ပြီး အေးအေးလူလူစားပါစေတော့ရယ်ဆိုပြီ အမေ နဲ့ အဘနား ဂျီတိုက်နေတဲ့ တူ တူမ ဒါဇင်ဝက်လောက်ကို တုတ်တစ်ချောင်းကိုင်လို့ * ဟိတ်...နင်တို့တွေ ဘယ်လိုလဲ စားပြီရင်သွားဆော့လေ ဒီခလေးတွေတော့ ငါ ဆော်ထည့်လိုက်ရ * တကယ်တော့မရိုက်ပါဘူး အမေနဲ့ အဘကို သနားလို့သာဟောက်လိုက်တယ် အမေကတော့ *နင်ကလည်းဟယ် ခလေးတွေ စားနေတာကို* တဲ့ အမေအဲ့လိုပြောတိုင်း ကျနော် အငယ်က အမေ့နား ထမင်းဝလည်း ကပ်နေတတ်တာလေး သွားပြေးသတိရမိတယ် ။တစ်ခါတလေ အရသာရှိတယ်လို့ ထင်ရတတ်တဲ့ ဈေးများများပေးရတတ်တဲ့ ဟင်းတွေစားနေရပေမယ့် မီးခိုးတစ်လူလူထွက ငရုပ်စုံ သံလေးကြားရပြီ ပုံတာကျလေးပဲ ရတတ်တဲ့ ကိုယ့်အတွက် ဟင်းဝေစုလေးလောက် မက်မောမှုမရှိတော့တာလည်း ထူးမဆန်းတဲ့ အဖြစ်ပါပဲ ။ ကျနော်တို့လိုနေတာ ဟင်းနံ့တွေ လှိုင်ထနေတဲ့ ထမင်းဝိုင်း တစ်ပွဲမဟုတ်ပါဘူး ။ မိသားစုတွေ ချစ်ချစ်ခင်ခင်နဲ့ လက်စုံစာဖို့ လိုနေတဲ့ ထမင်းဝိုင်းတစ်ပွဲပါပဲ ။


ကျနော်တို့ ထမင်းလက်စုံတူတူစားကြအုံးစို့ အမေ အဲ့အခါကျ ကျနော်ကြိုက်တတ်တဲ့ ငါးကလေး အိုးကပ် ချက်ကျွေးပါအုံး။ စေတနာတွေ ချစ်ခြင်းတွေနဲ့ ချက်ပြုတ်ထားတဲ့ မိသားစု ထမင်းဝိုင်းလေးဟာ တန်ဖိုးဖြတ်မရတဲ့ နွေးထွေးတဲ့မိသားစု ပြယုဂ်ကလေးတစ်ခုပါပဲ ။



19 comments:

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ့် မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်နဲ့ လွမ်းမောစရာ ထမင်းဝိုင်းလေး ပါလား ကိုမျိုးရေ..
ဟုတ်ပါရဲ့ တဖြည်းဖြည်း ဝေးဝေးသွားတဲ့ မိသားစု ထမင်းဝိုင်းလေး နဲ့ ဘယ်တော့များမှ နီးကြရမလဲ မသိနိုင်ဘူးနော်..

mstint said...

မိသားစုထမင်းဝိုင်းလေးကြည်နူးစရာမောင်မျိုးရေ။
ဒီပို့စ်လေးကိုဖတ်ပြီးမောင်နှမတစ်တွေနဲ့စားခဲ့ရတဲ့
ထမင်းဝိုင်းလေးကိုပြန်လည်လို့သတိရမိတယ်။
မောင်မျိုးတစ်ယောက်အမေနားကပ်ထိုင်ပြီး
အသားတုံးကြီးကြီးကိုတိုးတိုးလေးတောင်း
နေပုံလေးမျက်စိထဲမြင်ယောင်မိတယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

မိသားစုထမင်းဝိုင်းလေးက
တကယ်ကိုကြည်နူးစရာလေးပါ
ဖတ်နေရင်းနဲ့
ငရုတ်သီးထောင်းသံ
တတောင်တောင်ကြားပြီး
မောင်မျိုးရဲ့မိသားစုထမင်းဝိုင်းလေးကို
မြင်ယောင်လာတယ်

rose of sharon said...

ကြည်နူးပျော်ရွှင်စရာထမင်းဝိုင်းလေးကို အတူလာလွမ်းသွားတယ်...း))

AH said...

လွမ်းမောစရာ မြင်ကွင်းလေးပါဗျာ။ ကျွန်တော်ကတော့ တစ်ယောက်ထဲ သမားဆိုတော့ ညီအစ်ကိုတွေနဲ့ နွေးနွေးထွေးထွေးနေရတဲ့ ဘ၀မျိုးကို ဘယ်လိုနေမှန်းတောင် မစဉ်းစားတတ်ဘူး။ ဒီလိုမျိုး မိသားစု ထမင်းဝိုင်းလေးမျိုး စားရရင် သိပ်ကောင်း။

San San Htun said...

မောင်မျိုးရေ မိသားစု ထမင်းဝိုင်းလေးကို လွမ်းသွားပြီ..လက်ဆုံ မစားရတာ ကြာပြီ..

Anonymous said...

ငါတို့ မိသားစုတော့အဆင်ပြေသလိုစားကြတာဘဲ
တယောက်နဲ့ တယောက် စောင့်ပြီး မစားကြဘူး

မဒမ်ကိုး said...

