Sunday, March 27, 2011

ရှေးရိုးစွဲ နဲ့ မောင်ချူချာ


ကျနော်က တော်သူတောင်သားမိဘနှစ်ပါးက ဆင်းသက်လာတာဆိုတော့ ရှေးရိုးစွဲအမွေးလေးတွေကရှိတုန်းက ကန်တော့ ကန်တော့ တောထဲမှာ ဆိုတော့ အပေါ့အပါးသွားချင်ရင်တောင် တောပိုင်တောင်ပိုင်တွေကို ခွင့်တောင်းပြီးမှသွားဖို့ မိဘတွေကမှာတတ်တာမျိုး မဟုတ်၇င် နတ်ကိုင်တတ်တယ် ကိုယ်လဲကျလို့ ဒဏ်ရာတွေ ရရင်များ အမေ က မြေလှန်ပြီး မြေစာကျွေးရတာနဲ့ နတ်မြှောက်ရတာနဲ့ အိမ်မှာတစ်ယောက်ယောက် နေမကောင်းဖြစ်ရင်များ ရိုးရာနှောင့်ယှက်လေသလား အိမ်တွင်းမှာများ အနှောင့်ယှက် ဖြစ်သလား အမေ့မှာ လုပ်လိုက်ရတာ အမော ။ မှတ်မိသေးတယ် ကျနော် အာရုံကြော အားနည်းပြီး လေးဘက်နာတော့မဟုတ်ဘူး ခပ်ဆင်ဆင်ဖြစ်တုန်းက အမေ နဲ့ အဘ ယတြာတွေချေ ကရင်ရိုးရာအတိုင်း လုပ်ဆိုလို့ တရေးနိုးကြီး လင်မယားနှစ်ယောက်ထလုပ်ကြတာ သားသမီးဇော ဆိုတော့ ပင်ပန်းမှန်းမသိကြဘူးထင်ပါတယ် ။

ခုရက်ပိုင်း တုပ်ကွေးလိုလိုဖြစ်နေတာကြာပြီး နှာစေးလိုက် ချောင်းဆိုးတာလေးက ပါလိုက် ရာသီဥတုကလည်းမငြိမ်ဘူး ။ ကျနော်က ပိန်တော့ ကိုယ်ခံအားနည်းပါတယ် ပိန်တဲ့သူက ကားတိုးစီးတဲ့နေရာသာ အဆင်ပြေတယ် ဒီလိုနေရာမျိုးကျတော့ ခံရပြန်ကော ။ကောင်းတဲ့ အချိန်တော့ ဘာမှမဖြစ်ဘူး နေမကောင်းတဲ့ အချိန်ဆို အားငယ်ပါတယ်း( ငပျော့ကြီးပဲ ပြောပြော ဘာပြောပြော ။ နေမကောင်းရင် အမေ ချက်ကျွေးတာလေးလည်း စားချင်တယ် ခေါက်းကိုက်တယ်ဆိုရင် အမေက နနွင်းမှိုင်း ပေးရှူတာမျိုး အပူကန်ဆေးလေးတိုက်ပြီး ချွေးထုတ် စောင်ကြီးနဲ့ အုပ်လို့ အပေါ်က ဖိထားပေးတာမျိုးကို တမ်းတမိပါတယ် ဒါတွေက အခုတော့ အလှမ်းကွာလှတာပေါ့ဗျာ ။

