Wednesday, March 30, 2011

ပုရစ်ကောက်တဲ့ည

ကျနော်တို့ရွာကလေးက ဟိုးအရင်တုန်းကတော့ လပြည့်လကွယ်ဆိုရင် ရွာအရှေ့ဘက်တောင်တွေဆီကနေ မောင်းထုသံတွေကြားရတတ်ပါတယ်တဲ့ ဒါက ရွာကရှေးလူကြီးတွေပြောတဲ့စကား ။ ရွာကလေး နာမည်ကတော့ ညည မောင်းထုသံတွေ ကြားရတဲ့ တောင်တွေရှိတာမို့ မောင်းတောင် လို့ခေါ်တဲ့ ရွာကလေးပါ ။ အများစုက ခြံသမားတွေ လယ်မစိုက်ပါဘူး မိုးတွင်းဆို ခရမ်း ၊ ပြောင်း ၊သခွားတွေ စိုက်တတ်ကြတယ် ။ အဓိက စိုက်ပျိုးကြတာက ကွမ်း ။ အခုရေးမှာက ပုရစ်ကောက်တဲ့ အကြောင်းပါ ။ အမေက အသက်သာကြီးပြီး ဇွဲကတော့မလျှော့သေး ရွာမှာ သူများ ဘာလုပ်လုပ် အမေက လိုက်လုပ်ချင်တာပဲ မဟုတ်ရင် သူတို့က ကိုယ့်ထပ်သာသွားသလိုလို အမေ့စိတ်မှာ မရိုးမရွဖြစ်ကော ။ ပြောတော့လည်းမရ အမေ ပင်ပန်းတယ် အဲ့တာတွေမလုပ်ပါနဲ့တော့ဆိုရင်လည်း နင်တို့ မလုပ်ပေးနေကျ ငါ့ပါသာ နေ့စားသမား ခေါ်ခိုင်းမယ်လို့ပြောပြန်ကော အဲ့တော့ အမေ့ကိုလည်း စိတ်မချတော့ ကိုယ်ပါ လိုက်သွားဖြစ်တယ်။

အမှန်တော့ ဒီအလုပ်က မကောင်းတော့မကောင်းဘူးလေ အမေကတော့ ကျနော့်ကို “ ဘုရားဖြစ်မယ့် အုတ်နီခဲ ” တဲ့း) ။ ပုရစ်ကို စားတော့သာကြိုက်တယ် ဖမ်းရမယ်ဆိုတော့ မဖမ်းချင်ပါဘူး ။ပြီးတော့ နှင်းကျတဲ့ဆောင်းမှာ ဆိုတော့ အေးကလည်းအေးတယ် အိပ်ယာထဲမှာသာ ဇိမ်ရှိရှိနဲ့ ကွေးချင်တာပါ ဒါမယ့် ရွာက ခလေးတွေကော လူကြီးတွေပါ အိမ်တိုင်း ပုရစ်ကောက်ထွက်ကြတာ အိမ်စောင့် အသက်ကြီးကြီး အဖိုးအဖွားတွေပဲ ကျန်ကြတယ် ။ အရင်ညတွေက ပုရစ်ကောက်ကြတာ ထောင်နဲ့ချီပြီးရကြတယ်တဲ့ ကျနော် သွားကောက်တဲ့ ညကျ မကျတော့ပါဘူးး) အဲ့လို လာဘ်ကီးကောင်းတာ ။