မောင်မျိုးရဲ့ မိသားစုထမင်းဝိုင်းလေးကိုဖတ်ပြီး အိမ်ကိုလွမ်းသွားလေရဲ့

ခင်တဲ့

မဒိုးကန်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကျနော်တို့လိုနေတာ ဟင်းနံ့တွေ လှိုင်ထနေတဲ့ ထမင်းဝိုင်း တစ်ပွဲမဟုတ်ပါဘူး ။ မိသားစုတွေ ချစ်ချစ်ခင်ခင်နဲ့ လက်စုံစာဖို့ လိုနေတဲ့ ထမင်းဝိုင်းတစ်ပွဲပါပဲ ဆိုတာလေးဖတ်ပြီးနောက် ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ ကျွန်မကိုယ်တိုင်လည်း မိသားစု ထမင်းဝိုင်းနဲ့ ဝေးနေခဲ့တာ ကြာပြီလေ။

စာရေးသူရဲ့ ငယ်ဘဝ ထမင်းဝိုင်းလေးဟာ ပျော်စရာ ရယ်ပါ။ မြတ်တို့ ငယ်ငယ်တုန်းကလည်း နံနက်စာနဲ့ ညစာကို မိသားစု လက်စုံပြီး စားလေ့ရှိကြတယ်။ အခုတော့ အားလုံးမှာ အမှတ်ရစရာတွေပေါ့။

ခင်လျက်
မြတ်

အင်ကြင်းသန့် said...

ကြည်နူးစရာမိသားစုထမင်းဝိုင်းလေး အကြောင်းကို တပြုံးပြုံးနဲ့ဖတ်သွားတယ်။

ညီရဲ said...

ညီ့ပိုစ့်လေး ဖတ်မိမှ အစ်ကိုတို့ မိသားစုထမင်းဝိုင်းလေးကို လွမ်းမိသွားတယ်... မိသားစု စုံစုံညီညီ လက်စုံမစား ဖြစ်တာကြာပါရောလား ညီရေ... ကြုံတုန်းပြောရဦးမယ် အစ်ကိုလဲ ဒညင်းသီး သိပ်ကြိုက်တာပေါ့...

နေ၀သန် said...

မိသားစုထမင်းဝိုင်းလေးနဲ့ အမြန်ပြန်ဆုံနိုင်ပါစေဗျာ... အဖေနဲ့အမေနဲ့ မိသားစုတင်မက.. ကိုယ်ပိုင် မိသားစုထမင်းဝိုင်းလေးလည်း ဖန်တီးနိုင်ပါစေဗျာ..း))

ခင်မင်လျက်
နေ၀သန်

Anonymous said...

ပျော်စရာ ငယ်ဘဝလေး နဲ့ မိခင် မေတ္တာကို ပျော်ရွှင်စွာ ဖတ်သွားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြသွေးနီ said...

ပျော်စရာ မိသားစုထမင်းဝိုင်းလေးက ပကာသနမပါဘူး..။ မေတ္တာတွေ ထုံမွှမ်းထားတဲ့ စားမြိန်ဝိုင်း...။

Cameron said...

ဟုတ်တယ် မိသားစုထမင်းဝိုင်းထဲမှာ ဖွယ်ဖွယ်ရာရာဟင်းပါစရာမလိုပါဘူး ငရုတ်သီးထောင်းလေးနဲ့လည်း စားမြိန်တာပဲ...။ မောင်မျိုးစာကိုဖတ်ပြီး ငယ်တုန်းက ရွာက ထမင်းဝိုင်းလေးသတိရသွားတယ်...။

Anonymous said...

လက်ဆုံ စားရခဲတယ် ကြောင်မျိုးရေ..
ဒါပေမယ့် မောင်မျိုးတို့ မိသားစု ထမင်းဝိုင်းလေးအကြောင်းဖတ်ရတာ ပျော်စရာလေး...


မစန်ဒါကြီး

Anonymous said...

ဖတ်ပြီး အိမ်ကို သတိရလိုက်တာ .. .

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မေဓာဝီ said...

မောင်မျိုးပုံဖော်တာ ကောင်းလွန်းလို့ ဒီစာဖတ်ရင်း မျက်စိထဲမှာလဲ မြင်တယ်၊ နားထဲမှာလဲ ကြားတယ်၊ နှာခေါင်းထဲမှာလဲ အနံ့တွေရလာသလိုပဲ။

မီးဖိုချောင်က မီးခိုးလေးတွေတို့ ... ငရုတ်ဆုံသံ တတောင်တောင်တို့ ... ထမင်းပန်းကန် ဟင်းပန်းကန် သယ်ရင်း ဟင်းတုံးကြီးကို မျက်စောင်းထိုးနေတဲ့ မောင်မျိုးတို့... ပေါ့။

ငပိရည်ပျစ်ပျစ်နဲ့ တို့စရာ အစုံရယ် ... ဒညင်းသီး ဆားစိမ်အိုးကြီးရယ်နေရာလဲ ရောက်ကို ဂလုခနဲ တံတွေးမြိုမိတယ်။ မစားရတာကြာသော ဒညင်းသီးပါတကာား။ အနံ့လေးတောင် ရလာသလိုပဲ။ :D

နောက်တခါ ရွာပြန်ရင် ဒညင်းသီးဆားစိမ် တဇလုံလောက် နှိုက်ခဲ့ပါ။ :))

An Asian Tour Operator said...

လွမ်းစရာလေး

LinkWithin

Related Posts Plugin for WordPress, Blogger...