မနေ့ကတော့ ဘယ်လိုမှ မခံစားနိုင်တော့ဘူး တကိုယ်လုံး ပူကျစ်ပြီး တော်တော် ခံစားနေရတာ ။ ဆေးလည်း မထိုးချင်ပါဘူး ဆေးထိုးရတာလည်းမကြိုက်ဘူး အင်္ဂလိပ်ဆေးတွေကိုလည်း ရှေးရိုးစွဲ အတိုင်းမပျောက်ဘူးလို့ ခံစားရတယ် ဒါက စိတ်ကြောင့်ဆိုတာလည်း သိပါတယ် ခေတ်လူငယ်တစ်ယောက်က ဒီအယူကြီးတွေရှိနေတာ သိပ်တော့မဟုတ် ဒါမယ့် အငယ်ထဲက ပါလာတဲ့ အကျင့်ဆိုတော့လည်း ပြင်ရခက်သား ။ မြ၀တီက အစ်မ၀မ်းကွဲ အိမ်ကိုဖုန်းဆက်ထားတယ် “ အစ်မ ...ကျနော် နေမကောင်းလို့ အဲ့တာ ခဏလာနေမယ် ဟင်းချို/ခရမ်းချဉ်သီးငါးပိချက် /သရက်သီးသုတ်” အဲ့တာတွေစားချင်တာ” လို့ပြောတော့ အစ်မက ချက်ထားပေးပါတယ် ဟိုဘက်ကမ်းရောက်တော့ ဟင်းနံ့ရတာနဲ့တင်ရောဂါက တစ်ဝက်လောက် သက်သာသွားသလို အစ်မက ဆေးခန်းသွားမလားဆိုတော့ ခေါင်းခါလိုက်တယ် ။

အဲ့တော့ ကျနော်သောက်ဖြစ်တဲ့ဆေးက အပူကန် ဗမာဆေးပါ ရှေးရိုးစွဲ ရှိတဲ့ မောင်ချူချာက အဲ့တာသောက်မှပဲ ကောင်းမယ်လို့ ထင်နေတာ ဆေးကို ရေနွေးပူပူလေးနဲ့သောက် ပြီးတော့ စောင် ခေါင်းမြီးခြုံပြီး အိပ်လိုက်တယ် နည်းနည်းတော့ သက်သာသွားသလို ။ မနက် အလုပ်ပြန်တက်ရမှာမို့ ဒီနေ့ညနေပြန်လာရပြီး ပြန်ဖျားချင်နေသလိုလို ။ဘာပဲဖြစ်ဖြစ် နေမကောင်းဖြစ်တဲ့ အချိန် အမေတိုက်တဲ့ အခိုးပွင့်ဆေးလေးသာ သောက်ချင်ပါတယ် ခုတော့ နေမကောင်းသေးပါး( ။ နေမကောင်းသေးဘူးသာ ပြောတယ် နေမကောင်းတဲ့အကြောင်း ပို့စ်ရေးဖို့တော့ တက်နိုင်တယ်လို့ မပြောပါနဲ့နော်း) ဘလော့ဂါမျိုးဟေ့ ဒို့ဗမာ အရေးတော်ပုံအောင်ရမည်ပေါ့ဗျာ ဟိဟိ ရှူးး တိုးတိုး :D




21 comments:

မိုးခါး said...

း)
ဂရုစိုက်ကွဲ့ :D
ခု စားချင်တာ စားပြီး ဆေးလည်း သောက်ပြီး ဆိုတော့ မနက်ကျ အကုန် အိုကေသွားမှာပါ .. ;)

အင်္ဂါဟူး said...

အံ့ချက် ကိုမောင်မျိုးရယ်.. နေမကောင်းတာတောင် စာတွေရေးနိုင်တယ်.. ဘလော့ဂါ ပိုးက တော်တော်ဆိုး နေပြီထင်တယ်။

အဝေးရောက်သားများ နေမကောင်းမှ အမေ့အိမ်ကို ပိုလွမ်းကြတယ်ဗျာ.. ခံစားချက်ချင်း တူသူမို့ ။

rose of sharon said...

ဘလော့ဂါမျိုးဟေ့ ဒို့ဗမာ... ဟားဟား ရီရတယ်... နေမကောင်းတာတောင် ပို့စ်တင်နိုင်တာ တော်တာပေါ့...

Mon Petit Avatar said...

ดูแลตัวเองดีๆ จะ น้อง

ဟန်ကြည် said...