ပုရစ်ကောက်ရင် သုံးတဲ့ ပုံစံပါ ကျနော်က ပန်းချီဆွဲ တအားတော်တယ်ဆိုတော့ ၀ါးလုံးက တစ်လုံးကြီးတစ်လုံးသေးဖြစ်သွားတယ် မြင်သာအောင်သာဆွဲပြတာပါ ။ ပုရစ်ကောက်ရင် လိုအပ်တာတွေက မီးစက်က တစ်ညလုံးမောင်းထားရတယ် စက်သံကြီးက တအားဆူပါတယ် ပြီးတော့ တလဘတ်အဖြူ တစ်ချပ်ကို ဘေးက ၀ါး ၂ ချောင်းနဲ့ ပိတ်ကားပုံစံမျိုး လုပ်ထားပါတယ် အလယ်မှာက ၀ါးလုံးရှည်တစ်ချောင်း အဲ့ဝါးလုံးထိပ်မှာတော့ မာကျူရီ မီးလုံးသေးသေးလေးတစ်လုံး ကြာကြာကြည့်ရင် မျက်လုံးတအားစပ်ပါတယ် ။ပိုးဖလံမျိုး မီးကိုတိုးမှတ်လား ပုရစ်တွေက မီးရောင်ဆီကို တောထဲကနေ အရောက်လာခဲ့တာပါ ကျနော်တို့ တစ်ရွာလုံးကတော့ သရဲပေါတယ်လို့ ပြောကြတဲ့ မောင်းတောင်ရဲ့ ခြေရင်းမှာ ဆူညံ့လို့ပါ ။ ပုရစ်က မီးရောင်ဆီအရှိန်နဲ့ လာတော့ တလဘတ်အဖြူက ဘောက်ခနဲရိုက်ခတ်သံ ပြီးတော့ အရှိန်မထိန်းနိုင်ပဲ အောက်ကို ပြုတ်ကျတော့ အောက်မှာက သူတို့ ပြန်ခုန်ထွက်လို့မရအောင် ယိုင်ဘတ် လိုမျိုး တစ်ခု ကာထားပါတယ် ။ အဲ့ထဲကျသမျှ ပုရစ်က ကိုယ့်ပုရစ်ပေါ့ ။

တစ်ချို့ကတော့ မီးစက်ဖိုးလည်း မတတ်နိုင်တော့ ဒီတိုင်းပဲ ဘေးကနေ ကောက်တဲ့ ခလေးတွေလည်းရှိတယ် မီးစက်ပိုင်ရှင်က စည်းတားထားတယ် စည်းဝိုင်းအပြင်မှာတော့ ကောက်ချင်ကောက်ပေါ့ တစ်ချို့ကျပြန်တော့ အိမ်က ခလေးသားလေးတွေလည်း ခေါ်ကြတာပဲ ပြီးရင် စည်းဝိုင်းထဲမှာ တဲပုံစံလေးဆောက်ပြီး ခလေးတွေကိုသိပ် လူကြီးတွေကတော့ ကောက်ပေါ့ ။ ကျနော် သွားကောက်တဲ့နေ့က ကျနော်ရယ် အမေရယ် ပြီးတော့ နေ့စားနဲ့ ခေါ်ထားတဲ့ အစ်ကိုတစ်ယောက်ရယ် ။ အမေက ပုရစ်မကျတော့ ကျနော့်ကို စောင့်ခိုင်းပြီး အိပ်ပါတယ် ဟိုအစ်ကိုကလည်း ညဆက်တွေများတော့ မျက်လုံးတွေက မခံနိုင်တော့ဘူးထင်ပါ့ သူလည်း အမေအိပ်ပြီးမကြာဘူး လိုက်ခိုးအိပ်ပါတယ် ။

