Saturday, January 28, 2012

ကြိုးငြိသူ

အခန်းတခုထဲတွင် သူရယ် ကြိုးတစ်ချောင်းရယ် ပြီးတော့ အခန်းတံခါးကို အသေပိတ်ထားလိုက်သည်။ စတင်လုပ်ဆောင်မိသော သူ့ဦးတည်ချက်ကို သူသေချာမသိလိုက်ခင်မှာ အခန်းထဲကို သူရောက်ရှိပြီး ဖြစ်နေခဲ့သည်။

ထိုအခါ သူနှင့်ကြိုးတစ်ချောင်းမှ လွဲ၍ မည်သည့်အရာမှ မရှိသော အခန်းကျယ်တခုကို သူစေ့စေ့ငုငု ကြည့်နေမိသည်။ ပြီးနောက် လက်ထဲက ကြိုးတစ်ချောင်းကို အသာလေး ဆ ကြည့်လိုက်သည်။ လေးလည်း မလေး ပေါ့လည်း မပေါ့သော အနေတော် ကြိုး အရွယ်။

သူနှင့်ကြိုးများပတ်သက်ခဲ့ပုံတို့ကို တချက်တွေခနဲတွေးမိသွားသည်။ ငယ်စဉ်က စတင်အကျွမ်းဝင်ခဲ့သည်မှာ သိုးမွှေးလုံးရောင်စုံများ ဖြစ်သည်။ ဦးထုပ်တစ်လုံးထိုးပြီးတိုင်း မေးသိုင်းကြိုးလှလှလေးများအဖြစ် ပန်းပွားလုံးလေးများ လုပ်ဖို့ကို သူတာဝန်ယူခဲ့ရဖူးသည်။ ကပ်ထူစက္ကူနှစ်ချပ် အဝိုင်းဝိုင်းပြီး ချည်လုံးလေးများဖြင့် အထပ်ထပ်ချည်ပြီးသောအခါ အပြင်ဘက်မှ ဘလိတ်ဓါးထက်ထက်ကလေးနဲ့ ကြိုးများကို ဖြတ်တောက်ခဲ့ရခြင်း။ ကြိုးများဖြတ်တောက်ချိန် ခက်ခဲသော်လည်း (တခါတရံ အထိန်းမတော်ပါက လက်ကို ရှသွားတတ်ပါသည်) အားလုံးဖြတ်တောက်ပြီး၍ အလယ်မှ ဖွတ်မီးကျစ်ထားသော ကြိုးကိုခိုင်ခိုင် ချည်ပြီး ကပ်ထူစက္ကူနှစ်ချပ်ကို ဖယ်ထုတ်ကာ လက်ဖြင့် နှစ်ခါသုံးခါခပ်ဖွဖွလေး ပုတ်လိုက်လျှင် လုံးနေသော ချစ်စရာပန်းပွားလုံးလေးများ ဖြစ်သွားသည်ချည်း။ တခါတရံကြိုးများဖြင့် အရာဝတ္ထုတို့ကို ဖန်ဆင်းရသည်မှာ စိတ်ဝင်စားဖွယ်အတိ။

နောက်တခုသော ကြိုးသည် အိမ်ရှိ အဝီစိတွင်းမှ စက်သီးကြိုးဖြစ်ပါသည်။ ထိုကြိုးကိုတော့ သူမုန်းပါသည်။ စက်သီးကိုပတ်၍ ရေပုံးတစ်ပုံးဖြင့် ချိတ်ဆက်ထားပြီး ရေခပ်တိုင်း ကြိုးကို ငင်ယူရသည်။ သိုးမွှေးရောင်စုံကြိုးများလို မနူးညံ့ ပြီးတော့ အရောင်အဆင်းကလည်း ခပ်မွဲမွဲ။ ထို့အပြင် ကြိုးကိုယ်တိုင်ကပင် တခါတရံ လက်ကို ရှတတ်ပါသေးသည်။ မည်သို့ဆိုစေ အိမ်တွင် ရေလိုတိုင်း သည်ကြိုးကို ရှောင်လွဲ၍ မဖြစ်နိုင်ပါ။ ထိုအခါ စိတ်မပါလက်မပါ ဖြစ်နေသော သူနှင့်ထိုကြိုးသည် ငယ်စဉ်က ဟာသတစ်ပုဒ်ပင်ဖြစ်ပါသည်။

