Sunday, March 20, 2011

ကျေပါနော် မောင့်ကို

ချစ်သူက ပန်းကလေးတစ်ပွင့်ဆိုရင် ကိုယ်က မိုးစက်ကလေးပါ ပန်းကလေးလန်းဆန်းဖို့အရေး ကိုယ့်ရဲ့ အေးမြတဲ့ချစ်ခြင်းတွေ ပက်ဖျန်းပေးရမှာပေါ့ ။ချစ်သူတွေကြားမှာ စိတ်ဆိုးပြီး ပြန်ချစ်ရတဲ့အချိန်လေးတွေက ဘာမှန်းမသိ တော်တော်ကိုကြည်နူးဖို့ကောင်းပါတယ် အဆင်ပြေနေတဲ့အချိန် ချစ်သူဘာကြိုက်တတ်လဲဆိုတာ စဉ်းစားမိချင်မှ မိမယ် ဒါမယ့် ချစ်သူကို ချော့ရတော့မယ်ဆိုရင်တော့ သူဘာများကြိုက်တတ်လေမလဲ သူကြိုက်တဲ့ ဘူးသီးကြော်ဆိုင်ကိုပဲ ခေါ်သွားရမလို သူ့မွေးရက်မှာ ညနေပိုင်း ဘုရားပဲလိုက်ပို့ရမလား အမျိုးမျိုးတွေးမိတတ်ပါတယ် ပြီးတော့ အဲ့အချိန်ကျ ကိုယ့်မျက်နှာကလည်းတည်တည် နာမ်စားမဲ့ အမည်တွေခေါ်လို့ သူကလည်း တိတ်တိတ် ကိုယ်ကလည်း ဆိတ်ဆိတ် ရင်တွေကတော့ ချစ်ရေးဆိုတုန်းကလို တဒိတ်ဒိတ် ။

ချစ်သူကတော့ သိပ်စိတ်မဆိုးတတ်ပါဘူး ကိုယ်ကတော့ အမှားတွေ ခဏခဏလုပ်မိပါတယ်။ ပြီးတော့ ကိုယ့်ထပ်အငယ်မရှိတော့ ချော့ရတာတွေ ဘာတွေလည်း အပိုအလုပ်လို့ထင်ပါတယ် စိတ်လည်းမရှည်ဘူး ကျနော့်ရဲ့ ချော့နည်းက တိုတိုလေး “ ကျေတော့ဆို စိတ်သိပ်မရှည်တော့ဘူး ” သူကချစ်နေလို့ပေါ့ မဟုတ်ရင်တော့ ဖြောင်းခနဲနေသွားမယ်း) ။ တစ်ခါခါ ဘလော့ပေါ်မှာ အချိန်ကုန်သွားရင် သူ့ဆီကိုဖုန်းခေါ်ဖို့တွေ မေ့မေ့သွားတတ်တယ် သူစိတ်မရှည်လို့ခေါ်လာရင်တော့ အိပ်မှုန်စုန်ဖွာအသံနဲ့ အသံကလေးလေး မသိရင်ပဲ အိပ်ပျော်နေသလိုလို “ခေါင်းတွေကိုက်လို့ စောစောအိပ်လိုက်တာ ဆောရီးနော် စိတ်မဆိုးနဲ့ ” လိမ်နည်း ၈၆ ပါးနဲ့လိမ်တာပါ တစ်ချို့ညတွေဆိုရင်တော့ သူနဲ့စကားပြောရင်း ကီဘုတ်ရိုက်သံတွေက တဒေါက်ဒေါက် နားထောင်ချင်လား နားမထောင်ချင်လားမသိ ဘလော့ပေါ်က အကြောင်းတွေ သူ့ကိုလိုက်ပြောပြနေတာ သူတောင်နာမည်တွေရင်းနှီးနေပြီး ။


“အောင်မာ... ချော့နည်းဆိုတာ ရေးရအောင် ကုန်ကြမ်းလာတောင်းနေတယ်ဆိုတော့ ရှင်က ကျမ ကိုဘယ်တုန်းကများ စိတ်ရှည်လက်ရှည်ချော့ဖူးလို့လဲ ဒီကဖြင့်စိတ်မကောက်ရသေးဘူး သူကအရင်ကောက်ပြနေတာကိုများ ” ၊ “ လုပ်စမ်းပါ ဒီပို့စ်မရေးရင် ကိုဇော် က ကျိန်စာတိုက်ထားတယ် လူပျိုကြီးဖြစ်ပါစေတဲ့ ကဲပြော ခင်ဗျား ကျနော့်လူပျိုကြီးဖြစ်စေချင်လို့လား ” နည်းနည်းတော့တွေသွားတယ်ထင်တယ် တိတ်သွားတယ် နောက်တော့မှ ကိုဇော်ဆိုတာ တစ်ခါ ဗိုက်ကြီးတယ်ဆိုတဲ့ အစ်ကိုကြီးလား တဲ့ အေး...ဟုတ်တယ် ခုမွေးတောင်မွေးပြီးလို့ပြောလိုက်တယ်း) ။သူက အဲ့တာဆို ကားဂိတ်မှာ ပြသနာဖြစ်ပြီး ပြန်ချော့တဲ့အကြောင်းရေးလိုက်တဲ့ အဲ့တာပဲကောင်းတယ် ။