ကိုမောင်မျိုးရယ်...ဖုန်းနံပါတ်ပေးထားပါလျက်ကနဲ့ ဖုန်းလေးဘာလေးဆက်ပါတော့လား...ဒီလောက်တောင် ဆေးကြောက်တဲ့လူကို 2၀cc နှစ်လုံးလောက် ထိုးပေးလိုက်တာပေါ့...နောက်တစ်ခါဖျားရင် လာသာလာခဲ့ပါ...ဆေးဖိုးမယူပါဘူး...၀ါးခလောက်ရရင် တော်ပါပြီ...ကဲ မြန်မြန်နေကောင်းပါစေဗျား...

nYi ThU E@in said...

စာမေးပွဲနီးနေ လို့ စာကျက်နေတယ်
မကြာခင် တဂ်ပို့ရေးပေးမယ်
ပျော်ရွှင်ပါစေ

Angelhlaing(May everybody be happy and healthy! said...

ကိုမျိုးရေ..ကျန်းမာရေး မြန်မြန် ကောင်းပါစေ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

နောင်အင်းလေး said...

ကျနော်ဆိုရင် ညအိပ်ချိန်မှန်မအိပ်ရင် ၊ ဝမ်းချုပ်ရင် တုပ်ကွေးလိုမျိုး ကိုက်ခဲပြီး နှာစေး ၊ ချောင်းဆိုး ရော သူငယ်ချင်း ။
အိပ်ရေးမဝရင် ပိုဖြစ်တတ်တယ် ... တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူဘူးပေါ့ ... ကျန်းမာရေးက အရေးကြီးတယ် ကျန်းမာနေရင်လာဘ်တစ်ပါးပဲ ။ ...
...
အမြန်နေကောင်းပါစေလို့ ...
(အယ်ကို)

အဖြူရောင်နတ်သမီး said...

လူမမာ လာမေးပါတယ်...
အမြန်နေကောင်းပါစေ...

အာရောဂျံကျောက် said...

ခမဲလိုတာ...ခမဲလိုတာ...
ဘာလို့နေမကောင်းသလဲဆိုတာ..ကိုယ့်ဖာသာသိသင့်ပြီ

ကိုဇော် said...

အရင်က အရမ်းကို အစွဲအလန်းကြီးတတ်သူပေါ့။
အခုတော့ အသက်အရွယ်ရယ် ၊ အချိန်ရယ်က သင်ပေးသွားတော့လည်း ဒီလိုပါပဲလေ............

Unknown said...

နေမကောင်းတဲ့လူက စားချင်တဲ့ အစာတွေကလည်း တကယ့်အစာတွေ...နေမကောင်းချင်လိုက်တာ...ဟားဟား...နောက်တာနော်...

Than Lae said...

အင်း မိသားစုနဲ့ အတူမရှိနေတဲ့အချိန်များ နေမကောင်းရင်တော့ အင်မတန် ဝမ်းနည်းတတ်သကိုးဗျ။ အားတင်းထား အားတင်းထား,,,, ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာပဲနော်။ "ပိန်တဲ့သူက ကားတိုးစီးတဲ့နေရာသာ အဆင်ပြေတယ် ဒီလိုနေရာမျိုးကျတော့ ခံရပြန်ကော" တဲ့ အခုမှ သိသလား ဆရာမျိုး။ ကဲ နောက်ဒီလို မဖြစ်ရအောင် တစ်လအတွင်း 5KG တက်လာအောင် လုပ်ပေတော့ဗျို့ ,,,,, :P

Evergreen Phyo said...

ကိုမျိုး အဲလိုအဖျားမျိုးက ပျောက်အောင်ဆေးသေချာသောက်မှ..။ မဟုတ်ရင် ခဏခဏပြန်ဖျားတတ်တယ်...။ နေကောင်းကျန်းမာပါစေ..။

Thiri Aung said...