ကိုးတန်း အိမ်တွင်းမှုတွင် အသီကြီးချုပ် အသီလေးချုပ်တို့ကို သင်ရသောအခါ အဆိုပါကြိုးများနှင့် အတော်လေး သဟဇာတမဖြစ်ပုံကို တွေ့လာရပြန်သည်။ ချုပ်ရိုးဖြောင့်ဖြောင့် လှလှရဖို့ အရေးသည် စိတ်ရှည်ရုံမျှမက လက်အဆညီဖို့ သေးငယ်လှသော အပ်တစ်ချောင်းကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းအပေါ်တွင် အတော်လေး မှီခိုနေခဲ့သည်လေ။ လက်ချုပ်တွင် မအောင်မြင်တော့ စက်ချုပ်ဆိုသည်တွင်လည်း အဖြစ်မရှိ။ အပေါ်ကြိုးနဲ့ အောက်ကြိုး မိအောင်စက်ကိုနင်းဆဲ လက်ထဲက ချုပ်ကြောင်းက တရွတ်သီလိုက်သွားပြန်သည် မဟုတ်ပါလား။

လုပ်ငန်းခွင်တွင် နောက်ထပ်တွေ့ရသော ကြိုးမှာ စာအုပ်များ ချုပ်ရာတွင် သုံးသော နိုင်လွန်ကြိုးများဖြစ်ပါသည်။ သီချုပ်နှင့် ဖောက်ချုပ်ဟူ၍ နှစ်မျိုးရှိရာ ဖောက်ချုပ်လုပ်ရသည်မှာ လွယ်ကူသည်မှန်သော်လည်း စာအုပ်လှန်ရာတွင် ခက်ခဲစေသည်။ သီချုပ်ကိုတော့ ဆယ်ဖိုင် ဆယ်ဖိုင်တွဲ၍ သုံးတွဲသီကာ ချုပ်တတ်ပါသည်။ နိုင်လွန်ကြိုးများကို လက်ချောင်းများဖြင့် တင်းနေအောင်ဆွဲရသည်မှာ လက်ချောင်းများကိုပါ အရာထင် နာကျင်လာစေပါသည်။ သို့ရာတွင် ဆွဲအားလျော့ပြီး ချည်နှောင်မိပါက လျော့ရဲရဲနိုင်သော စာအုပ်တစ်အုပ်ကို စိတ်ပျက်ဖွယ် တွေ့ရှိရသောကြောင့် နောက်မတွန့်စတမ်း ဆွဲခဲ့သည်သာ။

အအေးသောက်သော ပလတ်စတစ်ပိုက်များကို ကြိုးများလို ဟိုဘက်လျှို ဒီဘက်လျှိုလုပ်ခြင်း ခေါက်ခြင်းများ ပြုလုပ်လိုက်သောအခါ လှပသော ခန်းဆီးများ ဖွဲ့စည်းနိုင်သော ပန်းကလေးများ သို့မဟုတ် ပုံစံအဆန်းလေးများ ဖြစ်လာပါသည်။ ထိုအတတ်ပညာကို မည်သူတီထွင်လိုက်သည် မသိသော်လည်း အတော်လေး အောင်မြင်ခဲ့သည်ကိုတော့ သူမှတ်မိသည်။ ထို့အတူ သူလုပ်ထားသော ခန်းဆီးတစ်ခုအဖြစ် ဘုရားခန်း နဲ့ ဧည့်ခန်းကို ခြားနားထားနိုင်သည်မှာ နှစ်အတော်ကြာခဲ့ပြီပဲ။

ယခုလက်ထဲတွင် ရှိနေသောကြိုးကို ပြန်ကြည့်တော့ သိုးမွှေးကြိုးလည်း မဟုတ်ပြန်၊ စက်သီးကြိုးလည်း ဖြစ်လို့မနေ၊ အပ်ချည်ကြိုးလိုလည်း တွယ်ဆက်ရန် အသုံးမဝင်၊ နိုင်လွန်ကြိုး လိုလည်း မသေးလွန်း၊ ပလတ်စတစ်ပိုက်လိုလည်း ပြားလို့မရနိုင်။ အရောင်အဆင်းကို ပြောပြရန်လည်း ခက်ပါသည်။ အဝတ်ကြိုးတန်းပစ်ရမည်ဆိုပြန်တော့ ရောက်နေသော အခန်းထဲတွင် သံချောင်းတစ်ချောင်းမှ မရှိသလို သံချောင်းဖောက်၍ ရမည် မရမည်ကိုလည်း သူ သေချာ အပ်ချမတ်ချ မသိနိုင်။

အဆိုပါကြိုးကို သင်္ဘောသားကြိုးထုံးနည်း တနည်းနည်းနဲ့ ထုံးထားလိုက်ရမလား စဉ်းစားပြန်သေးသည်။ ကြိုးက သိပ်မရှည်ပြန်တာမို့ မအောင်မြင်ပြန်။