အဲ့နေ့ ကားဂိတ်မှာ သူ့ကိုသွားကြိုပါတယ် မပြန်လာခင်တည်းက စားချင်တာတွေမှာလိုက်တယ် (ငါးခြောက်ကြော် ၊လဖက်ထောင်းဆီသိပ် ) ။ သွားကြိုတုန်းကလည်း နောက်ကျပါတယ် မျိုးကျော့မြိုင် သီချင်းထဲကလို ခဏခဏ နောက်ကျပေါ့ အိပ်ယာထလည်းနောက်ကျး) ကားဂိတ်ကိုသွားတော့ တကယ်ဆို နောက်ကျနေရင်လည်း ဆိုင်ကယ် တက်စ်စီနဲ့သွားရမှာ ကျနော်က ဆိုင်ကယ်မကြိုက်ပါဘူး ကျနော်ကြိုက်တာ ဆိုက်ကား အသေကြိုက် ဈေးချင်းတူတူပေမယ့် ဆိုက်ကားပဲ စီးတယ် ကိုယ့်မှာသဘောတွေကျလို့ ကားဂိတ်ရောက်တော့ မျက်ထောက်နီကြီးက ပြင်းအား ၁၈၀ နဲ့ တိုက်ခတ်တော့မယ့် သဘောရှိတယ် ။မသိဟန်ဆောင်နေလိုက်တယ် ချစ်သူဆိုတာ အလျှော့ပေးရင် ရောင်တတ်တယ်တဲ့ ဘကြီးပြောပြဖူးတာ အဲ့တော့မချော့ပါဘူး မချော့တော့ သူက ဒေါပိုပွ အဲ့နေ့က သူကလည်း ဆိုက်ကားမစီး ကျနော်ကလည်း ဆိုင်ကယ် မစီး ၂ ယောက်သား ကားဂိတ်ကနေ လမ်းလျောက်ပြန်ခဲ့ကြတာ လမ်းမှာမိုးတွေကိုမိလို့။

မိုးမိပြီးဖျားတဲ့ ချစ်သူကို သနားသွားတယ် တကယ်ဆို ငါက အလျှော့ပေးရမှာလို့ ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်သွားတယ် သူ့အသက်ရှူသံလေးတွေနွေးနေတယ် နဖူးက ဆံစလေးတွေသက်တင်ပြီး အကြင်နားနွေးနွေးတစ်ချက်ပေးလို့ ရင်ခွင်ထဲထွေးပိုက် ချစ်စကားလေးဆိုလိုက်မိတယ် “ကျေပါနော် မောင့်ကို ” လို့ပေါ့ ချစ်သူက ချစ်စရာကောင်းလောက်အောင် ခေါင်းကလေးပဲ ညိတ်ပြပါတယ် ။စကားတွေအများကြီးမလိုပါဘူး ကျနော်ကလည်း ရိုးရိုးလေး ချော့တယ် သူကလည်း ရိုးရိုးလေးပဲပြန်ဖြေပါတယ် ဒါ ကျနော့်ရဲ့ ချော့နည်းပါပဲ ။





*********************************************************************************




မှတ်ချက် ===== အပေါ်က ဟာတွေတစ်ခုမှမဟုတ်ပါဘူး ကိုဇော့် ကျိန်စာမိမှာစိုးလို့ လိုက်ရေးနေတား)
ဟီးး

14 comments:

အင်္ဂါဟူး said...

ဟင်...ကိုမောင်မျိုးက မရှိဘူးမရှိဘူးနဲ့ .. အခုမှ ဘွာမခတ်ကြေးလေ။

ဘာတဲ့ သူ့နည်းလေးက “ ကျေပါနော် မောင့်ကို ”

ခမ်းမှခမ်း (ကောင်းမှကောင်း)

ခနွဲ said...

လာဖတ်သွားတယ်ခင်ဗျ။ နည်းက တစ်မျိုးလေးနော့။ ကျေပါနော် မောင့်ကိုတဲ့။ ဟီးးးးးးး။ သေချာမှတ်သွားတယ် တစ်နည်း။

မေသိမ့်သိမ့်ကျော် said...

ကျေတော့ဆို စိတ်သိပ်မရှည်တော့ဘူး.... ခိခိ
လိမ်နည်း ၈၆ ပါး တင်ပေးပါဗျိုးးးးး သိချင်လို့ပါး)

ခင်မင်လေးစားလျက်

အယ်ကို said...

အရေးအသား ပေါ့ပေါ့ပါးပါးနဲ့ရေးထားတာ ... ဖတ်ရတဲ့သူ ပြုံးပြုံးပျော်ပျော် ပါပဲ ...
...
ဒါမျိုးဖတ်ချင်တာကြာပေါ့ ... သူငယ်ချင်းဖြစ်ရတာ နောက်ကျသွားတယ် ..
...
ခင်တယ်ဗျ ..
အယ်ကို။

...အလင်းစက်များ said...