ဟိုတလောက မိုးထဲ ထီးကြီးနဲ့  လှုပ်စိလှုပ်စိ ထွက်လိုက်လို့နဲ့ တူတယ် ....း)
အားငယ်မနေပါနဲ့  ....အမေအနားမရှိလည်း ကိုယ့်မောင်နှမတွေ အွန်လိုင်းမှာ ရှိတာပဲ တွေ့ရင် ဖမ်း ချက် ပြီး စကားပြောပေါ့ သက်သာသွားလိမ့်မယ်...တကယ် ကိုယ်တွေ့  !!!!!

Su Myat Htar said...

ကိုယ့်မောင်လေးလို သဘောထားပြီးပြောတာနော်..လုမြောင်က ပိန်လွန်းတယ်..များများအိပ်..များများစား..များများနားပြီး....ကိုယ်ခံစွမ်းအားတက်အောင်လုပ်ပါဟာ။အိမ်နဲ့ဝေးနေတဲ့အချိန်..နေမကောင်းတော့..အိမ်ကို..ပိုသတိရတာပေါ့။..ဂရုစိုက်နော်။

ညီလင်းသစ် said...

ကိုယ်က ကိုယ်ခံအားနည်းတဲ့အခါ ရာသီအကူးအပြောင်းမှာ ဖျားတတ်နာတတ်ပါတယ်၊ ဒီလိုအခါဆို သူသူကိုယ်ကိုယ် အိမ်ကို၊ အမေ့ကို သတိရတတ်ကြ စမြဲပါပဲဗျာ၊ ဗမာဆေးနဲ့ပဲ ဖြစ်ဖြစ်၊ အင်္ဂလိပ်ဆေးနဲ့ပဲ ဖြစ်ဖြစ် ထိထိရောက်ရောက် အမြစ်ပြတ်အောင် သောက်လိုက်သင့်ပါတယ်၊ စိတ်နဲ့ ကိုယ်ကို အနားပေးပေါ့၊ ပို့စ်အသစ်တွေ မရေးနိုင်လည်း အရေးမကြီးပါဘူး၊ အားသစ်အင်သစ်တွေနဲ့ ညီ အမြန်ဆုံး ပြန်လည် ကျန်းမာလာပါစေဗျာ...။

ညိမ်းနိုင် said...

ဆေးပေး မီးယူလေး ရှာလေ မောင်မျိုးရဲ့...:)
ဒီလိုပဲညီရေ...အဝေးရောက်တွေ နေမကောင်းရင်
ရောဂါကလည်းနှိပ်ဆက်၊အိမ်လွမ်းနာကလည်းဖိစီးနဲ့
အားငယ်လာရော....:( အားမငယ်နဲ့တော့နော်...။
အမြန်ဆုံးနေကောင်းလာပါစေဗျား.....၊

Anonymous said...

လူသာ မမာပေမို့ပဲ ...
စားချင်တာက သရက်သီးသုပ်တဲ့ ...
ပြောလို့ ပြောတာ မဟုတ်ဘူး ..
စာဖတ်ပြီး ဆောင်းနှင်းလည်း
သရက်သီး သုပ် စားချင်လာတယ် .. :D

နေမကောင်းရင်
ကွမ်းရွက်လည်း ရှုရတယ် တဲ့ ..
လူကို လန်းစေတယ် လို့ ကြားဖူးတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ခနွဲ said...

ကျန်းမာရေးတော့ ဂရုစိုက်ဗျို့။ အခုမှ လူမမာ လာမေးရတယ် ဆိုပြီးတော့ အပြစ်မတင်နဲ့နော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုဆို တို့လည်းများနေတာ မနက်ဖန် ခရမ်းချဉ်သီး ငပိချက်လေး ချက်စားဦးမှ
မောင်မျိုးကို အားကျသွားတယ်..
နေမကောင်းရင် မိဘကို ပိုပြီး သတိရတယ် ပြီးတော့ အားငယ်သလိုလဲ ခံစားရတယ်နော်
ဒါတော့ ထုံးစံလိုဖြစ်မယ်ထင်ပါရဲ့
ပျော်နေတဲ့ချိန်ဆို ခပ်မေ့မေ့

LinkWithin

Related Posts Plugin for WordPress, Blogger...