ကြိုးတချောင်းနဲ့ အခန်းတခုထဲတွင်။ မလုပ်သင့် မလုပ်အပ်သော အရာတစ်ခုကိုလည်း တွေးမိပြန်သည်။ သို့သော် ထုပ်တန်းမရှိသည်ကိုလည်း ဝင်စကတည်းက သတိပြုမိပါသည်။ တကယ်တမ်း လုပ်ချင်သည် ဆိုလင့်ဦး အဆိုပါကြိုးဖြင့်တော့ အထမြောက် အောင်မြင်မည် မဟုတ်ပါ။

အရောင်အဆင်း ရှိသော ကြိုးတို့ထက် အရောင်းအဆင်းမဲ့သော ထိုကြိုးသည် သူ့ကို များစွာ စိတ်ဒုက္ခရောက်လိမ့်မည် ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့။ သူ့ဘဝတွင် ကြိုးများစွာတို့ဖြင့် ပတ်သက် ထိစပ်ခဲ့ဖူးသည်။ သို့သော် အဆိုပါကြိုးများသည် ပိတ်ထားသောအခန်းတခုထဲတွင် ယခုကဲ့သို့ သူနှင့် အတူရှိမနေခဲ့။

ဘာလုပ်ရမှန်းမသိသော သူသည် လက်ထဲမှာ ရှိသော ကြိုးကို တစစကိုင်တွယ်ရင်း အမှတ်မထင် ကြိုးကို ဖြည်ချနေခဲ့မိသည်။ ကျစ်ထားသော ကြိုး၏ အစကိုရှာဖွေတွေ့ရှိသွားခြင်း နောက်မှနေ၍ အစိတ်အစိတ်အမွှာအမွှာ အစလေး အပိုင်းလေးတွေ ဖြစ်အောင် သူလုပ်နေခဲ့ခြင်းပင်။

သိပ်မကြာခင်အချိန်လေးအတွင်းမှာ လက်ထဲက ကြိုးတစ်ချောင်းသည် ကြိုးစများစွာအဖြစ် ဖွာထွက် ပျောက်ဆုံး သွားကြသည်။ ထိုတဒင်္ဂ အခိုက်လေးကို ရောက်ဖို့ အတော်ကြာမြင့်သည်လား မြန်ဆန်လွန်းသည်လား သူအတတ်မပြောနိုင်။

အသေချာဆုံးက အခန်းထဲတွင် သူတယောက်တည်း ကျန်နေရစ်ခဲ့ခြင်းသာ ဖြစ်ပါသည်………..။







14 comments:

rose of sharon said...

လာလည်ဖတ်ရှုသွားပါကြောင်း၊

ခရစ္စတလ် said...

ငယ်ငယ်က သိုးမွေးထိုးတာလေးကို သတိရသွားတယ်။ နဲနဲလေး ချဲ့ရေးရင် ဝတ္ထုတိုလေး ဖြစ်တော့မယ်နော် :)

THS said...

ကြိုးတွေ မျိုးစုံအကြောင်းတော့ သိသွားတယ်ဗျ၊ အခန်းထဲကို ယူလာမိတဲ့ ကြိုးကတော့ သံယောဇဉ်ကြိုးများ ဖြစ်လေမလားလို့ ..။

blackroze said...

ကျမကတော့
ကြိုး ဆိုတာကို
ကြောက်တယ်
ချည်ခံလိုက်ရပြီဆိုရင်
ပြန်ဖြည်ရခက်လွန်းလို့လေ

Nyi Linn Thit said...

မြင်ရတဲ့ ကြိုးတွေကို ကျနော်တို့ လိုသလို စီမံခန့်ခွဲ နိုင်ကြပေမယ့် မမြင်ရတဲ့ ကြိုးတွေနဲ့ ပတ်သက်ရင်တော့ ရုပ်သေးရုပ်တွေ ဖြစ်ဖြစ်သွားတတ်ကြတာလည်း တွေးမိသွားတယ်၊ တစစီဖြစ်အောင် ဆွဲဖွာပစ်ချင်တယ် ဆိုရင်တောင် ဘယ်ကနေ စ,ရမှန်းကို တခါတခါမှာ မသိနိုင်ဘူး မဟုတ်လား...။

ညိမ်းနိုင် said...