ကတောက်.... ဂယ်ကြီးမှတ်လို့  ။ စိတ်သိပ်မရှည်တော့ဘူး ပြောရဲတယ်ဆိုလို့  အထင်ကြီးရမလာမှတ်တယ်... ဆိုးပါ့။

အော်... ကိုဇော်တောင်မွေးသွားပြီပဲ... :)

ကိုဇော် said...

ဒီဗိုက်ပဲ ခလုတ်တိုက်တိုက် နေကြတာပဲ။
နောက်ဆိုရင် ဘော်ဒီဂတ် ငှားထားမှ ဖြစ်မယ် ထင်တယ်။

ဒီလောက် အရှင်းရှင်း ဂျပန် ရေချိုးခြင်း ဖြစ်နေတာတောင်မှ လာပြီးတော့ အပေါ်က ဟာတွေ တစ်ခုမှ မဟုတ်ဘူး လုပ်နေသေးတယ်။ အခု အဲဒီတစ်ယောက်ကို ဖြတ်ပြီး နောက်ထပ် စမောလေးတွေ ဆွဲနေတယ် ဆို . . . ( ဘီအီးကို ဖြတ်ပြီး ဘီယာကို ဆွဲခြင်းမျိုး )

Angelhlaing(May everybody be happy and healthy! said...

မရှိဘူးမရှိဘးနဲ့ဟုတ်ပ....:P:P:P
ကျေပါတယ်တယ်မောင့်ကို...:P:P:P
အားပေးလျှက်ပါကိုမျိုးရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ။

ညီလင်းသစ် said...

ကျေပါတယ် မအေးစိန်.. ဟာ.. မဟုတ်ပါဘူး၊ ယောင်ကုန်ပြီ.. ဘွာတေး..၊ =D

ညီရေးထားတဲ့ စကားတွေ အများကြီး မလိုပါဘူး ဆိုတာ ဖတ်ရတော့ 'စကားလုံးတွေဟာ တကယ်တော့ တို့အတွက် သိပ်မလိုဘူး'ဆိုတဲ့ စာသားလေးတောင် သတိရမိသေးတယ်၊ ဆိုင်ကယ်နဲ့ ဆိုက်ကားကြားမှာ ရိုးရိုးလေးနဲ့ နူးညံ့တဲ့ အချစ်တခု တွေ့သွားတယ်၊ (တကယ် မဟုတ်ပါဘူးဆိုတာကို သိပ်မယုံပေမယ့်လို့ ပေါ့လေ..)။

ချော(အစိမ်းရောင်လွင်ပြင်) said...

လူပျိုကြီးဖြစ်မှာ အတော်ကြောက်ရှာတယ်..း)
ဒီပုံအတိုင်းဆို ရာသက်ပန်ဘုန်းကြီးဝတ်မယ်ဆိုတာ တကယ်မဟုတ်ဘူးပေါ့။
တကယ်ရှိလို့ ချော့တာလား
မရှိရှိတာထုတ်ကြွားပြီး ချော့ပြတာလားတော့မသိ
ဖတ်လို့တော့ ကောင်းနေတာဘဲ။
ကဲကဲ လူပျိုကြီးဘ၀က ကျွတ်ပါစေ..

Than Lae said...

မိုက်တယ်ကွာ,,,"ချစ်သူက ပန်းကလေးတစ်ပွင့်ဆိုရင် ကိုယ်က မိုးစက်ကလေးပါ" ဆိုပဲ,,, ဟိ ဟိ,,, ဟုတ်ဘူးလို့ ဘယ်လောက်ငြင်းငြင်း ဟုတ်ချင်နေတာတော့ သေချာတယ်,,,, ဝင်းဦးကတော့ "မုန်းပါတယ်မောင့်ကို" တဲ့ မြင့်မြင့်ခင်နဲ့ ရိုက်ခဲ့တယ်။ အခု ခေတ်သစ် ဝင်းဦးလေးကရော "ကျေပါနော် မောင့ိကို" ဘယ်သူနဲ့ ရိုက်မှာတုန်း,,,:P

မိုးခါး said...

ဟမ်းးးး
ငါက အထင်ကြီးမလို့ ရှိသေး :P

မိုးခါး said...

သြော် .. ငါလည်း ဆိုက်ကားဆီးရတာ ကြိုက်တယ် .. :D လေတဖြူးဖြူးနဲ့ :D

ဆွေလေးမွန် said...

ဒီလိုရေးတတ် ချော့တတ်ပုံမျိုးနဲ့ ဆို
လူပျိုကြီး မဖြစ်နိုင်ပါဘူး..

တစ်နေ့ တော့ ဖြစ်လာမှာပါ...
တစ်နေ့ တော့ ဖြစ်လာမှာပါ...

စိုင်းထီးဆိုင် သီချင်းဆိုသွားတယ်


:) :) :)

အုပ်ကြီး said...

သူလည်း ကိုယ့်လို လူပိုကြီးကိုး ...အဲ လူပျိုကြီး
:D

LinkWithin

Related Posts Plugin for WordPress, Blogger...