အမှန်တော့ အဲ့ညက ပုရစ်က အမေအိပ်ပျော်ပြီးမှ တော်တော်ကျတာပါ အမေက မအိပ်ခင်တော့မှာထားခဲ့သား “ ခလေးတွေ လာကောက်ရင် စည်းအပြင်ကနေပဲ ပေးကောက် အထဲမ၀င်စေနဲ့သိလား တအားကျရင် အမေ့ကိုနှိုး ” တဲ့ ဟုတ်ကဲ့လို့ လွယ်လွယ်ပဲဖြေလိုက်တယ် တောထဲဆိုတော့ ခြင်လိုလို ပိုးကောင်လိုလိုတွေက ပေါပါတယ် ကိုက်ရင်လည်း နာတယ် အမေ့ကိုပဲ ကျနော်က ခြင်ထိုင်ရမ်းပေးနေလိုက်တယ် ပုရစ်တွေကျတာ ထမကောက်ပါဘူးး) စည်းအပြင်က ခလေးတွေကို “ ဟေ့ကောင်တွေ ...ကောက်ကောက်...မင်းတို့ကြီးတော်မနိုးခင် တိုးတိုးကောက်ကြ မဆူကြနဲ့ ငါ့အမေနိုးရင်တော့ မင်းတို့ကောက်ရတော့မှာမဟုတ်ဘူး ” ။ ခလေးတွေက ကိုယ့်ရွာက ခလေးတွေကြီးပါပဲ သနားလို့ အော်လည်းမထုတ်ချင်ဘူး ခလေးတွေကောက်လိုက်တာများ ကော်ပုံးလေးတွေနဲ့ အပြည့်ပဲ သူတို့မျက်နှာလေးတွေက ပြုံးရွှင်လို့ အမှန်တော့ ပုရစ်ကို ကောက်ဖမ်းလိုက်တဲ့အချိန် သူ့ခြေတောက်နဲ့ ပြန်ကန်ရင် အဆူးတွေနဲ့ သိပ်နာပါတယ် ခလေးတွေကတော့ နာမှန်းမသိပါဘူး ပျော်နေလိုက်ကြတာ ကျနော်ကတော့ ပုရစ်ထကောက်ဖို့နေနေသာသာ နှင်းစက်တွေကျတဲ့ ဆောင်းညမှာ အတွေးတွေနယ်ချဲ့လို့ပေါ့ ။

အမေ နိုးတော့မယ်ထင်တယ် အမေ့ကိုယ်လေး လှုပ်လာတာနဲ့ “ ဟေ့ကောင်တွေ မင်းတို့ကြီးတော် နိုးပြီဟ ပြေး ပြေး ” လေသံလေးနဲ့ပဲ အော်လိုက်ပေမယ့် ခလေးတစ်အုပ် နားပါးချက် ပြေးတာတန်းနေကောပဲ ရွာက ခလေးတွေက အမေ့ကိုတော့ တော်တော်ကြောက်ကြတယ် ။ အမေက ပုရစ်ဘယ်လောက်ရလဲထကြည့်တော့ ယိုင်ဘတ်ထဲမှာကျတဲ့အကောင်တွေပဲရတယ် စည်းဝိုင်းထဲကျတဲ့ အကောင်တွေ ထမကောက်တော့ နည်းတာပေါ့ အမေက “ဟဲ့...သားငယ် နင်ထမကောက်ဘူးလား ” မေးတော့ ခေါင်းခါပြီး “ ဟင်အင်း ...အမေ့ကို ခြင်ထိုင်ရမ်းပေးနေတာ ” လို့ ပြောလိုက်တယ် အမေကတော့ သူ့နဖူးသူ လက်နဲ့ရိုက်လို့ အမေလေးဟယ် ဖြစ်ရလေ ဒီညတော့ ငါ ဆီဖိုးရှုံးပါပြီတဲ့ ။ ။ အမေကတော့ ဆောင်းရောက်လို့ ပုရစ်ကောက်ချိန်ရောက်တိုင်း ကျနော့်အဖြစ်ကို ပြုံးပြုံးကြီးပြောလို့ ရယ်ပွဲဆင်နေတတ်ပါတယ်း) ။ ပုရစ်ကောက်တဲ့အကြောင်းလေး ဒီမှာ ၀တ္ထုတိုလေး တစ်ပုဒ်ရေးဖူးပါသေးတယ် ။ဒါက ရွာက ပုရစ်ကောက်တဲ့ဖြစ်ရပ်လေးပါ နောက်များကျ အိုင်ပတ် ငါးဖမ်းကြတဲ့ အကြောင်းလေးတွေ အဆင်သင့်ရင်ရေးပါအုံးမယ်။