အိမ်း.....ကိုယ့်ညီတစ်ယောက် အခန်းတစ်ခန်းထဲမှာ ကြိုး
တစ်ချောင်းနဲ့ ဘာများလုပ်မလို့ပါလိမ့်လို့ နဲနဲတောင်ထိတ်
သွားသေး....၊လက်စသတ်တော့ ကြိုးကို တစ်စစီဖြစ်အောင်
ဖွပစ်လိုက်သကိုး....၊တော်တော်ဆော့တဲ့ကလေးပဲ...ပြီးရင်
တော့ ကိုယ့်အမှိုက်တွေ ကိုယ်ပြန်သိမ်းခဲ့နော်.....:D

san htun said...

ူမောင်မျိုးရေ ဖတ်လို့ တော်တော်ကောင်းတယ်..အစကနေ အဆုံးအထိ ဘာဖြစ်မလဲလို့  ဆွဲဆောင်သွားနိုင်တယ်..

mstint said...

ကြိုးများအကြောင်းသိကောင်းစရာလေးဖတ်သွားတယ်
မောင်မျိုးရေ။ စကားမစပ်ထုတ်တန်းရှိရင်
ဘာမဟုတ်တာတွေကြံစည်မလို့လဲဟင်? :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ပို့စ်လေး ဖတ်ပြီး အတွေးတွေ ဝေသွားတယ် ကိုမျိုး.. ကိုညီလင်းသစ်ပြောသလိုပဲ ..မမြင်ရတဲ့ ကြိုးတွေနဲ့ ဆိုရင်...ဘယ်လိုများ....!!!

မဒမ်ကိုး said...

ှုငါ့နှယ်နော် ..ကြိုးဆွဲချသလားလို့လန့်သွားတာဘဲ
နောက်ဆုံးတော့ မောင်မျိုးရယ် ကြိုးတစ်ချောင်းနဲ့အလုပ်ရှုပ်သွားတာကိုးးး
တော်သေးအေ ဖွာပစ်လိုက်လို့
ကိုက်စားပစ်တာထက်စာရင်တော်သေးတာဘဲ

ခင်မင်လျှက်း)

မဒိုးကန်

Than Lae said...

တွေးစရာ ပိုစ့်လေးပဲ။ ဆရာမျိုးရဲ့ ရေးဟန်တွေထဲက တစ်မျိုးလေး ခွဲထွက်လာတယ်။ ဘယ်လိုကြိုးမျိုးပဲဖြစ်ဖြစ် ချည်ထားတဲ့အစကိုသိတာနဲ့  ဖွာကျပျောက်ဆုံးသွားတဲ့အထိ ဖြည်နိုင်တယ်ဆိုပေမဲ့ ခင်မင်မှု OR သံယောဇဉ်ဆိုတဲ့ကြိုးကတော့ ဘယ်လိုချည်ထုံးခဲ့မှန်း မသေချာခဲ့သလို အစများစွာအဖြစ်ဖြည်ချ ပျောက်ဆုံးသွားနိုင်ဖို့  လည်း ကြိုးစားဖို့ ခက်တယ်။ အဲ့တော့ အခန်းထဲမှာ သူတစ်ယောက်တည်းကျန်ခဲ့ဖို့  မဖြစ်နိုင်တော့ဘူးပေါ့ ... ပိုစ့်ဖတ်ပြီး တွေးမိတာလေးတွေပါ။

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ကြိုးတစ်ချောင်းနဲ့ ဆွဲခေါ်သွားတာ လှပါတယ်။

တစ်ခုလောက် ပြောချင်ပါတယ်ရှင်။
စာရေးသူက စေ့စေ့ငှငှ လို့ ရေးချင်တာများလား။ ဒါမှ မဟုတ် စေ့စေ့ငုငုလို့ပဲ တမင်သက်သက် သုံးချင်တာများလား။ အမေးမတတ်ရင် အပြစ်မယူပါနဲ့ရှင်။

ခင်မင်စွာဖြင့်
မြတ်

နေ၀သန် said...

အဲဒီကြိုးကို ကိုယ့်လည်ပင်းတော့ မစွပ်မိစေနဲ့ပေါ့ကွယ်... ဒါနဲ့ အိမ်တွင်းမှုပါသင်ရသလား...

ခင်မင်လျက်
နေ၀သန်

Anonymous said...

မောင်မျိုးရဲ့ အကောင်းဆုံးလက်ရာတွေထဲကတခုပါ ကျနော်တော်တော်ကြိုက်တယ်
ကျနော်စာရေးရင် ဒီလိုစတိုင်မျိုးရေးဖြစ်မယ်
ထင်တယ်
အင်း...။
ထင်တယ်
(ရေးချင်တာသာရှိတာ တခါမှမရေးဖြစ်)

LinkWithin

Related Posts Plugin for WordPress, Blogger...