တာလဘတ် = ပလတ်စတစ်မိုးကာသား အဖြူကိုပြောတာပါ အရမ်းကြီးလည်းမထူ ပါးလည်းမပါး တဲ့ဟာမျိုး ။

မာကျုရီမီးသီးဆီကို အရှိန်နဲလာပြီး ဘယ်လိုလုပ် ပြုတ်ကျတာလဲ ဆိုတော့ မီးရောင်ကို သူတို့ကကြိုက်ကြတယ်မှတ်လား အဲ့တော့ပုရစ်က မိုးပေါ်ကနေ အရှိန်နဲ့ ပျံလာကော ပြီးတာနဲ့ တာလဘတ် ကို ၀င်တိုက်တော့ ခေါင်းနည်းနည်းမူးသွားတယ်ထင်တယ် အဲ့တော့ သူတို့ အောက်ပြုတ်ကျသွားကော သူတို့ ပြန်ခုန်ထွက်လို့မရအောင် လူတစ်ရပ်စာလောက်ရှိတဲ့ အောက်က ယိုင်ဘတ် နဲ့ ကာထားလိုက်တယ် ။

ယိုင်ဘတ် = ဖျာရှည်တစ်ချပ်ကို အ၀ိုင်းဖြစ်အောင်ဘေးနှစ်စ ကို ဆက်လိုက်ပါ အထဲမှာ လူဝင်ထိုင်ကြည့် ကျော်ခွလို့မလွယ်တော့ လူတောင် ပြန်ထွက်ရခက်ကော အဲ့တာကို ယိုင်ဘတ်လို့ခေါ်ပါတယ် ။


15 comments:

အင်္ဂါဟူး said...

ပုရစ်တော့ မကောက်ဖူးတော့ မသိဘူး၊ ကောက်လည်းမကောက်ဘူး စားလည်းမစားတတ်ဘူး၊ နင့်အမေနဲ့ ငါ့အမေက သမီးယောင်းမတွေလား မသိဘူး. ခြင်မရိုက်လို့တဲ့ ငါ့အမေ ငါ့ကို ကင်မွန်းတပ်တာ၊ ဘုရားဖြစ်မယ့် အုတ်နီခဲ

ဒါနဲ့ ငါ အိုင်တော့ ပက်ဖူးသဟ. ကလေးဘ၀တုန်းက ရေးစမ်းပါ အိုင်ပက်ပုံ တူချင် တူဦးမှာ။

Angelhlaing(May everybody be happy and healthy! said...

ဘုရားဖြစ်မယ့် အုတ်နီခဲ...
ခဏခဏ ကြားဖူးလို့နားယဉ်နေတဲ့ စကားလေး
ဘာမဟုတ်ညာမဟုတ်နဲ့ လွမ်းလိုက်တာကိုမျိုးရေ...
ဘာမှလည်းဆိုင်ဘူးနော်..:P:P
ကောင်းသောနေ့လေးဖြစ်ပါစေ။

ဒီမိုးဆူး said...

ပုရစ်ကြော်တာတော့ ကြိုက်တယ်ဗျ။ ဘယ်လို ကောက်လဲတော့ မသိပါဘူး။ အခုမှပဲ ဗဟုသုတ ရတော့တယ်။ ကျေးဇူး မောင်မျိုးရေ,,, သူများတွေ ပုရစ်ကောက်တာတော့ ဘာရမလဲမသိ။ မောင်မျိုး ပုရစ်ကောက်လိုက်တာတော့ ကုသိုလ်တော်တော်ရမယ်နော်။ အမေ့ကို ခြင်ထိုင်ရမ်းပေးနေတယ် ဆိုလို့ လေ,,,,, ကောင်းပါလေ့ ကောင်းပါလေ့,,,

မိုးခါး said...

:D
ပြောရရင် ပုရစ်ကို မစားရဲဘူးဟ .. ကောက်ဖို့ဆို ဝေးရောပဲ .. ငါက ပုရွက်ဆိတ်တောင် လက်နဲ့ ဖျစ်ညှစ်သတ်ရဲတာမဟုတ်ဘူး .. ရေနဲ့သာ လောင်းရင် လောင်းချတာ .. :D

ရေးပါဦး အိုင်ပက်တဲ့ အကြောင်း .. ငါမလုပ်ဘူးဘူး .. ရေးပြတော့ သိရတာပေါ့ ..း)

နေ၀သန် said...

ငါတော့ပုရစ်မစားဖူးဘူး..။ မြင်တာနဲ့ မစားချင်ဘူး..။ မောင်မျိုးတို့ကတော့ ငယ်ငယ်ကတည်းက အူတာ.. ဟိဟိ.. (ရတုန်းခွပ်သွားသည်)

ခင်မင်လျက်
နေ၀ဿန်

Unknown said...

ပုရစ်ကြော်တော့ ကြိုက်တယ်.. ကိုယ်တိုင်တော့ မကောက်ရဲဘူး.. ငယ်ငယ်တုန်းက ပုရစ်လည်းကောက်ချင်၊ ကိုယ်တိုင်လည်း မဖမ်းရဲဆိုတော့ မနက်မိုးလင်းမှ ညက သေနေတဲ့ ပုရစ်တွေ လိုက်ကောက်ရတယ်.. အိမ်မှာ ညရေးညတာဆိုပြီး အိမ်အောက်မှာ မီးထွန်းထားတော့ ပုရစ်ကျရင် ခွေးကလည်း လိုက်လိုက်ဖမ်းတယ်လေ.. အဲတော့ မနက်ကျရင် ပုရစ်အသေတွေ တော်တော်များများရတယ်.. :)

Anonymous said...

အူယားလိုက်တာ ... >>

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ခနွဲ said...

ကျွန်တော်တော့ မကောက်ဖူးဘူး။ ဒါပေမယ့် ကောက်တဲ့သူတွေ နောက်တော့ လိုက်ဖူးတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်။

Mon Petit Avatar said...

ခလေးလေးတွေသနားပါတယ် နာမှာပဲအဆူးစူးရင်။

ညီလင်းသစ် said...

ပုရစ်ကောက်တဲ့ အကြောင်းက ဗဟုသုတ ရလိုက်တယ် ဗျာ...၊ ကျနော်တို့ ကောက်တာကတော့ လမ်းမီးတိုင် တွေ အောက်မှာနေပြီး ကျလာတဲ့ ကောင်တွေကို လိုက်ဖမ်းတာပါပဲ၊ အခုလို တာလပတ်တွေ၊ ယိုင်ပတ် တွေနဲ့ မဖမ်းဖူးဘူး၊ စိတ်ဝင်စားစရာလည်း ကောင်း၊ ပျော်စရာလည်း ကောင်းမယ့်ပုံပဲ၊ ညီ ပုရစ်ကောက်ထွက် တာက ကလေးတွေလည်း ပျော်စေ၊ အမေလည်း ခြင်ဘေးက လွတ်စေ၊ ကိုယ်လည်း စိတ်ကူးတွေ ရွက်လွှင့်စေ ... သုံးဦးသုံးဖလှယ် အဆင်ပြေတဲ့နည်းပဲ၊

...အလင်းစက်များ said...

ငါ့ဟာငါ စာဖတ်ရင် ရှင်းတယ် ငမျိုးရေ.... နင့်ပုံကြည့်မှ ငါနားမလည်တော့တာ... ဟီးဟီး။

ငယ်ငယ်ကတော့ ပရစ်ကောက်ဖူးတယ်... သိတတ်စလောက် ကထည်းက ဘာကောင်မှ မဖမ်းတော့ဘူး. အဲ.. ငါးတော့မျှားဖူးတယ် ၄ ခါလောက်ပါပဲ။. အသက်ကြီးမှ မီးစက်နဲ့  ချောင်းထဲ ရှော့တိုက်ဖူးတယ် တစ်ခါပဲ.. ဒါလဲ ငတ်လွန်းလို့  လုပ်မိလုပ်ရာ ထလုပ်တာ.. တောထဲမှာ ၆ လလောက်နေရတော့ တောကောင် လဲ မပစ်တတ်၊ တောကောင်လာပေးတဲ့ သူကလည်း ကိုယ့်ကျ မပေး (အဲ့လိုလာဘ်နည်းတာ) ..

အဲ့သာနဲ့  မီးစက်ငှားပြီး ချောင်းထဲ ဆင်း ရှော့တိုက် ပစ်တယ်... ဟီးဟီး၊ လာဟူရွာသူကြီးက သူ့ ချောင်း ကို ရှော့တိုက်လို့  ဆိုပြီး ငါ့ကို စကားမပြောတာ ပြန်တဲ့ထိပဲ.. စိတ်ကောက်သွားတာလေ...

(ငါလဲ ပိုစ့်နဲ့  မဆိုင်တာတွေ ချရေးနေပြန်ပါပြီ :()

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟေးဟေး
ငယ်ဘ၀ကိုသတိရသွားပြီ
တို့ငယ်ငယ်ကလည်း ပုရစ်ဖမ်းတယ်
ဘယ်လိုဖမ်းလဲဆိုတော့ တို့ဘက်မှာကျ ပုရစ်က မြေတွင်းထဲမှာ နေတာ အဲဒီတွင်းကို ရေလောင်းထည့်တယ်။ ရေတွေပြည့်လို့ ပုရစ်က မနေနိုင်တော့ အပြင်ထွက်လာရော အဲဒါကို မိအောင်ဖမ်းရတာ။ တို့ကတော့ မိအောင် မဖမ်းတတ်တာနဲ့ဘဲ တစ်ကောင်မှ မရတာ များတယ်.. ဘာရယ်မဟုတ် အပျော်ဖမ်းကြတာ ပြီးတော့လဲ.. မိတာက နည်းနည်းလေးဆိုတော့ ပြန်လွှတ်လိုက်ကြတာ များပါတယ်.. အများကြီးမိရင်တော့ ပြန်လွှတ်မလွှတ် မပြောတတ်း)

ကျောက်ပုရစ် said...

ဈေးကဝယ်၍ ကျော်စားလိုက်ပါ၏...

ညိမ်းနိုင် said...

စာဖတ်ပြီး ပုရစ်ကောက်ပုံကို မျက်လုံးထဲကွက်ကွက်ကွင်းကွင်း မြင်ယောင်ပြီးသား...။
အဲ...ပုံကြည့်လိုက်ကာမှ နာမလည်တော့ဝူး...:D
ငယ်ကတော့ ပုရစ်ကျချိန်ဆို လမ်းမီးတိုင်တွေအောက်
လိုက်ကောက်ဖူးတယ်...။အကိုလည်းဒါမျိုးဆို လာဘ်
အင်မတန်နည်းတာကလား...ရပါဘူးသူများတွေလို...။
သူငယ်ချင်းတွေဆီကပဲ ကပ်စားရတာကလား...:D

Unknown said...

ပုရစ်က ၀ယ်ပဲစားဖူးတာ...
ကျနော်တို့ ဆီကိုလာတဲ့ပုရစ်ကျတော့ သဲပုရစ်တဲ့ဗျ...
မြစ်ရေကျတော့ သောင်ပြင်မယ်ကျတဲ့ အကောင်တွေကို ကောက်တဲ့ဟာ...
ကျနော်တို့ှဆီကျတော့ ပုရစ်က စားရလောက်အောင် မကျဘူး...အဲဒီတော့ ၀ယ်စားပေါ့...
ပုရစ်ကြော်တော့ အသေကြိုက်တယ်...ရာသီချိန်ရောက်ရင် အိမ်ကို တကူးတက ပို့ ခိုင်းရတယ်...စားချင်လာပြီ...

LinkWithin

Related Posts Plugin for WordPress, Blogger...